တုန်း။ငယ်ငယ်ကအကြောင်း
တွေကို သတိရနေတုန်းပဲ။ ဘာကိုမှ မမေ့
ဘူးဗျ။ ဘိုးလိပ်ပုတို့ဝိုင်းထဲကို ကျုပ်တို့
ရောက်တော့ ဘိုးလိပ်ပုက ကျုပ်ကို လှမ်း
ပြီး နှုတ်ဆက်တာဗျ။
“ဟုတ်တယ် ဘိုးရေ၊ ဟိုတလောက မြို့က
ဘကြီးဖြတ်တာနဲ့ မြို့မှာ တော်တော်ကြာ
သွားတာ”
“သြော်…ငွေစိန့်အစ်ကိုကြီးဆိုတာ ထင်
တယ်”
“ဟုတ်တယ် ဘိုးရဲ့၊ ဘကြီးက လူပျိုကြီး၊
မြို့မှာ တစ်ယောက်တည်းနေတာ”
” အေးပေါ့ကွာ၊ ပြုစုမယ့်သူ မရှိတော့ ခက်
သားလားကြာ”
“ရော့ ဘိုး၊ ဒါ ဘိုးစားဖို့၊ နှမ်းနက်နဲ့ ထိုးထား
တဲ့ နှမ်းပျစ်မုန့်”
“ဟာ တာတေက ဘယ်သွားသွား ဘိုးကို
တော့ သတိတရ ရှိသားဗျ၊ အေး အေး ၊
သာဓုဗျာ၊ သာဓု၊ သာဓု”
ကျုပ်တို့ရောက်တော့ ဘိုးက ဝိုင်းထဲမှာ မီး
လှုံရင်း စကားပြောနေတာဗျ။ သူ့သားတွေ
သမီးတွေက ဘိုးကို ထင်းမီးထည့်ပြီး မီးဖို
ပေးထားတာ၊ ရေနွေးနဲ့ လက်ဖက်သုတ်နဲ့
ရွာထဲက လူကြီးသုံးယောက်လည်း ဘိုးနဲ့
စကားပြောဖို့ ရောက်နေကြတာဗျ။
” ဘိုးရေ၊ တာတေ ကြီးလာမှ ကျုပ်တို့ရွာ
မှာ အားကိုးတစ်ခု ဖြစ်လာတာဗျို့”
“အေး အေး ဟုတ်တယ်၊ ဟုတ်တယ်၊
မောင်ရှိန်ရေ၊ မင်းပြောတာ ဟုတ်တယ်”
“တာတေက ရပ်ရေးရွာရေးဆိုလည်း ရှေ့
ကနေပြီး ဦးဆောင်တာ ဘိုးရဲ့၊ ပြီးတော့
တာတေက ပယောဂဆိုရင်လည်း ဆရာ
တစ်ပိုင်း ဖြစ်နေတာဗျ”
“ဟုတ်ပါ့၊ ဟုတ်ပါ့၊ အဲဒါလည်း ဘိုးကြားပါ
တယ်”
“ဟာ ဘိုး၊ ဆရာတစ်ပိုင်း မဟုတ်ပါဘူးဗျာ
ကျုပ်က စပ်စုတဲ့ကောင်ဆိုတော့ ထူးတာ
ဆန်းတာတွေကို မြင်ချင်တွေ့ချင်တာနဲ့
ဆရာသမားတွေနောက် လျှောက်လိုက်
တာပါ ဘိုးရဲ့”
“အေး၊ ဒါလည်း ကောင်းတာပဲ လူကလေး
ရဲ့၊ ဗဟုသုတပညာတွေ တိုးတာပေါ့ကွယ်
ပုဗ္ဗာရုံကျောင်း ဆရာတော် ဦးဂုဏကတော့
သူ့တပည့် တာတေကို လွှတ်ချီးမွမ်းတာဗျ
နို့ မောင်တာတေ၊ သင်္ချိုင်းစောင့် မဖဲဝါနဲ့
ခင်မင်တယ်ဆို”
“ခင်မင်တာတော့ မဟုတ်ဘူး၊ ဘယ်လို
ကြောင့် ဆိုတာတော့ ကျုပ်လည်း မပြော
တတ်ပါဘူး ဘိုးရဲ့၊ ကျုပ်က ပင့်ပြီး စားပွဲ
သောက်ပွဲ ပေးရင်း မဖဲဝါကြီး လာစား
သောက်တယ်ဗျ။ ကျုပ်မှာ အကြောင်းရှိ
ရင်လည်း မဖဲဝါကြီးကို မေးလို့ရတယ်။
ဘာဖြစ်တယ်၊ ဘာလုပ်ရမယ်ဆိုတာကို
မဖဲဝါက ကျုပ်ကို ပြောပြတယ်ဗျ”
“ဟ တာတေရ၊ အဲဒါ ခင်တာပေါ့ကွ”
စကားဝိုင်းမှာ ထိုင်ပြီး နားထောင်နေတဲ့
ဦးမောင်ဆိုတဲ့ ဘိုးတော်ကို ကျုပ်ကို
ပြောတာဗျ
“မင်းကို မဖဲဝါ စောင့်ရှောက်တယ်လို့
ပြောလို့ရတာပေါ့ကွ”
ဘာမှမပြောဘဲ လက်ဝါးတွေ မီးလှုံ
နေတဲ့ ဘိုးတော်ဦးစိန်ညှက်ကလည်း
ဝင်ပြောသဗျ။
“ဘာပဲပြောပြော တာတေက အရွယ်နဲ့
မလိုက်အောင် အတွေ့ အကြုံတွေက
များသားဗျ”
ဘိုးလိပ်ပုက ကျုပ်ကိုပြောရင်း တစ်ခုခုကို
တွေးနေပုံပဲဗျ။ အားလုံးကလည်း ဘိုးလိပ်ပု
ဘာပြောမှာတုံးဆိုတာကို နားထောင်နေကြ
တယ်၊ ကျောက်ခဲနဲ့ သံမဏိကလည်း ခေါင်း
တွေ မော့လို့ဗျ။
“ဘိုးအသက် ငါးဆယ်လောက်က ထူးထူး
ဆန်းဆန်း တစ်ခု ကြုံဖူးတာ ပြောရဦးမယ်၊
ဒီတုန်းက ဘိုးတစ်ယောက်တည်း တော
တက်တာကွဲ့၊ အင်း စကားဖြတ်ပြီး ပြောရဦး
မယ် တာတေရ၊ ဘိုးက တောထဲတောင်ထဲ
မှာ ဒုက္ခရောက်နေတဲ့ တိရစ္ဆာန်လေးတွေကို
ခဏခဏ ကယ်ဖူးတယ်ကွဲ့၊ ဝါးရုံကြားမှာ
ညပ်နေတဲ့ ချေတို့၊ ဆတ်တို့ တွေ့ရင် အမြဲ
တမ်း လွှတ်ပေးတယ်။ ဘယ်တော့မှ ဘတ်
ဖျတ်ပြီး အိမ်ကို ယူလာတာမျိုး မလုပ်ဘူးကွ၊
တစ်ခါတော့ ဘိုးကယ်ရတာ တိရစ္ဆာန် မဟုတ်
ဘူးကွ၊ တစ္ဆေသားအမိကို ကယ်ရတာ”
“ဗျာ …တစ္ဆေသားအမိ ဟုတ်လား ဘိုး”
“ဟုတ်ပါ့ဗျာ၊ အလယ်ရိုးမအနောက်
ဘက်ခြမ်းမှာ မီးတွေ လောင်ပါရောကွာ၊
တောမီးကလည်း ကူးတာမြန်ပါ့ကွာ၊ ဘိုး
ဆိုတာ တောခုတ်ဓါးတစ်ချောင်းကိုင်ပြီး
ဘယ်ဘက်က ထွက်ရမှန်းတောင် မသိ
ဘူးဖြစ်နေတာဟေ့။ တဖြည်းဖြည်းနဲ့မိုးက
လည်း ချုပ်သွားရော၊ ဘိုးလည်း တောထဲ
က ထွက်လို့မရအောင် ဖြစ်နေရောဟေ့။
ဒီမှာတင် တောထဲက အော်သံကြားရတာ
ကွ။’အီး၊ အီး၊ အီး၊ ဟီး၊ ဟီး’ဆိုတဲ့ အသံကြီး
ကွ၊ဘိုးလည်း ကြက်သီးတွေ တဖျန်းဖျန်းထ
သွားတာပေါ့ကွာ။ဘာသံကြီးတုံးဆိုပြီး ဘိုးက
သေသေချာချာ နားထောင်ကြည့်တော့ ‘အီး
အား၊ အား၊ ဟီး၊ အား၊ ဟား’ဆိုတဲ့ အသံက
‘ကယ်ကြပါ၊ ကယ်ကြပါ ‘လို့ အော်နေတာ
ကွ၊ ဒါနဲ့ တောမီးတွေလောင်တဲ့ ကြားကပဲ
အသံကြီးကြားတဲ့ဘက်ကို ဘိုး ပြေးသွားခဲ့
တယ်။ ညဘက်ကြီးဆိုပေမယ့် တောမီးကြီး
လောင်နေတော့ တစ်တောလုံးကို လင်းထိန်
နေတာဟေ့။ တစ်နေရာရောက်တော့ တော
မီးတွေ ဝိုင်းနေတဲ့ နေရာမှာ ဆံပင်ဖားလျား
ကြီးနဲ့ ထမီအင်္ကျီစုတ်စုတ်ပြတ်ပြတ် သရဲမ
ကြီးရယ် သူ့လက်ကိုကိုင်ပြီး ရပ်နေတဲ့ တစ္ဆေ
မလေးတစ်ယောက်ကို တွေ့လိုက်ရသဟေ့”
“ဟာ …ဘိုး သရဲမြင်ရတယ် ဟုတ်လား”
“ဘယ်တုန်းကမှ မမြင်ရပါဘူးကွာ၊ အဲဒီည
ကမှ ဘယ်လိုဖြစ်ပြီး မြင်ရတာတုံးဆိုတာ
တော့ ဘိုးမပြောတတ်ဘူး တာတေရာ၊ ရှေး
လူကြီးတွေပြောကြသလိုပဲ ကံနိမ့်လို့ မြင်ရ
တာနေမှာပေါ့ကွ”
“ဒါနဲ့ ဘိုး ဘာလုပ်တုံးဗျ”
“ပထမတော့ ဘိုးလန့်သွားတာပေါ့ကွာ၊
တစ္ဆေသရဲဆိုတာ ဘိုးတစ်သက်မှာ တစ်
ခါမှ မြင်ခဲ့ဖူးတာမှ မဟုတ်တာ၊ အခုလို
တောနက်ကြီးထဲမှာ ညဘက်ကြီး တော
မီးတွေကလည်း လောင်နေတာ ဆိုတော့
တော်တော်ကို လန့်သွားတာပေါ့ကွာ၊ ဒါ
ပေမဲ့ တောထဲမှာ ဒုက္ခရောက်တဲ့ တိရ
စ္ဆာန်လေးတွေကို ဘိုးက ကယ်နေကြဆို
တော့ သရဲမသားအမိကို ကယ်ဖို့ ဘိုးချက်
ချင်းတွေးလိုက်တယ်။ အချိန်ကလည်း မ
ရတော့ဘူးဆိုတော့ ဘိုးက လက်ထဲက
တောခုတ်တဲ့ဓါးနဲ့ သစ်ပင် ခပ်သေးသေး
တွေကို ခုတ်ပြီး မီးလမ်းဖြတ်ပစ်လိုက်
တယ်။ ဘိုးတစ်ကိုယ်လုံး ချွေးတွေ ရွှဲနစ်
အောင် ခုတ်လိုက်တော့ တစ်နေရာမှာ
မီးလမ်းပြတ်သွားရောဟေ့။
ဒါပေမဲ့ တောမီးက အရှိန်ပြင်းနေတော့ မီး
လမ်းက ခဏပဲ ပြတ်မှာ။ ပြီးရင် လှမ်းကူး
ပြီး လောင်မှာပဲ။ ဒီတော့ မီးလမ်းပြတ်တာ
နဲ့ ဘိုးက သရဲမသားအမိကို လှမ်းအော်
ရတာကွ၊
‘ပြေး ပြေး ဒီဘက်ကိုပြေး၊ မြန်မြန်ပြေးဟဲ့’
လို့ အော်လိုက်တော့မှ ဘိုးလုပ်နေတာ
တွေကို ငေးပြီး ကြည့်နေတဲ့ သရဲမက
သတိဝင်ပြီး သူ့သမီးကို လက်ဆွဲပြီး ပြေး
ပြေးတော့တာဟေ့။ သရဲမကြီးရော သရဲ
မလေးရော ဆံပင်တွေဆိုတာ လေထဲမှာ
လွင့်နေတာဟေ့။ သရဲမသားအမိ လွတ်
သွားတော့ ဘိုးလည်း လေညာကို တက်
ပြီး မီးလွတ်အောင် ရှောင်ရတော့တာပေါ့
ကွာ။ အဲဒီညတော့ တောထဲမှာပဲ တစ်ည
အိပ်လိုက်ရတယ်
မနက်မိုးလင်းလို့ ဘိုးလန့်နိုးလာတော့ ဘိုး
အိပ်တဲ့ ဘေးနားမှာ ဝင်းမှည့်နေတဲ့ ငှက်
ပျောသီးတွေကွ။ ဘိုးလည်း ငှက်ပျောသီး
တွေခွာပြီး ဆာဆာနဲ့ စားပစ်လိုက်တာ
ဗိုက်ကို ကားသွားရောဗျာ။ နောက်မှတွေး
မိတာကွာ ညက ဘိုး ကယ်ခဲ့တဲ့ သရဲမ
သားအမိများ ဘိုးစားဖို့ ငှက်ပျောသီးတွေ
လာထားသွားသလားလို့ “
“ဟာ…ဟုတ်မှာပေါ့ ဘိုးရဲ့”
ကျောက်ခဲက ဘိုးကို လှမ်းပြောတာဗျ။
သံမဏိကတော့ မျက်လုံးကြီးပြူးပြီး နား
ထောင်နေတယ်
“စကားကြုံလို့ ကျုပ်လည်း ပြောရဦးမယ်
ကျုပ်ကတော့ ဘိုးလို တစ္ဆေသားအမိကို
တွေ့တာမဟုတ်ဘူးဗျ။ မြင်းစီးလာတဲ့
လင်မယားနှစ်ယောက်ကို တွေ့တာဗျ”
“ဟာ…စိန်ညှက်ရဲ့ မြင်းစီးလာတဲ့ လင်
မယားတွေ့တာများ အဆန်းလားဟဲ့။
လင်မယားပဲ မြင်းစီးချင်လည်း စီးလာမ
ပေါ့။ ကားမောင်းချင်လည်း မောင်းလာ
မှာပေါ့”
“ဟာ ကိုရှိန်ရာ မထူးဘဲ ကျုပ်က ပြောမတဲ့
လားဗျ။ကျုပ်က ဒီတုန်းက ဘုရားပြိုကို သွား
တာဗျ။ မန်ကျည်းတန်းအထိ ကားနဲ့လိုက်
သွားပြီး ဟိုကျတော့ လှည်းငှားသွားရတာ”
“နို့ နေပါဦး စိန်ညှက်ရဲ့၊ မင်းက ဘုရားပျို
ရွာအထိ ဘာသွားလုပ်ရတာတုံး”
“ဒီလိုကွာ၊ ငမောင်ရဲ့၊ ဒီတုန်းက ရှေး
ဟောင်းဒင်္ဂါးပြားတွေ ခေတ်ထနေတာ
ဟေ့၊ဒင်္ဂါးဟောင်းတွေကို စျေးကောင်း
ပေးဝယ်နေကြလို့၊ ငါက အဲဒီဘက်ကို
ဒင်္ဂါးပြားတွေ ဝယ်ဖို့ သွားတာကွ”
“အလုပ်ကော ဖြစ်ရဲ့လား”
“ပထမအခေါက်တော့ ဖြစ်တယ်ကွ၊ နောက်
တစ်ခေါက်တော့ ထင်သလောက် မဖြစ်တော့
ဘူး၊ နေစမ်းပါဦးကွာ၊ ငါ့စကားတောင် ဘယ်
ရောက်သွားပြီတုံး မသိတော့ဘူး”
“မန်ကျည်းတန်းက လှည်းငှားသွားတာ
လေ ဘိုး”
ကျောက်ခဲက ဦးစိန်ညှက်ကို ဘုန်းကြီးတရား
ထောက်သလို ထောက်ပေးလိုက်တာဗျ
“သြော်…အေး၊ အေး၊ အဲဒါ လှည်းနဲ့ ဘုရား
ပြိုကို အသွား ပြိုကျနေတဲ့ ဘုရားကြီးအနား
မရောက်တရောက်မှာ ကျုပ်တို့ လှည်းနောက်
ဘက်က မြင်းခွာသံတွေကြားလို့ လှည့်ကြည့်
လိုက်တော့ မြင်းနှစ်စီးဗျ၊ အသားကျ စီးလာ
တာ၊ကျုပ်ကလည်း သေသေချာချာကို ကြည့်
နေတာဗျို့။ မြင်းနှစ်စီးကို ရင်ဘောင်တန်းပြီး
တော့ကို စီးလာတာ။ အနားနီးတော့မှ သေ
သေချာချာ မြင်ရတာကလား။ ယောက်ျား
တစ်ယောက်နဲ့ မိန်းမတစ်ယောက်ဗျ။ နှစ်
ယောက်လုံး ဝတ်ထားတာ ဘုရင်တွေခေတ်
က နန်းတွင်းသူ နန်းတွင်းသားတွေ ဝတ်တဲ့
ပုံစံမျိုးနဲ့ဗျ။ ယောက်ျားက သျှောင်တွဲလေးနဲ့
ပုဝါပန်းရောင်လေးပေါင်းလို့။ မိန်းမကတော့
ချိတ်လုံချည်နဲ့ ခါးတောင်အင်္ကျီဝတ်လို့ဗျ။
ဒီခေတ်မတော့ ဒီအဝတ်အစားမျိုးကို ဇာတ်
ထဲမှာပဲ တွေ့နိုင်တော့တာပေါ့ဗျာ။ ကျုပ်တို့
လှည်းနဲ့ ငါးပေလောက်အကွာကနေပြီး ဖြတ်
စီးသွားတာဗျ။ ကျုပ်လည်း သေသေချာချာ
လိုက်ကြည့်နေတာပေါ့ဗျာ။ ကျုပ်တို့ လှည်း
ကိုလည်း တစ်ချက်ကလေးတောင် လှည့်
ကြည့်မသွားကြဘူးဗျ။
လှည်းကိုကျော်သွားပြီး ပေနှစ်ဆယ်လောက်
အကွာကိုရောက်တော့ ဖြုတ်ကနဲ ပျောက်
သွားတာဗျ။ ဒီတော့မှ ကျုပ်က…
‘ ဟာ’ဆိုပြီး အော်လိုက်တာကိုဗျ။ ဒီမှာတင်
ကျုပ်နဲ့ အတူ အဖော်ပါလာတဲ့ ကျုပ်တူ
အောင်သိန်းက…
“လေးလေး…ဘာဖြစ်လို့တုံး”
လို့ ကျုပ်ကို အလန့်တကြားမေးရောဗျ။
ကျုပ်ကလည်း ဒီကောင့်ကို အံ့သြသွားပြီး…
“ဟကောင် အောင်သိန်း၊ ဟိုမြင်းတွေ
ပျောက်သွားတာ မင်းမမြင်ဘူးလား”
လို့ ပြန်မေးတော့ အောင်သိန်းက ကျုပ်ကို
ပြူးတူးပြဲတဲနဲ့ ကြည့်ပြီး…
“ဘလေးစ်ိန်ညှက် ပြောတာ ဘယ်မြင်းတုံး၊
ကျုပ်တော့ ဒီနားမှာ မြင်းတစ်ကောင်မှ
မမြင်ပါလား”
လို့ ပြောသဗျ။ ဒါနဲ့ ကျုပ်က လှည်းမောင်းတဲ့
ကလေးကို မေးရတော့တာပေါ့ဗျာ
“ငါ့တူရာ ခုနက လှည်းကိုကျော်တက်သွား
တဲ့ မြင်းနှစ်ကောင်နဲ့ မြင်းစီးလာတဲ့ ယော
က်ျားနဲ့ မိန်းမကို မမြင်ပါလား”
“ကျုပ်လည်း မမြင်ပါလား”
လို့ လှည်းမောင်းတဲ့ ကောင်လေးကလည်း
ပြောသဗျ။ ဒီမှာတင် ကျုပ်က ကျုပ်မြင်လိုက်
တဲ့ မြင်းတွေအကြောင်း သူတို့ကို သေသေချာ
ချာ ပြောပြရတော့တာပေါ့ဗျာ။ ဒီတော့မှ နွား
လှည်းမောင်းတဲ့ ကောင်လေးက ပြောသဗျ။
“ဘကြီး မြင်တာတွေက ဥစ္စာစောင့်တွေ ဖြစ်
နိုင်တယ်ဗျ။ဒီဘုရားပျိုကြီးမှာ ဥစ္စာစောင့်တွေ
သွားလာနေတတ်တယ်လို့တော့ ပြောသံကြား
ဖူးတယ်ဗျ”
ဒီတော့မှ ကျုပ်လည်း ကျုပ်မြင်လိုက်တာ
ဥစ္စာစောင့်တွေပဲ ဖြစ်လိမ့်မယ်လို့ တွေး
လိုက်မိတာပေါ့ဗျာ။ ဒါပေမဲ့ သုံးယောက်
သားမှာ ကျုပ်တစ်ယောက်ပဲ မြင်ရတာကို
တော့ ကျုပ် ဒီနေ့အထိ တွေးလို့ကို
မရဘူးဗျ”
“အင်း စိန်ညှက်က ပြောတော့ ကျုပ်အတွေ့
အကြုံလေးလည်း ပြောပြရဦးမှာပေါ့ဗျာ”
ဘိုးရှိန်က စကားစလိုက်တာဗျ
“နွားများ သရဲတစ္ဆေဆိုရင် လွှတ်ကြောက်
ကြတာဗျ”
“ဟာ ကိုရှိန်ကလည်း သူတို့က နာနာဘာ
ဝကို မြင်ရတယ်လေဗျာ”
“အေးဗျ၊ ကိုမောင်ပြောတာ ဟုတ်လိမ့်မယ်၊
တစ္ဆေသရဲနဲ့ ကြုံရင် လူထက် သူတို့က
ကြောက်တာကလားဗျာ၊ ဒီတုန်းက ကျုပ်
က ကပ္ပလီစုက ငစိမ်းတို့အုပ်စုက အတင်း
ဆွဲတာနဲ့ ထန်းတောမှာ ဝင်ပြီး ထန်းရည်
သောက်တာနဲ့ မိုးကချုပ်ရောဗျ။ လရောင်
လေးတော့ ရှိတာပေါ့ဗျာ။ ကျုပ်က လှည်း
ကို မှန်မှန်ပဲ မောင်းလာတာပါ၊ မန်ကျည်း
ပင်အုပ်ကလေးနားရောက်တော့ နွားတွေ
က တုံ့ကနဲရပ်ပြီး ရှေ့ကို နည်းနည်းမှကို
မတိုးတော့ဘူးဗျ။ နှာခေါင်းတွေကလည်း
တဖူးဖူးနဲ့ မှုတ်နေရောဗျာ။
ကျုပ်လည်း နွားတွေကိုပဲ ဖိမောင်းနေရ
တာဗျို့။ နကန်နဲ့ထိုးလည်းမသွားဘူး၊ ပေ
ကိုခံနေတာဗျ။ ဒါနဲ့ ကျုပ်လည်း ဟိုကြည့်
ဒီကြည့်နဲ့ လိုက်ကြည့်တော့မှ သွားတွေ့
တာဗျို့။ တစ်ကိုယ်လုံး မဲမှောင်နေတဲ့
ကောင်ဗျ။ ဆံပင်တွေက အရှည်ကြီးဗျာ
မျက်နှာကို အုပ်ကျနေတာ ရင်ဘတ်
လောက်ကို ရောက်တယ်။အောက်ပိုင်း
မှာ ပုဆိုးတော့ ပါတယ်ဗျ။ ဒူးခေါင်း
လောက်ကို တိုတိုကြီး ဝတ်ထားတာ။
မန်ကျည်းပင်အုပ်အောက်မှာ ရပ်နေ
တာဗျ။ ကျုပ်လည်း ဘာလုပ်ရမှန်း မ
သိတော့ဘူးဗျို့။ သောက်ထားတဲ့ ထန်း
ရည်အရှိန်လေးလည်း ပျောက်သွား
တော့တာပေါ့ဗျာ။
ဒီမှာတင် ကျုပ်စားဖို့ ဆိုပြီး ငစိမ်းတို့ညီ
အစ်ကိုတွေ ထည့်ပေးလိုက်တဲ့ အမဲ
ခြောက်ထုပ်ကြီးကို သတိရသွားပြီး ပေး
လိုက်ရင် ကောင်းမလားလို့ စဉ်းစားနေ
တာဗျ။ ကျုပ်တွေးတာကို မဲနက်နေတဲ့
ဒီသရဲက သိရပုံတယ်ဗျ။
‘အီး၊ အီး’လို့ အော်ပြီး သူ့ရဲ့လက်နှစ်ဖက်
ကိုရှေ့တန်းပြီး ဖြန့်ထားတယ်ဗျ။ တောင်း
တဲ့သဘောပေါ့ဗျာ။
‘မင်းစားဖို့ အမဲခြောက်တွေ ငါပေးခဲ့မယ်၊
ငါသွားမယ့်လမ်းကို မနှောင့်ယှက်နဲ့၊ ရော့”
ဆိုပြီး ကျုပ်က ငစိမ်းတို့ ပေးလိုက်တဲ့
အမဲခြောက်ထုပ်ကြီး ပစ်ပေးလိုက်တယ်။
ဆံရှည်သရဲက အထုပ်ကို လှမ်းဖမ်းယူပြီး
တစ်ခါတည်းကို ပျောက်သွားရောဗျို့။ ဒီ
တော့မှ ကျုပ်နွားတွေလည်း သုတ်ချေ
တင်တော့တာပေါ့ဗျာ။ ထနောင်းကုန်း
ကို ခဏလေးနဲ့ ရောက်လာတာဗျို့”
ကျုပ်တို့လည်း ဘိုးလိပ်ပုတည်တဲ့ လက်
ဖက်ကလေး စားလိုက်၊ အကြမ်းလေး
သောက်လိုက်နဲ့ နားထောင်လို့ကလည်း
ကောင်းလို့ဗျာ။တော်တော်လေးညဉ့်နက်
တော့မှ ဘိုးလိပ်ပုတို့အိမ်ကနေ ကျုပ်တို့
ပြန်လာခဲ့ကြတာဗျ။နောက်တစ်နေ့ ကျုပ်
အိပ်ရာက နိုးတော့ အမေက ကျုပ်ဆီကို
ဆီးပြောတယ်ဗျ။
“ဟဲ့ တာတေ၊ နင် ထမင်းကြမ်းစားချင်
ရင် စားဖို့ ငါဝက်သားဟင်း ဖယ်ထား
တယ်၊ ကျန်တာကတော့ ထမင်းကြီး
စားတော့မှ စားမယ်”
“အမေက ဝက်သားဟင်း ဘယ်ကရလို့
တုံး၊ ချက်တာလည်း မတွေ့ပါလား”
“ငါချက်တာ မဟုတ်ဘူး၊ နင့်ဒွေးလေးပြား
ကြည် လာပေးတာ၊ မနေ့က သူတို့ ပဲတွေ
အကုန်သိမ်းဆည်းပြီးသွားလို့ဆိုပြီး ဘန့်
ဘွေးကုန်းမှာ ဝက်ဆုံသား မှာသတဲ့။ မ
နည်းဘူး။ သုံးပိဿာတောင်ကျော်တယ်
တဲ့။ ဘုန်းကြီးကျောင်းလည်း ဆွမ်းပို့သ
တဲ့။ ရပ်ထဲရွာထဲက လူကြီးသူမတွေကို
လည်း ဟင်းပို့သတဲ့။ ငါ့ဆီလည်း ပို့တာ
ချိုင့်နဲ့တစ်လုံးပဲတဲ့”
“သြော် ဟုတ်လား၊ ဒွေးလေးတို့ ပဲတွေ
ဘယ်လိုနေသတဲ့တုံး”
“သြော် အဆင်ပြေတာပေါ့၊ သူတို့လင်
မယားတွေ အလုပ်လုပ်တာတော့ တော်
တော်ကို တက်ညီလက်ညီရှိတာဗျ။ မ
နက်အစောကြီး ထမင်းတောင်းထည့်ပြီး
ယာထဲဆင်းကြတာ ဘလေးက လှည်း
မောင်းပြီးလို့ ဒွေးလေးက သူတို့သမီး
ပဲစိန်မကို သူ့ရင်ခွင်ထဲ ထိုင်ခိုင်းပြီး
စောင်တစ်ထည်ခြုံခေါ်သွားတာ ပဲစိန်
မကလည်း ငုတ်တုတ်ကလေးထိုင်ပြီး
အိပ်လိုက်သွားတာဗျ”
“ပဲစိန်မကို ခေါ်သွားရတာပေါ့ဟဲ့၊ အိမ်မှာ
ထားခဲ့လို့မှ မရတာ။ မအေ သွားလေရာ
ကို ဒီကောင်မက တကောက်ကောက်
လိုက်နေတာလေ။ ယာထဲရောက်မှပဲ
သစ်ပင်အောက်မှာ ဖျာတစ်ချပ်ခင်းပြီး
ဆော့ခိုင်းထားတာဆိုပဲ။ ဆွဲခြင်းတောင်း
ထဲမှာ ပဲစိန်မ ကစားတဲ့ အိုးပုတ်တွေ
အရုပ်တွေ၊ အကုန်ထည့်သွားဆိုပဲ။ အဲ
ဒါ ဘန့်ဘွေးပင်ကြီးအောက်မှာ ဖျာခင်း
ပေးထားရင် တစ်ယောက်တည်း စကား
တပြောပြောနဲ့ ဆော့နေတဲ့ဟေ့၊ ကလေး
ကလည်း ကလေးအေးလေး ရထားတော့
အဖေ အမေတွေ အလုပ်မပျက်တော့
စီးပွားတက်တာပေါ့ဟယ်”
ညဘက်အေးလွန်းတော့ ကျုပ်တို့တွေ ဘယ်မှာကောင်းကောင်းအိပ်နိုင်မှာတုံး
ကွာ၊ ခဏ ခဏ နိုးတော့တာပါ။ မနက်
ရောက်တော့ အိပ်ရာက စောစောမထ
နိုင်ကြဘူးဗျ။ ကျုပ်ဆိုရင် မနက်ကို ခု
နှစ်နာရီကျော်မှ နိုးတာချည်းပဲဗျ။
“ကိုကြီးတာတေ၊ ကိုကြီးတာတေ”
ကျုပ်က နိုးတော့နေပြီဗျ။ အိပ်ရာထဲမှ
စောင်ခြုံပြီး ကွေးနေတာ။ ဝိုင်းဝကနေ
ကျုပ်ကိုခေါ်နေတာ ကျောက်ခဲအသံဗျ
ကျုပ်အိပ်ရာကနေ ကပျာကယာ ထပြီး
ဝိုင်းဝကို လှမ်းကြည့်လိုက်တယ်။ နှင်း
တွေမှ ကျလိုက်တာ ပိတ်နေတာဗျ။
ဝိုင်းဝကို မြင်ဖို့ နေနေသာသာ ရှေ့
တစ်လံလောက်ကိုတောင် မမြင်ရ
ဘူး။
“ကျောက်ခဲလား၊ လာလေကွာ၊ ဝင်ခဲ့၊
ဝင်ခဲ့”
ဟုတ်ပါ့ဗျာ။ ကျောက်ခဲဗျ။ စောင်
ကြားကြီးတစ်ထည်ကိုယ်မှာ ပတ်လို့
ဗျို့။ သိပ်အေးရင် လည်ပင်းနဲ့ နားကို
လုံအောင်လုပ်ထားရတာလေဗျာ။
ကျောက်ခဲခုံတန်းမှာ ဝင်ထိုင်လိုက်တာနဲ့
ကျုပ်ပြောလိုက်တာဗျ။
“စောစောစီးစီးပါလားကွာ၊ ကျောက်ခဲရ”
“ဟာ မစောတော့ပါဘူးဗျ၊ ကိုကြီးတာ
တေ အိပ်ရာထ နောက်ကျနေလို့ပါ။
ရှစ်နာရီပဲ ထိုးပေါ့”
“ဟေ ဟုတ်လားကွ၊ ခဏစောင့်ကွာ”
ကျုပ်က မျက်နှာကို ကပျာကယာ သစ်
တယ်။ပြီးတော့ အမေ အဆင်သင့် ထည့်
ထားတဲ့ ထမင်းကြမ်းပန်းကန်နဲ့ ခရမ်းချဉ်
သီးပန်ထွာဖျော်ကို အိမ်ရှေ့ယူလာပြီး စား
ရင်းသောက်ရင်း ကျောက်ခဲနဲ့ စကားပြော
ရတာပေါ့ဗျာ။
ဗိုက်ကလည်း ဆာနေပြီလေဗျာ။
“ကျောက်ခဲ အကြောင်းတစ်ခုခုတော့ ရှိ
ပြီထင်တယ်”
“ဟုတ်တယ်ဗျ၊ ကိုကြီးတာတေရ၊ဒွေးလေး
ပြားကြည်တို့အိမ်ရှေ့မှာ ညက သရဲမကြီး
မြင်လို့တဲ့”
“ဟေ ဟုတ်လား”
“ဟုတ်တယ်ဗျ၊ ဒွေးလေးပြားကြည်ရော၊
ဘလေးသိုးဖြူရော မြင်တာတဲ့ဗျ၊ ဒီမနက်
ကျတော့ ဘလေးတို့ မျက်နှာချင်းဆိုင်
တည့်တည့်ဝိုင်းက အရီးဒေါ်ဆင်မကြီးက
လည်း ညက သူလည်း မြင်တယ်လို့
ပြောတယ်ဗျ”
“ဟ ဒါဆိုရင် ဟုတ်လို့ပေါ့ကွ၊ သရဲမက
ဘယ်လိုပုံစံတုံး ကျောက်ခဲရ”
“အရပ်အရှည်ကြီးတဲ့ဗျ၊ ဆံပင်ကြီးဖား
လျားချလို့တဲ့။ မျက်နှာရော ကိုယ်လုံးရော
ဆံပင်က ဖုံးနေတာတဲ့ဗျ။ ဆံပင်က သရဲမ
နဲ့ ဒူးခေါင်းလောက်အထိ ဖုံးနေတာဆိုပဲဗျ”
“အဝတ်အစားကော ပါသတဲ့လား”
“ဟာ ကိုကြီးတာတေကလည်း ဆံပင်
ကြီးက တစ်ကိုယ်လုံးဖုံးနေပါတယ်ဆိုမှ
တော့ အဝတ်အစားပါလား မပါလား
ဘယ်သိမှာတုံးဗျ”
“အေး ဒါလည်း ဟုတ်တာပဲ၊ နို့ သရဲမက
ဒွေးလေးပြားကြည်တို့ဝိုင်းရှေ့မှာ ဘာ
လုပ္တာတဲ့တုံး”
“သူတို့ပြောတာတော့ ဘာမှမလုပ်ဘူးတဲ့ဗျ။
ဝိုင်းရှေ့မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်
လိုက်၊ အိမ်ထဲကို ကြည့်လိုက်ပဲ လုပ်နေ
တာတဲ့ဗျ။ ဝိုင်းစည်းရိုးကို ထိလိုက်ရင် မီးပူ
သလို တုံ့ကနဲ တုံ့ကနဲ ဖြစ်သွားတာဆိုပဲဗျ၊
ဘလေး သိုးဖြူတို့ကလည်း ဒီနှစ် ပဲတွေ
အောင်လို့ဆိုပြီး မနေ့ကတင် ဘုန်းကြီး
ကျောင်းမှာဆွမ်းကပ်မတဲ့ဗျ။ပုဗ္ဗာရုံကျောင်း
ဆရာတော်က သူတို့လင်မယားကို ပရိတ်
ရေတစ်ပုလင်း ပေးတယ်ဆိုပဲ။ပြီးတော့ ဆ
ရာတော်က အမိန့်ရှိသေးသတဲ့ဗျ။
‘ဒီပရိတ်ရေထဲမှာ ဆေးဝါးတွေပါတယ်၊
အိမ်ရောက်ရင် ရေနဲ့ပွားပြီး ဝိုင်းစည်းရိုး
ကို ပတ်ဖြန်းထားလိုက်”
လို့ ဆရာတော် မှာတာနဲ့ ဘလေးသိုးဖြူ
ကဝိုင်းထဲရော ဝိုင်းစည်းရိုးရော ပရိတ်ရေ
ဖြန်းထားတာဆိုပဲဗျ”
“အေး ဒါကြောင့် ဝိုင်းစည်းရိုးကို သရဲမ
မကိုင်နိုင်တာဖြစ်မှာပေါ့ ကျောက်ခဲရ”
“ဟုတ်မယ်ဗျ၊ ကိုကြီးတာတေရ”
“နေပါဦး ကျောက်ခဲရဲ့။ အဲဒီသရဲမက
နောက်ဆုံးဘယ်ရောက်သွားတုံး”
“ဒွေးလေးပြားကြည်တို့ ပြောတာက
တော့ သူတို့အိမ်ရှေ့က မန်ကျည်းပင်
ပေါ်ကြီးပေါ်ကို တက်သွားတယ်တဲ့ဗျ”
“ဟေ ဟုတ်လားကွ၊ ဒါဆိုရင် နဂိုတည်း
က ဒီအပင်မှာနေတဲ့ သရဲမလားမှ မသိ
တာ”
“ဒါတော့ မပြောတတ်ဘူးဗျ”
ကျောက်ခဲနဲ့ ကျုပ်နဲ့ စကားကောင်းနေ
လိုက်ကြတာ ဆယ်နာရီထိုးလောက်ရှိမှ
ကျောက်ခဲပြန်သွားတာဗျ။ ကျောက်ခဲ
ပြန်သွားပြီး သိပ်မကြာဘူးဗျ။ အမေ ရွာ
ထဲက ပြန်လာတယ်။ အဖေကကတော့
ပါမလာဘူး။
“ဟဲ့ တာတေ၊ နင် ဘယ်အချိန်မှ နိုး
လာတုံး”
“ရှစ်နာရီလောက်မှ နိုးတာဗျ”
“တာတေတို့ကတော့ မအိပ်ရင်လည်း
မအိပ်ဘူး၊အိပ်ပြီဆိုရင်လည်း မနိုး
တော့ဘူး”
“ဒါတောင် ကျောက်ခဲ လာနှိုးလို့ နိုး
သွားတာဗျ၊ ဒါထက် အဘရောဗျ”
“နင့်အဘနဲ့ ငါနဲ့သာမောင်တို့ ၊ မိစိန်တို့
အိမ်က ဆွမ်းကပ်ဖိတ်လို့ သွားကြတာ၊
နင့်အဘကတော့ အဲဒီအိမ်မှာ လူကြီး
တွေ စုမိပြီး စကားကောင်းနေကြတာနဲ့
ပြန်မလာသေးဘူး။ နို့ ကျောက်ခဲက စော
စောစီးစီး နင့်ဆီကို ဘာလာလုပ်တာတုံး”
“ညက ဒွေးလေး ပြားကြည်တို့ဝိုင်းရှေ့မှာ
သရဲတွေ့လို့တဲ့ အမေရ”
“ပေါက်ပေါက်ရှာရှာဟယ်၊ ဘယ်သူများ
မြင်တာတဲ့တုံး”
“ဒွေးလေးပြားကြည်ရော သူ့ယောင်္ကျား
ဘလေးသိုးဖြူရော အရှေ့ပိုင်းက အရီး
ဒေါ်ဆင်မကြီးရော မြင်တယ်တဲ့ဗျ”
“သရဲက အထီးလား၊ အမလား”
“သရဲမကြီးတဲ့ဗျ၊ ဆံပင်က တစ်ကိုယ်လုံး
ကို ဖုံးနေတာဆိုပဲ”
“ဘာတွေဖြစ်ကြပြန်ပြီတုံး၊ နင်ကတော့
စပ်စပ် စပ်စပ်နဲ့ပါရဦးမှာပေါ့ ၊ ဟုတ်လား
တာတေ”
“မပါလို့ ဘယ်လိုလုပ်မတုံး အမေရယ်၊
ဒါ ကိုယ့်ရွာပဲ မဟုတ်လား၊ ရွာမသန့်လို့
ရှိရင် အားလုံးဒုက္ခရောက်ကြမှာလေဗျာ”
“အင်း ဒါလည်း ဟုတ်တာပဲ။ ဒါကြောင့်
ရွာသန့်အောင်ဆိုပြီး နှစ်တိုင်း လမ်းဆုံ
လမ်းခွမှာ ပရိတ်တွေ ရွတ်ကြတာပေါ့
ဟဲ့။ ဒီကြားထဲမှာ မကောင်းဆိုးဝါးက
ဘယ်ကနေများ ရောက်လာရတုံးဟယ်”
“အခြေအနေတော့ စောင့်ကြည့်ရဦး
မှာပေါ့ အမေရာ၊သူ့ဟာသူ ပျောက်
ချင်လည်း ပျောက်သွားမှာပေါ့ဗျာ”
တစ်နေကုန် တလှုပ်လှုပ်နဲ့ လုပ်စရာ
ရှိတာတွေလုပ်ကြ၊ သွားစရာရှိတာတွေ
သွားကြနဲ့ ညမိုးချုပ်တော့မှနားကြပြီး မီး
လှုံကြရတာပေါ့ဗျ။ မီးလှုံရင်း စကားစ
မြည်ပြော၊ တော်တော်လေး နွေးပြီဆို
တော့မှ အိပ်ရာဝင်ကြရောဗျို့။
“ဒေါင် ဒေါင် ဒေါင် ဒေါင်”
“ဟဲ့ တာတေ၊ ထစမ်း၊ ထစမ်း၊ မီးကင်း
က သံချောင်းခေါက်လို့၊ မီးများလောင်
သလား”
ကျုပ်လည်း အိပ်ရာကနိုးလာပြီး ချက်
ချင်းထလိုက်တယ်။ ပြီးတာနဲ့ ဝိုင်းထဲ
ဆင်းပြီး တောင်မြောက်လေးပါးကို
ကြည့်ရတာပေါ့ဗျာ။
“ဟိုဘက်ကို ပြေးပြီဟဲ့၊ တောင်ဘက်
တောင်ဘက်”
ရွာအရှေ့ပိုင်းက အော်သံတွေ ကြားသ
ဗျ။အင်း…ဒါဆိုရင်တော့ မီးလောင်တာ
မဟုတ်ဘူး။ သူခိုးသူဝှက်မြင်လို့ ရှိမယ်လို့
ကျုပ်တွေးပြီး အိမ်ပေါ်ပြန်တက်ခဲ့တယ်။
“မီးမဟုတ်ဘူး အမေရ၊ သူခိုးလိုက်တာပါ”
“သြော် သူခိုးနှယ် ၊ဒီလောက်အေးရတဲ့
ကြားထဲ သူများပစ္စည်းကို ခိုးရတယ်လို့၊
အလုပ်လုပ်စားရင်တောင် ဒီထက် ဇိမ်ရ
ှိဦးမယ်”
ကျုပ်အမေကတော့ သူ့ထုံးစံအတိုင်း ပွစိ
ပွစိ ပြောနေတော့တာဗျ။ ကျုပ်ကတော့
အိပ်ရာထဲပြန်ဝင်ပြီး ကွေးနေလိုက်တယ်။
စောစောကမီးလှုံထားတဲ့ အရသာလေး
တွေလည်း ပျောက်သွားရောဗျို့။ ကျုပ်
လည်း အနွေးဓါတ်ကလေးပြန်ရပြီး မှေး
ကနဲ အိပ်ပျော်မယ် ရှိသေးသဗျ။
“ဒေါင် ဒေါင် ဒေါင် ဒေါင်”
“ဟဲ့ လုပ်ကြပြန်ပြီ၊ ဒီသူခိုးက ဘယ်လို
သူခိုးတုံးတာတေရဲ့ ၊ သူခိုးဆိုတာ လူမိ
ရင် တစ်ခါတည်းပြေးရောမို့လား”
“ကျုပ်လည်း မသိဘူးရဲ့၊ထူးတော့ ထူး
သားဗျ”
အမေနဲ့ ကျုပ် ပြောနေတာကို အဘတော့
တစ်ခုမှ ဝင်မပြောဘူးဗျို့။ ခဏနေတော့
ကျုပ်လည်း အိပ်ပျော်သွားတယ်။ နောက်
တစ်ခါတော့ သံချောင်းမခေါက်တော့ဘူး
ထင်တာပဲဗျာ။
“ကိုကြီးတာတေ ၊ ကိုကြီးတာတေ”
“ဟေ ဘယ်သူတုံး”
ကျုပ် နိုးရုံရှိသေးတာဗျ။ ဝိုင်းဝက
ခေါ်သံကြားလို့ယောင်ပြီး ထူးလိုက်တာ
“တာတေ ထတော့့ ၊ ဟိုမှာကျောက်ခဲနဲ့
သံမဏိနဲ့ဝိုင်းထဲဝင်လာကြပြီ။ တစ်ခုခု
ထူးလို့ လာတာပဲဖြစ်မယ်”
“ဟဲ့ ကျောက်ခဲလား၊ လာလေ ၊ ဟိုဟာ
သံမဏိမို့လား၊လာကြ ၊ လာကြ”
အမေကပဲ ဒီကောင်နှစ်ကောင်ကို လှမ်း
ခေါ်တာဗျ။ကျုပ်လည်း မျက်နှာ ကပျာ
ကယာသွားသစ်ပြီး ထွက်ခဲ့ရတာပေါ့ဗျာ။
“ကျောက်ခဲနဲ့ သံမဏိ ဘာထူးတုံး”
“ဟာ မနေ့က ကျုပ်လာပြောတဲ့ သရဲ
မကြီးပေါ့ဗျ။ ညက ရွာထဲမှာ ဟိုပြေးဒီပြေး
လုပ်နေလို့ ကင်းသမားတွေကြောက်ပြီး
ထွက်ပြေးကြတာ ၊ မပြေးခင် သံချောင်း
ခေါက်ခဲ့ကြတာဗျ”
“ဟေ ဟုတ်လား၊ ငါက သူခိုးဆိုမှတ်နေ
တာ”
“ဟာ ဘယ်ဟုတ်လို့တုံးဗျာ။ သူခိုးဆို
ရင် သံချောင်းသံ တစ်ခါကြားကတည်း
က ပြေးမှာပေါ့ဗျ။ အရှေ့ဘက်ကင်းက
ခေါက်ပြီး ခဏကြာတော့ တောင်ပိုင်း
ကင်းကလည်း သရဲမကြီး မြင်လို့ဆိုပြီး
ထခေါက်ကြတာဗျ။ ဒီညတော့ ရွာထဲမှာ
ကင်းတိုးချမှ ဖြစ်မှာဗျ။ လူနည်းရင်တော့
ဘယ်သူမှ စောင့်နေကြမှာ မဟုတ်ဘူးဗျ။
လွှတ်ကြောက်သွားကြတာ”
ကျုပ်လည်း ဘာလုပ်ရင်ကောင်းမလဲလို့
တွေးနေတာဗျ၊ ဘာဖြစ်တာတုံးဆိုတာ
သေသေချာချာသိမှ ဖြစ်မှာလေဗျာ။
“ကဲ ကျောက်ခဲနဲ့ သံမဏိ ၊ ဒီည မဖဲဝါကို
စားပွဲပေးပြီး မေးကြဖို့ပဲ ရှိတယ်”
ကျုပ်က ပြောတော့ ဒီကောင်တွေ ခေါင်း
ကလေးတွေထောင်သွားတာသဗျို့။ဒါမျိုး
များဆိုရင် ဒီကောင်နှစ်ယောက်က လွှတ်
စိတ်စားတဲ့ ကောင်တွေဗျ။
“ထမင်းစားပြီးချိန်လောက်ကျရင် မင်းတို့
နှစ်ယောက်ပြန်လာခဲ့ကြကွာ၊ ငါ ကြက်
ဝယ်ဖို့ ပိုက်ဆံပေးလိုက်မယ်၊ ငှက်ပျော
ဖက်ပါ တစ်ခါတည်း ခုတ်ခဲ့ကြ”
ဒီကောင်နှစ်ယောက်က စိတ်ချရတယ်ဗျ။
နေ့ခင်းပိုင်း ရောက်တော့ ကျုပ်ဆီကို ပြန်
ရောက်လာတယ်။ကြက်တစ်ကောင်လည်း
အမွေးနှုတ်ပြီးသား ပါလာတယ်။ ထမင်းအိုး
တစ်အိုး၊ ကြက်သားတစ်အိုး ဝိုင်းချက်လိုက်
ကြတာ ကျက်ကရောဗျ။
အားလုံးကျက်တော့မှ ကျုပ်က ပြောတာဗျ။
“ကဲ ကျောက်ခဲ ၊ မီးလောင်ကုန်းက ဒေါ်
တုတ်ကို သွားခေါ်ကွာ”
“ဟာ ကိုကြီးတာတေ၊ မြောက်ပိုင်းက အရီး
မဖြူတို့အိမ်မှာ ဒေါ်ထွန်းကြီး ရောက်နေလို့
ကျုပ် အကြောင်းပြောခဲ့ပြီးပြီဗျ။ ဒေါ်ထွန်း
စောင့်နေလိမ့်မယ်၊အချိန်ကျရင်သာ လာ
ခေါ်လို့ ဒေါ်ထွန်းက မှာလိုက်တယ်”
“ဟေ ဟုတ်လား ၊ မင်းတောင် တော်တော်
လုပ်တတ်နေပြီပဲ၊ ကဲ ဒီည ဒေါ်ထွန်းကို ခေါ်
သွားပြီး သင်္ချိုင်းထဲမှာမဖဲဝါကို ပင့်ကွာ၊ စားပွဲ
လည်းပေး၊ ပြီးတော့ခါတိုင်း ငါလုပ်သလို ကိ
စ္စကို ပြောပြလိုက်”
“ဟာ …မဟုတ်တာဗျာ၊ မဖဲဝါက ကျုပ်ပင့်
လို့ လာမလားဗျ၊ မလုပ်ပါနဲ့ဗျာ၊ မလာဘဲ
တခြားသရဲတွေ ရောက်လာလို့ အသက်
တောင် ဘယ်ကထွက်ရမှန်းမသိအောင်
ဖြစ်သွားလိမ့်မယ်”
ကျုပ်က ရယ်စရာပြောလိုက်တော့ သံမ
ဏိက ရယ်တော့တာပဲဗျို့။ရှစ်နာရီထိုးတာ
နဲ့ ဒေါ်ထွန်းကို ဝင်ခေါ်ပြီး ကျုပ်တို့ထနောင်း
ကုန်းသင်္ချိုင်းထဲကို ရောက်လာခဲ့တယ်
စားပွဲတွေ ဂူပေါ်မှာပြင်ပြီး ခါတိုင်းလိုပဲ
မဖဲဝါကို ကျုပ်က ပင့်တယ်။
“ဝူး ၊ ဝူး ၊အာဝူး ၊အီ ၊အီ၊ အီ”
ဟော မကြာလိုက်ဘူးဗျ။ မဖဲဝါရဲ့ ခွေးကြီး
နက်ကျော်အူတဲ့အသံကို ကြားရတယ်။ မ
ဖဲဝါရဲ့ ခွေးကြီးအူသံကိုကျုပ်ပဲ ကြားရတာ
လေဗျာ။ ကျန်တဲ့လူတွေကတော့ ဘယ်ကြား
မှာတုံး။ ဟော ဂူတွေအပေါ်က ဖြတ်ပြီးရွေ့
လာတဲ့ ဖြူဖြူအရိပ်ကြီးက ဒေါ်ထွန်းကိုပြေး
ကပ်လိုက်တယ်။ ဆံပင်ဖားလျားချပြီး လက်
အုပ်ကလေးချီထားတဲ့ ဒေါ်ထွန်းကလက်ကြီး
တွေ ကောက်ကွေးပြီး ထလာတယ်ဗျ။
“ဟီး၊ ဟီး၊ ဟီး၊ ဟီး၊ ဟီး”
ပါးစပ်ကလည်း အသံတွေ ထွက်နေသဗျ။
မတ်တတ်ရပ်ပြီးတာနဲ့ ဂူကြီးပေါ်က စားပွဲ
ကိုလှမ်းကြည့်တယ်။ ဟော ခုန်ပြီဗျို့။ မဖဲ
ဝါ ခုန်ပြီ။လွှားကနဲ နေတာပဲဗျာ။ ဂူပေါ်မှာ
အကျအနထိုင်ပြီးစားတော့တာဗျို့။ ခဏ
နေတော့ ကျုပ်ကို လှမ်းကြည့်တယ်။
“မဖဲဝါ ကျုပ်တို့ထနောင်းကုန်းရွာထဲကို
ညဘက်ရောက်ရင် ဆံပင်အရှည်ကြီးနဲ့
သရဲမကြီးရောက်ရောက်လာလို့ဗျာ”
“ဟဲ့ တာတေ၊ အဲဒါ ဘန့်ဘွေးပင်က သရဲ
မသားအမိဟဲ့။သူ့ကလေးက ပြားကြည်ရဲ့
ကလေးနဲ့ ယာထဲမှာ ကစားဖက်တွေ ခင်
နေကြတာ၊ ပဲသိမ်းပြီးနေ့က ပြားကြည်သ
မီးလေးက သရဲမလေးကို သူ့အိမ်လိုက်ခဲ့
ဖို့အတင်းချော့မော့ပြီး ခေါ်လာတာ၊ ဆံရှည်
သရဲမကတခြားကို သွားနေတုန်း၊ သူ့က
လေးက ပြားကြည်သမီးနဲ့လိုက်လာတာ၊
နောက်တစ်နေ့ရောက်တော့ ပြားကြည်
တို့ လင်မယား ဆွမ်းကပ်တယ်။
ဆရာတော်က ပရိတ်ရေပေးလိုက်တယ်။
အဲဒီပရိတ်ရေထဲမှာ ဆေးဝါးတွေလည်း ပါ
တယ်။အဲဒါနဲ့ ပြားကြည်ယောင်္ကျား ဝိုင်းစည်း
ရိုးတွေဖျန်းလိုက်ရော၊ ညရောက်လို့ ဆံရှည်
မက သူ့ကလေး ဒီမှာရှိမှန်းသိတော့ လာခေါ်
တယ်။ ဒါပေမဲ့ အထဲက ကလေးကလည်း
တစ်ဝိုင်းလုံးဖျန်းထားတဲ့ ပရိတ်ရေ အစွမ်း
ကြောင့် ဝိုင်းပြင်ကိုမထွက်နိုင်ဘူး။ အဲဒါ
ကြောင့် ဆံရှည်မက ဟိုပြေး ဒီပြေး လုပ်
နေတာ။ ကြာလာရင် ဆံရှည်မဒေါသဖြစ်ပြီး
နင်တို့ရွာကို ဒုက္ခပေးလိမ့်မယ်။ ဒီညပဲ နင်
ကလေးကို ဆံရှည်မနဲ့ ပြန်ထည့်လိုက်”
“ဘယ်လိုလုပ်ပြီး ကလေးကို ထုတ်ရ
မှာတုံးဗျ”
“ခြံစည်းရိုးကို တစ်နေရာက ဖောက်
လိုက်လေ။ အဲဒီအပေါက်ထဲ ကလေး
ထုတ်ပေးလိုက်”
ကျုပ်တို့ ရွာပြန်ရောက်တော့ ကိုးနာရီ
ခွဲနေပြီ။ ချက်ချင်းပြင်ကြရတာပေါ့ဗျာ။
ဘလေးသိုးဖြူနဲ့ဒွေးလေးပြားကြည်ကို
မဖဲဝါ ပြောတာတွေ ပြောပြရတာပေါ့။
ဘလေးရော၊ ဒွေးလေးပါ အံ့သြကြ
တာပေါ့ဗျာ။
“ဟဲ့ ပဲစိန် လာစမ်း ဒီကို”
လို့ ဒွေးလေးက ပဲစိန်ကို ခေါ်လိုက်တော
့ ပဲစိန်ကကုပ်ကုပ်ကလေးဗျ။ သူ့အမေရှေ့
ကို ရောက်လာတယ်။
“ဒွေးလေး ခင်ဗျား ကျုပ်တူမကို မဆူ
မငေါက်နဲ့၊ ကျုပ်ဘာသာ မေးမယ်”
လို့ ဒွေးလေးတို့ လင်မယားကို ကျုပ်က
ဟန့်ထားလိုက်ပြီးမှ ပဲစိန်ကို မေးရတာဗျ။
“ပဲစိန် နင် ယာထဲက အပြန်မှာ နင်နဲ့ ဘန့်
ဘွေးပင်အောက်မှာ ကစားနေကျ ကောင်
မလေးကို အိမ်ခေါ်လာတယ်ဆို”
ပဲစိန်က ဘာမှ မပြောဘဲ ခေါင်းလေးပဲ
ညိတ်ပြတာဗျ။
“ဘာလဲ ၊ နင့်သူငယ်ချင်းကို ခင်လို့လား”
“ဟုတ်တယ် ၊ သူနဲ့ ကစားရတာပျော်လို့ “
“သြော် အေး အေး ၊ နေဦး သူငယ်ချင်း
နာမည်က ဘာတဲ့တုံး”
“သူ့မှာ နာမည်မရှိဘူးတဲ့၊ သူ့ကို မဲစိန်
လို့ ခေါ်တယ်”
“ဘာ ၊ မဲစိန် ဟုတ်လား၊ ဒီနာမည်ကို
ဘယ်သူပေးထားတုံး”
“သမီး ပေးထားတာ၊ သမီးက ပဲစိန်ဆို
တော့ သမီးသူငယ်ချင်းက မဲစိန်ပေါ့
ကိုကြီးတာတေရဲ့”
“ဟား ဟား ဟား ဟား “
အားလုံးဝိုင်းရယ်ကြတော့တာပေါ့ဗျာ။
ငိုအားထက် ရယ်အားသန်ဆိုတာ ဒါမျိုး
ပဲ ဖြစ်မယ်ဗျ။ ပဲစိန်ကို ဒေါသဖြစ်နေတဲ့
ဒွေးလေးပြားကြည်တောင် သူ့သမီးကို
ကြည့်ပြီး ရယ်နေတာဗျို့။ ဘလေးသိုးဖြူ
ကလည်း ရယ်တာပဲဗျ။
“ကဲ ပဲစိန်၊ နင့်သူငယ်ချင်း မဲစိန်ကို ပြော
လိုက်၊သူ့အမေ လာခေါ်လိမ့်လို့ ကိုကြီး
တာတေ ပြန်ထည့်ပေးလိုက်မယ် သိ
လား ပဲစိန်”
ပဲစိန်က မျက်လုံးပြူးလေးနဲ့ ခေါင်း
ညိတ်ပြတယ်ဗျ။ ပဲစိန် အသက်က
အခုမှ ခြောက်နှစ် ရှိသေးတာဗျ။
“ဝူး ၊ ဝူး ၊ ဝူး၊ အူး အူး”
ဟော ခွေးတွေ အူပြီဗျို့။
နာရီကြည့်တော့ ညသန်းခေါင်ကျော်ပြီ။
ကျုပ်က ခြံစည်းရိုးကို နည်းနည်းဖျက်
လိုက်တယ်။ လူတစ်ယောက် ဝင်သာရုံ
ပေါ့ဗျာ။ ခြံစည်းရိုး ဝါးဆယ်ချောင်းလောက်
ခဏနှုတ်ပစ်လိုက်တာပေါ့ဗျာ။
ပြီးတာနဲ့ နှမ်းထည့်တဲ့ ဂုန်နီအိတ်ခွံတွေကို
အိမ်လှေကားကနေ ခြံစည်းရိုးအပေါက်ကို
ရောက်တဲ့အထိ ဆက်ပြီး ခင်းလိုက်တယ်
ဂုန်နီအိတ်ကော်ဇောပေါ့ဗျာ။
ဘာဖြစ်လို့တုံးဆိုတော့ ဝိုင်းမြေပေါ်မှာ
ပရိတ်ရေတွေဖျန်းထားတာလေဗျာ။ မဲ
စိန် နင်းလို့ ဘယ်ရမှာမတုံး။ ပြီးမှ ကျုပ်
က မျက်ကွင်းဆေး ကွင်းလိုက်တယ်။
“ကဲ သမီး ပဲစိန်၊ နင့်သူငယ်ချင်း မဲစိန်ကို
သွားခေါ်တော့”
ကျန်တဲ့လူတွေက အိမ်နံရံမှာ ကပ်ပြီး
ထိုင်ပေးနေကြရတာဗျ။ ပဲစိန်က အိမ်
ပေါ်ထပ်ကိုတက်ပြီး ပြန်ဆင်းလာတယ်။
ဟော ပဲစိန်နောက်မှာ ပါလာပြီဗျို့။
ဆံပင်အရှည်ကြီးနဲ့ဗျ။ မျက်နှာရော
တစ်ကိုယ်လုံးပါ ဆံပင် ရှည်ကြီးအုပ်
နေတာဗျ။ ဆံပင်က ဒူးခေါင်းတောင်
ဖုံးတယ်
“လာ ကလေး ဘာမှမကြောက်နဲ့ ၊ ကို
ကြီးတာတေ ကိုယ်တိုင် နင့်အမေလက်
ထဲ အရောက် အပ်ပေးလိုက်မယ်”
လို့ ပြောပြီး ကျုပ်က ရှေ့က သွားတယ်။
ဆံပင်ရှည်သရဲမလေးက ကျုပ်နောက်က
လှုပ်လှုပ် လှုပ်လှုပ်နဲ့ လိုက်လာတယ်ဗျို့။
ဟာ ရောက်နေပြီဗျို့။ ရွာလမ်းပေါ်မှာ
ဆံရှည်သရဲမကြီး ရပ်နေတယ်ဗျို့။
အရပ်ကြီးမှ ဆယ်ပေ ကိုးပေလောက်
ရှိတာဗျာ။မဲစိန်လိုပဲ ဆံပင်က တစ်ကိုယ်
လုံးကို အုပ်နေတာဗျို့။ ကျုပ်က မဲစိန်လေး
ကို ဂုန်နီအိတ်ခင်းထားတဲ့ အပေါ်က
ခေါ်လာတယ်။
ဒါတော့ သူလျှောက်လို့ရသားဗျ။ မဲစိန်
က ကျုပ်နောက် ခပ်ခွာခွာက လှုပ်လှုပ်
လှုပ်လှုပ်နဲ့လျှောက်လာတာဗျ။ ကျုပ်က
ခြံစည်းရိုးအပေါက်နားရောက်တော့ မဲ
စိန်ကို လက်ညှိုးထိုးပြတယ်။
“မဲစိန် နင် ဒီအပေါက်က ထွက်လို့ရတယ်။
ထွက်သွား “
မဲစိန်က ကျုပ်လုပ်ထားတဲ့ ခြံစည်းရိုးအ
ပေါက်ကနေ ထွက်သွားတယ်။ ဟာ ရ
တယ်ဗျို့။ မဲစိန်လေး ထွက်လို့ ရသွားပြီ
ဗျာ။ ခြံအပြင်ရောက်တော့မဲစိန်က ရပ်ပြီး
နောက်ကို လှည့်ကြည့်တယ်။
ဟင် လှေကားရင်းမှာ မတ်တတ်ကလေး
ရပ်နေတာပဲစိန်ဗျ။ တလှုပ်လှုပ်နဲ့ ဝိုင်းထဲ
က ထွက်သွားတဲ့သရဲမလေးကို ကြည့်နေ
တာဗျို့။ ကျုပ်က ပဲစိန်ကို အံ့သြပြီး ကြည့်
နေလိုက်တယ်။
“မဲစိန်ရေ တာ့တာ့ ၊ နောက်တစ်ခါ လာခဲ့ဦး
နော်၊ အတူတူ ဆော့ရအောင်”
ပဲစိန်က သရဲမလေးကို လှမ်းအော်ပြော
လိုက်တာဗျ။
ဟော ဆံရှည်သရဲမကြီးက သူ့သမီး မဲ
စိန်လေးကိုစွေ့ကနဲ ချီလိုက်ပြီး ရွာလယ်
လမ်းအတိုင်း ရိပ်ခနဲပြေးပြီး ပျောက်သွား
ကြရောဗျို့။
ကျုပ်က လှေကားရင်းမှာ တွေတွေလေး
ရပ်နေတဲ့ပဲစိန်ကို ကောက်ချီပြီး သူ့မျက်နှာ
ကို သေသေချာချာကြည့်လိုက်တော့ ပဲစိန်
မျက်လုံးမှာ မျက်ရည်စလေးတွေနဲ့ဗျ။
ပြီးပါပြီ
ရေးသားသူ-ဆရာတာတေ
စာဖတ်သူများအားလုံးစိတ်ရွှင်လန်းချမ်းမြေ့ကြပါစေ🙏🙏🙏
Like & Shareလေးလုပ်ပေးဖို့မမေ့နဲ့ဦးနော်
ဆရာတာတေရဲ့ရွှေဂူရှင်မစာအုပ်မှာကောက်နှုတ်ကူးယူတင်ပြထားသည်
Leave a Reply