အောင်မြင်သောအရှုံး

တာပေါ့ဗျာ။

“အို . . . အားနာလိုက်တာမောင်လေးရယ်”

“ရပါတယ်၊ ကျွန်တော်လည်း အသံမပြုလိုက်မိလို့ပါ၊ ကျွန်တော်ဘာဝိုင်းကူပေးရအုံးမလဲ”

“နေပါစေ၊ ရပါတယ်၊ ကိုယ့်အိမ်ကိုလာလည်တဲ့သူကို ကျုပ်ဘယ်ခိုင်းရက်ပါ့မလဲ၊ အေးအေးဆေးဆေးသာနေ ငါ့မောင်ရေ”

“မဟုတ်တာပဲ မမနှင်းရယ်၊ ဧည့်သည်ဆိုပေမယ့်လည်း ကျုပ်ကတော့ အိမ်ဦးခန်းမှာ အခန့်သားထိုင်မစားချင်ဘူးဗျ၊ အိမ်ရှင်တွေကိုလည်း ကူညီပေးချင်သေးတာ”

ကျုပ်က မမနှင်းလို့ခေါ်လိုက်တော့ မနှင်းကြည်က ရှက်သွားသလိုလိုပဲဗျ၊ နောက်တော့ ခေါင်းညိတ်ပြီး

“ဒါဖြင့်ရင်လည်း ဟောဒီအမှိုက်လေးတွေ ကျုံးပြီး အိမ်နောက်ဖေးကို သွားစုထားပေးပါ မောင်လေးရယ်”

ကျုပ်လည်း အမှိုက်တွေချက်ခြင်းကောက်ကျုံးတာပေါ့ဗျာ၊ အမှိုက်ဆိုပေမယ့် သစ်ရွက်ခြောက်တွေပါ။ ကျုံးပြီးတော့ တောင်းအစုတ်တစ်လုံးထဲထည့်ပြီး အိမ်နောက်ဖေးက အမှိုက်ပုံကြီးထဲကိုသွန်ထည့်လိုက်တာပေါ့ဗျာ။ ကျုပ်သုံးလေးခေါက်ကျုံးပြီးတော့ အမှိုက်တွေရှင်းသွားပြီဗျ၊ ကျုပ်လက်ကို မမနှင်းက ရေလောင်းပြီးဆေးပေးတယ်၊ သူနဲ့ကျုပ်လည်း လေပေးဖြောင့်သွားတယ် ဆိုပါတော့ဗျာ။

လက်ဆေးပြီး အနားကိုကြည့်လိုက်တော့ ဦးဘသာတို့မရှိတော့ဘူးဗျ၊ ကျုပ်တို့တည်းခိုတဲ့ တဲကလေးထဲပြန်သွားပြီထင်တယ်၊ ကျုပ်လည်း လက်ဆေးပြီးလိုက်သွားတော့ ဦးဘသာက ကျုပ်ကိုကြည့်ပြီး ပြုံးတယ်ဗျ။

“အလတ်ကောင်ရာ မင်းတော့ အမှိုက်ကျုံးသမားဖြစ်သွားပြီပေါ့၊ ဟား . . ဟား”

“အို . . . ဦးဘသာကလည်း ကိုယ့်အိမ်ရှင်အလုပ်တွေကို ကူညီပေးရမှာပေါ့ မဟုတ်ဘူးလား”

“အေးပါကွာ၊ မင်းက အိမ်ရှင်ကိုကူညီချင်တာနည်းနည်း၊ အောင်ရှိန်သမီးကို ကူညီချင်တာက များများမဟုတ်လား”

ဦးဘသာပြောတော့ ကျုပ်လည်း ထိတ်လန့်သွားပြီး ဦးဘသာပါးစပ်ကို ပြေးပိတ်လိုက်တယ်ဗျ။

“ဘာတွေလျှောက်ပြောနေတာလဲ ဦးဘသာရာ၊ သူများအိမ်မှာတည်းပြီး သူများသမီးကိုကြံတာ မကောင်းပါဘူးဗျာ၊ တော်ကြာ တစ်ယောက်ယောက်ကြားသွားမှဖြင့် အားနာစရာကြီး”

“အောင်မယ်၊ ငါက မင်းအကြောင်းမသိတာမှတ်လို့”

(၂)

အဲဒီဒေသမှာ စကားပြောတာတွေကလည်း ထူးဆန်းတယ်ဗျ၊ ကျုပ်တို့နယ်က စကားပြောပုံကျတော့ တစ်မျိုး၊ သူတို့နယ်က စကားပြောပုံကျတော့လည်း တစ်မျိုးဗျ၊ ကျုပ်တို့ဘက်မှာ အလွန်ကို လွှတ်လို့သုံးတတ်ကြတယ်မလား၊ စားလို့အလွန်ကောင်းတယ်ဆိုရင် စားလို့လွှတ်ကောင်းတယ်လို့ ပြောကြတာလေ၊ သူတို့ဘက်မှာတော့ အလွန်ကို နင်းကန်လို့ ပြောတယ်၊ စားလို့အလွန်ကောင်းတယ်ဆိုရင် နင်းကန်ကောင်းတယ်ပေါ့ဗျာ၊ နင်းကန်ဆိုတဲ့စကားကို အလွန်ဆိုတာထက် အခြားနေရာတွေမှာလည်း သုံးတတ်ကြသေးတယ်။

လေသံကလည်း အပျော့ကလေးတွေသုံးတာဗျ၊ ကဲ ကျုပ်တို့ထမင်းစားတာကိုသာ ကြည့်တော့ဗျာ။

ဧည့်ဝတ်ကတော့ ဘာကျေသလဲမမေးပါနဲ့ဗျာ၊ ထမင်းဝိုင်းပြင်ထားတာ ဘုန်းကြီးဝိုင်းကျနေတာပဲ၊ ဟင်းတွေစုံလို့ဗျ။ အိမ်အပေါ်ထပ်က နေပူလို့ အိမ်အောက်ဆင်းပြီးပဲ စားကြတာပေါ့ဗျာ။ ကျုပ်တို့ထိုင်တဲ့ကွပ်ပျစ်ကြီးက ဆယ်ပေပတ်လည်လောက်ရှိတာဆိုတော့ အေးအေးဆေးဆေးပေါ့၊ အဲဒီအပေါ်မှာပဲ ထမင်းဝိုင်းပြင်ပြီး စားကြတာပေါ့။ မနှင်းကြည်က ထမင်းဝင်းကိုရောက်မလာဘူးဗျ၊ မခင်ကြည်ကတော့ ကျုပ်ဘေးမှာပဲ ထိုင်နေတယ်၊ သူကတော့ ထမင်းမစားပါဘူး၊ ကျုပ်တို့ထမင်းစားတာကို ဘေးကနေ ဧည့်ခံဖို့ပါ၊ သူ့ပေါင်ပေါ်မှာတော့ သူ့သား တွမ်တီးက ထိုင်နေတယ်ဗျ၊ ပြီးတော့ ဟင်းခွက်ထဲက ဟိုဟင်းနှိုက်စားလိုက် ဒီဟင်းနှိုက်စားလိုက်ပေါ့ဗျာ၊ အဘိုးဖြစ်သူကလည်း မြေးကလေးတစ်ဦးထဲရှိတာမို့လို့ အလိုလိုက်ထားပုံပဲ။

ကျုပ်ထမင်းပန်းကန်ထဲကို မခင်ကြည်က ဟင်းတွေခပ်ထည့်ပေးတယ်ဗျ။

“မောင်လေး စားနော် အားရပါးရစား နင်းကန်စား”

ကျုပ်လည်း ခေါင်းညိတ်လိုက်ပြီး ထမင်းပဲကုန်းစားတာပေါ့ဗျာ၊ ဟင်းကလည်း စုံပါတယ်။ ကြက်သား၊ ဝက်သားအစုံပဲ၊ အသားတွေကို မြို့တက်ဝယ်တယ်လို့တော့ပြောတယ်။

“မောင်လေး ကျာ့သားချည်းစားမနေနဲ့လေ ဝါ့သားလဲစားပါအုံး”

ကျုပ်ဖြင့်အံ့ဩသွားတာပဲ၊ နောက်တော့မှ သူတို့က အသံကိုခပ်ပေါ့ပေါ့ပြောတာဗျ၊ ကြက်သားကို ကျာ့(က်)၊ ဝက်သားကို ဝါ့(က်) အဲ့လိုပြောကြတာတဲ့။

“ထမားလိုရင်ထပ်ထည့်နော်၊ မောင်လေးက ထမားစားတာနည်းလိုက်တာ ဘာလဲ ဟားမကောင်းလို့လား”

ကျုပ်တို့နားနဲ့တော့ နားထောင်ရတာတစ်မျိုးကြီးပေါ့ဗျာ၊ နောက်တော့ ဦးဘသာကြီးကိုကြည့်ပြီး

“ဦးလေးကို အဖေပြောလို့ ကြားဖူးနေတာတော့ကြာပြီ၊ ခုတော့တွေ့ရပြီဆိုတော့ သမီးပိတ်ပျော်တယ်”

ပိတ်ဆိုတာ သိပ်နေရာမှာ အစားသုံးတာဗျ၊ ဒါ့အပြင် ကစောက်ကစက်ဆိုတာကလည်းရှိသေးတယ်၊ အရမ်းကောင်းတယ်ဆိုရင် ကစောက်ကစက်ကောင်းတယ်တဲ့ဗျာ။

ကျုပ်လည်း ထမင်းစားရတာသိပ်မမြိန်ပါဘူး၊ ဟင်းတွေက ကျုပ်တို့အညာချက်လို ခရမ်းချဉ်သီးတွေထည့်မချက်ကြဘူးလေ၊ ဒီတော့ စားရတာ အီတယ်လို့ ခံစားရတယ်၊ ကျုပ်တို့ဖက်တော့ ဘာဟင်းချက်ချက် ခရမ်းချဉ်သီးထည့်ချက်တာ၊ ဒီတော့ စားရတာချဉ်ပြုံးပြုံးလေး အအီပြေတာပေါ့။ ဒါပေမယ့် စားလို့ကောင်းတာတစ်ခုကတော့ မန်ကျည်းသီးထောင်းပဲဗျ၊ မန်ကျည်းသီးစိမ်းကိုမြေပဲကလေးနဲ့ထောင်းထားတာ တစ်မျိုးလေးစားကောင်းတယ်ဗျ၊ မန်ကျည်းသီးထောင်းလေးရှိလို့သာ ကျုပ်ထမင်းစားဝင်တာဗျို့၊ အဲဒီမန်ကျည်းသီးထောင်;က ကျုပ်တစ်ယောက်တည်းစားတာနဲ့ ကုန်လုနီးပါးပဲ။

“မန်ကျည်းသီးထောင်းက စားလို့ကောင်းလိုက်တာ၊ မခင်ကြည်လက်ရာထင်ပါ့”

မခင်ကြည်က ပြုံးသွားပြီးတော့

“အဲဒါအငယ်မလက်ရာလေ၊ သူက ဟင်းတော့သိပ်မချက်ဘူး၊ ဒါပေမယ့် ဟိုထောင်;ဒီထောင်း၊ ဟိုသနပ်၊ ဒီသနပ်လုပ်တာတော့ သိပ်ဝါသနာပါတာ”

ထမင်းစားပြီးတော့ ကျုပ်တို့ထိုင်နေတာပေါ့ဗျာ၊ ဦးအောင်ရှိန်ကတော့ ဧည့်သည်တစ်ယောက်ရောက်လာတော့ အိမ်ပေါ်ကိုတက်သွားတယ်၊ ဦးဘသာက ရေနွေးကြမ်းကို နှမ်းပျစ်နဲ့မြည်းတယ်၊ ကျုပ်ကလည်း တွမ်တီးဆိုတဲ့ကောင်လေးနဲ့ အဖော်ရနေတာပေါ့ဗျာ။

“ဒါနဲ့နေစမ်းပါအုံး မင်းကိုဘာလို့ တွမ်တီးလို့ခေါ်တာလဲ”

“ဒါတော့ ကျွန်တော်လည်းမသိဘူးဗျ၊ အမေ့မေးကြည့်ပေါ့”

“မဟုတ်မှလွဲရော၊ အင်္ဂလိပ်ဂဏန်း နှစ်ဆယ်ကို တွမ်တီးလို့ခေါ်တာကွ၊ အဲဒါကိုအစွဲပြုပြီး မင်းကိုအဲဒီနာမည် မှည့်တာဖြစ်မယ်”

တွမ်တီးက ခေါင်းကိုကုပ်ရင်း ကျုပ်ကိုကြည့်နေတယ်ဗျ၊ ဒီလောက်မျောက်ကျတဲ့ကောင်လေးကို ကျုပ်ကလည်း အမြင်ကပ်နေတာနဲ့ အတော်ပဲပေါ့ဗျာ၊ ဒါနဲ့ သူ့ကိုချိုးချိုးဖဲ့ဖဲ့ပြောချင်တဲ့စိတ်ပေါက်လာရော။

“မင်းနာမည်ကြီးက မစွံပါဘူးကွ၊ နှစ်ဆယ်ဆိုတော့ နည်းနည်းလေးကွ၊ ဒီတော့ မင်းနာမည်ကို အများကြီးဖြစ်သွားအောင် ငါလုပ်ပေးမယ်”

“အများကြီးက ကောင်းတာလား၊ ဒါဆိုရင်လည်း ဘယ်လိုခေါ်မလဲဗျာ”

“လွယ်ပါတယ်၊ မင်းနာမည်အရှေ့မှာ ဖိုးဆိုတာကိုထည့်လိုက်ကွာ၊ ဒီတော့ မင်းနာမည် ဖိုးတွမ်တီးပေါ့၊ ဖိုးတွမ်တီးဆိုတာ လေးရာ့နှစ်ဆယ်ကွ၊ မင်းရဲ့နှစ်ဆယ်ထက် ဆယ်ဆမက များတာပေါ့”

“ဖိုးတွမ်တီး . . . ဖိုးတွမ်တီး . . . ”

တွမ်တီးက ခေါင်းညိတ်ပြီး

“ဖိုးတွမ်တီးတဲ့၊ ခေါ်လို့ကောင်းသား၊ အမေတို့ကိုလည်း ပြောရအုံးမယ်၊ နောက်ဆိုကျုပ်ကိုတွမ်တီးလို့ မခေါ်နဲ့ ဖိုးတွမ်တီးလို့ပဲ ခေါ်ဆိုပြီးတော့ ဟီး . . ဟီး”

ကျုပ်ဂျင်းထည့်လိုက်တာကို ကလေးကလည်း ကြိုက်သွားပုံရတယ်ဗျ၊ အဲဒီအချိန်ကစလို့ ကျုပ်လည်း သူ့ကိုဖိုးတွမ်တီးလို့ပဲ ခေါ်တော့တာပဲ၊ ကျုပ်ပေးတဲ့နာမည်က ခေါ်လို့ကောင်းလို့ဖြစ်မယ်၊ နောက်တော့ အိမ်ကလူတွေရော ရွာကလူတွေပါ သူ့ကိုဖိုးတွမ်တီးလို့ခေါ်ရင်း အခုထိ ဖိုးတွမ်တီးလို့ အမည်တွင်သွားပါရောဗျာ။

(၃)

အဲဒီအချိန်မှာပဲ ခြံထဲကို လှည်းတစ်စီးဝင်လာတယ်ဗျ။ ကျုပ်တို့လည်း ငေးကြည့်နေတာပေါ့ဗျာ၊ လှည်းပေါ်ကနေ အသက်ကြီးကြီး မိန်းမကြီးတစ်ယောက်ဆင်းလာတယ်၊ အသက်ခြောက်ဆယ်နီးပါးတော့ ရှိပြီထင်တာပဲ၊ မပိန်မ၀နဲ့ ကြည့်ကောင်းကောင်းပဲဗျ၊ အသက်ခြောက်ဆယ်ဆိုတာကလည်း နောက်တော့မှ ဦးဘသာပြောလို့သိတာ၊ ကျုပ်ကြည့်နေတုန်းကဆို လေးဆယ်ကျော်၊ ငါးဆယ်နီးပါးလောက်ပဲထင်တာ၊ အရွယ်တင်တယ်၊ နုတယ်ပေါ့ဗျာ။

အဲဒီမိန်းမကြီးက ဆွဲခြင်းလေးကိုင်ပြီး လှည်းပေါ်ကဆင်းလာရင်း ကျုပ်တို့ကွပ်ပျစ်ကိုလှမ်းကြည့်ပြီးတော့ အတော်လန့်သွားတယ်ဗျ၊ သူ့လက်ထဲကိုင်ထားတဲ့ ဆွဲခြင်းတောင်းတောင်မှ မြေပေါ်ကိုပြုတ်ကျသွားသည်။

“ဟင် . . . အကို”

အဲဒီမိန်းမကြီးက ဦးဘသာကြီးကို တွေတွေကြီးငေးကြည့်ရင်း အကိုလို့ခေါ်လိုက်တာဗျ၊ ဦးဘသာကလည်း အဲဒီမိန်းမကြီးကို ပြန်ပြီးငေးကြည့်နေရင်း

“အကြည် . . .”

သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ငေးကြည့်နေတာ အတော်ကြာတယ်၊ ကျုပ်လည်း သူတို့ကိုကြည့်ပြီး အံ့ဩနေတာပေါ့၊ နောက်တော့ အကြည်ဆိုတဲ့မိန်းမကြီးက မျက်ရည်တွေဝဲလာပြီး သူ့လက်ဖမိုးနဲ့ မသိမသာခိုးသုတ်တယ်။ ဒီအချိန်မှာ မနှင်းကြည်က ပြေးထွက်လာတာပေါ့။

“ဟော၊ အမေတောင်ပြန်ရောက်လာပြီ”

မနှင်းကြည်က အဲဒီမိန်းမကြီးကို အမေလို့ခေါ်မှ အဲဒီမိန်းမကြီးက ဦးအောင်ရှိန်ရဲ့မိန်းမ၊ မအေးကြည်ဆိုတာကို ကျုပ်ရိပ်စားမိလိုက်တာဗျ။ ပြုတ်ကျနေတဲ့ဆွဲခြင်းကို မနှင်းကြည်က ဆွဲပြီး အိမ်ထဲဝင်သွားတော့ ဒေါ်အေးကြည်က ကျုပ်တို့ဆီကိုလမ်းလျှောက်လာတယ်၊ အဲဒီအချိန်အထိ ဦးဘသာကြီးက တွေတွေကြီးကြည့်နေတုန်းဗျ။

“အကို . . ဘယ်တုန်းကရောက်တာလဲ”

“မနေ . . . မနေ့ကရောက်တာအကြည်ရဲ့”

“ကြည့်စမ်းပါအုံးအကိုရယ်၊ အိုစာသွားလိုက်တာ . . .”

“တို့အသက်တွေလည်း မနည်းတော့ဘဲလေ အကြည်ရဲ့၊ ဒါနဲ့ အကြည်ကတော့ သိပ်မပြောင်းလဲဘူးနော်”

သူတို့နှစ်ယောက်က စကားသာပြောနေတာ နှစ်ယောက်စလုံး မျက်ရည်စမ်းစမ်းနဲ့ဗျ။ မျက်နှာတွေကတော့ ပြုံးနေတာပဲ။

“ဒါနဲ့ အကိုဒီမှာ ကြာအုံးမှာလား”

“အေးပေါ့၊ တစ်လလောက်တော့ နေမယ်လို့စိတ်ကူးတယ်အကြည်”

“ကောင်းတာပေါ့အကို၊ ရောက်တုန်းရောက်ခိုက် အေးအေးဆေးဆေးသာနေပါအကိုရယ်၊ လိုတာရှိရင် အကြည့်ကိုပြောနော်၊ အားမနာနဲ့”

ဦးအောင်ရှိန်က သူ့ဧည့်သည်နဲ့အိမ်ပေါ်ကဆင်းလာတယ်၊ သူ့ဧည့်သည်ကလည်း နှုတ်ဆက်ပြီးပြန်သွားတယ်ဗျ၊ နောက်တော့ ကျုပ်တို့ဆီကိုလျှောက်လာပြီး

“အော်၊ အေးကြည်တောင်ရောက်နေပြီပဲ”

ဦးအောင်ရှိန်က ပြောပြီး ဒေါ်အေးကြည်ပုခုံးကိုလက်တစ်ဖက်နဲ့ဖက်လိုက်တော့ ဦးဘသာမျက်နှာညိုးကျသွားပြီး ခေါင်းငိုက်စိုက်သွားတယ်၊ ဦးအောင်ရှိန်က ဒေါ်အေးကြည်ကိုကြည့်လိုက်ပြီး

“အဝေးကြီးပြန်လာရတာဆိုတော့ ပင်ပန်းနေမှာပေါ့အေးကြည်၊ နားလိုက်အုံး၊ နောက်တော့မှ ဘသာနဲ့ အေးအေးဆေးဆေးစကားပြောကြတာပေါ့”

ဒေါ်အေးကြည်ခေါင်းတစ်ချက်ညိတ်ပြီး ချာခနဲလှည့်ထွက်သွားတယ်၊ ဦးအောင်ရှိန်က ပြုံးနေပေမယ့် ဦးဘသာရုပ်က ထမင်းသုံးရက်လောက် မစားရသေးတဲ့ ခွေးအိုကြီးလို မှိုင်မှိုင်ကြီးဗျ၊ ဦးအောင်ရှိန်က ကွပ်ပျစ်မှာထိုင်လိုက်တော့ ဦးဘသာကြီးက မတ်တပ်ရပ်လိုက်တယ်။

“နေ့ခင်း တစ်ရေးတစ်မောလောက် နားအုံးမယ်အောင်ရှိန်ရာ၊ ခရီးပန်းလာတော့ တစ်ကိုယ်လုံးညောင်းချိနေသလိုပဲ”

အဲဒီလိုပြောပြီးတော့ ကွပ်ပျစ်ကနေထထွက်သွားတာဗျ၊ ကျုပ်လည်း သူတို့ကြားထဲ တစ်ခုခုရှိမှန်းသိလိုက်ရပြီလေ၊ ဒါနဲ့ပဲ ဦးဘသာအနောက်ကို ပြေးလိုက်ခဲ့တာပေါ့ဗျာ။

ကျုပ်တို့တည်းတဲ့ တဲကလေးက ထရံကာပြီး သက်ငယ်မိုးထားတာရယ်၊ နောက်ပြီး တမာပင်၊ မန်ကျည်းပင်ကြီးအောက်မှာ ရှိတာရယ်ကြောင့် ထင်သလောက်မပူပဲ အရိပ်ရပြီးအေးနေတာပေါ့ဗျာ။ ဦးဘသာကြီးက အိမ်ပေါ်ကိုရောက်ရောက်ချင်းမှာပဲ လှဲအိပ်လိုက်တယ်၊ ကျုပ်ကလည်း သူ့ဆီက မေးစရာရှိတာနဲ့ သူ့အနားကိုသွားပြီး သူ့ခြေထောက်တွေကို နှိပ်ပေးလိုက်တာပေါ့ဗျာ။

“ရပါတယ်အလတ်ကောင်ရာ၊ နှိပ်မနေစမ်းပါနဲ့”

“အိုဗျာ၊ ဦးဘသာကြီးပဲ ခရီးပန်းပြီး ညောင်းတယ်ဆိုဗျ၊ နှိပ်ပေးရမှာပေါ့”

ဦးဘသာက ကျုပ်ကိုမငြင်းလွှတ်တော့ပါဘူး၊ ကျုပ်လည်း သူ့ကိုနှိပ်နေရင်း သူ့အရိပ်အခြေကိုကြည့်တယ်၊ တဲပြတင်းပေါက်ကနေ အပြင်က ကောင်းကင်ကိုငေးကြည့်ပြီးမှိုင်တွေနေလေရဲ့။

“ဒါနဲ့ ဦးဘသာ၊ ကျုပ်တစ်ခုလောက်သိချင်လို့မေးမယ်နော်၊ ဦးဘသာနဲ့ ဒေါ်အေးကြည်နဲ့က အရင်ကတည်းက အသိတွေလား”

ဦးဘသာက တွေနေတယ်၊ နောက်တော့မှ ခေါင်းကိုအသာညိတ်ပြတယ်။

“သိရုံတင်ဘယ်ကမလဲကွ”

“သိရုံတင်မကဘူးဆိုတော့ မဟုတ်မှလွဲရော ချစ်များ ချစ်ခဲ့ကြတာလား”

ဦးဘသာက ဘာမှပြန်မဖြေတော့ဘူးဗျ။ ကျုပ်ကလည်း သိချင်သွားရင် မရတော့ဘူးလေဗျာ။

“လုပ်စမ်းပါ ဦးဘသာရဲ့ ကျုပ်သိချင်လို့ပါ”

ဒီတော့မှ ဦးဘသာက သူနဲ့ဒေါ်အေးကြည် အကြောင်းကို ပြောပြတာဗျ။

(၄)

ကျုပ်နာမည် သာဒင်၊ လူတွေခေါ်တာ ဘသာပေါ့ဗျာ။ ကျုပ်နဲ့ အောင်ရှိန်နဲ့ စစ်တပ်ထဲမှာ အတူတူတွေ့ခဲ့ကြပြီးတော့ စစ်သင်တန်းတွေအတူတက်ခဲ့ကြတယ်၊ ဒီလိုနဲ့ စစ်ကြီးဖြစ်လာပြီပေါ့ဗျာ။ စစ်ပွဲထဲမှာ အောင်ရှိန်နဲ့ကျုပ်နဲ့ အတူတူတိုက်ခဲ့ကြတာပေါ့၊ အောင်ရှိန်က ဖက်စစ်ဂျပန်ကို စွမ်းစွမ်းတမံတိုက်ခိုက်နိုင်ခဲ့လို့ ဆုတံဆိပ်တွေတောင်ရခဲ့ပါတယ်။

ဒါပေမယ့် တစ်ရက်တော့ အောင်ရှိန်ရဲ့မျက်နှာတင်းမာနေတယ်ဗျ၊ တပ်အနောက်ဖက်က သစ်ပင်ကြီးအောက်မှာသူက ကျုပ်ကိုစောင့်နေတယ်။

“ဟေ့ကောင်မျောက်ခေါင်း၊ မင်းဘာပြောချင်လို့လဲ”

ဒီအခါမှာပဲ အောင်ရှိန်က ကျုပ်ဖက်ကိုလှည့်ပြီးတော့ ကျုပ်မျက်နှာကိုလက်သီးနဲ့ထိုးချလိုက်တာပဲဗျာ၊ ကျုပ်လည်း အမှတ်တမဲ့ဆိုတော့ သူ့လက်သီးကိုမရှောင်နိုင်ဘဲ ထိသွားတာပေါ့။

“သူငယ်ချင်း၊ မျောက်ခေါင်း၊ မင်းဘာဖြစ်လို့လဲ”

“ဒီမှာပြောင်ရှင်း၊ ဒီကျည်ခွံလေးကိုကြည့်လိုက်စမ်း”

အောင်ရှိန်လက်ထဲမှာ ကျည်ဆန်အခွံကလေးတစ်ခုကို ဖြတ်ပြီးကိုင်ထားတာကိုတွေ့လိုက်တယ်ဗျ၊ ကျုပ်လည်း ဘာမှန်းသိသွားပြီလေ၊ စစ်ကြီးအစတုန်းက ကျုပ်ကအောင်ရှိန်အတွက် ကျည်လွဲစေတဲ့အစီအရင် စီရင်ပေးလိုက်တယ်၊ ကိုယ့်သူငယ်ချင်းအရင်းကြီးဆိုတော့ သူ့ကိုမသေစေချင်တာ အမှန်ပဲပေါ့၊ ဒါနဲ့ ကျည်ခွံအဟောင်းလေးတစ်ခုမှာ အစီအရင်တွေရေးဆွဲပြီးတော့ ကျည်ခွံကို စူးနဲ့ဖောက်ပြီး ပိုးချည်ကြိုးကလေးတပ်ပေးလိုက်တာပေါ့ဗျာ၊ အောင်ရှိန်က ကျုပ်ပေးတဲ့အမှတ်တရဆိုပြီး လည်ပင်းမှာဆွဲထားတော့ သူ့ကိုကျည်မထိဘူးဖြစ်နေတာပေါ့။

“ဒါမင်းလက်ချက်မဟုတ်လားပြောင်ရှင်း”

ကျုပ်လည်း ဝန်ခံလိုက်ရတော့တယ်။

“ဟုတ်ပါတယ်မျောက်ခေါင်းရာ”

“တောက်၊ ငါအရင်ကတည်းက မင်းအကြောင်းတွေကို ကြားနေခဲ့တာပဲ ပြောင်ရှင်း၊ မင်းက စုန်းတစ်ယောက်တဲ့၊ မင်းအမေက စုန်းမကြီးဆိုတဲ့ သတင်းတွေကြားပေမယ့် ငါကဘာပဲပြောပြောမင်းကိုယုံကြည်ခဲ့တယ်၊ အခုတော့ လက်ပူးလက်ကြပ်မိပြီ၊ ဟိုတစ်နေ့က ငါ့အောက်ကရဲဘော်တစ်ယောက်နဲ့ အထက်လမ်းဆရာဆီကိုသွားတော့မှ ဒီအဆောင်မှာ မင်းက သရဲထည့်ထားပြီးတော့ ကျည်မထိအောင်လုပ်ထားတယ်ဆိုတာ သိလိုက်ရတယ်ကွာ၊ တောက် . . .”

“ငါတမင်လုပ်တာမဟုတ်ပါဘူး မျောက်ခေါင်းရာ၊ စစ်ကြီးထဲမှာ ငါတို့နဲ့တိုက်ဖော်တိုက်ဖက်၊ ရဲဘော်ရဲဘက်တွေ ကျတဲ့လူကကျ၊ ခြေပြတ်လက်ပြတ်ဖြစ်တဲ့သူက ဖြစ်နဲ့ဆိုတော့ ငါကမင်းကို အဲဒီလိုမဖြစ်စေချင်လို့ လုပ်ပေးလိုက်တာပါကွာ”

“မင်းကွာ၊ တကယ်ဆိုရင် ငါ့ကိုပြောသင့်တယ်၊ အခုတော့ ငါရထားတဲ့ဆုတံဆိပ်ကိုတောင် ငါရွံလာပြီကွ၊ တကယ်တော့ ဒီဆုတံဆိပ်ရတာ ငါ့အစွမ်းကြောင့်မှမဟုတ်တာ၊ မင်းရဲ့အစီအရင်ကြောင့် ငါကျည်လွဲပြီးတော့ ရခဲ့တာမဟုတ်လား”

အောင်ရှိန်ကသူ့ရင်ဘတ်မှာ အမြတ်တနိုးချိတ်ထားလေ့ရှိတယ်၊ ကြယ်ပွင့်ပုံစံ ဆုတံဆိပ်ကလေးကို မြေကြီးကိုလွင့်ပစ်လိုက်တယ်၊ နောက်ပြီး ကျုပ်ရဲ့အစီအရင်ကလေးကိုလည်း ပစ်ချပြီး ခြေထောက်နဲ့နင်းတယ်ဗျာ။ ကျုပ်လည်း မှားမှန်းသိသွားပြီလေ။

“သူငယ်ချင်းရာ မင်းစိတ်ဆိုးနေမယ်မှန်း ငါသိပါတယ်”

“စိတ်ဆိုးရုံဘယ်ကမလဲကွ မင်းကိုစိတ်နာတယ်၊ အခုမင်းစုန်းမှန်းသိသွားတော့ မင်းကိုငါရွံတယ်ကွ”

အောင်ရှိန်ပြောလိုက်တဲ့စကားတွေက ကျုပ်ရင်ဘတ်ကိုလာမှန်တဲ့ မြှားတွေလိုပါပဲဗျာ၊ ကျုပ်အစီအရင်ကလေးလုပ်ပေးတာကို သူက ရွံသတဲ့၊ စိတ်နာသတဲ့လား။

“မင်းကွာ၊ ငါမှားတာကိုတောင်းပန်ပြီးပြီပဲ၊ နောက်ပြီးတော့ ဒီအစီအရင်က ဘယ်သူမှလည်းသိတာမှမဟုတ်တာ”

အောင်ရှိန်က ခေါင်းခါတယ်၊ နောက်ပြီးတော့ ကျုပ်ကိုလက်ညှိုးထိုးပြီး

“ငါမင်းကို ခင်ခဲ့တယ် သူငယ်ချင်း၊ ဒါပေမယ့် မင်းကစုန်းတစ်ယောက်ဆိုတာ ငါသိသွားတော့ မင်းကိုငါရွံသွားပြီ၊ ငါစုန်းတွေကို ဘယ်လောက်မုန်းသလဲဆိုတာ မင်းသိမှာပါ၊ ငါ့အမေက စုန်းတိုက်လို့သေသွားခဲ့တယ်၊ ငါ့အဖေကိုလည်း စုန်းကလုပ်လိုက်လို့ အောက်ပိုင်းသေသွားတာ မင်းအသိပဲ၊ တော်ပြီ၊ မင်းငါ့အရှေ့ကနေထွက်သွားစမ်းကွာ၊ မင်းမျက်နှာကို ငါထပ်ပြီးမမြင်ချင်တော့ဘူး”

ကျုပ်လည်း အောင်ရှိန်အရှေ့ကနေထွက်လာခဲ့ရတာပေါ့ဗျာ၊ ဒီလိုနဲ့ လေးနှစ်လောက်အတူတူတတွဲတွဲနေလာတဲ့ အောင်ရှိန်နဲ့ကျုပ်နဲ့ ဝေးခဲ့ကြတာပေါ့။

ဒါပေမယ့် မမျှော်လင့်ဘဲ စစ်ဆင်ရေးတစ်ခုမှာ သူနဲ့ကျုပ်နဲ့ပြန်ဆုံတယ်၊ အောင်ရှိန်က ကျုပ်ကိုတော့ မခေါ်မပြောပါဘူးဗျာ၊ အောင်ရှိန်တို့တပ်ဖွဲ့က တပ်ဦးကနေ တိုက်စစ်ဆင်တယ်၊ ကျုပ်စိတ်တွေလေးလံနေတယ်၊ အောင်ရှိန်တစ်ခုခုဖြစ်တော့မယ်ဆိုတာကို သိတယ်။ ဒါနဲ့ပဲ သူ့ကိုကျုပ်က မျက်ခြေမပြတ်ကြည့်နေတာပေါ့၊ တောင်ပေါ်ကိုချီတက်တဲ့အချိန်မှာ ရန်သူဘက်က လက်နက်ကြီးကျည်ဆန်က အောင်ရှိန်အနားကိုကျတယ်၊ အောင်ရှိန်တစ်ကိုယ်လုံး စုတ်ပြတ်သွားတာပေါ့၊ ရန်သူဘက်က ကျည်ဆန်တွေကလည်း မိုးရွာသလို ကျဆင်းနေပြန်ရော၊ ကျုပ်လည်း အောင်ရှိန်သေမှာစိုးတာနဲ့ အမြန်ပြေးတက်ခဲ့တာပေါ့၊ ကျုပ်စီမှာ အစီအရင်တွေရှိနေတော့ ကျည်မထိနိုင်ပါဘူး၊ နောက်တော့ အောင်ရှိန်ကိုအတင်းတက်ဆွဲရတာပေါ့။

“သူငယ်ချင်း မျောက်ခေါင်း”

“ပြောင် . . ပြောင်ရှင်း”

“မင်းမသေစေရဘူးမျောက်ခေါင်း၊ မင်းကိုငါကယ်မယ်”

ကျုပ်ဆောင်းထားတဲ့ ဦးထုပ်မှာ အစီအရင်တွေပါတယ်၊ ဒါနဲ့ပဲ အောင်ရှိန်ကို အဲဒီဦးထုပ်ကိုပေးဆောင်းလိုက်ပြီးတော့ သူ့ကိုတွဲပြီး တောင်ကုန်းပေါ်ကနေ ပြေးဆင်းခဲ့တာပေါ့၊ ကျည်ဆန်တွေဆိုတာ ကျုပ်အနားကနေ တဝီဝီနဲ့ဖြတ်သန်းသွားကြတာ၊ တောင်ကုန်းပေါ်ကနေ အဆင်း ကျုပ်ခါးစောင်းကို ကျည်တစ်ချက်ဖြတ်မှန်တယ်၊ ကျုပ်ဖြင့်ခွေကျသွားတာပဲ၊ ဒါပေမယ့် သူငယ်ချင်းအောင်ရှိန်အသက်ကလည်းရှိသေးတော့ အားတင်းပြီးဆက်ပြေးတာပေါ့၊ နောက်တစ်ခါ ကျည်က ပေါင်ကိုမှန်ပြန်တယ်၊ ကျုပ်လေးဘက်သွားရင်း အောင်ရှိန်ကိုဆက်ပြီးဆွဲလာတာပေါ့ဗျာ၊ နောက်ဆုံး အောင်ရှိန်ကို ခံတုပ်ကျင်းထဲကို ပစ်ထည့်လိုက်တဲ့အချိန်မှာပဲ ကျုပ်အနားကို လက်နက်ကြီးကျည်တစ်ချက်ကျလာတယ်၊ အဲဒီမှာ ကျုပ်လည်း နားတွေအူပြီး လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားတာပေါ့ဗျာ။

ကျုပ်နိုးလာတော့ မိန်းကလေးတစ်ယောက်က ကျုပ်ကိုငုံ့ကြည့်နေတယ်ဗျ၊ အသားဖြူဖြူ၊ မေးရိုးထင်းထင်းနဲ့ မိန်းကလေးတစ်ယောက်ပေါ့၊ သူ့မျက်လုံးလေးတွေက အရည်တွေလဲ့ပြီးတော့ ကြည်နေတာပဲဗျာ၊ ကျုပ်ဖြင့် သေပြီးတော့ နတ်ပြည်ရောက်သွားသလားလို့တောင် ထင်မိတာဗျ။

“ဟေ့ကောင် ပြောင်ရှင်း၊ မင်းနိုးလာပြီလား”

ကျုပ်ဘေးကနေ အောင်ရှိန်က ကျုပ်ကိုခေါ်တယ်၊ ကျုပ်ဒီတော့မှ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ဆေးရုံတစ်ခုဖြစ်နေတယ်၊ အဲဒီမိန်းကလေးက သူနာပြုထင်ပါရဲ့ဗျာ၊ ကျုပ်ကိုသွေးပေါင်ချိန်တွေ ဘာတွေတိုင်းပေးပြီးတော့ ထွက်သွားတယ်၊ ကျုပ်လည်း ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်လိုက်တော့ တစ်ကိုယ်လုံး ဒဏ်ရာတွေချည်းပဲဗျာ။

“မင်းမသေတာ တော်တော်ကံကောင်းတာပဲပြောင်ရှင်းရာ၊ မင်းတစ်ကိုယ်လုံး ဗုံးဆန်တွေချည်းဘဲ၊ တောက်တော်ခွဲယူရတယ်ပြောတယ်”

ဒီမှာပဲ ကျုပ်နဲ့အောင်ရှိန်ပြန်ပြီး ပြေလည်သွားတော့တယ်၊ ကျုပ်ဆေးရုံ တစ်လတက်ရတယ်၊ အဲဒီမှာပဲ ခုနက သူနာပြုဆရာမလေးကို ကျုပ်ရင်တွေခုန်နေမိတယ်၊ သူ့နာမည်က အေးကြည်တဲ့။ ကရင်စပ်တဲ့ ဗမာမလေးပေါ့ဗျာ။ အသားလေးက ဖြူဖြူဝင်းဝင်းကလေး၊ ကျုပ်ကိုဆေးလာထည့်ပေးတိုင်း၊ ပတ်တီးလာဖြေပေးတိုင်း ကျုပ်က သူ့ကိုပြီတီတီနဲ့နှုတ်ဆက်စကားပြောရင်း ကျုပ်တို့သံယောဇဉ်တွယ်ခဲ့တယ်ဆိုပါတော့ဗျာ၊ တစ်လကြာပြီး ကျုပ်ဆေးရုံဆင်းတော့ ကျုပ်မှာ အေးကြည်နဲ့ခွဲရပြီဆိုပြီး ငိုလိုက်ရတာဗျာ။

ဆေးရုံဆင်းပေမယ့် ဒဏ်ရာတွေက ရှိနေသေးလို့ ရှေ့တန်းမထွက်ဘဲ နောက်တန်းမှာပဲ နားနေရတာပေါ့ဗျာ၊ ဒါပေမယ့် ကျုပ်နဲ့အောင်ရှိန်က ဆေးရုံကိုအသွားမပျက်ပါဘူးဗျာ၊ ဘာလို့လဲဆိုတော့ ကျုပ်က မအေးကြည်ကို သိပ်တွေ့ချင်တာကိုးဗျ၊ မအေးကြည်ခွင့်ရတဲ့နေ့တွေဆိုရင် ကျုပ်တို့သုံးယောက် အတူတူလျှောက်လည်ကြတယ်၊ ရုပ်ရှင်ကြည့်တယ်၊ မုန့်ထွက်စားကြတယ်ပေါ့။

ဒီလိုနဲ့သုံးလလောက်ကြာပြီး တစ်နေ့တော့ အောင်ရှိန်က ကျုပ်နဲ့နှစ်ယောက်တည်းစကားပြောချင်တယ်ဆိုတာနဲ့ ကျုပ်တို့ တပ်အရှေ့က လက်ဖက်ရည်ဆိုင်မှာတွေ့ကြတာပေါ့။ အောင်ရှိန်မျက်နှာကြည့်ရတာ ပျော်နေသလိုပဲ ပြုံးဖြီးဖြီးကြီးဗျ။

“အမယ် မျောက်ခေါင်း၊ မင်းကြည့်ရတာ ပျော်နေတဲ့ပုံပဲ၊ ဘာလဲ မင်းကိုဆုတံဆိပ်တွေ ထပ်ပေးပြန်ပြီလား၊ ဒါမှမဟုတ် ရာထူးတိုးလို့လား”

ကျုပ်မေးလိုက်တော့ အောင်ရှိန်က ခေါင်းခါပြတယ်ဗျ။

“တစ်ခုမှမဟုတ်ဘူး၊ မင်းက ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းဆိုတော့ မင်းနဲ့ငါတိုင်ပင်ချင်လို့ခေါ်လိုက်တာ”

“ပြောလေကွာ၊ ဘာတိုင်ပင်မလို့လဲ”

ကျုပ်ကပြောရင်း အရှေ့မှာချထားတဲ့ လက်ဖက်ရည်ခွက်ကို ကောက်သောက်လိုက်တယ်၊ ဒီအချိန်မှာပဲ အောင်ရှိန်က

“ငါ မအေးကြည်ကို ချစ်နေမိပြီကွ”

ကျုပ်သောက်လက်စ လက်ဖက်ရည်ကိုတောင် မြိုမချနိုင်တော့ဘူးဗျာ၊ ဒါပေမယ့် အောင်ရှိန်မရိပ်မိအောင်တော့ စိတ်ကိုထိန်းရင်း ဟန်မပျက်ပြုံးလိုက်တာပေါ့။

“မင်းသူ့ကိုဖွင့်ပြောပြီးပြီလား . . .”

“ဟိုတစ်နေ့ကပဲ ငါသူ့ကိုဖွင့်ပြောပြီးပြီ”

ကျုပ်ရင်တွေ ဒိန်းခနဲခုန်သွားတယ်၊ ကျုပ်ချစ်နေတဲ့မအေးကြည်က အောင်ရှိန်ကိုများ အဖြေပေးလိုက်ပြီလား၊ အောင်ရှိန်နဲ့များ ချစ်သူတွေဖြစ်သွားကြပြီလားလို့ပေါ့။ ကျုပ်လက်ဖျားခြေဖျားတွေ အေးစက်လာတယ်။

“မင်း . . . မင်းကို အကြည်က ဘာပြန်ပြောသလဲ”

အောင်ရှိန်က သက်ပြင်းတစ်ချက်ချလိုက်တယ်၊

“ထုံးစံအတိုင်းပေါ့ကွာ၊ စဉ်းစားပါရစေအုံးတဲ့”

အောင်ရှိန်ဆီက အဲဒီစကားကြားလိုက်တော့မှ ကျုပ်လည်း သက်ပြင်းချနိုင်တယ်၊ ကျုပ်စိတ်ထဲလည်း ဝမ်းသာသွားမိတယ်၊ မအေးကြည်က အောင်ရှိန်ကိုအဖြေမပေးသေးဘူးဆိုတော့ ကျုပ်အတွက် အခွင့်အရေးရှိသေးတာပေါ့ဗျာ။

အဲဒီညပဲ ကျုပ်စဉ်းစားခန်းဖွင့်မိတယ်၊ မအေးကြည်ကို ကျုပ်ဖွင့်ပြောသင့်၊ မသင့်ပေါ့၊ တကယ်တော့ မအေးကြည်က အောင်ရှိန်ထက် ကျုပ်ကိုမျက်နှာသာပိုပေးမှန်းကျုပ်သိတယ်၊ ကျုပ်သာဖွင့်ပြောလိုက်ရင် မအေးကြည် ချက်ချင်းမဟုတ်ရင်တောင် ကျုပ်ကိုပြန်ပြီးအဖြေပေးမှာသေချာတယ်၊ ကျုပ်ပျော်နေရင်း မအေးကြည်နဲ့ တစ်အိုးတစ်အိမ်ထူထောင်ဖို့အထိ တွေးမိသွားတယ်၊ ဒီအချိန်မှာပဲ ကျုပ်အမေရဲ့စကားတွေက နားထဲကိုရောက်လာပြန်တယ်။

“ငါ့သား၊ ကြီးလာရင် မိန်းမယူနော်၊ အိမ်ထောင်ပြု၊ ပြီးတော့ သားသမီးတွေမွေး”

“ဟာ၊ အမေကလည်း ဘယ်လိုကြီးလဲ”

“ဟုတ်တယ်၊ ငါ့ရဲ့ပညာစက်တွေ၊ ဘူးတွေအကုန်လုံးကို နင်hကိုပေးခဲ့မှာ၊ ဒါပေမယ့် နင်က အဲဒီပညာစက်အစွမ်းတွေအကုန်လုံးကို အကုန်အသုံးချလို့ရမှာမဟုတ်ဘူး၊ စုန်းမျိုးဆိုတာ တစ်ဆက်ကျော်တယ်တဲ့၊ ဒီတော့ နင်သားသမီးမွေးရင် ငါ့ပညာတွေအကုန် နင့်သားသမီးကို နင်ပေးရမယ်၊ နင့်သားသမီးက ငါ့ပညာဆက်တွေရရင် နင့်ထက်စွမ်းပြီး ငါ့လောက်နီးနီးအစွမ်းထက်လိမ့်မယ်ဟဲ့၊ ဒီတော့မှ စုန်းမဒေါ်ပျင်းကြီးရဲ့မြေး ဘယ်လောက်စွမ်းတယ်ဆိုတာ လူတွေသိကြပါစေ”

“တော်ပါတော့အမေရာ၊ ကျုပ်တို့အခုတောင်မှ ရွာကလူတွေက မခေါ်ချင်၊ မပြောချင်နဲ့၊ အမေ့ကိုစုန်းမဆိုပြီး လူတွေက ကျဉ်ထားတာမဟုတ်လား၊ ကျုပ်တော့ အဲဒီလိုကြီး တစ်သက်လုံးမနေနိုင်ဘူးဗျာ”

“ဟဲ့သား၊ ပညာတတ်တဲ့လူက သူ့ပညာနဲ့အသက်မွေးတာထုံးစံပဲ၊ ဆေးပညာတတ်တဲ့လူက ဆေးကုစားမှာပဲ၊ လက်သမားပညာတတ်တဲ့လူက လက်သမားလုပ်မှာပဲ၊ ငါတို့လဲ အခုစုန်းပညာတွေတတ်နေတာ၊ ငါ့သားလည်း စုန်းပဲလုပ်စားစမ်;ပါ၊ သာမန်လူတွေကို ပင်ပင်ပန်းပန်း လုပ်စားမနေနဲ့၊ စုန်းဆိုတာ အိမ်ထဲထိုင်ပြီး သူများကိုထိုင်ပြုစားနေရုံနဲ့ ရွှေဖြစ်ငွေဖြစ်တယ်သားရဲ့”

အမေ့စကားတွေကြားပြီး ကျုပ်သိပ်ကြောက်သွားမိတယ်၊ အခုလည်း မအေးကြည်နဲ့ လက်တွဲဖို့တွေးရင်း ကျုပ်တဖြည်းဖြည်းကြောက်လာတယ်၊ မအေးကြည်နဲ့ ကျုပ်နဲ့ညားရင် သေချာပေါက် ကလေးမွေးကြမှာပဲ၊ မိန်းကလေးဆိုတာ အိမ်ထောင်ကျပြိးရင် သားသမီးတော့ လိုချင်ကြတာပဲမဟုတ်လား။ တကယ်လို့ သူသာကလေးမွေးရင် ကျုပ်ဝမ်းတွင်းထဲကို ထည့်ပေးခဲ့တဲ့ အမေ့ရဲ့ပညာစက်တွေ၊ ဘူးတွေကို ကျုပ်လက်ဆင့်ကမ်းရလိမ့်မယ်၊ အဲဒီလိုလက်ဆင့်ကမ်းလို့ ကျုပ်သားသမီးက စုန်းတစ်ယောက်ဖြစ်သွားတဲ့အခါ ပတ်ဝန်းကျင်က ဝိုင်းပြီးဖယ်ကျဉ်တာကို သူခံစားနိုင်ပါ့မလား၊ လူတောမတိုးတဲ့အဖြစ်နဲ့ တစ်သက်လုံးနေသွားနိုင်ပါ့မလား။

ဒီလိုဆိုရင် ကျုပ်က ကျုပ်သားသမီးတွေကိုရော မအေးကြည်ကိုပါ ခယောင်းတောထဲ ဆွဲသွင်းသလိုဖြစ်သွားမယ်မဟုတ်လား၊ ကျုပ်က သူတို့ကိုချစ်တယ်ဆိုပေမယ့် သူတို့အတွက်တော့ နှစ်သလိုများဖြစ်သွားမလား။

မေးခွန်းပေါင်းများစွာနဲ့ ကျုပ်တွေးနေမိတယ်၊ ကျုပ်ရင်ထဲက ဆစ်ခနဲနာကျင်နေရတယ်၊ တစ်ညလုံးစဉ်းစားရင်း မနက်မိုးသောက်ခါနီးမှာ ကျုပ်အဖြေတစ်ခုကိုရလိုက်တယ်။

ဒီလိုနဲ့ သုံးရက်လောက်ကြာတော့ မအေးကြည်က ကျုပ်ကိုစာတစ်စောင်ပေးတယ်၊ ညနေငါးနာရီလောက် ဆေးရုံအနောက်ဘက်အပေါက်ကို တစ်ယောက်တည်းလာခဲ့ပါလို့ ရေးထားတာပေါ့၊ ကျုပ်လည်း သူချိန်းထားတဲ့အတိုင်း ရောက်သွားမိတယ်။ ဟိုရောက်တော့ မအေးကြည်က မျက်နှာသိပ်မကောင်းဘူးဖြစ်နေတယ်။

“အကို၊ အေးကြည်အရေးကြီးတာ ပြောစရာရှိတယ်”

“ပြောလေ အကြည်”

“ကိုအောင်ရှိန်က ကျွန်မကိုချစ်တယ်ဆိုပြီးဖွင့်ပြောလာတယ်၊ ကျွန်မသာ သူ့ကိုပြန်ပြီး အဖြေပေးမယ်ဆိုရင် ခြောက်လအတွင်း ကျွန်မကိုတောင်းရမ်းပြီး လက်ထပ်ယူမယ်တဲ့”

မအေးကြည်စကားတွေက ကျုပ်နားထဲကို သံရည်ပူတွေလောင်းချလိုက်သလိုပဲဗျာ၊ ကျုပ်ရင်ထဲ ဆို့နင့်ပြီး တစ်မျိုးကြီးဖြစ်လာခဲ့တာ၊ ဒီအကြောင်းကို အောင်ရှိန်ပြောလို့ ကျုပ်သိခဲ့ပြီးပြီဆိုပေမယ့် တကယ်တမ်းမအေးကြည်ပြောတော့ ကျုပ်ဖြင့် ရင်ဘတ်တွေအောင့်လွန်းလို့ ရင်ဘတ်ကိုလက်နဲ့တောင်ဖိထားလိုက်ရတယ်။ မအေးကြည်က ကျုပ်အဖြစ်ကိုရိပ်မိတဲ့ပုံပဲ။

“အဲဒါ အကို့ကို အေးကြည်က ပွင့်ပွင့်လင်းလင်းဖွင့်ပြောတာ”

“အကြည့်သဘောကရော ဘယ်လိုလဲ အောင်ရှိန်ကိုချစ်ရဲ့လား”

မိန်းကလေးတစ်ယောက်ကို ကျုပ်က ဒဲ့တိုးမေးလိုက်တော့ အေးကြည်က ရှက်ပြီးခေါင်းငုံ့သွားတယ်။

“တကယ်လို့ အကိုသာဒီစကားကိုအရင်ပြောတယ်ဆိုရင် အကို့ကို အေးကြည် . . .”

ကျုပ်သိလိုက်ပြီ၊ အေးကြည်ရဲ့စိတ်ကို ကျုပ်သိလိုက်ပါပြီ၊ တကယ်တော့ လူပျိုအပျိုချင်းပဲဗျာ၊ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမျိုးလဲဆိုတာ ပေါင်းသင်းကြည့်ရင် သိတာပေါ့၊ ကျုပ်အေးကြည်ကို ချစ်လို့ ရစ်ဝဲနေတယ်ဆိုတာ အေးကြည်လည်း ရိပ်စားမိလောက်မှာပါ။ ဒါပေမယ့် ကျုပ်ကဆုံးဖြတ်ပြီးသားပဲလေ။

“အကြည်ဘယ်လိုပြောလိုက်တာလဲ၊ အကိုက အကြည့်ကို ညီမလေးအရင်းတစ်ယောက်လို ဖြူဖြူစင်စင်နဲ့ ခင်မင်ခဲ့တာ၊ အကြည့်အပေါ် အကိုဘာစိတ်မှမရှိဘူး . . .”

ကျုပ်ပြောနေပေမယ့် အသံတွေတုန်နေတယ်၊ မအေးကြည်က ကျုပ်ကိုမော့ကြည့်ရင်း

“တကယ်ပြောတာလားအကို၊ အကို့မှာ တကယ်ပဲ အကြည့်အပေါ် ဘာစိတ်မှမရှိဘူးလား”

“အကိုလိမ်မပြောဘူးအကြည်၊ အကြည့်အပေါ် အကိုက ညီမလေးလိုပဲ ဖြူဖြူစင်စင်နဲ့ ချစ်ခဲ့တာအပြင် တခြားအပိုမရှိဘူး”

မအေးကြည်ခေါင်းငိုက်စိုက်ကျသွားတယ်၊ သူ့ပါးပေါ်စီးကျလာတဲ့ မျက်ရည်တွေကို လက်ဖမိုးလေးနဲ့ ခိုးသုတ်တယ်၊ ကျုပ်လည်း ရင်ထဲမှာ ဗလောင်ဆူနေတာပဲ၊ ဒါပေမယ့် ကျုပ်မျက်နှာကိုတော့ မအေးကြည်မသိအောင် ဟန်ဆောင်ထားတယ်၊ မအေးကြည်ကို ကျုပ်တကယ်ချစ်တယ်ဆိုရင် ကျုပ်သူ့ကို စွန့်လွှတ်မှဖြစ်မယ်၊ ကျုပ်နဲ့ ချစ်ကြိုက်ပေါင်းသင်းပြီး မကောင်းတဲ့ဘ၀ကြီးထဲကို မအေးကြည်ကိုဆွဲမထည့်ချင်ဘူး။ နောက်ပြီး ကျုပ်တို့သားစဉ်မြေးဆက်တွေကို စုန်းဆိုတဲ့ ပညာရပ်ကြီးကို လက်ဆင့်ကမ်းပြီး လူတကာမကြိုက်ဘဲ နှာခေါင်းရှုံ့ကြတဲ့လူအဖြစ် အမွေမပေးလိုက်ချင်ဘူး။

မအေးကြည်ကတော့ ကျုပ်ကိုချစ်ကြိုက်နေတာသေချာပါတယ်၊ ဒါကြောင့် သူလည်းခံစားနေရတာဖြစ်မှာပါ၊ စကားတစ်လုံးမှမပြောဘဲ မျက်ရည်တွေချည်း ကျနေတော့တယ်။ ကျုပ်က မအေးကြည်ပုခုံးကို လက်နဲ့ပုတ်လိုက်တယ်။

“အကြည်၊ အောင်ရှိန်က ယောက်ျားကောင်းတစ်ယောက်ပါ၊ သူက အကြည့်ကို တကယ်အချစ်စစ်နဲ့ မြတ်မြတ်နိုးနိုးချစ်နေတယ်ဆိုတာ အကိုယုံတယ်၊ ဒီတော့ အကြည်လည်း အိမ်ထောင်ပြုဖို့စိတ်ကူးရှိတယ်ဆိုရင် အောင်ရှိန်လိုလူမျိုးကို စဉ်းစားသင့်ပါတယ်”

ကျုပ်အဲဒီလိုပြောလိုက်တော့ မအေးကြည်က ကျုပ်လက်ကိုပုတ်ချတယ်၊ နောက်တော့ ကျုပ်မျက်နှာကိုသေသေချာချာမော့ကြည့်ပြီးတော့

“အကိုတကယ်ပြောတာနော်၊ အကို့မှာ ဘာနောင်တမှ မရှိဘူးပေါ့နော်”

ကျုပ်လည်း ပါးစပ်က စကားမထွက်တော့ဘူးဗျာ။ ဒါနဲ့ပဲ အပြုံးတုနဲ့ပြုံးရင်း မအေးကြည်ကို ခေါင်းပဲခါပြလိုက်တယ်။ မအေးကြည်က သူ့မျက်နှာကိုလက်နဲ့အုပ်ပြီးတော့ ဆေးရုံဘက်ကို ပြေးထွက်သွားတော့တယ်၊ ကျုပ်လည်း မအေးကြည်နောက်ကျောကိုကြည့်နေရင်း ပြုံးနေမိတယ်၊ နောက်တော့ ပြုံးနေလျက်သား မျက်ရည်တွေစီးကျလာတယ်၊ ကျုပ်ပြုံးတာက ပျော်လို့ပြုံးတာပါ၊ မအေးကြည် တစ်ယောက် ကျုပ်ကိုစိတ်နာသွားလေလေ၊ ကျုပ်က ကြိုက်လေလေပဲ၊ ဒါမှာ သူနဲ့အောင်ရှိန်နဲ့ အေးချမ်းတဲ့ဘ၀တစ်ခုကို ဖြတ်သန်းနိုင်မှာမဟုတ်လား။ ကျုပ်ကျတဲ့မျက်ရည်ကတော့ အရှုံးအတွက်ပေါ့ဗျာ၊ ကိုယ့်ချစ်သူကို ချစ်တယ်လို့ပြောမထွက်တာ ကျုပ်ရှုံးတာပဲမဟုတ်လား။

“သွားတော့အကြည်၊ အချစ်စစ်ဆိုတာ ပေးဆပ်ခြင်း၊ စွန့်လွှတ်ခြင်းတဲ့၊ အကိုကတော့ အကြည်ကောင်းစားဖို့အတွက် အကြည့်ကိုစွန့်လွှတ်လိုက်ပါတယ်၊ ဒီအတွက် အကိုဘာနောင်တမှမရဘူး”

ကျုပ်စိတ်ထဲကနေပြောနေမိတယ်။

(၅)

ဦးဘသာကြီးက သူ့အကြောင်းတွေပြောရင်း မျက်ရည်တွေစီးကျနေတာဗျ၊ ဦးဘသာ ဒီလောက်မျက်ရည်ကျတာ ကျုပ်တစ်သက်နဲ့တစ်ကိုယ် အခုမှမြင်ဖူးတာ၊ ဒါပေါ့ဗျာ၊ အချစ်ဦးဆိုတော့လည်း ဘယ်မေ့နိုင်ပါ့မလဲ၊ နောက်ပြီးပိုဆိုးတာက နှစ်ယောက်စလုံးက တိတ်တခိုးချစ်ခဲ့ကြတာမဟုတ်လား၊ ကျုပ်လည်း ဦးဘသာရဲ့ အချစ်အကြောင်းကိုနားထောင်မိပြီး ရင်ထဲမကောင်းဘူးဖြစ်သွားတယ်၊ ဦးဘသာကြီးကို သနားသလို လေးလည်းလေးစားမိတယ်။

သူ့သားသမီးကိုတောင် စုန်းအဖြစ်အမွေမပေးလိုက်ချင်လို့ အချစ်ဆုံးလူကိုတောင် စွန့်လွှတ်ခဲ့တာပဲဗျာ၊ ကျုပ်က သူ့ဆီက ပညာလိုချင်လို့တောင်းတာကို မသင်ပေးဘူးဆိုတဲ့အကြောင်းကို ကျုပ်အခုမှနားလည်သွားတယ်ဗျ။

“ဒါဆို အဲဒီအကြည် . . . အဲ ဒေါ်အေးကြည်က ဦးအောင်ရှိန်နဲ့ ညားသွားတာပေါ့နော်၊ ဦးဘသာ”

“မင်းကွာ၊ ညားသွားလို့ပဲ အခုကလေးနှစ်ယောက်တောင် ရနေပြီမဟုတ်လား”

“အခုပြန်တွေ့တော့ ဦးဘသာကြီး ဘယ်လိုနေသလဲ၊ အမှန်အတိုင်းပြောဗျာ၊ ကျုပ်ကိုမညာနဲ့”

ကျုပ်ကလည်း ဦးဘသာကြီးကို တမင်ကလိပေးလိုက်တာဗျ၊ ဟဲဟဲ ဟိုကအချစ်ဦးနဲ့တွေ့လို့ လွမ်းနေပါတယ်ဆိုမှ ကျုပ်က တို့မီးရှို့မီးလုပ်ပေးလိုက်တာပေါ့၊ ဦးဘသာကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။

“နှစ်တွေကြာသွားပြီလေအလတ်ကောင်ရာ၊ လောလောလတ်လတ်ချစ်နေကြိုက်နေတဲ့အချိန်မှာတောင် ငါက ယတိပြတ်စွန့်လွှတ်နိုင်ခဲ့သေးတာ၊ အခုအချိန်မှာတော့ ဘာမှမခံစားရတော့ဘူး”

တကယ်တော့ ဦးဘသာညာနေမှန်း ကျုပ်သိပါတယ်၊ ဘာမှ မခံစားရဘူးဆိုတဲ့သူက မျက်ရည်ကျမလားဗျ။

“အကြည့်ကို စွန့်လွှတ်လိုက်ရလို့ ငါနောင်တမရခဲ့ဘူးအလတ်ကောင်၊ တကယ်တော့ မင်းတို့အမြင်မှာ ငါရှုံးခဲ့တယ်ဆိုပေမယ့် တကယ်တမ်းကျတော့ ငါကအောင်မြင်ခဲ့တာ၊ ငါက နိုင်ခဲ့တာကွ၊ ငါ့ဘ၀အတွက် ငါ့မျိုးဆက်အတွက် ငါအောင်မြင်ခဲ့တယ်၊ နောက်ပြီး အကြည့်အတွက်လဲ အောင်မြင်ခဲ့တယ်၊ သူငါနဲ့မရဘဲ အောင်ရှိန်နဲ့ရလို့သာ အခုလိုအေးအေးဆေးဆေးနေနိုင်တာမဟုတ်လား”

ကျုပ်လည်း ဘာမှမပြောတော့ဘဲ ခေါင်းညိတ်လိုက်တော့တယ်။

“ဒါပေမယ့် အခုတော့ ငါ့အရှုံးကိုပြန်ဆယ်ပေးမယ့် မင်းရှိနေပြီလေကွာ”

“ဗျာ၊ ကျုပ် . . ကျုပ်က . . .”

“ဟား၊ ဟား ငါကအကြည်ကိုမရခဲ့ပေမယ့် မင်းကတော့ သူ့သမီး နှင်းကြည်ကို ကြိုးစားလို့ရနိုင်ပါသေးတယ်”

“ဟာဗျာ၊ မဟုတ်တာတွေပြောမနေပါနဲ့ဆို”

“ဟား၊ ဟား အလတ်ကောင်ရာ ငါလည်းငယ်ရာကနေကြီးလာတာပါကွ၊ ကြိုးစားစမ်းကွာ၊ အောင်ရှိန်ရဲ့သားမက်ဖြစ်ဖို့ ကြိုးစားစမ်းဟေ့”

ကျုပ်လည်း ခေါင်းကုပ်ရင်း ပြုံးဖြီးဖြီးကြီးလုပ်နေလိုက်တော့တယ်ဗျာ။ လေအဝေ့မှာ အိမ်ရှေ့က တမာပန်းရနံ့ကလေးကလည်း သင်းလို့ဗျ။

ပြီးပါပြီ။
အဂ္ဂဇော်