စုန်းအိုမရဲ့အဆုံးသတ်

နေခဲ့သည်။

“သမီး ပန်းနုရေ…ဒီမှာသူကြီးလာတယ်…
လာနှုတ်ဆက်လိုက်ပါဦးကွယ်…..”

“ဟုတ်ကဲ့အဘ…လာပါပြီ”

သူကြီးနှင့် ဦးရွှေတို့ ခုံ၌ထိုင်နေကြစဥ် အခန်းအတွင်းမှ
ပန်းနုတစ်ယောက် ထွက်လာခဲ့ရှာ၏။

“သူကြီးရောက်တာကြာပြီလား…နေပါဦး…ပန်းနု လက်ဖက်ပွဲပြင်ပေးပါ့မယ်…..”

“ရပါတယ်ကွယ်…လာထိုင်ပါဦး တူမကြီးရဲ့”

“အို…ခဏတင်ပါ…ကျုပ် ပြင်ပေးတဲ့လက်ဖက်စားရမယ်နော် သူကြီး…..”

“သြော်…အေးပါ….အေးပါ……”

စကားသွက်လက်လှသော ပန်းနုကိုကြည့်ပြီးနောက်
ဦးရွှေဆီလှည့်ကြည့်လေတော့ ဦးရွှေက…

“ကျုပ်သမီးလေး…ပြန်ရောက်လာတာကျုပ်ဖြင့်ဝမ်းသာနေရတာသူကြီး….”

“ခင်ဗျားသမီးပြန်ရောက်တာတော့ဟုတ်ပါပြီ….။
ကလေးမလေးစကားပြောတွေက သွက်လက်လွန်းနေတယ်ဗျ…
သူဘယ်သွားတယ်ဆိုတာကော ခင်ဗျားကိုပြောရဲ့လား”

သူကြီးအမေးကို ဦးရွှေကခေါင်းလေးရမ်းပြီး…

“စကားတွေသာ သွက်နေတာပါသူကြီးရာ….ဘယ်သွားလဲ…ဘယ်လာလဲ မေးပါရင်လည်း မဖြေ…။မဖြေတဲ့အပြင်
သမီးမသိဘူးအဘရဲ့…အမရဲ့နဲ့အော်ငိုနေလို့ ကျုပ်ကော
သူ့အမျိုးတွေကော လက်လျော့ထားရတယ်ဗျာ…….”

“အလိုလေး….ထူးဆန်းလှပါလားဗျာ…..”

“ဒီထက်ထူးဆန်းတာက လူကတော့
ပျောက်ကတည်းကပုံစံပါပဲ…။
သို့ပေမယ့် ကျုပ်ဆင်မြန်းပေးထားတဲ့ လက်ဝတ်လက်စားတွေတစ်ခုမှပြန်ပါမလာဘူးသူကြီးရေ…
ကျုပ်တော့ ဝမ်းသာရခက်…ဝမ်းနည်းရခက်ကြီးပေါ့”

သူကြီးလည်း ခေါင်းတညိတ်ညိတ်ဖြင့်သာနားထောင်နေရ၏။
သို့သော် သူသည်လည်း မည်သို့မှတ်ချက်ပြုရလေမည်မသိခဲ့။

“ကဲ…လက်ဖက်ရပြီတော်ရေ့…စားပါဦး……”

ပန်းနု လက်ဖက်ပန်းကန်ကိုင်၍ ရောက်လာခဲ့သည်။

“တူမကြီးရဲ့ထိုင်ပါဦး…ဦးကြီးမေးမြန်းစရာရှိသေးလို့ပါ”

“ထိုင်ပါ့မယ်သူကြီးရယ်…ကျုပ်ကိုဘာမေးမလို့တုန်း…
အရီးကောနေကောင်းကျန်းမာရဲ့လား”

“ကျန်းမာပါ့ဗျာ…။အဲ…​ ဒီလိုလေ…
တူမကြီးအရင်သုံးလေးရက်က
ဘယ်တွေများသွားတာတုန်း…တူမကြီးအဖေခမျာ တူမကြီး
ပျောက်လို့ ငိုဟဲ့…ရယ်ဟဲ့နဲ့အတော်ကိုသနားစဖွယ်ကောင်းပါတယ်ကွယ်…”

“အိုတော်…ကျုပ်ဘယ်မှမသွားပါဘူးတော်……….”

ပန်းနုမျက်နှာသည် သူကြီး၏အမေးကိုကြားလေသော်
ချက်ချင်းပင် တွေဝေငေးမောသွားလေသည်။
စကားများသည်ကလည်း အသက်မပါတော့။

“ဒါဖြင့်တူမကြီးလက်ဝတ်လက်စားတွေဘယ်မှာကျပျောက်ကုန်တာလဲ…တူမကြီးရဲ့”

“ကျုပ်မသိဘူးလေ…ကျုပ်ဘာမှမသိဘူး….အဘ….ကျုပ်ဘာမှမသိပါဘူးတော်….အီးးးးဟီးးးးးဟီးးးးးးးးးးး”

ပန်းနုကပြောရင်းငိုချလေရာ ဖခင်ဖြစ်သူဦးရွှေကတော့
ခေါင်းလေးတတွင်တွင်ရမ်းရင်း သက်ပြင်းချရှာသည်။

သူကြီးလည်း မည်သည့်မေးခွန်းမှဆက်မမေးတော့လေဘဲ
ခဏမျှထိုင်ပြီးသည်နှင့် အိမ်သို့ပြန်သွားခဲ့တော့၏။

*************************

နောက်တစ်ရက်နံနက်၌….

“သူကြီးရေ…လုပ်ပါဦး…
ကျုပ်သားလေးပျောက်သွားလို့ပါဗျာ”

“ဟာ…ဦးဖိုးဝေ…ခင်ဗျားသားဘယ့်နဲ့ပျောက်ပြန်တာတုန်း….”

“တစ်ဖက်ရွာအကြွေးရစရာရှိလို့…မနေ့မနက်က
ကျုပ်သွားတောင်းခိုင်းလိုက်တာ..တစ်ညသာကုန်သွားတယ်…
ပြန်မရောက်လာလို့ပါသူကြီးရာ…….”

“ဟာ…ဒီလူအေးကလေးဘယ်လိုဖြစ်ရတာတုန်းဗျာ…
ကဲပါ…ကျုပ်တစ်ဖက်ရွာကိုသွားပြီးစုံစမ်းခိုင်းလိုက်မယ်…။
ခဏတော့စောင့်ဗျာ…….”

သူကြီးလည်း ပျာပျာသလဲဖြင့်ရွာသားများကိုခေါ်၍
ဦးဖိုးဝေပြောသောတစ်ဖက်ရွာသို့လွှတ်လိုက်တော့သည်။
ထိုသို့ဖြင့် ထပ်မံရောက်လာသော
ဦးဖိုး​ဝေ၏မိန်းမ​​​ဖြစ်သူနှင့်အမျိုးအဆွေများသည်လည်း
သူကြီးအိမ်၌ ရွာသားများပြန်အလာကိုစောင့်ကြရလေသည်။

အချိန်အတော်ကြာလေတော့ရွာသားများပြန်ရောက်လာကြ၏။
ရွာ၏ကာလသားခေါင်းဆောင်ဖြစ်ဟန်တူသူက…

“ကျုပ်တို့တစ်ဖက်ရွာရောက်တော့…သူတို့က
မောင်ထွန်းလေး လာသွားတယ်တဲ့…ပေးစရာရှိတာပေးလိုက်တော့ ယူပြီးပြန်သွားတယ်လို့ပြောကြတယ်ဗျ…
မောင်ထွန်းလေး ပြန်တာကလည်း
နေ့ခင်းပိုင်းလို့ဆိုကြပြန်တယ်…”

“ကျုပ်သားလေးတော့ဘေးတွေ့ပြီထင်ပါရဲ့ဗျာ…….”

ဦးဖိုးဝေက မြည်တွန်တောက်တီးနေ၏။
ဦးဖိုးဝေက မိန်းမ မှာကား သားဖြစ်သူအတွက် တငိုငိုတရီရီဖြစ်၍နေလေရာ အမျိုးအဆွေများက နှစ်သိမ့်နေကြရရှာသည်။

“အင်း……..ခက်တော့ခက်သားဗျ…။
ကျုပ်တို့ရွာမှာဒီလိုဖြစ်တာ ဟော…အစောပိုင်းက ရွာတောင်ပိုင်းသူဌေးသမီးလေးပန်းနု…
အခု ထပ်ဖြစ်တာကလည်း…ရွာမြောက်ပိုင်း
လယ်ပိုင်၊ယာပိုင်သူဌေးသားလေးမောင်ထွန်းလေး….။
စဥ်းစားရခက်ပါကောလား…ဒါပေမယ်လို့…ကျုပ်ရွာသားတွေနဲ့
ရသလောက်စုံစမ်းပေးပါ့မယ်…
ခင်ဗျားတို့အိမ်မှာသာပြန်နေကြပြီး
သားဖြစ်သူအလာကိုစောင့်ပေးကြပါဗျာ………”

ရွာသူကြီးလည်း မိဘများကိုသနားသည်ကတစ်ကြောင်း…
ရှုပ်ထွေးသော ဖြစ်စဥ်များကြောင့် ခေါင်းပူနေရသည်ကတစ်ကြောင်းပေမို့…ပြောသင့်သမျှကိုပြောလိုက်တော့သည်။
ထိုအခါမှ ဦးဖိုးဝေတို့လည်း အိမ်သို့ပြန်သွားကြလေသည်။
ဦးဖိုးဝေတို့ပြန်လေသောအခါမှကျန်ရစ်သော
ရွာသားများအား…

“တို့ရွာထဲလူစိမ်းတွေများတွေ့မိကြသလား”

ဟု…သူကြီးကမေးလေတော့ အားလုံးခေါင်းချင်းဆိုင်၍…

“လူစိမ်းဆိုတာတော့မတွေ့မိပါဘူးဗျာ…သာမာန်လာတတ်တဲ့
အမျိုးအဆွေဧည့်သည်တွေသာရှိတာပါသူကြီး”

“အေးကွာ…ငါလည်း မင်းတို့ကိုပဲအားကိုးမှရတော့မယ်…
ဒီလိုလုပ်ကြတော့…ညဘက်ကင်းတွေကိုလူပိုတိုးစောင့်ကြပ်ကြ…အကြောင်းထူးတာ…မသင်္ကာတာရှိရင်လည်း ချက်ချင်းသာလာပြောကြ…”

“ဟုတ်ကဲ့…စိတ်ချပါသူကြီး….”

“အေး…အေး…ဒါဖြင့်လည်းပြန်ကြတော့ကွာ…….”

သူကြီးအိမ်မှရွာသားများပြန်ကုန်ကြလေပြီ။
သူကြီးကတော့ စဥ်းစားခန်းဝင်နေတော့၏။

*************************

“ဟဲ့…မိစမ်း…ငါ့ကို ဆန်တပြည်လောက်ချေးစမ်းပါအေ…..”

အိမ်ထဲဝင်လာကာ ဆန်ချေးသော ဒေါ်ဗန်းကြီးဆိုသော
အမျိုးသမီးကြီးအား ဒေါ်စမ်း ကြည့်၍…

“အစ်မရေ…ကျုပ်ဆီတပြည်တော့မရဘူး…
တစ်လုံး…နှစ်လုံးလောက်တော့ရတယ်တော့…..”

“အေး…ဒါဖြင့်ရသလောက်ပေး….”

“ဟုတ်…ဟုတ်……….”

ဒေါ်ဗန်းကြီးအားဆန်ချေးလိုက်၍ ဒေါ်ဗန်းကြီး ခြံဝိုင်းထဲမှထွက်သွားတော့သည်။
ထိုအခါမှ ဒေါ်စမ်း သက်မ ချနိုင်လေသည်။

“အမေ…အဲ့ဘွားတော်ကြီးကိုဘာလို့ဆန်ချေးတာလဲ…
အရင်ချေးတာတောင်ပြန်မပေးတာကို…..”

“ဟဲ့…ကောင်မလေး….တိတ်တိတ်နေစမ်း…ညည်းသူ့အကြောင်းဘာသိသလဲ…ဘာစကားမှမပြောနဲ့အသာနေ”

မိခင်ဖြစ်သူ၏အဆူခံလိုက်ရ၍ကလေးမလေးသည်လည်း
ငြိမ်သွားရှာတော့သည်။

ခင်တန်းကုန်းကျေးရွာ၌ ဒေါ်ဗန်းကြီးဆန်ချေးလျှင်လည်း
ရှိလျှင်ချေးပေးကြ၏။
သို့သော် ပြန်မဆပ်တတ်သော ဒေါ်ဗန်းကြီးကို မည်သူကမှ
အော်ဟစ်ရန်လုပ်ခြင်းမရှိကြ။
ဒေါ်ဗန်းကြီးလာချေးတိုင်းလည်း ကြည်ကြည်ဖြူဖြူချေးပေးတတ်ကြသည်။
ထိုအခါ ဒေါ်ဗန်းကြီးသည်လည်း မထီမဲ့မြင်ပြုလျက်နေမြဲနေလေသည်။
ထိုသို့ ဖြစ်ရခြင်းမှာက ရွာရှိအမျိုးသမီးကြီးများသည်
ဒေါ်ဗန်းကြီးအား စုန်းမကြီးတစ်ယောက်အဖြစ်သိရှိကြသောကြောင့်ဖြစ်သည်။

ထိုအကြောင်းအားလည်း မည်သူကမှရေးကြီးခွင်ကျယ်လုပ်၍မပြောကြ…နေမြဲအတိုင်းသာနေနေကြလေသည်။
ပူပြင်းခြောက်သွေ့လှသော နွေရာသီ၌ ဘွားမယ်စိန်သည်
ဘုန်းကြီးကျောင်းနှင့်အိမ်ကိုသာ ကူးလူးသွားလာနေခဲ့၏။
တစ်ခါတစ်ရံအိမ်၌ရှိချိန် ကွပ်ပျစ်ခင်း၌ ထိုင်ရင်း
လာလည်ကြသောရပ်ရွာထဲရှိ မိတ်ဆွေများနှင့်စကားလက်ဆုံကျတတ်ပေသည်။
ယနေ့တော့ ဘွားမယ်စိန်ကွပ်ပျစ်ခင်း၌ လဲလျောင်းနေခဲ့၏။
အညာနွေဒဏ်ပူပူကြောင့်ခြံဝိုင်းထဲမှာဖြင့်
ဒေါ်ဝင်းနှင့်နန်းကြိုင်တို့နှစ်ဦးအပင်ရိပ်ခိုနေကြလေသည်။

“ဘွားရှိလားဗျ……..”

“ဟမ်…ရှိတယ်ဟဲ့…..နေကပူပူနဲ့​မောင်တိုးလား”

“မဟုတ်ဘူး…ကျုပ်ပါ….မြိတ်ကုန်းက မောင်စိုင်ပါဗျ……”

“ဟေ…….”

ဒေါ်ဝင်းနှင့်စကားပြောရင်းဝင်လာသော လူကြောင့်
ဘွားမယ်စိန် လဲလျောင်းနေရာမှထ ထိုင်လိုက်တော့သည်။

“မောင်စိုင်…လာလေကွယ်…
နေကပူပူနဲ့ရောက်ချလာတာပါလား”

ဘွားမယ်စိန်ကိုမြင်လေတော့ မောင်စိုင်က မျက်နှာပြုံးရွှင်သွားပြီး….

“ကျုပ်…အကြောင်းရှိလို့ အချိန်မဆိုင်းတော့ဘဲ
လာခဲ့လိုက်တာဗျ…
မောင်တိုးတို့ဆီကိုတောင် ကျုပ်မဝင်ခဲ့ဘူး ဘွားရဲ့”

“ထိုင်…ထိုင်…ဒါနဲ့ထမင်းကောစားပြီးရဲ့လား….
သမီးရေ…မောင်စိုင်စားဖို့ပြင်ပေးလိုက်ဦးကွယ်…။
သူ့ခမျာခရီးဝေးကြီးနေကပူပူနဲ့ရောက်လာရှာတာ”

မောင်စိုင်လည်း ခရီးဝေးလာရသူမို့ မငြင်းဆန်တော့ဘဲ။

“ဟုတ်ဘွား….ကျုပ်လည်းဗိုက်ကဆာနေတာဗျ…….”

“အေးလေ…ဆာရှာမှာပေါ့…မင်းအရီးနဲ့လိုက်သွား….
မီးဖိုထဲမှာအဝသာစားပေတော့”

“ဟုတ်ကဲ့ဘွား…….”

မောင်စိုင်လက်များဆေးကြောပြီး…ဒေါ်ဝင်းပြင်ပေးသော ထမင်းနှင့်ဟင်းများကိုဆာဆာနှင့်စားနေခဲ့သည်။

“မြေးလေး”

“ရှင်ဘွား…သမီးကိုဘာခိုင်းမလို့လဲ”

“အဆောင်းလေးဆောင်းသွား…
ညည်းအစ်ကိုတွေမောင်တိုးတို့ကိုမြိတ်ကုန်းရွာက
မောင်စိုင်ရောက်နေတယ်လို့ပြောပြီးခေါ်လာခဲ့”

“ဟုတ်ဘွား…သမီးသွားလိုက်မယ်……”

“အေး..အေး…….။ပြီးရင်တန်းပြန်ခဲ့နော်……”

“ဟုတ်ကဲ့…..”

နန်းကြိုင်လေးထွက်သွားလေတော့ ဘွားမယ်စိန်
ဒေါ်ဝင်းအား…

“မိဝင်းရေ…ညည်းထမင်းပြင်ပေးပြီးလို့ရှိရင်…
ညည်းမောင်အလတ်ကောင်အိမ်ကိုသွား…ငှက်ပျောသီးမှည့်လာပေးမယ်လို့မနေ့ကတည်းကပြောတာ
အခုထိရောက်မလာဘူးကောင်လေးက…
အဲ့တာ ညည်းသွားယူလိုက်…
ငှက်ပျောသီးမှည့်တာလေး
မောင်စိုင်တို့ကိုကျွေးရအောင်လို့လေ”

“ဟုတ်ကဲ့အမေ…ကျုပ်သွားလိုက်မယ်……။
အမေ့သားကအဲ့လိုပဲ သူ့မယားခိုင်းတာပဲလုပ်တယ်…
မိဘနဲ့အစ်မကို ဂရုကိုမစ်ိုက်တာ”

“အေးပါ…။ဒါတွေအမေသိပါတယ်…
သူ့ဘဝနဲ့သူသွားမှာပါအေ…”

“ဟုတ်…ဟုတ်…….”

ဒေါ်ဝင်းလည်း ခမောက်ဆောင်း၍ ထွက်သွားတော့သည်။
တော်လေးကြာတော့ မောင်စိုင်ထမင်းစားပြီးသွား၍
ထွက်လာခဲ့သည်။

“ကဲ…ထိုင်ဦး…။ဘွားမြေးကို
မောင်တိုးတို့ကိုခေါ်ခိုင်းလိုက်တယ်ကွဲ့”

“ဟုတ်ကဲဘွား…..”

မောင်စိုင်ကွပ်ပျစ်၌ထိုင်ပြီးမကြာ နန်းကြိုင်နှင့်အတူမောင်တိုးနဲ့မောင်အုန်းလိုက်ပါလာခဲ့ကြ၏။
မောင်တိုးကရှေ့ဆုံးမှလာ၍…

“ဟား…ကိုကြီးမောင်စိုင်အလည်လာတာလားဗျ…..”

“အေး…အလည်လည်းမဟုတ်ပါဘူးကွာ…။
အကြောင်းလေးလည်းရှိတာမို့ရောက်လာတာဟေ့…
ငါ့ကောင်ကြီးကချောလာလိုက်တာကွာ”

“ဟား…မတွေ့တာဖြင့်နှစ်လတပိုင်းသာသာပဲရှိသေးတာကိုဗျာ”

မောင်တိုးနဲ့မောင်စိုင်တို့တပြုံးပြုံးဖြင့်စကားပြောနေကြသည်။
မောင်အုန်းက ခုံ၌ထိုင်ရင်း…

“ကိုမောင်စိုင်တို့ရွာမှာ ပြန်ပြီးလူတွေသေလို့လားဗျ….
အခုလိုနွေသန်သန်ပူနေတာကိုခရီးထွက်လာတာဆို​တော့”

မောင်အုန်းစကား၌မောင်စိုင်ထံအားလုံး
အကြည့်ရောက်ကုန်ကြသည်။
မောင်စိုင်ကပြာပြာသလဲ….

“အဲ့ကိစ္စကပြီးသွားပါပြီကွာ……။ဘွားပြောသလို
တောင်းပန်ပြီးတာနဲ့လူမသေတော့ပါဘူး….။
သေလည်းရောဂါကြောင့်သမားရိုးကျတွေပါပဲ”

“ဒါဖြင့်…ခုကနောက်ကိစ္စတစ်ခုလားဗျ…….”

“မောင်တိုးကလည်းကွာ…သိချင်တာလွန်ပါကောလား….။
ငါပြောမှာပေါ့”

မောင်စိုင်ကမောင်တိုးကိုစစနောက်နောက်ပြောလေတော့
မောင်တိုးကခေါင်းကိုကုပ်ရင်းရယ်နေတော့သည်။
ပြီးနောက်မောင်စိုင်က…

“ဘွား…ကျုပ်တို့ရွာက ထွက်ပြေးသွားတဲ့
ဒေါ်ဗန်းကြီးကိုဘွားမှတ်မိလား”

ဟု ဆိုလေသောအခါ….

“သြော်….အေး….အေး……။ဘွားတို့ရောက်တဲ့အချ်ိန်
ထွက်ပြေးသွားတဲ့စုန်းမ မဟုတ်လား”

“ဟုတ်တယ်ဗျ…..။ကျုပ်အခုလာတာလည်း သူ့အ​ကြောင်းပဲ”

“ဟေ…မောင်ရင်တို့ရွာကိုသူပြန်ရောက်နေတာလား”

ဘွားမယ်စိန်အမေးကိုမောင်စိုင်ကခေါင်းခါရင်း…

“မဟုတ်ဘူးဗျ….။အဲ့မိန်းမကြီးကသိပ်လည်တာ
အခု သူနေတဲ့နေရာကို ကျုပ်သိပြီလေ…ဒင်းက ခင်တန်းကုန်းဆိုတဲ့ရွာမှာရောက်နေတာ……”

“ကိုကြီး​မောင်စိုင်ကသူအဲ့ရွာရောက်တာ
ဘယ်လိုသိတာတုန်းဗျ…
ကိုကြီးမောင်စိုင်လိုက်ရှာနေခဲ့တာလား”

မောင်တိုးကမေးပြန်လေရာ မောင်စိုင်ကခေါင်းညိတ်၍…

“အေးပေါ့…ရှာရတာပေါ့….။ဒါပေမယ့်အခုငါရှာတွေ့တာမဟုတ်ဘူးမောင်တိုးရဲ့…တို့ရွာမှာစျေးလာရောင်းတဲ့ စျေးသည်တွေကိုငွေလေးဘာလေးပေး…စုံစမ်းခိုင်းရတာပေါ့…
မင်းတို့လည်းသိတဲ့အတိုင်း သူတို့ကရွာပေါင်းစုံလှည့်နေတဲ့သူတွေလေ…ဒီလိုနဲ့သိတာပေါ့……..”

“သြော်…ဒါဖြင့်အဲ့အဘွားကြီးက စုန်းအတတ်တွေနဲ့လူတွေကို
ဒုက္ခပေးတုန်းလားဗျ……”

“အေး.. ပေးမပေးတော့မသိဘူး…အဲ့ရွာမှာ
သူ့ဆိုကြောက်နေကြတာတဲ့ဟေ့…..
ခက်တာက အဲ့ရွာမှာလည်း လူတွေပျောက်တယ်ပြောတယ်…”

“ဟင်…”

“ဟာ…”

“လူတွေကဘယ့်နဲ့ပျောက်တာတုန်းမောင်စိုင်ရဲ့…..”

ဘွားမယ်စိန်ကဝင်မေးတော့သည်။
မောင်စိုင်ကလည်းစျေးသည်များထံမှကြားရသောစကားအတိုင်း…

“ရွာကမိန်းမငယ်…
ယောကျာ်းငယ်လေးတွေပျောက်ကြတာတဲ့ဘွား…။
ပျောက်တဲ့သူတွေကလည်း
သူဆင်းရဲသား၊သမီးမဟုတ်ကြဘူး…
ငွေကြေးရှိသူဌေးသား၊သမီးတွေကြီးပဲဆိုပဲ…
အဲ့လိုပဲပျောက်သွားလိုက်…နောက်နှစ်ရက်၊သုံးရက်ဆိုရင်
အိမ်ပြန်ရောက်လာကြပြီး ဘယ်သွားတယ်ဆိုတာကိုမေးမရမြန်းမရတဲ့ဗျ ။အင်း…ခက်တာတစ်ခုက
လူကောင်းပဂတိပြန်လာပေမယ့်
လက်ဝတ်လက်စားမှန်သမျှကတော့
တစ်ခုမှပြန်ပါမလာကြဘူးတဲ့ဗျို့….”

“အလိုလေး…..”

“တော်တော်စဥ်းစားရခက်ကြီးပါလားဗျ…”

မောင်တိုး…မောင်အုန်းတို့နှင့်အတူ ဘွားမယ်စိန်ပါ
အံ့သြသင့်ကုန်ကြသည်။

“ကျုပ်လာတာလည်း အဲ့ဘွားတော်ကိုဖမ်းချင်တာရော…
အဲ့ရွာက ကိစ္စကိုလည်း ဘွားက်ိုပြောပြချင်တာရောကြောင့်ပါ”

“အေးလေ…ဒါဖြင့်
မောင်ရင်ဘက်ကဘယ်လိုစီစဥ်ထားသလဲဆိုတာ
ဘွားကိုပြောပြဦးပေါ့”

“ကျုပ်ကတော့အဲ့ရွာဆီကို ဘွားကိုခေါ်သွားချင်တယ်ဗျာ…
ပြီးရင်အဲ့မိန်းမကြီးကိုရှင်းပစ်ချင်တယ်…..”

မောင်စိုင်စကားကြောင့်ဘွားမယ်စိန် တွေးတွေးစစဖြစ်သွား၏။
ပြီးလေမှ …

“အင်း …ဒါဖြင့်ဘွားဘက်ကလည်းမောင်ရင့်ကိုပြောထားရမှာပေါ့လေ….”

“ဟုတ်ကဲ့…ပြောပါဘွား……”

“ပြောပါ့မယ်….။ဒီလိုကွဲ့…မောင်ရင်ပြောတဲ့ စုန်းမက
ဘွားကိုအာခံပြီး ပြန်တိုက်ခိုက်တာမျိုးဆိုရင်တော့
ဘွားဘက်က သူ့ကိုညှာတာမှာမဟုတ်ပါဘူး……။
ဒါပေမယ်လို့…သူ့ဘက်ကသာ
ပညာတွေစွန့်ပစ်ပါ့မယ်ဆိုပြီး…သနားခံရင်တော့ ဘွားသူ့ကိုဘာမှလုပ်မှာမဟုတ်သလို…မောင်ရင်ကိုယ်တိုင်ကလည်း
သူ့ကိုဘာမှမလွန်ကျူးပါဘူးဆိုတဲ့
ဂတိလေးတော့ပေးရလိမ့်မယ်……..။
အခုဘွားပြောတာကိုမောင်ရင့်ဘက်ကလက်ခံနိုင်မှသာ
မောင်ရင့်ခရီးကိုဘွားလိုက်ဖြစ်လိမ့်မယ်ကွယ်….”

ဘွားမယ်စိန်စကားကြောင့်မောင်စိုင်တွေဝေသွားသည်။
မောင်တိုးတို့ကလည်း မောင်စိုင်ပြောမည့်စကားကိုသာ
သိချင်နေကြ၏။
ခဏမျှကြာတော့မောင်စိုင်က…

“ဟုတ်ကဲ့ပါ…ကျုပ်ဘွားပြောသလိုပဲ လက်ခံပေးပါ့မယ်….”

ဟု…ပြောလေတော့ ဘွားမယ်စိန်ကခေါင်းတညိတ်ညိတ်ဖြင့်…

“ဒါဆိုရင်တော့…ဘွားဘက်ကလိုက်ခဲ့ရမှာပေါ့ကွယ်….။
မောင်တိုးတို့ကတော့ရွာမှာပဲ နေခဲ့ကြမှာမလား”

“ဟာ…ကျုပ်တို့လိုက်မှာပေါ့ဘွားရယ်…..”

“ကျုပ်တို့ကတော့ဘွားဘယ်သွားသွားလိုက်မှာဗျာ…..”

ပျာပျာသလဲ ဖြေကြသည့်မောင်တိုးနဲ့မောင်အုန်းကို
ဘွားမယ်စိန်နဲ့မောင်စိုင်တို့ကြည့်ကာရယ်မောနေကြတော့၏။

“ကဲ…ငှက်ပျောသီးပါလာပါပြီတော်……”

ဒေါ်ဝင်းရောက်လာ၍ စကားလက်စပြတ်သွားကြပြီးနောက်…
တည်ခင်းသော ငှက်သီးများကိုသာ စားကြတော့သည်။

***************************

ခင်တန်းကုန်းရွာ၌….

“သူကြီးရေ…မောင်ထွန်းလေးပြန်ရောက်နေပြီကြားတယ်ဗျ…
ဒီကောင်လေးလည်း သူဌေးကြီးဦးရွှေသမီးလို မေးမရမြန်းမရပဲတဲ့…….”

“အေး…ငါလည်းကြားပြီးပါပြီကွာ….။တော်နေမှ သွားမလို့….”

“ဒီထက်…ကျုပ်တို့ရွာထဲက လူငယ်တွေလည်း ရွှေတွေငွေတွေကို မိဘတွေကမဝတ်ခိုင်းကြတော့ဘူးဗျ….။
သူဌေးကြီးဦးရွှေသမီးဖြစ်ကတည်းက
ထိတ်လန့်နေကြတာလေ”

“ဒါပေါ့ကွာ………။တို့ရွာလည်း ဒီအ​ခြေအနေကြီးကို
ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကြီး စဥ်းစားနေရတာ
ငါ့ခေါင်းတွေခြောက်ကုန်ပြီဟေ့……..”

ရွာသူကြီးက ရပ်ရွာထဲရှိ အပေါင်းအသင်းများနှင့်စကားလက်စုံကျနေခဲ့သည်။
အားလုံးကလည်း သူကြီးစကားကြောင့်
ခေါင်းတညိတ်ညိတ်ဖြင့် သက်ပြင်းချနေကြတော့၏။

“ကဲပါလေ…ဦးဖိုးဝေအိမ်ကိုသွားဦးမှပါ……”

“ကျုပ်တို့လည်းလိုက်မယ်ဗျာ….”

“အေး…လိုက်ခဲ့ကြပေါ့ကွာ……”

ထိုသို့ဖြင့်သူကြီးတို့အဖွဲ့ဦးဖိုးဝေ၏အိမ်သို့ရောက်သွားကြတော့၏။

“ဟဲ့…မောင်ထွန်းလေး…နေကောင်းလားကွဲ့”

“သြော်…သူကြီးထိုင်ပါဦး….အဘကိုခေါ်ပေးပါ့မယ်”

ဦးဖိုးဝေ၏အိမ်ရောက်တော့မောင်ထွန်းလေးကို
အသင့်တွေ့လေသည်။
ယခင်အတိုင်းရွင်ရွင်ပြပြနှုတ်ဆက်သော ထိုကောင်လေးအား
သူကြီးတို့က အကဲခတ်နေကြသည်။

“ဟော…သူကြီးတို့ရောက်လာကြတာပဲ…ထိုင်ကြပါဗျာ…
ထိုင်ကြပါ…….”

ဦးဖိုးဝေတို့လင်မယားရောက်လာချိန်၌
မောင်ထွန်းလေးက မိဘများအနီးဝင်ထိုင်လေသည်။

“မောင်ထွန်းလေး…ဘယ်တွေများလျောက်သွားနေတာတုန်းကွဲ့”

“ကျုပ်…ဘယ်များသွားလို့တုန်းသူကြီးရဲ့”

“ဟိုကွာ….မင်းတနေ့က တစ်ဖက်ရွာအကြွေးသွားတောင်းပြီး
ဘာလို့အိမ်ပြန်မလာရတာလဲ…။
ဘယ်တွေများသွားနေတာလဲကွာ”

“ဟင်…ကျုပ်ဘယ်မှမသွားပါဘူးဗျာ…ကျုပ်အိမ်မှာရှိပါရဲ့”

“မင်း ကလည်းမေ့နေတာလားမောင်ထွန်းလေးရဲ့….။
မင်းမိဘများမင်းပျောက်လို့ငိုဟဲ့ရယ်ဟဲ့နဲ့ဖြစ်နေကြတာလေ…။
အခုမင်းဘယ်ကနေပြန်ရောက်လာတာလဲ”

“အို…အဘနဲ့အမေ ပြောကြပါဦး….။သူကြီးက ကျုပ်မသိတာတွေလာမေးနေတယ်ဗျာ…….”

“သားရယ်…သူကြီးပြောတာတွေမှန်တာပဲလေ…သားဘယ်တွေများသွားနေခဲ့တာလဲကွယ်……”

မောင်ထွန်းလေးသည် သူကြီးအမေးကိုငြင်းဆန်၍မိဘများအား ပြောလေသည်။
ထိုအခါမိခင်ဖြစ်သူကပါ ဝင်မေးလေတော့ မောင်ထွန်းလေး
မျက်နှာသည်ပြိုတော့မည့်မိုးကဲ့သို့ဖြစ်လာပြီး…

“ကျုပ်မသိပါဘူးဆို​ဗျာ…….ဘာတွေမေးနေကြတာတုန်း….
အီးးးးးဟီးးးးဟီးးးးးးးးးးးးးး”

မောင်ထွန်းလေးတစ်ယောက်သည်းထန်စွာငိုကြွေးတော့သည်။
မည်သည်ကိုမှမေးမြန်းမရ၍ သူကြီးလည်း စိတ်လျော့လိုက်ရတော့၏။
ဦးဖိုးဝေတို့လင်မယားမှာလည်း မျက်နှာမကောင်းကြရှာ။

ထိုသို့ဖြင့် ခင်တန်းကုန်းရွာ၌ လူများကမကြာခဏပျောက်တတ်၏။
ပျောက်လျှင်လည်း ရွှေပျောက်…ငွေပျောက်ဖြစ်ပြီး….အိမ်သို့ပြန်ရောက်လာကြသည်။
သို့သော် မည်သည်ကိုမှမေးမြန်း၍မရခဲ့ပေ။
ခင်တန်းကုန်းရွာသူကြီးသည်လည်းရွာအတွက်စိတ်မချမ်းသာရသကဲ့သို့ ရွာထဲရှိ လူကြီးများသည်လည်း မိမိတို့
သား၊သမီးများအား အိမ်ထဲမှအိမ်ပြင်သို့ပင်ပေး၍
မထွက်ကြတော့။
“ဗျို့…နောင်ကြီး…ဒီရွာက သူကြီးရဲ့အိမ်
ဘယ်နားမှာရှိတာလဲဗျ…။
ကျုပ်ကိုတစ်ချက်လမ်းညွှန်ပေးပါလားဗျာ”

လူလေးယောက်လိုက်ပါလာသော
လှည်းတစ်စီးသည်ခင်တန်းကုန်းရွာထဲသို့
ဝင်ရောက်လာခဲ့၏။
လှည်းထက်မှလူတစ်ဦးသည် ရွာအဝင်၌တွေ့ရသော
ရွာသားတစ်ဦးကို အမေးစကားဆိုလေရာ ရွာသားမှ…

“သူကြီးအိမ်လား…
ဟောသည်ရွာလမ်းတန်းတန်းသာဝင်သွားလိုက်…
အိမ်ရှေ့တမာပင်ခပ်ကြီးကြီးတွေ့ရင်အဲ့တာသူကြီးအိမ်ပဲဗျ”

“ကျေးဇူးပဲ နောင်ကြီးရာ…….”

လှည်းထက်မှလူသည်လည်းမေးလိုရာကိုသိရှိသွား၍
ကျေးဇူးတင်စကားဆိုလေသည်။
ရွာသားကလည်း ခေါင်းအသာညိတ်ပြ၍ သူလိုရာသို့ထွက်သွားတော့သည်။

“ဟဲ့နွား…တောက်…………”

ပြီးလေသော်…
နွားကို ကြိမ်နှင့်အသာတို့ပြီး ရွာသူကြီးအိမ်ဆီသို့
ထွက်ခွာလာခဲ့ကြသည်။ သူတို့သည်ရွာသားပြောလိုက်သော
တမာပင်ကြီးရှိသော အိမ်ကို အကြာကြီးမရှာလိုက်ရ။
ထိုအိမ်ကိုရောက်သည်နှင့် လှည်းထက်မှ
လူသုံးဦးဆင်းကြလေသည်။

“ဘွား…ဖြေးဖြေးဆင်းဗျ……”

လှည်းမောင်းသူအပါလေးဦးဖြစ်သော ထိုသူတို့သည်ကား
ဘွားမယ်စိန်၊မောင်စိုင်၊မောင်တိုးနှင့်မောင်အုန်းတို့သာဖြစ်ကြပေသည်။

“ရတယ်…ရတယ်…ဘွားဆင်းနိုင်တယ်….”

မောင်စိုင်ကတွဲကူပေးသော်လည်း
ဘွားမယ်စိန်ငြင်းဆန်လိုက်ပြီး မိမိဘာသာလှည်းအထက်မှဆင်းလာခဲ့သည်။

“ရွာသားလေးပြောသလိုဆို ဒီအိမ်ပဲ ဘွားရဲ့…
ကျုပ်တို့ဝင်ကြတာပေါ့…..”

“အင်း…ဝင်ကြတာပေါ့…မောင်တိုးကတော့လှည်းချွတ်ပြီးရင်
လိုက်ခဲ့ပေါ့”

“ဟုတ်ကဲ့…ဘွား။ကျုပ်နောက်ကလိုက်ခဲ့ပါ့မယ်…..”

ဘွားမယ်စိန်ဟာ မောင်တိုးစကားကိုခေါင်းည်ိတ်ပြီး
မောင်စိုင်တို့နောက်ပါးမှလိုက်ပါသွားတော့သည်။

“ဗျို့…အိမ်ရှင်တို့….ဒါဒီရွာသူကြီးအိမ်လားခင်ဗျ”

“ဝေ့…ဘယ်သူတုန်း…သူကြီးအိမ်ဟုတ်တယ် ဝင်လာကြလေ”

အမျိုးသမီးကြီး၏ဖြေသံကိုကြားလိုက်ကြသည်။
ဘွားမယ်စိန်တို့ ခြံဝိုင်းထဲဝင်လာခဲ့ကြပြီး…အိမ်၏
ဧည့်ခန်းနေရာတွင် အမျိုးသမီးကြီးတစ်ဥိးထိုင်နေသည်ကိုမြင်လိုက်ကြလေသည်။

“သူကြီးကတော်ထင်ပါရဲ့ဘွား”

“အေး…အေး…ဝင်လေကွယ်…”

မောင်စိုင်က အထဲမဝင်သေးဘဲပြောလေတော့ဘွားမယ်စိန်ကဆက်သွားခိုင်း၏။

“ထိုင်ကြပါ…ထိုင်ကြပါ…ကျုပ်က
သူကြီးကတော်ဒေါ်မိငွေပါ…တရွာကလူတွေထင်ပါရဲ့”

“ဟုတ်ပါတယ်ကွယ်…ဘွားတို့က
အဝေးရွာကနေလာခဲ့ရတာပါ”

“သြော်…ဘာအရေးများရှိလို့လာခဲ့ကြတာတုန်း….”

သူကြီးကတော်ဒေါ်မိငွေကမေးလေတော့ ဘွားမယ်စိန်က…

“သူကြီးကရော ဘယ်ဆီများသွားသလဲကွဲ့…ခရီးတွေဘာတွေများသွားသလား တူမကြီးရဲ့”

” သူကြီးကရွာထဲတင်ပါ ဘယ်ခရီးမှမသွားပါဘူးဘွား”

“ဘွားတို့ကလည်း လာရင်းကိစ္စကအရေးကြီးတော့
သူကြီးနဲ့မတွေ့ရမှာဆိုးတာပါလေ…”

“သြော်…ဒါဖြင့် ခဏစောင့်ပါ ကျုပ်သွားခေါ်ခိုင်းလိုက်ပါ့မယ်”

ဘွားမယ်စိန်စကားကြောင့် သူကြီးကတော်ဒေါ်မိငွေ
ချက်ချင်းထထွက်သွားလေသည်။
ထိုအချိန်၌ မောင်တိုးတစ်ယောက်လည်း
ရောက်ရှိလာခဲ့တော့သည်။
ဘွားမယ်စိန်တို့လည်းသူကြီးအလာကို စောင့်ဆိုင်းနေကြရ၏။
ခဏမျှကြာတော့ သူကြီးကတော်တစ်ယောက်
ပြန်ရောက်လာခဲ့သည်။

“ရွာသားတစ်ယောက်နဲ့အခေါ်လွှတ်ထားပါတယ်…
အခုတော့ငှက်ပျောသီးလေးနဲ့ လက်ဖက်လေးစားကြပါဦး”

“ကျေးဇူးတင်ပါတယ်ကွယ်……”

ဘွားမယ်စိန်တို့လေးဦးသည်သူကြီးကတော်တည်ခင်းသော
ငှက်​ပျော်သီးမှည့်…လက်ဖက်အုပ်
အကြမ်းရည်တို့ကို အမောပြေစားသောက်ကြလေသည်။

“မိငွေ…ဧည့်သည်တွေရောက်နေတယ်ဆို……..”

အိမ်ဝိုင်းအပြင်ဆီမှ ယောကျာ်းသားတစ်ဦး၏မေးသံကိုကြားလိုက်ရသည်။

“ဟုတ်တယ်တော့်…ဒါကြောင့်တော့်ကို
အခေါ်လွှတ်လိုက်ရတာ…”

သူကြီးကတော်ဖြေသံဆုံးတော့ အိမ်ဝိုင်းထဲသို့ ဝင်လာသော
လူကို ဘွားမယ်စိန်တို့တွေ့လိုက်ကြသည်။
ထိုလူက ဘွားမယ်စိန်တို့ကိုအကဲခတ်၏။
ဘွားမယ်စိန်တို့ကလည်း ထိုလူအားကြည့်နေကြပြန်သည်။

“ကျုပ်က ဒီရွာကသူကြီးပါ…ဒီကဧည့်သည်များကဘာအကြောင်းများရှိကြလို့လဲ”

ဟု မေးလိုက်လေ​တော့ ဘွားမယ်စိန်မှ…

“ဘွားနာမည်က မယ်စိန်လို့ခေါ်တယ်ကွဲ့…အများအခေါ်ကတော့
ဘွားမယ်စိန်ပေါ့…။ဘွားရယ်ဟောသည်သူငယ်နှစ်ဦးရယ်က သောင်ထွန်းရွာကပါ…။
ဒီသူငယ်ကတော့ မြိတ်ကုန်းရွာလို့ခေါ်တဲ့ရွာကပေါ့ ”

“သြော်…ဟုတ်ကဲ့ခင်ဗျ…ဒီကဘွားတို့က ကျုပ်တို့ရွာကိုရောက်လာကြတာကဘာအကြောင်းကြောင့်များလဲ”

“မောင်ရင်တို့ရွာမှာ…ဒေါ်ဗန်းကြီးဆိုတဲ့အမျိုးသမီးကြီးများရှိနေသလားဆိုတာ သိချင်လို့လာခဲ့ရတာပါကွယ်”

“ဒေါ်ဗန်းကြီး……”

“ရှိတယ်ဘွား…ရှိတယ်….
အဲ့သည်မိန်းမကြီးကိုဘာအကြောင်းများရှိလို့
လာရှာရတာလဲဟင်”

သူကြီးကပြောမည့်ဟန်ပြင်နေစဥ် သူကြီးကတော်မှ အလောတကြီးတပြောလေသည်။
သူကြီးကတော်က သိချင်နေပုံကြောင့် ဘွားမယ်စိန်သည်
မောင်စိုင်ကိုညွှန်ပြပြီး…

“ဒေါ်ဗန်းကြီးကဟောသည်မောင်စိုင်တို့ရဲ့
မြိတ်ကုန်းရွာမှာနေခဲ့တဲ့သူလေ…
ကဲ …မောင်စိုင် မောင်ရင်ပဲပြောပြလိုက်တော့ကွယ်…”

ဟု…မောင်စိုင်ကို ပြောလေရာ မောင်စိုင်မှ…

“ဒေါ်ဗန်းကြီးဆိုတာ ကျုပ်တို့ရွာမှာစုန်းမကြီးပေါ့…
ဟိုလူနဲ့မတည့်ရင် ပြုစားလိုက်၊သတ်လိုက်နဲ့ တရွာလုံးကသူ့ကိုကြောက်နေကြရတာဗျ…သူပြုစားလို့သေ သွားတဲ့ထဲမှာ
ကျူပ်အစ်မမိကြ​င်လည်းပါသွားခဲ့တယ်လေ…
ကျုပ်လည်းအစ်မအတွက် ဒင်းကိုလက်စားချေချင်လွန်းလို့
ရွာမှာအမေ့ကိုထားခဲ့ပြီးအထက်လမ်းဆရာလိုက်ရှာလိုက်တာ နောက်ဆုံး ကျုပ်တို့ရွာနဲ့ဝေးတဲ့ သောင်ထွန်းရွာမှာ
ဟောသည်က ဘွားနဲ့ဆုံခဲ့ရတယ်။ကျုပ်လည်းဘွားကိုပင့်ပြီး
ကျုပ်တို့ရွာကိုသွားကြတော့…
ဒင်းကထွက်ပြေးသွားတယ်လေ…
နောက်ဆုံးတော့ဒီရွာမှာရှိတယ်သတင်းကြားလို့ ကျုပ်တို့ရောက်လာခဲ့ရတာပဲဗျာ……… ”

မောင်စိုင်ရှင်းပြလေတော့
သူကြီးနှင့်သူကြီးကတော်တို့အံ့သြနေကြသည်။
ဘွားမယ်စိန်ကိုလည်း အထင်ကြီးလေးစားလာကြ၏။

“ဒီလိုဆိုရင်တော့ ဒီကဘွားတို့ရှာတဲ့
ဒေါ်ဗန်းကြီးဆိုတာသူပေါ့…။
ကျုပ်တို့တရွာလုံးလည်း ဒင်းကိုမပြောရဲမဆိုရဲကြဘူး….။
ဒါကိုဒင်းက အခွင့်ထူးခံလိုနေနေရတာတော့်…အခုဘွားတို့လာတော့မှသူ့အ​ကြောင်းသေချာသိရတာ…တော်တော်ကြောက်စရာကောင်းတဲ့မိန်းမကြီး ပါလားတော်…..”

သူကြီးကတော်၏စကားကို သူကြီးကလည်း ခေါင်းညိတ်ထောက်ခံ၏။

“ခု…ဘွားတို့လာတာလည်း ဘယ်သူ့ဘယ်သူကိုမှသူနောက်ထပ်
အန္တရာယ်မပေးနိုင်အောင်သူ့ပညာတွေသိမ်းချင်လို့လာခဲ့ရတာပါ။ ဒီတော့ ဟောသည် သူကြီးနဲ့သူကြီးကတော်က ဘွားတို့
ရောက်နေတာကို ဘယ်သူ့မှမပြောပါနဲ့…။နောက်ပြီး ဘွားတို့ကို
ဒီမှာတည်းခိုခွင့်ပြုပါကွယ်…….”

“တည်းပါဗျာ…ကျုပ်တို့ကလည်း ဝမ်းသာစွာဧည့်ခံမှာပါ…”

သူကြီးက ပြောလေတော့ ဘွားမယ်စိန်တို့ကျေနပ်သွားကြသည်။

ထိုသို့ဖြင့် ဘွားမယ်စိန်တို့သည်.သူကြီး၏အိမ်၌
တည်းခိုကြတော့၏။

နောက်တစ်နေ့ မနက်အစောပိုင်း၌….

“ဒီကောင်လေးနာမည်က ငစွေလို့ခေါ်တယ်ကွဲ့…မောင်ရင်တို့
ဟိုမိန်းမကြီးအရိပ်အခြေအကဲခတ်ချင်တယ်ဆိုရင်
သူ့ကိုခေါ်သွား…ဒီကောင်လေးက ဦးတို့တူလိုသားလိုဆိုတော့စိတ်ချရပါတယ်”

“ဟုတ်ကဲ့သူကြီး…ကျေးဇူးပဲဗျာ……..”

မောင်စိုင်နှင့်ဘွားမယ်စိန်သည် သူကြီး၏အိမ်တွင်သာနေခဲ့၏။
မောင်တိုး၊မောင်အုန်းနှင့် ငစွေတို့သုံးဦးသည်က
ဒေါ်ဗန်းကြီး၏အိမ်ဝန်းကျင်သို့
အကဲခတ်ဖို့ရန်ထွက်သွားကြလေသည်။
ရွာသူ၊ရွာသားများကိုလည်း သူကြီး၏ဧည်သည်များဟုသာပြောထားရ၏။

“ကျုပ်တို့ရွာမှာ အခုလိုတွေဖြစ်နေတာ
ကျုပ်တော့အတွေးရခက်ပါတယ်ဘွားရယ်…။
တရားခံကိုလည်းမသိရ…
ပျောက်တဲ့သူတွေကိုယ်တိုင်ကိုက ဘယ်သူခေါ်သွားတယ်ဆိုတာမပြောနိုင်ကြဘူးဗျို့…ဒါထက်မေးမရမြန်းမနဲ့ မေးရင်လည်း
ငိုလိုက်ကြ ရယ်လိုက်ကြနဲ့ ကျုပ်တို့တရွာလုံးလည်း
ဘာမှန်းမသိတာကြီးကိုကြောက်လန့်နေကြရတယ်ဗျာ…….”

သူကြီးသည်စိတ်ပျက်စွာဖြင့်သူ၏ရွာအကြောင်းများကို
ဘွားမယ်စိန်တို့အား ပြောပြနေခဲ့သည်။
သူကြီးကတော်ကတော့ ဘွားမယ်စိန်တို့အတွက် မနက်စာချက်ပြုတ်နေသည်မို့အနားတွင်မရှိပေ။
မောင်စိုင်ကတော့သူကြီးတို့အနားတွင်ထိုင်နေခဲ့သည်။

ခင်တန်းကုန်းရွာအကြောင်း…ဒေါ်ဗန်းကြီးအကြောင်းနှင့်
ကျန်အကြောင်းအရာများပြောရင်း သူကြီးသည်လည်း
ဘွားမယ်စိန်တို့နှင့်သာ ထိုင်နေခဲ့၏။

ထိုသို့ထိုင်နေကြရင်း မောင်တိုးတို့သုံးဦးအမောတကောဖြင့်ပြန်လာခဲ့ကြသည်။

“ဘွား…အကြောင်းတော့ထူးပြီဗျို့………”

“ဟ…အမောဖြေကြပါဦးကွာ…ဘယ်လိုဖြစ်လာကြတာလဲ”

မောင်စိုင်က မောင်တိုးတို့ကိုကြည့်၍မေးလေတော့
မောင်တိုးက မောနေဟန်မှလက်ကာပြပြီး…

“အကြောင်းကအတော်ထူးတာဗျ….”

“ဘာထူးတာတုန်းမောင်ရင်…သေချာပြောစမ်းပါကွယ်”

ဘွားမယ်စိန်ကပြောတော့​မောင်တိုးသည်
တံတွေးတချက်မြိုချပြီး …

“ကျုပ်တို့ သုံးယောက်က
ဒေါ်ဗန်းကြီးအိမ်ကိုအပင်အကွယ်ကနေ ချောင်းနေတာဗျ…
အဲ့လိုချောင်းနေတုန်းရှိသေးတယ်…အိမ်နောက်ဖေးပေါက်ကနေ အဲ့သည်အဘွားကြီး ခပ်သုတ်သုတ်ထွက်သွားတာကိုတွေ့လိုက်တော့ ကျုပ်တို့လည်း ဒီအဘွားကြီးကို
မသင်္ကာလို့ နောက်ကနေတိတ်တိတ်လေး
လိုက်သွားကြတာပေါ့….ဒီဘွားတော်ကြီးအိမ်အနောက်ကသွားရင်တောထဲဘက်ဆီတန်းရောက်တာဗျ……”

“အေးလေကွာ…သူအိမ်ကတောစပ်ဘက်နီးတာကိုး”

သူကြီးကထောက်ခံလိုက်သည်။

“ဟုတ်တယ်ဗျ….ဒါနဲ့ကျုပ်တို့လည်းလိုက်သွားကြတာပေါ့…
အဘွားကြီးမသိအောင်လည်းတိတ်တိတ်လေးလိုက်ရသေးတယ်မလား….အစကတော့ဟိုနားဒီနားသွားတယ်ထင်နေတာ
ဒါပေမယ့်သူကတောစပ်တင်သွားတာမဟုတ်ဘူးဗျ…
တောအတွင်းထိဝင်သွားတာ ကျုပ်တို့လည်း ခပ်လန့်လန့်နဲ့လိုက်သွားကြတာ….အဲ့တောထဲရောက်တော့ တဲအိုလေးတစ်လုံးထဲဝင်သွားတယ်ဗျ…ဟောအဲ့သည်မှာ ဘယ်သူ ငစွေ…
တို့တွေ့ခဲ့တာဘယ်သူ နာမည်က…………”

“မောင်ထွန်းလေးလေဗျာ……”

“အေး…ဟုတ်တယ်…အဲ့ကောင်လေးကိုတွေ့တယ်…
ရေသယ်ပေး…
ထင်းခြောက်ကောက်ပေးနဲ့သူအလုပ်ရှုပ်နေတာဗျ….
ဒါပေမယ့် ကောင်လေးကြည့်ရတာတစ်ခုခုမှားနေသလိုပဲ”

“ဟေ…မောင်ထွန်းလေးက
အဲ့ဘွားတော်နဲ့တောထဲမှာဟုတ်လား”

“ဟုတ်တယ်ဦးကြီး…ကျုပ်လည်းဒီအစ်ကိုတွေပါလို့သာလိုက်သွားရဲတာ…ကြောက်လိုက်တာဗျာ…”

“တစ်ခုခုတော့မှားနေတယ်လို့ ကျုပ်တို့တော့ထင်တယ်ဗျ….
ဘာလို့ဆိုဗျာ ကျုပ်တို့လည်းဘွားနောက်လိုက်တာကြာတော့
ဒီအသွင်တွေကိုရင်းနှီးနေတာ…ဟိုကောင်လေးကပြုစားခံထားရသလိုပဲဘွားရဲ့…သူ့ပုံစံကလူကောင်းပဂတိတွေလိုမဟုတ်တာတော့အသေချာပဲဗျာ………”

မောင်အုန်းကပြောသည်။
မောင်အုန်းစကားကိုမောင်တိုးတို့ကလည်းခေါင်းညိတ်ထောက်ခံ၏။

“ဘယ့်နဲ့လုပ်ကြမလဲဘွား….ဒီမိန်းမကြီးက
ကျုပ်ရွာတင်မကဘူးဒီရွာကိုပါ
သူ့အတတ်တွေနဲ့စီရင်နေတာထင်တယ်”

မောင်စိုင်ကပြောသည်။
ထိုသူတို့ပြောသမျှနားထောင်နေသောဘွားမယ်စိန်သည်…

“ဒီကသူကြီးကရောအခုမောင်တိုးတို့ပြောတာကို
ဘယ်လိုများထင်သလဲ…”

“ကျုပ်ကတော့ သူတို့ပြောသလိုပဲပေါ့ဘွားရယ်….ကျုပ်တို့ရွာလူတွေပျောက်ပြီးရွှေတွေ၊ငွေတွေယူသွားခံရတာ ဒီမိန်းမကြီးရဲ့လက်ချက်ပေါ့…ကျုပ်တော့ဒင်းကိုခွင့်မလွှတ်ဘူးဗျာ…
ဘွားကိုပဲကျုပ်တို့ရွာက အားကိုးရတော့မှာပဲ…။
ကျုပ်တို့ကို ကူညီပေးပါဗျာ………..”

“မောင်ရင်တို့ပြောတာဘွားလက်ခံပါတယ်…ဒါပေမယ့်
ပိုသေချာအောင်လို့ ကိစ္စတစ်ခုတော့ ဘွားစီမံရလိမ့်မယ်…
အဲ့တာကိုလည်းမောင်ရင်တို့အားလုံးတညီတညွှတ်ထဲကူညီပေးမှရလိမ့်မယ်…..”

“ဘာများလဲဘွား….”

“ပြောပါ…ကျုပ်တို့ကူညီမှာပါ….”

အားလုံးကဘွားမယ်စိန်ပြောမည့်အကြောင်းကို
စိတ်ဝင်စားကုန်ကြသည်။
ခင်တန်းကုန်းရွာတစ်နေရာ၌…

“ဟဲ့ကောင်လေး…သူကဘယ်သူတုန်း”

ဒေါ်ဗန်းကြီးသည်
ငစွေဆိုသောကောင်လေးနှင့်အတူရှိသောလူကို
ရည်ညွှန်းကာမေးလိုက်လေသည်။

“သူကြီးတူဗျ…ရွာကိုအလည်ရောက်လာလို့ ကျုပ်ကရွာအနှံ့လိုက်ပြနေတာ…….”

ဒေါ်ဗန်းကြီးသည် သူ၏အိမ်နှင့်မျက်စောင့်ထိုးရှိ ညောင်ပင်အောက်ရှိခုံတန်းတွင်ထိုင်နေကြသော ငစွေနှင့်မောင်တိုးကိုတွေ့လိုက်လေသည်။
တွေ့လိုက်ချင်းပင် ချက်ချင်းလာမေးတော့၏။

“သြော်…အေး…နာမည်ဘယ်လိုခေါ်သလဲ”

ဒေါ်ဗန်းကြီးတစ်ယောက်
မောင်တိုး၌ဝတ်ဆင်ထားသော ရွှေဆွဲကြိုး၊ရွှေလက်စွပ်များဆီမျက်လုံးမခွာနိုင်အောင်ဖြစ်နေသည်။
ဒေါ်ဗန်းကြီး၏အပြုအမူကြောင့်မောင်တိုးနှင့်ငစွေတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြသည်။

“ကျုပ်နာမည်ကမောင်တိုးပါဗျ………”

“မောင်တိုး…ကောင်းပြီ..ကောင်းပြီ…မှတ်ထားလို့ရတာပေါ့”

“ဟုတ်ကဲ့……..”

ဒေါ်ဗန်းကြီးမည်သည့်စကားမှမဆိုတော့ဘဲမောင်တိုးအား
ပြုံးကြည့်နေလေသည်။

“ကိုကြီးတိုး…ခဏနေခဲ့ဦးနော်…ကျုပ်ဟိုဘက်က ဦးဘပုတို့ဝိုင်းခဏသွားလိုက်ဦးမယ်…….”

“သြော်…အေး သွားလေကွာ…”

ငစွေတစ်ယောက် ရုတ်တရက်ထထွက်သွားသည်။
ဒေါ်ဗန်းကြီးကလည်း…

“ကဲ…ခဏထိုင်နေဦး…ငါအိမ်ထဲခဏသွားဦးမယ်….
မောင်ရင်ဒီမှာပဲနေနော် ဘယ်မှမသွားလေနဲ့”

“ဟုတ်ကဲ့ဗျ…….. ”

ဒေါ်ဗန်းကြီးသူ၏အိမ်ထဲသို့ခပ်သုတ်သုတ်ဝင်သွားတော့သည်။
မောင်တိုးလည်းဟိုငေးဒီငေးဖြင့် ကြည့်နေခဲ့ရ၏။
ခဏသာကြာသည် ဒေါ်ဗန်းကြီး ပြန်ရောက်လာခဲ့သည်။
ရောက်လေတော့ မောင်တိုးအနီးသို့တိုးကပ်၍…

“မောင်ရင်ကဘယ်ရွာကလဲ”

“ကျုပ်ရွာက… ဒီရွာနဲ့မဝေးဘူးဗျ…..”

“သြော်….”

စကားပြောနေရင်းမှဒေါ်ဗန်းကြီးသည်
မောင်တိုးလက်ကိုလှမ်းကိုင်လိုက်တော့သည်။
ကိုင်သည်ဆိုတာထက် သူလက်ထဲမှ ပါလာသောအရာများကို
မောင်တိုးလက်ပေါ်သို့သုတ်လိုက်ခြင်းဖြစ်၏။
ထိုသို့လုပ်အပြီး မောင်တိုးတစ်ယောက် ချက်ချင်းမျက်နှာထားတည်သွားတော့သည်။

“ငါ့​နောက်ကလိုက်ခဲ့ပေတော့……”

ဟု…ဒေါ်ဗန်ကြီးသည်
အာဏာသံပါပါဖြင့်မောင်တိုးကိုပြောလိုက်သည်။
မောင်တိုးကလည်း မငြင်းဆန်စွာလိုက်ပါသွား၏။

ဒေါ်ဗန်းကြီးသည် မောင်တိုးကိုတောတွင်းသို့
ခေါ်ဆောင်သွားသည်။
တောတွင်းသို့ရောက်သောအခါသူ၏တဲကိုရောက်လာကြ၏။
မောင်တိုးကိုလည်းထိုတဲအတွင်းသို့ဝင်စေပြန်သည်။
တဲအတွင်း၌များစွာသော အစီရင်ပစ္စည်းများရှိနေခဲ့သည်။
ထိုထဲ၌..
တောကောင်အသေအပုပ်အပွများပင်ရှိ၏။
မောင်တိုးအား ထိုင်စေပြီး…

“နင့်ပစ္စည်းတွေငါ့ကိုပေးစမ်း…….”

ရွှေများကိုချွတ်ပေးခိုင်းလေရာ
မောင်တိုးလည်းဒေါ်ဗန်းကြီး၏အမိန့်အတိုင်းလုပ်လေသည်။

“ကိုကြီးတိုး…ကိုကြီးတိုး……..”

“ဟင်………ဒီကောင်လေးဘယ်လိုများလိုက်လာတာလဲ”

ဒေါ်ဗန်းကြီးမောင်တိုးကိုတဲအတွင်း၌သာထားခဲ့ပြီး
ချက်ချင်းတဲအပြင်ဆီကိုထွက်လာတော့သည်။

တဲအပြင်သို့ရောက်လေသော်
မြင်လိုက်ရသောမြင်ကွင်းကြောင့်ဒေါ်ဗန်းကြီး
ထိတ်လန့်သွားရှာသည်။
အကြောင်းမှာ ငစွေအပြင်မောင်စိုင်၊မောင်အုန်းနှင့်
ဘွားမယ်စိန်ကိုမြင်ရသောကြောင့်ပင်။
ထိုမျှမကသေးရွာသူကြီးနှင့်ရွာသားများလည်းပါရှိ၍နေသေး၏။

“နင်……နင်တို့………”

“ဒေါ်ဗန်းကြီး ခင်ဗျားကို ကျုပ်အစ်မအတွက်
လက်စားချေရလိမ့်မယ်…….”

မောင်စိုင်သည်ဓားကြီးကိုကျစ်ကျစ်ပါအောင်စုပ်ကိုင်ထားရင်ပြောလေသည်။
ဒေါ်ဗန်းကြီးကတော့ မောင်စိုင်ကို မကြည့် ဘွားမယ်စိန်ကိုသာ
စိုက်ကြည့်နေခဲ့၏။

“ကဲ…မိဗန်းကြီး ညည်း အခုလိုတွေလုပ်နေတာတော့
ငါခွင့်မပြုနိုင်ဘူး…ဒီတော့ ညည်းငါနဲ့ပညာပြိုင်မလား…
ဒါမှမဟုတ် ညည်းပညာတွေကိုစွန့်လွှတ်မလား
ဘယ်ဟာကိုညည်း ရွေးမလဲ”

“ဘာ…ဘာလို့ ငါ့ပညာကိုစွန့်လွှတ်ရမှာလဲ……..”

“ဒါဖြင့် ငါနဲ့ပညာပြိုင်မယ်ဆိုတဲ့သဘောပေါ့……..”

“အဲ့….အဲ့တာ……..”

“ကဲ….အားလုံးဘေး ဖယ်ကြတော့…
သူနဲ့ဘွားနဲ့ပညာပြိုင်ရလိမ့်မယ်….
မောင်ရင်တို့ဝေးဝေးသာရှောင်နေကြတော့”

ဘွားမယ်စိန်ကအားလုံးကြားအောင် ပြောလိုက်သည်။
ထိုအချိန် တဲအတွင်းမှမောင်တိုးသည်လည်း ထွက်လာကာ
မောင်စိုင်တို့ဆီပြေးသွား၏။

“ဟင်…..နင်က…………”

“ကျုပ်…ဘာမှမဖြစ်ဘူး….ဒီမှာ ခင်ဗျားဆေးမစွမ်းတာက
ဒါကြောင့်ပဲလေ……….”

မောင်တိုးသည် သူ၏အဝတ်စားများဖုံးကွယ်နေသော လက်မောင်း၌ ဘွားမယ်စိန်စီမံပေးထားသော
ကြိုးကိုပြသလေသည်။

“တောက်….နင်တို့ကများ ငါ့ကိုစမ်းကြတယ်ပေါ့လေ…..
ဗန်းကြီးတဲ့ဟဲ့….နင်တို့ငါ့အကြောင်းသိစေရမယ်…..”

ဒေါ်ဗန်းကြီးသည်ဒေါသတကြီးဖြစ်နေခဲ့သည်။

မောင်တိုးတို့လူစုလည်း ဘေးဘီသို့ရှောင်ကြလေသည်။

ထိုနေရာ၌ ဘွားမယ်စိန်နှင့် ဒေါ်ဗန်းကြီးသာကျန်နေခဲ့၏။

“ကဲ…မိဗန်းကြီး…ညည်းရဲ့အစွမ်းအစကို ငါသိချင်တယ်…”

“ကြည့်လိုက်လေ…….”

ဒေါ်ဗန်းကြီးသည် ပြောရင်း သူ၏ခေါင်းကြီးကိုကောင်းကင်သို့မော့၍ ပါးစပ်ကြီးကိုလည်းဟထားသည်။
ထို ဟထားသောပါးစပ်အတွင်းမှ ပြိုးပြိုးပျက်ပျက်အရောင်များ တလက်လက်ထွက်ပေါ်လာခဲ့၏။
ထိုအရောင်များသည် စုန်းမ၏စက်များအရောင်ပင်ဖြစ်သည်။
ထိုစက်များနှင့် ဘွားမယ်စိန်ကို ပစ်ခတ်တော့သည်။
ဘွားမယ်စိန်သည် စုန်းမ၏စက်များကို သူ၏တောင်ဝှေးဖြင့်
တားဆီးဖယ်ရှား၏။
ဘွားမယ်စိန် စက်များကို
တောင်ဝှေးဖြင့်တားဆီးရင်း
နှုတ်မှလည်း ဂါထာများရွတ်ဆိုနေသည်။

“ရော့ဟဲ့….ဗန်းကြီးနင့်ပညာတွေနင်ပြန်ခံစားကြည့်……..”

“ဝုန်း…..”

“ဘုန်း……”

“အမလေးတော့်……..”

ဘွားမယ်စိန်သည်ဒေါ်ဗန်းကြီး၏စက်များကို
တောင်ဝှေးဖြင့်တားဆီးထားရင်းမှ
တောင်ဝှေးအားရှေ့သို့တွန်းထုတ်လိုက်ပြီး
နှုတ်မှပြောလိုက်သောအခါ…ထူးဆန်းလှစွာဖြင့် ဒေါ်ဗန်းကြီး၏စက်များသည်ဒေါ်ဗန်းကြီးထံသို့တန်ပြန်ဝင်ရောက်သွားလေရာ…မထင်မှတ်ထားသော ဒေါ်ဗန်းကြီးခမျာ
ရှောင်ချိန်ပင်မရလိုက် စက်တန်းများထိမှန်ကုန်တော့သည်။
ဒေါ်ဗန်ကြီးတစ်ယောက်
မိမိစက်များမိမိ ပြန်ထိမှန်လိုက်ပြီး မြေသို့လဲကျကာ
သွေးများပင်အန်ထွက်သွားလေသည်။

“ဝေါ့…….အင်း…..”

ထိုအချိန်ပင် လဲကျနေသော ဒေါ်ဗန်းကြီး၏အနီးသို့ဘွားမယ်စိန်ရောက်လာပြီး ဒေါ်ဗန်းကြီး၏ခေါင်းအား သူ၏တောင်ဝှေးဖြင့် ရွယ်လေရာ….

“ကျုပ်…ကျုပ်အသက်ကိုချမ်းသာပေးပါ….
ချမ်းသာပေးပါ…..”

ဟု…ကြောက်လန့်တကြားအော်ဟစ်တော့သည်။

ဘွားမယ်စိန်သည်လည်းဒေါ်ဗန်းကြီးကိုမျက်မှောင်ကျုံ့ကာ
ကြည့်လိုက်ပြီး…

“နင့်အသက်ကိုချမ်းသာပေးမယ်ဆိုရင်
နင့်ပညာတွေကိုစွန့်လွှတ်နိုင်လား”

“ကျုပ်…ကျုပ်ပညာတွေကို….စွန့်လွှတ်ပါ့မယ်…”

“မဖြစ်နိုင်ဘူးဘွား..ဒင်းကိုတစ်ခါထဲသတ်ပစ်မှအေးမှာ….”

“ဟုတ်တယ်ဗျ…ဒီမိန်းမကြီးကြောင့်ကျုပ်တို့ရွာ
ဒုက္ခတွေ့ကြရတာ…ဒီမိန်းမကြီးကိုတစ်ခါထဲရှင်းပစ်ရမယ်….”

“ဟုတ်တယ်…ရှင်းပစ်မှအေးမှာ…..”

မောင်စိုင်နှင့်ခင်တန်းကုန်းရွာသားများက
အော်ပြောကြလေသည်။

“ကဲ…မောင်ရင်တို့အနားလာကြ”

ဘွားမယ်စိန်သည်
အဝေးရှိမောင်တိုးတို့မောင်စိုင်တို့
လူစုကိုခေါ်လိုက်တော့သည်။

“မောင်တိုး ဟောသည်ပဝါနဲ့သူ့ရဲ့လက်တွေကိုချည်ထားလိုက်”

ဘွားမယ်စိန်သည်သူ၏ပဝါကိုမောင်တိုးအားပေးလိုက်သည်။
မောင်တိုးသည်ကြောက်ရွံ့ခြင်းမရှိ ဒေါ်ဗန်းကြီး၏လက်များကို
ပဝါဖြင့်ချည်နှောင်လိုက်သည်။

“ဘွားပြောတာသေချာ နားထောင်ကြ…
သူ့ကိုလွှတ်မယ်ဆိုတာကလည်း
ဘွားဘက်ကသူ့ကို သစ္စာရေတိုက်
သေချာအောင်စီရင်ပြီးမှလွှတ်မှာပါကွယ်…
ဒီအတွက်ဘာမှမပူကြပါနဲ့။ မကောင်းသူဖြစ်ပါစေ…လူ့အသတ်ကိုအလွယ်တကူတော့ဘွားမသတ်ရက်သလိုမောင်ရင်တို့ကိုလည်းသတ်ဖို့ခွင့်မပြုနိုင်ဘူး…။
ဒီတော့ဘွားပြောတာကိုအားလုံးလက်ခံပေးကြပါ”

ဘွားမယ်စိန်ပြောလေတော့အားလုံး တွေဝေကုန်ကြသည်။
ဒေါ်ဗန်းကြီးကတော့မျက်နှာကြီးငုံ့နေခဲ့သည်။
သူကြီးကခေါင်းလေးတညိတ်ညိတ်ဖြင့်…

“ဟုတ်တယ်…ငါတော့ဘွားပြောတာကိုလက်ခံတယ်…။
သူသာတကယ်ပညာတွေစွန့်မယ်ဆိုရင် တော်ပြီပေါ့ကွာ….”

“အင်း…ဒါ့အပြင် …မိဗန်းကြီး…ညည်း တို့ဆေးနဲ့ခေါ်သွားတဲ့လူတွေကို ဘာမှမပြောနိုင်အောင်လို့ ဆေးတွေ ပေါက်ပေးလိုက်သေးတယ်မလား….ညည်းကတော်တော်လည်တဲ့
ရှမ်းပညာသည်မပဲအေ့”

ဘွားမယ်စိန်ပြောသည်ကိုဒေါ်ဗန်းကြီးမှ…

“အဲ့တာတွေကျုပ်ပြန်ပြီးကု့ပေးပါ့မယ် တော်….”

“အေး ညည်းပညာတွေညည်းပြန်ယူရမှာပေါ့…
ဒါ့အပြင်မောင်ထွန်းလေးဆိုတဲ့ကလေးကိုတော့ ညည်းတော်တော် ပြုစားထားတာပဲ…ဒီတော့ညည်းသူတို့အားလုံးဆီကပညာတွေပြန်ယူ…ပြီးရင်သစ္စာရေသောက်ပြီး
ပညာစွန့်ရလိမ့်မယ်……”

“ပြောတဲ့အတိုင်းလုပ်ပါ့မယ်…ကျုပ်ကိုသာ
အသက်ချမ်းသာပေးပါ……..”

ဒေါ်ဗန်းကြီးစကားကိုဘွားမယ်စိန်ကခေါင်းညိတ်ပြီး…

“စိတ်ချ..ဘယ်သူမှ ညည်းကို မထိပါးစေရဘူး…
ညည်းသာဂတိတည်ပေတော့……”

ထိုသို့ဖြင့် ဘွားမယ်စိန်တို့ ရွာသို့ပြန်ရောက်လာခဲ့ကြသည်။
ရွာသို့ရောက်တော့ ဒေါ်ဗန်းကြီး၏လက်ချက်မိထားကြသူများကိုတစ်ယောက်မကျန်ခေါ်ယူစေပြီး ကုသစေတော့၏။
ဒေါ်ဗန်းကြီးလည်း ထိုသို့ထံမှသူ၏ပညာများအားပါးစပ်ကြီးဟ၍စုပ်ယူလေရာ ထိုသူတို့ပါးစပ်အတွင်းမှအမည်းရောင်အငွေ့များသည်ဒေါ်ဗန်းကြီး၏ပါးစပ်အတွင်းဝင်ရောက်သွားတော့သည်။
ထိုအခါမှ မေးလိုက်တိုင်းငိုလိုက်ရယ်လိုက်ဖြစ်ကြရသူများလည်းပြန်ကောင်းလာကြတော့၏။
ပြန်ကောင်းလာလျှင်သူတို့အဖြစ်ကိုပြန်လည်မမှတ်မကြသဖြင့်
မိဘဆွေမျိုးများကရှင်းပြရလေသည်။

“ကျုပ်ပညာတွေအကုန်ပြန်သိမ်းပြီးပါပြီ…..”

“အင်း..ဒါဆို သစ္စာရေသောက်ပေတော့…….”

ဘွားမယ်စိန်သည် ဒေါ်ဗန်းကြီးအား သူ၏ပညာများကိုစွန့်လွှတ်ဖို့ရန်အတွက် သစ္စာပြုဖို့ရှေ့မှပြောပေးသည်။
အောက်လမ်းပညာများစွန့်လွှတ်ကြောင်း…
သူတပါးအပေါ်ကျုးလွန်မိပါက အဝီစိငရဲ၌ချက်ချင်းခံစားရ
စေကြောင်းများကို ကျိန်တွယ်ခိုင်း၏။
သစ္စာပြုပြီးသည်နှင့်သစ္စာရေသောက်ခိုင်းတော့သည်။
ဒေါ်ဗန်းကြီးလည်း သစ္စာရေများသောက်လိုက်သည်။

“ဘွား…ဒီမိန်းမယူထားတဲ့ကျုပ်တို့
ပစ္စည်းတွေပြန်ရနိုင်မလားဗျာ”

ဟုမေးကြသောအခါ ဘွားမယ်စိန်သည် ဒေါ်ဗန်းကြီးအား
ရွှေ၊ငွေများကို သက်ဆိုင်သူတို့ထံပြန်ပေးခိုင်းလေသည်။
အားလုံးသည်မိမိတို့ပစ္စည်းများပြန်ရကြလေတော့
ကျေနပ်သွားကြတော့၏။

“ကဲ…မိဗန်းကြီး…ညည်းဒီရွာမှာပဲဆက်နေဦးမှာလား”

“ကျုပ်မှာ…ဆွေမျိုးသားချင်းလည်းမရှိပါဘူး….။
အခုကျုပ်ပညာတွေလည်းစွန့်လွှတ်ပြီးပြီဆိုတော့
ကျုပ်မှာဘာမှမရှိတော့ဘူး။
ဒါ့အပြင်ကျုပ်ဒီရွာအ​​ပြင် ဘယ်မှလည်းသွားနေစရာ
နေရာမရှိပါဘူးတော်”

“အင်း…ဒါဖြင့်ဒီရွာမှာပဲဆက်နေပေါ့အေ…..”

“ကျုပ်မနေရဲဘူး…ကျုပ်ကိုသူတို့သတ်ကြလိမ့်မယ်….
ကျုပ်အပစ်တွေကြောင့် ကျုပ်ကိုသတ်ကြလိမ့်မယ်….”

ဒေါ်ဗန်းကြီးသည် ငိုရှိုက်ရင်းပြောနေ၏။

“ညည်းလည်းအသက်အရွယ်ရနေသူပဲ…
ဒီတော့ ဒီရွာမှာဆက်နေ…အားလုံးကလည်းသူ့အမှားတွေကိုခွင့်လွှတ်ပေးလိုက်ကြပါ။အခုဆို သူလည်း သူ့ပညာတွေကိုစွန့်လွှတ်ထားပြီးဆိုတော့…သူသူငါငါလို
သာမာန်လူတစ်ယောက်ပါပဲ…
ဒီတော့အားလုံးကဖေးမ ကူညီပေးကြပါကွယ်”

“ကျုပ်ရွာကလူတွေအတွက်တော့စိတ်ချပါဘွား…။
သူလည်းအသက်ကြီးပြီဆိုတော့ ကျုပ်တို့ရွာကတာဝန်ယူ
စောင့်ရှောက်ပေးလိုက်ပါ့မယ်…..”

သူကြီးကပြောလေသည်။

“ကဲ…ကြားပြီလားမိဗန်းကြီး…ညည်းပညာတွေစွန့်လွှတ်လိုက်တာမကောင်းဘူးလား…။
အခုကြည့် ညည်းကိုဖေးမကူညီဖို့သူတို့ရှိနေပြီ….”

ဒေါ်ဗန်းကြီးသည် ဘွားမယ်စိန်စကားကိုခေါင်းလေး
တညိတ်ညိတ်နားထောင်၏။

ထိုသို့ဖြင့် ဒေါ်ဗန်းကြီးတစ်ယောက်ခင်တန်းကုန်းရွာ၌သာ
ဆက်နေသွား၏။
ဘွားမယ်စိန်သည်လည်းရွာသို့မပြန်ခင်ရက်များ၌ဒေါ်ဗန်းကြီး
နှင့်စကားလက်ဆုံကျနေတတ်သည်။
တစ်ခါတစ်ရံဘုန်းကြီးကျောင်းသို့ပင်အတူသွားကြသေး၏။

ကဲ…စုန်းအိုမကြီးတစ်ယောက်တော့ အဆုံးသတ်လှသွားပါပြီ။

ပြီးပါပြီ။