နေတုန်း တစ်ခုံကျော်က
သူငယ်ချင်းကောင်မလေးတစ်ယောက်က ကြားသွားပြီး
ဝင်ပြောလိုက်သေးတယ်
“ ဆရာမ ခင်မာကြည်တစ်ယောက် သနားပါတယ်နော်
သူ့ခမျာ… မိသားစုကလည်း ပြည့်စုံ… ၊အရာရာအဆင်ပြေနေတုန်း ၊
အသက်ကလည်းအရွယ်တင်နုပျိုနေတဲ့အချိန်အခုလို မမျှော်လင့်တဲ့
အဖြစ်ဆိုးကြီး ကြုံလိုက်ရမယ်လို့ ထင်ထားမှာတောင်မဟုတ်ဘူး ၊
ဆိုးလိုက်တဲ့ ကားသမားတွေ ၊အတင်းလုမောင်းနေကျ
အခုတော့ လူပါသေရပြီ ”
“ ကားသမားတွေ ကြမ်းတာလည်းကြမ်းတာပေါ့
ဆရာမလည်း ဆိုင်ကယ်ဖြည်းဖြည်းမှ မစီးတာ…
ပြီးတော့ ဦးထုပ်မပါ ဘာမပါဆိုတော့အကာအကွယ်မဲ့ပြီး
ကားအောက်ထဲချိတ်ပါသွားရှာတာ…. ”
“ မင်းတို့တော့မသိဘူး
အဲ့နေ့က ဆရာမ သေတဲ့နေရာမှာ ငါရှိနေတယ် ၊
ငါ့မျက်စိရှေ့တင်ပဲ ပွဲချင်းပြီးသွားတာကိုမှ
ရုပ်ပျက်ဆင်းပျက်ပဲ…. ဆရာမကအစိမ်းသေဆိုတော့
သူ သေလို့သေမှန်းရော သိပါ့မလား ၊ မကျွတ်ဘဲနဲ့
ငါတို့ ကျောင်းမှာ လာခြောက်ရင် ပြသနာပဲ…. ”
ထိုလူငယ်လေးစကားအဆုံး လူငယ်လေးကို
ကျန် သူငယ်ချင်းတွေက ထုရိုက်ကြရင်း
“ သြော်…ဒီကောင်ကလည်း
အရေးထဲ တစ်မောက်…မင်းပဲ
ကြီးလာရင် သရဲဝတ္တုရေး စာရေးဆရာလုပ်မယ်လေးဘာလေးနဲ့ ” လို့
ဝိုင်းပြောလိုက်တဲ့အခါ လူငယ်လေးက ပြန်ဖြေတယ်
“အေးလေ…မင်းတို့သေချာမသိသေးပါဘူး
သရဲစာရေးဆရာဆိုတာ သရဲကြောက်တတ်တဲ့သူတွေအများစုမှ ဖြစ်ကြတာ ၊
ဟုတ်တယ်လေ ကြောက်စိတ်ရဲ့အရသာ ခံစားချက်တွေကို
သူတို့ ကောင်းကောင်းနားလည်နေလို့ ဒီလိုခံစားပြီး
အနုပညာကို ပုံဖော်နေကြတာမဟုတ်လား… ၊ မင်းတို့နားလည်အောင်ပြောရရင်
လူတစ်ယောက်က သံပုရာသီးတစ်လုံးကို ကိုယ်အရင် စားကြည့်ပြီးမှ
အဲ့ဒီ သံပုရာသီးရဲ့အရသာက ချိုသလား ချဉ်သလားဆိုတာ သူများကို
သေချာရှင်းပြနိုင်မှာလေ…ချဉ်တယ်ဆိုရင်လည်း
ဘယ်လိုချဉ်တာလဲဆိုတာကအစပေါ့….. ”
“အေးပါ သကောင့်သား စာရေးဆရာရူးရေ
မင်းပြောတာလည်းထားပါလေ… ၊ ငါလည်း မင်းပြောမှ
စိုးရိမ်မိတာ တစ်ခုရှိတယ် တို့ကျောင်းက ဆရာမ ခင်မာကြည်
မကျွတ်ရင် ဘယ်လိုလုပ်မလဲ…. ”
“ စိတ်မပူပါနဲ့ကွာ ၊ သူက စိတ်ကောင်းရှိတဲ့သူပဲ
ကောင်းရာမွန်ရာ ရောက်မှာပါ ”
အဲ့ဒီစကားကို မကျေနပ်သေးတဲ့ သူငယ်ချင်းတစ်ယောက်က
ဝင်ထောက်တယ်…
“အစိမ်းသေတွေက တော်ရုံနဲ့ မကျွတ်ဘူးလို့
ကြားဖူးတယ် ၊ သူတို့သေလို့သေမှန်းမသိတာရယ် ၊
သေခါနီးအစွဲကြောင့်ရယ် ကျွတ်မယ်လို့မထင်ဘူးနော် ”
အတန်းထဲကအတန်းဖော် ၆ယောက်လောက်
စကားဝိုင်းပြောနေတာကိုအစအဆုံးဝင်မပြောဘဲ နားထောင်နေတဲ့
မိန်းကလေးတစ်ယောက်ကအဆုံးကျမှ ဝင်ပြောလိုက်တာ
စကားတစ်ခွန်းတည်း…ဒါပေမယ့်အဲ့စကားတစ်ခွန်းရဲ့
နောက်ကွယ်မှာအကြောက်တရားက ကပ်ပါလာခဲ့ပြီလေ
သူပြောလိုက်တာက ရိုးရှင်းအေးစက်လွန်းပါတယ် ။
“ ဟင် ဒါဆို …ဆရာမ ခင်မာကြည်က
အစိမ်းသရဲ တကယ် ဖြစ်သွားပြီလား………. ”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြို့အထင်ကရ စေတီတော် တစ်ဆူနဲ့
ကပ်လျက်မှာရှိတဲ့ ဘုန်းကြီးကျောင်းဝန်းကြီးထဲက
အဆောင်သစ်တစ်ခုကို ဆေးသုတ်နေကြတဲ့
အလုပ်သမားနှစ်ယောက်အလုပ်လုပ်ရင်း
အပြန်အလှန် စကားပြောလို့………
“ ဒီအဆောက်အဦးက ဘာအတွက်လဲ ”
“ မသိပါဘူး ဘုန်းကြီးတွေကတော့
ညအိပ်ညနေ ဧည့်သည်တွေအတွက် တည်းနိုင်ဖို့
ဇရပ် ၊ ဓမ္မာရုံအဖြစ် ထားမယ်လို့ ပြောကြတာပဲ ”
“ ကျောင်းဝင်းကြီးက ကျယ်တော့
ဒီ နှစ်ထပ် ဆောင်အသစ်လေးနဲ့အတော်ဟန်ကျမှာပဲကွာ ”
“အဆောင်နာမည်ကိုလည်း ဖတ်လိုက်ဦး
ဘာတဲ့……. ခင်မာကြည်အဆောင် ဆိုပါလား…… ”
“အေးလေ …ခင်မာကြည်ကို မင်းမသိတာလည်းမဟုတ်ဘဲနဲ့ ”
“ တကယ် မသိတာပါကွာ လုပ်စမ်းပါဦး ”
“ တလောက ကားနဲ့ဆိုင်ကယ် ချိတ်ပါသွားပြီး ရုပ်ပျက်ဆင်းပျက်
သေသွားတဲ့ ဆရာမ ဒေါ်ခင်မာကြည်အတွက် ရထားတဲ့
နစ်နာကြေး လျော်ကြေးငွေကို မိသားစုက
တစ်ပြားမှ မယူဘဲနဲ့ ဆရာမ ခင်မာကြည် ကုသိုလ်ရအောင်
ဒီအဆောင်အဦးလေး လုပ်ပေးထားတာလို့ သိရတယ်ကွ ”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ခင်မာကြည်အဆောင်
“ ဘုန်းဘုန်းဘုရား တပည့်တော် ညက
ခင်မာကြည်အဆောင်အပေါ်ဘက်ဘုရားခန်းထပ်နားမှာ
လူရိပ်တွေ့လို့သွားစစ်တာ ဘာမျှမတွေ့ဘူးဘုရား ၊
တစ်ခါတစ်လေလည်း မီးတွေက မှိတ်လိုက်လင်းလိုက် နဲ့
တစ်ခါတစ်လေ နှစ်ထပ်ဆောင်ဆိုတော့ လှေကားက
လူတစ်ယောက်ဆင်းလာတဲ့ ခြေသံတွေကြားနေရတယ် ၊
တစ်ခါတစ်ခါ ငိုသံလိုလိုညည်းသံလိုလိုလည်းကြားရတယ်
ဘုရား… ၊ ထူးဆန်းတာက ဒီအဆောင်ကြီးဆောက်ပြီးမှ
ဖြစ်တာဘုရား ၊အရှင်ဘုရားတို့ရော ဘာမျှ ထူးထူးဆန်းဆန်း
မကြုံရသေးဘူးလား ”
ညစောင့် ကပ္ပိယလာလျှောက်တဲ့စကားကို ကျောင်းနေ သံဃာတစ်ပါးက
“အိမ်း…ဦးဇင်းတို့တော့ နေနေတာ
အခုထိ ဘာမျှထူးခြားတာ မတွေ့သေးဘူး
တစ်ခါတစ်လေတော့ ခင်မာကြည်အဆောင်ဘက်က
ဆိုးဆိုးရွားရွား ကြွက်သေကောင်ပုတ်နဲ့လိုလိုတော့
ရဖူးတယ်…. ”
“အရှင်ဘုရား ဆရာမ ခင်မာကြည်များ မကျွတ်ဘူးလားမသိဘူး…
အမျှအတန်းလည်း မရဘူးထင်တယ် ”
“အေးကွယ်..တစ်ချို့က
အမျှအတန်းမရကြတာ ၊ တစ်ချို့ကတော့ မယူကြတာကွဲ့
ခင်မာကြည်တစ်ယောက် ကောင်းရာမွန်ရာဘုံဘဝရောက်ပါစေလေ…. ”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဘုရားဖူးအလည်အပတ် ဧည့်သည်တွေ များလွန်းတော့
ဘုန်းတော်ကြီးကျောင်လည်း လူအပြည့် ၊ မကြာသေးခင်ကဆောက်ထားတဲ့
ခင်မာကြည်အဆောင်လည်း လူအပြည့် ကိုယ်စီကိုယ်စီ
ကျောတစ်ခင်းစာလေးတွေ နေရာယူထားကြတယ် ၊
နေရာကအဆောင်အပေါ်ထပ်နဲ့အောက်ထပ်
အောက်မှာ လူ ဆယ်ယောက်ကျော်လောက်
ကောင်းကောင်းနေလို့ရပြီးတော့အပေါ်မှာလည်း
ဆယ်ယောက်ကျော်လောက်နေလို့ရတယ် ဆိုပေမယ့်လည်း
ခရီးသွားသူတွေထဲက သုံး…လေးယောက်လောက်ကပဲ
အပေါ်ဘက်မှာ တက်ပြီး တည်းကြတယ် ၊ ခင်မာကြည်အဆောင်ရဲ့
အပေါ်ဘက်ဟောခန်းကြီးမှာ ဘုရားခန်းကျယ်တစ်ခုရှိတယ်
ဘုရားခန်းရဲ့ရှေ့ထောင့်ဘက်ခြမ်းမှာ
ကုတင်အသေးစားလေးတစ်ခုလည်း
ထားပေးထားတယ် …
အပေါ်ထပ်က လူသုံးယောက်ထဲကနေ တစ်ယောက်က
အဲ့ ခုတင်ကြီးပေါ်မှာအိပ်ပြီးအနားယူလိုက်တယ် ၊
အဲ့ဒီ့လူအနားယူအိပ်စက်နေရင်းက ညသန်းခေါင်
ခွေးတွေကလည်း သံပြိုင်အူ…. ၊ လအလင်းရောင်မှိန်မှန်လေးအောက်မှာ
လျှက်စစ်မီးတွေအကုန် ခဏပျက်သွားပြီး ကုတင်လေးပေါ်တက်အိပ်နေတဲ့
လူရဲ့ ခြေထောက်ကိုအေးစက်စက်မဲမဲအရာတစ်ခုက ဆက်ခနဲ့
ဆောင့်ဆွဲချတာကို ခံလိုက်ရတယ် ၊ ခံလိုက်ရတဲ့သူလည်း
တစ်ချက်အံသြသွားပေမယ့်အိပ်မက်ယောင်တာပါလေဆိုတဲ့စိတ်နဲ့
ပြန်ပြီးကြိုးစားအိပ်လိုက်ပြန်တယ် … ၊အိပ်နေတုန်း မျက်နာပေါ်
အေးစက်စက် ညှီနံ့ရတဲ့အရည်လေးတွေ တစ်ချက်ပြီးတစ်ချက်
စီးကျလာသလို ခံစားလိုက်ရပြန်တော့ ကာယကံရှင်လည်း
မနေသာပဲ မျက်လုံးလေးဖွင့်ကြည့်လိုက်တော့
သူမျက်နာတည့်တည့်မှာ ရုပ်ပျက်ဆင်းပျက် ဦးနှောက်တစ်ချက်မပါပဲ
မျက်နာတစ်ခြမ်း စုတ်ပြတ်နေတဲ့ ဆံပင်အရှည်နဲ့အမျိုးသမီး
တစ်ယောက်အသက်မပါနဲ့မျက်လုံးဖြူဖြူကြီးအကြည့်နဲ့
ဟပြဲနေတဲ့ ပါးစပ်……မျက်နာတစ်ခုလုံးသေချာ
မြင်လိုက်ရတော့အိပ်မက်မဟုတ်မှန်းလည်းသိ….
လန့်လည်း လန့်သွားပြီး ငယ်သံပါအောင် ကုန်းအော်လိုက်မယ်တယ်
“အား ………….!!!!!!!!!!!!!!!! ”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“ ခင်မာကြည်အဆောင်က သရဲခြောက်တယ်တဲ့
ဒီမှာ တလောက တည်းသွားတဲ့သူတွေ ကြုံလိုက်ရတယ်ပြောတယ် ၊
တစ်ခြားတည်းသွားတဲ့သူတွေ ၊ ညအိပ်ညနေ နေသွားတဲ့သူတွေလည်း
ကြုံလိုက်တယ်ပြောတယ် ”
ခရီရောက်မစိုက်ကြားလိုက်ရတဲ့ စကားကြောင့်
ဦးချစ်ပို တစ်ယောက် မျက်လုံးပြူးအံ့သြမိပေမယ့်
ဒီထက် ကြမ်းပါတယ်လို့နာမည်ကြီးနေတဲ့ သုသာန်တွေအထိ
တရားကျင့်နေတတ်တဲ့ ပုဂ္ဂိုလ်မို့အများကြီး မတုန်လှုပ်ခဲ့ …. ၊
ဦးချစ်ပိုဆိုတာ သာသနာရေးဝန်ကြီးဌာနက
ဝန်ထမ်းအရာရှိတစ်ယောက်ပဲ… ၊ တာဝန်တစ်ခုနဲ့ဒီမြို့လေးကိုရောက်နေတုန်း
သူစိတ်ဝင်စားတဲ့ ပရလောကအကြောင်းလေးတွေ
ဟိုမေးဒီမေးနဲ့…အခု သူတစ်ညတည်းရမယ့်နေရာမှာ
သရဲခြောက်တယ်ဆိုတာကိုသိရလို့ စိတ်အားတတ်နေတဲ့
လူထူးဆန်းကြီးပေါ့…. ၊
လူထူးဆန်းကြီးနဲ့ ခင်မာကြည်အဆောင်နဲ့တော့
တွေ့ကြပြီ ။
ညလေးတစ်ညကအိပ်ဖို့ဟန်ပြင်နေတုန်း
ဦးချစ်ပိုရဲ့ လှူပ်ရှားမှုတွေကြောင့်အိပ်ဖြစ်မယ့်ဟန်မရှိ ၊
ခင်မာကြည်အဆောင်ထဲကို တံခါးလေးအသာတွန်းဖွင့်
ဝင်လိုက်ရင်း ပါးစပ်ကလည်း
“ မူရင်း ဒီအဆောင်ကြီးပိုင်ရှင် သက်ဆိုင်ရာ ပိုင်ရှင်တွေ
အသီးသီးကို ကျွန်တော် မေတ္တာပို့သပါတယ် … ကျန်းမာ၊ချမ်းသာကြပါစေ
ကျွန်တော့်ကို ဒီနေရာလေးမှာ တစ်ညတာလောက်လေး
အနားယူ တည်းခိုခွင့်ပြုဖို့လည်း တောင်းဆိုပါရစေ….. ၊
ကျွန်တော် ပြုခဲ့သမျှကုသိုလ်တွေကိုလည်းအမျှအတန်းပေးဝေမှာ
ဖြစ်တဲ့အတွက်အားလုံးမရမရှိအကုန်ရကြပါစေသား ၊
အားလုံးကျန်းမာချမ်းသာကြပါစေ……….. ”
မေတ္တာလေးတွေပို့ရင်း စိတ်ထဲက
မေတ္တာသုတ်တော်ကို ဆက်တိုက်ရွတ်ဆိုဖြစ်ပြီး
အဆောင်ကြီးရဲ့အပေါ်ထပ်ကို တက်လာခဲ့လိုက်တယ် ၊
အပေါ်ရောက်တော့ ထုံးစံအတိုင်းအိပ်ရမယ့်နေရာလေး ရှာဖွေရင်း
ဘုရားခန်းနားက ခုတင်သေးလေးကိုသွားမြင်ပြီး
အဲ့ဒီ့ခုတင်မှာ တစ်ညအိပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်
ဆုံးဖြတ်ချက်နဲ့အတူ ခုတင်ပေါ်ထိုင်ချလိုက်ရင်း
ခုတင်ပိုင်ရှင်တွေကိုလည်း မေတ္တာပို့ပါလေရော….
အဲ့လို မေတ္တာပို့နေတုန်းမှာပဲ လူမရှိတဲ့
ဟောခန်းကြီးထဲက ခြေသံတွေကိုကြားလိုက်ရပြီး
မကျေနပ်သလိုလို ညည်းညူသံကြီးတစ်ချက်ကိုလည်း
ကြားလိုက်ရပြန်တယ် ၊အခြေအနေကို သိလိုက်တဲ့
ဦးချစ်ပိုကလည်း ပိုင်ရှင်မကြိုက်မှန်းသိလို့
ခုတင်ပေါ်ကနေ ဆင်း…. ၊ ခုတင်ခြေရင်း ကြမ်းခင်းလေးမှာ
ခင်းကျင်းပြီး ဘုရားဝတ်ပြု ၊ တရားမှတ် တရားထိုင်ဖြစ်ခဲ့တယ် ၊
တရားထိုင်နေတုန်းမှာလည်း ဦးချစ်ပို မျက်လုံးဖွင့်မကြည့်ပေမယ့်အာ့ရုံထဲမှာ
အမျိုးသမီးတစ်ယောက်ကို သေချာမြင်နေရတယ်….
အမျိုးသမီးပုံစံက တစ်ခုခုဆိုးဆိုးရွားရွားဖြစ်ထားလို့
ရုပ်ဆင်းပျက်ထားတဲ့ ပုံနဲ့ တရားထိုင်နေတဲ့
ဦးချစ်ပိုကို ပတ်ပတ်လည်က လိုက်ကြည့်နေတယ်ဆိုတာကို
မသိစိတ်က မြင်နေရတယ်…. ၊ လွင့်သွားသမျှ ရှေ့စိတ်ကို
နောက်စိတ်လေးနဲ့အမြန်လိုက်ထိန်းရင် စိတ်ငြိမ်ငြိမ်လေးနဲ့
တရားဆက်ထိုင်လိုက်ပြီးမှ ခြင်ထောင်လေးထောင် ၊အမျှအတန်းပေးဝေပြီး
အိပ်ဖို့ကြမ်းခင်းမှာလှဲလိုက်မိတယ် ၊ လှဲလိုက်ပြီဆိုတာနဲ့
အေးစက်နေတဲ့အငွေ့အသက်တစ်ချို့စရလာတော့တယ် ၊
ဘေးနားက ခုတင်ကို တစ်ယောက်ယောက်က လက်သည်းတွေနဲ့
အားရပါးရ ကုတ်ခြစ်တဲ့အသံတွေလည်း ကြားနေရတယ် ၊
အဲ့လို ကြားနေရင်းကနေ မကြာဘူး ဦးချစ်ပို သူ့ဘေးနားက
ခုတင်ကိုအိပ်နေရင်းကနေ တစ်ချက်လှမ်းကြည့်လိုက်တော့
ခုတင်ပေါ်မှာအမျိုးသမီးတစ်ယောက် လှဲနေတာကို သွားတွေ့လိုက်တယ် ၊
စိတ်ထဲမှာ ကြောက်စိတ်တစ်ချက်ဖြစ်လာခဲ့ပြီး
စဉ်းစားမိလိုက်တယ်
“ တစ်ဆောင်လုံးမှာ ငါတစ်ယောက်တည်းရှိနေတာပါ ၊
ဘယ်က မိန်းကလေးတစ်ယောက် ပေါ်လာရတာလဲ…
သူက လူမှဟုတ်ရဲ့လား…… ”
ကြောက်စိတ်နောက်က ကြက်သီးထလာရင်း
ကိုယ့်စိတ်ကိုကိုယ်အားပြန်တင်းလိုက်တယ် ….
“ ငါ သုသာန်တွေမှာတောင် တရားထိုင်ပြီး
ဒီထက်ဆိုးတာကြုံဖူးထားတာပဲ
သူလည်းသူ့ဘာသာသူနေတာ ၊ ငါလည်းငါ့ဘာသာ
နေတာ ဘယ်သူမှ မထိခိုက်ရင် ပြီးတာပါပဲလေ ” ဆိုပြီး
သရဲမနဲ့ ဘေးချင်ကပ် ခုတင်ပေါ် ခုတင်အောက် တစ်ညလုံး
ကြိုးစားအိပ်ဖြစ်ခဲ့တယ် ၊အိပ်တယ်သာပြောတယ်
စိတ်ထဲမှာတော့ ဘုရားဂုဏ်တော် ၉ပါးကို
ဆက်တိုက် ထပ်ခါထပ်ခါ ရွတ်လိုက် ၊ သရဏဂုံရွတ်ဆိုလိုက်နဲ့
အိပ်ပျော်မှန်းမသိအိပ်ပျော်သွားခဲ့တယ်….. ။
လင်းကြက်တွန်လို့ နေထွက်တဲ့အချိန်….
ဦးချစ်ပိုတစ်ယောက် မျက်လုံးနှစ်လုံးပွင့်လာပြီး
ညကအဖြစ်ကို တစ်ချက်တွေးလိုက်မိပြီး ဘေးနားက ခုတင်ကိုလှမ်း
ကြည့်လိုက်မိတယ် ခုတင်ပေါ်မှာ ဘယ်သူမျှမရှိတော့ဘူး…
မနက်ခင်းနေရောင်ခြည်ကပေးတဲ့ ခွန်အားသစ်တွေနဲ့အတူ
ဦးချစ်ပို နိုးထလာပြီးတော့ ကိုယ်လက်သန့်စင်… ၊
ပြီးတော့အဝတ်အစားထုတ်လေးကိုဆွဲပြီး
ခရီးဆက်ဖို့ ပြင်လိုက်တော့တယ် ၊ ဆရာတော်ကို
ရှင့်ခိုးပြီး မပြန်ခင်လေးမှာ …..
သူညက တည်းခဲ့တဲ့အဆောင်လေးကို တစ်ချက်လှမ်းကြည့်လိုက်မိတယ်
အဆောင်ကြီးရဲ့အပေါ်ထပ် ပြတင်းပေါက်မှာ
မိန်းမတစ်ယောက် မတ်တပ်ရပ်နေသလိုအရိပ်ပုံလေးကိုတော့
မသဲမကွဲ မြင်လိုက်ရတယ် ..သူအလွတ်မှတ်မိနေတဲ့
အဆောင် နာမည်လေးကိုလည်း တိုးတိုးလေး ရေရွတ်လိုက်မိတော့တယ် ။
“ ခင်မာကြည်အဆောင် …….တဲ့ ”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အမှန်စင်စစ် ခင်မာကြည်အဆောင်ကြီးတကယ်ရှိနေဆဲပါ
နာမည်လွဲရေးထားလို့အပြင်မှာတော့ ခင်မာကြည် မဟုတ်ပါ
အခြားနာမည်တစ်ခုခုပေါ့ ၊ ဒီဇာတ်လမ်းလေးထဲမှာ
ခင်မာကြည် မိသားစုဝင်တွေက ခင်မာကြည် ကောင်းမှုဆိုတဲ့
စာလေးတစ်ကြောင်းတောင် မထည့်ပဲ ခင်မာကြည်အဆောင်ဆိုပြီး
ထူးထူးဆန်းဆန်းလှူသွားတာက သိလို့လား မသိလို့လား…
ကွယ်လွန်သူ ခင်မာကြည် ကိုယ်တိုင်ကလည်း သူ့အဆောင်ဆိုတော့
သူပိုင်တဲ့နေရာဆိုတဲ့သဘော သက်ရောက်တဲ့အတွက်
သူနေထိုင်နေတယ် ၊ ဘုန်းကြီးကျောင်းကိုလှူထားတဲ့ သူ့ခုတင်ကိုလည်း
စွဲလမ်းစိတ်နဲ့ ဘယ်သူမှ တက်အိပ်မရအောင် ခြောက်လန့်တာတွေ
ပြုလုပ်တယ် ၊ ဒါကိုကြည့်ပြီး သေခါနီးစိတ်က
ဘယ်လောက်အရေးကြီးတယ်ဆိုတာရယ်
အစွဲတွေကို တတ်နိုင်သမျှ ကြိုးစား ဖြတ်ရမယ်ဆိုတာရယ်
သိနိုင်ပါတယ် …. ၊အပြင်မှာအဲ့ဒီမြို့ ၊အဲ့ဒီ ဘုန်းကြီးကျောင်းက
အဲ့ဒီအဆောင်လေးမှာ မဖြစ်မနေ တည်းဖြစ်ခဲ့ရင်လည်း
ဦး ချစ်ပိုလိုမျိုး မရှိတော့တဲ့ မမြင်အပ်မြင်အပ် မူရင်းပိုင်ရှင်တွေဆီ
ခွင့်တောင်းပြီး မေတ္တာလေးနဲ့ ရင်းနှိးမှုကို
ဖော်ဆောင်ရင်း ဘုရားတရားမမေ့ဖို့ တိုက်တွန်းပါရစေ… ၊
မဟုတ်ရင်တော့…… ။
ကြိုးစားပါဦးမည် …
~ မိုးစွေ ~
Leave a Reply