မှော်ဆရာဝိညာဥ်

စောင့်နေရောပေါ့ဗျာ။ မျက်စိအောက်မှာ
တင် မှိုတွေက မြေကြီးထဲကနေ ထိုးထွက်လာ
ပြီး တဖြည်းဖြည်း ကြီးလာတာဗျို့။ နေမွန်းတည့်
လောက်ရှိရင် မှိုစုံပြီပေါ့ဗျာ။ အဲဒီတော့မှ မှိုတွေ
ကို နှုတ်ရတာဗျို့။ တစ်ချို့မှိုကျင်းတွေများဆို
ရင် တစ်တင်းလောက် တစ်တင်းခွဲလောက်ကို
ရတာဗျ။ ဒါကြောင့်လည်း မှိုကျင်းရတဲ့လူက
လွှတ်ပျော်တာပေါ့ဗျာ။

ဒီနေ့ ကိုထွန်းအုံကြီး တွေ့တဲ့ မှိုကျင်းကလည်း
အကြီးသားဗျ။ တစ်တင်းခွဲလောက်ကို ရဆိုပဲ။
ကျုပ်အမေကလည်း မှိုအချက်ကောင်းဗျ။ င
ရုတ်ပွကလေးထောင်းပြီး စပ်ရှားရှားကလေး
ချက်တာဗျ။ ပဲဟင်းလေးက တစ်ခွက်၊ မျှင်ငပိ
လေးကို ငရုတ်ခြောက်ကလေးနဲ့ မရမ်းသီး
ခြောက်ကလေးထည့်ကြော်ထားတာက တစ်
ခွက်ဗျ။ ကျုပ်ဖြင့် စားကောင်းချက်ဗျာ။

သုံးပန်းကန်လောက်ကို ကြိတ်ပစ်လိုက်တာ
ဗျ။ စားသောက်လည်းပြီးရော မန်ကျည်းပင်
အောက်က သစ်သားကွပ်ပျစ်ကလေးပေါ်မှာ
နဂါးဆေးပေါ့လိပ်ကလေး ဖွာလိုက်သေးဗျ။
မကြာပါဘူးဗျာ။ မျက်စိ စဉ်းကျလာရောဗျို့။
ကျုပ်ခေါင်းအုံးအိပ်နေကြ ဝါးဘိုးခြမ်းကလေး
အုပ်လိုက်ပြီး လှဲချလိုက်တယ်။ ဒါ တာတေ့
စည်းစိမ်ပေါ့ဗျာနော့။

ကျုပ် အိပ်ပျော်သွားလိုက်တာဗျာ။ နေ့ခင်း
ကြောင်တောင်ကြီးမှာ အိပ်မက်တွေ ဘာတွေ
မက်လို့ဗျ။ အိပ်မက်ထဲမှာ ကျုပ်ကို ဓါးမြတိုက်
နေတာဗျ။ ဓါးမြက ကျုပ်ကို သေနတ်နဲ့ ချိန်လို့
ဗျ။ကျုပ်ကလည်း ကြောက်ကြောက်လန့်လန့်နဲ့
အိတ်ကပ်ထဲ ရှိသမျှငွေတွေ အကုန်ပေးလိုက်
ဖို့ စိတ်ကူးနေတာဗျ။ အိတ်ထဲကို လက်နှိုက်ပြီး
ဆွဲထုတ်လိုက်တော့ …

“ဟာ နှစ်ကျပ်ခွဲပဲ ရှိတာပါလား”

အိပ်မက်ထဲမှာတောင် ကျုပ် လန့်ပြီး ပြော
လိုက်တာဗျ။ ဓါးမြတော့ ကျုပ်ကို စိတ်ဆိုး
တော့မှာပဲ။ ငွေကလည်း ဒါပဲပါတယ်။ ဘယ်
လိုပြောပြရဲပါမလဲလို့ အိပ်မက်ထဲမှာ ကျုပ်
တွေးရင်း ချွေးတွေကို ပြန်နေတာဗျို့။ ဓါးမြ
တော့ ငါ့ကို သေနတ်နဲ့ ပစ်တော့မှာပဲ မြန်
မြန်တောင်းပန်မှဆိုပြီး ကြည့်လိုက်တော့
ဓါးမြက ကျုပ်တို့ရွာက ကိုဟန်ကွန့်ကြီး
ဖြစ်နေရောဗျို့။

“ဟေ့လူ ကိုဟန်ကွန့် ကျုပ်ပါဗျ၊ တာတေပါ”

လို့ ကျုပ်က ပြာပြာသလဲပြောတော့ဓါးမြ ကို
ဟန်ကွန့်ကလည်း သေနတ်ကြီးချိန်လျက်နဲ့
ကျုပ်ကို သေသေချာချာ ကြည့်နေတယ်ဗျ။

“ဟာ တာတေ”

“ဟုတ်တယ်လေဗျာ၊ ကျုပ် တာတေလေ”

“ဟာ တာတေ”

ကျုပ်လည်း လန့်နိုးသွားရောဗျို့။ ဒီမှာတင်
ကျုပ်နားထဲကို ဒီအသံဝင်လာတာဗျ။

“တာတေ၊ ဟေ့ကောင် အိပ်လှချေလား”

ကျုပ် အိပ်မက်လား၊ ဘာလားနဲ့ တွေးနေ
တုန်းမှာ…

“ဟဲ့ မြောက်ပိုင်းက အောင်ကင်းလား၊ ဝင်
ခဲ့လေ၊ နင့်ညီတော့ အိပ်လို့ဟဲ့”

အမေ့အသံကြားတော့မှ ကျုပ်ကို ဝိုင်းဝက
ခေါ်လိုက်တဲ့အသံမှန်း သိသွားတာဗျ။ အိပ်
နေရာကနေ လူးလဲထပြီး ကြည့်လိုက်ရတယ်

“ဟာ ကိုကြီးအောင်ကင်း လာလေဗျာ၊
ခင်ဗျားကလည်း ဧည့်သည်လုပ်နေပြန်ပြီ”

ကိုအောင်ကင်းက အမေရော ကျုပ်ရော
ခေါ်လိုက်တော့မှ ဝိုင်းထဲ ဝင်လာတာဗျို့။

“ဧည့်သည် မလုပ်ပါဘူးကွာ၊ မင်းကို နှိုးရမှာ
အားနာသွားလို့ပါ၊ ဝါဆိုပွဲမှာလည်း မင်း ပင်
ပန်းထားတာ တွေ့နေတာမို့လား တာတေရ”

“ရပါတယ်ဗျာ လာ ထိုင်၊ ဒီနေ့ ယာထဲဆင်း
သေးလား”

“မဆင်းဖြစ်ပါဘူးကွာ၊ မနေ့ကတော့ ထွန်
သေးတယ်။ ဒီနှစ် မိုးအခြေအနေကလည်း
ဘယ်လိုမှန်းမသိတော့ ဆုတ်ဆိုင်းဆိုင်း ဖြစ်
နေတာကွ”

“ဟုတ်တော့ ဟုတ်တယ်ဗျ၊ ဒီနှစ်မိုးက
ဘယ်လိုလာဦးမှန်းမသိဘူး၊ ဒါပေမဲ့ အဘ
တို့ကတော့ မိုးကောင်းနိုင်တယ်ပြောတာ
ပဲဗျ၊ ဝါလည်း ထပ်တာကိုး”

ကျုပ်က နဂါးဆေးပေါ့လိပ်အသစ်ကလေး
မီးညှိပြီး ကိုကြီးအောင်ကင်းကို တည်တယ်။
ကျုပ်ဆးလိပ်တိုကိုလည်း မီးညှိပြီး ဖွာတာ
ပေါ့ဗျာ။

“လမပြည့်ခင်ကတော့ ဆိုင်မဆင့် ဗုံမဆင့်
ရွာချလိုက်တဲ့ မိုးက မနည်းဘူးဗျနော၊ လေ
တောင် တော်တော်တိုက်သွားတာ”

“အေးလေ၊ ဖွားစောမြတို့ဝိုင်းထဲက အပင်
တစ်ပင်တောင် လဲသွားလို့ ”

“ဟင် ဘာပင်လဲတာတုံးဗျ”

“ဘာပင်လို့တော့ မသိဘူးကွ၊ သစ်ပင်လဲ
တာတော့ သိတယ်”

ကျုပ်လည်း ဟိုမေး ဒီမေးနဲ့ ကိုကြီးအောင်
ကင်းကို လာရင်းကိစ္စတောင် မမေးမိဘူးဗျ။

“နို့ ကိုကြီးအောင်ကင်း ကိစ္စများ ရှိလို့လား”

“အေး…လာရင်းကိစ္စတောင်ပြောဖို့ မေ့နေ
ရောဟေ့၊ မင်းတို့မြောက်ပိုင်းက ဟန်ကွန့်
ကြီးသတင်း ကြားပြီးပြီလား တာတေ”

“ဗျာ …ကိုဟန်ကွန့် ဟုတ်လား၊ ကိုဟန်ကွန့်
က ဘာဖြစ်လို့တုံး”

ကိုကြီးအောင်ကင်း မေးတော့ ကျုပ်လန့်
တောင် သွားတယ်ဗျ။ စောစောကလေး
တင် အိပ်မက်ထဲမှာ ကိုဟန်ကွန့်က သေ
နတ်ကြီးနဲ့ ကျုပ်ကို ဓါးမြတိုက်နေတာဗျာ။

“ဟန်ကွန့် တောထဲဝင်ပြီး ခြံစည်းရိုးမျော
တိုင်ခုတ်နေတာ တစ်လလောက် ရှိပြီတဲ့”

“ဟင် ဟုတ်လား၊ ဘယ်သူ ပါသွားသေးတုံး”

“သူတစ်ယောက်တည်းတဲ့ကွ၊ ရိက္ခာက
ဆယ်ရက်စာပဲ ယူသွားတာဆိုပဲ၊ ခါတိုင်း
လည်း သူတစ်ယောက်တည်း သွားနေကျ
ဆိုပဲ။ ခြံတိုင်တွေ လိုသလောက်ရမှ အ
စည်းတွေ စည်းထားခဲ့ပြီး ရွာက လှည်းပြန်
ယူတိုက္တာတဲ့”

“ဒါဆိုရင် ကိုဟန်ကွန့် သွားတဲ့တောကို လူ
လွှတ်လိုက်ပေါ့ဗျ”

“လွှတ်လိုက်ပြီ၊ ဝါဆိုလပြည့်နေ့ကတည်းက
ငါတို့ မြောက်ပိုင်းက သာအေးနဲ့ ဆံရှည်ကို
လွှတ်လိုက်တာ၊ သူ့တဲကလေးတော့ တွေ့
တယ်တဲ့၊ သူဝန်စည်စလှယ်ထည့်တဲ့ သံပုံးနဲ့
စားအိုးစားခွက်တွေတော့ အကုန်ပြန်သယ်
လာကြတယ်ကွ၊ သူ့တဲကလေးလည်း ပြိုကျ
နေတယ်ဆိုပဲ၊ ပြီးတော့ ဟန်ကွန့် ခုတ်ထား
တဲ့ ခြံတိုင် မျောတွေလည်း တောထဲမှာ ပြန့်
ကျဲ့နေတာ တွေ့တယ်တဲ့ကွ၊ဆံရှည်တို့ ထင်
တာကတော့ လပြည့်မတိုင်ခင် ရွာတဲ့မိုးမှာ
တောင်ကျရေ ကျပုံရတယ်တဲ့၊ ပြီးတော့ အဲ
ဒီနေ့က လေလည်း တော်တော်တိုက်တာဆို
တော့ တဲလည်း ပြိုပြီး ခြံတိုင်တွေ ရေနဲ့မျော
ကုန်တာ ဖြစ်မယ်တဲ့၊ လူကိုတော့ ဘယ်မှ
ရှာမတွေ့ဘူး ပြောတယ်

“ဟင် ဘယ်လိုဖြစ်တာတုံးဗျ”

“အေး သာအေးတို့ ပြန်လာပြီး နှစ်ရက်
လောက်ကြာတော့ သားအေးရယ်၊ ကို
မောင်ချစ်ရယ်၊ ဘကြီးအောင်ဇံရယ် ထပ်
လိုက်ကြသေးတယ်၊ တောထဲကို တော်
တော်နက်အောင်ဝင်ပြီး ရှာကြတယ်၊ ဘာ
မှ မတွေ့ဘူးကွ။ မင်းသိတဲ့အတိုင်းပဲလေ
တာတေရာ၊ ဒီတောတွေက လူကို အန္တ
ရာယ်ဖြစ်မယ့် ကျားတို့၊ ဆင်တို့ ရှိတာမှ
မဟုတ်တာ”

“အေးဗျ ဘာများဖြစ်လဲ မသိဘူး”

ကျုပ် စိတ်တောင်မကောင်းဘူးဗျာ။စောစော
ကတင် ကိုဟန့်ကွန့်ကို ကျုပ် အိပ်မက် မက်
နေတာလေ။ အိပ်မက်ထဲမှာတော့ သေနတ်
ကြီးနဲ့ဗျ။ ကျုပ်ကိုတောင် ဓါးမြတိုက်နေသေး
တယ်

“အဲဒါနဲ့ မီးလောင်ကုန်းက ဒေါ်တုတ်ကို
သွားခေါ်ပြီး နတ်မေးမလို့ လုပ်နေကြတယ်”

“ဟင် ဒေါ်တုတ် ရောက်နေပြီလား”

“ရောက်နေပြီကွ၊ ဒေါ်တုတ်ကို မြင်တော့မှ
ငါက မင်းကို သတိရသွားပြီး ဒီအကြောင်း
တာတေ့ကို သွားပြောဦးမှာပဲလို့ တွေးမိလို့
မင်းဆီကို ထွက်လာတာကွ”

“နို့ ဘယ်အိမ်မှာ နတ်မေးမှာတုံးဗျ”

“ဟာ တာတေရ၊ ဟန်ကွန့်တို့အိမ်မှာပေါ့၊
သူ့မိန်းမ မမယ်တင့်လည်း မျက်ရည်နဲ့
မျက်ခွက်ပေါ့ကွာ”

“နို့ ကိုဟန်ကွန့်တို့ မမယ်တင့်မှာ ကလေး
က ဘယ်နှယောက်တုံး”

“နှစ်ယောက်လေကွာ။ အကြီးလေးက
ကောင်လေးကွာ၊ ဆယ်နှစ်ရှိပြီ၊ အငယ်
က မိန်းကလေး သုံးနှစ်လောက်ပဲ ရှိမယ်
ထင်တယ်၊ ခု လာမယ့်နွေမှာ အဲဒီအကြီး
ကောင်လေးကို ရှင်ပြုမလို့ ရည်ရွယ်ထား
ကြတာဆိုပဲ”

“အင်း …ဘယ်လိုများ ဖြစ်ပါလိမ့်ဗျာ၊ ဒါ
ပေမဲ့ ရွာထဲမှာ ဒီသတင်း သိပ်မပြန့်သေး
ဘူးဗျ”

“မပြန့်ဆို ဟန်ကွန့် ပျောက်နေတာကို
သူတို့လည်း အခုမှ သိကြတာကွ။ နှစ်
ခေါက်တက်ရှာပြီးမှ ပျောက်နေတယ်ဆို
တာ သိတာကွ တာတေရ၊ ဟိုရက်က
တော့ ဟိုဘက် သွားခုတ်နေတယ် ထင်
ရဲ့၊ ဒီဘက်သွားခုတ်နေတယ် ထင်ရဲ့နဲ့
ပြောနေကြတာကွ”

“ကိုကြီးတာတေ ကိုကြီးတာတေ”

“ဟေ…ကျောက်ခဲပါလား၊ မောကြီးပန်းကြီး
နဲ့ ဘယ်ကပြေးလာတာတုံး၊ နောက်က ပါ
လာတာ ဘယ်က ကလေးတွေတုံး”

“ဒီကောင်တွေ မြောက်ပိုင်းကဗျ၊ ကျုပ်
မြောက်ပိုင်းက ကိုဟန့်ကွန်တို့အိမ်က
ပြေးလာတာ”

“ဟေ …ဘာဖြစ်လို့တုံး”

“ဒေါ်တုတ်ကြီးကို ကိုဟန်ကွန့်ကြီး ဝင်ပူးး
နေတယ်ဗျ”

“ဘာ …ကိုဟန်ကွန့်က ဝင်ပူးတယ် ဟုတ်
လား”

“ဟုတ်တယ်ဗျ၊ ကိုကြီးတာတေ”

“ဟ ဒါဆိုရင် ကိုဟန်ညွန့်က သေလို့ပေါ့”

“အဲဒါတော့ ကျုပ်မသိဘူးဗျ၊ အဲဒါ ဝင်ပူး
နေတဲ့ ကိုဟန်ကွန့်သရဲက ကိုကြီးတာ
တေကို အမြန်သွားခေါ်ဆိုလို့ ကျုပ်တို့
ပြေးလာခေါ်တာဗျ”

“ဟင် …ဒါဆို သွားမှပေါ့”

ကိုကြီးအောင်ကင်းရော၊ ကျုပ်ရော ချက်ချင်း
ထပြီး လိုက်ခဲ့ကြတာပေါ့ဗျာ။ ကိုဟန်ကွန့်တို့
ဝိုင်းထဲရောက်တော့ လူကို အုံနေတာဗျို့။

“တာတေ လာပြီ၊ တာတေ လာပြီ”

လို့ ပြေးပြီး လူတွေ ကျုပ်ကို ဝိုင်းကြည့်ကြ
တယ်

“အောင်မယ်လေး မောင်လေး တာတေရေ
နင့်အစ်ကိုကြီးတော့ ဆုံးရှာပါပေါ့လားဟဲ့”

ကျုပ်ကိုတွေ့တော့ မမယ်တင်က အော်ငိုပါ
ရောဗျာ။ ကျုပ်လည်း စိတ်ထဲ တော်တော်ကို
မကောင်းတာပါဗျာ။ ကျုပ်အိမ်ပေါ်ကို တက်
လိုက်တော့ အားလုံးက ကျုပ်ကို လမ်းဖယ်
ပေးကြပါတယ်။ ဒေါ်တုတ်ကတော့ အသား
တွေ တဆတ်ဆတ်တုန်နေတာဗျို့။

“တာတေ ညီလေး၊ ဟီး ဟီး ဟီး ငါ့ကို
ကယ်ပါဦး”

“ကိုဟန်ကွန့် ခင်ဗျား ကိုဟန်ကွန့် ဟုတ်လား”

“ဟုတ်ပါတယ် တာတေ၊ ငါ ဟန်ကွန့်ပါ ညီ
လေးရယ်”

“နို့ ကိုဟန်ကွန့် ဘယ်လိုဖြစ်ပြီး သေရ
တာတုံးဗျာ”

“အောင်မယ်လေး ကိုဟန်ကွန့်ရဲ့၊ ကျုပ်ကို
ရှင် ထားခဲ့ပြီပေါ့”

မမယ်တင်ကလည်း အော်ငိုပေါ့ဗျာ။ သူ့ငို
သံကြီး ဖုံးသွားတော့ ကိုဟန်ကွန့် ပြော
တာကို ကျုပ် ဘာမှမကြားလိုက်ဘူး။ဘေး
က လူတွေလည်း မကြားလိုက်ဘူးဗျ

“ဟဲ့ မယ်တင် နင့်ခဏတိတ်စမ်း၊ ဒီမှာ တာ
တေမေးနေတာ ဘာမှ မကြားရတော့ဘူး”

မမယ်တင့် တိတ်သွားသဗျ။ ဒီတော့မှပဲ ကို
ဟန်ကွန့်ပြောတာကို ကြားရတော့တာဗျ။

“ခင်ဗျား ဘယ်လိုဖြစ်ပြီး သေတာတုံးဗျ”

ကျုပ်က ထပ်မေးရတာပေါ့ဗျာ။ ဒီတော့ ဒေါ်
တုတ်ကို ဝင်ပူးနေတဲ့ ကိုဟန်ကွန့်က…

“ငါ မသေဘူး တာတေ၊ အစ်ကို မသေဘူး”

“ဗျာ… ခင်ဗျားကသာ မသေဘူး ပြောနေ
တာ၊ အခုပဲ တစ္ဆေဖြစ်လို့ ဒေါ်တုတ်ကို ဝင်
ပူးနေတာ မဟုတ်လား”

“မဟုတ်ဘူး တာတေ၊ ငါ တစ္ဆေ မဟုတ်ဘူး
အခုထိ ငါက ငါပဲ၊ ဒါပေမဲ့ ငါ့ကိုယ်ကတော့
မရှိတော့ဘူးကွ”

“ခင်ဗျား အလောင်းလား”

“အလောင်းမဟုတ်ဘူးကွ၊ တာတေ၊ ငါ့ကိုယ်
ငါ့ကိုယ် ငါမှ မသေတာ”

“ဟင် ဒါဆိုရင် ဘယ်ရောက်သွားတုံးဗျ၊
ကိုဟန်ကွန့်ရဲ့”

“လူတစ်ယောက် ယူသွားတာကွ၊ အဲဒီလူ
က အောက်လမ်းဆရာလား မသိဘူး၊ သူ့
မှာ ကိုယ်မရှိဘူး၊ ဝိညာဉ်ပဲရှိတယ်၊ ငါ သ
တိမေ့သွားတဲ့အချိန်မှာ ငါ့ကိုယ်ထဲကို သူ
ဝင်သွားတာ၊ အခု ငါ့မှာ ဝင်စရာကိုယ်
မရှိတော့ဘူးကွ”

“ဟာ ဟုတ်လား၊ ဘယ်တုန်းက ဖြစ်သွား
တာတုံး၊ ဟိုရက်က မပြောဘဲ အခုမှ လာ
ပြောတာ ဘာကြောင့်တုံး ကိုဟန်ကွန့်ရဲ့၊
ခင်ဗျား ဝင်ပူးလို့ မရလို့လား”

“မဟုတ်ဘူးကွ၊ ဒီကောင့်နောက်ကို ငါလိုက်
နေရလို့ကွ တာတေရ”

“ဟင် ဟုတ်လား၊ ဘယ်လိုများ ဖြစ်ရတာ
တုံးဗျာ ကိုဟန်ကွန့်ရာ”

“ငါ တောထဲမှာ ခြံတိုင်ခုတ်တာ တော်တော်
ရနေပြီကွ၊ ဒီတစ်ခေါက် ခြံတိုင် မျောတွေက
နည်းနည်းရှားနေတော့ လိုက်ရှာပြီး ခုတ်နေ
ရလို့ ရက်ကြာသွားတာ၊ဝါဆိုလမပြည့်ခင်က လေကြီးမိုးကြီးချတဲ့နေ့မှာ လေတွေ တအား
တိုက်ပြီး ငါ့တဲလေးလည်း ပြိုသွားတယ်၊ အဲ
ဒီရက်မတိုင်ခင် တစ်ရက်ကတည်းက ငါဖျား
နေတာကွ၊တောင်ကျရေတွေလည်း တအား
ကျလာတော့ တောင်ပေါ်တက်နေမှပဲဆိုပြီး
တက်သွားတာ၊ တောင်ပေါ်မှာ ဂူပေါက်တစ်
ခု တွေ့တာနဲ့ မိုးခိုဖို့ အဲဒီထဲကို ဝင်တာဟေ့၊
လူကလည်းဖျားနေ၊မိုးကလည်း စိုရွှဲနေတော့
ခေါင်းတွေမူးလာပြီး ဂူထဲအရောက်မှာ ငါလဲ
ကျ သွားတယ်၊ ‘ဂျွတ်’ဆိုတဲ့ အသံတစ်သံ
ကြားပြီး ငါ့ခေါင်းက ကျောက်ဂူနံရံနဲ့ ဆောင့်
မိတယ်ကွ၊ နောက်တော့ ငါဘာမှ မသိတော့
ဘဲ မေ့သွားတယ်”

“ဟင် သတိမေ့သွားတော့ ခင်ဗျား ဘယ်
ကို ရောက်သွားတုံး”

“ဘယ်မှာမရောက်ဘူး တာတေ၊ အိပ်ပျော်
သွားသလို ဖြစ်တာကွ၊ ငါ လန့်နိုးလာတော့
ငါ့ကိုယ် မရှိတော့ဘူး။ ဝိညာဉ်ပဲ ရှိတော့
တယ်”

“ခင်ဗျား သတိမေ့သွားတာ ဘယ်လောက်
တောင် ကြာလို့တုံး”

“အဲဒါတော့ ငါ မသ်ိဘူးကွ”

“နို့ ခင်ဗျားကိုယ်က ဘယ်ရောက်သွားတုံး”

“အေး…ငါ ချက်ချင်းလိုက်ရှာတာကွ၊ ငါ့
ကိုယ်ကို မန္တလေးမှာ သွားတွေ့တယ်”

“ဟာ …ဟုတ်လား၊ ကိုဟန်ကွန့်”

” ဟုတ်တယ် ငါ့ကိုယ်ထဲမှာ လူတစ်
ယောက် ဝင်နေတယ်ကွ၊ ငါ့စိတ်ထင်
ပြောရရင် ဒီလူက အောက်လမ်းဆရာ
ထင်တယ်၊ ပြီးတော့ ဓါးပြကွ”

“ဟင် ခင်ဗျား ဘယ်နှယ်သိတာတုံး ကိုဟန်
ကွန့်ရဲ့”

“ဒီကောင့်နောက်ကို ငါလိုက်ကြည့်နေတာ
ကွ တာတေရ။ ဒီကောင် မန္တလေးက ဘာ
ဘူကြီးရဲ့ ရွှေဆိုင်ကို ဝင်ပြီး ဓါးမြတိုက်တာ
ကွ၊ ဘာဘူကြီးက ဆိုင်ထဲမှာ တစ်ယောက်
တည်း ထိုင်နေတုန်း ဒီကောင် ဝင်သွားပြီး
လက်ညှိုးနဲ့ ထိုးပြီး သေနတ်ချိန်သလို ချိန်
တာကွ၊ ငါ့စိတ်ထင် ဘာဘူကြီး မျက်စိထဲ
မှာ သေနတ်နဲ့ ချိန်တယ်လို့ပဲ မြင်နေပုံရ
တယ်ကွ၊ ပြီးတော့ ဒီကောင်က အိတ်တစ်
လုံး ထုတ်ပေးပြီး’ဘာဘူ ဒီအိတ်ထဲကို ရွှေ
ဒင်္ဂါးပြား ငါးဆယ်ထည့်၊ ပြီးရင် ငွေသားတစ်
ထောင်ထည့် ‘သူလည်း အဲဒီလိုပြောရော
ဘာဘူကြီးက မျက်လုံးပြူးကြီးနဲ့ သူပြောတဲ့
အတိုင်း တစ်ခုမကျန် လုပ်ပေးတာ၊ သူလို
ချင်တာတွေလည်းရရော ဒီကောင် ဆိုင်ထဲ
က ထွက်လာတယ်၊ ဘာဘူကြီးက ဆိုင်ထဲ
မှာ ငိုင်ငိုင်ကြီး ကျန်ခဲ့တာကွ။ ငါ့စိတ်ထင်
ဒီလူ မှော်တတ်တယ်လို့ ထင်တယ်၊ အဟန့်
ပညာနဲ့ လုပ်ထားတာကွ၊ သူမြင်စေချင်တဲ့
အတိုင်းကို တခြားလူက မြင်တာကွ။သူပြော
တဲ့အတိုင်းကို လိုက် လုပ်ရတာ”

“နောက်တော့ ဘာဖြစ်သေးတုံးဗျ”

“ဘာဘူကြီးရဲ့ဆိုင်ဘေးက မိန်းမကြီး
ရောက်လာပြီး ဘာဘူကြီးကိုခေါ်တော့
ခေါ်လို့မရဘူးကွ၊ ဘာဘူကြီးက မျက်လုံး
ပြူးကြီးနဲ့ ငိုင်နေတာ အဲဒီတော့မှ အဲဒီမိန်း
မကြီးက အော်ဟစ်ခေါ်တော့တာပေါ့ကွာ။
အနီးအနားက လူတွေ ဝင်လာပြီး ဘာဘူ
ကြီးမျက်နှာကို ရေနဲ့တောက်တော့မှ သတိ
ရလာတာကွ၊ ဒီတော့မှ ဘာဘူကြီးက’ဓါး
မြ၊ဓါးမြ၊ ငါ့ကို သေနတ်နဲ့ချိန်ပြီး ရွှေဒင်္ဂါး
တွေ ဓါးပြတိုက်သွားပြီ၊ အင်္ကျီအဖြူနဲ့လူ’
လို့ ပြောတော့ လူတွေ အနီးအနားကို
လိုက်ရှာကြတာပေါ့ကွာ၊ ငါလည်း ဒီ
ကောင့် ရုပ်ပြောင်းရုပ်လွဲပါ တတ်တာကွ၊
အင်္ကျီကအပြာရောင်နဲ့ နှုတ်ခမ်းမွေးကြီး
နဲ့ သျှောင်ထုံးကြီး ထုံးထားတဲ့ အသက်
ခပ်ကြီးကြီးပုံစံကွ”

“ဟာ ဒါဆိုရင် ဒီလူက အောက်လမ်းဆရာ
ထက်တော့ အများကြီး မြင့်မယ်ပုံပဲဗျ၊
နို့ အဲဒီလူ အခု ဘယ်မှာတုံးဗျ”

“မန္တလေးနန်းရှေ့က ခြံကြီးတစ်ခြံကို
ငှားပြီး နေတယ်ကွ၊ ညဆိုရင် ဒီကောင်က
ပိုက်ဆံပေါပေါနဲ့့ မိန်းမတွေ ခေါ်ပြီး ပျော်ပါးနေတာ ”

“ကိုဟန်ကွန့် သူ့အိမ်ကို သေသေချာချာ
မှတ်မိတယ်မို့လား ”

“ဟာ မှတ်မိတာပေါ့ကွ တာတေရ၊
ငါ့ကို ကယ်ပါဦး တာတေရာ”

ကိုဟန်ကွန့် ပြောတာတွေကို ကြားတော့
လူတွေ တော်တော်အံ့သြကုန်ကြတာပေါ့ဗျာ
အမှန်အတိုင်းပြောရရင် ကျုပ်လည်း အံ့သြတာပါပဲ၊
ကျုပ်တစ်သက် ဒီအဖြစ်မျိုး ကြုံဖူးဖို့နေနေသာသာ
ကြားတောင် မကြားဖူးပါဘူးဗျာ။

“ကဲ ကိုဟန်ကွန့် ခင်ဗျား ဒီကနေ ဘယ်မှမသွားနဲ့
ကျုပ်ချက်ချင်းလုပ်မယ် ”

ကျောက်ခဲရယ် ကျုပ်ရယ် ပြန်လာတယ်
ကိုအောင်ကင်းလည်း နောက်က လိုက်လာပါတယ်

“တာတေ မင်းဘာလိုတုံး။ လိုတာပြောပါလို့
တို့မြောက်သားတွေက ပြောတယ်ကွ ”

“ကိုကြီးအောင်ကင်း ဒေါ်တုတ်ကို ပြန်မပို့နဲ့ဦးဗျာ
ဒီည ကျုပ် အလုပ်လုပ်ရလိမ့်မယ် ”

“အေး ဟုတ်ပြီ၊ မလွှတ်ဘူး၊ မလွှတ်ဘူး၊
ပြီးတော့ ဘာလိုသေးတုံး”

“ကြက်တစ်ကောင် ချက်ဗျာ၊ ဆန်တစ်ပြည်
ထမင်းချက် ပြီးရင် ငှက်ပျောဖက်နဲ့ သေသေချာချာ
ထုတ်ပြီး ထမင်းတောင်းပြင်ထားဗျာ၊
သြော် ကိုအောင်ကင်း။
ရေပုံးနဲ့ ရေတစ်ဝက်လောက် ခပ်ထားဗျာ။
ရေဖလားတစ်လုံးလည်း အဆင်သင့်ထား၊
ဖယောင်းတိုင်ကတော့ ကျုပ် ယူခဲ့မယ်၊
အားလုံးအဆင်သင့်သာ လုပ်ထားဗျာ၊
ကျုပ်တို့ ညရှစ်နာရီခွဲလောက် ရောက်အောင်
လာခဲ့မယ်၊ ဒေါ်တုတ်ကိုလည်း ပြောထားဗျို့။
ကိုအောင်ကင်း ”

“အေး အေး ဒါထက် ကိုဟန်ကွန့် အခြေအနေက
ဘယ်လိုတုံးကွ ”

“ကိုကြီးအောင်ကင်းရေ ၊ အမှန်အတိုင်းပြောရရင်
ဒီလိုကိစ္စများ ကျုပ် တစ်ခါမှ ကြားလည်း
မကြားဖူးဘူးဗျ၊ ဘာလုပ်ရမယ်ဆိုတာလည်း
ကျုပ် မသိဘူး၊ ကိုအောင်ကင်း ပြောသလို
သူ မသေသေးဘူးဆိုတာလည်း ကျုပ်
နားမလည်ဘူးဗျ။ ဒီညမှာ သိရမှာပေါ့ဗျာ”

ကိုအောင်ကင်းလည်း လှည့်ပြန်သွားတယ်။
ကျုပ်နဲ့ ကျောက်ခဲလည်း အိမ်ပြန်ခဲ့တယ်ဗျာ။

“ကျောက်ခဲ ညကျရင် သံမဏိပါ ခေါ်ခဲ့လေကွာ ”

“သံမဏိ မရှိဘူး ကိုကြီးတာတေ၊ ဒီကောင်
ဆရာမနိုင်က သူအမျိုးတစ်ယောက်ဆုံးလို့
သွားတယ် ”

“ဟာ ဟုတ်လား ”

ညရှစ်နာရီခွဲတိတိမှာ ကျုပ်နဲ့ ကျောက်ခဲ မမယ်တင့်တို့
အိမ်ရောက်တယ်၊ ကိုအောင်ကင်းကြီးက ကျုပ်ကို
စောင့်နေတာဗျ။

“တာတေရေ၊ အားလုံးအဆင်သင့်ပဲဟေ့၊
သွားတော့မလား ”

“သွားမယ်၊ ကိုကြီးအောင်ကင်း၊ ဒေါ်တုတ်ရော”

“ရှိပါ့တော်၊ အထက်ဆရာကြီး ကိုတာတေရယ် ”

“ဟာ ဒေါ်တုတ်ကလည်း ကျုပ်က အထက်ဆရာကြီး
မဟုတ်ပါဘူးဗျ”

“ဒါဆို တော်က ဘာတုံးတော့ ”

“ကျုပ်က ဘာမှမဟုတ်ပါဘူး၊ တာတေပါ ”

“နင့်အစ်ကိုကို ကယ်ပါဦး မောင်လေးတာတေရယ် ”

“မငိုနဲ့ မမယ်တင့်၊ ကျုပ် အခု သွားလုပ်တော့မှာ ”

ကျုပ်ရယ် ကျောက်ခဲရယ်၊ ကိုအောင်ကင်းရယ်၊
ဒေါ်တုတ်ရယ် ပြီးတော့ မြောက်ပိုင်းဦးအောင်ဇံဆိုတဲ့
အဘိုးကြီးရယ် အားလုံး ငါးယောက်ဗျ။

ထနောင်းကုန်းသင်္ချိုင်းထဲကို ရောက်တော့
ခါတိုင်းတင်နေကျ အုတ်ဂူပေါ်မှာ ထမင်းထုပ်ကို
ပြင်လိုက်တယ်။ ဖယောင်းတိုင်လည်း ထွန်းလိုက်တယ်
အားလုံးအဆင်သင့်ဖြစ်တော့ ဒေါ်တုတ်ကို
ကျုပ်ကြည့်တယ်။ ဒေါ်တုတ်ကလည်း သူထိုင်နေကျ
မြက်ခင်းလေးပေါ်မှာ ကြုံ့ကြုံ့ကလေး ထိုင်လို့ဗျ။

“သင်္ချိုင်းရှင်မကြီး မဖဲဝါဗျာ၊ ထနောင်းကုန်းက
ကျုပ် တာတေက စားပွဲသောက်ပွဲများနဲ့
သင်္ချိုင်းရှင်မကြီးကို ကြိုပါတယ်။ရောက်ရာ
အရပ်က အမြန်လှမ်းကြွခဲ့ပါဗျာ”

ကျုပ် ထူးဆန်းတာ ပြောရဦးမယ်ဗျ။
ကျုပ်က ထုံးစံအတိုင်း မျက်ကွင်းဆေး ကွင်းထားတာဗျ။
ဒါပေမဲ့ ကိုဟန်ကွန့်ရဲ့ ဝိညာဉ်ကို ကျုပ်ကြည့်လို့
မမြင်ရဘူးဗျ။ ဒီမျက်ကွင်းဆေးက နာနာဘာဝ
မှန်သမျှ မြင်ရတာ။ ကျုပ်အသိပဲလေ။
ဒါပေမဲ့ ကိုဟန်ကွန့်ရဲ့ ဝိညာဉ်ကို မမြင်ရဘူးဆိုတော့
ကိုဟန်ကွန့် တစ္ဆေ မဟုတ်ဘူး ထင်တယ်ဗျ။

“ဝူး …ဝူး …ဝူး …ဝူး ”

ဟာ ကြွလာပြီဗျို့။ ခွေးကြီးနဲ့ ရွေ့လာတာဗျို့။
အရပ်အမြင့်ကြီးနဲ့ ဂူတွေပေါ်မှာ ကျော်ပြီး
ရွေ့လာတာဗျ။

“ဟီး၊ ဟီး၊ ဟီး၊ ဟီး၊ ဟီး”

ဟော ဒေါ်တုတ်ကိုယ်ထဲ ရောက်သွားပြီဗျို့။
မြန်ချက်ဗျာ။ လှစ်ကနဲပဲဗျို့။

ဟော ဒေါ်တုတ် ဂူကြီးပေါ်ကို ခုန်တက်သွားပြီ၊
လွှားကနဲပဲဗျ။ ဟော ဒူးကြီးတွေ ထောင်ပြီး
စားတော့တာပဲဗျာ။

“ဂွပ်၊ ဂွပ်၊ ဂွပ်၊ ဂွပ် ”

ဟာ မဖဲဝါ အရိုးတွေ ဝါးစားနေတာဗျို့။
စားရင်းသောက်ရင်းကနေ ကျုပ်ကို မျက်လုံး
ပြူးကြီးနဲ့ ကြည့်တယ်ဗျ။

“မဖဲဝါ ကျုပ်တို့ ထနောင်းကုန်းမှာ ထူးဆန်းတဲ့
ကိစ္စ တစ်ခု ဖြစ်နေတယ်ဗျ။ မြောက်ပိုင်းက
ကိုဟန်ကွန့် တောထဲမှာ ခြံတိုင်သွားခုတ်ရင်း
ဂူတစ်ခုထဲဝင်ပြီး မိုးခိုတုန်း သတိမေ့ လဲကျ
သွားတော့ သူ့ကိုယ်ထဲကို တခြားဝိညာဉ်ကဝင်ပြီး
ထွက်သွားတယ်တဲ့ဗျ၊ ကိုဟန်ကွန့် သတိရပြန်ရတော့
ဝင်စရာ ကိုယ်မရှိတော့ဘူးပေါ့ဗျာ။
အဲဒါ ကိုဟန်ကွန့်က သူ့ကိုယ်ကို လိုက်ကြည့်တော့
အဲဒီလူက မန္တလေးရောက်နေပြီး ဘာဘူကြီး
ရွှေဆိုင်မှာ ဓါးမြတိုက်တယ်တဲ့ဗျ။မန္တလေးနန်းရှေ့မှာ
ခြံဝင်းတစ်ခု ငှားနေပြီး မိန်းမတွေနဲ့ ပျော်ပါး
နေတယ်တဲ့ဗျ၊ အဲဒါ ကိုဟန်ကွန့်က
သူ မသေသေးဘူးလို့ ပြောတယ်
မဖဲဝါ၊ ကျုပ်လည်း ဘာမှကို
နားမလည်တော့ဘူးဗျ။
ဒါပေမဲ့ ကျုပ်မျက်ကွင်းဆေးနဲ့
သူဝိညာဉ်ကို မမြင်ရတာတော့ ထူးသဗျ”

မဖဲဝါက ထမင်းစားရင်း ခေါင်းညိတ်နေတယ်
ပြီးတော့ …

“ဟဲ့ တာတေ၊ အဲဒီအကောင်က မှော်ဆရာဟဲ့၊
အဟန့်ကောင်းတယ်၊ ရုပ်ပြောင်းရုပ်လွဲတတ်တယ်၊
နင်တို့မမွေးခင်ကတည်းက ဆိုးလွန်းလို့ ငါကိုယ်တိုင်
သတ်ပစ်လိုက်တဲ့အကောင်၊ ဒီကောင့်ဝိညာဉ်ကို
အဲဒီဂူထဲက ကျောက်တလားထဲမှာ ငါထည့်ပြီး
ပိတ်ထားတာ၊ ဟန်ကွန့်က ဂူထဲမှာ ဖင်ထိုင်လျက်
ချော်လဲသွားတော့ ကျောက်တလားအဖုံး
ကျိုးသွားပြီး ဒီအကောင်ရဲ့ ဝိညာဉ်
လွတ်ထွက်လာတာ။ ဒီအချိန်မှာ ဟန်ကွန့်ရဲ့
ဝိညာဉ်ကလည်း လွင့်ထွက်သွားတဲ့အချိန်
ဆိုတော့ ဒီကောင်က ဟန်ကွန့်ကိုယ်ထဲကို
တန်းဝင်သွားပြီး ထွက်သွားတာ။

ဟန်ကွန့် မသေသေးဘူး။ ဟန်ကွန့်မှာ
နေရမယ့်အချိန်တွေ အများကြီး ကျန်သေးတယ်
နင် ဟန်ကွန့်ဝိညာဉ်ကိုခေါ်ပြီး မန္တလေးလိုက်
တာတေ၊ ပြီးရင် ဒီအကောင့်ကို နင် ရအောင်
မျှားပြီး မန္တလေးသင်္ချိုင်းထဲကို ရောက်အောင်ခေါ်ခဲ့၊
ကြာသွားရင်တော့ ဟန်ကွန့် ပြန်ဝင်လို့
ရမှာ မဟုတ်ဘူး၊ ပြီးတော့ သင်္ချိုင်းထဲရောက်ရင်
ဒီအကောင် သတိမေ့သွားအောင် နင့်ရိုက်လိုက်၊
ငါရိုက်ရင် ဟန်ကွန့်ကိုယ် ပျက်စီးပြီး
ဟန့်ကွန့်ဝိညာဉ် မဝင်နိုင်တော့ဘဲ ဖြစ်သွားမယ် ”

သွားပြီ၊ မဖဲဝါ ပြန်သွားပြီ။

“ဝူး၊ဝူး၊ ဝူး၊ ဝူး ၊ ဝူး ”

သူ့ခွေးကြီးကတော့ သရဲကြီးတစ်ကောင်ရဲ့
အသံမျိုးကြီးနဲ့ အူပြီး လိုက်သွားတယ်ဗျ။
ကိုကြီးအောင်ကင်းနဲ့ ကျုပ်နဲ့ ဒေါ်တုတ်ကို
ဂူပေါ်က ပွေ့ချပြီး သတိရအောင် လုပ်ကြ
ရတာပေါ့ဗျာ။ ပြီးတော့ ရွာကို ပြန်ခဲ့တယ်
ကိုဟန်ကွန့်တို့ အိမ်ကို ပြန်ရောက်တော့
ကိုဟန်ကွန့်က ဒေါ်တုတ်ကို ဝင်ပူးရောဗျို့။

“တာတေ ငါ ဘာလုပ်ရမှာတုံး ညီလေး ”

“စောစောက မဖဲဝါကြီး ပြောသွားတာ ခင်ဗျား
ကြားလား ကျုပ်တို့နဲ့ သင်္ချိုင်းထဲ လိုက်ခဲ့တယ်မို့လား ”

“အေး ငါလိုက်တော့ လိုက်ခဲ့တယ်၊ မင်းတို့
လုပ်ကိုင်နေတာတွေလည်း ငါမြင်တယ်
မဖဲဝါကို မင်းပင့်တာလည်း တွေ့တယ်
ပြီးတော့ မင်းကို ပြောပြတဲ့အကြောင်းတွေကို
ငါ ကြားတယ်၊ ဒါပေမဲ့ မဖဲဝါကြီးတော့
ငါ မမြင်ဘူးကွ ”

“အင်း ဒါဆိုရင်တော့ ခင်ဗျား မသေတာ
လုံးဝသေချာသွားပြီဗျ၊ ဒီမှာ ကိုဟန်ကွန့်
မနက်ဖြန် ကျုပ် မန္တလေးသွားမယ် ခင်ဗျား
ကျုပ်နဲ့ လိုက်ခဲ့၊ ကျုပ်နဲ့ မကွာစေနဲ့နော်
ကိုဟန်ကွန့်၊ အဲဒီလူက မန္တလေးနန်းရှေ့မှာ
နေတာနော် ”

“အေး ဟုတ်တယ် ခြံတံခါးအနီးနဲ့ ခြံဝင်းကွ၊
အဲဒီနားမှာ ခြံတံခါးအနီကြီးတပ်ထားတာ
အဲဒီတစ်ခြံပဲ ရှိတာကွ ”

“ဟုတ်ပြီ၊ ဟုတ်ပြီ၊ ကျုပ်နဲ့ တောက်လျှောက်
လိုက်နေနော် ”

“စိတ်ချ တာတေ၊ စိတ်ချ”

ကျုပ်က သူ့ကို မမြင်ရဘူးဗျ၊ မျက်ကွင်းဆေးနဲ့လည်း
မမြင်ရဘူးဆိုတော့ သူပြောလည်း ကျုပ်ကြားမှာ
မဟုတ်ဘူး။ မန္တလေး ရောက်ရောက်ချင်း
ကျုပ် အချိန်မဆိုင်းဘဲ နန်းတော်ရှေ့ကို
သွားတယ်။ ကိုဟန်ကွန့်ပြောတဲ့ ခြံတံခါးအနီးနဲ့
ခြံကြီးကို လိုက်ရှာတယ်

တွေ့ပြီဗျို့။ ကိုဟန်ကွန့်ပြောတော့ ဟုတ်သား။
ဒီတစ်လမ်းလုံးမှာ တံခါးအနီရှိတာ ဒီတစ်ခြံတည်း
ရှိတာဗျ။ ကျုပ်ခြံနဲ့ မလှမ်းမကမ်းက ထနောင်းပင်ကြီး
အောက်မှာ အသာကွယ်ပြီး စောင့်နေတာဗျ။
ပါးစပ်ကလည်း ခံတွင်းချဉ်လာလို့ နဂါးဆေးပေါ့လိပ်
ကလေး မီးညှိပြီး ဖွာရသေးတယ်ဗျ။

နှစ်နာရီလောက် ရှိပြီဗျ။ အခုထိကို ခြံတံခါး
ပိတ်ထားတုန်းဗျ။ ဟော ခြံတံခါး ဖွင့်ပြီဗျို့။
ဖွင့်ပြီ။ ဟာ ဟုတ်ပါ့ဗျာ၊ ခြံထဲက ကိုဟန်ကွန့်ကြီး
ထွက်လာတာဗျို့။ အောင်မယ် ကိုဟန်ကွန့်က
ဘောင်းဘီရှည်နဲ့၊ ရှုးဖိနပ်နဲ့၊ အပေါ်က
ရှပ်အင်္ကျီကလည်း အကောင်းစားဗျ။

လက်ရှည်အပြာဖျော့လေးနဲ့ လက်ထဲမှာ
လမ်းလျှောက်တုတ်တစ်ချောင်းကလည်း
ကိုင်ထားသေးသဗျ။ ကျုပ်တောင် သဘောကျပြီး
ပြုံးလိုက်မိတာ။ ဒီမန္တလေးမှာက တစ်ချို့က
မနက်စောစော လမ်းလျှောက်ကြပေမယ့်
တစ်ချို့က ညနေစောင်း လျှောက်ကြတာဗျ။

မှော်ဆရာက ကိုဟန်ကွန့်ကိုယ်ကို အပိုင်စီးပြီး
စမတ်ကျကျနဲ့ ညနေဘက် လမ်းလျှောက်
ထွက်နေတာဗျ။ ကျုပ် သူ့နောက်ကနေ
ခပ်သုတ်သုတ် လိုက်သွားတယ်။
ဒီလူက အနောက်ကို တစ်ချက်ကလေးတောင်
လှည့်မကြည့်ဘူးဗျို့။

“ဆရာ ဆရာကိုဟန်ကွန့် ”

ကျုပ်က နောက်ကနေ အသာကပ်ပြီး
ခေါ်လိုက်တယ်။ မှော်ဆရာ ကျုပ်ကို
လှမ်းကြည့်တယ်။ ဒါပေမဲ့ ကျုပ်ကိုမှ
သူ မသိတာ၊ ကြောင်အမ်းအမ်းဖြစ်နေတာပေါ့ဗျ။
ဒါတောင် ကျုပ်က ရွာမှာနေတဲ့ပုံစံ မဟုတ်ဘူးဗျ။

ကျကျနန ဝတ်စားထားတာ။ ကျုပ်လည်း
ဘောင်းဘီရှည်နဲ့ ရှပ်အင်္ကျီခေါက်ရိုးကျနဲ့ပါပဲဗျာ။
ခါတိုင်းလွယ်တဲ့ ဆေးလွယ်အိတ်လည်း
မပါပါဘူး။ သားရေ လက်ကိုင်အိတ်
အကောင်းစားနဲ့ဗျ။ ဒါပေမဲ့ သားရေ
လက်ကိုင်အိတ် အကောင်းစားထဲမှာတော့
ကျုပ် သွားလေရာ ယူတဲ့ ဆေးဝါးတွေ
အင်းတွေ ထည့်ထားတာပေါ့ဗျာ။

“ဆရာကိုဟန်ကွန့်ကလည်း ကျုပ်လို
တပည့်ရင်းကိုတောင် မမှတ်မိသလို
ဖြစ်နေပြန်ပြီဗျာ။ ကျုပ် တာတေလေ
ဆရာရဲ့၊ ဘာလဲ လက်မတွဲဖြစ်တာ
ကြာသွားလို့ မေ့သွားတာလား၊
ဒါမှမဟုတ် ဆရာ အရမ်းအဆင်ပြေနေလို့
မေ့ချင်ယောင်ဆောင်နေတာလားဗျ”

“ဟာ တာတေရာ၊ ငါ အခုတလော ကျန်မားရေး
သိပ်မကောင်းဘူးဖြစ်နေလို့ပါကွ၊
မင်းကို မသိဘဲ နေပါ့မလားကွာ ”

“ဆရာ ဟိုတစ်ခါ ကိစ္စပြီးတော့ မုံရွာဘက်က
ရွာတွေမှာ သွားပြီးရှောင်တိမ်းနေတယ် ကြားလို့ဗျ။
အခုမှ ဆရာ့ကို မမျှော်လင့်ဘဲ တွေ့လိုက်ရတာနဲ့
ကျုပ် လိုက်လာတာ၊ အဲဒီတုန်းက ဆရာနဲ့
ကျုပ် ဓါးမြတိုက်တဲ့အိမ်က သိပ်မရလိုက်ပေမယ့်
ဒီတစ်ခါ ကျုပ်တွေ့ထားတဲ့နေရာက တော်တော်ကို
ရမယ့်နေရာဗျ၊ ဒီတစ်ခါ တိုက်ပြီးရင်
တစ်သက်လုံး ဆရာထိုင်စားသွားလို့ရမယ့်
နေရာဗျ။ အဲဒါ ပြောချင်လို့ ဆရာ့နောက်ကို
ကျုပ် ခပ်သုတ်သုတ် လိုက်ခဲ့ရတာ ”

မှော်ဆရာ မျက်စိလည်သွားပြီဗျ။
တာတေက သူ့လို မှော်ပညာမတတ်ပေမဲ့
လူကဲခတ်တော့ မညံ့ပါဘူးဗျာ။ သူ့စိတ်ထဲမှာ
သူဝင်ထားတဲ့ကိုယ်က ဟန်ကွန့်ဆိုတဲ့
ကိုယ် ဆိုတာရယ်၊ ဟန်ကွန့်က ဓါးမြ
ဆိုတာရယ်ကို သူသိပြီး အံ့သြနေတာပေါ့ဗျာ။
ကိုဟန်ကွန့်ရဲ့ ဝိညာဉ်က ကျုပ်ဘေးမှာ
ကပ်ပါနေမှာဆိုတော့ သူ့ကို ဓါးမြလို့ပြောတာ
ဒီလူ ကြားမှာပဲဗျ။ ခုလောက်ဆိုရင်
ကျုပ်ကို ကျိန်ဆဲနေမှာပေါ့ဗျာ။

မှော်ဆရာက ဟန်တော့ကောင်းသားဗျ။
လက်ထဲက လမ်းလျှောက်တုတ်ကို ဟန်ပါပါလွှဲရင်း …

“အေးကွာ၊ ငါ့တပည့်တာတေ၊ မင်းကို
ကျေးဇူးတင်တယ်ကွာ၊ ငါလည်း ဒါမျိုး
ခဏ ခဏ မလုပ်ချင်တော့ဘူး၊ မိမိရရ
တစ်ခါတည်းလုပ်ပြီး အေးအေးဆေးဆေး
ထိုင်စားချင်နေပြီကွ ”

“ဟုတ်တာပေါ့ ဆရာကိုဟန်ကွန့်ရယ်၊
ဆရာ့နားမှာ ဆေးပေးမီးယူ ဇနီးအချောအလှ
ကလေးလည်း ရှိသင့်နေပြီဗျ”

“ဟဲ ဟဲ အဆင်ပြေရင် အားလုံးပြည့်စုံ
သွားမှာပေါ့ ငါ့တပည့်ရာ၊ နို့ အခုတွေ့တဲ့
နေရာက တော်တော်ရနိုင်လားကွ ”

“ဟာ …ဆရာရယ် ၊ စိန်ချည်းပဲ ပြည်တောင်းနဲ့
ချင်ယူရမှာဗျ၊ စိန်သူဋ္ဌေးတွေ၊ သုံးမွေ
လေးမွေခံတွေဗျ”

“ဟာ ကောင်းလိုက်တာ ငါ့တပည့်ရာ၊
နို့ ဘယ်တော့ အလုပ်လုပ်မှာတုံး”

“ဆရာသာ အဆင်သင့်ရှိရင် တပည့်တာတေက
ဒီညကို လုပ်လိုက်ချင်တာဗျ၊ ဒီည တိုက်ထဲမှာ
အဘိုးကြီးနဲ့ အဘွားကြီးပဲ ရှိမယ်ဗျ၊ သားသမီးတွေ
အကုန်လုံး ရွှေမန်းတင်မောင်ပွဲ သွားကြည့်ကြမှာဗျ၊
ဒီအခွင့်အရေးမျိုး ရဖို့က မလွယ်ဘူး ဆရာ၊
ကျုပ်မှာ ဘာလုပ်ရမှန်း မသိအောင် ဖြစ်နေတုန်း
ဆရာ့ကို တွေ့လိုက်တော့ အားရှိသွားလိုက်တာ
ဆရာရယ် ”

“ဟာ တာတေရာ၊ မင်းဆရာဟန်ကွန့်က
ဒါမျိုးဆိုရင် အမြဲအဆင်သင့်ဖြစ်နေတာ
မင်း သိသားပဲ ”

အမယ် မှော်ဆရာကလည်း အလာကြီးဗျ။
သူ ခဏတော့ စဉ်းစားနေတယ်ဗျ။ ကျုပ် သိတာပေါ့ဗျာ။
ဒီလူ ဘာတွေ တွေးနေတယ်ဆိုတာ ဓါးမြတိုက်ပြီးလို့
ပစ္စည်းတွေ ရပြီးရင် ကျုပ်ကို ရှင်းပစ်ဖို့
စဉ်းစာနေမှာပေါ့ဗျာ။

“ကောင်းပြီ တာတေ၊ ညကိုးနာရီတိတိ
ဒီခြံဝမှာ ငါ့ကို လာစောင့်၊ ဘယ်ကို သွားရမှာတုံးကွ ”

“သင်္ချိုင်းကိုကျော်ပြီး သွားရမှာ ဆရာ၊
သင်္ချိုင်းဟိုဘက်က လမ်းမှာ လူလည်း ပြတ်တယ်ဗျ”

ညကိုးနာရီထိုးတော့ ကျုပ် သွားစောင့်တယ်၊
ဟော လာပြီဗျို့၊ ကိုးနာရီအတိ ခြံတံခါး ပွင့်လာတယ်

“ကဲ ငါ့တပည့် တာတေ၊ ဆရာတို့ သွားစို့ ”

ကျုပ်က သူ့ကို ဦးဆောင်ပြီး သင်္ချိုင်းဘက်ကို
ခေါ်လာတယ်။ ရောက်ပြီဗျို့။ မန္တလေးသင်္ချိုင်း။
ကျုပ်မဖဲဝါကို လိုက်ရှာတယ်။ မျက်ကွင်းဆေး
ကွင်းထားတာဆိုတော့ တန်းမြင်ရတာဗျို့။
မဖဲဝါကြီး သစ်ပင်မှာကပ်ပြီး ဖျောက်ထားတာဗျ။
ကျုပ် အချိန်ဆိုင်းမနေတော့ဘူး။ လက်ထဲမှာ
မသိမသာ ဆုပ်ယူလာတဲ့ ကျောက်တုံးနဲ့
မှော်ဆရာရဲ့ခေါင်းကို ခပ်ဆတ်ဆတ်လှည့်ပြီး
ထုလိုက်တယ်။

“ခွပ် ၊ ခွပ် ”

နှစ်ချက်ဆင့်ထုလိုက်တော့ မှော်ဆရာ မှောက်ကျ
သွားပြီပေါ့ဗျာ။ ဟော မဖဲဝါကြီး ရိပ်ကနဲ ပြေးလာပြီဗျို့။
ဟာ မှောက်ခုံကြီးလဲနေတဲ့ မှော်ဆရာကို ခြေထောက်နဲ့
နင်းလိုက်တာနဲ့ဗျာ၊ ဟာ မှော်ဆရာရဲ့ဝိညာဉ်
ကိုဟန်ကွန့်ရဲ့ကိုယ်ထဲက ထွက်လာပြီဗျို့။

“ဖုန်း၊ ဖုန်း ၊ ဖုန်း”

ဟာ ရိုက်ပြီဗျာ၊ မဖဲဝါ မှော်ဆရာရဲ့ ဝိညာဉ်ကောင်ကို
ဆက်တိုက်ကို ရိုက်တာဗျ။ မှော်ဆရာ ဒူးထောက်
ကျသွားပြီဗျ။

“နင် ဒီလိုလုပ်လို့ ရရိုးလားဟဲ့၊
မှော်သရဲကောင်ရဲ့ ”

“ဖုန်း ”

ပြောရင်းနဲ့ ထပ်ရိုက်ပြန်ပြီဗျို့။
မှော်ဆရာ ခေါင်ကြီး စိုက်နေပြီဗျာ။

“ဟဲ့ ဟိုအကောင် ဟန်ကွန့် ဝင်လေ၊
ဘာလုပ်နေတာတုံး”

မဖဲဝါက လက်ကြီးဝှေ့ပြီး ပြောလိုက်တာနဲ့
ကိုဟန်ကွန့် ကိုယ်လုံးကြီး ဆတ်ကနဲ
တွန့်သွားတာပါပဲဗျာ။

“အား၊ ကျွတ်၊ ကျွတ်၊ ကျွတ်”

ကိုဟန်ကွန့် စုပ်သပ်တယ်ဗျ၊ ကျုပ်
ကိုဟန်ကွန့်ကို ငုံ့ပြီး ထူပေးနေတုန်း
မဖဲဝါက မှော်ဆရာသရဲကို တဖုန်းဖုန်း
ရိုက်ပြီး သင်္ချိုင်းထဲကနေ ခေါ်ထုတ်သွားရောဗျို့။

လျှာတွဲလောင်းကြီးကျနေတဲ့ မဖဲဝါရဲ့
ခွေးကြီးကလည်း မှော်ဆရာရဲ့ ဝိညာဉ်ကို
မာန်တဖီဖီနဲ့ဗျို့။ ခေါ်သွားကြလေရဲ့။
ဒီတစ်ခါတော့ မဖဲဝါ မှော်ဆရာသရဲကို
ဘယ်နားမှ သွားထည့်ထားမလဲတော့
မပြောတတ်ဘူးပေါ့ဗျာ။ ကျုပ်လည်း
ကိုဟန်ကွန့်ကိုထူပြီး ကျုပ်တည်းနေကျ
ဘုန်းကြီးကျောင်းကို ခေါ်လာခဲ့တယ်

“ခေါင်းက နာလိုက်တာ၊ တာတေရာ၊
မင်းကျောက်တုံးနဲ့ ထုလိုက်တာ
ငါမြင်ပါတယ်ကွာ ”

“မဖဲဝါ ခိုင်းတဲ့အတိုင်းလုပ်ရတာ
ကိုဟန်ကွန်ရေ၊ ခင်ဗျားကတော့
တကယ့်လူထူးလူဆန်းကြီးပါပဲဗျာ ”

“မင်းကယ်လို့ ငါမသေတာ၊ တာတေရ၊
မင်းဆိုတဲ့ကောင်က ဇာတ်ကွက်တော်တော်ပိုင်တဲ့
ကောင်ပဲကွာ၊ မှော်ဆရာကိုတောင် ယုံအောင်
ပြောနိုင်တာ ငါ အံ့သြပါ့ကွာ ”

နောက်တစ်နေ့ ကားနဲ့ ကျုပ်တို့ ပြန်ခဲ့မယ်။
ရွာကို ရောက်တော့ ထနောင်းကုန်းသားတွေ
ကိုဟန်ကွန့်ကို လာကြည့်လိုက်ကြတာမှ
တစ်နေ့ကိုကုန်ရောဗျာ။ အဲဒီအထဲမှာ
မမယ်တင့် မေးလိုက်တဲ့ အမေးစကား
တစ်ခုကြောင့် ထနောင်းကုန်းသားတွေ
အူတက်မတတ်ကို ရယ်ကြရတော့တာပေါ့ဗျာ။

မမယ်တင့် ကျုပ်ကို မေးလိုက်တာက…

“မောင်လေး တာတေ၊ ကိုဟန်ကွန့်ကိုယ်ထဲက
အကောင်က မမယ်တင့်အကောင်ဆိုတာ
သေချာရဲ့လား မောင်လေးရယ်”

တဲ့ဗျာ။ ကျုပ်ဖြင့် ဘာပြန်ပြောရမှန်း
မသိအောင်ကို ကြောင်သွားတာဗျို့။
ရွာက လူတွေက ဝါးကနဲ ဝိုင်းရယ်
လိုက်တော့မှ ကျုပ်လည်း မထိန်းနိုင်တော့ဘဲ
အော်ရယ်လိုက်မိတော့တာပေါ့ဗျာ။

မူရင်းရေးသူ ဆရာ တာတေ

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ

ပြီးပါပြီ

‘မဖဲဝါကိုကိုက်တဲ့ တစ္ဆေ ‘စာအုပ်မှ
ပြန်လည်ဝေမျှထားသည်။