ရွာသူခင်နှောင်း

ဘယ်ရက်သွားရမယ်ဆိုတာကို စဉ်းစားခန်းဖွင့်နေသေးတယ်၊ ကျုပ်တုတ်နဲ့လိုက်ရိုက်တာ လွန်သလားဗျာ။

အကိုကြီးနဲ့ မခင်နှောင်းယူမယ့်ကိစ္စကို တစ်ရွာလုံးကသိပေမယ့် သာမန်ကိစ္စပဲဆိုပြီး အေးအေးလူလူပဲပေါ့ဗျာ၊ မခင်နှောင်းကိုချိန်နေတဲ့ ကာလသားတွေသာ အကိုကြီးအပေါ်ကို နည်းနည်းနှာပွနေကြတာ၊ ယုတ်စွအဆုံး မရီးဘက်က ဆွေမျိုးတွေ၊ မိဘတွေကတောင်မှ အေးအေးဆေးဆေးပဲ၊ အဲဒီတုန်းကတော့ ယောက်ျားတစ်ယောက် မိန်းမနှစ်ယောက်ယူတာ ဆန်းမှမဆန်းကိုးဗျ။

ဒါပေမယ့်လည်း မိန်းမတွေစိတ်ကအဆန်းသား၊ မုန့်ကိုသာခွဲဝေစားမယ်၊ အချစ်ကိုတော့ ခွဲဝေမစားနိုင်ဘူးဆိုတဲ့ စိတ်ကလည်းရှိသေးတာကိုး၊ ဒါကြောင့်် ကျုပ်က မိန်းကလေးတွေက အချစ်နဲ့ပတ်သက်လာရင် အမြင်ကျဉ်းတယ်လို့ပြောတာ၊ အခုလည်းကြည့်ဗျာ၊ ကျုပ်အိမ်ရောက်တော့ အမေနဲ့ မရီးနဲ့က တကြိတ်ကြိတ်နဲ့ဗျ။ အဖေကတော့ ဘယ်ထွက်သွားတယ်မသိပါဘူး၊ ကျုပ်လည်း မောမောနဲ့ရေနွေးတစ်ခွက်ငှဲ့တော့ အမေက ကျုပ်အနားကိုကပ်လာတယ်။

“ဟဲ့အလတ်ကောင်၊ နင့်အကိုနဲ့ခင်နှောင်းကိစ္စကိုနင်ဘယ်လိုမြင်သလဲ၊ နင်ရော နင့်အကိုကို အဲဒီဟာမနဲ့ သဘောတူသလား”

ကျုပ်ကတော့ ရေနွေးခွက်ကိုင်ပြီး ခေါင်းခါလိုက်တယ်။ ကျုပ်သဘောမတူတာက တခြားတော့မဟုတ်ဘူး၊ မခင်နှောင်းက စုန်းမမဟုတ်လားဗျ၊ စုန်းမှန်းသိသိကြီးနဲ့တော့ ကျုပ်မကြိုက်ပါဘူးဗျာ၊ ဦးဘသာနဲ့ဘယ်လောက်ခင်ခင်၊ စုန်းတွေကို ဘယ်လိုပဲသဘောထားထား၊ မခင်နှောင်းက အကိုကြီးကိုလိုချင်လို့ ပညာနဲ့ပြုစားခဲ့တာမဟုတ်လားဗျ၊ ဒီတော့ ကျုပ်က ရှင်းရှင်းပြောရရင်တော့ သူ့ကိုကြည့်မရဘူး။

အမေတို့က ကျုပ်ခေါင်းခါတာကို ဘယ်လိုထင်သွားသလဲတော့မသိဘူးဗျ၊ ကျုပ်ကိုပြုံးကြည့်ရင်း မီးဖိုချောင်ထဲကို လက်ဆွဲခေါ်သွားတယ်။

“အမေ၊ ခိုးကြောင်ခိုးဝှက်နဲ့ ဘာလုပ်မလို့လဲ”

“ဟဲ့၊ နင်လည်း ဒီကောင်မနဲ့သဘောမတူဘူးဆိုရင် ငါတို့အတူတူပေါင်းပြီး ဒီကောင်မကို ဆော်မယ်”

“ဟာ၊ အမေကလည်း၊ အမေလုပ်တာမကောင်းပါဘူး၊ တော်ကြာအရပ်ကသိသွားလို့ သူကြီးကတော်က လူကိုရိုက်ပါတယ်ဆိုပြီးဖြစ်တော့ ကောင်းမလားဗျ”

အမေက ကျုပ်ခေါင်းကို ဒေါင်ခနဲခေါက်တယ်ဗျ။ လက်ကလည်းမြန်လိုက်တာဗျာ။

“နင်ဟာလေ၊ တော်တော်သုံးစားမရတဲ့ကောင်၊ ငါတို့ဆော်မယ်ဆိုတာက ကိုယ်ထိလက်ရောက်လုပ်မှာကို ပြောတာမဟုတ်ဘူး၊ နင့်အကိုနဲ့ အဲဒီကောင်မနဲ့ကို မရရအောင် ခွဲမယ်လို့ပြောတာ”

အမေပြောတော့ ကျုပ်လည်းထိတ်လန့်သွားတာပေါ့ဗျာ။

“အမေရာ၊ ဖြစ်ပါ့မလား”

“ဖြစ်ပါတယ်ဟဲ့၊ နင်အသာနေစမ်းပါ၊ နင်လုပ်ရမှာက နင့်အကိုကြီးကို သေသေချာချာစောင့်ကြည့်ထား၊ ဟိုကောင်မအိမ်နားကို ခြေဦးတောင်မလှည့်စေနဲ့နော်”

ကျုပ်လည်းခေါင်းညိတ်လိုက်ရတယ်။

“ဒါနဲ့နေပါအုံးအမေရ၊ အကိုကြီးနောက်မိန်းမယူတဲ့ကိစ္စကို မရီးဘက်ကတောင်မှ ဘာမှဖြစ်မနေတာ၊ အမေက ဘာလို့ရှေတန်းကနေ ရဲရဲဝံ့ဝံ့တိုက်နေသေးတာလဲ”

“ဟဲ့အကောင်ရဲ့၊ နင့်အကိုနောက်မိန်းမယူတော့၊ နင့်အဖေကလည်း ငါ့သားတောင်ယူသေးတာဆိုပြီးတော့ သူလည်းတစ်စခန်းထလာမှာပေါ့ဟဲ့၊ ဒီတော့ ငါလည်းအခုကတည်းက ပြတ်ပြတ်သားသားလုပ်ထားမှရမယ်၊ မသန်းယောက်ျားက တစ်မယားပဲပေါင်းသလို၊ မသန်းရဲ့သားကလည်း တစ်လင်တစ်မယားပဲဖြစ်စေရမယ်ဟေ့”

အမေက ယောက်မကြိးကိုင်ပြီးတော့ ခြေဟန်လက်ဟန်နဲ့ကိုပြောနေတာဗျ၊ ကျုပ်လည်း အမေတို့များ ဘာတွေလုပ်မလဲဆိုတာတွေးပြီး ခေါင်းပဲကုပ်နေလိုက်တာပေါ့ဗျာ။

နောက်နေ့တွေတော့ အကိုကြီးက မခင်နှောင်းဆီမသွားပေမယ့် မခင်နှောင်းကတော့ အကိုကြီးရဲ့လယ်ကို လိုက်လာသဗျ၊ ထမင်းစားချိန်ဆိုရင် ခံတောင်းလေးရွက်ပြီး လယ်ထဲဆင်းတော့တာ၊ အကိုကြီးတို့ လယ်တဲထဲမှာလည်း အကိုကြီးတစ်ယောက်တည်းမဟုတ်လား၊ ကျုပ်သာ အကိုကြီးကိုမျက်ခြေပြတ်မခံတာနဲ့ အကိုကြီးရဲ့အနားမှာ ရစ်သီရစ်သီလုပ်နေလို့သာပေါ့။

“ကိုမောင်၊ ထမင်းစားရအောင်”

အဲဒီလိုပြောပြီးတော့ လယ်တဲထဲကိုဝင် ခံတောင်းကိုဖွင့်ပေါ့ဗျာ၊ ဟင်းတွေကလည်း ဖွယ်ဖွယ်ရာရာပါပဲ၊ အသားဟင်းတင် နှစ်ခွက်လောက်ပါတယ်၊ ပြီးတော့ အရွက်ဟင်း၊ ငါးပိချက်၊ တို့စရာနဲ့ အရည်သောက်တောင် ပါလိုက်သေးတယ်ဗျာ၊ အကိုကြီးကတော့ မယားအသစ်က ထမင်းလာပို့လို့လားတော့မသိဘူး ပြုံးဖြီးဖြီးနဲ့ပေါ့ဗျာ၊ ကျုပ်ဖြင့်အကိုကြီးကို ကြည့်ရင်းအမြင်တွေကပ်လာတာ။

မခင်နှောင်းက ထမင်းပွဲပြင်ဆင်ပြီး သူတို့လင်မယားအသစ်တွေ ထမင်းစားကြမယ်ပေါ့၊ ဘေးနားမှာထိုင်နေတဲ့ကျုပ်ကိုတောင် မျက်စောင်းထိုးပြီးကြည့်သေးတာ၊ မခင်နှောင်းက ကျုပ်ကိုကြည့်မရသလို၊ ကျုပ်ကလည်း သူ့ကိုကြည့်မရပါဘူး။ ဒါပေမယ့် အကိုကြီးရှေ့ကျတော့လည်း ဒင်းက ဟန်ဆောင်ကောင်းတယ်ဗျ။

“မောင်လေး၊ ထမင်းစားပြီးပြီလား၊ မစားရသေးဘူးဆိုရင် တစ်ခါတည်း ဝင်စားသွားလေ”

ဟင်းတွေက မွှေးကြိုင်နေပေမယ့် ကျုပ်လည်းခေါင်းခါလိုက်တယ်၊ သူကျွေးတာကို ကျုပ်မစားရဲပေါင်ဗျာ၊ တော်ကြာ ဟိုနေ့ကလို ထမီလျှော်တဲ့အင်တုံထဲမှာ၊ ခြေထောက်တွေနဲ့နင်းပြီး ချက်ထားတာဆို ဘယ့်နှယ့်လုပ်ပါ့၊ ကျုပ်လည်း အားနာတာနဲ့ သူတို့ထမင်းစားနေတဲ့အချိန် တဲနောက်ဘက်မှာ ယောင်ပေယောင်ပေလုပ်နေလိုက်တယ်၊ သူတို့က ထမင်းစားရင်း စကားပြောလိုက်၊ ရယ်လိုက်မောလိုက်နဲ့ဗျ၊ မခင်နှောင်းက အကိုကြီးနဖူးက ချွေးစတွေကိုတောင် သူ့ပုခုံးတင်ပုဆိုးနဲ့ သုတ်ပေးလိုက်သေးတယ်၊ ဟင်းရည်ကိုတောင်မှ ခပ်ပြီးမှုတ်တိုက်သေးတာဗျာ၊ သူတို့ချစ်နေကြတာကြည့်ရင်း ကျုပ်ဖြင့် အမြင်တွေကပ်လိုက်တာ ပြောမနေပါနဲ့။

အကိုကြီးတို့ ထမင်းစားတာကို ဆက်မကြည့်ချင်တာနဲ့ ကျုပ်တို့လယ်ဘက်ကိုပြန်လာခဲ့တယ်၊ အငယ်မတို့က ထမင်းတောင်စားပြီးလို့ ပန်းကန်တွေဆေးကြောနေပြီ၊

“ဟဲ့အငယ်မ၊ ငါမစားရသေးဘူးလေ”

“မသိဘူးလေ၊ အကိုလတ်က အကိုကြီးတို့ဆီမှာ ထမင်းစားမယ်ထင်တာနဲ့ အကုန်စားလိုက်ပြီ၊ မရှိတော့ဘူး”

“ဟာ၊ နင်တို့လွန်တာပေါ့ဟ”

ဦးဘသာကတော့ တခွိခွိနဲ့ရယ်နေတယ်ဗျ၊ ဦးဘသာလယ်တဲက မီးမဖိုဘူးဆိုတော့ သူကထမင်းစားပြီးရင် ကျုပ်တို့လယ်တဲထဲမှာ လာလာပြီးရေနွေးသောက်တတ်တယ်မဟုတ်လားဗျာ၊ ပက်လက်ကုလားထိုင်မှာထိုင်နေတဲ့ ဦးဘသာကိုကြည့်ရင်း ကျုပ်ဒေါသတွေထွက်လာတယ်။

“အောင်မယ်၊ ဦးဘသာက ဘာလို့ရယ်တာလဲဗျ”

“မင်းမရီးအသစ်က မင်းကိုမကျွေးလွတ်လိုက်ဘူးလား”

ကျုပ်က အငယ်မတို့ကိုတစ်ချက်ကြည့်ရင်း

“ကျွေးတယ်၊ တမင်သက်သက်မစားတာ”

“ထမင်းဝိုင်းတွေ့တာတောင် မစားဘူးဆိုတော့၊ ကြည့်ရတာ ဟင်းမကောင်းဘူးနဲ့တူတယ်”

အငယ်မက ရယ်ကျဲကျဲပြောတော့ ကျုပ်လည်း ခါးထောက်လိုက်ပြီး

“အောင်မယ်လေး၊ ဟင်းကတော့ ဘာကောင်းသလဲမမေးနဲ့၊ အသားဟင်းတောင် နှစ်ခွက်ပါတယ်၊ ငါမစားဘူးဆိုတာက သူတို့ကိုကြည့်မရလို့ဟေ့၊ ဘယ့်နှယ့် အရည်သောက်တောင်မှ ဇွန်းနဲ့ခပ်ပြီးတော့ ပါးစပ်နဲ့ကိုယ်တိုင်မှုတ်ပြီး ခွံ့ကျွေးနေသေးတာ”

“ဟား၊ ဟား၊ ဒါကိုပြောတာပေါ့ အကိုမယားနေတော့ ညီဖင်ကြိမ်းတယ်ဆိုတာ”

“ကြံကြံဖန်ဖန်အငယ်မရာ၊ နှမလင်နေ မောင်ဖင်ကြိမ်းတာပါဟ”

“သိတယ်လေ၊ အခုက အကိုကြီးမိန်းမအသစ်ရတော့ အကိုလတ်မနေနိုင်ပဲ ထွက်ပြေးခဲ့ရတယ်မဟုတ်လား၊ ဟား၊ ဟား”

ကျုပ်လည်း ဘာမှမပြောတော့ဘူး၊ ဗိုက်ကလည်းအတော်ဆာနေပြီ၊ ဒါနဲ့ လယ်ထဲကိုယူလာတဲ့ တောင်းတွေ၊ အိုးတွေသယ်ပြီးတော့ အိမ်ကိုပဲပြန်ခဲ့တာပေါ့ဗျာ၊ အိမ်ရောက်တော့ လူကရှင်းနေပါရော။ ဒါနဲ့ မီးဖိုထဲဝင်ပြီး ထမင်းစားဖို့လှန်လှောရင်း အိမ်ပေါ်ထပ်ကနေ ပြောနေတဲ့အသံကြားလိုက်တယ်။

“စားလိုက်ပါသမီးရယ်၊ တစ်လုပ်နှစ်လုပ်တော့စားပေါ့အေ၊ ညည်းဒီအတိုင်းဆက်သွားရင် အိပ်ရာထဲလဲသွားမှာပေါ့”

ကြားလိုက်တာကတော့ အမေ့အသံပါ။

“မစားချင်ဘူးအမေ၊ သမီးဘယ်လိုမျက်နှာနဲ့ အိမ်အပြင်ထွက်ရမလဲ၊ မယားကြီးရှိရက်နဲ့ မယားငယ်အိမ်မှာ ညသန်းခေါင်ကြီးမိထားတာဆိုတော့ သမီးကိုရွာကလူတွေက ဘယ်လိုပြောကြမလဲ၊ မစားဘူးအမေ၊ သမီးသေသွားလည်းအေးတာပဲ”

“ဟဲ့၊ သြော်၊ သေစကားမပြောပါနဲ့အေ၊ ညည်းသေသွားတော့ရော ဘာကောင်းသွားမှာမို့လို့လဲ”

“သြော်၊ အမေကလည်း၊ သမီးသေသွားတော့ သူတို့နှစ်ယောက် သမီးမျက်နှာကြည့်စရာမလိုဘဲ ချစ်ချစ်ခင်ခင်နေသွားလို့ရတာပေါ့”

ကျုပ်လည်း ဆက်ပြီးနားမထောင်နိုင်တော့တာနဲ့ အိမ်ပေါ်ကိုတက်လာခဲ့တယ်။

“ဘာမှ သေစရာမလိုဘူး မရီး၊ ကျုပ်ပြောပြမယ် မရီးသေသွားတော့ ကျုပ်တူမက မိထွေးနဲ့နေရပြီပေါ့”

ကျုပ်က အခန်းဝကနေ စကားပြောပြီးဝင်လာတာကိုမြင်တော့ အမေရော မရီးရောက လန့်သွားတယ်ဗျ။

“မိထွေးဆိုတာ ဘယ်မိထွေးက ကောင်းလို့လဲ၊ ပြီးတော့ အကိုကြီးနဲ့မခင်နှောင်းနဲ့က သားသမီးထပ်ရပြီဆိုရင် ကျုပ်တူမပဲ အပယ်ခံဖြစ်မှာမဟုတ်လား၊ ဒီတော့ မသေနဲ့အုံး မရီးရေ၊ ကျုပ်အကိုကြီးနဲ့ အဲဒီမခင်နှောင်းနဲ့ကို ရအောင်ခွဲပေးမယ်”

ကျုပ်ပြောတော့မှ မရီးက နည်းနည်းတွေဝေသွားတယ်။

“အားမွေးထားစမ်းပါ မရီးရဲ့၊ ဒီပွဲမှာ အားအရင်လျော့တဲ့လူက အရှုံးပဲ”

ကျုပ်လျှောက်ပြောတော့မှ မရီးက ထမင်းတွေကုန်းစားတယ်ဗျာ၊ အမေနဲ့ကျုပ်လည်း သုံးလေးရက်ထမင်းမစားလို့ မျောက်ခေါင်းရုပ်ဖြစ်နေတဲ့ မရီးကိုကြည့်ရင်း သက်ပြင်းတွေအကြိမ်ကြိမ်ချနေမိပါရော။

(၂)

“တော်စမ်းအလတ်ကောင်၊ ငါဒါမျိုး ဘယ်တော့မှမလုပ်ပေးဘူး”

ထုံးစံအတိုင်း ကျုပ်လည်း ဦးဘသာကြီးဆီကိုသွားပြီး အပူကပ်တော့ ဦးဘသာက ကျုပ်ကိုရက်ရက်စက်စက် ပြန်ငေါက်လွတ်တယ်ဗျ။

“သူများချစ်ခြင်းကိုခွဲတယ်ဆိုတာ သိပ်ကြောက်ဖို့ကောင်းတယ်ကွ၊ မင်းတို့ယုံသလား မယုံသလားတော့ မသိပေမယ့် ငါကတော့ ဝဋ်ကြွေးဆိုတာကိုယုံတယ်၊ ဒီတော့ ငါ့ဘဝတစ်လျှောက်လုံးအဲဒီလိုချစ်ခြင်းကို မခွဲဘူးလို့ ဆုံးဖြတ်ထားတာကြောင့်၊ ဒီတစ်ခါတော့ မင်းကိုငါ မကူညီနိုင်တော့ဘူး”

သူပြောတာလည်း ခပ်ဟုတ်ဟုတ်ဗျ၊ သူတောင်မှ ဝဋ်ကြွေးရှိလို့ ဒီဘဝမှာ ချစ်တဲ့သူနဲ့ကင်းကွာခဲ့တယ်မဟုတ်လား။ ဦးဘသာက ကျုပ်ကိုလက်ညှိုးထိုးပြီး

“မင်းလည်း သူများကြားထဲ ကြပ်ကြပ်ဝင်ပါနော်အလတ်ကောင်၊ တစ်နေ့ မင်းလုပ်ခဲ့တဲ့အလုပ်က မင်းကိုဝဋ်ပြန်လည်လာလိမ့်မယ်”

“ဟာဗျာ၊ ကျုပ်ကတော့ ဝဋ်တွေ၊ ငရဲတွေ ကြောက်မနေဘူး၊ ဒါက ရှေးလူကြီးတွေ ခြောက်လှန့်သွားတာလို့ပဲထင်တယ်၊ ကျုပ်ကတော့ ကျုပ်အကိုကြီးကို အဲဒီစုန်းမနဲ့သဘောမတူဘူး၊ စုန်းမမှန်းသိရက်နဲ့ ကျုပ်တို့မိသားစုဝင်အဖြစ် လက်ခံမပေးနိုင်ဘူး”

ကျုပ်လည်း အဲဒီလိုပြောပြီး ထွက်လာခဲ့လိုက်တာပေါ့ဗျာ၊ အိမ်ရောက်တော့ အဖေနဲ့အမေနဲ့ စကားပြောနေတယ်ဗျ။

“ယောက်ျားရေ၊ ကွင်းချောင်းက ကျုပ်ဘကြီး ဘိုးမှန် ဆုံးလို့တဲ့”

“ဟုတ်လား၊ အေး၊ ဒါကြောင့်လည်း ငါထင်နေတာ၊ အရင်က ဘိုးမှန်တစ်ယောက် သုံးလတစ်ခါ၊ လေးလတစ်ခါလောက် လာလာနေကျမဟုတ်လား၊ အခုဆို မလာတာ ခြောက်လတောင်ကျော်ရောပေါ့”

“ဘိုးမှန်က အမျိုးရင်းတော့ မသွားလို့မရဘူးယောက်ျားရေ၊ အဲဒါ မနက်ဖြန်မနက်စောစော ကျုပ်နဲ့မောင်ထွန်းနဲ့သွားမယ်၊ ဟိုမှာ တစ်ရက်ညအိပ်ပြီးတော့ ပြန်လာခဲ့မယ်”

“ဟာ၊ အမေက ကွင်းချောင်းဆိုရင် ကျုပ်လည်းလိုက်ချင်တယ်”

အမေက ကျုပ်ကိုမျက်နှာရိပ်မျက်နှာကဲပြပြီး

“မလိုက်စမ်းပါနဲ့အလတ်ကောင်ရာ၊ နင့်ကိုခေါ်ရမှာကြောက်လို့ပါဟ”

နောက်တော့မှ အမေက ကျုပ်ကိုတီးတိုးပြောတယ်၊ သူအပြင်သွားနေတဲ့အချိန် မရီးနဲ့အကိုကြီးကိုစောင့်ကြည့်ထားဖို့ပေါ့ဗျာ၊ မရီးကလည်း စိတ်အခြေအနေသိပ်မကောင်းဘူးဆိုတော့ လုပ်မိလုပ်ရာ လုပ်မှာကို ပူမိလည်းပါတာပေါ့။

အမေတို့ထွက်သွားပြီးတော့ အိမ်က ခြောက်ကပ်ပြီးကျန်နေတော့တာပေါ့ဗျာ၊ ကွင်းချောင်းရွာက ရွာနဲ့အတော်လှမ်းတာဆိုတော့ ဒီကနေမနက်အစောကြီးထွက်မှ ဟိုကို ညနေလောက်ရောက်တာ၊ ဟိုမှာ တစ်ညအိပ်ပြီးတော့ ပြန်ထွက်လာရင် ဒီကို ညနေလောက်တော့ ရောက်ပါတယ်၊ မောင်ထွန်းဆိုတာက အမေ့အမျိုးပဲ၊ အမေတို့ လှည်းနဲ့ထွက်သွားကြတာပေါ့ဗျာ။

အမေတို့ထွက်သွားတဲ့ညပဲ ကျုပ်လည်း အိပ်နေတာပေါ့ဗျာ၊ ညနက်တော့ ကျုပ်နားထဲ အသံတစ်ခုကိုကြားတယ်။

“ဟိတ်ကောင်၊ အိပ်မနေနဲ့၊ ထ . . ထ”

အသံကတော့ ယောက်ျားသံကြီးဗျ၊ အသက်ကြီးကြီး အိုအိုအသံပေါ့ဗျာ၊ ကျုပ်လည်း အိပ်မက်မက်နေတယ်ထင်ပြီး မထသေးဘူးဗျ။ ဒီအချိန်မှာပဲ ကျုပ်ခြေထောက်ကို အေးခနဲဖြစ်သွားတယ်၊ လက်အေးကြီးနဲ့ ဖမ်းကိုင်လိုက်သလိုပေါ့ဗျာ၊ ကျုပ်လည်း ဂယောင်ကတမ်းနဲ့အော်ဟစ်ပြီး ထလိုက်ရတပေါ့။ ထထိုင်လိုက်တော့လည်း ကျုပ်ခြေရင်းမှာ ဘယ်သူမှမရှိဘူးဗျ၊ ကျုပ်လည်း အိပ်မက်လား၊ တကယ်လားဆိုပြီးကြည့်နေတုန်း အိပ်ခန်းထဲကနေ တအိအိနဲ့အသံကြားလိုက်တာပေါ့ဗျာ။

အစကတော့ ကလေးငိုတာလား၊ ဘာလားလို့ထင်လိုက်တာ၊ ဒါနဲ့ပဲ စောင်လေးခြုံပြီး ပြန်အိပ်မယ်ဆိုပြီး လှဲချလိုက်တော့

“အိပ်မနေနဲ့ထ၊ ထစမ်း”

အသံကြီးကို သေသေချာချာကြားလိုက်ရတာဗျာ၊ အနားကိုကြည့်လိုက်တော့လည်း အကိုကြီးနဲ့ အငယ်ကောင်နဲ့က တခူးခူးနဲ့ဟောက်ပြီးအိပ်နေကြတာ၊ ကျုပ်လည်း ပြန်ထိုင်လိုက်ရတယ်၊ တစ်ခုခုကတော့ကျုပ်ကိုသတိပေးနေပြီပေါ့ဗျာ၊ အခန်းထဲက တအိအိအသံလည်းကြားတာဆိုတော့ ကျုပ်က ဘာများဖြစ်သလဲဆိုပြီးတော့ အခန်းထဲကို အမြန်ပြေးဝင်လိုက်တယ်၊ ရွာကအိမ်တွေက အိပ်ခန်းတွေကို တံခါးတွေမတပ်ကြဘူးဗျ၊ ခန်းဆီးလိုက်ကာလောက်ဘဲ ကာထားတာဆိုတော့ ကျုပ်ဝင်လို့လွယ်တာပေါ့၊ အထဲရောက်တော့ မရီးက ထုပ်တန်းမှာ တွဲလောင်းကြီးဗျာ။

“ဟာ၊ မရီး . . . မရီး”

ခြေထောက်တွေကတော့ တဆတ်ဆတ်တုန်နေသေးတယ်ဗျ။ အသံက တအိအိနဲ့လည်ပင်းအစ်လို့ အော်နေတဲ့အသံမျိုးပေါ့၊ ကျုပ်လည်း မရီးဆီကိုပြေးသွားပြီးတော့ မရီးခြေထောက်တွေကို ဖမ်းကိုင်ပြီးတော့ ပင့်တင်ထားလိုက်ရတယ်၊ မရီးရဲ့ခြေရင်းအနားမှာလည်း သစ်သားခွေးခြေတစ်လုံးက ကျနေသေးရဲ့။

“အဖေရေ၊ လုပ်ပါအုံး၊ အကိုကြီးရေ”

ကျုပ်အော်တော့မှ အခန်းထဲကိုပြေးလာကြတယ်ဗျာ၊ မရီးက ထုပ်တန်းမှာ ဆွဲကြိုးချပြီး သတ်သေဖို့လုပ်နေတာဗျ။ အဖေက ကြိုးကိုဓါးနဲ့ခုတ်ဖြတ်လိုက်တော့မှ မရီးကပြုတ်ကျလာတယ်။ ပြီးတော့ ငိုနေတော့တာပဲ။

“မလုပ်ကောင်းလုပ်ကောင်းသမီးရယ်၊ ဘယ်လိုဖြစ်တာလဲ”

ဒီအချိန်မှာပဲ အကိုကြီးက မရီးကို ပိတ်ပြောတော့တာပဲဗျာ၊ မရီးကလည်း ပြန်ခံပြီးပြောတယ်။ သူတို့လင်မယားတွေရန်ဖြစ်ကြတယ်ပေါ့၊ နောက်တော့ ကျုပ်တူမက လန့်နိုးလာပြီးငိုပါရောဗျာ၊ မရီးက ကလေးကိုပိုက်ပြီး အိမ်ပေါ်ကနေ ညည့်နက်သန်းခေါင်ကြီး ဆင်းချသွားပါရော၊ ကျုပ်လည်း မရီးအနောက်လိုက်ပြီးခေါ်တာပေါ့။

“မခေါ်နဲ့၊ ငါ့ကိုမခေါ်နဲ့တော့အလတ်ကောင်၊ ငါသူ့နဲ့ကွဲဖို့ဆုံးဖြတ်လိုက်ပြီးပြီ”

ကျုပ်လည်း ခေါ်မရတော့ဘူးပေါ့၊ ဒါနဲ့ပဲ မရီးရဲ့မိဘအိမ်ကိုပြန်ပို့ပေးခဲ့ရတာပေါ့ဗျာ၊ အဖေကတော့ အကိုကြီးကိုဖိဆူတာပေါ့ဗျာ၊ အကိုကြီးကတော့ ခပ်ပေပေပဲဗျ၊

“အကြီးကောင်၊ ဒါမင်းအစပျိုးခဲ့တဲ့ ကိစ္စတွေကွ၊ မင်းကိစ္စကို မင်းနိုင်အောင်ရှင်းရမယ်”

“အဖေကလည်းဗျာ၊ ဒီလိုကောင်မမျိုးသေသွားရင်အေးတာပဲပေါ့”

အဖေဆို ဒေါသထွက်ထွက်နဲ့ အကိုကြီးကို ထထိုးလို့ ကျုပ်တို့ဝိုင်းဆွဲရသေးတယ်၊ အကိုကြီးမျက်နှာကို သုံးချက်လောက်ထိုးမိသွားတာပေါ့ဗျာ။ ကျုပ်ကတော့ ဒါဘယ်သူ့လက်ချက်လဲဆိုတာကို သိပြီးသားပါ၊ ဒါနဲ့ နောက်တစ်နေ့မနက်ပဲ ဦးဘသာကြီးဆီကိုချီတက်ခဲ့တာပေါ့။

(၃)

“ညတုန်းက ကျုပ်ကြားလိုက်တဲ့အသံက ဦးဘသာအသံမဟုတ်လား”

ဦးဘသာက လယ်ထဲမဆင်းရသေးဘူး၊ မနက်အစောဆိုတော့ အိမ်မှာပဲရှိသေးတယ်ဗျ၊ သူကတော့ ထုံးစံအတိုင်းပဲ ဘာမှပြန်မပြောဘူး၊ ကျုပ်လည်းဆက်ပြောရတာပေါ့။

“ညက ကျုပ်မရီးဘာဖြစ်သွားတယ်ဆိုတာ ဦးဘသာ သိသလား”

ဦးဘသာက ကွမ်းယာနေရင်း

“လုပ်တာကတော့ အသေလုပ်တာကွ”

ဦးဘသာက တန်းပြောတော့ ကျုပ်ဖြင့်အံ့သြသွားတာပဲဗျာ။ ကျုပ်က ဘာမှတောင်ပြောရသေးတာမဟုတ်ဘူးနော်၊ သူက အသေလုပ်တယ်ဆိုတာ သိနေပြီးသား။

“ဒါမခင်နှောင်းလက်ချက်မဟုတ်လား ဦးဘသာ”

“ဘယ်သူလုပ်တယ်၊ ဘယ်ဝါလုပ်တယ်ဆိုတာတော့ မပြောချင်တော့ပါဘူးကွာ”

“ဟာဗျာ၊ ဦးဘသာနော်၊ မခင်နှောင်းက စုန်းဆိုပြီးတော့ ဦးဘသာအဲဒီလိုကာဆီးကာဆီးမပြောနဲ့၊ လူတစ်ယောက်ကို သေအောင်လုပ်တယ်ဆိုတာက သိပ်ပြီးတော့ကြောက်ဖို့ကောင်းတဲ့အရာပဲဗျ၊ ကျုပ်လုံးဝခွင့်မလွှတ်ဘူး”

ဦးဘသာက သက်ပြင်းချလိုက်ပြီးတော့

“စိတ်လျှော့လိုက်ပါတော့အလတ်ကောင်ရာ၊ မင်းမရီးလည်း သေမှမသေဘဲကွ”

“အိုဗျာ၊ မသေသေးလို့ ဒီအထိကျုပ်ခံနေတာပေါ့၊ သေများသေသွားလို့ကတော့ အဲဒီခင်နှောင်းဆိုတဲ့ကောင်မကို ကျုပ်ဓါးနဲ့သွားခုတ်ပြီးတာ ကြာလှပေါ့ဗျာ”

“ငါကတော့လေ၊ သူတို့လူမှုရေးပြဿနာကို သူတို့ဖာသာရှင်းကြလင်းကြစေချင်တယ်ကွ”

“လူမှုရေးဆိုပေမယ့် အခုက အောက်လမ်းနည်းတွေ ပါလာပြီမဟုတ်လားဦးဘသာ၊ ဦးဘသာကြီး တစ်ခုခုမလုပ်ပေးဘူးဆိုရင် မခင်နှောင်းဟာ စုန်းတစ်ယောက်ပါလို့ ကျုပ်ရွာထဲမှာသတင်းဖြန့်မယ်ဗျာ၊ အထက်လမ်းဆရာခေါ်ပြီးတော့ ပြန်ဆော်မယ်ဗျာ”

ဦးဘသာက သူယာနေတဲ့ကွမ်းယာကိုတောင် ရပ်ပြီးတော့ ကျုပ်ကိုမျက်မှောင်ကြုတ်ပြီးကြည့်တယ်။

“အလတ်ကောင်ရာ၊ မင်းက မဟုတ်တာတွေဆက်လုပ်အုံးမလို့လား၊ မင်းလုပ်မှ တို့ရွာထဲမှ မဖြစ်သင့်တာတွေဖြစ်ပြီး ရှုပ်ထွေးကုန်ပါအုံးမယ်ကွ”

“ဒါဖြင့်ရင် ဦးဘသာကြီး အဲဒီမခင်နှောင်းကို တစ်ခုခုပြောပေးဗျာ”

ဦးဘသာက ခေါင်းညိတ်ရင်း

“စိတ်ချပါကွာ၊ ငါလည်း ဒီအတိုင်းလက်ပိုက်ကြည့်မနေပါဘူးကွ”

သူပြောလိုက်တော့မှ ကျုပ်လည်း စိတ်အေးရတော့တယ်။

“ဒါဖြင့်ရင် အခုဘယ်လိုလုပ်မလဲ”

“အချိန်ပဲလိုတယ်အလတ်ကောင်၊ တစ်ရက်နှစ်ရက်လောက်စောင့်လိုက်ရင် အဖြေပေါ်လာလိမ့်မယ်”

“ဘယ်လိုအဖြေလဲဗျ”

ဦးဘသာက ဘာမှဆက်မပြောတော့ဘူးဗျာ။

အကိုကြီးနဲ့မရီးနဲ့ကတော့ အခြေအနေမကောင်းတော့တာထက် ဆိုးတာထက်ပိုဆိုးလာတယ်ဗျ၊ မရီးက တောင်းပန်လို့ထင်တယ်၊ သူ့မိဘတွေ အိမ်ကိုရောက်လာပြီးတော့ အကိုကြီးနဲ့ကွာဖို့ ကိစ္စကိုပြောဆိုနေကြပြီဗျ၊ ဒီအတိုင်းဆိုရင် အကိုကြီးနဲ့ မရီးနဲ့ကွဲဖို့ပဲရှိတော့တယ်၊ အဖေကတော့ လေးငါးရက်လောက် စောင့်ကြည့်ပါအုံးလို့ပဲ နားချပြီးပြန်လွှတ်လိုက်ရတာပါပဲဗျာ၊ အကိုကြီးကလည်း တစ်မျိုးပဲဗျာ၊ သူ့စိတ်က မရီးနဲ့ပတ်သက်လာရင်ကို ဆတ်ဆတ်ထိမခံဖြစ်နေတာ။

ဒီလိုနဲ့ သုံးလေးရက်လောက်ကြာတော့ ရွာကိုလူတစ်ယောက်ရောက်လာတယ်ဗျ၊ ဖြစ်ချင်တော့ ကျုပ်လည်း လယ်ထဲဆင်းတဲ့အချိန် ရွာထိပ်မှာတွေ့ကြတာပေါ့ဗျာ၊

“ညီလေး၊ ဒီရွာမှာ ခင်နှောင်းဆိုတဲ့မိန်းကလေးရှိတယ်မှတ်လား”

လူပုံစံကတော့ အသားမည်းမည်း၊ အရပ်ပုပုပါပဲဗျာ၊ ရုပ်ကလည်းဆိုးလိုက်တာမှ ပြောမနေပါနဲ့တော့။ ပုံစံကတော့ ကုလားဒိန်လိုပုံစံမျိုးပဲ။ ကျုပ်လည်း သူ့ကိုကြည့်ပြီးတော့

“ရှိတာပေါ့ဗျာ”

“သူ့အိမ်ဘယ်အိမ်လည်းဆိုတာကို ငါ့ကိုညွှန်စမ်းပါ ညီလေးရာ”

“ဟာဗျာ၊ ခင်ဗျားက သူ့အိမ်သိချင်ရအောင် ဘယ်သူမို့လို့လဲဗျ”

“ငါက သူ့ယောက်ျားပဲ”

ကျုပ်ဖြင့် မျက်လုံးတောင်ပြူးသွားတာပဲဗျာ။

“ဗျာ၊ သူ့ယောက်ျားတဲ့လား”

“အေး၊ ဟုတ်ပါတယ်ဆိုကွာ”

“ဒါ၊ ဒါဆိုရင်တော့ မခင်နှောင်းတို့အိမ်ကိုမလိုက်နဲ့တော့ ကျုပ်တို့အိမ်ကိုသာ လိုက်ခဲ့တော့ဗျို့”

ကျုပ်လည်း အဲဒီလူကြီးလက်ကိုဆွဲပြီးတော့ အိမ်ကိုတစ်ခါတည်း တန်းပြေးပြန်လာခဲ့တာပဲဗျာ၊ အဲဒီလူကြီးကလည်း ကြောင်တောင်တောင်နဲ့ပြေးလိုက်လာတာပေါ့။ အိမ်ရောက်တော့လည်း အဖေက အိမ်မှာရှိနေတာနဲ့ အတော်ပဲဖြစ်သွားတယ်၊ ခြံထဲဝင်လာတဲ့ ကျုပ်တို့နှစ်ယောက်ကိုအကဲခတ်ကြည့်ပြီး

“အလတ်ကောင်၊ ဘာဖြစ်လာတာလဲ၊ သူက ဘယ်သူလဲ”

“သူက မခင်နှောင်းရဲ့ ယောက်ျားတဲ့ဗျ”

အဖေက မျက်ခုံးပင့်သွားတော့တယ်၊ အဲဒီလူကြီးကို ထိုင်ခုံမှာထိုင်ခိုင်းပြီး မေးမြန်းရတာပေါ့။

“ခင်ဗျားက ခင်နှောင်းယောက်ျားဆိုတာ တကယ်လား”

“တကယ်ပါသူကြီးရယ်၊ ကျုပ်အခု ခင်နှောင်းကို သတိရလို့ လိုက်လာခဲ့တာ”

အဖေက ကျုပ်ဘက်ကိုကြည့်ပြီးတော့

“အလတ်ကောင်၊ ခင်နှောင်းကို သွားခေါ်စမ်း”

အဖေက အခေါ်လွှတ်တယ်ဆိုတော့ ကျုပ်လည်း မခင်နှောင်းအိမ်ကိုပြေးလာခဲ့တာပေါ့ဗျာ။

“မခင်နှောင်း . . . ဗျို့၊ မခင်နှောင်း”

ကျုပ်အော်ခေါ်လိုက်တော့ မခင်နှောင်းက အိမ်ထဲကနေထွက်လာတယ်။

“ဟဲ့၊ ဘာဖြစ်ပြန်တာတုန်း၊ အော်ကြီးဟစ်ကျယ်နဲ့”

“အဖေက အိမ်ကိုလာခဲ့ပါအုံးတဲ့။ အိမ်မှာ ခင်ဗျားယောက်ျားဆိုတဲ့ ကုလားကြီးတစ်ယောက်ရောက်နေတယ်”

ကျုပ်လည်း သူ့ကိုကြည့်မရတာနဲ့ ပိတ်ပြောထည့်လိုက်တာ မခင်နှောင်းက ကျုပ်စကားကိုကြားပြီးတော့ အတော်လန့်သွားရှာတာဗျ။

“အေးအေး၊ လိုက်ခဲ့မယ်၊ သွားနှင့်၊ ငါအဝတ်အစားလဲလိုက်အုံးမယ်”

ကျုပ်လည်း အိမ်ကနေထွက်လာခဲ့တယ်၊ အိမ်ကိုမပြန်သေးဘဲ လယ်ကွင်းထဲကိုဆင်းသွားတဲ့ အကိုကြီးကို သွားခေါ်ဖို့အကြံရလိုက်တယ်၊ ဘာပဲပြောပြော တေ့တေ့ဆိုင်ဆိုင်ရှင်းကြပြီဆိုရင် မခင်နှောင်းနဲ့ညားတော့မယ့် အကိုကြီးလည်း သိသင့်တယ်မဟုတ်လားဗျ၊ အကိုကြီးရော ကျုပ်တို့တစ်ရွာလုံးရော မခင်နှောင်းကို အပျိုကြီးဆိုပြီးတော့ သိထားကြတယ်မဟုတ်လား။

ကျုပ်လည်း အပြေးတစ်ပိုင်းနဲ့အကိုကြီးလယ်ကိုပြေးခဲ့တယ်၊ အကိုကြီးကတော့ သီချင်းကလေး တအေးအေးနဲ့ပေါ့ဗျာ။

“အကိုကြီး၊ အကိုကြီး ပြဿနာတက်ပြီ”

“ဘာလဲကွ”

“မခင်နှောင်းယောက်ျားဆိုပြီးတော့ ကုလားကြီးတစ်ယောက်ရောက်နေတယ်၊ အခု အိမ်မှာအဖေနဲ့စကားပြောနေပြီ”

“ဟေ”

အကိုကြီး တစ်ခွန်းထဲရေရွတ်ပြီးတော့ လုပ်လက်စအလုပ်တွေကို ပစ်ချထားခဲ့ပြီး ကျုပ်အနောက်ကိုလိုက်လာတာပေါ့ဗျာ၊ ကျုပ်တို့လယ်နားကိုရောက်တော့ ရွာအပြင်ဇရပ်တွေအနားမှာ သုတ်ခြေတင်ပြီးပြေးသွားတဲ့ မိန်းမတစ်ယောက်ကိုတွေ့လိုက်ရတယ်ဗျ၊ ပုဆိုးနဲ့ထုပ်ထားတဲ့ အထုပ်ကို ခေါင်းပေါ်တင်ပြီးတော့ ပြေးနေတဲ့မိန်းမကို ကျုပ်အသေအချာလှမ်းကြည့်လိုက်တယ်။

“အလို၊ မခင်နှောင်းပါလား”

အကိုကြီးလည်း အထူးအဆန်းနဲ့ကြည့်နေတယ်။ ကျုပ်လည်းသိလိုက်ပြီ။ ဟိုလူကြီးလာလို့ မခင်နှောင်းလည်း ပြေးပြီထင်တယ်ဗျ။

“ပြေးပြီ၊ မခင်နှောင်းပြေးပြီဗျ”

အဲဒီလိုအော်ရင်း ကျုပ်တို့ညီအကို မခင်နှောင်းအနောက်ကိုပြေးလိုက်ခဲ့တယ်ဗျ၊ မခင်နှောင်းက ကျုပ်တို့ထက် တော်တော်ဝေးဝေးအရှေ့ကိုရောက်နေတယ်ဆိုပေမယ့် ကျုပ်တို့က ယောက်ျားခြေလှမ်းဆိုတော့ ရွာအထွက် သုဿန်နားရောက်တော့ မခင်နှောင်းကို မီလာတာပေါ့ဗျာ။

“မခင်နှောင်း၊ မပြေးနဲ့”

“ခင်နှောင်း၊ ဘယ်ကိုပြေးတာလဲ”

ကျုပ်တို့အော်တော့ မခင်နှောင်းက ကျုပ်တို့ကိုလှည့်ကြည့်တယ်၊ ပြီးတာနဲ့ ကျုပ်ကိုလက်ညှိုးနဲ့လှည့်ထိုးတော့ ကျုပ်တစ်ကိုယ်လုံးပူထူသွားတယ်ဗျ၊ မခင်နှောင်းက ကျုပ်ကို စက်နဲ့ပစ်တယ်ထင်ပါရဲ့ဗျာ၊ စက်ထိသွားပြီးတော့ ကျုပ်က အရှေ့ကိုပြေးနေတယ်ဆိုပေမယ့် တကယ်တမ်းတော့ အနောက်ကိုရောက်သွားတာဗျ၊ ထူးဆန်းလိုက်တာမှ ပြောမနေပါနဲ့တော့ဗျာ၊ အရှေ့ကို အားကုန်ပြေးလေလေ၊ အနောက်ကိုရောက်သွားလေလေပဲ၊ ကျုပ်နဲ့တူတူပြေးတဲ့ အကိုကြီးတောင်မှ ကျုပ်နဲ့ခပ်လှမ်းလှမ်းကိုရောက်သွားပြီ၊ ပြီးတော့ အကိုကြီးက မခင်နှောင်းဆီပြေးသွားတယ်၊ မခင်နှောင်းက အကိုကြီးလက်ကိုတွဲပြီးတော့ နှစ်ယောက်သား ဆက်ပြေးကြတယ်ဗျာ။

“ဟေ့လူတွေ၊ ရပ်လိုက်”

ကျုပ်က အော်ပေမယ့် တကယ်တမ်းရပ်နေရတာကတော့ ကျုပ်ပဲဗျ။ အရှေ့ဆက်ပြေးလို့လည်း မဖြစ်တော့ဘူးလေဗျာ၊ အရှေ့ပြေးရင် အနောက်ကိုရောက်တာကိုး။ ဒါနဲ့ပဲ ဉာဏ်နီဉာဏ်နက်သုံးရတော့တယ်၊ ကျုပ်လည်း ချက်ချင်းရွာဘက်ကိုမျက်နှာလှည့်လိုက်ပြီးတော့ ရွာဆီကိုပြေးပါရောဗျာ၊ အရှေ့ပြေးရင် အနောက်ကိုရောက်တယ်ဆိုတော့၊ အနောက်လှည့်ပြေးတော့ အရှေ့ကိုရောက်တာပေါ့ဗျာ၊ အနောက်ကိုတော့ လှည့်ကြည့်လှည့်ကြည့်နဲ့ပြေးရတာပေါ့။

မခင်နှောင်းနဲ့ အကိုကြီးနဲ့က ပြေးရတာမောလို့ထင်ပါရဲ့၊ သုဿန်အကျော်နားက တမာပင်တန်းကလေးအနားမှာ ထိုင်နေကြတယ်၊ ကျုပ်လိုက်လာမယ်လို့လည်း မထင်ဘူးပေါ့လေ၊ ကျုပ်က နောက်ပြန်ကြီးပြေးလာတာကိုး။

“မပြေးနဲ့”

ကျုပ်အော်သံကြားလိုက်တော့မှ သူတို့နှစ်ယောက်က ထပ်ပြေးဖို့လုပ်တယ်၊ ဒီအခါမှာပဲ တမာပင်တန်းကြားကနေ နွားနှစ်ကောင်နဲ့ ဦးဘသာကြီးက ထွက်လာတယ်၊ လက်ထဲမှာလည်း ကြိမ်လုံးကြီး ကိုင်ထားလို့ပေါ့ဗျာ။

“ဟိတ်၊ ရပ်ကြစမ်း”

ဦးဘသာပြောတော့မှ မခင်နှောင်းတို့အပြေးရပ်တယ်၊ ကျုပ်လည်း နောက်ပြန်ကြီးပြေးလာရင်း အနားရောက်လာတာပေါ့။ မခင်နှောင်းက လက်အုပ်ကိုကောက်ချီလိုက်တယ်ဗျ။

“ကျွန်မတောင်းပန်ပါတယ် ဦးလေးရယ်၊ ကျွန်မတို့ကို သွားခွင့်ပေးပါ၊ ကျွန်မတို့ချစ်ခြင်းကို မခွဲပါနဲ့”

“နင်တို့ကိုငါမခွဲပါဘူး၊ တားပဲတားလိုက်တာ”

ကျုပ်လည်း နောက်ပြန်ကြီးရောက်လာတာပေါ့၊ ဦးဘသာက ကျုပ်ကိုကြည့်ရင်း

“အလတ်ကောင် ဘာဖြစ်နေတာလဲ”

“သူပေါ့ဗျ၊ ကျုပ်ကိုစက်နဲ့ပစ်ထားတာ”

ဦးဘသာ ကျုပ်ဆီကို နွားရိုက်တဲ့ကြိမ်လုံးကြီးနဲ့လှမ်းထိုးလိုက်တော့ ကျုပ်တစ်ကိုယ်လုံး ပေါ့သွားသလိုခံစားသွားရတယ်၊ ဦးဘသာက လက်တစ်ဖက်ခါးထောက်ထားရင်း

“နေစမ်းပါအုံးခင်နှောင်း၊ နင်တို့နှစ်ယောက်ကို မကြာခင် မင်္ဂလာဆောင်ပေးတော့မှာမဟုတ်လား၊ နင်တို့ဘာတွေ အလျင်လိုနေသလဲ”

“အဲဒါတွေ မေးမနေပါနဲ့တော့ ဦးလေးရယ်၊ ကျွန်မတို့ကို သွားခွင့်ပြုပါ၊ ဦးလေးကျေးဇူးကို ကျွန်မ မမေ့ပါဘူး”

မခင်နှောင်းက ပြောပြောဆိုဆိုနဲ့ သူ့ခေါင်းပေါ်က ပုဆိုးထုပ်ကိုဖြေလိုက်ပြီး အထဲက ပိုက်ဆံအိတ်တစ်လုံးကိုဖွင့်ပြီး ရွှေလက်ကောက်တွေထုတ်လိုက်တယ်ဗျ၊ ရွှေလက်ကောက်ငါးကွင်းလောက်ကို ကိုင်ပြီးတော့ ဦးဘသာကြီးဆီကို လှမ်းပေးတယ်။

“ဦးလေး ဒါတွေယူပါ၊ ဦးလေးသုံးချင်ရာသုံးပါ၊ ကျွန်မတို့ကိုလွှတ်ပေးပါ”

ဦးဘသာက ရွှေလက်ကောက်တွေကို လှမ်းယူလိုက်ပြီးတော့ လက်နဲ့သေချာကိုင်ကြည့်တယ်၊ ပြီးတော့မှ မဲ့ပြုံးတစ်ချက်ပြုံးပြီး ရွှေလက်ကောက်တွေကို မခင်နှောင်းဆီကို ပိတ်ပေါက်ထည့်လိုက်တာ လက်ကောက်တွေက မခင်နှောင်းလက်နှစ်ဖက်မှာ ဝတ်ပြီးသားဖြစ်သွားပါရောဗျာ၊ ကျုပ်ဖြင့် အံ့သြလို့မဆုံးဘူး။

“ဟဲ့ ခင်နှောင်း၊ ညည်းက ငါ့ကိုရွှေမက်တယ်လို့ထင်နေတာလား၊ ငါနင်ပေးတာကို မယူဘူး၊ လိုလည်းမလိုချင်ဘူး၊ နင်လုပ်ရမှာက ရွာထဲကိုပြန်သွားဖို့ပဲ”

မခင်နှောင်းက ပြောနေရင်း ဒေါသထွက်လာတယ်ဗျ။

“အောင်မာ၊ အဘိုးကြီးကတော့ ကောင်းကောင်းပြောလို့မရဘူး”

မခင်နှောင်းက လက်ညှိုးနဲ့ဆတ်ခနဲထိုးလိုက်တော့ ဦးဘသာက တစ်ခုခုကို လက်နဲ့ပုတ်ချလိုက်တယ်ဗျ။

“ခင်နှောင်းရာ၊ နင်ငါ့ကို ပြိုင်နိုင်မယ်ထင်သလား”

“အပိုတွေလာမပြောစမ်းပါနဲ့ရှင်”

မခင်နှောင်းက ထမီကိုမပြီးတော့ ခါးတောင်းကျိုက်လိုက်တယ်ဗျ။ မခင်နှောင်းပေါင်တွေက နေမထိလေမထိဆိုတော့ ခပ်ဖြူဖြူပေါ့ဗျာ။ ထမီကိုခါးတောင်းမြောင်နောက်အောင်ကျိုက်လိုက်တော့မှ ပေါင်ရင်းနဲ့တင်ပါးတွေမှာ ဆေးနီဆေးနက်တွေနဲ့ အကွက်အကွက်တွေဆွဲထားတာဗျ၊ ကျုပ်ထင်တာတော့ အင်းတွေဖြစ်မှာပေါ့၊ မခင်နှောင်းက ထမီခါးတောင်းကျိုက်ပြီးတော့မှ

“ငါက တခြားလူမဟုတ်ဘူးရွာသူဟဲ့၊ ရွာသူ၊ အဘိုးကြီး မနာချင်ရင် အသာဖယ်နေလိုက်စမ်း”

ဦးဘသာက ရွာထဲမှာ သူကဘာစုန်းမျိုးပါ၊ ဘယ်လောက်ပညာတတ်တယ်ဆိုတာ ပြောထားတဲ့သူမဟုတ်တော့ ဦးဘသာအကြောင်းကို မခင်နှောင်းက သိပုံမရဘူးပေါ့ဗျာ၊ ဦးဘသာကလည်း ဒီလောက်ခင်ပါတယ်ဆိုတဲ့ ကျုပ်ကိုတောင်မှ သူ့ပညာဘယ်လောက်သွားတယ်ဆိုတာကို ပြောပြတာမှမဟုတ်တာကလား။

“ခင်နှောင်းရာ၊ နင်က တို့ရွာမှာနေတော့ တို့ရွာသူပါပဲဟာ”

မခင်နှောင်းက ပုခုံးပေါ်တင်ထားတဲ့ ပုဆိုးပိုင်းကိုဖြုတ်ယူပြီး ဦးဘသာဆီကိုလှမ်းပစ်ထည့်လိုက်တော့တာပဲဗျာ၊ ပုဆိုးပိုင်းက မြေပေါ်ကိုကျပြီးတော့ လူကြီးလက်မောင်းလုံးလောက်ရှိတဲ့ ငန်းမြွေကြီးဖြစ်သွားတာပဲဗျို့၊ ငန်းမြွေကြီးက တစ်ကိုယ်လုံးကိုမည်းနက်နေပြီးတော့ ဦးဘသာကို ပေါက်မယ်ဆိုပြီးတကဲကဲလုပ်နေတာဗျ။ ပြီးတာနဲ့ ဦးဘသာဆီကို တရှူးရှူးနဲ့အသံပေးပြီးတော့ ပြေးသွားတာမြန်လိုက်တာဗျာ၊ ဦးဘသာကလည်း အဲဒီမြွေကြီးရဲ့ခေါင်းကို လက်ထဲက ကြိမ်လုံးနဲ့ထိုးပြီး မြေမှာထောက်ချလိုက်တော့ ငန်းမြွေကြီးကနေပြီး ပုဆိုးပိုင်းပြန်ဖြစ်သွားတယ်ဗျ။

“ဟဲ့၊ ခင်နှောင်း၊ နင့်ပုဆိုးစုတ်က ငါခြေသုတ်ဖို့လောက်တောင် မသားနားပါလားဟ”

အကိုကြီးက တွေတွေကြီးရပ်နေတာဗျ၊ တန်တော့ မခင်နှောင်းက ခုနက လက်မောင်းကိုကိုင်ပြီး တစ်ခုခုလုပ်ထားပုံရတယ်၊ မခင်နှောင်းက မကျေနပ်ဘူး၊ တောက်တစ်ချက်ခေါက်ပြီးတော့ ထမီခါးတောင်းကျိုက်ကိုဖြေချလိုက်တယ်ဗျ၊ ပြီးတော့ ထမီကိုဆွဲလှန်ပြီး ခေါင်းပေါ်ကနေ ကျော်ချွတ်လိုက်တာ၊ ဘာပြောကောင်းမလဲ အတွင်းခံမဝတ်ထားတော့ ဖင်ပြောင်ကြီးပေါ့ဗျာ၊ အဲဒီလိုထမီကိုခေါင်းပေါ်ကနေ ကျော်ချွတ်ပြီးတာနဲ့ ထမီကိုတစ်ခုခုမန်းမှုတ်ပြီး ဦးဘသာကြီးဆီကိုကွင်းလိုက်ပြီး ပစ်ထည့်လိုက်ပါရော။

ထမီပျံထွက်သွားပုံကလည်း ကွင်းလိုက်ကြီးဗျ၊ ဦးဘသာက သူ့အနားမရောက်ခင်မှာပဲ လက်ထဲကကြိမ်လုံးကို လေပေါ်မှာ စက်ဝိုင်းပုံစံဝှေ့ယမ်းလိုက်တော့ ပျံလာတဲ့ထမီကြီးကလည်း လေပေါ်မှာ အကွင်းလိုက်ကြီး လည်ပတ်နေတော့တယ်ဗျာ၊ အမြင့်ကတော့ လူတစ်ရပ်အမြင့်လောက်ရှိမယ်ဗျ။ ဦးဘသာက ခဏကြာတော့ လက်ထဲက ကြိမ်လုံးကို လမ်းဘေးက တမာပင်တန်းဆီကို ညွှန်ပြလိုက်တော့မှ ထမီကွင်းကြီးက အရွက်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ တမာပင်ကလေးအပေါ်ကို သွားကျတာပဲဗျာ၊ တရှဲရှဲအသံမြည်ပြီးတော့ အရွက်စိမ်းစိမ်းစိုစိုနဲ့ တမာပင်ကလေးက ချက်ချင်းအရွက်တွေဝါပြီးတော့ တဖြုတ်ဖြုတ်နဲ့ကျွေကျကုန်ပါရောဗျာ။

“ဟဲ့၊ နင့်ဖင်ငါမကြည့်ချင်ဘူး၊ ထမင်းစားပျက်တယ်ဟဲ့”

ဦးဘသာက မခင်နှောင်းကို ကြိမ်လုံးနဲ့လှမ်းညွှန်ထိုးပြီးတော့

“အလတ်ကောင် မင်းဘောင်းဘီပါရင်၊ မင်းပုဆိုးကို သူ့ကိုစွပ်ပေးလိုက်စမ်း”

ကျုပ်က အောက်က ဒူးလောက်ရှိတဲ့ ဘောင်းဘိတိုကလေးပါတော့ ပုဆိုးကိုချွတ်ပြီးတော့ မခင်နှောင်းအနားကိုကပ်ခဲ့တာပေါ့ဗျာ၊ မခင်နှောင်းက တွေတွေကြီးရပ်နေပေမယ့် ကျုပ်ကိုတော့ စူးစူးစိုက်စိုက်နဲ့ကြည့်နေတော့တာ၊ ကျုုပ်လည်း ပုဆိုးကို ခေါင်းကနေစွပ်ချပြီးတော့ သူ့ခါးမှာခပ်မြန်မြန်ပဲ ပတ်ပေးလိုက်တာပေါ့။ ဦးဘသာက ပုဆိုးဝတ်ပြုပြီးတော့မှ

“ဟေ့ကောင်တွေ၊ ဒင်းကို ရွာထဲကိုဖမ်းဆွဲခေါ်သွားကြစမ်း”

ဦးဘသာအမိန့်ပေးလိုက်တော့ မခင်နှောင်းတစ်ယောက် ယက်ကန်ယက်ကန်နဲ့ ရွာထဲကို တရွတ်တရွတ်နဲ့ပါသွားတာပဲဗျာ၊ မသိရင် သူ့လက်နှစ်ဖက်ကို လူတစ်ယောက်ဆီက ကိုင်ဆွဲပြီး ဆွဲခေါ်သွားတဲ့ပုံစံမျိုး၊ ကျုပ်မျက်လုံးထဲတော့ ကျန်တာတွေမတွေ့ရဘဲ မခင်နှောင်းးတရွတ်တိုက်ပါသွားတာကိုပဲမြင်ရတယ်။

ဦးဘသာက အကိုကြီးအနားကိုကပ်ပြိး လက်ဝါးနဲ့မျက်နှာကိုသပ်ချလိုက်တော့မှ အကိုကြီးလည်း သတိပြန်ကပ်တယ်ဗျ။

“ကဲ၊ မင်းတို့လည်း လိုက်သွားကြတော့ဟေ့၊ ငါ့နွားတွေကို ဟိုဘက်နားမှာ သွားလှန်ထားလိုက်အုံးမယ်”

ဦးဘသာပြောတော့ ကျုပ်တို့ညီအကိုလှည့်အထွက် အဲဒီတမာပင်ပေါ်က ထမီကြီးက ဟုန်းခနဲ သူ့အလိုလိုမီးတွေထတောက်ပြီး တောက်လောင်နေပါရောဗျာ။

(၄)

အိမ်ရောက်တော့ မခင်နှောင်းခမျာ ခုံတန်းမှာထိုင်နေရတယ်။ ကုလားကြီးကိုတော့ နည်းနည်းကျောပေးပြီး တစောင်းထိုင်နေတာပေါ့ဗျာ။

“ပြောစမ်း၊ ခင်ဗျားနာမည်ဘယ်သူလဲ”

“ကျုပ်နာမည် အောင်စိုးပါ၊ လူတွေကတော့ ရာဂျားလို့ခေါ်ပါတယ်”

“ဟဲ့ ခင်နှောင်း၊ နင်သူ့ကိုသိသလား”

အဖေကမေးတော့ မခင်နှောင်းက ကျုပ်ကိုတစ်ချက်ကြည့်ပြီးတော့ ခေါင်းကိုအသာညိတ်ပါတယ်။

“ဒီလူက နင့််ယောက်ျားလို့ပြောနေတယ်၊ အဲဒါဟုတ်သလား”

မခင်နှောင်း ဘာမှမပြောတော့ပါဘူး၊ ဒီတော့မှ ဦးရာဂျားက သူ့လွယ်အိတ်ထဲကနေပြီးတော့ စာအုပ်အရှည်ကြီးတစ်အုပ်ထုပ်တယ်ဗျ၊ အဲဒီစာအုပ်ထဲမှာ ခေါက်ထားတဲ့ စာရွက်ခေါက်ကလေးကို အဖေ့ကိုပြတယ်၊ အဖေက ယူပြီးဖြန့်ကြည့်လိုက်တော့ စာချုပ်တစ်ခုဖြစ်နေတယ်၊ အသိသက်သေတွေအရှေ့မှာ နှစ်ဦးသဘောတူ လက်ထပ်ထိမ်းမြားထားကြောင်း ရေးထိုးထားတဲ့စာချုပ်ပါ၊ အဖေက အချက်အလက်တွေအကုန်တိုက်ကြည့်တော့လည်း တူတူပဲဖြစ်နေတယ်။

“ဟဲ့ ခင်နှောင်း၊ ဒီစာချုပ်က တကယ်လား၊ နင်တကယ်ပဲ လက်မှတ်ထိုးခဲ့တာလား”

မခင်နှောင်းက မျက်ရည်တွေကျလာပြီးတော့ ခေါင်းညိတ်ပါတယ်။

“ဟုတ်ပါတယ်သူကြီးရယ်၊ ဒါပေမယ့် ကျွန်မလက်မှတ်သာထိုးလိုက်ရတယ်၊ သူ့ကိုတကယ်မချစ်ခဲ့ပါဘူး”

“ငါက နင့်ကိုချစ်တာတွေဘာတွေ မေးနေတာမဟုတ်ဘူး၊ လက်ထပ်စာချုပ်ပြနိုင်တယ်ဆိုတော့ ဘာပဲပြောပြော နင်နဲ့သူနဲ့က အကြင်လင်မယားအဖြစ်ရှိနေကြသေးတယ်၊ ဒီတော့ နင်တို့အချင်းချင်း အရင်ရှင်းကြလင်းကြပြီးတော့ လွတ်လွတ်လပ်လပ်ဖြစ်သွားတဲ့အထိ ငါ့သားနဲ့နင်နဲ့ကိစ္စကို ဆိုင်းငံ့ထားမယ်”

“ဆိုင်းငံ့လို့တင်ဘယ်ဖြစ်မလဲ၊၊ တစ်ခါတည်းဖျက်သိမ်းလိုက်မှဖြစ်မှာ သူကြီးရ၊ ဘာလို့လဲဆိုတော့ ခင်ဗျားသားသာ ကျုပ်ရဲ့မိန်းမနဲ့ဆက်ပြီးဖြစ်နေမယ်ဆိုရင်တော့ ကျုုပ်ခင်ဗျားသားကို မယားခိုးမှုနဲ့အမှုဖွင့်ရလိမ့်မယ်”

ဦးရာဂျားကပြောလိုက်တော့ အကိုကြီးတောင် တော်တော်လေးလန့်သွားတယ်ဗျ၊ အဖေက မခင်နှောင်းကိုကြည့်ပြီး

“ကဲ ခင်နှောင်း၊ ကျန်တာကတော့ နင်တို့လင်မယားကြားထဲက ကိစ္စပဲ၊ ဒီတော့ နင်တို့အဆင်ပြေသလိုရှင်းကြပေတော့”

အဖေက ဦးရာဂျားဘက်ကိုကြည့်လိုက်ပြီးတော့

“ကိုရာဂျား၊ ခင်ဗျားလည်း ခင်ဗျားမိန်းမကိုခေါ်ပြီးပြန်တော့ ကျုပ်အိမ်မှာတော့ လာမရှင်းကြနဲ့”

ဒီတော့ ဦးရာဂျားက စာရွက်စာတမ်းတွေသိမ်းပြီးတော့ မတ်တပ်ရပ်လိုက်တယ်၊ ပြီးတော့ မခင်နှောင်းဘက်ကိုလှည့်လိုက်ပြီးတော့

“ခင်နှောင်း၊ ထ၊ ငါနဲ့လိုက်ခဲ့တော့၊ နင့်ကတိအတိုင်းပဲပေါ့”

မခင်နှောင်းကလည်း မလိုက်ချင်လိုက်ချင်နဲ့ထလိုက်သွားတော့တယ်ဗျ၊ ဒီတော့မှ ကျုပ်လည်းသက်ပြင်းချနိုင်တာဗျို့၊ အဖေကလည်းအမေ့ကိုကြည့်လိုက်တယ်၊ အမေ့မျက်နှာမှာတော့ အပြုံးတွေနဲ့ပေါ့ဗျာ။ ကျုပ်စိတ်ထဲတော့ အတွေးမျိုးစုံတွေးနေမိတယ်၊ ဒီဦးရာဂျားဆိုတဲ့လူကြီးက ဘယ်သူကြီးလဲ၊ ဘာလို့အခုမှ ရွာကိုပေါ်လာတာလဲ၊ သူပေါ်လာတာနဲ့ ဦးဘသာနဲ့များ တစ်ခုခုဆက်စပ်နေမလား၊ ဘာလို့လဲဆိုတော့ ဦးဘသာက ကျုပ်ကိုအချိန်စောင့်နေလိုက်ပါလို့ ပြောထားတယ်မဟုတ်လား။ ကျုပ်လည်း သို့လော သို့လောတွေးနေရင်းနဲ့ တော်တော်ကြာတော့မှ တစ်ခုသတိရတယ်။

“ဟာ၊ ပါသွားပြီ၊ ပါသွားပြီ”

ကျုပ်လည်း ထိုင်ခုံကနေ ကမန်းကတမ်းထပြီးတော့ ဘောင်းဘီတိုကြီးနဲ့ မခင်နှောင်းတို့အနောက်ကို ပြေးလိုက်သွားမိတယ်ဗျ။ ကျုပ်ရဲ့ပုဆိုးကြမ်းကြီး မခင်နှောင်းဆီကို ပါသွားပြီမဟုတ်လားဗျာ။ ကျုပ်ပြေးလိုက်ရင်း ရွာလယ်မန်ကျည်းပင်နားရောက်တော့ သူတို့လင်မယားကိုမီလိုက်တယ်ဗျ၊ ဒီအချိန်မှာပဲ ဦးဘသာကြီးနဲ့ သူတို့လင်မယားနဲ့မျက်နှာချင်းဆိုင်တွေ့ပါရောဗျာ။ ဦးရာဂျားက ဦးဘသာကိုကြည့်ရင်း သေသေချာချာပြုံးပြတယ်ဗျ၊ ပြီးတော့

“အကိုကြီး နေကောင်းရဲ့နော်”

လို့နှုတ်ဆက်တယ်၊ ဦးဘသာကလည်း ပြန်ပြုံးရင်း

“အေးပါ၊ ကောင်းပါ့ကွာ၊ ဒါနဲ့ရာဂျားရေ၊ မင်းတောင် အသားတွေပိုပြီးမည်းလာသလိုပဲ”

“ဟာဗျာ၊ အကိုကြီးကတော့လုပ်ပြီ”

“မင်းရောက်တုန်းရောက်ခိုက် ရွာမှာနေပါအုံးကွ”

“မနေတော့ဘူးအကိုကြီးရေ၊ ကျုပ်မိန်းမနဲ့ကျုပ် အကျေအလည်ဆွေးနွေးစရာလေးတွေ ရှိသေးသဗျ၊ ဟား၊ ဟား”

ဦးဘသာက ပြုံးရင်း ခေါင်းတညိတ်ညိတ်လုပ်နေတယ်ဗျ။ ဦးရာဂျားကလည်း ပြုံးပြုံးကြီးနဲ့ မခင်နှောင်းလက်ကိုဆွဲပြီးဆက်လျှောက်သွားပါရော၊ မခင်နှောင်းကတော့ မျက်ရည်စက်လက်နဲ့လိုက်သွားပြန်တယ်ဗျာ၊ ကျုပ်လည်း ဆက်တော့လိုက်ချင်သား၊ ဒါပေမယ့် ဦးဘသာနဲ့ပက်ပင်းတိုးတုန်း ကျုပ်ရင်ထဲကမေးခွန်းတွေကို မေးမယ်လို့ဆုံးဖြတ်လိုက်တာနဲ့ ကျုပ်ဝတ်တဲ့ပုဆိုးကြမ်းကြိးကို အဆုံးရှုံးခံလိုက်ပြီး ဦးဘသာအနားကိုကပ်ခဲ့တယ်။

“ဦးဘသာနဲ့၊ အဲဒီကုလားကြီးနဲ့က သိတယ်တဲ့လား”

ဦးဘသာကခေါင်းညိတ်တယ်ဗျ။

“ကျုပ်စဉ်းစားမရတာက၊ မခင်နှောင်းကလည်း ရုပ်ရည်အသင့်အတင့်နဲ့ အရွယ်ကောင်းလေးပါ၊ ဘယ်လိုလုပ်ပြီးတော့များ ဦးရာဂျားလို အသက်ကြီးကြီး အရုပ်ဆိုးဆိုးလူကြီးကိုများ ယောက်ျားအဖြစ်ယူခဲ့ပါလိမ့်”

“မင်းနားလည်အောင်ပြောရမယ်ဆိုရင်တော့ ခင်နှောင်းကို သူ့မိဘတွေက မင်းအကိုကြီးနဲ့သဘောမတူတော့ မြိုင်သာကိုပို့လိုက်တယ်မဟုတ်လား၊ မြိုင်သာမှာ ခင်နှောင်းက ပညာတွေသင်ခဲ့တယ်၊ ပြောရရင်တော့ မြိုင်သာက သူ့အမျိုးက ပညာသည်ကိုးကွ၊ ခင်နှောင်းကို ဘူးထဲ့ရင်းနဲ့အောင်သွားတယ်၊ ခင်နှောင်းကလည်း ဒီပညာတွေကို မက်မောတယ်ကွ၊ ဒါနဲ့ အဲဒီရာဂျားဆီမှာ တပည့်ခံပြီး ပညာအဆင့်တက်ခဲ့တာ”

“သြော်၊ ဒါကြောင့်ကိုး”

“အပြန်အလှန်အနေနဲ့ ရာဂျားက ခင်နှောင်းကိုပေါင်းရမယ်ဆိုပြီး လက်မှတ်ထိုးခဲ့တာပေါ့ကွာ၊ ခင်နှောင်းကလည်းအကြံနဲ့ကွ၊ ရာဂျားက ခရီးရက်ရှည်ထွက်နေတဲ့အချိန် ရွာကိုတိတ်တိတ်လေးပြန်လာရင်း မင်းအကိုနဲ့ပြန်ငြိတာပေါ့ကွာ၊ ငါထင်တာကတော့ ဒီလိုပဲဖြစ်မှာ၊ အဲဒီရာဂျားက ဘယ်သူလဲဆိုတာ မင်းသိသလား”

ကျုပ်လည်း ခေါင်းခါပြလိုက်တယ်။

“မြိုင်သာက ငါ့အသိ မာယာရဲ့ အကိုအရင်းကွ၊ စုန်းပညာမှာတော့ မွေးရာပါ ပါရမီရှင်လို့တောင်ပြောလို့ရတယ်”

ဒီတော့မှ ကျုပ်ဇတ်ရည်လည်တယ်။ ကုလားမကြီး မာယာကလည်း စုန်းပဲမဟုတ်လားဗျာ။ ဦးဘသာနဲ့ အဲဒီကုလားမကြီးတွေအမျိုးနဲ့က ငယ်ငယ်ကတည်းက ကျောင်းနေဖက်တွေ ခင်ခဲ့ကြတာကိုး၊ ကျုပ်အထင်ပြောရရင်တော့ အဲဒီဦးရာဂျားကြီးကို ဒီကိုခေါ်တာလည်း ဦးဘသာပဲနေမှာဗျ။

“ဒါနဲ့ ဦးဘသာ၊ တစ်ယောက်တော့ ထွက်ပြီးရှင်းသွားပေမယ့် နောက်တစ်ယောက်ကတော့ ကျန်နေသေးသဗျ”

ဦးဘသာက မျက်မှောင်ကြုတ်တယ်။

“ဘာလဲ၊ မင်းအကိုကြီးမှာ နောက်ထပ်တိတ်တိတ်ပုန်းဖြစ်နေတဲ့သူ ရှိသေးလို့လား”

ကျုပ်က ခေါင်းကိုတွင်တွင်ခါလိုက်ရင်း

“မဟုတ်ပါဘူးဗျာ၊ ကျုပ်မရီးကိုပြောတာပါ၊ ကျုပ်မရီးက အကိုကြီးနဲ့ရန်ဖြစ်ပြီး အိမ်ကဆင်းသွားတယ်မဟုတ်လား”

ဦးဘသာက ပြုံးရင်း

“ဟေ့ဟေး၊ ဒါတော့ ငါကူညီမယ်ကွ၊ သူများကိုခွဲတာ မကူညီကောင်းပေမယ့်၊ ကွဲကွာနေတဲ့သူကိုတော့ ပြန်ပေါင်းသင်းအောင် ကူညီကောင်းတယ်မဟုတ်လား”

ကျုပ်လည်းအားတက်သွားတယ်။

“လုပ်ရမှာက သိပ်မခက်ပါဘူးကွာ၊ ကွဲကွာစေတဲ့လင်မယားတွေကို ပြန်ပေါင်းစေချင်ရင်တော့ ပီယလိပ်စီရင်နည်းက အကောင်းဆုံးပဲကွ”

“ပီယလိပ်တဲ့လား၊ ပြောပါအုံး၊ ကျုပ်ဘယ်လိုလုပ်ရမလဲ”

“သိပ်မခက်ပါဘူးကွာ၊ အရင်ဆုံး ဆန်မှုန့်နှစ်ကျပ်သားကို ညက်အောင်ထောင်း၊ ရေနည်းနည်းနဲ့ မုန့်ညက်လုပ်ပေါ့ကွာ၊ ပြီးရင် လိပ်ဖိုတစ်ရုပ်၊ လိပ်မတစ်ရုပ် လိပ်နှစ်ကောင်ပုံစံ အဲဒီမုန့်ညက်နဲ့လုပ်ပေါ့၊ လိပ်ဖို၊ လိပ်မက ပုံစံတူတူပါပဲ၊ တစ်ကောင်ကို လိပ်ဖို၊ တစ်ကောင်ကို လိပ်မလို့ သတ်မှတ်လိုက်ပေါ့”

“ပြီးတော့ရောဗျာ”

“ပြီးရင်တော့ အဖိုလိပ်ရုပ်ရဲ့ဝမ်းဗိုက်မှာ တုတ်တစ်ချောင်းနဲ့ ယောက်ျားဖြစ်သူရဲ့ နံကိုရေးရမယ်၊ မင်းအကိုကြီးက စနေသားဆိုတော့ ခုနစ်လို့ရေးပေါ့ကွာ၊ လိပ်မမှာတော့ မင်းမရီးရဲ့ နံကို ဂဏန်းနဲ့ရေးပေါ့”

“ဒါပဲလားဗျ”

“ကျန်သေးတယ်ဟ၊ ပြီးရင် လိပ်ဖိုရုပ်ကိုကျတော့ “ဥုံ နေမင်းသွေးသား နတ်ယောက်ျား ချင်းစရာချင်း” လို့ မန္တန်ခုနစ်အုပ်စုတ်ရတယ်၊ ခုနှစ်ခေါက်ရွတ်ခိုင်းတာပေါ့ကွာ၊ လိပ်မရုပ်မှာကျတော့ “ဥုံ နဂါးသမီး၊ ဇသီးမည်လှ၊ နတ်မိန်းမ၊ ချင်းစရာချင်း” လို့ ခုနကအတိုင်းရွတ်ပြီးတော့ လမ်းလေးခွဆုံအလယ်မှာ ကျင်းလေးတူးပြီး ခေါင်းချင်းဆိုင်ပြီးမြှုပ်ထား၊ တစ်နယ်တစ်ကျေးကိုထွက်သွားတဲ့သူတောင်မှ မနေနိုင်အောင် တမ်းတမိလို့ ပြန်လာရတယ်လို့ဆိုသကွ”

ကျုပ်လည်းပျော်သွားတော့တယ်။

“ဟုတ်ပြီ၊ ဟုတ်ပြီ၊ စိတ်ချ၊ ကျုပ်အခုပဲ စမ်းကြည့်လိုက်မယ်ဗျ”

ကျုပ်လည်း ဦးဘသာကြီးကို ကျေးဇူးတင်စကားပြောဖို့တောင် မေ့သွားပြီး အိမ်ကိုအမြန်ပြေးလာတာပေါ့ဗျာ၊ ဦးဘသာကတော့ ပြုံးရင်း ကျုပ်ကိုကြည့်နေပြီး ကျန်ခဲ့ပါရောလား။

ကျုပ်လည်း ဦးဘသာခိုင်းတဲ့အတိုင်းလုပ်ပြီး ခုနက မန်ကျည်းပင်ကြီးအနား ရွာရဲ့ အရှေ့၊ အနောက်၊ မြောက်၊ တောင် လမ်းလေးခွဆုံတဲ့နေရာအလယ်မှာ ကျင်းတူးပြီး ခေါင်းချင်းဆိုင်ပြီးမြှုပ်ထားလိုက်တယ်၊ နည်းနည်းလူခြေတိတ်တဲ့ ညရှစ်နာရီလောက်မှ လုပ်လိုက်တာပေါ့ဗျာ။

အစီအရင်က စွမ်းတယ်ပြောရမလား နောက်တစ်နေ့မနက် ကျုပ်ကို အမေနှိုးလို့ နှိုးတော့မှ ကျုပ်မရီးက အိမ်ပေါ်တောင်ပြန်ရောက်နေပြီဗျ၊ အကိုကြီးကလည်း သူ့သမီးကိုချီပိုးလို့ပေါ့ဗျာ၊ ကျုပ်ရင်ထဲက အပူလုံးကြီးလည်း အခုမှပဲ ဟင်းခနဲကျသွားတော့တယ်ဗျာ၊

“သြော်၊ ဦးဘသာ၊ ဦးဘသာ ဒီလိုမျိုးကွဲနေတဲ့လင်မယားကိုး ပြန်လည်ပေါင်းဖက်အောင်လုပ်ပေးတဲ့အတွက် ဦးဘသာကြီးလည်း သံသရာတစ်လျှောက် ချစ်တဲ့သူနဲ့မကွေကွင်းပဲ အမြဲဆုံစည်းရပါစေဗျာ”

ကျုပ်က အသံထွက်ပြီးတော့ ရေရွတ်လိုက်မိတာပေါ့ဗျာ။

ကျုပ်တို့ညီအကိုတွေ မနက်စာစားပြီး လယ်ထဲဆင်းမယ်လုပ်ကြတာပေါ့၊ မိုးကလည်း အုံ့ဆိုင်းနေတာ့ မှောင်ကလည်း သိပ်မှောင်နေတာဗျ၊ ဒီအတိုင်းဆို နေ့လည်လောက်တော့ မိုးကောင်းကောင်းချတော့မယ့်ပုံပဲ၊ ကျုပ်နဲ့အငယ်ကောင်နဲ့ ခြံရှေ့လည်းထွက်ရော ကျုပ်တို့ခြံရှေ့မှာ လူကြီးတစ်ယောက်ရပ်နေတာဗျ၊ ကျုပ်လည်း အဲဒီလူကြီးကိုသေချာကြည့်ပြီး အော်မိတာပေါ့။

“အောင်မယ်လေးဗျ၊ သရဲ၊ သရဲ လုပ်ပါအုံး”

ကျုပ်နဲ့အငယ်ကောင်နဲ့ အဲဒီလူကြီးကိုကြည့်ပြီး တစ်ခါတည်းအော်ပြီး အိမ်ထဲပြန်ဝင်ပြေးတာပဲဗျ၊ အဖေက ကြောင်တောင်တောင်နဲ့ထကြည့်တော့ အဖေ့အနောက်မှာ ကျုပ်တို့ညီအကိုတွေ ဝင်ပုန်းတာပေါ့၊ ကျုပ်တို့မြင်လိုက်တဲ့လူကြီးကတော့ ဟိုတစ်လောကဆုံးသွားတယ်ဆိုတဲ့ ကွင်းချောင်းရွာက ဘိုးမှန်ဆိုတဲ့လူကြီးပေါ့ဗျာ။ အဲဒီသရဲကြီးက ကြောင်တောင်တောင်နဲ့ခြံထဲဝင်လာပြီး အဖေ့အနားကိုတစ်လှမ်းချင်းလျှောက်လာပါရော။

“အဖေရေ၊ လုပ်ပါအုံး၊ သရဲကြီး”

အဖေကလည်း လက်ကာပြပြီးတော့

“ဘိုးမှန်၊ ခင်ဗျားနဲ့ကျုပ်တို့နဲ့ ဘဝချင်းခြားသွားပြီဗျ၊ အခုလိုမနှောင့်ယှက်သင့်တော့ပါဘူးဗျာ”

“ဟာ၊ ဟေ့ကောင် မင်းဘာတွေပြောနေတာလည်း၊ မင်းတို့ပြောပုံအရ မသိရင် ငါကသေပြီးသားလူကျနေတာပဲ”

“ဟင်၊ ဒါနဲ့ တစ်လောကပဲ ဘိုးမှန်သေလို့ဆို၊ အမေတို့တောင် တစ်ညအိပ်လောက် ကွင်းချောင်းကိုပြန်သွားတယ်မဟုတ်လား”

“ပေါက်ပေါက်ရှာရှာကွာ၊ ငါအလတ်ကြီးပါကွ၊ မင်းတို့ကိုဘယ်သူပြောတာလည်း”

ဒီတော့မှ အမေက မီးဖိုချောင်ထဲကနေ ပြုံးဖြီးဖြီးနဲ့ထွက်လာတယ်။

“အဲဒါ၊ ကျွန်မတမင်သက်သက်လိမ်ပြောလိုက်တာပါ”

“ဘာ . . .”

အဖေ့အသံက ကျယ်သွားတယ်။

“ကျွန်မက သားကြီးနဲ့ခင်နှောင်းနဲ့ပြတ်အောင်ဆိုပြီး မြိုင်သာကဆရာတစ်ယောက်ဆီမှာ ဓါတ်ရိုက်ဓါတ်ဆင်သွားလုပ်လိုက်တာ၊ ဒါကို ရှင်တို့ကိုမပြောချင်တာနဲ့”

အဖေကတော့ အမေ့ကိုကြိတ်ဆူတာပါပဲဗျာ၊ ကျုပ်လည်း ဒီတော့မှ တစ်ခုတွေးမိတယ်၊ ဦးဘသာ ပြောတော့ တစ်ခါတုန်းက မရီးကိုယ့်ကိုယ်ကိုယ် သတ်သေအောင်လုပ်တာက မခင်နှောင်းလုပ်တာ မဟုတ်သလိုလိုပြောနေတော့ မဟုတ်မှလွဲရော၊ အမေများ လုပ်လေသလား၊ အမေက မကောင်းတဲ့လူဆီမှာများ အပ်မိလေသလား၊ ဒါကိုသိတဲ့ မခင်နှောင်းက သူ့အစွမ်းနဲ့ တန်ပြန်အောင်လုပ်လိုက်လို့များ၊ အကိုကြီးနဲ့ မရီးနဲ့ ကွဲသွားကြတာလားဆိုတာကို ကျုပ်အခုထိ တွေးနေမိပါသေးတယ်၊ ဒါကြောင့် နေမှာ ဦးဘသာကပြောခဲ့ပြီးသား၊ ဘယ်သူလုပ်တယ်ဆိုတာကို မင်းမသိချင်ပါနဲ့တဲ့။

ပြီးပါပြီ။
အဂ္ဂဇော်