ဆရာလိမ်

ပွဲ၃ညကဖို့ရန် မြို့မှ နာမည်ကြီး ဇာတ်အဖွဲ့အားငှားရမ်းထားကြလေသည်။
ထိုဇာတ်အဖွဲ့သည်ယခုညမှ စတင်ကာ
ကပြဖျော်ဖြေပေးကြမည်ဖြစ်၏။

ပွဲခင်း၌လူများပြည့်နေသကဲ့သို့ စကားသံများကလည်းဆူညံလို့နေလေသည်။
ဘွားမယ်စိန်တို့အိမ်၌ မောင်တိုးနှင့်ဘွားမယ်စိန်တို့စကားပြောနေကြ၏။

“ကျုပ်ဖြင့် အဲ့တုန်းက တကယ်ဘာမှကိုမသိတာဘွားရဲ့”

မောင်တိုးသည် သရဲငမိုးကြီးပူးကပ်စဥ်က သူ့အ​ကြောင်းအားပြောပြလေရာ…

“ဒါပေါ့ သရဲပူးတဲ့အချိန်မှာ ကိုယ့်လိပ်ပြာကခဏခွာသွားခဲ့​တော့ မောင်ရင့်ရဲ့အဖြစ်အပျက်ကို မသိရဘူးလေ”

“သြော်…အဲ့သလိုလားဗျ”

ဘွားမယ်စိန်အား မောင်တိုးကသိလိုသမျှမေးမြန်းနေ၏။
ရွာထဲ၌လည်း ဇာတ်ပွဲကကောင်းနေလေပြီ။

“ဘွား…ကျုပ်ဖြင့် ဘွားနဲ့ပရောဂကုလိုက်တိုင်း အရမ်းစိတ်ဝင်စားတာပဲဗျ…”

“မောင်ရင်စိတ်ဝင်စားရင်ဖြင့် နောက်လည်းခေါ်မှာပေါ့ကွယ်”

“အဟား…ဒါဆိုကျုပ်ကတော့ ပျော်ပြီးရင်းပျော်ပေါ့ဗျာ…”

အချိန်သည် ည ကိုးချက်တီးမျှရောက်ရှိနေလေပြီ။
မောင်တိုးတစ်ယောက် ဘွားမယ်စိန်အိမ်မှ ပြန်သွားတော့၏။
ဘွားမယ်စိန်သည်လည်းမောင်တိုးပြန်သောအခါမှ
အိမ်တံခါးပိတ်ကာ ဘုရားဝတ်ပြု
ဖို့ရန်ပြင်ဆင်ရတော့လေသည်။

**************************

နောက်တစ်နေ့နံနက်စောစော၌ ဒေါ်ဝင်းနှင့်
နန်းကြိုင်တို့ပြန်ရောက်လာကြသည်။
သူတို့အိမ်သို့ရောက်တော့
ဘွားမယ်စိန်ကခြံထဲ၌လမ်းလျှောက်နေလေပြီ။
ထိုအခါဒေါ်ဝင်းတစ်ယောက်ဘွားမယ်စိန်
မနက်စာစားဖို့ရန် ပဲပြုတ်နှင့်
ထမင်းကြမ်းခဲအား ဆီဆားနယ်ကာပြင်ဆင်ပေးရ၏။
ဒေါ်ဝင်းပြင်ဆင်ပေးသော ပဲပြုတ်ထမင်းဆီဆမ်းအား ဘွားမယ်စိန်သည် ရေနွေးကြမ်းသောက်ရင်းဖြင့်
တမြေ့မြေ့စားလေသည်။

တစ်နေ့တာလုံးခြံဝိုင်းထဲ၌ အချိန်ကုန်နေရင်း ညနေပိုင်းရောက်သောအခါသူကြီးဦးနောင်ချိုနှင့် ဦးဘစီတို့
ရောက်ရှိလာခဲ့ကြ၏။

” မောင်နောင်ချိုတို့ပါလားကွဲ့… လာကြ ထိုင်ကြ”

“ဟုတ်ကဲ့ဘွား…ထမင်းစားပြီးပြီလားဗျ”

“တော်နေမှစားမလို့ကွယ်…သမီးရေ…
အကြမ်းအိုးလေးထပ်ဖြည့်ပေးပါဦး”

“ဟုတ်ကဲ့အမေ…ကျုပ်လာပြီ”

ဘွားမယ်စိန်အသံကြောင့်ဒေါ်ဝင်းညစာချက်​ပြုတ်နေသော
မီးဖိုဆောင်မှထွက်လာခဲ့လေသည်။
ဒေါ်ဝင်းကိုမြင်သောအခါဦးဘစီက…

“အစ်မဝင်းတို့ ဒီညဇာတ်ပွဲမသွားတော့ဘူးလားဗျ”

“မသွားတော့ဘူး ကိုဘစီရေ…မနေ့ညကတင် စိတ်ကုန်ပါရဲ့…ဇာတ်မင်းသားကအကမကောင်းဘူးတော်ရဲ့”

“အို…ဟုတ်သလားဗျ…”

“ဟုတ်ပါ့ တော်ရေ…က က မကတတ်အသံကဆိုးနဲ့
ကျုပ်​တော့မကြည့်ချင်ပေါင်တော်”

ဒေါ်ဝင်းစကားကြောင့် သူကြီးဦးနောင်ချိုနှင့်ဦးဘစီတို့ရယ်မောနေကြလေသည်။
ဒေါ်ဝင်းကတော့ အကြမ်းရည်အိုးအား
မီးဖိုချောင်သို့ယူဆောင်သွားတော့၏။

“ကဲ…မောင်ဘစီ ဘွားဆီကို
ဘာအကြောင်းများရှိလို့
လာကြတာတုန်း…”

“ဘွားက ကျုပ်တို့လာရင် အကြောင်းရှိလို့ဆိုတာ
သိနေတာကိုးဗျ”

“သိတာပေါ့ကွယ်…ဘွားသိတာပေါ့”

“ဟုတ်တယ် ဗျ…အကြောင်းရှိလိုပါပဲ…အကြောင်းရှိတာက ကျုပ်တို့ရွာကတော့မဟုတ်ဘူးဘွားရဲ့…
မင်းကင်းရွာမှာဖြစ်တာပါ”

“မင်းကင်းရွာ…”

“ဟုတ်တယ်လေဘွား…ကျုပ်သူငယ်ချင်း
သူကြီးစံဝိုင်းတို့ရွာပေါ့”

“သြော်…အေး…အဲ့ရွာက ဘာဖြစ်လို့တုန်းမောင်နောင်ချိုရဲ့”

(မင်းကင်းရွာဆိုတာ ဘွားမယ်စိန်နဲ့တရွာသူသရဲမ
စာမူမှာပါရှိပါတယ်)

ဘွားမယ်စိန်၏အမေးအား သူကြီးဦးနောင်ချိုက…

“အဲ့ရွာမှာ အထက်လမ်းဆရာတစ်ယောက်ရောက်နေတယ်ဆိုပဲဗျ…သူကပြုစားခံထားရတဲ့သူတွေကိုကုသပေးတယ်တဲဲ့…”

“ပြုစားခံရသူကုသပေးတယ်ဆိုတော့…ဘယ်လိုများလဲကွဲ့”

“ဒီလိုဘွားရဲ့ ပြုစားခံထားရတဲ့မိန်းကလေးတွေကိုသူကုသပေးလိုက်ရင် အားလုံးက သွေးခဲတွေအသားစတွေ
အန်ချတယ်ဆိုပဲ…အဲ့လိုသူကုသပေးပြီးရင် အားလုံးပျောက်ကင်းသွားကြတယ်တဲ့…အဲ့ဆရာကနာမည်တော်တော်ကြီးတယ်ဗျ…အခုဆို ကျုပ်တို့ရွာတွေထိပါခြေဆန့်ချင်နေတာ…ကျုပ်တို့ဘက်မှာဘွားရှိလို့ သူမဝင်သာဘူးလေ”

“အင်း…မောင်ရင်တို့ဆရာကဟုတ်ကောဟုတ်သလား…
မောင်ရင်ပြောသလိုဆိုရင် ပြုစားခံရသူအတော်ပေါနေသလိုပဲ”

“ဟုတ်တယ်ဗျ…ကျုပ်တို့လည်း အဲ့တာကိုပဲဘဝင်မကျတာ…
သူရောက်လာမှ ပြုစားခံရသူကများနေသလိုပဲလေ”

“အခု…မောင်ရင်တို့ကဘာများလုပ်ချင်လို့တုန်းကွဲ့”

“ကျုပ်တို့ကတော့ဗျာ ဘွားက်ိုခေါ်ပြီးအဲ့ဆရာကို သွားလေ့လာကြည့်ချင်တယ်…”

“လေ့လာကြည့်မယ်ဆိုလည်းရပါတယ်…
ဘွားလိုက်ခဲ့မှာပေါ့ကွယ်”

သူကြီးဦးနောင်ချိုစကားအားဘွားမယ်စိန်
လက်ခံလိုက်လေသည်။
နောက်တစ်ရက်မှာ​တော့ မောင်တိုး၊မောင်အုန်း၊ဦးဘစီ၊သူကြီးဦးနောင်ချိုနှင့် ဘွားမယ်စိန်တို့သည် လှည်းတစ်စီးဖြင့်
မင်းကင်းရွာဆီသို့ ထွက်လာခဲ့ကြတော့၏။

မင်းကင်းရွာဆီသို့ရောက်တော့ သူကြီးဦးစံဝိုင်း၏အိမ်၌သာ
နားကြလေသည်။
ဘွားမယ်စိန်တို့လာရောက်သောအကြောင်းအားလည်း
သူကြီးဦးစံဝိုင်းကသိ၏။
သောင်ထွန်းရွာသူကြီးဦးနောင်ချိုကလည်း
သူတို့လာရောက်သည့်အကြောင်းအား
မည်သူတစ်ဦးတစ်ယောက်ကိုမှမပြောခိုင်းပေ။
ပရောဂကုသပေးသော ထိုဆရာ၏ ကုသပေးရာနေရာဆီသို့
ဘွားမယ်စိန်တို့အား သူကြီးဦးစံဝိုင်းက
ခေါ်ဆောင်သွားပေးသည်။

အထက်လမ်းဆရာအမည်က သူကြီးဦးစံဝိုင်းပြောပြ၍
ဆရာသီဟဟုသိခဲ့ကွ၏။
ဆရာသီဟ တည်းခိုသည်က မင်းကင်းရွာ၏
သူဌေးတစ်ဦးအိမ်၌ဖြစ်ပေသည်။
ဆရာသီဟက
သူဌေးအိမ်၏အောက်ထပ်၌ ပရောဂကုသပေးလေသည်။
ဘွားမယ်စိန်တို့ရောက်ချိန်၌
ကုသပေးဖို့ရန်လူများစောင့်ဆိုင်းနေကြသည်။
လာရောက်ကြသူများသည်လည်းအတော်များ၏။
လူအုပ်၏နောက်ပါး၌သာဘွားမယ်စိန်ထိုင်နေခဲ့သည်။
ပြီးနောက် ဆရာသီဟလုပ်ကိုင်သည်များကိုအကဲခတ်၏။

“ငါဆရာအမိန့်…ဒီကလေးမကိုပြုစားထားတဲ့အရာတွေ
အခုချက်ချင်းဖယ်ရှားပေးစမ်း…ရော့သမီး…
ဆရာရဲ့နတ်ဖော်ဆေးကိုသောက်…
ချက်ခြင်း မကောင်းတာတွေသွေဖယ်လိမ့်မယ်…”

ဟုဆိုကာ ဆေးလုံးလေးတစ်လုံးတိုက်လေသည်။
ထိုဆေးအားကုသသူမိန်းကလေးသောက်ပြီးချိန်၌ ထပ်မံ၍…

“ရော့…ဒီဆေးက ငါ့သမီးရဲ့ခန္ဓာကိုကာကွယ်ပေးမယ့်ဆေး…
ဒါသောက်ရင် ပြုစားသူဆီကဘာဒဏ်ရာမှငါ့သမီးမှာ
မကျန်စေရဘူး”

နောက်ထပ် ဆေးလုံးတစ်လုံးအားတိုက်ပြန်သည်။
ထိုဆေးလုံးသောက်ပြီး ခဏကြာတော့
မိန်းကလေးသည် ရင်ထဲမှပျို့ပျို့တက်ကာ အန်ချတော့၏။
ထိုအန်ချသည်ကလည်း ဆရာသီဟ ချပေးထားသော
လင်ဗန်းချပ်ထဲ၌ဖြစ်ပေသည်။

“ဟာ…သွေးခဲတွေ…အသားဖက်တွေ…”

“ဟာ…ဆရာဆေးကြောင့် ချက်ချင်းအန်ချတာပဲ…
စွမ်းလိုက်တာကွာ”

“ဟုတ်ပါ့…ကြည့်စမ်းပါဦး ဆရာစွမ်းတော့
ပရောဂမနေနိုင်ဖြစ်တာ”

ဘေးရှိသူများက ဆရာသီဟအား ချီးကျုးကြလေသည်။
ကုသခံသူမိန်းကလေး၏မိဘများကလည်း
ဝမ်းသာအားရဖြင့် ဆရာသီဟအား ငွေအသပြာများ လှူကြတော့သည်။
နောက်ထပ် ပရောဂကုသသူများအားလည်း ထိုနည်းအတိုင်းသာကူသပေး၏ါ
ငွေသားများ သည်လည်း ဆရာသီဟ၏ ရှေ့၌ များပြားစွာရှိလေသည်။
လူရှင်းစချိန်၌ ဘွားမယ်စိန်သည် သူ၏တောင်ဝှေးကိုအားပြု၍ ဆရာသီဟ၏ရှေ့မှောက်သို့သွားလေသည်။
ဆရာသီဟက ဘွားမယ်စိန်အားတစ်ချက်ကြည့်၏။
ပြီးလေတော့…

“ပရောဂစစ်မှာလား”

ဆရာသီဟ၏အမေးအား ဘွားမယ်စိန်က…

“ဟုတ်ပါတယ်ဆရာ…ဘွား ရင်ထဲမှာမချိမဆန့်နဲ့ဖြစ်နေရတယ်…အန်ချင်တာလိုလို ငိုချင်တာလိုလို
ရယ်ချင်တာလိုလိုပေါ့”

“ဟုတ်ပြီ…ဒီဆေးလေးသောက်လိုက်အားလုံး
ပျောက်ကင်းစေရမယ်ဗျာ”

ဆရာသီဟပေးသော ဆေးလုံးအား ဘွားမယ်စိန်သောက်ဟန်ဆောင်လိုက်၏။
ဆရာသီဟကတော့ မသိချေ။
နောက်ထပ် ဆေးတစ်လုံးအားလည်း ထိုနည်းအတိုင်းပေးလေရာ ဘွားမယ်စိန် သောက်ချင်ဟန်ဆောင်လိုက်ပြန်သည်။
အတော်ကြာသည်အထိဘွားမယ်စိန်မအန်ချ၍ ဆရာသီဟ
အံ့သြ လာ၏။
ထိုအခါ ဘွားမယ်စိန်က…

“ဆရာဆေးကအစွမ်းများနည်းသွားတာလား…
ကျွန်မဘာမှကိုမဖြစ်တာပါဆရာ”

“အို…မဟုတ်တာဗျာ…ကျုပ်ဆေးကဒီလောက်စွမ်းတာကို…”

“ဒါဆိုဆရာသောက်ပြပေးပါလားဆရာ”

“ဘာဗျ…ကျုပ်ကဘာလို့သောက်ရမှာလဲ”

“ဒါဆို ဆရာဆေးမစွမ်းတာကို ဆရာယုံတယ်ပေါ့”

“ဘာ…….”

ဘေးရှိလူများကလည်း ဝိုင်းအုံကြည့်နေကြလေပြီ။
ဆရာသီဟနှင့်ဘွားမယ်စိန်တို့အငြင်းပွားနေကြသည်ကိုစိတ်ဝင်စားနေကြ၏။

“ဆရာဆေးကပြုစားခံရသူသောက်ရင်
ပြုစားသမျှပျောက်ကင်းတယ်…
လူသာမာန်သောက်ရင်ကော ဘာဖြစ်သလဲဆရာ”

“ကျုပ်က…ကျုပ်က ပြုစားခံရတာသေချာမှတိုက်တာဗျ”

“ဒါဆို ဘွားပြုစားခံရတာမှန်နေတာကို ဆရာဆေးက
အစွမ်းမပြပါလားဆရာ”

“ဒါတော့…ဒါတော့ ကျုပ်မသိဘူး”

အ​ခြေအနေမဟန်မှန်းသိ၍ ဆရာသီဟ ထပြေးဖို့ပြင်ဆင်တော့သည်။
ဒါကိုအသင့်စောင့်နေကြသော
ရွာသူကြီးဦးစံဝိုင်းနှင့်ရွာသားများက ဝိုင်းဝန်းဖမ်းဆီးထားကြသည်။

“ကဲ…ဟောသည်က ဘွားကိုအားလုံးသိပြီးကြမှာပေါ့…
သောင်ထွန်းရွာမှာနေပြီး လူတွေကိုစေတနာထားပြီးကုသပေးနေတဲ့သူဆိုတာ…အေး…အခုကိစ္စမှာလည်း
ဘွားကိုယ်တိုင်လာခဲ့တာဆိုတော့ ထူးခြားတာရှိမှာပဲ…
ဒီတော့အားလုံးငြိမ်သက်ပေးကြပါ”

ဟု…သူကြီးဦးစံဝိုင်းကပြောသောအခါ ဘေးရှိလူများ
ငြိမ်သက်သွားကြတော့သည်။
ဘွားမယ်စိန်သည် သူ၏လက်အတွင်းရှိဆေးလုံးနှစ်လုံးအား
ကြည်ရှုကာ အနံ့အားနမ်းကြည့်လေသည်။
ပြီးနောက်…

“ဒီဆေးလုံးတွေကိုသူ့ကိုတိုက်ကြည့်လိုက်…
ဒါဆိုအ​ဖြေမှန်သိလိမ့်မယ်”

မောင်တိုးသည် ဘွားမယ်စိန်လက်အတွင်းမှယူဆောင်လိုက်ပြီး
ဖမ်းဆီးထားသော ဆရာသီဟ၏ပါးစပ်အတွင်းသို့ဆေးလုံးများထိုးထည့်တော့၏။
ဆရာသီဟကလည်းရုန်းကန်လေသည်။သူ၏
ပါးစပ်အား
တင်းရင်းစွာစိထားသောအခါ မောင်တိုးကလည်း မရမက
ထည့်ပေးလေသည်။
နောက်ဆုံးဆရာသီဟ၏ပါးစပ်အတွင်းသို့ဆေးများရောက်ရှိသွားတော့၏။
ထိုဆေးများပါးစပ်ထဲရောက်သည်နှင့် မောင်အုန်းက ရေများလောင်းချပေးလိုက်ပြီး
ဆရာသီဟ၏ဝမ်းဗိုက်ထဲသို့ဆေးများရောက်ရှိသွားတော့သည်။
ထိုသို့ဆေးများသောက်ပြီး ခဏကြတော့….

“အွတ်…အွတ်…..အဟွတ်…….”

“ဝေါ့……”

ဆရာသီဟသည် သွေးခဲများ…အား
အန်ချတော့လေသည်။

“ဟာ…အန်ပြန်သဟ”

“ဟင်…ဆရာဆိုပြီးသူလည်းအန်တယ်”

အားလုံးက အံ့သြနေကြသည်။
ဆရာသီဟသည်လည်း ခေါင်းပင်မမော့နိုင်တော့ ခေါင်းငိုက်စိုက်သာနေလေ၏။
ထိုအခါဘွားမယ်စိန်က…

“ဒါက ဆေးမဟုတ်ဘူး…ပြောရရင်သူ​ပြောသလိုနတ်ဆေးမဟုတ်ဘူး…တကယ်တော့ ဒါက
မြင်းအသဲကိုသံပုရာရည်နဲ့စိမ်
အလိပ်သေးသေးလေးတွေဖြစ်အောင်လိပ်ပြီး
နေပူပူမှာအခြောက်လှမ်းထားတာပဲကွယ်…အဲ့လိုလုပ်ပြီးသွေးဆေးနဲ့လုံးလိုက်တော့ဆေးဖြစ်သွားတာပေါ့…
အဲ့ဆေးကို လူတစ်ယောက်ကရေနဲ့မြောသောက်လိုက်ရင်
ခန္ဓာကိုယ် ထဲရောက်တော့
သူ့မူလအတိုင်းအကြီးကြီးတွေပြန်ဖြစ်ရောလေ
မောင်ရင်တ်ို့တွေဒီဆေးသောက်လိုက်ပြီးရင် နောက်ထပ်သောက်ရတာက.အန်ဆေး…အဲ့အန်ဆေးကြောင့် ဝမ်းထဲမှာကြီးထွားနေတဲ့အရာတွေကအခုလိုအပြင်ကိုပြန်ထွက်လာတော့တာပဲကွယ်”

“ဟာ…ဒါဆိုအလိမ်ကြီးပေါ့”

“ဟဲ့..ဟိုမှာဘွားပြောနေပြီလေ”

“တို့ငွေတွေကိုလိမ်ယူတဲ့ကောင် အ​သေသတ်ကွာ”

“ဟုတ်တယ်…တို့ငွေတွေကိုလိမ်တဲ့ဆရာလိမ်…ဝိုင်းရိုက်ကြ”

“တော်ကြစမ်း…ဒီကိစ္စအားလုံးအမှားပဲ အယုံကြည်လွန်
ကြတော့အခုဖြစ်ပြီး…မင်းတို့….မင်းတို့…ပိုက်ဆံတွေအကုန်ဝေစုပြန်ခွဲပေးမယ်…ဒီဆရာကိုတော့ ထိပ်တုံးခတ်ထား
မနက်ဖြန်ကျရင်မြို့ဂတ်ကို ငါကိုယ်တိုင်သွားပို့မယ်”

“ဟုတ်ကဲ့သူကြီး”

သူကြီးဦးစံဝိုင်းက သူ့ရွာသားများအားထိန်း၏။
ဆရာလိမ်သည်လည်း ဘွားမယ်စိန်ပြောသမျှမှန်နေသည်
ကြောင့် မည်သည့်စကားမှမပြောနိုင်တော့ဘဲ ရွာသားများခေါ်ဆောင်ရာ လိုက်ပါသွားတော့လေသည်။

ကျန်နေခဲ့သောဘွားမယ်စိန်တို့အား အိမ်ပိုင်ရှင်သူဌေးက ဧည့်ခံလေ၏။

ထိုသို့ဖြင့် ဘွားမယ်စိန်သည်
မင်းကင်းရွာအတွက်ဆရာလိမ်အား
ဖယ်ရှားပေးခဲ့ရ၏။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)