မန္တန်ဝိဇ္ဇာ

ဓားကို ပုခုံးပေါ်ထမ်းပြီး နောက်မှ လိုက်သွားသည် ။

    ပေတူးသည် ဓားထမ်းပြီး လိုက်လာသော မောင်ဘိုးထင်ကို တချက် စောင်းငဲ့ကြည့်ကာ

“ဘိုးထင် ထည့်စရာ ဘာပါလဲ “

    “ဘာမှ မပါဘူး “

    “ထင်သား ဟိုအနားက ဝါးတလုံး သွားခုတ်ချေ “

    “မင်းဘာသာ သွားခုတ်ပါလား “

    “သွားဆို သွားခုတ်စမ်းပါကွာ မင်းက လျှာကို ‌ရှည်တယ် မင်းက ငှက်ပစ်တဲ့ နေရာမှာသာ ဆရာတဆူ အခုအချိန်မှာ ငါက ဆရာပဲ မင်းငါခိုင်းတာ လုပ်စမ်းပါကွာ “

    မောင်ဘိုးထင် မည်သည့်စကားမှ ပြန်မပြောနိုင်။ပေတူး စကားကိုသာ နာခံဖို့ ဖြစ်လာသည်။သူပြောသည်မှာလည်း ဟုတ်ပေသည်။ကြွက်ထောင်၊ငှက်ပစ်သာ လုပ်တတ်သော မောင်ဘိုးထင်မှာ ယခု လယ်ကွင်းထဲ၌ မည်သည့် ဟင်းချက် စရာကိုမှ ရှာနိုင်မစွမ်းပေ။ထို့ကြောင့် ပေတူးခိုင်းသည့်အတိုင်းသာ လုပ်ပေးရန် ရှိလေသည်။ပေတူးသည် လေတချွန်ချွန်နှင့် ကိုင်းတော အရိပ်တွင်ထိုင်စောင့်နေလိုက်၏။

    မကြာသောအချိန်တွင် မောင်ဘိုးထင်သည် ဝါးတလုံးကို ခုတ်ပြီး ပေတူး၏အနားသို့ ပြန်ရောက်လာလေသည်။ပေတူးသည် ဝါးလုံးကို သေချာကြည့်ကာ ခေါင်းကို ညိတ်လိုက်ပြီး

    “ကဲ ဘိုးထင် ဝါးကို ဆစ်လိုက်ကွာ ဆစ်ပြီးရင် နှီးဖျာလိုက် နှီးဖျာတတ်တယ် မဟုတ်လား “

    “ဟေ့ကောင် ငါးပုံးယက်မလို့တော့ မဟုတ်ပါဘူးနော် “

    ” အဲ့လိုသာ လုပ်နေရင် ဟိုလူတွေက တို့ကိုလေးခွနဲ့ တန်းပစ် မှာပဲ အဲ့လောက် အချိန်မရှိဘူး  နှီးကျောမရှနိုင်အောင် အကြောသတ်ပြီး ငါ့ကိုပေး “

    မောင်ဘိုးထင်သည် ပေတူးပြောသည့်အတိုင်း နှီးကြောဖျာ လိုက်ပြီး အကြောများကို သပ်ကာ ပေတူးအား ပေးလိုက်သည်။ ပေတူးသည် ထိုနှီးကြောအား သေချာကြည့်ကာ

    “အလယ်က ထပ်စိတ်လိုက်ပါဦး ကြီးတယ်ကွ “

    “ဟ မင်းက ဘာလုပ်မလို့ လဲ “

    “ငါ ပြောသလိုသာ လုပ်စမ်းပါကွာ “

    မောင်ဘိုးထင်လည်း အထွန့်မတက်တော့ပဲ ပေတူးခိုင်းသည့် အတိုင်း လုပ်ပေးလိုက်ပြီးနောက် ပေတူး မောင်ဘိုးထင်၏လက် ထဲမှ ဓားကိုယူကာ ကန်သင်းတွင် တူးဆွပြီး တီကောင်ရှာသည်။ တီကောင်များရသောအခါ သပ်ထားသော နှီးထိပ်တွင် တီကို တပ်လိုက်ကာ လယ်ထဲဆင်းပြီး လက်ညှိုးတချောင်းနှင့် တွင်းများကို စမ်းကာ ငါးရှဉ့်တွင်းလိုက်ရှာနေတော့သည်။ထို့နောက် ငါးရှဥ့်တွင်းထဲသို့ တီကောင်တပ်ထားသော နှီးလေးအား ထိုးထည့်ကာ ရှေ့တိုး နောက်ဆုတ်လုပ်ပေးနေရင်း ပါးစပ်မှလည်း

    “တုတ် တုတ် တုတ် “

     “တုတ် တုတ် တုတ် “

    အတန်ကြာသောအခါ နှီးအားအရှိန်ဖြင့်ဆွဲထုတ်လိုက်သော အခါ တီကောင်တပ်ထားသော နှီးတွင် ငါးရှဉ့်ကြီးတကောင်ပါလာလေသည်။ထိုသို့ပါလာသောအခါ ပေတူးသည် လျင်မြန်သည့် အရှိန်ဖြင့် ညာဘက်မှ ကိုင်ထားသော ဓားနှောင့်ဖြင့် တချိန်တည်းမှာပင် ငါးရှဉ့်အားရိုက်ပြီး ဖြစ်သည်။ထို့နောက် မောင်ဘိုးထင်ကို  လှည့်ကြည့်ကာ

    “ကောင်လေး နှီးတချောင်းယူပြီး ငါးရှဉ့်လာတွဲစမ်း “

    “ဘာပြောတယ် “

    “အခုအချိန်မှာ ငါကဆရာ ငါပြောသလိုသာ လုပ်စမ်း”

    ပေတူး၏ ဟန်ပန်ကြောင့် မောင်ဘိုးထင် နောက်ထပ်မည်    သည့် ခွန်းတုံ့ပြန် စကားမှမဆိုတော့ပဲ နှီးတချောင်းကိုယူကာ ပေတူး မျှားထားသောငါးရှဉ့်အား သီလိုက်သည်။ဤသို့ဖြင့် ပေတူးသည် နောက်ထပ် ငါးရှဉ့်ဆယ်ကောင်မျှ မျှားပြီးသောအခါ ဖိုးထွေးတို့ရှိရာ ဇရပ်သို့ ငါးရှဉ့်တွဲကိုဆွဲပြီး ပြန်ခဲ့လိုက်သည် ။

    ◾အခန်း (၃)

       ပေတူးသည် ရလာသော ငါးရှဉ့်များကို ဝါးနှီးကျောဖြင့် ရင်ခွဲနေရာ သွေးများက ချင်းချင်းနီနေသည်။သာရသည် ငါးရှဉ့်များကို ကြည့်ကာ

    “ပေတူး ကင်ပွန်းချဉ်ရွက်ရရင် သိပ်ကောင်းမယ် မင်း နဲ့ ဘိုးထင် သွားရှာပေးစမ်းပါကွာ “

“လက်မှာ သွေးတွေ ပေနေတယ်ဗျာ ဒါပြီးအောင် ကိုင်လိုက်ဦးမယ် “

    “သာအေး ဆက်လုပ်လိမ့်မယ် မင်းတို့ ကင်ပွန်းချဉ်ရွက် သွားရှာ ငါတို့နယ်က ကင်ပွန်းချဉ်ရွက် မရှားပါဘူး “

    “ပြီးတာပဲဗျာ ဘိုးထင် လွယ်အိတ်လွယ်ခဲ့ သွားမယ် “

    ပေတူးသည် လက်ပင် ရေမဆေးတော့ပဲ သွေးသံရဲရဲနှင့် ယာကွက်များရှိရာဘက် ထွက်သွားလေ၏။နှစ်ယောက်သား လမ်းလျှောက်နေရင်းမှ ပေတူးသည် သာရတို့အား မကျေမနပ် ဖြင့် စကားစလာ၏။

    “ဘိုးထင် ကိုသာရက မဟုတ်သေးဘူးကွာ ငါတို့ကို ဟင်းရွက် တောင် ရှာခိုင်းနေတယ် “

    “စိတ်လျှော့ပါကွာ မင်းကလည်း ကိုယ့်အချင်းချင်းတွေကို “

    “စိတ်ကတော့ လျှော့နေတာပဲကွ  ကင်ပွန်းချဉ်တဲ့ ဘယ်နားက သွားရှာရမှာလဲ တောထဲလာပြီး သူ့မေကြီးတော် အကွက်ထဲ ရောက်နေတယ် ထင်နေလားမသိဘူး “

    “ဟိတ်ကောင် တော်တော့ စိတ်လျှော့ သူကလည်း ငါတို့ကို ကောင်းကောင်း စားစေချင်လို့ပါကွာ “

    “ငါ နားလည်ပါတယ် ဒါမဲ့ အလွယ်လေးထင်နေတာ တခုခုဆို “

    ပေတူးပြောသည်ကိုလည်း မောင်ဘိုးထင် မကန့်ကွက်လိုပေ သူပြောသည်မှာ မှန်ပေသည်။ကင်ပွန်းချဉ်ရွက် ရှာခိုင်းသည်ဆို‌တာတော့ နည်းနည်းများသည်။ရွာမှဆိုလျှင် မပြောလိုသော် လည်း ယခုသည် ရွာမှလိုမဟုတ်ပေ။သူတို့ မကျေမနပ်ချက်များ ပြောနေစဉ် ခပ်လှမ်းလှမ်း၌ တဲကုန်းလေးတကုန်းအား တွေ့လိုက်ရသည်။တဲလေးပေါ် တွင် အပင်စိမ်းစိမ်းစိုစိုများကို လှမ်းမြင်နေရသောကြောင့် ပေတူးမှ

    “ဘိုးထင် ဟိုတဲကုန်းပေါ် မှာ ရှိလောက်မလားပဲ တက်ကြည့်ကြမလား”

    “အေး ကောင်းတယ် တက်ကြည့်တာပေါ့ကွာ “

    “နေဦး ဟိုတခါလိုဖြစ်မှာလည်း ကြောက်ရသေးတယ် အရင် ခွင့်တောင်းရအောင် “

    “အေး ဟုတ်တယ် “

   ပိုင်ရှင်မရှိသော အခင်းများကို အရင်တခါကြုံပြီးကတည်းက သိပ်ပြီး မခူးရဲပေ။ခွင့်တောင်းပြီးမှသာ ခူးရဲသည်။သူတို့သည်  တဲကုန်းပေါ်သို့တက်လိုက်ပြီး  တဲအဝင်ဝတွင်ရပ်ကာ

    “တဲရှင်တို့ ဗျို့ တဲရှင်တို့ “

    “ဝေ့ ဘယ်သူတွေလဲကွ ဝင်ခဲ့ “

     တဲရှင်မှ ဝင်ခွင့်ပြုလိုက်သောအခါ မောင်ဘိုးထင် နှင့် ပေတူးတို့ တဲထဲ ဝင်သွားလေသည်။တဲပေါ်တွင်တော့ အသက်ခြောက်ဆယ်အရွယ်လူကြီးသည် တပုလ္လင်ခွေထိုင်နေပြီး  သူတို့အား ကြည့်ကာ

    “ဘယ်ကကောင်လေးတွေလဲကွ ဘာကိစ္စလဲ “

    “ကင်ပွန်းချဉ်ရွက်လေး လိုချင်လို့ပါ “

    ထိုလူကြီးသည် မည်သည့်စကားမှ ထပ်မပြောပဲ နှာခေါင်းရှုံ့ကာ ရှုံ့ကာနှင့် အနံ့ခံနေရင်း

    “ဟေ့ကောင်လေးတွေ ငါးရှဉ့်သွေးအနံ့ ရနေသလိုပဲကွ”

    “ဟုတ်တယ် ကျုပ်လက်က ရနေတာ “

    “အေး ဟုတ်လား ဟိုကောင်လေး မင်းက ကင်ပွန်းချဥ်ရွက်သွားခူးချေ ဒီကောင်လေးကို ဒီမှာပဲထားခဲ့ ငါစကားပြောဖော်မရှိလို့ “

    “ဟို ကင်ပွန်းချဉ်ရွက်က ဘယ်မှာလဲ “

    “ဟိုဘက်မှာ သွားခူး မင်းကြိုက်သလောက်သာ ခူး “

    မောင်ဘိုးထင်အား တဲပိုင်ရှင်ကြီးသည် ကင်းပွန်းချဉ်ပင်ရှိသည့် ဘက်ကို  လက်ညှိုးထိုးပြပြီး သွားခိုင်းလေသည်။ ထိုအခါ မောင်ဘိုးထင်သည် သွားရမည်လောဟု မျက်ရိပ်ပြလိုက်ရာ ပေတူးမှ သွားဟု မျက်ရိပ်ပြန်ပြ၍ မောင်ဘိုးထင်မှာ ကင်ပွန်းချဉ်ပင်များရှိရာသို့ ထွက်သွားလေသည်။ကင်ပွန်းချဉ် ပင်သည် တဲနှင့် အတန်မျှ လှမ်းသည်။ကင်ပွန်းချဉ်ပင်အနားရောက်သောအခါ အညွှန့်များဝေဆာနေသောကြောင့် သဘော ကျသွားကာ စတင်ခူးလေသည်။ကင်ပွန်းချဉ်ရွက်များသည် နုထွေးပြီး အတော်ကို သဘောကျစရာကောင်းအောင်ပင် ခူးရ ဆိတ်ရ လွယ်လှပေသည်။အချိန်ခဏလေးနှင့်ပင် လွယ်အိတ် ထဲသို့ တခါချက်ပိုပိုသာသာရ၍ တဲဘက်သို့ ပြန်မည်ပြုစဉ် ပေတူးသည် သူရှိရာသို့ အပြေးအလွှား ပြေးလာနေပြီး

    “ဟေ့ကောင် အဲ့ဘက်ကနေ ဆင်းပြေးဟ ပြေး “

    “ဟ ဘာဖြစ်တာတုန်း “

    “နောက်မှမေး အဲ့ဘက်ကနေသာ ပြေးစမ်းပါ “

    မောင်ဘိုးထင်သည်လည်း တဲကို ကွင်းပတ်ပြီး တဲနှင့်ဝေးရာသို့ ပြေးလေသည်။သူတို့၏ ခပ်လှမ်းလှမ်းတွင်တော့ တဲပိုင်ရှင်ကြီးသည် အော်ဟစ်ကာ ကျန်ခဲ့လေသည်။

    “ဟေ့ကောင်လေးတွေ ကင်ပွန်းချဉ်ရွက်တွေ လိုသလောက်ခူးလေ ဘာလို့ ပြေးတာတုန်း “

        မောင်ဘိုးထင်တို့သည် တဲပိုင်ရှင်ကြီး၏စကားကို ဂရုမပြု ပြေးမြဲပြေးနေရင်း တဲနှင့် အတော်လှမ်းပြီး သာရတို့အား လှမ်းမြင်ရသော နေရာရောက်မှ ပြေးနေသည်ကို ရပ်လိုက်ကာ မောင်ဘိုးထင်မှ အမောမဖြေနိုင်သေးဘဲ ‌သိလိုဇောဖြင့် မေးလာ၏။

    “ပေ ပေတူး မောလိုက်တာကွာ မင်းက ဘာဖြစ်လို့ ပြေးခိုင်းတာတုန်း ဟ “

    “အဲ့လူကြီးက လူမဟုတ်လောက်ဘူးကွ “

    “ဘာဖြစ်လို့လဲ “

    “ဘာဖြစ်ရမှာလဲ မင်း ကင်ပွန်းချဉ်ရွက် သွားခူးနေတုန်း ဒီ လူကြီးက ငါ နဲ့ စကားပြောနေတာ “

    “အေးလေ အဲ့တာ ဘာဖြစ်လို့လဲ “

    “ဘာဖြစ်ရမှာလဲ  မင်းလူကြီးက အစကတော့ ရိုးရိုးသားသားစကားပဲပြောတာ နောက်တော့ ငါ့အနားကပ်လာပြီး ငါလက်က ငါးရှဉ့်သွေးတွေကို လာယက်နေတာဟ တကယ်ကို ကြောက်စရာကြီးပါကွာ “

    “ဟေ ဟုတ်လားဟ  ရုပ်ကြီးကြည့်ရတာတော့ မထင်ရဘူး လာ လာ ဟိုလူတွေ စောင့်နေပြီ “

    ဤသို့ဖြင့် မောင်ဘိုးထင် နှင့် ပေတူးသည် ဖိုးထွေးတို့ ရှိရာသို့သွားလိုက်ကြပြီးနောက် ငါးရှဉ့်ကင်ပွန်းချဉ်ဟင်းဖြင့် နေ့လယ် စာကို ချက်ပြုတ်စားသောက်ပြီး  ရိုးမတောရှိရာသို့ ခရီးဆက် လိုက်ကြပါသည် ။

    ◾အခန်း (၄)

     ရိုးမတောအစပ်အနားသို့ရောက်သောအခါ နေဝင် မိုးချုပ် အချိန် ဖြစ်နေပြီဖြစ်သည်။ထို့ကြောင့် သစ်ပုဂံပင်ကြီး၏ အောက်တွင် စခန်းချရန် ပြင်ဆင်လိုက်ပြီး ‌ခေတ္တမျှထိုင်နားနေကြသည်။နေ့လယ်က ချက်ခဲ့သောဟင်းရှိနေ၍ ထမင်းသာ ချက်ရန်လိုလေသည်။တောင်ပေါ်တက်ရတော့မည်မို့ ရေများကို ပုံးများဖြင့် သယ်လာကြရလေသည်။သူတို့၏ ဝန်စည်စလယ် များသည် အတော်ပင်များ၏။မန္တန်ဝိဇ္ဇာကိုရှာရမည်မှာ မည်မျှကြာမည်မှန်းမသိသောကြောင့် ရိက္ခာကို အလုံအလောက် ထည့် လာခြင်းဖြစ်သည်။ဖိုးထွေးတို့သည် မှောင်စပျိုးလာ၍ မီးဖို ဖိုထားလိုက်သည်။သူတို့သည် မီးတောက်၏ အလင်းရောင် အောက်တွင် တယောက်ကို တယောက် ကြည့်နေကြရင်းပြုံးလိုက်မိကြသည် ။ဖိုးထွေးမှာ မောင်ဘိုးထင်ကို ကြည့်ပြီး

    “ဘိုးထင် မင်းတို့ကောင်တွေတောင် ငါတို့ နီးပါးလောက် အရွယ်ရောက်လာကြပြီပဲ ငါ့စိတ်ထဲမှာတော့ အခုထိ မင်းတို့ကို ကလေးတွေလို့ထင်နေတာ “

    “တဆယ့်သုံးနှစ်ကျော်ပြီလေ ကိုဖိုးထွေးရာ “

    “အေးကွ အချိန်တွေကလည်း မြန်လိုက်တာကွာ “

    “ကိုဖိုးထွေးရော အိမ်ထောင်မပြုသေးဘူးလား အမ မိကျော့နဲ့ ရော အခြေအနေ ဘယ်လိုလဲ “

    “ငါ့အသက်က ငယ်သေးလို့ မယူချင်သေးတာပါကွာ “

    မောင်ဘိုးထင်တို့ စကားပြောနေစဉ် ရုတ်တရက် သူတို့ အလယ်တွင်ရှိသော မီးဖိုမှ မီးတောက်သည် အတော်မြင့်မားလာပြီး ယိမ်းထိုးလာကာ တဖြည်းဖြည်း လူပုံစံသဏ္ဍန် ဖြစ်လာပြီး

    “ဟားးးး ဟားးးး ဟားးးး မင်းတို့က ငါ့ကို လာရှာနေတာပေါ့ ဟုတ်လား  “

    မီးတောက်ကြီးမှ စကားသံထွက်ပေါ်လာရာ မောင်ဘိုးထင်တို့သည် တစုတဝေးလူစုလိုက်ကြသည်။ထို့နောက် မောင်ဘိုးထင်သည် မီးတောက်ကြီးကို ကြည့်ကာ

    “မင်းက ဘယ်သူလဲ ဘာလို့ ငါတို့ကို နှောက်ယှက်ရတာလဲ “

    “ဟားးဟားးဟားး မင်းတို့ပဲ မန္တန်ဝိဇ္ဇာကို ရှာနေတယ်ဆို မန္တန် ဝိဇ္ဇာဆိုတာ ငါပဲကွ”

    မီးတောက်ကြီးသည် တဖြည်းဖြည်း ယိမ်းထိုးကာ သူတို့နားမလည်သော မန္တန်ရွတ်သံများပေါ်ထွက်လာပြီး လေပြင်းများ စတင်တိုက်ခတ်လာလေသည်။ထိုအခါ မောင်ဘိုးထင်တို့သည် ဘေးတွင်ရှိသောသစ်ကိုင်းများကို ခုတ်ကာတ‌ယောက်တချောင်းစီယူလိုက်ပြီး လူပုံစံဖြစ်နေသော မီးတောက်ကြီးအား ဝိုင်းရိုက်ပြီး ငြိမ်းသတ်လိုက်လေသည်။ထိုအခါမှ မီးတောက် တဖြည်းဖြည်း သေးသွားပြီး မီးဖိုလေးပမာ ပြန်ဖြစ်သွားသည်။ ပတ်ဝန်းကျင်တခုလုံးတွင်လည်း ဟားတိုက်ရယ်မောသံများ ပေါ် ပေါက်လာပြီး တဖြည်းဖြည်း ဝေး၍ ဝေး၍ သွားပါတော့ သည်။

    ဖိုးထွေးသည် ပုံမှန်အနေအထားသို့ ပြန်ရောက်သောအခါ ပေတူး နှင့် သာအေးအား မကြောက်ရန် အားပေးပြီး ဘိုးထင်အား

    “ဘိုးထင် ငါတို့ ရင်ဆိုင်ရမဲ့သူက ငါတို့ကို အထင်တော့သေးနေပြီ “

    “ဟုတ်တယ် ကျုပ်တို့ကို သူလုပ်ချင်သလို လုပ်လို့ရတယ် ထင်နေတာ”

    ဖိုးထွေး နှင့် မောင်ဘိုးထင်၏စကားဝိုင်းသို့ သာရ ဝင်လာပြီး

    “ငါတို့ကို အထင်သေးတော့လည်း တမျိုးကောင်းတာပဲ မင်းအဘ ဒီမကောင်းဆိုးဝါး နဲ့ ပြဿနာ ဖြစ်ခဲ့တယ်ဆိုရင် သေချာတာက မင်းအဘ အလွန် မဖြစ်နိုင်ဘူး “

    “ကျုပ်လည်း အဲ့လိုပဲ ထင်တယ် “

    “ကဲ ဒီနေ့တော့ နားကြဟေ့ မနက်ဖြန်အတွက် ပြင်ဆင်ကြတာပေါ့ မန္တန်ဝိဇ္ဇာ မကလို့ ဘာပဲဖြစ်ဖြစ် ဦးအုန်းကို မကောင်းကြံထားရင်တော့  ဖိုးထွေးတို့ ဘာကောင်တွေလဲဆိုတာ သိစေ “

    “ဖြောင်း “

    “အမလေး “

    “ကိုဖိုးထွေးကလည်းဗျာ ဝဆစ်ပိတ် ပေါက်တာပါဗျ ခင်ဗျားကလည်း လန့်နေသေးတယ် “

    ဖိုးထွေးသည် ပေတူး၏စကားကြောင့် ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ

    “ဗြုန်းခနဲ ဆိုတော့ လန့်တာပေါ့ ထမင်းစားပြီး အိပ်ကြမယ်ဟေ့ မနက်ဖြန်အတွက် အားမွေးကြမယ် “

မောင်ဘိုးထင်သည် သူ၏ အဘအတွက် အသက်ကို ပဓာနမထားပဲ သူ့အား စိတ်လိုလက်ရ လိုက်ကူညီနေကြသော ဖိုးထွေးတို့ကို ကြည့်ကာ ခွန်အားဖြစ်နေမိပါလေသည်။

  ◾အခန်း (၅)

      မောင်ဘိုးထင်တို့သည် မီးဖို၏ ဘေးတွင်စုပြီး အိပ်နေကြသည်။မောင်ဘိုးထင်သည် သူ၏ မိုးကြိုးစက်တောင်ဝှေးအား ရင်ခွင်ထဲတွင် ထားပြီးအိပ်၏။မီးဖိုမှ မီးတောက်တို့သည် တဖြည်းဖြည်းငြိမ်းလာရာ မီးကျည်းခဲလေးများသာ ကျန် တော့၍ အမှောင်ရိပ်သည် ကြီးစိုးကာ နေ၏။ထိုစဉ် မောင်ဘိုးထင်၏ ပုခုံးကို တယောက်ယောက်မှ လှုပ်နိုးနေသဖြင့် မျက် လုံးအဖွင့် တစုံတယောက်ကို မြင်၍ မိုးကြိုးစက်တောင်ဝှေးနှင့် ထိုသူအား ရွယ်ကာ

    “ဘယ်သူလဲ မန္တန်ဝိဇ္ဇာလား “

    “မဟုတ်ပါဘူး လူလေး မင်းကို အကူအညီပေးရအောင် လာတာပါ “

    “ခင်ဗျားကိုမှ ကျုပ်မသိတာ “

    မောင်ဘိုးထင်အား လှုပ်နိုးလိုက်သောသူမှာ ပိုးပုဆိုး နှင့် ဆင်စွယ်ရောင်တိုက်ပုံကို ကျနစွာ ဝတ်စားထားပြီး ကျက်သရေခေါင်းပေါင်း နှင့် ဖြစ်ကာ ထိုသူ၏ ခန့်ညားသည့်ပုံရိပ်သည် အမှောင်ထဲမှာပင်ဖြစ်လင့်ကစား  အံ့ဩစရာကောင်းအောင်ပင် အတိုင်းသားထင်ပေါ်နေပေသည်။မောင်ဘိုးထင်သည် ထိုပုဂ္ဂိုလ်ကိုကြည့်ကာ အံ့ဩနေပြီး

    ” ခင် ခင်ဗျားက ဘယ်သူလဲ အမှောင်ထဲမှာ ဘာလို့ ကျုပ်ကသေချာ မြင်နေရတာလဲ “

    “လူလေး မင်းစိတ်ကို ငြိမ်အောင်ထားပါ  မင်းက အမှောင် ပညာသည်ဆိုပေမဲ့ အခု မင်းတို့လာတာ ကိုယ်ကျိုးအတွက် မဟုတ်ပဲ တခြားသူရဲ့အကျိုးအတွက် လာကြတာ မဟုတ်လား”

    “ဟုတ်တယ် “

    “လူလေး  အဘက မင်းလက်ထဲမှာ ကိုင်ထားတဲ့ မိုးကြိုးစက် တောင်ဝှေးကို စီရင်တဲ့သူပဲ “

    “ဗျာ မိုးကြိုးစက် တောင်ဝှေးကို စီရင်တဲ့သူ ဟုတ်လား “

    “ကဲ ထားပါ  လူလေးတို့ အခုရင်ဆိုင်ရမဲ့သူက မန္တန်ဝိဇ္ဇာဓိုရ်ပဲ ကွဲ့ ဝိဇ္ဇာဓိုရ် ဆိုတာနဲ့ လူကောင်းတွေချည်းပဲလို့ သတ်မှတ်လို့ မရပေဘူး အတတ်ပညာတခုကို တဖက်ကမ်းခပ်တတ်မြောက်သူဟာ ဝိဇ္ဇာဓိုရ်ပေါ့ အခုမန္တန်ဝိဇ္ဇာတွေဆိုတာ သမိုင်းအဆက်ဆက် မိုက်မဲတဲ့ အလုပ်တွေကို လုပ်ခဲ့ဖူးတယ်။အဲ့ဒီတော့ လူလေးကို အဘ လက်ဆောင် တခုပေးခဲ့မယ်ကွဲ့ “

    မောင်ဘိုးထင်သည် ထူးဆန်းသော ပုဂ္ဂိုလ်၏ စကားကိုသာ နားထောင်နေပြီး  မည်သည့်စကားမှ ပြန်မပြောနိုင်ပေ။ထို့နောက် ပုဂ္ဂိုလ်ကြီးသည်  မောင်ဘိုးထင်၏လက်ကို ဆွဲယူလိုက်ကာ

    “‌လူလေး မင်းစာဖတ်တတ်လား “

    “ဖတ်တတ်ပါတယ် “

    “ကဲ အဲ့ဒါဆိုရင် လူလေးလက်ဝါးဖြန့်လိုက် “

    ပုဂ္ဂိုလ်ကြီးသည် သူကိုင်ထားသော မောင်ဘိုးထင်၏ လက်အား လက်ဖဝါးဖြန့်စေပြီးသူ၏ လက်ညှိုးဖြင့်  စာရေးဟန်ပြုလိုက်ရာ ရွှေဝါရောင်အလင်းစက်ကလေးများ ပြေးလွှားသွားပြီး မောင်ဘိုးထင်၏ လက်ဖဝါးတွင် လင်းလက်နေသော စာလုံးလေးများ ပေါ်လာလေ၏။ပုဂ္ဂိုလ်ကြီးသည် ထိုစာ‌လုံးလေးများကိုကြည့်ကာ မောင်ဘိုးထင်အား

    “ကဲ လူလေး အခု အဘပေးခဲ့တာ မန္တန်တပုဒ်ပဲကွဲ့ မန္တန်ဝိဇ္ဇာကို လူလေးတို့အစွမ်းနဲ့မနိုင်တဲ့ အချိန်ကျရင် ဒီမန္တန်ကိုရွတ်ပါ “

    မောင်ဘိုးထင် မည်သည့်စကားမှ ပြန်မပြောနိုင်။ခေါင်းညိတ်လျက်သာ အသိအမှတ်ပြုလိုက်ရသည်။ထို့နောက် ပုဂ္ဂိုလ်ကြီးသည် မောင်ဘိုးထင်၏ လက်ဖဝါးမှ မန္တန်အား  ကောင်းမွန်စွာ ရွတ်ဆိုနိုင်ရန် သင်ပြပေးပြီးနောက်

    “ကဲ လူလေးရေ မင်းတို့ရဲ့ အနစ်နာခံချင်စိတ်ကို အဘဂုဏ်ပြုလိုက်ပါတယ် လမ်းမှန်ကို အမြန်ဆုံးတွေ့ နိုင်ပါစေ “

    ပုဂ္ဂိုလ်ကြီးသည် ထိုမျှသာပြောပြီး ‌တဖြည်းဖြည်းပျောက် ကွယ်သွားရာ အမှောင်ရိပ်တို့ ပြန်လည်ကြီးစိုးလို့လာလေသည်။ မောင်ဘိုးထင်သည် သူ၏ လက်ဖဝါးအား သေချာကြည့်နေရာ ရွှေရောင် စာလုံးလေးများသည် လင်းလိုက်မှိန်လိုက်နှင့် ဖြစ်ပေါ်နေသည်ကို ထူးဆန်းစွာတွေ့မြင်နေရပါတော့သည် ။

    ◾အခန်း (၆)
နေရောင်သည် သစ်ရွက်သစ်ခက်များကြားမှ  မောင်ဘိုးထင် တို့၏ မျက်နှာတို့ကို ထိုးကျလာသောအခါမှသာ သူတို့အိပ်ယာ နိုးလာကြသည်။ကျန်သောသူများသည် အိပ်ယာမှထကာ ခြေဆန့်လက်ဆန့်လုပ်နေကြသော်လည်း မောင်ဘိုးထင်မှာတော့ ညက ကြုံရသည့် အိပ်မက်ဆန်ဆန်အရာကို တွေးရင်းဝေခွဲမရဖြစ်နေလေ၏။သူ၏လက်ဖဝါးကို ကြည့်လိုက်ပြန်တော့လည်း

    “အင်း တကယ်ကြီးဟ “

    မောင်ဘိုးထင်၏ လက်ဖဝါးတွင် အမှန်တကယ် မန္တန်စာလုံးများပေါ် နေသည်။လက်ဖဝါးမှ စာလုံးများကို စိတ်ထဲမှ ရွတ်ဆိုကြည့်သောအခါတွင်လည်း အဆင်ချောစွာ ရွတ်ဆိုနိုင်သည်။ ညက ကြုံခဲ့သောအဖြစ်အပျက်သည် အမှန်တကယ်မှန်း သူနားလည်လိုက်သည်။သို့ပေမဲ့ ကျန်သောသူများအား ထိုအကြောင်းကို မပြောဖြစ်သေးပေ။ဖိုးထွေးသည် တောထဲ၌ ပေါက်နေသောတမာကိုင်းကို တံပူလုပ်၍ သွားတိုက်နေရင်း မောင်ဘိုးထင်အား စကားဆိုလာ၏ ။

    “ဘိုးထင်ရေ ငါတို့ ဘယ်ကိုဆက်သွားရမှာလဲ “

    “တောနက်ထဲအထိ ဝင်ကြမယ် မန္တန်ဝိဇ္ဇာက တောနက်ထဲမှာ နေမယ် ထင်တယ် “

    “မနက်စာ စားသောက်ပြီး သွားကြတာပေါ့ကွာ “

    “ဟိုနှစ်ကောင်တော့  မနက်စာ သွားရှာတယ် ဒီကောင်တွေ ပြောနေတာတော့ ဖွတ်ဥ လိုက်ရှာမလို့ဆိုလား “

    သာအေး နှင့် ပေတူးသည် ဘိုးထင်အား အတော်ကိုခင်မင်ပေသည်။ဘိုးထင်၏ မျက်နှာ ညှိုးနေရင်လျှင် မနေတတ်သော သူများဖြစ်ကြသည်။ယခု သကောင့်သားနှစ်ယောက်သည် ဖွတ်ဥရှာမည်ဆိုကာ ထွက်သွားကြပြီ ဖြစ်၏။ မောင်ဘိုးထင်၊သာရ နှင့် ဖိုးထွေးတို့သည် ရှေ့လျှောက် သတိ၊ ဝိရီယ ထားရန်နှင့် အစီအစဉ်များကို တိုင်ပင်နေလိုက်သည် ။

     ပေတူး နှင့် သာအေးသည် လွယ်အိတ်တယောက်တလုံးလွယ်ကာ တောင်တတောင်ကိုကျော်အပြီးတွင် လျှိုမြောင်တခုကိုတွေ့သောကြောင့် စူးစမ်းကြည့်နေကြသည်။ယုန်များ နှင့်  တချို့သောငှက်များမှာ သူတို့ လာသောအခါ လန့်၍ ပျံပြေးကြသည်။ပေတူးသည် သာအေးအား

    “ဟေ့ကောင် တိုးတိုးဟ  ဖွတ်မရရင် ငှက်ပစ်ရအောင်လို့ “

    “အေး ဖွတ်ဥတအားစားချင်နေတာ ဘကြီးမြပြောတာတော့ ဖွတ်ဥက အတော်ကောင်းဆိုပဲကွ ရိုးမတောထဲ သူတို့သစ်တိုက် လာရင် ဖွတ်ဥတွေ ပြုတ်စားတာ ဆိမ့်နေတာပဲတဲ့ကွာ “

    “အဲ့တာဆိုလည်း ရှာမယ်ကွာ မင်းပြောတာနဲ့ ငါတောင်စားချင်လာပြီ “

    ပေတူး နှင့် သာအေးသည် လျှိုမြောင်လေးအတိုင်း ဖွတ်နှင့် ဖွတ်သိုက် ရှာပုံတော် ဖွင့်နေကြသည်။သို့ပေမဲ့ အစအနတောင် မတွေ့ သောအခါ သာအေး စိတ်ညစ်စပြုလာပြီး ပေတူးကို ကြည့်ကာ

    “ဟေ့ကောင် ဖွတ်မရရင်လည်း ကနစိုးသီးခူးပြီး ပြန်ကြရအောင် ဟိုကမ်းပါးယံမှာ ကနစိုးသီးအပင်ကြီး အသီးတွေ ပြွတ်ခဲနေတာပဲ “

    “မင်းကလည်း ဖွတ်ဥရှာပါတယ်ဆိုမှ ဘယ်က ကနစိုး “

    ပေတူးသည် ပြောလက်စ စကားကို ရပ်လိုက်ပြီး လျှိုထဲတွင် ရပ်နေသော ဂျီတကောင်ကို မြင်သွားပြီး သာအေးအား လက်ညှိုးထိုးပြရင်း

    “သာအေး ဟိုဂျီက နွံ့နစ်နေတာမလား “

    “အေးဟုတ်လောက်တယ် ဂျီသာရရင်တော့ မိုက်ပြီကွာ သွား ဖမ်းကြရအောင် “

    ပေတူးနှင့် သာအေးသည်  လျှိုထဲတွင် နွံနစ်နေဟန်ရှိသော ဂျီ ကောင်အနားအထိ တိုးကပ်သွားလေသည်။ဂျီကောင်မှာ သူတို့ လက်တကမ်းအနားထိ ရောက်သည်အထိ  နွံထဲမှမရုန်းနိုင်ဟန် ဖြစ်နေပြီး ပေတူးမှ ဆွဲဖမ်းမည်ပြင်လိုက်သောအခါ ဒယီးဒယိုင် နှင့်  တဖက်ကမ်းပါယံသို့ ဖြည်းညင်းစွာ တက်သွားလေရာ ပေတူး နှင့် သာအေးမှာ မချင့်မရဲ နှင့် ဂျီကောင်နောက်သို့ လိုက်လေသည်။ဂျီကောင်သည် ခုန်၍ ခုန်၍ မလှမ်းမကမ်းမှ ပြေးနေရာ ပေတူး နှင့် သာအေးတို့ မှီလိုမှီငြားလိုက်နေရင်း အချိန်အတော်ကြာလာသောအချိန်တွင် ဂျီကောင်သည် ရုတ်တရက်ရပ်လိုက်ပြီး မျက်နှာချင်းဆိုင် အနေအထားဖြင့် သူ့ဆီ လာနေသော ပေတူး နှင့် သာအေးအား စူးရဲစွာ ပြန်ကြည့်နေ၏။ပေတူး နှင့် သာအေး လည်း ဂျီကောင်အနားသို့ တဖြည်းဖြည်းကပ်လာချိန် ဂျီကောင်သည် တဖြည်းဖြည်းနှင့် ဂျီကောင် အသွင်ပျောက်ကာ အသက်ငါးဆယ်အရွယ် လူကြီးတယောက်ပုံစံအဖြစ် ပြောင်းသွားပါတော့သည်။ထိုလူကြီးသည် မန္တန်တပုဒ်ကို ရွတ်လိုက်သောအခါ ပေတူး နှင့် သာအေးမှာ လေပေါ်သို့ တဖြည်းဖြည်း နှင့် မြောက်တက်ကုန်ကာ အနီးရှိ ကျွန်းပင်ကြီးတပင်၏ ပင်စည်တွင် ကပ်နေပါတော့သည် ။

   ◾အခန်း (၇)

     ဖိုးထွေးသည် ဟင်းစားသွားရှာသော သာအေး နှင့် ပေတူးတို့ ပြန်မရောက်လာသောကြောင့် ဗျာများနေရသည်။ဘိုးထင် သည်လည်း ကြံရာမရဖြစ်ကာ ဖင်မထိုင်နိုင် ဟိုဒီလျှောက်လုပ် နေစဉ် ပေတူးတို့ ထွက်သွားသောဘက်ကို မျက်နှာမူလိုက်ချိန် သူ၏လက်ဖဝါးမှ စားလုံးလေးများသည် ရွှေရောင်လင်းလက် လာသည်ကို သတိထားမိသွားသောကြောင့် ခေတ္တမျှ စဉ်းစားလိုက်ကာ

    “ကိုဖိုးထွေး ပစ္စည်းပစ္စယတွေ ဒီအနားမှာ ထားခဲ့ဗျာ ကျုပ်တို့ ပေတူးတို့နောက်ကို လိုက်ကြရအောင် “

    “သူတို့လမ်းမှားနေရင်ရော “

    “ဒီကောင်တွေ လွယ်လွယ် နဲ့ လမ်းမပျောက်နိုင်ဘူးဗျ “

    “အေး မင်းသဘောပဲလေ ဘယ်ဘက်ကို သွားမှာလဲ “

    ဖိုးထွေး၏ အမေးကို မောင်ဘိုးထင် ချက်ခြင်းမဖြေသေးပဲ သူ၏ မိုးကြိုးစက်တောင်ဝှေးကို ယူလိုက်ရင်း တချိန်တည်းမှာပင် သူ၏ လက်ဖဝါးမှ စာတွေကို ကြည့်လိုက်ပြီး

    “ဒီဘက် ကိုဖိုးထွေး “

    မောင်ဘိုးထင်သည် ထိုမျှသာ စကားကိုဆိုပြီး ရှေ့မှ သွားလေသည်။သူရှေ့မှ သွားသည် နှင့် ဖိုးထွေး၊သာရတို့သည်လည်းနောက်မှ လိုက်၍ သွားပါလေတော့သည်။ မောင်ဘိုးထင်သည် သူ၏ လက်ဖဝါးမှ စာများရွှေရောင်တောက်သည့်ဘက်ကို သွား နေရာ လျှိုမြောင်တခုကို ဖြတ်ပြီးချိန်

    “ဘိုးထင် ကို‌ဖိုးထွေး ကျုပ်တို့ ဒီမှာ “

    “ကိုသာရ ဟိုလူကြီး ဒီအနားမှာ ရှိတယ် သတိထား”

     သူတို့အား အော်ခေါ်သော ပေတူး နှင့် သာအေး အသံလာရာ ဆီသို့ကြည့် သွားလိုက်ရာ မကြာမီ ကျွန်းပင်၏ပင်စည်တွင် ကပ်နေသော ပေတူး နှင့်သာအေး တို့အားတွေ့လိုက်ရသည်။မောင်ဘိုးထင်တို့သည် သာအေး နှင့် ပေတူးအား ကြည့်ပြီး အံ့ဩနေစဉ်  ကျွန်းပင်ကြီး၏အကွယ်မှ လူကြီးတယောက် ထွက်လာလေသည်။ ထိုလူကြီးသည် ပါးစပ်မှလည်း မန္တန်တပုဒ် ကို ရွတ်နေသေးသည်။မန္တန်ရွတ်သံ ကျယ်လာသောအခါ ဖိုးထွေး နှင့် သာရသည်လည်း  မလှမ်းမကမ်းရှိ ကျွန်းပင်တွင် သာအေးတို့ နည်းတူ သွားကပ်နေလေသည်။ထိုသို့ ရုတ်တရက်ဖြစ်သွားသောအဖြစ်အပျက်ကြောင့် မောင်ဘိုးထင်မှာ ငေးမောနေမိရာမှ ချက်ခြင်း သတိပြန်၀င်လာပြီး မိုးကြိုးစက်တောင်ဝှေးကို ပုဆိုးဖြင့်ပတ်ထားရာကနေ ဖြည်လိုက်ပြီး ညာဘက်လက်ဖြင့် ကိုင်ကာ မြောက်လိုက်၏။သို့ပေမဲ့ မန္တန်ဝိဇ္ဇာ၏ မန္တန်ရွတ်သံက ပိုကျယ်လောင်လာကာ မိုးကြိုးစက်တောင်ဝှေးကိုင် ထားသော သူ၏ လက်များနာကြင်လာ၍ တောင်ဝှေးအားလက်လွှတ်လိုက်  ရပြီး တောင်ဝှေးသည် လေပေါ် ပျံတက်သွားကာ မန္တန်၀ိဇ္ဇာ၏ လက်ထဲသို့ပါသွားလေတော့သည် ။ဝိဇ္ဇာသည် မန္တန်ကို အဆက် မပြတ် ကျယ်လောင်စွာ ရွတ်ဆိုနေ၍ မောင်ဘိုးထင်၏ ကိုယ် ခန္ဓာသည်လည်း လေပေါ်မြောက်တက်သွားပြီး ဖိုးထွေး နှင့် ပေတူး၏ ရှေ့သစ်ပင်တွင် သွားကပ်နေပြန်သည်။အားလုံး သစ်ပင် များတွင်ကပ်နေသောအခါမှ မန္တန်ဝိဇ္ဇာသည် ရွတ်ဆိုနေသည်ကို ရပ်လိုက်ပြီး ဟားတိုက် ရယ်မောကာ

    “ဟားးး ဟားးး ဟားးး မင်းတို့လို မလောက်လေး မလောက် စားကောင်လေးတွေကများ ငါ့လို မန္တန်ဝိဇ္ဇာကို လာရှာရဲတယ် လို့ “

    ‌မောင်ဘိုးထင်သည် သူ၏ လက်ကို အားယူပြီး လက်ဖဝါးကို ကြည့်ရန် ကြိုးစားသော်လည်း မရပေ။လက်ဖဝါးကိုတော့ ဖြန့် ၍တော့ရ၏။လက်နောက်ပစ် အနေအထားဖြစ်နေ၍ သူ၏ လက်ဖဝါးမှ စာကို မမြင်ရပေ။ထိုအခါ သူရှိသော သစ်ပင်၏ နောက်မှ ဖိုးထွေး နှင့် ပေတူးအား အသံခပ်အုပ်အုပ်ဖြင့်

    “ကိုဖိုးထွေး နဲ့ ပေတူး ကျုပ် လက်ဖဝါးကို မြင်ရလား “

    “ဘိုးထင် ရူးသွားတာလား အခုချိန်မှာမှ လက်ဖဝါးမြင်ရလား လာပြောနေတယ် ‌”

    “ပြောစမ်းပါ ပေတူးရ ‌မြင်ရလား “

    “မြင်ရတယ်လေ “

    “ဘာမြင်ရလဲ သေချာကြည့် “

    ပေတူးသည် မောင်ဘိုးထင်၏ လက်ဖဝါးမှ စာများကို သေချာကြည့်ရင်း

    “ဟေ့ကောင် မင်းလက်က စာတွေက အရောင်တွေ ထွက်နေတယ် ဟ ‘

    “အေး အဲ့စာတွေ ငါ့ကို ဖတ်ပြစမ်း “

    ပေတူးသည် စာများကို ကြိုးစားဖတ်ပြနေသော်လည်း တလွဲ သာ ဖတ်နေ၍ မည်သည့် အစွမ်းသတ္တိ မှ မပေါ်ပေ။ထိုအခါ မောင်ဘိုးထင်မှ

“ကိုဖိုးထွေး ခင်ဗျား မြင်ရရင် ဖတ်ပြစမ်းပါဗျာ ပေတူး လုပ်တာနဲ့ အကုန် သေတော့မယ် “

     ဖိုးထွေး သေချာဖတ်ပြသောအခါမှ မောင်ဘိုးထင်သည် ဖိုးထွေးဖတ်ပြသည့်အတိုင်း မန္တန်အားရွတ်လိုက်ရာ သူတို့သည် သစ်ပင်မှ ကွာ၍ တဖြည်းဖြည်းချင်းအောက်သို့ ရောက်လာသည်။ မန္တန်ဝိဇ္ဇာ၏ မျက်နှာချင်းဆိုင်တွင် ရပ်လျက်သားဖြစ်ပြီး မန္တန်ဝိဇ္ဇာမှာ မျက်နှာပျက်နေပြီ ဖြစ်သည်။ထို့နောက် မောင်ဘိုးထင်သည် သူ၏ လက်ဖဝါးကို ကြည့်ကာ  ပုဂ္ဂိုလ်ကြီးပေးခဲ့ သော မန္တန်အား ကျယ်လောင်စွာ ရွတ်ဖတ်ချိန်  မန္တန်ဝိဇ္ဇာသည် ဒူးထောက်လျက် နားကို ပိတ်ကာ ငိုယိုနေပါလေတော့သည် ။

    ◾အခန်း (၈)

    မောင်ဘိုးထင်တို့သည် မန္တန်ဝိဇ္ဇာကို ပါးစပ်ထဲအဝတ်စ ဆို့လိုက်ပြီး သစ်ပင်တွင် ကြိုးတုပ်ထားလိုက်ကြသည်။မောင်ဘိုးထင် ဝိဇ္ဇာ၏ အနားကို သွားပြီးသူ၏ လက်ဖဝါးကိုကြည့်ရင်းမှ မန္တန်ရွတ်ဖို့ရာ အသင့်ပြင်ထားပြီး မန္တန်ဝိဇ္ဇာ၏ပါးစပ်တွင် ဆို့ထားသော အဝတ်အားဖြုတ်ပေးလိုက်ကာ

    “ခင်ဗျား ကျုပ် အဘကို ကျိန်စာတိုက်ထားတာ ဖြေပေးပါ မဖြေပေးရင် ကျုပ် မန္တန်ရွတ်ရလိမ့်မယ် “

    “မ မလုပ်ပါနဲ့ကွာ ငါ ဖြေပေးပါမယ် “

    “အဲ့တာဆို ကျုပ် အဘကို ခင်ဗျားဘာလို့ ကျိန်စာတိုက်တာလဲ ဆိုတာ ပြောပြပါ “

    “အေး ငါ ပြောပြပါ့မယ်ကွာ မင်းမန္တန် မရွတ်ပါနဲ့ မင်းရွတ်ရင် ငါ ဒဏ်မခံနိုင်လို့ပါ”

    “အဲ့တာဆို ပြောပြတော့ “

    မောင်ဘိုးထင်သည် မန္တန်ရွတ်ဖို့ အသင့်ပြင်ထား‌သလို ဖိုးထွေး နှင့် သာရသည်လည်း မန္တန်ဝိဇ္ဇာအား ဓားနှင့် ချိန်ရွယ်ထားကြလေသည်။ဤသို့ဖြင့် မန္တန်ဝိဇ္ဇာသည် အတိတ်တွင် သူနှင့် ဦးအုန်း ဖြစ်ခဲ့သည့်ပြဿနာအား ‌ပြန်ပြောင်းပြောပြလာပါသည် ။

    ◾အောက်လမ်းဘိုးထင် နှင့် မန္တန်ဝိဇ္ဇာသည်က ဤမျှသာ

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏

📝မောင်တင်ဆန်း