အောက်လမ်းဆရာ

အလိုက်သိတတ်သော သူရိယကို သဘောကျကာ
“ဦးဖိုးဝေ ခင်ဗျား တပည့်ကို ကျုပ်ကို ပေးလိုက်ပါလားဗျာ ကျုပ် အတော်ကို သဘောကျနေပြီဗျ ”
“ဘာတွေ သဘောကျတာလဲ ဘိုးတော်ပေရ ခိုင်းကောင်းလို့လား ”
“ဟာ မဟုတ်ပါဘူးဗျာ ခင်ဗျားပြောမှ သူရိယ ကျုပ်ကို တမျိုးမြင်နေပါဦးမယ် ”
ဦးဖိုးဝေသည် ဘိုးတော်‌ပေအား စနောက်ပြီး စကားဆိုလိုက်ခြင်းဖြစ်၏ ။၊ သို့သော်လည်း ဘိုးတော်ပေသည်က သူရိယအား အားနာနေလေသည် ၊၊ ထို့နောက် သူတို့ တွင် ပါလာသော လွယ်အိတ်များကို ကိုယ်စီခေါင်းအုံး ကာ လှဲအိပ်လိုက်ကြရာ သူရိယ နှင့် ဘိုးတော်ပေ တို့ ခရီးပမ်းသည် ထင်၏ တခဏ အတွင်းပင် အိပ်ပျော် သွားကြသည် ၊၊ ဦးဖိုးဝေသည် လှဲနေရာမှ ထထိုင်လိုက်ပြီး ရွာဘက်သို့ မျက်နှာ မူကာ တင်ပလ္လင်ခွေ ထိုင်ကာ မကြာလှသော အချိန် တွင် ဦးဖိုးဝေ၏ ဦးခေါင်းထိပ်မှ ရွှေရောင် တောက်ပနေသော အမျှင်လေး တမျှင်သည် ဖြည်းညင်းစွာထွက်ပေါ်လာပြီး ရွာဘက်သို့ တဖြည်းဖြည်း လွင့်ပျံသွားကာ ရွာလယ် လမ်းအတိုင်း မြေပြင်နှင့် ဝါးတရပ်အကွာလောက်မှာနေ၍ လွင့်ပျံပြီး ရွာအလယ်ရှိ အိမ်ကြီးတလုံးပေါ်သို့ ဝင်ရောက် သွားလေသည်။ အိမ်ပေါ်ရှိအိပ်နေသော လူကြီးတ‌ယောက်၏ ဦးခေါင်းထဲသို့ ထိုရွှေရောင်မျှင်လေးသည် တိုးဝင်သွားပါလေတော့ သည် ။

*အခန်း (၃)

နံနက်ခင်းနေရောင်ရသော အချိန်တွင် ဦးဖိုးဝေတို့ သုံးယောက် နိုးထလာလေသည် ၊၊ ထိုစဉ် သူတို့ ဇရပ်ဘက်ဆီသို့ လူငါးယောက်ခန့်ရှိသော လူတစု ရောက်လာကာ ထိုထဲမှ လူကြီးတဦးသည် ဘိုးတော်ပေကို လက်ညှိုးထိုးပြကာ
“ကျုပ် အိမ်မက်ထဲက ဘိုးတော်က အဲ့ဒီဘိုးတော်ပဲ ”
“ဟုတ်လို့လားဗျာ ရွာလူကြီး ”
“ကျုပ်အိပ်မက် မက်တာဆိုပေမဲ့ တော်တော် ကိုရှင်းရှင်း လင်းလင်းကို တွေ့တာပါ အဲ့ဒီ ဘိုးတော် အသေချာပဲ ဗျ”
“ရွာလူကြီးက ဟုတ်နေတယ် ဆိုတော့ လည်း ပင့်ကြတာပေါ့ဗျာ ”
ထိုလူကြီးများသည် ဇရပ် ပေါ်သို့ တက်လာပြီး အိပ်ယာမှ နိုးခါစ မကြည်မလင် ဖြစ်နေသော ဘိုးတော်ပေ၏ မလှမ်းမကမ်းတွင် ထိုင် လိုက်ကြကာ
“ဘိုးတော် ”
“ကျုပ်ကို ခေါ်တာလား ”
“ဟုတ်တယ်လေ ဒီနားမှာ ဘိုးတော်ဆိုလို့ ဘိုးတော်ပဲ ရှိတာကို ”
“ဘာဖြစ်လို့လဲ ဗျ”
“ကျုပ်တို့ ရွာက ပြဿနာတွေ ကို ဘိုးတော်သိပါတယ် ဒါ့ကြောင့် ဘိုးတော် ကျုပ်ကို အိပ်မက်ပေးပြီးလာပင့်ခိုင်းတာ မဟုတ်လား ”
“မဟုတ်ဘူးနဲ့ တူတယ်နော် ကျုပ်ကို လူမှားနေတာလား မသိဘူး‌”
“မမှားပါဘူး ဘိုးတော်ရယ် ကျုပ် ကို သေချာကို အိပ်မက်ပေးထားတာပါ ကျုပ် မက်တဲ့ အိမ်မက်တွေထဲမှာ ဘိုးတော်ပေးတဲ့ အိမ်မက်က အရှင်းဆုံးပါ ”
ဘိုးတော်ပေသည် မည်သို့ မှ ပြောမရသော သောအခါ ဦးဖိုးဝေအား ကြည့်လိုက်သည် ၊၊ ထိုအခါ သူ့အားပြုံးပြီး ကြည့်နေသော ဦးဖိုးဝေထံမှ ခေါင်းကို ညိတ်ပြလိုက်ရာ သူသည် ရွာသားများဘက်ထံ လှည့်ကြည့်ပြီး
“ကဲ လိုက်ခဲ့မယ်ဗျာ ကျုပ်တယောက် ထဲတော့လိုက်လို့မရဘူး ကျုပ်မိတ်ဆွေ နှစ်ယောက်ပါ ပါသေးတယ် သူတို့ကိုပါ ခေါ်မှ လိုက်လို့ရမှာ ”
“ခေါ်ရမှာ ပေါ့ ဗျာ ဘိုးတော် လိုက်မယ်ဆိုတာနဲ့ တင်ကျုပ် အတော်ကို ဝမ်းမြောက်နေပါပြီဗျာ ”
ဤသို့ဖြင့် ဦးဖိုးဝေတို့သည် ရွာသားများခေါ်ဆောင်ရာနောက်သို့ လိုက်သွားလိုက်ကြတော့သည် ၊၊ ရွာသားများထဲမှ ရွာလူကြီးဖြစ်ဟန်တူသော လူကြီးသည် ဘိုးတော်ပေအား အတော်ကို‌ လေးလေးစားစား ဆက်ဆံနေသလို သူ၏အိမ်တွင် ကောင်းစွာ ဧည့်ခံကျွေးမွေးနေလေရာ ဘိုးတော်ပေ အားနာလာရသည် အထိ ဖြစ်နေလေ၏၊ ရွာလူကြီး နှင့် ရွာသားများသည် ဦးဖိုးဝေ တို့ အား ကောင်းမွန်စွာ ဧည့်ဝတ်ပြုပြီးနောက် ဘ်ိုးတော်ပေအား ရိုရိုသေသေ နှင့် စကားဆိုလေသည်။
“ဘိုးတော် ကျုပ်တို့ကို ကူညီဖို့ရောက်လာတာ မဟုတ်လား ”
“အင်း ”
“ကျုပ်တို့ကို ကူညီပါဦးဗျာ ”
“ကျုပ် ဘာကူညီရမှာလဲ ”
“ဘိုးတော်ပဲ အိပ်မက်ထဲမှာ အဖြစ်စနစ်တွေကို အသေချာပြော သွားခဲ့ ပြီးတော့ ”
“အို ကာယကံရှင်တွေ ပြောစကားလေးလည်း နားထောင်ချင်လို့ပါ ပြီးတော့ ကျုပ်မိတ်ဆွေ နှစ်ယောက်လည်း သိချင်မပေါ့ ”
“အော် ဟုတ်ကဲ့ ကျုပ်တို့ သဘောပေါက်ပါပြီ ပြောပြပါမယ် ”
ဘိုးတော်ပေသည် မှင်မောင်းကောင်းလှသည် ၊၊ သူမသိသည်ကို ရိုးသားစွာ ဝန်ခံပေမဲ့ ရွာသားများသည်က လက်မခံ ဘိုးတော်ပေ မှ ဘိုးတော်ပေဖြစ်နေ၏ ။ ညက ရွာလူကြီးထံ အိပ်မက်ပေးသူမှာ ဦးဖိုးဝေဖြစ်ပြီး ဘိုးတော်ပေ၏ ရုပ်သွင်အား အသုံးချ ပြီး အိပ်မက်ပေးခြင်းဖြစ်သည် ၊၊ ထိုအကြောင်းကို ‌ဘိုးတော်ပေမှာ မသိပေ၊သူ၏ စိတ်ထဲတွင်တော့ ဤရွာ၏ ပြဿနာကို ဖြေရှင်းပေး မည်ဟု စိတ်ပိုင်းဖြတ်ထားဟန်ရှိသည်ဟု ဦးဖိုးဝေ တွေးလိုက်မိချိန် ရွာလူကြီးမှ ပြဿနာ ဖြစ်သည့် အကြောင်းကို စတင်ပြောပြလာပါတော့သည် ။

*အခန်း (၄)

မြစ်သား ရွာလေး၏ နေ့လယ်ပိုင်းတွင်ဖြစ်၏ ၊၊ ထိုရွာထဲ တွင် အာဝါဒေးဟု ခေါ်သော လောင်းကစား ပွဲများ ကျင်းပနေကြသည် ၊၊ ထိုလောင်းကစားပွဲများတွင် ကြက်ဝိုင်းသည်က အစည်ကားဆုံးဖြစ်၏ ၊၊ ကြက်ဝိုင်းတွင် တိုက်ကြက်ဖ နှစ်ကောင် အား ပွဲတည်နေသည်။ ကြက်ရွှေနီ မှာ အိမ်ရှင် မြစ်သားရွာမှ ကြက်ဖြစ်ပြီး နောက်ထပ် တကောင်သည်က အသက်၆၀ကျော်နေသော တခြားရွာလူကြီး၏ ကြက်ဖြစ်သည် ၊၊ ထိုလူကြီးသည် အာဝါဒေး ပွဲတွင် အမြဲ ကြက်လာတိုက်လေ့ရှိသော လူကြီးဖြစ်ပြီး မည်သည့် ရွာမှမှန်းလည်း မသိပေ၊၊ ထိုလူကြီးအား လူအများသည် ဦးမုတ်ဆိတ် ဟု ခေါ်ကြပြီး ဗမာအမျိုးသားများထဲ ရှားရှားပါးပါး မုတ်ဆိတ်ကျင်စွယ် ရှည်သော လူဖြစ်သည် ၊၊ ဦးမုတ်ဆိတ်သည် သူ၏ ကြက်ဖကြီးကို ပိုက်ရင်း
“မြစ်သားက ရွှေနီက အတော်ကောင်းလို့ နာမည်ကြီးပါတယ် သို့ပေမဲ့ ကျုပ်ရဲ့ တိုက်‌တိုင်းအောင်ကြီးနဲ့ တိုက်ရဲ ပါ့မလား ”
“မြစ်သားရွာက မြစ်သားရွှေနီက ဘက်တူရင် မရွေးဘူးဗျ”
“အဲ့တာဆို လက်ရင်း ၁၀၀၀ ကြေးချမလား ”
“သိပ်ရတာပေါ့ဗျာ လက်ရင်း တထောင်ဆိုတော့လည်း မဆိုးလှပါဘူး ”
တထောင်ဆိုသည့် ပမာဏမှာ နည်းသည့် ပမာဏတော့မဟုတ်ပေ၊သို့ပေမဲ့ ကြက်ဝိုင်းကောင်းလျှင် ထိုပမာဏ အနည်းဆုံး ထားပြီး လက်ရင်းဆွဲကြသည် ။တခြား လောင်းကြေးများနှင့် ဆိုလျှင် အနည်းဆုံး နှစ်ထောင် ကျော်မည် ဖြစ်သည် ၊၊ ဤသို့ ဖြင့် မြစ်သားရွာ မှ ရွှေနီနှင့် ဦးမုတ်ဆိတ်၏ တိုက်‌တိုင်းအောင် တို့၏ ပွဲက တည်ပြီဖြစ်သည် ၊၊ ရွှေနီကိုဖြင့် မြစ်သားရွာသား ဦးစံလှ ကြက်ဆွဲ လုပ်ပြီး တိုက်တိုင်းအောင်ကိုတော့ ဦးမုတ်ဆိတ်ကပဲ ကြက်ဆွဲ လုပ်လေ၏။ကြက်ပွဲသည်က စလွှတ်လိုက်သည် နှင့် ဗလာခြေများ ပစ်ကာ လူအများ၏ အာရုံကို ဖမ်းစား ‌ထားကြသည် ။ကြက်ဆွဲများ သုံးချီ မျှ ဆွဲသော အခါ တိုက်‌တိုင်းအောင် သည် ပို၍ ခြေသာနေ၏ ၊ ဘေးကြေးများသည် လည်း တိုက်တိုင်းအောင် အပေါ် ထား၍ ကြေးဖွင့် လာကြသည် ။
“တိုက်တိုင်းအောင် ဘက်က နှစ်ရာ၊တရာ ရှိတယ်ဟေ့ ”
“အေး ငါ ဆွဲတယ် ”
ဤသို့ ဖြင့် ကြက်ဝိုင်းသည် လူအများစိတ်ဝင်စားဆုံး အချိန်သို့ ရောက်ရှိလာသည် ၊၊ မြစ်သားရွာမှ တိုက်ကြက်ဖကြီး ရွှေနီသည် တချက် တချက် အလွတ် ပစ်တတ်သည် ။ တိုက်တိုင်းအောင် သည်က နှုတ်သီးနှင့် ဆိတ်ပြီး ခွပ် ရာ နောက်ဆုံး ရေကုန်ရေခမ်းတွင် ကြက်ဖကြီး ရွှေနီမှ ငေးနေလေသည် ၊၊ထို့အတူ တိုက်တိုင်းအောင်သည်လည်း ငေးနေချိန် ဦးမုတ်ဆိတ် လေ နှင့် မှုတ်ပေးနေသော်လည်း ကြက်ဖကြီး ရွှေနီ၏ ကြက်ဆွဲ မှာ ရေဖွား ဖြင့်မှုတ်လ်ိုက်၍ ရွှေနီမှ လှမ်းပစ်ပြီး ခွပ်လိုက်ရာ တိုက်တိုင်းအောင် အား တည့်မတ်စွာ ထိမှန်ပြီး အတော် အထိ နာသွားသည်။ ဦးမုတ်ဆိတ်သည် သူ၏ ကြက်ဖကြီးကို ကောက်လိုက်ပြီး
“ဟေ့ကောင် ကြက်ဝိုင်းစည်းကမ်း နားမလည်ဘူးလား မင်းဘာလို့ ရေနဲ့ မှုတ်တာ လဲ ”
“ဘယ်မှာ ရေပါလို့ လဲ ကျုပ် ကလေနဲ့ ပဲ မှုတ်တာ ”
“မင်းတို့ ပေါ်တင်ငြင်း မနေနဲ့ တခြားသူတွေ မြင်တယ် ”
“ကိုမုတ်ဆိတ် ခင်ဗျားကြက် ရှုံးရင် ရှုံးတယ် ပေါ့ ဘာတွေ လာပြောနေတာလဲ ”
“မင်းတို့ကောင်တွေက ရွာခံတွေဆိုပြီး ညစ်နေတာ ငါမသိဘူးထင်လား ကြက်ပွဲစည်းကမ်းအရ ကြက်ကို ကြက်ဝိုင်းကမြေမှုန့် နဲ့ ကြက်ဝိုင်းက ကြက်မွေးနဲ့ ပဲ ကုရ မှာကို မင်းတို့ကောင်တွေက လက်ပူထိုးနေတဲ့ အချိန်မှာတခြား သွေးတိတ်ဆေးတွေ သုံးနေတာ ငါမသိဘူးထင်နေလား ကြက်ဒိုင် မင်းက ဒီရွာသားမို့ လို့ ငြိမ်နေတာလား မင်းကောင် ရေဖွားမှုတ်တာ မမြင်ဘူးလား”
“ကို မုတ်ဆိတ် ဘာတွေ လျှောက်ပြောနေတာလဲ အဲ့ဒီကောင် ရေဖွား မမှုတ်ပါဘူး လေပဲ မှုတ်တာပါ ”
ဒိုင်ဖြစ်သူပါ သူဘက် မပါသော အခါ ဦးမုတ်ဆိတ်သည် မျက်လုံး များ နီရဲ လာသည် အထိ စိတ်တို ဒေါသ ထွက်လာ၏။ ကျန်သော သူများသည်လည်း အမှန်တရားကို သိသော်ငြား မြစ်သား ရွာသားအချို့၏ ရန်လိုမှု့ ကို သိ၍ ငြိမ်နေရသည်၊၊ ထို့နောက် ဦးမုတ်ဆိတ်သည် ကြက်ဝိုင်းထဲမှ နေ၍ သူ၏ ကြက်ကို ပွေ့လိုက်ပြီး ဝိုင်းကြည့်နေသော လူများအား လက်ညိုးထိုးကာ
“မင်းတို့ တွေ အမှန်တရားကို မပြောရဲဘူး အေး ဒါပေမဲ့ တခြားရွာက ကောင်တွေကို ‌တော့ ငါခွှင့်လွှတ်တယ် ဒီ မြစ်သားရွာက ကောင်တွေ ကိုတော့ ငါ့ ခွင့်မလွှတ်ဘူး ရော့ ငါ့လောင်းကြေး မင်းတို့ ဒီဟာ လိုချင်လို့ ကလိမ်ကျတာ မဟုတ်လား ရော့ ယူလိုက် ”
ဦးမုတ်ဆိတ်သည် လွယ်ထားသော လွယ်အိတ်ထဲမှ ငွေစက္ကုတထပ်အား ‌မြစ်သားရွာသား ကြက်ဆွဲ ဆီသို့ ပစ်ပေါက်ပေးလိုက်ပြီး တောက်တချက်ကို ပြင်းစွာခေါက်ကာ
“မင်းတို့ ရွာသားတွေ မွေးသမျှ တိရစ္ဆာန်တွေ အကုန်သေလိမ့်မယ် တိရစ္ဆာန်တွေကုန် ရင် မင်းတို့ သေရလိမ့်မယ် ”
“ဟာ ဒီ သောက်ရူးကြီးက ဘာတွေ ပြောနေတာလဲ ကွာ”
မြစ်သားရွာသား ခပ်ဆိုးဆိုး များသည် ဦးမုတ်ဆိတ်အား ရန်လို သောအပြုအမူဖြင့် ရန်ရှာမည်ပြုရာ နားလည်သော ရွာသားများမှ ဆွဲထားလိုက်ကြသည် ။ ထို့နောက် ဦးမုတ်ဆိတ်သည် သူ၏ ကြက်ဖကြီးအားချွဲပင် မချတော့ပဲ ကြက်ဝိုင်းအပြင်သို့ ထွက်ခွာသွားပါလေတော့သည် ။

*အခန်း (၅)

မြစ်သားရွာလူကြီးသည် အထက်ပါ အကြောင်း အရာများအား ပြောပြပြီးနောက် သက်ပျင်းရှည်တချက် ချကာ
“အဲ့ဒီ နောက်ပိုင်းကျုပ်တို့ ရွာကို ဦးမုတ်ဆိတ်လည်း မလာတော့ဘူး နောက် မကြာပါဘူးဗျာ တိုက်ကြက်တွေ စသေတယ်၊ ပြီးတော့ ကြက်တွေ အကုန်သေတယ်။ကျုပ်တို့က အစတုန်းက တော့ ကြက်နာတယ် ထင်တာပေါ့၊နောက်တော့ ဝက်တွေ သေတယ်ဗျ အဲ့တာတော့ မဟုတ်တော့ဘူးဆိုတာ ကျုပ်တို့ သတိထားမိလာတယ်။အခုဆို ဝက်တွေ သေတယ် ကုန်သလောက် ရှိပြီ၊မနေ့ကတော့ နွားတကောင်စသေတယ်ကျုပ်တို့ ရွာသားတွေလည်း အတော်ကို ထိတ်လန့် နေကြပါတယ်ဗျာ ”
“အတော်ကို ဆိုးတာပဲ ဒါနဲ့ ခင်ဗျား ရွာသားတွေက တကယ်ကို ကြက်ကို ရေဖွားမှုတ် တိုက်တာလား ”
“ကျုပ် ကြက်ဝိုင်း သွားတဲ့ကောင်တွေကို သေချာ စစ်မေးပြီး ပြီ၊ ဒီကောင်တွေ ဦးမုတ်ဆိတ်ကို ညစ်လိုက်တာဗျ ရေဖွားလည်း တကယ် မှုတ်တယ်တဲ့ ဗျာ ကျုပ်လည်း ဒီကောင်တွေကို ထိပ်တုံး ခတ်ရုံက လွဲပြီး ဘာမှ မတတ်နိုင်ဘူး နောက်ဆို ရွာပြောင်းပြေးဖို့ အထိတွေးထားတာ ညကမှ အိမ်မက်ထဲမှာ ဘိုးတော် ကျုပ်တို့ကို ကယ်မယ် ဆိုလို့ စိတ်နည်းနည်း အေးသွားတာ နွားတွေကုန်ရင် ကျုပ်တို့ လူတွေ အလှည့် ထင်ပါတယ် ဗျာ ”
ဘိုတော်ပေအား သေချာကြည့်ပြီး ယုံကြည်အားကိုးကာ စကားဆိုနေသော မြစ်သားရွာလူကြီးအား ဘိုးတော်ပေ ပြန် ကြည့်လိုက်ပြီး
“အင်း ကျုပ်တို့ ရောက်လာပြီ ဆိုတော့ ဘာမှ စိတ်မပူလေတော့နဲ့ နောက်နောင် ခင်ဗျား ရွာသားတွေကို သောက်ကျင့် မယုတ်ဖို့ ပြောထား ”
“ဗျာ ”
“အကျင့် မယုတ်ဖို့လို့ပြောတာပါ ကျုပ်က အမှန်တရားမြတ်နိုးသူဆိုတော့ အားပါသွားလို့ပါ ”
“ဪ ဟုတ်ကဲ့ အဲ့တာဘိုးတော် အနေနဲ့ ကျုပ်တို့ကို ကယ်ပါဦးဗျာ ”
“ကယ်ရမှာပေါ့ ကယ်ရမှာပေါ့ ကဲ ဒီည ဘိုးတော်ပေ ရဲ့ အစွမ်းကို သိစေရမယ် ဟေ့ ”
ဘိုးတော်ပေသည် ကြမ်းပြင်အား လက်နှင့် ရိုက်ပြီး ပြောလိုက်ရင်း ဦးဖိုးဝေ နှင့် သူရိယအား မသိမသာ အကဲ ခတ်ကြည့်၍ နေ၏။ထိုအခါ သူရိယသည် ဘိုးတော်ပေထံ ကြည့်ကာ
“ဘိုးတော် လိုအပ်တာ ရှိ ရင် ကျနော့် ကို ခိုင်းပါ ‌ဗျ ”
“အေး အေး သူရိယ ”
ထို့နောက် ရွာလူကြီး နှင့် တခြားရွာသားများသည် ဦးဖိုးဝေတို့ နေ့လယ်စာ အတွက် ပြင်ဆင်ပေးရန် အလို့ငှာ အိမ်အောက်သို့ ဆင်းရန်ပြင်လိုက်ပြီး ရေနွေးကြမ်း ပွဲအား ဘိုးတော်ပေ ဘက်သို့ တိုးပေးလိုက်ပြီး
“ဘိုးတော် ကျုပ်တို့ ကို ခဏ ခွင့်ပြုပါဦး၊ကျုပ်က လူပျိုကြီး ဆိုတော့ စားရေးသောက်ရေးကို ကျုပ်တပည့်တွေ နဲ့ ပြင်ဆင်ရမှာ မို့ပါ အိမ်အောက်မှာ ရှိပါမယ် လိုအပ်တာ ရှိရင် ‌လှမ်းခေါ် လိုက်ပါဗျ ရေနွေးကြမ်းလေးလည်း သုံးဆောင်ပါဦး”
“ကဲ ကဲ စိတ်ချသာသွားပါ ကျုပ်တို့အတွက် ပူမနေပါနဲ့ ”
ထို့နောက် ရွာလူကြီးသည် ဘိုးတော်ပေတို့ကို နုတ်ဆက်ကာ ‌အိမ်အောက်သို့ ဆင်းသွားလေသည် ၊၊ ရွာလူကြီး ဆင်းသွားသောအခါမှ ဘိုးတော်ပေသည် တင်ပလ္လင် ချိတ်ထိုင်နေရာမှ
“ဦးဖိုးဝေ ခင်ဗျား လက်ချက် မဟုတ်လား၊ကျုပ် ရိပ်မိတယ်နော် ဘိုးတော် ဆိုတော့ ဘိုးတော်လို တင်ပလ္လင် ချိတ်ထိုင် ရတာ ညောင်းလိုက်တာ ‌ဗျာ ကျုပ်ဘာဆက်လုပ်ရမှာ လည်း ကျုပ်နိုင်တယ်ဆိုတာက လည်း ဆင်ကွပ် လောက်ပဲ နိုင်တာနော် ”
“ဘိုးတော်ပေရယ် ဘာမှ စိတ်ပူမနေနဲ့ ညရောက်ရင် အခြေအနေသိမှာပေါ့ ”
“ပြီးတာပဲဗျာ ခင်ဗျားတို့ ကျုပ်ဘေးမှာ ရှိနေတော့ တော်သေး ကျုပ်တို့ သာအေးဆီ သွားရမှာ နောက်ကျမယ် ထင်တယ် ဗျ”
“အခု ကိစ္စ အခု ရှင်းတာပေါ့ ဗျာ ”
ထို့နောက် ဘိုးတော်ပေသည် ရေနွေးကြမ်းတခွက်ကို ဦးဖိုးဝေအား ပေးလိုက်ပြီး သူသည် လည်း ရေနွေးကြမ်းသောက်ရင်း ယနေ့ ည ကြုံတွေ့ရမည့် အရာများအား စိတ်ကူး နှင့် တွေးတော နေမိပါလေတော့သည် ။

*အခန်း (၆)

မြစ်သား ရွာ၏ ညနေသည်က တိတ်ဆိတ်ငြိမ်သက်နေသည်၊၊ ရွာသားများ အရင်လို စကားမကျယ်ကျယ်ပင်မပြော၀ံ့ကြတော့။အကြောက်တရားသာ ကြီးစိုးနေကြသည်။ရွာအစွန်ရှိ မူးလျှင် ရမ်းသော အရက်သမား ဆွေဝင်းပင် သူ၏အိမ်မှ ဝက်မကြီးကောက်ကာငင်ကာ သေသွားသောကြောင့် သေခြင်းတရားသည် သူ့ဆီ မရောက်လာဟု မပြောနိုင်ဆိုကာ ရွာဦး ဘုန်းကြီးကျောင်းတွင် ပထမဆုံး သင်္ကန်းစည်းသူဖြစ်လာသည်။ အရက်သမား ဆွေဝင်း၏ နည်းကို လိုက်ကာ ရွာထဲတွင် နေရမှာ ကြောက်သော သူများသည် သူ၏ နည်းအတိုင်း ရွာဦးကျောင်းတွင် သင်္ကန်း၀တ်ကြရာ ဦးဇင်း နှင့် ကိုရင်များ အတော်များလာ၍ လက်မခံတော့သည် အထိဖြစ်လာကြသည် ။ မည်သို့ ပင်‌ဆိုစေကာ မူ မြစ်သားရွာလေးသည်က တိတ်ဆိတ် ခြောက်ကပ်ကာ ခွေးများပင် မဟောင်တော့သည် အထိ တိတ်ဆိတ်ခြင်းက ကြီးစိုးလို့‌ နေ၏ ။ထိုတိတ်ဆိတ်နေသော ရွာအလယ်လမ်းတွင် ဘိုးတော်ပေ ဦးဆောင်ပြီး ဦးဖိုးဝေ နှင့် သူရိယ တို့ လမ်းလျှောက်နေသည် ၊၊ ထို့နောက် ဘိုးတော်ပေသည် ဦးဖိုးဝေ အနားသို့ တိုးကပ်သွားကာ
“ဦးဖိုးဝေ ရွာကြီးကလည်း တိတ်လိုက်တာ ဗျာ တိရစ္ဆာန် တကောင် တလေရဲ့ အော်သံတောင် မကြားရဘူး ”
“ခဏ ”
ဦးဖိုးဝေသည် ဘိုးတော်ပေအား ခဏဟု သာပြောပြီး မျက်လုံးကို မှိတ်ပြီး ပြန်ဖွင့်လိုက်ရာ သူ၏ မျက်လုံးတွင် ရွှေဝါရောင်များတောက်ပ နေလေသည် ၊၊ ထို့နောက် ဘိုးတော်ပေသည် သူရိယကို ကြည့်လိုက်ရာ သူရိယ၏ မျက်လုံးတွင် လည်း ရွှေရောင်များတောက်ပနေရာ ဘိုးတော်ပေ နည်းနည်း လန့်ချင် သလို ဖြစ်လာ၏ ၊၊ ဦးဖိုးဝေတို့ ဆရာတပည့် နှစ်ယောက်၏ မျက်လုံးမှ ရွှေဝါရောင်များ တောက်ပလာသည် နှင့် သူတို့နှင့် ကပ်လျက် လမ်းဘေးရှိ အိမ်များမှ အော်ဟစ်သံ များ အိုးခွက် ပုဂံတို့အား ကိုင်ပေါက်သည့် အသံများနှင့် ဒေါသတကြီး တောက်ခေါက်သံများ ဆူညံ‌လာလေသည်။ ထို့နောက် ဦးဖိုးဝေ နှင့် သူရိယသည် သူတို့ ၏ နဖူးတွင် လက်ကို တည်ပြီး
“ရွာထဲ ၌ရှိသော မကောင်းဆိုးဝါးများ အကုန်ချုပ်စေ”
ထိုမျှသော စကားကို ဆရာတပည့် နှစ်ယောက် လုံး ဆိုလိုက်ပြီး နဖူးတွင် တည်ထားသော လက်သီး ဆုပ်အား မြေပြင်ထံ ပစ်ပေါက် ဟန်ပြုလိုက်ရာ မြေပြင်တွင် ရွှေရောင် နန်းကြိုးလေးများ အဖြစ် လျပ်နွယ် သဏ္ဍန် ဖြာထွက်ကာ ရွာထဲ ၌ ရှိသော အိမ်များထံ ဝင်ရောက်သွားကုန်တော့သည် ၊၊ ထို့နောက် ဦးဖိုးဝေသည် ဘိုတော်ပေအား
“ဘိုးတော်ပေ ကျုပ်တို့ ရွာအပြင် ဇရပ်သွားကြ‌တာပေါ့ ကျုပ်ရဲ့ ရွှေနန်းကြိုးတွေက ဒီကောင်တွေကို ခေါ်လာပါလိမ့်မယ်”
ထို့နောက် ဦးဖိုးဝေတို့သည် ရွာအပြင်ဇရပ်ဆီသို့ ဦးတည်လိုက်ကြသည် ၊၊ သူတို့၏ အနောက်တွင်တော့ ရွှေရောင် နန်းကြိုးမျှင်များသည် အိမ်တွေ ထဲ ရှိ အရိပ် မဲမဲ များအား ရစ်ပတ် နေ ပါလေတော့သည်။

*အခန်း (၇)

ဦးဖိုးဝေ တို့သည် ရွာအထွက် သင်္ချိုင်းနားမှ ဇရပ်တွင် ထိုင်နေကြသည် ၊၊ များမကြာသော အချိန် တွင် ရွှေရောင် နန်းကြိုးများ ရစ်ပတ်ခံထားရပြီး အော်ဟစ် ညီးညူနေသော အရိပ်မဲများ တဖြည်းဖြည်း နှင့် ကြောက်စရာအဆင်းသဏ္ဍန်များအဖြစ် ပြောင်းလဲလာပြီး ဦးဖိုးဝေတို့ထိုင်နေသော ဇရပ် အနားတွင် ဒူးထောက်ထိုင်နေကြသည်။သူတို့ ၏ပါးစပ်များမှ လည်း အက်ကွဲ ခြောက်ကပ် နေသော အသံများဖြင့် ညီးညူအော်ဟစ်နေလေသည်။
“လွှတ်ပေး ငါတို့ပူတယ် လွှတ်ပေး ”
ခဏကြာသောအခါ ဦးဖိုးဝေသည် ဇရပ်ပေါ်မှ ဆင်းသွားပြီး ရွှေရောင် နန်းကြိုးများ တုတ်ခံထားရပြီး ဒူးထောက် ထိုင်နေကြသော မနှစ်မြို့ဖွယ် အဆင်းရှိ ပရလောကသားများအ စကားဆိုလေသည်။
“ဟဲ့ ငမိုက်သားတွေ သင်တို့က ဘာကြောင့် ဒီရွာကို နှောက်ယှက်နေရတာလဲ ”
ဦးဖိုးဝေ ထိုသို့ မေးသော အခါ ရှေ့ဆုံးတွင်ရှိသော ပရလောက သားသည် သူ၏ ဆိုးရွာလှသော အသံဖြင့် အမေးကို ပြန်ဖြေလေ၏
“ငါတို့ကို အောက်လမ်းဆရာက ခိုင်းလို့ပါ ”
“နင်တို့ကို ခိုင်းတဲ့ အောက်လမ်း ဆရာက ဘယ်သူလဲ အခုဖြေစမ်း”
“ငါတို့က သူခိုင်းတာ လုပ်ရတဲ့ သူတွေပါ ငါတို့ သူရဲ့နာမည် မသိပါဘူး ”
ဦးဖိုးဝေ နှင့် ပရလောက သား စကားပြောနေစဉ် သူတို့ ၏ ဇရပ်ရှိရာ သို့ မီးအိမ်အား ဆွဲ ပြီး လူကြီးတ‌ယောက် လာနေသည်။ ထိုလူကြီးသည် မုတ်ဆိတ်ကျင်စွယ် များ ရှိကာ လွယ်အိတ်ကြီး တလုံးကို လွယ်ထားသေးသည် ၊၊ထိုသူ၏ ပုံစံ အား သူ့လက်ထဲ မှ ကိုင်ထားသော မီးအိမ်၏ အလင်းရောင် ကြောင့် ကောင်းစွာ မြင်နေရသည်။ မကြာသော အချိန်တွင် ထိုလူကြီးသည် ဦးဖိုးဝေ နှင့် မလှမ်း မကမ်းသို့ ရောက်လာပြီး တောက်တချက် ကို ပြင်းစွာခေါက်ကာ
“တောက် မင်းနဲ့ ဘာဆိုင် လို့ ဝင်ရှုပ်နေတာလဲ မင်းက ဘာကောင်လဲ ”
“မုတ်ဆိတ် ကြက်ပွဲ ရှုံးတာလောက် နဲ့ တရွာလုံး သက်ရှိတွေကို သတ်ဖို့ လုပ်တာတော့ အတော်ကို အောက်တန်းကျပါလား ”
“ဟေ့ကောင် မင်းက ဘာသိလို့ ပြောနေတာလဲ ငါ မရှုံးဘူး ကွ ဒီကောင်တွေ ညစ်တာ ငါ လုံးဝ မကျေနပ်ဘူး”
“ဒီအတွက် နဲ့ တရိစ္ဆာန်တွေရော လူတွေရော သတ်ဖို့ ကြံတာ မင်းမှန်တယ်လို့ ထင်နေတာ လား ”
ဦးဖိုးဝေ နှင့် ဦးမုတ်ဆိတ် စကားပြောနေသည်ကို ဇရပ်ပေါ်တွင် ရှိသော ဘိုးတော်ပေနှင့် သူရိယ ကြားသောအခါ ဦးဖိုးဝေ အနားကို လာလိုက်ပြီး ဘိုးတော်ပေမှ စကားဆိုလာသည် ။
“ဒီကောင် ဘာကောင်တုန်း ဦးဖိုးဝေ သူကြည့်ရတာ ရုပ်ကြမ်းကြီးနဲ့ အတော်ကို အကြည့်ရဆိုးပါလား”
“ရွာလူကြီးပြောတဲ့ ဦးမုတ်ဆိတ် ဆိုတာပေါ့ ‘
“နေဦး ဒီကောင့် ကို တနေရာရာ မှ မြင်ဖူး နေသလိုပဲ ”
ဘိုးတော်ပေ နှင့် ဦးဖိုးဝေ စကားပြောနေစဉ် ဦးမုတ်ဆိတ် သည် သူ၏ လွယ်အိတ်ကြီး ထဲ မှ ဓားကို ထုတ်ပြီး ပစ်လိုက်ရာ ဓားမြောင်သည် ဦးဖိုးဝေ၏ လည်ပင်းဆီသို့ တည့်မတ်စွာ ဝင်လာပြီး လည်ပင်း နားအရောက် တွင် လေပေါ် ရပ်တန့်နေ၏။ ထို့နောက် ဦးဖိုးဝေသည် လေပေါ်ရပ်နေသော ဓားအား လေဖြင့် မှုတ်လိုက်ရာ ဓားသည် ပစ်လွှတ်လိုက်သော ဦးမုတ်ဆိတ် ဆီသို့ ပြန်လည် သွားကာ နဖူးပြင် နှင့် ထိလုမတတ်ဖြစ်ပြီးမှ လေပေါ်ရပ်တန့်နေပြန်သည်။ထို့နောက် ဦးမုတ်ဆိတ် ဘယ်လက်တွင်ကိုင်ထားသော မီးအိမ်သည် မြေပြင်ပေါ် လွတ်ကျသွားပြီး တုပ်တုပ်မျှ မလုပ်ရဲပဲ ကြောက်လန့်နေသည်။ ဦီး မုတ်ဆိတ် ကြောက်လန့်နေသည့် ဟန်ပန်ကို ကြည့်ကာ ဘိုးတော်ပေသည် မယုံကြည်သော မျက်နှာထားဖြင့်
“မင်း မင်း သာအေး မဟုတ်လား ”
“မင်းက ဘယ်သူလဲ ငါ့နာမည်ကို ဘယ်သူမှ ကို မပြောတာပါ မင်းငါ့နာမည် ဘယ်လို လုပ်သိသလဲ ”
“ဟေ့ကောင် ငါ ပေတူးလေ ကွာ မင်းက ကျားဆိုးရွာမှာ ရွာလူကြီး ဖြစ်နေတယ်ဆိုလို့ မင်းဆီကို ငါတို့လာနေတာ ”
“ဘာ မင်း မင်းက ပေတူး ဟုတ်လား ”
“အေး ငါ ပေတူး ဟေ့ ကောင် အရမ်းလုပ်မနေနဲ့ ဦး ထိပ်က ဓားကြီး နဖူးထဲ ဝင်သွားအုံးမယ် ”
“မင်း မင်း ပေတူး အစစ်ပဲ ကွာ ”
“မင်း ငါ့ကို မှတ်မိပြီပေါ့ ”
“မှတ်မိတာပေါ့ ကွာ မင်းလို သောက်ပေါက်ကရပြောတဲ့ ကောင်က နှစ်ယောက်မှ မရှိတာ ”
ပေတူးသည် ဦးမုတ်ဆိတ် ခေါ် ဦးသာအေး စကားကြောင့် တချက်မဲ့လိုက်ကာ
“ဟေ့ကောင် မင်းက ဘာလို့ အခုထိ မိုက်နေတာလဲ ဘိုးထင်ဆို တရားနဲ့ ဘုရားနဲ့ ငါဆို ဘိုးတော် တောင် ဖြစ်နေပြီ မင်းကြမှ အောက်လမ်းဆရာ တဲ့လား ဟ ”
“တောက် မပြောစမ်းပါ နဲ့ကွာ ငါလည်း အချစ်ရဲ့ ကျေးကျွန်ကြီးလုံးလုံး ဖြစ်ပြီး ကျားဆိုးရွာမှာ အမည်ခံရွာလူကြီးပေါ့ကွာ ”
“အခု မင်းကြောင့် လူတွေ ဘယ်လောက် သေကုန်ပြီလဲ ပြောစမ်း ငမိုက်သား ”
ဦးသာအေးသည် ချက်ချင်း အမူယာ ပြောင်းသွားသော ပေတူးကို ကြည့်ကာ
“ဟ ဘယ်လို ဖြစ်တာလဲ ပေတူးရ အပြောင်းလဲ မြန်လှချည်လား”
“မြန်တယ် မင်းကြောင့် အပြစ်မရှိတဲ့ လူတွေ သေရင် မင်းထိပ်မှာ တည်နေတဲ့ မင်းရဲ့ ဓားနဲ့ ထိုးပစ်လိုက်မယ် ”
“မင်း ယုံချင်မှ ယုံမယ် ငါ အောက်လမ်း ပညာ တတ်ပေမဲ့ လူတွေ‌ငိုအောင် သေအောင် မလုပ်ဖူးသေးပါဘူးကွာ ”
“လူတွေ ကို မလုပ်ဘူးပေမဲ့ မင်း အပြစ်မဲ့တဲ့ တိရစ္ဆာန် တွေကိုသတ်တယ် ”
“အဲ့တာတော့ မင်းက ပိုလို့တောင် သတ်ခဲ့တဲ့ကောင်ပါကွာ ”
“ငါက မသိခင် သတ်တာဟ မင်းနဲ့ မတူဘူး”
ပေတူး စကားပြောနေစဉ် ဦးသာအေး၏ နဖူးထိပ်မှ ဓားသည် အောက်သို့ ကျသွားသလို ဖမ်းချုပ်ထားသော ပရလောကသားများသည် လည်းလွတ်သွားပြီးဖြစ်သည်။ ထို့နောက် ဦးဖိုးဝေသည် ဦးသာအေးကို ကြည့်ကာ
“ကိုမုတ်ဆိတ် ကျုပ် တခုလောက် ပြောပါရစေ ခင်ဗျားကို ခင်ဗျား မိတ်ဆွေ ဦးဘိုးထင်က မကောင်းတာတွေ စွန့်လွှတ်ဖို့ ပြောတယ် အဲ့‌ဒီတော့ ကောင်းတဲ့ လမ်းကို သာ လျှောက်ပါ ”
” ကျုပ် လျှောက်ချင်ပါတယ် ဒါပေမဲ့ ကျုပ်ရဲ့ မိန်းမက ကျုပ်ကို နှောက်ယှက်နေဦးမှာ ဗျ ဒီဘ ဝ ကြီးကို စွန့်လွှတ် ချင်နေတာ ကြာ ပါပြီ ”
“ကဲ အဲ့ ကိစ္စ ဘာမှ ပူ မနေတော့ နဲ့ ကျားဆိုးရွာကို ကျုပ် နဲ့ ကျုပ်မြေး သွားလိုက်မယ် ခင်ဗျားတို့ နှစ်ယောက်က ခင်ဗျားတို့ သူငယ်ချင်း ဆီသွားပြီး ကောင်းရာ မွန်ရာတွေ လုပ်ပေတော့”
ဦးဖိုးဝေ စကားဆုံးသောအခါ ဘိုးတော် ပေ နှင့် ဦးသာအေးသည် ဦးဖိုးဝေရှေ့တွင် ငုတ်တုပ် ထိုင် ချလိုက်ပြီး ဦးချ ကန်တော့ကာ
“ကျုပ် မမိုက်တော့ပါဘူး ကျုပ်သူငယ်ချင်းတွေကို နေ့တိုင်း သတိရနေတာ ကျုပ် ကို ကျုပ်မိန်းမ ကဝေပျံ လိုက်ပြီး မနှောက်ယှက်တော့ဘူးဆို ကျုပ် လွတ်လွတ် လပ်လပ် နေလို့ရပါပြီ ”
“ကဲ ကဲ ထကြပါ ကျုပ်တို့က တော့ အခု ညတွင်းချင်းပဲ ခရီး ဆက်လိုက်ဦးမယ်၊ဘိုးတော်ပေတို့ကတော့ ရွာက လူတွေကို ‌အကျိုး အကြောင်း ရှင်းပြ ပြီး ဦးဘိုးထင် ဆီ သွားပေဦးတော့ ”
ထို့ နောက် ဦးဖိုးဝေ နှင့် သူရိယ သည် ဘိုးတော် ပေ နှင့် ဦးသာအေး တို့ကို နှုတ်ဆက်ကာ ညတွင်းချင်း ကျားဆိုး ရွာဆီသို့ ခရီး ဆက်လိုက်ကြပါလေတော့သည် ။
ပြီးပါပြီ။
မောင်တင်ဆန်း