စေတီဟောင်းမှဥစ္စာစောင့်

ပူကြနဲ့”

“ကျေးဇူးတင်ပါတယ်အမေကြီးရယ်…
ဒါဆိုရင်ကျွန်မပြန်ပါဦးမယ်…”

“အေး…အေး…အေး…”

မိန်းကလေးက ဘွားမယ်စိန်ကိုနှုတ်ဆက်ပြီး
ပြန်သွားခဲ့သည်။
ဘွားမယ်စိန်ကထိုမိန်းကလေး၏ကျောပြင်ကိုငေးကြည့်ရင်း
ကွပ်ပျစ်ခင်း၌ထိုင်မြဲအတိုင်းထိုင်နေလေသည်။

နောက်တစ်နေ့နံနက်ခင်း၌…

“အမေ…ဒီမှာကောက်ညှင်းပေါင်းလေးနဲ့
ပဲကြော်လေး နံနက်စာပြင်ပေးထားတယ်”

“အေး…အေး…အေး…”

ဘွားမယ်စိန်က ကွပ်ပျစ်ခင်း၌တည်ခင်းပေးထားသော
ဒေါ်ဝင်းပြင်ဆင်ပေးထားသည့် နံနက်စာကို
မစားဖြစ်သေးဘဲ အတွေးများနေခဲ့ပေသည်။
သူ၏အတွေးသည် ညကအိမ်မက်အတွင်းလာရောက်သွားသော
ဥစ္စာစောင့်မလေး၏အကြောင်းပင်။

“အမေ…စားတော့လေ…
ကျုပ်ငှဲ့ပေးထားတဲ့ရေနွေးကြမ်းတွေတောင်အေးကုန်ပြီ
အမေရဲ့…”

ဒေါ်ဝင်းကသတိပေးလေတော့မှ…

“အေးပါမိဝင်းရယ်…
စားမှာပါဟဲ့…”

ဟု…ဘွားမယ်စိန်ကပြန်ကာပြောသည်။
ကောက်ညှင်းပေါင်းနဲ့အကြော်ကိုရော၍စားရင်း
အကြမ်းရည်လေးကိုသောက်၏။
စားလို့ပြီးချိန်၌…

“ဒီနေ့ညည်းရွာထဲသွားဦးမှာလား”

ဟု…အနီး၌ထိုင်ကာ ကန်စွန်းရွက်ခြွေနေသော
ဒေါ်ဝင်းကိုမေးလိုက်ပြန်သည်။

“အမေက ကျုပ်ကိုဘာခိုင်းချင်လို့လဲ”

“ညည်းရွာထဲသွားဖြစ်ရင်…ညည်းတူမောင်တိုးတို့ကို
အိမ်လာခဲ့ကြဖို့ခေါ်ခိုင်းမလို့လေ…”

“ဒါများအမေရယ်…
ခါတိုင်းလည်းမကြုံရင်တောင်သွားခေါ်နေတာပဲ…
ကျုပ်သွားခေါ်ပေးပါ့မယ်….
ဒါနဲ့ခရီးထွက်ဖို့ရှိလို့လားအမေ”

“အေး…ရှိတယ်လို့ပြောရမှာပေါ့…”

“ဒါဖြင့်…ကျုပ်ထမင်းအိုးချပြီးတာနဲ့
သွားခေါ်ပေးမယ်အမေ…”

“အေး…အေး…အေး…”

ဘွားမယ်စိန်သည် ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို
မီးတို့လိုက်ပြီး အငွေ့များတဖွားဖွားထွက်သည်အထိ
ဖွာရှိုက်လိုက်တော့သည်။
ပြီးနောက် မည်သည့်စကားမှဆက်မပြောတော့ဘဲ
သူ့အတွေးဖြင့်သူနေရှာ၏။
ဒေါ်ဝင်းသည်လည်းကန်စွန်းရွက်များထည့်ထားသော
စကောကိုယူ၍ မီးဖိုထဲသို့ဝင်သွားတော့သည်။
နန်းကြိုင်လေးသည်က အိပ်ရာနိုးလာ၍
အိမ်အပေါ်ထပ်မှဆင်းလာပြီး မျက်နှာသစ်ဖို့ပြင်ဆင်နေခဲ့သည်။

“အမေ…”

“ဟေ…”

“သမီးဗိုက်ဆာပြီ…”

“ဗိုက်ဆာရင်လာလေ…
မျက်နှာကိုတဘက်နဲ့သေချာသုတ်ဦး…
ပြီးရင်မီးဖိုထဲလာခဲ့…”

“ဟုတ်…”

မျက်နှာကိုတဘက်ဖြင့်သုတ်ပြီးသည်နှင့်
နန်းကြိုင်လည်းမီးဖိုထဲဝင်သွားတော့သည်။
မီးဖိုထဲရှိသစ်သားစားပွဲဝိုင်းလေးပေါ်တွင်တင်ထားသော
ကောက်ညှင်းပေါင်းနဲအကြော်ပန်းကန်ကိုမြင်တော့…

“အမေ…ဘွားက စားပြီးပြီလား”

“ညည်းဘွားက အခုလေးတင် စားပြီးပြီ…
အဲ့တာသမီးဖို့…စားစား”

“အမေရော…စားပြီးပြီလား”

“အမေက စားပြီးတာကြာပေါ့…
ဒါနဲ့သမီးကိုမှာထားရဦးမယ်…
ညည်းဘွားနားကိုမသွားနဲ့ဦးနော်…
ညည်းဘွားကိုကြည့်ရတာ
အတွေးတွေများနေပုံရတယ်သမီးရဲ့…
ဒါ့ကြောင့်ကိုယ့်ဘာသာနေနော်….
တော်နေငါ့သမီးကိုအဆူခံထိမှာစိုးတယ်”

“ဟုတ်ကဲ့အမေ”

နန်းကြိုင်လေးက ​ကောက်ညှင်းပေါင်းနဲ့
အကြော်များကိုပလုတ်ပလောင်းစားရင်း​​ဖြေသည်။

ထမင်းအိုးချပြီးသည်နှင့်ဒေါ်ဝင်းက
နန်း​ကြိုင်လေးကိုခေါ်ကာ မောင်တိုးတို့အိမ်ဆီကို
ထွက်လာခဲ့၏။

“ဟဲ့…မောင်တိုး…”

ပုဆိုးကိုတိုတိုဝတ်ကာ
ခြံဝိုင်းထဲ၌တံမြက်စည်းလှည်းနေသောမောင်တိုးကို
ဒေါ်ဝင်းလှမ်းခေါ်လို​က်သည်။

“အရီး…ဘယ်တုန်း…
ဟိုကလေးမ မျက်နှာမသစ်ဘဲလိုက်လာပြန်တာလား”

“ဘယ်မှမဟုတ်ဘူးဟေ့…
နင့်ဆီကိုလာခဲ့တာ…”

“ဗျာ…ကျုပ်ဆီကို…”

“အေး…နင့်အဘွားကနင်တို့ကို
အိမ်ကိုလာခဲ့ကြဦးလို့ ပြောခိုင်းလိုက်လို့ဟဲ့…”

“သြော်…ဟုတ်ပြီအရီး…ကျုပ်ရေမိုးချိုးပြီးတာနဲ့
ကိုကြီးအုန်းကိုခေါ်ပြီးလာခဲ့မယ်လေ”

“အေး…အေး…ဒါဆိုရင်ငါတို့ပြန်တော့မယ်…
မနက်စာဟင်းကမချက်ရသေးလို့မောင်တိုးရဲ့”

“ဟုတ်ကဲ့အရီး”

ဒေါ်ဝင်းက ခြံပြင်မှမောင်တိုးကို စကားပြောခဲ့ခြင်းပင်။
ပြန်လေတော့ နန်းကြိုင်လေးက မောင်တိုးကိုလျှာထုတ်ကာ
ပြောင်ပြလေရာ မောင်တိုးကတဟားဟားရယ်မော၍
ပြန်ကာပြောင်ပြနေခဲ့သည်။

နေ့လယ်ပိုင်းအချိန်ရောက်တော့
မောင်တိုးနဲ့မောင်အုန်း တို့ဘွားမယ်စိန်အိမ်သို့
ရောက်ချလာခဲ့ကြသည်။

“ဘွားရေ…”

“အရီး…ဗျို့…အရီးဝင်း…”

ခြံတံခါးကိုပိတ်ထားပြီး ခြံဝိုင်းထဲ၌လူရိပ်မတွေ့သောကြောင့်
မောင်တိုးတို့ကအော်ကာခေါ်ကြသည်။

“လာပြီဟဲ့…”

အိမ်အပေါ်ထပ်မှဒေါ်ဝင်းဆင်းလာကာ ခြံတံခါးကို
ဖွင့်ပေးလိုက်သည်။

“အရီး…ဘယ်ရောက်နေကြတာလဲဗျ…
ကျုပ်တို့က
လူရိပ်မတွေ့လို့အော်ခေါ်နေတာ…”

“မိုးလေးအေးတော့မနက်စာစားပြီးတာနဲ့
အိမ်ပေါ်မှသွားလှဲနေကြလို့ပါဟယ်…”

“သြော်…ဒါကြောင့်မတွေ့တာကိုးဗျ…
ဘွားရောအပေါ်မှာပဲလား”

“ဟော…ဟိုမှာဘွားဆင်းလာပြီ”

သူတို့ကွပ်ပျစ်နားသို့မရောက်ခင်ဘွားမယ်စိန်က
အိမ်ပေါ်မှဆင်းလာခဲ့၏။

“လာကြကွဲ့…ကွပ်ပျစ်မှာပဲထိုင်ကြတာပေါ့”

“ဟုတ်ကဲ့ဘွား…”

မောင်တိုးတို့လည်း ဘွားမယ်စိန်နဲ့အတူ
ကွပ်ပျစ်ခင်း၌ဝင်ထိုင်ကြသည်။

“မောင်ရင်တို့ညနေမှလာမယ်ထင်နေတာ…
ဒါကြောင့်ဘွားတို့သားအမိတွေ
အိမ်ပေါ်တက်အိပ်​နေကြတာကွဲ့…”

“ကျုပ်သဘောဆိုမနက်ရေချိုးပြီးကတည်းက
လာတယ်ဘွားရဲ့…
ဒီကိုကြီးအုန်းပေါ့ဗျာ…
သူ့ရည်းစား မနုယဥ်အိမ်မှာ ထင်းသွားခွဲပေးနေတော့
သူ့စောင့်နေရတာဗျ”

ဟု…ပြောတော့ မောင်အုန်းက
မောင်တိုး၏ပေါင်ကိုလက်သီးလေးဆုပ်ကာထိုးလိုက်ပြီး…

“မင်းကလည်းကွာ…”

ဟု…ပြောလေသည်။
ဘွားမယ်စိန်ကတော့ပြုံးလို့နေ၏။
ထိုအချိန် ဒေါ်ဝင်းက လက်ဖက်ပန်းကန်နဲ့ရေနွေးအကြမ်းအိုးလေးကိုယူကာ ကွပ်ပျစ်ဆီရောက်လာလေတော့
မောင်တိုးကဝိုင်းကူနေရာချပေးရှာသည်။
ရေနွေးပန်းကန်များထဲသို့လည်းအကြမ်းရည်ကို
ငှဲ့ကာပေးထားလေသည်။
ဘွားမယ်စိန်ကိုအကြမ်းရေတစ်ခွက်ကမ်းကာပေးလေတော့
ဘွားမယ်စိန်က မောင်တိုးလက်ထဲက
အကြမ်းရည်ခွက်ကိုယူရင်း…

“ဘွားက မောင်ရင်တို့ကိုပြောစရာရှိလို့
ခေါ်ခိုင်းလိုက်တာကွဲ့…”

ဟုပြောလေတော့…

“ဟုတ်…ပြောပါ ဘွား”

“အင်း…ဘွားတို့သုံး​ယောက် မနက်ဖြန်မိုးလင်းတာနဲ့
ရွာသစ်ရွာရဲ့ အနောက်ဘက်မှာရှိတဲ့
စေတီဟောင်းဆီကိုသွားကြရမယ်ကွဲ့…”

“ရွာသစ်ရွာအနောက်ဘက်ကစေတီဟောင်း…
အဲ့သည်ကိုကျုပ်တို့က ဘာသွားလုပ်ကြမှာလဲဘွားရဲ့…”

“ဒါက…ဒီလိုကွဲ့…………….”

ဘွားမယ်စိန်က သူ၏အိမ်မက်အတွင်းသို့
လာရောက်သွားသော
ဥစ္စာစောင့်မလေး၏အကူအညီတောင်းပုံကို
မောင်တိုးတို့အားပြောပြလေသည်။
ဒေါ်ဝင်းကလည်းအကြမ်းရည်လေးသောက်ရင်းမှ
နားထောင်နေခဲ့၏။

“ဘွားပြောတာဟုတ်မယ်ဗျ…
အဲ့သည်နားတဝိုက်မှာသိုက်ရှိတယ်လို့
လူပြောများတယ်လေ”

“အင်း…ဒါ့​ကြောင့်မတော်လောဘသားတွေရဲ့
မျက်စိကျတာကိုခံရတာပေါ့…
အခုကိစ္စမှာလည်း သူတို့သိုက်စောင့်တွေ
မနိုင်မှဘွားက ဝင်ကူတိုက်ပေးမှာပါ…
သူတို့နိုင်တဲ့လူတွေဆိုရင်တော့
ဒီအတိုင်းပဲရပ်ကြည့်နေကြယုံပေါ့ကွယ်…”

“ဟုတ်ကဲ့ဘွား…လူလူချင်းဆိုရင်တော့
ကျုပ်တို့လည်းကူနိုင်ပါတယ်ဗျာ…”

“အေး…အေး…ဒါဖြင့်မနက်ဖြန်အာရုံမတက်ခင်
ဘွားတို့အရောက်သွားကြတာပေါ့…
ရွာသစ်ထဲကတော့ဖြတ်သွားလို့မဖြစ်ဘူးကွဲ့…
တော်နေလူတွေသိကုန်ရင်
သိုက်ဆရာတွေသတိထားမိသွားနိုင်တယ်…
ဒီတော့ရွာပြင်လမ်းကနေပဲ ပတ်သွားကြတာပေါ့ကွယ်…”

“အဲ့သည်လိုသွားတာပဲကောင်းပါတယ်ဘွား”

ဒီလိုဖြင့်မောင်တိုးတို့ကို ပြောသင့်ပြောထိုက်သည်များ
ပြောပြီးနောက် အကြမ်းရည်လေးသောက်…
လက်ဖက်လေးစားဖြင့်စကားဝိုင်းကတိတ်ဆိတ်သွားခဲ့သည်။
ဒေါ်ဝင်းကစကားပြန်စလေမှ မောင်တိုးတို့မှာဒေါ်ဝင်းနဲ့
စကားကျသွားပြန်သည်။

****************************
နောက်တစ်နေ့နံနက်၌
အာရုံမတက်ခင်အစောကြီးထ၍
မောင်တိုးနဲ့မောင်အုန်းကဘွားမယ်စိန်ကိုလာခေါ်ကြသည်။
မောင်တိုးကနွားလှည်းကို ရွာသစ်ရွာအပြင်မှ
ပတ်၍မောင်းခဲ့၏။
ရွာသစ်ရွာအနောက်ဘက်ရှိ စေတီဟောင်းသည်
ရှေးခေတ်ဘုရားဟောင်းတစ်ဆူပင်ဖြစ်ပြီး
ပြုပြင်ခြင်းမရှိ၍ ယိုယွင်းပျက်စီးလို့နေလေသည်။
ထိုစေတီဟောင်းအနီး၌ ခြုံနွယ်ပိတ်ပေါင်းများကထူထပ်လို့နေပြီး စေတီ၏အရှေ့ဘက်ဆီ၌က လယ်ကွင်းများရှိနေခဲ့၏။
ဘွားမယ်စိန်တို့နွားလှည်းလေးကို
ခြုံပင်များနှင့်ကွယ်ကာရပ်နားထားသည်။

“ဒီကောင်တွေလာရင် လယ်တောလမ်းက
လာဖို့ပဲရှိတယ်ဘွား…ကျုပ်တို့ကိုမမြင်အောင်ခြုံကွယ်မှာ
နေဖို့ပဲလိုတယ်…”

ဟု…ပြောသောမောင်အုန်း၏စကားအတိုင်း
နွားလှည်းရပ်ထားကြခြင်းဖြစ်သည်။
နေ့လယ်ရောက်တော့ ဒေါ်ဝင်းထည့်ပေးလိုက်သော
ထမင်းနဲ့ဟင်းကိုစားကြရသည်။
ရွာအပြင်ပေမို့လူသွားလူလာကနည်း၏။
ဘွားမယ်စိန်ကတော့အရိပ်ရသောအပင်အောက်၌ထိုင်ကာ
ပုတီးစိပ်နေခဲ့ပြီး မောင်တိုးနဲ့မောင်အုန်းတို့လည်း
တစ်နေကုန်လုံးစကားများပြောရင်း
အချိန်ဖြုန်းနေခဲ့ကြရ၏။
ညမိုးချုပ်လာတော့ မီးလည်းထွန်းဖို့က
အဆင်မပြေကြ၍ခြင်များက ကိုက်လှသည်။
ခြင်ကိုက်ခြင်းကိုကြိတ်မှိတ်သည်းခံကာနေရင်း
စေတီဟောင်းပတ်ဝန်းကျင်ကိုလည်း
သတိဖြင့်လှမ်းကြည့်နေကြရ၏။

“ဘွား…ဟိုမှာမီးတုတ်တစ်ချောင်းနဲ့လူသုံးယောက်
စေတီဘက်ကိုလာနေကြတယ်ဗျ”

မောင်တိုးကလေသံတိုးတိုးနဲ့သတိပေးလေရာ
ဘွားမယ်စိန်တို့လှမ်းကြည့်သောအခါ အမှန်ပင်
လယ်ကန်သင်းအတိုင်းလမ်းလျှောက်လာကြသည့်
လူသုံးယောက်ကိုမြင်လိုက်ကြရ၏။
ဘွားမယ်စိန်လည်းခြုံအကွယ်မှတောင်ဝှေးကြီးကိုထောက်၍ရပ်ကြည့်နေပြီး
မောင်တိုးနဲ့မောင်အုန်းတို့ကလည်း
ဓားရှည်တစ်ချောင်းဆီကို
လက်မှကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားကြလေသည်။

“လာကြဟေ့…”

လူသုံးယောက်အနက်မှ ဆရာဖြစ်ဟန်တူသူက
ကန်တော့ပွဲများပိုက်လာသောသူ၏
တပည့်များကိုခေါ်လိုက်သည်။
ကန်တော့ပွဲတွေပေး…အစီအရင်ဖယောင်းတိုင်တွေကို
စေတီ၏အခြေမှာထွန်းညှိ့ပြီး စည်းချလေသည်။

“မင်းတို့နှစ်ယောက်ဒီစည်းဝိုင်းထဲမှာပဲနေကြရမယ်…
ဘယ်သူခေါ်ခေါ်မထူးရဘူး…
ဘယ်သူဘာလာပြောပြောပြန်မပြောရဘူး…
တစ်ယောက်ယောက်က စားစရာတွေ
လာပေးရင်လည်းမယူရဘူးနော်…
စည်းပေါက်..စည်းကျိုးရင် ငါတို့ဒီနေရာမှာပဲ
သေကုန်ကြမယ်ဆိုတာ မမေ့ကြနဲ့…ကြားရဲ့လားကွ”

“ဟုတ်ကဲ့ဆရာကြီး…”

တပည့်နှစ်ယောက်ကိုစည်းဝိုင်းထဲ၌နေစေပြီး
မှာကြားစရာများကိုမှာကြားလေသည်။
ပြီးနောက်…

“ကိုင်း…ဤစေတီဟောင်းဝန်းကျင်မှာရှိသော
တောစောင့်နတ်…တောင်စောင့်နတ်…ရုက္ခစိုးကြီးများခင်ဗျား…
ကျွန်ုပ်တို့ရဲ့ဥစ္စာသိုက်တူးဖော်သည့်ကိစ္စမှာ
ကူညီစောင့်ရှောက်ပေးကြပါ…
ဒီကိစ္စအောင်မြင်ခဲ့ရင်သင်တို့အတွက်
နတ်နန်းများကိုဆောက်လုပ်ပြီးစားဖွယ်များကို
ဆက်သပေးပါ့မယ်…….
အနှောက်အယှက်များကိုဖယ်ရှား​ပေးတော်မှုပါ…
ဥုံ………………………….”

ဟုအစချီကာဂါထာများကိုရွတ်ဆိုလေတော့
လေများမိုးများက…

“ဝေါ….”

“ဝူး…”

တဝေါဝေါ…တဝူးဝူးတိုက်ခတ်၍လာတော့သည်။
လေများမိုးများကတစတစပြင်းထန်လာလေတော့
သိုက်ဆရာ၏တပည့်နှစ်ယောက်မှာ
စည်းဝိုင်းထဲ၌ ကြောက်ဒူးများတုန်ရီလို့နေ၏။

“ဟာ…ရေတွေ…ရေတွေလာနေပြီ….
ဆရာကြီး…ရေတွေလာနေပြီ…”

“ကယ်ကြပါဦး….ရေတွေ…အ….
ကယ်ကြပါဦး…”

“ဟာ….”

သိုက်ဆရာ၏တပည့်တစ်ယောက်က
လေများထန်နေပြီးရေလုံးကြီးများပြေးလာသည်ကိုမြင်
လေတော့ ကြောက်လန့်တကြားထွက်ပြေးလေသည်။
သိုက်ဆရာမှာအတော်လေးထိတ်လန့်သွားတော့၏။

“လွတ်ရာပြေးကြဟေ့…”

“ဟီးးးးးးဟီးးးးးးဟီးးးးးးဟီးးးးး”

“ဟားးး….ဟားးး…ဟားးး…ဟားးး…”

သူတို့သုံးဦး​ရေများကြားထဲ၌ မျောပါသွားကြပြီး
ကူးပါသော်လည်းရေအားကအတော်များနေ၍အရာမထင်ခဲ့။
ထိုကြားထဲ တဟီးဟီး…တဟားဟားရယ်မောသံကြီးများကိုပါနား၌အတိုင်းသားကြားကြ ရပြန်၏။
နောက်ဆုံး၌ရေထဲတွင်ကူးရတာခြေကုန်လက်ပန်းကျပြီး
စုံးစုံးမြုပ်ကာသွားတော့၏။

အခြေအနေကိုလှမ်းကာကြည့်နေသော
မောင်တိုးနဲ့မောင်အုန်းမှာက
မျက်လုံးအပြူးသားဖြစ်နေကြသည်။

“ဘွား…ဟိုလူတွေဘာတွေအော်နေတာလဲဗျ…
နောက်ပြီးရေလည်းမရှိဘဲ…ဘာလို့ရေတွေလာနေပြီလို့
အသားကုန်အော်ပြီး
မြေပြင်မှာကူးခတ်နေကြရတာလဲ…”

ဘွားမယ်စိန်ကမြေပြင်၌ငြိမ်သက်ကာလဲကျနေသော
သိုက်ဆရာနဲ့သူ၏တပည့်များကိုကြည့်၍…

“ဒင်းတို့ကိုသိုက်ကဒဏ်ခတ်တာကွဲ့…
သိုက်စောင့်တွေက သူတို့အမြင်ကိုလှည့်စားပြီး
စည်းကျိုးအောင်လုပ်လိုက်တာ….
စည်းလည်းကျိုးရော မြေပြင်ကိုရေထင်ပြီး
ကူးကြရတာပေါ့…”

“ဟာ…အဲ့သည်လိုလားဗျ…
ဒါဆိုဒီလူတွေသေကုန်ပြီလား ဘွား”

“ဒါပေါ့ကွယ်…မောင်ရင်တို့
မယုံရင်သွားကြည့်လိုက်ကြ…
ဘုရားသိုက်တို့ဥစ္စာသိုက်တို့ကို
မတော်လောဘနဲ့လာတူးရင် သိုက်စောင့်တွေဘက်က
ခွင့်မလွှတ်ကြဘူး”

ဘွားမယ်စိန်စကားကြောင့်
မောင်တိုးနဲ့မောင်အုန်းကအပြေးသွားကြည့်ကြသည်။
ပြီးနောက်ပြန်လှည့်ပြေးလာကြပြီး…

“ဘွား…မျက်နှာကြီးတွေက ကြောက်စရာကြီးဗျ…
ပါးစပ်ကြီးတွေဟ..မျက်လုံးကြီးတွေ
ပြူးပြီးကိုသေနေကြတာ…”

မောင်တိုးစကားကိုဘွားမယ်စိန်က
ခေါင်းလေးညိတ်ရင်းမှ…

“အင်း…ဒါဆိုအခုကိစ္စမှာဘွားတို့ကူစရာမလိုတော့ဘူး…
ဒီတော့ရွာသူကြီးဥိးမျိုးသစ်ကိုဝင်အကြောင်းကြားပြီး
ဒီအလောင်းတွေကိုမြုပ်ခိုင်းရမယ်
ပြီးရင်တော့ ဘွားတို့လည်းရွာကိုပြန်ကြတာပေါ့ကွယ်…”

“ဟုတ်ကဲ့ဘွား…”

ဒီလိုဖြင့်ညသန်းခေါင်အချိန်ကြီး၌
ဘွားမယ်စိန်တို့လည်း စေတီဟောင်းဆီမှပြန်လာခဲ့ကြပြီး
ရွာသစ်ရွာထဲသို့ဝင်ကာ ရွာသစ်ရွာ၏သူကြီးဦးမျိုးသစ်ကို
အကြောင်းကြားရ၏။
ရွာသူကြီးဦးမျိုးသစ်ကလည်းဘွားမယ်စိန်ကိုလေးစား
ရိုသေသူပီပီ…သူကြည့်၍စီစဥ်ပေးပါ့မယ်ပြော၍
ဘွားမယ်စိန်တို့လည်းအာရုံမတက်ခင်ရွာသို့
ပြန်ရောက်လာကြတော့သည်။
မောင်တိုးနဲ့မောင်အုန်းတို့လည်းသူတို့၏အိမ်သို့ပြန်သွားချိန်ဘွားမယ်စိန်ကခြေရေ၊လက်ရေများဆေးကြောပြီး
အိပ်ရာထဲ၌တရေးဝင်ကာအိပ်လိုက်၏။
ထိုသို့အိပ်ပျော်သွားစဥ်
ဘွားမယ်စိန်၏အိမ်မက်ထဲသို့
ဥစ္စာစောင့်မလေးရောက်လာပြီး…

“ဘွားတို့ရောက်လာတာကိုကျွန်မတို့မြင်ပါတယ်…
သိုက်ဆရာတွေစည်းပေါက်သွားလို့ကျွန်မတို့ဘက်က
အနိုင်ရခဲ့ပေမယ့် ကျွန်မတို့ကိုကူညီဖို့လာပေးတဲ့အတွက်
ကျေးဇူးတင်ကြောင်းလာပြောတာပါ….
နောက်ပြီးမနက်ဖြန်သန်းခေါင်ကျရင်ကျွန်မတို့
သိုက်လည်းနေရာပြောင်းတော့မှာမလို့
ဘွားကိုလာနှုတ်ဆက်တာပါရှင်…”

ဟု…နှုတ်ဆက်စကားများ…
ကျေးဇူးတင်စကားများပြောသွားခဲ့လေသည်။
ထိုသို့ဖြင့်ရွာသစ်ရွာရဲ့စေတီဟောင်းအနီး၌
သေဆုံးနေသောသိုက်ဆရာများအကြောင်းကလည်း
သတင်းပျံ့လွှင့်လို့လာခဲ့သည်။
မောင်တိုးနဲ့မောင်အုန်းကလည်းသူတို့တွေ့မြင်ခဲ့ရသည့်
သိုက်ဆရာတွေရဲ့အဖြစ်အပျက်အစ…အဆုံးကို
ပြန်လည်ပြောပြလေရာ
ရွာကာလသားများနဲ့ရွာသူ.တို့မှာ
တအံ့တသြဖြစ်လို့နေကြသည်။

ဒီလိုဖြင့် ဘွားမယ်စိန်နှင့်စေတီဟောင်းမှဥစ္စာစောင့်
စာမူလေးပြီးဆုံးသွားပါပြီ။

ယဥ်မင်း(ကန့်ဘလူ)