မှော်ကျိန်စာ

မဟုတ်ဘူး။မင်းသားလေး’အာရှန်း’ကို မြင်ဖူးချင်တာကြောင့်ပဲဖြစ်တယ်။
ဒါကြောင့်
“ဒါဆို သမီးတို့ အထုပ်အပိုးတွေ အခုကတည်းက ပြင်ထားရမှာပေါ့နော်”
အဲဒီလိုပြောတော့ ‘ရှာရာ’က ရယ်တယ်။
“အစ်မက အဲဒီပွဲကို လိုက်မလို့လား။မင်းသားလေး လန့်သွားပါအုံးမယ်”
‘ရှာရာ’ရဲ့စကားကြောင့် ‘နာရှာ’လည်း ခေါင်းငုံ့သွားတယ်။
အဖိုးကြီး’အီနူ’က ‘ရှာရာ’ကို ဝင်ငေါက်လိုက်ရတယ်။
“ဟဲ့ သမီး။ကိုယ့်အစ်မကို အဲဒီလိုမပြောရဘူး”
‘ရှာရာ’လည်း ငြိမ်သွားတယ်။
ဒီ့နောက် အဖိုးကြီး ‘အီနူး’က
”ဒီနေ့ပဲ သွားရမှာ။သမီးကြီး ‘နာရှာ’လည်း လိုက်သွားရမယ်လေ”
“ဟေး”
‘နာရှာ’လည်း အရမ်းပျော်သွားတယ်။
ဒီလိုနဲ့ ‘နာရှာ’နဲ့ ‘ရှာရာ’လည်း ချက်ချင်းအလှပြင်ကြတယ်။
နောက်ပြီး အဝတ်တွေနဲ့ စားစရာ သောက်စရာတွေကို ထုပ်ပိုးကြပြီး လှည်းတစ်စီးကို ငှားကာ ချက်ချင်းခရီးထွက်ကြတယ်။
မင်းသားလေး’အာရှန်း’နေထိုင်တဲ့ တိုင်းပြည်ဟာ တကယ့်ကို အဝေးကြီးပါပဲ။
‘နာရှာ’နဲ့’ရှာရာ’တို့ဟာ လှည်းပေါ်မှာထိုင်ပြီး လိုက်လာရင်း တဖြည်းဖြည်းနဲ့ မိုးချုပ်လာတယ်။
ဒီလိုနဲ့ လမ်းခုလတ်အရောက်မှာ အဖိုးအိုတစ်ဦးက လှမ်းကှေ့မှာ ပိတ်ရပ်ပြီး အစားအစာတောင်းတယ်။
“သမီးတို့ရယ်။ဒီနေ့တစ်နေကုန် ဘာမှမစားရသေးလို့ စားစရာလေးများပါရင် ကျွေးခဲ့ကြပါလားကွယ်”
အဲဒီလိုတောင်းတော့ ‘ရှာရာ’ဟာ အရမ်းစိတ်ဆိုးသွားတယ်။
ကြင်ယာရွေးပွဲကိုသွားမယ့်လမ်းမှာ အခုလို ပေရေညစ်ပတ်နေတဲ့ သူတောင်းစားအဖိုးအိုက အစာတောင်းတာဟာ ‘နိမိတ်မကောင်းဘူး’လို့ယူဆမိတယ်။
ဒါကြောင့်
”ဟဲ့ သူတောင်းစားအဖိုးကြီး။လှည်းအရှေ့က အခုဖယ်စမ်း”
‘ရှာရာ’အဲဒီလို ခပ်မာမာမောင်းထုတ်ပေမယ့် အဖိုးအိုက မသွားဘူး။
“အစားအစာလေးတွေရှိရင် ကျွေးကြပါ။အရမ်းဆာနေလို့ပါ”
‘ရှာရာ’ဒေါသထွက်သွားတယ်။
ဒါကြောင့် စိတ်မြန်ကိုယ်မြန်ဖြစ်သူပီပီ လှည်းဆရာဆီက ကြိမ်လုံးကိုယူပြီး အဖိုးအိုကို လှည်းပေါ်က ဆင်းရိုက်တယ်။
“ကဲဟာ တောင်းချင်အုံး။တောင်းချင်အုံး”ဆိုပြီး အဆက်မပြတ်ရိုက်တော့တယ်။
‘ရှာရာ’ရဲ့ရိုက်ချက်တွေကြောင့် အဖိုးအိုရဲ့ခန္ဓာကိုယ်မှာ အရှိုးရာတွေ ထင်လာတယ်။
ဒါကြောင့် အဖိုးအိုလည်း ခပ်ဝေးဝေးကို ပြေးထွက်သွားတော့တယ်။
ဒါပေမယ့် စားစရာ ရလိုရငြားနဲ့ ‘ရှာရာ’တို့ကို ရပ်ပြီး ကြည့်နေပြန်တယ်။
ဒီတစ်ခါတော့ ‘နာရှာ’လည်း မနေသာတော့ဘူး။
ဒါကြောင့် စားစရာအချို့နဲ့ ဆေးဝါးအချို့ကိုယူပြီး အဲဒီအဖိုးအိုဆီလျှောက်လာတယ်။
‘နာရှာ’ဟာ အဖိုးအိုကို စားစရာတွေကျွေးပြီး ‘ရှာရာ’ရိုက်ထားတဲ့ ဒဏ်ရာတွေကို ဆေးနဲ့လိမ်းပေးတယ်။
အဲဒီအခါမှ အဖိုးအိုလည်း နေသာထိုင်သာဖြစ်သွားပြီး သူ့ရဲ့ဆံထုံးထဲမှာ ထည့်ထားတဲ့ ရွှေရောင် အလုံးလေး တစ်လုံးကို ထုတ်ပေးလိုက်တယ်။
‘နာရှာ’က
“ဒါဘာလဲအဖိုး”
“ရုပ်ရည်လှပစေတဲ့ဆေးလုံးပဲ သမီး။အဖိုးကိုယ်တိုင်ဖော်စပ်ထားတာ။အခု သမီးကို အဖိုးကိုယ်တိုင် လက်ဆောင်ပေးလိုက်ပြီ။သောက်လိုက်ပါ”
‘နာရှာ’ဝမ်းသာသွားတယ်။
မိန်းကလေးဆိုတော့ လှပချင်တာကိုး။
ဒါကြောင့်ဆေးလုံးကို ချက်ချင်းမြိုချလိုက်တယ်။
ပြီးနောက်မှာတော့ အဖိုးအိုကိုနှုတ်ဆက်ပြီး ထွက်လာခဲ့တယ်။
‘နာရှာ’တို့ဟာ လှည်းပေါ်မှာ လိုက်လာရင်းနဲ့ မြို့တစ်မြို့ရဲ့အစွန်က တောအုပ်ကြီးအရှေ့ကို ရောက်လာကြတယ်။
အဲဒီအချိန်မှာ ‘နာရှာ’ရဲ့ရုပ်ရည်ဟာ တဖြည်းဖြည်းပြောင်းသွားပြီး ခန္ဓာကိုယ်ကလည်း ရွှေလိုဝင်းပ လာတယ်။
မျက်နှာကလည်း ပြစ်မျိုးမှဲ့မထင် မြင်ရရုံနဲ့ ချစ်ချင်စရာကောင်းလောက်အောင် လှပလာတယ်။
‘ရှာရာ’နဲ့ လှည်းဆရာတောင် ‘နာရှာ’ကိုကြည့်ပြီး အံ့ဩသွားတယ်။
“အစ်မ အစ်မရဲ့ရုပ် ပြောင်းသွားပြီ”
“ဟင် ဟုတ်လား”
‘နာရှာ’လည်း ခြင်းတောင်းထဲက ကြေးမှန်ကိုယူပြီး ထောင်ကြည့်လိုက်တယ်။
ဟုတ်တယ်။’နာရှာ’ရဲ့ရုပ်ဟာ လုံးဝပြောင်းလဲသွားပြီ။
‘နာရှာ’ဟာ အရမ်းကို ပျော်ရွှင်သွားတယ်။
ဒါကြောင့်
“ကြည့်စမ်း။ဒီလိုဆို မင်းသားလေးက ငါ့ကို ကြင်ယာဖက်အဖြစ်ရွေးချယ်မှာပဲ”လို့ပြောလိုက်တယ်။
အဲဒီစကားကြောင့် ‘ရှာရာ’ဟာ မနာလိုစိတ်တွေ ဝင်သွားတယ်။
ဒါကြောင့်’နာကှာ’ကြေးမှန်ကို အာရုံစိုက်ပြီး ကြည့်နေတုန်းမှာ ‘ရှာရာ’ဟာ ‘နာရှာ’ကို လှည်းပေါ်က တွန်းချမယ်လုပ်တုန်း လှည်းတစ်ချက်အဆောင့်မှာ ‘ရှာရာ’လည်း လှည်းပေါ်က ပြုတ်ကျသွားတယ်။
“အား”
‘ရှာရာ’ဟာ အကျနာသွားတာကြောင့် အရိုးတွေ ထုံကျင်ပြီး တော်ရုံနဲ့ပြန်မထနိုင်ဘူး။
အဖြစ်မှန်ကို မသိရှာတဲ့ ‘နာရှာ’လည်း လှည်းပေါ်က ဆင်းပြီး ‘ရှာရာ’ကို ပွေ့ထူရင်းလှည်းဆရာကို အကူအညီတောင်း
တယ်။
ဆေးဆရာက
” နင်တို့မှာ ဆေးတွေပါတယ်မဟုတ်လား။လိမ်းလိုက်လေ”
အဲဒီအခါ ‘ရှာရာ’က
“ဒီဆေးတွေက အနာလောက်ပဲရတာ။အခုဟာက အရိုးတွေ ထုံကျင်နေတာ”
လှည်းဆရာလည်း ဆေးပညာကို အနည်းငယ်တတ်ထားသူမို့ အနားမှာရှိတဲ့ ဆေးဖက်ဝင်မယ့်အပင်တွေကိုနှုတ်ယူပြီး ဆေးဖော်စပ်တယ်။
ပြီးတော့ ‘ရှာရာ’ကို တိုက်လိုက်တယ်။
‘ရှာရာ’လည်း လှည်းဆရာဖော်စပ်ပေးတဲ့ဆေးကိုသောက်လိုက်တယ်။
အဲဒီအခါမှ ဝေဒနာဟာ အနည်းငယ် သက်သာသွားသလို ခံစားလိုက်ရတယ်။
ဒီနောက် ‘နာရှာ’က
“ကဲ ညီမလေး။လှည်းပေါ်ပြန်တက်ရအောင်”
ပြောပြီး ‘နာရှာ’ဟာ ‘ရှာရာ’ကို ‌လှည်းပေါ်တင်ပေးဖို့ကြိုးစားတယ်။
အဲဒီအခိုက်မှာ ‘ရှာရာ’ရဲ့ခန္ဓာကိုယ်ဟာ တဖြည်းဖြည်းပူလောင်လာတယ်။
“အား ပူတယ် ပူတယ်”
‘ရှာရာ’ဟာအော်ဟစ်ပြီး ခန္ဓာကိုယ်အနှံ့ကို လက်နဲ့ပွတ်တယ်။
“ညီမလေး။ဘယ်လိုဖြစ်နေတာလဲ”
“ပူတယ်။ပူတယ်”
‘ရှာရာ’ဟာ အော်ဟစ်ပြီး ဆောက်တည်ရာမဲ့ ဖြစ်ကာ ဟိုပြေးဒီပြေးလုပ်နေတော့တယ်။
ဒီလိုပြေးရင်းနဲ့ သူမရဲ့ အဝတ်အစားတွေကိုလည်း ချွတ်ပစ်လိုက်တယ်။
‘နာရှာ’နဲ့ လှည်းဆရာက လိုက်ထိန်းပေမယ့် မရပါဘူး။
ဝတ်စလစ်ဖြစ်နေတဲ့’ရှာရာ’ဟာ သူ့ကို လိုက်ထိန်းချုပ်နေတဲ့ ‘နာရှာ’နဲ့ လှည်းဆရာကို တွန်းထုတ်ပြီး တောအုပ်ကြီးထဲ ပြေးဝင်လာခဲ့တော့တယ်။
ဒါ့အပြင် သူမရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ဟာလည်း မီးလောင်ဖုလို အဖုအပိန့်ကြီးတွေထွက်လာတယ်။
‘နာရှာ’နဲ့ လှည်းဆရာလည်း တောထဲဝင်ပြီး ‘ရှာရာ’ရဲ့အနောက်ကို လိုက်ကြတယ်။
ဒါပေမယ့်မျက်ခြေပြတ်သွားပါပြီ။
‘ရှာရာ’တစ်ယောက် ဘယ်ရောက်သွားလဲဆိုတာ မသိရတော့ပါဘူး။
မှောင်ရီစကလည်း ပျိုးနေပြီ။
ဒီ့နောက် လှည်းဆရာက
“ကိုင်း’နာရှာ’ရေ။မှောင်လည်းမှောင်နေပြီ။မနက်ကျမှ ရှာရအောင်လားကွယ်။အခုချိန်ကြီး တောကြီးထဲ အန္တရာယ်က များလှတယ်”လို့ပြောလိုက်တော့မှ ‘နာရှာ’လည်း ပတ်ဝန်းကျင်ကို အကဲခတ်မိတော့တယ်။
ဟုတ်တယ်။တောထဲဆိုတော့ အလင်ရောင်က ကောင်းကောင်မွန်မွန်မရှိဘူး။’ရှာရာ’ကိုလည်း ရှာရခက်မယ်။
ဒီ့နောက်မှာတော့ ‘နာရှာ’လည်း
လှည်းဆရာပြောတာကို လက်ခံပြီး တောထဲက ပြန်ထွက်လာကာ လှည်းပေါ်မှာ ပါလာတဲ့စောင်ကိုခင်းပြီး အိပ်စက်ဖို့ပြင်တော့တယ်။
အချိန်သိပ်မကြာပါဘူး။သူတို့နှစ်ယောက်ဟာ ခရီးပန်းလာတာမို့ ခေါင်းချလိုက်တာနဲ့ ချက်ချင်းအိပ်ပျော်သွားကြတော့တယ်။
သူတို့နှစ်ယောက်ဟာ အိပ်ပျော်နေတုန်းမှာပဲ နွားတွေရဲ့ အော်သံကြောင့်’နာရှာ’ဟာ လန့်နိုးလာတယ်။
ဒါကြောင့် အသံလာရာဘက်ကို လှမ်းကြည့်လိုက်တော့ ဦးခေါင်းနှစ်လုံးရှိတဲ့ မြွေနက်ကြီးတစ်ကောင်ဟာ နွားနှစ်ကောင်ကို မြိုဖို့ကြိုးစားနေတာကိုတွေ့လိုက်ရတယ်။
‘နာရှာ’တစ်ယောက် ကြောက်လန့်သွားတယ်။
လှည်းဆရာကို ကြည့်လိုက်ပြန်တော့ လှည်းဆရာက မရှိပြန်ဘူး။
‌ဦးခေါင်းနှစ်လုံးနဲ့ မြွေနက်ကြီးဟာ နွားနှစ်ကောင်ကိုမြိုချပြီးတဲ့နောက် ‘နာရှာ’ကို ဆတ်ခနဲလှည့်ကြည့်တယ်။
‘နာရှာ’ဟာ ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် ကြောက်ရွံ့တုန်လှုပ်နေတယ်။
အဲဒီအချိန်မှာ မြွေနက်ကြီးဟာ ‘နာရှာ’ဆီကို တဟုန်ထိုး ပြေးလာတယ်။
‘နာရှာ’လည်း ကြောက်လန့်ပြီး အသံကုန် အော်ဟစ်လိုက်တော့တယ်။
“အား မလာနဲ့။သွား မလာနဲ့”
+++++++++++++++++++++
“အား မလာနဲ့ ။သွား မလာနဲ့”
‘နာရှာ’ရဲ့အော်သံကြောင့် လှည်းဆရာဟာ နွားတွေကို အစာကျွေးနေရာကနေ ချက်ချင်းပြေးလာတယ်။
“‘နာရှာ’ ဘာဖြစ်တာလဲ”
လှည်းဆရာက လှုပ်နှိုးပြီး မေးလေတော့ ‘နာရှာ’လည်း အိပ်ရာက လန့်နိုးလာတယ်။
ပြီးတော့ ဟိုဟိုဒီကြည့်ရင်း
“ဟို မြွေ မြွေကြီး”
လှည်းဆရာ ပြာယာခတ်သွားပြီး ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်လိုက်ရင်း
“ဘယ်မလဲ မြွေကြီး ဘယ်မလဲ”
‘နာရှာ’လည်း မြွေနက်ကြီး ရှိမယ့်နေရာကို မျက်စိကစားပြီး ရှာကြည့်တယ်။
မတွေ့ပါဘူး။အေးအေးလူလူ မြက်တွေစားနေတဲ့ နွားနှစ်ကောင်ကိုပဲတွေ့ရတယ်။
“ဟို ဟို”
‘နာရှာ’လည်း ဘာပြောရမှန်းမသိဖြစ်သွားတယ်။
လှည်းဆရာက
“နင်အိပ်မက်ဆိုးတွေ မက်နေတာမဟုတ်လား။ဖြစ်တတ်ပါတယ်။ဒါနဲ့ပြောစမ်းပါအုံး။ဘယ်လိုအိပ်မက်မက်တာလဲ”
လှည်းဆရာကမေးတော့ ‘နာရှာ’လည်း သူမ မက်ခဲ့တဲ့အိပ်မက်ကို ပြန်ပြောပြလိုက်တယ်။
ပထမတော့ လှည်းဆရာလည်း အံ့ဩနေတယ်။
ပြီးတော့မှ သက်ပြင်းချပြီး
“ကြောက်မနေပါနဲ့။ညက တို့အိပ်တော့ လေတွေတိုက်နေတာလေ။သွေးလေခြောက်ခြားပြီး မက်တာပါ”
အဲဒီအခါမှ’နာရှာ’လည်း စိတ်သက်သာရာ ရသွားတယ်။
ဒီ့နောက် ‘နာရှာ’နဲ့ လှည်းဆရာဟာတောအုပ်ကြီးထဲဝင်ပြီး ‘ရှာရာ’ကိုလိုက်ရှာကြတယ်။
သူတို့နှစ်ယောက်ဟာ အချိန်အတော်ကြာတဲ့အထိရှာပေမယ့် ‘ရှာရာ’ကို မတွေ့ကြဘူး။
လှည်းဆရာလည်း စိတ်ဓာတ်ကျစပြုလာတယ်။
ဒီ့နောက်
“ညီမရယ်။အချိန်လည်း နောက်ကျနေပြီ။ကြင်ယာရွေးပွဲကို မမီပဲ နေပါအုံးမယ်”
အဲဒီအခါ ‘နာရှာ’က
“ကျွန်မတော့ ညီမလေးကို တွေ့အောင်ရှာချင်ပါသေးတယ်။ကူညီလက်စနဲ့ ကူညီပါအုံးရှင်”
လှည်းဆရာလည်း စိတ်မသက်သာစွာနဲ့ လက်ခံလိုက်ရတယ်။
ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ ‘ရှာရာ’ကို လိုက်ရှာရင်းနဲ့ တစ်နေရာအရောက်မှာ ကျားဆွဲခံရလို့ ရုပ်ပျက်ဆင်းပျက် သေနေတဲ့ ‘ရှာရာ’ရဲ့အလောင်းကိုတွေ့လိုက်ရတယ်။
အဲဒီအခါ ‘နာရှာ’လည်း မယုံနိုင်အောင်ဖြစ်သွားပြီး ‘ရှာရာ’ရဲ့အလောင်းကို ဖက်ပြီး ငိုလေတော့တယ်။
ပြီးနောက်မှာတော့ လှည်းဆရာရဲ့အကူအညီနဲ့ ‘ရှာရာ’ရဲ့အလောင်းကို ကောင်းမွန်စွာမြေမြုပ်သင်္ဂြိုဟ်လိုက်တယ်။
ကိစ္စအားလုံးပြီးစီးတော့မှ ‘နာရှာ’ဟာ လှည်းဆရာနဲ့အတူ ကြင်ယာရွေးပွဲကို ဆက်လက်ထွက်ခွာလာခဲ့တယ်။
ဒီလိုနဲ့ ညနေစောင်းအချိန်ကိုရောက်တော့ မင်းသားလေး’အာရှန်း’ရှိတဲ့မြို့အနားကိုရောက်လာခဲ့တယ်။
ကြင်ယာရွေးပွဲက မနက်ဖြန်မှ စမှာဖြစ်တာကြောင့် ‘နာရှာ’တို့ဟာ မြို့အပြင်က ဇရပ်ကြီး တစ်ခုပေါ်မှာပဲ တစ်ည အိပ်လိုက်ကြရပြန်တယ်။
အိပ်ပျော်နေတဲ့အချိန်မှာ ‘နာရှာ’ဟာ အိပ်မက်ဆန်းတစ်ခုကို မက်ပြန်တယ်။
အိပ်မက်ထဲမှာ ‘ရှာရာ’ဟာ အနက်ရောင်ခြုံထည်ကြီးကိုလွှမ်းခြုံထားပြီး ‘တဟားဟား’အော်ရယ်နေတယ်။
သူတစ်ခါ ရယ်လိုက်တိုင်း ကောင်းကင်ကြီးဟာ လျှပ်စီးတွေ လက်လက်လာတယ်။
လူတွေလည်း ကြောက်လန့်လို့ ပြေးသူပြေး။လဲသူလဲ။သေသူသေဖြစ်ကုန်ကြတယ်။
အဲဒီအိပ်မက်ထဲမှာ ‘ရှာရာ’ဟာ တကယ့်ကို မကောင်းဆိုးဝါးမကြီး ဖြစ်နေသတဲ့။
ဒီလိုနဲ့ ‘နာရှာ’အိပ်ရာကနိုးတော့ နေဟာအတော်မြင့်နေပြီဖြစ်တယ်။
ဒါကြောင့် ကမန်းကတန်း မျက်နှာသစ်။အဝတ်လဲပြီး လှည်းဆရာနဲ့အတူ ကြင်ယာရွေးပွဲကို ထွက်လာခဲ့တော့တယ်။
+++++++++++++++++++++++