ငါ့ကို မြင်ရပြီး ငါက မင်းကို
ဘာလို့ မမြင်ရတာတုံးကွ”
“ဟား၊ ဟား၊ ဟား၊ ဟား၊ ဒါကတော့ ဆရာစား
ချန်ထားတာပေါ့ကွ၊ ဆရာကတပည့်ကို ပညာ
ကုန်ပေးမလားကွ”
ဒီကောင်က အ ထစ် အထစ်နဲ့ ပြောပြီး
ရယ်နေတာဗျ။
“ဟာကွာ ဘချစ်ရာ၊ မင်းကလည်း သူငယ်ချင်း
အရင်းခေါက်ခေါက်ကိုများ ဆရာစား ချန်နေရ
သေးသလားကွာ”
ဒီတော့မှ ဘချစ်က ရယ်ရင်း ပြောတာဗျ။
“ငါ နောက်တာပါ တာတေရာ၊ မင်းက အခုမှ
ကိုယ်ပွားစပြီးထုတ်တာလေကွာ၊ ငါက ဒါကို
လုပ်နေတာ ကြာပြီကွ။ စလုပ်ခါစ ကတော့
ကိုယ်ရည်စူးတဲ့နေရာကိုပဲ တန်းရောက်သွား
ပြီး လမ်းမှာဘာကိုမှ မတွေ့ရဘူးပေါ့၊ နောက်
တော့ ကျွမ်းကျင်လာတဲ့အခါ လူတွေကို လိုက်
ကြည့်လို့ရတယ်ကွ၊ မင်းလည်း ကြာလာရင်
အဲဒီလို ဖြစ်လာမှာပေါ့ကွ။ ငါ စိုးရိမ်တာက ငွေ
ကြိုးလေးအတိုင်း ကိုယ်ထဲကို ပြန်ဝင်တဲ့အချိန်
မှာ အချိန်နောက်ကျနေတာမျိုး ဖြစ်မှာ စိုးရိမ်
လို့ပါကွာ”
“အဲဒီလိုမျိုး ဖြစ်နိုင်လို့လားကွ ဘချစ်ရ၊ ကိုယ်
ပြန်ရမယ့် အချိန်ကို ကိုယ်သိနေတာပဲကွာ”
“တစ်ခါတလေ သတိလက်လွတ်ဖြစ်သွားမှာ
ကို စိုးရိမ်တယ်လို့ ပြောတာကွ”
“သြော် …အေးပါကွ၊ ငါ သတိထားပါ့မယ်၊ ခ
ဏ ခဏလည်း ကိုယ်ပွားမထုတ်တော့ပါဘူး
ဘချစ်ရာ”
ဒီတော့မှ ဘချစ်က ကျေနပ်သွားတာဗျို့။ဒါပေမဲ့
ကျုပ်စိတ်ထဲမှာ မကျေနပ်တာတစ်ခုက ဖြစ်ကျန်
ခဲ့ရောဗျ။ ဘာလဲဆိုတော့ ဘချစ်ရဲ့ကိုယ်ပွားက
ကျုပ်ကို မြင်ရပြီးတော့ ကျုပ်ကိုယ်ပွားက ဘယ်
သူ့ကိုမှ မမြင်ရတာ ဘာသဘောတုံးဗျ။ ကျုပ်က
ဒီလိုမျိုး တွေးစရာ တစ်ခုရလာလျှင် အဖြေမ
ရောက်မချင်း တွေးချင်တဲ့ကောင်ဗျ။ အခုလည်း
ဒီကိစ္စကို ကျုပ်တွေးတယ်။ တွေးတယ်။ ဒါပေမဲ့
အဖြေက မရဘူးဗျ။ နောက်တော့ ကျုပ်တစ်ခု
တွေးမိတယ်ဗျို့။ ကိုယ်ပွားထုတ်တယ်ဆိုတာ
ဘယ်ကိုသွားမယ်ဆိုတဲ့ ဦးတည်ချက်တော့
ရှိရမယ်ဗျ။
အဲဒါမရှိဘဲနဲ့တော့ မရဘူး။ ဒီတော့ ကျုပ်က
ဦးတည်ချက်ပြောင်းပြီး ကိုယ်ပွားထုတ်တယ်။
ဒီလိုဗျာ။ ဒီတစ်ခါ ကျုပ် ခါတိုင်းလို ဟိုသွားဒီ
သွား မသွားတော့ဘဲ ဘချစ်ဆီကို သွားမယ်
လို့ ဆုံးဖြတ်တယ်။အဲဒီညက ကျုပ် ဘချစ်နေ
တဲ့ သုသာန်ကျောင်းကို ကိုယ်ပွားနဲ့ ရောက်
လာခဲ့တယ်။ ကျုပ်က သုသာန်ကျောင်းရှေ့
တည့်တည့်က ရေတမာပင်ကြီးနောက်မှာ
ကပ်ပြီး စောင့်ကြည့်နေတယ်။
ကျုပ်ရောက်ပြီး ဆယ့်ငါးမိနစ် မိနှစ်နှစ်ဆယ်
ကြာ တဲ့အထိ ဘချစ်ရဲ့ကိုယ်ပွား ထွက်မလာ
ဘူးဗျ။ ကျုပ်မရောက်ခင်များ ဒီကောင် ထွက်
သွားပြီလားလို့ တွေးလိုက်မိတယ်ဗျ။ ဒါတော့
မဖြစ်နိုင်ဘူး။ နောက်တော့ ကျုပ် သုသာန်
ကျောင်းထဲကို ဝင်လာတယ်။
ဘချစ်တို့ကျောင်းထဲမှာ ခြင်ထောင်သုံးလုံး
ထောင်ထားတာ တွေ့တယ်ဗျ။ ဒီကောင်က
ဘယ်ခြင်ထောင်မှာ အိပ်မှန်းမသိဘူး။ ဒါနဲ့ပဲ
ကျုပ်က လှေကားပေါက်ဝနားက စောင့်ကြည့်
နေလိုက်တယ်။ ဟော ထွက်လာပြီဗျို့။
ဘချစ် ခြင်ထောင်ကို ဖြတ်ပြီး ထွက်လာပြီ။
ကိုယ်ပွားက ခြင်ထောင်ကို မ,ဖွင့်ပြီး ထွက်
စရာ မလိုပါဘူးလေဗျာ။ ဟာ ဒီကောင် ဘ
ချစ် ကိုယ်တုံးလုံးကြီးဗျ။ ကိုယ်ပွားဆိုတာ
ကိုယ်ထဲက ထွက်လာလာချင်းမှာ ကိုယ်လုံး
တီးနဲ့ပဲဗျ။ ဟော ဘချစ်ကိုယ်ပေါ်မှာ အဝတ်
ဝတ်ပြီးသား ဖြစ်သွားပြီ၊ အင်္ကျီနဲ့ ပုဆိုးနဲ့ဗျ။
ဒီတော့မှ ကျုပ် တွေးလိုက်မိတယ်။ ကျုပ်
လည်း ကိုယ်ပွားထွက်လာကာစမှ ကိုယ်လုံး
တီးပဲနေမှာလို့။
ဟော သွားပြီ၊ သွားပြီ။ဒီကောင် ဘယ်သွားမှာတုံး
ဆိုတာ သိချင်တာနဲ့ သူ့နောက်က ကျုပ်လိုက်ခဲ့
တာဗျ။လေထဲမှာ ပေါလောမျောပြီး ရွေ့သွားတာ
ဗျို့။အောင်မာ၊ ဒီကောင် အရှိန်တော်တော်ရလာ
ပြီဗျို့။ တော်တော်ကို မြန်မြန်ရွေ့နေတာ။ ကျုပ်
လည်း သူ့လို မြန်မြန်လိုက်ရတာပေါ့ဗျာ။
ဟာ ဒီကောင် ဘချစ်၊ တောင်တွေရှိတဲ့နေရာကို
သွားတာဗျ။ တောင်တွေကို ကျော်ပြီး သွားနေ
တာဗျ။ ကျုပ်လည်း သူ့နောက် ခပ်လှမ်းလှမ်းက
လိုက်ချလာရတာပေါ့ဗျာ။ကျုပ်နောက်က ပါလာ
တာကို ဒီကောင် သိပုံမရဘူးဗျ။ ဒီတော့မှ ကျုပ်
တွေ့ရတာဗျို့။ လေထဲမှာ ကိုယ်ပွားဝိညာဉ်တွေ
သွားလာနေတာပဲကိုဗျ။ တချို့ကိုယ်ပွားတွေက
ဘယ်လိုသွားရမှန်း မသိဘူး ဖြစ်နေတာ။
ဒါဟာ လူသေပြီး ထွက်လာတဲ့ ဝိညာဉ်ကိုယ်ပွား
တွေ ထင်တယ်ဗျ။ဟော အရောင်ဖြူဖြူနဲ့ ဝိညာဉ်
ကိုယ်ပွားတွေကို သွားရမယ့်နေရာကို ပြနေကြ
တာဗျို့။ ဒီတော့မှ ကျုပ်သဘောပေါက်သွားတာ
ဗျ။ ခါတိုင်း ကျုပ်က တစ်နေရာကို ဦးတည်ပြီး
ထုတ်လိုက်တော့ ကျုပ်ရဲ့ကိုယ်ပွားက ကျုပ်ဦး
တည်တဲ့ နေရာကို တန်းပြီးရောက်သွားတာကိုး၊
ဒီတော့ ကျုပ်က အခုလို တခြားကိုယ်ပွားတွေ
ကို တစ်ခါမှ မတွေ့ဖူးခဲ့ဘူးပေါ့ဗျ။
အခုလို တစ်နေရာကို ဦးတည်ချက်မထားဘဲ ဘ
ချစ်နောက်က လိုက်လာတော့မှ တခြားကိုယ်ပွား
တွေကို တွေ့ရတာဗျ။ ဒီတော့မှ ကိုယ်ပွားထုတ်တဲ့
ပညာဟာ တော်တော်ကို စိတ်ဝင်စားစရာကောင်း
မှန်း သိသွားတာဗျ။ဟာ ဒီတစ်ခါတော့ ကျုပ်ရူးသွား
မတတ်ကို အံ့သြမိတာဗျို့။ ကျုပ်ရှေ့ကသွားနေတဲ့
ဘချစ်၊ ဒီကောင် ပျောက်သွားတယ်ဗျ။ဘချစ်နေရာ
ငှက်တစ်ကောင်ကို တွေ့ရတယ်။
ငှက်က ခပ်မှန်မှန်ပဲ ရှေ့ကို ပျံနေတာဗျ။ ကျုပ် သေ
သေချာချာ ကြည့်လိုက်တော့ ဇီးကွက်ဗျ။ ဒါကြောင့်
ညဘက် ပျံနိုင်တာကိုး။ ဘချစ်က ဘယ်ရောက်သွား
တုံး။ ကျုပ်တွေးရင်းနဲ့ ငှက်နောက်ကို လိုက်လာမိခဲ့
ရောဗျ။ ဒီတုန်းမှာပဲ ကျုပ်စိတ်ထဲမှာ အတွေးတစ်ခု
ဝင်သွားတယ်။ဒီငှက်ဟာ ဘချစ် ပုံပြောင်းလိုက်တာ
များလား။ ကိုယ်ပွားက ပုံပြောင်းလို့ ရလို့လား။ နဂို
ပြန်ပြောင်းလို့ မရတော့ရင် ဒုက္ခပဲလို့ ကျုပ်တွေး
လိုက်မိတယ်။ တာတေ့စိတ်လည်း ခင်ဗျား သိပါ
တယ်။ လွှတ်စပ်စုတဲ့ ကောင်ပါဆိုမှဗျာ။
ကျုပ်စိတ်ထဲမှာ ကျုပ်ကိုယ်ကျုပ် ငှက်တစ်ကောင်
ပုံစံ တွေးလိုက်တယ်။ ဟာ အံ့သြလိုက်တာဗျာ။
ကျုပ်ပုံစံက ငှက်တစ်ကောင် ဖြစ်သွားပြီဗျို့။ သေ
ချာတာပေါ့ဗျာ။ ကျုပ်ရှေ့က ပျံနေတဲ့ ဇီးကွက်ဟာ
ဘချစ်ပဲပေါ့။ ကျုပ်ကလည်း သူ့လိုငှက်မျိုး လိုက်
ပြောင်းတာဆိုတော့ ကျုပ်ပုံစံကလည်း ဇီးကွက်
ပေါ့ဗျာ။ ဘချစ်ဇီးကွက်က ရှေ့က ပျံပြီး တာတေ
ဇီးကွက်က ခပ်လှမ်းလှမ်းက လိုက်ပျံတာပေါ့ဗျာ။
ဟာ အောက်မှာ လင်းနေတဲ့ ဂူပေါက်တစ်ခုဗျ။
အထဲက အလင်းရောင်တွေ အပြင်ကိုဖြာထွက်
နေတာ။ဟော ဟော ဘချစ်ဇီးကွက်က အောက်
ကို နိမ့်ဆင်းသွားပြီ။ကျုပ်လည်း သူ့လိုပဲအောက်
ကို နှိမ့်ပြီး ပျံလိုက်တယ်။ ဟာ ဒီကောင် လင်းနေ
တဲ့ ဂူပေါက်ထဲကို ဝင်သွားပြီဗျို့။ ကျုပ်ကတော့
လိုက်ပြီး မဝင်တော့ဘူး။ ဂူပေါက်ဝမှာပဲ ရပ်နေ
လိုက်တယ်။ အဲ နားနေလိုက်တာပေါ့ဗျာ။
ဒီတော့မှ ကျုပ်သဘောပေါက်တယ်ဗျ။ ဂူပေါက်
က ကျဉ်းကျဉ်းလေးကိုဗျ။ ငှက်တစ်ကောင်ပဲ ဝင်
လို့ရတာ။ လူတစ်ယောက် ဝင်လို့မရဘူး။ ဒီထဲက
လင်းနေတာ ဘာလဲဆိုတာ သိချင်တာနဲ့ ကျုပ်
ဂူထဲကို ချောင်းကြည့်လိုက်တယ်။ဂူကြီးက အထဲ
မှာ အကျယ်ကြီးပဲဗျာ။ ဒါတောင် အခန်းကြီးတစ်
ခုပဲ ရှိသေးတာ။ နတ်မိမယ်လေးတွေ ကစားနေ
ကြတာဗျ။ ကြည့်စမ်း၊ ကြည့်စမ်း၊ ဘချစ်ဇီးကွက်
ရဲ့ကိုယ်ကလည်း ပျိုးပျိုးပြက်ပြက် အရောင်တွေ
ထွက်လာနေတယ်ဗျို့။ ဟော ဟော နတ်မိမယ်
လေးတစ်ပါးက ဘချစ်ကို သူ့နားလာဖို့ လက်ယပ်
ခေါ်လိုက်တယ်။ ဒီကောင်က အဲဒီနတ်မိမယ်လေး
ရဲ့ဘေးက ကျောက်တုံးကြီးပေါ်မှာ သွားပြီးနား
လိုက်တယ်။
နတ်မိမယ်လေးက ဒီကောင်ရဲ့ ကျောကုန်းကို
လက်နဲ့ ဖွဖွလေး သပ်ပေးလိုက်တယ်။ အောင်
မာ ဒီကောင်က ငြိမ်ငြိမ်လေး နားနေတာဗျို့။
မျောက်မူးလဲအောင် ကမြင်းကြောထတဲ့ အ
ထစ် အ ထစ်နဲ့ကောင်က နတ်မိမယ်လေးတွေ
ချစ်အောင် ငြိမ်ငြိမ်လေး လုပ်နေတာဗျ။သူ့ကိုယ်
သူ မခုတ်တတ်တဲ့ကြောင်လိုလိုပေါ့ဗျာ။ ကျုပ်သာ
ဒီကောင့် အနားမှာရှိရင် ကျောက်တုံးပေါ်ကနေ
ဆောင့်ကန်ချပစ်လိုက်ပါတယ်။ နတ်မိမယ်လေး
တွေရဲ့ ကစားနည်းက ဘယ်လိုတုံးတော့ မသိဘူး
ဗျ။ ဂူကြီးထဲမှာ ဟိုပြေး ဒီပြေး လုပ်ကြတယ်။
အောင်မာ၊ ကြည့်စမ်းဗျာ၊ ကြည့်စမ်း။ ဘချစ်ဇီး
ကွက်ကပါ နတ်မိမယ်လေးတွေနဲ့ ရောပြီး ဟိုပျံ
ဒီပျံ လုပ်နေတာဗျ။ ဒီကောင်ပါ ရောပြီး ကစားနေ
တဲ့ပုံပဲ။နတ်မိမယ်တွေကလည်း ဒီကောင့်ကို ခင်
မင်တဲ့ပုံပဲဗျ။ဘချစ်ရာ၊ ဒင်းတော့ နေနှင့်ဦးပေါ့လို့
ကျုပ်က စိတ်ထဲကနေ ကြိမ်းလိုက်တယ်။ ဘာပဲ
လုပ်လုပ် နှစ်ယောက်အတူတူ တွဲပြီး လုပ်နေတဲ့
အကောင်က ဒီကိစ္စမျိုးကျတော့ ကျုပ်ကို နည်း
နည်းမှ မဟဘူးဗျ။ ပြီးတော့ ကိုယ်ပွားထုတ်တဲ့
ပညာမှာ အခုလို ကြိုက်တဲ့ အသွင်ကို ပြောင်းလို့
ရတယ်ဆိုတာ ဒီကောင် လျှိုထားတာဗျ။
ဒီလောက်ဆိုရင်တော့ ဒီကောင် ဘယ်သွားတယ်
ဆိုတာ ကျုပ် သိပါပြီးပေါ့ဗျာ။ ဒါပေမဲ့ ဒီနေရာက
ဘယ်နေရာဆိုတာ ကျုပ်မသိဘူးဗျ။ ကျုပ် ဆက်
ပြီး စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျုပ်တောင်
ခြေကို ပျံပြီးဆင်းလာတယ်။ တောင်ခြေက တော
ထဲကိုရောက်တော့ ကျုပ်ကိုယ်ကျုပ် ကိုးတောင်
ကျားကြီးတစ်ကောင်အဖြစ် ပြောင်းကြည့်လိုက်
တယ်။ ဟာ ကျုပ် ကျားကြီး ဖြစ်သွားပြီဗျို့။ကျုပ်
က ခါးကြီး နွဲ့နွဲ့ နွဲ့နွဲ့နဲ့ တောထဲကို လျှောက်
သွားကြည့်တယ်
“တစ်၊ တစ်၊ တစ်၊ တစ်”
ဟော ကျုပ်ကို မြင်သွားတဲ့ ဂျီလေးတွေက တတစ်
တစ်နဲ့ အော်ကြပြီဗျ။ ကျုပ်လည်း တောထဲမှာ ဟို
သွား ဒီသွား လုပ်ပြီးတော့ ဇီးကွက်တစ်ကောင်လို
ပြန်ပြောင်းလိုက်တယ်။ ပြီးတော့မှ အပေါ်ကို ပျံ
တက်ပြီး နတ်သမီးတွေရှိတဲ့ ဂူပေါက်ကို တစ်ခါ
သွားကြည့်လိုက်တယ်။နတ်သမီးရဲ့ ဂူထဲမှာက ပန်း
ပင်တွေ၊ စမ်းရေအိုင်လေးတွေနဲ့ တော်တော်လေး
သာယာတာဗျ။နတ်သမီးတွေရဲ့ ကိုယ်ကထွက်တဲ့
အလင်းရောင်က ဂူကြီးတစ်ခုလုံးကို ဖြာထွက်နေ
တာဗျို့။ ဟော ဘချစ် ပျံတက်လာပြီဗျို့။
ဂူပေါက်ဝကနေ ဒီကောင် ပျံထွက်သွားတယ်။ကျုပ်
လည်း ဒီကောင့်နောက်က ပျံပြီးလိုက်ရတာပေါ့ဗျာ။
ဟာ အောက်မှာ မြို့ကြီးတစ်မြို့ဗျ။ဘာမြို့တုံးတော့
ကျုပ် မသိဘူး။ မီးရောင်တွေ ထိန်ထိန်လင်းနေတာ
ဗျ။ အောင်မာ ကြည့်စမ်း၊ ဘချစ်က ဇီးကွက်တစ်
ကောင်ပုံစံ ပြန်ပြောင်းလိုက်ပြီဗျို့။
ဆင်းသွားပြီ၊ ဆင်းသွားပြီ။ ဒီကောင် တရုတ်ကြီး
တစ်ယောက်ပုံစံ ယူလိုက်ပြီး အောက်ကို ဆင်း
လိုက်တယ်။ ဟာ ဒီကောင် တရုတ်ကြီးဘချစ် မြို့
ထဲက လမ်းတွေပေါ်မှာ လျှောက်သွားနေတာဗျ။
ကျုပ်ကလည်း သူ့နောက်က မလှမ်းမကမ်းလေး
က လိုက်လာတာပေါ့ဗျာ။ တစ်နေရာရောက်တော့
လမ်းဘေးက ပေါက်စီဆိုင်မှာ ရပ်ပြီး ဒီကောင်
ပေါက်စီ ဝယ်စားတာဗျ။ပေါက်စီရောင်းတဲ့ တရုတ်
မလေးက ချောသားဗျ။ ဒီကောင် ဘချစ်က အဲဒီ
တရုတ်မလေးနဲ့ ဘာတွေပြောနေမှန်းတော့ ကျုပ်
မကြားရဘူးဗျ။ အငွေ့တထောင်းထောင်း ထနေ
တဲ့ ပေါက်စီကို စားလိုက်၊ ကောင်မလေးကို စ
ကားပြောလိုက်၊ ကောင်မလေးကလည်း သူပြော
တာတွေကို သဘောကျပြီး ရယ်လိုက်နဲ့ ဘချစ်
က တော်တော်ကို ဟုတ်နေတာဗျ။
နောက် ဒီကောင် ပေါက်စီဆိုင်ကနေ ထွက်သွားပြန်
ရောဗျ။ ကျုပ်လည်း ဒီကောင့်နောက်ကလိုက်ရပြန်
တာပေါ့ဗျာ။ ပေါက်စီရောင်းတဲ့ တရုတ်မကလည်း
သူ့ဆိုင်ရှေ့က ကျုပ်ဖြတ်သွားတော့လည်း ကျုပ်
ကို တရုတ်လိုပြောပြီး ပေါက်စီကောင်းကြောင်း
ညွှန်းနေရောဗျ။ကျုပ်မှာ ဘချစ်ကို မျက်ခြေမပြတ်
ကြည့်နေရတာဗျ။ လမ်းပေါ်မှာက တခြားလူတွေ
ကလည်း သွားလာနေကြတာ တော်တော်များတယ်
ဗျ။ ဟော တရုတ်ကြီးဘချစ်က တစ်နေရာရောက်
တော့ လမ်းကျဉ်းလေးထဲကို ချိုးဝင်လိုက်တယ်ဗျ။
အဲဒီလမ်းလေးက မီးရောင်သိပ်မလင်းဘူးဗျ။ မီး
ရောင်မှိန်လေးပဲ လင်းနေတာ။ ဒီကောင် မှောင်
ထဲကို ဘာလာလုပ်လာတာတုံးဆိုတာ သိချင်
တာနဲ့ ကျုပ် လိုက်ကြည့်တာဗျ။ ရှေ့က မှောင်
ရိပ်မှာ လူလေးငါးယောက် ဝိုင်းထိုင်နေကြတယ်
ဒီကောင် ဘချစ်က အဲဒီလူတွေဆီကို သွားနေ
တာ။ ဟိုလူတွေဆီကို ရောက်တော့ ဒီကောင်
က အိတ်ထဲက ပိုက်ဆံ ထုတ်ပေးတယ်။
ပြီးတော့ ဝိုင်းထိုင်နေတဲ့ လူစုထဲကို ဘချစ်တရုတ်
ကြီးကပါ ဝင်ထိုင်ရောဗျာ။ ကျုပ်ကလည်း သစ်ပင်
ကြီး တစ်ပင်နောက်မှာ ကွယ်ပြီးကြည့်နေတာဗျ။
လား လား၊လက်စသတ်တော့ ငနဲက ဝင်ပြီး ဘိန်း
ရှူတာကိုးဗျ။ ဟိုလူတွေက သူတို့ ရှူနေတဲ့ ဘိန်း
ပြောင်းကို ဒီကောင့်ဘက် ထိုးပေးတယ်။ ပြီးတော့
မီးခဲလေးကို ယပ်ခတ်ပေးတယ်။ ဒီကောင်က ဘိန်း
ပြောင်းကို ရှိုက်ရှိုက်ပြီး ရှုလို့ဗျ။
ခဏနေတော့ တရုတ်ဘချစ်က လူစုထဲက ထွက်
လာပြီး ဆက်လျှောက်သွားတယ်။ ဟော ဒီကောင်
ပြန်တော့မယ်ထင်တယ်ဗျ။အပေါ်ကို ရိပ်ခနဲ မြင့်
တက်သွားပြီး ဘချစ်ရဲ့ နဂိုရုပ် ပြန်ပေါ်လာတယ်။
ဟော ရိပ်ခနဲပဲဗျို့။သုသာန်ကျောင်းကို ပြန်ရောက်
လာတယ်။ ပြီးတော့ ကျောင်းထဲကို ဝင်သွားတယ်။
ကျုပ်ရဲ့ နဂိုပုံစံအတိုင်း ကျုပ်ရဲ့ကျန်ရစ်ခဲ့တဲ့ ခန္ဓာ
ကိုယ်ကို စိတ်ညွန်လိုက်တယ်။ ရောက်ပြီ၊ ရောက်
ပြီ။ ကျုပ်ကိုယ်ထဲကို ပြန်ရောက်ပြီ။
နောက်နေ့ ကျောင်းမှာ ဘချစ်နဲ့တွေ့တော့ ကျုပ်
က မသိချင်ယောင်ပြီး ဒီကောင့်ကို ပြောတယ်။
“ငါ ညက ကိုယ်ပွားထုတ်သေးတယ်ကွ ဘချစ်ရ”
“မင်းကို ခဏခဏ မလုပ်ဖို့ ငါပြောထားရက်နဲ့”
“အေးပါကွာ၊ ငါ ခဏခဏ မလုပ်ပါဘူးကွာ၊ နေပါ
ဦးကွ၊ မင်းကို ငါရောက်ခဲ့တဲ့နေရာတွေ ပြောချင်
လို့ကွ”
“အောင်မယ် ပြောစမ်းပါဦး၊ မင်းက ဘယ်တွေ
ရောက်ခဲ့လို့တုံး”
“ငါပထမဆုံး ရောက်သွားတာက ဂူကြီးတစ်ခုထဲ
က နတ်သမီးလေးတွေဆီကိုကွ”
“ဘာကြ”
“အေး ဟုတ်တယ် ဘချစ်ရ၊ ငါ အထဲတော့ မဝင်
ပါဘူးကွာ၊ ဂူပေါက်ဝကပဲ ကြည့်တာပေါ့၊ နတ်သမီး
လေးတွေနဲ့ ပုံဆိုးဆိုး ဇီးကွက်ကြီးတစ်ကောင်ကို
တွေ့တယ်ကွ”
“ဘာကွ၊ ပုံဆိုးဆိုးဇီးကွက် ဟုတ်လား”
“အေးကွ၊ နတ်သမီးလေးတွေက လှသလောက်
ဇီးကွက်ကြီးက ကျက်သရေမရှိလိုက်တာကွာ”
ဘချစ်က ကျုပ်ကို တစ်ချက်စိုက်ကြည့်တယ်ဗျ။
ကျုပ်က မသိချင်ယောင်ဆောင်ပြီးတော့ ဆက်
ပြောတယ်။
“နောက်တော့ ငါ တရုတ်မြို့တစ်မြို့ကိုရောက်
သွားသေးတယ်ကွ၊ အဲဒီမှာ တရုတ်ကြီးတစ်
ယောက် တွေ့ခဲ့တယ်။ လူပုံက ခပ်ဆိုးဆိုးကြီး
ပါကွာ၊ ဒီတရုတ်ကပေါက်စီသည်မ ချောချော
လေးဆီမှာ ပေါက်စီတစ်လုံး ဝယ်စားပြီးတော့
မှောင်ရိပ်ထဲ ဝင်သွားတာကွ။ဒီတရုတ် ဘာလုပ်
မလို့တုံးဆိုတာ သိချင်တာနဲ့ ငါလိုက်ကြည့်တော့
မှ သဘောပေါက်သွားတာဟေ့၊ အဲဒီရုပ်ဆိုးဆိုး
တရုတ်ကြီးက ဘိန်းရှူတာကိုးကွ။ ဟား ဟား
ဟား”
“ဟေ့ကောင် တာတေ”
“နေပါဦး ဘချစ်ရ၊ ငါပြောပါဦးမယ်”
“တော်တော့ တာတေ၊ မင်း ညက ငါ့နောက်က
လျှောက်လိုက်ကြည့်နေတယ်မို့လား”
“အေးပေါ့ ဘချစ်ရ၊ ကြည့်ရတာပေါ့၊ မင်းကမှ
ငါ့ကို ကိုယ်ပွားပညာကို အကုန်သင်ပေးတာမှ
မဟုတ်တာ၊ မင်းကို ကြည့်ပြီး ငါ့ဟာငါ လေ့
ကျင့်ယူရတာပေါ့”
ဒီတော့မှ ကျုပ် သူ့ကို မကျေနပ်နေတဲ့အကြောင်း
ကို ဒီကောင် သဘောပေါက်သွားရောဗျို့။
“ဟ တာတေရာ၊ ငါက မင်းကို အကုန်သင်မပေး
တာ မဟုတ်ပါဘူးကွ၊ ဒါတွေက မင်း ကျွမ်းကျင်
လာရင် အလိုလိုသိမယ့် ကိစ္စတွေမို့လို့ပါကွာ”
“ဒီလိုတော့ ဘယ်ဟုတ်မလဲကွ ဘချစ်ရ၊ မင်းက
လည်း ပြောပြဆိုပြမှ ငါက သိမှာပေါ့”
“ပြောစရာ မလိုပါဘူးကွာ၊ မင်းက အခု ပညာကုန်
တတ်သွားပြီပဲ တာတေရာ”
ဘချစ်ပြောလိုက်တော့ ကျုပ်စိတ်ထဲမှာ
ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသလို ဘာ
လို ဖြစ်မိသားဗျ။
“နေပါဦး ဘချစ်ရ၊ မင်းသွားတဲ့နေရာတွေကို
မင်း ဘယ်လိုသိတာတုံးကွ၊ အရင်က ရောက်
ဖူးလို့လား”
“ငါ လျှောက်သွားရင်းနဲ့ တွေ့တာကွ၊ ငါနေရာ
တော်တော်များများကို ရောက်ဖူးတယ်၊မင်းလည်း
နောက်တော့ ငါ့လိုပဲ အနှံ့ရောက်ဖူးမှာပါ၊ အေး
မင်း သတိထားရမှာ တစ်ခုပဲရှိတယ်၊ ရောက်တဲ့
နေရာမှာ မင်းစိတ်ကို မျောပါမနေဖို့ပဲကွ၊ သတိ
အမြဲ ရှိရမယ်၊ မင်းကိုယ်ပွားနဲ့ လာတာကို မေ့မ
သွားစေနဲ့ “
“မေ့သွားရင် ဘာဖြစ်မှာတုံးကွ”
“ဟာ မင်း ပြန်ရောက်မလာရင် မင်းရဲ့ကိုယ်ကြီး
က တောင့်တောင့်ကြီးဖြစ်ပြီး လူတွေ သိသွား
မှာပေါ့ကွ”
“သြော် …အေး ဟုတ်သားပဲ”
အဲဒီနောက် စာမေးပွဲ နီးလာတော့ ကျုပ်လည်း
ကိုယ်ပွားတွေဘာတွေ မထုတ်ဖြစ်တော့ပါဘူးဗျာ
ဒီလိုနဲ့ စာမေးပွဲပြီးလို့ နွေရာသီကျောင်းပိတ်ရက်
ရှည်ပိတ်တော့ ကျုပ် အိမ်ပြန်ခဲ့တယ်။ ဘချစ်
လည်း သူ့ကို မွေးစားတဲ့ သုသာန်ကျောင်းဆရာ
တော်နဲ့ လိုက်သွားမယ်လို့ ပြောတယ်ဗျ။ ဘယ်
ကို သွားကြမှာတုံးတော့ ကျုပ်လည်း မသိဘူးဗျ။
ကျောင်းနေတဲ့အရွယ်ဆိုတော့ အဘကိုလည်း
ဘာမှကူညီပြီး မလုပ်တတ်သေးဘူးလေဗျာ။
ရွာထဲ ဟိုသွား ဒီသွား လျှောက်ဆော့၊ မောရင်
အိမ်ပြန်ပြီး ထမင်းစား၊ မျက်စိညောင်းရင် ခဏ
အိပ်ပေါ့။ ဒါပေမဲ့ ကျုပ်က နေ့ခင်းဘက် သိပ်မ
အိပ်ဘူးဗျ။ ဘာဖြစ်လို့တုံးဆိုတော့ ညဘက်
အိပ်ပျော်မှာစိုးလို့ဗျ။ညဘက်ဆိုရင် နှစ်နှစ်ခြိုက်
ခြိုက် အိပ်ပျော်မှ ကျုပ်ကိုယ်ပွားကို ထုတ်လို့
ကောင်းတာဗျ။ ကိုယ်ပွား စထုတ်ကတော့ တစ်
နေရာကို ဦးတည်ပြီး ထုတ်ရတာဗျ။
အခုလို ကျွမ်းကျင်လာပြီဆိုတော့ ဦးတည်ချက်
မထားတော့ဘဲ ကိုယ်ပွားကို ဒီအတိုင်းထုတ်ယူလို့
ရနေပြီဗျ။ ပြီးတော့မှ ကိုယ်ပွားသွားချင်တဲ့နေရာ
ကို အာရုံစိုက်လိုက်ရင် ချက်ချင်း ရောက်နေတော့
တာပေါ့ဗျာ။ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ကျုပ်
က ကျုပ်ဆရာ မျောက်မူးလဲ၊ မျောက်ရှုံး၊ မျောက်
အော့ကြောလန် ဘချစ်လောက်တော့ မမီသေးဘူး
ဗျ။ ဘချစ်က နတ်သမီးတွေနဲ့တောင် သွားဆော့
တဲ့အကောင်ဗျ။ တရုတ်ပြည်သွားပြီး ဘိန်းတွေ
ဘာတွေတောင် ရှူတဲ့ကောင်လေဗျာ။ ကျုပ်က
တော့အဲဒီလောက်လည်း မသွားတတ်ဘူးဗျ။ ပြီး
တော့အဲဒီလောက်လည်း မသွားရဲပါဘူးဗျ။ ကျုပ်
တို့ရွာနဲ့ အနီးအနားလောက်ပဲ ကျုပ်သွားတာပါ။
ဒါပေမဲ့ အခုတလော ကျုပ် သွားသွားဆော့နေတဲ့
ရွာတစ်ရွာ ရှိတယ်ဗျ။ ရွာနာမည်က တောင်ပလဲ
ကုန်းတဲ့ဗျ။ကျုပ်တို့ အညာရွာတွေဆိုတာက ကုန်း
မြင့်နေရာလေးမှာ ရွာတည်ထားရင် ဘာကုန်း ညာ
ကုန်းနဲ့ ခေါ်ကြတာလေဗျာ။ ကျုပ်တို့ရွာဆိုရင် ထ
နောင်းကုန်းလေ။ကျုပ်တို့နားမှားက ဘန့်ဘွေးကုန်း
တို့၊ ထိန်ကုန်းတို့၊ မီးလောင်ကုန်းတို့၊ ငွေတွင်းကုန်း
တို့ ခေါ်ကြတာဗျ။
အခု ကျုပ်ပြောမယ့်တောင် ပလဲကုန်းဆိုတာက
ကျုပ်တို့ရွာရဲ့ တောင်ဘက်ကျတယ်ဗျ။နည်းနည်း
တော့ လှမ်းသား။
အဲဒီမှာ တောင်ပုပုကြီး တစ်လုံး တုံးလုံးလဲနေသ
လိုပုံစံ တောင်တစ်တောင် ရှိတယ်။ အဲဒီတောင်
ကြီးကို အဲဒီဒေသက လူတွေကလည်း တောင်ပု
လဲတောင်လို့ ခေါ်ကြတယ်ဗျ။ အဲဒီနားက ရွာကြီး
ကိုလည်း တောင်ပုလဲကုန်းရွာလို့ ခေါ်တယ်။ ဒါ
ပေမဲ့ ဘယ်သူကမှ တောင်ပုလဲကုန်းလို့ မခေါ်ပါ
ဘူးဗျာ။ တောင်ပလဲကုန်းပဲ ခေါ်ကြတာပါ။ မသိ
ရင်တော့ မိန်းမတွေ ပုတီးလုပ်ပြီး ဆွဲတဲ့ ပုလဲလုံး
နဲ့ မှားနိုင်တာပေါ့ဗျာ။ ကျုပ်ကိုယ်ပွားနဲ့ သွားရင်း
ဒီရွာကို ရောက်တာဗျ။ အဲဒီရွာထဲမှာ လသာသာနဲ့
ကလေးတွေ ဆော့ကစားနေတဲ့အသံ ကြားတာနဲ့
ကျုပ်က ရွာထဲကို ဝင်ကြည့်တာဗျို့။ ဒီမှာတင်…
“ဟဲ့ နင်ရော ပါမလား လာလေ”
လို့ ခပ်ကြီးကြီးကောင်မလေးတစ်ယောက်က ခေါ်
တာဗျ။ နောက်မှ သိတာက ဒီကောင်မလေးရဲ့ နာ
မည်က’ရွှေရွှေ’ တဲ့။ သူ့နဲ့ ရုပ်ချင်းစွပ်တူတဲ့ သူ့ညီ
မက ‘ငွေငွေ’တဲ့ဗျ။ သူတို့ ညီမနှစ်ယောက်စလုံး
ကျုပ်ကို လွှတ်ခင်တာဗျ။ အကြီးမ ရွှေရွှေက ပို
သွက်တယ်။ အငယ်မ ငွေငွေက ရွှေရွှေလောက်
မသွက်ဘူး အေးတယ်။
သူတို့ ကစားတဲ့နေရာက ရွာလယ်ပိုင်းမှာဗျ။
ကလေးတွေ ဆော့ဖို့ ကစားကွင်းကြီးကို လုပ်
ထားတာဗျ။ အတော်ကို ကျယ်တာ။ အဲဒီထဲမှာ
လသာတဲ့ ညဆိုရင် ထုပ်ဆီးတိုးကြ၊ ထွေခင်း
ကြ၊ ကုလားမစည်းနင်း ဆော့ကြ၊ဘောလုံးကန်
ကြ၊ ဖန်ခုန်ကြ၊ ခြင်းလုံးခတ်ကြနဲ့ တကယ့်ကို
ပျော်စရာပါဗျာ။ ပထမတော့ ကျုပ်က ရွှေရွှေတို့
ညီအစ်မနဲ့ ခင်သွားတာ။ နောက်တော့ ကျုပ်နဲ့
ရွယ်တူကောင်လေးတွေနဲ့ ခင်တော့တာပေါ့ဗျာ။
အဲဒီထဲမှာ ကျုပ်နဲ့ အခင်ဆုံး လေးယောက်ရှိ
တယ်။နှစ်ယောက်က တောင်ပလဲကုန်းကဗျ။
မိုးဦးနဲ့လေပွေတဲ့ဗျို့။ နောက်နှစ်ယောက်က
တော့ တောင်ပလဲက မဟုတ်ဘူးဗျ။ တခြားက
နေ ကျုပ်လိုပဲ လာဆော့တာ။ ပိန်ပိန်ရှည်ရှည်
ကောင်က စောသိန်းတဲ့။အသားဖြူဖြူ ချောချော
ကောင်လေးက အောင်စိုတဲ့။ စောသိန်းက သူ့
ကိုယ်သူ တောစိမ်းက စောသိန်းလို ပြောသဗျ။
အောင်စိုက သူ့ကိုယ်သူ တောင်ညိုက အောင်
စိုလို့ ပြောတယ်။ဒီကောင်တွေ ကျုပ်ကို လွှတ်
ခင်တာဗျ။ တစ်ခါတော့ မိုးဦးက ပြောတယ်။
“ဟေ့ကောင် တာတေ၊ မင်း လေပွေတို့အိမ်
ရောက်ဖူးလား”
“ဟေ့အေး၊ ငါ ဘယ်သူ့အိမ်ကိုမှ မရောက်ဖူး
ဘူးကြ”
“ဒါဆိုရင် မင်း အခုလိုက်မလား တာတေ”
လေပွေက ကျုပ်ကို အိမ်လယ်ဖိတ်နေတာဗျ။
ကျုပ်ကလည်ူ ပြန်ချိန်စောသေးတာနဲ့ လိုက်
မယ်လို့ ပြောလိုက်တယ်။
“နို့ မင်းတို့အိမ်က ဘယ်မှာတုံး လေပွေရ”
“တောင်ပလဲမှာလေကွာ”
ဒီကောင် ကျုပ်ကို နောက်ပြောင်ပြောနေတယ်
လို့ ကျုပ်က ထင်သွားတာဗျ။ ကျုပ်မေးတာက
တောင်ပလဲတောင်ပိုင်းလား၊ မြောက်ပိုင်းမှာလား
လို့ မေးတာဗျ။
“လာ တာတေ၊ မင်း ငါအင်္ကျီကို ကိုင်ထား”
ဟင် ဘယ်လိုတုံးလို့ ကျုပ်တွေးလိုက်မိတာဗျ။သူ
တို့ အိမ်သွားမှာကို ကျုပ်က သူ့အင်္ကျီကိုဘာ အ
တွက်ကိုင်ရမှာတုံး။ဒါပေမဲ့ ကျုပ် အတွေးကို ကျုပ်
စိတ်ထဲမှာထားပြီး လေပွေ အင်္ကျီကို ကျုပ် ကိုင်
ထားလိုက်တယ်။ကျုပ်အင်္ကျီကို အောင်စိုက ကိုင်
တယ်။အောင်စို့ အင်္ကျီကို ကျတော့ မိုးဦးက ကိုင်
တယ်။မိုးဦးအင်္ကျီကို စောသိန်းက ကိုင်တယ်။ငါး
ယောက်တန်းကြီးပေါ့ဗျာ။ ဒီကောင်တွေဘယ်လို
လုပ်မှာတုံးဆိုတာ ကျုပ်က ကြည့်နေတာဗျ။
“ကဲ အားလုံး မျက်စိမှိတ်ထားကြ”
လို့ လေပွေက ပြောတော့ ကျုပ် မျက်စိမှိတ်လိုက်
တယ်။ ကျန်တဲ့ကောင်တွေက မှိတ်လား မသိဘူး
ဗျ။ ဒါပေမဲ့ ဒီကောင်တွေလည်း မှိတ်မှာပါ။
“ကဲ ရောက်ပြီဟေ့”
မြန်လိုက်တာဗျ။ မျက်စိမှိတ်လိုက်တယ်ဆို ချက်
ချင်း ရောက်တာဗျ။ဖယောင်းတိုင် မီးတွေအောက်
မှာ လင်းနေတာပဲဗျာ။ ဒါ ဘယ်လိုအိမ်တုံးဗျ။ ရှေး
ဟောင်းတိုက်ကြီးတစ်လုံးလား၊ ဘုန်းကြီးကျောင်း
ကြီးလား၊ကျုပ်က တွေးရင်းနဲ့ အိမ်အတွင်းပိုင်းတွေ
လိုက်ကြည့်တယ်။ လက်ရာတော်တော်ကောင်း
တဲ့အိမ်ကြီးဗျ။ တစ်အိမ်လုံး ကျောက်ဖြူသားနံရံ
နဲ့ ဆောက်ထားတာ ထင်တယ်။ ကျုပ် ငေးနေ
တုန်းမှာပဲ…
“တာတေ လာ၊ ထိုင်လေကွာ”
ဧည့်ခန်းဆောင်ကြီးထဲကို လေပွေက ခေါ်လာ
တာဗျ။ ဟာ ကြက်သွေးရောင်ခန်းဆီးတွေ ကာ
ထားတာဗျ။ ကျောက်ဖြူသားနံရံမှာ ပန်းချီကား
ကြီးနှစ်ချပ် ချိတ်ထားတယ်။ တစ်ချပ်က ဘုရင်
တစ်ပါး မြို့ထဲကို တိုင်းခန်းလှည့်တဲ့ပုံဗျ။နောက်
ပန်းချီကားက ဘုရင်က ပန်းဥယျာဉ်ကြီးထဲမှာ
လက်ပိုက်ပြီး ရပ်နေတဲ့ပုံ။ ဘေးမှာ မှူးမတ်တွေ၊
စစ်သူကြီးတွေ ခြံရံလို့ပေါ့ဗျာ။ လက်ရာတော်
တော်မြောက်အောင် ဆွဲထားတဲ့ ပန်းချီကားတွေ
ဗျ။ ဧည့်ခန်းမှာလည်း ပန်းကနုတ်တွေဖော်ထား
တဲ့ ကုလားထိုင်တွေ ချထားတာ အများကြီးဗျ။
ဒီဧည့်ခန်းမှာ လူတွေ အများကြီးစုပြီး စကားပြော
ပုံရတယ်ဗျ။ခဏနေတော့ဧည့်ခန်းထဲကို အသက်
လေးဆယ်လောက် ရှိတဲ့ ယောက်ျားတစ်ယောက်
နဲ့ အသက်သုံးဆယ်ကျော်လောက်ရှိတဲ့ မိန်းမတစ်
ယောက် ဝင်လာတယ်။ ကျုပ် တော်တော်ကို အံ့
သြသွားတာဗျို့။ နှစ်ယောက်စလုံး တော်တော်ကို
ခံ့ညားတဲ့ ရုပ်ရည်တွေဗျ။ ဝတ်စားထားတာက ဘု
ရင်တွေ ရှိစဉ်ခေတ်က ဝတ်တဲ့ အဝတ်အစားမျိုး
တွေဗျ။ ကျုပ်တို့ ပွဲထဲမှာ မြင်ရတဲ့ အဝတ်အစား
မျိုးတွေပေါ့ဗျာ။
“လေပွေလေးရဲ့ သူငယ်ချင်းတွေဆို၊ လာလည်
ကြတာလား၊ ဒီအိမ်တော်ကြီးထဲမှာ ပျော်ပျော်ပါး
ပါး ဆော့ကြ။ ကလေးဆိုတာ ဆော့မှ ကျန်းမာ
တာကွဲ့၊ ဘဘုရားတို့ မယ်ဖုရားတို့ကို အားမနာ
ကြနဲ့၊ ဆော့ကြ၊ ဆော့ကြ။ကဲ မယ်ဖုရားက လေ
ပွေလေးရဲ့ သူငယ်ချင်းတွေကို အကျွေးအမွေး
လေးနဲ့ ဧည့်ခံလိုက်ပါကွယ်”
လို့ ပြောပြီး ဧည့်ခန်းထဲက ထွက်သွားတယ်။
ကျုပ်လည်း ဘာပြန်ပြောရမှန်း မသိတာနဲ့ ပြုံး
ရုံပဲ ပြုံးနေလိုက်တယ်ဗျ။ အိမ်ကြီးထဲမှာ မောင်း
ထုတဲ့အသံ ကြားလိုက်ရတယ်။
“ဟာ လေပွေ၊ မောင်းထုတဲ့အသံပါလားကွ”
“အေး ဟုတ်တယ် တာတေရ၊ ငွေမောင်းထုတဲ့
အသံပါကွာ၊ အိမ်တော်ထိန်းတွေကို ခေါ်တာပါ”
ကျုပ်တို့ငါးယောက်လည်း ကစားတဲ့အကြောင်း
တွေ ဟိုပြော ဒီပြောနဲ့ လျှောက်ပြောကြတာပေါ့
ဗျာ။ ကလေးတွေ ဆိုတော့လည်း ပြောစရာဆိုလို့
ကစားတဲ့အကြောင်းပဲ ရှိတာလေဗျာ။ ဟော ခြေ
သံတွေ ကြားတယ်ဗျ။ ကျုပ် ဧည့်ခန်းအဝင်ပေါက်
ကို လှမ်းကြည့်လိုက်တော့ နန်းတွင်းအဝတ်အစား
တွေနဲ့ ရုပ်တော်တော်ချောတဲ့ မိန်းမလေးယောက်
ငွေလင်ဗန်းလေးတွေကိုင်ပြီး ရောက်လာကြတယ်
ဗျ။ ကျုပ်တို့ကို ငှက်ပျောသီးတစ်လုံး၊ ဇီးသီးတစ်
လုံးနဲ့ ဖျော်ရည်တစ်ခွက်စီ လိုက်ပေးတယ်။
ကျုပ်တို့လည်း ကစားလာကြဆိုတော့ ဗိုက်ဆာ
ဆာနဲ့ ငှက်ပျောသီးကို အရင်ခွာစားလိုက်တယ်။
တော်တော်ကို မွှေးတာဗျ။ ဘာငှက်ပျောမှန်းကို
မသိတာ။ပြီးတော့ ဇီးသီးစားတယ်။ဇီးသီးကလည်း
မွှေးပြီးတော့ ချိုနေတာပါပဲဗျာ။နောက်ဆုံး ရွှေခွက်
လေးကလေးနဲ့ ထည့်ထားတဲ့ ဖျော်ရည်ကို သောက်
လိုက်တယ်။ ဘာကိုဖျော်ထားမှန်း မသိပေမဲ့ တော်
တော်ကို အရသာရှိတာဗျ။ ကျုပ်တို့လည်း လေပွေ
တို့အိမ်ကြီးထဲမှာ ဟိုလျှောက် ဒီလျှောက် လုပ်ပြီး
ခဏကြာတော့ တောင်ပုလဲကုန်းရွာက ကစားကွင်း
ကြီးထဲကို ပြန်လာခဲ့ကြတယ်။ ပြန်လာတော့ သွား
တုန်းက ပုံစံမဟုတ်တော့ဘူးဗျ။
ကိုယ့်ဟာကိုယ် ပြန်ရတာ။ မျက်စိတစ်မှိတ်ဆို
ရောက်တာပေါ့ဗျာ။ ဒါမျိုးတွေ တာတေလည်း
ကျွမ်းကျင်ပြီးသားပါဗျ။ အဲဒီညက ကျုပ် အိမ်ပြန်
ရောက်တော့ မနက်သုံးနာရီလောက် ရှိပြီဗျ။ အံ့
သြစရာဗျာ။ ကျုပ် အိမ်မှာ သုံးရက်တိတိ ထမင်း
မဆာဘူးဗျ။ လေပွေတို့အိမ်က စားလာတဲ့ ငှက်
ပျောသီးနဲ့ ဇီးသီးက အာဟာရသိဒ္ဓိ ရှိနေသလား
လို့ ကျုပ်တွေးမိတယ်။ သူတို့အိမ်က တောင်ပလဲ
မှာလို့ လေပွေက ပြောပေမယ့် ဘယ်နေရာမှာ
ရှိမှန်း ကျုပ်သိတာ မဟုတ်ဘူးဗျ။
တောင်ပလဲကုန်းရွာကို ကျုပ်မရောက်တာတောင်
ကြာပြီဗျ။ ဒီညတော့ အဲဒီဘက်ကို သွားမယ်လို့
ကျုပ်စိတ်ကူးထားတယ်။ ဒီည လပြည့်ညလေဗျာ
ဒီလိုညမျိုးဆိုရင် တောင်ပလဲကုန်းမှာ လွှတ်ပျော်
ဖို့ ကောင်းတာပေါ့ဗျာ။ ကျုပ်ကိုယ်ပွားထုတ်ပြီး
သွားတယ်။
“ဟာ တာတေ လာကွ၊ မင်း လာတာတော်
တော်ကြာပြီနော်”
မိုးဦးက ကျုပ်ကို ဆီးပြောတာဗျ။ ဒီကောင်တွေ
လူစုံတက်စုံကို ဆော့နေကြတာဗျို့။ တောစိမ်း
က စောသိန်းရော၊ တောင်ညိုက အောင်စိုရော
ရောက်နေကြတာဗျ။ ကျုပ်တို့ ဘောလုံးကန်ကြ
တယ်။ တောင်ပလဲကုန်းကစားကွင်းမှာ ကလေး
တွေမှ နည်းတာ မဟုတ်ဘူးဗျ။ ကိုယ်အုပ်စုနဲ့
ကိုယ် ကစားနေလိုက်ကြတာ ကျွက်ကျွက်ကိုညံ
နေတာဗျ။ ဘောလုံးကန်လို့ မောသွားတော့ လေ
ပွေက ပြောတယ်။
“တာတေ ငါတို့ မင်းကို စောင့်နေတာကွ၊ မင်း
ဒီတစ်ခါ လာရင် စောသိန်းက သူနေတဲ့ တော
စိမ်းကို အလည်ခေါ်သွားမလို့တဲ့ကွ”
“ဟေ… ဟုတ်လား၊ ဒါဆိုရင် သွားကြရ
အောင်လေကွာ”
“အေး သွားမယ်လေကွာ”
တောစိမ်းက စောသိန်း ပြောတာဗျ။ ဒီတော့မှ
ကျုပ်က မေးလိုက်မိတာဗျ။
“နေပါဦးကွ စောသိန်းရဲ့၊ တောစိမ်းဆိုတာ ဘာ
ကို ခေါ်တာတုံးကွ”
ကျုပ်က မေးလိုက်တော့ စောသိန်းက ပြောပြ
တယ်
“ဒီလိုကွ ငါနေတဲ့တောက သစ်ပင်မှန်သမျှဟာ
ဘယ်တော့မှ အရွက်တွေ မကြွေဘူးကွ၊ နွေ၊ မိုး
ဆောင်း၊ သုံးရာသီစလုံးမှာ အမြဲတမ်း စိမ်းလန်း
နေတယ်။ ပြီးတော့ လေဘယ်လောက်တိုက်
တိုက် သစ်ရွက်တစ်ရွက် မကြွေဘူးကွ”
” ဟေ…ဘယ်လိုဖြစ်လို့တုံးကွ”
“ဘိုးဘိုးပြောတာတော့ ငါ့ရဲ့ ဘုန်းကံကြောင့်လို့
ပြောတယ်ကွ၊ ကဲ သွားကြစို့ကွာ၊ ဟိုရောက်တော့
မင်း တွေ့ရမှာပေါ့ကွာ”
ဟိုတစ်ခါလိုပဲဗျ။ စောသိန်းက ရှေ့ဆုံးက ရပ်
တယ်။ ကျုပ်က သူ့အင်္ကျီကို ကိုင်တယ်။ ဟို
ကောင်သုံးယောက်က နောက်က တန်းစီပြီး
ကိုင်ကြတာပေါ့ဗျာ။
“ကဲ မျက်စိမှိတ်ထား၊ ရောက်ပြီ”
မြန်ပါ့ဗျာ၊ မျက်စိမှိတ်လိုက်တာနဲ့ ရောက်လာ
တာဗျ။ အိမ်ကြီးဗျ။ သိပ်အကျယ်ကြီး မဟုတ်
ပေမဲ့ တော်တော်ကို ကျယ်တယ်။ အိမ်ကြီးထဲ
မှာ လင်းထိန်နေတာဗျ။ ဘယ်က လင်းနေတာ
လဲလို့ ကျုပ် လိုက်ကြည့်ပေမယ့် ဘာမှထွန်း
ထားတာ မတွေ့ရဘူးဗျ။
“မင်း အိမ်ထဲမှာ ဘာမှထွန်းထားတာ မရှိဘဲနဲ့
ဘာလို့ လင်းနေရတာတုံး စောသိန်းရဲ့”
“ဒါလည်း ဘိုးဘိုးပြောတာတော့ ငါ့ဘုန်းကံ
ကြောင့်တဲ့ကွ”
ကျုပ်လည်း တော်တော်ကို မျက်စိလည်နေ
တာဗျို့။
“ဒါ ရွာတစ်ခုလားကွ စောသိန်းရဲ့”
“ဒါ ရွာမဟုတ်ဘူးကွ၊ တောကြီးတစ်တောထဲ
မှာကွ၊ ဒီတောကို ဘိုးဘိုးက တောစိမ်းလို့ ခေါ်
လို့ ငါက တောစိမ်းပဲ ခေါ်ရတာ”
“နို့ မင်းအိမ်မှာ တခြားဘယ်သူမှ မရှိဘူးလား”
“ဟာ ဘယ်ရှိမှာတုံးကွ၊ ငါတစ်ယောက်တည်း
ပေါ့၊ ကဲ နေဦး၊ မင်းတို့ ဘာစားချင်ကြတုံး၊ စား
ချင်တာသာပြော ငါ အကုန်ကျွေးနိုင်တယ်”
“ဟေ တကယ်လား”
“တကယ်ပေါ့ကွ၊ ငါ မင်းတို့စားချင်တာ ကျွေး
မယ်ကွာ”
“ဒါဆိုရင် ငါက ခေါက်ဆွဲကြော်ကွာ ဝက်သား
နဲ့ ဖြစ်မလား”
မိုးဦးက စပြောတာဗျ။ ပြီးတော့ အောင်စိုက
ပြောတယ်
“ငါ အုန်းထမင်းနဲ့ ကြက်သားကြော်ကွာ”
“ငါက ဆီထမင်းနဲ့ ကြက်သားကြော်ကွာ”
လေပွေက ပြောတာဗျ။ ကျုပ်ကတော့ …
“ငါက မိုးဦးလိုပဲ၊ ဝက်သားနဲ့ ခေါက်ဆွဲကြော်
ပဲကြာ”
“အေး ဒါဆိုရင် ငါက မင်းတို့နဲ့ မတူအောင်
ဒံပေါက်စားမယ်ကွာ”
စောသိန်းကလည်း သူစားချင်တာကို ပြောသ
ဗျ။ အဲဒီလို ပြောပြီး စောသိန်းက မျက်စိကို ခ
ဏ မှိတ်ထားလိုက်တယ်
“ကဲ ရပြီ၊ လာကြ၊ ထမင်းစားခန်းထဲကို သွား
ကြမယ်”
ပြောပြောဆိုဆိုနဲ့ စောသိန်းက လင်းနေတဲ့
အိမ်ကြီးထဲကို ဝင်သွားတယ်။ ကျုပ်တို့က
သူ့နောက်က လိုက်ကြတယ်။
“ဟာ”
ကျုပ်ဖြင့် အံ့သြပြီး ‘ဟာ’ကနဲ အော်လိုက်မိသ
ဗျ။ ဒါပေမဲ့ ကျန်တဲ့ ကောင်တွေက ကျုပ်လို အံ့
သြတာမတွေ့ရဘူးဗျ။ကျုပ်တို့ စားချင်တာတွေ
အကုန်လုံး စားပွဲပေါ်မှာ အဆင်သင့်ပြင်ထားတာ
တွေ့လိုက်ရလို့ဗျို့။ကျုပ်တို့ ထမင်းပွဲမှာ ဝိုင်းထိုင်
ပြီး အားရပါးရ စားကြတာပေါ့ဗျာ။
စားရင်းသောက်ရင်းနဲ့ စကားတွေ ဖောင်ဖွဲ့ပြော
ကြတာပေါ့။အဲဒီညက ကျုပ်တို့ တောင်ပလဲကုန်း
ကို ပြန်မလိုက်တော့ဘဲ စောသိန်းနေတဲ့ တော
စိမ်းကပဲ အိမ်ပြန်ခဲ့ကြတယ်။
စောသိန်းကျွေးတဲ့ ခေါက်ဆွဲကြော် စားလိုက်တာ သုံးရက်တိတိ ကျုပ်ထမင်းမစားချင်ဘူးဗျ။ အဲဒီ
တစ်ခေါက်တော့ ကျုပ်လည်း တောင်ပလဲကုန်း
ဘက်ကို မရောက်ပြန်ဘူးဗျ။ကျုပ်စိတ်ထင် တစ်
လလောက် ကြာသွားတယ်ထင်တယ်။
ကျုပ်ရောက်သွားတော့ လပြည့်ညပဲဗျ။
“ဟာ ဟေ့ကောင် တာတေ လာကွ၊ မင်းလည်း
တစ်ခါ တစ်ခါ ပျောက်သွားရင် တော်တော်ကို
ကြာတာပဲကွာ”
“အေးကွာ၊ ငါလည်း အလုပ်ကလေးတွေ ရှိနေ
လို့ကွ၊ ဒါထက် ဟိုကောင်တွေရော”
“အခုထိ မလာသေးဘူးကွ၊ ငါတစ်ယောက်ပဲ
ရောက်သေးတာ”
တောင်ပလဲကုန်း ကစားကွင်းကတော့ ခါတိုင်း
လိုပဲ ကျွက်ကျွက်ညံနေတာပေါ့ဗျာ။ ကျုပ်နဲ့
အောင်စိုက စကားထိုင် ပြောရင်းနဲ့ မိုးဦးတို့၊
လေပွေတို့၊ စောသိန်းတို့ကို စောင့်နေကြတယ်
ဗျ။အချိန်တော်တော်ကြာလာတဲ့အထိ ဒီကောင်
တွေ ရောက်မလာကြဘူးဗျ။
“ကဲ တာတေ ဒီကောင်တွေ ဒီည လာမှာ
မဟုတ်တော့ဘူးကွ၊ မင်း ငါတို့တောင်ညိုကို
လိုက်လည်ကွာ”
လို့ အောင်စိုက ခေါ်တယ်။ကျုပ်ကလည်း လိုက်
မယ်လို့ ပြောလိုက်တယ်။
“ဒါဆိုရင် ငါ့အင်္ကျီကို ကိုင်ထား”
“မျက်စိမှိတ်လိုက်၊ ရောက်ပြီ”
“ဟာ အောင်စို၊ ဒါ မင်းနေတဲ့ တောင်ညိုလား”
“အေးလေကွာ”
“ဟာ ဒီမှာ ဘုရားပွဲ ရှိတာလားကွ”
“ဟာ တာတေကလည်း ဘုရားပွဲ မဟုတ်ပါဘူး
ကွ၊ ဘာဖြစ်လို့တုံး”
လူတွေမှ စည်းကားလိုက်တာဗျာ။ လမ်းတွေက
လည်း မီးတွေလင်းနေအောင် ထွန်းထားတာ။
ကျုပ်စိတ်ထဲမှာ ထင်ထားတာက တောင်ညို
ဆိုတာ တောကြီးတောင်ကြီးတစ်ခုလို့ ထင်တာ
ဗျ။ ခုလို ရွာကြီးတစ်ရွာလို့ မထင်မိဘူး။ ရွာထဲ
က အိမ်တွေမှာဗျာ တိုက်တွေချည်းပဲဗျ။ လက်
ရာကတော့ တော်တော်ကို ရှေးကျတဲ့ လက်ရာ
ဗျ။ အိမ်တိုင်း အိမ်တိုင်း မီးတွေထိန်နေအောင်
ထွန်းထားကြတာဗျ။ အိမ်ထဲမှာလည်း လူတွေ
ထိုင်ပြီး စကားတွေပြောပြီး ရယ်မောနေတဲ့အ
သံတွေ ကြားနေရတာပါပဲ။ လမ်းလျှောက်တဲ့
သူကလျှောက်၊ မြင်းစီးတဲ့ လူက စီးပေါ့ဗျာ။
ဝတ်တာစားတာကတော့ ရှေးခေတ်က လူတွေ
ဝတ်ပုံ စားပုံမျိုးပဲဗျ။ တစ်နေရာရောက်တော့
အောင်စိုက တုံ့ကနဲရပ်ပြီးပြောတယ်ဗျ။
“တာတေ ဒါ ငါ အိမ်ပဲကွ လာ”
ပန်းတွေ ဝေဆာနေအောင် ပွင့်နေတဲ့ ခြံဝင်း
ကြီး တစ်ခုထဲကို အောင်စိုက ဝင်လိုက်တယ်
“လာ တာတေ”
ကျုပ်ကလည်း သူ့နောက်က ကပ်ပြီးလိုက်ရတာ
ပေါ့ဗျာ။ ဟော မိန်းမလှလေးတွေ ပြေးထွက်ပြီး
ကြိုဆိုကြတယ်ဗျ။ အောင်စို့ကို အရိုအသေပေး
ကြတယ်
“ကဲ ဟေမာတို့ ဒေဝီတို့ ဧည့်ပါလာတယ်၊ ကျွေး
မွေးဧည့်ခံဖို့ သွားယူခဲ့ကြ”
“ဟုတ်ကဲ့ပါရှင့် ကိုယ်တော်လေး”
ဟာ မိန်းခချောချောတွေက အောင်စို့ကို ကိုယ်
တော်လေးတဲ့ဗျ။တော်တော်လေး ရိုသေကြတာ
ဗျ။ အောင်စိုက ကျုပ်ကို ဧည့်ခန်းကြီးထဲ ခေါ်
သွားတယ်။ဧည့်ခန်းမှာ ရွှေကုလားထိုင်ကြီးတွေ
ချထားတယ်။ အောင်စိုက ရွှေကုလားထိုင်တစ်
လုံးမှာ ဝင်ထိုင်ပြီးတော့ ကျုပ်ဘက်ကို လှည့်
ပြောတယ်ဗျ။
“ထိုင် သူငယ်ချင်း တာတေ”
ကျုပ်နဲ့ အောင်စိုက တောင်ပလဲကုန်းမှာ ကစား
ရတာ ပျော်တဲ့အကြောင်းတွေ ပြောပြတာပေါ့ဗျာ။
“ကိုယ်တော်လေး ဧည့်သည်အတွက် စားစရာ
တွေ ရပါပြီရှင့်”
“အေး ယူလာခဲ့၊ ယူလာခဲ့”
ကျုပ်တို့နှစ်ယောက်ကြားမှာ ချထားတဲ့ ရွှေသား
စားပွဲခုံပေါ်မှာ တင်လိုက်တယ်။ ရွှေလင်ဗန်းကြီး
နဲ့ ထည့်ထားတဲ့ သစ်သီးတွေဗျ။ အနံ့တွေမှ မွှေး
ကြိုင်နေတာဗျ။
“စား တာတေ၊ ကြိုက်သလောက်သားစား”
ကျုပ်လည်း ဆာဆာနဲ့ သစ်သီးတွေ တစ်မျိုးပြီး
တစ်မျိုး စားတော့တာပေါ့ဗျာ။ ဘာသီးတွေမှန်း
တော့ မသိဘူးဗျ။ ကျုပ်သိတာတော့ ငှက်ပျော
သီးတစ်မျိုးပဲ ပါတယ်။ ကျုပ် သစ်သီးတွေ စား
သောက်ပြီးတော့ ရွာထဲကို ထွက်လာပြီး လမ်း
တွေမှာ လျှောက်သွားတယ်။ တစ်နေရာရောက်
တော့ လူအုပ်ကြီးတွေ့လို့ ဝင်ကြည့်ကြတယ်။
စောင်းတီးပြီး သီချင်းဆိုနေတာဗျ။ တော်တော်
ကောင်းတဲ့ စောင်းသံပဲဗျာ။လူတွေမှာ အုံကြည့်
နေကြတာ နည်းတာမှ မဟုတ်တာ။
ကျုပ်နဲ့ အောင်စိုနဲ့ စောင်းပွဲ ဝင်ကြည့်နေလိုက်
ကြတယ်။ ခဏနေတော့ အောင်စိုက ကျုပ်ကို
တောင်ပေါ်တက်တဲ့လမ်းကလေးကို ခေါ်သွား
ပြီ တောင်ပေါ်တက်ခဲ့ကြတယ်။ တောင်ပေါ်က
နေ လသာနေတဲ့ မြင်ကွင်းကို ကြည့်ကြတာဗျ။
“ဟာ ဟိုဟာ ရေကန်လားကွ အောင်စိုရ”
“အေး ဟုတ်တယ် တာတေ၊ ရေပြာအိုင်လို့
ခေါ်တယ်ကွ”
လရောင်ထိုးဆင်းနေတဲ့ ရေပြာအိုင်က လှလိုက်
တာဗျာ။ ရေပြာအိုင်ဘက်ကနေ လွင့်ပျံလာတဲ့
စောင်းသံလေးကို ကျုပ်နားထောင်ရင်း မိန်းမော
နေမိတာဗျ။ ဒီတုန်းမှာပဲ ကျုပ်တို့ဘေးကနေ မိန်း
ကလေးနှစ်ယောက် ဖြတ်လျှောက်သွားတယ်။
ကျုပ်အမှတ်မထင် လှမ်းကြည့်လိုက်တော့ လှ
လိုက်တဲ့ ကောင်မလေးတွေဗျာ၊ ပန်းတွေလည်း
ခေါင်းမှာ ပန်ထားလိုက်တာ ဝေလို့ဗျာ။ ဘာပန်း
တွေမှန်းတော့ မသိဘူးဗျ။ မွှေးကြိုက်နေတာ။
ကျုပ်နဲ့ အောင်စိုနဲ့ ရွာထဲမှာ လျှောက်လည်ပြီး
တော်တော်ကြာတော့မှ ကျုပ်စိတ်ထဲမှာ အိမ်
ကို သတိရသွားရောဗျ။ အောင်စိုကို ကပျာက
ယာ နှုတ်ဆက်ပြီး ခပ်သုတ်သုတ် ပြန်ချလာ
ခဲ့ရတာပေါ့ဗျာ။
“ဟော လှုပ်လာပြီ၊ လှုပ်လာပြီ”
“ဟဲ့ တာတေ၊ တာတေ”
ကျုပ်အမေရဲ့ အသံဗျ။ ကျုပ် မျက်လုံးဖွင့်
ကြည့်တယ်။ မျက်လုံးက ချက်ချင်းမပွင့်ဘူး
ဗျ။ တဖြည်းဖြည်းမှ ပွင့်လာတာ။ ဟင် ကျုပ်
ကို လူတွေ ဝိုင်းကြည့်နေကြပါလား။ ဘိုးညီ
လေးရော၊ ဘိုးညိုတို့ရော၊ ရွာထဲကလူကြီး
တွေ အကုန်လုံးလောက်ပဲဗျ။
“တာတေ သတိရရဲ့လား”
ကျုပ်အဘက ကျုပ်ကို မေးတာဗျ။
“ဗျာ၊ ကျုပ် ဘာဖြစ်လို့တုံး အဘရဲ့၊ ကျုပ် အိပ်
နေတာပါ”
“ဟား ဟား ဟား နေပါဦး လူကလေးရဲ့၊ မင်း
အိပ်နေတာက အိမ်မှာလား ၊ သိုက်ထဲမှာလား”
ဒီအသံကို ကျုပ် မကြားဖူးဘူးဗျ။ ဒါနဲ့ ကျုပ်
ခေါင်းရင်းဘက်ကို မော့ကြည့်ပြီး ထထိုင်လိုက်
တယ်။ လူကြီးတွေက ကျုပ်ကို သေသေချာချာ
စိုက်ကြည့်ပြီး အကဲခတ်နေကြတယ်ဗျ
“တာတေရော ဟုတ်ရဲ့လား ဆရာ”
“ဗျာ၊ ကျုပ် တာတေပါ ဘိုးညီပုရဲ့”
ကျုပ်ခေါင်းရင်းမှာ ထိုင်နေတဲ့ သျှောင်ထုံးနဲ့
အဘိုးကြီး ကျုပ်ကို ပြုံးကြည့်ပြီး ပြောတယ်ဗျ
“ဒါ ခင်ဗျားသား တာတေပါဗျ ကိုဥာဏ်ရဲ့၊
ဘာကောင်မှကပ်ပြီးပါမလာပါဘူး”
“ကျုပ်က ဘာဖြစ်လို့တုံး အဘရဲ့”
ကျုပ်က အဘကို မေးလိုက်တော့ အဘက ဘာမှမပြောရသေးခင် အမေက ဝင်ပြောသဗျ
“ဟဲ့ ဘာဖြစ်ရမှာတုံး၊ နင် သတိမေ့ပြီး တောင့်
တောင့်ကြီးဖြစ်နေတာ သုံးရက်ရှိပြီဟဲ့ တာ
တေရဲ့၊ ဖအေနဲ့ မအေမှာ စိတ်တွေပူလိုက်ရ
တာ၊ ဘာလုပ်ရမှန်း မသိအောင် ဖြစ်နေကြ
တုန်း ဟောဒီဆရာကြီး ရွာထဲကို ကြွလာလို့
သာပေါ့ နင် သိုက်ထဲ ရောက်နေတယ်လို့ ဆ
ရာကြီးက ပြောပြီး နင့်ကို မနည်းပြန်ခေါ်ယူ
ရတာ။ ဆရာကြီးကပြောတော့ နင် အိမ်ပြန်
ဖို့ မေ့နေတာဆို ဟုတ်လား ငတာတေ”
ကျုပ်အမေက ကျုပ်ကို တော်တော်စိတ်ဆိုး
နေတဲ့ပုံပဲဗျ။ ကျုပ်က ဘာမှပြန်မပြောဘဲ
ခေါင်းညိတ်ပြလိုက်တယ်။
“ကြည့်စမ်း၊ ကြည့်စမ်း၊ နင်က ဥစ္စာစောင့်တွေ
နေတဲ့ သိုက်ထဲကို ဘာသွားလုပ်ရတာတုံး”
“ကျုပ် သွားလည်တာပါဗျ၊ တောင်ညိုက
ကျုပ်သူငယ်ချင်း အောင်စို ခေါ်သွားလို့
အလည်လိုက်သွားတာပေါ့ အမေရ”
“ဘာ …အောင်စို ဟုတ်လား၊ ငါဖြင့် ဒီနာမည်
တစ်ခါမှ မကြားဖူးပါလား”
“ကျုပ်တို့ တောင်ပလဲကုန်းရွာမှာ အတူတူ
ဆော့ရင်း ခင်နေကြတာဗျ”
ဒီမှာတင် သျှောင်ထုံးနဲ့ ဆရာကြီးက ကျုပ်ကို
ဝင်ပြီးမေးရောဗျို့။
“နေပါဦး လူကလေးရဲ့၊ မင်းပြောတဲ့ တောင်
ပလဲကုန်းရွာဆိုတာ ဘယ်နားမတုံးကွဲ့”
“တောင်ကြီးလဲကျနေသလို ဖြစ်နေတဲ့ တောင်
ပုလဲတောင်ကြီးနားက ရွာပါ ဆရာကြီး”
“ဟေ ဟုတ်လား၊ အဲဒီရွာကြီးက လွန်ခဲ့တဲ့
နှစ်လေးရာလောက်က ရှိခဲ့တဲ့ ရွာကွဲ့၊ အ
ခုမှ မရှိတော့တာ”
“ဟာ ကြည့်စမ်း ငတာတေ၊ နင် တော်တော်
ပွေလီပါလား၊ ငါ ထတွယ်လိုက်ရရင်တော့နော်”
အမေက နွားရိုက်တဲ့ နကန်နဲ့ ကျုပ်ကို တွယ်
တော့မလို့ဗျ
“ဟဲ့ ငွေစိန် မလုပ်နဲ့လေ၊ ဆရာသမားရှေ့မှာ”
ဘိုးညီပု အဆွဲမြန်ပေလို့ပေါ့ဗျာ။ မဟုတ်ရင်
တာတေ့ ခေါင်းမှာ အာလူးထွက်ပြီပေါ့။
“နေပါဦး လူကလေးရဲ့၊ မင်းရောက်တဲ့နေရာ
တွေ ပြောပါဦးကွဲ့”
“ကျုပ် အဲဒီတောင်ပုလဲတောင်မှာရှိတဲ့ ကျုပ်
သူငယ်ချင်းလေပွေတို့ အိမ်ကြီးကို တစ်ခါ
သွားလည်ဖူးတယ်။ နောက်တစ်ခါ တောစိမ်း
လို့ခေါ်တဲ့ တောကြီးထဲက ကျုပ်သူငယ်ချင်း
စောသိန်းရဲ့အိမ်ကြီးဆီကို တစ်ခါလိုက်ပြီး
လည်ဖူးတယ်။ အခု တောင်ညိုက အောင်
စိုတို့အိမ်ကို လိုက်လည်တာဗျ။ အချိန်
ကြာသွားတာ ကျုပ်မသိလိုက်ဘူး”
“အချိန်မတူဘူး လူကလေးရဲ့၊ ဘုံဘဝတစ်ခု
နဲ့ တစ်ခုက အချိန်ကာလမတူကြဘူးလေ၊
မင်းရောက်ဖူးတဲ့ လေပွေတို့နေတဲ့ တောင်
ပုလဲသိုက်ရယ်၊ တောင်ညိုက အောင်စိုတို့
သိုက်ရယ်က ဘုံဘဝချင်း တူတာမဟုတ်ဘူး
ကွ။ ဒါကြောင့် မင်း အချိန်မှန်းလို့ မရတာပေါ့။
အောင်စိုတို့ဆီမှာ မင်း ခဏနေပြီး မိုးမလင်း
ခင် ပြန်လာပေမယ့် ဒီမှာက အချိန်သုံးရက်
ကျော်နေပြီ လူကလေးရဲ့၊ နို့ နေပါဦး မောင်
တာတေရဲ့၊ အဲဒီနေရာတွေကို မင်း ဘယ်လို
လုပ်ပြီး သွားတာတုံးကွဲ့”
“ကျုပ်ကိုယ်ပွားထုတ်ပြီး သွားတာပါ ဆရာကြီး”
“သြော် ဒီလိုလား၊ မင်း အဲဒီလို ကိုယ်ပွားထုတ်
တဲ့နည်းကို ဘယ်လို တက်လာတာတုံး”
“ကျုပ်သူငယ်ချင်း ဘချစ် သင်ပေးတာပါ ဆရာ”
“ဘချစ် ဟုတ်လား၊ နင်နဲ့ မြို့ကျောင်းမှာ အ
တူတူတက်နေတဲ့ အ ထစ်ကောင်လေးလား”
” ဟုတ်တယ်”
“ကြည့်စမ်းတော်၊ ခန္ဓာကိုယ် တစ်ကိုယ်တည်း
နဲ့ ဆော့ရတာ အားမရလို့ထင်တယ်၊ကိုယ်ပွား
ပါ ထုတ်ပြီး ညဘက် ဆက်ဆော့ရတယ်လို့
တော်။ ကိုဥာဏ် တော့်သားကို တော် မဆုံးမ
ဘူးလား၊ ကျုပ် ထလုပ်ရရင်တော့ ဒီအကောင်
အရိုးတခြား၊ အသားတခြား ဖြစ်သွားလိမ်မယ်
နော်”
“အေးပါ ငွေစိန်ရယ်၊ ငါ့သားငါဆုံးမပါမယ်
ဟယ်၊ နင် အသာနေပါ”
“ဟား၊ ဟား၊ ဟား၊ ဟား၊ တာတေတို့ကတော့
ကွာ ကြွက်တွေ၊ သရဲတွေ၊ ဥစ္စာစောင့်တွေနဲ့
တောင် ကစားတဲ့ကောင်ကွာ”
ဆိုပြီး ကျုပ်ကို ဝိုင်းအုံကြည့်နေတဲ့ ရွာထဲက
လူကြီးတွေ ရယ်ကြပါရောလားဗျာ။ ကျုပ်ကို
ဆေးကုပေးနေတဲ့ ဆရာကြီးကိုယ်တိုင်လည်း
ပြုံးပြုံးကြီး လုပ်လို့ဗျ။ ကျုပ်အမေကတော့ န
ကန်ကြီးကိုင်ပြီး ကျုပ်ကို မျက်စောင်းကြီးထိုး
ကြည့်နေသဗျ။ လူတွေများနေလို့ပေါ့ဗျာ။
မဟုတ်ရင် အမေက ကျုပ်ကို အမှုန့်တောင်
ကြိတ်ပစ်မလားပဲဗျ။ နောက်တော့ လူကြီး
တွေရှေ့မှာပဲ အဘနဲ့ အမေကို နောက် ဘယ်
တော့မှ ကိုယ်ပွားထုတ်ပြီး လျှောက်မသွား
တော့ပါဘူးဆိုတဲ့ ကတိကို ပေးလိုက်ရတော့
တာပါပဲဗျာ။ကျုပ်ကို ပြန်လာဖို့ သတိရအောင်
လုပ်ပေးတဲ့ ဆရာကြီးရဲ့ နာမည်က ဆရာကြီး
ဦးမိုးကြိုးတဲ့ဗျ။ ဆရာကြီးပြောလို့ ကျုပ်သိတာ
ပေါ့ဗျာ။ကျုပ် သွားသွားပြီး ဆော့နေတဲ့ တောင်
ပလဲကုန်းရွာဆိုတာက လူ့ရွာ မဟုတ်ဘူးတဲ့ဗျ။
ကျတ်ရွာကြီးတဲ့ဗျာ။ ကျုပ်က သူတို့ကို လူတွေ
လို့ပဲ ထင်နေတာဗျ။ လေပွေက တောင်ပုလဲ
သိုက်ကြီးက ဥစ္စာစောင့်တဲ့ဗျာ။ တောစိမ်းက
စောသိန်းဆိုတဲ့ကောင်က တစ္ဆေတဲ့ဗျ။
ဒါပေမဲ့ ဒီကောင်က ဘုန်းကံတော်တော်ကြီး
တယ်ဆိုပဲ။ ဒါကြောင့် နတ်လို ဗိမာန်တွေ
ဘာတွေနဲ့ နေရတာတဲ့ဗျ။ တောင်ညိုက
အောင်စိုကတော့ တကယ့်အဓိကရ တောင်
ညိုကြီးက ဥစ္စာစောင့်တဲ့ဗျို့။
အမေ မကြားအောင် အမှန်အတိုင်း ပြောရ
ရင် ကျုပ် ဒီကောင်တွေကို လွှတ်ခင်တာဗျ။
ပြီးပါပြီ
Like & Share ပေးသွားကြပါဦးခင်ဗျ။👈
စာဖတ်သူများစိတ်ရွှင်လန်းပါစေ
Leave a Reply