နောင်ဘဝမကူးသောဝဋ်

ပြတ်နေတယ်။ဘယ်လိုပါလိမ့်”
ယင်းသို့တွေးမိပေမင့် မေးရမှာအားနာမိသောကြောင့် မမေးဖြစ်လိုက်ပါချေ။
သို့ဖြင့် ညနေစောင်းအချိန်သို့ရောက်တော့ ကျွန်တော်လည်း ပျင်းပျင်းရှိသည်မို့ မနက်က ထိုင်ခဲ့သည့် ဘူတာမှလက်ဖက်ရည်ဆိုင်သို့ထွက်လာခဲ့ပါသည်။
ဆိုင်ရှင်ကလည်း ကျွန်တော့်ကိုမြင်မြင်ချင်းမှတ်မိသွားပါသည်။
“သြော် အစ်ကို ဟိုလူ့အိမ်မှာလိုက်တည်းရတာအဆင်ပြေလား”
“အင်း ပြေပါတယ်။ဒါနဲ့အဲဒီအိမ်က သူ့ဦးလေးဆိုတဲ့သူရော၊သူတို့မွေးထားတဲ့ခွေးလေးကပါ ခြေထောက်ကိုယ်စီပြတ်နေတယ်။အဲဒါတော်တော်ထူးနေတယ်”
ကျွန်တော်သိချင်သည့်ကိစ္စကိုအဖြေသိရလို သိရငြား ထိုသို့ပြောကြည့်တော့ ဆိုင်ရှင်က အောက်ပါအတိုင်းပြန်လည်ပြောပြပါသည်။
“ဒီလိုဗျ။အဲဒီဦးလေးနာမည်က ဦးလှမြင့်တဲ့။အရင်တုန်းက သူက ရထားတွဲတွေပေါ်ဈေးလိုက်ရောင်းတဲ့ရထားဈေးသည်ပေါ့ဗျာ။လွန်ခဲ့တဲ့သုံးနှစ်လောက်က သူရထားပေါ်ဈေးရောင်းထွက်ခါနီး ညနေဈေးရောင်းက ပြန်လာရင်စားဖို့ဆိုပြီး ကြက်သားဟင်းချက်ထားခဲ့တယ်။
ဒီလိုနဲ့ ညနေဈေးရောင်းက ပြန်လာတော့ ထုံးစံအတိုင်း ဘူတာဘေးနားကဆိုင်မှာ အရက်ဝင်သောက်တယ်။အဲဒီနေ့က အဖော်လည်းစုံသွားတော့ ခါတိုင်းထက် ပိုသောက်၊ပိုမူးပြီး ပြန်သွားတယ်။
အိမ်ရောက်တော့ မနက်က ချက်ထားခဲ့တဲ့ကြက်သားဟင်းတွေကိုကြည့်တော့ ဟင်းအိုးက မှောက်နေပြီ။ကြက်သားလည်း တစ်တုံးမှမရှိတော့ဘူး။ခွေးစားလို့ကုန်ပြီ။
အဲဒီမှာသူလည်း အရက်မူးလာတာရော၊ဗိုက်ဆာတာရောပေါင်းပြီး ဒေါသတွေထွက်သွားတယ်။
ဒါကြောင့် အိမ်အပြင်ဘက်ထွက်ပြီး ခွေးကိုချော့ပြီးခေါ်တယ်။ခွေးကလည်း အစာကျွေးဖို့ခေါ်တယ်မှတ်ပြီး အနားကိုရောက်လာတယ်။
အဲဒီတော့မှ ”ငါစားဖို့ချက်ထားတဲ့ဟင်းတွေ မင်းစားလို့ကုန်ပြီ။ဒီတော့ မင်းကိုငါကပြန်သတ်စားရတော့မယ်”ဆိုပြီး အနားမှာရှိတဲ့ ထင်းခုတ်ဓားနဲ့ကောက်ခုတ်လိုက်တော့ ခွေးကလည်း ကြောက်လန့်ပြီး ပြန်လှည့်အပြေးဆိုတော့ နောက်ခြေထောက်တစ်ချောင်းကိုပဲခုတ်မိပြီး ပြတ်ကျန်ခဲ့တယ်။
ခွေးလည်းထော့နဲ့ ထော့နဲ့နဲ့ တဂိန်ဂိန်အော်ပြီး သွေးရူးသွေးတန်းလျှောက်ပြေးနေတော့တာ။
အဲဒီတော့မှ သူလည်း တော်တော်စိတ်မကောင်းဖြစ်သွားပြီး ထမင်းလည်းမစားနိုင်တော့ဘူး။အရက်သောက်ထားတာတောင် အဲဒီညမှာအိပ်မပျော်တော့ဘူး။
နောက်တစ်နေ့မနက် ရထားလာတော့ သူလည်း ထုံးစံအတိုင်း ရထားတွဲတွေပေါ်ဈေးလိုက်ရောင်းတယ်။
အဲဒီမှာ ညကအိပ်မပျော်ဖြစ်တာရော၊အရက်နာကျတာရောပေါင်းပြီး ဘယ်လိုဖြစ်တာလဲမသိဘူး။တစ်သက်လုံး ရထားတွဲတွေပေါ်ခုန်ကူးပြီးဈေးရောင်းလာခဲ့တာ။အဲဒီမနက်ကျမှ ခြေချော်လက်ချော်ဖြစ်ပြီး ရထားတွဲပေါ်ကပြုတ်ကျသွားတယ်။
ထူးဆန်းတာက တွဲနှစ်တွဲကြားထဲပြုတ်ကျသွားခဲ့ပေမယ့် တခြားဒဏ်ရာတစ်ခုမှမရဘဲ ညာဘက်ခြေထောက်ကိုပဲရထားဘီးကတက်ကြိတ်သွားပြီး တိတိရိရိပြတ်သွားတော့တာ။
ကြည့်ရတာ ဝဋ်က နောင်ဘဝအထိတောင်မကူးဘဲ နေ့ချင်းညချင်းလည်ပစ်လိုက်တာများလားမပြောတတ်ပါဘူး။
အဲဒီနောက် သူလည်းနောင်တတွေရသွားပြီး အရက်လုံးဝမသောက်တော့ဘူး။ဈေးလည်းမရောင်းနိုင်တော့ဘူး။သူ့တူလေးရဲ့လုပ်စာပဲထိုင်စားနေရင်း ..တစ်နေကုန်သူ့ခွေးနဲ့ပဲ အချိန်ကုန်နေတော့တာ။
သူ့တူကလည်း မိဘတွေမရှိ၊နေစရာလည်းမရှိတော့လို့ သူနဲ့လာနေတာ။
ဒီတော့ နေစရာမရှိတဲ့သူက နေစရာအတွက်မပူရတော့သလို၊လုပ်မစားနိုင်တော့တဲ့သူ့အတွက်ကလည်း စားစရာမပူရတော့ဘူးပေါ့”
အဖြစ်အပျက်တွေကိုပြောပြပြီးသည့်နောက် ဆိုင်ရှင်လည်း ရေနွေးကြမ်းကိုငှဲ့သောက်လိုက်ပါသည်။
ထိုအခါမှကျွန်တော်လည်း လက်ဖက်ရည်သောကိဖို့သတိရသွားပြီး မှာယူသောက်လိုက်ရပါသည်။
ပြီးနောက် ကျသင့်ငွေကိုရှင်း၍ ဆိုင်ရှင်ကိုနှုတ်ဆက်ကာ ပြန်လာခဲ့တော့သည်။
အိမ်သို့ရောက်တော့ ဦးလှမြင့်သည် သူ၏ခွေးလေးကိုသာပွတ်သပ်ပေးနေသည်ကိုတွေ့ရပါသည်။
သူ့ပုံစံက ရွှင်ရွှင်ပြပြဖြစ်မနေပါ။
ကြည့်ရသည်မှာ သူခြေထောက်ပြတ်ခဲ့ရသည်ထက် ခွေးကိုလက်လွတ်စပယ်ပြုလုပ်ခဲ့သည့်လုပ်ရက်အတွက်သာ နောင်တရနေခြင်းဖြစ်ပါလိမ့်မည်။
နောက်တစ်နေ့ရောက်တော့ ဘူတာမှသံချောင်းခေါက်သ့ထွက်ပေါ်လာသည်မို့ ကျွန်တော်လည်း ၎င်းတို့တူဝရီးနှစ်ယောက်ကိုနှုတ်ဆက်ပြီး ဘူတာရုံသို့ခပ်သွက်သွက်လျှောက်လာခဲ့ပါသည်။
သို့သော်လမ်းခုလတ်သို့အရောက်တွင် ဦးလှမြင့်ကို စိတ်မကောင်းစွာဖြင့် သမင်လည်ပြန်လှည့်၍ကြည့်မိပါသည်။
ဦးလှမြင့်ကမူ သူ၏ခွေးကိုသာ လက်ဖြင့်သနား ယုယစွာ ပွတ်သပ်ပေးနေပါတော့သည်။
(ဝန်ခံချက်။ ။ကျွန်တော်၏ “ဝဋ်”ဝတ္ထုတိုကို လျှို့ဝှက်ဆန်းကြယ်pageမှcopyကူး၍ပြန်လည်ဖော်ပြရာ စာဖတ်ပရိသတ်တစ်ယောက်မှ သူခရီးသွားရင်း ကြုံခဲ့ရသည့်အထက်ပါ
အဖြစ်အပျက်ကိုဝင်မန့်လေရာ ကျွန်တော်ကလည်း ဤအဖြစ်ကိုဝတ္ထုအဖြစ်ပြန်ရေးလိုကြောင်းခွင့်တောင်းလေရာ ၎င်းကလည်းခွင့်ပြုခဲ့ပါသည်။
စင်စစ်သော် ကျွန်တော်သည် အဖြစ်အပျက်တွေကို ဇာတ်လမ်းဆင်၍ပြန်ရေးလေ့ရှိပေမင့် ယခုသူပြောပြသည်မှာ တကယ့်သဘာဝကျကျဖြစ်သည်မို့ ပြောပြ သည့်အတိုင်းကိုသာ ဖတ်ရှု၍အဆင်ပြေအောင် ပြန်လည်ရေးသားလိုက်ရခြင်းဖြစ်ပါသည်။)
အားလုံးအေးချမ်းပါစေ…။
ဆရာဆွေ(တောင်တွင်း)