ပုဏ္ဏတိကမြတ်စိမ်း

အတိုင်း လယ်သမားအဖြစ်နဲ့ ပုံမှန်ဘဝမှာပဲ ရှိနေခဲ့တာပေါ့။

‘ ဟေ့ကောင်တွေ…ရန်မဖြစ်ကြနဲ့…’

ကလေးတွေဘက်က အော်သံတွေကြောင့် ကျုပ် အတွေးတွေ ပြတ်တောက်သွားရတယ်။ ကျုပ်လှမ်းကြည့်မိတော့ အခုနက မှိုလုနှုတ်နဲ့ ကလေးနှစ်ယောက် လုံးထွေးနေကြပြီ။

‘ ဟေ့…ဟေ့ ကလေးတွေ၊ ဟိုကောင်တွေ ခွဲကြဦးလေကွာ…’

ကျုပ်လည်း လှမ်းအော်မိတယ်။

ဒါပေမယ့် ကျုပ်စကားက လေတင်မှာရှိနေတဲ့ သူတို့ဆီကို မရောက်ဘူး။

ကျန်ကလေးတွေက ရန်ဖြစ်နေတာကို ဒီအတိုင်းကြည့်ရင်း အော်နေကြတယ်။

လုံးနေတဲ့ နှစ်ယောက်ကတော့ သူနိုင်ကိုယ်နိုင် အသည်းအသန်သတ်ပုတ်လုံးထွေးနေကြဆဲပဲ။ ကျုပ်လည်း မနေသာလို့ ကလေးတွေရှိရာကို ဖြန်ဖြေဖို့ အပြေးလှမ်းမိရတော့တယ်။

‘ ဟေ့ကောင်တွေ တော်ကြတော့။ တော်လိုက်ကြ…’

ကျုပ်ရောက်သွားပြီး ငေါက်ငမ်းဖျန်ဖြေတော့မှ ဒီကလေးနှစ်ကောင် ရန်သတ်နေရာက ရပ်တန့်သွားကြတယ်။

သူတို့လည်း ကျုပ်တို့တုန်းကလိုပဲ မှိုတွေအကုန် ပြန့်ကျဲလွင့်စင်လို့ရယ်ပေါ့။ နှစ်ယောက်စလုံးလည်း ပွန်းပဲ့ရာတချို့ သွေးစကလေးတွေစို့ရင်း ရှိနေတယ်။

‘ သွား…သွား။ မင်းတို့အားလုံး ပြန်ကြတော့…’

ကျုပ် အားလုံးကို ပြန်လွှတ်လိုက်တယ်။

သူတို့က မကျေနပ်ကြပေမယ့် လွန်ဆန်တာမျိုးတော့ မရှိဘူး။ ကျုပ်လည်း သူတို့ရန်ဆက်ဖြစ်မှာ စိုးတာနဲ့…။

‘ ဟေ့ကောင်တွေ…လမ်းမှာ ရန်မဖြစ်အောင် လူစုခွဲသွားကြနော်။ ပေါက်ကျော် မင်း ဒီကောင်တွေကို သေသေချာချာ ကြည့်သွား…’

ကျုပ်လှမ်းအော်တော့ ပေါက်ကျော်က ရန်ဖြစ်ထားတဲ့ ကလေးနှစ်ယောက်ကို တစ်ယောက်ဆီ ခွဲထုတ်လိုက်တယ်။

အဲ့ဒီနောက်တော့ ကလေးတစ်သိုက်ဟာ ရန်ဖြစ်ငြင်းခုန်တာမျိုး ထပ်မဖြစ်တော့ဘဲ လူစုခွဲပြီး ရွာထဲကို ပြန်သွားခဲ့ကြတယ်။

ဒီတော့မှ ကျုပ်လည်း သက်ပြင်းချမိပြီး လယ်ထဲပြန်ဆင်းပြီး လုပ်စရာရှိတာ ပြန်ပြီး လုပ်နေလိုက်တော့တာပေါ့…။

*******

နောက်တစ်နေ့မနက်မှာလည်း ထုံးစံအတိုင်း အာရုံတက်ပြီဆိုတာနဲ့ နွားနှစ်ကောင်ဆွဲလို့ လယ်ထဲဆီကို ကျုပ် ဆင်းခဲ့ပြန်တယ်။

ဒီနေ့တော့ ကျန်တဲ့ တစ်ဧကကို တစ်မနက်နဲ့ ထယ်ကြမ်းချမယ်လို့ ကျုပ်ဆုံးဖြတ်ထားတယ်။ တကယ်တမ်းလုပ်တော့ တစ်မနက်မကြာလိုက်ဘူး။ ခဏနဲ့ ပြီးသွားတယ်။

ဒါနဲ့ အချိန်လည်းကျန်သေးတာမို့ နောက်တစ်ကြော့ ထယ်အချောလိုက်မိရတယ်။

တစ်ဧကကို ထယ်ရေးအချောချပြီးချိန်ကျတော့ ဆွမ်းစားချိန်တောင် ကျော်ခဲ့ပြီ။

ကျုပ်လည်း ထွန်ဖြုတ် နွားသိမ်းပြီး ပြန်ခဲ့လိုက်တယ်။

မနက်ဖြန်ကျမှ တံဆိပ်ရိုက်မယ်၊ ကြမ်းတုံးချရမယ်။

ကျုပ်လည်း နွားတွေဆွဲရင်း ပြန်လာလိုက်တာ ရွာထိပ်ကို ရောက်လာတယ်။

ရွာထဲကို ဝင်လိုက်တာနဲ့ ရွာထဲလူတွေ ဟိုစုစု၊ ဒီစုစုဖြစ်နေတာကို ကျုပ်သတိထားမိခဲ့လေရဲ့။

‘ တောင်ပိုင်းက မြစိုးရဲ့ သားငလေးနဲ့ အရှေ့ဘက်ကုန်းက စိုးအောင်သား ရွှေပေါတို့နှစ်ယောက် မနက်က ဆုံးသွားလို့…’

ရွာအဝင်နေတဲ့ မဝင်းမာက ပြောတာ။ ကျုပ် ကြားကြားချင်း အတော်လေး အံ့အားသင့်သွားရတယ်။

ဒီကလေးနှစ်ယောက်က မနေ့တုန်းက မှိုနှုတ်ရင်း ရန်ဖြစ်ကြလို့ ကျုပ်ကိုယ်တိုင် ဖျန်ဖြေပေးခဲ့ရတဲ့ ကလေးတွေလေ။ အခု ဘယ်လိုများဖြစ်တာပါလိမ့်။ ကျုပ် တွေးလို့ကို မရဘူး။

ကျုပ်လည်း ခပ်သုတ်သုတ် အိမ်ပြန်ခဲ့ပြီး နွားတွေကို ထားလိုက်တယ်။ ပြီးတော့ အိမ်ပေါ်တောင် မတက်နိုင်ဘူး။ နာရေးအိမ်နှစ်အိမ်ကို အပြေးသွားမိတော့တာရယ်။

နီးတဲ့ မြစိုးတို့အိမ်ကို ကျုပ် အရင်သွားမိတယ်။

ကျုပ်ရောက်သွားတော့ ငလေးရဲ့ အလောင်းကို အခေါင်းထဲသွင်းဖို့ လုပ်နေကြပြီ။

‘ အမလေး…အမေ့သားလေးရဲ့၊ ညတုန်းက အကောင်း၊ အစောကြီးအိပ်ချင်လို့ဆို အိပ်ရာဝင်သွားပြီး မနက်ကျမှ ဘယ်က၊ ဘယ်လိုဖြစ်ရတာလဲ အီး…ဟီး…’

မြစိုးမိန်းမ စန်းလှက သားဖြစ်သူအတွက် ရင်ထုမနာဖြစ်ပြီး အော်ဟစ်ငိုတယ်။

ကျုပ်ဖြင့် ကြည့်ပြီး ရင်ထဲ မချိလှဘူး။

ကျုပ် အရှေ့ဘက်ကုန်းကို ဆက်လှမ်းခဲ့ပြန်တယ်။

အရှေ့ဘက်ကုန်းက စိုးအောင်တို့အိမ်ကိုရောက်တော့ သူ့သားရွှေပေါလေးရဲ့ အလောင်းက အိမ်ပေါ်မှာ စောင်လေးအုပ်လို့။ အမေဖြစ်သူ မနုကတော့ ရွှေပေါလေးရဲ့ အလောင်းနံဘေးဆီမှာ တသိမ့်သိမ့်ငိုရင်း ရှိနေတယ်။ စိုးအောင်ကတော့ သားဖြစ်သူအတွက် စိတ်မကောင်းပေမယ့် စိတ်ကိုတင်းပြီး နာရေးအတွက် စီမံနေတယ်။

‘ ဘယ်လိုဖြစ်တာလဲဗျာ…’

ကျုပ် စိုးအောင်အနားကို ကပ်ပြီး မေးလိုက်တယ်။

‘ ညတုန်းကအထိ အကောင်းဗျာ။ မနက်ကျမှ အိပ်ရာကသွားနှိုးတော့ တစ်ကိုယ်လုံး အေးစက်နေပြီး အသက်မရှိတော့ဘူး။ ဘယ်အချိန်က ဆုံးတယ်ဆိုတာတောင် မသိလိုက်ပါဘူး ကိုငလုံးရာ…’

ကျုပ်လည်း အတွေးတွေ ချာချာလည်ရတယ်။

ကလေးနှစ်ယောက်ရဲ့ သေဆုံးပုံတွေက တစ်ထပ်ထဲနီးပါးပဲ။

ဒီအထဲမှာ ထွေထူးပြီး ကျုပ်တွေးမိတာတော့ သူတို့အချင်းချင်းရန်ဖြစ်ရာက ထိမိခိုက်မိလို့လားရယ်ပေါ့။ ဒါပေမယ့် ဒါကလည်း မဖြစ်နိုင်။

ကလေးချင်းရန်ဖြစ်တုန်းက လက်ထဲမှာ အန္တရာယ်ပေးနိုင်တဲ့အရာ ဘာဆိုဘာမှ ကိုင်ဆောင်ထားတာမဟုတ်ဘူး။ ဒါကို ကျုပ်အသိ။

ဒါဖြင့် လုံးရင်းထွေးရင်း ပိုးတွေဘာတွေများ ထိရော့သလား။ ဒါလည်း မဖြစ်နိုင်။ ပိုးထိမယ်ဆို သူတို့လည်း နာကျင်မှုကြောင့် အော်မိကြမယ်။ အခြားကလေးတွေလည်း ရှိနေတာမို့ မြင်လည်းမြင်နိုင်မှာက အသေအချာ ။ ကျုပ်ကိုယ်တိုင်လည်း အနားသွားပြီး ဖျန်ဖြေခဲ့ရတာမို့ ဒီလိုတော့မရှိ။

အခုတော့ တိုက်ဆိုင်တာထက်ပိုပြီး ဒီကလေးနှစ်ယောက် အသက်ဆုံးရှုံးသွားရတယ်။

ကျုပ်လေ တွေးလေလေ တွေးမရလေဖြစ်လာရတယ်။

ဒီလိုနဲ့ ညဘက်ရောက်တော့ ခွေးတွေကလည်း အူလိုက်တာမှ တရားလွန်ကြီးဗျာ။

တစ်ရွာလုံးကလည်း ပုံမှန်ထက်ကို တိတ်ဆိတ်လို့ရယ်။

ညကြီးကဗျာ ခြောက်ခြားစရာ ကောင်းလွန်းနေတယ်။

နာရေးအိမ် နှစ်အိမ်ဆီမှာတော့ လူသူနဲနဲရှိနေကြတယ်။ ထူးဆန်းတာက ဒီနာရေးနှစ်ခုကို စိတ်မကောင်းကြလို့လားတော့မသိဘူး။ အရင်က နာရေးများဆိုရင် အရှေ့ဆုံးက ရောက်တတ်တဲ့ လောင်းကစားသမားတွေ ထူးထူးခြားခြား ဒီနာရေးနှစ်ခုကိုတော့ ရောက်မလာကြဘူး။

ညက တဖြေးဖြေးနက်လာတယ်။

ကျုပ်လည်း ညဉ့်ဦးပိုင်းက နာရေးအိမ်တွေဘက်သွားပြီး အစောပြန်လာရင်း အိပ်ရာထဲကို အစောဝင်ခဲ့မိတယ်။

အိပ်ရာထဲမှာ ကျုပ် အိပ်မပျော်ဘူး။

ဒီကလေးနှစ်ယောက်ရဲ့ အဖြစ်အပျက်ဟာ သာမန်တိုက်ဆိုင်မှု မဟုတ်ဘူးဆိုတာ ကျုပ်စိတ်ထဲ သိနေမိတယ်။ ဒါပေမယ့် ဘာကြောင့်ဖြစ်တယ်ဆိုတာကို လုံးဝတွေးမရခဲ့ဘူး။

ဒီလိုနဲ့ ကျုပ်လည်း တွေးရင်းလည်ရင်းနဲ့ မှေးခနဲ ဖြစ်သွားရပါတော့တယ်။

******

‘ အား…သ…သရဲ ကယ်ကြပါဦး…’

ကျုပ်နားထဲ စူးစူးရှရှ အော်သံကြီးတိုးဝင်လာတာကြောင့် ဆတ်ခနဲ လန့်နိုးမိရတယ်။

အော်သံက နံဘေးအိမ်က မခင်ကြီးရဲ့ အသံ။

‘ ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ…’

‘ ကိုထွန်းရေ…ကိုထွန်း လာပါဦး၊ ကယ်ပါဦး…’

အသံဗလံတွေက ဆူဆူညံညံဖြစ်လာတော့ ကျုပ်လည်း မနေသာတော့ဘူး။

ဘာတွေဖြစ်ကုန်သလဲလို့ဆိုပြီး စိတ်ပူမိတာနဲ့ ဓာတ်မီးယူလို့ ကိုထွန်းတို့ မခင်ကြီးတို့ အိမ်ဘက်ကို အပြေးသွားမိတယ်။

ကျုပ်ရောက်သွားတော့ ကိုထွန်းက ပျော့ခွေပြီး သတိလစ်လုလုဖြစ်နေတဲ့ သူ့မိန်းမ မခင်ကြီးကို ထိန်းကူပေးထားတယ်။ နံဘေးအိမ်က လူတွေလည်း ရောက်နေကြပြီရယ်။

‘ ရေတိုက်ကြပါဦး…’

မခင်ကြီးဆီက အသံယဲ့ယဲ့ကြောင့် ရေခပ်တိုက်ကြတယ်။

‘ ဘယ်လိုဖြစ်တာလဲ…’

‘ ကျုပ်…ကျုပ် အလေးသွားပြီး ပြန်အထ၊ ကျုပ်အရှေ့မှာ ဗြုန်းခနဲဆို အရိပ်မည်းကြီးတစ်ခု ပေါ်လာတာ။ လူလိုပဲ ဒါပေမယ့် အုန်းပင်လို ပိန်ရှည်ရှည်ကြီး…’

‘ ဟာ…’

ကြားရတဲ့ စကားက တကယ်အံ့အားသင့်စရာ။

ကျုပ်တို့ရွာပတ်ဝန်းကျင်မှာ သရဲခြောက်တတ်တဲ့ နေရာတချို့ ရှိတတ်ပါတယ်။ ဒီလိုနေရာတွေမှာတောင် အကောင်အထည်လိုက်ကြီး မြင်ရတာက မရှိသလောက် ခပ်ရှားရှား၊

အခုက ရွာထဲမှာကိုပဲ အကောင်အထည်လိုက်ကြီးတဲ့ဗျာ။

မခင်ကြီးကို သူ့အိမ်အပေါ်ဆီ ပို့ကြတယ်။

ပြီးတော့ ပရိတ်ရေတွေဘာတွေ တိုက်ကျွေးပက်ဖြန်းပြီးနောက်မှာ ကျုပ်လည်း အိမ်ကို ပြန်ခဲ့တယ်။

မနက်ကျတော့ မခင်ကြီးလိုမျိုး အဲ့ဒီ့သရဲကောင်ကို ထပ်မြင်သူ နှစ်ယောက်သုံးယောက် ရှိကြောင်း သိကြရတယ်။

ကလေးနှစ်ယောက်က ဘာကြောင့်မှန်းမသိ၊ ရှေ့ဆင့်နောက်ဆင့် သေထားလို့ ရွာက လန့်နေကြပါတယ်ဆို၊ အခုအဖြစ်ကြောင့် ဘာလုပ်ရမယ်မှန်းတောင် မသိတတ်တော့ဘူး။ မနက်ခင်းအချိန်က တိတ်ဆိတ်ငြိမ်သက်လို့၊ အရင်လို လှုပ်လှုပ်ရှားရှား မရှိကြဘူး။

ကျုပ်လည်း အဲ့ဒီ့နေက ရွာထဲ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတာမို့ လယ်ထဲမဆင်းဖြစ်ဘူး။ တစ်ရွာလုံးလည်း ကျုပ်လိုပဲ လယ်ထဆင်းသူ မရှိကြပါဘူး။

ဒါပေမယ့် နောက်တစ်နေ့ မနက်မှာတော့ ကျုပ်လည်း အလုပ်မရှိရင် မနေသာတာနဲ့ နွားနှစ်ကောင်ဆွဲပြီး စောစောပဲ လယ်ထဲကို ဆင်းဖြစ်ခဲ့တယ်။

လယ်ထဲရောက်တော့ မနေ့က ထွန်ပြီးသား မြေစာတွေကို တံဆိပ်ရိုက်၊ ကြမ်းတုံးဆွဲဖို့ ပြင်တယ်။

ကျုပ် လုပ်နေကိုင်နေရင်း ဟိုကလေးနှစ်ယောက်ရဲ့ ကိစ္စကို ခေါင်းထဲ တွေးနေမိတယ်။ ဘာကြောင့်ဆိုတာ အဖြေက မရဘူး။

‘ ဟေး….ရမထာ၊ ရွှေကြိမ်ကိုင်လို့ ထွန်တုံးပေါ်တဲ့ ထိုင်ကာရယ်…ထိုင်ကာရယ်။ ရွှေမိုးညို ရွာစေဖြိုးဖို့ ထွန်တုံးကို ငွေရည်သွန်းလို့ ဂါထာကို….နာနာ ရွတ်လေတော့တယ်…’

နားထဲကို တိုးဝင်လာတဲ့ အသံကြောင့် ကျုပ်ကြည့်မိတော့၊ လယ်ထွန်မင်္ဂလာသီချင်းကို သူ့နည်းသူ့ဟန် စာသားစပ်ပြီး အသံပြာပြာကြီးနဲ့ ဟစ်အော်သီဆိုလာတဲ့ သူရူးတစ်ယောက်ကို မြင်မိတယ်။

သူရူးက လယ်ကန်သင်းတွေအတိုင်း ခုန်ပေါက်ရင်း သွားနေတယ်။

ကျုပ်ကြည့်နေတုန်း အရူးက ကျုပ်ကို မြင်သွားလေရဲ့။ ပြီးတော့ ခုန်ပေါက်နေရာက ခဏရပ်ပြီး ကျုပ်ဆီကို လှမ်းကြည့်တယ်။

ပြီးတော့ ကျုပ်ဆီကို လက်ညှိုးတထိုးထိုးနဲ့ လာချေတော့တာပဲ။

ကျုပ်လည်း နှောက်ယှက်မှာစိုးလို့ အရူးကို တစ်ချက်ပဲ ကြည့်ပြီး မသိသယောင်ဆောင်နေလိုက်မိတယ်။

ဒါပေမယ့် မကြာပါဘူး။ အရူးက ကျုပ်ဆီကိုမှ ကျုပ်ဆီကို တန်းတန်းကြီးရောက်လာတာပါပဲ။

‘ ဟေ့ လူသား…’

ကျုပ်လယ်ကျင်းရဲ့ ကန်သင်းအပေါ်မှာထိုင်ပြီး သူရူးက မေးလာတာ။ ကျုပ်လည်း မသိသယောင် ဆက်ဆောင်နေလိုက်မိတယ်။

‘ ဟေ့…ဟေ့…လူသား။ နင့်ကို ငါသူတော်လေး ခေါ်နေတယ်လေ…’

သူရူးက ယုတ်ရင်းကြမ်းတမ်းတဲ့ စကားကို မသုံးဘဲ ကျုပ်ကို ယဉ်ယဉ်ကျေးကျေးဘဲ ထပ်ပြောလာတယ်။

‘ အင်း…ဘာပြောမလို့လဲ…’

ကျုပ်က ပြန်ဖြေတော့ သူရူးက ပျော်သွားပုံပါပဲ။ ကျုပ်ကို ကြည့်ပြီး စပ်ဖြဲဖြဲရယ်ချလိုက်လို့…။

‘ ငါ သူတော်လေး မေးစရာရှိလို့…’

‘ အင်း မေးလေ။ ဘာမေးမလို့လဲ…’

‘ ဒီနားလေးမှာ ပုဏ္ဏသိကမြက်ပင်ပေါက်နေတယ်လို့ ငါသူတော်လေးကို ဟိုးဘက်က ရုက္ခစိုးက ပြောလာတယ်။ အဲ့ဒါ…နင်များ သိလိမ့်မလားလို့…’

ကျုပ်ဖြင့် ပုဏ္ဏသိကမြက်စိမ်းဆိုတာ ကြားတောင်မကြားဖူးပါဘူးဗျာ။

‘ ကျုပ် မသိဘူးဗျ…’

‘ အင်း…’

သူရူးက ခေါင်းကို ကုတ်ပြီး စဉ်းစားဟန်ပြုတယ်။ ပြီးတော့…။

‘ အင်းလေ…နင်က ငါသူတော်လေးလို နတ်သားမှမဟုတ်တာ၊ ဘယ်သိပါ့မလဲ။ ကိုယ့်ဘာသာပဲ ရှာတော့မယ်…’

‘ ရှာ…ရှာ…စိတ်ကြိုက်ရှာ…’

သူရူးက ပြောပြောဆိုဆို ထွက်သွားတယ်။ ကျုပ်လည်း သူရူးကို ဂရုမထားတော့ဘဲ ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်နေတာပေါ့…။

တအောင့်နေလို့ ကျုပ်အရူးကို ကြည့်မိတော့ နံဘေးက မြက်ခင်းတွေအကြားမှာ ကုန်းကုန်းကွကွနဲ့။ သူ့ကြည့်ရတာ တစ်ခုခုကို ရှာဖွေနေသလိုပါပဲ။

ကျုပ်လည်း ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေမိတယ်

ခဏကြာတော့ နေက သိပ်ပြင်းလာပြီ။

နွားတွေလည်း ပန်းလှပြီမို့ ကျုပ်လည်း ထွန်ဖြုတ်ဖို့ ဆုံးဖြတ်ပြီး ကန်သင်းအပေါ်ကို တက်မိတော့ အရူးက တစ်မြန်နေ့က ကလေးနှစ်ယောက် ရန်ဖြစ်တဲ့နေရာဆီမှာ လက်နှစ်ဖက် ပေါင်ပေါ်တင်ပြီး တရားထိုင်သလို တင်ပုလ္လင်ခွေ ထိုင်နေတယ်။

ကျုပ်လည်း အရူးလုပ်နေပုံကို ကြည့်ပြီး စိတ်ဝင်စားမိရတယ်။

ဒါကြောင့် နွားနှစ်ကောင်ကို ကန်သင်းဆီမှာ လှန်ထားလိုက်ပြီး အရူးဆီကို လှမ်းသွားမိတာပေါ့။

ကျုပ်အနားရောက်သွားတော့ သူရူးက…။

‘ ဟေ့လူသား…ရှေ့ဆက်မတိုးနဲ့၊ ပုဏ္ဏသိက မြက်စိမ်းက ဒီမှာ။ နင်ထိတာနဲ့ နင်ဒုက္ခရောက်လိမ့်မယ်…’

‘ ဟင်…’

အရူးရဲ့ စကားကြောင့် ကျုပ် အံ့သြရတာပေါ့။

ကျုပ်ကို ပြောပြီးတာနဲ့ အရူးက အခုနကလို ပြန်ထိုင်နေတာဗျာ။

ကျုပ်လည်း ကြောင်အမ်းပြီး ရပ်နေမိတာပေါ့။ အတွေးတွေလည်း ချာချာလည်နေရတယ်။ အတန်ကြာတော့မှ အရူးက မှိတ်ထားတဲ့ မျက်လုံးတွေကို ဖွင့်လာပြီး ကျုပ်ကို ကြည့်လာလို့…။

‘ ဟေ့ လူသား…’

‘ ဗျာ…’

ဒီတစ်ခါ ကျုပ်ဘာဖြစ်သွားတယ်မသိဘူး။ အရူးစကားကို ရိုရိုသေသေဖြေမိတာရယ်။

‘ နင်တို့ရွာထဲမှာ ထူးထူးခြားခြား ဖြစ်နေတာများ ရှိ့သလားလို့…’

‘ ဟင်…ဘာကို မေးတာလဲ…’

‘ အခုရက်အတွင်းကို နင်တို့ရွာထဲမှာ ပုံမှန်အခြေအနေမဟုတ်ဘဲ လူသေတာတို့၊ ဒါမှမဟုတ် တခြားပုံမှန်မဟုတ်တဲ့ အဖြစ်မျိုး ဖြစ်နေတာရှိသလားလို့…’

သူရူးစကားက ကျုပ်ကို တကယ်ပဲ အံ့သြသွားစေတယ်။

‘ ရှိ…ရှိတာပေါ့ဗျာ။ လွန်ခဲ့တဲ့ရက်ကပဲ ကျုပ်တို့ရွာထဲ ကလေးနှစ်ယောက် တစ်ညထဲမှာပဲ သေသွားကြတယ်…’

‘ ဟုတ်ပြီ မောင်လူသား။ ငါသူတော်လေး ထပ်မေးမယ်။ ဒီသေသွားတဲ့ ကလေးနှစ်ယောက်က အခု ဒီမြက်ခင်းပြင်ထဲကို ရောက်လာဖူးရော့သလား…’

‘ ရောက်ဖူးတာပေါ့ဗျာ။ မသေခင်နေ့က သူတို့ ဒီအပေါ်မှာ ရန်ဖြစ်နပမ်းချနေကြတာ။ ကျုပ် ကိုယ်တိုင် လာဖျန်ဖြေပေးရတာဗျ…’

‘ အင်း…ငါထင်သလိုပါပဲ။ ဒီပုဏ္ဏသိက မြက်စိမ်းမှာ သန္ဓေတည်နေတဲ့ အစောင့်ဘီလူးမရှိတော့ဘူး။ ဒီကလေးတွေ သေတာ ပုဏ္ဏသိက အစောင့်က သတ်စားလိုက်တာပဲ

‘ ဗျာ…’

ကျုပ် မျက်လုံးမျက်ဆန်တွေပါ ပြူးကုန်ရတယ်။

‘ ဒိမယ်ကြည့် မောင်လူသား။ ဟော့ဒီ့ မြက်ကလေးတွေ၊ ဒါကို သေချာကြည့်။ ပုဏ္ဏသိက မြက်စိမ်းလို့ ခေါ်တယ်…’

အရူးက အရွက်စိမ်းစိမ်းနဲ့ ထိပ်ဖျားမှာ ဖြူဖြူအရစ်ကလေးတွေကွပ်ထားကာ အရွက်ပြားက သာမန်ထက် ခပ်ကြီးကြီးဖြစ်နေတဲ့ မြက်ပင်တစ်သိုက်ကို ပြတယ်။ ကျုပ်လည်း ငလေးနဲ့ ရွှေပေါတို့ အကြောင်းမရှိဘဲ တေသရဲ့ အရေးကို စေ့စေ့တွေးပြီး ထင်ထင်ရှားရှားကြီး မြင်မိလာရပြီ။

‘ ဒီပုဏ္ဏသိကမြက်စိမ်းတွေဟာ ဒီအရပ်မှာ ပေါက်ရောက်လို့ မရဘူး။ ဘာကြောင့်လဲဆိုတော့ ဒီမြက်တွေမှာ သဘာဝကနေဖြစ်ပေါ်တဲ့ ဘီလူးသန္ဓေဆိုတာ ရှိတယ်။ သွေးထိရင် အသက်ဝင်တယ်။ ဒါကြောင့် ခေါင်ဖျားတဲ့ တောအရပ်တွေမှာဟာ ပေါက်ရောက်ခွင့်ရှိတဲ့ မြက်ပင်တစ်မျိုးပဲ…’

‘ ဟင်…ဒါဖြင့် ဒီမြက်က ဘယ်ကဘယ်လို ဒီကို…’

‘ ဘယ်ကဘယ်လို ရောက်ရှိပြီး ပေါက်နေတာလဲတော့ ငါသူတော်လေး မသိတတ်ဘူး။ ဒါပေမယ့် ပုဏ္ဏသိကဘီလူးကြောင့် နင်တို့ရွာထဲမှာတော့ သွေးချောင်းစီးမယ့် အရေးရှိလာပြီ…’

သူရူးက တည်တည်ငြိမ်ငြိမ် ပြောပြနေတာကို ကျုပ်သတိထားမိတယ်။ ဒါပေမယ့် သူနောက်ဆုံးပြောလိုက်တဲ့ စကားကတော့ တကယ့်ကို ကရယ်ကျုပ်ရင်ထိတ်ရတာရယ်။

‘ ဒါ…ဒါဆို ကျုပ်တို့ ဘယ်လိုလုပ်မလဲ…’

‘ ငါသူတော်လေးရှိတယ်လေကွယ်…’

‘ ခင်…ခင်ဗျားက တကယ်ကူညီနိုင်တာလား…’

‘ ဟော…ငါသူတော်လေးက နတ်သားလေးကွယ့် မောင်လူသားရဲ့။ ဒါကြောင့် ဒီကိစ္စကို ဖြေရှင်းနိုင်တယ်…’

‘ ဒါဖြင့်လည်း လုပ်ပါဦးဗျာ။ ဒီကိစ္စကို ဖြေရှင်းပေးပါနော်…’

‘ အင်း…ဖြေရှင်းပေးမှာပေါ့။ ငါသူတော်လေးက နတ်သားလေးဆိုတော့ လူတွေကို ကူညီရမှာပါလေ။ ကဲ…ကဲ…မောင်လူသား၊ အခု ဒီမြက်တွေကို ငါသူတော်လေးသိမ်းဆည်းဖို့လိုတယ်။ သူ့ကို မြေကနေ လှန်ပြီး ခွာပေးဦး…’

‘ ပြောတော့ အန္တရာယ်များတယ်ဆို…’

‘ အခုက ငါသူတော်လေး မကောင်းတာတွေ ဖယ်ရှားပြီးပြီမို့ ဘာမှမဖြစ်တော့ဘူး…’

အရူးစကားကြောင့် ကျုပိလည်း မြက်ပင်တွေကို မြေလှန်ခွာချလိုက်တယ်။

အဲ့ဒီနောက်တော့ အရူးက မြက်ပင်တွေကို သူ့လွယ်အိတ်ထဲက ပိတ်စကြီးထုတ်ပြီး မြက်ပင်တွေကို ထုပ်သိမ်းလိုက်တော့လေရဲ့ဗျာ။

******

ညက တိတ်ဆိတ်နေတယ်။

လူခြေတိတ်နေတဲ့ ရွာအခြေအနေကို ကြည့်ပြီး ကျုပ်အိမ်က ပေါက်တူးကို ထမ်းပြီး ရွာအပြင်ကို တိတ်တဆိတ်ထွက်ခဲ့တယ်။

အရူးသူတော်က ရွာအပြင်သုသာန်မှာ ရှိနေတယ်။

သူတော်ပြောပုံအရ ပုဏ္ဏသိကဘီလူးက ရွာထဲမှာ လှည့်ပတ်နေတယ်လို့ ပြောတယ်။ သူ ရွာထဲကိုဝင်ပြီး နှိမ်နင်းဖို့က မလွယ်ဘူးတဲ့။

ဒါကြောင့် ရွာထဲမှာ နေ့လည်က သဂြိုဟ်ထားတဲ့ ငလေးနဲ့ ရွှေပေါတို့ အလောင်းတွေဆီနေ ပြန်ခေါ်ပြီး ဖမ်းဆီးမယ်လို့ ပြောတယ်။ ကျုပ်ကိုတောင် မလာနဲ့ပြောတာ။ ဒါပေမယ့် ကျုပ်က သိချင်စိတ်ရှိတာမို့ လာခဲ့မယ်ပြောပြီး ထွက်လာခဲ့တာရယ်။

ကျုပ်ရောက်သွားတော့ သူတော်က ဇရပ်အပေါ်မှာ နေ့လည်က နှ့ုတ်ထားတဲ့ ပုဏ္ဏသိက မြက်စိမ်း အရွက်တွေကို အရှေ့ချပြီး အလုပ်များနေတယ်။

‘ ဆရာသူတော် ကျုပ် ရောက်ပြီ…’

‘ အင်း…’

သူတော်ပုံစံက နေ့လည်ကနဲ့မတူ အတော့်ကို တည်ငြိမ်နေတယ်ဗျ။

ကျုပ်ကိုတောင် အင်းတစ်လုံးပဲပြောပြီး သူအလုပ်သူပဲ အာရုံစိုက်နေတယ်။

ခဏကြာတော့ မြက်စိမ်းရွက်တွေအားလုံးထဲက လေးငါးရွက်ကို ဆွဲနှုတ်လိုက်ပြီး…။

‘ မောင်လူသား…နင် သရဲကြောက်တတ်သလား…’

‘ ကျုပ် မကြောက်တတ်ပါဘူး…’

‘ အင်း…ဒါဖြင့် ဒီနားမှာပဲ ထိုင်နေ။ ငါ သူတော်လေး ဟိုကလေးနှစ်ယောက်ကို ခေါ်လိုက်မယ်…’

သူတော်က ပြောပြောဆိုဆိုပဲ ငလေးနဲ့ ရွှေပေါတို့ရဲ့ မြေပုံတွေရှိရာဘက်ကို လက်ညှိုးညွှန်ပြီး မန္တာန်တစ်ပုဒ်ရွတ်တယ်။ ပြီးတော့…။

‘ နေ့လည်က
ကလေးနှစ်ယောက် ငါသူတော်လေးဆီ လာခဲ့ပါ…’

သူတော် ပြောပြီး ချက်ချင်းဆိုသလိုပဲ သုသာန်ထဲက အိပ်တန်းဝင်ငှက်တွေ လန့်ပြိုကုန်ကြတယ်။

ညဉ့်ငှက်ပျိုသံတွေအဆုံး နေ့လည်တုန်းက ငလေးတို့နှစ်ယောက်ကို မြှုပ်နှံထားတဲ့ဘက်ဆီက အရိပ်နှစ်ခု ဇရပ်ဘက်ကို လှမ်းလာနေတာကို ကျုပ်မြင်လိုက်ရတယ်။

ကျုပ်လေ ဒူးတွေတုန်လို့။ သရဲမကြောက်တတ်ဘူးပြောမိတဲ့ ကျုပ်ပါးစပ် ကျုပ် ပြန်ရိုက်ချင်လာမိတယ်။

‘ မကြောက်ပါနဲ့၊ သူတို့က ဘာမှမလုပ်ပါဘူး…’

အရိပ်နှစ်ခုက ဇရပ်အောက်နားဆီမှာ ရပ်သွားတယ်။ နှစ်ယောက်စလုံး မျက်တွင်းဟောက်ပက်ကလေးတွေနဲ့ဗျာ။

‘ ရော့…နင်တို့နှစ်ယောက် ဒီမြက်ကို ဝါးစားကြ။ ပြီးရင် ဒီအရှေ့မှာ ထိုင်နေကြချေ…’

သူတော်က ပြောပြီး မြက်တချို့ကို ကမ်းပေးတော့ ငလေးကော ရွှေပေါကပါ ယူပြီး ဝါးစားကြတယ်။ ပြီးတော့ ဇရပ်အောက်နားလေးမှာ ထိုင်နေကြကော။

‘ သူ့ကိုတော့ ပြန်ဆွဲခေါ်ထားပြီ။ မကြာခင် သူရောက်လာလိမ့်မယ်…’

သူတော်က ပြောပြီး မကြာလိုက်ပါဘူး။

ရွာဘက်က ကျီးပြိုသံတွေ၊ ခွေးအူသံတွေ ထွက်ပေါ်လာပြီး မိုးမရွာလို့ တိမ်တွေအကြားက တိုးထွက်လာတဲ့ လရောင်အောက်မှာ ရွာဘက်ဆီက အရိပ်ကြီးတစ်ခု လွင့်လာတာကို မြင်လိုက်ရတယ်။

ကျုပ်ဖြင့် ကြည့်ရင်း ကျောတွေချမ်းပြီး လူလည်းတုန်ရီလာရတာဗျာ။ အဲ့ဒီ့အချိန် သူတော်က မန္တာန်တွေအဆက်မပြတ်ရွတ်နေတာကို ကျုပ် သတိတော့ထားမိတယ်။

အရိပ်ကြီးက သုသာန်ထဲကို ဝင်လာတော့ အရှေ့က ငလေးနဲ့ ရွှေပေါတို့နှစ်ယောက် လှုပ်လှုပ်ရှားရှားဖြစ်သွားကြတယ်။

‘ နင်တို့နှစ်ယောက် မကြောက်ကြနဲ့။ နင်တို့ကို အသုံးချပြီး သူ့ကို ပြန်ခေါ်ထားတာ…’

သူတော်က သတိပေးပြောလိုက်တော့ ငလေးတို့နှစ်ယောက် ငြိမ်သွားတယ်။

အရိပ်ကြီးက သုသာန်ထဲကို ဝင်လာပြီ။

မခင်ကြီးပြောတုန်းကလိုပဲ။ နည်းတဲ့အရပ်ကြီးလားဗျာ။ ထန်းပင်တစ်ရပ်စာလောက်ရှိမယ်ထင်တယ်။ လူလိုအသွင်ပေမယ့် ပုံစံကတော့ ပိန်ရှည်ရှည်ကြီး။ ခဏရပ်သွားတယ်။ ပြီးတော့ ဟိုဒီကြည့်တယ်။

ဟောဗျာ။ ငလေးတို့ကို မြင်သွားပြီ ထင်တယ်။ ချာခနဲဖြစ်သွားပြီး ဇရပ်ဆီကိုလာနေတယ်။ ကျုပ်ဆိုာကြည့်နေရင်း ရင်တထိတ်ထိတ်၊ သေးတွေတောင် ထွက်ကျမိတော့မယ်။

‘ ဟဲ့…ဘီလူးကောင်…’

အသံက ပိန်ရှည်အရိပ်ကြီးရဲ့ အနောက်က ထွက်လာတာ။ အရိပ်ကြီးက ချာခနဲပဲ လှည့်ကြည့်တယ်။ ကျုပ်လှမ်းကြည့်မိတော့ အလွန်အံ့အားသင့်သွားရတယ်ဗျာ။

အရိပ်ကြီးအနောက်မှာ သူတော်နောက်တစ်ယောက်။

ကျုပ်အရှေ့က သူတော်ကလည်း ထိုင်နေရက်ပဲ။

‘ ဟမ်း…’

အရိပ်ကြီးက နောက်ထပ်ရောက်လာတဲ့ သူတော်ကို ကြည့်ပြီး မာန်ဖီသံပြုတယ်။ ပြီးတော့ လက်ကြီးနှစ်ဖက် ဆန့်တန်းလို့ ပြေးဖမ်းတော့တာပဲ။

‘ ဟာ…’

ဖမ်းမိလုမိခင်မှာ အဲ့ဒီ့သူတော်က ပျောက်သွားတယ်။

ဒါပေမယ့် အရိပ်ကြီးရဲ့ ကျောဘက်မှာ ပြန်ပေါ်လာပြန်လေရဲ့။

‘ ငါ ဒီမှာလေ…’

သူတော်က အသံပေးတော့ အရိပ်ကြီးက ပြန်လှည့်ကြည့်တယ်။ ပြီးတော့ ဖမ်းပြန်တာပဲ။ ဟော သူတော်က ပျောက်သွားပြန်ပြီဗျာ။

ကျုပ်ကြည့်နေမိတာ သူတို့နှစ်ယောက် ဆယ်ကြိမ်လောက်ကို အဲ့ဒီ့လိုဖြစ်နေတယ်။

အရိပ်ကြီးကလည်း အဲ့ဒီ့သူတော်ကို ဖမ်းမရလို့ အတော်ဒေါသထွက်လာနေပုံပါပဲ။

‘ ကဲ…ကဲ…တော်လောက်ပြီ…’

သူတော်က ပြောပြီး အရိပ်ကြီးကို လက်ညှိုးညွှန်လို့ မန္တာန်ရွတ်လိုက်တယ်။

ချက်ချင်းပဲ အရိပ်ကြီးကို တစ်စုံတစ်ခုက တုတ်နှောင်လိုက်သလိုဖြစ်သွားပြီး ဒူးထောက်ကျလာလေရဲ့။

‘ ပုဏ္ဏသိက မြက်စိမ်းကနေ သန္ဓေတည်မွေးဖွားလာတဲ့ ဘီလူး။ ဒိနေရာက နင်နေရမယ့်အရပ်မဟုတ်ဘူး။ ဒါကြောင့် ငါသူတော်နတ်သားလေး နင့်ကို ချုပ်နှောင်ထားလိုက်ပြီ…’

သူတော်က ပြောလိုက်တယ်။

အရိပ်ကြီးကတော့ ဒူးထောက်ကျနေတာတောင် ရုန်းကန်နေတုန်းပဲ။ ဒါကို ကြည့်ပြီး သူတော်က…။

‘ ဪ…နင်က လူသွေးကို မက်မောနေတာကိုး။ ဒါက နင်နဲ့ မအပ်စပ်တာ မသိတော့သလား…’

ဖြောင်း’ခနဲ အသံတစ်ခုထွက်လာတယ်။ အရိပ်ကြီးက သူတော်ပြောတာကို မနာခံဘဲ တုပ်နှောင်ထားရာက ရုန်းကန်လိုက်လို့ ကြိုးတွေပြတ်ကုန်တာ ထင်တယ်။

ပြီးတော့ ထရပ်လာတယ်။

ဒါကို မြင်တော့ သူတော်က အတော်ဒေါသထွက်သွားပုံပါပဲ။

ချက်ချင်းပဲ သူ့လွယ်အိတ်ထဲကို လက်နှိုက်လိုက်တာ၊ ဝါဖန့်ဖန့်အရာလေးပါလာတယ်။ ပြီးတော့ အရိပ်ကြီးဆီကို ပစ်ချလိုက်တယ်။

‘ လူသွေးသောက်ပြီး သန်မာနေတဲ့ နင်က ဒ်ီလောက်တောင် ရိုင်းနေမှတော့ လောင်မီးကြိုးနဲ့ နင့်ကို အပြစ်ပေးရတာပေါ့…’

ဝါဖန့်နေတဲ့ အရာလေးက လင်းခနဲပဲ အရိပ်ကြီးဆီကို တိုးဝင်သွားတယ်။ ပြီးတော့ ကြိုးတစ်ချောင်းအဖြစ်နဲ့ အရိပ်ကြီးကို ထပ်မံတုပ်နှောင်လိုက်တော့တာဗျာ။

တုပ်နှောင်ရစ်ပတ်ပြီးတာနဲ့ ကြိုးဆီက မ်ီးတောက်တွေထလာတယ်။

ပြီးလည်းပြီးရော မီးတောက်ကြီးက ပိုကြီးလာပြီး အရိပ်ကြီးကို လောင်မြိုက်တော့တာပဲ။

မကြာပါဘူးဗျာ။

လောင်မီးအကြားမှာ အရိပ်ကြီးဟာ အမှုန်အမွှားတွေအဖြစ်နဲ့ လွင့်စင်သွားခဲ့တော့တာပေါ့။

အရိပ်ကြီးလည်း ပျောက်သွားကော၊ အဲ့ဒီ့အရှေ့မှာရပ်နေတဲ့ သူတော်လည်းပဲ ပျောက်သွားတော့တာရယ်။

*******

အဖြစ်ကတော့ ဒါပါပဲဗျာ။

သူတော်ကတော့ အဲ့ဒီ့ညမှာပဲ ငလေးတို့နှစ်ယောက်ကို ပြန်လွှတ်လိုက်ပြီး ကျုပ်ကိုလည်း ရွာထိပ်နားအထိ လိုက်ပို့ပေးခဲ့တယ်။

ရွာထိပ်လည်းရောက်ကော ဒိအကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဖို့ပြောပြီး ခုန်ပေါက်ကခုန်လို့ ထွက်သွားတော့တာပါပဲ။

ကျုပ်လည်း ဒီသူတော်ကို ကတိပေးထားတဲ့အတိုင်း ဒီအကြောင်းကို အခုအချိန်အထိ ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး။

ခင်ဗျားတို့ကိုလည်း ကျုပ်က ပြောပြတာမဟုတ်ဘူးနော်။ စာနဲ့ပဲ ရေးပြခဲ့တာ။ ကျုပ်ကတိ အခုထိ တည်နေဆဲပဲ…။

ကျုပ်ကတော့ ချောင်းဖျားရွာသား ငလုံးဖြစ်ပါတယ်ဗျာ…။

ပြီးပါပြီ။