အောက်လမ်းသော်ကောင်း

လူသေနှင့်ပတ်သတ်သော
သတင်းမရခဲ့ပေ။
နောက်ဆုံး၌ အလောင်းအား မြုပ်နှံပေးလိုက်ကြတော့၏။

“လူသေအလောင်းကိစ္စကဘယ်လိုတဲ့တုန်းတော့်…”

“ငါလည်းဘယ်သိမလဲဟ…”

“ကျုပ်တော့ ဒီလူသေအလောင်း
ကိစ္စကြီးရင်ထဲပူနေတာ…”

“အို…ဘာပူစရာရှိတုန်း…သူ့ဘာသာဘယ်ကသေလို့မျောလာတယ်လဲမှမသိတာကွာ…….”

သူကြီးဦးသူတော် သူ၏မိန်းမဖြစ်သူနှင့်
စကားပြောနေခြင်းဖြစ်သည်။

“ဒါထက်…ဟိုတောထဲကတောင်ကုန်းပေါ်က
အရောင်တွေညဘက်ဆို
တောက်နေတယ်ပြောတယ် ကိုတော်ဝင်”

“ငါသိပါတယ်ကွာ…မင်းကလည်း”

“စုန်းမတွေစက်တွေထုတ်နေကြတာထင်တယ်တော့်”

“ဟ…ဘာစုန်းမ မှမရှိပါဘူးဆိုကွာ…”

“ရှင်ဘာသိလို့တုန်း….အရင်တစ်ရက်က
ရွာထဲက ငထွန်းရွှေလေ…အရဲစွန့်ပြီး အဲ့တောကိုဝင်ပြီး
ထင်းခုတ်တာ…မည်းမည်းကောင်ကြီးတွေလိုက်လို့
အသက်လုပြေးခဲ့ရတယ်ဆိုပဲ”

“ဒီကောင်က…အရက်သမားဟ…မိသန်းကြည်ရဲ့…
နင်ကသူပြောတာအကောင်းထင်ရတယ်လို့”

“အိုတော်…ဘာပဲဖြစ်ဖြစ်….ကျုပ်တို့ရွာတင်မကဘူး
ဘေးရွာတွေပါ အဲ့တောကိုဝင်ရင် ဘေးအမျိုးမျိုးတွေ့တာ…
ရှင်လည်းအသိပဲ…”

“အေး…ဒါတော့ငါသိပါတယ်ကွာ”

“အခု ချောင်းထဲ လူသေအလောင်းကိစ္စက အဲ့တောနဲ့ဆိုင်တယ်
လို့ကျုပ်ထင်တယ်”

မိန်းမဖြစ်သူ၏စကားကြောင့်သူကြီးဦးသူတော် အတွေးများသွားတော့သည်။
သူသည်လည်းတွေးတောစဥ်းစားထားသည်များရှိ၏။
သို့သော်လည်း သိတိုင်းမပြောနှင့်ဆိုသည့်စကားအတိုင်း
အသာငြိမ်နေခဲ့ရသည်။
ကန်စွန်းအိုင်ရွာ၏အရှေ့စူးစူး၌ တောရှိ၏။
ထိုတော၌ယခင်က ကန်စွန်းအိုင်ရွာနှင့်ရွာနီးချုပ်စပ်များမှ
ထင်းခုတ်၊ဝါးခုတ်ပြုလုပ်ကြပေသည်။
သို့သော် ယခုဆို ထိုတောသို့မည်သူမျှ မသွားရဲ…
မလာရဲ ဖြစ်နေကြသည်မှာ ဆယ်နှစ်တိုင်တိုင်ရှိပေပြီ။
အကြောင်းမှာက…မည်းမည်းကောင်ကြီးများ၏
​ခြောက်လန့်ခြင်းကြောင့်ပင်။
အများစုက သရဲကြီးများခြောက်လန့်သည်ဟု
ပြောကြသည်။
မည်သို့ပင်ဆိုစေကာမှု ထိုတောသို့ မည်သူမှ မသွားရဲမလာရဲ
ကြတော့ပေ။
တစ်ခါတစ်ရံ တော၏တောင်ကုန်းနေရာမှပြိုးပြိုးပြက်ပြက်
မီးရောင်များကိုမြင်ကြရသည်။
ထိုအခါသရဲများသာမက
စုန်းများပါရှိသည်ဟုယုံကြည်လာကြပြန်တော့သည်။
ယခုလည်း
ကန်စွန်းအိုင်ရွာသို့ရောက်ရှိလာပြန်သော
လူသေအလောင်းမှာလည်း အဆန်းတကျယ်ဖြစ်၍နေပြန်ရာ…
မည်သည့်အရာများထပ်ဖြစ်လေမလည်းအတွေးဖြင့်
အားလုံးထိတ်လန့်နေကြရသည်။
ဆယ်ရက်မျှကြာပြီးချိန်၌…

“ချောင်းထဲ အလောင်းကြီးတွေ့ပြန်ပြီဟေ့………”

“ဟာ…”

“အမလေး….ဘယ်လိုဖြစ်ရပြန်တာလဲတော်…”

“အလောင်းကချောင်းထဲ မျောမျောနိုင်တယ်ကွာ”

ကန်စွန်းအိုင် ရွာသူ၊ရွာသားတို့ ထိုသတင်းကြောင့်
ထိတ်လန့်နေကြသည်။
သူကြီးဦးသူတော်သည်လည်း မျောပါလာသောအလောင်းအား
စစ်ဆေးပြီး မြုပ်နှံခိုင်းရပြန်၏။

“တောက်…ဘယ်က သေတဲ့ဟာတွေချောင်းထဲ
မျောနေတယ်မသိပါဘူးကွာ………”

သူကြီးဦးသူတော်တစ်ယောက်သူ၏အိမ်ရှေ့ကွပ်ပျစ်၌ ထိုင်ကာ
ရေရွတ်နေခြင်းဖြစ်သည်။

ထိုစဥွ…

“သူလာနေပြီ….ဟေး…ဟေး…သူလာနေပြီ…….”

ဟူသောအော်ဟစ်သံကြီးကြောင့် သူကြီးဦးသူတော် ထိတ်လန့်သွားခဲ့ရသည်။
ထိုအော်သံမှာ သူ၏အိမ်ရှေ့၌ရောက်နေသော
အမျိုးသမီးတစ်ဦး၏အသံပင်။

“သြော်…အရူးမမိစံပယ်ကို….ဟဲ့ မိစံပယ်
ဘာတွေအော်နေတာတုန်းဟ”

အရူးမ မိစံပယ်ဆိုသည်မှာ အသက်အားဖြင့်လေးဆယ်ကျော်အရွယ်ဖြစ်ပြီးမျက်နှာထက်၌ သနပ်ခါးကအဖွေးသား။
အဝတ်အစားမှာလည်း နွမ်းနွမ်းချာချာမဟုတ်
သပ်ရပ်နေ၏။
ထိုအရူးမ မိစံပယ်သည် သူကြီးရှိရာသို့ရောက်လာခဲ့ပြီး…

“သူကြီး…သူကြီး…သူလာနေပြီတော့်…အလောင်းကြီးတွေလာနေပြီ…ဟီး…ဟီး…ဟီး…………”

အရူးမ မိစံပယ်သည် ရောဂါတစ်ခုကြောင့်
စိတ်မှုမမှန်တော့ခြင်းဖြစ်သည်။
ငွေကြေးရှိသော အရူးမမိစံပယ်၏မိဘမောင်နှမများက
အမြဲပင်အနီးကပ်စောင့်ရှောက်ကြရသည်။
ယခုလည်း မောင်နှမများအလစ်၌ ရွာထဲရောက်နေခဲ့ခြင်းဖြစ်၏။
သူကြီးဦးသူတော်ကိုမည်သူမှမကြားစေရန် အရူးမမိစံပယ်က ပြောလေသည်။
စိတ်ရှုပ်နေသော သူကြီးဦးသူတော်မှာ အရူးမ၏စကားကြောင့်
ခေါင်းကိုတဗြင်းဗြင်းကုပ်ခါ…

“ဟဲ့..မိစံပယ်…ရွာထဲဘာထွက်လုပ်နေတာလဲ…
သွားအိမ်ကိုပြန်…မဟုတ်ရင် ဟိုထိပ်တုန်းက နင့်အတွက်ဖြစ်သွားမယ်……”

“အာ…မဟုတ်ဘူးလေ…ဟီး…ဟီး…..ပြန်မယ်…
ပြန်ပါမယ်တော့်”

အရူးမ မိစံပယ်တစ်ယောက်
သူကြီးအိမ်မှထွက်ခွာသွားတော့၏။
အရူးမမိစံပယ်ပြန်သွားသည်နှင့်ဒေါ်သန်းကြည်သည်
သူကြီးရှိရာသို့ထွက်လာခဲ့ပြီး…

“အရူးစကားမှန်နိုင်တယ်တော့်…
ဒီရွာအတွက်ကျုပ်တော့စိတ်ကိုမအေးရပါဘူးတော်….”

“ဟ…မိသန်းကြည် မင်းက သူကြီးလား….
ငါကသူကြီးလား”

“အိုတော်…သူကြီးဖြစ်ဖြစ်…သူကြီးကတော်ဖြစ်ဖြစ်
ရွာအရေးပူတာများ လူရွေးပူရဦးမှာလားတော့်”

“အေးပါကွာ…ငါလည်းဒီကိစ္စကို စဥ်းစားရကြပ်ပါတယ်…”

“ကြပ်မနေနဲ့တော်ရေ့…ရွာက လူကြီးတွေကိုခေါ်ပြီး
ဆရာတော့်ဆီအကြံအညဏ်လေးတောင်းကြဦး…
တော်တို့ဘာသာဆို ဘာမှသိလာကြမှာမဟုတ်ဘူး”

သူကြီးကတော်၏စကားကြောင့် သူကြီးဦးသူတော်လည်း
ဆရာတော်ဘုရားဆီသွားဖို့ အကြံရလာတော့သည်။

*****************************
ကန်စွန်းအိုင်ရွာမှဆေးဆရာကြီးဦးသော်ကောင်းသည်
တောထဲသို့ဝင်ရောက်လာခဲ့၏။
သွက်လက်စွာသွားလာနေသော ဦးသော်ကောင်း၏ခြေလှမ်းများမှာ ထိုဝန်းကျင်၌ သွားလာနေကြပုံစံပင်။
ထိုသို့ဖြင့် တောင်ကုန်းရှိသော
နေရာသို့ရောက်ရှိလာခဲ့တော့လေသည်။
ထိုတောင်ကုန်းလေး၌
အပင်များစွာစုရုန်းပေါက်ရောက်နေခဲ့သည်။
သို့သော် တဲအိုကြီးတစ်လုံးရှိနေသည်ဆိုတာကို ကန်စွန်းအိုင်ရွာနှင့် ကျန်ရွာများမသိရှိကြ။
ယခု ဦးသော်ကောင်းရောက်နေသော တဲအိုအတွင်း၌
အနံ့ပေါင်းစုံတို့ဖြင့် အော်ဂလီဆန်ဖွယ်ရာရှိ၏။
တောကောင်သေများ…ယင်များ…သွေးများ…
ပစ္စည်းများ….အခေါင်းများ ဖြင့် ရှုပ်ယှက်ခတ်နေသော
ထိုနေရာ၌ ဦးသော်ကောင်းအပြင်
အခြားလူနှစ်ဦးရှိနေသေးသည်။
ထိုသည်က ကန်စွန်းအိုင်ရွာ၌နေသော
အရက်သမားဖိုးဥနဲ့လှသန်းတို့ပင်ဖြစ်သည်။
ဖိုးဥနဲ့လှသန်းမှာ ရွာ၌လက်ကြောမတင်း
ဝေလေလေ လူစားများပင်။
ထိုသို့သောလူနှစ်ယောက်မှာ ဦးသော်ကောင်း၏
လက်အောက်၌နေ၍ ခိုင်းသမျှလုပ်ကိုင်ပေးနေကြသည်ကို
တော့ဖြင့် မည်သူမျှမသိရှိကြပေ။

“တောက်…ဟိတ်ကောင်တွေ…မင်းတို့ကိုအလောင်းတွေကိုသေချာမြေမြုပ်ပါလို့ ငါမပြောထားဘူးလား”

“ပြော…ပြောပါတယ်ဆရာကြီး……”

“အေး…ငါပြောနေတဲ့ကြားက အလောင်းတွေကိုချောင်းထဲပစ်နေတာ မင်းတို့အလွန်မဟုတ်ဘူးလား…အခု
ငါမင်းတို့ကိုဘာအပြစ်ပေးရမလဲပြောကြ…..”

ဦးသော်ကောင်းဒေါသထွက်နေလေပြီ။
ဖိုးဥနဲ့လှသန်းမှာလည်း ကြောက်ရွံ့နေကြ၏။

“ဆရာ…ဆရာကြီးရယ်…ကျုပ်တို့နောက်ဆင်ခြင်ပါ့မယ်ဗျာ”

“ဟုတ်ပါတယ်ဆရာကြီး…ကျုပ်တို့မြေဖို့ရမှာကိုအပျင်းကြီးပြီး
ရေထဲမျောလိုက်မိတာပါ…နောက်မလုပ်တော့ပါဘူးဆရာကြီး”

“အေး…မင်းတို့လုပ်ပုံနဲ့ငါတို့အ​ကြောင်း
လူတွေသိကုန်တော့မှာပဲ”

“အဲ့တာအတွက်စိတ်ချပါဆရာကြီး…ဒီရွာကလူတွေကော
အခြားရွာကလူတွေပါ ကျုပ်တို့အကြောင်းဘာမှ
မသိကြပါဘူးဗျာ”

“မင်းတို့ပြောလိုက်ရင်ဒီတိုင်းကြီးပဲ…သွား…သွား
သေချာလုပ်ကြ”

“ဟုတ်ကဲ့ဆရာကြီး”

ဖိုးဥနဲ့လှသန်း နေရာမှထွက်သွားကြသည်။
ဦးသော်ကောင်းသာကျန်နေရစ်ခဲ့၏။
ထိုတဲအတွင်း၌ ဦးသော်ကောင်းအလုပ်များနေတတ်သည်။
အမှန်မှာ အများအမြင်၌ဆေးဆရာကြီးဟုထင်မှတ်နေကြ
သော ဦးသော်ကောင်းသည် ယုတ်ညံ့လှသော အောက်လမ်းပညာများကိုလိုက်စားသည့် အောက်လမ်းဆရာတစ်ဦးဖြစ်နေခဲ့သည်။
ဦးသော်ကောင်းသည် သူ၏ပညာများတိုးပွားစေဖို့
ဆေးများဖော်စပ်၏။
လူသေများ…တောကောင်သေများကို အရင်းပြု၍
ဖော်စပ်တတ်သော ဦးသော်ကောင်း၏နေရာသည် လူသူမလာရဲသော တောအုပ်တွင်းသာဖြစ်ပေသည်။
ထိုတောအုပ်တွင်းလူများမလာရဲ ကြသည်မှာလည်း
ဦးသော်ကောင်း၏လက်ချက်ပင်ဖြစ်သည်။
ကန်စွန်းအိုင်ရွာ၌ တွေ့ရသော လူသေအလောင်းများမှာလည်း
ဦးသော်ကောင်းစီရင်အသုံးပြုခဲ့သော အရာများပင်ဖြစ်သည်။
သို့သော် သင်္ချိုင်းမှအစိမ်းသေများကိုဖော်ယူအသုံးပြုခြင်း
ဖြစ်သည့်အတွက် မည်သူကမှမသိရှိခဲ့ခြင်းပင်။
ထိူမျှမကသေး အလောင်းများမှာရေကြောင့်ရုပ်ပျက်နေသောကြောင့် မမှန်မိကြတော့ခြင်းဖြစ်၏။
ဖိုးဥနဲ့လှသန်းမှာလည်းအရက်နဲ့အမြည်းအလျှံအပယ်စား
ရသောကြောင့်ဦးသော်ကောင်းခိုင်းသမျှလုပ်ပေးကြလေသည်။

ညအချိန်တွင် ဦးသော်ကောင်းတစ်ယောက်
သူ၏တောင်ကုန်းထိပ်ရှိအိမ်၌…

“ဟားး…ဟားး…ဟားးး…ငါ့သားကြီးတွေစားကြစမ်း..
စားကြစမ်း…ဒါမင်းတို့အတွက်ပဲ…စားကြ…စားကြ”

နေ့ခင်းက ဖိုးဥကိုရွာထဲသို့သွားကာဝယ်ယူခိုင်းထားသည့် အမဲသားအတွဲကြီးများကို ဦးသော်ကောင်းတစ်ယောက် မြေပေါ်သို့ပစ်ချကာ အော်ဟစ်နေခြင်းဖြစ်သည်။
ဦးသော်ကောင်းပစ်ချသော အမဲသားများမှာမြေပေါ်သို့မကျခင်
မည်းမည်းကောင်ကြီးသုံးကောင်မှ လုယူစားသောက်ကြတော့သည်။
အမဲသားများကုန်စင်သည်နှင့်…

“နောက်လပြည့်ညဆိုရင် ဖေကြီးပညာတွေဒီထက်မြင့်တော့မယ်ကွ…ဖေကြီးပညာတွေမြင့်အောင် ငါ့သားကြီးတွေက
ဖေကြီးအနားမှာစောင့်ရှောက်ကြရမယ်…
ဒါကိုမမေ့ကြနဲ့ဟေ့….”

ဟု…အော်ဟစ်ပြန်သည်။
သူ၏မျက်နှာပြားကြီးသည် အဆီကတဝင်းဝင်းဖြစ်နေယုံမက
ဝမ်းသာစွာပြုံးရယ်နေပုံမှာလည်း
ကြောက်မက်ဖွယ်ကောင်းလှပေသည်။
သူ၏ပါးစပ်ကြီးကိုဖြဲ၍ အရောင်တလက်လက်တောက်ပသော
စက်များကိုလည်း ထုတ်လွှတ်နေခဲ့ပြန်သည်။

*******************************

“အမေ…ထမင်းစားကြစို့လေ”

“အေး…အေး လာပြီ…”

ဒေါ်ဝင်းပြင်ဆင်ပေးထားသော ထမင်းဝိုင်း၌ ဘွားမယ်စိန်တို့
မြေးအဘွားစားသောက်နေကြသည်။

“အမေ…အစားနည်းလှပါလား…နေများမကောင်းလို့လား”

ဒေါ်ဝင်းသည် ထမင်းအနည်းငယ်သာစားပြီး
လက်ဆေးနေလေသော ဘွားမယ်စိန်ကိုမေးလေရာ…

“စားလို့တော့ကောင်းပါတယ်အေ…ဒါပေမယ့်
စိတ်ထဲအလိုမကျသလိုလိုဖြစ်နေတော့
ဆက်မစားချင်တော့တာပါ…ကဲ…စားကြ…စားကြ အမေခြံထဲလမ်းဆင်းလျှောက်ဦးမယ်”

“ဟုတ်ကဲ့အမေ……”

ဘွားမယ်စိန် ပုတီးလေးကိုလက်၌ကိုင်စိပ်ရင်း
ခြံထဲ၌ လမ်းလျှောက်နေတော့သည်။
ပြီးနောက် ဘုရားခန်းသို့ဝင်၍ တရားထိုင်ပြန်သည်။

*********************************

“ချစ်သမီး………”

“အလို ကျေးဇူးရှင်ကြီးပါလား”

“လာ…အဘနောက်ကလိုက်ခဲ့”

ဘွားမယ်စိန်အား တနေရာသို့ခေါ်ဆောင်သွားတော့သည်။
ခေါ်ဆောင်သွားသူမှာက ဘွားမယ်စိန်၏ဆရာသခင်
ကျေးဇူးရှင်ကြီးပင်ဖြစ်ပေသည်။
ဘွားမယ်စိန် ကျေးဇူးရှင်ကြီး ခေါ်ဆောင်ရာသို့လိုက်ပါရင်း
ပတ်ဝန်းကျင်ကို ကြည့်ရှုလေသည်။
တောတွင်းနေရာတစ်ခုဖြစ်နေ၏။
ထိုတောတွင်းလမ်းသွယ်လေးမှ တောင်ကုန်းတစ်ခုဆီသို့ရောက်လာခဲ့ကြသည်။
ထိုနေရာ၌ တဲအိုကြီးတစ်လုံးရှိနေသည်ကိုတွေ့ရလေသည်။

“ဘုရား…ဘုရား…ယုတ်ညံ့တဲ့အရာတွေပါလား….”

ဘွားမယ်စိန်မြင်တွေ့ရသောအရာများကြောင့်
ခြေလှမ်းများရပ်တန့်သွားခဲ့သည်။
ဒါကိုသိလေဟန်ဖြင့်ရှေ့မှသွားသော
ဆရာသခင်ဖြစ်သူမှ…

“ချစ်သမီး…အဘနောက်ကလိုက်ခဲ့ပါ”

ဟု…ဆိုပြန်လေရာ ဘွားမယ်စိန်ခြေလှမ်းများ
ဆက်၍လျှောက်လှမ်းလာခဲ့တော့သည်။
တဲအိုကြီးအတွင်းဆီသို့ရောက်လာကြပြန်တော့ အလုပ်ရှုပ်နေလေသော လူကြီးတစ်ယောက်ကိုတွေ့ကြရသည်။
ထိုလူကြီးသည် အောက်လမ်းပညာများကိုအသုံးချစီမံနေသည်ကို ဘွားမယ်စိန်တို့မြင်တွေ့ကြသော်လည်း
ထိုလူကြီးသည် ဘွားမယ်စိန်တို့အား တွေ့မြင်ဟန်မတူဘဲ
သူ၏အလုပ်များကိုသာ အာရုံစူးစိုက်၍လုပ်ဆောင်နေခဲ့သည်။

“ချစ်သမီး…ဟောဒီကောင်က အောက်လမ်းသော်ကောင်းဆိုတဲ့ကောင်ပဲ…ဒီကောင်က လူတွေဆီက
အခကြေးငွေယူပြီးသူ့ပညာနဲ့ လူသတ်နေတဲ့ကောင်ပဲ…
တစ်ယောက်နဲ့တစ်ယောက်မတည့်လို့…စီးပွားပြိုင်လို့…
နိုင်ချင်ရင် ဒီကောင်က သူ့အောက်လမ်းပညာနဲ့သတ်ပေးတယ်..
ဒီကောင်အကြောင်းကို ရွာတွေကတော့မသိကြဘူး…
မြို့ပေါ်တွေမှာတော့
ဆရာကြီးဦးသော်ကောင်းဆိုပြီးနာမည်ကြီးလေရဲ့”

“ဟုတ်ကဲ့ဆရာကြီး…အခု ကျုပ်ကိုခေါ်ပြတာကဘာအကြောင်းများရှိလို့လဲ”

“အမ်း…..ဒီကောင်ကနောက်လပြည့်ညရောက်ရင် သူ့ပညာတွေအဆင့်မြှင့်တော့မှာ ဒီတော့ သူ့ပညာတွေကိုသုံးပြီးလူတွေကို
ဒုက္ခမပေးနိုင်ခင် ချစ်သမီးက ဒီကောင့်ကိုရှင်းပစ်ဖို့ပဲကွဲ့”

ဆရာသခင်ပြောသောစကားအား ဘွားမယ်စိန်
နားထောင်နေခဲ့သည်။

“မယ်စိန်…ဆရာသခင်ပြောတဲ့အတိုင်းရှင်းလင်းပေးပါ့မယ်”

ဟု…ဘွားမယ်စိန်ဆိုလေသောအခါ ဆရာသခင်မှခေါင်းညိတ်ရင်း…

“ကောင်းပါပြီချစ်သမီး…ဟောသည်နေရာက
ကန်စွန်းအိုင်ရွာရဲ့
အရှေ့စူးစူးကတောအုပ်ပဲချစ်သမီး…
ချစ်သမီးနောက်မှာအဘရှိနေမယ်ဆိုတာမမေ့လေနဲ့ကွယ်”

“ဟုတ်ကဲ့ပါဆရာသခင်…မယ်စိန်ကြိုးစားပါ့မယ်”

ဆရာသခင်သည် ဘွားမယ်စိန်၏စကားကိုကျေနပ်သွားဟန်ဖြင့်
ခေါင်းတညိတ်ညိတ်ပြုနေတော့သည်။
ထိုသို့ဖြင့် ဘွားမယ်စိန်၏အမြင်များသည်လည်းတ​​ဖြေးဖြေးဝေဝါးလာခဲ့ပြီးနောက် အမှောင်ဖုံးသွားခဲ့ရ၏။
ကန်စွန်းအိုင်ရွာ၌…

“ဗျို့…သူကြီး ဘာများဖြစ်တာလဲဗျ”

“သြော်…ဆရာကြီး…ကြွပါဗျာ…ကြွပါ”

“အင်း…ဆိုစမ်းပါဦး…ကျုပ်ကိုခေါ်ခိုင်းရတဲ့အကြောင်းလေး”

ရွာသူကြီးဦးသူတော်၏နေအိမ်ဆီသို့
ဆေးဆရာကြီးဦးသော်ကောင်းရောက်ရှိလာခြင်းပင်။

“ကျုပ်…ကိုယ်လက်မအီမသာဖြစ်နေလို့ပါဆရာကြီးရယ်”

“ဟော…ကျုပ်တို့သူကြီးကြည့်ရတာ
ရွာအရေးတွေကို တွေးတွေးပူနေပုံပဲ”

“ဟုတ်တာပေါ့ဆရာကြီးရယ်…
ဘယ်နေ့ဘာဖြစ်မလဲတွေးရတာနဲ့တင်
ဆံပင်တွေတောင်ဖြူကုန်ပါပြီဗျာ”

“အမယ်…တော့်ဆံပင်တွေကအသက်ကြီးလို့ဖြူနေတာပါနော်”

“ဟာ…ဒီမိန်းမကတော့ ငါကစကားအဖြစ်ပြောနေတာကွ”

သူကြီးကတော်မှဝင်ပြောလေရာ သူကြီးဦးသူတော်ခမျာ
စကားပင်ဆက်မပြောနိုင်ဘဲဖြစ်သွားရ၏။
ဆေးဆရာကြီးဦးသော်ကောင်းမှာ သူကြီးနှင့်သူကြီးကတော်တို့အား ကြည့်ရင်းပြုံးရယ်နေခဲ့သည်။

“ကဲပါဗျာ…ကျုပ်ဆေးပေးထားခဲ့ပါ့မယ်…
သေချာတော့သောက်ပေါ့…”

“ဟုတ်ကဲ့ဆရာကြီး…….”

ဆေးဆရာကြီးဦးသော်ကောင်းသည်
သူကြီးသောက်ဖို့ရန်အတွက်ဆေးတချို့ပေးလေသည်။

“ဆရာကြီးရောက်လာလို့ ကျုပ်တို့ရွာလေး အတော်အဆင်ပြေလာတာဗျ…မဟုတ်ရင်တော့တဖက်ရွာသွားသွားပြီး
ဆေးကု…ဆေးတောင်းရတာလွယ်တာမဟုတ်ဘူး”

“ဟုတ်ပါ့တော်…သြော်…ဆရာကြီးထမင်းစားခဲ့ပြီလား…
မစားရသေးရင် ကျုပ်တို့အိမ်က စားသွားလို့ရတယ်နော်”

“ရတယ်…ရတယ်…ကျုပ်စားပြီးပါပြီ”

“ဟုတ်ကဲ့ဆရာကြီး……”

“ကဲ..ဒါဖြင့် ကျုပ်ပြန်လိုက်ဦးမယ်ဗျာ…
မသက်သာရင်တော့လာသာပြောဗျို့….”

“ဟုတ်ကဲ့ဆရာကြီး….”

ဆေးဆရာကြီးဦးသော်ကောင်းတစ်ယောက်
သူ၏နေအိမ်သို့ပြန်သွားလေသည်။

***************************

“မောင်တိုးရေ…….”

“ဗျာ…ဘွား…..”

“ကန်စွန်းအိုင်ရွာကို မောင်ရင်သိသလား”

“ကန်စွန်းအိုင်ရွာ…ကျုပ်တို့နယ်ကတော့မဟုတ်ဘူးနဲ့
တူတယ်ဗျ”

“အေးကွဲ့…ကန်စွန်းအိုင်ရွာကိုသေချာလေးစုံစမ်းပေးပါဦး
မောင်ရင်ရေ…ဘွားတို့အဲ့သည်ရွာကို
သွားဖို့အကြောင်းရှိနေပြီကွဲ့”

“ဗျာ….အကြောင်းရှိတယ်ဆိုတော့….။
အင်း…ဟုတ်ကဲ့ပါဘွား…ကျုပ် ဘယ်နေရာမှာရှိသလဲဆိုတာမေးမြန်းစုံစမ်းကြည့်ပါ့မယ်”

“အေးကွယ်…မကြာစေနဲ့နော့….”

“စိတ်ချပါဘွား…ကျုပ်တို့ရွာဆီကိုလာနေကြ
ကုန်သည်တွေကိုမေးကြည့်ရင်ခဏပါပဲ”

“အင်း…ကန်စွန်းအိုင်ရွာရဲ့အရှေ့စူးစူးမှာ တောရှိတယ်ဆိုပဲကွဲ့”

“သြော်…ဟုတ်ကဲ့ဘွား”

ဘွားမယ်စိန်သည် မောင်တိုးအားခေါ်ယူပြီး
ကန်စွန်းအိုင်ရွာ၏တည်နေရာကိုစုံစမ်းခိုင်းလေသည်။
မောင်တိုးမှာလည်း ဘွားမယ်စိန်ခိုင်းစေသည့်အတိုင်း
သွားရောက်စုံစမ်းတော့၏။

“ဗျို့…ကိုကြီးအုန်း…ကျုပ်တို့ခရီးထွက်ရတော့မယ်ဗျ….”

“ဟေ…”

မောင်အုန်းတစ်ယောက်သူ၏ခြံဝိုင်းအတွင်း၌
နွားစာကျွေးနေစဥ် မောင်တိုးရောက်ရှိလာခဲ့သည်။

“ဟေ…မနေနဲ့ဗျ.. ကျုပ်ကိုဘွားက မနက်ကခေါ်ပြီး ရွာနေရာမေးခိုင်းထားတာ အခုနေရာသိပြီဆိုတော့
မနက်ဖြန်ခရီးစထွက်တော့မယ်ပြောတယ်”

“အေး…ဒါဖြင့်လည်း သွားရတာပေါ့ကွာ…
ငါတို့လည်း ရွာမှာခြေညောင်းမိနေတာကြာပြီမလား”

“အမယ်…ရည်းစားကြီးအစ်မနုယဥ်ကိုကော
ထားခဲ့ရက်နေပြီပေါ့”

“ဟကောင်ရ…မင်းအစ်မနုယဥ်က
ငါနဲ့တစ်ရက်နေလို့တစ်ခါမတွေ့ရပါဘူးကွာ…
ခုလိုခရီးသွားမယ်ဆိုတာတော့သွားပြောထားခဲ့ရမှာပေါ့”

“ဒါတွေကျုပ်မသိပါဘူးဗျာ”

“ဟ…မင်းမသိရင်ဘာလို့မေးနေသေးလည်း နွားရဲ့”

မောင်အုန်းစကားကြောင့် မောင်တိုးရယ်ရယ်မောမောဖြင့်…

“ကဲပါဗျာ…အလွမ်းသည်ဖို့သွားပြောလိုက်ဦး…
ကျုပ်မနက်လာခေါ်မယ်…အသင့်ပြင်ထားဗျို့…….”

“အေးပါကွာ…အေးပါ……”

ထိုသို့ဖြင့်
မောင်အုန်းအိမ်မှ မောင်တိုးပြန်သွားတော့လေသည်။

*****************************
နောက်တစ်နေ့နံနက်၌ ဘွားမယ်စိန်၊မောင်တိုး၊မောင်အုန်းတို့သည် ကန်စွန်းအိုင်ရွာသို့ ခရီးနှင်လာခဲ့ကြတော့၏။
လမ်းခရီး၌ အသင့်ထည့်ယူလာသော ထမင်း၊ဟင်းများကိုသာ
စားသောက်ကြပြီး ခရီးကိုအသောနှင်လာခဲ့ကြသည်။
ခရီးစဥ်အကြောင်းအား မောင်တိုးတို့မသိကြသေးသော်လည်း ဘွားမယ်စိန်ကို မမေးရဲကြပေ။
ခရီးကိုအသောနှင်လာကြပုံအရ
အတော်အရေးကြီးနေသည်ဆိုတာကိုတော့ ရိပ်စားမိကြ၏။
ညနေပင်နေစောင်းလေပြီ….

“ဘွား…ရှေ့ဆို ကန်စွန်းအိုင်ရွာကိုရောက်ပြီဗျ…….”

နွားလှည်းမောင်းနေရင်းမှ မောင်တိုးပြောလိုက်သည်။

“အင်း…ရောက်တော့မယ်ဆိုရင်တော့…
ရွာအဝင်နားကအိမ်မှာခဏနားကြတာပေါ့”

“ဟုတ်ကဲ့ဘွား”

ဘွားမယ်စိန်သည် ရွာအတွင်းသို့မဝင်စေသေးဘဲ
ရွာအဝင်ရှိအိမ်တစ်အိမ်၌ နွားလှည်းအားရပ်စေ၏။
မှောင်ရီပျိုးစအချိန်ရောက်လာကြသော ဘွားမယ်စိန်တို့
သုံးဦးအား အိမ်ရှင်တို့မှ တအံတသြကြည့်နေခဲ့သည်။

“ဘွားတို့က ခရီးသွားတွေပါကွယ်…
ခဏလောက်ဒီမှာ ထိုင်လို့ရမလားမောင်ရင်”

“ဟုတ်ကဲ့…ထိုင်ကြပါ…ထိုင်ကြပါ…
ဘယ်ကိုများသွားကြမလို့လဲဗျ”

အိမ်ရှင်လင်မယားမှ သူတို့၏ကွပ်ပျစ်ခင်း၌ထိုင်ဖို့ရန်
ပြင်ဆင်ပေးကြသည်။
ဘွားမယ်စိန်တို့လည်း ရေအိုးစင်မှရေကိုမောမောဖြင့် အရင်သောက်ကြပြန်သည်။
ပြီးလေမှကွပ်ပျစ်ခင်း၌ ဝင်ထိုင်ကြပြီး…

“ဒီရွာအမည်က ကန်စွန်းအိုင်လားကွဲ့”

ဟု…မေးလေရာ အိမ်ရှင်အမျိုးသားကြီးမှ…

“ဟုတ်ကဲ့…ကျုပ်တို့ရွာက ကန်စွန်းအိုင်ရွာပါ”

အိမ်ရှင်အမျိုးသမီးမှာ
ဘွားမယ်စိန်တို့အား စူးစမ်းစွာကြည့်နေခဲ့သည်။

“ဒီရွာမှာ…ဒါမှမဟုတ်ဒီဘေးရွာတွေမှာ
ဦးသော်ကောင်းဆိုတဲ့ လူများသိလေမလား”

“ဗျာ…ဦးသော်ကောင်း….ဦးသော်ကောင်းဆိုတာ
ဆေးဆရာကြီးဦးသော်ကောင်းကို​ပြောတာလားဗျ….”

“မောင်ရင်ပြောတဲ့သူက မျက်ခုံးကောင်းကောင်း
ရုပ်ရည်သားသားနားနားနဲ့ နဖူးစပ်မှာ
မှည့်နက်ကြီးရှိလေသလား”

“အယ်…ဟုတ်တယ်ဗျ…သူပဲ”

“အင်း…ဒါဆိုရင်တော့ ဟုတ်ပါပြီသူပါပဲ”

“ဒါနဲ့ ဒီကအဘွားတို့ကဘာကြောင့်
ဆေးဆရာကြီးဦးသော်ကောင်းကိုရှာကြတာလဲဗျ…
ဆေးဆရာကြီးရဲ့ဆွေမျိုးတွေများလား”

“မောင်ရင်ပြောသလိုအမျိုးအဆွေတော့မဟုတ်ပါဘူး
ဆေးဆရာကြီးအကြောင်းလေးသိချင်လို့လာကြယုံပါ”

“သြော်…ဆေးကုဖို့လား….ဒါဆိုကျုပ်ပြောပြပါ့မယ်…
ဆရာကြီးဦးသော်ကောင်းက ကျုပ်တို့ရွာကိုရောက်လာ
တာနှစ်အတော်ကြာပြီခင်ဗျ…သူတတ်ကျွမ်းတဲ့ဆေးပညာနဲ့
ကုသပေးလို့ ကျုပ်တို့ရွာလေးအတော်အဆင်ပြေခဲ့ရတယ်…
ဆရာကြီးက တစ်ယောက်ထဲနေတာဗျ…
တစ်ခါတစ်လေတော့ ရွာထဲက အရက်သမားတွေကို
ဆေးဖော်ဖို့ခေါ်ခိုင်းလေ့ရှိတယ်…
မြို့ကသူဌေးတွေဆိုတာ ဆရာကြီးအိမ်မှာအမြဲဝင်
ထွက်သွားလာနေကြတာ ကျုပ်တို့တရွာလုံးအသိပဲ”

အိမ်ရှင်အမျိုးသားကြီးစကားဆုံးလေတော့
ဘွားမယ်စိန်တစ်ချက်ပြုံးလိုက်သည်။
ပြီးနောက်…

“အင်း…ဘွားတို့သိချင်တာလည်းသိရပြီမို့…
ကျေးဇူးတင်ပါတယ်ကွယ်…
ကဲ…ကဲ….ဆက်သွားကြတာပေါ့”

ဘွားမယ်စိန်သည် အိမ်ရှင်တို့အား နှုတ်ဆက်၍
ထိုနေရာမှ ထွက်လာခဲ့ကြတော့သည်။

ထိုအိမ်မှထွက်လာကြပြီးနောက်
ရွာထဲသို့ဝင်လာကြတော့သည်။
ရွာသူကြီးအိမ်ရှိရာကို မေးမြန်းလာခဲ့ကြရာ…

“ဘယ်သူတွေတုန်း”

အိမ်ရှေ့သို့နွားလှည်းရပ်လိုက်သည်နှင့် အိမ်ဝိုင်းထဲမှအမျိုးသားကြီးတစ်ဦးထွက်လာကာမေးတော့သည်။
ဘွားမယ်စိန်နဲ့မောင်တိုးတို့တတွေလည်း နွားလှည်းပေါ်မှဆင်းလာခဲ့ကြပြီး….

“ဒါ…ကန်စွန်းအိုင်ရွာရဲ့ရွာသူကြီးအိမ်ဟုတ်ပါသလား”

ဟု…ဘွားမယ်စိန်ကမေးလေသည်။

“ဟုတ်ပါတယ်…ကျုပ်ကဒီရွာကသူကြီးဦးသူတော်ပါ”

“အင်း…မောင်ရင်နဲ့တန်းတွေ့တာပဲကိုး…
ဒီလိုပါမောင်ရင်…ဘွားတို့က ခရီးသွားတွေပါ…
လာရင်းကိစ္စကိုခဏလောက်နားပြီးမှပြောလို့ရမလားကွဲ့…
ခရီးကဝေးတော့အားလုံးလည်းပင်ပန်းနေကြလို့ပါ”

သူကြီးဦးသူတော်သည် ဘွားမယ်စိန်တို့ကိုအကဲခတ်နေ၏။
မကောင်းသောသူများမဖြစ်တန်ဟုတွေးပြီး…

“ရပါတယ်…ကြွကြပါအိမ်ထဲကို…..”

“ကျေးဇူးပါကွယ်……”

ဘွားမယ်စိန်တို့လည်းသူကြီးဦးသူတော်၏နေအိမ်၌
တခဏအမောဖြေကြသည်။
မိုးလည်းချုပ်နေပြီဖြစ်တာကြောင့် ထမင်းဝိုင်း
အသင့်ပြင်ဆင်ကျွေးကြပြန်သည်။
သူကြီးဦးသူတော်ရဲ့စေတနာကို
ဘွားမယ်စိန်သဘောတွေ့နေ၏။
ထမင်းစားသောက်ကြပြီးလေတော့ သူကြီးကတော်ဧည့်ခံသော
ရေနွေးဝိုင်း၌ အားလုံးစုဝေးထိုင်ကြလေသည်။
ထိုအခါမှဘွားမယ်စိန်သည်…

“ဘွားတို့က ဒီရွာနဲ့အတော်အလှမ်းဝေးတဲ့သောင်ထွန်းရွာကပါ…
ဒီရွာကိုလာရတာက လူတွေကိုကောင်းကျိုးပြုဖို့ပါကွယ်….”

“လူတွေက်ိုကောင်းကျိုးပြုဖို့ဆိုတာက
ဘာလိုမျိုးကိုပြောတာတုန်းတော့်”

သူကြီးကဝင်မပြောသေးသော်လည်း သူကြီးကတော်မှစတင်မေးလေသည်။
ထိုအခါ မောင်တိုးမှ…

“ကျုပ်တို့ရဲ့ဘွားနာမည်က ဘွားမယ်စိန်ပါ…
ဘွားမယ်စိန်ဆိုရင်ကျုပ်တို့ရွာတင်မကဘူး…
တနယ်လုံးကပါသိကြပါတယ်…
သိဆိုလည်းဗျာ…ကျုပ်တို့ရဲ့ဘွားက…နာနာဘာဝတွေ….
အောက်လမ်းဆရာတွေ
လူတွေကိုဘေးဒုက္ခပေးတဲ့လူတွေကိုရှင်းလင်းတဲ့သူပါ…..”

“အို…အံ့သြစရာပါလား”

သူကြီးကတော်အံ့သြသွားချေပြီ။
သူကြီးမှလည်း…

“ဒါဖြင့် ဘွားကအထက်လမ်းဆရာတစ်ယောက်…
အယ်…. မဟုတ်….အထက်လမ်းဆရာမတစ်ယောက်ပေါ့လေ”

“အဲ့သည်လိုလည်းမဟုတ်ပါဘူးကွယ်…
ဘွားက ကိုယ်တတ်တဲ့ပညာလေးနဲ့
လူတွေကိုကယ်တင်ပေးယုံတင်ပါ…
ဆရာတစ်ယောက်ဆိုပြီးတော့မသတ်မှတ်ထားပါဘူးလေ”

ဘွားမယ်စိန်ကို သူကြီးတို့လေးစားသွားကြသည်။

“ကျုပ်တို့ရွာကိုလာတဲ့ကိစ္စကရော…ဘာများလဲဘွား”

“မောင်ရင်တို့ရွာကို လာရတဲ့အကြောင်းကိုမပြောခင်…
လူတစ်ယောက်ရဲ့အကြောင်းကို ဘွားပြောပြမယ်…
အဲ့သည်လူက အောက်လမ်းဆရာတစ်ယောက်…
သူက သူတတ်တဲ့ပညာနဲ့ လူတွေကို သတ်တယ်…ပြုစားတယ်…
သူတို့လောကမှာတော့နာမည်ကြီးသူပေါ့ကွယ်…
လူတစ်ဦးနဲ့တစ်ဦးမတည့်ကြ မသင့်မြတ်ကြရင်
သူ့ဆီကိုသွား အခကြေးငွေပေးပြီး မသင့်မြတ်သူကို အောက်လမ်းနဲ့သတ်ခိုင်းကြတာတွေရှိတယ်…
အခုလည်း အဲ့သည်အောက်လမ်းကောင်က
ရွာတစ်ရွာမှာခိုအောင်းပြီး သူ့ပညာတိုးတတ်အောင်လုပ်နေတာမို့ ဒီအောက်လမ်းကောင်ကိုရှင်းလင်းဖို့အတွက်
ဘွားတို့လာခဲ့ရတာပဲကွဲ့”

ဘွားမယ်စိန်ပြောပြလေမှ မောင်တိုးတို့တတွေနှင့်သူကြီးတို့လင်မယားလည်းနားလည်လာကြသည်။

“အဲ့သည်အယုတ်တမာအောက်လမ်းဆရာက
ကျုပ်တို့ရွာမှာရှိနေတာလားဗျ…..”

သူကြီးကမေးလေတော့ ဘွားမယ်စိန်ခေါင်းညိတ်ပြသည်။

“အမလေး…ဘုရား…ဘုရား…ဘယ်သူများလဲတော်”

သူကြီးကတော်မှာ​ကြောက်လန့်သွားပုံဖြင့်မေးလေသည်။
ထိုအခါ ဘွားမယ်စိန်မှ …

“သူ့နာမည်က အောက်လမ်းသော်ကောင်းတဲ့…
အမှန်ကအောက်လမ်းဆရာဦးသော်ကောင်းပေါ့”

“ဗျာ……..”

“ဟင်……..”

ထိုစကားကြာလေတော့ သူကြီးနဲ့သူကြီးကတော်မှာ
အကြီးအကျယ်ထိတ်လန့်သွားကြတော့သည်။

“ဆရာကြီးဦးသော်ကောင်းက….အောက်လမ်းဆရာ…..”

“ဟုတ်ကောဟုတ်ရဲ့လားဘွားရယ်…
ကျုပ်တို့ရွာမှာက ဆရာကြီးကိုပဲအားထားနေရတာ…
ဘွားတို့လူများမှားလေသလားတော်”

“အင်း…မောင်ရင်တို့လက်မခံနိုင်ဖြစ်နေကြတာကို
ဘွားနားလည်ပါတယ်….
ဘွားဘက်ကလည်းတိကျသေချာလေမှပြောတာဖြစ်တာ
ကြောင့် မောင်ရင်တို့တွေကိုလက်ခံပေးစေလိုတယ်…
ဒီအောက်လမ်းကောင်က မောင်ရင်တို့ရဲ့
အရှေ့ဘက်တောထဲမှာရှိတဲ့တောင်ကုန်းပေါ်ကတဲအိုကြီးမှာ
သူ့ရဲ့ပညာတွေကိုအသုံးချနေလေရဲ့…
မောင်ရင်တို့ဘက်က သေချာသိချင်ကြရင်တော့
ဘွားပြောတဲ့တဲအိုကြီးဆီကိုသွားကြည့်ကြပေါ့ကွယ်…..”

“ဗျာ….တဲအိုကြီး…..မဟုတ်ဘူးဘွား….
အဲ့သည်တောက ကျုပ်တို့သွားလာမရတာအတော်ကြာနေပြီ…
တောထဲဝင်တဲ့သူတွေဆိုမည်းမည်းကောင်ကြီးက
အမြဲခြောက်လန့်အန္တရာယ်ပေးနေကြလို့ ဘယ်သူမှတောထဲကို
မဝင်ရဲကြတော့ဘူးဗျ”

“အင်း…ဒါဟာ အောက်လမ်းကောင်ရဲ့အကြံအစည်ပေပဲ…
ကဲပါလေ….လပြည့်ညရောက်ဖို့က နောက်လေးရက်​လောက်လိုသေးတာမို့ မောင်ရင်တို့ဘက်က စောင့်ကြည့်ပေးကြပေါ့….”

“ဟုတ်ကဲ့…ကျုပ်တို့ ဦးသော်ကောင်းကို
စောင့်ကြည့်ပါဦးမယ်”

“ဟုတ်ပြီမောင်ရင်…ဒါဖြင့်ဘွားတို့သွားပါဦးမယ်…..”

“ဗျာ…ဘွားတို့ကဘယ်ကိုသွားကြမှာလဲ…
ဒီရွာကိုလာကြတာဆို”

“ဘုန်းကြီးကျောင်းရှိတဲ့နေရာကိုပဲညွှန်ပါကွယ်…
ဘွားတို့အဲ့သည်မှာပဲတည်းခိုပါ့မယ်”

“ဟာ…အဲ့သည်လိုတော့မလုပ်ပါနဲ့…
ကျုပ်တို့အိမ်မှာပဲတည်းကြပါ….
ကျုပ်ဧည့်ဝတ်ပြုချင်ပါတယ်ဗျာ….”

“ဟုတ်ပါတယ်ဘွားရယ်…
ကျုပ်တို့အိမ်မှာပဲတည်းခိုကြပါတော်…..”

သူကြီးနဲ့သူကြီးကတော်တို့မှာဘွားမယ်စိန်ကိုတားယူကြသည်။
ဘွားမယ်စိန်လည်း…

“ဒါဖြင့်လည်းကောင်းပါပြီလေ…မောင်ရင်တို့အိမ်မှာပဲဘွားတို့တည်းပါ့မယ်…ဘွားတို့ဒီမှာမတည်းတာက ဘွားတို့အကြောင်းတွေလူတွေသိရင် ဟိုအောက်လမ်းကောင်ထွက်ပြေးမှာဆိုးတာ​ကြောင့်ပါ…..”

“ဒီအတွက်စိတ်မပူပါနဲ့ဘွား…ကျုပ်ဘက်က
အမျိုးအဆွေတွေအလည်လာတာလို့ပဲပြောပါ့မယ်….”

သူကြီးကတော်က ပြောလေတော့ဘွားမယ်စိန်
ခေါင်းကိုညိတ်၍…

“ဒါဖြင့်လည်းကောင်းပါပြီကွယ်……”

ဟု…ပြောလိုက်လေတော့သည်။
နောက်တရက်၌…

“ဘွား…ကျုပ်တို့ဘာဆက်လုပ်ကြမလဲ”

မောင်တိုးကမေးသည်။
ဘွားမယ်စိန်မှာ အကြမ်းရေခွက်ကိုမော့သောက်ပြီးလေမှ…

“အခုကတော့ အခြေအနေကို စောင့်ကြည့်ကြရဦးမှာပဲကွယ်…
လပြည့်ညရောက်ရင်တော့ သူ့ပညာတွေတိုးချဲ့မယ့်တောအုပ်ကို
ဘွားတို့သွားကြရမှာပဲ”

“ခုနေသွားရင် ဘာဖြစ်လို့လဲဘွား….”

“အင်း…အခုချိန်သူရှိတဲ့တောဝင်ရင်…
သူ့ရဲ့တပည့်သရဲတွေနဲ့ဘွားတို့
အရင်ဆုံးရင်ဆိုင်ရမှာ…ဒင်းတို့ကိုရင်ဆိုင်တာလွယ်ပေမယ့်
သော်ကောင်းထွက်ပြေးမှာလည်းဆိုးရသေးတယ်လေ…”

“ဒါဖြင့်ဘွားက အဲ့သည်နေ့ကြမှ တောကိုဝင်ပြီး
အကုန်အဆုံးသတ်မယ်ဆိုတဲ့သဘောပေါ့….”

“ဒါပေါ့ကွယ်……”

မောင်တိုးတို့သည်လည်း
ဘွားမယ်စိန်ထံမှအကြောင်းစုံသိသွားကြ​တော့သည်။
သူကြီးဦးသူတော်မှာက အိမ်၌မရှိ…။
ဆေးဆရာကြီးဦးသော်ကောင်း၏အရိပ်အခြည်အားသွားရောက်အကဲခတ်နေလေသည်။

“ဘွားတို့ နေ့လယ်စာ စားကြရအောင်လေ…
ကျုပ်ထမင်းဝိုင်းပြင်ထားပြီတော့်”

သူကြီးကတော်မှ ထမင်းစားဖို့ရန်လာခေါ်သည်။

“သူကြီးကောပြန်မရောက်သေးဘူးလားဗျ”

မောင်တိုးကမေးလေတော့သူကြီးကတော် ​ဖြေဟန်ပြုစဥ်…
အိမ်ဝိုင်းထဲသို့ ခပ်သုတ်သုတ်ဝင်လာသော သူကြီးဦးသူတော်ကို
တွေ့သွားခဲ့ပြီး…

“ဟော…ဟိုမှာလာနေပါပြီ………”

သူကြီးကတော်အဖြေကြောင့် မောင်တိုးတို့လည်း
သူကြီးဦးသူတော်ဆီသို့အကြည့်ရောက်သွားကြသည်။
သူကြီးဦးသူတော်မှာ ဘွားမယ်စိန်ထိုင်နေသောနေရာဆီသို့
ရောက်လာခဲ့ပြီး…….

“ဘွားပြောသလို…ကျုပ်အခြေအနေကိုအကဲခတ်ခဲ့ပြီဗျ….”

“ပြောပါဦးမောင်ရင်…ဘာများထူးခြားသလဲ”

“မနေ့ညကတည်းက ကျုပ်ရွာထဲက မဲတူဆိုတဲ့ကောင်လေးကို
ဆေးဆရာကြီးအိမ်မှာရှိမရှိ သွားကြည့်ခိုင်းတာ
အိမ်မှာမရှိဘူးဗျ…ဒါနဲ့ကောင်လေးကို စောင့်ကြည့်ခိုင်းထား
မိတာ…မနက်အစောမှ ရွာထဲကိုခိုးကြောင်ခိုးဝှက်နဲ့ရောက်လာတယ်ဆိုပဲ…နောက်တစ်ခု…ဖိုးဥတို့လှသန်းတို့ အဲ့သည်အရက်သမားတွေ ရွာအနောက်ပိုင်းက နွားသတ်တဲ့ ငမောင့် ဆီိမှာ
မကြာခဏဆိုသလို အမဲသားတွေ
ပိဿလိုက်ဝယ်တယ်ဆိုပဲဗျ…..”

“အင်း…ဒီလောက်နဲ့လည်း မောင်ရင့်ဘက်က
မယုံနိုင်သေးဘူးမလား…ဆက်​ပြီး​တော့
စောင့်ကြည့်ပါဦးကွယ်…….”

“ကျုပ်ကယုံပါတယ်ဘွားရယ်…ဒီလူက ကျုပ်တို့ရွာမှာ
ဆေးကုသပေးတဲ့သူဆိုတော့ လက်ခံဖို့မရဲဖြစ်နေတာပါ
အခုလည်း မဲတူတို့ကောင်လေးတသိုက်ကို တိတ်တဆိတ်စောင့်ကြည့်ခိုင်းထားသေးတယ်…ဒီကောင်လေးတွေက
စပ်စပ်စုစုအရမ်းရှိ​တော့အားကိုးရပါတယ်”

“ကောင်းပါပြီကွယ်……..”

ထိုနောက်…
သူကြီးဦးသူတော်တို့လင်မယားနှင့်
ဘွားမယ်စိန်တို့တတွေ နေ့လယ်စာ စားကြတော့သည်။

နောက်တရက်၌…

“သူကြီး…သူကြီးရှိလားဗျို့……”

အသက်ဆယ့်ငါးနှစ်အရွယ်ကောင်လေးတစ်ယောက်
ခြံဝိုင်းထဲဝင်လာရင်းအော်ဟစ်နေသည်။
မောင်တိုးနဲ့မောင်အုန်းမှာထိုကောင်လေးအားကြည့်၍…

“ငါ့ညီ…သူကြီးက ရွာအရှေ့ပိုင်းခဏသွားတယ်…
မင်းကဘယ်သူတုန်း……”

“ကျုပ်ကမဲတူ…ခင်ဗျားတို့ကရော ဘယ်သူတွေတုန်း…
အရီးကရောဘယ်မှာလဲ”

မဲတူဆိုသောကောင်လေးမှာ မောင်အုန်းတို့အား မသင်္ကာသလို
မျက်နှာထားနှင့်ကြည့်လေသည်။
ကောင်လေး၏အမူအရာကိုသဘောကျနေသော မောင်တိုးမှာ…

“တို့ဘယ်သူဆိုတာအရေးမကြီးပါဘူးကွာ…
မင်းသာ လာရင်းကိစ္စပြောစမ်းပါ”

“ဟား…….ဘယ်သူဘယ်ဝါမှန်းမသိဘဲ
ကျုပ်ကပြောစရာလားဗျ…..”

“အမယ်…မင်းကအလာကြီးပါလားကွ…ဟေ”

“ဘာဖြစ်လဲဗျာ…………”

မောင်တိုး နဲ့မဲတူ တစ်ယောက်တခွန်းပြောနေကြစဥ်…

“ဘာတွေဖြစ်နေကြတာလဲကွဲ့……..”

“သြော်…ဘွား…ဘာမှမဖြစ်ပါဘူး ဒီကလေးကိုစနေတာပါ….”

“ကောင်လေး…သူကြီးဆီလာတာလား”

ဘွားမယ်စိန်မှမေးသောအခါ မဲတူသည် ဘွားမယ်စိန်ကို
ကြည့်၍…

“ဟုတ်တယ်ဗျ……”

“ဒါဖြင့်…လာထိုင်လေကွယ်…မင်းတို့သူကြီးကော
သူကြီးကတော်ပါအပြင်ထွက်သွားတယ်ကွဲ့…ယတော်နေပြန်လာမယ်ထင်တယ်…..”

“ဟုတ်ကဲ့”

မဲတူသည် မောင်တိုးအား ပေစောင်းစောင့်ကြည့်ရင်း
ဘွားမယ်စိန်ထိုင်သော ကွပ်ပျစ်သို့ဝင်ထိုင်၏။
မဲတူမှာ မသိသောသူများနှင့်ထိုင်နေရသည်မို့
အနည်းငယ်အလိုမကျနေဟန်။
ဒါကိုသတိထားမိသော ဘွားမယ်စိန်မှာ…

“ဘွားတို့က ဧည့်သည်တွေပါမောင်မဲတူရဲ့…
ဟောဒါက ဘွားရဲ့သားတပည့်တွေ…သူကမောင်တိုး…
သူကိုက မောင်အုန်းလို့ခေါ်တယ်…
လူကောင်းတွေပါကွဲ့”.

မဲတူမှာ ဘွားမယ်စိန်ပြောသည်ကိုနားထောင်ပြီးလေမှ…
မောင်တိုးတို့အား အမြင်ကြည်လာပုံရသည်။
မောင်တိုးမှလည်း မဲတူ၏ပုခုံးပေါ်၌လက်တင်ရင်း….

“ကိုကြီးတို့ကို မင်းအမြင်မကြည်နေတာလားကွ….
ကိုကြီးက မင်းကိုစနေတာပါ……”

“အဲ့လိုလည်း မဟုတ်ပါဘူးဗျာ….ကျုပ်က
လူစိမ်းတွေဆိုတော့မရောတတ်လို့ပါ”

“အေးပါကွာ…အေးပါ……”

ထို့နောက်မဲတူသည် မည်သည့်စကားမှမဆို​တော့သလို…
ဘွားမယ်စိန်သည်လည်း ခြံဝိုင်းထဲသို့ဆင်းသွားတော့၏။
ကျန်ရစ်သော မောင်တိုးနဲ့မောင်အုန်းမှာ တိုးတိုး တိုးတိုးဖြင့်
စကားကျနေခဲ့လေသည်။

ခဏမျှကြာလေသောအခါ သူကြီးဦးသူတော်နှင့် သူကြီးကတော်တို့ပြန်ရောက်လာခဲ့ကြ၏။
သူကြီးကတော်လက်အတွင်းမှာက ဟင်းချက်စရာအရွက်များပါလာခဲ့သည်။
မဲတူကိုသူကြီးဦးသူတော်တွေ့သောအခါ…

“ဟိတ်ကောင်မဲတူ…ရောက်နေတာကြာပြီလား…..”

“ကျုပ်အစောကမှရောက်တာဗျ…….”

“အေး…ဘာထူးသလဲ”

သူကြီးဦးသူတော်၏အမေးကို မဲတူမှာမ​ဖြေသေးဘဲ
မောင်တိုးတို့ကိုကြည့်နေ၏။
အသားမဲမဲ ပုကွကွ မဲတူ၏ပုံစံလေးကိုကြည့်၍
မောင်တိုးတို့မှာ ပြုံးရယ်နေကြပြီး
သူကြီးဦးသူတော်မှာက…

“ပြောပါ…ဒီဧည့်သည်တွေက တို့ရွာကို ကူညီဖို့လာကြတာ
မဲတူရ……….”

ဟုပြောလေမှသာ မဲတူခေါင်းကိုညိတ်ပြီး…

“ဟုတ်…ဒါဆိုလည်း ကျုပ်ပြောပါ့မယ်…။
ဒီလိုဗျ…သူကြီးပြောသလို ကျုပ်ကိုဖိုးဥတို့ ကိုသန်းလှတို့ကို မသိမသာ
သွားရောတယ်ဗျ…ဒီလူတွေနဲ့အသာညာပေါင်းတော့
ဒီလူတွေပြောတာတွေကျုပ်သိရတာပေါ့ဗျာ……”

ရှည်လျားနေသော မဲတူစကားမှာလိုရင်းမရောက်သေး။
သို့ပေမယ့် သိချင်နေကြသော သူကြီးဦးသူတော်တို့မှာ
စောင့်စား၍သာနေကြ၏။

“သူတို့ကပြောတယ်ဗျ…လပြည့်ညကိစ္စပြီးရင်
သူတို့အိုးပိုင်အိမ်ပိုင်ရပြီဆိုပဲ”

“ဟေ…အိုးပိုင် အိမ်ပိုင်ရမယ်ဟုတ်လား”

“ဟုတ်တယ်သူကြီး…ကျုပ်ကဘာကြောင့်လဲဆိုပြီးမေးတာ..
မေးတာကိုမဖြေဘဲစကားရှောင်ကြတယ်ဗျ”

“အင်း…တစ်ခုခုတော့တစ်ခုခုပါကွာ…………”

မောင်တိုးနဲ့မောင်အုန်းမှာ စကားသွက်လှသော မဲတူကို
ကြည့်၍ သဘောတွေ့နေကြသည်။

“သူတို့အိုးပိုင်အိမ်ပိုင်ရမယ်ဆိုတာ သူတို့ဆရာသမားက
ဒီရွာကထွက်သွားတော့မှာမို့ သူ့တပည့်တွေကို သူပိုင်သမျှပေးခဲ့တာပဲကွဲ့…….”

“ဘွားရောက်လာပြီ”

ဘွားမယ်စိန်ရောက်လာလေတော့ အားလုံးအကြည့်မှာ
ဘွားမယ်စိန်ထံသို့ရောက်လာကြတော့၏။

“ဘွားပြောသလိုဆိုရင် ဒီဦးသော်ကောင်းက လပြည့်ညပြီးရင်ဒီရွာမှာမရှိတော့ဘူးပေါ့”

သူကြီးဦးသူတော်၏အမေးအား
ဘွားမယ်စိန်ခေါင်းညိတ်ပြလိုက်သည်။
သူကြီးဦးသူတော်မှာထိတ်လန့်သွားပြီး…

“ဒါဆို…ကျုပ်တို့ဘာဆက်လုပ်ရမလဲဘွား”

“ဘာဆက်လုပ်ရမလဲဆိုတာထက်…သော်ကောင်းသာ
ရှိရင်းစွဲပညာထက်ပိုမြှင့်သွားရင် သူသွားလေရာမှာရှိတဲ့လူတွေ
ဘေးတွေ့ကြရမှာပဲ…ဒီတော့ လပြည့်ညမှာ သူရှိတဲ့တောကိုဝင်ပြီး ဘွားတို့ သူ့ကိုရှင်းပစ်ရမှာပဲမောင်ရင်………”

“ဘွားတို့ပဲဆိုဖြစ်ပါ့မလား……”

“ဒီအတွက်မပူလေနဲ့ကွယ်…ဘွားဘက်ကလည်း
သေချာပြင်ဆင်ထားပါတယ်….”

“ဟုတ်ကဲ့ဘွား……..”

ဘွားမယ်စိန်တို့စကားဝိုင်း၌နားထောင်နေသော
မဲတူမှာ ဘွားမယ်စိန်နှင့်မောင်တိုးတို့အား ခင်မင်လာပုံရသည်။

“မဲတူ…ကိုကြီးကိုရွာထဲအလည်ခေါ်ပါလား”

မောင်တိုးမှပြောသောအခါ…

“ရတာပေါ့ ကိုကြီးတိုးရ…ဘယ်သွားချင်လဲ…
ကျုပ်လိုက်ပို့ပါ့မယ်……”

“ရွာသူအချောလေးတွေရှိရာပေါ့ကွာ…….”

“ကျုပ်တို့ရွာသူတွေကချောတော့ချောပါတယ်ဗျ…
ဒါပေမယ့် ….ကိုကြီးတိုးလိုလူချောဆို သူတို့က ပိုခင်ကြမှာရယ်…ဘာလို့ဆိုကျုပ်တို့ရွာသားတွေက ရုပ်ဆိုးပန်းဆိုးတွေများလို့ဗျ……..”

“ဟား…ဟား…ဟား….အဲ့လောက်တောင်လားကွာ…..”

တွေ့စကနှင့်မတူ ဖော်ရွေလာသော မဲတူနှင့်
မောင်တိုးတို့မှာခင်မင်သွားကြတော့သည်။
မဲတူမှာလည်း မောင်တိုးတို့နှစ်ယောက်အားရွာထဲသို့အလည်ခေါ်ပြီး သူကြီးကတော်၏တူများဟုမိတ်ဆက်ပေးလေသည်။
မောင်တိုးတို့မှာလည်း မဲတူနှင့်ရွာထဲလည်လိုက်၊
ဦးသော်ကောင်းတို့၏အရိပ်အခြည်အားကြည့်လိုက်ဖြင့်
အချ်န်ကုန်ဆုံးလာခဲ့ကြသည်။

******************************

လပြည့်ညသို့ရောက်လာခဲ့လေပြီ…….။

“ရော့…ဒါမောင်ရင်တို့လက်မှာဝတ်ဆင်ထားကြ…
ဘာတွေ့တွေ့မကြောက်လေနဲ့ နာနာဘာဝတွေရဲ့အန္တရာယ်က
ကာကွယ်ပေးလိမ့်မယ်……”

“ဟုတ်ကဲ့ဘွား….”

ဘွားမယ်စိန်ပေးသော ကြိုးအဖြူရောင်လေးများကို
မောင်တိုးတို့သည်မိမိတို့၏လက်၌ ချည်နှောင်ထားကြတော့၏။
သူကြီးဦးသူတော်တို့လင်မယားမှာလည်း
ရင်တထိတ်ထိတ်ဖြင့်…
ရွာ၌ ဦးသော်ကောင်း၏အကြောင်းအားသိသူမှာ
သူကြီးဦးသူတော်တို့လင်မယားနှင့်မဲတူတို့အုပ်စုသာရှိ၏။
ကျန်လူများကိုတော့ဖြင့် ပြောမထားကြသေးပေ။

“ကျုပ်တို့ဘက်ကရောဘာကူညီပေးရမလဲဘွား”

“မောင်ရင်တို့ဘက်ကဘွားတို့ပြန်မလာသေးသ၍
ရွာတံခါးနားကပဲစောင့်ပေးကြပါ…ဒါဆိုရင်ရပါပြီကွယ်…”

“ဟုတ်ကဲ့ဘွား………”

သူကြီးဦးသူတော်တို့ကို ဘွားမယ်စိန်တို့တောထဲဝင်သည်နှင်ရွာသူ၊ရွာသားတို့အား ဦးသော်ကောင်း၏အကြောင်းကိုပြောပြစေဖို့ရန်ဘွားမယ်စိန်မှာကြားခဲ့သည်။

ထိုသို့ဖြင့် ဘွားမယ်စိန်သည် သူ၏လက်စွဲတော်တောင်ဝှေးကိုထောက်…ချည်လွယ်အိတ်လေးကိုလွယ်၍ မောင်တိုး၊မောင်အုန်းတို့ကိုခေါ်ဆောင်ကာ ရွာရှေ့တံခါးမှထွက်ကြတော့သည်။
ရွာပြင်သို့ရောက်တော့…

“ကိုကြီးတိုး…ကိုကြီးတိုး……နေပါဦးဗျ………”

“ဟင်….မဲတူအသံပဲ…….”

နောက်ပါးမှခေါ်သံကြောင့်မောင်တိုးတို့​
ခြေလှမ်းရပ်တန့်သွားကြသည်။

မလှမ်းမကမ်းမှတရိပ်ရိပ်လျှောက်လာသော သူသည်အနီးသို့ရောက်လာလေသောအခါ…

“ဟာ…မဲတူပဲ…ဘာလို့လိုက်လာတာလဲကွ”

မောင်တိုးမေးလေသောအခါ မဲတူမှ…

“ကျုပ်လိုက်ချင်လို့ပါဗျာ…ကျုပ်ကိုလည်းခေါ်ပါဗျ”

မဲတူမှတောင်းဆိုသောအခါ မောင်တိုးတို့သည်
ဘွားမယ်စိန်ကိုကြည့်ကြတော့၏။
ဘွားမယ်စိန်မှ…

“ကဲပါကွယ်….လိုက်ချင်တယ်ဆိုလည်းလိုက်ခဲ့
ဘွားတို့လည်း အချိန်မရှိဘူး…ရော့…ရော့…
ဒီအဆောင်ကြိုးလေးလက်မှာဝတ်ထား….
မောင်တိုးတို့က ညီလေးကိုစောင့်ရှောက်ကြပေါ့…..”

“ဟုတ်ကဲ့ဘွား……”

မဲတူမှာပျော်ရွင်သွားတော့သည်။
ဘွားမယ်စိန်ပေးသောအဆောင်ကြိုးကိုဝတ်ဆင်ပြီးသည်နှင့်
မောင်တိုးနဲ့မောင်အုန်းကြားမှလိုက်ပါခဲ့တော့၏။

မောင်တိုးနဲ့မောင်အုန်းမှာ ငှက်ကြီးတောင်ဓားတစ်လက်ဆီ၊မီးတုတ်တချောင်းဆီကိုင်ဆောင်ထားကြသည်။
ရှေ့မှဘွားမယ်စိန်မှာ တောင်ဝှေးကိုထောက်၍ ခပ်သွက်သွက်သွားနေတော့၏။
တောအတွင်းစဝင်သည်နှင့်…..

“ဖလပ်…..ဖလပ်….ဖလပ်……….”

ငှက်များဆူညံစွာဖြင့်ထပျံကြသည်။
ဘွားမယ်စိန်သည်
ပတ်ဝန်းကျင်အခြေအနေကိုကြည့်ပြီး…

“ဘာကောင်မြင်မြင်မကြောက်ကြလေနဲ့…မောင်ရင်တို့မှာ
အဆောင်ကြိုးတွေရှိသ၍ မောင်ရင်တို့ကို
သူတို့ထိခိုက်အောင်မလုပ်နိုင်ဘူး…​
အသွင်ပြခြောက်လန့်ယုံပဲရလိမ့်မယ်…..”

“ဟုတ်ကဲ့……ကျုပ်တို့ကိုစိတ်ချပါဘွား…”

မောင်တိုးအဖြေကိုဘွားမယ်စိန်ခေါင်းညိတ်၍
ရှေ့ဆက်လျှောက်သွားတော့သည်။
ဘွားမယ်စိန်သည် ထိုတောကို အိမ်မက်အတွင်း၌
သွားလာဖူးသည့်လမ်းလေးအတိုင်းပင်သွားလေသည်။

“ဟား….ဟားး….ဟားး….ဟားးး………..”

ရယ်မောသံအကျယ်ကြီးထွက်ပေါ်လာသည်။
သို့သော် ဘွားမယ်စိန်​ခြေလှမ်းကိုမရပ်….
ဆက်လျှောက်၏။

မီးတုတ်များအလင်းကြောင့်မြင်ရသောပတ်ဝန်းကျင်၌
မည်းမည်းသဏ္ဌာန်တို့မှာလည်း တစတစပိုမိုများလာ၏။
သို့သော် မောင်တိုးတို့အနီးသို့တိုးကပ်မလာရဲကြ။
နံဘေးဆီမှသာလိုက်ပါလာကြသည်။
မဲတူမှာ ထိုအရာများကိုကြည့်၍ တံတွေးများအတင်း
မြိုချနေရှာသည်။

မည်းမည်းသဏ္ဌာန်တို့ကိုဘွားမယ်စိန်ကြည့်၍​ခြေလှမ်းကို
ရပ်တန့်လိုက်ပြီး သူ၏တောင်ဝှေးကို
မြေပေါ်သို့ဆောင့်ချလိုက်ကာ…

“ဒုတ်…………”

“မဆိုင်တဲ့အရာတွေဖယ်ကြ….ရှားကြ….
အခုလာတာ ယုတ်ညံ့တဲ့အကောင်ကိုရှင်းလင်းပစ်ဖို့ပဲ….
ဝင်မပါကြလေနဲ့…ဝင်ပါကြရင်
မယ်စိန်အကြောင်းသိစေရမယ်….”

ဟု…မာန်ပါပါ ပြောလေသောအခါ….
မည်းမည်းသဏ္ဌာန်တို့မှာ ချက်ချင်းဆိုသလိုပျောက်ကွယ်သွားကြတော့သည်။

ထိုအခါမှအားလုံးရှေ့သို့ဆက်လျှောက်လာကြတော့၏။
နောက်ဆုံးတောင်ကုန်းထိပ်ရှိ တဲအိုကြီးရှေ့သို့ရောက်လာကြသောအခါ..တဲအိုကြီးအတွင်းမှ
မှုန်ပြပြမီးရောင်များကို
မြင်လိုက်ကြရသည်။
ထို့ပြင်တဲအတွင်းမှ လူနှစ်ယောက် ဓားကိုယ်ဆီဖြင့်
အပြေးတပိုင်းထွက်လာကြသည်ကိုမြင်သောအခါ….

“ဘွား….ဒီကောင်တွေကို ကျုပ်တို့ရှင်းမယ်…….”

မောင်တိုးနဲ့မောင်အုန်းမှာ မီးတုတ်များအား
မဲတူထံသို့ပေးအပ်ခဲ့ပြီး…ဖိုးဥနဲ့သန်းလှကို ရင်ဆိုင်ဖို့ပြင်လေသည်။
ဖိုးဥနဲ့သန်းလှမှာ မောင်တိုးတို့နှင့်အတူလိုက်ပါလာသော
မဲတူကိုမြင်သောအခါ…

“သြော်…….မဲတူ….မင်းကဒီကောင်တွေကိုခေါ်လာတာကိုးကွ
နေနှင့်ဦး…ဒီကောင်တွေကိုရှင်းပစ်ပြီးတာနဲ့မင်းငါတို့အကြောင်းသိစေရမယ်………”

ဟု ပြောရင်းမောင်တိုးတို့နှင့်ဓားချင်းယှဥ်ခုတ်ကြတော့သည်။
အရက်သမားများဖြစ်တာမို့ မောင်တိုးတို့ကြာရှည်မတိုက်ခိုက်လိုက်ရပေ။
နောက်ဆုံးမှာတော့ ဖိုးဥနဲ့သန်းလှတို့ကို နွယ်ကြိုးဖြင့်တုတ်နှောင်ကာထိုနေရာ၌ ထားခဲ့လိုက်ကြတော့သည်။
တဲအိုကြီးအတွင်းသို့ဝင်ဖို့ဟန်ပြင်နေစဥ်…

“ဝုန်း……..”

တဲနံရံကြားမှ ထိုးထွက်လာသော လူကြီးတစ်ယောက်…
ထိုလူကြီးသည် တောက်ပသောမျက်လုံး….
ခက်ထန်လှသော အသွင်တို့ဖြင့်
ဘွားမယ်စိန်တို့အားကြည့်လေသည်။
အကြောင်းသိပြီးသော ​မောင်တိုးတို့မှာ မဲတူကိုခေါ်ဆောင်၍
ခပ်လှမ်းလှမ်းဆီသို့ သွားကြတော့သည်။

“နင်က ဘယ်သူတုန်း……
ငါ့အစီအရင်ပျက်အောင်ဘာကြောင့်လာနှောက်ယှက်ရတာလဲ”

“ငါ့နာမည်က မယ်စိန်….လူတွေကိုအောက်လမ်းအတတ်နဲ့သတ်နေတဲ့နင်လို ကြေးစားအောက်လမ်းကောင်ကို လာရှင်းတာပဲ”

“အမယ်……..နင်က ငါ့အကြောင်းတွေသိလှပါလား…
ငါ့ပညာအကြောင်းတော့နင်သိမယ်မထင်ဘူးမယ်စိန်…
နင်အခုနေ အညံ့ခံလိုက်ရင် ငါ့မယားမဖြစ်နိုင်ပေမယ့်…
ငါ့တပည့်မတော့နင်ဖြစ်လိမ့်မယ်ဟဲ့……”

“နင့်ပညာတွေကိုငါအဆုံးသတ်ပေးရလိမ့်မယ်
အောက်လမ်းသော်ကောင်း……..”

“ဟား…….ဟား….ဟားးးး….ဟားးးး…..ဟားးးး…..
စမ်းကြည့်လိုက်စမ်း………”

အောက်လမ်းသော်ကောင်းသည် သူ၏မျက်လုံးအတွင်းမှ
စက်များကိုထုတ်၍ ဘွားမယ်စိန်ကိုတိုက်ခိုက်တော့၏။
သတိဖြင့်နေ​သောဘွားမယ်စိန်မှာ စက်တန်းများကို
တောင်ဝှေးဖြင့် တားဆီးယူလိုက်လေသည်။
အောက်လမ်းသော်ကောင်းမှာလည်း သူ၏စက်များကို
ဘွားမယ်စိန်ထံသို့ရောက်စေဖို့ အားကုန်သုံးနေလေသည်။
ဘွားမယ်စိန်မှာတောင်ဝှေးဖြင့်စက်များကိုတားဆီးရင်း
နှုတ်မှဂါထာအချို့ရွတ်ဆိုနေသည်။
ဂါထာရွတ်ပြီးသည်နှင့်အောက်လမ်းသော်ကောင်း၏စက်များကိုတောင်ဝှေးဖြင့်အားကုန်တွန်းထုတ်ပစ်လေရာ…
အောက်လမ်းသော်ကောင်း၏စက်တန်းမှာ
ပျက်ထွက်ကုန်လေသည်။
အောက်လမ်းသော်ကောင်းတစ်ယာက်
သူ၏စက်တန်းပျက်ထွက်လေသောအခါ
မယုံကြည်နိုင်စွာတုန်လှုပ်သွားတော့၏။
ထိုသို့တုန်လှုပ်နေသော အောက်လမ်းသော်ကောင်းသတိမမူမိချိန်၌ ဘွားမယ်စိန်သည် သူ၏တောင်ဝှေးကိုအောက်လမ်းသော်ကောင်း၏ ခေါင်းဆီသို့ပစ်သွင်းလိုက်လေရာ အောက်လမ်းသော်ကောင်းခမျာမြေပေါ်သို့ဖင်ထိုင်ရက်
ကျသွားတော့သည်။
တောင်ဝှေးမှာလည်းဘွားမယ်စိန်ထံသို့ပြန်ရောက်လာချိန်
ဘွားမယ်စိန်သည် အောက်လမ်းသော်ကောင်း၏ခေါင်းအထက်၌
တောင်ဝှေးကိုတင်၍….

“နင့်ထက်ပညာထက်တဲ့ကောင်တွေ​တောင်
ငါအဆုံးသတ်ပေးလိုက်ရတာ…
နင့်လောက်ကတော့မပြောပလောက်ဘူး
အောက်လမ်းသော်ကောင်းရဲ့”

ဟုဆိုကာ အောက်လမ်းသော်ကောင်း၏နှလုံးတည့်တည့်သို့ တောင်ဝှေးဖြင့်ဆောင့်ချလိုက်တော့သည်။

“အား……..”

“အွတ်…..”

အောက်လမ်းသော်ကောင်းတစ်ယောက်ပါးစပ်မှ
သွေးများပန်းထွက်လာပြီး…
မျက်လုံးအပြူးသားဖြင့် လဲကျသွားတော့သည်။
ငြိမ်သက်သွားသော အောက်လမ်းသော်ကောင်းကို
ဘွားမယ်စိန်စိုက်ကြည့်ပြီး…

“လူတွေကိုကောင်းကျိုးမပြုတဲ့အရာတွေကို
ဖယ်ရှားပေးရတာငါ့တာဝန်ပဲ…နင်လိုကောင်ကိုအသက်ရှင်ခွင့်ပေးလိုက်ရင်…နောင်မှာပိုပြီးအကျိုးယုတ်လိမ့်မယ်…
အခုတော့သွားပေဦးတော့အောက်လမ်းသော်ကောင်းရေ…
နင့်လုပ်ရပ်တွေအတွက်ငရဲကအသင့် ကြိုဆိုနေလိမ့်မယ်…..”

ဟု……ပြောပြီးထိုနေရာမှထွက်လာခဲ့တော့သည်။
မောင်တိုးတို့သုံးယောက်မှာလည်းဘွားမယ်စိန်ကို
ဝမ်းသာအားရကြည့်နေကြသည်။

“ကဲ….ဟိုနှစ်ကောင်ကိုခေါ်ပြီး
သူကြီးလက်အပ်လိုက်ကြပေတော့…….”

“ဟုတ်ကဲ့ဘွား……..”

ဖိုးဥနှင့်သန်းလှကို နွယ်ကြိုးများနှင့်တုတ်နှောင်လျက်ပင်
ရွာသို့ခေါ်လာခဲ့ကြသည်။
မဲတူမှာတော့ ရွာသူကြီးဦးသူတော်အပါအဝင်
ရွာသူ၊ရွာသားအားလုံးကို သူတွေ့ခဲ့ရသောဘွားမယ်စိန်နှင့်အောက်လမ်းသော်ကောင်းအကြောင်းအား ဝမ်းသာအားရပြောပြလေရာ…အားလုံးမှာ တအံ့တသြနားထောင်ကြရှာသည်။

“မောင်ရင်တို့လည်းတောထဲဝင်မယ်ဆိုရင် ဝင်လို့ရပါပြီ…
ဘာအနှောက်အယှက်မှမရှိဖို့ ဘွားစီရင်ပေးထားပြီ”

“ဟုတ်ကဲ့ဘွား….ကျေးဇူးတင်ပါတယ်ဗျာ….”

“ဒါနဲ့….ဟိုအောက်လမ်းသော်ကောင်းအလောင်းကို
သေချာမြုပ်နှံပေးလိုက်ကြဦးကွဲ့……..”

“ဟုတ်ကဲ့ဘွား…ကျုပ်တို့မနက်ကျမှသွားလိုက်ပါ့မယ်….”

“အေးကွယ်….အေး……အေး……”

ကန်စွန်းအိုင်ရွာ၌ ဘွားမယ်စိန်အကြောင်းများပြောမကုန်နိုင်အောင်ဖြစ်ကြတော့သည်။
လေးစားလွန်းလို့ပါ….ရိုသေလွန်းလို့ပါဆိုပြီး
ဟင်းများ…ထမင်းများ တဖွဲဖွဲလာပေးကြရာ သူကြီး၏နေအိမ်၌ ပစ္စည်းများကပြည့်လျှံ၍နေလေသည်။
ထိုရွာ၌နောက်တစ်ရက်မျှနေပြီးသည်နှင့်ဘွားမယ်စိန်တို့
ပြန်ဖို့ပြင်ဆင်ကြတော့သည်။
ငွေကြေးများကန်တော့လေသောအခါ ဘွားမယ်စိန်ငြင်းပယ်ထားခဲ့ပြီး…ဆန်များ…ပဲများ….
လက်ဆောင်ပစ္စည်းများကိုသာယူဆောင်စေခဲ့သည်။
ထိုအရာများအားလည်း သားတပည့်များဖြစ်သော
မောင်တိုး…မောင်အုန်းတို့ကိုခွဲဝေပေးလိုက်ရှာ၏။

ပြီးပါပြီ။