သရဲဖော်သောလူသတ်မှု

တယ် အဲ့တော့ တို့တွေအရင်ဆုံးဆိုင်ကယ်ပဲယူသွားကြမယ်”

“ဟုတ် ဒါဆို သီရိပြင်ထားပေးမယ်နော်…
စီနီယာလိုက်လာခဲ့လိုက်”

သီရိတစ်ယောက်သူမအနီးမှထွက်ခွာသွားတော့သည်။
ခဏကြာတော့ လွန်းနီနီသည်လည်း သီရိစောင့်နေမည့် စခန်း၏
ဆိုင်ကယ်ရပ်နားရာဆီသို့ ထွက်လာခဲ့တော့၏။
သူမရောက်လာတော့ သီရိသည် ဟွန်ဒါ click ဆိုင်ကယ်
အနက်လေးအား စက်နိုးလိုက်တော့သည်။
သီရိနောက်ပါးမှထိုင်လိုက်ခဲ့ရင်း…

“အမှတ်၇ ရပ်ကွက်ကိုမောင်း သီရိ”

“အမှတ်၇ ဆိုရင် မြို့ပြင်လမ်းဘက်ကျတာပေါ့ စီနီယာ
ဘာသွားလုပ်မလို့လဲ”

“ပျောက်ဆုံးနေသူသွားမယ့်နောက်ဆုံးနေရာလို့
တို့သိထားရတယ်…အဲ့တော့သွားလေ့လာရမှာပေါ့…”

“ဟုတ်ကဲ့စီနီယာ”

ထိုသို့ဖြင့် သီရိတို့သည် အမှတ်၇ ရပ်ကွက်ဆီသို့ရောက်ရှိလာခဲ့ကြသည်။
ထိုရပ်ကွက်သည် မြို့ပြင်ဘက်ကျ၏။
လူနေအိမ်ခြေနည်းပါးပြီး စိုက်ပျိုးရေး ခြံများသာများပြားပေသည်။
ထိုမျှမက ကုမ္ပဏီပိုင် ကျွန်းစိုက်ခင်းများကလည်းရှိသေး၏။
ထိုသို့ရပ်ကွက်သို့ လွန်းနီနီတို့ရောက်ရှိလာခဲ့ကြသည်။
စည်းရိုးကာရံထားခြင်းမရှိအလေ့ကျပေါက်ပင်များဖြင့်
ရှုပ်ပွနေသော ခြံကျယ်တစ်ခုဆီသို့ သူတို့ဆိုင်ကယ်လေး ရပ်နားထားလိုက်၏။
လူသူအသွားအလာနည်းသော ထိုနေရာ၏ ပတ်ဝန်းကျင်ကိုတစ်ချက်လေ့လာသောအခါ မလှမ်းမကမ်း၌
ကွမ်းယာနှင့်မုန့်များရောင်းချသော
ဆိုင်ငယ်လေးတစ်ဆိုင်ရှိနေသည်ကို တွေ့ကြရလေသည်။
လွန်းနီနီသည် ထိုကွမ်းယာဆိုင်လေးဆီသို့ ထွက်လာခဲ့ရာ
သီရိသည်လည်း ဆိုင်ကယ်အားသော့ဖြုတ်ယူပြီး လွန်းနီနီနောက်မှလိုက်လာခဲ့လေသည်။
သီရိတို့ကွမ်းယာဆိုင်သို့ရောက်လေတော့ အသက်၃၀အရွယ် အမျိုးသမီးသည်သူမတို့အားထူးဆန်းစွာကြည့်၏။
ကြည့်ဆိုလျှင် ရဲယူနီဖောင်းများဝတ်ဆင်ထားသည့် သူမတို့အသွင်ကြောင့်ပင်ဖြစ်ပေသည်။
သူမတို့အားကြည့်နေသော ထိုအမျိုးသမီး၏အကြည့်အား လွန်းနီနီ အမှုမထားသလိုဖြင့်…

“ကော်ဖီရလား အစ်မ”

“သြော်…ဟုတ်ရပါတယ် ဘာသောက်မလဲ…စူပါ…
ပရင်းမီးယား၊king ရှိပါတယ်”

သူ့ဆိုင်၌ရရှိသော အသင့်ဖျော်ကော်ဖီထုပ်များအားပြောပြလေသည်။
ထိုအခါ…

“ပရင်းမီးယား ၂ခွက်လုပ်ပေးပါ အစ်မ…ကျွန်မတို့ဆိုင်ထိုင်သောက်လို့ရတယ်မလား”

“ရတယ်…ရတယ် ညီမ ထိုင်ပါ”

“ဟုတ်ကဲ့”

ဆိုင်ရှင်အမျိုးသမီးသည်
သူမတို့အတွက် စားပွဲခုံ၌နေရာချပေး၏။
ပြီးနောက် ကော်ဖီနှစ်ခွက်ဖျော်ပြီး လာချပေးလေသည်။
သူမလာချပေးသော ကော်ဖီခွက်အား လွန်းနီနီလှမ်းယူရင်း…

“ဒီနေရာကလူပြတ်တယ် အစ်မဆိုင်က
အရောင်းအဝယ်ရှိရဲ့လား”

ဟု…မေးသောအခါ

“ဒီက မြို့ပြင်ဘက်ကျတော့ ခရီးသွားသူတွေပဲဝယ်ကြတယ်လေ…အစ်မကလည်းကွမ်းယာအပြင်ဆိုင်ကယ်ဆီကိုပါ
ရောင်းတော့ မဆိုးပါ​ဘူးအဆင်ပြေပါရဲ့”

“အစ်မတစ်ယောက်ထဲလား…လူပြတ်တဲ့နေရာမှာ
နေရဲတယ်နော်”

“အစ်မတစ်ယောက်ထဲမဟုတ်ပါဘူး…အစ်မယောကျ်ားလည်း
ရှိတယ်…အခု အိမ်ပြန်ထမင်းချိုင့်သွားယူနေလေရဲ့လေ…
နောက်ပြီး ညီမလေးတို့ဆိုင်ကယ်ရပ်ခဲ့တဲ့နေရာက
အိမ်ကလည်း လူစောင့်ရှိတော့အဆင်ပြေတာပေါ့”

“သြော်…ဟိုအိမ်ကိုပြောတာလား အစ်မ…”

“ဟုတ်ပါ့…သူတို့ကမီးသွေးဖိုလေ…
မီးသွေးလုပ်ကြတာ…
သားအဖနှစ်ယောက်ထဲရှိကြတာညီမရဲ့”

လွန်းနီနီနှင့် ဆိုင်ရှင်အမျိုးသမီးတို့စကားပြောနေကြသည်ကို သီရိတစ်ယောက်ကော်ဖီသောက်ရင်းကြည့်နေခဲ့သည်။
သူတို့စကားရပ်သွားချိန်၌…

“အစ်မ…ဒီနေရာက သရဲခြောက်တယ်ဆို ဟုတ်လား”

“ဟင်…ညီမလေးကသိလို့လား”

“သိတယ်ဆိုတာထက်…မနေ့ညက ကျွန်မတို့စခန်းက ရဲဘော်နှစ်ယောက် သစ်စခန်းသွားပြီးအပြန် ဒီလမ်းမှာ
မဲမဲကောင်ကြီးကတားတယ်ဆိုပဲ…သူတို့လည်း ကြောက်ကြောက်နဲ့မောင်းပြေးတာ ဆိုင်ကယ်လည်းမှောက်
လူတွေလည်းဒူးပြဲနဖူးပြဲဖြစ်ကုန်ကြတယ်လေ”

“အို…သီရိကလည်း…ရဲဘော်တွေက
သောက်ထားသလားမှမသိတာကွာ”

“မဟုတ်ဘူးညီမလေး…အစ်မတို့လည်းသိတယ်…ဒီနေရာမှာ
အရင်ကအ​ခြောက်အလန့်လုံးဝမရှိဘူးကွဲ့….ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ညဘက်ဆို မဲမဲအကောင်ကြီးတစ်ကောင်က လမ်းသွားတွေကိုတားတားနေတယ်တဲ့…
လူကိုတော့ဘာမှမလုပ်ဘူးတဲ့ခဏကြာတော့
ပျောက်သွားတယ်ဆိုပဲ…
အမလေး….ပြောရင်းဒီမှာနေရတာကိုကြောက်လာပြီညီမရယ်”

ဆိုင်ရှင်အမျိုးသမီး၏စကားကြောင့်​ သီရိတစ်ယောက် လွန်းနီနီရှိရာသို့ ခုံအားတိုးကပ်ထိုင်လေသည်။
လွန်းနီနီသည် တစ်စုံတစ်ခုအား စဥ်းစားနေခဲ့၏။
ခဏကြာတော့ဆိုင်ရှင်၏ယောကျာ်း ဖြစ်သူရောက်ရှိလာခဲ့သည်။
ကော်ဖီလည်းသောက်လို့ပြီးကြပြီမို့ ကော်ဖီဖိုးရှင်းကာ လွန်းနီနီတို့ပြန်လာခဲ့ကြလေသည်။
ထိုနေရာမှပြန်လာသော်လည်း လွန်းနီနီ ပျောက်ဆုံးသူ ဦးတင်မောင်၏နေအိမ်ဆီသို့သွားကာ မေးမြန်းစရာများမေးမြန်းတော့လေသည်။
စစ်ဆေးမေးမြန်းပြီးသောအခါမှ စခန်းသို့ပြန်လာခဲ့ကြ၏။
စခန်းသို့ရောက်လေသော် သီရိအား…

“တို့တွေညဘက်ကျရင် သွားစရာရှိသေးတယ်သီရိ…
အဲ့တာကြောင့် ဆိုင်ကယ်ကိုစစ်ဆေးထားဦးနော်”

“ဟုတ်ကဲ့စီနီယာ…သီရိဆီဘာညာဖြည့်ထားပါတယ်”

“ဟုတ်ပြီ”

********************************

ညသည်တဖြေးဖြေးနက်လာခဲ့၏။
မြို့ပြငယ်၏မှုန်ပြပြအလင်းများကြား၌ ​သွားလာနေသော ကားများ၊ဆိုင်ကယ်များသည်လည်း တစတစနဲပါး၍လာခဲ့
လေသည်။
ထိုသို့အချိန်၌ ဘောင်းဘီမီးခိုရောင်နှင့် ဂျာကင်နက်တစ်ထည်အား ဝတ်ဆင်ထားသူသည် ဆိုင်ကယ်အားမောင်းနှင်၍လာခဲ့၏။
သူ၏နောက်ပါး၌လည်း လူတစ်ယောက်ပါရှိလေသည်။
ထိုသူတို့၏ဆိုင်ကယ်သည် သွားလာသူမရှိသော လမ်းမထက်၌
အပြေးနှင်နေခဲ့၏။
လိုရာခရီးကိုရောက်ဖို့ရန်အတွက် မောင်းနှင်လာခဲ့လေသည်။
ထိုသို့မောင်းနှင်ရင်း ဂျာကင်အနက်ဝတ်ဆင်ထားသူမှ သူ၏လက်၌ဝတ်ဆင်ထားသော နာရီမှအချိန်အားကြည့်လိုက်လေသည်။
နာရီ၏အနုမြူမြှားတန်းလေးများကြောင့် အမှောင်၌ပင်အချ်န်အား ကြည့်၍ရ၏။
အချိန်အားကြည့်အပြီး ဆိုင်ကယ်​လေးအားအရှိန်လျော့ကာရပ်တန့်လိုက်လေသည်။
ထိုသို့ရပ်လိုက်အပြီး၌…

“သီရိ…တို့သွားမယ့်နေရာကိုမင်းသိပါတယ်နော်”

“ဟုတ်ကဲ…သီရိသိပါတယ်စီနီယာ…”

“အွန်း…ဒါဆို မင်းမကြောက်နဲ့နော်…တို့ကိုယုံတယ်မလား”

“သီရိကြောက်တော့ကြောက်ပေမယ့် စီနီယာပါတော့
သီရိလိုက်ရဲပါတယ်”

“ဟုတ်ပြီ…ဒါဆို တို့ကိုယုံထား”

သီရိကိုပြောအပြီးနောက် ဆိုင်ကယ်အား မောင်းနှင်လာခဲ့တော့သည်။

သူမတို့သည် သရဲခြောက်ပါသည်ဆိုသောထိုနေရာသို့သွားကြခြင်းဖြစ်သည်။
အမှုအတွက်လေ လား တစ်စုံတစ်ခုကြောင့်လေ လားဆိုတာ သူမတို့သာ သိပေလိမ့်မည်။

တိတ်ဆိတ်နေသော လမ်းမသည် မှောင်မိုက်ခြင်းနှင့်အတူရှိ၏။
ဆိုင်ကယ်မီးရောင်ကြောင့်သာမြင်ရသော လမ်းမဘေးရှိ သစ်ပင်ကြီးငယ်တို့သည် မကောင်းဆိုးဝါးကြီးများသဖွယ် မားမားမတ်မတ်ရှိနေခဲ့ကြသည်။
အသည်းငယ်သူတို့အဖို့ သွားလာဖို့အလွန်ဝံလေးစရာပင်။
ထိုထဲမှသရဲအလွန်ကြောက်သော သီရိသည် လွန်းနီနီ၏
ဂျာကင်စအား စုပ်ကိုင်၍လွန်းနီနီနောက်မှလိုက်လာခဲ့ရ၏။

မျက်နှာထားငယ်ငယ် မျက်လုံးအားစုံမှိတ်ထားချင်ပါသော်လည်း သီရိ မမှိတ်ဝံ့။
စီနီယာဖြစ်သူကိုလည်း စိုးရိမ်၏။
ခဏအကြာ သူမတို့သွားလိုသောနေရာသို့ရောက်လာခဲ့လေပြီ။
ဆိုင်ကယ်အရှိန်လေးလျော့ကာ မောင်းနှင်လာခဲ့ချိန် ထိုနေရာသို့အရောက် ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသော အရာအားသီရိမြင်လိုက်သောအခါ…

“အမလေး….သရဲ………….”

“ဟင်…”

“ဒုန်း…”

“ခွမ်း…”

“အ….”

ကြောက်လန့်တကြားအော်ကာ လွန်းနီနီအား ဆွဲကာဖက်လေသော သီရိကြောင့် ဆိုင်ကယ်အရှိန်လျော့ထားပါသော်လည်း
မရခဲ့။
နှစ်ဦးသားဆိုင်ကယ်နှင့်အတူ လမ်းမထက်သို့
လဲကျကုန်လေသည်။
ကတ္တရာ လမ်းနှင့်မိတ်ဆက်သွားရသောသူမတို့နှစ်ဦးစလုံး၌
အပွန်းအပဲ့ဒဏ်ရာများရကုန်လေသည်။
ဆိုင်ကယ်သည်လည်း မီးလုံးများ ကွဲ၍သွားခဲ့ရသည်။

“သီရိ…အဆင်ပြေလား…”

“အင်း…လက်နည်းနည်းနာတယ်…အ”

လမ်းမနှင့် လက်မောင်းရိုးရိုက်မိသည်မို့သီရိနာကျဥ်သွားရှာသည်။
လွန်းနီနီ သီရိအား မကာထူပေးရ၏။
ထိုသို့ထူပေးရင်း…

“သီရိ…မင်းဘာတွေ့လိုက်တာလဲ”

ဟု…မေးသောအခါ…သီရိဘေးဘီကို ကြောက်လန့်တကြားပြန်ကြည့်၏။

“ဟို…ဟို….မည်းမည်းလူကြီးတစ်ယောက်…အဲ့…တစ်ယောက်…ဆိုင်…ဆိုင်ကယ်ကို လက်တန်းတားနေတာ စီနီယာ”

“ဟင်…”

သီရိမြင်သောအရာအား သူမ မမြင်လိုက်ရပေ။

“ကဲပါ.. တို့တွေဒီနေ့တော့ ဒီအိမ်ကိုစောင့်ကြည့်ဖို့မရတော့ဘူး
တို့တွေလည်းစုတ်ပျက်ကုန်ပြီ”

ခပ်လှမ်းလှမ်းမှမီးသွေးဖိုလုပ်သော အိမ်အား
ကြည့်ကာလွန်းနီနီပြောလိုက်လေသည်။
အမှန်မှာ သူမတို့သိရှိထားခဲ့သမျှသည်ပျောက်ဆုံးနေသော
ဦးတင်မောင်သည် ထိုအိမ်သို့ အကြွေးတောင်းသွားရာမှပျောက်ဆုံးသွားခြင်းဖြစ်၏။
တိကျသော သက်သေမရှိခြင်းကြောင့် သူမတို့စုံစမ်းရန်သာတတ်နိုင်ခဲ့သည်။

လွန်းနီနီစဥ်းစားနေစဥ်မှာပင် သီရိက…

“စီနီယာ…ပုံမှာပါတဲ့ ဦးတင်မောင်က အရပ်ငါးပေသာသာ
မျက်နှာဝိုင်းဝိုင်းမဟုတ်လား”

“အင်း…ဟုတ်တယ်လေ….”

“ဟင်…ဒါဆို…အစောက မည်းမည်းကြီးကလည်း
အဲ့လိုကြီးပဲ…ဒါဆို
သီရိမြင်လိုက်တာဦးတင်မောင်များလား”

“ဟင်…”

“ဦးတင်မောင်သေများသွားပြီလားစီနီယာ…သူ…
သူ့ကိုသတ်လိုက်ကြတာများလား”

“အင်း…တို့ဘယ်လိုပြောရမလဲ”

“အာ…စီနီယာကလည်း ဒီလောက်သေချာနေတာကို။
ဒီနေရာမှာခြောက်တာကလည်းမကြာသေးဘူး။
ဦးတင်မောင်ပျောက်တာကလည်း
ဆယ်ရက်သာသာပဲရှိသေးတာလေ…
ကြည့်ရတာ သူ့ဝိညာဥ်ကအကူအညီတောင်းနေတာထင်တယ်”

“အဲ့လိုဆိုကြပါစို့…တို့မှာအထင်ပဲရှိတာလေ…
သူတို့ကိုဖမ်းဖို့စစ်ဖို့ကျ တိကျတဲ့ သက်သေလိုတယ်…
ဒါမှ စခန်းကနေဖမ်းဝရမ်းယူလို့ရမှာပေါ့”

“ဟာ…စီနီယာကလည်း သီရိခန့်မှန်းချက်မလွဲစေရဘူး..
စီနီယာရယ် ဝရမ်းတစ်ခုရဖို့လွယ်ပါတယ်…
သူတို့တွေကိုသေချာခွဲပြီး စစ်ရင်မပေါ်စရာမရှိဘူးရယ်”

သီရိက သူ၏ခန့်မှန်းချက်အား ယုံကြည်စွာပြောနေလေပြီ။
ဒါဆိုသူမကရော မည်သို့ဆုံးဖြတ်ရမလဲ။
သေချာသည်က သက်သေမရှိ၍သာ
သူမတို့ငြိမ်နေခဲ့ကြရသည်မလား….။
ဒါဆို သူမဆုံးဖြတ်ချက်ချရတော့ပေမည်။

လွန်းနီနီ ဆုံးဖြတ်ချက်တစ်ခုချကာ စခန်းမှူးထံသို့ဖုန်းဆက်​တော့၏။
စခန်းမှူးနှင့်ညှိနှိုင်းပြီးနောက် ထိုသားအဖအား
ဖမ်းဖို့ရန်အတွက် ရဲဘော်များလည်းရောက်လာခဲ့လေသည်။
သားအဖနှစ်ယောက်လုံးအတင်းငြင်းဆန်ကြ၏။
နောက်ဆုံးသားအဖနှစ်ယောက်ကို အခန်းခွဲ၍စစ်ဆေးလေမှ အမှုမှန်ပေါ်လာခဲ့လေသည်။
ထိုသည်က သားဖြစ်သူလက်၌ဝတ်ဆင်ထားသော
ဦးတင်မောင်၏ရွှေရောင်နာရီကြောင့်ပင်ဖြစ်သည်။
ထိုနာရီအား သက်သေအနေဖြင့်သိမ်းဆည်းရ၏။
ပြီးနောက် ဦးတင်မောင်၏ဖြစ်စဥ်ကိုဝန်ခံကြလေသည်။

ဖြစ်စဥ်မှာကား…
ညနေခင်း၌ အကြွေးတောင်းလာသောဦးတင်မောင်နှင့် စကားများကြရာမှ လက်လွန်ကာသတ်မိသွားကြသည်။
သေဆုံးသော ဦးတင်မောင်၏အလောင်းအား
မီးသွေးဖိုထဲထည့်၍ လက်စဖျောက်လိုက်ကြကြောင်းကိုလည်း
ဝန်ခံသွားကြ၏။

အမှုမှန်ပေါ်လေသောအခါ လွန်းနီနီနှင့်သီရိတို့သည်
ဦးတင်မောင်၏မိသားစုအား ဦးတင်မောင်၏အဖြစ်အပျက်ကိုပြောပြကြလေသည်။

မတရားသဖြင့်သေဆုံးခဲ့ရပြီး လမ်းမှလူများအား
အကူညီတောင်းနေသော ဦးတင်မောင်၏အဖြစ်အားကြားသိကာ ဝမ်းနည်းငိုကြွေးကြရှာသည်။
ထိုနောက်ဦးတင်မောင်မိသားစုသည် ဦးတင်မောင်အတွက်
သူခြောက်လန့်နေသောနေရာဆီသို့သွားကာအမျှအတန်းပေးဝေကြလေသည်။

မီးသွေးဖိုမှသားအဖသည်လည်း သက်ဆိုင်ရာထောင်ဒဏ်များကျသင့်သွားတော့၏။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)