ဝိသမလောဘ

ပွဲ ပေါ်တင်လိုက်ပြီး

    “ရေနွေးကြမ်းနဲ့ အမြည်းလေး သုံးဆောင်ကြပါဦး။ကျမသား  စိုးလွင်ဦး ဒီက ဧည့်သည်ကြီးတွေကို ဘာတွေများ ဒုက္ခပေးလိုက်ပြီလဲ “

    “မပေးပါဘူး သိချင်တာလေးရှိလို့ မေးချင်လို့ပါ မောင်စိုးလွင်ဦးတယောက် အိမ်မှာရှိလား  တူမကြီး “

    “ရှိပါတယ် ခဏ စောင့်နော် ကျမ သွားခေါ်ပေးပါမယ် “

    အိမ်ရှင် အမျိုးသမီးကြီးသည် ပြောပြောဆိုဆို အိမ်ပေါ်တက်သွားကာ မကြာသောအချိန်တွင် ညင်းသိုးသိုးလူငယ်တယောက် ကို ခေါ်ပြီး အိမ်ပေါ်မှ ဆင်းလာလေသည်။ထို့နောက် လူငယ် သည် ဦးဖိုးဝေတို့၏ မျက်နှာချင်းဆိုင်တန်းလျားတွင် ၀င်ထိုင်လိုက်ရင်း ဦးဖိုးဝေကို ကြည့်ပြီး စကားဆိုလေ၏

    “ကျုပ်ကို ဘာမေးမှာလဲ “

    “အထွေအထူးတော့ မဟုတ်ပါဘူးကွယ် မင်း သူငယ်ချင်း မိုးဟိန်း ဘယ်သွားလဲဆိုတာလေးပဲ သိချင်တာပါ “

    “ကျုပ်က ဘယ်လိုလုပ်သိမလဲဗျ ဘာတွေ လာမေးနေတာလဲ “

    “ရွာထဲက လူတွေအတော်တော်များများကတော့ မောင်စိုးလွင် ဦး သိတယ်ချည်းပြောနေကြတာ တကယ်လို့ သိခဲ့ရင် ကူညီပါကွယ် တခြားသူတွေ ဒုက္ခမရောက်ရအောင် မိုးဟိန်း ရှိတဲ့ နေရာကို သိမှ ဖြစ်မှာမို့ပါ “

    ဦးဖိုးဝေသည် စိုးလွင်ဦးကို ကြည့်ကာ  အသံအေးအေးနှင့်တောင်းပန်သည့်အလား တောင်းဆိုနေလေရာ စိုးလွင်ဦး၏ မိခင်ကြီး ဖြစ်သူသည် မျက်နှာပူဟန်ရှိသည် ထင်၏။သူမ၏ သားဖြစ်သူကို ကြည့်ကာ

    “နင့်ကို ငါပြောသားပဲ မိုးဟိန်း နဲ့ မပေါင်းပါနဲ့ဆို အဲ့ဒီကောင်လေးက လူကသာ အသက်နှစ်ဆယ် မကျော်သေးတာ အလို လောဘက မတရားများတဲ့သူဆိုတာ နင့်ကို မပြောဘူးလား  နင်သိရင် ဒီက ဧည့်သည်ကြီးတွေကို ပြောလိုက် နင်လည်း မိုးဟိန်း အကြောင်းသိနေတာပဲ မိသားစုတခုလုံး ဆုံးရှုံးသွားတာတောင် အပြုံးမပျက်တဲ့ ကောင်လေး နင်သာ ဆိုရင်ရော ငါသေရင်  နင့်သူငယ်ချင်း မိုးဟိန်းလိုပဲ အမွေတွေအကုန်ရပြီ ဆိုပြီး ပျော်နေမှာလား “

    “ဟာ အမေရာ အဲ့လိုကြီးတော့ မပြောပါနဲ့ဗျာ ကျုပ်က ဆိုး ရင်သာ ဆိုးမယ် အဲ့ဒီလောက်ကြီးတော့ အသိတရား မကင်းမဲ့ သေးပါဘူး ကျုပ်ဘဝ မှာ အမေ မရှိလို့ ဖြစ်မလားဗျ”

    “တော်သေးတာပေါ့ဟယ် ဒီလိုလေး အသိတရားကျန်နေသေးလို့ အဲ့တာဆိုပြောလိုက် နင့်သူငယ်ချင်း မိုးဟိန်း ဘယ်မှာ ရှိတယ် ဆိုတာ “

    စိုးလွင်ဦး သည် သူ၏ မိခင်ကြီး ပြောစကားကို ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်ပြီး ဦးဖိုးဝေတို့ဘက် လှည့်ကာ

    “ဆရာကြီး အဲ့ကောင်က ငယ်ငယ်ကတည်းက လောဘကြီးတဲ့ကောင် သူပြောတာတော့ အောက်လမ်း ဆရာကြီးကို  ငှားထားတယ်တဲ့ လယ်တွေကို လိုက်နှောက်ယှက်ခိုင်းပြီး နောက်မှ ဈေးနည်းနည်း နဲ့ ဝယ်မလို့ ကြံနေတာ ပွေးကိုင်းရွာက လယ်ကို စလုပ်တာ သူက အဲ့လယ်တွေကို သွားမဝယ်သေးဘူးဆိုတာ ဘေးက လယ်တွေကိုပါ အရောင်းစောင့်နေတာဗျ “

    ဦးဖိုးဝေသည် စိုးလွင်ဦးစကားကို နားထောင်ပြီး ခေါင်းညိတ် လိုက်ကာ

    “ကဲ မောင်စိုးလွင်ဦးရေ မင်းသူငယ်ချင်း ဘယ်သွားလဲ ဆိုတာ ပြောပါဦး “

    “သူ ကျုပ်ကို ပြောသွားတာတော့ ကြာတောရွာကို သွားမယ် ပြောတယ်ဗျ အဲ့ဒီမှာက  ဆည်ရေသောက် နှစ်သီးစားဆို‌တော့ လယ် ဈေးကောင်းတယ်လေ အဲဒီက လယ်တွေကို ဝယ်မယ်ပြောတယ် ဗျ”

    “ကျေးဇူးကွယ် မောင်ရင် ဒီလိုလေးပြောပြတော့ တခြားသူတွေကို ကူညီရာ ရောက်တာပေါ့ မင်းရဲ့ အမေကိုလည်း စိတ်ချမ်းသာအောင်ထားကွယ့် ဆုံးရှုံးပြီးမှ တန်ဖိုးသိရင် အလကားပဲ “

    စိုးလွင်ဦးသည် ဦးဖိုးဝေ ပြောစကားကို ခေါင်းညိတ်၍ အသိအမှတ်ပြုလိုက်သည်။ထို့နောက် ဦးဖိုးဝေ နှင့် သူရိယသည် ထိုင်ရာမှထပြီး  စိုးလွင်ဦးတို့ သားအမိနှစ်ယောက်အား နှုတ်ဆက်ကာ အိမ်ဝိုင်းအပြင်သို့ ထွက်ခွာသွားပါလေတော့ သည်။

    ◾အခန်း (၃)

     ကြာတောရွာ ထိုရွာသည် မီးကွင်းရွာနှင့်ဆိုလျှင် ခုနှစ်မိုင်မျှ ဝေး‌သော ရွာဖြစ်၏။ကြာတောရွာသည် ဆည်ရေသောက် လယ်ကွင်းများ ရှိသောကြောင့် လယ်ဈေးသည် တခြားရွာများထက် သုံးလေးဆမျှ ပိုလေသည်။မိုးဟိန်းမှာ အောက်လမ်း ဆရာကို ခေါ်၍ ကြာတောရွာသို့ သွားသည် ဆိုသောကြောင့် ဦးဖိုးဝေ နှင့် သူရိယသည် ကြာတောရွာသို့ ချက်ခြင်း လိုက်လာခြင်းဖြစ်သည် ။ ကြာတောရွာသို့ရောက်သောသောအခါ ပထမ ဦးစွာ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ အရင်ဝင်ရောက်ပြီး ဆရာတော်အား လျှောက်ထားတောင်းပန်ကာ ခေတ္တနားနေကြသည် ။ညနေစောင်းသောအခါ ဘုန်းကြီး ကျောင်းသားလေးတယောက်သည် သူတို့ နားနေသော ကျောင်းဆောင်အနား ရောက်လာကာ

    “ဦးကြီး ဗျို့ ဦးကြီး “

    “အေး မောင်ကျောင်းသား “

    “ကပ္ပိယကြီးက ခေါ်ခိုင်းလိုက်တာ ထမင်းစားဖို့ “

    “အေး အေး လာပြီ “

    ဦးဖိုးဝေသည် ကျောင်းသားလေး ခေါ်ရာ နောက်သို့ သူရိယ နှင့် အတူလိုက်သွားလေသည်။ များမကြာမီ ဆွမ်းစားကျောင်းတွင် ကပ္ပိယကြီးသည် ထမင်းဝိုင်းပြင်ပေးထားပြီး ဦးဖိုးဝေ နှင့် သူရိယကို တွေ့အခါ ပြုံးရွှင်စွာ နှုတ်ဆက်ပြီး

    “လာကြဗျာ ထမင်းစားရအောင်လို့ “

    “ကျေးဇူးပါ ကပ္ပိယကြီးရေ “

    “ရပါတယ်ဗျာ မလိုပါဘူး ဝအောင်စားနော် အားမနာနဲ့ “

    “စိတ်ချ စိတ်ချ “

    ဤသို့ဖြင့် ဦးဖိုးဝေ နှင့် သူရိယ သည် ကပ္ပိယကြီး၊မောင်ကျောင်းသားလေးတို့ နှင့်အတူ ထမင်းအတူတူ စားကြသည်။ ပြီးသောအခါ မောင်ကျောင်းသားလေးနှင့် အတူ သူရိယသည် ပန်းကန်များ ဆေးကြောရာတွင် ကူညီပေးနေချိန် ဦးဖိုးဝေ နှင့် ကပ္ပိယကြီးသည် စကားစမြည်ပြောနေကြသည်။သူတို့ပြောနေသည့် စကားများမှာ

    “ကပ္ပိယကြီး ကျုပ်တခုလောက် မေးချင်လို့ပါ “

    “မေးဗျာ ကျုပ်သိတာဆိုရင်တော့ ဖြေမပေါ့ “

    “ဒီကြာတောရွာက လယ်တွေမှာ ထူးဆန်းတာတွေ ဖြစ်ပျက်တဲ့  လယ်တွေ အကြောင်း မကြားမိဘူးလား “

    “ဧည်သည်ကြီးပြောတာ ကျုပ် သိပ်နားမလည်ဘူးဗျ”

    “ဒီလိုလေဗျာ ကြာတောရွာကပိုင်တဲ့ လယ်တွေ အခြောက် အလှန့်ခံရပြီး ရောင်းချင်တဲ့သူရဲ့ လယ်ရှိလား မေးတာပါ “

    ဦးဖိုးဝေ၏ စကားကို နားလည်သဘောပေါက်သွားသော ကပ္ပိယကြီးသည် သူသောက်နေသောရေနွေးခွက်ကို စားပွဲခုံ ပေါ်ပြန်တင်လိုက်ပြီး ဦးခေါင်းကို အသာအယာညိတ်လိုက်ကာ

    “ရှိတာပေါ့ဗျာ ဆရာတော်ရဲ့ ပစ္စည်းလေးပါး ဒကာအရင်းပါ ဖြစ်နေတာဗျို့ ကျုပ်သတင်းထပ်ကြားတာတော့ သူ့လယ်တွေကို ရသလောက် နဲ့ ပြန်ရောင်းတော့မယ်ဆိုပြီး ကြားနေတယ် “

    “ဘယ်လိုဖြစ်တာလဲ ကပ္ပိယကြီး “

    “ခင်ဗျား ပြောသလို သရဲခြောက်တာပေါ့ဗျာ ပြီးခဲ့တဲ့ နှစ်ကအထိ ဘာမှမဖြစ်ဘူး။ဒီနှစ်မှ ဖြစ်တာဗျ”

    “ဟုတ်လား ကျုပ်ကို လမ်းညွှန်စမ်းပါဦး ကပ္ပိယကြီးရယ် ကျုပ်က လောကီပညာလေးလည်း တတ်တယ် ဆိုတော့ ကူညီ ပေးရအောင်ပါ”

    “ဟန်ကျတာပေါ့ဗျာ ဒီနေ့တော့ သွားလို့ အဆင်မပြေတော့ ဘူးဗျ  မနက်ဖြန်မှ သွားကြတာပေါ့ “

    “ဟုတ်ပါပြီဗျာ”

    ဤသို့ဖြင့် ဦးဖိုးဝေသည် ကပ္ပိယကြီး နှင့် ထွေရာလေးပါးစကားများ ပြောဆိုပြီးနောက် သူရိယ နှင့် အတူ သူတို့တည်းခိုခွင့် ပြုပေးထားသော ကျောင်းလေးဆီသို့ ပြန်လာလိုက်ကြပါ တော့သည်။ကျောင်းလေး‌သို့ ရောက်သောအခါ ဦးဖိုးဝေသည် သူရိယအား

    “လူလေးရေ အဘတို့ အတွက်တော့ အကျိုးသင့်တာပါပဲ မနက်ဖြန် ကပ္ပိယကြီးပို့တဲ့ အိမ်ကို သွားဦးစို့ အဲ့‌ဒီတော့မှ အနားယူကြ‌တာပေါ့ “

    “ဟုတ်ကဲ့ အဘ ဘုရားရှိခိုးပြီးရင် အိပ်တော့မယ်နော် အဘ “

    “အေး အေး ကျင့်ကြံထားတဲ့ အကျင့်တရားတွေကို စဉ်ဆက်မပြတ် ကျင့်ကြံနေဖို့ကလည်း လိုသေးတယ်နော် ‌လူလေး “

    “စိတ်ချပါအဘ ကျနော် အမြဲ ဂရုစိုက်ပြီး  အကျင့်တရားတွေကို ကျင့်ကြံပါတယ် “

    “သာဓု သာဓု သာဓု “

    ထို့နောက် ဦးဖိုးဝေ နှင့် သူရိယသည် ရေနံဆီ မီးခွက်လေးကို  မီးညိမ်းလ်ိုက်ပြီး  တရက်တာအတွက် အိပ်စက်ခြင်းဖြင့် ခေတ္တ အနားယူ လိုက်ကြပါလေတော့သည် ။

    ◾အခန်း (၄)

    လင်းကြက်တွန်သံ နှင့်အတူ ဘုန်းကြီးကျောင်းမှ အုန်းမောင်း ခေါက်သံသည်က တပြိုင်တည်းလိုလို ထွက်ပေါ်လာလေသည်။ ထိုအသံကြားသောအခါ ဦးဖိုးဝေ နှင့် သူရိယသည် အိပ်စက်ရာမှ နိုးထလာရာ ဘုန်းတော်ကြီးကျောင်း ရေချိုးကန်တွင် သွား တိုက် မျက်နှာသစ်ခြင်း အမှုကို ပြုပြီးနောက် ကပ္ပိယကြီးထံ သွားကာ

    “ကပ္ပိယကြီး ကျုပ်တို့ ဘာကူလုပ်ရဦးမလဲ “

    “အစောကြီး ထလာတာလား ဘာမှလုပ်ဖို့ မလိုပါဘူးဗျာ ကျောင်းနေသံဃာက နည်းတော့ အလုပ်က သိပ်မများပါဘူး “

   “မဟုတ်တာ အဲ့တာဆို ကျုပ်တို့  ကျောင်းရှေ့က အမှိုက်တွေ လှည်းလိုက်ပါ့မယ် “

    “ရတယ် အဲ့တာတွေက ကျုပ် လုပ်နေကြပါ “

    “ကပ္ပိယကြီးရယ် ကျနော့် အဘက လုပ်အားဒါန ပြုချင်လို့ပါ ခွင့်ပြုပေးပါ။ကပ္ပိယကြီးပဲ ကုသိုလ်တွေ စုပြုံယူနေတာ ကျနော်တို့ နှစ်ယောက်ကိုလည်း ခွဲပေးပါဦး”

    ကပ္ပိယကြီး သည် သူရိယ၏ စကားကို အတော်သဘောကျသွားသည်အား သူ၏ မျက်နှာတွင် ဖြစ်ပေါ်နေသော အပြုံးကြောင့် သူမည်မျှ သဘောကျသွားသည်ကို သိသာစေသောအကြောင်း တခုဖြစ်သည်။ထို့နောက် သူရိယ၏ စကားကြောင့် ကျောင်းရှေ့တွင် တံမြက်စည်းလှည်းရန် ဦးဖိုးဝေတို့ကို  ခွင့်ပြုလိုက်ကာ သူသည်က ဆရာတော်၏ ကျောင်းပေါ်သို့ တက်သွားလေသည် ။

    ဦးဖိုးဝေသည် ကျောင်းရှေ့ရှိသစ်ရွက်များအား တံမြက်စည်း ဖြင့် လှည်းနေသလို သူရိယသည်လည်း အမှိုက်တောင်းဖြင့် ဦးဖိုးဝေ ပုံပေးထားသော အမှိုက်များကို ကောက်ယူပြီးစွန့်ပစ်နေလေသည်။မကြာသောအချိန်တွင် ကပ္ပိယကြီး ရောက်လာပြီး

    “ကဲ ဧည့်သည်ကြီး ဆရာတော်ကိုတော့ အာရုံကပ်ပြီးပြီ  ဧည့်သည်တို့လည်း မနက်စာ စားလို့ရပြီ။မနက်စာ စားပြီးရင် ရွာထဲက ဦးစံပေါ်အိမ်ကို လိုက်ပို့မယ် “

    “ဦးစံပေါ်ဆိုတာ ဘယ်သူလဲ ကပ္ပိယကြီးရဲ့ “

    “ဦးစံပေါ်ဆိုတာ ဧည့်သည်ကြီးပြောတဲ့ ခြောက်လှန့်ခံနေရတဲ့ လယ်ပိုင်ရှင်ပေါ့ “

    “အော် အော် ကဲ ဒါလေး လက်စသတ်ပြီးရင် လာမယ် ကပ္ပိယ ကြီးရေ “

    “ကောင်းပါပြီဗျာ “

    ကပ္ပိယကြီးသည် ဦးဖိုးဝေတို့အရင် ဆွမ်းစားကျောင်းလေးထဲ ဝင်သွားပြီး မနက်စာ ပြင်ဆင်ပေးလေသည်။ဦးဖိုးဝေတို့ အလုပ်ပြီး၍ လာသောအခါ အဆင့်သင့် စားသောက်နိုင်ရန် အတွက် ပြင်ဆင်ပေးနေခြင်း ဖြစ်လေသည်။

    ◾အခန်း (၅)

     ကြာတောရွာလေးသည် ခေတ် နှင့် အညီ လိုက်လျောညီထွေ‌ နေတတ်သော ရွာလေးဖြစ်၏။ရွာထဲတွင် ထမင်းဆိုင်နှင့်လက်ဖက်ရည်ဆိုင်လေးများ ပင်တွေ့ရသည်။မော်တော်ကားအချို့ နှင့် မော်တော်ဆိုင်ကယ် အချို့ပါတွေ့ ရသည် ဖြစ်၍ စီးပွားရေးကောင်းသည် ဟု‌ကောက်ချက်ချနိုင်ချင်းသည်ဖြစ်၏။ဦးဖိုးဝေ နှင့် သူရိယသည် ကပ္ပိယကြီး၏ ဦးဆောင်မှု့ဖြင့်  ရွာအ လယ်ရှိ ဦးစံပေါ်၏အိမ်သို့ သွားနေခြင်းဖြစ်သည်။မကြာသော အချိန်တွင် ကျယ်ဝန်းသောအိမ်ဝိုင်းကြီးထဲ နှစ်ထပ်ပျဉ်ထောင် အိမ်ကြီးကို ခန့်ထည်စွာ ဆောက်ထားသော ဦးစံပေါ် ၏ နေအိမ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ကပ္ပိယကြီးကို မြင်သည် နှင့် အိမ်အောက်တန်းလျားတွင် ထိုင်ပြီး ရေနွေးသောက်နေသော ဦးစံပေါ်မှာ သူ၏ သားဖြစ်ဟန်တူသော လူရွယ်တယောက်ကို ကပ္ပိယကြီးထံ အခေါ်လွှတ်လေ၏။

    “ကပ္ပိယကြီး လာ လာ အဘက ဒီကို လာပါတဲ့ ထိုင်ရ ထရခက်လို့ ခရီး မကြိုနိုင်တာပါ “

    “ရပါတယ် မောင်လူသစ်ရယ် “

    “ဟုတ်ကဲ့ပါ ကပ္ပိယကြီး ဧည့်‌သည်တွေရော ကြွပါခင်ဗျ”

    ကပ္ပိယကြီး နှင့် ဦးဖိုးဝေ တို့သည် ဦးစံပေါ်နှင့် မျက်နှာချင်း ဆိုင်တန်းလျားတွင် ထိုင်လိုက်ကြသည်။ထိုအခါ ဦးစံပေါ် သည်

    “ကပ္ပိယကြီးရေ အသက်က ကြီးပြီဆိုတော့ ထိုင်ရ ထရ တယ်ခက်သကိုးဗျ ကပ္ပိယကြီးတို့ကိုများ အားကျပါရဲ့ဗျာ အခုထိ သန်တုန်းမြန်တုန်း  ကဲ ကဲ ‌လူလေး လူသစ်ရေ ကပ္ပိယကြီး နဲ့ ဧည့်သည်တွေအတွက် ရေနွေးကြမ်းလေး လုပ်ပါဦး “

    “ဟုတ်ကဲ့ အဘ “

    ဦးစံပေါ်သည် ကပ္ပိယကြီးကို စကားဆိုရင်း သူ၏ သားဖြစ်သူကိုပါ ဧည့်သည်များအတွက် ရေနွေးကြမ်းတည်ခင်းပေးရန် ခိုင်းခြင်းဖြစ်သည်။ထို့နောက် ကပ္ပိယကြီးသည်

    “ဦးစံပေါ်ရေ ဒီကို လာရတာကတော့ ကျောင်းကို လာတဲ့ဧည့်သည်ကြီးတွေက ဦးစံပေါ် အခုတလော သတင်းထွက်နေရတဲ့ လယ်ကွက်တွေကို ကူညီပေးချင်လို့ ကျုပ်ကို လိုက်ပို့ခိုင်းလို့ပါလာရတာပါ”

    “ကူညီပေးမယ်လို့ ကြားရတာ နဲ့တင် ကျုပ် အတော်ကို ဝမ်းသာလှပါပြီ  အမှန်အတိုင်းပြောရရင် ဒီလယ်တွေကို ရတဲ့ ဈေးနဲ့တောင်ရောင်းပစ်ချင်နေပြီ ကျုပ်သား လူသစ်က နေပါဦး လို့ တားထားလို့  “

    “ကျုပ်လည်း ကူညီနိုင်မယ်ထင်လို့ ကပ္ပိယကြီးကို ပို့ခိုင်းရဝာာပါ “

    “တကယ်ကို ဝမ်းမြောက်လှပါတယ်ဗျာ ဆရာကြီးတို့ နာမည် တွေက “

    “ကျုပ်နာမည်က ဦးဖိုးဝေပါ ဒီဘက်ကတော့ ကျုပ်တပည့် သူရိယတဲ့ “

    “ကျုပ်သား လူသစ် ပြောတာ တကယ်မမှားဘူးပဲဗျ “

    “ဗျာ  ဘာပြောတာလဲ မသိဘူး”

    ဦးစံပေါ်မှ အဆက်အစပ်မရှိသောစကားကို ရုတ်တရက် ဆိုလိုက်ခြင်းကြောင့် ဦးဖိုးဝေ အပါအဝင် ကျန်သူများ နားမလည်နိုင်ဖြစ်သွားရပြီး ဦးစံပေါ်မှ ဆက်လက်၍

    “ဒီလိုပါ ကျုပ်က လယ်တွေကို ရတဲ့ဈေးနဲ့ ရောင်းမလို့ လုပ်နေတုန်း  ကျုပ်လယ်တွေကို မရောင်းဖို့ အသက်ကြီးကြီး လူကြီးတယောက်နဲ့ အသက်ငယ်ငယ် ကောင်လေး တို့ လာကူညီမဲ့အကြောင်း ပြီးတော့ သူတို့ နာမည်တွေက ဦးဖိုးဝေ နဲ့ သူရိယ လို့ပါ အတိအကျကြီးကို ပြောတာ ဗျ”

    “‌အော် အဲ့လိုလား “

    ဤသို့ဖြင့် ဦးဖိုးဝေတို့ နှင့် ဦးစံပေါ် စကားစမြည်ပြောကာ နှောက်ယှက်ခံနေရသော လယ်ကွင်းများဆီသို့ ယခုည ဦးဖိုးဝေ၊ သူရိယ နှင့်အတူ လူသစ်ပါ သွားကြမည်ဖြစ်သည်။ထို့နောက် ဦးစံပေါ်၏ တည်ခင်းဧည့်ခံမှုဖြင့် ကပ္ပိယကြီး အပါအဝင် ဦးဖိုးဝေတို့သည် နေလယ်စာ စားသောက်အပြီးမှ ဘုန်းကြီးကျောင်းသို့ ပြန်ခဲ့ကြပါလေတော့သည် ။

    ◾အခန်း (၆)
ဦးဖိုးဝေ နှင့်သူရိယသည် ညနေ နေဝင်ရီတရော အချိန်တွင် ဦးစံပေါ် အိမ်သို့ ပြန်လာလေသည်။ဦးစံပေါ်သည် သဘော ကောင်းပြီး ရက်ရောလွန်းသူဖြစ်ရာ သူတို့ နှစ်ယောက်အား ထမင်းအတင်းကျွေးနေလေ၏။ထို့ကြောင့် ဦးဖိုးဝေ နှင့်သူရိယသည် ထမင်းစားလိုက်ပြီးမှ ‌လူသစ် နှင့်အတူ နှောက်ယှက်ခံရသော လယ်ကွက်များထံသို့ စတင်ထွက်လာကြလေသည်။လူသစ်သည် လေးလုံးထိုးဓာတ်မီးကို ကိုင်ရင်း ဦးဖိုးဝေ၏ ဘေးတွင် လမ်းလျှောက်နေသည်။လူသစ်မှာ စကားနည်းသူဖြစ်ပြီး ရုပ်ရည်မှာ မြို့သားတယောက် နှင့်မခြား‌ ရုပ်ရည်သန့်ပြန့်သူဖြစ်သည်။သူတို့လာမည်ကို ဦးစံပေါ်အား လူသစ်မှ ကြိုပြော ထားသည် ဆိုသောကြောင့် ဦးဖိုးဝေသည် လူသစ်အား စကားဆိုလိုက်လေသည်။

    “မောင်ရင့် နာမည် လူသစ်နော် “

    “ဟုတ်ပါတယ်ဗျ ကျနော့် နာမည် လူသစ်ပါ “

    “အော် အေး မောင်လူသစ် မောင်ရင် ကြောက်တတ်လားကွဲ့”

    “ဘယ်လိုပြောရမလဲ ဆရာကြီး ကြောက်တယ်လည်း မဟုတ်ဘူး မကြောက်ဘူးလည်း မဟုတ်ပေါ့ “

    “သဘာဝအတိုင်းလို့ ပြောချင်တာလား မောင်လူသစ်က”

    “အဲ့ဒီလိုပဲ ပြောရမယ် ထင်ပါတယ် ခင်ဗျ”

    “ဒါနဲ့ မောင်လူသစ်က ဦးကြီးတို့ လာမှာကို မောင်ရင့်အဖေကို ကြိုပြောထားတယ်ဆို ဟုတ်လား “

    “ဟို အဲ့ဒါက “

    “အမှန်အတိုင်းပြောပါ ဘာမှ မဖြစ်ပါဘူး “

    “ဟိုရွာထိပ် ဘုရားကုန်းမှာနေတဲ့ အမက ပြောပြလို့သိတာပါ “

    “ဘယ်လို ဘုရားကုန်းမှာနေတဲ့ အမ ဟုတ်လား “

    “ဟုတ်ပါတယ် သူနဲ့ ခင်တာ ‌အခုဆို သုံးလေးနှစ်လောက်‌ တောင် ရှိတော့မယ် အဲ့ဒီအမက ဆရာကြီးတို့ လာမှာ လယ်တွေကို ရသလောက် နဲ့ မရောင်းဖို့ ပြောတားခိုင်းတာပါ “

    “အော် အေး အေး မိတ်ဆွေကောင်းရထားတာပဲ မောင်လူသစ်က”

    လူသစ်သည် ဦးဖိုးဝေ၏ နောက်ဆုံးပြောစကားကြောင့် အနည်းငယ် ပျက်နေသော မျက်နှာမှာ ပြုံးယောင်သမ်း လာလေသည်။ထို့နောက် ‌ဦးဖိုးဝေသည်  လူသစ် ဦးဆောင်မှုဖြင့် နှောက် ယှက်ခံနေရသော လယ်များဆီသို့ တရွေ့ရွေ့သွားနေပါလေသည်

    မကြာသောအချိန်တွင် ကြယ်ရောင်အောက်ရှိ ကြီးမားကျယ်ပြန့်သောလယ်ကွင်းများအနီးသို့ ရောက်ရှိလာပြီဖြစ်သည်။ လယ်ကွင်းအနားသို့ရောက်သောအခါ လူသစ်သည်

    “ဆရာကြီးတို့ ကျနော်တို့လယ်က ဟောဟိုက အလယ်ထဲက ပါ။ကျနော်တို့ လယ်ထဲကို ဆင်းရင် အခုနောက်ပိုင်း မြွေပွေး အရမ်း ပေါလာတယ် သတိထားပါဗျ”

    “အော် အေးအေး မောင်လူသစ် “

    လယ်ကန်သင်းရိုးပေါ်မှ ဖြတ်သန်းသွားလိုက်ရာ မကြာသောအချိန်တွင် ဦးစံပေါ်၏ လယ်ကွင်းအစပ်သို့ ရောက်ပြီဖြစ် သည်။လယ်ကွင်းထဲသို့ ရောက်သည်နှင့် ကန်သင်းပေါ်တွင် မြွေ ပွေးငါးကောင်မျှ ခွေနေသည်ကို လူသစ်၏ ဓာတ်မီးရောင် အောက်တွင် တွေ့ ရလေသည်။ထိုအခါ ဦးဖိုးဝေသည် ထိုမြွေ များကို လက်ညှိုးဖြင့်ထိုးကာ

    “ဟဲ့ မူလပြန်စမ်း “

    ဦးဖိုးဝေ စကားဆုံးသည် နှင့် မြွေများသည် တဖြည်းဖြည်း နှင့် ကြိုးခွေလေးများအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။ မျက်စိရှေ့မှာပင် မြွေအဖြစ်မှ ကြိုးခွေလေးများအသွင် သို့ ပြောင်းလဲသွားသည်ကို တွေ့ရ၍ လူသစ်သည် ဦးဖိုးဝေကိုအတော်ပင် အထင်ကြီးသွားလေသည်။ ထို့နောက် သူတို့သည် ဦးစံပေါ်၏ လယ်ကွက် ကန်သင်းရိုးပေါ် ခြေချလိုက်သည် နှင့် လေတစက်ကလေးမျှ မတိုက်ပါပဲ စပါးပင်များသည် ယိမ်းထိုး ၍ နေပါလေတော့သည်။

    ◾အခန်း (၇)

    ဦးဖိုးဝေတို့ ဦးစံပေါ် လယ်ထဲ ခြေချသည် နှင့် စပါးပင်များ ယိမ်းထိုးသွားသည့်အတွက် လူသစ်သည် ဦးဖိုးဝေကိုကြည့်ကာ စကားဆိုလေသည် ။

    “ဆရာကြီး ဒီလယ်က ကောက်စိုက်ကတည်းက အခုလို ဖြစ်တာ ဒီလယ်ကို ကောက်စိုက်တဲ့ ကောက်စိုက်သမ နှစ်ယောက် ‌ပိုးထိခံရတယ်။ပြီးတော့ ဒီလယ်ကန်သင်းရိုးပေါ်ကနေ ဖြတ်သွားရင်ကို အမျိုးမျိုးအနှောက်အယှက် ပြုတာ ခံနေရတော့တာပဲ ဆရာကြီး “

    “အင်း ဝိသမလောဘသားတွေ ရဲ့ လက်ချက်ပေါ့ “

    “ဗျာ ဆရာကြီး ဘာပြောတာလဲ “

    “မတော်လောဘထားတဲ့ သူတွေကြောင့်လို့ ပြောတာပေါ့”

    “ဒါဆို ကျနော်တို့ကို တခြားသူက တိုက်ခိုက်နေတာပေါ့ ကျနော့် အဖေ နဲ့ ရန်ငြိုးရှိတဲ့လူ မရှိပါဘူး “

    “ရန်ငြိုးကြောင့် မဟုတ်ပါဘူး မောင်လူသစ် ရဲ့  ခဏနေရင် မင်း နားလည်သွားပါလိမ့်မယ် “

    ဦးဖိုးဝေသည် လူသစ်အား သူတို့ လယ်အကြောင်း ရှင်းပြနေသည်ကို နားထောင်ပြီး မည်သည့် စကားမျှမပြောပဲ ငြိမ်နေစဉ် လယ်ကွက်ထောင့်ချိုးနှစ်ဖက်မှနေပြီး လူတရပ်ကျော်ကျော် ခန့်နွားကြီးတကောင် ခွာစာယက်ပြီး ဦးဖိုးဝေတို့ရှိရာသို့  ပြေးဝင်လာကာ အနားရောက်ကာနီးတွင် ခေါင်းကို ငုံ့ပြီး ဝှေ့ရန် ပြေးဝင်လာလေသည်။ဦးဖိုးဝေနှင့် သူရိယ သည် အိန္ဒြေမပျက် ရပ်မြဲ ရပ်နေသော်လည်း လူသစ်သည် ကြောက်လန့်ကာ မြေပြင်တွင် ငုတ်တုပ်ထိုင်ပြီး ကြောင်လေသည်။ထိုနွားကြီးသည် ဦးဖိုးဝေ အနား ရောက်လု ရောက်ကာနီးတွင်

    “တောက် “

    ဦးဖိုးဝေထံမှ တောက်ခေါက်သံ တချက် နှင့်အတူ နွားကြီးမှာ ခေါင်းငုံ့ပြီး ရှေ့သို့ မတိုးနိုင်တော့ပဲ တဖြည်းဖြည်း သေးငယ် သွားကာ ရွံ့ကို မီးဖုတ်ပြီး အသေအချာ ပြုလုပ်ထားသော နွားရုပ်လေးအဖြစ်သို့ ပြောင်းသွားလေတော့သည်။ ထို့နောက် ဦးဖိုးဝေသည်

    “မင်းတို့ တိုက်ထားတဲ့ အရာတွေရဲ့ ဒဏ်ကို မင်းတို့ တခါနောက်တော့ ပြန်ခံစားကြည့်စေချင်တယ် ကဲ “

    ဦးဖိုးဝေသည် ထိုသို့သောစကားကို ခပ်တိုးတိုး ရေရွတ်ကာ နဖူးတွင် လက်သီးဆုပ်ကို တည်ကာ သစ္စာဓိဋ္ဌာန် တည်လိုက်ပြီး

    “တန်ပြန်စေ “

    ထိုသို့ ရေရွတ်ကာ နဖူးတွင် တည်ထားသော လက်သီးဆုပ်အား လယ်ကွင်းပြင်သို့ ပစ်ပေါက်ဟန် ပြုလုပ်လိုက်ရာ  လယ်ကွင်းထောင့်များမှ ချွန်မြ‌နေသော ဦးချိုကားကား နှင့် ကျွဲကြီးတကောင် အစိမ်းရောင် အကြေးခွံပမာရှိသော ခန္ဓာကိုယ်နှင့် အစွယ်ငေါငေါထွက်ကာ  တင်းပုတ်ထမ်းထားသော ဘီလူးတကောင် ပြီးနောက် တကိုယ်လုံး မဲနက်နေပြီး မီးသွေးတုန်း နှင့် အဆင်းသဏ္ဍန်တူသော ပရလောကသားတို့သည် လယ်ကွင်း များကို ကျော်ဖြတ်ကာ သစ်တောအုပ်လေးဆီသို့  ထွက်ခွာသွားနေပါလေတော့သည် ။

    ◾အခန်း (၉)

      ဦးဖိုးဝေတို့ လယ်ကန်သင်းရိုးပေါ်တွင် ရပ်လျက် လယ်ကွင်း ထဲမှာ နှောက်ယှက်နေသော အတိုက်အခိုက်များသွားရာ ဘက်သို့ မျှော်ကြည့်နေလေ၏ ။မကြာသော အချိန်တွင် သူတို့ မျှော် ကြည့်ရာဘက်မှ လူသံများ စကြားရလာလေသည် ။ထိုအသံများမှာ

    “အမရေ ကယ်ပါဦး “

    “ဟေ့ ငါ ငါ လေ ရပ်စမ်း “

    “ဟာ လုပ်ကြပါဦးဗျ “

    “သေပါပြီ”

    ကယ်ပါယူပါ တစာစာဖြင့် အော်ဟစ်သံများသည် အတန်လှမ်းသော ဦးဖိုးဝေတို့ ရှိနေသည့်နေရာအထိ အတိုင်းသားကြားနေရသည်၊၊ထိုအသံတို့သည် ရပ်မသွား အတော်ကြာသည်အထိ စိတ်မချမ်းမြေ့ဖွယ်ကြားနေရပြီး ဦးဖိုးဝေတို့ နှင့် တဖြည်းဖြည်း နီးကပ်လာလေသည်။ မကြာသောအချိန် တွင် ဦးဖိုးဝေတို့၏ မြင်ကွင်းထဲသို့ လူနှစ်ယောက် အလဲလဲ အကွဲကွဲဖြင့် အပြေး အလွှားလာနေသည်ကို ကြယ်ရောင်ကြောင့် အတိုင်းသား မြင်နေရသည်။ထိုလူနှစ်ယောက်သည် တကိုယ်လုံး ရွှံ့များ ပေတူးနေကာ ဦးဖိုးဝေ၏ရှေ့ ဒူးထောက် ထိုင်ချလိုက်ပြီး

    “ဆ ဆရာကြီး ကျုပ် ကျုပ်တို့ကို ကယ် ပါဦး”

    “ဟေ့ ကောင်တွေ ငါက မင်းတို့ကို ဘာဖြစ်လို့ ကယ်ရမှာလဲ “

    “အဲ့ဒီလူ မွေးထားတဲ့ ကောင်တွေက ကျနော်တို့ကို ပြန်ပြီး သတ်နေလို့ပါ “

    ရွှံများပေတူးနေသော လူ၏ ပြောစကားကြောင့် ဦးဖိုးဝေသည် လူသစ် လက်ထဲမှ ဓာတ်မီးဖြင့် ထိုလူကို ထိုးလိုက်ကာ

    “တမိသားစုလုံး သေတာ ဝမ်းမနည်းပဲ ပျော်နေတဲ့ ကောင်ကို ငါမြင်ဖူးတယ် ရှိအောင် ကြည့်ထားဦးမယ် “

    ဓာတ်မီးရောင်အောက်တွင် သွေးပျက်ကြောက်လန့်နေသော မိုးဟိန်း၏ ရုပ်သွင်က အတိုင်းသား ပေါ်နေသည်။ထို့နောက် ဦးဖိုးဝေသည်  ဓာတ်မီးကို  လူသစ်ထံ ပြန်ပေးကာ

    “ကဲ ကဲ မင်းတို့တွေ ရဲ့ မိုက်ပြစ်ကို မင်းတို့ ပြန်ခံရမှာပဲ အဲ့ဒီ တော့ ကိုယ့်ရဲ့ကောင်တွေကို ကိုယ်နိုင်အောင် ထိန်းပေတော့ “

    ဦးဖိုးဝေသည်  နောက်ထပ် မည်သည့်စကားမျှ ထပ်မပြောတော့ပဲ ခြေသလုံးဖက်တောင်းပန်နေသော အောက်လမ်း ဆရာ နှင့် မိုးဟိန်းတို့ကို ခြေခါချပြီး ထားခဲ့ကာ ဦးစံပေါ် ၏လယ်ကွင်းထဲမှ ထွက်ခွာခဲ့လိုက်လေသည်။အတန်ကြာသည်အထိ သူတို့ မည်သည့်စကားမှ မပြောပဲ လမ်းလျှောက်လာကြစဉ် ဦးစံပေါ် ၏ လယ်ကွင်းဘက်မှ ‌ကယ်ပါယူပါ အော်ဟစ်သံများ ပေါ်ထွက်  နေမြဲဖြစ်လေသည်။ဦးဖိုးဝေသည် ထိုအသံများကို ဂရုမစိုက် လျှောက်မြဲတိုင်းသာ လမ်းကို လျှောက်နေလေရာ သူရိယမှ ဦးဖိုးဝေ အနားသို့ကပ်လာကာ

    ‘အဘ ဟို လူတွေ သေကုန်မှာလား “

    “အင်း သေတဲ့ အထိတော့ မဖြစ်လောက်ဘူးထင်ပါတယ် အဘအထင်တော့ ရူးကြမှာတော့ အသေအချာပဲကွ သူတို့ နဲ့ ထိုက်တန်တဲ့ အပြစ်ပါပဲ လူလေးရယ် “

   “ဟုတ်ပါတယ် အဘ ဒါနဲ့ ကျနော်တို့ မနက်ဖြန်ဘယ်ကိုသွားမှာလဲ အဘ “

    “ဘယ်မှမသွားဘူး ဒီမှာပဲ ဆက်နေရဦးမှာ လူလေး မောင်လူသစ် ရဲ့ ပဋ္ဌာန်းဆက်ကို မဖြတ်ပေးရင် သူ အသက် ဆုံးရှုံးရလိမ့်မယ် “

    “ဗျာ “

    ဦးဖိုးဝေသည် အနောက်သို့ လှည့် ပြီး စကားပြောလိုက်သော်လည်း လူသစ် တယောက်မကြားနိုင်ပါ။လူသစ်မှာ အနောက်လှည့်လာသော ဦးဖိုးဝေကို ပြုံးပြ၍သာ လမ်းလျှောက်‌ေနပါ‌ေလတော့သည် ။

◾ဦးဖိုးဝေ နှင့် ဝိသမလောဘ သည်က ဤမျှသာ

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏

📝မောင်တင်ဆန်း