ထိန်းပါလိမ့်မယ်တော်…”
“အင်း…အေးလေ…ခရီးသွားဖြစ်ရင်တော့
ခေါ်ကြည့်တာပေါ့”
ဟု…ဘွားမယ်စိန်ကပြောတော့ငသွင်အတော်ပျော်သွားသည်။
ဒေါ်ဝင်းလည်းငသွင်ပျော်တာကိုကြည့်ပြီး
ပြုံးသွားလေသည်။
ထိုအချိန်…
“ဘွားမယ်စိန်ရှိလားခင်ဗျ…”
ဟုသောခေါ်သံကိုကြားလိုက်ရပြန်သည်။
“ရှိတယ်ဟေ့…ဝိုင်းထဲဝင်ခဲ့”
ဒေါ်ဝင်းကပြန်ဖြေလိုက်တော့ခြံဝိုင်းထဲကို
လူနှစ်ယောက်ဝင်လာခဲ့သည်။
“သြော်…ဧည့်သည်တွေပဲ…”
ဒေါ်ဝင်းကလူစိမ်းနှစ်ယောက်ကို မြင်တော့အံ့သြသွားသည်။
ထိုလူနှစ်ယောက်ကို ကွပ်ပျစ်ခင်း၌ဝင်ထိုင်စေ၏။
အသက်သုံးဆယ်ကျော်ယောကျာ်းနှစ်ဦးသည်
သူတို့ခေါင်း၌ဆောင်းထားသောဝါးခမောက်များကို
ချွတ်လိုက်၏။
“ဘွားမယ်စိန်ဆိုတာ…ဟောသည်ကအမေကြီးလားခင်ဗျ”
ဘွားမယ်စိန်ကိုကြည့်ရင်းမေးလိုက်တော့ဘွားမယ်စိန်က
ခေါင်းညိတ်၍…
“ဟုတ်ပါတယ်…ဘွားကမောင်ရင်တို့ပြောတဲ့ဘွားမယ်စိန်ပါ…
ဒါနဲ့မောင်ရင်တို့က ဘယ်ရွာကနေများ လာကြတာလဲကွဲ့”
ဟုပြန်မေးလေတော့ …
“ကျုပ်နာမည်က လူအေးပါ…
ဟောသည်ကတော့ကျုပ်ညီတစ်ဝမ်းကွဲ…
စိန်လုံးလို့ခေါ်ပါတယ်…ကျုပ်တို့က
သဲကုန်းရွာကလာကြတာပါ…”
“သဲကုန်းရွာ…အင်း…ဒီရွာနာမည်ကိုတော့
ဘွားမကြားဖူးသေးဘူးကွဲ့”
“ဟုတ်ကဲ့…ကျုပ်တို့လည်း အခက်အခဲကြုံမှ
ဘွားအကြောင်းတွေသိခဲ့ရတာပါခင်ဗျာ…”
“ဟေ…မောင်ရင်တို့မှာ…
ဘယ်လိုအခက်အခဲများကြုံလို့လဲကွဲ့…”
ဘွားမယ်စိန်မေးတော့ ကိုလူအေးနှင့်ကိုစိန်လုံးတို့
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြသည်။
ကိုလူအေးမှ…
“ကျုပ်ပြောပါ့မယ်…ဒီလိုပါအမေကြီး…
အခုလိုမျိုးကျုပ်တို့ရွာမှာတစ်ခါမှမဖြစ်ခဲ့ဖူးပါဘူး
အမေကြီးရယ်…”
ဟု…အစချီပြီးပြောပြလေတော့သည်။
သဲကုန်းရွာ….
သဲကုန်းရွာသည်အေးချမ်းသောရွာတစ်ရွာဟုဆိုရပေမည်။
ရွာသူ၊ရွာသားတို့သည် ရွာအရှေ့ဘက်၌ချောင်းကိုအမှီပြု၍
ဖားရှာ…ငါးရှာ ၍အသက်မွေးကြသလို…
လယ်ယာလုပ်ငန်းလုပ်ကိုင်ကြသူများလည်းရှိပေသည်။
အေးချမ်းလှသောသဲကုန်းရွာလေးအားမွှေနှောက်မည့်
မုန်တိုင်းတစ်ခုရောက်လာမည်ကိုတော့
မည်သူမှကြိုမသိခဲ့ပေ။
ညနေ နေဝင်ရီတရောအချိန်မှစ၍…
ရွာထဲရှိအိမ်တိုင်းအလိုလိုတွင်နွားများ၊ခွေးများမှာဂဏှာမငြိမ်ဖြစ်နေခဲ့သည်။
ခွေးတွေကတအီအီဖြစ်နေသလို…နွားများကလည်း
နှာတဖူးဖူးမှုတ်နေကြ၏။
“ဟဲ့ခွေး…ဘာဖြစ်နေတာလဲ…
မောင်းကြစမ်းပါဟဲ့”
ခွေးတွေကိုအော်ကြ…မောင်းကြပေမယ့်…
ခွေးများကတစ်စုံတစ်ခုကိုကြောက်နေဟန်ဖြင့်
တစ်ကိုယ်လုံးတုန်ရီပြီးလူတွေမောင်းထုတ်သည်ကိုပင်မရ။
ညသန်းခေါင်သို့ရောက်လာတော့…
“ဂီးးးးးးဂီးးးးးးးဂီးးးးးးးးးးးဂီးးးးးးးးးးးး”
ငှက်ဆိုးတစ်ကောင်သည် အိမ်တစ်အိမ်၏
ခေါင်မိုးပေါ်၌ တဂီးဂီးအော်သံပေးပြီး နားနေခဲ့သည်။
ငှက်ဆိုးအော်သောထိုအိမ်၌ နောက်တစ်နေ့နံနက်တွင်
အိမ်ရှိလူတစ်ယောက်သေဆုံးသွားခဲ့လေသည်။
အကြောင်းအရင်းမရှိသေဆုံးသွားခြင်းကြောင့်
မိဘဆွေမျိုးများမှာလက်မခံနိုင်ဘဲသေဆုံးသူအတွက်ယူကျုံးမရငိုယိုနေခဲ့ကြသည်။
တစ်ပတ်မျှကြာလေတော့ ညနေ…နေဝင်သည်နှင့်
ခွေးများ၊နွားများမှာထိန်းမရ…အော်မရ…ငေါက်မရအခြေအနေဖြစ်လာပြန်သည်။
ခွေးတွေကတအီအီဖြစ်နေပြီး…
နွားများကတော့နှာတဖူးဖူးမှုတ်နေကြ၏။
“လူအေး…”
“ဗျာအဘ…”
“ခွေးတွေက တအီအီနဲ့ကွ…
ဒီကောင်တွေဘာကိုကြောက်နေတယ်မသိဘူးဟေ့…”
“ဟုတ်တယ်အဘ…
တောင်ဝိုင်းက နွားနီကြီးဆိုခွာတွေပါယက်နေတာဗျ”
“အေး…တို့ရွာတော့တစ်ခုခုဖြစ်တော့မယ်ထင်တယ်…
လူတွေထက်ဒီကောင်တွေကကြိုသိတယ်လူအေးရ…
မင်းညဘက်အိပ်ရင်သတိလေးထားအိပ်ဦးကွ”
“ဟုတ်ကဲ့အဘ…”
“အေး…အေး…”
ကိုလူအေးကိုဖခင်ဖြစ်သူကပြောနေခြင်းဖြစ်၏။
အချိန်ကတဖြေးဖြေးညနက်လာခဲ့သည်။
ကိုလူအေးတစ်ယောက်သတိဖြင့်အိပ်နေရင်း
ညသန်းခေါင်အချိန်ရောက်တော့…
“ဂီးးးးးဂီးးးးဂီးးးးးးဂီးးးးးးးးးးးး”
ငှက်ဆိုးတစ်ကောင်၏ အော်သံကိုကြားလိုက်ရ၏။
“ဝုန်း…ဖြန်း…”
“အား…အား…အားးး…..”
ထိုငှက်ဆိုးအော်သံကြောင့်ထင်သည်
သစ်ပင်ကြီးများပေါ်တွင်
အိပ်တန်းတက်နေသော ကျီးတစ်သိုက်ထပျို၏။
ထိုသို့ဆူညံနေသောအသံများကြောင့်
ကိုလူအေးတို့တင်မက တခြားလူများပါနိုးနေကြပြီဖြစ်သည်။
“အဘ…ငှက်ဆိုးက ကျုပ်တို့တောင်ဝိုင်းက
အဘငွေ တို့အိမ်ခေါင်မိုးကနေ အော်နေပုံရတယ်ဗျ”
“အေးကွ…ဒီကောင်ဘငွေတို့လောက်လေးခွနဲ့
မထုကြဘူးထင်တယ်ငါ့သားရ…
ဒီငှက်ဆိုးတွေကနိမိတ်မကောင်းဘူး…
ဒီကောင်တွေအခုလိုလာလာအော်နေတာ
တစ်ခုခုတော့ဖြစ်တော့မယ်ထင်တယ်ကွ”
ကိုလူအေးအဖေက လူကြီးပီပီစဉ်းစား၍ပြောလေသည်။
ရှေ့မှီ..နောက်မှီလူကြီးတွေဖြစ်တာကြောင့်ကိုလူအေးတို့
မသိသည်များကိုသိထားကြ၏။
နောက်တစ်နေ့နံနက်သို့ရောက်တော့
ထိုငှက်ဆိုးနား၍အော်ခဲ့သော ကိုလူအေးတို့တောင်ဝိုင်းမှ
အဘငွေ ဆိုသည့်အဘိုးကြီးဆုံးလေသည်။
“ထူးဆန်းတယ်ကွ…
မနေ့ညကအဘငွေ တို့အိမ်ခေါင်မိုးမှာ
ငှက်ဆိုးတစ်ကောင် လာအော်နေတာ….
ဒီမနက်အဘငွေ ဆုံးတာကလည်းဒီငှက်ဆိုးနဲ့
ဆက်စပ်နေပုံရတယ်ကွ….”
“ဒါဆိုရင်တော့ဒုက္ခပဲကွာ…
ငှက်ဆိုးနားတဲ့အိမ်တိုင်းလိုလို အဲ့အိမ်မှာရှိတဲ့
လူတစ်ယောက်သေဆုံးရမယ်ဆိုရင်တော့
တို့ရွာရှိလူကုန်ကျန်ပါဦးမလားကွာ…”
ထိုအကြောင်းကိုပြောရင်း
သဲကုန်းတစ်ရွာလုံး ကြောက်လန့်လာကြသည်။
ငှက်ဆိုးမလာစေရန်မည်သို့လုပ်ရလေမလဲဟု
ဝိုင်းဝန်းတိုင်ပင်နေကြ၏။
သဲကုန်းရွာသူကြီး ဦးဘသိုက်တစ်ယောက်လည်း
ထိုအရေးနဲ့ပတ်သတ်ပြီးခေါင်းခြောက်နေခဲ့သည်။
ဦးဘသိုက်ခေါင်းခြောက်ရခြင်းက သူကြီးကတော်
ကြောင့်ဆိုရင်ပိုမှန်ပေလိမ့်မည်။
“ဒီမယ်ကိုဘသိုက်…
ရွာထဲမှာထွက်နေတဲ့သတင်းတွေကိုတော်ကြာတယ်နော်…
အဲ့ငှက်ဆိုးဆိုလား…ဘာဆိုလားကိုရှင်ရအောင်ရှင်းရင်ရှင်း
မရှင်းနိုင်ရင်တော်ကျုပ်အိမ်ကနေဆင်းရမယ်မှတ်ပါ…
ဘယ့်နဲ့တော်…ရွာထဲမှာဒီလောက်လူတွေသောကများနေတာကို
သူကြီးတန်မဲ့…တော်ဘာမှမလုပ်ပေးနိုင်ဘူးလား”
“ဟ…မယ်မြရယ်…ငါလည်းဒီအကြောင်းခေါင်းပူနေတာပါကွ”
“ခေါင်းပူနေလို့ဒီငှက်ဆိုးကသေသွားမှာမဟုတ်ဘူး…
တော်နေနောက်တစ်ခါသေမယ့်သူက
တော်ဖြစ်နေဦးမယ်…ကိုဘသိုက်ရဲ့”
“ဟာ…ဖွ…ဖွ…ဖွ…မယ်မြရယ်…
မင်းနှုတ်ကလည်းမဟုတ်တာတွေပြောနေပြန်ပြီ”
“ဒါဆိုလည်းရွာဦးကျောင်းဆရာတော်ဆီကို
အပြေးသွားပြီး အကူအညီတောင်းလေ…
ဒါတွေကအစကျုပ်ကလိုက်ပြောနေရမှာလားတော့်…”
“သြော်…အေး…အေး…ဟုတ်သားပဲ…
ငါဆရာတော်ဆီသွားပြီး
အကူအညီတောင်းကြည့်ပါဦးမယ်ကွာ…”
သူကြီးကတော်ပြောလေမှသူကြီးဦးဘသိုက်လည်း
ရွာဦးကျောင်းဆရာတော်ဆီကိုပြေးတော့သည်။
ရွာ၌ဖြစ်ပျက်သမျှကိုအကြောင်းစုံရှင်းပြလေတော့
ဆရာတော်ကလည်း ရွာထိပ်၌ ပရိတ်ပဌာန်းများရွတ်ဆိုဖို့
စီစဉ်ခိုင်းတော့သည်။
ထိုသို့ဖြင့်ရွာရှိသဃာတော်များနှင့်
ပရိတ်ပဌာန်းများရွတ်ဆိုကြလေသည်။
ပရိတ်ပဌာန်းများရွတ်ဆိုပြီးနောက်ရွာထဲ၌
အခြေအနေကငြိမ်သွားသည်။
သို့သော်တစ်ပတ်ကျော်လေတော့
အခြေအနေကယခင်ကဲ့သို့ပြန်ဖြစ်လာခဲ့၏။
“ခွေးတွေ…နွားတွေဖြစ်ပြန်ပြီဟေ့
ဘယ်အိမ်ကလူများသေဦးမလဲကွာ…”
“ကျုပ်တို့တော့ကြောက်တယ်တော့်…
အီးးးးးးးးးဟီးးးးးးးးဟီးးးးးးးး”
ယောကျာ်းသားများကပူပန်နေကြသလို
အမျိုးသမီးများနဲ့ကလေးငယ်များမှာကြောက်လွန်း၍
ငိုကုန်ကြသည်။
တစ်ရွာလုံးလည်းငိုကြယိုကြဖြင့်
အတော်လေးစိတ်သောကရောက်နေကြရှာသည်။
နောက်တစ်နေ့နံနက်သို့ရောက်တော့
ရွာထဲရှိယောကျာ်းသားတစ်ဦးသေဆုံးသွားခဲ့ပြန်လေသည်။
ထိုအကြောင်းများအား ကိုလူအေးက
ဘွားမယ်စိန်ကိုဖြစ်ကြောင်းကုန်စင်ပြောပြသောအခါ
ဘုန်းကြီးကျောင်းသားငသွင်မှာမျက်လုံးအပြူးသားဖြင့်
အံ့သြသွားခဲ့သည်။
ဘွားမယ်စိန်ကလည်း…
“မောင်ရင်တို့ရွာမှာအခုလိုတွေဖြစ်နေတာဆိုတော့
မောင်ရင်တို့ဘာအမှားများလုပ်ထားမိကြသေးလဲကွဲ့”
“ဗျာ…”
ဘွားမယ်စိန်အမေးကြောင့်ကိုလူအေး “ဗျာ”ဟု
နှုတ်မှထွက်သွားသည်။
ညီဖြစ်သူကိုကြည့်၍မျက်ခုံးပင့်ပြတော့
ညီဖြစ်သူကခေါင်းကိုခါပြသည်။
“ကျုပ်တို့ဘာအမှားမှတော့မလုပ်မိထားဘူးလို့
ထင်ပါတယ် အမေကြီး…”
ဟု…ကိုလူအေးပြောလေတော့ဘွားမယ်စိန်က
ခေါင်းကိုခါရမ်းသည်။
ပြီးနောက်ကိုလူအေးတို့ကိုလက်ဖြင့်မည်သည့်
စကားမှဆက်မပြောစေရန်ဟန့်တားလိုက်လေသည်။
မျက်လုံးများကိုမှိတ်၍ငြိမ်သက်သွားသောဘွားမယ်စိန်ကြောင့်
ကိုလူအေးတို့လည်းငြိမ်၍ကြည့်နေကြ၏။
ခဏမျှကြာလေတော့ဘွားမယ်စိန်မျက်လုံးများပြန်ပွင့်လာသည်။
ကိုလူအေးကိုသေချာစိုက်ကြည့်ပြီး…
“ရှိနေတယ်မောင်ရင်ရဲ့”
“ဗျာ…ဘာရှိနေတာလဲအမေကြီး”
“မောင်ရင်တို့အမှားတစ်ခုလုပ်မိထားကြတယ်…”
“ဗျာ…ဘာအမှားပါလိမ့်…”
“မောင်ရင်တို့တစ်ရွာလုံးကိုအငြိုးနဲ့သတ်ချင်နေတဲ့
နှစ်ချို့သရဲတစ်ကောင်ရှိနေတယ်…
သူ့အစွမ်းနဲ့တစ်ရွာလုံးကိုချက်ချင်းသတ်ပစ်လို့မရလို့သာ
တစ်ယောက်ချင်းကိုသတ်နေတာ…
ဒီအတိုင်းသာဆိုရင်…မောင်ရင်တို့သဲကုန်းတစ်ရွာလုံးတော့
သေဘေးနဲ့တွေ့ရတော့မှာပဲကွဲ့”
“ဗျာ…”
“ဟင်…”
ကိုလူအေးတို့အံ့သြသွားကြသည်။
“ကဲ…အချိန်မဆွဲနဲ့ကွဲ့ …
ဘာအမှားလုပ်ထားလဲဆိုတာသာပြန်စဉ်းစားကြ”
“ကျုပ်တို့စဉ်းစားလို့မရဖြစ်နေလို့ပါအမေကြီးရယ်…
ခက်လိုက်တာဗျာ”
“အေး…ဒါဆိုရင်ဘွားအာရုံခံထားမိတာထဲကနေ
မောင်ရင်တို့သိနိုင်မသိနိုင်စဉ်းစားကြပေါ့…
ဘွားအာရုံမှာတော့မန်ကျည်းပင်အကြီးကြီးတစ်ပင်ကို
တွေ့တယ်ကွဲ့…မန်ကျည်းပင်ကအတော်အုံ့အုံ့ဆိုင်းဆိုင်းနဲ့
သက်တမ်းအတော်ကြာရင့်ပုံလည်းရတယ်ကွဲ့”
ဟု…ဘွားမယ်စိန်ကပြောတော့
ကိုလူအေးမှတ်မိသွားဟန်ဖြင့်…
“မန်ကျည်းပင်…ဟုတ်တယ်ဗျ…
ကျုပ်တို့ရွာထိပ်မှာမန်ကျည်းပင်တစ်ပင်ရှိတယ်…
သက်တမ်းတစ်ရာကျော်လောက်ရှိပြီလို့လည်းလူကြီးတွေက
ပြောကြတယ်ဗျ…”
“အေး…ဒါဆိုရင်အဲ့မန်ကျည်းပင်က
အခုထိကောရှိသေးရဲ့လားမောင်ရင်ရဲ့…”
“အခုတော့မရှိတော့ဘူးဗျ…
အဲ့သည်မန်ကျည်းပင်ကရွာအဝင်လမ်းတည့်တည့်မှာရှိနေတာ
အမေကြီးရဲ့…ရွာထဲကထွက်တဲ့နွားလှည်းနဲ့…
ရွာထဲဝင်တဲ့နွားလှည်းတွေ အဝင်အထွက်အဆင်မပြေလို့
ကျုပ်တို့ရွာသူကြီးကိုယ်တိုင်ဦးဆောင်ပြီးမန်ကျည်းပင်ကြီးကို
ဖယ်ပစ်လိုက်ကြပြီခင်ဗျ”
“အလိုလေး…ဒါဆိုရင်မန်ကျည်းပင်မှာနေထိုင်တဲ့
ပုဂ္ဂိုလ်တွေကိုရောခွင့်တောင်းကြရဲ့လားကွဲ့…”
“ရွာသူကြီးဦးဘသိန်းကတော့
အဲ့သည်မန်ကျည်းပင်မှာရှိတဲ့ပုဂ္ဂိုလ်တွေကို
တခြားမှာသွားနေဖို့နှင်လိုက်တယ်ဗျ…
ဒါနဲ့အမေကြီး…ကျုပ်တို့အခုရွာမှာဖြစ်နေတာက
ဒီမန်ကျည်းပင်နဲ့များပတ်သတ်နေ လို့လားဗျ…”
ကိုလူအေးအမေးကိုဘွားမယ်စိန်ကခေါင်းညိတ်သည်။
“ပတ်သတ်တာပေါ့ကွယ်…
ဒီလောက်သက်တမ်းရင့်တဲ့အပင်မှာမှီတွယ်နေတဲ့မမြင်အပ်တဲ့အရာတွေဆိုတာရှိတယ်ကွဲ့…
မခုတ်လှဲခင်ကရော မောင်ရင်တို့မှာ
ထူးဆန်းတာတွေမဖြစ်ခဲ့ကြဘူးလား”
ဘွားမယ်စိန်ပြောတော့ကိုလူအေးစဉ်းစားသည်။
ကိုလူအေးစဉ်းစားနေချိန် ကိုစိန်လုံးမှ…
“ထူးတာတော့ရှိတယ်အမေကြီး…
ရွာလယ်ပိုင်းကဒေါ်တုပ်ဆိုတဲ့မိန်းမကြီးက
သူအိမ်မက်ထဲမှာယောကျာ်းကြီးတစ်ယောက်က
ဒီအပင်ကိုမခုတ်ဖို့အိမ်မက်ပေးတယ်လို့ပြောတယ်ဗျ…
သူတားနေတဲ့ကြားကခုတ်ရင်တစ်ရွာလုံးကိုသတ်ပစ်မယ်လို့လဲ
ကျိန်းတယ်တဲ့…ဒါပေမယ့်ကျုပ်တို့ရွာသူကြီးက
အယုံအကြည်မရှိတာနဲ့ မန်ကျည်းပင်ကြီးကို
ရအောင်ခုတ်ပစ်တော့တာပဲ…
အဲ့လိုခုတ်တော့လည်းလူနှစ်ယောက်သေခဲ့သေးတယ်ဗျ”
“အဲ့တာ ဟုတ်တယ်ဗျ…”
“ဒါဆိုရင်တော့ဟုတ်နေပါပြီကွယ်…
မောင်ရင်တို့ရွာကိုအငြိုးထားနေတာက
အဲ့မန်ကျည်းပင်မှာနေတဲ့သရဲပဲကွဲ့”
“ကျုပ်တို့တစ်သက်တော့ခြောက်တာလန့်တာမျိုးတော့
မကြုံဖူးဘူးအမေကြီး…
တစ်ခါတစ်လေ မှသာမန်ကျည်းပင်ပေါ်မှာ
ဖြူဖြူကြီးတွေ့တယ်ဘာရယ်နဲ့ပြောကြတာဗျ”
“မောင်ရင်တို့ကိုမခြောက်မလန့်ဘဲနဲ့
သူ့ဘာသာနေနေပုံရပါတယ်…
မောင်ရင်တို့ဘက်ကသာသူ့အတွက်နေစရာအပင်ကိုအစားထိုးပေးခဲ့ရင်အဲ့သည်လိုဖြစ်မှာမဟုတ်ဘူးကွဲ့”
ဘွားမယ်စိန်စကားကို ကိုလူအေးတို့
ခေါင်းလေးတညိတ်ညိတ်ဖြင့်လက်ခံကြသည်။
ပြီးနောက်ကိုလူအေးမှ…
“ဒီကိစ္စတွေဖြစ်ရတဲ့တရားခံကိုသိပြီဆိုတော့
ကျုပ်တို့ဘာဆက်လုပ်သင့်လဲအမေကြီး”
ဟုမေးလေတော့…
“အင်း…ဒီသရဲက သူနေစရာပျောက်အောင်လုပ်ခဲ့တဲ့
မောင်ရင်တို့ရွာကိုကျေနပ်ဦးမှာမဟုတ်ဘူး…
တစ်ရွာလုံးကိုသတ်ရမှ သူကျေနပ်မှာကွဲ့”
“ဗျာ…ဒါ…ဒါဆို ကျုပ်တို့ဘာမှလုပ်လို့မရတော့ဘူးလား
အမေကြီးရယ်…ကျုပ်တို့ကိုကယ်ပါဦးဗျာ”
ကိုလူအေးနဲ့ကိုစိန်လုံးမှာမျက်နှာငယ်လေးများဖြင့်
ပြောနေကြသည်။
“မောင်ရင်တို့သဲကုန်းရွာဆီကို
ဘွားကိုယ်တိုင်လိုက်ခဲ့ပါ့မယ်ကွယ်…
ဟိုရောက်မှအခြေအနေကိုကြည့်ပြီး ဘွားစီစဉ်ပေးမယ်ကွဲ့”
“ဟာ…ဒီလိုဆိုသိပ်ကောင်းတာပေါ့အမေကြီးရယ်…”
ဘွားမယ်စိန်ကသဲကုန်းရွာသို့လိုက်ခဲ့မည်ဆို၍
ကိုလူအေးတို့ပျော်သွားကြသည်။
သဲကုန်းရွာကိုညနေ…နေအေးတာနှင့်သွားကြမည်မလို့
ဒေါ်ဝင်းကမောင်တိုးနဲ့မောင်အုန်းကိုသွားပြောရပြန်သည်။
မောင်တိုးနဲ့မောင်အုန်းတို့ရောက်လာချိန်၌
ဒေါ်ဝင်းက ကိုလူအေးတို့ကိုထမင်းကျွေးနေခဲ့၏။
ထန်းလက်ခုံ၌ထိုင်နေသော ဘုန်းကြီးကျောင်းသား
ငသွင်ကိုမောင်တိုးကမြင်သွားပြီ…
“ဟေ့…ငသွင်…ဘွားအိမ်ကိုအလည်လာတာလားကွ”
ဟုမေးတော့ ဒေါ်ဝင်းက…
“အစကတော့အလည်လာတာပဲဟေ့…
အခုနင်တို့ခရီးသွားရမယ်ဆိုတော့လိုက်ချင်တယ်ဆိုပြီး
အိမ်ကနေကိုမခွာဖြစ်နေတော့တာပဲ မောင်တိုးရဲ့”
ဟုပြောသောအခါ ငသွင်က…
“ဟုတ်တယ်ကိုကြီးတိုး…ကျုပ်ကောလိုက်ခဲ့မှာ…”
“ဟ…လိုက်တာကအကြောင်းမဟုတ်ပါဘူး…
ဆရာတော်ကခွင့်ပြုပါ့မလားကွ”
“ဘွားက ကိုကြီးတို့လာရင်ဆရာတော်ကို
သွားပြောခိုင်းပေးမယ်တဲ့ဗျ”
“ဟင်…ဟုတ်လားဘွား”
“အေး…သွားပြောပေးလိုက်ပါကွယ်…
ဘွားက ခေါ်သွားချင်လို့ပါဆိုပြီး
ဆရာတော်ကိုခွင့်တောင်းခဲ့ကွဲ့”
“ကျုပ်သိပါ့ဗျာ…ငသွင်…
ဘွားကိုအပူကပ်ထားတာပဲဗျ…
ကဲ…ဒါဆိုကျုပ်အခုပဲသွားပြောလိုက်ပါ့မယ်…
ငသွင်မင်းကောလိုက်ခဲ့လေ
အဝတ်အစားဘာညာမယူတော့ဘူးလား”
“ဟုတ်ကိုကြီးတိုး”
မောင်တိုးက ဘုန်းကြီးကျောင်းသို့
ငသွင်နဲ့အတူသွားတော့သည်။
မောင်တိုးလိုက်ပြောပေးတော့ဆရာတော်ဘုရားက…
“အေးလေ…တကာမကြီးကိုယ်တိုင်က
ခေါ်သွားချင်တယ်ဆိုတော့
ခေါ်သွားပေါ့…ဟဲ့ငသွင်….”
“ဘုရား”
“လိမ်လိမ်မာမာနေနော်ကြားလား…”
“တင်ပါ့ဘုရား”
“တကာမကြီးစကားလည်းနားထောင်…
တကာမောင်တိုးတို့ပြောတာလည်းနားထောင်…
ကြားလား”
“တင်ပါ့…”
“အေး…အေး…ကိုယ့်ကြောင့်တော့
လမ်းခရီးမဖင့်စေနဲ့နော်…”
“တင်ပါ့…တပည့်တော်နားထောင်ပါ့မယ်ဘုရား”
“အေး…အေး…အေး…ဒါဆိုလည်းသွား…သွား…
လိုက်သွားချေတော့”
ဟုဆရာတော်ဘုရားက ငသွင်ကိုလိုက်သွားစေသည်။
ဘုန်းကြီးကျောင်းမှမောင်တိုးနဲ့ငသွင်တို့
ပြန်ရောက်လာချိန်၌
ဘွားမယ်စိန်တို့ခရီးထွက်ဖို့
အသင်ဖြစ်နေလေပြီ။
ကိုလူအေးတို့နွားလှည်းဖြင့်ငသွင်ကအတူလိုက်ပြီး
မောင်တိုးမောင်းသောနွားလှည်း၌ ဘွားမယ်စိန်နှင့်
မောင်အုန်းတိုကလိုက်ပါခဲ့ကြသည်။
သဲကုန်းရွာမှာအတော်လေးဝေးလံသောကြောင့်
ဘွားမယ်စိန်တို့လမ်းခရီး၌တစ်ညတာအိပ်စက်ခဲ့ရသည်။
နောက်တစ်နေ့ညနေပိုင်းမှသဲကုန်းရွာသို့
ရောက်လာခဲ့ကြ၏။
“အမေကြီး…ကျူပ်တို့အိမ်ကိုပဲမောင်းရမလား…
ရွာသူကြီးအိမ်ဆီကိုမောင်းပေးရမလား…
ဘယ်လိုလုပ်ရမလဲဗျ…”
ဟု…ကိုလူအေးမှလှမ်းမေးလေတော့…
“မောင်ရင်တို့သဘောပါကွယ်…
အဆင်ပြေသလိုလုပ်ပါ”
ဟုဘွားမယ်စိန်ကဖြေလေရာ..
“ဒါဆိုရင်ကျုပ်အိမ်ကိုပဲမောင်းလိုက်တော့မယ်ဗျ…
ဟိုရှေ့တင်ဆိုရောက်ပြီ…”
ကိုလူအေးက သူ့ရဲ့အိမ်ဆီသို့ဘွားမယ်စိန်တို့ကို
ခေါ်သွားသည်။ လမ်း၌တွေ့သော
သဲကုန်းရွာသူ၊ရွာသားများမှာဘွားမယ်စိန်တို့ကို
စူးစမ်းသလိုကြည့်နေခဲ့ကြသည်။
“ဘွား…ဒါကျုပ်အိမ်ပဲဗျ…
အမေ…အဘ…ကျုပ်ပြန်ရောက်ပြီဗျ”
“ဟာ…ငါ့သားပြန်လာပြီဟေ့…”
ကိုလူအေးအဖေနဲ့အမေက ကိုလူအေးအသံကိုကြား၍
အိမ်ထဲမှထွက်လာခဲ့ကြသည်။
ကိုလူအေးအမေကဘွားမယ်စိန်ကိုနွားလှည်းပေါ်မှ
တွဲကူချပေးသလိုကိုလူအေးအဖေကလည်း
မောင်တိုးကိုနွားလှည်းကူကာချွတ်ပေးလေသည်။
“အဘ…ဒါ…ကျုပ်ပြောတဲ့ဘွားမယ်စိန်ဆိုတာပဲဗျ”
“အေး…အေး…ငါ့သား…
အမေကြီးတို့ကိုအိမ်ထဲခေါ်သွားကွာ…
အေးအေးလူလူအနားယူကြပါစေဦး”
“ဟုတ်ကဲ့ အဘ…အမေကြီး…
အိမ်ထဲကိုဝင်ပါ…ဒါကျုပ်အိမ်ပဲဗျ…ဘာမှအားမနာနဲ့…”
ကိုအေးကဦးဆောင်ပြီးဘွားမယ်စိန်တို့ကိုခေါ်သွားသည်။
ကိုလူအေးအမေကတော့မီးဖိုထဲ၌အလုပ်ရှုပ်နေ၏။
ခဏမျှကြာလေမှ လက်ဖက်ပွဲ နဲ့ရေနွေးကြမ်းအိုးကို
ကိုင်ပြီးထွက်လာခဲ့လေသည်။
“ရေနွေးသောက်ကြပါဦး…
လက်ဖက်လေးလည်းစား…ငါ့တူတို့”
“ဟုတ်ကဲ့အရီး”
ဘွားမယ်စိန်ကိုရေနွေးကြမ်းငှဲ့ပေးနေရင်းမှ မောင်တိုးတို့အား
ကိုလူအေးအမေကပြောသည်။
“အမေ….ထမင်းဟင်းတော့ပြင်ပေးဦးနော်…
အမေကြီးတို့လည်းအဆာပြေလောက်ပဲစားလာရသေးတာဗျ”
“အမေသိပါတယ်ငါ့သား…
မင်း အရီးတွေကိုခေါ်ထားတယ်…
တော်နေသူတို့ရောက်တာနဲ့ အမေပြင်ပေးပါ့မယ်”
“ဟုတ်…ဟုတ်…အမေကြီးအနားယူဦးနော်…
ငါ့ညီတို့လည်းလိုအပ်တာရှိရင်အားမနာနဲ့အစ်ကို့ကိုပြော…
ဒါမှမဟုတ်အစ်ကို့အဘကိုလည်းပြောလို့ရတယ်သိလား”
“ဟုတ်ကဲ့”
ကိုလူအေးက မောင်တိုးတို့ ငသွင်တို့ကို
အားမနာဖို့ပြောလေသည်။
ပြီးနောက်ဘွားမယ်စိန်တို့ကိုအိမ်၌ထားရစ်ပြီး
သူကတော့ရွာထဲသို့ထွက်သွားလေသည်။
ခဏကြာတော့ကိုလူအေး၏အဒေါ်များရောက်လာပြီး
ထမင်းပွဲများဝိုင်းကူပြင်ပေးကြ၏။
မိုးချုပ်စပြုမှကိုလူအေး အိမ်သို့ပြန်ရောက်လာသည်။
ထိုအချိန်ဘွားမယ်စိန်တို့ပင်ရေမိုးချိုးပြီး၍
ကိုလူအေးမိဘများနှင့်စကားထိုင်ပြောနေကြပြီဖြစ်၏။
“အမေကြီး…”
“ဟေ…”
ကိုလူအေးကဘွားမယ်စိန်ကိုခေါ်လိုက်သည်။
“ကျုပ်ရွာထဲကိုသွားပြီး အခြေအနေစုံစမ်းခဲ့တယ်ဗျ…
ဒီည လည်းထပ်ပြီးဖြစ်တော့မယ်ထင်တယ်အမေကြီးရဲ့…”
“အေး..ဘွားတို့လည်းအဲ့တာကိုပဲပြောနေကြတာ…
ဟိုမှာလေနွားတွေက ပုံမှန်မဟုတ်ဘူးမောင်ရင်လေး ရဲ့…”
“ဟုတ်တယ်ဗျ…ခါတိုင်းဆိုရင်…ဒီလိုတွေဖြစ်ပြီးရင်
နောက်မနက်ဆိုလူတစ်ယောက်သေတော့တာပဲ…
ကျုပ်တို့ဘာလုပ်သင့်လဲအမေကြီး…အကြံပေးပါဦးဗျာ”
“ဟေ့လူအေး”
“အဘ…သူကြီးအသံထင်တယ်…ခေါ်လိုက်ပါဦးဗျာ…
ကျုပ်စောစောကသူ့ဆီအကျိုးအကြောင်းသွားပြောထားလို့
လိုက်လာတဲ့ပုံပဲဗျ…”
သူကြီးဦးဘသိုက်နဲ့လူကြီးသုံးလေးဦးထပ်ရောက်လာခဲ့သည်။
ထိုအခါမောင်တိုးတို့သုံးယောက်မှာ နေရာဖယ်ပေးကြရှာသည်။
သူကြီးဦးဘသိုက်တို့လည်း ကိုလူအေး…
နီးတူဘွားမယ်စိန်ကို
မည်သို့လုပ်ရလေမလဲမေးမြန်းနေကြသည်။
ဘွားမယ်စိန်က…
“အင်း…ကြည့်ရတာထိပ်တိုက်တွေ့တာပဲ
ကောင်းမယ်ထင်တယ်…”
“ဗျာ…ထိပ်တိုက်တွေ့မယ်ဆိုတော့…
ဘယ်လိုများလဲအမေကြီးရဲ့”
“သန်းခေါင်ကျရင်ဘွားနဲ့ဟောသည်က ဘွားသားတွေ
ရွာထိပ်ကိုသွားကြမယ်…မောင်လူအေးလည်း
လိုက်ချင်လိုက်ခဲ့ပေါ့ကွယ်…
အကြောင်းအရင်းကိုတော့ကြိုပြောလို့မရဘူးကွဲ့…”
ဟုသာဘွားမယ်စိန်ကပြောလေသည်။
“ကျုပ်တို့ဘက်ကရောအမေကြီးတို့ကို
ဘယ်လိုများကူညီပေးရမလဲဆိုတာပြောပါဦးအမေကြီး…
အမေကြီးတို့ကြီးပဲသွားလို့ဖြစ်ပါ့မလားဗျာ…”
ဟု…သူကြီးဦးဘသိုက်ကမေးလေသည်။
ဘွားမယ်စိန်ကခေါင်းညိတ်ပြီး…
“မောင်ရင်တို့အကူအညီလိုလာရင်တော့ပြောပါ့မယ်…
စိတ်ချပါ…”
ဟုပြောလိုက်တော့၏။
ထိုသို့ဖြင့် သူကြီးဦးဘသိုက်တို့လည်းသန်းခေါင်ရောက်သည်အထိ ဘွားမယ်စိန်တို့နှင့်စကားထိုင်ပြောနေခဲ့သည်။
သန်းခေါင်လောက်ကျမှ ဘွားမယ်စိန်…မောင်တိုး၊မောင်အုန်းနဲ့
ငသွင်တို့ရွာထိပ်ကိုထွက်လာခဲ့ကြသည်။
လမ်းပြသူမှာကိုလူအေးပင်ဖြစ်၏။
ကိုလူအေးကအိမ်မှအထွက်မီးတုတ်ယူဖို့ပြင်တော့
ဘွားမယ်စိန်ကတားမြစ်ခဲ့သည်။
ဒါကြောင့်လည်း လရောင်အလင်းကိုသာအားပြုပြီး
ရွာထိပ်သို့ရောက်လာခဲ့ကြ၏။
ရွာထိပ်သို့ရောက်တော့…
“ရွာအပြင်ကိုသေချာလှမ်းမြင်လောက်တဲ့
နေရာမှာပဲနေကြမယ်ကွဲ့…”
လို့…ဘွားမယ်စိန်ကပြောတော့
အရွယ်ခပ်လတ်လတ်ရှိသည့်မန်ကျည်းပင်ရဲ့
အောက်၌ထိုင်နေခဲ့ကြသည်။
ထိုစဥျ..
“ဂီးးးးးဂီးးးးးးးးဂီးးးးးးးးးးးဂီးးးးးးးးးးးး”
ဟုသောငှက်ဆိုးရဲ့အသံကိုကြားလိုက်ကြရ၏။
“အမေကြီး…ငှက်ဆိုးကတော့ရွာထဲကိုဝင်နေပြီ…”
ဟု…ကိုလူအေးကပြောသည်။
“နေပါဦးကွယ်…အဓိကတရားခံကပေါ်မလာသေးဘူး…
ဘွားတို့စိတ်ရှည်ရှည်နဲ့စောင့်ကြတာပေါ့”
ဟု…ဘွားမယ်စိန်ကပြော၍အားလုံးလည်း
ခြင်ကိုက်တာကိုသည်းခံပြီးနေကြရသည်။
ညနှစ်ချက်တီးလောက်မှ ရွာအပြင်ဆီမှအသံတစ်ခုကိုကြားလိုက်ရ၏။
ထိုအသံမှာခြေသံပင်ဖြစ်သည်။
“ကိုကြီးတိုး…ခြေသံကြားရတယ်ဗျ”
ဟု…ငသွင်ကပြောတော့မောင်တိုးတို့လည်းနားစွင့်ကြသည်။
“ကဲ…တရားခံတော့ရောက်လာပြီ…
မောင်ရင်တို့လည်းဒီအနားကနေမခွာကြနဲ့တော့…
မောင်တိုး…ဒီကောင်လေးကိုလည်း
သေချာ ကြည့်ထားဦးနော်…”
“ဟုတ်ကဲ့ဘွား”
မောင်တိုးတို့အားလုံးသည် ရွာအပြင်မှ
ဝင်လာသောခြေသံကိုသာကြားရပြီး
အကောင်အထည်ကိုမမြင်ရပေ။
ဘွားမယ်စိန်သည်ရွာအပြင်မှ ခြေလှမ်းကျယ်ကြီးများဖြင့်
လျှောက်လာသော သူကိုသေချာကြည့်နေခဲ့၏။
ထိုသူသည် သူ၏ဖြူကာဖွေးနေသော ဆံပင်ကို
သျှောင်ထုံးကြီး ထုံးဖွဲ့ထားပြီး
ခန္ဓာကိုယ် အပေါ်ပိုင်း၌အဝတ်ကဗလာဖြစ်နေခဲ့ကာ
ပုဆိုးကိုခါတောင်းကျိုက်ထားသော ထိုသူ၏ပေါင်၌
ထိုးကွင်းများကအပြည့်ဖြစ်နေခဲ့သည်။
ထိုသူ၏မျက်နှာသည်ခက်ထန်နေပြီး ခြေလှမ်းများက
ရွာထဲသို့ဦးတည်နေခဲ့သည်။
ဘွားမယ်စိန်လည်းအမှောင်ထဲမှထွက်လာပြီး
ထိုသူနှင့်မျက်နှာခြင်းဆိုင်လမ်းလျှောက်လာတော့
ထိုသူသည်ခြေလှမ်းများကိုရပ်ပြီး
တောင်ဝှေးကြီးကိုင်ထားသော
ဘွားမယ်စိန်ကိုသေချာစိုက်ကြည့်နေခဲ့၏။
“ဘယ်သွားမလို့တုန်း”
ဟု…ဘွားမယ်စိန်ကမေးတော့…
“နင်ဘယ်သူလဲ”
ဟုပြန်ကာမေးလေသည်။
“ဒီရွာကလူတွေကိုထပ်ပြီးမသတ်ပါနဲ့တော့…
အငြိုးတွေကိုဒီမှာပဲရပ်လိုက်ပါ…”
“နင်ဘယ်သူလဲ…ငါ့လမ်းကိုဘာလို့တားနေတာလဲ… ”
“တားနေတာမဟုတ်ဖူးဟဲ့…
နားချနေတာ…”
“ဟားးး…ဟားးး…ဟားးး..
ဟားးးး…ဟားးး..
ဟားးးးး…ဟားးးးးးးးးးးးးးးးးးး”
ဟု…ဘွားမယ်စိန်စကားကိုလှောင်ပြောင်ကာရယ်လေသည်။
“ငါက…နင်ထင်ထားတဲ့အသေးအမွှားမဟုတ်ဖူး…
နင့်အသက်မသေချင်ရင်ငါ့လမ်းကနေအခုဖယ်…”
ဟုဒေါသတကြီးပြောတော့ ဘွားမယ်စိန်သည်
ထိုသူကိုပတ်၍လမ်းလျှောက်၏။
ပြီးလေမှ…
“ကဲ…သွား…နင့်ကိုငါလမ်းဖယ်ပေးလိုက်ပြီ…”
ဟုပြောလိုက်သည်။
ဘွားမယ်စိန်စကားကြောင့် အောင်နိုင်သူအပြုံးဖြင့်
ရှေ့ကိုဆက်လျှောက်လေရာ ခြေလှမ်း၆လမ်းမြှောက်၌…
“ဝုန်း…”
“အားးး…”
ထိုသူ့ကိုအရှေ့မှတစ်စုံတစ်ခုကတားဆီးထားသလို…
အားဖြင့်ဆောင့်တွန်းခံရသလိုဖြစ်ပြီး
မြေပေါ်သို့လဲကျသွားခဲ့သည်။
ပထမ၌အတော်လေးအံ့သြသွားပုံရသည်။
ပြီးနောက်ကုန်းကာထ၍ အရှေ့ကိုဆက်လျှောက်လေရာ…
“ဝုန်းးး…”
“အားးး…”
စောစောကအတိုင်းထပ်ဖြစ်သွားပြန်သည်။
ဘွားမယ်စိန်ကထိုသူရဲ့အဖြစ်ကိုတောင်ဝှေးကြီးကို
ထောက်ထားရင်း သေချာကြည့်နေခဲ့သည်။
ထိုသူသည်ဘွားမယ်စိန်ကိုလက်ညိုးကြီးထိုး၍…
“နင်ငါ့ကိုဘာလုပ်လိုက်တာလဲ…”
ဟုဒေါသတကြီးမေးသည်။
ထိုသူ၏ရုပ်သွင်ကြီးသည်တဖြေးဖြေးဖြင့်
ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။
နီရဲသောမျက်လုံးကြီးများ…
ကြောက်မက်ဖွယ်သွားအချွန်ကြီးများ…ဖြင့်
ဒေါသထွက်နေသည်မှာအသည်းငယ်သူသာ
တွေ့မြင်မိလျှင်ထိုနေရာ၌ပင်လဲကျသွားနိုင်ပေသည်။
“နင့်ကိုဒီထက်မကငါအပြစ်ပေးလို့ရသေးတယ်…
ဒီစည်းဝိုင်းထဲကနေ နင်ထွက်လို့ရရင်ထွက်ကြည့်လေ”
ဟုဘွားမယ်စိန်ကပြောတော့ထိုသူသည် ထွက်ဖို့ကြိုးစား၏။
ဒေါသတကြီးဖြင့်ထွက်ဖို့လုပ်ရာမှပြန်လဲကျသွားသည်မှာ
အခါပေါင်းမနည်းပေ။
နောက်ဆုံး၌အားအင်များလျော့နည်းလာပြီး
မြေပေါ်၌ဒူးကြီးထောက်ကာထိုင်ရင်း
မူလသဏ္ဍန်သို့ပြောင်းလဲသွားခဲ့၏။
“ဆက်လုပ်လေဟဲ့…
ရအောင်ထွက်လေ…နင်မတတ်နိုင်တော့ဘူးမဟုတ်လား”
ဟု…ဘွားမယ်စိန်ကပြောလိုက်သည်။
“ကျုပ်…ကျုပ်ကိုလွှတ်ပေးပါ…”
ဟု…တိုးလျသောအသံဖြင့်ပြောလေသည်။
“ဟဲ့…လွှတ်ချင်တိုင်းလွှတ်လို့ရမလား…
နင့်ကိုလွှတ်လိုက်ရင်ဒီရွာကိုနင်ရန်ပြုဦးမှာမဟုတ်လား…
ဒါကိုသိသိကြီးနဲ့ငါကလွှတ်ရမှာလားဟဲ့…”
ဟု…ဘွားမယ်စိန်ကပြောတော့ ထိုသူသည်
ဘွားမယ်စ်ိန်ကိုမော့ကြည့်ပြီး…
“ကျုပ်ကိုလွှတ်ပေးရင်…
ကျုပ်ဒီရွာကိုရန်မပြုတော့ပါဘူးဗျာ”
“ဒီလိုလွယ်လွယ်နဲ့ယုံပေးရရိုးလား…”
“ကျုပ်ပြောတာကိုယုံပါ…
ဒါပေမယ့်…ကျုပ်ကိုတစ်ခုလုပ်ပေးရလိမ့်မယ်…”
” ဘာများလဲ…”
“ကျုပ်နေတဲ့သစ်ပင်ကိုခုတ်ပစ်ခဲ့တဲ့အတွက်
ကျုပ်နေဖို့နေရာပြန်ပေးရမယ်…
ဒါမှကျုပ်ကျေနပ်နိုင်မယ်…”
“ဖြစ်စေရမယ်…မနက်ဖြန်ရွာသူကြီးကိုယ်တိုင်
နင့်အတွက်နေရာစီစဥ်ပေးလိမ့်မယ်…
ဒါနဲ့နင့်နာမည်က ဘယ်လိုခေါ်လဲဟဲ့…”
“ကျုပ်နာမည်…ငမောက်ပါ…”
“ငမောက်…ဟုတ်လား…သက်တမ်းဘယ်လောက်ရှိပြီလဲ”
“ကျုပ်သက်တမ်းက
အဲ့သည်မန်ကျည်းပင်ကြီးနဲ့အတူတူပဲ…”
“ဒါဆိုရင် နင်ကတော်တော်ဆိုးတဲ့အကောင်ထင်တယ်… ”
“ကျုပ်က ရှင်ဘုရင်ခေတ်ကလူဆိုးလူမိုက်ကြီး…
ကျုပ်ကြောင့်သေခဲ့ရသူတွေလည်းမနည်းမနှောပဲလေ…
ဟင်း…ဟင်း……
အဲ့သည်လိုဆိုးမိုက်တဲ့ကျုပ်လည်း
စစ်သူကြီးတစ်ဦးလက်ချက်နဲ့သေပွဲဝင်ခဲ့ရတာပါပဲလေ…
အခုထိကျုပ်ဘဝမကျွတ်လွတ်နိုင်သေးတာကလည်း
ကျုပ်လုပ်ထားတဲ့အပြစ်တွေကြောင့်ပေါ့…
ဒါကြောင့်ကျုပ်နေနေတဲ့ကာလတစ်လျှောက်
ဘယ်သူ့ကိုမှဒုက္ခမပေးခဲ့ပါဘူး…
ဒါပေမယ့်ကျုပ်တားတဲ့ကြားကနေကျူပ်ကို
နေစရာမရှိအောင်လုပ်ကြလို့ ဒေါသထွက်တာပါ…”
ဟု…ငမောက်ဆိုသူကပြောလေတော့ဘွားမယ်စိန်ခေါင်းညိတ်၍…
“ကိုယ်ပြုခဲ့သမျှကံကုန်မှဒီဘဝကနေ
ကျွတ်လွတ်နိုင်မယ်ဆိုရင်လည်းနောက်ကို ဆင်ခြင်ပေါ့…
ကဲပါ…ဒီရွာသူကြီးကိုအကြောင်းစုံပြောထားလိုက်ပါ့မယ်…
ဟောသည်ကပုဂ္ဂိုလ်ကြီးအတွက် သူတို့
နေရာစီစဥ်ပေးကြမှာပါ…
ပုဂ္ဂိုလ်ကြီးကလည်းဒီရွာကိုစောင့်ရှောက်ပေးပေါ့လေ”
“ဟုတ်ကဲ့ပါ…”
ဘွားမယ်စိန်သည်စည်းဝိုင်းကိုပြန်ကာဖျက်ပေးလိုက်သည်။
ငမောက်ကြီးလည်းလာရာလမ်းအတိုင်းပြန်သွားတော့၏။
“ကဲ…ပြန်ကြမယ်ကွဲ့…”
ဘွားမယ်စိန်ကမောင်တိုးတို့ကိုခေါ်လိုက်သည်။
မောင်တိုးတို့သည်ငမောက်ကြီးကိုမမြင်ရ၍အကြောင်းစုံကို
သိချင်နေကြ၏။
သို့သော်ဘွားမယ်စိန်ကအိမ်၌
စောင့်မျှော်နေကြသော ရွာသူကြီးတို့နှင့်
ကိုလူအေး၏မိဘများရှေ့သို့ရောက်လေမှ
အကြောင်းစုံကိုပြောပြသည်။
ဘွားမယ်စိန်ပြောတာကိုနားထောင်ပြီးလေတော့ရွာသူကြီး
ဦးဘသိုက်မှ…
“အပင်အစားထိုးပေးတာကဟုတ်ပါပြီဗျ…
ဒါပေမယ့်ကျုပ်ဘယ်လိုလုပ်ရမလဲမသိဘူးအမေကြီးရဲ့”
ဟုပြောလေတော့…
“သူကြီးရယ်…
အဲ့သည်ရွာထိပ်ကနေရာလွတ်မှာ…
အပင်လတ်တစ်ပင်ကိုစိုက်ပြီးတာနဲ့…
ဟောသည်အပင်မှာ ဘိုးမောက်နေပါ…
ဒီအပင်မှာဘိုးမောက်ကိုနေခွင့်ပြုပါတယ်ခင်ဗျာ…
ရွာကိုလည်းစောင့်ရှောက်ပေးပါခင်ဗျာလို့ပြောရတယ်…
သူ့အတွက်အရက်လေးတစ်လုံးလောက်လည်း
တင်မြှောက်ထားခဲ့ပေါ့လေ…”
“သြော်…ဟုတ်ကဲ့အမေကြီး”
ဘွားမယ်စိန်ပြောပြလေတော့မှ
ရွာသူကြီးလည်းနားလည်သွားသည်။
ဘွားမယ်စ်ိန်တို့စကားပြောနေကြသည်မှာ
လင်းကြက်ပင်တွန်နေပြီဖြစ်၏။
မိုးလင်းလေတော့ဘယ်အိမ်မှဘာသံကြားရလေမလဲ
နားစွင့်နေရာ…မည်သည့်သတင်းမှမကြားရသည့်အတွက်
ရွာသူကြီးဦးဘသိုက်တို့ဝမ်းသာနေကြလေသည်။
ဒါကြောင့်ရွာသူကြီးဦးဘသိုက်က…
တစ်ရွာလုံးကိုခေါ်ပြီးအကြောင်းစုံကို
ဝမ်းသာအားရပြောပြတော့၏။
သဲကုန်းတစ်ရွာလုံးလည်းပျော်မဆုံးဖြစ်နေကြသလို
အားလုံးကလည်းဘွားမယ်စိန်ကိုကျေးဇူးတင်စကားများ
ထပ်တလဲလဲပြောနေကြသည်။
ရွာသူကြီးဦးဘသိုက်ဦးဆောင်ပြီးလည်း
ဘိုးမောက်အတွက် အပင်အစားထိုးပေးကြ၏။
ဘိုးမောက်အတွက်အရက်ပုလင်းတင်မက
ကြက်ကြော်များကိုပါတင်မြှောက်ပြီးဝိုင်းဝန်း၍
တောင်းပန်ကြရှာသည်။
ထိုနေ့မှစ၍ဘိုးမောက်၏အငြိုးမှ
သဲကုန်းရွာလွှတ်မြှောက်ခဲ့သည်။
ဘိုးမောက်ကိုယ်တိုင်ကလည်းဘွားမယ်စိန်မှာသည့်အတိုင်း
ရွာကိုစောင့်ရှောက်ပုံရ၏။
ထိုသဲကုန်းရွာခရီးစဥ်သည်
ဘုန်းကြီးကျောင်းသားငသွင်၏ပထမဦးဆုံးခရီးစဥ်ဖြစ်ပြီး
သောင်ထွန်းရွာသို့ပြန်ရောက်သည်နှင့်
ငသွင်မှာထိုအဖြစ်အပျက်ကိုသူနှင့်ရွယ်တူကလေးများအား
ဝမ်းသာအားရပင်ပြောလေတော့သည်။
ထိုသို့ဖြင့်ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)
Leave a Reply