တစ္ဆေအို

မိန်းမဆန်လိုက်တာလို့ အပြောခံရမှာစိုးလို့သာ အောင့်အည်းနေရတာ ။ လုံးလုံး မျက်နှာကြော မတည့်ဘူး ။

ဒါတောင် … ဒင်းက ‘ ကိုကြီး …သမီး အခန်းက မီးလုံး ဘာဖြစ်မှန်း မသိဘူး ကြည့်ပေးပါဦး ‘ တို့။

‘ ကိုကြီးရေ … ဒီနေ့ သမီး ဝက်စအုကြော် ကြော်ထားတယ် ။ ခဏနေ ပူပူလေး လာစားလိုက်နော် ‘ နဲ့ ။ သူနဲ့ ကျနော်ပဲ တရင်းတနှီး ရှိနေသလိုလို လာခေါ်နေသေးတယ်။ ကျနော်က သူ့စကားဆို မကြားသလိုကို ခပ်ကင်းကင်း နေပစ်လိုက်တာပဲ ။

ဆံပင်က ဂုတ်ပေါ် ခပ်ဝဲဝဲ ၊ တော်နေကြာ ဖြောင့်လာလိုက် ၊ တော်နေကြာ ကောက်လာလိုက်နဲ့ ။ လူက တင်မရှိ ၊ ရင်မရှိနဲ့ ဝါးခြမ်းပြား အဝတ်ကပ်ထားသလိုမျိုး ။ ဘာတဲ့ အဲ့တာတောင် ဒင်းက သူ့ကိုယ်သူ ဘာပြောတယ်ထင်လဲ ။ ခုခေတ်က ကိတ်စရာမလိုဘူး ကိုကြီးရေတဲ့ ။ မျက်နှာလေး လှနေပြီး၊ ဝတ်တတ်စားတတ်ဖို့နဲ့ ကျန်းမာဖို့ပဲ လိုသတဲ့ ။ ဟုတ်နေရောပဲ ။ ရိုက်လိုက်တဲ့ ဆယ်ဖီကလည်း နောက်ဖေးက ရေချိုးကန်တောင် မရှောင်ဘူး ။ အားတိုင်း ရိုက်တင်နေတာ ။

ပြောသာ ပြောရတာပါ ၊ ကောင်မလေးက မျက်နှာလေးကတော့ တကယ် ကြည့်ပျော် ရှု့ပျော် ရှိပါတယ်။ စပ်စပ်စုစုနဲ့ ဟိုပါဒီပါလုပ်တာကို ကျနော်က မြင်ပြင်းကပ်တာ။ တန်ဖိုးကြီး အဝတ်တွေ မဟုတ်ပေမယ့် ကောင်မလေးက ဝတ်တတ်စားတတ်တယ်လို့ ပြောရမယ်။ သူ့ကိုယ်လုံးလေးနဲ့ လိုက်ဖက်မယ့် အဝတ်လေးတွေ ရွေးဝတ်တော့ ၊ ရပ်ကွက်ထဲက အကောင်တွေရဲ့ မျက်လုံးထဲ ပသာဒ ဖြစ်ပုံပဲ ။ ညဘက်ဆို ကျနော်တို့ အိမ်ရှေ့လမ်းမှာ ဂစ်တာလာတီးကြတဲ့ ကာလသားတသိုက်ကြောင့် ကျနော် နည်းနည်း အာရုံနောက်ရသေးတယ်။

ဘာတဲ့ ။ ဒင်းနာမည်ကလည်း ခပ်ဆန်းဆန်းရယ် ။မိခင်လွမ်း တဲ့ ။ အပြည့်စုံခေါ်ရင် မမိခင်လွမ်းပေါ့ ။ ဘယ်ဘဝက ရေစက်လည်း မသိပါဘူး ။ အဲ့ဒီ မတည့်တာလေးနဲ့မှ ကျနော့်မှာ တစ်အိမ်တည်း အတူနေနေရတယ် ။ အတူ နေရတယ်ဆိုလို့ တစ်မျိုး အထင်မလွဲလေနဲ့ ။အိမ်ရှေ့မှာ အဖေရှိစဉ်ကာလတုန်းက ဆောက်ထားတဲ့ သီးသန့် အလုပ်ခန်းလေးက အဖေမရှိတော့တဲ့ နောက်ပိုင်း၊ ပိုနေတာပေါ့။ ဒါနဲ့ အမေက အဲ့ကောင်မလေးကို အငှားထားလိုက်တာလေ။ ‘လူမနေတဲ့ အတူတူ အပိုဝင်ငွေလေးရတော့ ဈေးဖိုးလေး ဖာတာပေါ့ သားရယ်’ ဆိုတော့ ကျနော် ဘာပြောနိုင်မှာတုန်း။ ဒင်းလေးက နယ်ကနေ လာပြီး အလုပ်လုပ်ရင်း သင်တန်း လာတတ်တာလို့ အမေပြောလို့ သိရတယ်။။

အမေကတော့ ဒီခေတ်ကြီးမှာ ကိုယ့်ဒူးကိုယ်ချွန်တဲ့ မိန်းကလေး ၊ အရှားသားနော်လို့ အကောင်းမြင်နိုင်ပေမယ့် ၊ ကျနော်ကတော့ သူ့မိဘတွေကို အပျိုအရွယ် သမီးတစ်ယောက်တည်းကို ဘယ်စိတ်နဲ့များ လွှတ်ထားရက်နိုင်တယ်လို့ အပြစ်တင်စောနေမိသေး ။

ကျနော်သာ အားအားယားယား ဒီအကြောင်းတွေးနေဆဲ ၊ မိခင်လွမ်းကတော့ ထမင်းချိုင့်ကို လက်တစ်ဖက်ကဆွဲ ၊ စလင်းဘက်အိတ်ကို ပခုန်းတစ်ဖက်မှာ လွယ်လို့ ၊ ခပ်ကျော့ကျော့လေး အလုပ်ကို ထွက်သွားလေပြီ။

” ကြီးကြီး နဲ့ ကိုကြီးရေ … သမီး အလုပ်သွားပြီနော် “လို့တောင် နောက်လှည့်မကြည့်ပဲ ထုံးစံအတိုင်း အော်ဟစ် နုတ်ဆက်သွားလေရဲ့ ။ ဒါက ကျနော့်အတွက် မနက်ခင်းတိုင်း နိစ္စဓူဝ ကြုံတွေ့နေရတဲ့ အဖြစ်ပေါ့။

ကျနော့်အလုပ်က ကိုယ်ပိုင်အလုပ်ဆိုတော့ နံနက် ၉နာရီ ခွဲလောက် ဆိုင်ဖွင့်နိုင်ရင် ရပြီ ။ ကျနော်က ဖုန်းဆားဗစ်ဆိုင်လေးတစ်ခု လမ်းထိပ်က ဈေးမှာ ဆိုင်ခန်းငှား ဖွင့်ထားတာ။ မိခင်လွမ်းက အရောင်းစာရေးမဆိုတော့ မနက် ၈နာရီခွဲ အရောက်သွားရတယ် ။ အလုပ်ချိန် မတူတာတောင် မနက်စောစော ဒင်းအသံ စာစာ စာစာကြောင့် ကျနော့်မှာ အိပ်ယာက နိုးနေရတယ် ။ အတင်း ကြိတ်မှိတ် အိပ်ရင် ရရဲ့သားနဲ့ ၊ ကျနော်ကလည်း ဒင်းလေး ဒီကနေ့ အိမ်ဘက်ကို ဘာလာတောင်းပြန်ပြီလဲလို့ သိချင်နေတာက အခက်သားလား ။

___________

၂။

” ဗွမ်း! ဗျန်း ”

” ဟာ ! …”

ရုတ်တရက် မျက်နှာကို အေးစက်သော ရေဖြင့် အပက်ခံလိုက်ရတာကြောင့် ကျနော် လန့်ဖြန့်ပြီး လက်ကို ခါရမ်းလိုက်မိတယ် ။

” ဖောင်း … ခလွမ်း … ခွမ်း ”

လက်က ရေဖလားကိုင်ထားတဲ့ လက်ကို ရိုက်မိပြီး ၊ ဖလားက ခပ်ဝေးဝေး လွင့်သွားတယ်။ ကျနော် မျက်လုံးထဲ ဝင်နေတဲ့ ရေတွေကို လက်ဖြင့် သုတ်ပြီး ဖွင့်ကြည့်လိုက်တယ် ။

” ဟင် ! နင် နင် ”

ကျနော့် ရှေ့တည့်တည့်မှာ သူ့လက်ကို သူ ပွတ်သပ်ရင်း ငိုမဲ့မဲ့လေး ဖြစ်နေတဲ့ မိခင်လွမ်း ။ ဒီကနေ့မှ ကောင်မလေးက ထူးထူးဆန်းဆန်း ပိတောက်ခြောက်ရောင် မြန်မာ ဝတ်စုံလေးနဲ့ ကြည့်ကောင်းနေတယ်။

သူမ နောက်မှာ ကျနော့်မေမေ။ မေမေ့ တကိုယ်လုံးမှာလည်း ရေတွေ ရွှဲစိုနေတယ်။ မေမေက မိခင်လွမ်း အနီးသို့ ရောက်လာပြီး ၊ လက်ကလေးကို ကိုင်ကြည့်တယ်။ ပြီးတော့ ကျနော့်ဘက်ကို လှည့်ကာ … ၊

” ဟဲ့ … သား ၊ ညီမလေးကို ဘယ်လို လုပ်လိုက်တာလဲကွယ် ၊ ပြစမ်း ပြစမ်း သမီး ၊ အတော် နာသွားလား ”

” ဟင့် ! … ”

မေမေက မေးမှ ကောင်မလေးက မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာတယ် ။ ခင်လွမ်းရဲ့ လက်ကလေးကို ကျနော် လှမ်းကြည့်လိုက်တော့ ရဲပတမ်း ခတ်နေပြီ။ အားပါတဲ့ ကျနော့်ရဲ့ လက်လွှဲရိုက်ချက်က ခင်လွမ်းရဲ့ လက်ကို တိုက်ရိုက် ထိသွားပုံပဲ ။

” သူက အသံ မပေးပဲ ရေနဲ့ လှမ်းပက်တာကိုး မေမေရဲ့ ။ ရုတ်တရက်ဆိုတော့ ကျနော်လည်း လန့်သွားပြီး ပုတ်လိုက်မိတာ ”

ခင်လွမ်းက ဘာမှ မပြော၊ ရှိုက်ကြီးတငင် ငိုနေပြန်တယ် ။ ဒီကောင်မလေးတော့ ငါ့ကို အမှု မကြီး ၊ ကြီးအောင် လုပ်နေပြန်ပါပြီဟု တွေးလိုက်မိတော့ …၊

” နေပါဦး … နင့်ကို ဘယ်သူက ရေပက်ခွင့် ပေးထားလို့လဲ ၊ ကိုဗစ်ကြောင့် ရေမပက်ရဘူးလို့ ဒေသန္တရ အမိန့် ထုတ်ထားတာ နင် မသိဘူးလား ”

ကောင်မလေးက ကျနော့်ရဲ့ ငေါက်ဆတ်ဆတ် အသံကြောင့် ထင်တယ်။ ပိုပြီး ဝမ်းနည်းသွားတာလား ၊ ဒါမှမဟုတ် ကျနော့်ကို ပိုပြီး အပြစ်ကြီးအောင်လား မသိပါဘူး ။ မြေကြီးပေါ် ထိုင်ချလိုက်ပြီး … အော်ခွဲတော့တာပါပဲ။

” ဟီးအီး … ဘယ်သူက အိမ်ရှေ့ထွက်ပက်နေလို့လဲ ၊ သမီးဘာသာ ကြီးကြီးနဲ့ ကိုကြီးကိုပဲ သီးသန့်ပက်တာကို ၊ ဟီးအင်းအင့် …ဒါကို ကိုကြီးက သမီးကို ဘယ်တုန်းကတည်းက ငြိုးထားလဲမှ မသိတာ ဟီးအင့်အင့် ”

အံမယ်လေး … အံမယ်လေး ။ သူမို့ အဖြေကောင်း ။ ကိုယ်ကပဲ သူ့ကို အငြိုးနဲ့ တမင်သက်သက် ရိုက်သလိုလို ။

” တားမြစ်မိန့် ထုတ်ထားရင် ဘယ်သူ့မှ ရေမပက်ရဘူး ။ ငါ့လည်း မပက်ရဘူး ။ မေမေ့လည်း နင် ပက်စရာမလိုဘူး ။ ငါတို့က နင်နဲ့ ရွယ်တူ ကလေးတွေ မို့လား ”

ကျနော်က ဒေါသသံနဲ့ ဆက်ပြောနေတာကြောင့် ၊ မေမေက ကျနော့်ကို သူ ဒေါသ ထွက်မှ ခေါ်လေ့ရှိတဲ့ ‘ အကောင်’ ဟုသော စကားလုံးကို သုံးကာ တားမြစ်လိုက်တယ်။

” တော်စမ်း ဟဲ့အကောင်၊ အိမ်ထဲသွားပြီး ၊ မေမေ့ အိပ်ယာဘေးက ၊ လိမ်းဆေးဘူး သွားယူခဲ့ ၊ ဒီမှာ သမီးလေးရဲ့ လက်က ယောင်တောင်လာပြီ ”

သိတယ်မဟုတ်လား ။ မယ်မာယာက ရုပ်ရှင်သရုပ်ဆောင် သင်တန်းများ တက်ထားသလား မသိပါဘူး ။ လုပ်ကြံသံကြီးနဲ့ အော်ငို နေပြန်တယ်။ ကျနော် သူ့ကို လှမ်းကြည့်တော့ မျက်စောင်း ပြန်ထိုးတယ်။ ပြီးတော့ …

“ဟီးအင့်အီး ဗြဲ ၊ နာတယ် နာတယ်”

” ဟဲ့ အကောင် … သွားယူလေ ၊ အဲ့ဒီနား ဘာရပ်လုပ်နေတာလဲ ”

မယ်တော်မိခင်က ခင်လွမ်း ငိုသံကြောင့် ကျနော့်ဘက် မည်းတော့တာပေါ့။ ကျနော်လည်း မေမေ့ အော်သံကြောင့် အိမ်ထဲ ပြေးဝင်ပြီး လိမ်းဆေးဘူး သွားယူရတယ် ။

လိမ်းဆေးဘူး ရလာတော့ ၊ မေမေ့ကို လှမ်းပေးရင် ခင်လွမ်းကို ဘုကြည့် ကြည့်လိုက်တယ် ။ ခင်လွမ်းလေ သိတယ်မဟုတ်လား ။ ကျနော့်အကြည့်ကို သူက ထီမထင်သလိုနဲ့ မျက်နှာကို လွှဲထားလိုက်သေး ။

မေမေက လိမ်းဆေးဘူး အပိတ်ကို ဖွင့်ပြီး ခင်လွမ်းကို လိမ်းပေးမယ်လုပ်တော့ ၊ ကလီကမာ မိခင်လွမ်းက အဲ့ဒီလိမ်းဆေးဘူးကို မေမေ့ဆီက လှမ်းယူပြီး ၊

” ကြီးကြီး လိမ်းမပေးနဲ့ …”

” ဟေ ဘာလို့လဲ သမီးရဲ့ ”

” ကြီးကြီးကြောင့် ဖြစ်တာ မဟုတ်ဘူး ။ ဒါ ကိုကြီးကြောင့် ဖြစ်တာ ၊ ရော့ ကိုကြီး ”

” ဟမ် … ”

ခင်လွမ်း ကမ်းပေးလာတဲ့ လိမ်းဆေးဘူးကို ကျနော်က မယူသေးပဲ ၊ ဒီကောင်မလေးရဲ့ ဂျစ်ကျမှုကို အံဩနေတယ်။ မေမေကတော့ သဘောပေါက်သွားဟန်တူတယ် ။ တခစ်ခစ်နဲ့တောင် ရယ်နေသေးတယ် ။

” ဟုတ်သား … သားရယ် ၊ မင့်ကြောင့် ဖြစ်တာဆိုတော့ ညီမလေးက မင်းလိမ်းပေးမှ ကျေနပ်မှာပေါ့ ။ လိမ်းပေးလိုက် … လိမ်းပေးလိုက် ၊ ငါ့သမီးလေး ကျေနပ်အောင် လိမ်းပေးလိုက် ”

စိတ်ထဲကတော့ မခံချိမခံသာ ဖြစ်သွားပြီး တောက် ခေါက်လိုက်မိတယ်။ အပြင်မှာတော့ မေမေ့ ကြောက်တာနဲ့ပဲ ၊ ကျနော် ခင်လွမ်းဆီက လိမ်းဆေးဘူးကို လှမ်းယူလိုက်ရတယ်။လိမ်းမပေးရင် ခင်လွမ်းက အာပြဲကြီးနဲ့ ငိုမယ်။ အဲ့ဒီအခါ ကျနော့် ဗိုက်ကြောကို ပြတ်ထွက်လုမတတ် မေမေ လိမ်ဆွဲလိမ့်မယ်မဟုတ်လား ။ သက်ပြင်းကို ချပြီး ခင်လွမ်း အနီး ဆောင့်ဆောင့်အောင့်အောင့်နဲ့ ထိုင်ချလိုက်တယ် ။

မေမေ မမြင်အောင် ခင်လွမ်းက ကျနော့်ကို လျှာထုတ် ပြောင်ပြတယ်။ စိတ်တိုလိုက်တာလေ ။ဒီနေရာမှာ မေမေသာ မရှိလို့ကတော့ ၊ ဒီကောင်မလေး ကျနော့်လက်ချက်နဲ့ ဆေးရုံတောင် တက်သွားရဦးမယ် ။ မေမေက ဘာမှ မပြောတော့ဘူး ။မိခင်လွမ်းကြောင့် ရေစိုနေတဲ့ သူ့ အဝတ်အစားတွေ လဲဝတ်ဖို့ အိမ်ထဲ ဝင်သွားတယ်။

” ဆန့် … လက်ကို ”

ကျနော့် သံပြတ်ကြောင့် ကောင်မလေးက သူမ လက်ကို ဆန့်တန်းပေးတယ်။ ကျနော် လိမ်းဆေးဘူးထဲက ဆေး အနည်းငယ်ကို ယူပြီး ၊ သူ့လက်ကို ခပ်ဖိဖိလေး ညှစ်ဆွဲ လိမ်းပေးလိုက်တယ် ။

” အ … အ … တကယ်နာတယ် ၊ အကြမ်းကြီး မလုပ်ပါနဲ့ ”

မျက်နှာလေး ရဲသွားအောင် ကောင်မလေးက ငြီးတွားလိုက်တော့ ကျနော့် ရင်ထဲ စိတ်မကောင်း ဖြစ်သွားမိတယ်။ လက်က တကယ်ပဲ ယောင်နေတာလေ ။ ကျနော့် ညှစ်အားက လိုတာထက် ပိုနေတာကြောင့် သူမ တကယ်ပဲ နာသွားတာလို့ ယုံကြည်လိုက်မိတယ်။ ဒါကြောင့် နောက်တကြော့ ဆေးထပ်လိမ်းချိန်မှာ တကယ်ကို ညင်ညင်သာသာလေး လိမ်းပေးလိုက်တယ်။ ခင်လွမ်းက ကျနော့်ကို မျက်ရည် အဝဲသား မျက်လုံးလေးနဲ့ စိုက်ကြည့်နေတာ တွေ့လိုက်ရတယ်။

မိန်းမတစ်ယောက်ရဲ့ အကြည့်ကို ကျနော် ဘာသာပြန်တတ်သူ မဟုတ်ခဲ့ဘူး ။ ဒါပေမယ့် ကျနော် ဘာဖြစ်သွားလဲ မပြောတတ်ဘူး ။ ကျနော့် ရင်ဘတ်က နူးညံ့ညင်သာတဲ့ နှလုံးခုန်သံ သဲ့သဲ့လေးကို ကျနော့်ဖာသာပဲ ပြန်ပြီး ကြားလိုက်ရတယ်ဗျာ ။

ကျနော့် အသက် ၂၇နှစ် ရှိပါပြီ ။ ကျနော်ဟာ မိန်းမတွေနဲ့ မတွေ့ဖူး ၊ မကြုံဖူးသူ တစ်ယောက်လည်း မဟုတ်ပါဘူး ။ ကျနော့် ဘဝမှာ ရည်းစားလည်း ၂ခါ ထားခဲ့ ဖူးပါပြီ ။ ဒါပေမယ့် အခုလို နူးညံ့တဲ့ ရင်ခုန်သံမျိုးတော့ တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်မိပါဘူး ။

ကျနော် မြင်ပြင်းကပ်တဲ့ စပ်စလူး ကောင်မလေးရဲ့ မျက်နှာဖူးဖူးလေးကို အမှတ်မထင် စိုက်ကြည့်မိသွားတယ်။ နုပျို ပြေပြစ်ပြီး အပြစ်ကင်းစင်နေတဲ့ ခင်လွမ်းမျက်နှာလေးကို ဒီတစ်ခါ မြင်ရတာ ၊ ကျနော့်စိတ်ထဲ ကျေနပ်ကြည်နူးစိတ် ဝင်သွားမိတာ ပထမဆုံးအကြိမ်ပါပဲ ။

” လိမ်း ပြီး ရင် လည်း လက် ကို လွှတ် တော့ လေ ကိုကြီးရဲ့ ”

ကျနော် ဘယ်လောက်ကြာကြာ သူ့မျက်နှာကို စိုက်ငေးပြီး လက်ကို ကိုင်ထားမိလဲ မသိဘူး ။ ခင်လွမ်းက မျက်နှာလေး နီရဲပြီး လက်ကို ခပ်ဖွဖွလေး ရုန်းနေရှာတယ် ။ အဲ့ဒီတော့မှ ကျနော် ခင်လွမ်းလက်ကို လွှတ်လိုက်မိတော့တယ် ။ ခင်လွမ်းဟာ မြေကြီးပေါ်က လူးလဲ ထလိုက်ပြီး ၊ ကျနော့်ကို နုတ်မဆက်ပဲ … သူ့အခန်းရှိရာ ၊ အိမ်ရှေ့က အဆောက်အဦးလေးထဲ ပြေးဝင်သွားတော့တယ်။

ပြေးသွားတဲ့ ခင်လွမ်းရဲ့ နောက်ကျောကို ကြည့်ပြီး ကျနော့်ရင်တွေဟာ ခုနကလို တိုးညှင်းစွာ ခုန်မနေတော့ပါ ၊ ကသောင်းကနင်း နိုင်စွာ ဗလောင်ဆူ ကုန်တော့တယ်။ မြင်ကွင်းထဲက ခင်လွမ်း ပျောက်သွားပေမယ့် ကျနော့် အတွေးအာရုံထဲကနေ ခင်လွမ်းကို ထုတ်ပစ်မရဘူး ။

ကျနော် ဘာဖြစ်တာလဲ ။ လူ့စိတ်ဆိုတာ အချိန်မရွေး ဖောက်လွဲဖောက်ပြန် နိုင်ပါသလား ။ ကျနော့်စိတ်ကို ကျနော် ပြန်သတိပေးလိုက်ပေမယ့် ၊ ကျနော့် နှလုံးသားကတော့ …

” ကောင်မလေး ဒီလိုကျတော့လည်း ချစ်စရာအကောင်းသား ” ဟု ဆိုနေသလားပဲ ။

ခက်လိုက်တာ ။ ဘာမဟုတ်တဲ့ အကြည့်လေးတစ်ချက်နဲ့ ကျနော့်ဘဝကို သူမရင်ခွင်ထဲ တိမ်းစောင်းစေခဲ့ပြီလား ။

ပီပီ မန္တလေး