ရှေ့ဆက်ပြီး သိပ်မခက်ခဲတော့ပါဘူးကွာ”
“ဒါပေမယ့် ဦးလူနီမရှိတော့ ကျုပ်ဘယ်လိုလုပ်ရမလဲဗျာ၊ အရင်က ကျုပ်ယုံကြည်ခဲ့တဲ့ ဦးဖိုးထူးဆိုတဲ့လူက အခုတော့ ကျုပ်နောက်ကျောကို ဓါးနဲ့ထိုးတဲ့လူတစ်ယောက်ဖြစ်နေပြီမဟုတ်လား၊ ဦးလူနီမရှိတော့ရင် ကျုပ်ကိုဘယ်သူကများ သွန်သင်ဆုံးမနိုင်အုံးမလဲဗျာ”
ဦးလူနီက ပြုံးရင်း
“ရေငုံရသေ့ကြီးပြောခဲ့တဲ့ တတိယမြောက်အတားအဆီးဆိုတာကို မင်းမှတ်မိသေးလား မောင်ရှိန်”
“မှတ်မိတာပေါ့ဗျာ၊ တတိယမြောက်အတားအဆီးက မိတ်ဆွေဆိုတာပဲ”
“မှန်တယ်မောင်ရှိန်၊ မင်းက မိတ်ဆွေတွေထားလို့ရပေမယ့် အဲဒီမိတ်ဆွေတွေအပေါ်မှာ သိပ်ပြီးမမှီခိုသင့်ဘူး၊ သိပ်ပြီးတော့ မတွယ်တာသင့်ဘူး၊ အခုမင်းဒီလိုဖြစ်ရတာလည်း ဘာကြောင့်လဲဆိုတာ မင်းသိမှာပါ”
ကျုပ်လည်း ခေါင်းညိတ်လိုက်ပြီး
“ကျုပ်တွယ်တာတာ မဟုတ်ပါဘူးဗျာ၊ ကျုပ်က ဦးဖိုးထူးလမ်းမှာရောက်သွားမှာကိုစိုးလို့ပါ၊ ဒါကြောင့် သူ့အနားမှာနေပြီးတော့ သူ့ကိုရသလောက် ပြန်ဆွဲကြည့်မယ်ဆိုပြီး စိတ်ကူးမိလို့ပါ”
“အဲဒါမှားတာပေါ့မောင်ရှိန်ရာ၊ ငါပြောမယ် လူဆိုတာ တစ်ယောက်နဲ့တစ်ယောက်မတူဘူးကွ၊ လူတိုင်းဟာ ကိုယ်မှန်တယ်ထင်တာ ကိုယ်လုပ်နေကြတာပဲ၊ ဒါကိုမင်းက ဒီဟာက အမှန်၊ ဒီဟာက အမှားဆိုပြီးသွားခွဲခြားပြလို့မရဘူး၊ လောကမှာ အမှန်ဆုံးအရာဆိုတာ သစ္စာလေးပါးပဲရှိတာကွ၊ ကျန်တဲ့အရာတွေက သမုတိသစ္စာတွေပဲ၊ တစ်ချိန်မှာ မှန်နေပေမယ့် တစ်ချိန်ကျရင် မှားသွားနိုင်တဲ့အရာပဲ၊ မင်း ဦးဖိုးထူးကို ကူညီမယ်၊ ကောင်းတဲ့လမ်းအပေါ် ဆွဲတင်ပေးမယ်ဆိုတာကလည်း မင်းကသူ့ကိုတွယ်တာမိနေတာပဲ”
“ကျုပ်မငြင်းပါဘူး ဦးလူနီရာ”
“ဒီမှာမောင်ရှိန်၊ မင်းကို အထက်ဝိဇ္ဇာတွေက ကယ်မနေကြတယ်ကွ၊ ရေငုံရသေ့ကြီးဆိုတာ ဝိဇ္ဇာတွေထဲမှာ တော်တော်ခရီးပေါက်အောင်မြင်နေတဲ့ ရသေ့ကြီးပဲ၊ တော်ရုံတန်ရုံ ဝိဇ္ဇာချင်းတောင်မှ သူ့ကိုဖူးတွေ့ဖို့မလွယ်ဘူးကွ၊ မင်းနဲ့တွေ့တယ်ဆိုတာ မင်းကိုသူစောင့်ရှောက်တယ်ဆိုတာပဲ”
“ဒါဆို ဒီရသေ့ကြီးက တော်တော်စွမ်းတာပေါ့နော်”
“ငါ့အစွမ်းက ဆီးသီးကင်းလောက်ရှိတယ်ဆိုရင် ဒီရသေ့ကြီးရဲ့အစွမ်းက တောင်ကြီးတစ်လုံးလောက်ရှိမယ်ကွ၊ ဒါက မင်းနားလည်အောင်လို့ ငါကတင်စားပြီးတော့ပြောတာပါ၊ တကယ်တမ်းကျတော့ သူတော်စင်တွေဆိုတာ သူတို့ဘယ်လောက်စွမ်းပါတယ်၊ ဘယ်လောက်တန်ခိုးထက်ပါတယ်လို့ ထုတ်ပြောလေ့၊ ဝန်ခံလေ့မရှိဘူးကွ၊ တကယ့် သူတော်စင်သူတော်ကောင်းတွေဆိုတာ ပရိသတ်ကိုရှောင်တယ်ကွ၊ သူတို့အစွမ်းတွေကို သိသွားရင် လူတွေအုံလာမယ်၊ လူစုလူဝေးဖြစ်လာမယ်၊ ဒါဆိုရင် သူတို့ကျင့်ကြံအားထုတ်နေတဲ့ တရားဓမ္မ၊ ကျင့်စဉ်တွေမှာ နှောင့်နှေးတာမျိုးဖြစ်လာနိုင်တာမို့လို့ လူသိမခံကြဘူး”
“ကျုပ်နားလည်ပါပြီ ဦးလူနီရာ”
“အေးပါမောင်ရှိန်ရာ၊ မင်းနဲ့ငါနဲ့ တစ်ချိန်ပြန်တွေ့ကြအုံးမှာပါကွ၊ ဒါနဲ့ မင်းအချိန်ရတဲ့တစ်ရက်တော့ ရွှေဆံတော်ဘုရား သွားဖူးလိုက်အုံးကွ”
ဦးလူနီက ကျုပ်ကိုပြောပြီးတော့ တောင်ဝှေးတဒေါက်ဒေါက်ထောက်ရင်း လှမ်းလျှောက်သွားတော့တယ်၊ ဦးလူနီရဲ့ပုံပန်းသွင်ပြင်ကိုကြည့်တော့မှ အေးကြည်အဒေါ်တွေ့ခဲ့တဲ့လူက ဦးလူနီဖြစ်မယ်ဆိုတာကို ရိပ်စားမိလိုက်ပါတော့တယ်ဗျာ။
(၂)
တစ်ပတ်လောက်ကြာတော့ ကျုပ်တော်တော်ပြန်ကောင်းသွားပြီပေါ့ဗျာ၊ တစ်ရက်မနက်အစောကြီး ကျုပ်ဘုရားရှိခိုးဝတ်ပြုနေတုန်း ကျုပ်အနောက်မှာ လူတစ်ယောက်လာထိုင်တာကိုခံစားမိလိုက်ရတယ်၊ ကျုပ်လည်း ဘုရားကိုပြီးအောင်ရှိခိုးနေပြီးတော့မှ တစ်ဖက်ကိုလှည့်လိုက်တာပေါ့ဗျာ၊ လာထိုင်နေတဲ့သူက တခြားသူတော့မဟုတ်ပါဘူး၊ ကျုပ်မိန်းမ အေးကြည်ပါ။
“ဘာပြောချင်လို့လဲ အကြည်”
အေးကြည်က ကျုပ်ကိုမျက်စောင်းထိုးကြည့်ပြီးတော့ ကျုပ်အရှေ့ကို စာရွက်တစ်ရွက်ချပေးတယ်ဗျ၊ စာရွက်ကတော့ တခြားမဟုတ်ပါဘူး၊ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခြင်းဆိုတဲ့ စာချုပ်တစ်စောင်ရယ်ပါ။ အေးကြည်က ကျုပ်ကိုမျက်နှာလွှဲလိုက်ပြီးတော့
“စာချုပ်မှာ ကျွန်မလက်မှတ်ထိုးပြီးပြီ၊ ရှင်လက်မှတ်ထိုးဖို့ပဲကျန်တော့တယ်”
ကျုပ်စာချုပ်ကိုကောက်ယူပြီးတော့ ဖတ်ကြည့်လိုက်တယ်။ နောက်တော့ အေးကြည်ကိုကြည့်ရင်း
“ကိုယ်တို့ ဒီလိုလုပ်ဖို့အထိ လိုလို့လားအကြည်ရာ”
“လိုတာပေါ့ရှင်၊ ရှင်နဲ့ကျွန်မနဲ့က အခုအရပ်သဘောနဲ့ လင်ခန်းမယားခန်းပြတ်နေတာပဲရှိတာ၊ တရားဝင်ကွာရှင်းထားတာမျိုးမရှိသေးဘူးမဟုတ်လား၊ ကျွန်မတို့တစ်ချိန်က လက်ထပ်စာချုပ်နဲ့ ရုံးတက်လက်မှတ်ထိုးခဲ့တာဆိုတော့ အရပ်သဘောနဲ့ကွာရှင်းတာမျိုးမဖြစ်ချင်ဘူး၊ တရားဥပဒေနည်းလမ်းကြောင်းနဲ့အရ ပြတ်ပြတ်သားသားဖြစ်ချင်တယ်”
“ဒီလောက်အထိတော့ လိုမယ်မထင်ပါဘူး အကြည်ရာ”
“လိုတာပေါ့ရှင်၊ ရှင်မှ ကျွန်မကိုပြန်ပေါင်းနိုင်တာမှမဟုတ်တာ၊ ကျွန်မကလည်း ရှင်နဲ့ပြန်ပေါင်းထုတ်ဖို့ စိတ်ကူးမရှိတော့ဘူး၊ ဒီတော့ ကျွန်မကိုလွတ်လွတ်လပ်လပ်ဖြစ်ခွင့်ပေးပါတော့ရှင်၊ တစ်ပင်လဲမူ တစ်ပင်ထူဆိုတဲ့အတိုင်း ကျွန်မနောက်အိမ်ထောင်ပြုဖို့ဆိုရင်လည်း ရှင်နဲ့ပြတ်ပြတ်သားသားဖြစ်ဖို့အရေးကြီးတယ်မဟုတ်လားရှင်”
“မင်းက နောက်အိမ်ထောင်ပြုဖို့စဉ်းစားနေတာလား အကြည်၊ ငါ့သမီးလေးတွေရော ဘယ်လိုလုပ်မလဲကွ”
အေးကြည်က ကျုပ်ကိုဒေါသတကြီးကြည့်ရင်း
“ရှင်ဒီလောက်တောင် သားသမီးအတွက်တွေးပူတယ်ဆိုရင် ဘာလို့အိမ်ကနေထွက်သွားသလဲ၊ ကလေးတစ်ယောက်ရှိတဲ့အပြင် ကိုယ်ဝန်အရင့်အမာကြီးနဲ့ ကျွန်မကိုဘာလို့ပစ်ထားခဲ့တာလဲ၊ ရှင်ထွက်သွားချင်တုန်းက ထွက်သွားပြီးတော့ အခုမှကလေးတွေအတွက် ပူပန်မနေပါနဲ့ရှင်၊ ကျွန်မတို့သားအမိတွေ ရှင်မရှိဘဲ နေတတ်ခဲ့ပါပြီ၊ ရှင့်ကိုကျွန်မ နောက်ဆုံးအနေနဲ့ တောင်းပန်ပါတယ်ရှင်၊ ဒီစာချုပ်ကိုလက်မှတ်ထိုးပြီးတော့ ကျွန်မတို့ဘဝထဲကနေထွက်သွားပေးပါတော့ရှင်”
ကျုပ်လည်း လက်တွေတုန်တုန်ယင်ယင်နဲ့ပဲ အေးကြည်ချပေးတဲ့ ဖောင်တိန်ကိုကောက်ယူလိုက်တယ်၊ ပြီးတော့ စာချုပ်အောက်နားက အမျိုးသားအတွက်ထားတဲ့နေရာမှာ လက်မှတ်ထိုးပေးလိုက်ပြီးတော့ ကျုပ်နာမည်ကိုလည်း အောက်ကနေရေးပေးလိုက်တော့တယ်။
“ကဲ အကြည်၊ မင်းလိုချင်တာ ဒါမဟုတ်လား၊ မင်းကျေနပ်ပါတော့”
“ရပြီ၊ ရှင်စုဆောင်းရှာဖွေထားတဲ့ ပစ္စည်းတစ်ချို့ကျွန်မမှာရှိသေးတယ်၊ အဲဒီပစ္စည်းတွေကို ကျွန်မတို့ တစ်ယောက်တစ်ဝက်ခွဲယူမယ်၊ ပြီးရင်တော့ ရှင်လည်းအိမ်ကနေထွက်သွားပါတော့”
“မလိုဘူးအကြည်၊ ငါဘာပစ္စည်း၊ ဘာငွေမှမလိုဘူး၊ ဒီငွေတွေကို မင်းပဲယူထားလိုက်ပါ၊ မင်းကထက်မြက်တဲ့မိန်းမတစ်ယောက်ပါအကြည်၊ ငါ့ရဲ့သမီးလေးတွေကို မင်းကောင်းကောင်းမြေတောင်မြှောက်ပေးနိုင်လိမ့်မယ်လို့ ငါယုံကြည်ပါတယ်”
ကျုပ်လည်းပြောဆိုပြီးတော့ အိမ်ကနေထွက်သွားဖို့ ပြင်ဆင်ရပါတော့တယ်၊ ကျုပ်ရင်ထဲတော့ ခံစားရတယ်ဆိုပေမယ့်လည်း သိပ်ပြီးလွန်လွန်ကဲကဲမဖြစ်တော့ဘူးဗျ၊ အေးကြည်နဲ့တွေ့ချိန်တန်တုန်းက တွေ့ခဲ့ပြီးပြီ၊ ပေါင်းသင်းခဲ့ပြီးပြီ၊ အခုတော့ ခွဲခွာဖို့အချိန်ရောက်လာလို့ ခွဲခွာရတယ်လို့ပဲမှတ်လိုက်ပါတယ်၊ ကျုပ်ကို အေးကြည်က မျက်လုံးစိမ်းကြီးတွေနဲ့စိုက်ကြည့်နေတယ်ဗျ။
“တကယ်ပါပဲရှင်၊ ရှင်တော်တော်တတ်လည်းတတ်နိုင်တယ်နော်”
“မင်းကိုငါချစ်ပါတယ်အကြည်၊ ငါချစ်လို့လည်း မင်းပျော်ရွှင်နိုင်မယ့် လမ်းကို ငါဖွင့်ပေးလိုက်တာပါ၊ မင်းလည်း ငါမရှိတဲ့နောက် ဘဝသစ်ထူထောင်ပြီး ပျော်ရွှင်နိုင်ပါစေလို့ ငါရင်ထဲကနေဆုတောင်းပေးလိုက်ပါတယ်”
ကျုပ်လည်း ထိုင်နေရာက ထလိုက်ပြီးတော့ အိမ်တံခါးဖက်ကိုဦးတည်လိုက်တယ်ဆိုရင်ပဲ အေးကြည်က ငေါက်ခနဲမတ်တပ်ရပ်လိုက်တယ်ဗျ။
“အခုရော ကျွန်မတော်တော်ပျော်နေတယ်လို့ ရှင်ထင်လို့လား ကိုအောင်ရှိန်၊ ကွာရှင်းစာချုပ်မှာ လတ်မှတ်ထိုးရတာကို ကျွန်မက ပျော်ပျော်ကြီးထိုးလိုက်တယ်လို့များရှင်ထင်နေသလား”
ကျုပ်ခြေလှမ်းတွေ တုန့်သွားတယ်ဗျ။
“တကယ်တော့ ဒီစာချုပ်မှာ လက်မှတ်ထိုးဖို့ကို ကျွန်မသုံးလေးညလောက် စဉ်းစားခဲ့ရတယ်၊ ရှင်နေကောင်းသက်သာလာပြီးရင် ကျွန်မအပေါ် စိတ်ပြန်လည်လာမလားဆိုတဲ့စိတ်နဲ့ ရှင့်ကိုမျှော်လင့်နေခဲ့မိသေးတယ်၊ ရှင်ဟာ တော်တော်အလိုက်ကန်းဆိုးမသိတဲ့လူပဲ ကိုအောင်ရှိန်”
ကျုပ်သက်ပြင်းတစ်ချက်ချလိုက်ပြီးတော့ ဆက်လျှောက်လိုက်တယ်၊ အိမ်တံခါးဝနားရောက်တယ်ဆိုရင်ပဲ အေးကြည်က ပြေးလာပြီး ကျုပ်ကိုအနောက်ကနေ ပွေ့ဖက်လိုက်တယ်။
“ကျွန်မ မူမနေတော့ပါဘူးရှင်၊ ကျွန်မဆက်ပြီး ဟန်ဆောင်မနေတော့ပါဘူး၊ ကျွန်မရှင့်ကိုချစ်တယ် ကိုအောင်ရှိန်၊ ကျွန်မဘဝမှာ ရှင်မရှိလို့မဖြစ်ဘူး၊ အရင်တစ်ခါက လွတ်ပေးလိုက်ရပေမယ့် အခုတော့ ရှင့်ကိုကျွန်မမလွှတ်ပေးနိုင်တော့ဘူး ကိုအောင်ရှိန်၊ ရှင်အပြင်မှာ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်မခွင့်လွတ်တယ်၊ ကျေးဇူးပြုပြီး ကျွန်မအနားကနေ နောက်တစ်ခါထွက်မသွားပါနဲ့တော့လားရှင်”
ကျုပ်လည်း အေးကြည်လက်ကိုဆွဲပြီးဖြုတ်လိုက်တယ်။ နောက်တော့ အေးကြည်ကိုလှည့်တောင်မကြည့်ဘဲနဲ့
“အကြည် အကို့ကို တကယ်ချစ်တာလား”
“ချစ်တာပေါ့၊ ချစ်လွန်းလို့ ရှင့်ကိုရွေးချယ်ခဲ့တာပဲ၊ ရှင်နဲ့လက်ထပ်ပြီး ရှင့်အတွက် သားသမီးတွေ မွေးပေးခဲ့တာပဲမဟုတ်လား ကိုအောင်ရှိန်ရဲ့”
ကျုပ်ခေါင်းညိတ်လိုက်ပြီး
“အကို့ကို တကယ်ချစ်တယ်ဆိုရင် အကို့ကိုဆွဲမထားပါနဲ့တော့၊ အကိုလုပ်စရာအလုပ်တွေအများကြီးရှိသေးတယ်၊ အကို ဂန္ဓာရီအကျင့်တွေ ကျင့်ကြံဖို့ရှိသေးတယ်”
အေးကြည်က ကျုပ်အရှေ့ကိုပြေးလာပြီး ကျုပ်အရှေ့မှာဒူးထောက်ထိုင်လိုက်တယ်ဗျ၊ နောက်တော့ မျက်ရည်တွေကျနေတဲ့ မျက်ဝန်းတွေနဲ့ ကျုပ်ကိုမော့ကြည့်ရင်း
“မသွားပါနဲ့အကို၊ မသွားပါနဲ့၊ အကိုလုပ်မယ့်အလုပ်တွေကို အိမ်မှာနေပြီးလုပ်ပါ၊ အကိုစီးပွားမရှာချင်ဘူးဆိုရင်လည်း အေးကြည်ရှာကျွေးပါ့မယ်၊ အကိုထွက်မသွားပါနဲ့၊ အေးကြည်နားမှာ အကိုရှိနေပေးပါ”
ကျုပ်ခြေသလုံးကိုဖက်ထားတဲ့ အေးကြည်လက်တွေကို အတင်းရုန်းကန်ပြီးတော့
“အကိုပြောပြမယ်အကြည်၊ အကို့အလုပ်တွေက မယားနဲ့သားသမီးနဲ့ ယှဉ်လျှက်ထားပြီးလုပ်ရမယ့်အလုပ်တွေမဟုတ်ဘူး၊ အကြည် အကို့ကိုနားလည်ပေးပါလို့ပဲ အကိုပြောချင်ပါတယ်”
ဒီအခါ အေးကြည်က ငိုတော့တယ်ဗျ၊ အေးကြည်ငိုသံကြားလို့ အိပ်ခန်းထဲက သမီးကြီး ခင်ကြည်က ပြေးထွက်လာတယ်ဗျ၊ အိမ်ပေါ်ကနေ ဆင်းဖို့လုပ်နေတဲ့ကျုပ်ကိုမြင့်တော့ ခင်ကြည်ကပြေးလာရင်း
“ဖေကြီး၊ ဖေကြီးဘယ်သွားမလို့လဲ”
“အဖေသွားရတော့မယ်သမီး”
ခင်ကြည်က ကျုပ်ပုဆိုးစကိုဆွဲပြီး
“မသွားပါနဲ့ဖေကြီးရယ်၊ ဖေကြီးထွက်မသွားပါနဲ့”
ကျုပ်က ခင်ကြည်ဘက်ကိုလှည့်ကြည့်လိုက်ပြီးတော့ ထိုင်ချလိုက်တယ်၊ နောက်တော့ ခင်ကြည်ရဲ့ပါးပြင်မှ ကျနေတဲ့မျက်ရည်တွေကိုသုတ်ပေးလိုက်ပြီး
“သမီး ဖေကြီးးကိုချစ်တယ်မဟုတ်လား”
ခင်ကြည်က ခေါင်းညိတ်တယ်ဗျ။
“ချစ်ရင် အဖေ့ကိုသွားခွင့်ပေးနော်သမီး၊ အဖေအရေးကြီးတဲ့ကိစ္စနဲ့ သွားရတော့မယ်”
“ဒီတစ်ခါသွားပြီးရင်ရော ဖေကြီးပြန်လာမှာလားဟင်”
ကျုပ်လည်း ခေါင်းညိတ်ပြလိုက်ပြီးတော့
“စိတ်ချပါသမီး၊ အဖေတစ်နေ့ကျရင် သမီးတို့ဆီကိုပြန်လာခဲ့မယ်နော်”
ခင်ကြည်က ဒီတော့မှ ကျုပ်ပုဆိုးစကိုဆွဲထားတဲ့ သူ့လက်ကိုလွှတ်ချလိုက်တော့တယ်။
“ဖေကြီး နောက်တစ်ခါပြန်လာရင် သမီးတို့နဲ့ခွဲမသွားရတော့ဘူးနော်၊ သမီးတို့နဲ့ တစ်သက်လုံး အတူတူနေရမယ်နော်ဖေကြီး”
“အေးပါသမီးရယ်၊ အဖေကတိပေးပါတယ်၊ အဖေနောက်တစ်ခါပြန်လာရင် သမီးတို့နဲ့တစ်သက်လုံးမခွဲတော့ဘူး၊ အတူတူနေမယ်၊ ဟုတ်ပြီလားသမီး”
ခင်ကြည်က ခေါင်းညိတ်တယ်ဗျ၊ ကျုပ်လည်းခင်ကြည်ရဲ့ပခုံးကို လက်နဲ့အသာပုတ်ပြီး အိမ်ပေါ်ကနေဆင်းလာခဲ့လိုက်တော့တယ်၊ ခြံဝန်းထဲကအထွက်မှာ ဈေးကဆွဲခြင်းတောင်းကြီးနဲ့ပြန်လာတဲ့ အေးကြည်အဒေါ်နဲ့တွေ့တယ်။
“မောင်အောင်ရှိန်၊ ဘယ်သွားမလို့လဲကွဲ့”
“ကျုပ်ပြန်သွားရတော့မယ်ဒေါ်ဒေါ်”
“နေစမ်းပါအုံးကွယ်၊ မင်းမှာ မိန်းမတွေ၊ သားသမီးတွေထက် ဘာတွေများအရေးတကြီးလုပ်စရာ ရှိလို့လဲ မောင်အောင်ရှိန်”
“ဒေါ်ဒေါ် ထင်ချင်သလိုသာထင်ပါတော့ ဒေါ်ဒေါ်၊ ကျုပ်ဘာမှ မပြောလိုပါဘူး၊ ကျုပ်သွားတော့မယ်”
အေးကြည်အဒေါ်က ကျုပ်ကိုဒေါသတကြီးနဲ့ လှမ်းအော်ပြီးဆဲတော့တာပဲဗျာ၊ ကျုပ်လည်း ဘာမှဂရုမထားတော့ဘဲ သူတို့ရပ်ကွက်ထဲကနေ ခပ်သွက်သွက်ကလေး ပြေးထွက်လာခဲ့လိုက်တော့တယ်။ ရပ်ကွက်ထိပ်ရောက်တော့မှ ကျုပ်လမ်းထဲကိုလည်ပြန်တစ်ချက် လှမ်းကြည့်လိုက်ရင်း
“အဖေ့အတွက် သမီးတို့ပါရမီဖြည့်ပေးရတယ်လို့ပဲ မှတ်ကြပါတော့သမီးလေးတို့ရယ်၊ သမီးတို့ရယ်၊ အကြည်ရယ်ကို အဖေတကယ်ချစ်ပါတယ်ကွယ်”
အဲဒီလိုပြောပြီး ဆက်ထွက်ခဲ့ပါတယ်၊ ကျုပ်မှာ ဘာမှနောက်ဆံတင်းစရာမရှိတော့ပါဘူးဗျာ၊ ကျုပ်မှန်တယ်ထင်တဲ့လမ်း၊ ကျုပ်ရွေးချယ်ထားတဲ့လမ်းကို ပြီးဆုံးအောင်လျှောက်မယ်လို့တွေးပြီး ဆက်ထွက်လာလိုက်တော့တယ်ဗျ။
(၃)
ကျုပ်လည်း ခြေဦးတည့်ရာ လမ်းလျှောက်လာရင်း သတိရလို့ကြည့်လိုက်တော့ ဟိုးအဝေးမှာ ရွှေဆံတော်ဘုရားကိုလှမ်းမြင်လိုက်ရတယ်ဗျ၊ ဒီတော့မှ ဦးလူနီပြောတာကို သတိရလိုက်တယ်၊ သူက ကျုပ်အချိန်ရရင် ရွှေဆံတော်ဘုရားသွားဖူးလိုက်အုံးလို့ ပြောသွားတယ်မဟုတ်လားဗျာ၊ ဒါနဲ့ကျုပ်လည်း ဘုရားဆီကိုဦးတည်လိုက်တယ်ဗျ၊ ဘုရားတောင်ဘက်မုခ်နားရောက်တော့ ပတ်ဝန်းကျင်က တော်တော်ထူးဆန်းသွားတယ်ဗျာ၊ ဘုရားဖူးတွေ၊ ဈေးသည်တွေ၊ ဖြတ်သန်းသွားလာတဲ့လူတွေနဲ့ စည်ကားနေတတ်တဲ့ ဘုရားမုခ်ဦးက အခုကျတော့ ခြောက်ကပ်နေသဗျ၊ လူသူတစ်ယောက်တစ်လေမှာကို မတွေ့ရဘူး၊ ကျုပ်အစကတော့ ဒီအတိုင်းပဲထင်ပြီး အရှေ့ကိုဆက်လျှောက်လာခဲ့တာပေါ့ဗျာ၊ အရှေ့နားရောက်တော့ ကျုပ်အရှေ့မှာ လူနှစ်ယောက်ရင်ဘောင်တန်းပြီး ကျုပ်နဲ့မျက်နှာချင်းဆိုင် လမ်းလျှောက်လာသဗျ။
ကျုပ်အရှေ့ရောက်တော့ အဲဒီလူနှစ်ယောက်က ကျုပ်သွားမယ့်လမ်းကို ပိတ်ရပ်လိုက်တယ်၊ ကျုပ်က စိတ်ဓါတ်ကျနေတဲ့လူမို့လို့ ခေါင်းငိုက်စိုက်ငိုက်စိုက်နဲ့လျှောက်လာခဲ့တာကိုး၊၊ သူတို့မျက်နှာကိုတောင် မော့မကြည့်ဖြစ်ပါဘူးဗျာ၊ ဒါပေမယ့် သူတို့ပိတ်နေတော့ ကျုပ်က ဘေးနားကနေ ကွေ့ရှောင်သွားမယ်လို့ စဉ်းစားလိုက်ပြီး ကွေ့ထွက်လိုက်တော့ ဒီလူတွေက ကျုပ်ရှေ့ကိုထပ်ပြီး ပိတ်ရပ်ပြန်ရော၊ ကျုပ်လည်း ညာဘက်ကနေကွေ့သွားမယ်ဆိုပြီး ထပ်သွားတော့လည်း ကျုပ်သွားမယ့်ဘက်ကို လိုက်ပိတ်ပြန်တယ်ဗျ၊ ကျုပ်လည်းစိတ်တိုတာလာနဲ့ ဒီနှစ်ယောက်ကိုမော့ကြည့်လိုက်တော့ ဒီလူနှစ်ယောက်ရဲ့မျက်နှာက လူမျက်နှာမဟုတ်ဘဲနဲ့ ဘီလူးမျက်နှာတွေဖြစ်နေသဗျာ။
နာခေါင်းတိုတိုလန်လန်နဲ့ မျက်ခုံးမွှေးတွေက ခပ်ထူထူပဲဗျာ၊ မျက်လုံးနှစ်လုံးက ပြူးထွက်နေပြီးတော့ ပါးကလည်းဖောင်းဖောင်းကြီးတွေဗျ၊ ပါးစပ်ပြဲပြဲကြီးတွေရဲ့ ထောင့်မှာတော့ ပါးပေါ်ကိုထောင်ထွက်နေတဲ့ အစွယ်ဖြူဖြူကြီးနှစ်ချောင်းကလည်း ပါသေးတယ်ဗျာ၊ ဘီလူးတစ်ကောင်ရဲ့အသားအရောင်ကတော့ အစိမ်းရောင်ဗျ၊ နောက်ထပ်ဘီလူးတစ်ကောင်ရဲ့ အသားအရောင်ကတော့ အနီရောင်ကြီး။ ကျုပ်လည်း သူတို့မျက်နှာကိုကြည့်ပြီး လန့်သွားတာပေါ့ဗျာ။
“ဟေ့လူတွေ၊ ကျုပ်လမ်းကျုပ်သွားတာ မနှောင့်ယှက်ကြပါနဲ့”
ဘီလူးနှစ်ကောင်က ကျုပ်ကိုခါးထောက်ကြည့်ပြီး
“ဒီမှာဟေ့ကောင်၊ မင်းအခုလာရာလမ်းအတိုင်း လှည့်ပြန်စမ်းကွာ၊ ဒါဆိုရင်တော့ မင်းကိုငါတို့ ခွင့်လွှတ်မကွ၊ အေး၊ ဒီလမ်းအတိုင်းဆက်လျှောက်လို့ကတော့ မင်းသေရမယ်”
“နေစမ်းပါအုံးဗျာ၊ ကျုပ်နဲ့ခင်ဗျားတို့နဲ့ကြားထဲမှာ ဘာရန်ငြိုးရန်စတွေများရှိနေလို့ ခင်ဗျားတို့က ကျုပ်ကိုသတ်ချင်နေရတာလဲဗျ”
“မလိုပါဘူးကွာ၊ ငါတို့သိချင်တာတစ်ခုပဲ၊ မင်းရှေ့ဆက်လျှောက်မလား၊ လှည့်ပြန်ထွက်သွားမလား”
“ကျုပ်ကတော့ ဘယ်နည်းနဲ့မှ နောက်ပြန်လှည့်စရာအကြောင်းမရှိတော့ဘူးဗျာ၊ ခင်ဗျားတို့တားချင်ရင်လည်းတားကြ၊ ကျုပ်ကတော့ ဘုရားပေါ်ရောက်အောင်သွားရမှာပဲ”
ဘီလူးတွေက အံတွေကြိတ်ပြီးတော့
“ဒါဆိုရင်လည်း ငါတို့က မင်းကိုငရဲပြည်ပို့ပေးရတာပေါ့ကွာ”
အနီရောင်အသွေးနဲ့ဘီလူးက
“အကိုကြီး၊ ကျုပ်ကတော့ ဒီလူကိုအပေါ်ပိုင်းကိုစားမှာနော်ဗျ”
အစိမ်းရောင်အသွေးနဲ့ဘီလူးက
“ဟ၊ ငါက သူ့ရဲ့ညစ်ပတ်ရွံရှာစရာကောင်းတဲ့ အောက်ပိုင်းကိုစားရမှာလား၊ မစားချင်ပါဘူးကွာ၊ မင်းကအငယ်ပဲ၊ အကြီးကိုဦးစားပေးရမှာပေါ့ကွ၊ ငါအပေါ်ပိုင်းစားမယ်၊ မင်းကအောက်ပိုင်းစား”
“ဟာ၊ အကိုကြီးဆိုပြီး အနိုင်မကျင့်ချင်စမ်းပါနဲ့ဗျာ၊ ကျုပ်က အပေါ်ပိုင်းစားမှဗျ”
သူတို့ငြင်းခုန်နေတာကိုကြည့်ပြီး ကျုပ်ဖြင့်တော်တော်သနားမိသွားတယ်၊
“နေစမ်းပါအုံး၊ ခင်ဗျားတို့က အောက်ပိုင်းမစားချင်မယ့်အတူတူ ဒီလိုလုပ်ဗျာ၊ ကျုပ်ကို အလယ်ကနေ နှစ်ခြမ်းခွဲပြီးတော့ တစ်ယောက်တစ်ခြမ်းစားကြပေါ့ဗျာ၊ ဒါဆို နှစ်ယောက်လုံးအပေါ်ပိုင်းရော အောက်ပိုင်းရော ညီတူညီမျှ စားရမယ်မဟုတ်လား”
ဘီလူးတွေက ခေါင်းညိတ်ပြီး
“ဟာ၊ ဟုတ်တယ်၊ ခင်ဗျားပြောတာအကြံကောင်းပဲ၊ ကျုပ်တို့ဘဝမှာ အခုလိုမကြုံဖူးဘူးဗျာ၊ ကျုပ်တို့စားသောက်မယ့်အစာက ကျုပ်တို့ကိုဘယ်လိုစားပါသောက်ပါလို့ အကြံပေးတာ တစ်ခါမှမကြားဖူးဘူး”
“လာပါအကိုကြီးရယ်၊ စားစရာရှိတာ စားလိုက်ကြရအောင်ဗျာ”
ဘီလူးတွေက ကျုပ်ဆီကိုပြေးလာတယ်ဗျ၊ ကျုပ်လည်းဘာလုပ်ရမှန်းမသိဘူးလိုက်ဘူး၊ ဘီလူးတစ်ကောင်ကို လက်နဲ့တားလိုက်တော့ အဲဒီဘီလူးက ကျုပ်လက်ကိုဖမ်းချုပ်ကိုင်ပြီးတော့ ကျုပ်ကိုမိုးပေါ်ကိုမြှောက်တင်လိုက်ပါရောဗျာ၊ ပြီးတော့ ဘီလူးနှစ်ကောင်က တစ်ကောင်နဲ့တစ်ကောင်ကို ကျုပ်ကိုလှမ်းပြီးပစ်ပေးနေကြတယ်ဗျ၊ အစိမ်းရောင်ဘီလူးက
“ညီတော်ရေ၊ ဒီလူကိုမစားခင် သူ့ကိုအရင်ဆုံး ခေါင်းမူးပြီး အန်အောင်လုပ်မယ်ကွ၊ ဒါမှ ဒီကောင့်ရဲ့အစာဟောင်းတွေ အန်ထွက်ပြီး ဝမ်းတွင်းကလီစာတွေ နည်းနည်းသန့်သွားမယ်မဟုတ်လား”
အဲဒီလိုပြောပြီးတော့ ကျုပ်ကိုဆွဲဆွဲလှည့်ပါရောဗျာ၊ ကျုပ်ဖြင့်ခေါင်းတွေကို ချာလပတ်လည်ပြီးတော့ မူးဝေနေတော့တာပဲ၊ ဘီလူးတွေက တန်ခိုးတော်တော်ရှိပုံရတယ်ဗျ၊ ကျုပ်ကိုအရုပ်ကလေးတစ်ရုပ်ကို ဆော့ကစားနေတာပေါ့ဗျာ၊ ကျုပ်လည်း သေတော့မှာသိတော့ ကြောက်တာပေါ့၊
“ဟေ့ဟို မျောက်နှစ်ကောင် ရပ်လိုက်ကြစမ်း”
အသံသြသြ ကြီးကြီးတစ်ခုကို ကြားလိုက်ရတယ်ဗျ၊ ဘီလူးတွေလည်း ကျုပ်ကိုလက်ကနေချပြီးတော့ အဲဒီလူကိုလှမ်းကြည့်တယ်။ ကျုပ်လည်း ခေါင်းတွေမူးပြီး အမြင်တွေမှုန်ဝါးနေတာပေါ့ဗျာ၊ ခပ်လှမ်းလှမ်းကနေ နီညိုရောင်တိုက်ပုံဝတ်ထားတဲ့ လူကြီးတစ်ဦးက လမ်းလျှောက်လာတာကိုတွေ့လိုက်ရသဗျ၊ ဘီလူးအစိမ်းက အဲဒီလူကိုလက်ညှိုးထိုးပြီးတော့
“အောင်မာ၊ ကျုပ်တို့ကိစ္စကို ခင်ဗျားဘာဝင်ရှုပ်တာလဲ”
ဘီလူးအနီကလည်း
“ဟုတ်တယ်၊ ခင်ဗျားပါ ကျုပ်တို့အစာဖြစ်ချင်တယ်နဲ့တူတယ်”
အဲဒီလူက ခါးထောက်လိုက်ပြီးတော့
“နေပါအုံး မင်းတို့က အခုသူ့ကိုဘာလုပ်နေတာလဲကွ”
“ဘာလုပ်ရမလဲဗျာ၊ ဒီလူကိုမစားခင် သူ့ဝမ်းထဲက အစာသစ်၊ အစာဟောင်းတွေကုန်စင်အောင်လို့ မူးအောင်လုပ်ပြီး အန်ခိုင်းမလို့ဗျ”
“ဟား၊ ဟား မင်းတို့တတ်လည်းတတ်နိုင်တဲ့ကောင်တွေပဲ၊ ကဲပါ၊ ဒီလူကိုထားလိုက်တော့၊ မစားကြနဲ့တော့ ဟုတ်ပြီလား”
ဘီလူးတွေက စိတ်ဆိုးသွားတယ်ဗျ။။
“ခင်ဗျားက ကျုပ်တို့ကို မစားနဲ့မသောက်နဲ့ပြောရအောင် ခင်ဗျားက ဘာကောင်မို့လို့လဲဗျ”
“အကိုကြီးရေ၊ စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲသလိုပဲပေါ့ဗျာ၊ ဒီလူကိုပါ စားကြတာပေါ့”
“အေးအေး၊ ကောင်းတယ်၊ နှစ်ယောက်ဆိုတော့ ငါတို့အဝေမတည့်မဖြစ်တော့ဘူးပေါ့ကွာ”
ဘီလူးအနီက အဲဒီလူကြီးဆီကိုပြေးသွားလိုက်တယ်ဗျ၊ အဲဒီလူအနားရောက်တယ်ဆိုရင်ပဲ ဘီလူးအနီရဲ့ကိုယ်လုံးက သူ့အလိုလိုလည်နေတယ်ဗျာ၊ ဘီလူးအစိမ်းက ကြည့်ရင်း
“ဟေ့ကောင်၊ ဘာဖြစ်နေတာလဲကွ”
“မသိဘူးအကိုကြီးရေ၊ ကျုပ်ဘာဖြစ်သွားမှန်းမသိဘူးဗျ”
ဘီလူးအနီက အိုးထိန်းစက်ပေါ်တင်လှည့်ခံရတဲ့ ရွှံ့တုံးကို ချာလပတ်ကိုလည်နေတာ ပထမတော့ဖြည်းဖြည်းလည်တယ်ဗျ၊ နောက်တော့ အရှိန်ကမြန်လာပြီး တဝီဝီနဲ့ကိုလည်တော့တာပဲ၊ ဘီလူးအစိမ်းကလည်း တော်တော်ဒေါသထွက်သွားပြီးတော့ ဒီလူကြီးဆီကို ပြေးဝင်သွားပြန်တယ်ဗျ၊ ဘီလူးအစိမ်းလည်း တစ်လှမ်းနှစ်လှမ်းလောက် ပြေးပြီးတဲ့အခါ ခုနကလို ထိုးပြီးလည်ပါရောဗျာ၊ တဝှီးဝှီးနဲ့ပန်ကာတစ်ခုလိုလည်နေတာဗျ၊ ကျုပ်လည်းခေါင်းတွေမူးနေလို့ အနားကအုတ်နံရံကြီးကိုကိုင်ထားရတယ်၊ ဒီလူကြီးက ကျုပ်ဆီကိုလမ်းလျှောက်လာပြီးတော့ ကျုပ်ပခုံးကိုပုတ်ထည့်လိုက်တယ်ဗျာ၊ သူပုတ်တဲ့အားက တော်တော်ပြင်းတယ်ဗျ၊ ကျုပ်ပခုံးတောင် အောင့်သွားသလိုပဲဗျာ၊ သူပုတ်ပြီးတာနဲ့ ကျုပ်ခေါင်းမူးတာတွေ အကုန်ပျောက်သွားတော့တယ်။
ဒီတော့မှ အဲဒီလူကြီးကို သေသေချာချာကြည့်လိုက်မိတယ်ဗျ၊ ဒီလူကြီးက အသက်ငါးဆယ်ကျော်လောက်ရှိမယ့်ပုံပဲဗျ၊ ရုပ်ကလည်း ခပ်ကြမ်းကြမ်းပဲ၊ ဘိုကေဆံထောက်လိုဆံပင်ရှိပြီး အနောက်ကိုလှန်တင်ဖြီးထားတယ်၊ မျက်နှာကလည်း မျက်မှောင်ကြီးကြုတ်လို့ဗျ၊ နီညိုရောင် တိုက်ပုံကိုကြယ်သီးမတတ်ဘဲ ရင်ဖွင့်ဝတ်ထားပြီးတော့ အောက်မှာကလည်း စားပွဲခင်းကြီးလိုမျိုး ပုဆိုးအကွက်ကျဲကြီးကိုဝတ်လို့ဗျ။
“ဟေ့အောင်ရှိန်၊ လာ၊ ငါနဲ့လိုက်ခဲ့”
ကျုပ်လည်း သူ့အနောက်ကနေ လိုက်လာခဲ့ရတယ်၊ ဒီလူကြိးက လမ်းသွားတာလည်း ဘောက်ဆတ်ဘောက်ဆတ်နဲ့ရယ်ဗျ၊ ကျုပ်တို့သုံးလေးလှမ်းလောက် လှမ်းပြီးတဲ့အချိန်မှာ ဘီလူးနှစ်ကောင်က တဝေါ့ဝေါ့နဲ့အန်တော့တာပဲဗျာ၊ ဒီလူကြီးက ဘီလူးတွေကိုကြည့်ရင်း
“သူများဒုက္ခပေးမယ့်ကောင်တွေ၊ အခုတော့ သူတို့အတတ်သူတို့ပြန်စူးပြီ၊ ကောင်းတယ် ကောင်းတယ်၊ မင်းတို့ဝမ်းထဲက အစာသစ်တွေရော၊ အစာဟောင်းတွေရော အကုန်စင်သွားအောင် အန်သာချလိုက်ကြတော့ဟေ့”
ပြောဆိုပြီး ဘုရားစောင်းတန်းပေါ်တက်သွားတယ်ဗျ၊ ကျုပ်လည်း သူ့အနောက်က အပြေးလိုက်လာခဲ့ရပါရော၊ စောင်းတန်းလှေကားသုံးထစ်လောက်တက်ပြီးတော့ ပတ်ဝန်းကျင်က အားလုံးပြောင်းလဲသွားတယ်၊ စောင်းတန်းမှာ ဈေးသည်တွေ၊ ဘုရားဖူးတဲ့လူတွေနဲ့ ရှုပ်ယှက်ခပ်နေတယ်ဗျ၊ ကျုပ်တောင်မှ လန့်ပြီးတော့ ခုနက စောင်းတန်းအရှေ့ကိုပြန်ကြည့်လိုက်မိတယ်၊ စောင်းတန်းအရှေ့မှာ ဘီလူးနှစ်ကောင်လည်းမရှိတော့သလို ခုနကလိုမျိုး တိတ်ဆိတ်နေတာမဟုတ်ဘဲနဲ့ လူတွေ၊ ကားတွေ၊ မြင်းလှည်းတွေက သွားလာနေကြတာပါပဲ။။
“မင်းသိပ်အံ့သြသွားလား အောင်ရှိန်ရ”
“အံ့သြပါ့ဗျာ၊ ခုနကတော့ အဲဒီနေရာမှာ လူသူရှင်းနေတယ်မဟုတ်လားဗျာ”
“ဟုတ်တယ်ကွ၊ ဘီလူးတွေမှာ ထူးခြားတဲ့တန်ခိုးတွေရှိတယ်မဟုတ်လား၊ သူတို့ကလက်ရှိအပြင်လောကထဲကနေ သူတို့ရဲ့လောကထဲကိုရောက်အောင်လို့ မင်းကိုဆွဲထည့်လိုက်ကြတာ၊ မင်းကတော့ မသိလိုက်ဘူးပေါ့ကွာ၊ အခု မင်းငါနဲ့လိုက်လာတော့ သူတို့လောကထဲကနေ ပြန်ထွက်လာပြီပေါ့ကွာ”
“ဒါနဲ့ ကျုပ်မရှင်းတာက အဲဒီဘီလူးနှစ်ကောင်က ကျုပ်ကိုဘာဖြစ်လို့စားချင်နေတာလဲဗျ”
“ဒါကတော့ မင်းရဲ့ကံကြောင့်ပေါ့ကွ”
ကျုပ်နဲ့ အဲဒီလူကြီးနဲ့လည်း ဘုရားပေါ်ကိုတက်ခဲ့ကြတယ်ဗျ၊ ရွှေဆံတော်ဘုရားရင်ပြင်က လူတွေစည်ကားနေပါတယ်၊ ထူးခြားတာတစ်ခုကတော့ စေတီတော်ရဲ့ စနေထောင့်မှာ ရသေ့တွေအများကြီးကိုတွေ့လိုက်ရတာပဲဗျ၊ ဘုရားဆောင်းတန်းတွေထဲလည်း ပုတီးစိပ်နေကြတဲ့လူတွေ၊ မုတ်ဆိတ်ရှည်ကြီးတွေနဲ့ ရွတ်ဖတ်နေတဲ့သူတွေ အစုံပါပဲဗျာ၊ အဲဒီလူကြီးနဲ့ကျုပ်နဲ့လည်း ဘုရားရှိခိုးပြီးတော့ တန်စောင်းတစ်ခုအနားမှာ အတူတူထိုင်ဖြစ်ကြတယ်ဗျ၊
အဲဒီလူကြီးက စေတီကြီးကိုမေးငေါ့ပြရင်း
“ဒီစေတီအကြောင်းကို မင်းသိသလားကွ”
“ကျုပ်ပြည်မှာနေခဲ့ဖူးပေမယ့် ဘုရားဖူးတာလောက်ပဲ ရောက်ဖူးတာဆိုတော့ သိပ်မသိပါဘူးဗျာ”
“အေး၊ ဒီကုန်းကြီးကိုတော့ သုဒဿနကုန်းတော်လို့ခေါ်တယ်ကွ၊ ဟောဒီစေတီကြီးကိုတော့ မြသိတင်ဆံတော်ရှင်ဘုရားလို့ခေါ်တယ်၊ အများကတော့ ရွှေဆံတော်ဘုရားလို့ခေါ်ကြတာပေါ့ကွာ”
ကျုပ်လည်း စေတီကြီးကိုကြည့်ပြီး ခေါင်းညိတ်လိုက်မိတယ်ဗျ။
“ဆံတော်ရှင်လို့ ဘာလို့ခေါ်ရတာလဲဆိုတော့ ဟောဒီစေတီကြီးထဲမှာ ဘုရားရှင်ရဲ့ဆံတော်လေးဆူ ကိန်းဝပ်နေလို့ပဲကွ၊ ဆံတော်တွေမကဘူး မွေရှင်တော် ရှစ်ဆူလည်းရှိသေးတယ်၊ ဒါ့အပြင် ကကုသန်ဘုရား၊ ဂေါဏဂုံ၊ ကဿပ၊ ဂေါတမဆိုတဲ့ ဘုရားလေးဆူရဲ့ ဒုကဋ်တော်၊ အံသကိုဋ်သင်္ကန်းတော်၊ ခါးပန်းတော်၊ နိသိဒိုင်တော် အဲဒီဘုရားရှင်တွေရဲ့ အသုံးအဆောင်တော်တွေကို ရွှေအိမ်လေးခုထဲထည့်ပြီး ဌာပနာထားတယ်၊ ဒါကြောင့် သိပ်တန်ခိုးကြီးတယ်လို့ပြောကြတာပေါ့”
“ထူးတာတော့ ထူးတယ်နော်ဗျ၊ ဒါနဲ့ ဒီဘုရားကြီးကို ဘာလို့မြသိတင်လို့ ခေါ်ကြရတာလဲ”
“ဒီလိုကွ၊ ထုံးစံအရဆိုရင်တော့ ဘုရားစေတီတွေကို ထီးတင်ရင် စိန်ဖူးတော်တင်လေ့ရှိတယ်မဟုတ်လား၊ ဒီဘုရားကြီးကတော့ စိန်ဖူးအစား မြဖူးတော်တင်ထားလို့ မြသိတင်လို့ခေါ်ကြတာ၊ ထီးတော်မှာပဲ ပိုပြီးထူးဆန်းတာကတော့ မွန်လူမျိုးတွေရဲ့ထီးတော်နဲ့ ဗမာတွေရဲ့ထီးတော်နှစ်ခုကိုဆက်ပြီး ထီးတော်နှစ်ထပ်တင်ထားတာကလဲ တမူထူးတာပေါ့ကွာ”
“ဒါဆိုရင်တော့ ဒီမြေ၊ ဒီကုန်းက တော်တော်ထူးခြားတာပေါ့”
“အေးပေါ့ကွ၊ ဟောဒီပြည်မြို့ဆိုတာ နှယ်နှယ်ရရမြို့မဟုတ်ဘူးကွ၊ ဝိဇ္ဇာဓိုရ်တွေအတွက် ဂန္ဓာရီခရီးစတင်ရတဲ့မြို့တစ်ခုလည်းဖြစ်တယ်၊ ဟောဒီပြည်မြို့ကို ရှေးက သရေခေတ္တရာလို့ခေါ်တယ်၊ နောက်ပြီးတော့ ဒီမြို့ကိုပဲ ဣသိနာဂုရ ရသေ့မြို့လို့ခေါ်တယ်၊ ရသေ့မြို့လို့ခေါ်ရတဲ့အကြောင်းကလည်း ဝိဇ္ဇာဓရ ဂန္ဓာရီလမ်းစဉ်လိုက်တဲ့ သူတော်စင်တွေ မှီတင်းနေထိုင်တဲ့ မြို့တစ်မြို့ဖြစ်လို့ပဲကွ”
“ဒါဖြင့် ပြည်မြို့လို့ ဘာကြောင့်ခေါ်ကြတာလဲဗျ”
“အရင်ခေတ်က ပျူလူမျိုးတွေနေထိုင်ခဲ့လို့ ပျူမြို့လို့ခေါ်ရာကနေ နှစ်တွေကြာတော့ ပြည်မြို့လို့ဖြစ်လာတယ်လို့လဲ အဆိုရှိတယ်၊ နောက်တစ်ခုကတော့ ဒီနေရာမှာ တစ်ချိန်က ဂဠုန်တွေနဲ့ နဂါးတွေကျက်စားခဲ့ဖူးတဲ့နေရာဖြစ်တယ်၊ ဂဠုန်နဲ့နဂါးတွေ အချင်းချင်းတိုက်ခိုက်သတ်ဖြတ်ကြလေ့ရှိတယ်တဲ့ကွ၊ ဒါကြောင့် ပြည်တစ်ဝိုက်မှာ ဂဠုန်ကျဘုရားတို့၊ ဂဠုန်သေဘုရားတို့ဆိုပြီး ဘုရားတွေတောင်ရှိကြသေးတယ်၊ အဲဒီလိုဂဠုန်နဲ့နဂါးတွေ အချင်းများရာကနေ နောက်ဆုံးတော့ တစ်ဦးနဲ့တစ်ဦး ရန်တွေပြေငြိမ်းသွားလို့ (ပြေ)ပြည်မြို့ဆိုပြီးနာမည်တွင်တယ်လို့လဲဆိုသကွ၊ နောက်ဆုံးအယူအဆကတော့ မြို့ကိုစတင်တောင်ထောင်စဉ်က ရွှေပြည်စိုးငှက်၊ ရွှေငါးပြေတွေ တွေ့ခဲ့လို့ ရွှေပြည်မြို့ဆိုပြီး ခေါ်ကြတယ်ဆိုတဲ့အယူအဆပေါ့ကွာ၊ ဘယ်လိုအယူအဆပဲဖြစ်ဖြစ်ပါကွာ၊ ဒီပြည်မြို့က ကောင်းချင်းတွေနဲ့ အောင်အတိတ်၊ အောင်နမိတ်တွေစုစည်းနေတဲ့နေရာဆိုပြီး ပြောလို့ရပါတယ်”
“ထားပါတော့ဗျာ၊ ဘာပဲပြောပြော ဒီကဆရာကြီးကိုကျုပ်ကျေးဇူးတင်ပါတယ်၊ ဒီကဆရာကြီးနာမည်က ဘယ်လိုခေါ်သလဲဗျ”
“ဟေ၊ ငါ့နာမည်ကတော့ များတယ်ဟေ့၊ ဒါပေမယ့် လူတွေတော်တော်များများကတော့ ငါ့ကို မင်းခေါင်လို့ခေါ်ကြတယ်”
“ဟုတ်ကဲ့ပါဦးမင်းခေါင်”
“ငါမင်းဆီကိုလာရတာက မင်းကိုလမ်းလာပြတာကွ”
“ဗျာ”
“ဟုတ်တယ် အောင်ရှိန်၊ မင်းက လမ်းမှန်ကိုတော့သိနေပေမယ့် လမ်းမတွေ့သေးဘူးမဟုတ်လားကွ၊ ငါက မင်းကိုလမ်းပဲပြနိုင်မယ်ဟေ့၊ အဲဒီလမ်းကိုဆက်လျှောက်ဖို့ကတော့ မင်းရဲ့တာဝန်ပေါ့ကွာ”
ကျုပ်တော်တော်ပျော်သွားတယ်ဗျ။
“ဒါဆိုရင်လည်း ကျုပ်ကိုညွန်ကြားပြသပေးပါ ဆရာကြီးမင်းခေါင်ခင်ဗျား”
ဦးမင်းခေါင်က အလေးအနက်စဉ်းစားလိုက်ပြီး
“ဒီလိုကွ၊ ပြည်မြို့ကိုရောက်လာပြီဆိုရင် ပြည်ဝင်အစီအရင်တွေ ကျင့်ကြံရတယ်၊ ပြည်ဝင်အစီအရင်ပြီးတော့မှ ကိုယ်နဲ့သက်ဆိုင်ရာ ဂန္ဓာရီလမ်းစဉ်ကိုရှာဖွေတွေ့တတ်တယ်ကွ”
“ဟုတ်ကဲ့ပါဆရာကြီး၊ ကျုပ်ကိုအဲဒီ ပြည်ဝင်အစီအရင်ဆိုတာကို ညွန်ကြားပြသပေးနိုင်မလား”
“သေချာမှတ်ထားနော် အောင်ရှိန်၊ ပြည်မြို့မှာ ဘုရားကိုးဆူ၊ သိမ်ကိုးသိမ်၊ ကန်ကိုးကန်၊ ဥမင်ကိုးခု၊ တောင်ရံကိုးလုံး၊ ကုန်းကိုးကုန်းဆိုပြီးတော့ ရှိသကွ၊ အဲဒီကုန်းတွေမှာ တစ်နေရာကို ကိုးရက်သွားပြီးတော့ အဓိဌာန်ပြုရမယ်၊ အဓိဌာန်ပြုတဲ့အခါမှာလည်း ငါးပါးသီလဆောက်တည်ပြီးတော့ သူတစ်ပါးအသက်သတ်စားတာရှောင်ရမယ်၊ ပြီးတော့ မင်းကျင့်ချင်တဲ့ကျင့်စဉ်တစ်ခုကို ကျင့်ပေါ့ကွာ၊ အဓိဌာန်အောင်မြင်ရင်တော့ ဆုတစ်ခုတောင်းရတယ်၊ အဲဒီဆုကတော့ မိမိနဲ့သက်ဆိုင်ပြီး ဆီလျော်မှန်ကန်တဲ့ ကျင့်စဉ်တစ်ခု ရရှိရပါစေဆိုပြီး ဆုတောင်းရမယ်ကွ”
ကျုပ်လည်းသေသေချာချာမှတ်သားနေမိတယ်ဗျ။
“ကိုးနေရာပေါင်း ခြောက်ခုဆိုတော့ စုစုပေါင်း ငါးဆယ့်လေးခုပေါ့ကွာ၊ ငါးဆယ့်လေးဆိုတော့ ပေါင်းရင်ကိုးကွ၊ တစ်ခါ နေရာတစ်ခုမှ ကိုးရက်အဓိဌာန်ဝင်ရမယ်ဆိုတော့ ခုနက ငါးဆယ့်လေးကို ကိုးနဲ့မြှောက်ပေါ့ကွ၊ စုစုပေါင်း ရက်ပေါင်း လေးရာရှစ်ဆယ့်ခြောက်ရက်တိတိ အဓိဌာန်ဝင်ရမယ်၊ လေးရာရှစ်ဆယ့်ခြောက်ကို ပေါင်းရင်လည်း ကိုးပဲရတယ်ကွ၊ ဒီတော့ နဝင်းကြေတယ်လို့ခေါ်မှာပေါ့ကွာ၊ အဲဒီမှာ မင်းရဲ့လက်ကောက်ဝတ်က ကိုးလုံးပုတီးနဲ့စိတ်ရမှာပေါ့”
“ဟုတ်ကဲ့ပါဆရာကြီး၊ ဒါနဲ့စကားမစပ်၊ အဲဒီဘုရားကိုးဆူ၊ သိမ်ကိုးသိမ်တွေရဲ့ နာမည်ကိုပြောပြပါလား”
ဦးမင်းခေါင်က ကျုပ်နားထင်ကိုသူ့လက်နဲ့ထောက်ပြီးတော့
“သေချာမှတ်ထား၊ ဘုရားကိုးဆူက ပြည်ဆံတော်ရှင်ဘုရား၊ မြင်ဗာဟုဘုရား၊ ဗောဗောကြီးဘုရား၊ ဆေးဆေးဘုရား၊ သည်းသည်းဘုရား၊ ဘုရားတောင်ဘုရား၊ သရိုင်မာဘုရား၊ သောကြာမ္မာဘုရား၊ ညေးညေးဘုရားဆိုတဲ့ ဘုရားကိုးဆူပေါ့ကွ”
“သိမ်ကိုးသိမ်ကျတော့ ညောင်ပင်ဆိပ်ကျောင်းရဲ့ တောင်ဘက်မှာရှိတဲ့ ကျောက်တံခါးသိမ်၊ မယပင်တောင် မဟာစေတီအနားက ရွှေငါးကြင်းသိမ်၊ ပုညစေတီဘုရားအနီးက ပွင့်လှသိမ်၊ ကျောက်ကာဘုရားအနီးက ကျောက်ကာသိမ်၊ ပါဒငယ်ဘုရား မြောက်ဘက်မှာရှိတဲ့ ပါဒသိမ်၊ မြင်ဗာဟုဘုရားအရှေ့နားက မြင်ဗာဟုသိမ်၊ ဘုရားကြီးရဲ့ အရှေ့နားမှာရှိတဲ့ ဘုရားကြီးသိမ်၊ စက်တိုင်ဘုရားအနားမှာရှိတဲ့ စက်တိုင်သိမ်၊ နောက်ဆုံးကတော့ ဟောဒီရွှေဆံတော်ဘုရားအရှေ့ဘက် ဇေယျာပထဝီကုန်းတော်မှာရှိတဲ့ ဇေယျာပထဝီသိမ်ပေါ့ကွာ”
ဦးမင်းခေါင်ပြောသမျှ စကားလုံးတိုင်းက ကျုပ်ခေါင်းထဲ စာကျက်သလိုမျိုး တဒေါက်ဒေါက်နဲ့ရွတ်မိပြီး မှတ်မိသွားပါတယ်ဗျာ။
“ကန်ကိုးကန်ကတော့ စလင်္ကသူတိုက်နယ်မှာရှိတဲ့ ပျော်ဘွယ်ကန်၊ ကန်သာဦးကန်လို့ခေါ်တဲ့ ကြာကန်၊ ရသေ့မြို့ အနောက်မြောက်ထောင့်မှာရှိတဲ့ ရဟန္တာကန်၊ ရသေ့မြို့ အနောက်တောင်ထောင့်က ရွှေလောင်းကန်၊ တစ်ခါ ရသေ့မြို့လယ်မှာရှိတဲ့ ထမင်းရေကန်လို့ လူသိများတဲ့ နန္ဒာကန်၊ အုတ်ဘိုကန်လို့ခေါ်တဲ့ ဗိုလ်ခြင်းကန်၊ ရသေ့မြို့ အနောက်ပြင်မှာရှိတဲ့ သူငယ်တော်ကန်၊ နောက်ဆုံး မုဉ္စလိန္ဒာကန်ကျတော့ ရွှေလက်လှဘုရားမြောက်ဘက် နားမယန်းကျွန်းအနားမှာ ရှိတယ်ကွ”
“ဥမင်ကိုးခုကတော့ ဂန္ဓမာဓနဥမင်၊ ဘုရားနီဥမင်၊ ဘွတ်တွင်းဥမင်၊ ခဲလူးဥမင်၊ အာနန္ဒာဥမင်၊ ပုဂံမျှောဥမင်၊ ရသေ့ဥမင်၊ ရွှေဥမင်လို့ခေါ်ကြတဲ့ဥမင်တွေပေါ့ကွာ၊ တောင်ရံကိုးလုံးဟာဆိုရင်ဖြင့်် စကားတောင်၊ ကြက်တင်းတောင်၊ ကြက်ဖြူတောင်၊ ဘွတ်လည်တောင်၊ ယုန်ဖြူတောင်၊ ဘွတ်ခတောင်၊ မြင်တင်တောင်၊ မြင်မိတောင်၊ ဘွတ်သိုက်တောင်လို့ခေါ်တဲ့ တောင်ရံကိုးလုံးပဲ၊ အဲဒီတောင်ရံတွေပေါ်မှာ ဘုရားစေတီအသီးသီးရှိတယ်၊ အဲဒီဘုရားစေတီတွေက အောင်မြေတွေပေါ့ကွာ”
“နောက်ဆုံး ကုန်းကိုးကုန်းပဲကျန်တယ်မဟုတ်လား၊ အဲဒါတွေကတော့ ဝန်လည်တောင်ကုန်း၊ ရွှေသာကျောင်းကုန်း၊ သီလာပထဝီကုန်း၊ ဇေယျာပထဝီကုန်း၊ ဂန္ဓမာဓနကုန်း၊ ဣတိပိသောကုန်း၊ ဟင်္သာကုန်း၊ တိဿကုန်း၊ စိတ္တကုန်းဆိုတဲ့ ကုန်းကိုးခုပေါ့ကွာ၊ ဒီနေရာတွေမှာ မင်းက တစ်နေရာမှ ကိုးရက်တိတိအဓိဌာန်ရမယ်၊ အဓိဌာန်တစ်ရက်ပျက်တာနဲ့ ဟိုးအစကနေပြန်ပြီး စရမယ်၊ ဘယ်လိုလဲအောင်ရှိန် မင်းလုပ်နိုင်ပါ့မလား”
“သေချာပါတယ်ဆရာကြီး၊ ကျုပ်လုပ်ပါ့မယ်”
“နေရာတစ်ခုရဲ့ ပထမဆုံးနေ့မှာ အရဟံဂုဏ်တော်ကို တစ်ရာ့ရှစ်ပတ်စိတ်ရမယ်၊ နောက်တစ်နေ့ဆို နောက်ဂုဏ်တော်တစ်ခုပေါ့ကွာ၊ ကိုးရက်မြောက်တဲ့အခါ ဂုဏ်တော်ကိုးပါးစလုံး ပြည့်စုံပြီးဖြစ်ရမယ်ကွ။ မင်းအဆင်ပြေမှာပါကွာ၊ ဒါပေမယ့် တစ်ခုတော့သတိထားကွ၊ ကောင်းတဲ့ကိစ္စလုပ်ရင် အဖျက်ဆိုတာအမြဲရှိတယ်ကွ၊ မင်းသတိနဲ့ယှဉ်မှ ရနိုင်မယ်အောင်ရှိန်ရေ”
ကျုပ်လည်း ဦးမင်းခေါင်ကြီးကို ခေါင်းညိတ်ပြလိုက်မိတယ်ဗျ၊ ဦးမင်းခေါင်က ကျုပ်ကိုနှုတ်ဆက်ပြီးတော့ တန်ဆောင်းထဲကနေထွက်သွားပါရောဗျာ၊ နောက်တော့ တန်ဆောင်းရဲ့တိုင်နဲ့ကွယ်သွားပြီးတော့ ကျုပ်မျက်စိရှေ့မှာတင် လှစ်ခနဲပျောက်သွားတယ်ဗျ၊ ထူးဆန်းတာကတော့ သူပျောက်ပြီးသွားတာနဲ့ ဘုရားရင်ပြင်ပေါ်က ရသေ့တွေ၊ ကျင့်စဉ်ကျင့်နေကြတဲ့လူတွေ၊ မုတ်ဆိတ်ရှည်ကြီးတွေနဲ့ လူတွေတစ်ယောက်မှ မရှိတော့ဘဲ သာမန်ဘုရားဖူးတွေပဲ ရှိပါတော့တယ်ဗျာ၊ ကျုပ်လည်း အဲဒီနေရာမှာ ငူငူကြီးထိုင်နေမိတာပေါ့။
(၄)
ကျုပ်လည်းအတန်ကြာတဲ့အထိ ငူငူကြီးထိုင်နေမိတယ်ဗျ၊ နောက်တော့မှ ခေါင်းထဲအသိဝင်လာတယ်၊
“ငါထိုင်နေလို့မဖြစ်ဘူး၊ ပထမဆုံး ပြည်တော်ဝင်ကျင့်စဉ်က ဟောဒီဆံတော်ရှင်ဘုရားမှာ စတင်ရမယ်မဟုတ်လား၊ ဒီတော့ စောင့်နေလို့မထူးတော့ဘူး၊ ဒီနေ့ပဲစလိုက်တော့မယ်ဟေ့”
ကျုပ်လည်း ဘုရားမှာအေးအေးလူလူထိုင်လို့ရမယ့် နေရာကိုရှာလိုက်တယ်ဗျ၊ ဒါနဲ့ရွှေဆံတော်ဘုရားရဲ့ အရှေ့ဘက်ယွန်းယွန်းက ညီတော်နောင်တော်ဘုရားလို့ခေါ်တဲ့ ဘုရားအနားမှာထိုင်ပြီး ပုတီးစစိပ်ပါတော့တယ်။ ပုတီးစိပ်ပြီးတော့ အဓိဌာန်ဆုတောင်းပြီးတော့ ညနေနည်းနည်းစောင်းနေပြီပေါ့ဗျာ၊ ဒါနဲ့ကျုုပ်လည်း ဘုရားအရှေ့ဘက်မုခ်အတိုင်းပြန်ပြီးဆင်းလာခဲ့တယ်၊ စောင်းတန်းတစ်နေရာရောက်တော့ ကျုပ်ကိုလူတစ်ယောက်က လှမ်းခေါ်သဗျ။
“မောင်ရှိန်၊ မောင်ရှိန်ရေ”
ကျုပ်လှည့်ကြည့်လိုက်တော့ ဦးဖိုးထူးဖြစ်နေတယ်။ ကျုပ်လည်း မျက်နှာကိုတင်းမာလိုက်ပြီးတော့
“ဦးဖိုးထူး၊ ခင်ဗျားဘာလာလုပ်တာလဲ”
ဦးဖိုးထူးက မျက်နှာငယ်ကလေးနဲ့ဗျ။
“တကယ်တော့ ငါကမင်းမရှိရင်မဖြစ်တာကို သိလိုက်ရပါပြီကွာ၊ ငါမှားသွားတယ်မောင်ရှိန်ရာ၊ ငါလုပ်ခဲ့တာတွေအပေါ် မင်းကိုငါတောင်းပန်ချင်ပါတယ်၊ မင်းငါနဲ့ ပြန်လိုက်ခဲ့ပါကွာ၊ ငါတို့နှစ်ယောက်အတူတူ ဆွေးနွေးပြီးတော့ တို့အရင်ကလို ဝိဇ္ဇာလမ်းကို ဆက်လျှောက်ကြမယ်လေ မောင်ရှိန်ရာ”
ဦးဖိုးထူးမျက်နှာကတော့ မျှော်လင့်ချက်အပြည့်နဲ့ပဲဗျ၊ ဒါပေမယ့် ကျုပ်က ခေါင်းခါလိုက်တယ်။
“ဦးဖိုးထူးကို ကျုပ်ဘယ်လိုမှ သဘောမထားပါဘူးဗျာ၊ ဦးဖိုးထူးလုပ်ခဲ့တာတွေကိုလည်း ကျုပ်ခွင့်လွှတ်ပါတယ်”
“ဒါဆို ငါနဲ့ပြန်လိုက်မယ်မဟုတ်လား”
“မလိုက်ဘူး ဦးဖိုးထူး၊ ဝိဇ္ဇာဓရလမ်းဆိုတာက တစ်ဦးတစ်ယောက်တည်း ကျင့််ကြံပြီးလျှောက်လှမ်းရတဲ့လမ်းဗျ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူတူ ညှိပြီးလုပ်ကိုင်ရတဲ့လုပ်ငန်းမဟုတ်ဘူး၊ လူတစ်ယောက်နဲ့တစ်ယောက်က အထုံပါရမီခြင်းမတူဘူးကိုးဗျ၊ ဒီတော့ တစ်ယောက်နဲ့တစ်ယောက် ပေါက်မြောက်အောင်မြင်နိုင်ပုံလည်း မတူညီနိုင်ပါဘူး၊ ဒီတော့ ဦးဖိုးထူးလည်း ကိုယ့်လမ်းကိုယ်လျှောက်၊ ကျုုပ်လည်း ကိုယ့်လမ်းကိုယ်လျှောက်တော့မယ်”
ကျုပ်လည်း စောင်းတန်းလှေကားအတိုင်း ဆက်ဆင်းလာခဲ့တယ်၊ ဦးဖိုးထူးကို ကျော်ပြီး နှစ်ထစ်လောက်ရောက်တော့
“ဒီမှာ မောင်ရှိန်၊ ငါမင်းကို ခခယယပြောနေတာပါကွာ၊ ငါနဲ့ပြန်လိုက်ခဲ့ပါ”
“ကျုပ်ပြောပြီးသားပဲ၊ ဒီအချိန်မှာ ဦးဖိုးထူးမှမဟုတ်ဘူး ဘယ်သူလာပြောပြော ကျုပ်ရဲ့ဆုံးဖြတ်ချက်ကို ပြင်မှာမဟုတ်တော့ဘူး ဦးဖိုးထူး၊ ကဲ ကျုပ်သွားပြီ”
ကျုပ်ဆက်ဆင်းခဲ့တော့ လှေကားပေါ်က တဝုန်းဝုန်းနဲ့ပြေးဆင်းလာတဲ့အသံကိုကြားလိုက်တယ်ဗျ၊ ဦးဖိုးထူး ကျုပ်နောက်လိုက်လာမှန်းသိလို့ ကျုပ်လှည့်မကြည့်ဖြစ်ပါဘူးဗျာ၊ မကြာခင်မှာပဲ ဦးဖိုးထူးက ကျုပ်ကျောကိုဆောင့်တွန်းလိုက်သလိုခံစားလိုက်ရတယ်၊ ကျုပ်ကျောကုန်းမှာလည်း ဆစ်ခနဲဖြစ်သွားတယ်ဗျာ။ ကျုပ် အားခနဲအော်လိုက်ပြီးတော့ အနောက်ကိုလှည့်ကြည့်လိုက်တယ်။
“ဦးဖိုးထူး ခင်ဗျားကျုပ်ကိုဘာလုပ်တာလဲ”
ဦးဖိုးထူးက ပါးစပ်ကြီးပြဲပြီးတော့ ရယ်လို့ဗျ၊ ကျုုပ်လည်း ကျောကုန်းမှာ နာနေတာနဲ့ အဲဒီအနာကိုစမ်းသပ်ကြည့်လိုက်တော့ ဓါးတစ်ချောင်းက ကျုပ်ကျောကုန်းကို နစ်ဝင်နေသဗျာ၊ ကျုပ်လက်နဲ့ဆွဲထုတ်လိုက်တော့ ဓါးတစ်ချောင်းမဟုတ်ဘဲ ခြောက်လက်မလောက်ရှိတဲ့ ကြေးနဲ့လုပ်ထားတဲ့ သံလျက်ကလေးဖြစ်နေသဗျ။
“ဒါ . . . ဒါက ဘာလုပ်တာလဲ ဦးဖိုးထူး”
“ဘာဖြစ်ရမလဲကွာ၊ ဟောဒီသံလျက်က ဝိဇ္ဇာဖျက်သံလျက်လို့ခေါ်သကွ၊ ဒီသံလျက်နဲ့အထိုးခံလိုက်ရရင် အဲဒီဒဏ်ရာက တစ်သက်လုံးမပျောက်တော့ဘူးကွ၊ ဒါပေမယ့် ဝိဇ္ဇာကျင့်စဉ်တွေ ဆက်ကျင့်တယ်ဆိုရင် အဲဒီသံလျက်ဓါးအရာက တဖြည်းဖြည်းနှစ်ခြမ်းကွဲလာလိမ့်မယ်၊ ခေါင်းမာပြီးဆက်လုပ်မယ်ဆိုရင်တော့ သုံးရက်အတွင်း ကျောနှစ်ခြမ်း ဗြန်းဗြန်းကွဲပြီးတော့ သေရမယ် မောင်ရှိန်ရေ၊ ဟား၊ ဟား”
“ခင်ဗျား ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ”
“ငါက အစကမလုပ်ချင်ပါဘူးကွာ၊ ဒါပေမယ့် မလုပ်မဖြစ်လို့ပါ၊ မင်းဝိဇ္ဇာမဖြစ်ရဘူးမောင်ရှိန်၊ မင်း ပြည်တော်ဝင်ကျင့်စဉ်ကို ကျင့်လို့မရဘူး”
“ကျုပ်ဖာသာ ကျုပ်ကျင့်တာ ဘာဖြစ်သလဲဗျ၊ ခင်ဗျားအတွက် ဘာတွေထိခိုက်နေလို့လဲ”
“ငါ့အတွက်တော့ ဘာမှမထူးပါဘူးကွာ၊ ဒါပေမယ့် သခင်မအတွက်တော့ ထူးခြားတယ်ကွ”
ဦးဖိုးထူးက ပြောရင်း စောင်းတန်းတစ်နေရာကိုလက်ညှိုးထိုးပြတယ်ဗျ၊ စောင်းတန်းအောက်ဘက် လှေကားတွေကနေ တချွင်ချွင်မြည်သံတွေနဲ့အတူ ရွှေရောင်တွေတောက်ပနေတဲ့ မိန်းမတစ်ယောက်က တက်လာတယ်။
“ဟင်၊ မရွှေတောင်”
မရွှေတောင်က ခပ်ပြုံးပြုံးရယ်ဗျ၊ ကျုပ်က ဦးဖိုးထူးဘက်ကိုလှည့်လိုက်ပြီး
“ဦးဖိုးထူး၊ ခင်ဗျားနဲ့မရွှေတောင်နဲ့က ဘာတွေဖြစ်နေကြတာလဲ”
မရွေတောင်က ကျုပ်အနားကပ်လာရင်း
“ဖိုးထူးဆိုတာ ငါ့တပည့်ပဲ”
“ဟာ၊ မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး၊ ဦးဖိုးထူးက ခင်ဗျားးတပည့်ဆိုရင် ဘာဖြစ်လို့ကျုပ်ကို လာပြီးခေါ်ရမှာလဲ”
“အရင်တုန်းကတော့ တပည့်မဟုတ်ပါဘူး၊ သူငါ့ရဲ့တပည့်ဖြစ်တာ မကြာသေးဘူး”
ကျုပ်ယုံကိုမယုံနိုင်ဘူးဗျာ၊ ဒါနဲ့ ဦးဖိုးထူးကိုကြည့်လိုက်ပြီးတော့
“ဦးဖိုးထူး၊ ခင်ဗျားဗျာ၊ မရွှေတောင်ဘယ်လိုလူစားလဲဆိုတာ ခင်ဗျားလည်းသိတယ်မဟုတ်ဘူးလား”
“သိပါ့ကွာ၊ သိပ်သိတာပေါ့၊ ဒါပေမယ့် မင်းသူကြီးရဲ့သမီးကို ဆေးကုပေးလိုက်တဲ့အချိန်မှာ ငါ့ခေါင်းထဲမှာအတွေးတွေဝင်လာတော့တယ်၊ ငါလို ဆယ်နှစ်ဆယ်မိုးမက နှစ်ပေါင်းများစွာ ဂန္ဓာရီခရီးလိုက်ပြီး ကျင့်စဉ်တွေကျင့်တဲ့လူက ဘာတန်ခိုးဘာအစွမ်းမှ မရပဲ၊ မင်းလို ငါ့နောက်ပေါက်ကောင်လေးတစ်ယောက်က ဝိဇ္ဇာဓရလမ်းကို ရက်ပိုင်းလောက်ပဲသိထားတဲ့လူက လူအထင်ကြီးအောင်လို့ ဆေးကုသနိုင်တယ်ဆိုတာကိုတွေးပြီး ငါစိတ်မကောင်းဖြစ်မိတယ်”
“ခင်ဗျားက စိတ်မကောင်းဖြစ်တာမှမဟုတ်တာ၊ လတ်စသတ်တော့ ခင်ဗျားက ကျုပ်ကိုမနာလိုတာပဲ”
ဦးဖိုးထူးက ခေါင်းညိတ်ပြီးတော့
“အေးလေ၊ မနာလိုဘူးလို့ပဲပြောချင်ပြောပါကွာ၊ ဒီအချိန်မှာ မရွှေတောင်က ငါ့ကိုဆက်သွယ်လာခဲ့တယ်၊ တကယ်လို့ မင်းကိုလမ်းမှားရောက်အောင် ခေါ်နိုင်တယ်၊ မင်းအထက်လမ်းကို မလိုက်စားဖြစ်အောင်လုပ်နိုင်တယ်ဆိုရင် ငါ့ကိုအစွမ်းတွေပေးမယ်လို့ သူက ကတိပေးခဲ့တယ်၊ ဒါနဲ့ သူနဲ့ငါနဲ့ အပေးအယူတစ်ခုလုပ်ခဲ့ကြတယ် မောင်ရှိန်၊ သူက ငါ့ကိုအစွမ်းတန်ခိုးတွေပေးပေါ့၊ ငါကတော့ မင်းကို ဝိဇ္ဇာကျင့်စဉ်တွေမကျင့်နိုင်အောင် တားပေးမယ်ဆိုပြီး အပေးအယူလုပ်ခဲ့တယ်”
“ကျုပ်နားလည်ပြီ ဦးဖိုးထူး၊ ဒါကြောင့် ခင်ဗျားက သိပ်စွမ်းသွားတာကိုး”
“မှန်တယ်၊ ဒါကြောင့် ငါလူတွေကို အောက်လမ်းနည်းနဲ့ ဆေးကုပေးတယ်၊ ပြီးတော့ ငွေတွေ၊ ကျော်ကြားမှုတွေနဲ့ မင်းကိုမက်လုံးပေးပြီး ဖျက်ဆီးဖို့လုပ်ခဲ့တာပဲ၊ ဒါပေမယ့် စိတ်မကောင်းတာတစ်ခုက မင်းက ငါထင်သလိုမဖြစ်ခဲ့ဘူး၊ ဒါကြောင့် မရွှေတောင်နဲ့ငါနဲ့တိုင်ပင်ပြီးတော့ မင်းကိုအချုပ်ကျအောင်လုပ်လိုက်တာပဲ”
“ခင်ဗျားတို့ တော်တော်မကောင်းတဲ့လူတွေပဲဗျာ”
“ဆက်နားထောင်ပါအုံး မောင်ရှိန်ရာ၊ မင်းကို ရဲစခန်းကအချုပ်လောက်နဲ့ ချုပ်ထားလို့မရဘူးဆိုတာ ငါတို့သိပါတယ်၊ ဒါကြောင့် မင်းကိုသံယောဇဉ်ကြိုးနဲ့ ချုပ်မယ်လို့စိတ်ကူးလိုက်ပြီးတော့ မင်းမိန်းမရဲ့အိမ်ကိုသွားပြိး မင်းအချုပ်ကျနေတဲ့အကြောင်း သွားသတင်းပေးလိုက်တာပဲ”
“မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ သူတို့အိမ်ကိုသွားတဲ့ပုံစံက ခင်ဗျားပုံစံနဲ့မတူဘူး”
ဒီတော့ ဦးဖိုးထူးက တဝါးဝါး တဟားဟားနဲ့ရယ်မောပြီး
“ငါလိုအစွမ်းတွေရနေတဲ့ အောက်လမ်းဝိဇ္ဇာတစ်ယောက်အတွက်တော့ ရုပ်ပြောင်းရုပ်လွှဲဆိုတာ ကလေးကစားတဲ့နည်းလမ်းသာသာလောက်ရှိတာပါ မောင်ရှိန်ရာ၊ မရွှေတောင်က မင်းမိသားစုနဲ့ပြန်တွေ့တဲ့အခါ၊ မင်းရဲ့သားမယားနဲ့ပြန်တွေ့တဲ့အခါမှ မင်းစိတ်ပြောင်းသွားလိမ့်မယ်လို့ထင်ခဲ့တယ်၊ ဒါပေမယ့် မင်းစိတ်မပြောင်းခဲ့တာ အံ့သြစရာပါပဲကွာ”
“ဒါဆို ခုနက ဘီလူးနှစ်ကောင်ကရော”
“သေချာတာပေါ့ မောင်ရှိန်ရာ၊ ပြည်ကန်တော်ရှင်မောင်နှမလက်အောက်က ဘီလူးနှစ်ကောင်ကို မက်လုံးပေးပြီးတော့ မင်းကိုသတ်ခိုင်းခဲ့တာပေါ့၊ ကံမကောင်းချင်တော့ ဘိုးမင်းခေါင်က မင်းကိုဝင်ကယ်သွားတယ်လေကွာ၊ ဒါကြောင့် နောက်ဆုံးအနေနဲ့ မင်းရဲ့လက်ထဲက ဝိဇ္ဇာဖျက်သံလျက်ကို ထုတ်သုံးဖို့ စီစဉ်လိုက်ရတာပဲ”
မရွှေတောင်က ကျုပ်အနားကိုလာပြီး
“ဒီအကျင့်တွေကို ဆက်ပြီးမကျင့်ပါနဲ့ မောင်ကြီးရယ်၊ ဆက်ကျင့်ရင် မောင်ကြီးသေရလိမ့်မယ်”
မရွှေတောင်က ချွဲချွဲနွဲ့နွဲ့နဲ့ ကျုပ်ကိုပြောတယ်ဗျ၊
“ဖွီ၊ မင်းဒီလိုလုပ်တာတွေကို ငါရွံတာမရွှေတောင်၊ မင်းတို့ဘယ်လိုလုပ်လုပ်၊ ငါ့ကိုဘယ်လိုခြိမ်းချောက်ခြိမ်းချောက် ငါမကြောက်တတ်တော့ဘူးကွ၊ ငါကတော့ ငါလုပ်စရာရှိတဲ့အတိုင်း ဆက်ပြီးလုပ်ရမှာပဲ”
မရွှေတောင်က တဟင်းဟင်းနဲ့ရယ်ရင်း
“ဝိဇ္ဇာဖျက်သံလျက်ကို မောင်ကြီးအထင်သေးနေတယ်နဲ့တူတယ်၊ ကောင်းပြီလေ၊ မောင်ကြီးဆက်လုပ်ပါ၊ သေသွားတော့လည်း မောင်ကြီးရဲ့ဝိဉာဉ်ကိုဖမ်းချုပ်ပြီး ကျွန်မရဲ့နန်းမှာ ရုပ်သေးလုပ်ကစားရတာပေါ့၊ ဟား၊ ဟား၊ ဟား”
မရွှေတောင်က ခပ်သဲ့သဲ့ရယ်မောပြီးတော့ စောင်းတန်းအောက်ကိုပြန်ဆင်းသွားတယ်၊ မရွှေတောင်အနောက်က ဦးဖိုးထူးက လိုက်သွားတယ်ဗျ၊ ဦးဖိုးထူးက ကျုပ်ကိုလှည့်ကြည့်ပြီးတော့ပြီတီတီပြုံးပြခဲ့သေးတယ်ဗျာ။
“တောက်၊ တော်တော်အကျင့်မကောင်းတဲ့ဟာတွေ”
ကျုပ်လည်း ရေရွတ်ပြီးတော့ လက်ထဲက သံလျက်ကလေးကို စောင်းတန်းနံဘေးက ချုံတစ်ခုထဲကိုပစ်ထည့်လိုက်တယ်၊ ကျုပ်ကျောကိုဖိရင်း စောင်းတန်းပေါ်ကနေဆင်းလာခဲ့တယ်ဗျ၊ အနာက သိပ်တော့မနာဘူး၊ သိပ်လည်းပွင့်မသွားဘူးဗျ၊ ယုတ်စွအဆုံး သွေးတောင်မှ မထွက်ပါဘူးဗျာ၊ ဒါပေမယ့် ဘုရားခြေရင်းရောက်တော့မှ ပိုပြီးနာလာတာပါပဲ၊ နာလွန်းလို့ ကျုပ်ဘုရားတလိုက်မိတော့ ဒဏ်ရာက ဟက်ခနဲကွဲထွက်သွားပြီး သွေးတွေကျောကနေစီးကျလာပါရောဗျာ၊ ကျုပ်လည်းဒီလောက်နဲ့ ရမလားဟဲ့ဆိုပြီး ဘုရားစာတွေချည်းလှိမ့်ရွတ်တော့တာ၊ ကျုပ်ဘုရားစာရွတ်လေလေ၊ သွေးတွေက ရေတွေလောင်းချသလို ဟောခနဲ၊ ဟောခနဲနဲ့ ဆင်းလာပြီး ခဏအကြာမှာပဲ ကျုပ်ခြေထောက်အောက်မှာ သွေးအိုင်ကြီးတစ်အိုင်ဖြစ်သွားတော့တယ်။
သွေးတွေအထွက်များလို့ ကျုပ်လည်း ခေါင်းတွေမူးလာပြီးတော့ ခြေသုံးလှမ်းလောက် လှမ်းပြီးတဲ့အခါ ခွေကျသွားတော့တယ်၊ မြေပြင်ပေါ်ရောက်တာတောင်မှ ကျုပ်က ပက်လက်လှန်ပြီးတော့ ရွှေဆံတော်ဘုရားဆီ လက်အုပ်ချီပြီး ရှိခိုးနေမိတယ်၊ ဒီအတိုင်းဆိုရင်တော့ ကျုပ်သေမှာ သေချာပါတယ်ဗျာ။ လူတွေကလည်း ကျုပ်အနားကိုဝိုင်းလာကြတယ်ဗျ၊ သွေးအိုင်ထဲလဲနေတဲ့ ကျုပ်ကိုကြည့်ပြီး တစ်ယောက်တစ်ပေါက်နဲ့ပြောဆိုနေကြတယ်၊
“ကျွတ်၊ ကျွတ် သနားစရာကောင်းတဲ့ ဒကာလေးပါလား”
နီညိုရောင်သင်္ကန်းဝတ်ထားတဲ့ ဦးဇင်းတစ်ပါးက ကျုပ်ကိုမိုးပြီးငုံ့ကြည့်နေတယ်ဗျ၊ အဲဒီအချိန်ကျုပ်လည်း အားပြတ်ပြီးတော့ မေ့လဲကျသွားပါရောဗျာ၊ ဘာတွေဆက်ဖြစ်မှန်းတော့ မသိဘူးဗျ၊ ကျုပ်မျက်လုံးထဲမှာလည်း အနီရောင်၊ အဝါရောင်တွေက ရောင်စုံတောက်နေတော့တာပါပဲဗျာ၊ ကျုပ်ဖြင့် ဒီဘဝကနေ သေလွန်ပြီး နောက်ဘဝကို ကူးပြောင်းသွားပြီလို့တောင် ထင်နေတာဗျ။
ပြီးပါပြီ
Leave a Reply