အမေ့ပါးကသနပ်ခါး

တစ်မိသားစုလုံး နှစ်ပေါက်အောင် လိမ်းပါလေ့ဗျာ၊

သနပ်ခါးပင်က အညာရဲ့ရာသီဥတုနဲ့ အံကိုက်ပဲဗျ၊ ရေတွေဘာတွေ လောင်းစရာမလိုဘူး၊ စိုက်ပြီး ဒီအတိုင်းပစ်ထားရင် သူ့အလိုလိုကြီးနေတာပဲကိုးဗျ၊ သနပ်ခါးပင်ကလည်း တစ်ပင်လုံး လွှင့််ပစ်ရတယ်လို့ကို မရှိပါဘူးဗျာ၊ ပင်စည်ကလည်း အပွေးကောင်းတော့ သွေးလိမ်းရတာကိုးဗျ၊ သနပ်ခါး အကိုင်းလေးတွေဆိုရင်လည်း စိမ်းရွှေရွှေနဲ့ တစ်မျိုးကလေးမွှေးသေးတာ၊ သနပ်ခါးအမြစ်ကတော့ ဆေးဘက်အဝင်ဆုံးပေါ့ဗျာ၊ သာမန်ဝက်ခြံပေါက်တာလောက်ကတော့ သံပုရာရည်နဲ့ သနပ်ခါးသွေးလူးရင် သုံးလေးရက်ဆို ပျောက်သွားပါရော၊ တင်းတိပ်ပေါက်ရင် ဆန်ဆေးရည်ထဲ ဆားနည်းနည်းထည့်ပြီး သနပ်ခါးအမြစ်တုံး သွေးလူးတယ်၊ နွေရာသီ ကန့််ကော်ပန်းတွေရပြီဆိုရင်တော့ ကံကော်ဝတ်ဆန်နဲ့သနပ်ခါးသွေးလူးရင် အသားကိုအေးပြီး ချောသွားတာပဲဗျာ။

သနပ်ခါးအကြောင်းတွေ စကားဦးသန်းနေရင်း သနပ်ခါးနဲ့ပတ်သက်ပြီးတော့ ကျုပ်တော်တော်သူဌေးဖြစ်သွားတဲ့အကြောင်းကလေးလည်း၊ ကြုံတုန်း ကြွားအုံးမယ်ဗျို့။

(၂)

တစ်နှစ်တော့ အောက်ပြည်က လူတွေ ကျုပ်တို့ဆီမှာ အလှူလာလုပ်ပါရောဗျာ၊ ရွာဦးကျောင်းမှာ ကျောင်းဆောင်သစ်ကြီး လာလှူတာပေါ့ဗျာ၊ လာတဲ့သူတွေကလည်း ကျိုက်လတ်တို့ ဘိုကလေးတို့ကလူတွေပေါ့ဗျာ၊ သူတို့လာတာလည်း ထူးထူးဆန်းဆန်းဗျ၊ ရွာဦးကျောင်းဆရာတော်ရဲ့ ငယ်သူငယ်ချင်းတဲ့ဗျာ၊ ဆရာတော်က ဗေဒင်တွေဘာတွေတွက်တော့ သူ့ကိုကြည့်ပေးပြီး ထီထိုးခိုင်းလိုက်တာ သန်းထီဆုပေါက်သဗျ၊ အဲဒါနဲ့ ဆရာတော်ကို ကျောင်းလှူတာပေါ့ဗျာ။

ကျောင်းကြီးတစ်ဆောင်လုံးကိုလှူတာဆိုတော့ တစ်ဆွေလုံးတစ်မျိုးလုံး အညာကိုတက်လာကြတာပေါ့ဗျာ၊ ဧည့််သည်တွေတင် လူသုံးဆယ်နီးပါးလောက်ရှိတယ်၊ ရွာဦးကျောင်းမှာလည်း တစ်ချို့တစ်ဝက်တည်းခိုကြတယ်၊ ဒါပေမယ့် မိန်းမသားတွေနဲ့ ကလေးတွေလည်းပါတာဆိုတော့ ရွာထဲက အိမ်တွေမှာတည်းကြတာပေါ့၊ ကျုပ်တို့က သူကြီးအိမ်ဆိုတော့ သူတို့တွေကိုလည်း အိမ်နိုင်သလောက် ခေါ်တင်ထားတာပေါ့ဗျာ။

်အလှူမလုပ်ခင် အိမ်နေကြရင်း အဲဒီအောက်ပြည်သူတွေက ကျုပ်တို့အိမ်ကသနပ်ခါးကို သိပ်ကြိုက်သွားတယ်ဗျ၊ သနပ်ခါးက ရင့််ရင့်၊ အပွေးကလည်း နှစ်ထပ်ပွေးဆိုတော့ အရောင်ကလည်းကောင်း၊ အနံ့ကလည်း သိပ်မွှေးတာပေါ့ဗျာ၊ ဒါနဲ့ တစ်ရက်တော့ ကျောင်းအမကြီးက ကျုပ်ကိုခေါ်ပြောတယ်ဗျ။

“သူကြီးသားအလတ်ကောင်၊ ငါတို့မပြန်ခင် သနပ်ခါးကောင်းကောင်းလေးလိုချင်တယ်၊ နင်ရှာပေးမလား”

“ရတယ်လေ၊ ဘယ်လောက်ပေးမှာလဲ”

“အို၊ သနပ်ခါးကောင်းရင်ပြီးရော၊ ဈေးကတော့ မေးမနေနဲ့”

ဒါနဲ့ ကျုပ်လည်း ခြံထဲဆင်းခဲ့တယ်၊ ခြံထဲက သနပ်ခါးပင်တွေက နုသေးတယ်ဗျ၊ ဒါနဲ့ပဲ သနပ်ခါးစိုက်တဲ့ ဝိုင်းတွေကို လိုက်မေးကြည့်တာပေါ့ဗျာ၊ ဖြစ်ချင်တော့ သနပ်ခါးက ကောင်းကောင်းမရဘူးဗျ၊ ကျုပ်တို့ရွာကို မနှစ်ကပဲ သနပ်ခါးဖော်တဲ့လူတွေ လာပြီး စုပြုံဖော်ပြီးပြီဆိုတော့ အပင်နုတွေပဲကျန်ခဲ့တော့တာ၊ သနပ်ခါးက နှစ်ရှည်ပင်ဆိုတော့ သနပ်ခါးခုတ်တဲ့လူတွေက ရွာတစ်ရွာကို တစ်နှစ်ကျ လိုက်ပြီးတော့ သနပ်ခါးရင့်ရင့််တွေ လိုက်ဝယ်တယ်၊ ပြီးတော့ တစ်ရွာလုံးက ရှိသမျှအပင်တွေကို ဝယ်သွားတာပေါ့ဗျာ၊ သူတို့ဝယ်ပြီးသွားရင် အိမ်လိမ်းချင်လို့ ဖယ်ထားတဲ့အပင်ကလွဲလို့ အပင်ကောင်းသိပ်မကျန်တော့ဘူး၊ ဒီလူတွေကလည်း နောက်ထပ် လေးငါးနှစ်လောက်မှ တစ်ခါပြန်လာပြီးတော့ သနပ်ခါးးလာထပ်ခုတ်ကြတာပေါ့ဗျာ။

ကျုပ်လည်း ခေါင်းကုပ်ရင်း အကြံတစ်ခုရသွားတယ်၊ မဟုတ်က ဟုတ်က အကြံပေါ့ဗျာ၊ ဒါနဲ့ အိမ်က ညီမနှစ်ယောက်ကိုစည်းရုံးရတယ်။

“နင်တို့ ငါ့ကိုသနပ်ခါးသွေးပေးစမ်း်ဟာ”

“ဟာ၊ အကိုလတ်ကလည်း သနပ်ခါးသွေးတယ်ဆိုတာ ပင်ပန်းတယ်”

“ငါသိပါတယ်ဟ၊ နင်တို့ကို ငါအလကားမခိုင်းပါဘူး၊ သနပ်ခါး ကျောက်ပြင်တစ်ပြင်စာကို တစ်ကျပ်နဲ့ငါးမူးပေးမယ်ဟာ၊ ဟုတ်ပြီလား”

ငွေနံ့လေးနည်းနည်းပေးလိုက်တော့ အငယ်မနှစ်ယောက်က ခေါင်းညိတ်သွားတော့တယ်၊ ကျုပ်လည်း သူတို့ကို သွေးခိုင်းထားပြီးတော့ လှည်းကောက်ပြင်ပြီး တောင်ရိုးဘက်ကိုထွက်ခဲ့တာပေါ့ဗျာ။ ကျုပ်ဘာလုပ်မယ်ဆိုတာ ခင်ဗျားတို့ ကြိုသိရင်သိနေမှာဗျ၊

တောင်ရိုးပေါ်မှာ သစ်ပလွေပင်လို့ခေါ်တဲ့ အပင်ရှိတယ်၊ အဲဒီအပင်က သနပ်ခါးပင်နဲ့ တစ်ပုံစံတည်းတူတယ်၊ သနပ်ခါးပင်က ဆူးရှိပေမယ့်် သစ်ပလွေကတော့ ဆူးမပါသလောက်ပဲ၊ အပွေးကြည့်ရင်လည်း သစ်ပလွေ ရင့်ရင့််ဆိုရင် သနပ်ခါးပင်ထက်တောင် အပွေးက ကောင်းသေးသဗျာ၊ သစ်ပုလွေနဲ့သနပ်ခါးနဲ့ မတူတာကတော့ အပင်ရဲ့အရောင်ပဲ၊ သစ်ပလွေပင်က သက်တမ်းဘယ်လောက်ရင့်ရင့််ဒီအရောင်ပဲဆိုပေမယ့် သနပ်ခါးပင်ကတော့ သက်တမ်းရင့်လေလေ အနီရောင်သန်းသွားလေလေပေါ့၊ ဒါတွေလည်း အောက်ပြည်က လူတွေ သိမှာမဟုတ်ပါဘူးဗျာ၊ သစ်ပလွေပင်ကို ပိုင်းပြီး သနပ်ခါးတွေနဲ့ရောထားလိုက်ရင် အောက်ပြည်ကလူမပြောနဲ့ ကျုပ်တို့လို သနပ်ခါးတောထဲကြီးပြင်းလာတဲ့အညာသားတောင်မှ ခွဲရသိပ်ခက်တယ်။

သွေးလိုက်ပြန်ရင်လည်း သနပ်ခါးလိုအရောင်ပဲ၊ အနံ့ကလည်း ခပ်ဆင်ဆင်ဗျ၊ သနပ်ခါးကတော့ ပိုမွှေးတာပေါ့ဗျာ၊ ဒါနဲ့ကျုပ်လည်း သစ်ပလွေ ရင့်ရင့််ကောင်းကောင်းကို တောင်ရိုးပေါ်မှာရှာပြီး ခုတ်ခဲ့တာပေါ့ဗျာ၊ သနပ်ခါးပေါတဲ့အရပ်မှာ ဒီသစ်ပလွေတွေကို ဘယ်သူမှ မခုတ်တော့ အပင်ကြီးတွေကအပွေးတွေတက်ပြီး ရှယ်ပဲဗျာ။ သုံးပင်လောက်ခုတ်တယ်ဆိုရင်ပဲ တော်တော်ရနေပြီဗျ၊ ကျုပ်ကလောဘတက်ပြီးတော့ ငါးပင်လောက်ခုတ်ခဲ့တာပေါ့။

သနပ်ခါးတွေလည်း်ရရော အိမ်ကိုမပြန်ဘဲ ဦးဘသာအိမ်ကိုဝင်ခဲ့တာပေါ့ဗျာ၊ အိမ်မှာကျတော့ အင်ထုရတာ မလွတ်လပ်ဘူးမဟုတ်လား၊ ပြီးတော့ လွှတစ်ချောင်းနဲ့ အဲဒီသစ်ပလွေတွေကို အနေတော်အတုံးတွေဖြတ်နေတော့တာပဲ၊ ဦးဘသာကတော့ ကျုပ်လုပ်နေတာကို ကွမ်းကလေးတမြုံ့မြုံ့နဲ့ ကြည့်နေတယ်။

“ဟား၊ အလတ်ကောင်တို့ကတော့ သစ်ပလွေတွေကို သနပ်ခါးဆိုပြီး လိမ်ရောင်းတော့မယ်နဲ့တူတယ်”

ဦးဘသာက အာပေါင်အာရင်းသန်သန်နဲ့အော်ပြောလို့ ကျုပ်မှာ သူ့ပါးစပ်ကို ပြေးပိတ်ရသေးတယ်။

“တိုးတိုးလုပ်စမ်းပါ ဦးဘသာရာ”

“အလတ်ကောင်ရာ၊ မင်းကလည်း ရွာထဲကလူတွေကို သစ်ပလွေရောင်းတော့ ဘယ်သူဝယ်မှာတုန်းကွ”

“အိုဗျာ၊ ရွာကလူတွေအတွက်မှမဟုတ်တာ”

ဦးဘသာလည်း သဘောပေါက်သွားပုံရတယ်ဗျ၊ ကျုပ်လည်း သစ်ပလွေတွေကို ရေဆေးပြီးတော့ အိမ်ကိုအမြန်ပြေးခဲ့တာပေါ့ဗျာ၊ အိမ်ရောက်တော့ ကျောက်ပြင်အနားမှာ လူတွေစုံနေတာပဲ၊ အငယ်ကောင်ရော၊ အကိုကြီးရော၊ မရီးရော သနပ်ခါးသွေးနေတဲ့အပြင် အငယ်မနှစ်ယောက်ပါ ဝိုင်းသွေးနေသေးတယ်။ ကျုပ်ဝင်လာတော့ အားလုံးကပြုံးကြည့်ပြီး

“ဟေ့ကောင်၊ ငါတို့တွေ သနပ်ခါးသွေးထားတာ ကျောက်ပြင်ပေါင်း ငါးဆယ်ကျော်ပြီကွ”

အကိုကြီးက အားရဝမ်းသာပြောပါရော၊ ဟုတ်တော့လည်းဟုတ်တယ်၊ သူတို့သနပ်ခါးတွေ သွေးသွေးပြီးတော့ အင်တုံကြီးထဲထည့်ထားတာ အင်တုံကြီးတောင် တစ်ဝက်လောက်ရှိတော့မယ်ဗျ၊ ဒီအတိုင်းဆက်သွေးခိုင်းလို့ကတော့ ကျုပ်တော့ မွဲပေါက်ပဲဗျာ။

“တော်ပြီ၊ တော်ပြီ ရပြီ”

ကျုပ်လည်း အင်တုံကြီးကိုပြေးဆွဲတာပေါ့ဗျာ၊ အကိုကြီးက အင်တုံကိုတစ်ဖက်ကနေဆွဲထားတယ်။

“ဟေ့၊ အခုပတ္တမြား၊ အခုနဂါးပဲအလတ်ကောင်”

“ဟုတ်တယ်၊ အကိုလတ်၊ ညီမတို့က လက်ညောင်းခံပြီးသွေးထားတာ နောက်တော့ အကိုလတ်က မပေးတော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ”

“နင်တို့ကလည်းဟာ၊ တစ်အိမ်တည်းနေတဲ့လူတွေပဲ၊ အကြွေးမှတ်ထား၊ ငါပြန်ဆပ်မယ်ဟုတ်ပြီလား”

ကျုပ်လည်း အင်တုံကြီးမပြီး ဦးဘသာခြံထဲပြေးခဲ့တာပေါ့၊ ပြီးတော့ ရေဆေးထားတဲ့သစ်ပလွေတွေကို သနပ်ခါးအင်တုံထဲကိုနှစ်၊ ပြီးတော့ နေပူထဲလှမ်းထားလိုက်တယ်ဗျာ၊ နောက်ရက်ကျတော့ အဝတ်တိုက်တဲ့ ဘရှက်ရ်နဲ့ အဲဒီသစ်ပလွေတုံးတွေက သနပ်ခါးလေးတွေကို ခြစ်ချလိုက်တော့ သစ်ပလွေတုန်းတွေက သနပ်ခါးနံ့ကူးပြီး မွှေးချက်ဗျာ။ ကျုပ်လည်း အဲဒီအတုံးတွေကို တောင်းကြီးတစ်လုံးထဲကိုထည့််ပြီးတော့ လာခဲ့တော့တာပေါ့။

“ရော့၊ ဒီမှာ သနပ်ခါးတွေ၊ ကောင်းမှကောင်းပဲဗျာ”

ကျောင်းအမကြီးကို သနပ်ခါးတောင်းကြီးချပေးလိုက်တော့ သူက ကောက်ပြီးတော့ နမ်းကြည့်တယ်။

“ဟုတ်ပါ့၊ မွှေးလိုက်တာ၊ ဘယ်လောက်ပေးရမလဲ”

“အတုံးကြီးအပွေးကောင်းတွေကိုတော့ ငါးကျပ်ပဲပေးဗျာ၊ ကျန်တာကတော့ သုံးကျပ်နဲ့ယူ”

“ဟယ်၊ တန်လိုက်တာ၊ အဲဒီတောင်းကြီးယူပြီးတော့ ငါ့နောက်လိုက်ခဲ့စမ်းပါ”

ဒီလိုနဲ့ ရွာဦးကျောင်းကိုသွားကြတာပေါ့ဗျာ၊ အဲဒီမှာ အောက်ပြည်ကလူတွေ စုပြီး ကျုပ်ရဲ့သစ်ပလွေတွေကို သနပ်ခါးအမှတ်နဲ့အားပေးလိုက်ကြတာ၊ တောင်းကြီးနှစ်တောင်းစလုံး ကုန်ပါရောလားဗျာ။ အမေကတောင် ကျုပ်ကို တအံ့တသြနဲ့ကြည့်နေတယ်။

“အလတ်ကောင်၊ ရွာထဲက သနပ်ခါးတွေက ကုန်ပြီမဟုတ်လား၊ နင်ဘယ်လိုလုပ်ပြီး သနပ်ခါးတွေထပ်ရတာလဲ”

ကျုပ်လည်း အမေယုံအောင် လိမ်ရတာပေါ့။

“ပေတောရွာက သနပ်ခါးမဖော်ရသေးဘူးတဲ့အမေရ၊ အဲဒီက ကိုအေးတို့ခြံမှာ သွားခုတ်လာခဲ့တာ”

အမေကတောင် ကျုပ်သနပ်ခါးကို တစ်တုံးယူလိုက်သေးတယ်၊ အမေက သေချာစစ်မကြည့်လို့သာပေါ့ဗျာ၊ စစ်ကြည့်ရင်တော့ အမေလည်းအညာသူဆိုတော့ သစ်ပလွေလား၊ သနပ်ခါးလားဆိုတာ တန်းသိမှာဗျ။ ခင်ဗျားတို့ပဲစဉ်းစားကြည့်ဗျာ၊ တောင်ရိုးပေါ်က အလကားရတဲ့ သစ်ပလွေတွေကိုခုတ်ပြီး တစ်တုံးကို ငါးကျပ်၊ သုံးကျပ်နဲ့ရောင်းတာဆိုတော့ အကုန်လုံးရောင်းကုန်ရော ကျုပ်လက်ထဲမှာ သုံးရာကျော်၊ လေးရာနီးပါး ကျန်တာပေါ့ဗျာ၊ အကိုကြီးတို့သနပ်ခါးသွေးထားတဲ့ ပိုက်ဆံပေးတော့မှ အကိုကြီးက ကျုပ်အနားကိုကပ်လာတယ်။

“ဟေ့အလတ်ကောင်၊ မင်းဘာလုပ်တယ်ဆိုတာ ငါသိတယ်နော်”

ကျုပ်ဖြင့် ပြာသွားတာပဲဗျာ။

“အလှူက မပြီးသေးဘူးကွ၊ အဖေ့ကို ငါပြောလိုက်ရင် မင်းဘာဖြစ်မယ်ထင်သလဲ”

အကိုကြီးက ကျုပ်ကိုခြိမ်းခြောက်နေပြီလေဗျာ၊ ဒါနဲ့ ကျုပ်လည်းအကိုကြီး အိပ်ကပ်ထဲကို ပိုက်ဆံငါးဆယ် ထည့််ပေးလိုက်တာပေါ့။ ဒီတော့မှ အကိုကြီးက ပြုံးသွားတယ်။ အိတ်ကပ်ကိုလက်နဲ့ပုတ်ပြီးတော့

“အေးပါ၊ စီးပွားရေးဆိုတာ လျှင်သူစားစတမ်းပဲကွ၊ ဒီတော့ မင်းအကြောင်းတွေ ငါဝမ်းထဲမှာပဲ သိမ်းထားလိုက်ပါ့မယ်”

အကိုကြီးထွက်သွားမှ ကျုပ်လည်း သက်ပြင်းချနိုင်တော့တယ်ဗျာ၊ မကြာပါဘူး အငယ်ကောင်ကလည်း ကျုပ်အနားကပ်လာတယ်။

“အကိုလတ်၊ ပေတောရွာက ဟိုတစ်လလောက်ကပဲ သနပ်ခါးဖော်လို့ကုန်သွားပြီတဲ့၊ ဒီတော့ အကိုလတ်သနပ်ခါးတွေက ဘာတွေလည်း၊ မဟုတ်မှလွဲရော တောင်ရိုးပေါ်က သစ်ပလွေ . . လွေ”

ကျုပ်လည်း အငယ်ကောင့်ပါးစပ်ကိုပိတ်လိုက်ပြီးတော့ နှစ်ဆယ်တန်တစ်ရွက်ထည့််ပေးလိုက်တာပေါ့၊ ဒါတောင်မှ ဒီကောင်က အင်တင်တင်ရယ်

“ငါးဆယ်မပေးရင် မယူဘူး”

ကျုပ်လည်းမတတ်နိုင်တဲ့အဆုံး ငါးဆယ်ထုတ်ပေးလိုက်ရတာပေါ့ဗျာ။ ပြီးတော့ ညီမနှစ်ယောက်က ကျုပ်နားကပ်လာရော

“အကိုလတ်သနပ်ခါးတုံးက ရင့််နေပေမယ့် နီမနေဘူးနော်၊ ညီမတို့အထင် သစ်ပလွေများလား”

ကျုပ်လည်း အိတ်ထဲက ငါးဆယ်ထုတ်လိုက်ပြီးတော့

“နင်တို့နှစ်ယောက်ခွဲယူကြ၊ ဒါငါပေးနိုင်တာအကုန်ပဲ”

စကားကိုအပြတ်ပြောလိုက်တော့မှ ညီမငယ်နှစ်ယောက်က ငါးဆယ်ကိုခွဲယူပြီး သနပ်ခါးတုံးကိုပေးသွားတယ်၊ ကျုပ်လည်း ပိုက်ဆံလေးတွေကုန်သွားလို့ ဘယ်နားဖွက်ရရင်ကောင်းမလဲဆိုပြီးကြည့်နေတုန်း ဗြုန်းဆိုအမေက ရောက်လာတယ်။

“အလတ်ကောင်၊ နင်သနပ်ခါးသွားခုတ်တာ၊ အမြစ်တွေရော၊ အကိုင်းတွေရော ဘယ်မှာလဲ”

ကျုပ်လည်း ဘာပြောရမှန်းမသိတော့ဘူးပေါ့ဗျာ၊ အမေက သူအားလုံးကို သိပြီးပြီဆိုတဲ့အထာနဲ့ ကျုပ်ရှေ့မှာလက်ဝါးဖြန့်တယ်၊ ကျုပ်လည်း ငွေငါးဆယ်ထုတ်ပြီးတော့ အမေ့လက်ထဲထည့်ပေးလိုက်တာပေါ့။

“နည်းသေးတယ်၊ နည်းသေးတယ်၊ ငါသာ နင့်အဖေကိုပြောလိုက်ရင် နင်တော့ထိပ်တုံးသုံးညလောက်အခတ်ခံရလောက်တယ်”

ဒီတော့ ကျုပ်လည်း နောက်ထပ်ငါးဆယ်ထပ်ထည့်ပေးလိုက်တာပေါ့၊ ဒီလိုနဲ့ ကျုပ်ရထားတဲ့ပိုက်ဆံက အိမ်နားတင် တစ်ဝက်လောက်ကုန်သွားပါရောဗျာ၊ မဟုတ်တာနဲ့လုပ်ထားတဲ့ပိုက်ဆံ၊ မဟုတ်တဲ့နည်းလမ်းနဲ့ ကုန်တယ်ဆိုတာ ဒါမျိုးကိုပြောတာဗျ၊ အမေထွက်သွားပြီးတော့ ကျုပ်လည်း ကျန်ခဲ့တဲ့ပိုက်ဆံကလေး ကိုင်ထားတုန်း အိမ်ပေါ်ထပ်ကနေ အဖေက ဗြုန်းဆိုဆင်းလာတယ်ဗျ။

“အလတ်ကောင် . . .”

အဖေခေါ်တဲ့လေသံက သူတစ်ခုခုကိုသိထားပြီဆိုတဲ့ လေသံမျိုးပေါ့၊ ကျုပ်လည်း ရှောင်မရတော့ဘူးလေဗျာ၊ ဒါနဲ့ပဲ ကျန်တဲ့ပိုက်ဆံလေးတွေကို ကိုင်ပြီး ငိုမဲ့မဲ့မျက်နှာနဲ့ အဖေ့လက်ထဲကို ပိုက်ဆံတွေအကုန်ထည့်ပေးပြီးတော့ အိမ်ကနေထွက်ခဲ့တာပေါ့ဗျာ၊ အဖေကတော့ ကျုပ်ကိုခေါင်းကုပ်ရင်းကြည့်နေလေရဲ့

“အလတ်ကောင်၊ သူ့နာမည်ခေါ်လိုက်တာနဲ့ ငိုမဲ့မဲ့နဲ့ပါလား၊ နောက်ပြီး ငါ့ကိုပိုက်ဆံတွေလည်းပေးသွားသေးတယ်၊ မဟုတ်မှလွဲရော၊ ဒီကောင်သူ့အမေဆီကနေ ခိုးထားတဲ့ပိုက်ဆံတွေဖြစ်မယ်”

အဖေက ပြုံးဖြီးဖြီးနဲ့ အိပ်ကပ်ထဲကို ပိုက်ဆံထည့်လိုက်တာပေါ့ဗျာ၊ ကျုပ်လည်း နောက်မှသိခဲ့ရတာက အဖေက အဲဒီအကြောင်းတွေ ဘာကိုမှမသိဘူးတဲ့ဗျ၊ ကျုပ်ကသာ အိုးမလုံအုံပွင့်ဖြစ်ပြီးတော့ အဖေ့ကိုပိုက်ဆံတွေအကုန်ပေးခဲ့တာကို နောင်တရလို့မဆုံးဘူးပေါ့ဗျာ၊ အောက်ပြည်ကလူတွေဆိုတော့ သစ်ပလွေမှန်းဘယ်သိမလဲ၊ သနပ်ခါးတွေ ပေါပေါရတယ်ဆိုပြီးတော့ တစ်မျိုးလုံးတစ်ဆွေလုံး လိမ်းဖို့ဆိုပြီး သယ်သွားကြလေရဲ့ဗျာ။

သစ်ပလွေနဲ့သနပ်ခါးက အကုန်တူပေမယ့် ဘာကွာသလဲဆိုရင်တော့ သနပ်ခါးက အေးတယ်၊ သစ်ပလွေက ပူတယ်ဗျ၊ ကျုပ်တို့အညာဘက်ဆို သစ်ပလွေမလိမ်းနိုင်ဘူး၊ နေကလည်းပူ၊ သစ်ပလွေကလည်းပူဆိုတော့ ဘယ်ခံနိုင်ပါ့မလဲဗျာ၊ အောက်ပြည်အောက်ရွာကတော့ နည်းနည်းအေးတယ်ဆိုတော့ နေသာထိုင်သာရှိလိမ့်မယ်ထင်တာပါပဲဗျာ။ ဒါကတော့ ကျုပ်သနပ်ခါးကို အင်ထုရောင်းပြီး ကြီးပွားခဲ့တာလေးကို ကြွားတာပါ၊ ခင်ဗျားတို့လည်း အညာရောက်လို့ သနပ်ခါးစစ်မစစ်ကိုမခွဲတတ်လို့ကတော့ သစ်ပလွေနဲ့ညားပြီသာမှတ်ဗျာ။

(၃)

တောင်ရိုးပေါ်မှာပေါက်တဲ့ သနပ်ခါးဆိုတာ ရှိသေးတယ်ဗျ၊ သူက သဘာဝအတိုင်းပေါက်တာဆိုတော့ အပင်က သိပ်မသန်ရှာပါဘူး၊ အလွန်ဆုံးရှိမှ ဒူးလောက်၊ တော်တော်ကို လူသူမရောက်တဲ့နေရာမှာ ပေါင်လောက်ရှိတတ်တာဗျ၊ သူ့ကိုကျတော့ ကျုပ်တို့က သနပ်ခါးအရိုင်းလို့ခေါ်တယ်။ သနပ်ခါးအရိုင်းက အပွေးမရှိတော့ လိမ်းလို့သိပ်မကောင်းဘူး၊ ဒါပေမယ့် သူ့အမြစ်က မြေကြီးထဲမှာရှိတာဗျ၊ အဲဒီအမြစ်က သာမန်သနပ်ခါးပင်ရဲ့အမြစ်ထက် ပိုမွှေးတယ်၊ ဆေးဘက်လည်းတအားဝင်တယ်၊ သနပ်ခါးနဲ့ဆေးဖော်ရင် အဲဒီတောင်ရိုးပေါ်က သနပ်ခါးအရိုင်းတွေနဲ့ ဖော်တတ်ကြတယ်။ တစ်ချို့ဆို တောင်ရိုးပေါ်သွားရင်း သနပ်ခါးပင်တွေ့ရင် တိတ်တိတ်လေးနေရာမှတ်ထားကြတယ်၊ နွယ်ပင်တွေဘာတွေနဲ့ဖုံးထားတတ်ကြသေးတယ်ဗျ။

တစ်ခါကလည်း ကျုပ်နဲ့အကိုကြီးနဲ့ တောင်ရိုးပေါ်ကို တက်ခဲ့ကြတယ်၊ တက်ခဲ့တာကတော့ မှိုရှာတက်ခဲ့တာပေါ့၊ ဒါပေမယ့် မှိုမတွေ့ဘဲ မြောင်ကြောထဲမှာ ပေါက်နေတဲ့ သနပ်ခါးပင်ကိုတွေ့ပါရောဗျာ၊ အဲဒီနေရာမှာ မြေကြီးက ပြောင်ပြောင်ကလေးဖြစ်နေတာ၊ ကျုပ်လည်း သေချာသွားကြည့်တော့မှ သနပ်ခါးပင်ဗျ၊ အရွယ်က လူကြီးခါးစောင်းလောက်တောင်ရှိနေပြီ၊ ဟောဒီမြောင်ကလေးက မတ်စောက်တော့ တော်ရုံလူဆို မတက်မဆင်းကြဘူး၊ တောင်ကမ်းပါးကို ဖက်တက်ရ၊ ဖက်ဆင်းရတာကိုးဗျ၊ ကျုပ်သာ ဆတ်ဆော့ပြီးတော့ ရောက်လာခဲ့တာမဟုတ်လား။

ခါးစောင်းလောက်ဆိုရင် အမြစ်ကလည်းအတော်ကြီးနေလောက်ပြီ၊ ကျုပ်လည်း ဓါးနဲ့အဲဒီမြေပြင်ကလေးကို အသာဖဲ့တူးတာပေါ့ဗျာ။

“အဟမ်း . . .”

နားထဲ ချောင်းဟန့်သံတစ်ချက်ကြားလိုက်ရတယ်၊ ကျုပ်လည်း ဘေးဘီလှည့်ကြည့်တော့ ဘာမှမတွေ့ဘူူး၊ ကျုပ်များ နားကြားမှားသလားဆိုပြီးတော့ ဆက်တူးနေတာပေါ့ဗျာ၊ ဒီအခါမှာပဲ နောက်ထပ် ချောင်းဟန့်သံထပ်ကြားရတယ်၊ ကျုပ်လှည့်ကြည့်လိုက်တော့ အကိုကြီးက ကျုပ်ဆီကို လာနေတယ်ဗျ၊ နောက်တော့ ကျုပ်အနားရောက်လာတယ်။

“အလတ်ကောင်၊ ဘာလုပ်နေတာလဲ”

“ဒီမှာမတွေ့ဘူးလား”

“သနပ်ခါးကတော့ ခပ်ကောင်းကောင်းပဲဟေ့၊ ဒါနဲ့ ခုနကဘယ်သူလဲကွ”

ကျုပ်အတော်အံ့သြသွားတာ။

“ဘယ်သူလဲဗျ”

“မင်းသနပ်ခါးကုန်းတူးနေတုန်း၊ ဟောဟိုနားမှာ ရပ်နေတဲ့လူကြီးလေကွာ၊ ငါအခုရောက်တော့ မတွေ့တော့ပါလား”

ကျုပ်စိတ်ထင်တော့ တောခြောက်ပြီထင်တာပဲ၊ ဒါနဲ့ အကိုကြီးကိုပါ သနပ်ခါးပင်ဝိုင်းတူးခိုင်းပြီးတော့ ညီအကိုနှစ်ယောက် သနပ်ခါးပင်ထမ်းပြီး ပြန်လာခဲ့ကြတာပေါ့ဗျာ၊ တောင်ရိုးပေါ်က သနပ်ခါးပါရင် အမေက ဝမ်းသာလို့မဆုံးဘူးဗျ၊ အလကားလည်းရတယ်၊ အဲဒီသနပ်ခါးက ရှားတော့ အဖိုးလည်းတန်တယ်မဟုတ်လားဗျာ။ ဒါနဲ့ ကျုပ်တို့လည်း သနပ်ခါးပင်ကို လှေကားရင်းမှာထောင်ပြီးတော့ ရေမိုးချိုး၊ ထမင်းစားတာပေါ့ဗျာ၊ ညနေစောင်းနေပြီဆိုတော့လည်း ဒီသနပ်ခါးပင်ကို ဆေးကြောပြီး ဖြတ်ဖို့ပြုဖို့ မနက်ဖြန်မှလုပ်တော့မယ်ဆိုပြီး ဒီအတိုင်းပစ်ထားလိုက်တာပေါ့ဗျာ။

ညရောက်ရင် ကျုပ်တို့အိမ်ပေါ်ထပ်မှာအိပ်တဲ့လူတွေက အိမ်ပေါ်တက်ခဲ့ကြပြီ၊ အကိုကြီးတို့လင်မယားလည်း အိပ်ခန်းထဲဝင်ပေါ့၊ အဖေကတော့ ညခုနစ်နာရီ၊ ရှစ်နာရီလောက်ဆို ဘုရားကန်တော့တယ်၊ အမေကတော့ မီးဖိုထဲက မထွက်ရသေးဘူး၊ မနက်ခင်းချက်ပြုတ်ဖို့ ပြင်ဆင်နေရတာပေါ့ဗျာ၊ အငယ်မနှစ်ယောက်က အခန်းထဲမှာ တုံးလုံးပက်လက်ပေါ့၊ အငယ်ကောင်လည်း သူလုပ်စရာရှိတာလုပ်၊ ကျုပ်ကတော့ စာအုပ်လေးကိုင်လာပြီးတော့ အဖေထိုင်တဲ့ခုံတန်းကလေးမှာ ထိုင်ပြီး စာဖတ်နေတာပေါ့ဗျာ။

“တောက် . . .ခွီး”

တောက်ခေါက်သံရယ်၊ ချွဲခပ်တဲ့အသံလို အသံကြီးရယ် ကြားလိုက်ရတာဗျ၊ ကျုပ်က ခုံတန်းလေးမှာထိုင်နေတာဆိုတော့ အသံက ကျုပ်ဘေးကနေထွက်လာနေတာ၊ ကျုပ်လည်းကြည့်လိုက်တော့ ဘယ်သူမှမရှိဘူး၊ ခပ်လှမ်းလှမ်း မီးဖိုချောင်ထဲမှာတော့ အမေက ပဲတွေရေစိမ်နေတယ်။ ကျုပ်လည်း စာပြန်ဖတ်နေရင်း

“ဟာ . . .ဟေ့”

အော်သံကြားပြန်ရောဗျာ၊ လူကြီးတစ်ယောက်က ကြိမ်းမောင်းနေတဲ့အသံလိုပဲဗျ၊ ကျုပ်ကတော့ အဖေများအိမ်ပေါ်ကနေ အော်နေသလားပေါ့၊ အမေက ပဲတွေရေစိမ်ပြီးတော့ မီးဖိုချောင်ထဲကအထွက်လက်ထဲမှာ ကိုင်ထားတဲ့ အိုးကြီးပြုတ်ကျပါရော။

“အောင်မယ်လေးတော့”

“အမေဘာဖြစ်တာလဲ”

“မဟုတ်ဘူး၊ ခုနက ဒီအနားမှာ လူတစ်ယောက်ရပ်နေသလားလို့”

ကျုပ်အမေပြတဲ့လှေကားရင်းကိုကြည့်လိုက်တော့လည်း ဘာမှမတွေ့ဘူးဗျ။ အမေက ကျသွားတဲ့အိုးပြန်ကောက်ပြီး အိမ်ပေါ်တက်သွားတော့ ကျုပ်လည်း စာဆက်ဖတ်နေတယ်၊ ဖတ်နေတဲ့စာအုပ်ကလည်း စုန်းစာအုပ်၊ သရဲစာအုပ်ဗျာ၊ ဖတ်နေရင်းနဲ့ နောက်ကျောတွေချမ်းတက်လာပြီးတော့ ခေါင်းမွှေးတွေပါ ထောင်ထလာတာ၊ ကျုပ်က အစကတော့ သရဲစာအုပ်ဖတ်ပြီး ကိုယ့််ဖာသာကြောက်နေတယ်မှတ်တာဗျ။ နောက်တော့ အဟမ်းဆိုတဲ့ အသံကြားလိုက်ရလို့ ဖြတ်ခနဲလှည့်ကြည့်လိုက်တော့ ကျုပ်အနောက်မှာ လူရိပ်ကြီးဗျာ၊ ကျုပ်ကြည့်လိုက်တဲ့အချိန်မှာပဲ ဖြတ်ခနဲပျောက်သွားတာ၊ ကျုပ်လည်း တစ်ခုခုထူးဆန်းနေပြီဆိုပြီးတော့ ခုံတန်းပေါ်က မီးခွက်ကိုမှုတ်ပြီး အိမ်ပေါ်ပြေးတက်ခဲ့တာပေါ့။

အဖေက ဘုရားရှိခိုးနေရင်း ရပ်သွားတယ်ဗျ၊ ပြီးတော့ လှေကားထိပ်မှာရပ်နေတဲ့ ကျုပ်ကိုလှည့်ကြည့်တယ်။

“အလတ်ကောင် လှေကားထိပ်ကနေဖယ်စမ်းကွာ”

“အဖေ ဘာဖြစ်လို့လဲ”

“ငါဘုရားရှိခိုးနေတုန်း လှေကားထိပ်ကနေ တစ်ယောက်ယောက်က လက်အနောက်ပစ်ပြီးကြည့်နေသလိုပဲ၊ လူပုံကတော့ အဘိုးကြီးတစ်ယောက်ပုံပဲ၊ ငါမျက်စိမှိတ်ပြီး ဘုရားရှိခိုးနေတုန်း အာရုံထဲမှာ ပေါ်လာတာဟ”

“ဒါဆို ကျုပ်လည်းအတူတူပဲအဖေ၊ ကျုပ်တို့တော့ သရဲခြောက်ခံထိတာလား၊ ဒါမှမဟုတ် အတိုက်တစ်ခုခုရှိနေပြီလားပဲ”

အဖေက တိုင်ကနာရီကိုလှမ်းကြည့်တယ်ဗျ။ နာရီက ရှေးဟောင်းချိန်သီးနာရီကြီးပေါ့၊ အချိန်က ရှစ်နာရီထိုးတော့မယ်၊ အဖေက ကြည့်နေရင်း

“ဦးဘသာ မအိပ်လောက်သေးဘူးထင်တယ်”

ကျုပ်လည်း အဖေဘာကိုဆိုလိုချင်တယ်ဆိုတာ သိပြီမို့ ဦးဘသာအိမ်ကို အပြေးလာခဲ့တော့တယ်။ ဦးဘသာအိမ်ထဲမှာ ဆီမီးအလင်းရောင်လေးမြင်တော့ ခြံဝကနေလှမ်းခေါ်တာပေါ့ဗျာ။ ဦးဘသာက အိမ်ပေါ်ကနေဆင်းလာတယ်။

“နှောင့်ယှက်ရတာတော့ အားနာပါတယ်ဦးဘသာ၊ အိမ်မှာတစ်ခုခုဖြစ်နေပြီ”

ဦးဘသာက မဲ့ပြုံးပြုံးလိုက်ပြီး

“ငါထင်ပြီးသားပါကွ”

အဲဒီလိုပြောပြီး ကျုပ်အနောက်လိုက်လာခဲ့တယ်၊ ခြံထဲကိုတန်းဝင်လိုက်တာနဲ့ အိမ်လှေကားရင်းနားမှာ ထောင်ထားတဲ့ သနပ်ခါးပင်ကြီးအနားကို ကပ်သွားတာပဲ၊ ပြီးတော့ သေသေချာချာကြည့်နေရင်း

“မင်းတို့ ဒီအပင်ကို ဘယ်ကခုတ်လာတာလဲ”

“တောင်ရိုးကြားထဲ မြောင်ကလေးကပါ ဦးဘသာ”

“အေးအေး၊ တစ်မိသားစုလုံး ဟောဒီမြေကြီးမှာထိုင်ကြစမ်း၊ ပြီးတော့ လက်အုပ်ချီပြီး သနပ်ခါးပင်ကိုတောင်းပန်ကြ”

ကျုပ်တို့ထူးဆန်းသွားတော့မယ်။

“ဘာဖြစ်လို့လဲဗျ”

“မင်းတို့ခုတ်လာတဲ့အပင်မှာ မြင့်မြတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်နေတယ်ကွ၊ သူက မင်းတို့ကိုမကျေနပ်ပေမယ့်် သူလုပ်ရင် မင်းတို့ဒုက္ခဖြစ်မှာစိုးလို့ သည်းခံနေတာဟေ့၊ ခုနက မင်းအဖေဘုရားရှိခိုးတာကိုလည်း သူက နားထောင်နေပုံရတယ်၊ ဘုရား၊ တရားသမား၊ သူတော်ကောင်းကြီးပါ၊ မင်းတို့ သူတော်ကောင်းကို ပြစ်မှားမိပြီ”

ဦးဘသာပြောတော့ ကျုပ်တို့လည်း ထိုင်ပြီးကန်တော့တာပေါ့ဗျာ၊ မှားတာရှိရင် ခွင့်လွှတ်ပေးဖို့ တောင်းပန်တာပေါ့၊ ကျုပ်ပြန်တွေးကြည့်တော့လည်း သနပ်ခါးပင်ခုတ်ခါနီးမှာ ချောင်းဟန့်သံတွေ ဘာတွေကြားရတယ်မဟုတ်လား၊ ဒီတော့ ကျုပ်ကိုများ သတိပေးတာများလားပေါ့ဗျာ။ ဦးဘသာကလည်း သနပ်ခါးပင်ကြီးကိုကြည့်ပြီးတော့

“ဒီအပင်မှာနေထိုင်တဲ့ ဘိုးဘိုးကြီးခင်ဗျာ၊ ကလေးတွေက မသိနားမလည်မိလို့ မိုက်မှားမိပါတယ်၊ ဘိုးဘိုးကြီး ခွင့်လွတ်သည်းခံပေးပါ၊ ကလေးတွေကိုလည်း အပြစ်မယူပါနဲ့၊ မနက်ဖြန်မနက်ပဲ ဘိုးဘိုးကြီးရဲ့နေရပ်ကို ပြန်လည်ပို့ဆောင်ပေးပါ့မယ်”

ဦးဘသာပြောလိုက်တော့ သနပ်ခါးနံ့တွေ မွှေးတက်လာတာဗျာ၊ သနပ်ခါးပင်က အနံ့နဲ့မတူဘဲ သနပ်ခါးပန်းမွှေးသလိုကို မွှေးလာတာ၊ ဘိုးဘိုးကြီးက သူခွင့်လွှတ်ကြောင်း ပြတဲ့ပုံပဲဗျ၊ အဲဒီအပင်မှာ ပုဂ္ဂိုလ်ရှိလို့ သူများတွေက တွေ့ပေမယ့် မတူးမခုတ်ခဲ့တာနေမှာပါ၊ ဦးဘသာက ကျုပ်တို့ဘက်ကိုလှည့်ပြီး

“မင်းတို့ကောင်တွေ၊ သစ်ပင်တွေကို မဆင်မခြင်ခုတ်လိုခုတ်၊ တူးလိုတူးလုပ်ကြတာ သတိထားကွ၊ သူတော်ကောင်းနဲ့တွေ့လို့သာပေါ့ကွာ၊ ဘီလူးတို့၊ ကုမ္ဘာန်တို့နဲ့တွေ့ရင် မင်းတို့ကောင်တွေအခုလောက်ဆို သေလောက်ပြီကွ၊ တောထဲတောင်ထဲမှာ သစ်မွှေးတို့၊ နံ့သာပင်တို့ တွေ့ရင် သတိထားရတယ်၊ နတ်တွေ၊ ဘီလူးတွေ ကပ်နေတတ်တယ်ကွ”

ကျုပ်တို့လည်း အဲဒီညတော့ သိပ်မအိပ်ရဲဘူးဗျ၊ အဲဒီအပင်ကြီးက ဘာဖြစ်မလဲဆိုပြီးတော့ တွေးပူနေမိတာ၊ ဒါပေမယ့် တောင်းပန်လိုက်လို့ထင်ပါတယ်ဗျာ၊ တစ်ညလုံးတော့ ဘာမှမဖြစ်တော့ဘူးဗျ၊ အဲ . . . သနပ်ခါးနံ့ကတော့ မွှေးနေတော့တာပဲ။

မနက်ရောက်တော့ ကျုပ်တို့ညီအကိုတွေ သနပ်ခါးပင်ကြီးထမ်းပြီး ပြန်ခဲ့ကြတယ်၊ ကျုပ်တို့တွေ့ခဲ့တဲ့နေရာမှာ ပြန်စိုက်ပေးခဲ့ပြီးတော့ တောင်းပန်ခဲ့တာပေါ့ဗျာ၊ သနပ်ခါးပင်စိုက်ပြီးတော့ ကျုပ်တို့ပြန်ထွက်လာပြီး ကျုပ်လည်း နောက်ကျောမလုံသလိုဖြစ်တာနဲ့ ဖြတ်ခနဲလှည့်ကြည့်တော့ အဘိုးကြီးတစ်ယောက်က ရပ်နေတာဗျ၊ ဝတ်ဖြူစင်ကြယ်ဝတ်ထားပြီး ဖြူဖြူကြီးဗျ၊ ကျုပ်လှည့်ကြည့်ပြီး မျက်စိအရှေ့မှာပဲ ပျောက်သွားတာထူးဆန်းပါပေ့ဗျာ။

(၄)

ခုတစ်လောတော့ အိမ်မှာရန်တွေဖြစ်နေတယ်ဗျ၊ ဖြစ်တာကလည်း အကြောင်းအရာက ကြီးကြီးမားမားမဟုတ်ဘူး၊ မနက်စောစော လယ်ထဲဆင်းမယ်ဆိုပြီးတော့ ကျုပ်လည်း အိမ်က ကျောက်ပြင်ကြီးမှာ သနပ်ခါးသွေးပြီးတော့ ဖုံနေအောင်လူးပြီး ဆင်းလာခဲ့တာပေါ့ဗျာ၊ ထမင်းစားဖို့ စားပွဲမှာထိုင်လိုက်တော့ အကိုကြီးက ကျုပ်မျက်နှာကိုကြည့်တယ်ဗျ။

“စောစောစီးစီး၊ မင်းမျက်နှာကိုကြည့်ရတာ ကျက်သရေမရှိဘူး အလတ်ကောင်ရာ”

ကျုပ်စိတ်ထဲလည်း ထောင်းခနဲဒေါသထွက်သွားတယ်။

“အောင်မာ၊ အကိုကြီးမျက်ခွက်ကရော ဘယ်လောက်ကျက်သရေရှိနေလို့လဲ”

အကိုကြီးကလည်း ကျုပ်လိုပဲ သနပ်ခါးတွေ ဘဲကြားလူးထားတာပေါ့ဗျာ၊ အတူတူနဲ့အနူနူကို ဘိန်းစားချင်းတစ်လုံးပိုရှူချင်နေတဲ့အကိုကြီးကို ကျုပ်လည်း ပြန်အော်ပြောလိုက်တာပေါ့။ အကိုကြီးကလည်း ဒေါသဖြစ်သွားပုံရတယ်ဗျ၊ သူ့လက်ထဲကိုင်ထားတဲ့ ရေနွေးခွက်နဲ့ ကျုပ်ကိုလှမ်းပေါက်ထည့်တာ၊ ကျုပ်က လည်း အရှောင်အတိမ်းက မြန်ပေလို့ပေါ့ဗျာ၊ ခေါင်းကိုအသာငုံ့ရှောင်လိုက်တော့ ကျုပ်အနောက်နား အိမ်အောက်ထပ်အခန်းထဲကနေ ထွက်လာတဲ့ နို့ညှာညီမရဲ့ ခြေခံကိုသွားထိပါလေရော၊

“အား . . . သေပါပြီ၊ သူတောင်းစားကြီး နင်ဘာလုပ်တာလဲ”

နို့ညှာမက ရေနွေးအကြမ်းပန်းကန်လုံးကို ကောက်ပြီး အကိုကြီးဆီကိုပြန်ပစ်လိုက်တော့ အကိုကြီးဘေးနားမှာ မအူမလည်နဲ့ထိုင်နေတဲ့ အငယ်ကောင်ရဲ့ခေါင်းကို ဒေါင်ခနဲမှန်သွားတာပေါ့ဗျာ၊ အငယ်ကောင်ကလည်း မတ်တပ်ထရ့ပ်တယ်၊ ပြီးတော့ ရန်တွေဖြစ်ကြတာ ပြောမနေပါနဲ့ဗျာ။ အကိုကြီးနဲ့ကျုပ်နဲ့ဆိုရင် ရန်ဖြစ်ပြီး ညီအကိုချင်းထိုးကြတာဗျ၊ အဲဒါနဲ့ အဖေက ကျုပ်တို့ကို ထိပ်တုံးခတ်လိုက်ပါရော၊ ကျုပ်တို့ညီအကိုဆို တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းတောင် မဆိုင်ချင်ဘူး။

အမေကတော့ မကောင်းတတ်လို့ ထမင်းလာကျွေးတယ်၊ ပြီးတော့ ကျုပ်တို့နှစ်ယောက်ရဲ့ခေါင်းကို သံပန်းကန်ပြားနဲ့ခေါက်ပြီး ဆဲလိုက်ဆိုလိုက်တာလည်း ပြောမနေပါနဲ့တော့ဗျာ။ ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် အိမ်မှာ ရန်ပွဲတွေချည်းဆက်နေတော့တာ၊ အကိုကြီးတို့လင်မယားလည်း ကြုံရင်ကြုံသလိုရန်ဖြစ်ကြ၊ အငယ်မနှစ်ကောင်လည်း ဘာမဟုတ်တာနဲ့ရန်ထဖြစ်ပြီးတော့ ပါးတွေဆွဲရိုက်လိုက်၊ ဆံပင်တွေ ဆွဲလိုက်နဲ့၊ အမေကလည်း တစ်အိမ်လုံးနဲ့တစ်ယောက်ဆိုသလိုဖြစ်နေတာဗျ။

နောက်ရက်တော့ လယ်ထဲကိုသုန်သုန်မှုန်မှုန်နဲ့ဆင်းလာတဲ့ကျုပ်ကိုမြင်တော့ ဦးဘသာက သေချာစိုက်ကြည့်တယ်၊ ပြီးတော့ လယ်တဲထဲကိုလည်းကြည့်တယ်။ ကျုပ်တို့မောင်နှမလေးယောက် လယ်ထဲသာဆင်းလာတာ၊ တစ်ယောက်နဲ့တစ်ယောက် ဘုနဲ့ဘောက်ဖြစ်နေကြတာကိုးဗျ၊ ပြောလို့မှမဆုံးသေးဘူး မီးဖိုမီးမွှေးတဲ့ ပြဿနာနဲ့ ကျုပ်နဲ့အငယ်မ ရန်ဖြစ်ပါရောလား၊ ကျုပ်လည်း စိတ်တွေအတော်တိုတယ်ဗျ၊ ဒါနဲ့ ပေါက်တူးကောက်ပြီး အငယ်မခေါင်းကိုပြေးခုတ်တာဗျ။

“ဟေ့ကောင်ရပ်စမ်း”

ဦးဘသာအော်လိုက်တော့မှ ကျုပ်လည်းတန့်ခနဲရပ်သွားတာဗျ၊ ပေါက်တူးအသွားက အငယ်မ ငယ်ထိပ်ကိုကျဖို့ ကပ်သီးလေးဗျာ၊ ကျုပ်တစ်ကိုယ်လုံးလည်း ဘယ်လိုဖြစ်နေတယ်မသိဘူး။

“စိတ်ကိုလျော့ထားစမ်းပါအလတ်ကောင်ရာ”

“မသိဘူးဗျာ၊ ကျုပ်ကတော့ စိတ်တိုတယ်၊ သူ့ကိုသတ်မယ်”

“ဟာကွာ၊ မင်းက ပြောလေကဲလေပါလား၊ ဟောဒီမှာလာထိုင်”

ကျုပ်လည်း ဦးဘသာပြတဲ့နေရာကို ဘောက်ဆတ်ဘောက်ဆတ်နဲ့သွားပြီးတော့ ငုတ်တုတ်ထိုင်ချလိုက်တယ်။

“မီးမွှေးတဲ့ပြဿနာနဲ့ မောင်နှမချင်းသတ်စရာမလိုပါဘူးကွ၊ ပြီးတော့ ငါကြည့်နေတာ၊ အခုတစ်လော မင်းတို့မောင်နှမတွေ သိပ်ပြီးအစေးမကပ်သလိုပဲ”

“အိုဗျာ၊ ဒီကောင်မတွေကမှ သောက်ချိုးမပြေတာ”

“ပြောလေကဲလေပါလား အလတ်ကောင်ရာ၊ မှန်းစမ်း၊ မင်းမျက်လုံးကိုငါကြည့်ရအောင်”

ဦးဘသာက ကျုပ်မျက်နှာကိုသေချာကိုင်ပြီးတော့ မျက်လုံးကိုသေသေချာချာကြည့်တယ်၊ ပြီးတော့

“သွားကွာ အလတ်ကောင်၊ မင်းစိတ်ကြည်သွားအောင် မျက်နှာသွားသစ်လိုက်”

လယ်တဲအရှေ့မှာချထားတဲ့ စဉ့်အိုးထဲကရေနဲ့ ကျုပ်လည်းမျက်နှာသစ်ထည့်လိုက်တယ်။ ဦးဘသာက ကျုပ်ကိုသေချာကြည့်ပြီး

“ကဲ မင်းဘာထူးခြားသလဲ”

ကျုပ်လည်း မစဉ်းစားတတ်တော့ဘူးဗျ။

“မင်းညီမ မီးမွှေးလို့ မီးခိုးမွှန်တာနဲ့ မင်းကသူ့ကိုရိုက်သတ်တော့မလားကွ”

“ဟာဗျာ၊ ခုနက ဒေါသထွက်နေလို့ဗျ၊ အဲဒီလိုလုပ်စရာလား”

“မင်းတို့အိမ်မှာဖြစ်နေတာ သွေးရိုးသားရိုးလို့တော့ ငါမထင်ဘူးကွာ”

“ဒါဆို ဘယ်လိုဖြစ်နေတယ်လို့ ဦးဘသာကထင်လို့လဲ”

“ငါ့အထင်ကတော့ သနပ်ခါးကြောင့်ကွ”

“ဗျာ၊ သနပ်ခါးတဲ့လား”

“ဒီလိုလုပ်ကွာ ညနေအိမ်ပြန်ရင် မင်းတို့အိမ်က သနပ်ခါးတုံးကို ငါ့ဆီကိုယူလာခဲ့”

“ညနေစောင့်မနေပါနဲ့ဗျာ၊ ကျုပ်အခုပဲပြေးယူမယ်”

ကျုပ်လည်း အိမ်ပြန်ပြေးခဲ့တယ်၊ အိမ်မှာ ကျန်ခဲ့တဲ့အမေက အဖေ့ကိုပွစိပွစိနဲ့ ပြောဆိုနေတယ်။ အမေ့မျက်နှာကြည့်တော့လည်း သနပ်ခါးအဖွေးသားနဲ့ဗျ။ အဖေကတော့ သနပ်ခါးမလူးဘူးလေ၊ ကျုပ်အိမ်ပေါ်တက်ခဲ့ပြီးတော့ ကျောက်ပြင်ကြီးအနားက သနပ်ခါးတုံးကြီးကိုယူလိုက်တယ်၊ သနပ်ခါးတုံးကြီးက ထွာဆိုင်လောက်နီးနီးကိုရှိတယ်ဗျ။ အပွေးကောင်းပြီးတော့ နီရဲနေတာပဲဗျာ။

ကျုပ်လည်း သနပ်ခါးတုံးယူပြီး ဆင်းလာတုန်းရှိသေးတယ်၊ ကျုပ်မရီးနဲ့အမေနဲ့ ရန်တွေဖြစ်ကုန်ပါရောလား၊ ကျုပ်လည်း ကြံရာမရတာနဲ့ လက်ကိုရေဆွတ်ပြီးတော့ အမေ့မျက်နှာကို အတင်းဝင်ပွတ်တယ်၊ အမေ့ပါးက သနပ်ခါးတွေ ပျက်သွားတော့မှ အမေက ဒေါသလျော့သွားတယ်ဗျ။ ကျုပ်လည်း သနပ်ခါးကြောင့်ဆိုတာ သိပြီမို့ ဦးဘသာဆီအမြန်ပြေးခဲ့တာပေါ့ဗျာ။

လယ်တဲရောက်တော့ အငယ်မတို့အားလုံး မျက်နှာသစ်ပြီးသားဖြစ်နေပြီ၊ အားလုံးကလည်း ခုနကလို ဒေါသတွေထွက်မနေဘဲ မှုန်ကုပ်ကုပ်နဲ့ဗျ၊ ကျုပ်လည်း သနပ်ခါးတုံးကို ဦးဘသာကိုပေးလိုက်တယ်။ ဦးဘသာက သနပ်ခါးတုံးကို သေသေချာချာကြည့်ပြီးတော့ ခေါင်းညိတ်တယ်။

“အလတ်ကောင်ရေ၊ အိုးမဲနည်းနည်းယူခဲ့ကွာ”

ကျုပ်လည်း ရေနွေးအိုးဖင်မှာ ကပ်နေတဲ့အိုးမဲတွေယူလိုက်တာပေါ့ဗျာ၊ ထင်းမီးဖိုဆိုတော့ အိုးမဲတွေကပ်နေတာ မနည်းဘူးပေါ့၊ ဦးဘသာက အိုးမဲကိုလက်မှာတို့ပြီးတော့ သနပ်ခါးတုံးရဲ့ လွှနဲ့ဖြတ်ထားတဲ့ ထိပ်နဲ့အောက်ဘက်ကို အိုးမဲနဲ့သေချာသုတ်တယ်ဗျ၊ နှစ်ဖက်စလုံးကို စိမ်ပြေနပြေ အိုးမဲသုတ်ပြီးတော့မှ ကျုပ်ကိုပြတယ်။

“ဒီမှာ ဘာတွေလည်း၊ ကြည့်လိုက်စမ်း”

ကျုပ်ကြည့်လိုက်တော့ သနပ်ခါးတုံးရဲ့ ထိပ်နဲ့အောက်ဘက်က လွှနဲ့တိတိဖြတ်ထားတဲ့နေရာမှာ လေးကွက်အင်းတွေတွေ့တယ်ဗျ၊ အင်းဆံတွေကတော့ အင်္ဂလိပ်အက္ခရာလိုလိုတွေရေးထားတာ။ လွှနဲ့တိုက်ထားတဲ့နေရာဆိုတော့ ဒီအတိုင်းကြည့်လို့ မမြင်ရဘူူးဗျ၊ အိုးမဲနဲ့သုတ်တော့မှ အင်းဆွဲထားတဲ့ အခြစ်ကြောင်းကလေးတွေက ထင်းနေအောင် ပေါ်လာတာ။

“အဲဒါ အင်းတွေလား”

“သေချာတာပေါ့ကွာ၊ ဟိုဖက်ထိပ်၊ ဒီဖက်ထိပ်ဆွဲထားတာက မတည့်တဲ့အင်းလို့ခေါ်တယ်ကွာ၊ ဒီအင်းကြောင့် ဟောဒီသနပ်ခါးတုံးကို သွေးပြီးလိမ်းမိသူတိုင်း တစ်ယောက်မျက်နှာတစ်ယောက်မြင်တာနဲ့ ရန်ဖြစ်ချင်လာတယ်၊ တစ်ခုခုဆိုရင် ဒေါသထွက်လာတယ်ပေါ့ကွာ၊ မင်းတောင်မှ ခုနက ငါတွေ့လိုက်လို့ မတွေ့များ မတွေ့လိုက်ရင် မင်းညီမတော့ သေလောက်ပြီကွ”

“တော်တော်ကြောက်စရာကောင်းပါလားဗျာ၊ ဒါနဲ့ အိမ်ကသနပ်ခါးတုံးကို ဘယ်သူက အင်းကွက်ဝင်ဆွဲသွားတာလဲ”

“မင်းကလည်း တုံးလိုက်တာကွာ၊ မင်းတို့အိမ်ထဲက သနပ်ခါးတုံးကို ဝင်ဆွဲတာဖြစ်ပါ့မလား၊ အင်းကိုသနပ်ခါးတုံးမှာ ရေးဆွဲပြီးတော့မှ မင်းတို့အိမ်ထဲကိုသွင်းတာဖြစ်မှာပေါ့”

“အိမ်ထဲကိုသွင်းတာဆိုတော့ . . .”

ကျုပ်လည်း ဒီသနပ်ခါးတံုံးကြီးကို ကျုပ်တို့မသိအောင် ဘယ်လိုများသွင်းသလဲဆိုပြီး စဉ်းစားနေတာပေါ့ဗျာ။ ဒီအချိန်မှာပဲ ဦးဘသာက ကျုပ်ခေါင်းကို ဒေါက်ခနဲခေါက်တယ်။

“မင်းတော်တော်စဉ်းစားနေရသလားကွ၊ ဒီသနပ်ခါးတုံးကို သူများလက်ဆောင်ပေးတာဖြစ်မှာပေါ့ကွ”

“ဟာ၊ ဟုတ်သားပဲ၊ ကျုပ်အမေ့ကိုမေးကြည့်ရမယ်”

ဦးဘသာက သနပ်ခါးတုံးကြီးကို ကျုပ်ကိုပြန်ပေးတယ်။

“ရော့၊၊ ဒါကြီးကိုလွှင့်ပစ်လိုက်တော့”

ကျုပ်လည်း သနပ်ခါးတုံးကြီးကိုင်ပြီး ပြေးလာရင်း ရွာထိပ်ရိုးချောင်းနားရောက်တော့ ရေထဲကိုပစ်ချထည့်လိုက်တာပေါ့ဗျာ၊ ပြီးတော့မှ အိမ်ကိုအမြန်ပြေးလာခဲ့ရတယ်။ အိမ်ရောက်တာနဲ့ အမေက ကျုပ်ကိုဆူပါရော။

“ဟဲ့အလတ်ကောင်၊ အိမ်ကသနပ်ခါးတုံးကြီး ဘယ်ရောက်သွားသလဲ၊ ငါက လိမ်းဖို့လိုက်ရှာနေတာ”

“အဲဒါအသာထားစမ်းပါအမေရာ၊ အမေ့ရဲ့ အဲဒီသနပ်ခါးတုံးကြီးကို ဘယ်လိုရတာလဲ”

“ဟဲ့၊ အဲဒါ ဦးဘဖြူမိန်းမ၊ မယဉ်ပေးတာလေ”

“ဗျာ”

ကျုပ်အတော်အံ့သြသွားတယ်၊ ဦးဘဖြူဆိုတာက ကျုပ်တို့ရွာက ဘုရားတရားသမားကြီးဗျ၊ တစ်နည်းပြောရရင် သူတော်ကောင်းကြီးပေါ့ဗျာ၊ ဥပုဓ်နေ့ဆို ဘုန်းကြီးကျောင်းသွားသလို၊ အလှူရေစက်လက်နဲ့မကွာတဲ့အပြင် ဦးဘဖြူဆိုတဲ့လူကြီးက ဘုန်းကြီးနီးပါး တရားဟောနိုင်တယ်ဗျ၊ အခု လက်ဆောင်ပေးတာလည်း မယဉ်ဆိုတော့ ကျုပ်လည်း စဉ်းစားရခက်နေတာပေ့ါဗျာ၊ ဒါနဲ့ ဒီအကြောင်းကို ဘယ်သူ့ကိုမှမပြောတော့ဘဲ စိတ်ထဲမှာပဲသိမ်းထားလိုက်တာပေါ့။

“ဟဲ့၊ ငါမေးနေတယ်လေ၊ သနပ်ခါးတုံးရောလို့”

“ဟို၊ ဟို မရှိ . . .မရှိတော့ဘူး”

“ဟဲ့ ဘယ်ရောက်သွားလို့လဲ”

“ရွာအပြင်ရိုးချောင်းထဲကျသွားပြီ”

“အောင်မယ်လေး သွားပါပြီတော်၊ ဒီလောက်အပွေးကောင်းပြီးတော့ လိမ်းလို့ကောင်းတဲ့သနပ်ခါးကြီးတုံးကို နင်ဘာဖြစ်လို့ ရိုးချောင်းထဲကို ချလိုက်တာလဲဟဲ့”

အမေက စီးနေတဲ့ဖိနပ်ကို ချွတ်ထည့်လိုက်တာမို့ ကျုပ်လည်း ခြံထဲကနေ အပြေးထွက်တာပေါ့ဗျာ၊ ဒါပေမယ့် အမေ့ဖိနပ်က ကျုပ်ထက်မြန်တယ်ဗျ၊ ကျုပ်ရဲ့ဇက်ပိုးကို ဖြောင်းခနဲလာမှန်တာ၊ ကျုပ်လည်း နောက်ဖိနပ်တစ်ဖက် ပျံပြီးထွက်မလာခင် ရွာပြင်ကို ခြေကုန်ပြေးခဲ့ရတာပေါ့ဗျာ။

ပြီးပါပြီ။

အဂ္ဂဇော်