နွားထီးကြီး ညိုမောင်

ကျခင် ပြန်လာမယ်စိတ်ကူးတယ်”

ကျုပ်လည်း စိတ်ထဲတစ်မျိုးကြီးပေါ့ဗျာ၊ ကျုပ်အရမ်းအားကိုးရတဲ့ ဦးဘသာကြီး ရွာကနေတစ်လလောက်မရှိတော့ဘူးဆိုရင် ကျုပ်ဘယ်လိုလုပ်ပြီး နေလို့ထိပါ့မလဲဗျာ၊ ဒါနဲ့ကျုပ်လည်း စိတ်ညစ်ညစ်နဲ့အိမ်ကိုပြန်ခဲ့ပါရော။

ဘာလိုလိုနဲ့ အခါတွင်းကိုရောက်ခဲ့ပြီပေါ့ဗျာ၊ အခါတွင်းကတော့ ကျုပ်တို့ဆီမှာ အောက်ပြည်အောက်ရွာလို သင်္ကြန်ပွဲမကျင်းပဖြစ်ပါဘူးဗျာ၊ ဘာလို့လဲဆိုတော့ တန်ခူးရေကုန်၊ ကဆုန်ရေခမ်းဆိုတဲ့ကာလမို့ ချောင်းတွေမြောင်းတွေမှာ ရေကြည်ကြည်မရှိတတ်တော့ဘူးဗျို့၊ ကန်တွေဆိုလည်း ညွံတွေပေါ်ပြီး ကန်စပ်တွေပက်ကြားအက်နေတဲ့အချိန်ပေါ့ဗျာ၊

“ရွှေကိုမလို၊ ရေကိုသာလိုတယ်” ဆိုတဲ့ ကျုပ်တို့အညာစကားအရ ကျုပ်တို့ထက်ပိုပြီးအထက်ဘက်ကျတဲ့ရွာတွေမှာ ရေတွေအတော်ရှားနေပြီဗျ၊ သဲချောင်းကလေးတွေထဲ လက်ယက်ကျင်းတွေတူးကြတယ်၊ ဂလိုင်တွေ စိမ့်စမ်းတွေက ထွက်တဲ့ရေနည်းနည်းကို တစ်ညလုံးအိပ်ရေးပျက်ခံပြီး စောင့်ခပ်ကြရတဲ့အခြေအနေတွေပေါ့ဗျာ၊ ထွက်တဲ့ရေကလည်း ရေငန်ငန်နောက်ကျိကျိတွေဗျ၊ မရှိတော့လည်း ဒီရေပဲသုံးရတာပေါ့ဗျာ၊ အညာကလူတွေကို “ရေငန်သောက်၊ မြက်ခြောက်စား” တယ်လို့ခေါ်ကြတာလည်း မမှားဘူးပေါ့ဗျာ။

ဒါကြောင့် ကျုပ်တို့အညာသင်္ကြန်က ရေမပက်တာများတယ်ဗျ၊ အဲဒီတုန်းက အခုလိုအဝီစိတွင်းတို့ ဘာတို့လည်းမတူးနိုင်သေးဘူးဆိုတော့ ရေအတွက် အတော်ခက်တာပေါ့ဗျာ၊ အချို့ရွာတွေဆို လှည်းတွေပေါ်မှာ စည်ပိုင်းတွေတင်ပြီး မိုင်သုံးဆယ်လောက်ဝေးတဲ့ မြစ်ချောင်းတွေအထိသွားပြီး ရေသွားတိုက်ကြရတာဗျ။

ဒီတော့အခါတွင်းမှာ လုပ်ဖြစ်တာက လူကြီးသူမတွေဆိုရင် ဥပုသ်သီလဆောက်တည်ကြတယ်၊ ကျန်တဲ့လူတွေကတော့ အလှူတွေလုပ်၊ စတုဒိသာတွေ ကျွေးပြီး ကုသိုလ်ကောင်းမှူလုပ်ပြီး ဖြတ်သန်းကြတယ်ပေါ့ဗျာ၊ ကာလသားတွေ အရက်သောက်ကြ၊ ကဲကြတယ်ဆိုပေမယ့် ခုခေတ်လို ဟော့ဟော့ရမ်းရမ်းတော့ ဘယ်ဟုတ်ပါ့မလဲဗျာ။

(၂)

အခါတွင်းမှာ လူကြီးတွေက ဘုန်းကြီးကျောင်းသွားကြတာများတော့ ကျုပ်တို့လူငယ်တွေချည်း ရပ်ထဲရွာထဲ ကျန်နေခဲ့တာပေါ့ဗျာ၊ ဘုန်းကြီးကျောင်းသွားတာ ခုခေတ်လို နေ့သွားညပြန်မဟုတ်ဘူးဗျ၊ ကျောင်းမှာပဲ ငါးရက်တန်သည်၊ တစ်ပတ်တန်သည်နေကြတာ၊ ရေမိုးချိုးအဝတ်အစားလဲတော့မှသာ အိမ်ကိုပြန်လာတတ်ကြတာကိုး၊ ကျုပ်တို့လည်း လွတ်လပ်ရေးရပြီပေါ့ဗျာ။

သင်္ကြန်ပြီးတော့ နှစ်ဆန်းတစ်ရက်ရောက်တော့မယ်ဆိုရင်ပဲ ကျုပ်တို့ကာလသားတစ်သိုက် အလုပ်များတဲ့အချိန်ပေါ့ဗျာ၊ ရွာမှာက နှစ်ဆန်းတစ်ရက်နေ့ဆိုရင် နွားတွေဆိတ်တွေ ဘေးမဲ့လွှတ်တာ ထုံးစံဖြစ်နေပြီလေ၊ ဘယ်နှကြိမ်မှန်းတော့မသိပေမယ့် အဖေတို့ငယ်ငယ်ကတည်းက လုပ်လာတဲ့ဓလေ့ပေါ့ဗျာ၊

အိမ်မှာသိမ်းထားတဲ့ ငွေဖလားတို့၊ ကြေးဖလား၊ ကြွေရေသုတ်ခွက်တို့ ကိုယ်စီကိုင်ပြီးတော့ တစ်အိမ်တစ်ဆင်း အလှူခံကြပြီပေါ့ဗျာ။

“ဇီဝိတဒါန နွားလွှတ်ပွဲကျင်းပရန်အတွက် တစ်ပဲနှစ်ပြား နည်းများမဆို ကုသိုလ်ပါဝင်ယူနိုင်ကြပါတယ်ခင်ဗျား”

ကျုပ်တို့ကာလသားတွေ တစ်အိမ်တက်ဆင်းအလှူထွက်ရတာပေါ့ဗျာ၊ မြန်မာလူမျိုးတွေဆိုတာ အလှူရေစက်လက်နဲ့မကွာတဲ့လူတွေမဟုတ်လား၊ နောက်ပြီး သူများအသက်ကိုကယ်မယ့် ဇီဝိတဒါန လှူမှာဆိုတော့ ဝိုင်းထည့်လိုက်ကြတာ ငွေတော်တော်ရတယ်ဗျို့။

ရတဲ့ငွေတွေကိုစုပြီး အတက်နေ့လောက်ကျတော့ မြိုင်သာကိုတက်ပြီး သားသတ်ရုံမှာ သတ်မယ့် နွားတွေ၊ ဆိတ်တွေကို ကိုယ်ရတဲ့ငွေနဲ့ တစ်ကောင်တတ်နိုင်ရင်တစ်ကောင် နှစ်ကောင်တတ်နိုင်ရင် နှစ်ကောင် ဝယ်ကြရတာပေါ့ဗျာ၊ ဒီနှစ်ကတော့ ငွေအား နည်းနည်း နည်းသွားတာနဲ့ နွားတစ်ကောင်ပဲ ဝယ်နိုင်ပါတယ်ဗျာ၊ ဆိတ်ကတော့ ငါးကောင်ရတယ်ဗျ၊ နွားတွေဆိတ်တွေကို ရွာကိုပြန်သယ်လာတာပေါ့ဗျာ။

နှစ်ဆန်းတစ်ရက်နေ့ရောက်ပြီဆိုရင်ပဲ မိန်းကလေးတွေက အဘိုးအဘွားတွေကို ရေမိုးချိုးသန့်စင်ပေးတဲ့ မင်္ဂလာမျိုးကို ဦးဆောင်ပြီးလုပဲ်ကြတယ်ဗျ၊ ကျုပ်တို့ကာလသားတွေကတော့ နွားတွေကိုရေချိုးပြီးတော့ သနပ်ခါးတွေ၊ နံ့သာတွေ သွေးပြီးလူးပေးကြတယ်၊ နွားဘေးနှစ်ဖက်မှာ ဆေးနီ၊ ဆေးနက်တွေနဲ့ ဘေးမဲ့နွားလို့ စာလုံးကြီးနဲ့ရေးထားလိုက်တယ်၊ ကျုပ်တို့ဖက်မှာ ဘေးမဲ့ပေးထားတဲ့ တိရစ္ဆာန်တွေကို ဖမ်းဆီးသတ်ဖြတ်လေ့မရှိဘူးဗျ၊ အဲဒီလိုသတ်ရင် ကံဆိုးတတ်တယ်၊ အကုသိုလ်ကြီးတယ်လို့ အဆိုရှိတာကိုး။ ပြီးတော့ နွားဦးချိုမှာ ပန်းတွေပန်ပေးတယ်၊ အမွှေးအကြိုင်တွေလောင်းပြီးတော့ စောင်ချောကြီးခင်းပြီး နွားကိုအလှတန်ဆာဆင်တာပေါ့ဗျာ၊ ပြီးတော့ အိုးစည်ဒိုးပတ်ဝိုင်းခင်းပြီးတော့ နွားကြီးကိုရွာတစ်ပတ်လှည့်ပြကြတာပေါ့။

အားလုံးရဲ့အလှူငွေနဲ့ အသက်ကယ်နိုင်ခဲ့တဲ့နွားကြီးဖြစ်လို့ ရွာသားတွေကို နှိုးဆော်တဲ့အနေနဲ့ ပတ်ပြရတာပေါ့ဗျာ၊ ရွာကလူတွေလည်း အိုးစည်ဒိုးပတ်သံကြားလို့ ပျော်သလို၊ ဘေးမဲ့လွှတ်မယ့် နွားကြီးတွေဆိုလည်း ပျော်လွန်းလို့ ကခုန်ကြတယ်ဗျ၊ ဒီနှစ်တော့ ဦးဘသာရဲ့ ညိုမောင်ဆိုတဲ့နွားကြီးရယ်၊ ကျုပ်တို့ သားသတ်ရုံကဝယ်လာတဲ့ နွားတစ်ကောင်ရယ်၊ ဆိတ်ငါးကောင်ရယ် လွတ်မှာပေါ့ဗျာ။

ရွာထိပ်အရက်ဆိုင်ရှေ့ရောက်တယ်ဆိုရင်ပဲ ဦးတရုတ်ကြီးက ဆိုင်ကနေထွက်လာတယ်ဗျ။

“မင်းတို့အသက်ကယ်တာကတော့ ဟုတ်ပါပြီ၊ သားသတ်ရုံဆိုတာက နေ့စဉ်နေ့တိုင်း နွားတွေကို သတ်နေတာဆိုတော့ တစ်နှစ်မှ တစ်ခါလောက်ကယ်တာမဟုတ်ဘဲ၊ မင်းတို့ နေ့တိုင်းကယ်သင့်တာကွ”

ဦးတရုတ်ကြီးပြောတာလည်း သဘာ၀ကျပါတယ်၊ ဒါပေမယ့် ကျုပ်ကတော့ သူပြောတဲ့စကားကို မကျေနပ်ဘူးဗျ။

“ဒီမှာ ဦးတရုတ်ကြီးရဲ့၊ နေ့တိုင်းတော့ နွားတွေ၊ ဆိတ်တွေကို ဘယ်ကယ်နိုင်ပါ့မလဲဗျ၊ ဒါပေမယ့် ဒီလိုတွေးကြည့်လို့ရတယ်ဗျ၊ သတ္တဝါတွေရဲ့ အသက်ကိုကယ်တင်တယ်ဆိုတာ နွားမှမဟုတ်ဘူးဗျ၊ တခြားအသက်ရှိနေတဲ့ သတ္တဝါတွေလည်း အတူတူပဲဗျ၊ သတ္တဝါတွေရဲ့အသက်ကို ကယ်တင်တယ်ဆိုတာ ကောင်းတဲ့အမူအကျင့်တစ်ခုဗျ၊ ဒီလိုပွဲကိုလုပ်လိုက်တော့ သတ္တဝါတွေရဲ့အသက်ကို သနားဂရုဏာသက်တဲ့စိတ်ဖြစ်သွားမယ်၊ သတ္တဝါတွေရဲ့အသက်ကို ကယ်တင်လိုက်ရတဲ့ ပီတိကိုခံစားရမယ်၊ နောက်ပြီးတော့ ကိုယ်ကိုယ်တိုင်လည်း သတ္တဝါတွေရဲ့အသက်ကို သတ်ဖြတ်ညှင်းဆဲတာတွေကို နည်းနည်းစောင့်ထိန်းသွားနိုင်မယ်၊ သတိကပ်သွားနိုင်မယ်ဆိုရင် မကောင်းဘူးလား၊ နှစ်စဉ်နှစ်တိုင်း ကျင်းပနေတာဆိုတော့ ကျုပ်တို့လူတွေရဲ့ရင်ထဲမှာ ဒီအသိကို နှစ်စဉ်နှိုးဆော်နေသလို ဖြစ်မသွားဘူးလား”

ကျုပ်ပြန်ပြောတော့မှ ဦးတရုတ်ကြီးလည်း ခေါင်းကိုဖြေးဖြေးချင်းညိတ်တယ်ဗျ။

“ဒါကြောင့် ပွဲလုပ်တာက အရေးမကြီးပါဘူးဗျာ၊ ပွဲလုပ်လို့ လူတွေသိသွားတဲ့သဘောတရားကသာ အရေးကြီးတာပါဗျ”

ကျုပ်ပြောတော့ အားလုံးကထောက်ခံကြတယ်ဗျ၊ ကျုပ်ညီက ဆိုကျုပ်နားကပ်လာပြီးတော့

“အကိုလတ်ပြောတာ သိပ်ကောင်းတာပဲဗျာ၊ ဦးတရုတ်ကြီးက ကျုပ်တို့ကိုလှောင်ချင်လို့ တမင်ပြောပုံရတယ်ဗျ၊ အကိုလတ်ပြောလိုက်တော့ ဘာပဲပြောပြော သူလက်ခံသွားပုံရတယ်ဗျ”

“အေးပေါ့ကွာ၊ ငါလည်း သိလို့ပြောတာတော့မဟုတ်ဘူးကွ၊ အဖေသင်ပေးထားတဲ့အတိုင်း ပြန်ပြောတာကွ”

ကျုပ်ပြောတော့ ကာလသားတစ်သိုက်လုံး ဝါးလုံးကွဲအောင် အားရပါးရရယ်မောကြတယ်ဗျ၊ ဒါနဲ့ ဘေးမဲ့လွှတ်တဲ့နွားတွေကို တောစပ်မှာထားပြီးလွှတ်ခဲ့တာပေါ့ဗျာ၊ ဦးဘသာကြီးလည်း ကျုပ်တို့အုပ်စုရဲ့အနောက်မှာ တိတ်တိတ်ကလေးပါလာတယ်ဗျ၊ တောထဲလွှတ်လိုက်တော့ တခြားနွားတွေ၊ ဆိတ်တွေက ပျော်မြူးပြီးတောအုပ်ထဲဝင်ပြေးသွားပေမယ့်၊ ဦးဘသာရဲ့ ညိုမောင်ကြီးကတော့ ကျုပ်တို့အနောက်ကို ပြေးပြေးလိုက်လာတာဗျ၊ ကျုပ်တို့ပြန်မောင်းထုတ်ပေမယ့် မရဘူးဗျာ၊ ဒီတော့မှ ဦးဘသာကြီးက လူအုပ်ထဲကနေထွက်လာပြီး ညိုမောင်ကြီးရဲ့ ခေါင်းကိုပွတ်သပ်လိုက်တယ်။

“ညိုမောင်ရေ၊ မင်းလွတ်လပ်သွားပြီကွ၊ အခုအချိန်ကစပြီး မင်းငါ့နောက်ကိုလိုက်စရာမလိုတော့ဘူး၊ ငါပြောတဲ့စကားကိုနားထောင်စရာမလိုတော့ဘူး၊ ငါခိုင်းတာ မလုပ်ရတော့ဘူးကွ၊ မင်းစိတ်တိုင်းကျ အေးအေးဆေးဆေးနေထိုင်လို့ရသွားပြီ၊ ကဲ နေခဲ့တော့သားကြီးရာ”

ဦးဘသာကြီးပွတ်ပေးတော့ ညိုမောင်ကြီးက မျက်ရည်တွေကျတာဗျ၊ နောက်တော့မှ တောအုပ်ထဲကို တစ်လှမ်းချင်းဝင်သွားတာဗျာ၊ ဝင်သွားတာတောင်မှ ဦးဘသာကြီးကို လှည့်ကြည့် လှည့်ကြည့်လုပ်နေသေးတာ၊ လွှတ်ကိုလိမ်မာတဲ့ကောင်ကြီးပါဗျာ၊ ကျုပ်ဦးဘသာကြီးကိုတစ်ချက်ကြည့်လိုက်တော့ ဦးဘသာကြီးက သူ့မျက်လုံးတွေကို သူပေါင်းထားတဲ့ ခေါင်းပေါင်းသဘက်ကြီးဖြုတ်ပြီး ပွတ်နေတယ်ဗျာ။ အင်းလေ၊ သူလည်းခံစားရမှာပေါ့၊ မဆီမဆိုင် ဘေးနားကကျုပ်တို့တောင် ငိုချင်သလိုလိုကြီးဖြစ်နေတာမဟုတ်လား။

(၃)

ညသန်းခေါင်လောက်ရောက်တယ်ဆိုရင်ပဲ ကျုပ်တို့ရွာအနောက်ဘက်စူးစူးကနေပြီးတော့ နွားအော်သံကြီး ကြားရတယ်ဗျ၊ ဝမ်းခေါင်းသံကြီးနဲ့ကို အော်လိုက်တာဆိုတော့ တစ်ချို့အိပ်နေတဲ့သူတွေတောင် လန့်နိုးကုန်ကြသတဲ့ဗျာ၊ ကျုပ်လည်း တစ်နေကုန်ပင်ပန်းထားလို့ အိပ်ကောင်းနေတုန်း နွားအော်သံကြားလို့ လန့်နိုးပြီး ထထိုင်မိပါသေးတယ်ဗျာ။

မနက်မိုးလင်းလို့ အိမ်ပေါ်ကနေဆင်းပြီးတော့ မျက်နှာသစ်နေတဲ့အချိန်မှာပဲ သာဂိတို့ကလေးတစ်သိုက် အိမ်ကိုပြေးလာကြတယ်။

“သူကြီး . . သူကြီး”

အဖေ့ကိုခေါ်နေတာဗျ၊ ဖြစ်ချင်တော့ အဖေကအိမ်မှာမရှိဘူးဗျ။

“ဟေ့ကောင်လေးတွေ . . သူကြီးမရှိဘူးကွ”

“ဒါဆိုလည်း ကိုကြီးပဲလိုက်လာခဲ့ဗျာ၊ ကိုကြီးက သူကြီးလက်ထောက်မဟုတ်လား”

“ဟေ . . . အေး၊ ဒါနဲ့ ဘာဖြစ်လို့လဲကွ”

“လိုက်ခဲ့ရင် ဟိုရောက်တော့တွေ့မှာပေါ့ကိုကြီးရာ”

ကလေးတွေပြေးထွက်သွားတာနဲ့ ကျုပ်လည်းသူတို့အနောက်ကနေပြီး ပြေးလိုက်ခဲ့တယ်၊ သူတို့က ရွာလယ်လမ်းကနေပြီး ရွာအနောက်ဘက်ပိုင်းကိုပြေးတာဗျ၊ နောက်တော့ ရွာအနောက်က မြေသားတာရိုးကြီးပေါ်ကိုပြေးတက်လိုက်တယ်၊ ကျုပ်လည်းတာရိုးပေါ်တက်လိုက်တော့ ခပ်လှမ်းလှမ်းက ရေတွင်းပျက်အနားမှာ လူတွေအုံခဲနေတာဗျ၊ ကျုပ်လည်း လန့်သွားတာပေါ့ဗျာ၊ ရေတွင်းပျက်ထဲ ဘယ်သူကျပြီးသေသလဲဆိုပြီးတော့ပေါ့။

လူအုပ်ကြီးထဲကို ကျုပ်ဝင်တိုးလိုက်တော့ လူအလောင်းကိုတော့မတွေ့ပါဘူးဗျာ၊ တိုင်ကြီးတစ်တိုင်မှာ စိုက်ထားတဲ့ နွားခေါင်းကြီးတစ်ခုကိုပဲတွေ့တာဗျ၊ နွားခေါင်းကြီးက သွေးတွေတောင်ခြောက်နေပြီဗျ၊ ဦးနှောင်ကိုဖွင့်ပြီးထုတ်ထားပုံရလို့ ခေါင်းကပွင့်လျှက်သားကြီးဗျ၊ မျက်လုံးနှစ်လုံးလည်း ဖောက်ခံထားရပြီးတော့ မျက်လုံးအိမ်ထဲကနေ သွေးတွေစီးကျနေတာဗျ။

“အဲဒါ ငါတို့မနေ့ကဘေးမဲ့လွှတ်ထားတဲ့ နွားကြီးညိုမောင်ကွ”

ကာလသားတစ်ယောက်ကပြောတယ်ဗျ၊ ကျုပ်ရော တစ်ရွာလုံးကလူတွေရော အတော်ဒေါသထွက်နေကြတယ်ဗျ၊ ဘေးမဲ့နွားဆိုတာ သတ်စားလို့မရဘူးဆိုတာကို ဘယ်သူက သတ်စားသလဲဆိုပြီးတော့ပေါ့ဗျာ၊ လူအုပ်ထဲမှာ ကျုပ်ကြည့်မိတော့ ဦးဘသာကြီးလည်းပါတယ်ဗျ၊ သူလည်း နွားခေါင်းကြီးကို တွေတွေကြီးကြည့်နေတာနဲ့ သူ့အနားကိုကျုပ်ကပ်လာခဲ့လိုက်တယ်။

“တောက်၊ တော်တော်လူမဆန်တဲ့ကောင်တွေပဲကွာ”

ဦးဘသာကြီးက မကျေမချမ်းနဲ့ပြောတယ်ဗျ။

“ဒါဆိုလည်း ဦးဘသာကြီးရယ်၊ ဒီကောင်တွေကို ဦးဘသာကြီးဖော်ပေးစမ်းပါ၊ ကျုပ်တို့ မှတ်လောက်သားလောက်အောင် အရေးယူမှရမယ်ဗျ”

ကျုပ်စကားကြားတော့ ဦးဘသာကြီးက ခေါင်းခါတယ်ဗျ။

“နေပါစေကွာ၊ မကောင်းတာလုပ်တဲ့လူတွေ သူ့အကုသိုလ်နဲ့သူ၊ သွားပါလိမ့်မယ်”

ဦးဘသာကြီးက အဲဒီလိုပြောပြီးတော့ လှည့်ထွက်သွားတာဗျ၊ ကျုပ်တောင် အတော်အံ့ဩသွားမိတာ၊ သူ့အချစ်ဆုံးနွားကြီး အသတ်ခံရလို့ ဒေါသထွက်မယ်ထင်နေပေမယ့် ကျုပ်ထင်ထားသလောက်တောင် ခံစားရပုံမရဘူးဗျ၊ အဖေတို့နဲ့ပေါင်းမိပြီးတော့များ အဖေတို့လို တရားတွေဘာတွေပေါက်သွားတာလားတော့ မပြောတတ်ပါဘူးဗျာ၊ ဒါနဲ့ နွားခေါင်းကြီးကို ရေတွင်းပျက်နားမှာပဲ မြှုပ်ခဲ့ရတာပေါ့ဗျာ၊ ရေတွင်းပျက်နေရာက ဝက်တွေ၊ နွားတွေ ပေါ်တတ်တဲ့နေရာဆိုတာ ခင်ဗျားတို့သိပြီးသားမဟုတ်လားဗျာ။

အဖေတို့သိတော့လည်း ဒေါသဖြစ်နေပုံရတယ်ဗျ။

“ငါလည်း ငါ့ဖာသာစုံစမ်းမယ်၊ အလတ်ကောင် မင်းလည်း ကာလသားတွေထဲမှာ နည်းနည်းပါးပါးစုံစမ်းကြည့်ကွာ၊ ဒီသူခိုးကို ငါတို့ဖော်မှဖြစ်မယ်ကွ၊ ဘယ့်နှယ့်ကွာ မနက်ကပဲ ဘေးမဲ့လွတ်တဲ့နွား ညကျတော့အသတ်ခံရတယ်ဆိုတော့ အနီးအပါးရွာတွေကသိရင် တို့ရွာသားတွေကို ဘယ်လောက်များကဲ့ရဲ့လိုက်ကြမလဲ”

အဖေ့ဆီက တရားဝင်အမှုလိုက်ခွင့်ရပြီမဟုတ်လားဗျာ၊ ကျုပ်ကလည်း အဲဒီတုန်းက ရွှေဥဒေါင်းတို့၊ ငွေဥဒေါင်းတို့ရဲ့ စုံထောက်ဇာတ်လမ်းတွေဖတ်ပြီး စုံထောက်ရူးရူးနေတာဆိုတာ့ ကျုပ်အတွက်အံကိုက်ပေါ့ဗျာ၊ ဒါနဲ့ပဲ ရွာထဲကိုစုံစမ်းဖို့ ထွက်လာခဲ့ပါရော။

ကာလသားတွေကလည်း ဘယ်သူမှ မလုပ်ဘူးပဲပြောတယ်၊ သူခိုးကတော့ ခိုးတယ်လို့ဝန်မခံဘူးဆိုပေမယ့် ကာလသားတွေလိမ်မပြောမှန်းကျုပ်သိလိုက်တယ်၊ ဒါနဲ့ပဲ ရွာထဲမှာ လက်စခြေစ၊ လက်ရဲဇက်ရဲရှိတဲ့ လူမိုက်တွေ၊ ဇိုးသမားတွေဆီ ချဉ်းကပ်ရတာပေါ့ဗျာ၊ သူတို့လည်း တစ်ယောက်မှ ဒီအကြောင်းကိုမသိကြဘူးတဲ့ဗျ၊ လုပ်လည်းမလုပ်ဘူးလို့ ဝန်ခံကြတယ်၊ ဒီလိုနဲ့ တစ်နေသာကုန်သွားတယ်၊ ကျုပ်ရဲ့စုံထောက်အလုပ်က သိပ်ပြီးခရီးမတွင်ဘူးပြောရမှာပေါ့ဗျာ၊ စုံထောက်လုပ်တယ်ဆိုတာ ဇာတ်လမ်းထဲမှာသာ လွယ်တာဗျ၊ အပြင်မှာတော့ သိပ်ခက်တာပေါ့ဗျာ။

ဒါနဲ့ပဲ ညနေနေဝင်ပြီးတော့ စိတ်ညစ်ညစ်နဲ့အိမ်ကိုပြန်လာတာပေါ့ဗျာ၊ ဒီအချိန်မှာပဲ ရွာထဲကလူတွေက စုရုံးစုရုံးနဲ့ ပြေးနေကြတယ်ဗျ၊ ကျုပ်လည်း ဘာဖြစ်သလဲဆိုတာ သိချင်တာနဲ့ သူတို့နောက်ပြေးလိုက်ခဲ့တာပေါ့ဗျာ၊ ရွာအနောက်ဘက်ကိုပြေးသွားကြပြီးတော့ ရွာကိုကာထားတဲ့ မြေသားတာရိုးကြီးပေါ်ကိုတက်လိုက်ကြတာ၊ တာရိုးကြီးပေါ်မှာလည်း လူအပြည့်ဗျ၊ ရွာကလူတွေကုန်ပြီထင်တာပဲ။

“ဟိုမှာ . . ဟိုမှာ . . နွားကြီးတွေ့လား”

ရွာဟောင်းဘက်နဲ့ ရေတွင်းပျက်နားကကွင်;ထဲမှာ နွားကြီးတစ်ကောင်ကပြေးနေတာဗျ၊ ဖုန်တွေကို အလုံးလုံးထနေတော့တာပါပဲဗျာ၊ နွားကတော့ သာမန်နွားအရွယ်ပါ၊ ချိုထောင်ထောင် ဘို့ကောင်းကောင်းနဲ့ဆိုတော့ နွားသိုးကြီးထင်ပါ့ဗျာ။

“ဘယ်သူ့နွားလဲဗျ”

ကျုပ်မေးလိုက်တော့ ဘေးနားကလူတွေက ကျုပ်ကိုတုံးလိုက်တာဆိုတဲ့အကြည့်မျိုးနဲ့ ဝိုင်းကြည့်တယ်ဗျ။

“ဘယ်သူ့နွားမှမဟုတ်ဘူးကွ၊ အဲဒါ နွားသရဲကွ”

“ဗျာ . . . ဟုတ်ပါ့မလား”

“မင်;သေချာကြည့်ထားနော် ဒီနွားက တဖြည်းဖြည်းနဲ့ကြီးလာတာကွ”

ဟုတ်တယ်ဗျ၊ ကျုပ်ကြည့်နေရင်း မျက်စိရှေ့မှာတင်ကို နွားကတဖြည်;ဖြည်;နဲ့ကြီးလာတာဗျာ၊ ဆယ့်ငါးမိနစ်လောက်ကြာတော့ နွားကြီးက ကျုပ်ကြည့်နေတုန်;ကထက် နှစ်ဆနီးပါးလောက်ကြီးလာတာဗျ၊ ချိုတွေကလည်; ချွန်ပြီးကောက်နေတာပဲဗျာ၊ နှာမှုတ်သံ၊ ခွာပေါက်သံကြီးတွေကိုလည်း အတိုင်းသားကြားနေရတာဗျ။ နောက်တော့နွားကြီးက ကျုပ်တို့ဘက်ကိုကြည့်ပြီးတော့ တဟုန်ထိုးပြေးလာတာဗျ၊ ကြည့်နေတဲ့လူတွေလည်း ကြောက်ကြောက်နဲ့ မြေသားတာရိုးကြီးအနောက်ကိုဆင်းပြေးကြတာပေါ့ဗျာ၊ နောက်တော့မှ တာရိုးပေါ်ကိုတက်ကြည့်တော့ နွားကြီးမရှိတော့ဘူးဗျ၊ ပျောက်ချင်;မလှပျောက်သွားတာ၊ သူပြေးခဲ့တဲ့ဖုန်လုံးတွေကတော့ ဝေနေဆဲပါပဲ။

ရွာသားတွေကတော့ အမျိုးမျိုးပြောဆိုကြတယ်ဗျ၊ ညကအသတ်ခံလိုက်ရတဲ့ ဘေးမဲ့နွားကြီးက မကျွတ်ဘဲနဲ့ သရဲကြီးဖြစ်နေပြီးတော့ သူ့ကိုသတ်စားတဲ့သူတွေကို ပြန်သတ်ဖို့ စောင့်နေတာဖြစ်မယ်လို့ပေါ့ဗျာ၊ ဟုတ်ရင်လည်းဟုတ်မယ်ဗျ၊ ဒီကောင်ကြီးက သူ့ကိုလုပ်သွားတဲ့သူကို ဘယ်ကျေနပ်ပါ့မလဲ။

အိမ်ပြန်ရောက်တော့ အဖေ့ကိုအကျိုးအကြောင်းပြောပြီးတော့ မေးကြည့်ရတာပေါ့ဗျာ။

“အဖေ၊ သရဲတွေဆိုတာက လူတွေပဲဖြစ်တာမဟုတ်လား၊ တိရစ္ဆာန်တွေရော သရဲဖြစ်တတ်သလား”

“သရဲဆိုတာအရပ်အခေါ်ကွ၊ တရားသဘောအရတော့ ပြိတ္တာပေါ့ကွာ၊ ပြိတ္တာတွေက ပုံစံမျိုးစံနဲ့ရှိတတ်ကြတယ်၊ ဘုရားဟောတဲ့တရားတွေထဲမှာတောင်မှ မြွေပြိတ္တာကြီးတို့တောင်ရှိသေးတယ်မဟုတ်လား၊ သူ့ဆိုင်ရာ ဘ၀တွေကိုစွဲပြီးတော့ ပြိတ္တာဖြစ်သွားတာပေါ့ကွာ”

(၄)

ညမိုးချုပ်တော့ တစ်ရွာလုံးက ခွေးတွေဆိုတာ အူလိုက်တာဗျာ၊ ညခုနစ်နာရီလောက်မှာတင် တော်တော်ဆိုးတိုးကိုအူတာ၊ နောက်ပြီး ကျုပ်တို့တစ်ရေးနိုး ညသန်;ခေါင်လောက်တော့ ခွေးတွေထပ်ပြီး အူပါရော၊ ဆွဲဆွဲငင်ငင်နဲ့ကို အူတာဗျ၊ နောက်ပြီးတော့ တစ်ရွာလုံးကိုပတ်ပြီးပြေးနေတဲ့ ခွာသံကြီးတွေကြားရတာ၊ ညနေက တွေ့ထားတဲ့ နွားကြီးထင်ပါရဲ့ဗျာ။

ဒီအချိန်မှာပဲ လူတွေအော်ဟစ်တဲ့အသံကိုကြားလိုက်ရတယ်ဗျ၊ အဖေလည်း အိပ်ရာကနေထပြီးတော့ အိမ်ရှေ့နားမှာချိတ်ထားတဲ့ ကုလားတက်ကို ခေါက်တော့တာပဲဗျာ၊ ကုလားတက်ဆိုတာက ဘုန်းကြီးကျောင်းက အုန်းမောင်;ပုံစံ ဝါးနဲ့လုပ်ထားတဲ့ အရာကိုပြောတာဗျ၊ ဟိုးအရင်ခေတ်က အင်္ဂလိပ်တွေနဲ့ မြန်မာတွေစစ်ဖြစ်ကြရင် ကုလားတွေတက်လာပြီဆိုရင် အဲဒီအုန်းမောင်;ကိုခေါက်ပြီး အချက်ပေးကြလို့ ကုလားတက်လို့ခေါ်တယ်လို့တော့ ပြောတာကြားဖူးတာပဲ၊ အင်္ဂလိပ်ကိုလည်း အရင်က ကုလားဖြူလို့ခေါ်တာမဟုတ်လား။ အဲဒီကုလားတက်ကို ခပ်မြန်မြန်ခေါက်ရင် အရေးပေါ်ပြီဆိုတာ ရွာကလူတွေသိတယ်ဗျ၊ အိမ်တိုင်းကိုယ်စီက လက်နက်တွေဆွဲပြီးထွက်ကြတယ်၊ ကာလသားတွေဆိုရင်လည်း လှံတွေကိုင်ပြီး စုရုံးကြတာပေါ့ဗျာ။

အဖေခေါက်ပြီးမကြာပါဘူးဗျာ၊ အဖေလည်း အိမ်ပေါ်ကနေပြေးဆင်;သွားတာ၊ ကျုပ်လည်း အိပ်ရာထဲက ကမန်းကတန်းထပြီးတော့ အဖေ့လက်စွဲတော် ဓါးကြီးလွယ်ပြီး အနောက်ကနေ ပြေးလိုက်လာခဲ့ရတာပေါ့ဗျာ၊

“ဘာသံတွေလဲဟေ့”

“ရွာပြင်နားက ကြားတာဗျ၊ ထွက်ကြည့်ရအောင် သူကြီးရာ”

ရွာသားတွေအုပ်စုလိုက်ကြီး ရွာပြင်ကိုထွက်လာခဲ့တယ်ဗျ၊ ရွာပြင်လယ်ကွင်;တွေနားမှာ ဖုန်တွေတထောင်;ထောင်းထနေတာပဲဗျို့၊ ကျုပ်တို့ဓါတ်မီးတွေ နဲ့လှမ်းထိုးကြည့်တော့ လူသုံးယောက်က ကွင်းကိုပတ်ပြေးနေတာဗျ၊ သူတို့နောက်မှာတော့ နွားကြီးတစ်ကောင်က ဂျိုနဲ့လိုက်ခွေ့နေတာဗျ။

ထောင်ထောင်မောင်းမောင်းယောက်ျားသုံးယောက်က ကွင်းထဲမှာပြေးကြတယ်ဗျ၊ ပြေးရင်းနဲ့ ကွင်;အစပ်နားရောက်ရင် ပြန်လှည့်ပြီး ပြေးကြရော၊ အနောက်က နွားကြီးကလည်; ဂျိုကြီးစိုက်ပြီး လိုက်တာဗျ၊ သူတို့ကြည့်ရတာ ကာတွန်;ကားထဲက လူတွေပြေးသလိုမျိုး ပေနှစ်ရာလောက်ရှိမယ့်ကွင်းကို လှည့်ပတ်ပြေးနေတာကိုး၊ သုံးယောက်ရှိတာ သုံးယောက်လုံးလူခွဲပြေးပါတော့လား၊ ဒါမှမဟုတ်ရင်လည်း ကွင်းထဲကထွက်ပြီးတော့ တောထဲပြေးပြေး၊ ရွာထဲပြေးပြေးလွတ်ပါတယ်ဗျ။

ကျုပ်တို့လည်း ဘယ်လိုလုပ်ဝင်ပြီးဆွဲရဲမလဲဗျာ၊ ဘေးကနေပဲ အမျိုးမျိုးဝိုင်းအော်ကြတာပေါ့၊

“ကြာရင် ဒီလူသုံးယောက်သေလိမ့်မယ်ကွ၊ နွားကြီးကို လှံနဲ့ဝိုင်းပစ်ကြစမ်းကွာ”

အဖေပြောလိုက်တော့ ကာလသားတွေက လှံတွေ၊ ခဲတွေနဲ့ နွားကြီးကိုဝိုင်းပြီးပစ်ခတ်ကြတာပေါ့ဗျာ၊ ဒါပေမယ့် နွားကြီးကို လှံတွေ တုတ်တွေက မထိဘဲနဲ့ မြေကြီးကိုပဲကျတယ်ဗျ၊ ကျုပ်တို့ပစ်နေတဲ့လူတွေလည်း သိသွားပြီ၊ ဒီနွားက သာမန်နွားမဟုတ်ဘူး၊ ညနေက တွေ့လိုက်တဲ့ နွားသရဲကြီးနေမှာဗျ။

ကြည့်နေတုန်းမှာပဲ အရှေ့ကပြေးနေတဲ့လူတစ်ယောက်က လဲကျသွားတယ်ဗျာ၊ ဒီအချိန်မှာပဲ နွားကြီးက အဲဒီလူရဲ့ နံကြားကို ဂျိုနဲ့ပြေးထိုးတော့တာပဲ၊ ပြီးတော့ အရှေ့ခြေနဲ့လည်; ခွာတွေနဲ့ပေါက်သေးတာ၊ ဖုန်တွေကြားထဲမှာ အဲဒီလူက မှောက်လိုက်၊ လှန်လိုက်နဲ့ နွားကြီးပြုသမျှကို ခံနေရတော့တာပေါ့ဗျာ၊

“သားကြီး၊ ရပ်လိုက်စမ်း”

ဒီအချိန်မှာပဲ အသံတစ်သံကြားလိုက်ရပြီးတော့ လူအုပ်ထဲက ဦးဘသာကြီးက ကွင်းထဲကိုပြေးဝင်သွားတယ်ဗျ။ နွားကြီးက ဦးဘသာကြီးကို သေချာစိုက်ကြည့်တာဗျ၊ မျက်လုံးကြီးနှစ်လုံးက နီရဲနေတာပဲ၊ ပြီးတော့ ခွာတွေယက်ပြီးတော့ ဦးဘသာကြီးကို ဂျိုနဲ့ပြေးထိုးဖို့လုပ်နေပါရောဗျာ၊ ဦးဘသာကြီးကလည်း မပြေးဘဲ ဒီအတိုင်းပေပြီးရပ်နေတာဗျ။

“ဦးဘသာကြီး၊ ဖယ်ဗျ၊ ခင်ဗျားကို ဝှေ့ဖို့လုပ်နေတာဗျ”

ကျုပ်လည်း ဘာမှမသိတော့ဘဲ လူအုပ်ထဲကနေခုန်ထွက်ပြီး ဦးဘသာကြီးဆီကိုပြေးလာတာဗျ၊ နွားကြီးကလည်း ဦးဘသာကြီးဆီကို အရှိန်နဲ့ပြေးလာတော့တာဗျာ၊ ဂျိုကလည်း ထိုးဖို့အသင့်ပြင်ထားတာ၊ ကျုပ်လည်း ဦးဘသာကြီးလက်မောင်းကိုပြေးဆွဲပြီးတော့ ဘေးကိုလှဲချဖို့လုပ်တော့ ဦးဘသာကြီးက နွားကြီးကိုလက်ကာပြလိုက်ပြီး

“သားကြီး၊ ညိုမောင် . . .ရပ်လိုက်ပါတော့ကွာ”

နွားကြီးက ကားဘရိတ်ဆောင့်အုပ်သလို တန့်ခနဲရပ်သွားတာဗျ၊ ဦးဘသာကြီးနဲ့ဆို လက်တစ်ကမ်းလောက်ပဲကွာပါတယ်ဗျာ၊ ကျုပ်လည်းကြောက်ကြောက်နဲ့ကြည့်လိုက်တော့ ညိုမောင်မှ ညိုမောင်အစစ်ဗျ။

“တော်ပြီသားကြီးရာ၊ မင်းသွားလိုတဲ့နေရာကို သွားပါတော့ကွာ၊ ဒီလူတွေကို မလုပ်ပါနဲ့တော့”

နွားကြီးက ကျေနပ်ပုံမရဘူးဗျ၊ နှာတွေတရွှီးရွှီးနဲ့မှုတ်နေတာ၊ ဟိုလူသုံးယောက်ကလည်း မြေကြီးပေါ်မှာ လဲနေပြီ၊ တစ်ယောက်ကတော့ မလှုပ်တော့ဘူး၊ ကျန်တဲ့နှစ်ယောက်ကတော့ အမောဆို့ပြီး လျှာတွေထွက်နေကြပြီ။

ဦးဘသာကြီးက နွားကြီးရဲ့ခေါင်းကိုလက်နဲ့အသာလေးထိပြီး ပွတ်ပေးလိုက်တယ်။

“မင်းမကျေနပ်ဘူးဆိုတာ သိပါတယ် ဖေ့သားကြီးရာ၊ ဒါပေမယ့်လည်း ပြီးခဲ့တာတွေပြီးပါပြီကွ၊ မင်းကောင်းရာမွန်ရာသွားပါတော့ကွာ”

နွားကြီးက ဦးဘသာကြီးရှေ့လည်စင်းပေးပြီးတော့ ကန်တော့တဲ့ပုံစံလုပ်နေတာဗျာ။ သုံးကြိမ်လဲလုပ်ပြီးရော ကျုပ်တို့ရှေ့မှာပဲ ပျောက်ချင်းမလှပျောက်သွားတော့တာ။ ကျုပ်တို့လည်း လူသုံးယောက်ကိုဖမ်းလာတာပေါ့ဗျာ၊ နွားအဝှေ့ခံရတဲ့တစ်ယောက်ကတော့ နံကြားကြီးပွင့်နေတာပဲဗျ၊ သွေးတွေလဲတော်တော်ထွက်နေတာ၊ ရွာထဲမသွင်းဘဲ ရွာပြင်ဇရပ်မှာပဲ စစ်ဆေးဖို့လုပ်ကြတယ်၊ ဒီလူတွေကို ကျုပ်တို့မမြင်ဖူးဘူးဗျ။

“မင်းတို့ ဘာကောင်တွေလည်းဆိုတာ သေသေချာချာပြောစမ်း၊ မပြောရင် မင်းတို့ကိုရဲလက်အပ်မယ်”

ကျန်တဲ့လူနှစ်ယောက်က ဘာမှမပြောဘူးဗျ၊ ဖြစ်ချင်ရာဖြစ်ဆိုပြီး ရေငုံနှုတ်ပိတ်နေတာ၊ လူပုံတွေကြည့်ရတာတော့ လူမိုက်တွေလား ဘာတွေလားတော့မသိဘူးဗျ၊ အရက်စော်တွေကလည်း နံလို့ဗျာ။ အဖေမေးလို့မရတော့ ကျုပ်လည်း ပွဲထကြမ်းတာပေါ့။

“ခင်ဗျားတို့ပြောနော်၊ မပြောရင် ခုနက နွားသရဲကြီးပြန်ခေါ်ပြီးတော့ ခင်ဗျားတို့ကို ကွင်းထဲပြန်ပြီး ပတ်ပြေးထားခိုင်းလိုက်မယ်”

ကျုပ်ပြောလိုက်မှ ဒီလူတွေကြောက်သွားကြတာဗျ။

“ပြော . . ပြောပါ့မယ်၊ ကျုပ်တို့က မြိုင်သာနားက လူတွေပါ၊ ဒီရွာမှာ နွားကောင်းကောင်းလွှတ်မယ်လို့ သတင်းရလို့ ဒီတောထဲမှာလာစောင့်နေတာ နှစ်ရက်ရှိပါပြီ၊ မနေ့ညက ဘေးမဲ့လွှတ်ထားတဲ့ နွားကြီးကိုဖမ်းပြီးတော့ ကျုပ်တို့သတ်ပြီး ပေါ်လိုက်ပါတယ်”

ရွာသားတွေအကုန် အံ့ဩသွားကြတာပေါ့ဗျာ။ အဖေက ခေါင်းညိတ်ပြီး

“ဒါနဲ့ ကျန်တဲ့အသားတွေကိုရော၊ မင်းတို့သုံးယောက်က နွားတစ်ကောင်လုံးကို တစ်ရက်ထဲနဲ့စားနိုင်ပါ့မလားကွ”

အဲဒီလူနှစ်ယောက်က မျက်စိမျက်နှာပျက်နဲ့

“ကျုပ်တို့ကိုသတင်းပေးတဲ့လူကို အမဲသားတွေအကုန်ရောင်းလိုက်ပြီးပါပြီ၊ ကျုပ်တို့က အရိုးအရင်းပဲစားရတာပဲ”

“မင်းတို့တော်တော်မိုက်တဲ့ကောင်တွေပဲကွာ၊ ပြောစမ်း၊ အဲဒီသတင်းပေးက ဘယ်သူလဲ”

လူနှစ်ယောက်က လက်အုပ်တွေချီပြီး

“မပြောပါရစေနဲ့သူကြီးရယ်၊ ကျုပ်တို့ပြောလိုက်ရင် ကျုပ်တို့မှာ အနရာယရှိပါတယ်၊ ကျုပ်တို့ကိုသနားရင် ဒီထက်ပိုပြီး မမေးကြပါနဲ့”

အဖေက သူတို့တွေကို ဖမ်းပြီးတော့ မြိုင်သာရဲစခန်းကိုပို့မယ်တဲ့ဗျ၊ နွားဝှေ့ခံရတဲ့သူကတော့ ဇရပ်ပေါ်မှာပဲ အသက်ဆုံးသွားတယ်၊ နွားဝှေ့ နွားနင်းခံထားရလို့ တစ်ကိုယ်လုံးကို စိစိညက်ညက်ကျေနေတာပါပဲဗျာ။

မနက်မိုးလင်းတော့ အဖေတို့ပြန်ထွက်သွားကြပြီဗျ၊ အလောင်းကြီးကိုလည်း သယ်သွားကြတာပေါ့၊ ဒီတော့မှ ကျုပ်က ရွာထဲကိုထွက်ခဲ့တာဗျ၊ ရွာကလူတွေကတော့ တိုးတိုးတိတ်တိတ်နဲ့ ပြောဆိုနေကြတာပေါ့။

“ဦးတရုတ်ကြီးက ငွေပေးပြီး ဒီနွားကိုပေါ်ခိုင်းတာတဲ့၊ အခုဦးတရုတ်ကြီးဖျားနေတယ်”

“ဟုတ်တယ်၊ ညကလည်း ဦးတရုတ်ကြီးက နွားကြီး . . နွားကြီးဆိုပြီးတော့ အော်ဟစ်လူးလိမ့်နေတာပဲတဲ့၊ သူတို့ခြေရင်းအိမ်က မိစောပြောတာ”

ကျုပ်လည်းဟုတ်မလားဆိုပြီးသွားကြည့်တော့ ဦးတရုတ်ကြီးတို့ဆိုင်က ပိတ်ထားတယ်ဗျ၊ တစ်နှစ်ပတ်လုံး တစ်ရက်မှ မပိတ်တဲ့အရက်ဆိုင်က အခုပိတ်တယ်ဆိုတော့ ရွာကလူတွေပြောတာဟုတ်နေမလားပဲဗျာ။

ကျုပ်လည်း ဦးသဘာကြီးအိမ်ကို ခြေဦးလှည့်ခဲ့တာပေါ့ဗျာ၊ နွားတွေမရှိတော့ ဦးဘသာကြီးက အိမ်ကပ်နေတာပေါ့။

“ဦးဘသာရေ၊ ရွာထိပ်က ဦးတရုတ်ကြီးက အဲဒီလူမိုက်တွေကို ငွေပေးပြီးတော့ကို ကြိုခေါ်ထားတာ၊ ရသမျှအမဲသားကို သူဝယ်လိုက်တယ်လို့ပြောတယ်”

ဦးဘသာကြီးကတော့ ခပ်အေးအေးပါပဲ။

“နေပါစေကွာ၊ သူ့အကုသိုလ်နဲ့သူ သွားလိမ့်မယ်”

တဲ့ဗျ၊ ကျုပ်လည်း အခုမှ ရေးရေးတွေးမိတယ်ဗျ၊ ဦးဘသာကြီးက ဦးတရုတ်ကြီးလုပ်မှန်းကို ကြိုပြီးတော့များ သိနေတာလားမသိဘူး၊ သူသာ ဘယ်သူနွားကို ခိုးသတ်သလဲလို့ ဖော်လိုက်ရင် ဦးတရုတ်ကြီးဇတ်လမ်းတွေ ပေါ်လာမှာကိုသိနေတာဖြစ်မယ်ဗျ၊ ဦးတရုတ်ကြီးကို မလုပ်ချင်တာနဲ့ သူ့အကုသိုလ်နဲ့သူ သွားမယ်ဆိုပြီး တမင်လက်ရှောင်ပြီး နေလိုက်တာဖြစ်မယ်ဗျ။

“မင်းဘာမှစိတ်ထဲထားမနေပါနဲ့ အလတ်ကောင်ရာ၊ ပြီးခဲ့တာပြီးပြီ၊ ငါလည်း သန်ဘက်ခါလောက်ရွာကထွက်မယ်ကွာ၊ ငါခရီးသွားတဲ့အခါ ငါ့ခိုင်းနွားနှစ်ကောင်ကို မင်းတို့အိမ်မှာထားခဲ့မယ်၊ ရတယ်မဟုတ်လား”

ကျုပ်လည်းခေါင်းညိတ်လိုက်တယ်ဗျ၊ ဦးဘသာကြီး ထွက်သွားမယ်ဆိုတော့ ကျုပ်ရင်ထဲ ဟာတာတာကြီးဗျာ။

“ခရီးက ကြာမှာလား ဦးဘသာကြီး”

“အေးပေါ့ကွ၊ ငယ်သူငယ်ချင်းနဲ့ပြန်တွေ့မှာဆိုတော့ တစ်လကိုးသီတင်းလောက်နေမယ်လေ၊ ဒီနှစ်က မိုးဦးမကောင်းမယ့်နှစ်ဆိုတော့ မိုးကျမှပဲ လယ်စိုက်ဖို့ပြန်လာခဲ့မယ်”

ကျုပ်လည်း ခေါင်းငိုက်စိုက်ချပြီး ပြန်လာခဲ့တာပေါ့ဗျာ၊ သူများခရီးသွားမှာကို မတားပါနဲ့လို့လဲ မပြောကောင်းဘူးမဟုတ်လား၊ ကျုပ်စိတ်ရှိတဲ့အတိုင်းဆိုရင် ဦးဘသာကြီးနဲ့ ခရီးအတူတူလိုက်သွားချင်တာပေါ့ဗျာ၊ ဒါပေမယ့် မိဘတွေမျက်နှာလည်းကြည့်ရသေးတယ်၊ ခရီးကလည်း အကြာကြီးသွားမှာ၊ နောက်ပြီး ဦးဘသာကြီးနဲ့သွားမယ်ဆိုရင် အဖေရော အမေရော ခွင့်ပြုမှာမဟုတ်ဘူးဗျ။

ဒီနှစ်နွေက အတော်ပူပြီး ပျင်းခြောက်ခြောက်ကြီးဖြစ်နေခဲ့တာ ဦးဘသာကြီး ရွာမှာမရှိတော့ဘူးဆိုရင် ကျုပ်အတွက်တော့ ပိုပြီး ပျင်းခြောက်ခြောက်ဖြစ်နေတော့မှာပေါ့ဗျာ။

ပြီးပါပြီ။

အဂ္ဂဇော်