ခုနစ်ရက်လည်တဲ့နေ့

ကျိုးသွားတယ်
နယ်ဆေးရုံက ရန်ကုန်ဆေးရုံကြီးကို သွားဖို့ ညွှန်တယ်
ဒီသတင်းလဲ ကြားရော ကိုခိုင့်ထော့ကျိုးထော့ကျိုးနဲ့
ထ,ထလာတယ်

သူမိန်းမ မကြည်က သူအထာကို သိတယ်

“တော်၊ ဘာလုပ်ဦးမလို့လဲ၊ ကိုယ်လည်းခြေထောက်
ကောင်းတာ မဟုတ်ဘူး၊ အိမ်မှာပဲ ငြိမ်ငြိမ်လေးနေ…”

“မဟုတ်ဘူးဟ၊ ကိုတင်မင်းက ထနိုင်မှာ မဟုတ်ဘူး၊
သူ့ကို ချီဖို့ ပွေ့ဖို့ လူလိုတယ်၊ ငါလိုက်မှ ဖြစ်မှာပါဟာ …”

ပြောပြောဆိုဆို ကိုတင်မင်းအိမ်ဘက် ထွက်သွားတယ်
ခဏနေတော့ သတင်းကြားရတာပဲ၊ ကိုခိုင်၊ ကိုတင်မင်းကို
လိုက်ပို့တဲ့ကားနဲ့ ရန်ကုန်ပါသွားတယ်တဲ့၊ အဲဒီည
တစ်ညလုံး မကြည် အိပ်လို မရဘူး၊ မျက်စိတွေ
ကြောင်နေတယ်၊ သန်းကောင်ကျော်ပြီ၊ ညတစ်နာရီလောက်မှ
အိပ်မက်ဆိုးတွေ မက်ပြီး လန့်နိုးလာတယ်

ရင်တွေလည်း တဒိန်းဒိန်း ခုန်နေတယ် …။

အဓိပ္ပါယ်မဲ့ မျက်လုံးတွေနဲ့ အိမ်ရှေ့လမ်းမဘက်
ငေးကြည့်နေမိတယ်၊ အိမ်ရှေ့မီးလုံးကြောင့်
ခြံထဲမှာ လင်းနေပေမယ့် ခြံအပြင်ဘက်
လမ်းမပေါ် မှာတော့ အမှောင်က အားကောင်းနေတုန်းပဲ။

ညက မှောင်မည်း၊ တိတ်ဆိတ်ပြီး ချောက်ချားစရာ
ကောင်းနေတယ်။

“ညတာကလည်း ရှည်လိုက်တာ …”

မကြည်ညကို ညည်းတွားရေရွတ်ရင်း အိပ်မောကျနေတဲ့
သားငယ်လေးကို ခြင်မကိုက်အောင် ယပ်ခတ်ပေးနေတယ်
အချိန်တွေ ဘယ်လောက်ကြာသွားလဲ မသိဘူး။
ဖိနပ်ချွတ်က တဖျတ်ဖျတ်အသံကြောင့် ကိုခိုင်
ပြန်လာပြီ ဆိုတာ မကြည်သိလိုက်တယ်။

ဟုတ်တယ် ၊ ဒါကိုခိုင့်အကျင့်ပဲ။

ကိုခိုင်က ဖိနပ်ချွတ်မှာ ဖိနပ်ဖုန်ခါနေတဲ့ အနေနှင့်
တစ်ချက် နှစ်ချက် ခြေဆောင့်ပြီးမှ အိမ်ပေါ်တက်လေ့ရှိတယ်။
မကြည် အိမ်ပေါ်လှေကားထိပ်ကနေ ဖိနပ်ချွတ်ကို
လှမ်းကြည့်လိုက်တယ်

သေချာပါတယ်၊ ကိုခိုင်ပဲ။

လှေကားရင်း ဖိနပ်ချွတ်မှာ ရပ်နေတယ်
အိမ်ကထွက်သွားတုန်းကအင်္ကျီချွတ်နဲ့ပဲ၊
မကြည်ကို မော့ကြည့်နေတယ်

ကိုခိုင့်မျက်နှာ ထူးထူးခြားခြား ညှိုးငယ်နေတာ
မကြည် တွေ့လိုက်တယ်

“ပြန်လာပြီလား …”

မကြည် ကိုခိုင့်ကို လှမ်းမေးရင်း နံရံမှာ ကပ်ထားတဲ့
နာရီကို လှမ်းကြည့်လိုက်တယ်။

“သုံးနာရီတိတိ”

မကြည်သားကို ယပ်ခတ်ပေးရင်း ကိုခိုင်အိမ်ပေါ်တက်
အလာကို စောင့်နေတယ် …

ခဏလောက်ကြာသွားတဲ့ အထိ ကိုခိုင်တက်မလာဘူး

” မဟုတ်သေးပါဘူး၊ ခြေလက်ဆေးသံလည်း
မကြားရဘူး။ အိမ်နောက်ဖေးများ သွားတာလား …”

မကြည် မီးဖိုခန်းကနေ အိမ်သာကို လှမ်းကြည့်တယ်
အိမ်သာထဲမှာလည်း ကိုခိုင် မရှိဘူး။ တံခါးဖွင့်ရက်ပဲ။
မကြည် စဉ်းစားရ ကျပ်သွားတယ်။

“မဟုတ်ပါဘူး၊ ခုနက တွေ့တာ ကိုခိုင်မှ ကိုခိုင်ပါ။
ငါတားနေတဲ့ ကြားက လိုက်သွားမိလို့ ၊ ငါ့ကို
စနေတာများလား ”

မကြည်ဓါတ်မီးတစ်လက်ကိုင်ပြီး အိမ်အောက်ဆင်းတယ်
ကိုခိုင် ပုန်းနေတာလားလို့ ဓါတ်မီးနဲ့ လိုက်ထိုးကြည့်တယ်
ဘာမှာမှ မတွေ့ဘူး

အဲဒီအချိန်မှာပဲ “မကြည်၊ မကြည်”လို့ ခြံရှေ့က
အော်ခေါ်သံကြားရတယ်၊ မကြည် ခြံရှေ့ထွက်ခဲ့တယ်၊
ခေါ်တဲ့သူက မျက်စောင်းထိုးအိမ်က သူ့အိမ်မှာ
ဖုန်းရှိတယ် ။ ကိစ္စကြီးငယ်ရှိရင် အဲဒီအိမ်က
ဖုန်းနဲ့ပဲ အဆက်အသွယ် လုပ်ရတယ်

“အောင်ပိုင်ဖုန်းဆက်တယ်၊ ကိုခိုင်ကားပေါ်က
ကျလိုတဲ့။ ဖြူးဆေးရုံကိုတင်ရမယ်…အခုကားနဲ့
ပြန်လာနေပြီတဲ့ …ကားလမ်းကနေ ထွက်ပြီး
စောင့်ပါတဲ့ …၊ ကိုခိုင်က သတိမေ့နေတုန်းပဲလို့
ပြောတယ် ”

မကြည်ရင်ထဲ ထိတ်ခနဲ ဖြစ်သွားတယ်

“ဒါဆို ခုနက ဖိနပ်ချွတ်မှာ ရပ်နေတာဟာ…
ဘုရား၊ ဘုရား ကိုခိုင်ဘာမှ မဖြစ်ပါစေနဲ့ ”

တုန်ရီတဲ့အသံတွေနဲ့ မကြည် ဆုတောင်းမိလိုက်ပါတယ်

ကိုခိုင်တစ်ယောက် အမြန်လမ်းမကြီးရဲ့ တစ်နေရာမှ
ကားပေါ်က ပြုတ်ကျ၊ ချက်ချင်း သတိလစ်မေ့မျောသွားပေမယ့် …
သူရဲ့ဝိညာဉ်က မကြည်နှင့် သားလေးရှိတဲ့ အိမ်ကို
အရောက်ပြန်လာပြီး ညှိုးငယ်တဲ့ မျက်နှာနဲ့
ကိုယ်ထင်လာပြတဲ့ အဖြစ်ကိုတော့
မကြည်တစ်သက် ဘယ်သောအခါမှ
မေ့ပျောက်လို့ ရမှာ မဟုတ်တော့ပါဘူး။

XXXX

ကိုခိုင်ကားပေါ်က ပြုတ်ကျတဲ့ အဖြစ်က ဒီလိုပါ
ကိုတင်မင်းကို ရန်ကုန်ဆေးရုံကြီးမှာ တင်ပေးခဲ့ပြီး
လိုက်ပို့တဲ့ကားနဲ့ပဲ ကိုခိုင်တို့အဖွဲ့ ပြန်လာခဲ့ကြတယ်။
အမြန်လမ်းအစ၊ လှည်းကူးလမ်းဆုံရောက်တော့
ည ဆယ့်နှစ်နာရီ ထိုးတော့မယ်။

သူတို့အားလုံး ကားနောက်ခန်းထဲမှာ
လဲလျောင်းရင်း လိုက်ပါလာကြတယ်

အားလုံးနီးပါး အိပ်ပျော်နေကြပေမယ့် ကိုခိုင်ကတော့
အောင်ပိုင်နဲ့ စကားတွေ ပြောနေကြတယ်
တနေရာအရောက်မှာ “ငါ ဆီးအရမ်းသွားချင်နေပြီ”
လို့ ကိုခိုင်က ပြောတယ်

ပြီးတော့ အိပ်နေသူတွေကို ကျော်ပြီး ကားခေါင်းခန်းကို
လက်နဲ့ ပုတ်ပြီး ကားရပ်ဖို့ အချက်ပေးတယ်
အချက်ပေးပြီးတာနဲ့ နောက်ဖက်ကားတံခါးပိတ်ဆီ
သွားတယ်၊ ကားက တုံ့ခနဲ ရပ်တယ်
ကိုခိုင် တံခါးပိတ်ကို ကျော်ပြီး ခုန်ချဖို့ အလုပ်မှာ
ကားကမရပ်ဘဲ မောင်းအထွက်၊ ကိုခိုင်ကားပေါ်က
ဂျွမ်းပြန်ပြီး ပြုတ်ကျသွားတယ်။

ဒရိုင်ဘာက တဗုန်းဗုန်းပုတ်တဲ့အသံကို ကြားတယ်
ဒါပေမယ့် ဘာသံလဲဆိုတာ မသဲကွဲဘူး။
ဒါကြောင့် ခဏရပ်လိုက်တယ်
ထပ်ပြီး ဘာသံမှ မကြားတာနဲ့ အရှိန်မြှင့်ပြီး
မောင်းထွက်လိုက်တယ်

အဲဒီမှာ ကားအောက်ခုန်ဆင်းဖို့ ပြင်နေတဲ့
ကိုခိုင် ကားပေါ်က ပြုတ်ကျသွားတာပဲ …၊
ကားမောင်းထွက်သွားတော့မှ အောင်ပိုင်က
ကားကို အတင်းရပ်ခိုင်းရတယ်

ကားနောက်ဆုတ်ပြီး ကိုခိုင့်ကို လိုက်ရှာကြတယ်

၅၈မိုင် ၅ ဖာလုံ မိုင်တိုင်အနီးက လမ်းဘေး
မြက်ရိုင်းပင်တွေပေါ်မှာ မှောက်ခုံလဲကျနေတဲ့
ကိုခိုင့်ကို တွေ့ရတယ်။ အဲဒီအချိန်က ညတစ်နာရီ
တိတိ ရှိနေပြီ။

ကိုခိုင့်ကျောတစ်ပြင်လုံး ဒဏ်ရာတွေနဲ့
စုတ်ပြတ်သတ်နေတယ်

ခေါင်းက သွေးတွေက နားထင်ပေါ် စီးကျနေတယ်
ခြေထောက်နှစ်ဖက်စလုံးမှာလည်း ပွန်းရာ၊ ပဲ့ရာတွေနဲ့
သွေးအလိမ်းလိမ်း မြင်ရက်စရာ မရှိဘူး။

“ကိုခိုင် …ကိုခိုင် ”

အားလုံး ဝိုင်းခေါ်ပေမယ့် ကိုခိုင် ဘာမှ မတုန့်ပြန်နိုင်တော့ဘူး
ဒါပေမယ့် အသက်မျှင်းမျှင်း ရှူနေတုန်းပဲ။

တစ်ခါတစ်ခါ ပါးစပ်က ဖူးခနဲ ဖူခနဲ လေတွေ
မှုတ်ထုတ်တယ်။ အနေအထားက ဦးနှောက်ကို
ထိခိုက်မိတဲ့ အနေအထားပါ။ စတွေ့တဲ့ အချိန်ကနေ
မနက်သုံးနာရီခွဲ ကညွတ်ကွင်း ရောက်တဲ့အထိ
သတိပြန်လည် မလာဘူး။

အသင့်စောင့်နေတဲ့ မကြည်ကို တင်ပြီး ဖြူးကို
ကားဆက်မောင်းတယ်။ ဖြူးဆေးရုံက ရန်ကုန်
ဆေးရုံကြီးကို တင်ဖို့ လွှဲတယ်။

တကယ်ဆိုရင် ကိုခိုင်ပြုတ်ကျတဲ့နေရာ မိုင်တိုင်
အမှတ် ၅၈ မိုင် ၅ ဖာလုံဆိုတာ ပဲခူးအနီးဝန်းကျင်
မှာပဲ ရှိသေးတယ်

ပဲခူးဆေးရုံကိုသာပို့ရင် ကိုခိုင့်အသက်ကို
ကယ်နိုင်သေးတယ်။ ဒါမှ မဟုတ်လည်း
ချက်ချင်းနောက်လှည့် ရန်ကုန်ဆေးရုံကြီး
ပြန်မောင်း၊ ကိုခိုင်သေချင်မှ သေလိမ့်မယ်။
ခုတော့ မိုင်တစ်ရာကျော် ဝေးတဲ့ ဖြူးထိ
ဆက်မောင်းလာပြီးမှ ဆေးရုံတင်တယ်။

အတူပါလာသူတွေရဲ့ စိတ်ကူးစိတ်သန်းကို
စဉ်းစာလို့ မရဘူး။ ကိုခိုင့်ကို မသေ,သေအောင်
ဆေးရုံအရောက် နောက်ကျအောင် တမင်
လုပ်ကြတာတော့ မဟုတ်ဘူး။

အဖော်ပါလာသူအားလုံးက ကိုခိုင်အပေါ်
ချစ်ကြ၊ ခင်ကြ၊ လေးစားအားကိုးကြသူတွေချည်းပဲပါ။

နောက်ဆုံး သေသေချာချာ တွေးဆအဖြေရှာကြည့်မှ
ဒီနေ့ဟာ ကိုခိုင် သေကိုသေရမယ့်နေ့၊ သေနေ့စေ့နေ့နေ့
ဖြစ်လို့ပါလားဆိုတာ အဖြေရလိုက်တယ်

ဟုတ်တယ်၊ (5.6.2014)နေ့ မနက် (၆ )နာရီခွဲ၊
ဖြူးကနေ ကားနဲ့ ရန်ကုန်ဆေးရုံကြီးကို အသွား၊
အမြန်လမ်း မိုင်တိုင်အမှတ် ၁၁၅ မိုင်အရောက်မှာ၊
ကိုခိုင်တစ်ယောက် ဘဝတစ်ပါးကို ကူးပြောင်း
သွားခဲ့ပါတယ်။ ကိုခိုင်ဆုံးတဲ့အကြောင်း
ဖုန်းသတင်းရရချင်း စာရေးသူတို့ တစ်မိသားစုလုံး
ရန်ကုန်ကနေ ကညွတ်ကွင်းကို သွားခဲ့ကြပါတယ်

XXXX

ကိုခိုင့်အလောင်းကို ကညွတ်ကွင်းအိမ်ပြန်ယူလာခဲ့တယ်။
ရေလုံတိုက်ပေးပြီး ဧည့်ခန်းမှာ အလောင်းစင်ပြင်၊
ပြီးတာနဲ့ သံဃာတစ်ပါးပင့် သက်ပျောက်ဆွမ်းကပ်
တရားနာရတယ်။ တကယ်တော့ ကိုခိုင်က
လူကောင်းတစ်ယောက်ပါ။ ရပ်ရေး ရွာရေး၊
သာရေးနာရေး ၊ ဘယ်တော့မှ နောက်မကျဘူး။

ပြီးတော့ ဘယ်နေရာကနေနေ ကူညီတတ်တယ်။
လောကုတ္တရာအရေးနဲ့ ပတ်သက်ရင်လည်း
ဒါနပြုဖို့ လက်မနှေးဘူး။ အခါအခွင့်သင့်တိုင်း
သီလဆောက်တည်တယ်။

ဒါပေမယ့် သူမှာ အားနည်းချက် ရှိတယ်။
အဲဒီ အားနည်းချက်က ဆင်ခြင်တုံတရားပဲ။
အထူးသဖြင့် ဒေါသကို သတိနဲ့ မငြိမ်းသတ်နိုင်ဘူး။
သူ့ဒေါသထွက်ပြီဆိုရင် လူသတ်ရမှာလည်း
ဝန်မလေးဘူး။ စက်တိုင်တက်ရမှာလည်း
မကြောက်ဘူးဆိုတဲ့လူစား။

ပြီးတော့၊ သူ့မိသားစုကို အရမ်းခင်တွယ်တယ်
သူ့မိသားစု မျက်ရေပေါက်ကြီးငယ် ကျအောင်
နှိမ့်ချစော်ကားဖို့တော့ မကြံနဲ့။

အဲဒီလူတွေ အတွက်တဲ့၊ ငှက်ကြီးတောင်ဓါးတစ်ချောင်း
မြည့်နေအောင် သွေးထားတယ်။ ဒီလို စိတ်ကြမ်း
လူကြမ်း ၊ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်လူ၊
အစွဲအလန်းကြီးသူမို့ ကိုခိုင့်သေတဲ့အခါ တစ်ရပ်ကွက်လုံး
လန့်နေကြတယ်

“ကိုခိုင်ကတော့ ကျွတ်မှာမဟုတ်ဘူး၊ တစ္ဆေကလည်း
ခြောက်လိုက်မယ့်ဖြစ်ခြင်း ”

လို့ ကြက်သီးတထထနဲ့ ပြောကြတယ်။ ပြောတဲ့
အတိုင်းပါပဲ ။ သေတဲ့နေ့က စပြီး ကိုခိုင် တစ်ရပ်ကွက်လုံးကို
ဗြောင်းဆန်အောင် မွှေတော့ ခြောက်တော့တာပါပဲ။

အဲဒီညမှာ အရပ်မြင့်မြင့်၊ ကိုယ်လုံးကိုယ်ထည်ထွားထွား
ကျိုင်းကျိုင်းနှင့် မည်းမည်းသဏ္ဌာန်တစ်ခုကို လမ်းပေါ်
သွားနေတာ တွေ့ကြရတယ်။

ကိုခိုင် သူ့အိမ်နဲ့ သူ့အမေအိမ်ကို ကူးချည်သန်းချည်
လုပ်နေပြီဆိုတာ သိလိုက်ကြတယ်။ဟုတ်လည်း ဟုတ်တယ်။
သူ့အမေ့အိမ် မီးဖိုချောင်ထဲမှာ အိုးတွေလှန်၊ ခွက်တွေ
လှန်နဲ့ ဗြောင်းဆန်အောင် ခြောက်တယ်။ အိုးခွက်တွေ
အသာအယာ လှန်တာ မဟုတ်ဘူး။

သူ့ပုံစံအတိုင်း ခပ်ကြမ်းကြမ်းလှန်လျောနေတော့
အိုးသံခွက်သံတွေက ဆူညံနေတယ်။တစ်ခါ သူ့ညီအိမ်ကို
သွားတယ်။ သူ့ညီက အသုဘအိမ်ရောက်နေတယ်။
အိမ်မှာက ကြောက်လို့ မလိုက်ရဲတဲ့ မိန်းမနဲ့ ကလေးတွေပဲ
ကျန်နေတယ်။

ခဏနေတော့ ညီဖြစ်သူရဲ့ မိန်းမလည်း ကလေး
လက်ဆွဲပြီး သူ့ယောင်္ကျားဆီ ပြေးရတော့တာပဲ။
မပြေးလို့လည်း မဖြစ်ဘူး၊ တစ်အိမ်လုံး သွက်သွက်ခါ
လှုပ်ယမ်းနေမှတော့ ဘယ်နေရဲတော့မှာလဲ …၊

သူ့အစ်မကြီး မမြအိမ်ကို ကျတော့ တစ်မျိုး၊
မီးဖိုထဲဝင် အိုးသံခွက်သံပေးတယ်။ မမြက
စောင်ခေါင်းမြီးခြုံထားလျက်ကနေ

“ကိုခိုင်ရယ်၊ ငါ့ကိုတော့ မခြောက်ပါနဲ့၊ ငါကြောက်လွန်းလို့ပါ ”

လို့ ပြောတယ်။ အဲဒီတော့မှ ပြန်သွားပုံ ရတယ်။
ဘာသံမှ မကြားရတော့ဘူး။ မနက်မိုးလင်းလို့
မီးဖိုထဲဝင်ကြည့်လိုက်တော့ လမ်းသွားလို့
မရဘူး။ ရှိရှိသမျှ အိုးခွက်ပန်းကန်တွေအားလုံး
သမံတလင်းပေါ်မှာ စီပြီး ချထားခဲ့တယ်

အရပ်ထဲမှာ အများသူငါ ယူဆကြသလို
ကိုခိုင်တစ်ယောက် လူ့ဘဝကနေ သေလွန်ပြီး
ဘဝကူးပြောင်းသွားပြီဆိုတာကို သိမှသိရဲ့လား။

ရုပ်ရှင်တွေ၊ ဗီဒီယို တွေကလိုပဲ ဘယ်သူကိုမှ
ခေါ်လို့ မရ၊ ပြောလို့ မရနဲ့၊ ဘာဖြစ်လို့ ဖြစ်မှန်း
မသိသေးတဲ့ ကိုခိုင်ရဲ့ ဝိညာဉ်ဟာ မိဘဆွေမျိုးတွေ
အိမ်ကို လျှောက်သွားပြီး သူရောက်နေတဲ့အကြောင်း
အသိပေးနေတာလား များလားလို့ စာရေးသူ
တွေးနေမိပါတယ်။

XXXXX

သုံးရက်မြောက်တဲ့နေ့မှာ ကိုခိုင့်အလောင်းကို
ကွင်းနောက်သုသာန်ပို့ပြီး မီးသင်္ဂြိုဟ်တယ် …

သေဆုံးတဲ့အချိန်ကနေ မီးသင်္ဂြိုဟ်ခါနီးအချိန်ထိ
ကိုခိုင့်အလောင်းကို မိဘဆွေမျိုးတွေ၊မိတ်ဆွေ
အပေါင်းအသင်းတွေ လာပြီး ကြည့်ကြတယ်
အဲဒီမှာ မျက်နှာအမူအရာအမျိုးမျိုး
ပြောင်းလဲနေတာကို တွေ့ကြရတယ်။

သေတဲ့နေ့က အလောင်းစင်ပေါ်က ကိုခိုင့်မျက်နှာဟာ
ခက်ထန်မာကျောနေတယ်။ တစ်စုံတစ်ယောက်ကို
ဒေါသထွက်နေတဲ့ပုံမျိုး၊ ကိုခိုင် ဘယ်သူ့ကို
ဒေါသထွက်နေတာလဲ။ မသေခင်မှာ တစ်ယောက်
ယောက်ကိုများ ဒေါသထွက်သွားခဲ့တာလား…၊

စဉ်းစာစရာပဟေဠိတစ်ပုဒ်လို ဖြစ်နေတယ်။

(၂)ရက်မြောက် မနက်၊ ကိုခိုင့်အလောင်းကို
ကြည့်လိုက်တော့ အားလုံးအံ့အားသင့်သွားတယ်။

ကိုခိုင်မျက်နှာက နှစ်နှစ်ခြိုက်ခြိုက်ကြီး ပြုံးလို့။
တစ်စုံတစ်ရာအတွက် အားရကျေနပ်နေတဲ့
မျက်နှာမျိုး …ဘာကိုသဘောကျပြီး ဒီလောက်ကြီး
ပြုံးနေတာလဲ။ ဘယ်သူမှ တွေးလို့ မရဘူး။

သင်္ဂြိုဟ်မယ့်နေ့ မနက်ခင်းကျတော့ မျက်နှာအမူအရာက
တစ်မျိုးပြောင်းသွားပြန်တယ်။ မဲ့နေတယ်။ မဲ့တယ်ဆိုတာက
ဝေဒနာ ခံစားရလို့ မဲ့နေတဲ့အမဲ့မျိုး မဟုတ်ဘူး။
အလိုမကျလို့ သဘောမတွေ့လို့ မဲ့တဲ့အမဲ့။
စာရေးသူ ၊ လူသေအလောင်း အများအပြား
တွေ့ဖူးပါတယ်။

တချို့ သေခါနီး ခံစားရတဲ့ ဝေဒနာကို လိုက်ပြီး
လျှာထွက်၊ မချိမဆန့် ခံစားနေရတဲ့ မျက်နှာမျိုးတွေလည်း
ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၊ နှစ်ဆယ့်လေးနာရီကျော်
ပြီဆိုတာနဲ့ အလောင်းမှန်သမျှရဲ့ မျက်နှာအားလုံးမှာ
သုညဆိုတဲ့ အဓိပ္ပါယ်ပဲ ရှိတော့တယ်။

အသက် ရှင်နေတဲ့ လူတစ်ယောက်ရဲ့ မျက်နှာလို
ငို၊မဲ့၊ ရီ၊ ပြုံး မလုပ်နိုင်ပါဘူး။

ဒါဆိုရင် ကိုခိုင့်အလောင်းက ဘာကြောင့် ဒေါသထွက်ပြ၊
နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြ၊ မဲ့ပြတာတွေ လုပ်နေရတာလဲ။
ကိုခိုင်ရဲ့ ဝိညာဉ်ကပဲ သူ့ခံစားချက်တွေကို ပြနေတာများလား။
ဒါဆိုရင် ကိုခိုင့်အလောင်းက ဘာကြောင့်
ဒေါသထွက်ပြ၊ နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြ၊
မဲ့ပြတာတွေ လုပ်နေရတာလဲ။

ကိုခိုင်ရဲ့ဝိညာဉ်ကပဲ သူ့ခံစားချက်တွေကို
ပြနေတာများလား။ ဒီလိုပြလို့ ရော ရလို့လား။
စာရေးသူ ဥာဏ်မမှီပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်
ကိုခိုင်ရဲ့ ဝိညာဉ်ကတော့ အလောင်းစင်ပေါ်ကနေ
ဒေါသထွက်ပြ၊ ပြုံးပြ၊ မဲ့ပြပြီး …

စာရေးသူနှင့်တကွ အားလုံးကို ပဟေဠိတွေ
ပေးသွားနိုင်တာတော့ အမှန်ပါပဲ။

XXXXX

သေခါနီးမှာ သေနိမိတ်တွေပေးပြီး အသေဆိုးကြုံခဲ့ရတဲ့
ကိုခိုင် …၊ ဝိညာဉ်ဘဝနဲ့ မျက်နှာပေါ်မှာ ဒေါသထွက်ပြ၊
ပြုံးပြ၊ မဲ့ပြပြီး အားလုံးကို အံ့အားသင့်အောင်
လုပ်ခဲ့တဲ့ ကိုခိုင်ဟာ …သေတဲ့နေ့ကနေ ခုနှစ်ရက်လည်တဲ့နေ့
အထိ ဗြောင်းဆန်အောင် ခြောက်လှန့်နေခဲ့ပါတယ်

မိဘဆွေမျိုးတွေ၊ ခင်မင်တဲ့ မိတ်ဆွေတွေအိမ်ကို
ညတိုင်း သွားတယ်။ အိုးခွက်ပန်းကန်တွေ လှန်လှောတာ၊
အိမ်ကို လှုပ်ယမ်းတာ။ အိပ်နေသူတွေရဲ့ စောင်တွေဆွဲ၊
ခြေထောက်တွေဆွဲတာ လုပ်တယ်လို့ ကိုခိုင်ရဲ့
ခြောက်တာခံရသူတွေက စာရေးသူကို
ပြောပြပါတယ်

စာရေးသူကိုယ်တိုင်လည်း တစ်လပြည့်ဆွမ်းကျွေးတဲ့
(5.7.2014)နေ့ ညမှ ရန်ကုန်ပြန်ခဲ့တာမို့ တစ်ချို့
အဖြစ်အပျက်တွေကို သိမြင်တွေ့ကြုံခဲ့ရပါတယ်။

အလောင်းကို သုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့တဲ့ သုံးရက်
မြောက် ညက သမီးကြီးရဲ့အိမ်ကို ကိုခိုင် ခဲနဲ့ ပေါက်တယ်။
သမီးကြီးက အိမ်ထောင်ကျပြီး ကိုခိုင်အိမ် ခေါင်းရင်းဘက်၊
ဝါးလုံးတန်းခြံစည်းရိုးလေးပဲ ခြားတဲ့ အိမ်မှာနေတာပါ။

သမီးကြီးက ညဦးပိုင်း အသုဘအိမ်မှာ လာနေပြီး
ညနက်တော့ သူ့အိမ် ပြန်သွားတယ်

ည နှစ်နာရီလောက်မှာ သမီးကြီးရဲ့အိမ်ကို ခဲနှင့်ပေါက်တော့တာပဲ။
ခဲက လက်သဲခွံလောက်အရွယ် ကျောက်စရစ်ခဲလေးတွေပါ။

စတဲ့သဘော၊ အိမ်ထရံကို ထိရုံအသာအယာ
ပေါက်နေတာပါ။ ခဲတစ်လုံးနဲ့ တစ်လုံး သုံးမိနစ်လောက်ပဲ
ခြားပြီး ပေါက်နေတယ်။ စာရေးသူအပါအဝင်
ဆွေမျိုးမိသားစု ဆယ်ယောက်လောက်ဟာ
အသံမထွက်ရဲဘဲ တိတ်တိတ်လေး ချောင်းကြည့်၊
နားထောင်နေကြတယ်

“ကိုခိုင်တော့ သူ့သမီးအသုဘအိမ်မှာ မရှိတဲ့အတွက်
သွားနှိုးနေတာဖြစ်မယ် ”

လို့ပဲ ၊ တီးတိုးပြောရင်း ချွေးပြန်နေကြပါတယ်။

နာရီဝက်ကျော်ကျော် ကြာပြီးမှ ခဲပေါက်တာလည်း
ရပ်တန့်သွားပါတယ်။ နောက်တစ်ကြိမ်ကြုံရတာက
ငါးရက်မြောက်နေ့မနက်(၈)နာရီလောက်မှာ ကြုံရတာပါ။

ကညွတ်ကွင်းမြို့ရဲ့ ထုံးစံအတိုင်း ငါးရက်နဲ့
ရက်လည်ဆွမ်းကျွေးတယ်။ သံဃာတော်ပင့်၊
ဆွမ်းကပ်၊ တရားနာပြီး ဖိတ်ကြားထားတဲ့
ဧည့်ပရိတ်သတ်ကို ကညွတ်ကွင်း မုန့်ဟင်းခါးနဲ့
ဧည့်ခံကျွေးမွေးနေတဲ့ အချိန် …၊
အိမ်ရှေ့မဏ္ဍပ်ထဲမှာ ဧည့်သည်တွေ ပြည့်ကျပ်နေတယ်။

ဒါကြောင့် တစ်ချို့ ဧည့်သည်တွေကို အိမ်ပေါ်ခေါ်ပြီး
ဧည့်ခံရတယ်…၊ အဲဒီ အထဲမှာ အစ်မကြီးမမြလည်း
ပါတယ်။ မမြက အိမ်ရှေ့ပြတင်းပေါက်ကို
ကျောပေးပြီး မုန့်ဟင်းခါး စားနေတာ။

စားနေရင်တန်းလန်း မမြခါးကို တွန့်လိမ်နေတယ်။

ပါးစပ်ကလည်း …

“ဟဲ့ …ကိုခိုင်၊ ငါ့ကို မစပါနဲ့ဟယ်၊ ငါ နင့်ကို
ကြောက်ပါတယ် ”

လို့ ပြောနေတယ်။

ပြောလို့ မရဘူးနဲ့ တူပါရဲ့ ။

ခါးကို ဘယ်တွန့်လိုက်၊ ညာတွန့်လိုက်လုပ်ပြီး
ုပြတင်းပေါက်နဲ့ ဝေးတဲ့ အတွင်းဘက်ကို တိုးသွားပါတယ်။

ပြီးတော့ …

“ငါ …သနားလိုက်တာ ကိုခိုင်ရယ် “လို့ ပြောပြီး
ကြူကြူပါအောင် ငိုတော့တာပါပဲ။

စာရေးသူနဲ့ ဧည့်သည်အချို့လည်း မမြဖြစ်နေတာကို
အံ့အားသင့်ပြီး ကြည့်နေမိကြပါတယ်။

ခဏနေလို့ မမြကို မေးကြည့်တော့မှ …

“ကိုခိုင်ရယ်လေ၊ ခါးကို ဘယ်တို့လိုက်၊ ညာတို့လိုက်
လုပ်ပြီး ကလိထိုးနေတယ်”

လို့ ပြောပါတယ်။ ဒီတော့မှ ခြံထဲမှာ ကိုခိုင်ရှိနေတယ်
ဆိုတာကို စဉ်းစားမိပြန်တယ်။ ကိုခိုင်ဟာ မမြကို
လူ့ဘဝရှိစဉ်ကတည်းက ချစ်ခင်ရင်းနှီမှု ရှိပါတယ်

မီးဖိုချောင်ထဲဝင်၊ အိုးခွက်ပန်းကန်ရှိသမျှကို
့သမံတလင်းပေါ် စီချထားခဲ့တဲ့ အိမ်ကလည်း
မမြရဲ့ အိမ်ပဲ ဖြစ်ပါတယ်။

(၆)ရက်မြောက်နေ့မှာ ဖြစ်ပွားတဲ့ အဖြစ်အပျက်ကလည်း
ထူးဆန်းတဲ့ အဖြစ်အပျက်ပါပဲ။ ဒီအဖြစ်ကလည်း
နေ့ခင်းဆယ်နာရီခွဲလောက်မှာ ဖြစ်တာလို့ ပြောပါတယ်

ကိုခိုင်ရဲ့ ဝိညာဉ်ရောက်သွားတဲ့အိမ်က သူ့ရဲ့ဦးလေးဖြစ်သူ
အိမ်ပါ။ ဦးလေးရဲ့ ဇနီး ဒေါ်တိုးက ရေတုံကင်အနီးမှာ
အဝတ်လျှော်နေတာပါ။ အဲဒီအချိန်မှာ တဖျပ်ဖျပ်
အသံကြားလိုက်ရတယ်။ အနီးမှာလည်း ဘယ်သူမှ
မရှိဘူး။ ကိုခိုင်လာခြောက်ပြီဆိုတာ သိလိုက်တယ်။

နေ့လည်ခင်းကြီးလည်း ဖြစ်နေတာကြောင့်
ေ ဒ်ါတိုးစိတ်ထဲမှာ သိပ်မကြောက်လှဘူး။
ဒါကြောင့် …

“ကိုခိုင် ၊ နင့်ကို ငါ ကြောက်မယ်ထင်လို့ လာခြောက်နေတာလား၊
နင်မောရုံပဲရှိမယ်၊ ငါကတော့ လုံးဝမကြောက်ဘူး ”

လို့ ပြောပြီးလို့ အဝတ်ကုန်းလျှော်နေတုန်းမှာပဲ
“ဖတ်”ခနဲ လောက်လေးခွပစ်သံလိုလို ကြားလိုက်ရပြီး …

ကျောက်စရစ်လေးတစ်လုံးက အရှိန်ပြင်းပြင်းနဲ့
ဒေါ်တိုးရဲ့ ခါးကို လာမှန်ပါတယ်

ဒီတော့မှ ဒေါ်တိုးလည်း

“ကြောက်ပါပြီကိုခိုင်ရဲ့၊ မပစ်ပါနဲ့တော့ “လို့
အော်ပြီး နီးရာ အိမ်တစ်အိမ်ကို ဝင်ပြေးသွားရပါတယ်။
ဒီအကြောင်းကို ဒေါ်တိုးအသုဘအိမ်လာပြောလို့
သိရတာပါ။ လောက်လေးမှန်လို့ အညိုအမဲ
စွဲနေတဲ့ခါးက ဒဏ်ရာကိုလည်း မြင်တွေ့ရပါတယ်။

သူ့မိန်းမ မကြည်ဆိုလည်း နေ့တိုင်း အိပ်ရေးပျက်ရပါတယ်။
နာရေးကိစ္စတွေကြောင့် လူပင်ပန်း၊ စိတ်ပင်ပန်းဖြစ်လို့
အိပ်မက်ကျတာနဲ့ လာပြီးလှုပ်နှိုးတယ်လို့ ပြောပြပါတယ်။

အကောင်အထည်တော့ မမြင်ရဘူးတဲ့။

ဒီလို နေ့စဉ်နေ့တိုင်း ညစဉ်ညတိုင်း ကိုခိုင်
လာခြောက်တာကို တထိတ်ထိတ် တလန့်လန့်
ကြောက်ရွံ့နေကြရင်း အရေးအကြီးဆုံးနေ့လို့
ယူဆထားကြတဲ့ ခုနှစ်ရက်လည်တဲ့နေ့ကို
ရောက်လာပါတော့တယ်။

သေပြီးတဲ့ သူတစ်ယောက်ဟာ သူ့အိမ်မှာ
ခုနှစ်ရက် နေလို့ရတယ်။ အိမ်စောင့်နတ်၊
ခြံစောင့်နတ်နှင့် အိမ်တွင်းကလည်း ခွင့်ပြုရတယ်။
ခုနှစ်ရက်ပြည့်ရင်တော့ အိမ်မှာ နေခွင့်မရှိတော့ဘူး။

ဆိုင်ရာပိုင်ရာတွေက သူ့ကို နှင်ထုတ်တယ်
သေသူကလည်း အိမ်ကနေ အပြီးတိုင် ထွက်သွားကြ
ရတယ်လို့ အယူအဆ အစွဲအလန်းရှိကြတယ်။

တရားတော်နဲ့ ကြည့်ရင် ဒီအတွေးအယူဟာ
မှားယွင်းတဲ့ အယူပါ ။ အမှန်တကယ်က သတ္တဝါ
တစ်စုံတစ်ယောက် သေဆုံးပြီ ဆိုတာနဲ့ အချိန်အကြား
အလပ်မရှိ ဘဝသစ်ကို ကူးပြောင်းကြရတယ်။
ဘုရား၊ ပစ္စေကဗုဒ္ဓါနှင့် ရဟန္တာကလွဲလို့ အားလုံးဟာ
သုံးဆယ့်တစ်ဘုံမှာ ကျင်လည်ကြရစမြဲပါ။

ဒါဆို ဘာကြောင့် ခြောက်တာ၊ လှန့်တာတွေ
ရှိနေတွေ့နေရတာလဲလို့ မေးစရာ ရှိပါတယ်။
ဒါက သေသူဟာ သူစွဲလန်းတဲ့ နေအိမ်တိုက်တာ
ဥစ္စာပစ္စည်း၊ ဇနီးသားသမီး စသည့်တွေကြောင့်
ဘဝသစ်ကို ကူးပြောင်းပြီးသော်လည်း …
စွဲလန်းခဲ့တဲ့ သက်ရှိ၊ သက်မဲ့တွေအနီးမှာပဲ
ပြန်လည်တည်မှီနေထိုင်နိုင်တဲ့ သဘော
သဘာဝကြောင့်ပါ ။

အချို့ဆို မကျွတ်မလွတ်ဘဲ နေအိမ်ခြံထဲမှာ
နှစ်ပေါင်းများစွာ နေတာ ကြားသိရပါတယ်။

ဒီလို နေထိုင်ရင်းနဲ့ အသံပေး၊ အနံ့ပေး၊ ကိုယ်ထင်ပြ၊
အိပ်မက်ပေးစသည်ဖြင့် သူရှိနေတဲ့အကြောင်း
ထင်ရှားအောင် ပြတတ်ကြပါတယ်

ဒါကိုပဲ ခြောက်တယ်။ လှန့်တယ်လို့ ခေါ်ကြတာပါ။
ဒီလိုခြောက်တဲ့ လှန့်တဲ့အတွက် ခုနှစ်ရက်နေခွင့်ရှိတယ်
ဆိုတဲ့ အယူအဆပေါ်လာပုံရပါတယ်။ ဒါကြောင့်လည်း
ကိုခိုင်ရဲ့ မိသားစုဝင်အားလုံး ခုနှစ်ရက်လည်တဲ့နေ့ကို
အထူးသဖြင့် ထိတ်ထိတ်လန့်လန့် ဖြစ်နေရခြင်းပါ။

တစ်ခု ထူးခြားတာက ခုနှစ်ရက်လည်တဲ့ညဟာ
အရင့်အရင်ညတွေ ထက်ပိုပြီး
ထင်ထင်ရှားရှား ခြောက်လှန့်ခြင်းပါပဲ။
ညဆယ်နာရီလောက်မှ အိမ်ပေါ်ကို ကိုခိုင်
တက်လာပုံ ရပါတယ်။ ခြေသံပြင်းပြင်းနဲ့
လှေကားကတက်လာတဲ့အသံကို ကြားကြရတယ်။

မအိပ်သေးတဲ့သူတွေက အလန့်အထိတ်နဲ့
အိပ်နေသူတွေကို လှုပ်နှိုးကြတယ်။

အိပ်နေတဲ့ သူတွေကလည်း အလန့်တကြား
နိုးထပြီး ကြောက်ကြောက်လန့်လန့်နဲ့ ငြိမ်နေကြတယ်။
ခြေသံက အားလုံးစုအိပ်နေတဲ့ ဘုရားခန်းကို ဖြတ်ပြီး
နောက်ဘက်အိပ်ခန်းထဲ တန်းဝင်သွားတယ်။
အကောင်အထည် မမြင်ရပေမယ့် သွားလာ
လှုပ်ရှားနေတဲ့ အရိပ်တစ်ခုကို လူအားလုံးတွေ့ရပါတယ်

ပြီးတော့ အိပ်ခန်းကနေ မီးဖိုခန်းကူးသွားပုံရပါတယ်
အိုးတွေ ဖွင့်သံ၊ ပိတ်သံ၊ ပန်းကန်တွေ ဆွဲယူသံ
စတဲ့ အသံတွေ ကြားရပါတယ်။

ခြေသံကလည်း တရှပ်ရှပ်နဲ့ပါပဲ ။ ဒီကြားထဲ
တစ်စုံတစ်ယောက်ကို ဒေါသထွက်နေပုံရပါတယ်
မကြာခဏဆိုသလို ‘တောက်”ခတ်တဲ့အသံကြီးကိုလည်း
ကြားနေရပါတယ်။ တော်တော်လေးကြာတော့
နောက်ဘက် အိပ်ခန်းထဲက “ကလစ်”ဆိုတဲ့
အသံကို ကြားရတယ်။

အိပ်ခန်းထဲမှာ သူကိုင်နေကျ လေသေနတ်တစ်လက်ရှိပါတယ်
“ကလစ်”ဆိုတဲ့ အသံက လေသေနတ်မောင်း တင်လိုက်တဲ့
အသံမှန်း အားလုံးသိကြတယ်

ခဏနေတော့ “ဖန်း”ခနဲ လေသေနတ်မောင်းဖြုတ်လိုက်တဲ့
အသံကို ကြားလိုက်ကြရတယ်

ခဲကျည်ဆံပါပုံတော့ မရပါဘူး။ ဘာကြောင့်လည်းဆိုတော့
တစ်နေရာရာကို ထိမှန်တဲ့အသံ မကြားရလို့ပါ ။

သန်းခေါင်ကျော် ည တစ်နာရီလောက်ထိ အိမ်ပေါ်မှာ
အခန်းတွေကူးပြီး တရှပ်ရှပ် သွားလာနေပါတယ်

ခြေသံနဲ့ အတူ ရိပ်ခနဲ ရိပ်ခနဲ ဝဲသွားတဲ့အရိပ်လို
အရာကိုလည်း မြင်တွေ့ကြရပါတယ်

တစ်အိမ်လုံးကို ဗြောင်းဆန်အောင် စိတ်တိုင်းကျသွားတာ
လှုပ်ရှားပြီးမှ …

ခြေသံပြင်းပြင်းနဲ့ အိမ်အောက်ကို ဆင်းသွားတယ်

အိမ်ထဲဆင်းပြီး ခြံထဲကို လှည့်ပတ်နေပုံပါ။

အိမ်အောက်မှာ မွေးထားတဲ့ မန်ဒါလီဘဲတွေ
တရှီးရှီးအော်ကြ၊ လန့် ပြေးကြတဲ့ အသံတွေကို
အိမ်ပေါ်က ကြားနေရပါတယ်

တော်တော်လေး ကြာတော့ မြောက်ဘက်လမ်းမကြီး
အတိုင်း ခွေးဟောင်သံ၊ အူသံတွေကို ဆူဆူညံညံ
ကြားရတယ်။

ဒီတော့မှ ကိုခိုင်တစ်ယောက် မြောက်ဘက်အစွန်မှာနေတဲ့
သူ့မိဘ၊ ဆွေမျိုးအိမ်သွားပြီးဆိုတာ သိကြရပါတယ်
နောက်နေ့ မနက်ကျတော့ …

မြောက်ပိုင်းက ဆွေမျိုးတွေ အိမ်မှာလည်း
ကိုခိုင်တစ်ညလုံး ဗြောင်းဆန်အောင် သောင်းကျန်းတဲ့
အကြောင်း …မနက်မိုးလင်းခါနီးမှ ငြိမ်သွားတဲ့အကြောင်း
ကြားရပါတယ် ။

ကိုခိုင်ဟာ သေလွန်ပြီး နှစ်ပတ်လောက်အထိ
မိသားစုတွေနှင့် ဆွေမျိုးမိဘ၊ မိတ်ဆွေတွေ
အိမ်ကို သွားလာပြီး ခြောက်လှန့် နေပါသေးတယ်။

အဲဒီနောက်မှာတော့ အသံပေးတာ ခြောက်တာ၊
လှန့်တာ။ ဘာတစ်ခုမှ မပြုတော့ပါဘူး၊

သူ့အတွက် ရည်စူးပြီး ပြုလုပ်တဲ့ ကောင်းမှု
ကုသိုလ်တွေရဲ့ အဖို့ ဘာဂကို သာဓုခေါ်ပြီး
ခြောက်လှန့်နေတဲ့ တစ္ဆေ သရဲဘဝက ကျွတ်လွတ်၊
မြင့်မြတ်ရာ ဘုံဘဝကို ရောက်သွားတာလား…၊

ဒါမှမဟုတ်…

အခြားတစ်နေရာရာကိုများ သွားလာနေလို့လား …

ဒီလိုမှ မဟုတ်ရင်လည်း …ရောက်ရာဘဝမှာ
ပျော်တတ်တဲ့ သတ္တဝါတွေရဲ့ သဘာဝအတိုင်း
ဘဝသစ်မှာ ပျော်ပြီး ဘဝဟောင်းကို မေ့သွားလို့လား
ဆိုတာတော့ …ကိုခိုင်ကလွဲပြီး ဘယ်သူမှ သိနိုင်မှာ
မဟုတ်ပါဘူး။

ပြီးပါပြီ

မူရင်းရေးသူ ဆရာ မောင်မှိုင်းညို့ (ချောင်းဦး)

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ