အောက်လမ်းအတိုက်

ခင်ဗျားသားကိုထပ်မြင်လို့ရှိရင်

ကျုပ်အဆိုးမဆိုလေနဲ့…”

“နေပါဦး ဦးကျော်မြင့်ရဲ့…

ခင်ဗျားစကားက တစ်ဖက်စောင်းနင်းနိုင်လှချည်လားဗျ…

ကျုပ်သားကလည်းလူပျို…ခင်ဗျားသမီးကလည်း

အပျို…လူငယ်တွေသဘာဝစကားပြောတာကို

နှောက်ယှက်တယ်လို့ပြောလို့ရရိုးလား…”

“ဘာပဲဖြစ်ဖြစ်ဗျာ…ကျုပ်သမီးနားမှာခင်ဗျားသားကို

မြင်နေရတာတော်တော်လေး အဆင်မပြေဘူး…

ခင်ဗျားသားလိုအရက်သမား….ဘိန်းသမားကို

ကျုပ်သမီးကနည်းနည်းလေးမှစိတ်ဝင်စားတာမဟုတ်ဘူး

အခုကလည်းဒီကောင်လိုက်နှောက်ယှက်နေလို့

ခင်ဗျားကို သူ့ဖအေဖြစ်နေလို့ကျုပ် လာပြောတာ…

မဟုတ်လို့ရှိရင်နောက်တစ်ခေါက်ထပ်ရှိလာလို့တော့ဖြင့်

သူကြီးအိမ်ကပဲစကားပြောကြတာပေါ့ဗျာ…”

ဟုပြော၍ ဦးကျော်မြင့်သည် ချာခနဲနောက်ကိုလှည့်၍

နေရာမှထွက်သွားတော့သည်။

ကျန်ရစ်ခဲ့သော ဦးဘမြိုင်ကတော့ ဒေါသတကြီး

ဖြင့်…

“တောက်…ကျော်မြင့်တော်တော်လူပါးဝတဲ့အကောင်”

ဟုတောက်တစ်ချက်ခေါက်၍ပြောလိုက်လေသည်။

အမှန်မှာ ဦးဘမြိုင်နဲ့ဦးကျော်မြင့်က

မျက်နှာမစိမ်းကြသူများဖြစ်သည်။

သူတို့နှစ်ဦးသည်

ရွာ၌ ချမ်းသာတာခြင်းလည်းတူကြပြီး…

ခေါ်ကြပြောကြဖြင့်ခင်မင်ခဲ့ကြသူများပင်။

သို့သော် ဦးကျော်မြင့်သည်

ဦးဘမြိုင်၏သားဖိုးမောင်ကိုတော့ ကြည့်လို့မရပေ။

ကြည့်မရဆိုလျှင်လည်း

ဖိုးမောင်ဆိုသောကောင်ကဆံပင်ကိုဘုတ်သိုက်ထားပြီး…

နှုတ်ခမ်းမွှေး၊မုတ်ဆိတ်မွှေး.ဗလပွဖြင့်

ရွာရိုးကိုးပေါက် အရက်လှည့်သောက်တတ်သော

လူစားဖြစ်သောကြောင့်ပင်။

ထိုသို့သော အရက်သမားဖိုးမောင်ကို ဦးကျော်မြင့်

သဘောမကျသည်တာက မဆန်းလှပေ။

“ဖိုးမောင်….”

“ဗျာ….အဖေ”

ဦးဘမြိုင် သားဖြစ်သူအိမ်ထဲသို့ဝင်လာသည်ကို

မြင်လေတော့လှမ်းခေါ်လိုက်သည်။

ဖိုးမောင်ကတော့ယိုင်တိုင်တိုင်​ခြေလှမ်းဖြင့်ဝင်လာပြီး

ဖခင်၏အခေါ်ကိုအရက်မူး၍

အက်ရှရှပျစ်တွဲတွဲအသံကြီးဖြင့်ထူးလေသည်။

“လာစမ်းပါဦး ဒီကို”

“လာ…လာနေပါပြီ…အဖေရဲ့…”

ပုဆိုးကိုပင် သေချာမဝတ်နိုင်တော့ဘဲ

လက်တစ်ဖက်က ကိုင်ထားရသောဖိုးမောင်၏အဖြစ်ကို

ဦးဘမြိုင် စိတ်ပျက်လက်ပျက်ဟန်ဖြင့်

စိုက်ကြည့်နေခဲ့သည်။

ဖိုးမောင်အနီးသို့ရောက်လာလေတော့…

“စောစောကပဲ ဦးကျော်မြင့်

ငါ့ဆီကိုလာသွားတယ်ဖိုးမောင်…”

“ဒီ…ဒီဘိုးတော်က အဖေ့ဆီလာတာ ဆန်းလို့လား…

အေ့…ဂေ့…ခါတိုင်းလည်း လာနေကြပဲအဖေရာ”

“ဟကောင်ရ…ခါတိုင်းလာနေကြအတိုင်းဆိုရင်

ငါကမင်းကိုထူးပြီး ပြောနေမှာမဟုတ်ဘူး…

အခုဟာက မင်းကြောင့် ငါ့သိက္ခာကျရတယ်ကွ”

“ဟာ…ကျုပ်ကြောင့်…

ကျုပ်ကဘာလုပ်လို့လဲ အဖေရာ…”

“ဒီအဖေရာကြီးပဲပြောနေလိုက်တော့…မအေဘေး…

နင့်နှမလင်က သူ့သမီးကိုမင်းလိုက်နှောက်ယှက်နေတယ်ဆိုပြီး

ငါ့ကိုလာပြောသွားတာ…

နောက်တစ်ခါနှောက်ယှက်ရင်လည်း

သူကြီးအိမ်ကပဲစကားပြောမယ်တဲ့ကွာ…

တောက်…ဘယ်လောက်ငါ့သိက္ခာကိုထိပါးသွားလိုက်သလဲ…

ဟမ်…ဟင်း….

အဲ့တာ မင်းကြောင့်ကွ…မင်းကြောင့်….”

ဖခင်ဖြစ်သူ ဦးဘမြိုင်၏ဒေါသတကြီးပြောနေဟန်ကြောင့်

ဖိုးမောင်အရက်မူးတာပင်ပြေပျောက်သွားခဲ့၏။

“နေပါဦးအဖေ…ဒီလူကအဖေ့ကို

အဲ့သည်တိုင်းပြောသွားတယ်ပေါ့”

“အေး…ဟုတ်တယ်…”

“ဒါဆိုရင်ဒီဘိုးတော်လွန်တာပေါ့ဗျာ…

ကျုပ်ကသူ့သမီးစကားပြောယုံတင်ပြောတာကို

ဒင်းက အဖေ့ကိုပြောသွားတယ်ဆိုတော့…

တောက်…ကျုပ်မကျေနပ်ဘူးဗျာ…”

ဖိုးမောင်ဒေါသတကြီး အိမ်ထဲသို့ဝင်သွားသည်။

ဦးဘမြိုင်ကတော့ ဖိုးမောင်ကိုလှမ်းကြည့်နေခဲ့သည်။

အိမ်ထဲကဖိုးမောင်ပြန်ထွက်လာတော့ ငှက်ကြီးတောင်ဓားကြီးကို ကိုင်လာသည်ကိုမြင်မှ ဦးဘမြိုင် မျက်လုံးပြူးသွားရသည်။

“ဟာ…ဟေ့ကောင်ဖိုးမောင်…

မင်းဒီဓားကြီးနဲ့ဘာလုပ်မလို့တုန်း”

“အဲ့ဘိုးတော်ကို ကျုပ်သွားသတ်မလို့လေ…

ကျုပ်ကြောင့်ကျုပ်အဖေကိုပြောသွားတာ

နည်းနည်းလေး မှမကျေနပ်ဘူးဗျာ”

ဖိုးမောင်က ဓားကြီးကိုလက်၌ ကျစ်ကျစ်ပါအောင်

ဆုပ်ကိုင်ထားရင်းပြောလေသည်။

“ကဲ…တော်ပါတော့ကွာ…

မင်းသာနောက်တစ်ခါသူ့သမီးနဲ့သွားမပတ်သတ်မိစေနဲ့…

ဒါဆိုရင်အဖေလည်း ကျေနပ်ပြီ..ဟုတ်ပြီလား…

ပေး…ပေး …အဲ့သည်ဓားကို အလကားနေရင်း

ရန်များပါတယ်ကွာ”

ဟုပြော၍ ဦးဘမြိုင်ကဓားကိုတောင်းလေတော့

ဖိုးမောင်ပေးလိုက်တော့သည်။

ရက်အတော်ကြာလေတော့ ဖိုးမောင်တစ်ယောက်

ရွာမှပျောက်သွားလေသည်။

တစ်ညတစ်လေတောင်အပြင်၌အိပ်တတ်ခြင်းမရှိသော

သားဖြစ်သူကြောင့် ဦးဘမြိုင်မှာ

ဖိုးမောင်အတွက်စိတ်ပူရပြန်သည်။

သို့သော် ဦးကျော်မြင့်၏သမီးသင်းခိုင်လည်းပျောက်ဆုံးနေသည်ကိုသိရလေတော့မှ

သားဖြစ်သူ ဖိုးမောင်နှင့်သင်းခိုင်တို့ခိုးပြေးကြပြီဆိုတာကို

ဦးဘမြိုင်သိလိုက်သော်လည်းအသိကနောက်ကျနေပြီဖြစ်၏။

ဦးကျော်မြင့်ကတော့ ဒေါသအလွန်ထွက်နေခဲ့သည်။

သမီးဖြစ်သူ သင်းခိုင်ကိုလည်း

ယခုကဲ့သို့မိုက်လုံးကြီးလှမယ်မှန်း သူမထင်ခဲ့မိ၍

ပို၍ဒေါသထွက်နေခဲ့ရသည်။

“နေပါစေ…ဒီကောင်မကို ဖြစ်ချင်တာဖြစ်

ပစ်ထားလိုက်ဦးမယ်…

ဒါမှ ဒင်း…ဖိုးမောင်ဆိုတဲ့ကောင်ရဲ့ဒဏ်ကိုသိမှာ”

ဦးကျော်မြင့်ကဒေါသထွက်၍ပြောလိုက်ခြင်းဖြစ်သော်လည်း

နံဘေး၌မျက်နှာငယ်​လေးဖြင့်ထိုင်နေသော

ဇနီးသည်ဖြစ်သူမှာလေသံအေးအေးလေးဖြင့်…

“အဲ့ဒီလိုတော့မပြောပါနဲ့ကိုကျော်မြင့်ရယ်…

ကျုပ်တို့မှာဒီသမီးလေးပဲရှိတာ…

သူဘယ်လိုပဲလမ်းမှားရွေးရွေး

ကျုပ်တို့ကမိဘတွေပဲလေတော်…”

“ဟ…နင့်သမီးကငါတို့ကိုမိဘလို့တောင်

မသတ်မှတ်လို့အခုလိုခွေးဇာတ်ခင်းသွားတာလေ…

တောက်…ဒီအရက်သမားကိုငါလုံးလုံးကြည့်မရဘူးဆိုတာ

ဒင်းသိသိကြီးနဲ့ဟာ….”

ဦးကျော်မြင့်အံကိုကြိတ်ကာ

ပြောနေရင်းမှ မျက်ရည်ကျနေလေသည်။

ဇနီးသည်ကလည်းဦးကျော်မြင့်ကိုကြည့်၍

စိတ်မကောင်းစွာဖြင့်ငိုနေခဲ့ရှာသည်။

*****************************

ဖိုးမောင်နဲ့သင်းခိုင်တို့နှစ်ဦးသည်

သူငယ်ချင်းဖြစ်သူရဲ့အကူအညီဖြင့်

ရွာတစ်ရွာမှာရောက်ရှိနေကြသည်။

နှစ်ဖက်သဘောမတူသည့်အရေးကိုသိတာကြောင့်

ဖိုးမောင်က သင်းခိုင်ကိုခိုးပြေးခဲ့ရခြင်းဖြစ်သည်။

“တော့်…ကိုဖိုးမောင်…”

“ပြောလေ သင်းရဲ့”

“ဘာပြောလဲ…တော်ကျုပ်ကိုခိုးပြေးလာပြီဆိုတော့

ယောကျာ်းကောင်းပီပီသသရှာဖွေကျွေးမွေးနိုင်ရဲ့လား”

“အိုကွာ…မင်းကလည်း

ငါ့ကိုအထင်သေးလိုက်တာ…”

“အထင်သေးတာမဟုတ်ရပါဘူးတော်…

ကျုပ်က တော်အရင်လိုပဲ

အရက်သောက်ပြီး မူးရူးနေမှာကြောက်လို့ပါ”

“မစိုးရိမ်ပါနဲ့တော့ကွာ…ငါအရင်လိုမနေတော့ဘူးလို့

မင်းကိုပြောပြီးပြီပဲ…

အခုလည်းငါ့သူငယ်ချင်းကိုပြောပြီး ဒီရွာမှာ

အလုပ်လေးတစ်ခုလောက်ရဖို့

ပြောခိုင်းထားပါတယ်”

“ဒီလိုဆိုရင်လည်းဟုတ်ပါပြီတော်…”

သင်းခိုင်ကိုခိုးယူလာသော ဖိုးမောင်တစ်ယောက်

ထိုရွာလေး၌ သူရင်းငှားအဖြစ်လုပ်ကိုင်ရင်း

သူ၏အရက်သမားဘဝကိုစွန့်ပစ်ခဲ့လေသည်။

ယခင် သင်းခိုင်အဖေကို မျက်နှာကြောမတည့်၍

ပေတေမိုက်ပြနေပါသော်လည်း သင်းခိုင်ကိုတခြားလူနှင့်ပေးစားတော့မည်ဟုကြားလိုက်ရချိန်မှာတော့

ဖိုးမောင်မနေသာတော့ပေ။ထို့​ကြောင့်လည်း

သင်းခိုင်ကိုယခုလိုခိုးပြေးလာခဲ့ခြင်းပင်။

ဖိုးမောင်တို့ရောက်ရှိလာသော ရွာလေးသည်

သူတို့အတွက်နေထိုင်ဖို့အဆင်ပြေလှ၏။

ရွာသူ၊ရွာသားတို့ကလည်း ဖိုးမောင်တို့လင်မယားကို

ကူညီဖေးမပေးကြသည်။

ဖိုးမောင်လည်း သူရင်းငှားအလုပ်လေးရတော့

ပို၍အဆင်ပြေခဲ့၏။

ထိုသို့နေရင်းတစ်ရက်

ဖိုးမောင်လယ်တောသွားနေစဥ်လမ်းခုလတ်တစ်နေရာ၌…

“ငါ့ညီ….”

ဟုသောခေါ်သံကြောင့် ဖိုးမောင်အနောက်ကို

လှည့်ကြည့်မိလေတော့ သူထက်အသက်ကြီးလှသော

လူကြီးတစ်​ယောက်ကိုမြင်လိုက်လေသည်။

“ဟုတ်ကဲ့…ကျုပ်ကိုဘာလို့ခေါ်တာလဲ”

ဟု…ဖိုးမောင်မေးတော့ ထိုလူက

ဖိုးမောင်ကိုစိုက်ကြည့်၍…

“ငါ့ညီဆီမှာ ဆေးလိပ်ပါရင် ပေးပါလားကွာ…

အစ်ကိုဆေးလိပ်အရမ်းသောက်ချင်နေလို့ပါ”

ဖိုးမောင်၏ နားရွက်ကြားညှပ်ထားသော

ဖက်ကြမ်းဆေးလိပ်ကိုကြည့်၍ပြောလေတော့

ဖိုးမောင်လည်း…

“သြော်…စိတ်တော့မရှိပါနဲ့ဗျာ…

ကျုပ်ကလယ်တောဆင်းရမှာဗျ…

နောက်ပြီး…ဒီဆေးလိပ်ကလည်းတစ်လိပ်ထဲပါတော့

ပေးလို့မရလို့ပါဗျာ”

ဟု ပြောလိုက်ပြီးတော့

လယ်တောရှိရာသို့ ဆက်သွားတော့သည်။

နောက်၌ကျန်ရစ်ခဲ့သောသူက ဖိုးမောင်ကို

မကျေနပ်ဟန်ဖြင့် လှမ်းကြည့်နေသည်ကိုတော့

ဖိုးမောင်မသိခဲ့ပေ။

နောက်တစ်ရက်ရောက်တော့လည်း

ထိုလူစိမ်းနှင့်ဖိုးမောင် ရွာထဲ၌ဆုံကြပြန်သည်။

“ဟာ…တစ်နေ့က နောင်ကြီးပဲ…”

ဟုဖိုးမောင်က နှုတ်ဆက်လိုက်သော်လည်း

ထိုလူကမသိဟန်ဖြင့် ဖိုးမောင်ကိုကြည့်သွားလေသည်။

“ဒီလူကဘာလဲဟ”

ဟု…ဖိုးမောင်ပြောလိုက်တော့ နံဘေး၌ပါလာသော

သူငယ်ချင်းက…

“အဲ့တာဧည့်သည်….အရီးကျော့တို့အမျိူးလို့ပြောတယ်ကွ

မင်းနဲ့တွေ့ဖူးလို့လား”

ဟုမေးလေတော့…

“တစ်နေ့ကလယ်တောအသွားလမ်းမှာတွေ့ဖူးတာပါကွာ…

သူကငါ့ဆေးလိပ်တောင်းတော့

ငါလည်းတစ်လိပ်ထဲရှိတာနဲ့.မပေးခဲ့မိဘူး…”

“အေး…အဲ့တာကြောင့်မင်းခေါ်တာကိုမသိသလို

လုပ်သွားတာနေမှာပေါ့…

ထားလိုက်စမ်းပါကွာ…”

သူငယ်ချင်းစကားကြောင့် ဖိုးမောင်နားလည်သွားသည်။

**************************

တစ်ညမှာတော့ ဖိုးမောင်နဲ့သင်းခိုင်တို့အိပ်မောကျနေချိန်…

“ဖိုးမောင်…အခုထစမ်း…အခုထစမ်း…ဖိုးမောင်”

ဟူသောအသံကြီးကိုဖိုးမောင်ကြားလိုက်တော့

ချက်ချင်းအိပ်ရာမှ ထလိုက်သည်။

“တိုင်နဲ့ခေါင်းနဲ့ဆောင့်စမ်း…

ဆောင့်လိုက်စမ်းဖိုမောင်……”

ဟူသော အသံကြီးသည်ဖိုးမောင်ကိုအမိန့်ပေးနေခဲ့၏။

ဖိုးမောင်အသိစိတ်ကသိနေပါသော်လည်း

သူ၏ခန္ဓာကိုယ်ကထိန်းချုပ်မရခဲ့။

တိုင်ဆီသို့သွား၍ ခေါင်းဖြင့်…

“ဒုတ်……ဒုတ်…….ဒုတ်….”

ဖြင့်ဆောင့်ချနေသည်။

“ဟင်…ကိုဖိုးမောင်…ကိုဖိုးမောင်”

သင်းခိုင်မှာအိပ်ပျော်နေရင်းမှအသံကြောင့်နိုးလာခဲ့ရာ

မြင်လိုက်ရသောမြင်ကွင်းကြောင့် မျက်လုံးအပြူးသား

ဖြစ်သွားရသည်။

ဖိုးမောင်တစ်ယောက်နှဖူးမှသွေးများစီးကျနေပြီး

တိုင်နှင့်အဆက်မပြတ်ဆောင့်နေသည်ကိုမြင်လေတော့

သင်းခိုင် အပြေးသွားပြီး ဖိုးမောင်ကိုဆွဲရသည်။

“ကိုဖိုးမောင်…အမယ်လေး….လာကြပါဦး….

လာကြပါဦး…ကိုဖိုးမောင်ဘာဖြစ်နေတယ်မသိဘူး…

လာကြပါဦးတော်….”

ဟုအော်ဟစ်လေတော့ ဘေးခြံများမှနိုးကုန်ကြပြီး

အပြေးအလွှားရောက်လာကြသည်။

သင်းခိုင်နှင့်အတူဖိုးမောင်ကိုဝိုင်းဆွဲကြချိန်

ဖိုးမောင်တစ်ယောက်ကတော့

သတိလစ်နေခဲ့ပြီဖြစ်သည်။

ထိုအခါညနက်သန်းခေါင်

ဆေးဆရာကိုအပြေးပင့်ကြရလေသည်။

နောက်တစ်နေ့နံနက်ရောက်တော့ဖိုးမောင်သတိပြန်ရလာသည်။

သို့သော်…

“ငါ…ငါဘယ်လိုဖြစ်တာလဲ”

ဟု…သူ့မိန်းမသင်းခိုင်ကိုပင်ပြန်မေး​လေသည်။

“တော်ဘာဖြစ်သွားတာလဲကိုဖိုးမောင်ရယ်…

မနေ့ညက ကျုပ်အတွေ့မြန်ပေလို့သာပေါ့…

တော်တကယ်မမှတ်မိဘူးလား”

“ငါဘာမှမသိလိုက်ဘူး သင်းခိုင်ရဲ့”

ဟု…ဖိုးမောင်ကလေသံတိုးတိုးဖြင့်ဖြေရင်း

သူ့အဖြစ်ကိုသူစဥ်းစားနေမိသည်။

နဖူးကဒဏ်ရာသက်သာသွားပြီး တစ်ရက်၌

ဖိုးမောင်က ကွပ်ပျစ်ခင်း၌ထိုင်၍

ရေနွေးသောက်နေခဲ့သည်။

သင်းခိုင်ကတော့ ဖိုးမောင်နဲဘေး၌ ဆန်ရွေးနေခဲ့၏။

ထိုစဥ်….

“ဖိုးမောင်….ကြက်ခွပ်စမ်း…”

ဟုသောအသံကြီးကိုဖိုးမောင်နားထဲမှကြားလိုက်ပြီး

ချက်ချင်းပင်နေရာမှထ၍ မြေပေါ်၌ထိုင်ကာ ကြက်ခွပ်တော့သည်။

“ကိုဖိုးမောင်…မကြီးမငယ်နဲ့ဆော့နေတယ်…

သူများတွေမြင်မကောင်းအောင်တော်…”

သင်းခိုင်ကဖိုးမောင်ကိုကြည့်၍ပြောလိုက်သည်။

ဖိုးမောင်က ကလေးများကဲ့သို့ မနားတမ်းကြက်ခွပ်နေလေသည်။

“သင်း…သင်းခိုင်…ငါ….ငါမောတယ်ဟ”

ဟုပြောတော့…

“မောရင်ရပ်လေတော်”

“ငါ…ငါ…ရပ်လို့မရဘူး…ငါ့ကိုခိုင်းနေတယ်….

ခိုင်းနေတယ်…”

ဟုဖိုးမောင်ပြောလေတော့ သင်းခိုင် ခေါင်းနဘမ်းကြီးသွားတော့သည်။

“ကိုဖိုးမောင်…ရပ်….ရပ်လေ”

သင်းခိုင်ချက်ချင်းဖိုးမောင်နံဘေးအပြေးသွားကာ

ဆွဲလိုက်သည်။

သင်းခိုင်ဆွဲသော်လည်းဖိုးမောင်အတင်းရုန်း၍

ကြက်ခွပ်နေ၏။

လူကချွေးများဒလဟောထွက်နေပြီး မောဟိုက်နေလေပြီ။

“လာကြပါဦးတော်…ကိုဖိုးမောင်ဘာဖြစ်တယ်မသိဘူး….

လာကြပါဦး”

သင်းခိုင်သူဆွဲမရသည့်အဆုံး နံဘေးဝိုင်းများကို

လှမ်းအော်အကူအညီတောင်းရသည်။

လူများရောက်လာလေတော့ဖိုးမောင်အဖြစ်ကို

မြင်ကုန်ကြသည်။

“ကိုဖိုးမောင်ကိုဝိုင်းဆွဲကြပါဦး…

ဝိုင်းဆွဲပေးကြပါဦးတော်…လုပ်ကြပါ….”

သင်းခိုင်စကားကြောင့်…

“ဆွဲကြတဲ့ဟ…”

ဟုအော်ကာ ဖိုးမောင်ကိုဝိုင်းဆွဲကာ ချုပ်ထားကြရသည်။

သူတို့ဝိုင်းဆွဲထိန်းထားလေမှ ဖိုးမောင်ငြိမ်သွားတော့သည်။

ထိုအဖြစ်အပျက်များဖြစ်ပျက်ပြီးနောက်

ရွာမှအသက်အရွယ်ကြီးသူများက သင်းခိုင်ကို​ခေါ်၍…

“သင်းခိုင်…ညည်းယောကျာ်းဖြစ်နေတာတွေက

မရိုးသားဘူးလို့အရီးတို့ထင်တယ်အေ့”

“ရှင်…”

“ဟုတ်တယ်…ဖိုးမောင်အခုဖြစ်နေတာတွေက

အောက်လမ်းနဲ့အတိုက်ခံထားရတဲ့ပုံပဲအေ့”

“ရှင်…”

သင်းခိုင်ကတော့ ရှင်ဟုသာ ပြောနိုင်ရှာသည်။

“အရမ်းလည်းကြောက်မသွားပါနဲ့အေ…

အရီးပြောမယ်သေချာနားထောင် …

အခုညည်းယောကျာ်းကိုခေါ်ပြီး

သောင်ထွန်းရွာကိုသွားကြ…အဲ့သည်ရွာမှာ

ဘွားမယ်စိန်ဆိုတဲ့အမေကြီးတစ်ယောက်ရှိတယ်…

သူကအောက်လမ်းအတိုက်ခံရတာတွေ…ဘာတွေဆိုရင်

ပျောက်ကင်းအောင်ကုသပေးနိုင်တယ်အေ့”

“ဒီလိုဆိုရင်အဲ့ရွာဆီကို သွားမှပဲအရီးရယ်…

မဟုတ်ရင်ကျုပ်ယောကျာ်းအသက်ကို

ဒုက္ခပေးလာနိုင်တယ်တော့်”

“အေးလေ…ဒါမို့လည်း အရီးတို့က ညည်းကိုခေါ်ပြောတာပေါ့”

သင်းခိုင်လည်းလူကြီးများပေးသောအကြံအတိုင်း

ဖိုးမောင်သူငယ်ချင်းကိုအဖော်ခေါ်၍

လင်မယားနှစ်ယောက် သောင်ထွန်းရွာကို သွားကြတော့သည်။

********************************

“အိမ်ရှင်တို့…ဗျို့…လူရှိကြလားဗျ…”

ခြံဝိုင်းအပြင်မှအော်ခေါ်နေကြသည်။

ခြံတံခါးကပိတ်ထားပြီး အိမ်ထဲမှထူးသံမကြားရ။

ခဏမျှကြာတော့ ဘေးခြံဝိုင်းဆီမှ မိန်းမကြီးတစ်ယောက်

ထွက်လာလေသည်။

“ဘွားမယ်စိန်တို့အိမ်ကိုလာကြတာလား”

“ဟုတ်ကဲ့…ဘွားမယ်စိန်ရှိလားခင်ဗျ”

“အေး…ဘွားတို့က ဘုန်းကြီးကျောင်းသွားတယ်ဟဲ့…

ခဏနေလောက်ဆိုပြန်လာလောက်ပါပြီ”

“သြော်…ဟုတ်ကဲ့ ဒါဆိုရင်လည်းကျုပ်တို့

စောင့်လိုက်ပါ့မယ်”

“အေး…အေး…အရီးကဟိုဘက်အိမ်က

လာလေ…ရေနွေးလေးဘာလေးသောက်ကြဦး”

“ဟုတ်ကဲ့ခင်ဗျ…”

ဘေးဝိုင်းမှ ခေါ်၍ လိုက်သွားကြသည်။

ခဏမျှကြာတော့ဘွားမယ်စိန်နှင့်ဒေါ်ဝင်းတို့သားအမိပြန်ရောက်လာကြသည်။

ခြံတံခါးဖွင့် ဝင်လာကြပြီးနောက်ဘွားမယ်စိန်က

အိမ်အပေါ်ကိုသွားပြီးအဝတ်အစားလဲလေသည်။

ဒေါ်ဝင်းနဲ့နန်းကြိုင်ကတော့ ကွပ်ပျစ်ခင်း၌

ထိုင်နေကြ၏။

“မမဝင်း…ပြန်ရောက်ပြီလား”

“အေးဟဲ့…ပူစူးလာလေ”

“လာမယ်…ဒီမှာအစောက ဘွားဆီကိုဧည့်သည်တွေလာတာ…

အော်ခေါ်နေကြလို့ အမေကအိမ်မှာခေါ်ပြီး

ဧည့်ခန်းပေးထားတယ်တော့်”

“ဟေ…ဟုတ်လား…ဒါဆိုလွှတ်လိုက်လေပူစူးရဲ့…

ဘယ်သူတွေများလဲ”

“မသိဘူးတော့်….”

ပူစူးပြန်သွားတော့သည်။

ဘွားမယ်စိန်ကလည်းအဝတ်အစားလဲပြီး၍

အိမ်​ပေါ်မှပြန်ဆင်းလာခဲ့၏။

“အမေကြားလိုက်လား”

“အေး…ကြားတယ်လေ…ဧည့်သည်တွေဆို”

ဘွားမယ်စိန်ကွပ်ပျစ်ခင်း၌ဝင်ထိုင်လိုက်ချိန်

ဧည့်သည်တွေလည်းရောက်ရှိလာကြသည်။

“လာ….ဒီမှာပဲဝင်ထိုင်လိုက်ကြ”

“ဟုတ်ကဲ့”

ဧည့်သည်သုံးယောက်လည်း ကွပ်ပျစ်ခင်း၌ဝင်ထိုင်ကြသည်။

ဒေါ်ဝင်းနဲ့နန်းကြိုင်တို့သားအမိကတော့

ရေနွေးအသစ်ဖြည့်ပေးဖို့နှင့်လက်ဖက်သုပ်လေး

ဧည့်ခံဖို့ရန်အတွက် မီးဖိုထဲသို့ဝင်သွားလေသည်။

“ဒီကမောင်ရင်တို့တွေက…

ဘယ်ရွာကများ…လာကြတာလဲ”

“ကျုပ်တို့က အင်ဖိုရွာကလာကြတာပါ…

ဘွားက ဘွားမယ်စိန်ဆိုတာလားခင်ဗျ…”

“အေးကွဲ့…ဘွားမယ်စိန်ဆိုတာ ဘွားပါပဲ…

ပြောကြပါဦး လာရင်းကိစ္စကို”

ဘွားမယ်စိန်မှမေးလေတော့…

“ကျုပ်နာမည်ကဖိုးမောင်ပါ…

ဒါက ကျုပ်ဇနီးသင်းခိုင်ပါ…

နောက်ပြီးသူကတော့ကျုပ်သူငယ်ချင်းပါ…”

ဟု…ဖိုးမောင်ကမိတ်ဆက်လေသည်။

ဆက်ပြီး၍လည်း…

“လာရတဲ့အကြောင်းအရင်းကတော့

ကျုပ်ကြောင့်ပါဗျာ…”

“အင်း…ဘွားကြည့်ရသလောက်ကိုပြောရရင်

မောင်ရင်ကတခြားနှစ်ယောက်ထက်ပိုပြီး

ထူးခြားနေတယ်…ကဲပါလေ…ဆက်ပြီးတော့ပြောပါဦး”

ဘွားမယ်စိန်ကဖိုးမောင်ကိုစိုက်ကြည့်ပြီးပြောလိုက်သည်။

ဖိုးမောင်ကလည်း သူဖြစ်ပျက်နေသော အကြောင်းအရာအလုံးစုံကိုဘွားမယ်စိန်ကိုပြောပြ၏။

အကြောင်းအရင်းသေချာနားထောင်ပြီးလေတော့…..

“ကဲ…ဒါဖြင့်ရင်လည်း လာ ဘွားအနားကိုတိုးပြီး

ခြေထောက်နှစ်ဖက်ကိုဆန့်ပြီးထိုင်လိုက်….”

ဖိုးမောင်…ဘွားမယ်စိန်ပြောသည့်အတိုင်းထိုင်လိုက်သည်။

ဘွားမယ်စိန်ကဖိုးမောင်၏ခေါင်းအပေါ်၌သူ၏

လက်ကိုတင်လိုက်ပြီး မျက်လုံးများကိုမှိတ်ထားသည်။

သင်းခိုင်တို့…ဒေါ်ဝင်းတို့ကတော့နံဘေးမှကြည့်နေကြ၏။

ခဏမျှကြာလေတော့ ဘွားမယ်စိန်မျက်စိပြန်ဖွင့်လာပြီး

ဖိုးမောင်၏ခေါင်းအထက်ရှိသူ၏လက်ကို

ပြန်ဖယ်လိုက်လေသည်။

ဖိုးမောင်ကတော့မျက်လုံးလေး

ပေကလပ်ပေကလပ်ဖြင့်ကြည့်နေခဲ့၏။

“ရေနွေးခွက်တွေအကုန်လုံးဘေးကိုဖယ်လိုက်တော့”

ဟု…ဘွားမယ်စိန်ကပြောလေတော့ ဒေါ်ဝင်းတို့မှာ

ပြာပြာသလဲအကုန်ဖယ်ပေးလိုက်သည်။

“မောင်ရင် တင်ပျဉ်ခွေထိုင်လိုက်တော့”

ဘွားမယ်စိန်ခိုင်းသည့်အတိုင်းဖိုးမောင်ပြင်ထိုင်လိုက်သည်။

ကွပ်ပျစ်ခင်းပေါ်၌ ဖိုးမောင်နှင့်ဘွားမယ်စိန်သာရှိနေပြီး

ကျန်လူများကတော့ မြေပေါ်၌

မတ်တပ်ရပ်၍ကြည့်နေကြသည်။

“ကဲ…ဒီကလေးကို အောက်လမ်းနဲ့

တိုက်ထားတဲ့ ပုဂ္ဂိုလ်အခုလာခဲ့ပါ….

ရောက်တဲ့အရပ်ကနေ ချက်ချင်း ဒီကိုလာပါ……….”

ဟုပြောပြီး ဂါထာများရွတ်လေသည်။

မကြာပါ ဖိုးမောင်ထိုင်နေရင်းမှ ခေါင်းမှာ

ငိုက်စိုက်ကြသွားသည်။

ဘွားမယ်စိန်ကလည်းဖိုးမောင်ကိုစိုက်ကြည့်ပြီး…

“ရောက်ပြီလား…”

ဟု…မေးလေတော့ ဖိုးမောင်ကခေါင်းညိတ်ပြသည်။

“ဘာကြောင့်ဒီကလေးကိုတိုက်ခိုက်နေရတာလဲ…

ဘာမကျေနပ်တာများရှိနေလို့လဲ”

“မကျေနပ်ဘူး…ဒီကောင့်ကိုကျုပ်နည်းနည်းမှမကျေနပ်ဘူး”

“အေး…နင်က ဒီကလေးကို ဘာမကျေမနပ်ဖြစ်နေတာလဲ”

ဘွားမယ်စိန်ကမေးသော်လည်းမဖြေပေ။

“ဟဲ့….ငါ့နာမည်ဘွားမယ်စိန်….

မယ်စိန်တဲ့ဟဲ့….

နင့်အဆင့်လောက်နဲ့များငါ့ကိုအာခံပြနေတာလား…

ဟမ်….နင်ပြာကျသွားချင်တာလားဟဲ့…”

ဘွားမယ်စိန်က မာန်ပါပါပြောလိုက်လေတော့

ချက်ချင်းပင်…

“မ…မဟုတ်ပါဘူးဗျာ…”

“အေး…ဒါဆိုရင်လည်းပြောလေ…”

“ကျုပ်…ကျုပ်ဒီကောင့်ဆီကို

ဆေးလိပ်တောင်းသောက်တာကို

ဒီကောင် အကျင့်ယုတ်ပြီးမပေးလို့ပါဗျာ…”

“ဘာကွဲ့…ဆေးလိပ်မပေးလို့…ဟုတ်သလား”

“ဟုတ်…ဟုတ်ပါတယ်…”

“အေး…ဘာမဟုတ်တာလေးနဲ့များ

လူကိုဒုက္ခပေးရတယ်လို့…

အခုနင်ဒီကလေးကိုဆက်ပြီး ဒုက္ခမပေးနဲ့တော့…

မဟုတ်ရင်နင့်ပညာစွန့်ရအောင်လို့

ငါလုပ်ရလိမ့်မယ်…”

“ကျုပ်မလုပ်တော့ပါဘူးဗျာ…

အဘွားရဲ့ပညာကိုကျုပ်ကြောက်ပါတယ်…

အဘွားဘယ်လောက်ပညာထက်လဲကျုပ်သိပါတယ်”

“အေး…ဒါဆိုရင် သစ္စာရေသောက်ကျိန်သွား…

ဒီကလေးနဲ့သူ့မိသားစုတွေကိုလုံးဝမထိခိုက်စေနဲ့”

“ဟုတ်ကဲ့…”

ဘွားမယ်စိန်ကသစ္စာရေသောက်ခိုင်းပြီးမှ ပြန်ခိုင်းလေသည်။

ဖိုးမောင်လည်း မိမိဘာဖြစ်သလဲဆိုတာ

ထိုအခါမှအကြောင်းစုံသိသွားတော့သည်။

“ဘာမဟုတ်တဲ့ကိစ္စလေးကြောင့်

ဒုက္ခရောက်ရတယ်

ဆိုပေမယ့်…

ဒီကိစ္စကိုဒီမှာပဲထားခဲ့ကြပါကွယ်…

သူလည်းဆက်ပြီးမောင်ရင့်ကို ဒုက္ခမပေးပါဘူးလို့

ပြောပြီးပြီဆိုတော့ ရန်ငြိုးမဖွဲ့ကြပါနဲ့တော့”

“ဟုတ်ကဲ့…ကျုပ်ဖြစ်နေတာတွေ

ဆက်ပြီး မဖြစ်တော့ရင်ကိုကျေနပ်ပါပြီဗျာ”

ဖိုးမောင်ကဘွားမယ်စိန်ကိုထိုသို့ပြန်ပြောလိုက်သည်။

အဲ့သည်နောက်ဖိုးမောင်တို့လည်း ဘွားမယ်စိန်ကို ကန်တော့ပြီး

ရွာသို့ပြန်သွားကြတော့၏။

တစ်ဖက်၌လည်း ဖိုးမောင်ဖခင်နှင့်သင်းခိုင်၏မိဘများက

သူတို့နှစ်ဦးအပေါ်၌စိတ်ဆိုးပြေသွားကြ ပြီး

သားနှင့်သမီးကိုသူတို့၏မျက်စိအရှေ့သို့

ပြန်ခေါ်ဖို့ဆုံးဖြတ်လိုက်ကြပြီဖြစ်သည်။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)