ထနောင်းညီနောင်က တာတေကြီး

ဟာဆိုတော့ ဆာတိုင်းလည်း တောင်းစားလို့မကောင်းဘူးမဟုတ်လား၊ ဒီတော့ အဲဒီကောက်ညှင်းထုပ်တစ်ဝက်နဲ့ပဲ ဗိုက်ဖြည့်လိုက်ရတာပေါ့ဗျာ။ ဒါနဲ့ပဲဇရပ်ကြမ်းပေါ်မှာ လွယ်အိတ်ကိုခေါင်းအုံးပြီး ကျောခင်းလိုက်ရတာပေါ့၊ ဦးဘသာကြီးကတော့ မအိပ်ဘဲ ငုတ်တုတ်ထိုင်နေတယ်ဗျ။

“ဦးဘသာကြီး မအိပ်သေးဘူးလားဗျ”

“အေးကွ၊ ငါကွမ်းတအားစားချင်နေတာကွ”

“နေအုံး၊ ခရီးသည်တွေဆီကနေ ကျုပ်လိုက်တောင်းကြည့်မယ်”

ဖြစ်ချင်တော့ ခရီးသည်တွေထဲမှာ ကွမ်းပါတဲ့သူမရှိဘူးဗျ၊ ခရီးသည်တွေက မိန်းမနဲ့ ကလေးတွေများတယ်၊ ပြီးတော့ ယောက်ျားတွေကလည်း ကွမ်းအစ်မသယ်ကြဘဲ တွေ့တဲ့နေရာကနေ ဝယ်စားကြတဲ့သူတွေထင်ပါရဲ့ဗျာ။

ဟုတ်တော့ဟုတ်တယ်ဗျ၊ ကျုပ်လုပ်လိုက်လို့ သူ့ကွမ်းအစ်ကြီးကျပြီး ကွမ်းသီးတွေရော၊ ကွမ်းတွေရော၊ ဆေးတွေ၊ ထုံးတွေရော တစ်စစီဖြစ်သွားတာလေ၊ ဒန်နဲ့လုပ်ထားတဲ့ ကွမ်းအစ်တောင်မှ နည်းနည်းပိန်သွားသေးတယ်၊ ကွမ်းအရမ်းကြိုက်ရှာတဲ့ ဦးဘသာကြီး ကွမ်းစားချင်ရှာနေမှာပေါ့ဗျာ၊ ကျုပ်လည်း ကြံရာမရဖြစ်နေတာပေါ့ဗျာ၊ အချိန်ကတော့ ညရှစ်နာရီနီးနီးရှိပြီဗျ။

ဇရပ်ခါးပန်းနဲ့ အပေါ်ကပန်းဆွဲတွေမှာ ဆေးအဖြူနဲ့ ရေးထားတဲ့စာတွေကို ဆီမီးရောင်မှိန်မှိန်ကြားမှာတွေ့ရတယ်ဗျ။

“ဇရပ်တစ်ခန်းအလှူရှင် ဦးထွန်းရင်နှင့်မိသားစုကောင်းမှု၊ ထနောင်းကုန်းရွာ”

ကျုပ်ဖတ်သမျှ ထနောင်းကုန်းရွာဆိုတဲ့ ရွာနာမည်ချည်းတွေ့ရတော့ ဒီအနားက ရွာက ထနောင်းကုန်းရွာပဲဖြစ်ရမယ်လို့တွေးပြီး မျက်လုံးကိုမှိတ်ချလိုက်တာပေါ့ဗျာ။

(၂)

“မရဘူးကွာ၊ ငါတော့သွားမယ်”

ကားစပယ်ယာတစ်ယောက်က ထလာပါရောဗျာ။ နောက်ထပ်ပါလာတဲ စပယ်ယာနဲ့ ငြင်းခုန်နေကြသေးတယ်၊ ဇရပ်တစ်ခုလုံးလည်း ခရီးသည်တွေက အိပ်တဲ့လူကအိပ်နေပြီဗျ၊ အအိပ်ဆတ်တဲ့လူကတော့ နိုးလာတာပေါ့ဗျာ။

“ချက်ကြီး၊ မင်းကလည်းကွာ၊ ညနက်နေပြီကွ”

“အိုကွာ၊ ဘာဖြစ်လဲ၊ ဟိုမှာ ရွာရှိတယ်မဟုတ်လား၊ ရွာရှိရင် အရက်ရှိမှာပေါ့ကွ”

ဒီအချိန်မှာပဲ မိန်းမကြီးတစ်ယောက်က ငုတ်တုတ်ထထိုင်တယ်။

“နင်တို့ရွာဘက်သွားရင် ပြောစမ်းပါအေ၊ ငါလည်း ထမင်းဆာလို့၊ ရွာကလူတွေကို အကူအညီတောင်းပြီးတော့ တစ်ခုခုလောက် ဝယ်ခြမ်းစားရအောင်”

“ဟုတ်တယ်၊ ကျုပ်တို့လည်း ဗိုက်ဆာတယ်၊ ရွာကလူတွေက ခရီးသွားတွေဆိုရင် ကူညီမှာပါ၊ ကျုပ်တို့ ထမင်းဟင်းတွေချက်ခိုင်းပြီးတော့ ထိုက်သင့်သလောက်ပေးပြီး ဝယ်စားမယ်ဗျာ”

ဇရပ်ထဲ ဆူညံဆူညံဖြစ်လာပါရောဗျာ၊ ဒါနဲ့ လူစုလိုက်တော့ ချက်ကြီးဆိုတဲ့ စပယ်ယာရယ်၊ နောက်ပြီး ကိုညိုကြီးလို့ခေါ်တဲ့ ခရီးသည်တစ်ဦးရယ်၊ ကျုပ်ရယ် သုံးယောက်သား ရွာကိုသွားဖို့ စီစဉ်လိုက်ကြတယ်၊ ရွာကို လရောင်အောက်မှာ လှမ်းမြင်နေရတယ်ဗျ၊ ရွာကတော့ တစ်မိုင်သာသာ၊ နှစ်မိုင်နီးပါးလောက်ပဲ ဝေးမယ်ထင်ပါတယ်ဗျာ။

တခြားခရီးသည်တွေလည်း ရေပုလင်းဖြည့်ခိုင်းတဲ့သူနဲ့၊ ဓါတ်ဘူးပေးလိုက်တဲ့သူနဲ့ စုံလို့ပေါ့ဗျာ၊ ချက်ကြီးက ဓါတ်ဘူးတွေထည့်ထားတဲ့ ခြင်းတောင်းကြီးကိုဆွဲထားတယ်ဗျ၊ ကျုပ်လည်း ဟန်ကျသွားတာနဲ့ ဦးဘသာကြီးအနားကို တိုးကပ်သွားတာပေါ့။

“ဦးဘသာ၊ ကျုပ်တို့ ဒီနားကရွာကိုသွားမယ်၊ ဦးဘသာအတွက် ကွမ်းလေးဘာလေး ရမလားလို့ ဖန်ခဲ့မယ်”

ဦးဘသာကြီး ပျော်သွားတယ်။ ပြီးတော့ သူ့ရဲ့ကွမ်းအစ်ကို လှမ်းပေးတယ်ဗျ။

“အေးကွာ၊ ငါလည်း ကွမ်းမစားရလို့ အိပ်လို့တောင်မပျော်ဘူးဟေ့၊ ငါမင်းကို စောင့်နေမယ်နော်”

ကျုပ်လည်း ဆွဲခြင်းတောင်းတစ်ဖက်၊ ကွမ်းအစ်တစ်ဖက်ပိုက်ရင်း ရွာကလေးအတိုင်းလျှောက်လာကြတာပေါ့ဗျာ၊ ကျုပ်ထင်တာ မမှားပါဘူးဗျာ၊ လမ်းကလေးအတိုင်းလျှောက်လာရင်း တစ်နေရာအရောက်တော့ သစ်သားနဲ့လုပ်ထားတဲ့ ဆိုင်းဘုတ်တစ်ခုတွေ့တယ်ဗျ၊ အဲဒီဆိုင်းဘုတ်မှာ ဆေးအဖြူကို လက်ရေးဝိုင်းဝိုင်းနဲ့ ထနောင်းကုန်းရွာ ဆိုပြီးရေးထားတာကိုတွေ့လိုက်တယ်။

လမ်းကလေးကတော့ဖြူးနေတာပါပဲဗျာ၊ လရောင်ကလည်း ထိန်နေတာဆိုတော့ လမ်းတစ်ခုလုံးကို အတိုင်းသားမြင်နေရတော့တာ၊ လမ်းဘေးမှာ သစ်ပင်ကလေးတွေရှိတယ်ဆိုပေမယ့် ခပ်ကျဲကျဲပေါက်နေတာကြောင့်မို့သိပ်တော့ မမှောင်ဘူးဗျ၊ လမ်းကလေးအတိုင်းလှမ်းကြည့်ရင် ဟိုးအဝေးမှာ အိမ်ခေါင်မိုးလေးတွေ၊ သစ်ပင်တွေနဲ့ အုပ်ဆိုင်းနေတဲ့ ရွာကလေးကို လှမ်းမြင်ရတယ်။

ယောက်ျားသားသုံးယောက်မို့ ခြေလှမ်းက မြန်တယ်ဗျ၊ သုံးယောက်စလုံးကလည်း ကိုယ့်အပူနဲ့ကိုယ်ကိုး၊ ချက်ကြီးက အရက်မသောက်ရရင် မနေနိုင်တဲ့သူဗျ၊ နေ့စဉ်စွဲသောက်တဲ့ ဇိုးသမားပေါ့ဗျာ၊ အခုတောင် လမ်းလျှောက်ရင်း လက်တွေတုန်ယင်နေပြီ၊ သူပြောတာလည်း မှန်ပါတယ်၊ ရွာရှိရင် အရက်ရှိရမယ်မဟုတ်လား။

ကိုညိုကြီးနဲ့ ကျုပ်ကတော့ ဗိုက်ဆာလို့ လိုက်လာကြတာပေါ့ဗျာ၊ ကျုပ်က ဗိုက်ဆာတာအပြင် နောက်ထပ်ဇောတစ်ခုရှိသေးတယ်၊ အဲဒါကတော့ ဦးဘသာကြီးအတွက် ကွမ်းရဖို့ပေါ့ဗျာ၊ ရွာမှာတော့ ကွမ်းကိုအစ်နဲ့တည်ပြီးစားတဲ့သူတွေရှိမှာပဲ၊ အဲဒီသူတွေဆီကနေ ကွမ်း၊ ကွမ်းသီးနဲ့ ထုံး၊ ဆေးလိုဟာတွေ နည်းနည်းတောင်းဝယ်မယ်လို့ စိတ်ကူးထားတာပေါ့ဗျာ၊ ကိုယ်တွေလိုအပ်ချိန်တိုင်း အမြဲကူညီပေးတဲ့ ဦးဘသာကြီးကို သူလိုအပ်နေတဲ့အချိန်တော့ ကျုပ်က အစွမ်းကုန်ကူညီချင်တာပေါ့။

ကျုပ်တို့လျှောက်လာရင်း တစ်နေရာရောက်တော့ လမ်းနှစ်ခွဆုံကိုတွေ့ရတယ်ဗျ၊ တစ်ဖက်ကတော့ ရွာကိုသွားတဲ့လမ်း၊ နောက်တစ်ဘက်ကတော့ အုတ်ဂူဖြူဖြူနဲ့ သုသန်ကိုသွားတဲ့လမ်းပေါ့ဗျာ၊ အဲဒီလမ်းဆုံမှာ ထနောင်းပင်ကြီးနှစ်ပင်ရှိတယ်ဗျ၊ ထနောင်းပင်ကြီးတွေက သက်တမ်းဘယ်လောက်တောင်ရှိနေပြီလည်းမသိဘူးဗျ၊ ပင်စည်ကတင် လူကြီးနှစ်ဖက်လောက်ရှိပြီး အကိုင်းအခက်တွေကလည်း ဖြာတက်နေကြတာ၊ လရောင်အောက်မှာ အကိုင်းဖြူဖြူတွေနဲ့ဆိုတော့ မသိရင် သရဲကြီးတစ်ကောင် လက်တံတွေဖြန့်ထားသလိုပေါ့ဗျာ။

အဲဒီထနောင်းပင်ညီနောင်အောက်မှာလည်း ချုံတွေထူတယ်ဗျ၊ ကျုပ်တို့လည်းရွာဘက်ကိုသွားတဲ့ လမ်းကိုဆက်လျှောက်ခဲ့ရင်း ထနောင်းပင်ရိပ်ကနေ ဖြတ်လာတာပေါ့ဗျာ၊ ဒီထနောင်းပင်ကြီးအောက်ကိုရောက်တော့ ကျုပ်ကျောတွေဖြန်းကနဲ အေးစိမ့်တက်လာပြီးခေါင်းမွှေးတွေလဲ ထောင်သွားတော့တာပဲ၊ တစ်ခုခုထူးနေပြီမှန်းကျုပ်သိလိုက်ပြီ။

ဒီအချိန် သစ်ပင်အောက်ချုံထဲကနေ တခုခုက လှုပ်လာတယ်ဗျ၊ ခြောက်သွေ့နေတဲ့ ချုံပင်တွေကို ထိတာဆိုတော့ တရှဲရှဲနဲ့မြည်နေတာပေါ့ဗျာ။

“ဟဲ့သောက်ခွေး၊ ငါရိုက်ထည့်လိုက်ရ သေတော့မယ်”

ချက်ကြီးက တစ်ချက်ဟန့်လိုက်တာနဲ့ အဲဒီချုံတိုးသံက ပြန်တိတ်သွားတာဗျ၊ ကျုပ်လည်း ဆက်လျှောက်လာရင်း တစ်နေရာရောက်တော့ ထနောင်းကိုင်းတစ်ခုပေါ်မှ ခြေဆင်းပြီးထိုင်နေတဲ့ မည်းမည်းကြီးတစ်ကောင်ကို ဖြတ်ခနဲတွေ့လိုက်ရတာပါပဲ၊ မည်းမည်းကြီးက ကျုပ်ကြည့်လိုက်တာလည်းမြင်ရော ထနောင်းကိုင်းတွေအပေါ်မှာ လွှားခနဲ လွှားခနဲခုန်ပြီးပြေးတာဗျ။

တခြားသူနှစ်ယောက်ကိုကြည့်လိုက်တော့ ဒီအကောင်ကြီးကိုမြင်ပုံမရဘူး၊ ကျုပ်လည်း သူတို့ကြောက်မှာစိုးတာနဲ့ ဘာမှမပြောတော့ဘဲ ခပ်တည်တည်နဲ့လာခဲ့တာပေါ့ဗျာ၊ ထနောင်းညီနောင်ကို ဖြတ်ပြီးတော့ သိပ်မကြာခင်မှာပဲ ရွာကိုဝင်လာခဲ့တော့တယ်ဗျ။ ရွာကလေးက တိတ်ဆိတ်နေတာပဲဗျို့။

“ဗျို့ရွာသားတွေ၊ ကျုပ်တို့က ခရီးသွားတွေပါ၊ ကားလမ်းထိပ်ဇရပ်ပျက်မှာ သောင်တင်နေလို့ ကျုပ်တို့ကို ကူညီကြပါ”

ကိုညိုကြီးအော်လိုက်ပြီး မကြာပါဘူး၊ ရွာထဲက အိမ်တွေထဲမှာ ဆီမီးအလင်းရောင်ကလေးတွေ လင်းသွားတာတွေ့တယ်၊ တစ်ချို့လည်း အိမ်ပေါ်ကနေချောင်းကြည့်နေကြတယ်၊ ဒါနဲ့ ကျုပ်တို့က ရွာလူကြီးအိမ်ကိုမေးပြီးလာခဲ့ရတာပေါ့ဗျာ။

(၃)

မြန်မာလူမျိုးဆိုတာ သူများအခက်အခဲကြုံရင် ကူညီတတ်တဲ့သူတွေဆိုတော့ ကျုပ်တို့လည်း အဆင်ပြေသွားတယ်ဆိုပါတော့ဗျာ၊ သူကြီးအိမ်ရောက်တော့ အိပ်နေတဲ့အိမ်သားတွေက နိုးလာကြပြီးတော့ ကျုပ်တို့ကိုကူညီကြတယ်၊ ရေနွေးအိုးတည်ပေးတဲ့သူက တည်တယ်၊ ထမင်းဟင်းချက်ပေးတဲ့သူက ချက်တာပေါ့ဗျာ၊ ချက်ကြီးကလည်း အရက်နှစ်လုံးရသွားတယ်၊ ပိုပြီးအဆင်ပြေတာက သူကြီးက ကွမ်းကြိုက်တဲ့သူမို့သူ့ကွမ်းအစ်ထဲက ကွမ်းတွေ၊ ကွမ်းသီးတွေရော ဆေးတွေ၊ ထုံးတွေပါ အကုန်ထည့်ပေးတယ်ဗျ၊ များတောင်နေလို့ ကျုပ်ဖြင့်အားနာပြီးတော့ ငြင်းတောင်ယူရသေးတယ်ဗျာ၊ ကျုပ်တို့ပိုက်ဆံပေးတော့လည်း မယူပါဘူး။ အခက်အခဲဖြစ်နေတဲ့ ခရီးသွားတွေကို ကူညီပေးတယ်ဆိုပြီးတော့ အလကားပေးလိုက်တာဗျ။

ချက်ကြီးကတော့ ထမင်းဟင်းချက်တာ စောင့်ရင်း အရက်တစ်ပိုင်းကို မြေပဲဆံကြော်နဲ့ မော့နေပြီဗျ၊ ကျုပ်နဲ့ကိုညိုကြီးကတော့ သူတို့တွေချပေးတဲ့ ပဲလှော်တွေ၊ ပဲချောင်းကြော်တွေ၊ ထန်းလျက်တွေ စားပြီး ရေနွေးကြမ်းသောက်ရင်း စောင့်နေတာပေါ့ဗျာ။

“ဒါနဲ့ မောင်ရင်တို့ အပြန်ကျရင် ထနောင်းညီနောင်ကို သတိထားကြကွဲ့”

ကျုပ်လည်း တစ်ခုခုတော့သိလိုက်ပြီလေ၊ ဒါပေမယ့်လည်း မသိချင်ယောင်ဆောင်ပြီး ဆက်မေးတာပေါ့။

“ဘာဖြစ်လို့တုန်း သူကြီးရ”

“အဲဒီ ထနောင်းညီနောင်မှာ တာတေကြီးတစ်ကောင်ရှိတယ်ကွ”

“တာတေ . . . ဟုတ်လားသူကြီး”

“အေး၊ သရဲကြီးတော့သဘက်၊ သဘက်ကြီးတော့ တာတေခေါ်တယ်၊ သိပ်အရုပ်ဆိုးတဲ့အကောင်တွေပေါ့ကွာ၊ ဒါကြောင့် လူတွေရုပ်ဆိုးရင် တာတေလန်တယ်လို့ ဆိုကြတာပေါ့ကွ၊ အရမ်းအရုပ်ဆိုးတဲ့ တာတေတောင်မှ သူတို့ကိုကြည့်ပြီး လန်သွားတယ်လို့ ခိုင်းနှိုင်းပြောတာမဟုတ်လား”

“ဟုတ်ကဲ့၊ ဒါနဲ့ အဲဒီတာတေကြီးက အတော်ဆိုးလို့လား”

“ဆိုးပါရောကွဲ့၊ တို့ရွာဆိုရင် ညဘက်ဘယ်သူမှ အဲဒီထနောင်းညီနောင်နားကနေ လုံး၀မဖြတ်ရဲကြဘူး၊ အခုလည်း ဦးလေးတို့ စိတ်ရှိတဲ့အတိုင်းဆို မောင်ရင်တို့ခရီးသည်တွေဆီကို ထမင်းဟင်းတွေ အရောက်ပို့ပေးချင်ပါတယ်ကွယ်၊ ဒါပေမယ့် တာတေကြီးကိုလည်း ကြောက်ရသေးရဲ့မဟုတ်လား”

“ရတယ်၊ ကျုပ်ကတော့ ယောက်ျားဗျ၊ သဘက်တွေ၊ တာတွေတွေ ကြောက်မနေဘူး၊ ကျုပ်နဲ့တွေ့လို့ကတော့ နားပန် နားရင်းချည်းအုပ်လွှတ်ပစ်မယ်”

အရက်သောက်နေတဲ့ ချက်ကြီးက အာပေါင်အာရင်းသန်သန်နဲ့ထပြောတော့ သူကြီးက မျက်နှာတစ်ချက်ပျက်သွားတယ်ဗျ။

“သိပါတယ်မောင်ရင်ရယ်၊ ဦးလေးက မောင်ရင်တို့ကို သတိထားစေချင်လို့ပြောတာပါ”

“ဒါနဲ့စကားမစပ် အဲဒီတာတေကြီးက ဘာလို့အဲဒီနားမှာနေတာလဲဆိုတာ ဦးလေးသိရင်ပြောပြပါလား”

ကျုပ်ကလည်း လျှာရှည်လိုက်တယ်ဗျ၊ သူကြီးက ခေါင်းညိတ်ပြီးတော့

“အေးကွ၊ ပြောရရင်တော့ အရှည်ကြီးပဲ၊ ဒါပေမယ့် ခပ်တိုတိုပဲပြောပါ့မယ်ကွာ”

“အင်္ဂလိပ်ခေတ်လောက်တုန်းက တို့ရွာအနီးမှာ ငဖဲလို့ခေါ်တဲ့ ဓါးပြတစ်ယောက် ကျက်စားတယ်ကွ၊ အဲဒီတုန်းက လမ်းတွေဘာတွေလည်း အခုလိုမပေါက်သေးတော့ တို့ရွာက တော်တော်ခေါင်တာပေါ့၊ ငဖဲက တို့ရွာနဲ့အနားက ရွာတွေကို စိတ်ကြိုက်ဓါးပြတိုက်တာကွ၊ သူထင်ထားသလောက် မရရင်တော့ ဓါးပြအတိုက်ခံရတဲ့ အိမ်က အိမ်ထောင်ဦးစီးကိုဖမ်းပြီးတော့ အဲဒီထနောင်းညီနောင်မှာ တွဲလောင်းကြီးဆွဲပြီး သတ်ပစ်လေ့ရှိတယ်ကွ”

“ဒါဆို သူ့ကိုဘယ်သူမှ မဖမ်းကြဘူးလား”

“ဖမ်းချင်ကြတာပေါ့ မောင်ရင်ရာ၊ ဒါပေမယ့် ငဖဲက သေနတ်ပြီးတယ်ကွ၊ သူပေါက်ထားတဲ့ဆေးတွေအရ လေးမြားနဲ့ လောက်လေးတွေလည်း ပြီးတယ်ဆိုတော့် သူ့ကိုအဝေးကနေ တိုက်ခိုက်လို့မရဘူးပေါ့၊ အနီးကပ်တိုက်ဖို့ကလည်း ငဖဲက ဗန်တို၊ ဗန်ရှည်နဲ့ သိုင်းပညာရပ်တွေလိုက်စားတော့ အတော်ကျွမ်းကျင်တာပေါ့၊ ဒီတော့သူ့ကို လူတစ်ယောက်မပြောနဲ့ လူဆယ်ယောက်တောင်မှ မရှင်းနိုင်ကြဘူးပေါ့ကွာ”

“ဒါဖြင့်ရင် အဲဒီငဖဲက ဘယ်လိုလုပ်ပြီး တာတေဖြစ်သွားတာလဲ”

“ငဖဲက တအားသောင်းကျန်းပြီး သူလုပ်ချင်တာ သူလုပ်နေပြီဆိုတော့ ရွာကလူတွေလည်း ကြောက်နေရတာပေါ့၊ ငဖဲက နေ့ခင်းကြောင်တောင်ကြီးတောင် သူကြိုက်တဲ့အိမ်ကိုတက်ပြီး ဓါးပြတိုက်တယ်၊ ဆိတ်တွေ၊ နွားတွေဆွဲသွားပြီးတော့ သတ်စားတယ်၊ သူများမိန်းမလည်း မရှောင်ဘဲ မုဒိန်းကျင့်တယ်ပေါ့ကွာ၊ နောက်တော့ တို့ရွာကို ဆရာတစ်ယောက်ရောက်လာတယ်ကွ၊ အထက်လမ်းလား၊ အောက်လမ်းလားတော့ မသိပါဘူးကွာ၊ သူက ငဖဲကိုတွက်ချက်ကြည့်ပြီးတော့ ငဖဲထိုးထားတဲ့ဆေးက လပြည့်နေ့ညဆိုရင် ဆေးကျတယ်ဆိုပြီး ပြောတယ်ကွ”

“ငါတို့တွေးကြည့်တော့လည်း တကယ်ပဲ ငဖဲက လပြည့်ညဆိုရင် ပျောက်ပျောက်နေတတ်တာ၊ ဒါနဲ့ ရွာသုံးရွာက ရွာသားတွေစုပေါင်းပြီးတော့ ငဖဲကိုဖမ်းဖို့လုပ်တာပေါ့၊ ဖြစ်ချင်တော့ အဲဒီလပြည့်ညမှာ ငဖဲက ထနောင်းညီနောင်ကြီးရဲ့ ခွဆိုင်မှာ တက်ပြီးအိပ်နေတာကွ၊ ဒါနဲ့ရွာသားတွေအကုန်သူ့ကို လေးတွေ မြားတွေနဲ့ပစ်ဖမ်းတာပေါ့၊ နောက်တော့ ငဖဲကို အဲဒီထနောင်းညီနောင်ကြီးမှာ ကြိုးနဲ့ချည်ပြီး သတ်ကြတယ်၊ သေသေချာချာသတ်စရာတောင်မလိုပါဘူးကွာ၊ ငဖဲကိုစိတ်နာနေတဲ့၊ မုန်းတီးနေတဲ့ ရွာသားတွေက ခဲလုံးတွေနဲ့ပေါက်သတ်တာနဲ့ ငဖဲတစ်ယောက် စိစိညက်ညက်ကျေပြီး သေပါရောကွာ”

ကျုပ်လည်းကျောတွေချမ်းလာတယ်ဗျ။

“ဒါကြောင့် ငဖဲက အဲဒီသစ်ပင်ကြီးမှာ သရဲဖြစ်ပြီး တာတေကြီးဖြစ်သွားတာပေါ့၊ ဟုတ်လားသူကြီး”

“ဒါပေါ့မောင်ရင်ရာ၊ ငဖဲက တို့သုံးရွာကို မကျေနပ်ပေမယ့် သူနေတဲ့အပင်က တို့ရွာထိပ်မှာဆိုတော့ သူ့ကိုသတ်သွားတဲ့ ရွာသားတွေကိုမကျေနပ်လို့ အမြဲတမ်းခြောက်လှန့်နှောင့်ယှက်နေတာပေါ့၊ သူ့ကိုဆရာတွေခေါ်ပြီး အမျိုးစုံလုပ်ပေမယ့် အဲဒီအပင်ကြီးကနေ နှင်လို့မရဘူးဖြစ်နေတာ၊ အခုဆို အချိန်တွေကြာခဲ့ပြီဆိုတော့ သူက တော်တော်အသက်ကြီးနေပြီ၊ တော်တော်စွမ်းနေပြီလေ”

သူကြီးက ရေနွေးတစ်ခွက်ကို ငှဲ့သောက်ပြီးတော့

“ဒါကြောင့် ဦးလေးတို့ ရွာပြင်မထွက်ဝံ့တာပေါ့ မောင်ရင်ရယ်၊ မောင်ရင်တို့ကတော့ ဦးလေးတို့ရွာကမဟုတ်တော့ ငဖဲက ခြောက်ချင်မှ ခြောက်မှာ၊ ဦးလေးတို့ရွာသားတွေကိုတော့ သူက တမင်သက်သက်ကို ငြိုးနေတော့တာပဲကွ”

“ကျုပ်နားလည်ပါပြီသူကြီး၊ ကျုပ်တို့ သတိထားပြီးသွားပါ့မယ်”

တစ်နာရီလောက်ကြာတော့ ထမင်းဟင်းတွေရပြီဗျ၊ တောင်းတစ်ခုထဲကို ငှက်ပျောဖက်ခင်းပြီး အပေါ်က ထမင်းပူပူတွေထည့်ပေးလိုက်တာ၊ ထမင်းက တစ်ပြည်ချက်လောက်ရှိမယ်ဗျ၊ ပြီးတော့ အပေါ်ကနေ မြေပဲကြော်၊ သရက်သီးကုလားတည်၊ ပုန်းရည်ကြီး၊ ခရမ်းချဉ်သီးချက်အပြင် ကြက်တစ်ကောင်ကိုပါ တုံးတစ်ပြီးတော့ ကြော်ထည့်ပေးလိုက်ပါရောဗျာ၊ ငါးခြောက်လည်းပါသေးတယ်၊ ရိုးသားဖော်ရွေတဲ့ အညာကျေးလက်က တောသူတောင်သားတွေရဲ့ စေတနာကိုတော့ ကျုပ်လေးစားမိပါရဲ့ဗျာ။

(၄)

ဒါနဲ့ပဲ ကိုညိုကြီးက ထမင်းတောင်းကြီးထမ်း၊ ကျုပ်က ကွမ်းအစ်ပိုက်ပြီး ဆွဲခြင်းဆွဲ၊ ချက်ကြီးကလည်း ဆွဲခြင်းတစ်လုံးနဲ့ ထနောင်းကုန်းဆိုတဲ့ရွာကလေးကနေ ထွက်ခဲ့ကြတာပေါ့ဗျာ၊ ယောက်ျားသုံးယောက်ဆိုတော့ အဖော်ရတဲ့အပြင် သိပ်လည်းမကြောက်ဘူးပေါ့၊ ကိုညိုကြီးကတော့ လိုရမယ်ရဆိုပြီး သစ်သားတုတ်တစ်ချောင်းကို သူကြီးဆီကနေတောင်းလာခဲ့တယ်ဗျ။

အချိန်က ကိုးနာရီကျော်လောက်ရှိမယ်ထင်တယ်ဗျ၊ ကျုပ်တို့ရွာကထွက်ပြီး မကြာပါဘူးဗျာ၊ ထနောင်းပင်ညီနောင် အုပ်အုပ်ဆိုင်းဆိုင်းကြီးကို လှမ်းပြီးမြင်တွေ့ရပါရောလား။ အလာတုန်းက ဘာမှမသိထားလို့ သိပ်မကြောက်ခဲ့ပေမယ့် အခုတော့ ဒီထနောင်းပင်ညီနောင်နဲ့ ဓါးပြငဖဲအကြောင်းကို သိသွားပြီမို့ ကျုပ်စိတ်ထဲ ကြောက်စိတ်တွေဝင်လာတာပေါ့ဗျာ၊

ကျန်တဲ့လူနှစ်ယောက်လည်း နည်းနည်းတော့ ကြောက်မှာဗျ၊ ဒါပေမယ့် ဟန်ကိုယ့်ဖို့ဆိုသလို မကြောက်ချင်ယောင်ဆောင်ထားကြတာလား မသိပါဘူးဗျာ။ ကျုပ်တို့လျှောက်လာရင်းနဲ့ ချက်ကြီးက ကြောက်လာလို့ထင်ပါရဲ့ဗျာ သီချင်းတစ်ပုဒ်ကို လေချွန်ပြီးသွားတာဗျ၊ ကျုပ်တို့ ထနောင်းပင်ကြီးအောက်ရောက်တာနဲ့ လေတွေတဝေါဝေါနဲ့တိုက်လာတာပဲဗျို့။

နွေခေါင်ခေါင်တိုက်တဲ့လေတွေနဲ့မတူဘဲ မိုးဦးကျလေဦးကျ တိုက်တဲ့လေတွေလို အေးစက်ပြီးတော့ တအားကြမ်းတာဗျ၊ သစ်ပင်၊ သစ်ကိုင်းတွေဆိုရင်လည်း လှုပ်ယမ်းနေတာပဲ၊ ကျုပ်တို့လည်း တာတေကြီးအကြောင်းကို သိထားတာဆိုတော့ ကြောက်လာတာပေါ့ဗျာ။

“ဘုတ်”

ကျုပ်တို့အရှေ့လမ်းပေါ်ကို ထနောင်းကိုင်းတွေပေါ်က အထုပ်ကြီးတစ်ထုပ် ပြုတ်ကျလာတာဗျ၊ မသိရင် သစ်ရွက်ခြောက်အထုပ်ကြီး ကျလာသလိုပဲ၊ အထုပ်ကြီးအရွယ်အစားက ပုပ်တောင်းကြီးလောက်ရှိတာဗျ။ နောက်တော့ မြေပေါ်ရောက်ပြီးတော့မှ မတ်တပ်ထရပ်လိုက်တာဗျာ၊ အရပ်က ခုနစ်ပေလောက်ရှိတယ်ဗျ၊ တစ်ကိုယ်လုံးလည်း ကြွက်သားကြီးတွေက အမြှောင်းလိုက်အမြှောင်းလိုက်နဲ့ တော်တော်သန်တဲ့အကောင်ကြီးဗျ၊ အဲ . . ထူးဆန်းတာကတော့ သူ့မှာ အရေပြားမပါဘူးထင်တယ်၊ အသားစိုင်တွေချည်းသက်သက် မြင်တွေ့ရတာ။ ခေါင်းကလည်း ခေါင်းတုံးကြီးဗျ၊ မျက်လုံးကြီးနှစ်လုံးကတော့ စိမ်းဖန့်ဖန့်ကြီး။

ကျုပ်တို့လန့်နေတာပေါ့ဗျာ၊ ဒီအချိန်မှာပဲ တာတေကြီးက ချက်ကြီးဆီကိုပြေးခုန်ဝင်သွားတာ။

“မင်းလားကွ၊ ငါ့ကိုရိုက်မယ့်ကောင်”

တာတေကြီးက ဘက်ဖက်လက်နဲ့ ရိုက်ထည့်လိုက်တာ အုန်းခနဲအသံမြည်သွားပြီးတော့ ချက်ကြီးတစ်ယောက် မြေပြင်ပေါ်ကို မှောက်လျက်ကြီး ကျသွားတာပဲဗျာ၊ ကိုညိုကြီးကလည်း မစောင့်တော့ဘူးလေ၊ ထမင်းတောင်းကို မြေပေါ်ကိုချပြီးတော့ လက်ထဲက တုတ်နဲ့ပြေးပြီးလွှဲရိုက်ထည့်လိုက်ပါရောဗျာ။

“ဘတ် . . .”

ဒါပေမယ့် တုတ်နဲ့ရိုက်သံက မာကျောတဲ့အရာတစ်ခုကို ရိုက်သလိုမဟုတ်ဘဲ၊ ရွံ့တွေကို ရိုက်သလိုမျိုး အသံခပ်ပျော့ပျော့ထွက်လာတာဗျ၊ ကိုညိုကြီးလည်း ကြောင်သွားတာပေါ့ဗျာ၊ တာတေကြီးက လက်ပြန်နဲ့တစ်ချက်ပုတ်ထည့်လိုက်တာ ကိုညိုကြီးခမျာလည်း မြေပေါ်ကို ဖင်ထိုင်ကျသွားတာပေါ့။ သုံးယောက်လာတာ နှစ်ယောက်က မှောက်နေပြီဆိုတော့ နောက်ဆုံးမတ်တပ်ရပ်ပြီး ကျန်နေတဲ့ ကျုပ်ကို တာတေကြီးက လှမ်းကြည့်တာပေါ့ဗျာ၊ သူ့မျက်လုံးကြီးကိုက ကြောက်စရာကြီး၊ စိမ်းဖန့်ဖန့်အရောင်တွေက ဝင်းခနဲ၊ လက်ခနဲဗျ။ နောက်တော့ ကျုပ်ဆီကိုပြေးလာတယ်၊ သူ့ခြေထောက်က အရှည်ကြီးမို့လို့ သုံးလှမ်းလောက်ပဲ ပြေးရတယ်ဗျ။

ကျုပ်လည်းဘာမှန်းမသိတာနဲ့ ရှောင်ချိန်မရလိုက်ဘူးပေါ့ဗျာ၊ သူ့လက်ဝါးကြီးက ကျုပ်ဇက်ပိုးကို အုန်းခနဲနေအောင်ရိုက်ထည့်လိုက်တာ၊ ရိုက်အားက အတော်ပြင်းတာဗျ၊ ကျုပ်လည်း အရှေ့ကို ငိုက်စိုက်ကျသွားတော့တာပဲ၊ ကံကောင်းတာက သစ်သားချောင်းနဲ့ရိုက်သလို မာမာကြီးမဟုတ်ဘဲ ရွံ့တုံးကြီးနဲ့ရိုက်ထည့်လိုက်သလို ပျော့ပျော့ကြီးမို့လို့ ကျုပ်သိပ်မထိတာဗျ၊ သူက ကျုပ်ကိုနောက်တစ်ချက် ထပ်ရိုက်ဖို့ပြင်တုန်း ကျုပ်လည်းခေါင်းထဲမှာ အကြံတစ်ခုပေါ်လာခဲ့တယ်။ အဲဒါကတော့ လက်ထဲမှာကိုင်ထားတဲ့ ကွမ်းအစ်ပဲဗျ၊ ဒီကွမ်းအစ်က ဦးဘသာကြီးရဲ့ ကွမ်းအစ်မဟုတ်လား။

သူမရိုက်ခင်မှာပဲ ကျုပ်လည်း သူ့ဒူးခေါင်းကို ကွမ်းအစ်နဲ့လှမ်းပြီးခေါက်ထည့်လိုက်တော့တာပေါ့ဗျာ၊ တာတေကြီးက တစ်ချက်တွန့်သွားပြီးတော့ ဖားတစ်ကောင်လို့ အနောက်ကို စွေ့ခနဲခုန်ထွက်သွားတာဗျ၊ ကျုပ်လည်း နိုင်ကွက်သိသွားပြီဆိုတော့ ကွမ်းအစ်ကိုသေသေချာချာကိုင်ပြီးတော့ တာတေကြီးကို အသင့်စောင့်နေတာပေါ့ဗျာ၊ တာတေကြီးက ကျုပ်ကိုအတော်မုန်းတဲ့အကြည့်နဲ့ကြည့်ပြီး ပြေးဝင်လာပြန်ရောဗျို့၊ ကျုပ်မျက်နှာကို လက်သီးနဲ့လွှဲပြီးထိုးထည့်လိုက်တာ၊ ကျုပ်ကလည်း ချက်ချင်းခေါင်းငုံ့ပြီးရှောင်လိုက်လို့သာ ကျုပ်မျက်နှာကိုမထိဘဲ သူ့လက်သီးက ခေါင်းပေါ်ကနေ ဝှီးခနဲဖြတ်သွားတာဗျ၊ လက်သီးကြီးတစ်လုံးတစ်လုံး ထန်းသီးရင့်ရင့်တစ်လုံးလောက်ရှိတာ၊ ထိလိုက်ရင် ဘယ်သက်သာပါ့မလဲ။

ရှောင်ပြီးတာနဲ့ ကျုပ်လည်း ကွမ်းအစ်ကိုလက်နှစ်ဖက်နဲ့ကိုင်ပြီး ဒီကောင်ကြီးရဲ့ နံကြားထဲကို တအားလွှဲလွှဲပြီးတော့ ရိုက်ထည့်တာပဲဗျာ၊ သုံးချက်လောက်ထုလိုက်ပြီးတော့ တာတေကြီးက အနောက်ကိုပြန်ဆုတ်သွားပြန်ရော။

ချက်ကြီးနဲ့ ကိုညိုကြီးက ဖုန်တောထဲကနေ အလူးအလဲထပြီးတော့ ကျုပ်ကိုကြည့်နေကြတယ်၊ တာတေကြီးက သူတို့ကိုဂရုမစိုက်တော့ဘူး၊ သူဂရုစိုက်တာ ကျုပ်ပဲ၊ သူလည်းအထိနာသွားပုံရတယ်၊ နံကြားကို လက်တစ်ဖက်နဲ့ ပွတ်သပ်နေတာတွေ့လိုက်တယ်၊

လာပါပြီနောက်တစ်ချီ၊ ကျုပ်ဆီကို တအားပြေးဝင်လာပြန်ပြီ၊ ကျုပ်လည်း သူ့ကိုတိုက်ဖို့အသေအချာကြည့်နေတာပေါ့ဗျာ၊ ဒီတစ်ခါတော့ သူက ကျုပ်ကိုမထိုးတော့ဘူးဗျ၊ ကျုပ်က ထိုးမယ်အထင်နဲ့ ခေါင်းကိုအသာငုံ့လိုက်တော့ တာတေကြီးရဲ့ လက်ကြီးကကျုပ်ခြေချင်းဝတ်ကို လာကိုင်တယ်ဗျ။

ကျုပ်မျက်လုံးတွေပြူးကြောင်သွားတာပဲဗျာ၊ တာတေကြီးက ကျုပ်ကိုခြေထောက်ကနေကိုင်ပြီး ဆွဲမလိုက်တော့ ကျုပ်က ဇောက်ထိုးကြီးပါသွားရောဗျို့၊ ပြီးတော့ ကျုပ်ကိုခါချတာဗျ၊ ကျုပ်လွယ်အိတ်တွေလဲ ကျွတ်ကျ၊ ကျုပ်ကိုင်ထားတဲ့ ကွမ်းအစ်လည်း မြေပေါ်ကို ပြုတ်ကျသွားတာပေါ့ဗျာ၊ တာတေကြီးက ဒီတော့မှ ကျုပ်ကိုပစ်ချတယ်ဗျ၊ ကျုပ်အားယူပြီး ပြန်ထနေတုန်း ကွမ်းအစ်ကိုခြေထောက်နဲ့ ကန်ထည့်လိုက်တာ ချုံပုတ်ထဲကိုဝင်သွားတော့တာပဲ။

တာတေကြီးက ကျုပ်ကိုကြည့်ပြီးရယ်တယ်ဗျ၊ ကျုပ်လည်း မြေပေါ်မှာ ထိုင်လျှက်သားကြီးပေါ့၊ ကျုပ်လက်နက်လည်းမရှိတော့ဘူးလေ၊ ကျုပ်အတော်ကိုကြောက်နေခဲ့တာဗျ၊ မကြာပါဘူးဗျာ တာတေကြီးက ကျုပ်ဆီကိုပြေးလာပြီးတော့ ကျုပ်ဆံပင်တွေကို လက်နဲ့ဆွဲလိုက်တယ်၊ ညှင်းသိုးသိုး ဘုတ်သိုက်သိုက်နဲ့ ကျုပ်ဆံပင်တွေက သူ့လက်ထဲကိုပါသွားတာပေါ့၊ တာတေကြီးက ကျုပ်ဆံပင်ကနေတအားဆွဲတော့ ကျုပ်လည်း မတ်တပ်ထလိုက်ပြီး သူ့အနောက်ကို တန်းလန်းကြီးပါသွားရတာပေါ့ဗျာ။

“ကိုညိုကြီး . . . ကျုပ်ကိုကယ်ပါအုံး . . . ချက်ကြီး”

ပါးစပ်က အော်နေပေမယ့် တာတေကြီးဆွဲရာနောက်ကို ကျုပ်က တကောက်ကောက်ပါသွားရတာဗျ၊ ချက်ကြီးနဲ့ ကိုညိုကြီးလည်း ပြေးတာမှုန်လို့ဗျာ၊ ဖုန်လုံးတွေတထောင်းထောင်းနဲ့ ဟိုးအဝေးကိုရောက်နေပြီ၊ တာတေကြီးက ကျုပ်ကို ထနောင်းပင်ကြီးရဲ့ပင်စည်အနားမှာ ဆောင့်ချလိုက်တယ်။ ပြီးတော့ ပါးစပ်ကြီးဖြဲပြီး ရယ်တယ်ဗျ၊ သူ့မျက်လုံးကထွက်တဲ့အလင်းရောင်တွေက ပါးစပ်က အစွယ်ကြီးတွေကို ဟပ်ပြီး ဝင်းလက်နေတော့တာပေါ့၊ ကျုပ်လည်း ဘာမှမတတ်နိုင်တော့ဘူးလေဗျာ၊ သူပြုသမျှ နုရတော့မှာပေါ့။

တာတေကြီးက ကျုပ်ရှေ့မှာရပ်ပြီး ကျုပ်လည်ပင်းကို သူ့လက်ကြီးနှစ်ဖက်နဲ့ တအားညှစ်တော့တာပဲ၊ ကျုပ်လည်း သူ့လက်နှစ်ဖက်ကို အားကုန်ပြန်ဆွဲတာပေါ့ဗျာ။ ဒါပေမယ့် သူ့အားက တော်တော်သန်တာဗျ၊ တစ်မိနစ်တောင်မကြာပါဘူးဗျာ၊ ကျုပ်မျက်လုံးတွေ ပြာဝေလာတယ်၊ ကျုပ်ခေါင်းတွေမူးဝေလာတယ်၊ အသက်ရှူလည်း ကြပ်လာတယ်ဗျ။

ဒီအချိန်မှာပဲ တာတေကြီးရဲ့ညှစ်အားတွေ လျှော့သွားတာကို သတိထားမိလိုက်တယ်၊ နောက်တော့ တာတေကြီးက ကျုပ်လည်းပင်းကို ညှစ်ထားတဲ့ သူ့လက်တွေကို ဖြုတ်လိုက်ပြီးတော့ သူ့လည်ပင်းကိုသူ ပြန်ပြီးကိုင်နေတယ်ဗျ၊ သူ့လည်ပင်းက တစ်ခုခုကိုဖြုတ်ထုတ်မလို့ လုပ်နေပေမယ့် ကျုပ်မြင်တာတော့ သူ့လည်ပင်းမှာ ဘာမှမရှိဘူးဗျ။ ကျုပ်ကြည့်နေရင်း တာတေကြီးက တဖြည်းဖြည်းလေပေါ်ကိုမြောက်တက်သွားတာဗျ၊ မြေကြီးနဲ့ တစ်ထွာလောက်မြောက်တက်နေပြီးတော့ လေပါ်မှာ လူးလွန့်နေတာပဲဗျာ။

ကျုပ်လည်း အသက်ရှူကြပ်လို့ ချောင်းတွေဆိုးနေတာပေါ့ဗျာ၊ ပါးစပ်ထဲက တံတွေးတွေကိုလည်း ထွေးထုတ်နေရတာပေါ့။

“ဟေ့၊ အလတ်ကောင် ရရဲ့လား”

ကျုပ်ပုခုံးကို လာပုတ်တဲ့သူကိုကြည့်လိုက်တော့ ဦးဘသာကြီးဖြစ်နေတယ်ဗျ၊ ဦးဘသာကြီးက ကျုပ်ပုခုံးကနေကိုင်ပြီး ထူပေးတယ်။

“ဦးဘသာ . . . ဒီကောင် . . . ဒီကောင်ကြီး . . .”

ကျုပ်ကြည့်လိုက်တော့ တာတေကြီးက မြေပြင်ကနေ လူတစ်ရပ်လောက်အမြင့်အထိ မြင့်နေပြီဗျ၊ ခြေထောက်တွေလှုပ်ယမ်းပြီးတော့ ရုန်းကန်နေတာမြင်ရတော့လည်း ကျုပ်သနားမိသွားပြန်ရော၊ ခင်ဗျားတို့မြင်သာအောင်ပြောရရင် ဆွဲကြိုးချတဲ့လူတွေ မသေခင်ရုန်းကန်နေသလိုပေါ့ဗျာ။

“မင်းတို့ကို စိတ်မချလို့ ငါလိုက်လာတာကွ၊ ဒီနေရာမှာ သရဲကြီးတစ်ကောင်ရှိတယ်ဆိုတာ သိသိချင်း ငါထွက်လာခဲ့တာပဲ”

“အူး . . အု . . အွတ် . . အ”

တာတေကြီးက စကားမပြောပေမယ့် ညည်းသံတွေထွက်နေတယ်ဗျ၊ ဦးဘသာကြီးက တာတေကြီးကို လက်ညှိုးထိုးလိုက်တော့မှ တာတေကြီးက သစ်ပင်ပေါ်ကနေ မြေပေါ်ကို ဖုတ်ခနဲပြုတ်ကျတယ်၊ နောက်တော့ ဦးဘသာကြီးအရှေ့မှာ ဒူးထောက်ပြီး ငေါင်ငေါင်ကြီးထိုင်နေတယ်ဗျ။

“မင်းငါ့ကိုအရှုံးပေးသလား”

အဲဒီအခါ တာတေကြီးက ခေါင်းကိုဆတ်ခနဲ ညိတ်တယ်ဗျ။

“ဒါဆိုရင်တော့ မင်းငါခိုင်းတာလုပ်ရမယ်၊ လုပ်မလား”

တာတေကြီးက ခေါင်းညိတ်ပြန်တယ်၊

“ကဲ၊ ဒါဖြင့်ရင်လည်း မင်းနောက်ထပ်လူတွေကို မခြောက်မလှန့်တော့ပါဘူးလို့ငါ့ကိုကတိပေးရမယ်”

တာတေကြီးက တွေဝေသွားတယ်ဗျ။ ဦးဘသာက မျက်နှာကြောတင်းသွားပြီး

“ဟေ့ကောင် ငါ့ကိုကတိပေး၊ မင်းခေါင်းညိတ်စမ်း၊ မညိတ်ဘူးဆိုရင် မင်းကိုတစ်သက်လုံး ဒီသစ်ပင်မှာ တွဲလောင်းဆွဲထားလိုက်ရမလား”

ဒီတော့မှ တာတေကြီးက ကြောက်ကြောက်နဲ့ခေါင်းညိတ်တယ်ဗျ။ ဦးဘသာကြီးလည်းခေါင်းလိုက်ညိတ်ပြီး တာတေကြီးကိုလက်ညှိုးထိုးလိုက်တယ်။

“အေးကောင်းပြီ၊ နောက်နောင် မင်းဒီနားမှာ လူတွေကိုနှောင့်ယှက်နေတာ၊ ခြောက်လှန့်နေတာတွေ ငါသိလို့ကတော့ အဲဒီအခါ မင်းကိုရော၊ မင်းနေတဲ့ ဒီအပင်ကြီးနှစ်ပင်ကိုပါ မီးလောင်တိုက်သွင်းလိုက်မယ်၊ ဟုတ်ပြီလား”

တာတေကြီးက ခေါင်းကိုဖြေးဖြေးချင်းညိတ်လိုက်တယ်၊

“ကောင်းပြီ၊ မင်းသွားတော့”

ဦးဘသာပြောလိုက်တာနဲ့ တာတေကြီးက ထနောင်းပင်စည်ကြီးပေါ်ကို လွှားခနဲခုန်တက်လိုက်တယ်ဗျ၊ နောက်ပြီး သစ်ပင်အကိုင်းတွေအပေါ်ကို ခုန်ကူးရင်း ပျောက်သွားတော့တာပဲ၊ ဦးဘသာက ကျုပ်ကိုဆွဲထူတော့ ကျုပ်လည်း ထမင်းတောင်းကြီးကိုပြေးကြည့်လိုက်တယ်၊ ကံကောင်းတာက ထမင်းတောင်းက မမှောက်ဘူးဗျ၊ ဆွဲခြင်းတောင်းထဲက ရေပုလင်းတွေ၊ ဓါတ်ဘူးတွေကတော့ကွဲကုန်ပြီထင်ပါရဲ့ဗျာ၊ ကျုပ်နဲ့ဦးဘသာကြီး အတူတူလျှောက်လာကြရင်း သိပ်မကြာခင် ဇရပ်ထဲကနေ လိုက်လာတဲ့လူတွေနဲ့ လမ်းမှာတွေ့ကြတယ်။

“သရဲကြီး၊ တာတေကြီးဆိုတဲ့အကောင်ကြီးရော ဘယ်ရောက်သွားသလဲ . . .”

“သွားပြီ၊ သူနေတဲ့သစ်ပင်ပေါ်ကို တက်ပြေးသွားပြီဗျ”

ကျုပ်လည်း ထမင်းတောင်းကြီးထမ်းပြီး ဇရပ်ထဲကိုဝင်လိုက်တော့တာပေါ့ဗျာ၊ ဆာဆာနဲ့ ရွာကထည့်ပေးလိုက်တဲ့ ထမင်းတွေဟင်းတွေကို ခွဲပြီးစားသောက်လိုက်ကြတာပေါ့ဗျာ၊ ဓါတ်ဘူးတွေကတော့ ဖြည်းဖြည်းလေးကျလို့ မကွဲဘူးဗျ၊ ရေထည့်တဲ့ပုလင်းတွေလည်း မကွဲတာတော်သေးတာပေါ့ဗျာ၊ ချက်ကြီးကတော့ သတိလစ်နေလို့ မနည်းနှာနှပ်ယူရတယ်၊ ကိုညိုကြီးဆိုရင်လည်း ကြောက်သွားလို့ထင်ပါ့ ငူငူငိုင်ငိုင်ကြီးဖြစ်နေတော့တာဗျို့။

ကျုပ်လည်း ထမင်းစားပြီးတော့မှ နေသာထိုင်သာရှိသွားတော့တယ်၊ ညက သန်းခေါင်လောက်ရှိပြီမို့ အိပ်ချင်လာပြီပေါ့ဗျာ၊ ဦးဘသာကြီးနဲ့ ကျုပ်လည်း အညာစောင်ပါးကလေးတစ်ထည်ကို နှစ်ယောက်မျှခြုဲပြီးတော့ ပက်လက်အိပ်ကြတယ်၊ အိပ်မယ်ဆိုတော့လည်း အိပ်ပျော်ဖို့အခက်သားဗျ၊ ဒါနဲ့ နှစ်ယောက်သား ဇရပ်ခေါင်မိုးကို ကြည့်နေကြတာပေါ့ဗျာ။

“ဖွတ်မရ ဓါးမဆုံးဆိုတာ ဒါကိုပြောတာကွ”

“ဘာဆိုင်လို့လဲ ဦးဘသာကြီးရဲ့”

“ဆိုင်တာပေါ့ကွာ၊ ငါ့မှာ ကွမ်းစားချင်လို့ မင်းကိုကွမ်းအစ်ပေးလိုက်ကာမှ၊ အခုတော့ ကွမ်းလည်းမစားရ၊ ကွမ်းအစ်လဲ အစအနပျောက်သွားပြီမဟုတ်လား”

ကျုပ်လည်း တခွီးခွီးနဲ့ရယ်နေမိတယ်ဗျ၊ ဦးဘသာက ကျုပ်ကိုမျက်စေ့တစ်ချက်စောင်းကြည့်လိုက်ပြီး

“ရှေးလူကြီးစကားများ သိပ်မှန်တာပဲကွ၊ ခရီးဖြောင့်ချင်ရင် အရူးကိုခေါ်မသွားနဲ့တဲ့”

“အောင်မယ်၊ ဦးဘသာကြီးက ကျုပ်ကိုအရူးလို့ပြောချင်တာလား”

“မင်းကို ရူးတယ်လို့ ငါမပြောပါဘူးကွာ၊ မင်းက အရူးထက်တော့ တစ်ဆင့်သာပါသေးတယ်ကွ၊ မင်းက အပေါ . . . မင်းက ငပေါကွ၊ ဟား၊ ဟား”

ကျုပ်ကိုလာလှောင်နေလို့ ကျုပ်လည်း မခံချင်ဘူးပေါ့ဗျာ၊ ဒါနဲ့ ကျစ်နေအောင်ထုပ်ထားတဲ့ ပုဆိုးခါးပုံစကို ဖြေလိုက်ပြီး အထဲက ငှက်ပျောဖက်နဲ့ပတ်ထားတဲ့ အလိပ်ကလေးတစ်ခုကိုထုတ်လိုက်တယ်၊ ပြီးတော့ ဦးဘသာမျက်နှာအနားမှာ သွားပြလိုက်တယ်ဗျ၊ ဦးဘသာက ကျုပ်ပြတဲ့အထုပ်ကို နှာခေါင်းတရှုံ့ရှုံ့နဲ့ အနံ့ခံကြည့်ပြီး

“ဟာ၊ ကွမ်းယာနံ့ပါလား၊ ငါ့ကိုတစ်ယာပေးစမ်းကွာ”

ကျုပ်က လက်ကိုပြန်ရုပ်လိုက်တာပေါ့။

“အို၊ မပေးပါဘူးဗျာ၊ ကျုပ်ကိုများ အရူးလေး၊ အပေါလေးနဲ့”

“ငါမှားပါတယ်အလတ်ကောင်ရာ၊ ငါ့ကို ကွမ်းတစ်ယာပေးစမ်းပါဟ၊ ငါစားချင်လွန်းလို့ သွားတွေကို ကြိမ်းနေတာပဲ”

“အံမယ်၊ လိုချင်ရင် ကျုပ်ကိုအရူးတို့ အပေါတို့မပြောနဲ့လေဗျာ၊ ကျုပ်အဖေက ပြောဖူးတယ်၊ ဘယ်တော့မှ အစီအစဉ်တစ်ခုထဲမဆွဲနဲ့ အရံအစီအစဉ်လုပ်ထားလို့ သင်ပေးဖူးတယ်၊ ဒီတော့ ဟောဒီကွမ်းထုပ်က အရံအစီအစဉ်ပေါ့ဗျ”

“အေးပါကွာ၊ မပြောတော့ပါဘူး၊ ငါ့စကားကိုပြန်သိမ်းပါတယ်၊ မင်းက မရူးပါဘူး၊ မင်းက အရူးထက်တစ်ဆင့်မြင့်ပါတယ်ကွ”

ဦးဘသာက မုန့်ဆာနေတဲ့ ကလေးတစ်ယောက်လိုဖြစ်နေတာဗျ၊ ကျုပ်လက်တွေကိုဆွဲပြီး အတင်းတောင်းနေတော့တာ၊ အင်းလေ တစ်သက်လုံးကွမ်းစားခဲ့တဲ့သူဆိုတော့ ကွမ်းဆာတာမဆန်းဘူးပေါ့ဗျာ၊ ကျုပ်လည်း သူ့ကိုသနားတာနဲ့ ကွမ်းထုပ်လေးပေးလိုက်တယ်၊ အဲဒီအထဲမှာ ဦးဘသာစားတတ်တဲ့ကွမ်းမျိုး သုံးယာ ယာပြီးထည့်ထားတာဗျ။

ဦးဘသာက ပျော်သွားပြီးတော့ ငုတ်တုတ်ထိုင်ရင်း ကွမ်းသုံးယာစလုံးကို ပါးစပ်ထဲထည့်ပြီး အရသာခံပြီးတော့ ဝါးနေတော့တာပဲ၊ ကျုပ်လည်း သူပျော်နေတာကြည့်ပြီး ပျော်နေမိတယ်။

“ဒါနဲ့ အရူးထက်တစ်ဆင့်မြင့်တယ်ဆိုတာ ဘာလဲဗျ”

“ဟား၊ ဟား အရူးထက်တစ်ဆင့်မြင့်တယ်ဆိုတာ အရူးပါးပေါ့ကွာ၊ ဟား၊ ဟား”

ကျုပ်လည်းမခံချင်ဖြစ်လာတာနဲ့ တစ်ဖက်ကိုလှည့်ပြီး အိပ်လိုက်တော့တာပေါ့ဗျာ၊ ဦးဘသာကတော့ တခွိခွိနဲ့ရယ်မောနေတော့တာပါပဲ၊ ကျုပ်လည်း သူ့ကိုအပြစ်မယူပါဘူး၊ ကျုပ်ခွင့်လွှတ်ပါတယ်။

တကယ်တော့ ဒီအရံအစီအစဉ်က ကျုပ်လုပ်ခဲ့တာဗျ၊ ထနောင်းကုန်းသူကြီးက တာတေကြီးအကြောင်းပြောပြီးတဲ့အချိန်မှာ ကျုပ်လည်း ကွမ်းသုံးယာကို ယာလိုက်ပြီးတော့ ဖက်ရွက်နဲ့ထုပ်ပြီး ခါးပုံစထဲကို ကျစ်နေအောင်ထုပ်ခဲ့တာ၊ ဘာလို့လဲဆိုတာ ခင်ဗျားတို့သိချင်သိမှာပါ၊ ကျုပ်ကိုင်ထားတာ ဦးဘသာရဲ့ ကွမ်းအစ်မဟုတ်လား၊ တကယ်လို့ တာတေကြီးနဲ့တွေ့တယ်ဆိုရင် ကျုပ်က ကွမ်းအစ်နဲ့ပေါက်ပြီးတော့ ခြေကုန်သုတ်ပြေးမယ်ဆိုပြီး တမင်တကာ ကြံရွယ်ထားပြီးသားဗျ။ အခုတော့လည်း ဟန်ကျသွားတယ်ဗျာ၊ ကျုပ်က တမင်တကာလုပ်မယ်စိတ်ကူးပေမယ့် မတော်တဆဖြစ်ပြီး ကွမ်းအစ်ပျောက်သွားတာမှန်း ဦးဘသာကြီး မသိပါစေနဲ့ဗျာ။

အဲဒီပိတ်ချင်းတောင်ကြီးဆိုတာကလည်း အတော်ဆိုးဆိုးဗျ၊ နောက်နေ့မှပဲ တောင်ပေါ်မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျုပ်ပြောပြတော့မယ်ဗျာ။

ပြီးပါပြီ။
အဂ္ဂဇော်