ဘုတ်ဆုံမလဲ ဆိတ်ကျောင်းသမဖြစ်တော့သည်။
သူတို့ရွာကလေးတွင် မူလတန်းကျောင်းသာရှိသဖြင့် ကျောင်းဆက်တက်ချင်လျှင် နှစ်ရွာကျော်ရှိ အလယ်တန်းကျောင်းတွင် သွားတက်ရသည်။ သို့သော်လည်း သူတို့မိဘတွေက ပညာရေးကို အလေးမထားကြပေ။ စာရေးတတ်၊ ဖတ်တတ်၊ လေးတန်းလောက်အောင်လျှင် သားသမီးများကိုကျောင်းဆက်မထားတော့ဘဲ အိမ်အလုပ်များကို ခိုင်းတတ်ကြသည်ဖြစ်ရာ သူတို့လိုလူငယ်ကလေးတွေ နွားကျောင်းသားဖြစ်လိုက်၊ ဆိတ်ကျောင်းသမဖြစ်လိုက်နှင့် နေကြရသည်က အဆန်းတော့မဟုတ်ပေ။
“ဒီနေ့ စနေနေ့ညဆိုတော့ ရေဒီယိုကနေ ဇာတ်လမ်းပမာနားဆင်စရာ လာမယ့်အချိန်ပဲ၊ ငါတော့ ဦးတုတ်ကြီးအိမ်ကိုသွားမယ်”
ဘုတ်ဆုံမက ပြောလိုက်သဖြင့် ကြွက်နီကလဲ ခေါင်းညိတ်သည်။
“ဟုတ်တယ်၊ ငါလဲ ညနေစောစောပြန်ပြီးတော့ ရေမိုးချိုးပြီး ဦးတုတ်ကြီးတို့အိမ်ကိုသွားရမယ်”
“အေးဟ၊ ငါတောင် ဟိုတစ်နေ့က နောက်ကျလို့ ဖိနပ်ပဲဖင်ခုပြီးထိုင်ခဲ့ရတာမဟုတ်လား”
ဘုတ်ဆုံမနှင့် ကြွက်နီက အတိုင်အဖောက်ညီနေသည်။ သူတို့ရွာကလေးတွင် ရေဒီယိုသုံးလေးလုံးသာရှိပြီး သူတို့အကြိုက်ဆုံးကတော့ ဦးတုတ်ကြီးရေဒီယိုဖြစ်သည်။ ဦးတုတ်ကြီးရေဒီယိုက အကြီးကြီးဖြစ်ပြီး အသံလဲအကျယ်ကြီးထွက်သည်။ ထိုခေတ်က တီဗွီမပြောနှင့် ရေဒီယိုတောင်မှ အနိုင်နိုင်နားထောင်ကြရသည်။ ရွာရှိလူများအဖို့ ညနေစောင်းသည့်အချိန်တွင် ဦးတုတ်ကြီးရေဒီယိုနားထောင်ကာ အပန်းဖြေရသည်။
“ဟဲ့ ပေတိုး နင်ဘာတွေတွေးနေတာလဲ”
သူတို့နှစ်ယောက်စကားပြောနေသည့်အချိန် အဝေးတစ်နေရာကိုကြည့်လျှက် ငေးနေသည့် ပေတိုးကို ဘုတ်ဆုံမကမေးလိုက်သည်။
“မဟုတ်ပါဘူးဟာ၊ ငါ့ဘကြီးဘုန်းကြီးဆီမှာ တွေ့ခဲ့တဲ့ စာရွက်တစ်ခုအကြောင်းစဉ်းစားနေတာဟ”
“ဘာစာရွက်လဲ ပေတိုး”
ကြွက်နီမေးလိုက်တော့ ပေတိုးက သူ့လွယ်အိတ်ကိုဖြဲလိုက်ပြီး စာအုပ်ကလေးတစ်အုပ်ထုတ်လိုက်သည်။ စာအုပ်က ဘယ်လောက်အိုဟောင်းနေပြီမသိ။ စာရွက်သားတွေမှာ ဝါကျင်နေပြီးနောက် စာရွက်ထောင့်ကို ခြကိုက်ထားသဖြင့် အပေါက်ကလေးများပင်ဖြစ်နေပြီ။ စာအုပ်တွင် အဖုံးလဲမရှိတော့ပေ။ ပေတိုးစာအုပ်ထုတ်လိုက်သဖြင့် ကြွက်နီနှင့် ဘုတ်ဆုံမတို့က အနားတွင်အုံလာကြသည်။
“ဘာတွေရေးထားတာလဲ”
“ဒီနေ့က စနေနေ့၊ ဒီညကလဲ လပြည့်ညမဟုတ်လား၊ ဟောဒီမှာကြည့်လိုက်”
ဘုတ်ဆုံမက စာရွက်မှ စာတစ်ချို့ကိုစာလုံးပေါင်းဖတ်လိုက်ပြီး
“လောကီပညာကျမ်းဆိုပါလား”
ပေတိုးက စာရွက်များကိုလှန်လှောနေရင်း
“ဟော၊ ရောက်ပြီ၊ ဒီမှာဖတ်ကြည့်လိုက်”
ကြွက်နီက လေးတန်းသာအောင်သော်လည်း စာသိပ်မဖတ်တတ်၊ ဘုတ်ဆုံမကတော့ စာလုံးပေါင်းဖတ်တတ်သည်။ သူတို့ထဲတွင် စာအတော်ဆုံးကတော့ ဘုန်းကြီးကျောင်းသား ပေတိုးပင်ဖြစ်သည်။ ဆရာတော်က သူ့ကို သင်္ဂြိုလ်သင်ပေးနေသည်မို့ စာအတော်ဖတ်တတ်နေပြီဖြစ်သည်။
“စာခြောက်ရုပ်အသက်သွင်းနည်းဆိုပါလား”
ဘုတ်ဆုံမက တစ်လုံးချင်းပေါင်းဖတ်ပြီးသည့်နောက် မျက်လုံးပြူးသွားသည်။ ထိုအခါ ကြွက်နီကလဲ စိတ်ဝင်စားလာသည်။
“ဘယ်လိုလုပ်ရတာလဲကွ”
“ဒီလိုကွ၊ စနေနေ့နဲ့ တိုက်တဲ့လပြည့်ညမှာ၊ ဝါးလုံးနှစ်လုံးရှာထားရမယ်၊ ပြီးရင်သောက်ရေအိုးဟောင်းတစ်ခု၊ မုဆိုးမအိမ်က ထဘီတစ်ထည်၊ မုဆိုးဖိုအိမ်က အင်္ကျီတစ်ထည်ယူရမယ်၊ လရောင်ကျနေတဲ့နေရာမှာ စာခြောက်ရုပ်လုပ်ပြီး ထုံးဖြူဖြူနဲ့ ဟောဒီဂါထာလေး ခုနစ်ခေါက်ရွတ်နေတုန်း အသက်အောင့်ပြီး စာခြောက်ရုပ်ရဲ့ မျက်လုံးတွေကိုဆွဲရမယ်၊ နောက်ပြီးတော့ သွေးနဲ့ စာခြောက်ရုပ်ရဲ့ပါးစပ်ကို ဆွဲရမယ်တဲ့၊ ဒါဆိုရင် စာခြောက်ရုပ်ကြီးအသက်ဝင်လာလိမ့်မယ်တဲ့ကွ”
“မင်းကလဲကွာ စာခြောက်ရုပ်အသက်ဝင်တော့ရော ဆက်ပြီးဘာလုပ်ရမှာလဲ”
ထိုအခါ ပေတိုးက စာရွက်ကိုလှန်လိုက်သည်။ တစ်ဖက်စာမျက်နှာမှာမရှိတော့ဘဲ စာမျက်နှာနံပါတ်များကျော်သွားသည်။
“အေးကွ၊ ဟိုဘက်စာမျက်နှာက ပြဲနေတယ်၊ အိုကွာ၊ ဘာဖြစ်လဲ၊ စာခြောက်ရုပ်ကြီးအသက်ဝင်သွားတော့ ငါတို့လဲရွာကလူတွေကို ပြလို့ရတာပေါ့၊ မဟုတ်ဘူးလား”
ဘုတ်ဆုံမက တစ်ချက်စဉ်းစားလျှက်
“အေးကောင်းတယ်၊ ငါတို့သာလုပ်တတ်မယ်ဆိုရင် ဖိုးစီတို့၊ သံလုံးတို့တော့ ငါတို့ကိုအထင်ကြီးသွားမှာပဲ”
ကြွက်နီကလဲ ခေါင်းညိတ်လိုက်ပြီး
“အေးကွာ၊ ဒါဆိုငါတို့လုပ်ကြတာပေါ့၊ အိမ်ကလူတွေခေါ်လိုက်မယ်လေ”
ကြွက်နီလက်ကို ပေတိုးက ဆွဲလိုက်သည်။
“ဟေ့ကောင်၊ လူသိအောင်လုပ်မရသေးဘူးဟ၊ လူတွေခေါ်ပြီးတော့မှ ငါတို့အသက်သွင်းတာမအောင်မြင်ရင် တစ်ရွာလုံးကလူတွေက ငါတို့ကိုလက်ညှိုးထိုးပြီး လှောင်ပြောင်ကုန်မှာပေါ့ကွ”
“အေးဟ၊ အဲဒါလဲဟုတ်တယ်”
“ငါ့မှာအကြံရှိတယ်”
ပေတိုးက ပြောလိုက်သဖြင့် သူတို့သုံးဦးခေါင်းချင်းဆိုင်လိုက်ကြသည်။
“ဦးသောင်းက မုဆိုးဖိုကြီးကွ၊ ကြွက်နီ၊ မင်းက သူ့အိမ်သွားပြီး သူ့ဆီက အင်္ကျီတစ်ထည်လောက် အလစ်သုတ်ခဲ့၊ ဒေါ်ပုမက မုဆိုးမဆိုတော့ ဘုတ်ဆုံမက သူ့ဆီက ထဘီတစ်ထည်သူမသိအောင်ယူခဲ့ကွာ”
ကြွက်နီနှင့် ဘုတ်ဆုံမက ခေါင်းညိတ်လိုက်သည်။
“နောက်ပြီးတော့ ငါက ရေအိုးရယ် ဝါးလုံးရယ်ယူလိုက်မယ်၊ ထုံးလဲ ငါယူလာမယ်၊ ငါတို့တွေ ရွာပြင်ကပဲခင်းတွေနားမှာ စုံကြမယ်၊ နောက်ပြီးတော့ လူကြီးတွေမရိပ်မိအောင်လို့ ဇာတ်လမ်းပမာလာမယ့် အချိန် ငါတို့စုကြမယ်၊ မကောင်းဘူးလား”
အားလုံးခေါင်းညိတ်သည်။ ကြွက်နီက တစ်ခုခုကိုစဉ်းစားနေပုံရသည်။
“ဒါနဲ့သွေးနဲ့ရေးရမယ်ဆို၊ ငါတို့သွေးဘယ်ကဖောက်မလဲ”
ထိုအခါ ပေတိုးက လက်ဖျောက်တစ်ချက်တီးလိုက်ပြီး
“ဒါကတော့ မင်းအပေါ်မူတည်တယ်ကြွက်နီ”
ကြွက်နီအံ့ဩသွားပြီး သူ့လက်ကိုသူပြန်ကိုင်ကြည့်သည်။
“ငါ့လက်က သွေးကိုထုတ်မှာလား”
“မဟုတ်ပါဘူးကွ၊ မင်းက သုတ်ကိုင်းတွေထောင်တတ်တာပဲ၊ ငါတို့သုတ်ကိုင်းထောင်ပြီး ငှက်ထောင်မယ်ကွာ၊ ညကျတော့မှ ငှက်ကိုသတ်ရင် သူ့ဆီက သွေးရပြီပေါ့”
ထိုတော့မှ ကြွက်နီသဘောပေါက်သွားသည်။
“ဟဲ့၊ ကြောက်စရာကြီးနော်၊ ဖြစ်ပါ့မလား”
“ဖြစ်ပါတယ်ဟ၊ ဘာမှမကြောက်နဲ့ ငါကနွားကျောင်းသားပါ”
ကြွက်နီအပြောကိုနားထောင်ပြီး ဘုတ်ဆုံမက ခေါင်းကုတ်သည်။
“နွားကျောင်းသားနဲ့ သရဲနဲ့ဘာဆိုင်လို့လဲ”
“ငါ့အဖေပြောဖူးတယ်၊ နွားကျောင်းသားကို သရဲကပြန်ပြီးကြောက်တယ်တဲ့”
ထိုအခါပေတိုးကလဲ ထောက်ခံလိုက်သည်။
“ဒါတော့မှန်တယ်၊ နွားကျောင်းသားတို့ ဘုန်းကြီးကျောင်းသားတို့ကို သရဲကကြောက်တယ်တဲ့၊ ဘာမှမကြောက်ပါနဲ့ ဘုတ်ဆုံမရာ ငါတို့နှစ်ယောက်လုံးရှိပါတယ်”
သူတို့အားလုံးခေါင်းညိတ်ပြီး မကြာခင်လမ်းခွဲခဲ့ကြသည်။ ကြွက်နီက တောစပ်တွင် သုတ်ကိုင်းထောင်ပြီးသည့်နောက် ညနေ နွားတွေပြန်သိမ်းရင်း ဦးဘသောင်းအိမ်ရှေ့နားတွင် မယောင်မလည်လုပ်နေသည်။ ဦးဘသောင်းကြီး အိမ်တွင်ရှိပုံမရပေ။ သူ့အိမ်ရှေ့ဝါးလုံးတန်းတွင်တော့ အဝတ်အစားများလှန်းထားသည်။ ထိုအထဲမှ ကြွက်နီက စုတ်ပြဲနေသည့် စစ်အင်္ကျီလက်ရှည်တစ်ထည်ကို ဆွဲရုတ်လိုက်ပြီးနောက် သူ့လွယ်အိတ်ထဲထိုးထည့်လိုက်သည်။ အနားတွင်လူမရှိသော်လည်း ကြွက်နီတစ်ယောက်ရင်တွေခုန်နေသည်။
ဘုတ်ဆုံမလဲ ဆိတ်တွေသိမ်းပြီးသည့်နောက် အမဖြစ်သူများနှင့် ရေခပ်ဆင်းသည်။ ထိုအခါ ဒေါ်ပုမအိမ်နောက်ဖေးတွင် လှန်းထားသည့် ထဘီစုတ်တစ်ထည်ကို ရုတ်ပြီး သူဝတ်ထားသည့်ထဘီအောက်ကနေ ခံပြီးဝတ်လိုက်သည်။ အားလုံးက အစီအစဉ်တကျဖြစ်နေခဲ့ပြီ။
(၃)
လမင်းကြီးက ကောင်းကင်တွင် ဝင်းဝင်းပပသာနေသည်။ မီးမရှိသည့် သူတို့ရွာကလေးမှာ ဖယောင်းတိုင်မီး၊ မီးခွက်မီးလေးတွေနှင့် ဝင်းလက်နေသည်။ ရေမိုးချိုး ထမင်းစားသောက်ပြီးသည့်နောက် ကလေးများမှာ ဦးတုတ်ကြီးအိမ်သို့ပြေးကြသည်။ ဘုတ်ဆုံမလဲ အိမ်ပေါ်မှပြေးဆင်းလိုက်သည်။ စိတ်ထဲရှိသည့်အတိုင်းဆိုလျှင် ဦးတုတ်ကြီးအိမ်သို့သွားချင်သော်လည်း စူးစမ်းရမည့်အကြောင်းရှိနေသည်မို့ ထဘီစုတ်ကလေး ချိုင်းကြားညှပ်ပြီး ရွာပြင်သို့ပြေးထွက်လာခဲ့သည်။
လရောင်ကြောင့် ရွာပြင်ရှိပဲခင်းများကို အတိုင်းသားမြင်နေရသည်။ ထိုအခါတွင် ကြို့ပင်တစ်ပင်နောက်မှနေပြီး သူ့ကိုခေါ်သံကြားလိုက်ရသည်။ သူလဲအပင်ရိပ်အောက် အမှောင်ထဲပြေးဝင်ခဲ့သည်။ အပင်အောက်တွင် ပေတိုးနှင့် ကြွက်နီက ထိုင်နေသည်။
“ရလာခဲ့လား ဘုတ်ဆုံမ”
ဘုတ်ဆုံမက သူ့ချိုင်းကြားထဲမှ မုဆိုးမထဘီကိုလှမ်းပေးလိုက်သည်။ ပေတိုးတစ်ယောက်ပြုံးသွားသည်။ ကြွက်နီကလဲ စစ်အင်္ကျီလက်ရှည်အစုတ်ကြီးကိုထုတ်ပေးပြီးသည့်နောက် လက်ထဲတွင် ငှက်ကလေးတစ်ကောင်ကိုင်ထားပြန်သည်။
“အဲဒါဘာလဲ”
“ချိုးကလေးလေ၊ ငါ့ကျော့ကွင်းမှာ မိနေတာ”
ထိုအခါ ပေတိုးက သေချာစစ်ဆေးပြီးနောက်
“လာကြဟေ့၊ အားလုံးစုံပြီ၊ ငါတို့သွားကြမယ်”
ပဲခင်းလေးငါးခင်းကို ဖြတ်လျှောက်ခဲ့ပြီးသည့်နောက်တွင် ရွာနှင့်အတော်လှမ်းလာခဲ့ပြီဖြစ်သည်။ ထိုနေရာရောက်မှ ပေတိုးက ဝါးလုံးကိုစိုက်လိုက်ပြီးနောက် အင်္ကျီများအတွင်းသို့ ကောက်ရိုးများကိုထိုးထည့်ပြီး အုန်းဆံကြိုးများနှင့် ချည်နှောင်လိုက်သည်။ ထို့နောက် ခေါင်းနေရာတွင်တော့ ရေအိုးကို ဇောက်ထိုးစွပ်လိုက်သည်။
“ဟေ့ကောင်ပေတိုး လုပ်တော့”
ကြွက်နီက အသင့်ယူလာသည့် ဓါးကလေးဖြင့် ချိုးငှက်ကလေး၏ လည်ပင်းကိုဖြတ်တောက်လိုက်သည်။ ချိုးငှက်အရှင်လေးမှာ ခေါင်းပြတ်သွားသော်လည်း အတောင်ပံတွေခပ်နေသေးသည်။ ပေတိုးလဲ ထုံးဘူးကိုဖွင့်လိုက်ပြီး သူ့ကျက်ထားသည့် ဂါထာကိုရွတ်ကာ ရေအိုးကြီးတွင် မျက်လုံးသဖွယ်အကွင်းကြီးနှစ်ကွင်း ကွင်းလိုက်သည်။ ထို့နောက် တြိဂံပုံစံ နှာခေါင်းကိုရေးဆွဲလိုက်ပြီး ကြွက်နီလက်ထဲမှ ငှက်ကိုယူကာ ငှက်သွေးဖြင့် ပါးစပ်ကိုရေးဆွဲလိုက်သည်။ လရောင်ကြောင့် စာခြောက်ရုပ်ကြီးမှာ ပြုံးနေသည့်မျက်နှာကြီးကို အားလုံးမျက်ဝါးထင်ထင်မြင်တွေ့ရသည်။
“ကဲ စာခြောက်ရုပ်ကြီး နိုးထလော့”
ပေတိုးက အော်ဟစ်လိုက်သည့်အခါတွင် ကွင်းထဲကို လေတစ်ချက်ဝှေ့သွားသည်မှလွဲပြီး ဘာမှပင်မဖြစ်ပေ။ သူတို့အားလုံး ငြိမ်ပြီးဘာဆက်ဖြစ်မလဲဆိုတာကို စောင့်ကြည့်နေကြသည်။ ဆယ်မိနစ်ခန့် စောင့်ကြည့်ပြီးသည်အထိ စာခြောက်ရုပ်မှာ တုတ်တုတ်မျှပင်မလှုပ်ပေ။
“ဟဲ့၊ နင့်ဟာက ဘာမှလဲမဖြစ်ဘူးပေတိုး”
ဘုတ်ဆုံမက ပေတိုးကိုအပြစ်တင်ချင်သည်။ ပေတိုးလဲ ခေါင်းကုတ်ပြီး
“အေးဟ၊ ငါတို့လုပ်တာ တစ်ခုခုမှားနေပြီထင်တယ်”
သူတို့တွေနောက်ထပ် ထပ်ပြီးစောင့်နေကြသေးသည်။ သို့သော် ဘာမှမထူးခြားသည်မို့ သူတို့တစ်ယောက်ကိုတစ်ယောက်နှုတ်ဆက်ပြီး ဦးတုတ်ကြီး၏ အိမ်သို့အပြေးပြန်လာကြသည်။ ရေဒီယိုအစီအစဉ်က အရှိန်ကောင်းနေဆဲမို့ ဘယ်သူမှသူတို့ကိုသတိမထားမိပေ။ သူတို့လူစုခွဲလိုက်ကာ လူအုပ်အတွင်းဝင်ထိုင်လိုက်ကြသည်။ ဇာတ်လမ်းပမာနားဆင်စရာမှာ နောက်ဆုံးပိုင်းသာမီလိုက်သဖြင့် ဘုတ်ဆုံမက ပေတိုးကို ဒေါသထွက်နေမိသည်။
ဇာတ်လမ်းပြီးတော့ အိမ်ပြန်ကြသည်ကများသည်။ ထို့နောက်တွင် သီချင်းများလာပြီးသည့်နောက် အင်္ဂလိပ်ပိုင်းအစီအစဉ်ဖြစ်ရာ မည်သူမှ နားမထောင်ချင်ကြတော့ပေ။ ရွာမှလူများအကုန်ထပြန်ကုန်ကြရင်း ဒေါ်ပုမက ညည်းညူလိုက်သည်။
“တို့ရွာလဲ သူခိုးမရှိဘူးဆိုပြီး ဒီညနေတော့ ကျုပ်ထဘီအစုတ်တစ်ထည်ပျောက်သွားတယ်တော့၊ ရေလဲထဘီအစုတ်ကို အိမ်နောက်ဖေးမှာလှန်းထားတာ ပျောက်သွားတာထူးဆန်းနေတယ်၊ ခိုးမယ့်ခိုးတော့ အသစ်ခိုးတာမဟုတ်ဘူး”
“ဪ၊ ဒါဆိုလူမဟုတ်နိုင်ပါဘူး၊ ညည်းထဘီက အညှီအဟောက်နံ့တွေရနေလို့ ခွေးချီသွားတာလားမှမသိတာ”
ဒေါ်ပုမကို ရွာခံအဒေါ်ကြီးတစ်ချို့က စနောက်လိုက်တော့ ဒေါ်ပုမက အမျိုးစုံအောင် ဆဲတော့သည်။ ဦးဘသောင်းကြီးကတော့ သူ့အင်္ကျီပျောက်သွားတာကို သတိထားမိပုံမရသေး၊ အေးအေးဆေးဆေးပင်ပြန်သွားသည်။ ဘုတ်ဆုံမကို ကြွက်နီက လက်ညှိုးထိုးပြီး
“ထဘီကို ခွေးချီသွားတာတဲ့၊ တွေ့လားနင့်ကိုပြောနေပြီ”
ဘုတ်ဆုံမက ကြွက်နီပုခုံးကို လက်သီးနှင့်ထုလိုက်ပြီး
“ကဲဟယ်၊ ကောင်စုတ်”
သူတို့တစ်တွေလဲကိုယ်စီ ကိုယ်စီလမ်းခွဲခဲ့ကြသည်။
(၃)
ထိုည သန်းခေါင်ယံအချိန်တွင်ဖြစ်သည်။
“ယောက်ျားရေ ထစမ်းပါအုံး”
အမေက အော်လိုက်သဖြင့် အဖေလဲနိုးသွားသလို ခြေရင်းခန်းတွင်အိပ်နေသည့် ဘုတ်ဆုံမလဲ နိုးသွားသည်။ အဖေနှင့်အမေက တစ်ခုခုကိုပြောဆိုနေသည်။ တစ်ရွာလုံးမှခွေးတွေကလဲ ဟောင်သည့်အကောင်က ဟောင်ပြီး၊ အူသည့်အကောင်က အူနေသည်။
“ဘာတုန်းမိန်းမရ”
“ခွေးတွေဟောင်တယ်၊ ကျုပ်တို့ဆိတ်တင်းကုပ်ကလဲ ဆိတ်အော်သံတွေကြားတယ်၊ တစ်ခုခုများလားမသိဘူး”
အဖေက မျက်ခုံးပင့်လိုက်ပြီးသည့်နောက် ကိုင်းခုတ်ဓါးကိုဆွဲပြီး အမေက သုံးတောင့်ထိုး လက်နှိပ်ဓါတ်မီးကို အသင့်ကိုင်လိုက်သည်။ ဘုတ်ဆုံမလဲ အမေနှင့်အဖေပြောတာ အတိုင်းသားကြားရသည်မို့ ခြင်ထောင်ထဲမှထွက်ခဲ့သည်။ သူ့ဘေးတွင်တော့ သူ့ညီမလေးက တခေါခေါနှင့်အိပ်ပျော်နေသည်။
ထို့နောက် အမေနှင့်အဖေ အိမ်အောက်ဆင်းသွားသည့်အသံကိုကြားလိုက်ရသည်။ စပ်စုချင်သည့် ဘုတ်ဆုံမလဲ အဖေတို့ဆင်းပြီးတော့ အိမ်ရှေ့တံခါးမကြီးအပြင်ကိုထွက်လိုက်သည်။ ဆိပ်တင်းကုပ်ကို သူတို့အိမ်ကကြည့်လျှင် လှမ်းမြင်နေရသည်။ ဆိတ်တင်းကုပ်အတွင်း တစ်စုံတစ်ခုက လှုပ်လှုပ်ရွရွနှင့်ဖြစ်နေသည်။
“မိန်းမရေ ထိုးထားဟေ့”
အဖေက အသံအကျယ်ကြီးနှင့်အော်လိုက်သည်။ ထိုအခါ ဆိတ်တင်းကုပ်အတွင်း အနီရောင်အလင်းရောင်ကြီးများကိုမြင်လိုက်ရသည်။ အဖေက ဓါးကြီးကိုင်ပြီး တင်းကုပ်အတွင်းပြေးဝင်သွားသည်။ နောက်တော့ လုံးထွေးသံများ အော်ဟစ်သံများကိုကြားရပြီး အမေက အာခေါင်ခြစ်ပြီး အော်ဟစ်လိုက်သည်။
“ကယ်ကြပါအုံးရှင်၊ သရဲ၊ သရဲကြီး”
ထိုအချိန်တွင် ဆိတ်တင်းကုပ်အတွင်းမှ ရှည်ရှည်မျောမျောအကောင်ကြီးတစ်ကောင် ခုန်ထွက်သွားသည်ကို လရောင်အောက်တွင် အတိုင်းသားမြင်လိုက်ရသည်။ ထိုအကောင်ကြီး ကခုန်ထွက်သွားပြီး လမ်းလျှောက်သလိုမဟုတ်ဘဲ ခြေတစ်ပေါင်ကျိုးထောက်ပြီး ခုန်သလို ခုန်ဆွခုန်ဆွ ထွက်သွားသည်။
အမေ့အော်သံကြောင့် အိမ်နီးချင်းများနိုးလာပြီး ပြေးလာကြသည်။ ဘုတ်ဆုံမလဲ ဒူးတွေတုန်နေသည်။ ဆိတ်တင်းကုပ်ဆီသို့ ပြေးပြီးကြည့်လိုက်တော့ အဖေက မှောက်နေသည်။ အနားတွင်လဲ သွေးကွက်တွေအများကြီးတွေ့ရသည်။
“အဖေ၊ အဖေ”
“နင့်အဖေ လန့်ပြီးမေ့သွားတာဟ၊ ဘာမှမဖြစ်ဘူး၊ အိမ်ထဲကိုသယ်ရအောင်”
အမေက တုန်ယင်နေဆဲဖြစ်သည်။ အိမ်နီးချင်းတွေဝိုင်းမေးတော့မှ
“သရဲကြီးတစ်ကောင်၊ ကျုပ်တို့ဆိတ်တင်းကုပ်ထဲဝင်ပြီး မနေ့ကမွေးထားတဲ့ ဆိတ်သားပေါက်လေးကို ချီသွားတယ်”
အမေ့ကို စိတ်တည်ငြိမ်အောင်လုပ်ရသလို အဖေ့ကိုလဲ မနည်းနှာနှပ်ယူရသည်။ အဖေသတိရလာတော့မှ
“နည်းတဲ့အကောင်ကြီးမဟုတ်ဘူးဗျာ၊ ကျုပ်က လူမှတ်ပြီး ဓါးနဲ့ဝင်ပိုင်းတာ၊ ဖွဲအိတ်ကြီးကို ခုတ်ရတဲ့အတိုင်းပဲဗျို့၊ နောက်တော့ ဒီအကောင်ကြီးက ကျုပ်ဘက်ကိုလှည့်လိုက်တော့ သူ့မျက်နှာကြီးကို မြင်လိုက်ရတယ်ဗျ၊ ကျုပ်လဲ ပြန်မပြောပြတတ်ဘူးဗျာ၊ တော်တော်ကြောက်ဖို့ကောင်းတဲ့ကောင်ကြီး”
ဘုတ်ဆုံမလဲ ပြန်အိပ်မရတော့ပေ။ သူ့မျက်လုံးထဲ ခုန်ဆွခုန်ဆွနှင့်သွားလာသည့် ရှည်ရှည်မျောမျောအကောင်ကြီးကိုတွေ့လိုက်ရသည်။
မနက်လင်းပြီ။
“ဆွမ်းတော်ဗျို့”
ရွာဦးကျောင်းမှ ဦးဇင်းများဆွမ်းခံကြွသည့်ရှေ့တွင် ပေတိုးက ကြေးစည်ကိုင်ပြီး ဆွမ်းတော်ဗျို့ဟု ဟစ်အော်ရသည်။ ထိုသို့ဆွမ်းခံကြွလာရင်း ဘုတ်ဆုံမတို့အိမ်နားသို့ရောက်သည်။ ထိုအခါ ဘုတ်ဆုံမက အိမ်ထဲမှထွက်လာပြီး
“ဟဲ့ ပေတိုး ညက ငါတို့အိမ်ကို သရဲကြီးဝင်လို့၊ နင်သိလား”
“အေး၊ ခုနက ရွာထဲဆွမ်းခံသွားတော့ တစ်ယောက်တစ်ပေါက်ပြောနေတာတော့ကြားတယ်ဟ ဘယ်လိုဖြစ်တာလဲ”
“သရဲက အကောင်ရှည်ရှည်ကြီးဟ၊ ခုန်ဆွ ခုန်ဆွသွားတာကို ငါမြင်လိုက်တယ်၊ နောက်ပြီး မနေ့ကမွေးထားတဲ့ ဆိတ်ပေါက်လေးကို ဆွဲသွားတယ်ဟာ”
ပေတိုးလဲ ဘုတ်ဆုံမပြောသည်ကို အံ့ဩနေမိသည်။ နောက်တော့ ဦးဇင်းများကြွလာသဖြင့် ဘုတ်ဆုံမကို နှုတ်ဆက်ပြီး ဆွမ်းခံဆက်သွားရလေသည်။
နေ့လည်ရောက်တော့ ထုံးစံအတိုင်း ညောင်အိုပင်အောက်တွင် သူတို့ဆုံကြသည်။ ညကဖြစ်ပျက်ခဲ့သည့် ဘုတ်ဆုံမတို့အဖြစ်အပျက်မှာ ရွာအတွင်း သတင်းပြန့်နေလေသည်။
“ဒါနဲ့သွေးကွက်တွေကို ဦးလေးပေစိတို့ကာလသားတွေ ခြေရာခံပြီးလိုက်သွားတော့ တောထဲမှာ ဆိတ်ခေါင်းနဲ့အရိုးတွေပဲတွေ့တယ်တဲ့ကွ”
ကြွက်နီက သူကြားထားသည့်သတင်းကို သူ့သူငယ်ချင်းနှစ်ယောက်ကို အာပေါင်အာရင်းသန်သန်နှင့်ပြန်ပြောပြနေသည်။ ပေတိုးက တစ်ခုခုကို စဉ်းစားနေပုံရသည်။
“ငါတို့ကြောင့်များဖြစ်မလား”
ကြွက်နီနှင့် ဘုတ်ဆုံမက ပေတိုးကိုစိုက်ကြည့်လိုက်သည်။ ပေတိုးက
“ငါတို့လုပ်ခဲ့တဲ့ စာခြောက်ရုပ်ကြီးကို မင်းတို့သွားကြည့်ဖြစ်သေးလား”
သူတို့အကုန်လုံးခေါင်းခါလိုက်သည်။ ထို့နောက် မတိုင်ပင်ရဘဲ အတူတူရွာပြင်သို့ပြေးလာခဲ့သည်။ သူတို့ညက စာခြောက်ရုပ်လုပ်ခဲ့သည့်နေရာတွင် ဝါးလုံးတိုင်စိုက်ခဲ့သည့်အရာမှလွှဲပြီး မည်သည့်အရာမှမတွေ့ရတော့ပေ။
“တွေ့လား၊ စာခြောက်ရုပ်ကြီးမရှိတော့ဘူးကွ”
ပေတိုးက ထိုနေရာကိုလက်ညှိုးထိုးပြီးပြလိုက်သည်။
“အဲဒါ စာခြောက်ရုပ်ကြီးအသက်ဝင်ပြီးတော့ နင်တို့အိမ်ကဆိတ်ကို ဝင်ဆွဲသွားတာများလား”
ပေတိုးအပြောကြောင့် ဘုတ်ဆုံမကြောက်လန့်သွားသည်။ သို့သော် မယုံကြည်သည်ကတော့ ကြွက်နီပင်ဖြစ်သည်။
“မဖြစ်နိုင်ဘူးလေ၊ စာခြောက်ရုပ်ကြီး ဘာမှမဖြစ်တာ ငါတို့မျက်မြင်ပဲမဟုတ်လား၊ နောက်ပြီး ဦးလေးတိုးတို့က သူတို့ပဲခင်းထဲ စာခြောက်ရုပ်ကြီးရောက်နေတာကို မျက်စိနောက်လို့ ဖျက်ပစ်လိုက်တာလဲ ဖြစ်နိုင်တာပဲ၊ အယူမသည်းပါနဲ့ ပေတိုးရာ”
ကြွက်နီစကားကလဲ အချက်အလက်သေချာသဖြင့် ပေတိုးစဉ်းစားပြီးခေါင်းညိတ်လိုက်ရသည်။
“ဟဲ့ကလေးတွေ ညနေဘက်အပြင်မထွက်နဲ့ နင်တို့ကိုသရဲကြီးကိုက်လိမ့်မယ်ဟဲ့”
မည်သို့ပင်ဆိုစေကာမူ ရွာထဲတွင်တော့ ထိုသရဲကြီးမှာ ကလေးများကို ခြောက်လှန့်လို့ရသည့် အကောင်ကြီးအဖြစ် ပြောစမှတ်တွင်သွားသည်။ ထိုနေ့က သူတို့မိဘတွေက သူတို့ကိုလဲ စောစောပြန်ခိုင်းသဖြင့် ကြွက်နီနှင့် ဘုတ်ဆုံမတို့ နေမဝင်သေးခင်ပင် နွားများ၊ ဆိတ်များသိမ်းပြီး ပြန်လာခဲ့ကြသည်။
ထိုနေ့ညတော့ ဦးတုတ်ကြီးအိမ်တွင် လူနည်းသွားသည်။ ကလေးများမရှိသလောက်ဖြစ်သွားသလဲ သရဲကြောက်သူများလဲ မထွက်တော့ပေ။ သို့သော် ကာလသားများနှင့် အယုံအကြည်မရှိသော လူကြီးများကတော့ ဦးတုတ်ကြီးအိမ်တွင် ရေဒီယိုနားထောင်ကြသည်။ ထိုအထဲတွင် ကာလသား ကိုပေစိတို့လဲပါသည်။
ကိုပေစိတို့က ယာခင်းထဲမှအပြန် ညနေဆိုလျှင်အရက်ကလေးသောက်ပြီး ကိုတုတ်ကြီးတို့ဖွင့်သည့် ရေဒီယိုအစီအစဉ်မှန်သမျှကို မလွတ်တမ်းနားထောင်ကြသည်။ ရေဒီယိုထဲမှ သတင်းကြေညာသူအသံကိုနားထောင်ပြီး အပျိုလား၊ အအိုလား၊ ရုပ်ရည်ကတော့ ဘယ်လိုနေမှာ စသည်ဖြင့် ထွေရာလေးပါးပြောတတ်ကြသည်။ ကျန်သည့်သူများ အစီအစဉ်ပြီးသဖြင့် ပြန်သွားသော်လည်း ကိုပေစိတို့က ရေဒီယိုနားက မခွာသေးပေ။
“ဟေ့ကောင်ပေစိ၊ မင်းတို့ပြန်တော့လေကွာ၊ မြန်မာပိုင်းအစီအစဉ်တွေပြီးပြီကွ”
“ဟာ ကိုတုတ်ကြီးကလဲ အင်္ဂလိပ်ပိုင်းအစီအစဉ်လာအုံးမှာလေ”
“အောင်မာ၊ မင်းတို့က နားလည်တာကျလို့”
“နားမလည်ပေမယ့် သူတို့လွှင့်တဲ့တီးလုံးလေးတွေ၊ သံစဉ်လေးတွေကို ကျုပ်တို့ကြိုက်တယ်ဗျ၊ လုပ်စမ်းပါ၊ ဆက်ဖွင့်ထားစမ်းပါ၊ ကျုပ်တို့မြို့တက်ရင် ဦးတုတ်ကြီးအတွက် ဓါတ်ခဲလေးလုံးဝယ်ပေးမယ်၊ ဟုတ်ပြီလား”
ထိုရေဒီယိုကြီးမှာ ဒီ ဟုခေါ်သည့် အကြီးဆုံးဓါတ်ခဲကြီး လေးလုံးထည့်ပြီးဖွင့်ရသည့် ရေဒီယိုဖြစ်သည်။ ဓါတ်ခဲလေးလုံးဆိုလျှင် တစ်ပတ်လောက်နားထောင်ရသည်ဖြစ်သဖြင့် ဦးတုတ်ကြီးလဲ ကာလသားများ တောင်းဆိုသည့်အတိုင်း ဖွင့်ပေးထားလိုက်သည်။ ထိုစဉ်က နားထောင်စရာ မြန်မာ့အသံသာရှိသည်။ အင်္ဂလိပ်ပိုင်းတွင်လဲ နိုင်ငံခြားမှ အင်္ဂလိပ်တေးသီချင်းများအပြင် မြန်မာပြည်မှလဲ နာမည်ကြီးအဆိုတော်များ၏ အင်္ဂလိပ်ပြန်ဆိုတေးများကို ထုတ်လွင့်ပေးလျှက်ရှိသည်။ ကိုပေစိတို့ ကာလသားတစ်သိုက်မှာ အင်္ဂလိပ်လို တစ်လုံးမှနားမလည်သော်လည်း သံစဉ်များ၊ တီးလုံးများကို လိုက်ပြီးနားထောင်ကြသည်။ သူတို့ကာလသားများအဖို့ ထိုသည်ကပင် အပန်းဖြေစရာတစ်မျိုးဖြစ်သည်။
ညကိုးနာရီကျော်လျှင် ရေဒီယိုအစီအစဉ်များအားလုံးပြီးသည်။ ထိုတော့မှ ကာလသားများ အကုန်ပြန်ကြပြီး လမ်းခွဲကြသည်။ ကိုပေစိနှင့် ကိုထွန်းတင်တို့က ရွာအနောက်ပိုင်းတွင်နေသဖြင့် အတူတူပြန်လာခဲ့ကြသည်။
ရွာလယ်လမ်းက သစ်ပင်များအုပ်ဆိုင်းနေသည်။ လပြည့်ကျော်မို့ လက ညည့်နက်မှ ထွက်သဖြင့် လရောင်နှင့်လမ်းကို မြင်နေရသည်။ သူတို့နှစ်ယောက်လဲစကားတပြောပြောနှင့်ပြန်လာကြသည်။
“ပေစိရေ၊ ဒီနေ့ ထွေးခင်ကိုမတွေ့ပါလား”
“ထွေးခင်က ကြောက်တတ်တယ်ထွန်းတင်ရ၊ သရဲအကြောင်းကြားလို့ ရေဒီယိုလာနားမထောင်တာဖြစ်မယ်”
“ဟား၊ ဟား၊ ဒါဆိုငါအကြံရပြီ ပေစိရာ၊ မင်းအိပ်ချင်ပြီလား”
“ဘာလုပ်မလို့လဲကွ”
“ငါတို့ ရွာပြင်ကနေပတ်သွားပြီးတော့ ထွေးခင်တို့အိမ်နောက်ဖေးကိုသွားမယ်ကွာ၊ ထွေးခင်အမေကြီးက ကျောက်ကပ်မကောင်းဘူးကွ၊ ညညဆို ခြံနောက်ဆင်းပြီး သေးဆင်းပေါက်တတ်တယ်၊ ထွေးခင်လဲ လိုက်စောင့်ပေးမှာပဲ၊ ဒီအချိန်တို့က သရဲယောင်ဆောင်ပြီးခြောက်မယ်ကွာ”
ထွန်းတင်အကြံကို ပေစိလဲ သဘောကျသွားသည်။
“ငါတို့နှစ်ယောက် တစ်ယောက်ပေါ်တစ်ယောက်တက်ပြီး ပုဆိုးခြုံလိုက်ရင် အရပ်အရှည်ကြီးဖြစ်သွားပြီပေါ့ကွာ”
“ဟား၊ ဟား၊ ကောင်းတယ်၊ ငါတော့ ထွေးခင်ဘယ်လောက်ကြောက်သွားမလဲဆိုတာ စဉ်းစားယုံနဲ့တင်ပျော်နေပြီဟေ့”
ပေစိတို့နှစ်ယောက် ရွာလယ်လမ်းမကြီးမှဆင်းလာကြပြီး ရွာပြင်မှပတ်လာကြသည်။ သူတို့ရွာထုံးစံအရ အိမ်များမှာ ရွာလယ်လမ်းမကြီးကို မေးတင်ဆောက်လုပ်ကြပြီး အိမ်နောက်ဖေးမှာတော့ ယာခင်းများကို ဖင်ပေးပြီးတည်ဆောက်ထားသည်။ သူတို့နှစ်ယောက် ရွာပြင်ထွက်လာရင်း ပဲခင်းထဲကို ထွန်းတင်က တစ်ချက်ကြည့်လိုက်သည်။
“ဟေ့ကောင်ပေစိ၊ ဟို၊ ဟိုမှာ”
သူတို့ဆီသို့ခုန်ဆွ ခုန်ဆွဖြင့်လာနေသည့် အကောင်ကြီးတစ်ကောင်ကိုတွေ့ရသည်။ ခြေတံအရှည်ကြီးဖြစ်ပြီး လက်တံကြီးတွေကလဲ အတော်ရှည်လျားသည်။ ထိုအကောင်ကြီး၏ မျက်လုံးများမှာ လူကြီးလက်သီးဆုပ်လောက်ရှိပြီး အနီရောင်ဝင်းလက်နေသည်။ ခြေတစ်ပေါင်ကျိုးနှင့် ခုန်နေသည်ဆိုသော်လည်းတစ်ခါခုန်လျှင် အတော်ဝေးဝေးရောက်သည်မို့ သူတို့နှင့်တဖြည်းဖြည်းနီးကပ်လာသည်။
“ဟေ့ကောင်၊ သရဲကြီးဟ၊ ပြေး၊ ပြေးတော့”
ထွန်းတင်က အော်ဟစ်ရင်းတစ်ဟုန်ထိုးပြေးသွားသော်လည်း ပေစိကတော့ သူ့ခြေထောက်တွေလှုပ်မရတော့၊ သူ့ဆီခုန်ဆွ ခုန်ဆွလာနေသည့် သရဲကြီးကိုကြောင်ပြီးရပ်ကြည့်နေမိသည်။
“အား”
ကိုပေစိအော်သံက တိတ်ဆိတ်နေသည့် သူတို့ရွာကလေးကို ဖုံးလွှမ်းသွားတော့သည်။
မှော်သွင်းစာခြောက်ရုပ်
အပိုင်း (၂) ဇာတ်သိမ်း
ကိုပေစိအော်သံကြီးကြောင့် တစ်ရွာလုံးလန့်နိုးလာကြသည်။ ထွန်းတင်ကတော့ ရွာလယ်လမ်းမကြီးအတိုင်းပြေးလာရင်း
“လုပ်ကြပါအုံးဗျို့၊ ပေစိကို သရဲကြီးစားနေပြီဗျို့”
ရွာလယ်လမ်းအတိုင်းပြေးလာသည့် ထွန်းတင်မှာ ပုဆိုးပင်မကပ်တော့ပေ။ ထိုအခါ ရွာသားများစုစည်းပြီးသည့်နောက် ထွန်းတင်ကိုလိုက်ဖမ်းရသည်။ ထွန်းတင်ကအကြောက်လွန်နေသဖြင့် အတော်မေးယူရသည်။
“ဟေ့ကောင်ထွန်းတင်၊ ပေစိဘယ်မှာလဲ”
“ဟို၊ ဟိုရွာပြင်က ခင်ထွေးတို့အိမ်နောက်ဖေးနားမှာ”
သူတို့လဲ လူစုလူဝေးဖြင့် ခင်ထွေးတို့အိမ်နောက်ဖေး ယာခင်းအစပ်သို့ ဆင်းလာခဲ့ကြသည်။ ထိုနေရာရောက်တော့ ပေစိက သစ်ပင်အောက်တွင် ပက်လက်လန်နေပြီး ကိုယ်လုံးကြီးက တဆတ်ဆတ်တုန်ယင်နေသည်။ ပါးစပ်မှလဲ အဖြူရောင်အမြှုပ်များထွက်နေသည်။
“ဟေ့ကောင်ပေစိ၊ ဟေ့ကောင်ပေစိ”
ရွာသားများက ပေစိကိုထမ်းပြီးပိုးသွားသည့်တိုင် ပေစိမှာ သတိမရသေးပေ။ ရွာအနောက်ပိုင်းတစ်ခုလုံး ထိုသတင်းကြောင့် အုတ်အော်သောင်းနင်း ဖြစ်သွားသော်လည်း ရွာအရှေ့ပိုင်းကတော့ ငြိမ်သက်လျှက်ရှိနေသည်။
(၄)
မနက်သုံးနာရီအချိန်ခန့်။
“ကြွက်နီရေ၊ နားထဲအော်သံတွေလိုလို ဘာတွေလိုလိုကြားတယ်ဟ”
အဖေဖြစ်သူက လှုပ်နှိုးသဖြင့် ကြွက်နီလဲ အိပ်ချင်မူးတူးနှင့် ထလိုက်ရသည်။ အဖေက မီးခွက်ကိုထွန်းထားပြီး လက်နှိပ်ဓါတ်မီးကိုကိုင်ထားသည်။
“ဘာဖြစ်လို့လဲအဖေရ”
“နွားတင်းကုပ်က နွားတွေလဲ နှာတွေမှုတ်နေတယ်၊ အိမ်နောက်ဖေးက ကြက်တွေလဲ ထထပြီးအော်နေကြတယ်၊ ငါတော့မသင်္ကဘူးကြွက်နီရာ”
“ဟာ၊ အဖေ၊ ဒါဆို သရဲကြီးလာတာများလားမသိဘူး”
ကြွက်နီအဖေက သရဲကိုမယုံကြည်သူတစ်ယောက်ဖြစ်သည်။
“အလကားပါကွာ၊ သရဲဗန်းပြပြီး ခိုးစားချင်တဲ့လူပေါ်လာတာနေမှာ၊ ဒေါ်ပုမအိမ်က ထဘီတွေပျောက်တယ်ဆို၊ နောက်ပြီး ဘုတ်ဆုံမတို့ အိမ်က ဆိတ်ကလေးအခိုးခံရတယ်ဆိုတာ သရဲမဟုတ်လောက်ပါဘူးကွာ၊ လူတစ်ယောက်လိုက်ခိုးနေတာနေမှာပေါ့ကွ၊ သရဲဆိုရင် ဆိတ်ကလေးဘယ်ခိုးပြေးမလဲ၊ ဆူဆူဖြိုးဖြိုး ဆိတ်မကြီးကို ခိုးပြေးမှာပေါ့ကွ”
ကြွက်နီလဲ အယောင်ယောင်အမှားမှားနှင့် အဖေဖြစ်သူပြောတာကို ခေါင်းညိတ်လိုက်ရသည်။ ကြွက်နီတို့အမေနှင့် ညီမလေးမှာ သူတို့အဘွားအိမ်တွင် သွားအိပ်ကြသဖြင့် အခုအိမ်တွင် ကြွက်နီနှင့်အဖေသာရှိသည်။
“လာကွာသား၊ ဒီသူခိုးကို သွားဖမ်းကြမယ်”
“ဖြစ်၊ ဖြစ်ပါ့မလား အဖေရ”
“ငါတစ်ယောက်လုံးရှိပါတယ်ကွာ၊ မင်းပစ်နေကျ လေးခွယူလာခဲ့စမ်း၊ ဒီသူခိုးကို ဒီတစ်ခါမိအောင်ဖမ်းမယ်”
ကြွက်နီအဖေက လက်နှိပ်ဓါတ်မီးနှင့် တံခါးနားတွင်ထောင်ထားသည့် လှံတစ်ချောင်းကိုယူလိုက်သည်။ ကြွက်နီကတော့ အဖေ့နောက်မှနေပြီး လေးခွကိုအသင့်ကိုင်ထားသည်။ လက်ထဲတွင်တော့ လောက်စာလုံး လေးငါးလုံးကို အသင့်ဆုပ်ကိုင်ထားသည်။
သူတို့သားအဖ နွားတင်းကုပ်အနားရောက်လာတော့ နွားတွေက ခွာတွေကိုမြေနှင့်ယက်နေသည်။ အဖေက သူ့ကိုတစ်ချက်လှည့်ကြည့်ပြီး ခြံနောက်ဖေးသို့ထွက်ခဲ့သည်။ ခြံနောက်ဖေးရှိ သစ်ပင်များပေါ်တွင် သူတို့မွေးထားသည့် ကြက်များက အိပ်တန်းတက်တတ်သည်ဖြစ်ရာ ထိုနေရာသို့ဦးတည်လိုက်သည်။
သူတို့သစ်ပင်အောက်ကိုရောက်သည့်အခါတွင် ကြက်သုံးလေးကောင်က ပြုတ်ကျပြီး ခြေထောက်တွေ မိုးပေါ်ထောင်ကာ သေဆုံးနေကြသည်။ သို့သော် ထိုကြက်များတွင် ဦးခေါင်းများမရှိတော့ပေ။
“တောက်၊ ဒီသူခိုးကတော့ကွာ”
ထိုစဉ် ကြွက်နီပုခုံးပေါ်သို့ ပူနွေးသည့်အရည်တစ်ချို့ ပြုတ်ကျလာသည်ကို ခံစားလိုက်ရသဖြင့် ကြွက်နီလဲသစ်ပင်ပေါ်သို့မော့ကြည့်လိုက်သည်။
“အဖေရေ၊ ဟို၊ ဟိုမှာ”
ကြွက်နီက သစ်ပင်ပေါ်ကိုလက်ညှိုးထိုးပြလိုက်သည်။ သစ်ပင်ပေါ်တွင် နီနီရဲရဲအကွင်းကြီးနှစ်ကွင်းကိုမြင်လိုက်ရသည်။ ကြွက်နီအဖေလဲ သစ်ပင်ပေါ်ကို ဓါတ်မီးနှင့်ထိုးလိုက်သည်။ ဓါတ်မီးအလင်းရောင် ဝါကျင့်ကျင့်တွင် သရဲကြီးတစ်ကောင်ကို မြင်တွေ့လိုက်ရသည်။
သောက်ရေအိုးကြီးရှိ မျက်လုံးကြီးတွင် အနီရောင်အကွင်းကြီးက တောက်ပနေသည်။ ထိုအောက်တွင် သွေးပေနေသည့် ပါးစပ်ကြီးကိုမြင်လိုက်ရသည်။ ထိုပါးစပ်အတွင်းတွင်တော့ သွားဖြူဖြူကြီးများက ထိုးထိုးထောင်ထောင်နှင့်ထွက်နေသည်။ ကိုယ်အပေါ်ပိုင်းတွင် စစ်အင်္ကျီကြီးနှင့် လက်တွေကဖောင်းဖောင်းကြီးတွေဖြစ်ပြီး အောက်ပိုင်းတွင်လဲ ဒေါ်ပုမ၏ ထဘီအစုတ်ကြီးဝတ်ထားသည်။
သရဲမယုံသည့် ကြွက်နီအဖေပင် တစ်ကိုယ်လုံးတုန်ယင်နေပြီး ကြက်သေသေနေသည်။ ကြွက်နီကတော့ ထိုအကောင်ကြီးကိုကြည့်ပြီး သေသေချာချာသိသွားသည်။
“ဒါ၊ ဒါ စာခြောက်ရုပ်ကြီး”
ထိုစဉ်မှာပင် စာခြောက်ရုပ်ကြီးက သစ်ကိုင်းပေါ်မှ လွှားခနဲခုန်ချလာသည်။ သစ်ပင်အောက်ရှိ ကြွက်နီအဖေမှာ သတိရသွားပြီးနောက် စာခြောက်ရုပ်ကြီး၏ရင်၀ကို လှံနှင့်တအားထိုးစိုက်ချလိုက်သည်။
“ဇွပ်”
သို့သော် လှံက စာခြောက်ရုပ်ကြီးကိုဖောက်ဝင်သွားပြီးသည့်နောက် ထုတ်ချင်းပေါက်တန်းလန်းကြီးဖြစ်နေသည်။ စာခြောက်ရုပ်ကြီးက ကြွက်နီအဖေကို လက်ဖြင့်ရိုက်ထည့်လိုက်သည်။
“ဖုန်း”
အားကောင်းမောင်းသန်ကြွက်နီအဖေမှာ ဖင်ထိုင်လျှက်သား လဲကျသွားသည်။ သို့သော် စာခြောက်ရုပ်ကြီးက သူ့အဖေကို ရန်မပြုတော့ဘဲ ကြွက်နီကိုလှည့်ကြည့်လိုက်သည်။ အနီရဲရဲကြီးတောက်ပနေသည့် မျက်လုံးကွင်းကြီးနှစ်ကွင်းနှင့် မျက်လုံးချင်းဆုံလိုက်မိသည့် ကြွက်နီမှာ ကြက်သေသေသွားသည်။ ထိုအခါ စာခြောက်ရုပ်ကြီးက ကြွက်နီဆီသို့ တစ်ချက်ခုန်လိုက်ပြီး သူ့အရှေ့ရောက်လာသည်။
“အား”
ကြွက်နီအသံကုန်ဟစ်ပြီး အော်လိုက်သည်။ သို့သော် စာခြောက်ရုပ်ကြီးက သူ့ကိုဘာမှမလုပ်ဘဲ ခုန်ဆွ ခုန်ဆွနှင့် ခြံထဲမှထွက်ပြေးသွားတော့သည်။ တစ်ခါခုန်လိုက်လျှင် ဆယ်ပေ၊ ပေနှစ်ဆယ်လောက်အထိ ရောက်သည်။
မနက်ရောက်တော့ ရွာတွင် သတင်းကြီးနေပြီဖြစ်သည်။ ကြွက်နီအဖေက ဆရာတော်တွေကိုပင့်ပြီး ဆွမ်းကျွေးကာ ပရိတ်ရွတ်စေမည်ဖြစ်ရာ ပေတိုးလဲ ဆရာတော်များနှင့်အတူ လိုက်ပါလာရသည်။ ကြွက်နီက စောင်ကြီးခြုံပြီး အဖျားတက်နေသည်။
“ဟေ့ကောင်ကြွက်နီ ဘယ်လိုဖြစ်ရတာလဲ”
“ပေတိုး၊ ပေတိုး ငါတို့တော့မှားပြီထင်တယ်၊ ငါမြင်လိုက်တာ သရဲကြီးမဟုတ်ဘူးကွ၊ ငါတို့လုပ်ခဲ့တဲ့ စာခြောက်ရုပ်ကြီး”
ကြွက်နီပြောလိုက်သဖြင့် ပေတိုးက နှုတ်ခမ်းကိုလက်ညှိုးနှင့်ကာပြပြီး
“တိုးတိုးပြောစမ်းပါကွာ၊ မင်းသေချာရဲ့လား”
“သေချာတယ်ကွ၊ ငါတို့အိမ်က ကြက်ကိုးကောင်ကို ခေါင်းဖြတ်ပြီးစားသွားတာကွ၊ ငါသေချာမြင်လိုက်တယ်”
ပေတိုးစိတ်ညစ်သွားသည်။
“ဒါဆို ငါတို့အသက်သွင်းတာ အောင်မြင်ခဲ့တာပေါ့၊ ငါတို့လုပ်ခဲ့တဲ့ စာခြောက်ရုပ်ကြီးကို သူများကဖျက်လိုက်တာမဟုတ်ဘူးပေါ့”
“အေးကွ၊ ငါ၊ ငါအဖေ့ကိုတောင်မပြောရဲဘူး၊ ငါတို့လုပ်မှန်းသိရင် သေအောင်အရိုက်ခံရမှာကွ”
“အေး၊ မင်းမပြောတာကောင်းတယ်ကြွက်နီ၊ ဆရာတော်သိရင်လဲ ငါအဆော်ခံရမယ်”
“ဒါဆို ငါတို့ဘယ်လိုလုပ်ကြမလဲ ပေတိုး”
“ငါတို့လုပ်တာ ငါတို့ဖြေရှင်းရမှာပေါ့ကွာ”
ပေတိုးတစ်နေ့လုံး စိတ်နှင့်လူနှင့်မကပ်တော့ပေ။ ရွာမှလူများမှာလဲ ပေစိသရဲကြီးနှင့်တွေ့သည့်အကြောင်း၊ ကြွက်နီအဖေ သရဲကြီးနှင့်တိုက်ခိုက်ခဲ့သည့်အကြောင်းများကို သတင်းထူးသဖွယ်ပြောဆိုနေကြသည်။ ပေတိုးလဲ သူ့စာအုပ်အဟောင်းလေးတွင် စာခြောက်ရုပ်အကြောင်းကို လှန်လှောရှာဖွေသော်လည်း ထိုစာခြောက်ရုပ်ကို အသက်သွင်းသည့်နည်းလမ်းသာပါပြီး ကျန်သည့်စာရွက်တွေက ပြဲစုတ်နေသဖြင့် ရှာဖွေမရပေ။
ထိုည။
ရွာသားများမှာ စောစောအိမ်ထဲဝင်ကြသည်။ ဦးတုတ်ကြီးရေဒီယိုမှာပင် နားထောင်သည့်သူမရှိတော့ပေ။ အိမ်မွေးထားသည့် ကြက်များ၊ ဆိတ်များကို အိမ်ထဲထည့်ကျသလို နွားများ၊ ဝက်များကိုတော့ လုံခြုံအောင်ကာရံထားကြသည်။ ည ခုနစ်နာရီခန့်သာရှိသော်လည်း အိမ်အပြင်တွင် လူတစ်ယောက်မှ မရှိတော့ပေ။
မကြာခင် ခွေးအူသံများကိုကြားလိုက်ရသည်။
“သ၊ သရဲကြီးလာပြီဟေ့”
ရွာလယ်လမ်းမကြီးအတိုင်း ခုန်ဆွခုန်ဆွနှင့်သရဲကြီးလာပြီဖြစ်ရာ ရွာသားများမှာ ကြောက်လန့်ပြီး အိမ်တွင်ထွန်းထားသည့် မီးခွက်တွေမှုတ်လိုက်ကြကာ ပုန်းအောင်းလျှက် ချောင်းကြည့်ကြသည်။ သရဲကြီးမှာ ခုန်ဆွခုန်ဆွနှင့် ရွာလယ်လမ်းမကြီးအတိုင်းလာခဲ့ပြီး ရွာဦးဘုန်းကြီးကျောင်းအရှေ့သို့ရောက်သွားသည်။
သို့သော် ဘုန်းကြီးကျောင်းထဲမဝင်ဘဲ ကျောင်းအပြင်တွင်သာ ခုန်ဆွခုန်ဆွလုပ်နေပြီးဘုန်းကြီးကျောင်းကို ပတ်နေသည်။
“သခင်၊ ဘယ်မှာလဲ၊ ငါ့ကိုအစာကျွေးပါ”
ရှတတအသံကြီးဖြင့် ထိုသို့အော်ဟစ်နေလေရာ ဘုန်းကြီးကျောင်းအတွင်းမှ ဦးဇင်းများလဲ ကြောက်လန့်ကြသည်။ ရွာသားများမှာ ဆိုဖွယ်ရာမရှိတော့ပေ။ မိမိအိမ်ထဲတွင် ပုန်းအောင်းနေကြရင်း အဖြစ်အပျက်များကို စောင့်ကြည့်နေကြသည်။ ကျောင်းထိုင်ဘုန်းကြီးပင် ထိတ်လန့်ပြီးဘုရားစာတွေရွတ်နေသည်။ ပေတိုးကတော့ သူ့ကိုခေါ်နေပြီမှန်းသူသိလိုက်ပြီမို့ ရေနံဆီမီးခွက်တစ်ခုကိုကိုင်ပြီး ကျောင်းပေါ်မှဆင်းသွားသည်။
“ဟဲ့ ပေတိုး၊ ဘယ်သွားတာတုန်း”
ဦးဇင်းတွေက ဝိုင်းပြီးခေါ်ကြသော်လည်း ပေတိုးက ကျောင်းတိုက်အပြင်ကိုပြေးထွက်သွားသည်။ ကျောင်းတိုက်တံခါးကိုဖွင့်ပြီး အပြင်ကိုထွက်ကာ မတ်တပ်ရပ်လိုက်သည်။
“ဟဲ့အကောင်ကြီး၊ နင်လာခဲ့စမ်း”
ထိုအခါ စာခြောက်ရုပ်ကြီးက ပေတိုးကိုကြည့်လိုက်ပြီးနောက် ပေတိုးအရှေ့သို့ခုန်ဝင်လာခဲ့သည်။ ခြောက်ပေနီးပါးမြင့်သည့် စာခြောက်ရုပ်ကြီးမှာ ပေတိုးကိုငုံ့ကြည့်ပြီး
“ငါဗိုက်ဆာတယ်သခင်၊ ငါ့ကိုအစာကျွေးပါ၊ ငါသွေးဆာတယ်”
“အေး ကျွေးမယ်”
ပေတိုးက ထိုသို့ပြောလိုက်သော်လည်း သူ့ဒူးခေါင်းတွေက တဆတ်ဆတ်နှင့်တုန်ယင်နေသည်။ သူ့မီးခွက်အလင်းရောင်ရှေ့တွင်တော့ ရှည်ရှည်မျောမျော စာခြောက်ရုပ်ကြီးက သူ့ကိုကြည့်နေသည်။ အိုးမှာ ပါးစပ်မပါသော်လည်း၊ မှော်ဝင်သွားပြီးသည့်နောက် ပါးစပ်ပြဲကြီးပေါ်ထွက်နေပြီး ထိုပါးစပ်ထဲမှ အစွယ်ဖြူဖြူကြီးများလဲထွက်နေသည်။
“ငါ့ကိုအစာကျွေးပါ၊ ငါဆာတယ်”
“အေး၊ အေး ကျွေးမယ်၊ ရော့”
ပေတိုးက မပြောမဆိုနှင့် ရေနံဆီမီးခွက်နှင့် စာခြောက်ရုပ်ကြီးကို တို့ထည့်လိုက်သည်။ ကောက်ရိုးများဖြစ်သည်မို့ မီးနှင့်ထိလိုက်သည့်အခါ ဟုန်းခနဲတောက်လောင်သွားသည်။ စာခြောက်ရုပ်ကြီးက ဟစ်အော်နေသည်။
မုဆိုးမထဘီကြီးသည်လည်းကောင်း၊ မုဆိုးဖို၏ အင်္ကျီသည်လည်းကောင်း မီးနှင့်တွေ့ပြီး မီးများစွဲလောင်နေသည်။ စာခြောက်ရုပ်ကြီးမှာ အလွန်နာကျင်နေပုံရပြီး အသံနက်ကြီးနှင့် စူးစူးဝါးဝါးအော်ဟစ်နေသည်။ တစ်ခဏအတွင်းမှာပင် စာခြောက်ရုပ်မှာ မီးလောင်ပြာကျပြီးသည့်နောက် ဝါးလုံးကြီးနှင့် ရေအိုးကြီးမှာ မြေပေါ်ကျသွားသည်။
“ငါ့ကိုပြန်လုပ်ပေးသခင်၊ နင့်ကိုငါမကျေနပ်ဘူး၊ နင့်ကိုသတ်မယ်”
မြေပေါ်ကျနေသည့် အိုးကြီးက စကားတွေပြောဆိုပြီး ကြိမ်းဝါးနေသေးရာ ပေတိုးလဲ ဒေါသထွက်လာသည်။ သို့နှင့်ထိုအိုးကြီးကို အိုးနှုတ်ခမ်းမှ ကောက်ကိုင်လိုက်သည်။ အိုးကြီးက စကားတွေပြောပြီးအော်ဟစ်နေဆဲဖြစ်သည်။
“နင့်ကိုငါသတ်မယ်၊ နင်ငါ့ကိုဒီလိုလုပ်လို့မရဘူး”
ပေတိုးက အိုးကိုသူ့ခေါင်းပေါ်အထိရောက်အောင် မြှောက်တင်လိုက်ပြီးသည့်နောက်
“ရတယ်၊ ဒါတွေငါလုပ်တာ၊ နင့်ကိုငါအသက်သွင်းတာ၊ အခုငါပဲ နင့်ကိုဖျက်ဆီးပစ်မယ်”
ထို့နောက် မြေကြီးပေါ်သို့ အိုးကြီးကိုပစ်ချလိုက်သည်။
“ဖုန်း”
အိုးမှာကွဲသံထွက်မလာဘဲ ပေါက်ကွဲသံကြီးထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင်လဲ ဖုန်မှုန့်များဖြင့်လဖုံးလွှမ်းသွားသည်။ ပေတိုးက အစိတ်စိတ်အမွှာမွှာကွဲနေသည့် အိုးကိုကြည့်နေမိသည်။ အိုးတွင် သူကိုယ်တိုင်ထုံးဖြင့်ရေးဆွဲထားသည့် မျက်လုံးဝိုင်းဝိုင်းကြီးက အပိုင်းအစများဖြစ်နေသည့်တိုင် အချိန်အတန်ကြာအောင် တောက်ပနေသေးသည်။ နောက်တော့မှ တဖြည်းဖြည်းနှင့် အလင်းရောင်များမှိန်ကာ ကွယ်ပျောက်သွားသည်။
“ပေတိုးတဲ့ဟေ့၊ သရဲကြီးကို ပေတိုးသတ်လိုက်ပြီ”
တစ်ရွာလုံးက လူများပြေးထွက်လာပြီး ပေတိုးအားမြှောက်ချီလိုက်သည်။ ပေတိုးအား လူစွမ်းကောင်းတစ်ယောက်အနေနှင့်ဆက်ဆံပြောဆိုကြသည်။ ထိုနောက်ပိုင်းတွင် ပေတိုးအား အဝတ်ဆင်သည့်လူနှင့်၊ မုန့်ကျွေးသည့်လူနှင့် ပေတိုးကံဇာတာတက်နေတော့သည်။
သို့သော် ထိုကံဇာတာက ကြာကြာမခံလိုက်ပေ။ စာခြောက်ရုပ်ကြီးကို ပေတိုးတို့လုပ်သည်ဟူသည့် သတင်းမှာ ဘုတ်ဆုံမနှုတ်မှ ထွက်သွားသဖြင့် လူကြီးတွေအကုန် အံ့ဩသွားသည်။ ရွာဦးကျောင်းဆရာတော်ဆိုလျှင် ပေတိုးအား ကြိမ်လုံးနှင့် လှိမ့်ရိုက်တော့သည်။
“မလုပ်ကောင်းတာစမ်းတဲ့ကောင်၊ တော်သေးတာပေါ့ကွာ၊ လူတွေဘာတွေမသေတာကံကောင်းတာပေါ့”
ပေတိုး၏ ကံဇာတာလဲ ပြန်ပြုတ်ကျသွားသည်။ ရွာမှလူများကတော့ သူတို့သုံးယောက်ကို အပြစ်တင်ကြသည်။
“အချိန်ကြာတော့လဲ မေ့သွားတာပေါ့ ဒကာကြီးရယ်”
“တင်ပါ့ဘုရား”
“ဒါပေမယ့် ဦးဇင်းက ကိုယ်တိုင်လုပ်ခဲ့တဲ့သူမို့လို့ ဒီအဖြစ်အပျက်တွေကို ဘယ်မေ့လို့ရတော့မလဲ”
ငယ်စဉ်ကပေတိုးဖြစ်ခဲ့ပြီး အခုဦးဇင်းကြီးဖြစ်နေသည့် ဦးဇင်းက စာရေးသူနှင့်စကားလက်ဆုံကျနေရာမှ သူ့ငယ်ဘ၀ဖြစ်စဉ်အချို့ကိုပြောပြနေခြင်းဖြစ်သည်။
“အရှင်ဘုရားတို့သွင်းလိုက်တဲ့ စာခြောက်ရုပ်မှာ မကောင်းဆိုးဝါးတစ်ကောင်၊ အစိမ်းသရဲတစ်ကောင်ဝင်သွားတာ ဖြစ်နိုင်ပါတယ်ဘုရား”
“အေးကွဲ့၊ တို့ရွာမှာအရင်တုန်းက သေခဲ့တဲ့ စုန်းမကြီးတစ်ကောင် ဝင်တယ်လို့ပြောတာပဲ၊ အဲဒီနောက်ပိုင်း ဦးဇင်းကို စုန်းမကြီးက ရန်ငြိုးထားမှာစိုးလို့ ရွာဦးကျောင်းဆရာတော်က ကိုရင်ဝတ်ပေးခဲ့ရာကနေ အခုထိ သာသနာ့ဘောင်ထဲမှာပဲ ဦးဇင်းပျော်မွေ့တော့တာပေါ့”
“တင်ပါ့ဘုရား၊ ဒါနဲ့ အဲဒီစာအုပ်ကလေးရော ဘာဖြစ်သွားသလဲဘုရား”
“အဲဒီစာအုပ်ကလေးက လွတ်လပ်ရေးမရခင်တုန်းက နာမည်ကြီးတဲ့အောက်လမ်းဆရာတစ်ယောက် ရေးသားထုတ်ဝေခဲ့တဲ့ ကျမ်းလို့ခန့်မှန်းတယ်၊ စာရွက်တွေလဲ ပြုတ်တဲ့ဟာတွေလဲ ပြုတ်ကုန်ပါပြီ၊ ဒါပေမယ့် ဦးဇင်းသိမ်းထားသေးတယ်၊ ဒကာလေးကြည့်ချင် ဦးဇင်းခဏယူပြမယ်”
“တင်ပါ့ဘုရား”
ဦးဇင်းက ဘုရားဆောင်အနားရှိ စာအုပ်များထည့်ထားသည့် ဘီရိုဟောင်းကြီးတစ်လုံးကိုဖွင့်လိုက်ပြီး အတွင်းတွင် အနီရောင်အဝတ်စ(သင်္ကန်းစဖြစ်နိုင်ပါသည်) တစ်ခုနှင့် ထုတ်ပိုးထားသည့် စာအုပ်တစ်အုပ်ကိုဖွင့်ပြသည်။ ထိုစာအုပ်ရှိစာရွက်များမှာ ယခုခေတ်စာရွက်များနှင့်မတူဘဲ ဝါဖန့်ဖန့်အရောင်နှင့် စာရွက်များမှာလဲ ကတ်ထူပြားကဲ့သို့ခပ်ထူထူကြီးဖြစ်သည်။ စာအုပ်အရွယ်အစားမှာ ဗလာစာအုပ်အရွယ်အစားခန့်ရှိသည်။
အတွင်းတွင် ကျင့်စဉ်များ၊ လောကီအစီအရင်များ ရေးထားပြီး အများစုမှာ လင်္ကာကဲ့သို့ ကဗျာပုံစံမျိုးဖြင့်ရေးထားကြခြင်းဖြစ်သည်။ အောက်လမ်းပညာရပ်များဆိုသည်ထက် မှော်ပညာ၊ ထူးဆန်းသည့်လောကီပညာများအကြောင်း မှတ်စုရေးသားထားခြင်းဖြစ်သည်။ ရှေးဟောင်းပေစာ၊ ပုရပိုက်စာမှ ကူးယူထားသည့် စာများဟုလဲ ရေးထားသည်ကိုတွေ့ရသည်။
သို့သော်လည်း ဦးဇင်းပြသလောက်သာ ကြည့်ခဲ့ရသည်မို့ အသေးစိတ်ကိုမဖတ်ရှုနိုင်ခဲ့ပေ။
ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းဆီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်
Leave a Reply