ပန်းပန်ထားတဲ့မိန်းခလေး

ဆောင့်ကြောင့်ကြီးတွေထိုင်နေကြတယ်။ အဖေက သူတို့ကိုကြည့်ရင်း

“ကျုပ်တို့ရွာကို အရင်ကလည်း ပလောင်တွေလာကြပေမယ့် မင်းတို့ကိုမတွေ့ဖူးပါဘူး”

“ဟုတ်ပါတယ်သူကြီး၊ အရင်က ဒီရွာကိုလာလာရောင်းနေတာ ကျုပ်ညီတို့ပါ၊ ကျုပ်ညီက ပြီးခဲ့တဲ့မိုးတွင်းက ဆုံးသွားတယ်ဆိုတော့ အခုကျုပ်ကိုယ်တိုင်လာရောင်းတာပါ”

“အေးဗျာ၊ ကုန်ရောင်းကုန်ဝယ်ရော အဆင်ပြေတယ်မဟုတ်လားဗျ၊ ကျုပ်အိမ်မှာပဲ ခါတိုင်းလိုတည်းပေါ့ဗျာ၊ ခင်ဗျားညီတွေလာတုန်းကလည်း ဒီမှာပဲတည်းတာဗျ၊ နောက်နေ့ကျမှ ရွာထဲအေးအေးလူလူရောင်းပေါ့ဗျာ၊ ကျုပ်တို့လည်း တစ်နှစ်စာ လက်ဖက်ခြောက်ဝယ်ရသေးတာပေါ့”

ဒီလူကြီးတွေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေရင်း

“ကျုပ်တို့ ဒီတစ်ညပဲတည်းမယ်သူကြီး၊ မနက်ဖြန်ပြန်မယ်”

“ဟာ၊ ဘယ်လိုဖြစ်တာလဲဗျ၊ ကုန်တွေရော ကုန်လို့လား၊ ကျုပ်အိမ်မှာ အေးအေးဆေးဆေးနေပြီးတော့ ရောင်းပါအုံးဗျာ”

“ကျုပ်တို့မှာ မဖြစ်မနေပြန်မှရမယ့် ကိစ္စရှိလို့ပါသူကြီးရယ်၊ ကျုပ်တို့တစ်ညတည်း တည်းပါ့မယ်”

အဖေက ခေါင်းညိတ်ရင်း

“အေးဗျာ၊ ကိစ္စရှိတယ်ဆိုတော့လည်း မတတ်နိုင်ဘူးပေါ့၊ ဒါနဲ့ ခင်ဗျားတို့နေတဲ့အချိန် အလဟဿမဖြစ်ရအောင်လို့ ရသလောက်ကုန်တွေ ရောင်းသွားအုံးပေါ့ဗျာ၊ အလတ်ကောင်ရေ၊ ထမင်းစားပြီးသွားရင် ရွာထဲက အိမ်တွေလှည့်ပြီး ရှမ်းကုန်သည်ကြီးတွေလာတယ်လို့သွားပြောလိုက်စမ်းပါကွာ”

“ဟုတ်ကဲ့အဖေ”

ကျုပ်လည်း ရွာထဲလှည့်ပြောရတာပေါ့၊ ညမိုးချုပ်သွားပြီဆိုတော့ အမျိုးအရင်းအိမ်တွေလောက်ပဲ လိုက်ပြောဖြစ်တာ၊ ရှမ်းကုန်သည်တွေလာတယ်ဆိုတော့ ဝယ်ချင်တော့လူတွေကလည်း အပြေးလာကြသဗျ၊ ရှမ်းကုန်သည်တွေဆီမှာ လက်ဖက်ခြောက်အဓိက ပါတယ်ဗျ၊ သူတို့ဆီကလက်ဖက်ခြောက်က မြိုင်သာမြို့မှာရောင်းတဲ့လက်ဖက်ခြောက်ထပ် ဈေးအများကြီးသက်သာတယ်ဆိုတော့ တစ်ခါဝယ်ရင် ပိဿချိန်နဲ့ဝယ်ထားကြလေ့ရှိတယ်၊ ပြီးတော့လေလုံအောင်သိမ်းထားရင်း တစ်နှစ်စာ ချွေသုံးကြတာပေါ့ဗျာ၊ လက်ဖက်ခြောက်ပြီးရင် နောက်ထပ်ရောင်းရတာကတော့ ပဲပုပ်ပဲဗျ၊ ပဲပုပ်ချပ်ကြီးတွေဆိုတာ ရှမ်းကုန်သည်တွေလာမှစားရတာ၊ အရင်ခေတ်က ပဲပုပ်ချပ်က ခုခေတ်လို ဂျင်းတွေဘာတွေ မပါသေးဘူးဗျ၊ ပဲပုပ်ချည်းသက်သက်ပဲ၊ အဲဒီပဲပုပ်ချပ်ကို မီးကင်ပြီးတော့ ဆားလှော်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်မီးကင်နဲ့ ဆုံထဲထည့်ပြီးထောင်းစားကြတယ်၊ ထမင်းပူပူပေါ် ပဲပုပ်ထောင်းလေးဖြူးပြီးစားရင် သိပ်ကောင်းပေါ့ဗျာ၊ တစ်ချို့ကျတော့လည်း ခရမ်းချဉ်သီးကို ငါးပိချက်လိုချက်ပြီးတော့ မီးဖိုပေါ်က ချခါနီးမှ ပဲပုပ်ချပ်ကို ချေပြီးထည့်ကြတယ်၊ ဒီလိုလဲ စားလို့တစ်မျိုးကောင်းတာပဲဗျာ။

ပြီးတော့ စွန်တန်ခြောက်၊ ပါပလာ၊ တို့ဟူးခြောက်တွေလည်းပါသေးတယ်ဆိုတော့ ကြုံတောင့််ကြုံခဲ ရှမ်းကုန်သည်လာတုန်းလေး ဝယ်ပြီးစားကြရတာ အရသာတစ်ခုပေါ့ဗျာ၊ ကျုပ်တို့အမျိုးတွေလာတာနဲ့တင် ရှမ်းကုန်သည်ကြီးတွေသယ်လာတဲ့ ကုန်တွေ တော်တော်ရောင်းရတယ်ဗျ၊ ရှမ်းကုန်သည်တွေကလည်း ပါလာတဲ့ကုန်တွေ ကုန်သွားရင်ပြီးရောဆိုပြီးတော့ များများစားစားပိုပိုသာသာလေး ထည့်ပေးတယ်၊ ကျုပ်ကတော့ ဘာရယ်မဟုတ်ဘဲ ရှမ်းကုန်သည်ကြီးတွေ ရောင်းဝယ်နေကြတာကို ထိုင်ကြည့်နေမိပါရော၊ ကျုပ်သတိထားမိတာကတော့ သူတို့နဲ့ပါလာတဲ့ ကောင်မလေးပဲဗျ၊ တစ်ခြားလူတွေက ပြောဆိုဆက်ဆံ၊ ရောင်းဝယ်ဖောက်ကားနေပေမယ့် ဒီကောင်မလေးကတော့ မျက်နှာသေကလေးနဲ့ ငူငူကလေးထိုင်နေရှာတယ်။ သူ့ကြည့်ရတာ တစ်ခုခုကိုစိတ်ထိခိုက်နေသလိုလို၊ သောကရောက်နေသလိုလိုနဲ့ပေါ့ဗျာ။

ရောင်းချပြီးတော့ ညကိုးနာရီထိုးတော့မယ်ဗျ၊ ဒီအခါ ရှမ်းကုန်သည်ကြီးက အဖေ့ကို လက်ဖက်ခြောက်တစ်ထုပ်ကြီးပေးပါရောဗျာ၊

“ဒါက သူကြီးအတွက်လက်ဆောင်ပါ”

“မဟုတ်တာပဲဗျာ၊ ဒီလက်ဖက်ခြောက်တွေဆိုတာ ရှမ်းတောင်တန်းတွေပေါ်ကနေ ကားတစ်တန်၊ ရထားတစ်တန်နဲ့သယ်လာရတဲ့ဟာတွေမဟုတ်လား၊ ပြီးတော့ တစ်ရွာဝင်တစ်ရွာထွက် ဆိုင်းထမ်းကြီးနဲ့ပင်ပင်ပန်းပန်းထမ်းပိုးခဲ့ရတာတွေပဲ ကျုပ်အလကားမလိုချင်ပါဘူးဗျာ”

“မဟုတ်တာပဲသူကြီးရာ၊ ကျုပ်တို့ကိုတည်းခိုခွင့်ပေးတာနဲ့တင် ကျုပ်တို့ကျေးဇူးတင်နေပါပြီ၊ ဒီလက်ဆောင်ကို လက်ခံပေးပါသူကြီးရာ”

အမေက လည်းလျှင်တယ်ဗျ။ ရှမ်းကုန်သည်လက်ထဲက အထုပ်ကိုပြေးယူလိုက်ရင်း

“အိုတော်ရှင်ကလည်း ပေးတဲ့လူက ဒီလောက်ပေးနေတာကို ယူလိုက်စမ်းပါတော့”

အမေက လက်ဖက်ခြောက်ထုပ်ကြီးကိုဆွဲသိမ်းသွားတယ်။ အဖေက အမေ့ကိုဘုကြည့်တစ်ချက်ကြည့်လိုက်ပြီးတော့

“ခင်ဗျားတို့လည်း တစ်နေ့လုံးသွားလာရတာ ပင်ပန်းနေလောက်ပြီ၊ ဒီတော့ နားပါအုံးဗျာ၊ မိန်းကလေးတွေကတော့ အိမ်အောက်ထပ်က ကျုပ်သမီးအခန်းမှာ အိပ်လို့ရပါတယ်၊ ခင်ဗျားတို့က အိမ်ဦးခန်းမှာအိပ်ပေါ့ဗျာ”

ရှမ်းကြီးတွေက တစ်ယောက်နဲ့တစ်ယောက်ကြည့်ရင်း

“မဟုတ်တာပဲသူကြီး၊ ကျုပ်တို့အိမ်ထဲမှာ မအိပ်ပါဘူးဗျာ၊ နွားတင်းကုပ်လောက်ဆိုရပါပြီ”

“ဟာဗျာ၊ နွားတင်းကုပ်က လူအိပ်လို့ရမလားဗျ”

“ရပါတယ်သူကြီး၊ ကျုပ်တို့အဆင်ပြေပါတယ်၊ ကျုပ်တို့အတွက် နွားတင်းကုပ်တွေဘာတွေက မထူးတော့ပါဘူး၊ သူကြီးရဲ့အိမ်ပေါ်မှာတော့ မအိပ်ပါရစေနဲ့ဗျာ၊ ကျုပ်တို့အားနာလို့ပါ”

အဖေက အတင်းအကြပ်ပြောပေမယ့် ဒီလူကြီးတွေက နွားတင်းကုပ်မှာနေတယ်ချည်းပဲဗျ၊ နောက်ဆုံးတော့ အဖေက လိုက်လျောလိုက်ရတော့တယ်။

“အကြီးကောင်ရေ၊ နွားတင်းကုပ်ခေါင်းရင်းဘက်ကို ရှင်းပေးလိုက်စမ်းပါကွာ၊ မသန်းရေ မင်းကတော့ ဧည့်သည်တွေစားဖို့သောက်ဖို့ ထမင်းဟင်းပြင်ပေးလိုက်ပါ”

အကိုကြီးအနောက်ကို ဒီလူကြီးတွေက ထလိုက်သွားတော့တယ်ဗျာ၊ ကျုပ်လည်း သူတို့ကိုကြည့်ရင်း

“ဒီလူတွေက တော်တော်ရိုးတဲ့လူတွေပဲနော်အဖေ”

“ဟုတ်ပါ့ကွာ၊ ခုံပေါ်ထိုင်ဆိုတော့လည်း မထိုင်ဘူး၊ အိမ်ပေါ်မှာအိပ်ပါဆိုတော့လည်း နွားတင်းကုပ်ထဲမှာအိပ်မယ်တဲ့၊ ထူးဆန်းပါ့ကွာ”

အဖေနဲ့ကျုပ်နဲ့ သူတို့လူတစ်စုကိုကြည့်ရင်း သက်ပြင်းချလိုက်မိတယ်ဗျ။

(၂)

ညရောက်တော့ ကျုပ်အပေါ့သွားချင်လာတယ်ဗျ၊ အောင့်အည်းထားပေမယ့် မအောင့်နိုင်တော့တာကြောင့် အိမ်နောက်ဖေးကိုဆင်းလာခဲ့တယ်၊ အရင်ကလိုဆိုရင် တော်ရာနေရာ ကော့ပြီးပန်းလိုက်လို့ရပေမယ့် အခုကတော့ နွားတင်းကုပ်ထဲမှာ လူတွေအိပ်နေတာကြောင့်မို့ ဒီလိုလုပ်လို့မသင့်တော်ဘူးမဟုတ်လားဗျာ၊ ဒါနဲ့ အိမ်သာရှိရာ ခြံနောက်ဘက်ကိုဆင်းလာခဲ့တော့တယ်၊ လရောင်နဲ့ခြံထဲမှာ လင်းနေတယ်ဗျ၊ အိမ်သာဘက်ကိုလာရင်းနဲ့ အိမ်သာမရောက်ခင် ဝါးရုံပင်အနားမှာ မိန်းကလေးတစ်ယောက်ထိုင်နေတာကိုမြင်လိုက်ရတယ်၊ ဘယ်သူရှိမလဲဗျာ၊ ညနေက ရှမ်းကုန်သည်တွေနဲ့ ပါလာတဲ့ ရှမ်းမလေးပေါ့၊ ကျုပ်လည်း ဂွင်ပဲဆိုပြီးတော့ အဲဒီကောင်မလေးအနားကို ကပ်လာခဲ့တယ်၊ ကောင်မလေးက မိုးပေါ်ကိုမော့ပြီး တွေတွေကြီးကြည့်နေပါရော။

“ဘာတွေဒီလောက်တောင် တွေးနေရတာလဲဗျာ”

ကျုပ်သူ့ဘေးနားမှာ ဝင်ထိုင်လိုက်တော့မှ ဒီကောင်မလေးက ရှက်ကိုးရှက်ကန်းဖြစ်သွားတယ်။

“ကျုပ်ခင်ဗျားဘေးမှာထိုင်တာ ခင်ဗျားကိုအနှောင့်အယှက်ပေးသလို မဖြစ်ပါဘူးနော်”

ကောင်မလေးက ခေါင်းခါပြတယ်။

“ဒါနဲ့ ခင်ဗျားနာမည်ဘယ်လိုခေါ်သလဲဗျ”

“ကျွန်မနာမည် နန်းမွန်ပါ”

မိန်းကလေးအသံက ဝဲတဲတဲနဲ့ဗျ။

“ကျုပ်နာမည်ကတော့ ခင်မောင်၊ ဒါပေမယ့် တစ်ရွာလုံးကတော့ အလတ်ကောင်လို့ခေါ်ကြတယ်၊ နောက် ကျုပ်တို့ရွာကိုကြုံရင်လည်း ဝင်ခဲ့ပေါ့ဗျာ၊ တခြားလူတွေကိုတော့ မပြောတတ်ပေမယ့် ခင်ဗျားကိုတော့ ကျုပ်တို့အိမ်ကနေ အမြဲကြိုဆိုနေပါတယ်”

မိန်းကလေးက အင်းမလှုပ်အဲမလှုပ်နဲ့ဗျ၊ ကျုပ်လည်းသူ့အနားမှာဆက်ထိုင်ရင်း သူနဲ့အတူတူ ငိုင်နေလိုက်သေးတယ်၊ သေးပေါက်ချင်တာလည်း ဘယ်ရောက်သွားမှန်းမသိဘူးဗျာ၊ သူ့အနားက ခရေပန်းနံ့ကလေးကလည်း သင်းနေတာပဲ၊ ကျုပ်သေချာကြည့်တော့မှ သူ့ခေါင်းကဆံထုံးမှာ ခရေပန်းကုံးကလေးကို ပန်လို့ဗျ၊ ခရေခက်ကလေးတစ်ခက်တောင်မှ ဆံပင်မှာထိုးထားသေးတယ်။

“ဒါနဲ့ ရှင်ကျွန်မကိုတစ်ခုလောက်ကူညီပါလား”

“ဘာကူညီပေးရမလဲ၊ ပြောကြည့်ပါ”

“ကျွန်မခေါင်းက ခရေပန်းခက်ကလေးကို ဖြုတ်ပေးစမ်းပါရှင်”

“ဒါများ ဘာခက်လို့လဲဗျာ”

ပြောရင်းဆိုရင်း ကျုပ်က သူ့ခေါင်းက ခရေပန်းခက်ကလေးကိုဖြုတ်ပေးလိုက်တယ်၊ ဒီအခါ မိန်းကလေးက ကျုပ်ကိုနှစ်နှစ်ကာကာပြုံးပြတယ်ဗျ။

“ကျေးဇူးတင်ပါတယ်ရှင်”

“မလိုပါဘူးဗျာ၊ ဒါက ဘာမှမပင်ပန်းပါဘူး”

ဒီအချိန်ပဲ ကျုပ်သေးပေါက်ချင်လာတယ်ဗျာ၊ အောင့်လို့လည်းမရတော့ဘူး၊

“ခဏနေအုံးနော်၊ ကျုပ်အိမ်သာခဏသွားလိုက်အုံးမယ်၊ ပြီးရင် ပြန်လာခဲ့မယ်”

ဒီလိုပြောပြီး အိမ်သာကိုပြေးရတာပဲဗျာ၊ အရေးထဲမှ သေးကလည်း အမျှင်တန်းရှည်နေသေးတယ်ဗျ၊ ကျုပ်ပြီးတာနဲ့ ပုဆိုးကိုကပြာကယာပြန်ဝတ်ပြီး အိမ်သာထဲကနေပြေးထွက်ခဲ့တော့ ဝါးရုံပင်အောက်မှာ ဒီမိန်းကလေးကမရှိတော့ဘူး။

“ဟင်၊ ဘယ်ရောက်သွားတာလဲ”

ကျုပ်အနီးအနားကိုဝေ့ကြည့်တော့လည်း မတွေ့တော့ဘူးဗျ၊ ဒါနဲ့ နွားတင်းကုပ်နားကိုပြန်လာခဲ့တယ်၊ နွားတင်းကုပ်ထဲတော့ခြင်ထောင်တွေထောင်ပြီး ရှမ်းတွေအိပ်နေတယ်ဗျာ၊ ဒီမိန်းကလေး အိပ်ချင်လို့ ခြင်ထောင်ထဲပြန်ဝင်အိပ်သွားတာဖြစ်မှာဗျ၊ ဒါနဲ့ ကျုပ်ဧည့်သည်တွေကို မနှောင့်ယှက်ချင်တော့လို့ အိမ်ပေါ်ပြန်တက်ပြီး အိပ်လိုက်တယ်ဆိုပါတော့။

နောက်နေ့မနက်အိပ်ရာနိုးတော့ ရှမ်းကြီးတွေက မျက်စိမျက်နှာပျက်နေကြသဗျ၊ ရှမ်းကြီးတွေတင်းကုပ်ထဲကနေ ထွက်လာကြတာတော့ အဖေကလှမ်းမေးလိုက်တယ်။

“ညက အိပ်လို့အဆင်ပြေကြရဲ့လားဗျာ၊ ဒါနဲ့ ခင်ဗျားတို့နဲ့အတူတူပါလာတဲ့ ကလေးမလေးရော မတွေ့ပါလား”

ရှမ်းကြီးတွေက အဖေ့ရှေ့က ခုံမှာဝင်ထိုင်လိုက်ပြီး

“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပဲ သူကြီးနဲ့တိုင်ပင်ချင်တာပါ၊ ဒီကိစ္စကို တခြားလူတွေကို ပေးသိလို့လုံးဝမသိဘူးနော်သူကြီး”

“ခင်ဗျားတို့လည်း လှို့လှို့ဝှက်ဝှက်ပါလားဗျာ၊ ကဲ ပြောပါ ဘာကိစ္စလဲဆိုတာ”

“အမှန်တော့ ကျုပ်တို့နဲ့ပါလာတဲ့ မိန်းကလေးက လူမဟုတ်ဘူးဗျ”

အဖေလန့်သွားသလို ကျုပ်လည်းလန့်သွားမိတယ်။

“ဘယ်လိုဗျ၊ လူမဟုတ်ဘူးဆိုတာ ဘာသဘောလဲ”

“ဒီမိန်းကလေးက ဖုတ်ကောင်တစ်ကောင်ပဲ”

“ဟုတ်ပြီလေ၊ ဒါဆိုရင် ဖုတ်ကောင်ကို ခင်ဗျားတို့ဘာဖြစ်လို့ခေါ်လာကြတာလဲ”

“ဒီလိုပါသူကြီး၊ ကျုပ်တို့ရွာကနေထွက်လာခဲ့တဲ့အချိန် ကျုပ်တူမလေးကလည်း ဈေးရောင်းထွက်တဲ့အခါ လိုက်ချင်ပါတယ်ဆိုလို့ အတူတူခေါ်လာခဲ့ပါတယ်၊ ဒါပေမယ့် ပေတောရွာကိုရောက်တဲ့အချိန်မှာပဲ ကျုပ်တူမကလေးဟာ အမျိုးအမည်မသိတဲ့ရောဂါတစ်ခုရပြီး သေဆုံးသွားခဲ့ပါတယ်”

“ဖြစ်မှဖြစ်ရလေဗျာ”

“ကျုပ်ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်သူကြီးရာ၊ ကျုပ်က ရွာမှာအောက်လမ်းတွေဘာတွေ တတ်ပါတယ်၊ ကျုပ်တူမကို ဒီနေရာမှာပဲ မသဂြိုဟ်ခဲ့နိုင်ဘူး၊ သူမပါဘဲ ကျုပ်တို့ချည်းပဲ ပြန်သွားမယ်ဆိုရင် သူ့အမေကိုကျုပ်တို့ဘယ်လိုရှင်းပြရမလဲဆိုတာ မတွေးတတ်ဘူး၊ ဒါနဲ့ပဲ ကျုပ်တတ်တဲ့ပညာနဲ့ ဒီကောင်မလေးကို ဖုတ်သွင်းခဲ့တာပါ”

“ဟာဗျာ၊ ခင်ဗျားတို့လုပ်ရပ်က ကြောက်စရာကြီးပါလား”

“ဟုတ်ပါတယ်၊ သူ့ကိုဖုတ်သွင်းပြီးတော့ ကျုပ်တို့ရွာအထိပြန်ခေါ်သွားပြီး ဟိုရောက်မှ ဖုတ်ထုတ်ပြီးတော့ သဂြိုဟ်ဖို့ကြံစည်ထားတာပါသူကြီး”

“ဒါ့ကြောင့်ကိုးဗျ၊ ဒါ့ကြောင့် ညကခင်ဗျားတို့ အိမ်ပေါ်မှာမတည်းရဲဘဲ နွားတင်းကုပ်မှာသွားတည်းတာမဟုတ်လား၊ ခင်ဗျားတို့ဗျာ၊ ဒီလိုဆိုရင်လည်း အစကတည်းက ကျုပ်တို့ကိုအကျိုးသင့်အကြောင်းသင့်ပြောမှပေါ့ဗျ”

“ပြောချင်ပါတယ်သူကြီးရယ်၊ ဒါပေမယ့် ဖုတ်ကောင်တစ်ကောင်ကို အိမ်ခေါ်လာပြီးတည်းတာကို ဘယ်သူက ကြိုဆိုပါ့မလဲသူကြီးရ”

“အခုခင်ဗျားတို့ သွားတော့မှာမဟုတ်လား”

“အစကတော့ ဒီမှာတစ်ညတည်းခိုပြီး မနက်မိုးလင်းတာနဲ့ တန်းမြင့်ရွာကိုသွားမယ်၊ အဲဒီကနေမှ မြိုင်သာကို ကားနဲ့တက်သွားမယ်လို့ဆုံးဖြတ်ထားတယ်သူကြီး”

“ဒါဆိုရင်လည်း သွားကြလေဗျာ”

ရှမ်းကြီးကသက်ပြင်းချပြီး

“အခုတော့ သွားလို့မရတော့ဘူးသူကြီး”

“ဘာဖြစ်လို့လဲဗျ ခင်ဗျားတို့က”

“ညကပဲ ကျုပ်တူမလေးပျောက်သွားပြီ”

အဖေမျက်လုံးပြူးသွားပြီး ကျုပ်ကိုလှည့််ကြည့်တယ်ဗျ၊ ကျုပ်လည်း တော်တော်လန့်သွားတယ်။

“ဘယ်လိုပြောလိုက်တယ်၊ ခင်ဗျားတူမ ပျောက်သွားတယ်ဆိုတော့ ဖုတ်ကောင်၊ ဖုတ်ကောင်ကြီးက ပျောက်သွားတာပေါ့”

“ဟုတ်ပါတယ်သူကြီးရာ”

“ဟာ၊ ဒါဆိုအမြန်ရှာမှပေါ့၊ ဘယ်လိုဖြစ်လို့ ပျောက်သွားရတာလဲဗျာ”

“ဒီလိုပါသူကြီးရာ၊ သေပြီးသူကို ဖုတ်ပြန်သွင်းဖို့အတွက် တနင်္လာနံနဲ့ ဗုဒ္ဓဟူးနံတွဲနေတဲ့ ပန်းတို့ အညွှန့်အဖူးတို့လိုပါတယ်၊ အောက်ပြည်အောက်ရွာဘက်တွေမှာတော့ ခေါင်ရမ်းပန်းကိုသုံးကြပါတယ်၊ မနေ့ကတော့ ကျုပ်တို့က ပေတောရွာမှာ ခေါင်ရမ်းပန်းရှာမရတာနဲ့ ခရေပန်း ခရေညွန့်ကိုအသုံးပြုပြီး ဖုတ်ကောင်သွင်းခဲ့တာပါ၊ ဖုတ်ကောင်သွင်းထားတဲ့အချိန်မှာ အဲဒီခရေညွန့်ကို ခေါင်းမှာမပြတ် ပန်ထားရပါတယ်၊ နောက်ဆုံး ရွာကိုပြန်ရောက်တဲ့အခါကျမှ အဲဒီခရေညွန့်ကို ဖုတ်ကောင်ထုတ်ပြီးတော့ တောထဲမှာ သွားလွှင့်ပစ်ရမှာပါ၊ အခုက ဘယ်လိုဖြစ်တယ်မသိဘူး၊ အဲဒီဖုတ်ကောင်ခေါင်းမှာပန်ထားတဲ့ ခရေညွန့်ကို ဘယ်သူဖြုတ်သွားသလဲမသိပါဘူးသူကြီးရာ၊ အဲဒါ အခုဖုတ်ကောင်လွတ်သွားတယ်ဗျ”

“နေစမ်းပါအုံး ခင်ဗျားတို့ပန်ထားတဲ့ခရေညွန့်ကို ဖုတ်ကောင်က သူ့ဖာသာသူဖြုတ်သွားတာရော မဖြစ်နိုင်ဘူးလား”

“မဖြစ်နိုင်ဘူးသူကြီး၊ ဖုတ်ကောင်က အဲဒီခရေညွန့်ကို ကိုင်လို့မရပါဘူး”

“အေးဗျာ၊ ဒါဆို ခင်ဗျားတို့ဘယ်လိုလုပ်မယ်စိတ်ကူးလဲ”

“ဒါကြောင့် ကျုပ်တို့လည်း သူကြီးနဲ့တိုင်ပင်တာပါ၊ ဒီဖုတ်ကောင်လွတ်သွားတဲ့ကိစ္စက တော်တော်အရေးကြီးပါတယ်၊ ဖုတ်ကောင်ကိုဖမ်းမမိဘူးဆိုရင် ရွာနာပါလိမ့်မယ်၊ ဖုတ်ကောင်က အစပိုင်းတော့ အိမ်မွေးကြက်တို့ ဘဲတို့ကိုဖမ်းစားပါမယ်၊ အသားစိမ်း၊ သွေးစိမ်းစားသောက်ပြီးရင်တော့ ဖုတ်ကောင်က ပိုပိုအင်အားကြီးလာပြီး ခွေးတွေ၊ နွားတွေကို စားမယ်၊ နောက်ဆုံးတော့ လူသားကိုပါ ဖမ်းစားတဲ့အဆင့်ရောက်သွားပါလိမ့်မယ်”

အဖေက သူ့နဖူးကို လက်ဝါးနဲ့ရိုက်ပြီး

“သေလိုက်ပါတော့ဗျာ၊ ခင်ဗျားတို့အဲဒါကိုအခုမှပြောရသလား၊ အခုဖုတ်ကောင်ကို ဘယ်လိုပြန်ဖမ်းကြမလဲ”

“ရွာသားတွေကိုတပ်လှန့်ပြီး ဒီအနားအနားက တောတောင်ထဲကို ရှာရပါမယ်သူကြီး”

“ပြဿနာပဲဗျာ”

အဖေစဉ်းစားနေတဲ့အချိန်မှာပဲ ခေါင်းရင်းခြံက ကိုမောင်ညှက်က ညည်းတွားနေတဲ့အသံကိုကြားလိုက်ရတယ်ဗျ။

“တောက်၊ ဒီကြက်တွေဘယ်ထွက်သွားသလဲမသိဘူးကွာ၊ လခွမ်းမှပဲ”

ကျုပ်မျက်လုံးပြူးသွားပြီး

“အဖေ၊ ကိုမောင်ညှက်ကြက်တွေပျောက်လို့တဲ့ဗျ”

ရှမ်းကြီးက တအံ့တသြနဲ့

“ဟာ၊ ဒါဆို ဖုတ်ကောင်၊ ဖုတ်ကောင်”

အဖေက အကြံအိုက်နေတဲ့ပုံပဲဗျ၊ ဒါနဲ့ကျုပ်က အကြံပေးလိုက်ရတယ်။

“အဖေ၊ ဒီလိုမျိုးဆိုရင် ဦးဘသာကိုပြေးခေါ်သင့်တယ်မဟုတ်လားဗျာ၊ ဦးဘသာက စုန်းဆိုတော့ ဖုတ်လောက်တော့ သူကနိုင်မယ်မဟုတ်လား”

“အေးအလတ်ကောင်ရာ၊ ဒါဆိုရင်လည်း ဦးဘသာကို အခုချက်ချင်းပဲ သွားခေါ်ခဲ့စမ်းပါကွ”

အဖေ့အမိန့်ရတာနဲ့ ကျုပ်အိမ်ထဲက ဒုန်းစိုင်းပြေးထွက်လာခဲ့တာပေါ့ဗျာ။

(၃)

“ဦးဘသာရေ . . .ဦးဘသာ”

ကျုပ်အသံရှည်ကြီးဆွဲအော်ပြီး ဦးဘသာခြံထဲကိုပြေးဝင်ခဲ့တယ်ဆိုရင်ပဲ အိမ်ရှေ့မှာကွမ်းထိုင်ဝါးနေတဲ့ ဦးဘသာက ကျုပ်ကိုကြည့်ပြီး

“အလတ်ကောင်တို့ အမောတကောနဲ့ပြေးလာပုံထောက်တော့ပြဿနာတစ်ခုခုတော့ တက်နေပြီထင်ပါ့၊ အသံရှည်ဆွဲပြီးတော့တောင် အော်လာရတယ်ဆိုတော့ ပြဿနာကတော့ ခပ်ကြီးကြီးဖြစ်နေပုံပဲဟေ့”

“သေချာတာပေါ့ဦးဘသာရာ၊ အဖေက ဦးဘသာကိုခေါ်ခိုင်းလို့ဗျ”

“ဘာဖြစ်ပြန်ပြီလဲ”

“ဖုတ် . . . ဖုတ်ကောင်ကြီး လွတ်နေလို့ဗျို့”

“ဟ ဘယ်ကဖုတ်ကောင်က ဘယ်လိုလုပ်ပြီးလွတ်သွားတာလဲကွ”

“ဒီလိုဦးဘသာရာ၊ ကျုပ်ပြောပြမယ် မနေ့က ကျုပ်တို့အိမ်ကို ညနေစောင်းကျမှ ရှမ်းကုန်သည်ကြီးတွေလာတယ်ဗျ၊ သူတို့တွေနဲ့အတူတူ မိန်းကလေးတစ်ယောက်ပါလာပါရော၊ ဒီမိန်းကလေးရောက်ကတည်းက ကျုပ်ကထူးဆန်းနေတာဗျ၊ သူ့ရုပ်က ငေးငေးငိုင်ငိုင်နဲ့ ကြောင်တောင်တောင်ကြီးဖြစ်နေပါရော”

“ဒါနဲ့ အဲဒီမိန်းကလေးက ချောတယ်မဟုတ်လားကွ၊ မင်းကရော အဲဒီမိန်းကလေးကို စိတ်ဝင်စားသွားသေးတယ်မဟုတ်လား”

“ဟာဗျာ၊ အဲဒါတွေအသာထားစမ်းပါဗျ၊ ညရောက်တော့ ကျုပ်အိမ်သာဆင်းသွားတဲ့အချိန် ဒီမိန်းကလေးက ခြံထဲထိုင်နေတာဗျ၊ နောက်တော့ သူ့ခေါင်းက ခရေခက်ကိုဖြုတ်ပေးပါတဲ့လေဗျာ၊ ကျုပ်ဖြုတ်ပေးလိုက်တော့ ဒီမိန်းကလေးက ပျောက်သွားတာပဲ”

ဦးဘသာက ကွမ်းကိုထွေးထုတ်လိုက်ပြီး

“အဲဒီမိန်းကလေးက ဖုတ်မဟုတ်လားကွ”

“ဟာ၊ ဦးဘသာဘယ်လိုသိတာလဲဗျာ”

“မင်းပြောတဲ့ ငူငူငိုင်ငိုင်ကြီးဆိုတာရယ်၊ ခေါင်းမှာ ခရေခက်ပန်ထားတယ်ဆိုကတည်းက ငါရိပ်မိလိုက်တယ်ကွ၊ ပြီးတော့ ရှမ်းတွေဆိုတာကလည်း အောက်လမ်းတွေဘာတွေ ကျွမ်းကျင်တယ်မဟုတ်လား”

“ဒါဆိုဘယ်လိုလုပ်မလဲ ဦးဘသာရာ၊ ရှမ်းတွေပြောတော့ အဲဒီဖုတ်ကောင်က ကြက်ကနေစပြီး တဖြည်းဖြည်း နွားတွေလူတွေကိုစားလာမယ်တဲ့၊ ကျုပ်ကြားဖူးသလောက်တော့ ဖုတ်ဝင်တယ်ဆိုတာ လူတွေအိပ်တော့မှ ထမင်းတွေထစားတာ မဟုတ်ဘူးလား”

ဦးဘသာက ခေါင်းခါရင်း

“ငါပြောပြမယ်အလတ်ကောင်ရ၊ ဖုတ်ဝင်တယ်ဆိုတာ နှစ်မျိုးရှိတယ်ကွ၊ ဖုတ်ဝင်တာနဲ့ ဖုတ်သွင်းတာဆိုပြီး နှစ်မျိုးရှိတယ်၊ ဖုတ်ဝင်တယ်ဆိုတာကတော့ နဂိုလူသေခါနီးအချိန်မှာ နာနာဘာဝတစ်ကောင်ကောင်က သူ့ကိုယ်ထဲကိုဝင်ပြီး ဟန်ဆောင်နေတာမျိုးကွ၊ လူတွေလစ်မှ စားတယ်သောက်တယ်မဟုတ်လား၊ အဲဒါကို ဖုတ်ဝင်တယ်ခေါ်တယ်၊ ဖုတ်ဝင်တာက မတော်တဆသဘောမျိုးဝင်တာပေါ့”

“နောက်တစ်မျိုးဖုတ်သွင်းတယ်ဆိုတာက ပညာအစွမ်းနဲ့ သေပြီးသားလူကို ဖုတ်ထည့်သွင်းတာကွ၊ ဖုတ်သွင်းတယ်ခေါ်တယ်၊ ရှေးက ကျေးလက်နယ်တစ်ချို့ဆိုရင် သေပြီးသားလူကို ဖုတ်သွင်းပြီး သုဿန်အထိလမ်းလျှောက်ခိုင်းတာ၊ တချို့ဆိုရင် မြှုပ်မဲ့ကျင်းကိုတောင် ဖုတ်ကောင်ကိုတူးဖော်ခိုင်းသေးတာ၊ ပြီးတော့မှ ဖုတ်ကောင်ကိုပြန်ထုတ်ကြတာ”

“ဆန်းတော့ဆန်းတယ်ဗျနော်”

“ဖုတ်ကိုအောက်လမ်းနည်းနဲ့သွင်းတဲ့အခါ ကုလားဆိုတဲ့ မိတ်ဓါတ်လိုတယ်ကွ၊ ကုလားဆိုတာက တနင်္လာနံနဲ့ ဗုဒ္ဓဟူးနံကိုပြောတာ၊ အဲဒီမိတ်ဓါတ်ကို လူသေဆိုတဲ့ ဗုဒ္ဓဟူးနံနဲ့ သောကြာနဲ့ကို ဆွဲပြီးရိုက်ရတယ်၊ ဒီလိုဓါတ်ရိုက်ဖို့အတွက် ခုနကပြောတဲ့ တနင်္လာနံနဲ့ဗုဒ္ဓဟူးနဲ့ပါတဲ့ ပန်းဖြစ်ဖြစ်၊ အညွန့်ဖြစ်ဖြစ် သုံးကြတယ်၊ ပန်းဆိုရင်တော့ ခေါင်ရမ်းပန်းအသုံးများတယ်၊ တို့အညာမှာ ခေါင်ရမ်းမရှိလေတော့ ခရေကို အစားထိုးပြီးသုံးလို့ရတယ်၊ မြစ်ဝကျွန်းပေါ် ဒေသဖက်ကျတော့ ခရာပင်ကိုသုံးတယ်၊ ဖုတ်ကောင်ဆိုတာ ဖုတ်သွင်းပြီးခိုင်းထားတဲ့အကောင်ကိုပြောတာကွ၊ ဖုတ်ဆိုတာကလည်း အမျိုးမျိုးခိုင်းလို့ရတာကိုး”

“ဆန်းလဲဆန်းသလို ကြောက်စရာလဲကောင်းလှပါလားဗျာ၊ ဒါထက် ဖုတ်သွင်းရထားတို့ ဘာတို့ကြားဖူးတာရှိသဗျ၊ အဲဒီဖုတ်ကရော ဒါပဲလား”

“တူတယ်လို့ပဲပြောလို့ရမယ်၊ ဖုတ်ဆိုတာ ခိုင်းလို့ရတဲ့ပရလောကသားကိုဆိုလိုတာကွ၊ ဒီတော့ ဖုတ်သွင်းရထားဆိုတာကလည်း ငါတို့ခုနကပြောနေတဲ့ လူသေမှာသွင်းတဲ့ဖုတ်မျိုးနဲ့ မတူပေမယ့် သဘောအားဖြင့်ကတော့ တူတယ်လို့ပြောရမယ်၊ ပြောလက်စနဲ့ စကားဆက်ပြောရရင် ဖုတ်ဝင်တာနဲ့ ဖုတ်သွင်းတာနဲ့မှာ ပညာနဲ့ဖုတ်သွင်းထားတဲ့ဖုတ်ကောင်က လူရဲ့ခန္ဓာကိုယ်ထဲကို ခိုးကြောင်ခိုးဝှက် ဝင်ရောက်ဟန်ဆောင်နေတဲ့ဖုတ်ကောင်ထက် အများကြီး စွမ်းတယ်”

“ဒါဆို နန်းမွန်ဆိုတဲ့ ဒီကောင်မလေးက တခြားဖုတ်တွေထက် ပိုစွမ်းတယ်ပေါ့နော် ဦးဘသာ”

“ဟုတ်တယ်၊ ရှမ်းတွေပြောတာမှန်တယ်၊ တကယ်လို့များ ဒီဖုတ်က သွေးသောက်မိသွားရင်၊ အညှီအဟောက်စားမိသွားရင် စားပြီးရင်းစားချင်ဖြစ်လာလိမ့်မယ်၊ ညကျရင်အစာစားပြီး မနက်ကျလို့အိပ်ပြီးတဲ့အခါ နောက်နေ့သူ့အစွမ်းတွေက ပိုတိုးလာတတ်တယ်၊ ဖုတ်ကောင်တကယ်စွမ်းသွားပြီဆိုရင် ကျွဲနွားတွေကိုတောင် ဂုတ်ကနေဆွဲပြီး ခုန်ပေါက်သွားလာနိုင်တယ်၊ နောက်ဆုံးတော့ လူသားစားတာပေါ့ကွာ၊ ဖုတ်ကောင်က လူသားစားသွားပြီဆိုရင် သာမန်လူသားက မနိုင်တော့ဘူးကွ၊ ဟိုးအရင်ခေတ်ကဆိုရင် ဖုတ်ကောင်မွှေလို့ ရွာလုံးကျွတ်ပြောင်းပြေးရတာတောင်ရှိသကွ”

“ဒါဆို ကျုပ်တို့ရွာတော့ ဒုက္ခပဲဗျာ၊ မနက်ကပဲ ကျုပ်တို့ခေါင်းရင်းအိမ်က ကိုဖိုးညှက်က ရေရွတ်နေတယ်ဗျ၊ သူ့ကြက်တွေပျောက်နေလို့တဲ့ဗျာ”

ကျုပ်ပြောတော့ ဦးဘသာကြီး ထိတ်ထိတ်ပြာပြာဖြစ်သွားတော့တယ်။

“ဟာ လခွမ်း၊ အဲဒါအခုမှလာပြောရသလားကွ”

“အခုသိပြီမဟုတ်လားဗျာ၊ ကျုပ်တို့ဘယ်လိုဆက်လုပ်ကြမလဲ”

“ကြက်သားစား၊ ကြက်သွေးသောက်ပြီးပြီဆိုရင်တော့ ဒီည ကြောင်တို့၊ ခွေးတို့လို အကောင်တွေရဲ့အသွေးအသားကိုစားတော့မယ့််သဘောပဲကွ”

“ဒါဆိုရင်လည်း အခုပဲရှာကြတာပေါ့ဗျာ”

“ဖုတ်ကောင်ဆိုတာ နေ့ဘက်မှာအိပ်နေတတ်တဲ့အကောင်မျိုးကွ၊ တို့ရွာဒီလောက်အကျယ်ကြီးမှာ ဖုတ်ကောင်ဘယ်နားအိပ်လဲဆိုတာ လိုက်ရှာရရင် ကောက်ရိုးပုံထဲ အပ်ရှာတာထက်တောင် ခက်နေမှာကွ”

“ကျုပ်တို့ကသာ ခက်နေတာပါဗျာ၊ ဦးဘသာအတွက်ကတော့ လွယ်ပါတယ်၊ ဦးဘသာ ပညာနဲ့ရှာပေါ့ဗျ”

ဦးဘသာက တစ်နေရာကိုကြည့်ငေးနေရင်း ခေါင်းညိတ်တယ်။

“အေးလေ၊ ဒါဖြင့်ရင်လဲ မင်းတို့အိမ်ကိုသွားကြတာပေါ့ကွာ”

ပြောလက်စနဲ့ ဦးဘသာက သူ့ကွမ်းအစ်ကို ကျုပ်ကိုလှမ်းပေးလိုက်တယ်ဗျ၊ ကျုပ်ကလည်း အထာနပ်နေပြီဆိုတော့ ကွမ်းအစ်ကိုပိုက်ပြီး သူ့အနောက်ကနေ လိုက်ခဲ့တာပေါ့ဗျာ။ ဦးဘသာက လမ်းလျှောက်လာရင်းရွာလယ်ကိုရောက်လာပါရောဗျာ၊ ရွာလယ်မန်ကျည်းပင်ကြီးတွေနားမှာ လမ်းလေးခွဆုံရှိတယ်ဗျ၊ အဲဒီလမ်းကနေ ရွာအရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းဆိုပြီးတော့ လေးပိုင်းကိုသွားလို့ရတယ်၊ ဦးဘသာက ဒီလမ်းဆုံရောက်တော့ လမ်းကိုသေချာပတ်ကြည့်နေသဗျ။

“ဦးဘသာကလဲဗျာ၊ အိမ်ကိုသွားပါမယ်ဆိုမှ၊ ရွာလယ်လမ်းမှာ လာပြီး ဝိုင်းကြီးပတ်ပတ်ဒူဝေေ၀လုပ်နေရသလားဗျ”

“ဟကောင်ရ၊ မင်းမသိတာမပြောနဲ့ကွ”

ပြောရင်းဆိုရင်း ဦးဘသာက လမ်းဘေးနားမှာကျနေတဲ့ တုတ်ချောင်းတစ်ချောင်းကို ကောက်လိုက်ပါရောဗျာ၊ နောက်တော့ လမ်းလေးခွအလယ်နားမှာ စက်ဝိုင်းပုံကြီးဆွဲသဗျ၊ စက်ဝိုင်းက ခပ်ကြီးကြီးရယ်ဗျ၊ မသိရင် ကလေးတွေဆော့ဖို့ စက်ဝိုင်းဆွဲတာကျနေတာပဲဗျာ၊ အံမယ်၊ ပြီးတော့ စက်ဝိုင်းထဲမှာလည်း အိမ်ပုံစံကလေးဆွဲသေးတယ်၊ တိုင်လေး လေးတိုင်နဲ့၊ အိမ်ခေါင်မိုးလေးတောင်ပါသေးသဗျာ၊ ဟော ပြောရင်းအိမ်ဘေးနားမှာ နောက်ထပ်အဆောက်အဦးတစ်ခုဆွဲပါရောဗျာ၊ သူကတော့ ခပ်ရှည်ရှည်ပဲ၊ ပြီးတော့ သစ်ပင်တွေ၊ သီးနှံစိုက်ထားတဲ့စိုက်ခင်းတွေဆွဲတယ်၊ ရေတွင်းကလေးတောင် အဆစ်ပါသေးသဗျာ။

“ရော်၊ ဦးဘသာကတော့ ခက်နေပါပြီဗျာ၊ ဖုတ်ကောင်ဖမ်းပါမယ်ဆိုမှ ဘယ့်နှယ့် ကလေးကလားနဲ့ ပုံထိုင်ဆွဲနေရတယ်လို့ဗျာ”

“မင်းမသိရင် ပါးစပ်ပိတ်ထားစမ်းအလတ်ကောင်ရာ”

“ဦးဘသာက ပုံဆွဲတာတော့ တူသဗျ၊ ဟောဒါက အိမ်၊ ဟောဒါက ရေတွင်း၊ ဟောဒါကစိုက်ခင်း၊ ဒါနဲ့ အိမ်ဘေးနားက ဟာက ဘာလဲဗျ”

“အဲဒါက စပါးကျီလေကွာ”

“ဟာ၊ ဒါဖြင့် နွားတင်းကုပ်ပါဆွဲလေဗျ၊ ကျုပ်ပါဝိုင်းဆွဲပေးမယ်”

ကျုပ်တုတ်ချောင်းကောက်ပြီး ဦးဘသာဘေးနားထိုင်လိုက်တော့ ဦးဘသာကျုပ်ကို မျက်မှောင်ကြုတ်ပြီးကြည့်တယ်။

“ဟကောင်၊ ငါလုပ်နေတာကို ကစားနေတယ်များ မင်းကထင်နေတာလားကွ”

ကျုပ်လည်း မျက်လုံးပြူးပြီး

“ဟ၊ မြေကြီးမှာ တုတ်ချောင်းနဲ့ အိမ်ပုံတွေဆွဲနေတာ၊ ကစားတာမဟုတ်လို့ ဘာလဲဗျ”

“မင်းကိုရှင်းပြရတာမောတယ်ဟေ့”

ဦးဘသာက သက်ပြင်းရှည်ကြီးချလိုက်တယ်။ ပြီးတော့ ကြောင်အမ်းအမ်းဖြစ်နေတဲ့ ကျုပ်ကိုကြည့်ပြီး

“မရှင်းပြလို့ကလဲ မရရှာဘူး၊ မင်းလိုကောင်က သေသေချာချာပြောတာတောင်မှ ကြားချင်မှကြားတတ်တဲ့ကောင်ကိုး”

“ဒါဆိုရင် အခုပုံဆွဲတာက ခုနကဖုတ်ကောင်နဲ့ တစ်ခုခုပတ်သက်နေလို့လား ဦးဘသာ”

ဦးဘသာက တုတ်ကိုမြေကြီးနဲ့ခြစ်ရင်း

“ဖုတ်ကောင်ကို နိုင်တာ မြေဖုတ်ပဲကွ၊ မြေဖုတ်ဆိုတာ မြေဖုတ်ဘီလူးကိုခေါ်တာပေါ့၊ ပြီးတော့ လမ်းလေးခွဆုံဆိုတာ မကောင်းဆိုးဝါးတွေနဲ့ ပတ်သက်နေတယ်လို့ လူတွေကယုံတယ်ကွ၊ အထူးသဖြင့် မြေဖုတ်ဘီလူးနဲ့ပေါ့ကွာ၊ ဒါကြောင့် မင်းတို့ခြေခေါက်လဲလို့ ခြေထောက်ကြီးယောင်ပြီးဖောင်းလာရင် လမ်းလေးခွဆုံကိုလာပြီး ထမင်းတစ်ဆုပ်လက်ပြန်ချပြီးတော့ မြေကြီးကိုအထက်အောက် လှပ်ပြီးလုပ်ကြတယ်မဟုတ်လား”

“ဟာ၊ ဟုတ်တယ်ဗျာ၊ ကြီးဒေါ်ပြုံးပြောတာက ခြေခေါက်လဲတယ်ဆိုတာ မြေဖုတ်ဘီလူးက စားချင်သောက်ချင်လို့ဖမ်းတာဆိုပဲ”

“ပြီးတော့ ခေါစာပစ်တယ်ဆိုရင်လည်း လမ်းလေးခွဆုံလိုနေရာပစ်ရတယ်၊ မာတြာနတ်ကို အစာမြှောက်ချင်လည်း လမ်းလေးခွဆုံချရတယ်မဟုတ်လား”

“ဟုတ်တယ်နော်ဗျ၊ လမ်းလေးခွဆုံက ဦးဘသာပြောသလို မကောင်းဆိုးဝါးတွေနဲ့ ပတ်သက်နေတာများလား”

“ငါပြောပြီးပါပြီကော၊ ဆက်ပြောရရင် ခုနက ဖုတ်ကောင်ကိုနိုင်ဖို့ဆိုရင် ဖုတ်ကောင်ကိုဖမ်းရတယ်ကွ၊ ဖုတ်ကောင်ဖမ်းတဲ့နေရာမှာ မြေဖုတ်ဘီလူးအကူအညီယူရတယ်၊ ဒီလိုဆိုရင်တော့ တစ်ရွာလုံးလိုက်ရှာနေစရာမလိုဘူးပေါ့ကွာ၊ ဟောဒီပုံတွေက မြေဖုတ်ဘီလူးကို ဒီနေရာကိုခေါ်တာကွ၊ သူ့အတွက် အိမ်တစ်ဆောင်၊ ကျီတစ်လုံး၊ ရေတွင်းတစ်တွင်းနဲ့ စိုက်ခင်းလုပ်ပေးလိုက်ရင် မြေဖုတ်လာသတဲ့ကွ၊ တစ်ချို့နယ်တွေကျတော့လည်း မြေကြီးတွေ၊ ရွှံ့တွေနဲ့ အိမ်ကလေးတွေ အဖြစ်လုပ်ကြတယ်ပေါ့ကွာ”

“ဒီလိုလုပ်တာနဲ့ မြေဖုတ်ဘီလူးက လာရောလား”

“ဒီအတိုင်းဆိုရင် လာချင်မှလာမှာကွ၊ အခုငါကမြေဖုတ်ဘီလူးကိုပင့်ပြီးပြီ”

“ဒါဆို ဘာဆက်ဖြစ်မလဲဗျာ”

“ဒီည ဖုတ်ကောင်ဒီနေရာကိုဖြတ်မိရင်တော့ မြေဖုတ်ဘီလူးနဲ့တွေ့ပြီပေါ့ကွာ”

ကျုပ်တောင် တော်တော်သိချင်သွားတယ်ဗျာ၊ ဦးဘသာက

“နေအုံး၊ မပြီးသေးဘူးကွ၊ ငါတို့ တနင်္လာနံနဲ့ဗုဒ္ဓဟူးနံပါတဲ့ ပန်းလိုသေးတယ်”

“ဦးဘသာ ခုနကပြောတော့ ခေါင်ရမ်းဆို၊ ဒါပေမယ့် ရွာမှာခေါင်ရမ်းပန်းမှမရှိတာ၊ နောက်တစ်မျိုးက ခရေ၊ ခရေပင်ကလည်း ရွာမှာရှားတယ်မဟုတ်လား၊ ရွာဦးကျောင်းထဲက ခရေပင်တောင်မှ တစ်နှစ်က သေသွားပြီမဟုတ်လား”

ဦးဘသာက ခပ်ပြုံးပြုံးနဲ့ကြည့်နေတယ်ဗျ။ ကြည့်ရတာ သူ့ရုပ်က အဖြေသိထားတဲ့ရုပ်မျိုး

“ခရေမရှိရင်လည်း နောက်တစ်မျိုးရှိသေးတယ်လေကွာ”

“အဖြေသိနေရင်လည်း မြန်မြန်ပြောစမ်းပါ ဦးဘသာရာ”

“ကြက်ရုံးကွ၊ ကြက်ရုံး”

“ဟာ၊ ဟုတ်ပဗျာ၊ ကြက်ရုံးရှိတာပဲ”

“အေး၊ ကြက်ရုံးပင်က ရွာမှာအပေါဆုံးပဲမဟုတ်လား၊ မင်းတို့အိမ်နောက်ဖေးမှာတင် ကြက်ရုံးအုံကြီးရှိတယ်မဟုတ်လားကွ၊ အဲဒီကနေ ကြက်ရုံးပန်းရရ၊ အညွန့်ရရခူးထားစမ်းကွာ”

“စိတ်ချဦးဘသာရေ၊ ရေချိုးတဲ့အနားမှာစိုက်ထားတော့ ကြက်ရုံးပင်တွေသန်လိုက်တာများဗျာ”

“အေး၊ ဒီလောက်ဆိုရပြီ လာသွားကြစို့”

“ဘယ်ကိုသွားမှာလဲ ဦးဘသာရဲ့”

“မင်းအဖေက အိမ်ကိုခေါ်တယ်ဆိုကွ၊ မင်းတို့အိမ်သွားပြီး သွားဖုတ်မလို့ဟေ့”

“ဟာ၊ အိမ်မှာ ဘာဖုတ်ကျန်သေးလို့လဲဗျ”

“လေဖုတ်မလို့ဟေ့၊ လေဖုတ်မယ်လို့ပြောတာ၊ လုပ်စရာရှိတာလုပ်ပြီးပြီဆိုတော့ အဲဒီရှမ်းတွေနဲ့ စကားစမြည်လိုက်ပြောဖို့ဟေ့၊ ကွမ်းလေးဝါးလိုက်၊ စကားလေးပြောလိုက်နဲ့ဆိုရင် သိပ်အရသာရှိမှာ”

“ဟုတ်ပါ့ဗျာ၊ ပလောင်တွေဆီက လက်ဖက်ခြောက်နဲ့ ရေနွေးကြမ်းကောင်းကောင်းတိုက်မယ်ဗျာ၊ နေကြာစေ့လှော် သင်းသင်းကလေးပါ ကျွေးအုံးမှာ”

ပြောရင်းဆိုရင်း ကျုပ်နဲ့ဦးဘသာနဲ့ အိမ်ကိုဦးတည်လာခဲ့တာပေါ့ဗျာ၊ အိမ်မှာ ဦးဘသာတို့ လေဖုတ်နေတုန်း ကျုပ်က အိမ်နောက်ဖေးကိုဝင်ခဲ့သဗျ။

ဒီနေရာမှာ ကြက်ရုံးကိုမမြင်ဖူးတဲ့လူတွေကို ပြောပြချင်သေးတယ်ဗျ၊ ကြက်ရုံးဆိုတာ ချုံပင်တစ်မျိုးပဲဗျ၊ စံပယ်ပင်နဲ့တော်တော်ကိုတူတာ၊ မသိတဲ့လူက ကြက်ရုံးပင်ကို စံပယ်ပင်လို့ထင်ကြတယ်၊ အမှန်က စံပယ်ကစံပယ်၊ ကြက်ရုံးက ကြက်ရုံးဗျ၊ စံပယ်ပင်ကတော့ မိုးများတဲ့ အောက်ပြည်အရပ်တွေဘက် အဖြစ်များပေမယ့် ကျုပ်တို့အညာမှာတော့ ကြက်ရုံးက ပိုများတယ်ဗျ၊ အရွက်ချင်းလည်းမတူသလို အပွင့််ချင်းလည်းမတူဘူးဗျ၊ စံပယ်ပင်အရွက်ကတော့ ခပ်ဝိုင်းဝိုင်းလေးတွေ၊ အဖူးတွေဆိုရင်လဲ ခပ်လုံးလုံးကလေးတွေဗျ၊ ကြက်ရုံးကျတော့ အရွက်က ခပ်ချွန်ချွန်ရယ်၊ အပွင့်ကလည်း ပွင့်ဖတ်ချွန်ကလေးတွေနဲ့ဗျ၊ စံပယ်ပင်လောက်တော့ အထပ်မများဘူး၊ မွှေးတာကတော့ ကျုပ်အထင် ကြက်ရုံးပန်းက ပိုပြီးမွှေးသဗျ၊ မိုးဦးကျလောက်ဆိုအပင်စိုက်ထားရင် ခုလိုဆောင်းတွင်းဘက်ဆိုရင်တော့ ဖွေးနေအောင်ပွင့်သဗျာ၊ ကျုပ်တို့အိမ်က အပင်ကတော့ သုံးလေးနှစ်ရှိပြီဆိုတော့ အတော်ကိုဝေနေပြီပေါ့ဗျာ၊ အိမ်က အငယ်မတို့ဆိုရင် မနက်လင်းရင် ကြက်ရုံးပန်းကလေးတွေခူးပြီးတော့ ငှက်ပျောဖက်ကလေးကန်တော့ထိုးပြီး အဲဒီထဲထည့်ပြီး ဘုရားလှူတာပဲဗျာ၊ ပိုတာကိုတော့ ကြိုးနဲ့သီပြီး ပန်ကြတယ်ပေါ့။

ဦးဘသာက ညမှသုံးမယ်ဆိုတော့ ကြက်ရုံးပန်းဖူးကလေးတွေနဲ့ အညွန့်ကလေးသုံးလေးညွှန့်ကို ကျုပ်ကရအောင်ခူးပြီး ရေစွတ်ထားတဲ့အဝတ်နဲ့ ထုပ်ထားလိုက်တယ်ပေါ့ဗျာ။

ဒီလိုနဲ့ည ရောက်လာခဲ့ပါရောဗျာ၊ ဦးဘသာက သူမပြန်ခင်မှာသွားတယ်၊ ညကျတော့ ပွဲကြီးပွဲကောင်း မလွတ်ချင်ရင် အိပ်မငိုက်အောင်နေတဲ့ဗျာ၊ ဒါပေမယ့် တစ်နေ့လုံးပင်ပန်းထားတာဆိုတော့လည်း ဘယ်ဟန်နိုင်မှာလဲဗျ၊ မျက်လုံးကိုအကျယ်ကြီးဖွင့်ပြီး ပြူးထားတာတောင်မှ ညသန်းခေါင်နားနီးတော့ မိုက်ခနဲအိပ်ပျော်ကျသွားတာပါပဲ။

ခွေးဟောင်သံတွေ ခွေးအူသံတွေကြားတော့မှ ကျုပ်လည်းလန့်နိုးသွားမိတယ်ဗျ၊ ဒီတော့မှ ကမန်းကတမ်းနဲ့အိမ်ပေါ်က ပြေးဆင်းခဲ့တော့တာ၊ ဦးဘသာယူခိုင်းထားတဲ့ ကြက်ရုံးပန်းလေး မေ့ကျန်ခဲ့လို့ လမ်းတစ်ဝက်လောက်ရောက်တော့မှ အိမ်ပြန်ပြီးယူရသေးသဗျာ၊ တစ်ရွာလုံးက ခွေးတွေကလည်း အူလိုက်၊ ဟောင်လိုက်တာပြောမနေပါနဲ့ဗျာ။ ရွာလယ်အနားရောက်တော့မှာ ရွာလယ်မှာ မတ်တပ်ရပ်နေတဲ့ မိန်းကလေးကိုတွေ့လိုက်ရတယ်ဗျ၊ သေချာတာကတော့ ဖုတ်ကောင်ကြီးပေါ့ဗျာ၊ အနားရောက်တော့မှ သူ့ပါးစပ်ထဲမှာ ခွေးတစ်ကောင်ကိုကိုက်ချီထားတယ်ဗျ၊ ခွေးကလက်တွေခြေတွေတောင်မှ လှုပ်နေသေးတာ၊

ကျုပ်အနားကိုကပ်သွားတော့ ဖုတ်ကောင်က ကျုပ်ကိုမာန်ဖီရင်း တဂီးဂီးအော်ပြီးကြည့်နေသဗျာ၊ ချစ်စရာကောင်းတဲ့ ကောင်မလေးက အခုတော့ ရုပ်ကြီးက ကြောက်စရာကြီးဗျာ။ ကျုပ်တောင်မှ လန့်သွားတာနဲ့ အနောက်ကိုဆုတ်သွားမိတယ်၊။

“မပူစမ်းပါနဲ့ကွ၊ သူမလှုပ်နိုင်ပါဘူး”

မန်ကျည်းပင်အနောက်က ဦးဘသာထွက်လာသဗျ၊ သူနဲ့အတူ ပလောင်ကြီးနှစ်ယောက်လည်း ထွက်လာကြတယ်၊ မီးတုတ်တွေမထွန်းထားပေမယ့် လရောင်ကြောင့်လင်းနေသဗျ။

“ဘယ်လိုလုပ်လိုက်တာလဲဦးဘသာ”

“ငါဘာမှမလုပ်ပါဘူးကွ၊ သူ့ကိုမြေဖုတ်ဘီလူးက ဖမ်းထားပြီ၊ သူ့ခြေထောက်တွေကို မင်းကြည့်လိုက်စမ်းး”

ဟုတ်တယ်ဗျ၊ ကျုပ်ကြည့်လိုက်တော့ မနက်က ဦးဘသာပုံဆွဲခဲ့တဲ့နေရာနားမှာ ဖုတ်ကောင်က ရပ်နေတာ၊ ဖုတ်ကောင်ရဲ့ခြေထောက်တွေက မြေကြီးထဲကို ခြေမျက်စိလောက်အထိ နစ်ဝင်နေသဗျာ၊ ကျုပ်တို့အညာဘက်မြေကြီးက မာတယ်ဆိုတော့ ဒီလိုလွယ်လွယ်နဲ့ ကျွံမသွားနိုင်ဘူးဗျ။

ဦးဘသာက ဖုတ်ကောင်ဆီကိုလာရင်း

“ဟေ့ဖုတ်ကောင်၊ ဘာကြောင်ကြည့်နေတာလဲ၊ မင်းအခုထွက်ရင်ထွက်၊ မထွက်ရင် ငါနဲ့တွေ့မယ်”

ပလောင်ကြီးက သူ့လွယ်အိတ်ထဲကနေ သစ်သားစို့ကြီးတစ်ချောင်းကို ကိုင်ထားတယ်၊

“ဆရာကြီးဖယ်၊ ဆရာကြီးမလုပ်နဲ့၊ ကျုပ်ဒီကောင့်ကို စို့နဲ့ထိုးမယ်”

“အိုဗျာ၊ ခင်ဗျားစို့နဲ့ထိုးတော့ လူသေက ပုံပျက်သွားမှာပေါ့၊ ခင်ဗျားတို့ပဲပြောတယ်မဟုတ်လား၊ ဒီကောင်မလေးကို ရွာရောက်အောင်သယ်သွားရမယ်ဆိုတာလေ”

ပလောင်ကြီးက ခေါင်းညိတ်တယ်။

“ကျုပ်အားလုံးအဆင်ပြေအောင်လုပ်ပေးမယ်၊ ပညာစွမ်းရင် စို့မလိုပါဘူးဗျ၊ ကဲ ဖုတ်ကောင် ထွက်လိုက်တော့”

ဖုတ်ကောင်က ပါးစပ်ထဲက ခွေးသေကောင်ကိုပစ်ချလိုက်ပြီးတော့ ပါးစပ်ကြီးဖြဲပြီး တဂီးဂီးနဲ့အော်သဗျာ၊ ပြီးတော့ သူ့အစွယ်ကိုလည်း ဖြဲပြလိုက်သေးတယ်၊ အစွယ်က သေးတော့မသေးဘူးဗျ၊ တစ်ရက်နှစ်ရက်နဲ့အစွယ်ထွက်လာတယ်ထင်ပါ့။ ဒီအခါ ဦးဘသာက ဘာလုပ်တယ်ထင်သလဲဗျာ။ သူ့မျက်နှာကို လက်ဝါးနဲ့ နာရီလက်တံအတိုင်းပြောင်းပြန်ပွတ်ထည့်လိုက်တယ်ဆိုရင်ပဲ သူ့မျက်နှာကြီးက သရဲမျက်နှာကြီးဖြစ်သွားသဗျာ၊ ဖုတ်ကောင်ပါးစပ်ဖြဲပြသလို သူကလည်း ပါးစပ်ကြီးကိုဖြဲထည့်လိုက်တာ ပါးစပ်ကြီးက နည်းတာကြီးမဟုတ်ဘူးဗျ၊ အစွယ်တွေလည်း အများကြီးပဲဗျို့၊ ဖုတ်ကောင်က ဦးဘသာအစွယ်တွေကြည့်ပြီးတော့ တစ်ခါတည်းလန့်သွားတယ်ဗျ၊ နောက်တော့ အလောင်းကြီးက ခေါင်းငိုက်စိုက်ကျသွားပါရော။

“ကဲ အလတ်ကောင်၊ မင်းရဲ့ကြက်ရုံးပန်းကို ငါ့ကိုပေးစမ်း”

ကျုပ်လက်ထဲက ပန်းကိုဦးဘသာဆီပေးလိုက်တယ်၊ ဦးဘသာက ကြက်ရုံးပန်းထုပ်ကိုဖွင့်လိုက်တော့ ပန်းနံ့ကမွှေးနေတာပဲဗျာ။

“မင်းတို့တွေက သူ့ကိုဘယ်က ဖုတ်ထည့်ခဲ့သလဲမှမသိတာကွ၊ ခပ်ကြမ်းကြမ်းအကောင်ကိုထည့်မိတော့ ဖုတ်ကထွက်ပြေးဖို့လုပ်တာပေါ့”

ပလောင်ကြီးတွေလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး

“ဒီအတိုင်း ပေတောရွာအပြင်က တွေ့တဲ့သရဲခေါ်ထည့်တာပါ”

ဦးဘသာက ကြက်ရုံးပန်းကို မန်းမှုတ်နေပြီးတော့

“ကဲပါ၊ ငါအခုတော့ ဖုတ်ကောင်ယဉ်ယဉ်ကလေးပြန်ထည့်ပေးလိုက်မယ်၊ မင်းတို့ရွာပြန်ရောက်တာနဲ့ သူ့ကိုလွှတ်ပေးလိုက်နော်၊ သူ့အတွက် ကောင်းမှုတစ်ခုခုလောက်လည်း လုပ်ပေးလိုက်စမ်းပါ”

“ကောင်းပါပြီဆရာကြီး”

ဦးဘသာက အဲဒီကြက်ရုံးပန်းကို မိန်းကလေးရဲ့ခေါင်းက ဆံထုံးကလေးထဲကို သေသေချာချာထိုးပေးလိုက်တယ်။ ပြီးတော့ မိန်းကလေးရဲ့ နဖူးကိုလက်ဝါးနဲ့သုံးချက်ရိုက်တဲ့အခါ မိန်းကလေးတစ်ကိုယ်လုံးက နတ်ပူးသလိုတဆတ်ဆတ်တုန်ယင်ပြီးတော့ မျက်လုံးတွေပွင့်လာသဗျ၊ ဦးဘသာက ဖုတ်ကောင်ကိုသေချာစိုက်ကြည့်ပြီး

“ငါ့မျက်လုံးကိုကြည့်စမ်း၊ ငါ့မျက်လုံးကိုကြည့်စမ်း”

ဦးဘသာနဲ့ ဖုတ်ကောင်နဲ့ အကြည့်ချင်းဆုံသွားတယ်ဗျ၊ ဦးဘသာက ဖုတ်ကောင်ကို ဂုတ်ကနေလက်နဲ့ဆွဲကိုင်ပြီးတော့ သူ့နဖူးနဲ့ထိလောက်တဲ့အထိတိုးကပ်ရင်း

“နင့်ကိုမှာလိုက်မယ်၊ နင်သူတို့ပြောတာနားထောင်၊ သူတို့နဲ့ကောင်းကောင်းမွန်မွန်လိုက်သွား၊ လမ်းမှာ ဂဂျီဂဂျောင်မကျနဲ့ ဟုတ်ပြီလား”

ဖုတ်ကောင်က ခေါင်းညိတ်တယ်ဗျ၊ ဦးဘသာက

“ကဲ ခင်ဗျားတို့ ခေါ်သွားနိုင်ပြီ၊ ကျုပ်ပြောတာသာမမေ့နဲ့ ရွာရောက်လို့ ဖုတ်ထုတ်ပြီးရင် သူ့အတွက်ကောင်းမှုလေးတစ်ခုခုလုပ်ပေးလိုက်ပါ”

“စိတ်ချပါဗျာ၊ ဒီမိန်းလေးကို မြေချရက်လည်ပြီးရင် သူ့ကိုလည်း အမျှဝေလိုက်ပါ့မယ်”

ဦးဘသာက လှည့်ထွက်သွားတော့မယ်၊ မိန်းကလေးကို ပလောင်ကြီးတွေက ခေါ်သွားကြတယ်ဗျ၊ ဒီအခါ သူ့ခြေထောက်တွေက မြေထဲကိုမနစ်တော့ဘူးဗျို့၊ ကျုပ်တို့အိမ်မှာတည်းတာဆိုတော့ ကျုပ်လည်း ငူငူကြီးလိုက်လာရတာပေါ့ဗျာ။ မနက်မိုးမလင်းခင်မှာပဲ ရှမ်းကြီးတွေက အဖေ့ကိုနှုတ်ဆက်ပြီးတော့ အိမ်ကနေထွက်သွားကြတယ်၊ သူတို့နဲ့အတူ ကြက်ရုံးပန်းကို ပန်ထားတဲ့ မိန်းကလေးကလည်း အနောက်ကနေ ငူငူငိုင်ငိုင်နဲ့လိုက်သွားပါရောဗျာ။ မနက်မိုးလင်းခါစဆိုတော့ ဒီမိန်းကလေးပန်ထားတဲ့ကြက်ရုံးပန်းဖူးကလေးက ပွင့်အာပြီးတော့ မွှေးကြိုင်နေတာပါပဲဗျာ။

ပြီးပါပြီ။

အဂ္ဂဇော်