ဦးဖိုးဝေနှင့်ဝေမာနိက

    “ဟုတ်ကဲ့ပါ အဘ “

သူတို့သည် ဘုရားကုန်းလေးပေါ် တက်သွားပြီး ရွာဦးစေတီကို အတန်‌ကြာအောင်ဖူးမျှော်ကြပြီးနောက် ဘုရားကုန်းပေါ် မှ ပြန်ဆင်းလာကာ ဦးဖိုးဝေမှ

    “လူလေးတို့ အဘနောက်ကသာ လိုက်ခဲ့ကြပါ”

    “ဟုတ်ကဲ့ အဘ “

    “ကဲ ကဲ သွားကြတာပေါ့ အထူးသဖြင့် မောင်လူသစ်ရေ မင်းတရားရဖို့ မျှော်လင့်ပါတယ် “

    ဦးဖိုးဝေသည် ထိုမျှသာ စကားဆိုပြီး တရုတ်စကားပင်များရှိရာ  ဘုရားကုန်းတောင်ဘက်ခြမ်းသို့ ဦးဆောင်၍ သွားလေသည်။လကွယ်ညဖြစ်ပေငြား ကြယ်ရောင်လေးများကြောင့် လမ်းကို အတန်အသင့်မြင်နေရသည်။သူတို့ တရုတ်စကားပင် များအနား ရောက်သောအခါ  မြူများအုံ့ဆိုင်းနေသော လမ်းမ ကြီးကို တွေ့လိုက်ရလေသည်။ထိုလမ်းမကြီးကို လူသစ်‌ မြင်သည်နှင့်

    “ဆရာကြီး ဒီဘက်မှာ အရင်က ဒီလိုမျိုးလမ်းမရှိပါဘူး ဒီ လမ်းက ဘယ်လိုဖြစ်ပြီး ပေါ်လာဝာာလဲ “

    “မောင်လူသစ်ရေ ဦးကြီးတို့လာမှ လမ်းကပေါ်တယ် ဆိုတော့ ဒီလမ်းက တို့တွေအတွက်ပဲ ဖြစ်မှာပေါ့ လာ သွားကြစို့ “

ဦးဖိုးဝေသည် မြူများအုံ့ဆိုင်းနေသောလမ်းကို ရှေ့မှ ဦး ဆောင်ပြီး ဝင်သွားလိုက်သည်။သူရိယနှင့် လူသစ်သည်လည်း ဦးဖိုးဝေ၏နောက်မှ ထပ်ကြပ်မကွာ လိုက်လာကြလေသည်။

    ဦးဖိုးဝေတို့ ထိုလမ်းလေးအတိုင်း လျှောက်လာသောအခါ  လမ်းဘေးတွင် မီးအိမ်လည်းမဟုတ် လျှပ်စစ်မီးလည်းမဟုတ်သော ကနုတ်များ ထိုးထားသည့်အလင်းတိုင်များကို တဖြည်းဖြည်းတွေ့လာရသည်။ထိုအလင်းတိုင်များသည် ပတ်ဝန်းကျင်ကို ထိန်လင်းနေစေပြီး လမ်းဘေးဝဲယာများကို ကောင်းစွာ မြင်နေရလေသည်။လမ်းသည် တလင်းပြင်ပမာ ပြောင်ရှင်းပြီး ညီညာနေလေသည်။လမ်းဘေးရှိ အိမ်တို့သည် ခြံစည်းရိုး ကာရံထားခြင်းမရှိ၍ အိမ်ဝန်းကျင်ကို ကောင်းစွာ မြင်နေရသည်။ တချို့အိမ်များသည် ရှေးခေတ် နန်းပြဿဒ် များနှင့်ဖြစ်ပြီး ရွှေရောင်များ ဖိတ်ဖိတ်ထနေသည်။တချို့အိမ်များသည် တိုက်အိမ်ကြီးများ ဖြစ်နေပြန်သည်။အိမ်ထဲမှ တချို့ လူများသည် ဦးဖိုးဝေတို့အား စူးစမ်း‌ကြည့်နေသည်။ထိုသူများ ၏ ပုံစံများမှာ သူဌေး သူကြွယ်များပမာဖြစ်ပြီး ဝတ်စားဆင် ယင်မှုများမှာ မတူကြပေ။ဦးဖိုးဝေသည် နန်းပြဿဒ်နှင့် အိမ်တ အိမ်ထဲသို့ ၀င်သွားလေသည်။ထိုအခါ  အိမ်ရှေ့ကွင်းပြင်တွင် အလင်းတိုင်များထွန်းထား၍  စောင်းတီးပြီးသီချင်းဆိုနေသော  မိန်းမပျိုလေးများသည် သီချင်းဆိုနေသည်ကို ရပ်လိုက်ပြီး သူမတို့ အိမ်ဝန်းထဲသို့ဝင်လာသော လူစိမ်းဖြစ်သည့် ဦးဖိုးဝေတို့ကို ကြည့်ကာ

    “ဦးကြီးတို့ ဒီကမဟုတ်ဘူးထင်တယ် ဘာကိစ္စများရှိလို့ပါလဲရှင့် “

    “ကျုပ် မေးစရာလေးရှိလို့ပါ “

    “ဟုတ်ကဲ့ မေးနိုင်ပါတယ် “

    ချောမောလှပပြီး စကားပြောပြေပြစ်သော မိန်းမပျိုလေးများကို လူသစ် နှင့် သူရိယ ငေးမောနေမိကြသည်။ထို့နောက် တချို့ မိန်းမပျိုလေးများသည် အထုတ်အပိုးများဖြင့် ရပ်နေသော လူသစ် နှင့် သူရိယအတွက် ထိုင်ခုံများကို ယူလာကာ

    “မောင်ကြီးတို့ ထိုင်ကြပါ ညောင်းနေရောပေါ့ “

    “ဟုတ် ဟုတ်ကဲ့ “

    သူရိယ နှင့် လူသစ်သည် မိန်းမပျိုလေးများပေးသော ထိုင်ခုံတွင် ထိုင်လိုက်ကြသည် ။မိန်းမပျိုလေးများသည် သူတို့ထိုင်နေသောနေရာတွင် ပြန်ထိုင်နေပြီး  ထိုမိန်းကလေးထဲမှ ခေါင်း ဆောင်ဖြစ်ဟန်တူသော မိန်းမပျိုလေးသာ ဦးဖိုးဝေ နှင့် စကား ပြောခြင်း ဖြစ်သည်။

    “ဦးကြီးတို့ ဒီနေရာအထိတောင် ရောက်လာပြီဆိုတော့အကြောင်း ကိစ္စကတော့ရှိမယ်ထင်ပါတယ် “

    “ဒီက မေနန်းဆိုတဲ့ အမျိုးသမီးတ‌ယောက်ရဲ့ အိမ်ကို သွားမလို့ပါ “

    “မေနန်း ရဲ့အိမ်သွားမဲ့သူတွေလား  မေနန်းက ကျ‌မတို့သူငယ် ချင်းပါပဲ ကျမတို့ အခုနေတဲ့နေရာမှာ လူမျိုးပေါင်းစုံရှိတယ်  ကျမတို့က မြန်မာတွေပါ ဟိုးရှေ့က အိန္ဒိယလူမျိုးတွေ ဒီဘက်မှာက တရုတ်လူမျိုးတွေ(လက်ညှိုးထိုးပြလျက်) ဒီရွာမှာက လူမျိုးစုံတယ် ကိုယ်ပြုခဲ့တဲ့ ကုသိုလ်၊အကုသိုလ်တွေကြောင့် ဒီမှာယခုလို ဖြစ်တည်လာတာပါ ဦးကြီး မေနန်းနဲ့ ကျမတို့က ညဖက်သာ ဒီမှာတွေ့ရပြီး နေ့ပိုင်းဆို အလုပ်ဝင်ရသေးတယ် “

    “အင်း ကျုပ် သဘောပေါက်ပါတယ် လုံမလေး ဒီရွာက အကုန်ငရဲထိန်းတွေပဲလား “

    “ဟုတ်တယ် ဒီရွာက လူတွေကတော့ အကုန်နေ့ဘက်မှာ ငရဲ ထိန်း လုပ်ရပါတယ်”

    “ကဲ လုံမလေးရေ ဦးကြီးတို့ကို မေနန်းအိမ်ကို လမ်းညွှန်လို့ရမလားကွဲ့ “

    “ရပါတယ် ဦးကြီး မေနန်းအိမ်က ဒီလမ်းအတိုင်းသာ သွားပါ နှစ်ဆောင်ပြိုင်အိမ်ကြီးကို လက်ယာဘက်မှာ တွေ့ရပါလိမ့်မယ် အဲ့တာ မေနန်းရဲ့အိမ်ပါ ဦးကြီး “

    “ကျေးဇူးပါ လုံမလေးရေ ဦးကြီးတို့ကို ခွင့်ပြုပါဦး”

    “ကောင်းပါပြီရှင် “

    ဦးဖိုးဝေတို့သည်  အလင်းတိုင်များ ထိန်လင်းနေသော လမ်းလေးအတိုင်းဆက်ပြီး လျှောက်လှမ်းလာရာ လမ်းမှအစ အိမ်များအဆုံး အကုန်လုံးသည် စည်းစနစ်ကျစွာ ဆောက်လုပ်ထားပြီး အရာအားလုံးမှာ သန့်ရှင်းသပ်ရပ်နေသည်ကို တွေ့ရသည်။ပုံစံ စုံလင်လှသောအိမ်များသည် အတော်ကြီးကျယ်ခမ်းနားနေပေရာ ဘုံဗိမာန်များပမာ ဖြစ်သည်။ညပိုင်းပင်ဖြစ်လင့်ကစား အလင်းတိုင်များသည် အေးမြသော အလင်းရောင်ကို ကောင်း မွန်စွာ ပေးစွမ်းနေပေသည်။ဦးဖိုးဝေတို့ လမ်းလေးအတိုင်း ဆက်သွားသောအခါ တဖြည်းဖြည်းနှင့် လူများ စည်ကားလာသည်ကို တွေ့ရ‌သည်။သူတို့၏ ဝတ်စားဆင်ယင်ပုံများမှာ တယောက်နှင့် တယောက် မတူကွဲပြားနေသလို တယောက်ကို တယောက် ပြောဆိုနေသည့် ဘာသာစကားများကိုလည်း ဦးဖိုးဝေတို့ နားမလည်ကြပေ။လမ်း၌တွေ့ရသော မြန်မာလူမျိုးတချို့သည် ဦးဖိုးဝေတို့ကို ပြုံးရွှင်စွာဖြင့် နှုတ်ဆက်စကားဆိုလာကြသည် ။

    “ဦးကြီးတို့က ဧည့်သည်တွေ ထင်တယ်  ဘယ်ကိုများ သွားမလို့လဲ ခင်ဗျ”

    “ဒီရွာက မေနန်းဆိုတဲ့ အမျိုးသမီးလေးအိမ် သွားမလို့ပါ “

    “မေနန်းဆိုတာ ကျနော်တို့ အိမ်နားကပဲ  ကျနော်လိုက်ပို့ပါမယ် “

“ကျေးဇူးပါကွယ် “

    “ဦးကြီးတို့က လူသားတွေ မဟုတ်လား ဘယ်လိုလုပ်ပြီး ကျနော်တို့ ဘုံကို ရောက်လာတာလဲ ခင်ဗျ “

    “မေနန်းဆိုတဲ့ လုံမပျို လေးရဲ့ ဖိတ်ကြားမှု့ကြောင့် ရောက်လာတာပါ “

    “ဪ ဟုတ်လား ကျနော်တို့က နေခံ ညစံ ဝေမာနိကနတ်ပြိတ္တာတွေဆိုတာ သူပြောထားလား “

    “ပြောထားပါတယ် “

    “မညာချင်ပါဘူး ကုသိုလ်၊အကုသိုလ်က ဒွန်တွဲနေလို့ နေ့အခါမှာ ကျနော်တို့က ငရဲပြည်မှာ ငရဲထိန်း လုပ်ကြရပါတယ် အခုလိုညအခါမှာဆိုရင်တော့ ဒီမှာလိုလေသေးမရှိ စံစား ခံစားရပါတယ် “

    “မောင်ရင်တို့က ငရဲထိန်းဆိုတော့ ဘယ်လိုမျိုး အလုပ် လုပ်ရတာလဲကွဲ့ “

    “ဒီရွာက လူတွေကတော့ ငရဲခွေးတွေကို ထိန်းရတာပါ ဦးကြီးတို့ မပြန်သေးဘူးဆိုရင်တော့ နေ့ပိုင်း ကျနော်တို့ ဖြတ်သန်းရတဲ့ ဘဝကို ကြည့်သွားပေါ့ “

    “အခြေအနေရပေါ့ကွယ် ဒီမှာ လူတွေ စုံတယ်နော် မောင်ရင် “

    “စုံတာပေါ့ ဦးကြီးရယ် ကုသိုလ်၊အကုသိုလ် လုပ်တာ ကျနော်တို့မြန်မာတွေချည်းပဲ မဟုတ်ဘူးလေ တခြားနိုင်ငံက လူတွေ လည်းပါတာတယ် အဲ့တာကြောင့် ဒီမှာ လူစုံနေတာ”

    “အင်း သဘောပေါက်ပြီ မောင်ရင် “

     ဦးဖိုးဝေသည် ဒေသခံလူငယ်လေး ပြောပြသည်များကို လူသစ်၊သူရိယ တို့နှင့်အတူ နားထောင်ရင်း မေနန်း၏ အိမ်သို့ချီတက်နေကြပါသည် ။

    ◾အခန်း (၃)

      ဦးဖိုးဝေတို့သည် ပြောင်ရှင်းနေသော လမ်းလေးအတိုင်းသွားလိုက်ရာ မကြာသောအချိန်တွင် မီးများထိန်ထိန်လင်းနေသော နှစ်ဆောင်ပြိုင်အိမ်ကြီးအနားသို့ ရောက်လာပြီး သူတို့အားလိုက်ပို့သော လူငယ်လေးမှ

    “ဦးကြီးတို့ပြောတဲ့ မေနန်းတို့ အိမ်ဆိုတာ ဒီအိမ်ပါ “

    “ကျေးဇူးပါကွယ် “

    လူငယ်လေးသည် ဦးဖိုးဝေတို့ကို နှုတ်ဆက်ကာ လမ်းပေါ် သွားလာနေသော သူများ နှင့်အတူ လာရာလမ်း သို့ ပြန်သွားလေသည်။ထိုအခါမှ ဦးဖိုးဝေတို့သည် နှစ်ဆောင်ပြိုင်အိမ်ကြီး အတွင်းသို့ ၀င်သွားလေတော့သည်။လူသစ်သည် ဦးဖိုးဝေ အနားကပ်လာကာ

    “ဆရာကြီး ဒီက ဘယ်လိုနေရာလဲ ညသာ ပြောတာ လင်းထိန် ပြီး လမ်းသွားလမ်းလာတွေကလည်း တောက်ပြောင်နေတာပဲ သူတို့ကို ကြည့်ရတာလည်း ပျော်နေသလိုပဲ “

    “ဒီက ဝေမာနိကနတ်ပြိတ္တာတွေ နေတဲ့နေရာလေ သူတို့က နေ့ ဆို ငရဲထိန်းတွေ လုပ်ရပြီး ညဘက်ဆို အခုလို စည်းစိမ်စံစားနေရတဲ့သူတွေ နတ်တွေလို့ ပြောရင်လည်း ရပါတယ် “

    “နေ့ခံညစံ ဆိုတာမျိုးလား ဆရာကြီး ခွေးတွေအစားခံရတယ် ဆိုတဲ့ လူကြီးတွေပြောတဲ့ နေရာလားဗျ”

    “အဲ့ဒီလိုလည်း မဟုတ်ပါဘူး သူတို့က ငရဲသား မဟုတ်ဘူး  ယမမင်းကြီးဆီမှာ အမှုထမ်းရတဲ့ ငရဲထိန်းတွေ သူတို့က စတုမဟာရဇ်နတ်မျိုးတွေဆိုပေမဲ့ သူတို့ရဲ့ မစင်ကျယ်တဲ့ ကုသိုလ် တွေကြောင့် အခုလိုဘဝမှာ ရောက်နေကြတာ  ဒါပေမဲ သူတို့က ငရဲကြီးရှစ်ထပ်မှာ အမှုထမ်းရတာ မဟုတ်ဘူး ငရဲငယ် တစ်ရာနှစ်ဆယ့်ရှစ်ခု ရှိတယ် အဲ့ဒီ့အထဲက တနေရာရာမှာ အမှု့ထမ်းရတာ  နေ့ဘက် သူတို့ အမှုထမ်းတာနဲ့ ကြုံရင် ပြပါမယ် အခုတော့ အိမ်ထဲဝင်ကြဦးစို့ “

     ဦးဖိုးဝေရှေ့မှ ဦးဆောင်ပြီး နှစ်ဆောင်ပြိုင်အိမ်ဝန်းထဲသို့ ဝင် သွားပြီး အိမ်ဝန်းထဲ ရောက်သောအခါ အသက်ငါးဆယ်အရွယ် အမျိုးသားကြီးသည် အိမ်ကြီးပေါ်မှ ဆင်းလာသည် နှင့် ကြုံလေသည်။ထိုသူသည် ပုလဲပုတီး နှင့် ရတနာများကို ဝတ်ဆင်ထားပြီး နဝရတ်လက်စွပ်ကြီးမှာ အရောင်တဖိတ်ဖိတ်ထနေ သည်။တောင်ရှည် ပုဆိုး နှင့် ပိုးသား အင်္ကျီကို ဝတ်ဆင်ထားပြီး ခေါင်းပေါင်းကို သေသပ်စွာ ပေါင်းထားသော ထိုလူကြီးမှာ ရှေးမြန်မာ သူဌေး သူကြွယ်တဦး၏ ဟန်ပန်နှင့်ဖြစ်၏။ထိုလူကြီးသည် ဦးဖိုးဝေတို့အား နှစ်လိုဖွယ် ပြုံးပြကာ စကားဆိုလေ၏ ။

    “နောင်ကြီးတို့ ဘယ်အရေးကြောင့် ကျွန်ုပ်၏အိမ်ကို ရောက် လာကြတာလဲ ဒီကတော့ ဟုတ်ဟန်မတူဘူး “

    “ဒီက မဟုတ်ပါဘူး မေနန်းဆိုတဲ့ လုံမေလေးက ဖိတ်ထားလို့ လာရတာပါ “

    “ဪ ဟုတ်လား ဒါဆိုကြွပါ၊ကျုပ်ကမေနန်းရဲ့ဖခင်ဦးတိက္ခလို့ ခေါ်ပါတယ် “

    ဦးတိက္ခသည် ဦးဖိုးဝေတို့အား ကြိုဆိုလိုက်ပြီး အိမ်ကြီးအတွင်းသို့ လှမ်းအော်ပြီး စကားဆိုပြန်သည် ။

    “ဟေ့ သမီး နဲ့ ရှင်မ ဒီမှာ ဧည့်သည်တွေ လာတယ်ဟေ့ “

    ဦးတိက္ခ၏ စကားဆုံးသည်နှင့် အိမ်ကြီးပေါ် မှ ကျော့ရှင်းလှပစွာ ဆင်းလာသောမိန်းမချောလေးမေနန်းကို တွေ့လိုက်ရသည်။မေနန်းသည် ဦးဖိုးဝေတို့ကို တွေ့သောအခါ အံ့ဩနေပြီး

    “ဆရာကြီးတို့က ဒီကို တကယ်လာလို့ ရတာလား “

    “ခေါ်တော့လည်း လာရတာပေါ့ကွယ် “

    “အကို တကယ်လာတယ်နော် “

    မေနန်းသည် လူသစ်အားလှမ်းကြည့်ကာ အံ့ဩစွာဖြင့် ဆို လေသည်။ထိုအခါ လူသစ်သည် ပြုံးပြပြီး ခေါင်းညိတ်ပြလေသည်။ထို့နောက် ဦးတိက္ခသည်

    “ကဲ ကဲ ဧည့်သည်တွေ အားနာစရာ အိမ်ပေါ်မှာ ဧည့်ခံကွဲ့ “

     ဦးတိက္ခ၏ စကားကြောင့် မေနန်းသည် ‌ဦးဖိုးဝေတို့အား ပြူငှာစွာ ကြိုဆိုပြီး အိမ်ပေါ်သို့ တက်စေသည်။အိမ်ကြီးသည် အပြင်ပန်းတွင် ကျွန်းသားနှင့် တည်ဆောက်ထားသည်ဟု မြင်ရသော်လည်း အမှန်စစ်စစ်‌ အတွင်းပိုင်းတွင် ရွှေရောင်များဖြင့်တောက်ပနေသည်။အိမ်အတွင်းရောက်သောအခါ ထိုင်ခုံများ နှင့် ကွမ်းအစ် အစရှိသော လူအသုံးအဆောင်ပစ္စည်းများသည်လည်း ရွှေဖြင့်သာ ပြုလုပ်ထား၍ ရွှေဗိမာန်တခုပေါ် ရောက်နေသလားဟုပင် ထင်ရသည်။ထို့နောက် ဦးတိက္ခနှင့် အတူ ခန့်ညားသော အမျိုးသမီးကြီးတဦးပါ ထပ်မံရောက်လာပြီး ဦးဖိုးဝေတို့အား ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လေသည်။ထို့နောက် သူမတို့၏ သမီးဖြစ်သူ မေနန်းအား သူတို့အနားတွင် ထိုင်စေပြီး ဦတိက္ခမှ စကားဆိုလေ၏။

    “ဧည့်သည်ကြီးတို့က ဒီအထိအောင် လာနိုင်စွမ်းတယ်ဆိုတော့ သာမာန်ပုဂ္ဂိုလ်တွေ မဟုတ်ဘူးဆိုတာ ကျုပ် ရိပ်စားမိပါတယ်။ ကျုပ်သမီးရဲ့ မိုက်ပြစ်တွေအတွက် ကျုပ်တောင်းပန်ပါတယ် “

    “တောင်းပန်စရာ မလိုပါဘူး ဦးတိက္ခ ကလေးတွေက တခြား ရည်ရွယ်ချက်မရှိပဲ ရိုးရိုးသားသား မေတ္တာမျှနေတာပါ ကျုပ်လည်း ဒီက မောင်လူသစ်ကို ရှင်းပြပါတယ် သူ့အနေနဲ့ လက်မခံနိုင်ဖြစ်နေလို့ ဒီအထိ ရောက်လာရခြင်းပါ “

    “အင်း ကျုပ်သမီးကလည်း ဒီက မောင်ရင်အပေါ် ထားတဲ့ သံယောဇဉ်က မသေးပေဘူး ဒါပေမဲ့ မဖြစ်နိုင်တဲ့ ဘဝတွေမို့ သတိနဲ့ ထိန်းရမယ် မဟုတ်လား “

    “ကျုပ်လည်း အဲ့ဒီလိုထင်ပါတယ်  ကလေးတွေကို ပေးချင်တဲ့ အကြံရှိတယ် သူတို့တွေ လိုက်နာနိုင်မလား‌တော့ မသိဘူး “

    ဦးဖိုးဝေမှ ထိုသို့ပြောသောအခါ မေနန်းသည်  လူသစ်ကို ကြည့်ကာ

    “အကို ညီမတို့ လက်တွေ့ဆန်မှ ရတော့မယ် ညီမ ဒီလိုဆက်နေသွားရင် ယမမင်းကြီးရဲ့ အပြစ်ဒဏ်သင့်တော့မယ် အဲ့‌ဒီတော့  ညီမတို့ ဆရာကြီး နဲ့ အဖေ့စကားကို နားထောင်ကြရအောင်”

    လူသစ်သည် သူ မထင်ထားသော စကားကို မေနန်းမှ ပြောလားခြင်းဖြစ်၍ အတော်ကို အံ့ဩနေကာ

    “ညီမက ဒီစကားပြောဖို့ အိမ်အထိခေါ် လိုက်တာလား”

    “အကို အထင်မလွဲပါနဲ့ အကို မသိသေးတဲ့ အရာတွေ ဒီလောကမှာ အများကြီး ရှိသေးတယ် “

    မေနန်း၏စကားကို လူသစ် နားမလည်ဖြစ်ကာ စိတ်မကောင်း ဖြစ်နေချိန် ဦးဖိုးဝေသည် လူသစ်အား

    “မောင်လူသစ် မင်းမကြာခင် မေနန်းရဲ့ စေတနာကို နားလည်လာမှာပါ မင်းအနေနဲ့ ထပ်ပြီး မိုက်ရူးရဲဆန်နေမယ်ဆိုရင် အခု ရောက်နေတဲ့ဘဝမှာ မေနန်း ဒုက္ခရောက်ရတော့မယ်ဆိုတာ ငါသိတယ် အဲ့တာကြောင့် မင်းကို အပါခေါ်လာတာ “

    “ဆရာကြီး  မေနန်းက ကျနော် နဲ့ ချစ်သူဖြစ်နေလို့ တကယ်ဒုက္ခရောက်ရမှာလား “

    “အင်း ဟုတ်တယ် ဒါပေမဲ့ မင်းတို့ တွေ့ဆုံနိုင်မဲ့ နည်းလမ်းရှိပါသေးတယ် “

    “ကူညီပါအုံး ဆရာကြီးရယ် “

    မေနန်းသည်လည်း လူသစ်ကဲ့သို့ ပါးစပ်မှ ဖွင့်မပြောသော် လည်း သူမ၏ မျက်ဝန်းမှ ဦးဖိုးဝေထံ အသနားခံနေသည်ဆိုသည်မှာ သိသာနေ၏။ထို့ကြောင့် ဦးဖိုးဝေသည် လူသစ် နှင့် မေနန်းအား ခေါင်းညိတ်ပြလိုက်ပြီး အကူအညီပေးရန် သဘော တူလိုက်လေတော့သည်။

    ◾အခန်း (၄)
မေနန်းသည် ဦးဖိုးဝေတို့အား သူတို့ ရွာ၏ ပျော်ပွဲ၊ရွှင်ပွဲ ရှိရာနေရာသို့ ခေါ်ဆောင်သွားလေသည်။အလင်းတိုင်များ၏ အလင်းရောင်ကြောင့် ရှင်းလင်းထင်ရှားစွာ အရာအားလုံးကို ကောင်းစွာ မြင်နေရသည် ။မေနန်းသည် လူသစ်ဘေးမှ နေ၍ ယှဉ်တွဲလမ်းလျှောက်ရင်း

    “အကို ညီမတို့က ညဘက်တွေမှာသာ အခုလိုပျော်စရာတွေ နဲ့ အေးအေးချမ်းချမ်းနေကြရတာ နေ့ဘက်ဆို အလုပ်တွေ လုပ်ရတာ  “

    “မေနန်းရော အလုပ် လုပ်ရတာ လား  “

    “လုပ်ရတာပေါ့ ယမမင်းကြီးက မေနန်းတို့ကို တာဝန်ပေးထားတာလေ မလုပ်လို့ မရဘူး “

    “အော် အခုက ဘာပွဲရှိတာလဲ မေနန်း “

    “ညတိုင်း ကပွဲတွေက ရှိတယ်လေ စားစရာသောက်စရာတွေ ဆိုလည်း ဘာမှ မပူရဘူး ဟိုမှာ မြင်လား သစ်ပင်လေး “

    မေနန်းသည် သစ်ပင်တပင်အား လက်ဘိုးညွှန်ပြပြီး စကားဆိုလေသည်။ထိုအပင်သည် ရွှေဝါရောင်ဖြစ်ပြီး လူအချို့သည် ထိုအပင်အနားသွားပြီး ရပ်လိုက်သည်နှင့် အပင်မှ သူတို့ စားလိုသော အသီးများ ချက်ခြင်းသီး လာသည်ကို မြင်လိုက်ရသည်။လူသစ် နှင့် သူရိယသည် ထိုမြင်ကွင်းကို အံ့ဩလွန်း၍ မျက်လုံးများပြုးကျယ်နေကြသည်။မေနန်းသည် ထိုသစ်ပင် အနားသို့ ဦးဖိုးဝေတို့ကို ခေါ်သွားပြီး

    “ကိုလူသစ် နဲ့ မောင်ငယ် ဒီအပင်မျိုးတွေက လမ်းတိုင်းမှာ ရှိတယ်  ညပိုင်းရောက်မှသာ ဒီအပင်တွေကို အသုံးပြုနိုင်တာ ပဒေသာပင်လို့ ခေါ်မလားပဲ စားစရာ၊သောက်စရာ တွေကို စိတ်ထဲကနေ တောင့်တလိုက်တာ နဲ့ ဒီအပင်မှာ ချက်ခြင်း သီးလာတယ် “

    မေနန်းသည် ပြောပြောဆိုဆို‌ ရွှေဝါရောင်သစ်ပင်ကို ကြည့်ပြီး မျက်စိမှိတ်လိုက်သည် တွေ့၏။မကြာသောအချိန်တွင် သစ်ပင်မှ ဝင်းမှည့်နေသော သရက်သီးတလုံး သီးလာသည်။ ထိုသရက်သီးကို မေနန်းယူလိုက်ပြီးနောက် စကားထပ်ဆိုလေသည်။

    “သာမာန် လူအမြင် ဆိုရင်ဖြင့် ကျမတို့ ဘဝကို အားကျ ကျမှာပဲ ဒါပေမဲ့ ကျမတို့ လိုချင်တာ လူ့ဘဝပါ ဒီမှာက ဘာကုသိုလ် ကောင်းမှုမှ ပြုလုပ်လို့ မရ‌ဘူး။အားလုံးက အတူတူပါပဲ ဆင်းရဲတဲ့ သူဆိုတာလည်းမရှိဘူး အဲ့ဒီတော့ ကုသိုလ် ကောင်းမှုကို ဘယ်လိုမှ လုပ်မရတော့ဘူး သံဃာတော်တွေကို လှုဖို့ဆိုလည်း ဝေးပေါ့ “

    မေနန်းသည် သူတို့ကြုံတွေ့နေရသော အခက်အခဲကို ဦးဖိုးဝေအား ပြောပြသည်။ထိုအခါ ဦးဖိုးဝေသည် ခေါင်းကို ညိတ်ပြီး

    “အင်း ကောင်းကျိုးဖြစ်အောင် ကြိုးစားလို့ရတာ လူ့ဘဝပဲပေါ့ ကဲ လူသစ် နဲ့ သူရိယ မင်းတို့တွေ လူ့ဘဝမှာ ပေါ့ပေါ့ လေး မနေကြလေနဲ့ “

    ဦးဖိုးဝေသည် မေနန်းစကားကို နားထောင်ပြီး သူရိယ နှင့် လူသစ်အား ဆိုဆုံးမလေသည်။မကြာသောအချိန်တွင်တော့  အလင်းတိုင်များ များစွာ ထွန်းထားသော ပြောင်ရှင်းနေသည့်ကွင်းပြင်သို့ရောက်ရှိ လာလေသည်။ထိုကွင်းပြင်တွင် လူများသည် အတီးအမှုတ်များဖြင့် ကခုန်ပျော်မြူးနေကြလေ၏ ၊ ဝတ်စာဆင်ယင်မှု့များသည် အမျိုးမျိုးဖြစ်ပြီး အကများမှာလည်း အမျိုးစုံလှပေသည်။မေနန်းသည် ထိုကပွဲထဲမှယိမ်းအ ကဖြင့် တင့်တယ်စွာ ကနေသော နေရာသို့ သွားနေလေသည်။ထို့နောက် လွတ်နေသော ထိုင်ခုံများတွင် ဦးဖိုးဝေတို့အား ထိုင်စေပြီး

    “ဆရာကြီးတို့ ဘာများသုံးဆောင်ဦးမလဲ ရှင့် “

    “ရပါပြီ ကျုပ်တို့မှာ စားစရာသောက်စရာအချို့ပါလာ ပါတယ် “

    “ကောင်းပါတယ်ရှင် အဲ့တာပဲ သင့်တော်ပါတယ် တော်ကြာ အစာ မချေနိုင်ရင် ဆရာကြီးတို့ ဒုက္ခရောက်နိုင်ပါတယ် “

    မေနန်းပြောသည်မှာ မှန်ပေသည်။ ထို့အတွက်ကြောင့်လည်း ဦးဖိုးဝေမှာ စားစရာ၊သောက်စရာများကိုလူသစ် နှင့် သူရိယ အား သယ်ခိုင်းရခြင်းဖြစ်သည်။ဘုံဘဝမတူက အစားအ သောက်များသည် ဆိုးကျိုးဖြစ်စေနိုင်သည် ဟုထင်သော ကြောင့် ဖြစ်သည်။ကပွဲအား ကြည့်ရှု့နေသည့် ပြုံးပျော်နေသော လူများသည်  ကပြဖျော်ဖြေနေသော သူများအား ထိုင်ကြည့်လိုက် သူတို့သည်လည်း အ‌စားအသောက်များစားလိုက်နှင့် ပျော်မြူးနေကြသည်။သူရိယ နှင့် လူသစ်သည် ကပွဲ ကိုကြည့်ရင်း အိပ်ချင်‌လာလေသည်။မေနန်းသည် သူမ၏ အပေါင်းအဖော်များနှင့် ကနေသည့်အတွက် သူရိယ နှင့် လူသစ်မှာ စကားပြောဖော်မရှိတော့ပဲ မေနန်းတို့ ကနေသည်ကို ကြည့်ကာ တဖြည်းဖြည်း ထိုင်ခုံပေါ်တွင် အိပ်ပျော်သွားပါလေသည် ။

    လူသစ် နှင့် သူရိယ အိပ်ယာမှ နိုးသောအခါတွင် ကပွဲသည် မပြီးသေးပါ ဦဖိုးဝေသည် မျက်လုံးကို မှတ်ထားပြီး တရားမှတ်နေဟန်ရှိသည်။ထို့နောက် မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လာရင်းမှ လူသစ် နှင့် သူရိယအား ပြုံးပြကာ စကားဆိုလေသည် ။

    “လူ့ပြည်မှာ တရက်ပြည့်ပြီ လူလေးတို့ “

    “ဗျာ “

    “ဟုတ်တယ် မင်းတို့ အိပ်တာ လူ့ပြည်နဲ့ တွက်ရင် တော်တော် ကြာတယ်ဆိုပေမဲ့ ဒီ ဘဝမှာတော့ ခဏလေးပဲ “

    “ဟာ ဟုတ်တယ် ဟိုမှာ မေနန်းက ကနေတုန်းပဲလေ “

    “သူတို့ တညက ငါတို့ရဲ့ လူဘဝမှာဆို ရက်အတော်ကြာမယ် ထင်တယ် ဒါပေမဲ့ ငါတို့ ရောက်တဲ့အချိန်က သူတို့ရဲ့ သန်းခေါင် ယံအချိန် ထင်တယ်  “

    ဦးဖိုးဝေညတို့ စကားဆိုနေသည်ကို မေနန်းသည် လှမ်းကြည့်လိုက်ရင်း ကနေသည်ကို ရပ်လိုက်ကာ ဦးဖိုးဝေတို့ အနားသို့ လှမ်းလာလေသည်။ထို့နောက် ပြုံးရွှင်စွာဖြင့် စကားဆိုလေသည် ။

“အင်း ကနေတာနဲ့ ဆရာကြီးတို့ကိုတောင် မေ့သွားတယ် “

    “ရပါတယ် လုံမလေးတို့ ပျော်ရွှင်တဲ့အချိန်ကို ကျုပ်တို့ ရောက်လာတာပဲ “

    “အင်း ဒါပေမဲ့ ကျမက ဖိတ်ထားတာလေ “

    “မိန်းကလေးကို မေးရဦးမယ် မောင်လူသစ် နဲ့ကိစ္စ ဘယ်လို လုပ်ကြမလဲ “

    “ကျမကတော့ ရှေ့ဆက်လို့မရတော့ဘူး ဒီဘဝတော့ အကိုနဲ့ မဖြစ်နိုင်‌တော့ဘူး ယမမင်းကြီးသိရင် ကျမကို အပြစ်ပေးမှာ “

    “ဟုတ်ပါတယ် ဝေမာနိကတွေက ယမမင်းကြီး ရဲ့ အောက်မှာ အမှုထမ်းရတာဆိုတော့ မလွယ်ပေဘူး”

    ဦးဖိုးဝေ နှင့် စကားပြောနေသော မေနန်းအား လူသစ်သည် နားမလည်နိုင်စွာ ငေး၍ ကြည့်နေလေသည်။သူကသာ ဘဝရင်း ပြီး ချစ်ခဲ့သော်လည်း သူ့ကို ချစ်လှပါချည်ရဲ့ဆိုသော မေနန်းမှာ ယခု‌တော့ အပြောင်းလဲကြီး ပြောင်းလဲနေ၍ လူသစ်စိတ်မကောင်း ဖြစ်နေရ၏။ထိုသို့ဖြစ်နေသည်ကို သိသော ဦးဖိုးဝေမှာ လူသစ်အား

    “မောင်လူသစ်ရေ မင်း မေနန်းကို အပြစ်မတင်စေချင်ဘူး သူဘာကြောင့် ဒီလိုဆုံးဖြတ်ရတယ် ဆိုတာကို မင်းသေချာ မေးစမ်းပါဦးလား “

    “ကျနော် မေးစရာ မလိုတော့ပါဘူးဗျာ သူက ကျနော့်ကိုမကြင်နာလို့ နေမှာပေါ့ “

    “မဟုတ်ဘူး မောင်လူသစ် မင်း မသိသေးတဲ့ အရာတွေ အများကြီး ရှိသေးတယ် မင်း မေနန်းကို တကယ်ချစ်လား “

    “မေးစရာ မလိုပါဘူးဗျာ ချစ်လွန်းလို့ ဒီအထိတောင် လိုက်လာတာပေါ့  “

    “အဲ့တာဆို ငါပြောမယ် မင်း မေနန်းအတွက် ကောင်းမှုကုသိုလ်ပြုပေးပါ လူ့ဘဝ ရောက်ရင် သူ့နာမည်ခေါ်ပြီး အမျှ ပေးပါ မင်းတို့တွေ နောက်ဘဝတခုမှာ တူတူရှိနိုင်ဖို့ သစ္စာဆိုကြပါ”

    ဦးဖိုးဝေ၏စကားကို မေနန်းမှာ ဝမ်းပန်းတသာခေါင်း တွင် တွင် ညိတ်ပြီး လက်ခံပေမဲ့ လူသစ်သည် မည်သည့်စကားမှ ပြန်မပြောသလို မည်သည့်သောတုံ့ ပြန်မှုကိုမှ မပြုလုပ်ချေ။ ထိုအခါ မေနန်းသည်

    “အကို ကျမကို စိတ်ဆိုးနေတာလား ကျမ ဘဝကိုလည်း နားလည်ပေးပါဦး ကျမ အကိုနဲ့ တဘဝလုံး တူတူရှိချင်တာပေါ့ ဒါပေမဲ မဖြစ်နိုင်လို့ပါ အခု ခေါ်တယ်ဆိုတာ အကို့ကို ကျမ ဘဝ အမှန်ကိုပြချင်လို့ပါ။အခု အကို မြင်နေရတဲ့ ပုံစံကို ကျမ ဘဝ အမှန်ချည်းပဲ လို့ မသတ်မှတ်လိုက်ပါနဲ့ နေ့ဘက်ကို မကြာခင် ရောက်တော့မှာပါ ကျမတို့ရဲ့ ကျန်ရှိနေတဲ့ ဘဝကို အကို လိုက်ကြည့်ပြီးမှ ကျမကို မုန်းပါ လက်ခံပါတယ် “

    မေနန်းမှာ လူသစ်ကို ညှိုးငယ်သော မျက်နှာလေးဖြင့်စကားဆိုနေလေသည်။သို့ပေမဲ့ လူသစ်သည် မည်သည့်စကားမှ ပြန်မပြောသောကြောင့် မေနန်းအတော်ကို စိတ်မကောင်း ဖြစ်နေရသည်။ထိုသို့ တယောက်ကို တယောက် အထင်လွဲနေသည်ကို သိသော ဦးဖိုးဝေသည် လူသစ်၏ ပုခုံးအား ဖက်လိုက်ကာ

    “မောင်လူသစ် မင်းလိုပဲ မေနန်းကလည်း မင်းကို တကယ်ချစ်ပါတယ် “

    “သူမချစ်ပါဘူး ဆရာကြီး “

    “မေနန်းပြောသွားတဲ့ ကျန်တဲ့ သူ့ဘဝကို မင်းကြည့်ပြီးမှ အမှန်အမှားကို မင်း ဆုံးဖြတ်ပါ လူလေး “

    ဦးဖိုးဝေသည် လူသစ်အား  အကျိုးအကြောင်းပြောပြီးနောက် မေနန်းကို ကြည့်ကာ

    “မောင်လူသစ်က မိန်းကလေးကို ချစ်လို့ စိတ်မကောင်းဖြစ်နေတာပါ မကြာခင် ဒါက အကောင်းဆုံးအဖြေဆိုတာကို သိရင်တော့ သူနားလည်သွားမှာပါ စိတ်မကောင်းမဖြစ်ပါနဲ့ “

    “ဟုတ်ကဲ့ ကျမ နားလည်ပါတယ်”

       အကို မကြာခင်ကျမတို့ဖြတ်သန်းရတဲ့ နေ့ခင်းဘက် ဘဝ တွေကို မြင်ရတော့မှာပါ  ကျမကို ကူညီပါ ဆရာကြီး ပြောခဲ့သလို ကျမကို အမျှဝေပေးပါ ပြီးတော့ နောက်ဘဝမှာ အကို နဲ့ ကျမလပေါင်းဆုံနိုင်အောင် သစ္စာဆိုကြမယ်နော် “

    “စိတ်ချပါကဲ စိတ်ညစ်မနေတော့နဲ့ မိန်းခလေး မိုးလင်းဖို့ လိုသေးတယ် မဟုတ်လား ကျုပ်တို့ကို ရောက်တုန်းရောက်ခိုက် နေရာစုံအောင် လိုက်ပြပါဦး “

    “ဟုတ်ကဲ့ ကျမ လိုက်ပို့ပါမယ် “

    ဦးဖိုးဝေ၏ စကားကြောင့် မေနန်းသည် ကပွဲနေရာမှ ထွက်ပြီး အလင်းတိုင်များ စီတန်းကာ စိုက်ထားသော  လမ်းအတိုင်း ဦးဆောင်၍ သွားရာ နောက်မှဦးဖိုးဝေတို့သည်လည်း လိုက်ပါ၍ သွားပါလေတော့သည် ။

    ◾ဦးဖိုးဝေ နှင့် ဝေမာနိကသည်က ဤမျှသာ။
🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏

📝မောင်တင်ဆန်း