ကျက်ကုန်းများနှင့်တစ်ညတာ

အချိန်ကာလ အထိတိုင်အောင် လာရောက်ငှားရမ်းသူများနှင့် ရှိနေခဲ့လေ သည်။

တန်ခိုးလ၏ နောက်ဆုံးရက်သတ္တပတ်ပင်ဖြစ်ပြီး အလွန်ပင်ပူပြင်းလှသော ရာသီဥတု အခြေနေမျိုးပင်ဖြစ်သည်။ ဇာတ်အဖွဲ့သားများသည်လည်း ဇာတ်ပွဲလိုက်ခြင်း ကိုပင် ခေတ္တရပ်နားထားခဲ့သော နေ့ရက်ကလေးများပင် ဖြစ်သည်ကြောင့် ရန်ကုန်မြို့ ကြီးတွင်သာ အားလုံးစုရုံးစွာ ရှိနေခဲ့ကြသည်။

တစ်နေ့ည(၇)နာရီခွဲ့ခန့်တွင် ဇာတ်အဖွဲ့ခေါင်းဆောင် ဦးအောင်တင်၏ နေအိမ် ထံသို့ လူတစ်စု ရောက်ရှိလာခဲ့ကြလေ၏။ ယောက်ျားကြီးသုံးဦးနှင့် လူပျိုပေါက်အရွယ် ကောင်လေးတစ်ဦးတို့ပင် ဖြစ်လေသည်။ လူပုံစံများမှာ တောသူတောင်သားများသာ ဖြစ်လိမ့်မည့် ဟန်ပေါ်သည်။ ရန်ကုန်မြို့ရှိ ဦးတင်အောင်၏ နေအိမ်ထံသို့ ရောက်ရှိလာ ကြသော ပုံစံများမှာ

ပုဆိုး ခပ်တိုတိုများနှင့် ဝါးခမောက်များအားလည်း စောင်းထားခဲ့သေးသည်။ ခြေထောက်များတွင်လည်း မြတ်ရှထားခဲ့သော ဒဏ်ရာဟောင်းများနှင့် ရွှံပေးထားကြ သည်က အချိန်နှင့်မျှပင်ဖြစ်လိမ့်မည်။ ယခုရန်ကုန်မြို့သို့ တတ်ရောက်လာကြသည့် အထိ ခြေထောက်များတွင် ရွှံအရောင်များမှာ ပျောက်ကွယ်နေခြင်းမရှိကြပေ။

“ဗျို့… အိမ်ရှင်တို့… အိမ်ရှင်တို့။’
“ရွှေကြာညို မြန်မာ့ဇာတ်အဖွဲ့”ဟူသော ဆိုင်းပုဒ် ချိတ်ဆွဲထားခဲ့သည့် နေအိမ်အရှေ့တွင် ထိုကဲ့သို့ပင် အသံပေးအော်ခေါ်နေခဲ့သည်ကြောင့် ဦးအောင်တင်၏ တပည့် တစ်ဦးသည်လည်း ဓာတ်မီးကိုပင် ကိုင်ဆောင်လျက် အိမ်ရှေ့့ဆီသို့ ဆင်းသတ် လာခဲ့လေသည်။ ထို့နောက်…
“ဘယ်သူနဲ့တွေ့ချင်လို့လဲ…။”
“သြော်… ရွှေကြာညိုဇာတ်အဖွဲ့ခေါင်းဆောင်နဲ့ တွေ့ချင်လို့ပါ။”
“ဟုတ်ကဲ့… ကြွပါခင်ဗျ။ အထဲကို။”
ထိုသူသည်လည်း ဆရာဖြစ်သူထံသို့ ထိုသူများကိုပင် ခေါ်ဆောင်လာခဲ့လေ ၏။ ထို့နောက် ဧည့်ခန်းလေးအတွင်း ရှိနေခဲ့သော ဦးအောင်တင်သည်လည်း ထိုသူများ ကိုပင် ဧည့်ခန်းလေးအတွင်း၌ နေရာပေးလျက် လာရင်းအကြောင်းများကိုပင် မေးမြန်း လေတော့သည်။

“ရွှေကြာညိုဇာတ်အဖွဲ့ကို ကျွန်တော်တို့လာငှားတာပါ။”
“အေးဗျ… ကျွန်တော်တို့လည်း ပွဲလိုက်နားထားတာ ကြာပြီ၊ မနက်ဖြန် ကစပြီး ပွဲငှားလက်ခံတော့မှာပါ။ ဒီညခင်ဗျားတို့ ရောက်လာတော့ အတော်ပဲပေါ့။”
“ဟုတ်ကဲ့ဗျ… ကျွန်တော်တို့က နယ်ဘက်ကပါ။ ရန်ကုန်မှာ နာမည်အကြီး ဆုံး ခင်ဗျားတို့ဇာတ်အဖွဲ့ကို ငှားချင်လွန်းလို့ တမင်သတ်သတ် အခုလို ရန်ကုန်ကို တတ်လာရတာ။”
“ဘယ်နယ်ဘက်ကတုန်းဗျ…။”
“ယောနယ်ဘက်ကပါ။”
“ဟင်… ယောနယ်။ ယောနယ် ဘယ်နေရာလဲ။’
“ယောနယ်… ပင်းမအုပ်စု၊ ထီးဆိုင်ရွာကပါ။”
“အင်း… ယောနယ်။ ပင်းမအုပ်စု၊ ထီးဆိုင်ရွာ… ယောနယ်ဘက်ကိုတော့ ကျွန်တော်တို့အဖွဲ့ သုံးခေါက်လောက် ရောက်ဖူးပါတယ်။ ဒါပေမယ့် ပင်းမအုပ်စုဘက် ကိုတော့ တစ်ခေါက်မှ မရောက်ဖူးသေးဘူးဗျ။’
“ဟုတ်ပါတယ်။ ပင်းမအုပ်စုဆိုတာ ယောနယ် အစွန်းအဖျား ဖြစ်နေပါပြီ၊ တစ်ဖက်မှာ ပင်လယ်ပြင်ကြီးပဲ ရှိတော့တယ်။ တော်တော်လေးတော့ ခေါင်တယ်ဗျ။ ဒါပေမယ့် ရွှေကြာညိုဇာတ်ပွဲကို ကျုပ်တို့ တစ်ရွာလုံးကရော ပတ်ဝန်းကျင် ရွာတွေကပါ … ငှားပေးဖို့ တောင်းဆိုလာကြတာနဲ့ အခုလို ရောက်လာခဲ့ရတယ် ဆိုပါတော့….။”
“ဟုတ်ပါတယ်ဗျာ… နောင်ကြီးတို့ တောင်းသလောက် ကျွန်တော်တို့ ပေးမှာပါ။ ကျွန်တော်တို့ရွာခေါင်းဆောင်ရဲ့ မွေးနေ့ပွဲ အထိမ်းအမှတ် လုပ်ချင်လို့ပါဗျာ။ လိုက်ပေးနိုင်မယ် မဟုတ်လား။”
“အဲ့ဒါက ဒီလိုရှိတယ်ဗျ… ကျွန်တော်က ဇာတ်အဖွဲ့ခေါင်းဆောင်ဆိုပေမယ့် တစ်ဇာတ်လုံးကို အုပ်ချုပ်ရတယ် ဆိုပေမယ့်လည်း ကျွန်တော်တစ်ယောက်တည်း သဘောနဲ့ ဆုံးဖြတ်ပေးလို့မရဘူး။ မင်းသမီးလေး ရွှေကြာညိုကရော ပွဲက.မက သူ့ကို လည်းမေးရဦးမယ်။”
“လုပ်ပါဗျာ။ လိုက်ခဲ့ပေးပါနော်။ ရွာလူကြီးကို ကျွန်တော်တို့က ရွှေကြာညို ဇာတ်အဖွဲ့ကို အရငှားလာခဲ့မယ်လို့ ကတိတွေပေးခဲ့လို့ပါ။”
“ဟုတ်ပါပြီဗျာ။ ဟုတ်ပါပြီ။ ကဲ… မောင်တိုးရေ၊ မင်းသမီးလေးကို တစ်ချက်လောက် သွားခေါ်ခဲ့ပါဦး။ သူက, မက မေးရအောင်။”
“ဟုတ်ကဲ့ဆရာ။”

ဇာတ်အဖွဲ့ခေါင်းဆောင် ဘကြီးအောင်တင်၏ စေခိုင်းချက်ဖြင့် မောင်တိုးသည် လည်း မင်းသမီးလေး ရွှေကြာညိုအား သွားရောက်ခေါ်ဆောင် လာခဲ့ပေသည်။ ရွှေကြာညိုသည်လည်း ဘကြီးအောင်တင်၏ သဘောအတိုင်းသာလျင် သူမသည် လည်း လိုက်ပါမည်ဟု ပြောဆိုလိုက်သည်ကြောင့် ဇာတ်ပွဲလာရောက် ငှားကြသော ရွာသား လေးဦးမှာ လွန်စွာဝမ်းသာသွားခဲ့ကြပေသည်။

“ကျေးဇူးတင်ပါတယ်ဗျာ။ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဘယ်လောက် စရံပေးခဲ့ရမလဲဟင်။”
“အင်း… ခင်ဗျားတို့ အစီစဉ်က ဘယ်တော့လဲ။”
“ရှေ့တစ်ပတ်… တနင်္ဂနွေနေ့ထဲမှာပါ။”
“အင်း… ဒီနေ့ကလည်း တနင်္ဂနွေနေ့ဆိုတော့ အချိန်(၇)ရက်တိတိရသေးတယ်။ ဟုတ်ပြီ… ကျွန်တော်တို့လည်း ဇာတ်တိုက်ဖို့ အချိန်လေး ရတာပေါ့။ တစ်ညကို ကျွန်တော်တို့သိန်း(၂၀)ယူပါတယ်။ စရံကိုတော့ (၅)သိန်းပေးခဲ့ရင် ရပါပြီ။’
“ဟုတ်ကဲ့ပါခင်ဗျာ… ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ စရံငွေ (၁၀)သိန်းပေးခဲ့ပါ့မယ်။”
“အင်း… ဒါလည်းဖြစ်ပါတယ်။”
“သြော်… ကျွန်တော်တို့က ခင်ဗျားတို့ရွာကို ဘယ်လိုလာခဲ့ရမှာလဲ။ ခင်ဗျားတို့ လာခေါ်မှာလား။”
“အင်း… အဲ့ဒါ… ဟို။”
“သြော်ဗျာ.. ဘကြီးသာလှကလည်း ကျွန်တော်နဲ့ရွာက လူတွေ အားနေကြ တာပဲ။ ကျွန်တော်တို့လာခေါ်လိုက်မယ်လေ။”
“မဖြစ်သေးဘူးကွ၊… မင်းတို့လည်း ဇာတ်ပွဲမတိုင်ခင် အလုပ်တွေအများ ကြီး ရှိကြသေးတယ်။ အဲ့ဒီတော့ ဒီလိုလုပ်ပါလားခင်ဗျ။”
“ပြောပါ။”
“ယောနယ်အထိကို ခင်ဗျားတို့ဇာတ်တစ်ဖွဲ့လုံး ကားငှားပြီးလာခဲ့ပေးဗျာ၊ ကျွန်တော်တို့ မြို့ပေါ်ကနေ စောင့်ကြိုနေပေးမယ်ဆိုရင်ရော…”
“အင်း… အဲ့ဒါတော့ သိပ်အဆင်မပြေလောက်ဘူး ထင်တာပဲဗျ။ ခင်ဗျားတို့ထဲက လမ်းပြတစ်ယောက်လောက် ပါမှအဆင်ပြေနိုင်မယ်။”
“အင်း… ကျွန်တေ်ာတို့ကလည်း မိသားစုတွေအတွက် တစ်နေ့လုပ်မှ တစ်နေ့စားနေရတော့…”

“ဘဘဦးအောင်တင်… ကျုပ်တို့ဟာ ကျုပ်တို့ သွားလို့လည်းအဆင်ပြေတာပဲဗျ။ သူတို့လည်း မအားဘူးဆိုတော့ ကျုပ်တို့ဘက်က အဆင်ပြေအောင် ညှိပေးလိုက်တာ ကောင်းပါတယ်။”
“အေး… ကဲအဖွဲ့သားတွေ… ဘယ်လိုလဲ။ ရွှေဘုတ်ပြောသလို လုပ်မှာလား။”
“လုပ်ဗျာ… အဆင်ပြေအောင် လုပ်ပေးလိုက်ကြတာပေါ့။’
“ကဲ… အဖွဲ့သားတွေကတော့ အဆင်ပြေတယ်တဲ့ဗျ။ ကောင်းပါပြီ။ ဒါဆို ယောနယ်အထိကိုတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ လာခဲ့ကြမယ်လေ။ မြို့ပေါ်မှာတော့ ခင်ဗျားတို့ လာကြိုပေးနိုင်တယ်မဟုတ်လား။”
“ဟုတ်ကဲ့ခင်ဗျ… ကျွန်တော်တို့ လာကြိုပေးနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်ဗျာ။ အခုလိုလေးတွေ အဆင်ပြေအောင် ညှိပေးတဲ့အတွက် ခင်ဗျားတို့ကို ကျုပ်တို့ရွာသားတွေက ကျေးဇူးတင်နေကြမှာပါ။ ဒါကြောင့်လည်း ရွှေကြာညိုဇာတ်အဖွဲ့က အရမ်းနာမည်ကြီးတာကိုးဗျ။”

နှစ်ဦးနှစ်ဖက်သား အပေးအယူ အဆင်ပြေသွားခဲ့သည်နှင့် ဇာတ်အဖွဲ့ခေါင်းဆောင် ဘဘဦးအောင်တင်အား ထိုသူများမှာ စရံငွေ(၁၀)သိန်းကိုပင် ပေးအပ်ခဲ့လေသည်။ ၁၉၆၉ခုနှစ်မှ မြန်မာငွေ(၁၀)သိန်းပင် ဖြစ်သည်ကြောင့် ယခုခေတ်ကာလနှင့် မနှိုင်းယှဉ်စေချင်ပါ။ ဇာတ်အဖွဲ့သားများနှင့် တောက်တိုမရ လုပ်ကိုင်ပေးသော အလုပ်သမားများအား တစ်ညလျင် ငွေကျပ်(၁၅၀)သာလျင် ပေးရပြီး၊ မင်းသမီးလေးရွှေကြာညိုကိုမူ တစ်ညလျင် ငွေကျပ်(၁၅၀၀၀)သာလျင် ပေးလျက်၊ ဆိုင်းတစ်ဖွဲ့လုံးကိုမူ ငွေကျပ်(၂၀၀၀၀)သာလျင် ပေးရသည်ကြောင့် ကျန်ငွေများတွင် ဇာတ်အဖွဲ့ခေါင်းဆောင်မှ ရရှိစေခြင်းဖြစ်ပေသည်။
ပိုက်ဆံများစွာ ရရှိသကဲ့သို့ လူသည်လည်း လွန်စွာကိုယ်စိတ်များစွာ ပင်ပန်းရသည်က ဇာတ်အဖွဲ့ခေါင်းဆောင်ပင်ဖြစ်သည်။ ညကြေးများစွာ ပေးအပ်ပြီးသာမက နေစရိတ်၊ စားစရိတ်များကိုပါ ဇာတ်အဖွဲ့ခေါင်းဆောင်မှ အကုန်ကျခံရလေသည်။ ယခုတွင်လည်း ယောနယ်ဘက်သို့ ဇာတ်ပွဲထွက်ရန်အတွက် အားလုံးသောသူများမှာ ဇာတ်တိုက်နေကြရပြီ ဖြစ်လေတော့သည်။

ပွဲကရမည့် နေ့မှာ တနင်္ဂနွေနေ့ ညပင်ဖြစ်ပြီး၊ ဇာတ်ရုံထိုးရဦးမည်ဖြစ်သည်။ ကြိုတင်စီစဉ်ရမည့် ကိစ္စရပ်များသည်လည်း များစွာရှိနေခဲ့သေးသည်ကြောင့် သောကြာနေ့ကတည်းမှ ဇာတ်တစ်ဖွဲ့သားလုံးမှာ ယောနယ်ဆီသို့ သွားရောက်စေရန်အတွက် ဦးတည်ခဲ့ကြပြီဖြစ်သည်။ ပွဲလိုက်ရန်အတွက် ဘဘ ဦးအောင်တင်ထံတွင် ကိုယ်ပိုင်ကားကြီးအားလည်း ရှိထားလေခဲ့ပြီး၊ ဆိုင်းပစ္စည်းများသာမက ဇာတ်အဖွဲ့သား တစ်ဖွဲ့လုံးသည်လည်း လိုက်ပါနိုင်သော ကားကြီးနှင့်ပင် ယောနယ်ဆီသို့ ခရီးဆက်ခဲ့ရာမှ ညနေ(၃)နာရီခွဲခန့်တွင် ယောမြို့ပေါ်ဆီသို့ ရောက်ရှိလာကြပြီဖြစ်လေသည်။
မြို့ပေါ်ဆီသို့ ရောက်ရှိလာခဲ့ကြသည်နှင့် မိမိတို့အား ဇာတ်ပွဲလာရောက် ငှားရမ်းကြသော လူလေးဦးကိုပင် ပတ်ဝန်းကျင်အတွင်း၌ လှည့်ပတ်ရှာနေခဲ့ကြသည်။ မိမိတို့မှာ ထိုသူများ၏ ဥပတိရုပ်ကိုပင် ကောင်းမွန်စွာ မမှတ်မိကြသော်လည်း ရွှေကြာညိုဇာတ်အဖွဲ့ဟု ကားကြီးရောက်ရှိလာခဲ့သည်နှင့် ထိုသူများမှာ မိမိတို့အား လာရောက်ကြိုဆိုသင့်ပေသည်။
သို့သော် ယောမြို့ပေါ်အတွင်းရှိ မြို့သူမြို့သားများမှာ ရွှေကြာညိုဟူသော ဇာတ်အဖွဲ့ကြီးရောက်ရှိလာခဲ့သည်ကြောင့် အားရဝမ်းသာဖြင့် ငေးမောကြည့်ရှု့သွားခဲ့ကြလေသည်။ သို့သော် မည်သည့်နေရာဆီ၌ ကပြဖျော်ဖြေမည်နည်းဟူ၍ သိရှိထားကြဟန်မပေါ်ချေ။ ဘဘဦးအောင်တင်နှင့် ဇာတ်အဖွဲ့သားများသည်လည်း နီးစပ်ရာ စားသောက်ဆိုင်တစ်ခု အတွင်းသို့ ဝင်ရောက်လိုက်ကြပြီး၊ အစားပြေများကိုပင် စားသောက်ခဲ့ကြသည်။
ညနေ(၄)နာရီခွဲကျော်သည့်အထိ မိမိတို့အား မည်သူတစ်ဦးတစ်ယောက်မှ လာရောက်ကြိုဆိုခဲ့ကြခြင်း မရှိခဲ့သေးပေ။ စားသောက်ဆိုင်အတွင်းတွင်လည်း ထိုင်နေခဲ့ကြသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သော်ကြောင့် ဦးအောင်တင်နှင့်အဖွဲ့သည်လည်း မိမိတို့၏ ဇာတ်ပစ္စည်းကားကြီးအနီးတွင်သာ သွားရောက် စုရုံးနေခဲ့ရလေသည်။

တစ်ဖွဲ့သားလုံးသည်လည်း လာရောက်ကြိုဆိုကြသူများ မရောက်ရှိလာကြသေးသည်ကြောင့် တစ်ယောက်တစ်ပေါက်နှင့် လွန်စွာစိတ်ပျက်နေခဲ့ကြပြီ ဖြစ်လေသည်။ ဇာတ်အဖွဲ့ခေါင်းဆောင် ဦးအောင်တင်သည်လည်း တစ်ဖွဲ့သားလုံးကိုပင် နှစ်သိမ့်ပြောဆိုထားလျက် သူသည်လည်း လွန်စွာစိတ်တိုနေမိသည်။ ထိုအချိန်က ဆက်သွယ်ရေးများသည်လည်း ကောင်းမွန်စွာ မရရှိခဲ့သေးသည်ကြောင့်
ဆက်သွယ်အကြောင်းကြားရန်မှာပင် လွန်စွာခက်ခဲလျက်ရှိနေသည်။
သို့နှင့် စိတ်ပျက်မှု့များစွာဖြင့် စောင့်စားနေခဲ့ကြပြီး၊ ညနေစောင်း နေဝင်ချိန်မှသာလျင် မြင်းလှည်းတစ်စီးဖြင့် လူတစ်စု ကားကြီးအနားသို့ ရောက်ရှိလာခဲ့ကြလေသည်။ မြင်းလှည်းပေါ်တွင် လိုက်ပါလာကြသူများထဲမှ ခန့်ခန့်ကြားကြားနှင့် ကျက်သရေခေါင်းပေါင်းကိုပင် စောင်းထားခဲ့သေးသည်။
လယ်ကုတုံးအကျီအဖြူပေါ်တွင် တိုက်ပုံအဖြူလေးအားလည်း ဝတ်ဆင်ထားလျက် တောင်ရှည်ပုဆိုးကြီးနှင့် ထိုသူကြီးမှာ လွန်စွာခန့်ညားလှလေသည်။ သူ၏နောက်လိုက်များဟု သတ်မှတ်နိုင်သော လူငါးဦးတည်းမှ နှစ်ဦးမှာ ရွှေကြာညိုဇာတ်အား လာရောက်ငှားရမ်းသွားသည့် လူနှစ်ဦးပင်ဖြစ်လေသည်။
ထို့ကြောင့် ဦးအောင်တင်နှင့် ဇာတ်အဖွဲ့သားများမှာလည်း ထိုသူနှစ်ဦးကိုပင် မြင်တွေ့လိုက်ရသည်နှင့် ဝမ်းသာအားရဖြစ်သွားခဲ့ရပြီး၊ ထိုကဲ့သိုပင် ပြောဆိုကြလေတော့သည်။

“ဟာဗျာ… ခင်ဗျား… ခင်ဗျားတို့ ပေါ်လာကြသေးတယ်နော်။ ကြည့်ပါဦးဗျာ… အချိန်ကိုလည်းကြည့်ကြပါ်ဦး။’
“ကျုပ်တို့တောင်းပန်ပါတယ်ဗျာ။ ခင်ဗျားတို့အားလုံး ရန်ကုန်ကနေ ထွက်လာကြမယ်ဆိုရင် ယောနယ်ကို ညမိုးချုပ်(၈)နာရီလောက်မှ ရောက်လာကြမယ်ထင်တာ။”
“အဲ့ဒါကြောင့် အဘကိုကျုပ်ပြောတာပေါ့ဗျ။ ရွှေကြာညိုဇာတ်အဖွဲ့က သိပ်ကိုဝီရိယကောင်းပါတယ်လို့ နေ့လည်တည်းက သွားမယ်လို့ ကျုပ်မပြောဘူးလား။”
“အေးပါကွာ… ငါမှားသွားပါတယ်။ ကျုပ်အနူးညွှတ် တောင်းပန်ပါတယ်ဗျာ… ခင်ဗျားတို့ကို ဒုက္ခပေးမိသလို ဖြစ်သွားရပြီ၊ တောင်းပန်ပါတယ်နော်။”
“ရပါတယ်ဗျာ… ကျုပ်တို့က ကျုပ်တို့ဟာ ကျုပ်တို့မလာတတ်တာနဲ့ ဒီအတိုင်းစောင့်နေခဲ့ရတာ၊ နေရာသိလို့ကတော့ ရောက်လာကြပြီပဲ။”
“ဟုတ်ပါတယ်ဗျာ… တောင်းပန်ပါတယ်နော်။ ကျုပ်က လေးရွာကိုအုပ်ချုပ်နေရတဲ့ လေးရွာပိုင် ရွာလူကြီးပါ။ အခုဟာကလည်း ကျုပ်မွေးနေ့မှာ လေးရွာစလုံးက အမှတ်တရအဖြစ် ဇာတ်ပွဲလေးထည့်ချင်တယ်ဆိုလို့ စီစဉ်ကြတာ။ စောင့်နေလိုက်ရတဲ့အတွက် ကျုပ်တကယ့်ကို စိတ်မကောင်းဖြစ်မိပါတယ်။ တောင်းပန်ပါတယ်နော်။”

“ကဲပါဗျာ… တောင်းပန်မနေနဲ့တော့ ကျုပ်တို့လည်း ဒီနားမှာစောင့်နေရတာ ကြာလှပြီ၊ ကဲပြော… ဘယ်ကိုဦးတည်မောင်းရမလဲ။”
“ဗျာ…”
“ဟင်… ခင်ဗျားတို့ရွာကို ဘယ်လမ်းကနေ ဦးတည်သွားရမလဲလို့ မေးနေတာလေ။”
“ဟေ့ကောင် မောင်ကောင်း… နေစမ်းပါဦးကွ။ ရွာလူကြီး လမ်းပြမှာပေါ့။ လူကြီးရေ… စိတ်မရှိပါနဲ့ဗျ။ ကျုပ်အဖွဲ့သားတွေလည်း စိတ်နည်းနည်းရှုတ်ပြီး ပြောမိတာပါဗျ။”
“ရပါတယ်ဗျာ… ရပါတယ်။ တောင်းပန်ရမှာက ကျုပ်တို့က တောင်းပန်ရမှာပါ။”
“ရပါတယ်ဗျ… ကဲပြော… ခင်ဗျားတို့ရွာကိုသာ လမ်းပြပေတော့… ကျုပ်တို့လည်း ဇာတ်ရုံတွေဘာတွေ ဒီညကတည်းက ပြင်ဆင်ထားမှ တော်ခါကျမှဖြစ်နေလို့။”
“ဟုတ်ကဲ့ပါခင်ဗျ… ဟုတ်ကဲ့ပါ။ ကဲ… မောင်မြင့်ခိုင်… သူတို့နဲ့ မင်းကားပေါ်လိုက်သွားပြီးတော့ လမ်းပြပေးလိုက်နော်။ ငါတို့အားလုံး အနောက်ကနေ မြင်းလှည်းနဲ့လိုက်ခဲ့ပေးမယ်။”

ခန့်ခန့်ညားညားညားနှင့် ထိုသူကြီးပြောဆိုလိုက်သည်နှင့် မောင်မြင့်ခိုင်ဆိုသော ထိုသူသည်လည်း ဦးအောင်တင်တို့၏ ကားအရှေ့ခန်းတွင် လိုက်ပါလာခါ၊ ဦးတည်ရမည့် ရွာလမ်းအတိုင်း လမ်းပြခေါ်ဆောင်လာခဲ့ပေသည်။ လမ်းများမှာလည်း အလွန်ပင်ကြမ်းတမ်းလျက်၊ ကားဆရာသည်လည်း လွန်စွာ ထိန်းသိမ်းမောင်းနှင် လာခဲ့ရပေသည်။ ယောမြို့ပေါ်မှ ထိုသူလမ်းပြခေါ်ဆောင်ရာဆီသို့ မနစ်(၃၀)ခန့် ဖြေးညင်းစွာမောင်းနှင်လာခဲ့ပြီးနောက် ထီးဆိုင်ရွာဆီသို့ စိုက်မြိုက်စွာဖြင့် ရောက်ရှိလာခဲ့ရလေတော့သည်။
ထိုရွာလေးဆီသို့ စတင်ဝင်ရောက်လိုက်သည်နှင့် တစ်ရွာလုံးမှာ စည်းကားနေကြသည်က ပွဲစျေးတန်းကြီးပင် ဖြစ်နေလျက်၊ မုန့်မျိုးစုံရောင်းသည့် ဆိုင်များ၊ အထည်ဆိုင်များ၊ ကလေးကစားစရာ အရောင်းဆိုင်များ၊ ဆိုင်ကြီး၊ဆိုင်ငယ်များဖြင့် စည်းကားနေလျက်ရှိပေသည်။
လာရောက်ကြိုဆိုသူများကိုပင် အချိန်ကြာမြင့်စွာ စောင့်စားနေခဲ့ရသည့် ဇာတ်အဖွဲ့သားများသည်လည်း ထိုရွာလေး၏ စည်းကားမှု့များကိုပင် မြင်တွေ့လိုက်ရပြီး၊ စိတ်များသည်လည်း လန်းဆန်းသွားခဲ့ရပေသည်။ အဘယ့်ကြောင့် ထိုကဲ့သို့ စည်းကားနေရသနည်းဟု မေးမြန်းကြည့်သည့်အခါတွင်မူ နာမည်ကြီးဇာတ်အဖွဲ့ လာရောက် ကပြမည်ဖြစ်သောကြောင့် ထိုကဲ့သို့ စည်းကားနေရခြင်းပင် ဖြစ်သည်ဟု သိရှိခဲ့ရပေသည်။

ဇာတ်အဖွဲ့သားများထဲတွင် လူမျိုးစုံ၊ စိတ်ထားမျိုးစုံ ရှိနေကြသည်ကြောင့် ပွဲစျေးတန်းကြီးအတွင်းသို့ လည်ပတ်ချင်နေကြသော သူများမှာလည်း ငဏာမငြိမ်ဖြစ်နေခဲ့ကြသည်။ ဇာတ်အဖွဲ့ခေါင်းဆောင် ဦးအောင်တင်ကိုမူ ကြောက်လန့်နေကြသည်ကြောင့် အိနြေ္ဒရေဆယ်ထားခဲ့ရပြီး၊ ထိုညတွင်မူ ဇာတ်ရုံကိုပင် အခြေမတည်ချင်သေးပါဟု အဖွဲ့သား အများစုမှ ပြောဆိုကြသည်ကြောင့် ဦးအောင်တင်သည်လည်း မနက်အချိန်ခါမှသာလျင် ဇာတ်ရုံဆောက်ရန်အတွက် သဘောတူထားလိုက်ရသည်။
ထို့ကြောင့် ဇာတ်အဖွဲ့သားများမှာလည်း ပွဲစျေးတန်းအတွင်းသို့ လည်ပတ်လျက်၊ အပျိုလေးများအားလည်း ပိုးပန်းလေခါ၊ ပစ္စည်းပစ္စယာများအားလည်း ဝယ်ခြမ်းခဲ့ကြသည်။ ဦးအောင်တင်နှင့် ဇာတ်အဖွဲ့သားများမှာ ထိုရွာလေးအတွင်းသို့ ရောက်ရှိလာခဲ့ရသည်နှင့် ကျွန်းတိုင်ကြီးများဖြင့် ခိုင်ခံ့စွာတည်ဆောက်ထားခဲ့သော လေးရွာပိုင် ရွာလူကြီး၏ နေအိမ်တွင်သာ တည်းခိုရန်အတွက် ပြင်ဆင်ခဲ့ကြသည်။
လေးရွာပိုင်ရွာလူကြီးသည်လည်း သူ၏မိသားစုများဖြင့် မိတ်ဆတ်ပေးခဲ့ပြီး၊ မိသားစုဝင်များသည်လည်း ရှေးမြန်မာတို့၏ ဝတ်စားပုံများနှင့်သာ မြင်တွေ့ရပါသည်။ ထိုတစ်ညအဖို့ ဤကဲ့သို့ စည်းကားလှစွာသော ပွဲစျေးတန်းမျိုးကိုပင် မြို့ကြီးပြကြီးဆီ၌ မကြုံခဲ့ရဘူးသည်ကြောင့် ရန်ကုန်မှ ဇာတ်အဖွဲ့သားများမှာ တစ်ညလုံးနီးပါး ပွဲစျေးတန်းနေရာအနံ့ လည်ပတ်ခဲ့ကြပြီး။ မနက်မိုးလင်းခါနီး အချိန်မှသာလျင် လေးရွာပိုင် ရွာလူကြီး၏ နေအိမ်ထံသို့ ပြန်လည်ရောက်ရှ်ိလာလေခါ၊ အိပ်စက်အနားယူခဲ့ကြလေတော့သည်။

“ဝါး….”
“ဝါး…” ဟူသော အသံနှင့်အတူ ဇာတ်အဖွဲ့ခေါင်းဆောင် ဦးအောင်တင်တစ်ယောက် နိုးထလာခဲ့၏။ နိုးထလာခဲ့ရသည်က သူ၏ မျက်နှာပြင်ပေါ်သို့ နေဗောက်ထိုးသော်ကြောင့် နိုးထလာခဲ့ရခြင်းပင် ဖြစ်လေသည်။ ပက်လက်အနေအထား နိုးထလာခဲ့ပြီး၊ မျက်နှာကျတ်အပေါ်သို့ ကြည့်မိလိုက်သည်နှင့် ပေါက်ပြဲနေခဲ့သော အမိုးနှင့်၊ ကြက်ခိုးများတတ်နေခဲ့သော မျက်နှာကြပ်နှင့်အတူ ဟောင်းနွှမ်းစုတ်ပြတ်နေခဲ့သော ထုတ်တန်းများပင်ဖြစ်လေခဲ့သည်။
မည်သို့ပင်ဖြစ်ရလေသနည်း။ မနေ့ညမှ အိမ်ထုတ်တန်းအပေါ်သို့ ကြည့်မိလိုက်ချိန်က အလွန်ပင် ကောင်းမွန်လှစွာသော ကျွန်းသစ်တိုင်များကိုပင် အသုံးပြုထားပြီး၊ ယခုအခါတွင်မူ အဘယ့်ကြောင့် ပေါက်ပြဲနေသော အမိုးနှင့်၊ ဟောင်းနွှမ်းဆွေးမြေ့နေသည့် သစ်သားတိုင်များပင် ဖြစ်နေရသနည်း။
ထိုအချိန်ထိ ဦးအောင်တင်တစ်ယောက် သူ၏ နံဘေးနားတွင် လာရောက်အိပ်စက်နေခဲ့သော အဖွဲ့သားများကိုပင် သတိတရ မကြည့်မိခဲ့သေးပေ။ ကြည့်မိလိုက်သည်နှင့် မိမိ၏ ဘေးဘယ်ညာတွင် တန်းစီလျက် အိပ်မောကျနေခဲ့ကြသော အဖွဲ့သားများအား မြင်တွေ့လိုက်ရပြီ ဖြစ်သည်။
နံရံဟူ၍မရှိ၊ အခင်းနှင့် အမိုးသာလျင်ရှိနေခဲ့သော နေရာလေးတွင် မိမိနှင့်အဖွဲ့သားများမှာ အိပ်စက်နေခဲ့ကြခြင်းဖြစ်၏။ ဘေးပတ်ဝန်းကျင် ရှု့ခင်းများမှာလည်း ထိတ်လန့်သွားလောက်အောင်ပင် မြင်တွေ့့လိုက်ရသည်က အုတ်ဂူအဟောင်းများသာလျင် ဖြစ်နေလေခဲ့သည်။
ထို့ကြောင့် ဦးအောင်တင်သည်လည်း လဲလျောင်းနေရာမှ ကမန်းကထန်းထလိုက်လေခါ၊ သူ၏အဖွဲ့သားများအာ နှိုးရန်အတွက် ပြင်ဆင်လိုက်လေတော့သည်။

“ဟေ့… ဟေ့… ထကြစမ်း၊ ထကြစမ်း..။”
“ဟင်… ဘာတုန်းဗျာ။”
“ဟေ့ကောင်တွေ… ထကြစမ်း။”

ထိတ်လန့်တုန်ရီစွာဖြင့် ဦးအောင်တင်တစ်ယောက် အော်ဟစ်နှိုးလိုက်သည်ကြောင့် သူ၏အဖွဲ့သားများသည်လည်း အိပ်ချင်မူးတူး မျက်လုံးများဖြင့် နိုးထလာခဲ့ကြလေသည်။ နိုးထလာခဲ့သည်နှင့် အသံလာရာ ဦးအောင်တင်ဘက်ဆီသို့ ဝိုင်းကြည့်လိုက်ကြပြီး၊ နံရံမရှိသည်ကြောင့် ဦးအောင်တင်၏ နောက်ကျောမှ အုတ်ဂူအဟောင်းများကိုသာလျင် အဖွဲ့သားများမှာ ထိတ်လန့်တကြား မြင်တွေ့လိုက်ရလေတော့၏။

“ဟင်… ကျုပ်တို့… ကျုပ်တို့ဘယ်ရောက်နေကြတာလဲ။”
“ဟာ…”
“ဟင်…”
“ဘယ်ကို… ဘယ်ကိုရောက်နေရတာလဲ။”
“ရွာလူကြီး… ဟေ့ရွာလူကြီး။”
“ဘဘ… ကျွန်တော်တို့… ကျွန်တော်တို့ ဘယ်လိုဖြစ်ပြီ၊ သင်္ချိုင်းကုန်းထဲကို ရောက်နေရတာလဲ။”
“အဲ့ဒါခဏထား… မင်းသမီးလေးရော…”
“ညက… ညက မိတ်ကပ်ဆရာမလေးနဲ့ ကောင်မလေးတစ်ယောက် အိပ်ခန်းထဲမှာ သွားအိပ်ကြတာလေ။”
“ဟာ… ရှာစမ်းပါဦး…။”
“ဆရာ… သမီးဒီမှာ…။”
“ဟင်… ကြာညို… သမီး… သမီးဘယ်ကနေ ထွက်လာတာလဲ။”
“သမီးနဲ့ မိတ်ကပ်ဆရာမလေး… နိုးလာတော့ အုတ်ဂူကြားထဲမှာ နှစ်ယောက်သား အိပ်နေကြတာကို သိလိုက်ရတာနဲ့ ကြောက်ပြီး၊ ထွက်လာတာကနေ ဘဘတို့ကိုတွေ့တာ။”
“ဟာ…။”
“လုပ်ပါဦးဗျာ.. ကျုပ်တို့ ဘယ်လိုဖြစ်ရတာလဲ။”

မနေ့ညမှ လေးရွာပိုင်ရွာလူကြီး၏ ကျယ်ဝန်းလှသော အိမ်အရှေ့ခန်းတွင် အိပ်စက်ခဲ့ကြသည့် ဇာတ်အဖွဲ့သားများမှာ သုသာန်ဇရပ်ပျက်ကြီးအတွင်းတွင် ဖြစ်ပြီး၊ မိန်းကလေးများဖြစ်ကြသော မင်းသမီးလေးကြာညိုနှင့် မိတ်ကပ်ဆရာမလေးတို့မှာ အိပ်ခန်းအတွင်း၌ ဝင်ရောက်အိပ်စက်ခဲ့ကြခြင်း မဟုတ်၊ အုတ်ဂူကြားအတွင်းတွင်သာ ဖြစ်နေကြောင်းအား ယခုမှသာလျင် သိရှိလိုက်ရလေတော့သည်။
ထို့ကြောင့် ဇာတ်အဖွဲ့သားများနှင့် ဇာတ်အဖွဲ့ခေါင်းဆောင် ဦးအောင်တင်အပါအဝင် ဇာတ်မင်းသမီးလေးတို့မှာလည်း လွန်စွာထိတ်လန့်သွားခဲ့ရလေပြီး၊ တိတ်ဆိတ်ငြိမ်သတ်နေခဲ့သော သုသာန်ပတ်ဝန်းကျင် အနီး၌ တစ်စုံတစ်ခုသော အကူညီကိုပင် ရရှိစေရန်အတွက် လိုက်လံကြည့်ရှု့လေမိသည်။ သို့သော် လူရိပ်လူယောင်ဟူ၍ မည်သည့်အရိပ်ယောင်ကိုမျှ မမြင်တွေ့ရပေ။
ဇာတ်တစ်ဖွဲ့လုံးတွင် ယောက်ျားလေးအများစု ပါဝင်နေခဲ့သော်လည်း အားလုံးမှာမူ ထိတ်လန့်တုန်လှုပ်လျက်၊ တစ်ဦးနှင့်တစ်ဦး ပူးကပ်လျက်ရှိနေကြပေသည်။ ဇာတ်အဖွဲ့ခေါင်းဆောင် ဦးအောင်တင်သည်လည်း ချွေးသီးသီး စီးကျနေလျက် သူသည်လည်း သုသာန်အတွင်းမှနေခါ မည်သို့ပင် ထွက်ခွာရမည်မှန်းမသိတော့ပေ။

သို့နှင့် ဇရပ်ပျက်ကြီးအတွင်းတွင်သာ အားလုံးရှိနေခဲ့ကြပြီး၊ အချိန်အနည်းငယ် အကြာ၌ ထင်းခွေထွက်လာခဲ့ကြသော သားအဖနှစ်ဦးမှာ သုသာန်အပျက်ကြီးနားသို့ စိုက်မြိုက်စွာဖြင့် ရောက်ရှိလာခဲ့ကြလေသည်။ ထို့သူနှစ်ဦးကိုပင် မြင်တွေ့လိုက်ရသည်နှင့် ဇာတ်တစ်ဖွဲ့လုံးမှာလည်း ဝမ်းသာရမည်လား၊ ထိတ်လန့်ရမည်လား မသိ၊ လူစင်စစ်ပင်လား၊ တစ္ဆေသရဲပင်လားဟူ၍ ဝေခွဲမရ၊ ထိတ်လန့်သွားခဲ့ရလေသည်။

“ဟေ့လူတွေ… ခင်ဗျားတို့… ဒီမှာဘာလုပ်နေကြတာလဲံ။”
“ဟင်… ခင်ဗျား… ခင်ဗျားတို့… ခင်ဗျားတို့က ဘယ်သူတွေလဲ။”
“အဲ့ဒါကို ကျုပ်ကမေးရမှာ… ခင်ဗျားတို့ကြည့်ရတာ။ ဒီနယ်က မဟုတ်လောက်ဘူးထင်တယ်။”
“အနားမကပ်နဲ့နော်… အနားကိုမကပ်နဲ့။”
“ဟာဗျာ… ကျုပ်တို့သားအဖနှစ်ယောက်က ထင်းခွေထွက်လာခဲ့တာ။ ဒီသုသာန်အပျက်နားကိုလည်း မကြာမကြာရောက်ဖြစ်တယ်။ ပြီးတော့…. သြော်… သိပြီသိပြီ။ ခင်ဗျားတို့တွေ ကျတ်ကုန်းရွာသားတွေနဲ့ တွေ့လိုက်ရပြီထင်တယ်။”
“ဟင်… ဘယ်လို… ကျတ်… ကျတ်ကုန်း… ဟုတ်… ဟုတ်လား။”
“ဟုတ်တယ်။ ဒါနဲ့ခင်ဗျားတို့က ဘယ်သူတွေလဲ၊ ဘယ်လိုဖြစ်ပြီ ဒီသင်္ချိုင်းထဲကို ရောက်လာရတာလဲ။”
“ဒီ… ဒီလိုပါဗျာ…”

ထင်းခွေရင်း သုသာန်အပျက်နားသို့ ရောက်ရှိလာခဲ့ကြသော သားအဖနှစ်ဦးမှာ ဇာတ်အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့သားများမှာ ကျတ်ကုန်းရွာသားများ၏ လက်ချက်ကြောင့်ပင် သုသာန်အပျက်အတွင်းသို့ ရောက်ရှိ်လာခဲ့ကြခြင်းသာလျင် ဖြစ်ပါလိမ့်မည်ဟု ပြောဆိုလိုက်လေသည်။ သို့မှသာလျင် ဇာတ်အဖွဲ့ခေါင်းဆောင် ဦးအောင်တင်သည်လည်း မိမိတို့ဇာတ်အဖွဲ့အား လာရောက်ငှားရမ်းသည့် အချိန်မှစတင်ခါ၊ မနေ့ညမှ အိပ်မပျော်သွားခင် အချိန်အထိ အကြောင်းများအား အကြောင်းစုံပြောပြလိုက်လေသည်။

“သြော်… ဖြစ်မှဖြစ်ရလေဗျာ…။”
“ဟုတ်တယ်ဗျ….။ ဒီသင်္ချိုင်းက လွတ်လပ်ရေး မရခင်ကတည်းက ရှိနေတယ်ဆိုပါတော့…။ ကျုပ်အဖေပြောဘူးတယ်။ အစတုန်းက ဒီနေရာက ထီးဆိုင်ဆိုတဲ့ရွာလေးတဲ့ဗျ။ ဂျပန်ခေတ်ဗုံးကျဲခံရပြီး တစ်ရွာလုံးပျောက်သွားခဲ့ရတာ။ တစ်ရွာလုံး ရွာလုံးကျွတ် သေသွားခဲ့ရတယ်ဆိုပ်ါတော့…။ အဲ့ဒါကြောင့် ဂျပန်တွေက ဒီရွာနေရာမှာ စစ်သုံ့ပန်းတွေကို သုတ်သင်တယ်။ ပြီးတော့ သင်္ချိုင်းသဘောအနေနဲ့ ပတ်ဝန်းကျင်က ရွာသားတွေကို ချွေးတပ်စွဲပြီး၊ ဇရပ်တွေဆောက်တယ်။ နောက်ပိုင်း လွတ်လပ်ရေးရပြီးတော့လည်း နယ်ခံတွေကလည်း ဒီနေရာကို သင်္ချိုင်းအဖြစ်နဲ့ ဆက်ပြီးသုံးခဲ့ကြတာပဲ။ ဒါပေမယ့် ဒီနေရာကိုပစ်ပြီး၊ သင်္ချိုင်းမလုပ်တော့တာ… ကျုပ်သားလေးတစ်သက် ရှိနေပြီဗျ..။”
“ဟင်…။”
“ဟုတ်တယ်။ ကျုပ်တို့သားအဖတွေ ဒီဘက်ကိုရောက်လာကြတိုင်း ဒီသင်္ချိုင်းထဲကနေ ကျတ်ကုန်းတွေ လှည့်စားထားတဲ့ သူ… တစ်ယောက်မဟုတ် တစ်ယောက်ယောက်ကို လမ်းပြလုပ်ပေးနေခဲ့ရတာ။ နှစ်မနည်းတော့ဘူး။ လာပြန်ပြီ… အခုလည်း ခင်ဗျားတို့ဇာတ်အဖွဲ့။”

“ဟာ… ညတုန်းကဆိုရင် တစ်ရွာလုံးကို စည်းကားနေခဲ့တာဗျ…။ ရွာက အပျိုလေးတွေရော… ကလေးတွေရော… အစုံပဲဗျာ။ ကျုပ်ဖြင့် ယုံတောင်မယုံနိုင်ဘူး။”
“ကျတ်ကုန်းဆိုတဲ့ ပရလောကသားတွေကတော့ ဒီလိုပါပဲဗျာ… လူတွေရဲ့စိတ်ထဲကို အမြင်အာရုံအမျိုးမျိုးနဲ့ သူတို့ကလုပ်နိုင်တယ်။ မနက်ကျရင်တော့ သင်္ချိုင်းထဲရောက်ရင်ရောက် မရောက်ရင် အမှိုက်ပုံတို့ ဘာတို့ တစ်ခြားနေရာတွေကို ရောက်နေရတတ်တယ်ဗျ။”
“ဟာ… ဘဘ… ဒီမှာကြည့်ပါဦး။”
“ဟင်… ဘာတွေလဲ၊ သစ်ရွက်တွေလေကွ။’
“ဟာ… သွားပါပြီဗျာ… ညက ကျုပ်စျေးဝယ်တုန်းက သူတို့ပြန်အန်းခဲ့တဲ့ ပိုက်ဆံတွေဗျ။ ဟာ…သွားပြီ။ သစ်ရွက်တွေပါလား။”
“ကောင်းတယ်။ ဘူးထပြီး သွားဝယ်ချင်တဲ့ကောင်… အခုတော့ မှတ်ပြီလား။”
“ဟင်… ဒါဆို ငါတို့ကို ငှားတုန်းက စရံပေးခဲ့တဲ့ ငွေ(၁၀)သိန်းကရော… သစ်ရွက်တွေပဲလား။”
“ဘဘ… မသုံးရသေးဘူးလား။:”
“မသုံးရသေးဘူးကွ။ သူတို့ပေးသွားတည်းက သေတ္တာထဲထည့်ထားတာ။ မင်းတို့အားလုံးကို ညကြေးပေးခဲ့တဲ့ ပိုက်ဆံတွေရော… ခရီးတလျောက်သုံးနေတဲ့ ပိုက်ဆံတွေရောက ငါ့ကိုယ်ပိုင် ပိုက်ဆံတွေနဲ့ သုံးနေခဲ့တာ။ ဟာကွာ… သွားပါပြီ။ ငါတော့ မွဲပါပြီ။”

“ကဲကဲ… ခင်ဗျားတို့အားလုံး ဒီထဲကနေ ထွက်တတ်ကြလို့လား။”
“ဟင်… ဟာဗျာ… ဘယ်လိုလုပ်ထွက်တတ်မှာလဲ။ ကျုပ်တို့ကို လမ်းပြပေးပါဗျာ။”
“ဒါဆိုလည်း နေမြင့်နေပြီ၊ သွားကြမယ်။”
“ဟုတ်… ဟုတ်ကဲ့…။”
“ဟင်… ခင်ဗျားတို့ အိတ်တွေရော…။”
“အားလုံးကားပေါ်မှာချည်းပဲ၊ ပိုက်ဆံအိတ်လောက်ပဲ ပါလာကြတာ။”
“ကဲ.. လာလာ”

မိန်းမပျိုလေးရောင်းနေခဲ့သည့် စျေးဆိုင်ဆီသို့ သွားရောက်ဝယ်ယူလာခဲ့သော ဇာတ်အဖွဲ့သားတစ်ဦးကိုပင် ထိုမိန်းမပျိုလေးမှာ ပိုက်ဆံပြန်လည်အန်းလိုက်စဉ်က ငွေသားစစ်စစ်များ ဖြစ်နေခဲ့သော်လည်း ယခုအခါတွင်မူ သစ်ရွက်အစိမ်းများသာလျင် ဖြစ်နေခဲ့သည်အား အံ့သြတကြီး သိရှိလိုက်ရလေသည်။ သို့နှင့် ထင်းခွေသည် သားအဖနှစ်ဦးမှာ ထိုသူများကိုပင် လမ်းပြပေးရန်အတွက် အရှေ့မှဦးဆောင်လျက် ထိုသူများသည်လည်း သုသာန်အပျက်တွင်းရှိ အုတ်ဂူများကြားမှ ကြောက်ကြောက်လန့်လန့်ဖြင့် လိုက်ပါလာခဲ့ရလေသည်။
ထို့နောက် သုသာန်အစပ်သို့ ရောက်ရှိလာခဲ့သည်နှင့် မိမိတို့၏ ဇာတ်အဖွဲ့နာမည် ရေးထိုးထားခဲ့သော ကားကြီးကိုပင် မြင်တွေ့လိုက်ရလေတော့၏။

“ဟိုးမှာ … အဲ့ဒါ ခင်ဗျားတို့ကားကြီးမဟုတ်လား။”
“ဟုတ်… ဟုတ်ပါတယ်။”
“ဒါဆိုသွားတော့…”
“ကျုပ်တို့က ဘယ်လိုသွားရမလဲ။”
“ကားကိုအနောက်ဆုတ်ပြီ… တည့်တည့်သာမောင်းသွားပေတော့။ ကားလမ်းမကြီးရောက်တာနဲ့ ဘယ်ဘက်ကိုကွေ့လိုက်… အဲ့ဒါဆိုရင် ရန်ကုန်ပြန်တဲ့ လမ်းမကြီးဆီ ရောက်နိုင်လိမ့်မယ်။’
“ကျေးဇူးတင်ပါတယ်ဗျာ။ ကျေးဇူးတင်ပါတယ်။”
“နောင်ကြီးတို့ သားအဖက ဘယ်ရွာကလဲဟင်…။”
“အင်း… ကျုပ်တို့ကလည်း ထီးဆိုင်ရွာသားတွေပဲဗျ…. ။ ဒါပေမယ့် အခုတော့ ဟိုးဘက်တောစပ်မှာ ကျွန်တော်တို့သားအဖ နှစ်ယောက်တည်း အေးရာအေးကြောင်း နေတော့တယ်။ ခင်ဗျားတို့ပြန်ရင်သွားမှာပါ။”
“ကျေးဇူးတင်ပါတယ်နောင်ကြီရာ… ကျေးဇူးတင်ပါတယ်။”
“ကဲကဲ… လူလည်းစုံနေပြီ ကားပေါ်တတ်တော့…။”
“သြော်… နောင်ကြီး… ခင်ဗျားနာမည်လေး ကျုပ်ကိုပြောပြလို့ရမလား။ ကျုပ်တို့အဖွဲ့ကို အကူညီပေးခဲ့တဲ့ ခင်ဗျားတို့ သားအဖနှစ်ယောက်ကို မှတ်ထားချင်လို့ပါ။’
“ရပါတယ်ဗျာ… ကျုပ်နာမည်က ကျော်ဦး၊ ကျုပ်သားနာမည်က မင်းကျော်လို့ခေါ်တယ်။”
“ဟုတ်ကဲ့ပါနောင်ကြီး၊ ကျုပ်နာမည်က အောင်တင်ပါ။ နောင်ကို ရန်ကုန်ရောက်ရင်လည်း ဝယ်လည်လို့ရပါတယ်။ ဒါ… ကျွန်တော့်အိမ်လိပ်စာပါ။”
“ဟုတ်ပါပြီဗျာ… ဟုတ်ပါပြီ။ ကဲကဲ…သွားတော့ နေလည်း တော်တော်မြင့်နေပြီ။”
“ဟုတ်ကဲ့ပါနောင်ကြီး၊ ဒါဆိုကျုပ်တို့သွားတော့မယ်နော်။”
“ကောင်းပါပြီခင်ဗျ။ ကောင်းပါပြီ။”

ကားကြီးကိုပင် မြင်တွေ့လိုက်ရသည်နှင့် ဇာတ်အဖွဲ့သားများမှာ အားရဝမ်းသာဖြင့် ကားကြီးအပေါ်သို့ အလျင်အမြန် တတ်ရောက်သွားခဲ့သော်လည်း ကားအောက်ဘက်တွင်မူ ထင်းခွေသမား ဦးကျော်ဦးတို့သားအဖနှင့် ဦးအောင်တင်တစ်ယောက် စကားများစွာ ပြောဆိုဖြစ်ခဲ့သေးသည်။ ထို့နောက် ထိုသူလမ်းပြ့ပေးခဲ့သည့်အတိုင်း ကားကြီးကိုပင် မောင်းနှင်ရန်အတွက် ကားဆရာတစ်ယောက် ဦးတည်လိုက်စေသည်။
ဦးအောင်တင်သည်လည်း ထင်ခွေသမား သားဖနှစ်ဦးကိုပင် နှုတ်ဆတ်လေခါ၊ ကားဘတ်မှန်အတွင်းမှ ထိုသူများကိုပင် ကြည့်နေလျက်၊ ကားကြီးအပေါ်၌ လိုက်ပါသွားခဲ့ရပေသည်။ လမ်းကြောမှာ မကွေ့မကောက်ရပဲ၊ တည့်တည့်သာလျင် မောင်းနှင်ရသည်ကြောင့် ကားခေါင်းခန်းတွင် ထိုင်လျက်၊ သားအဖနှစ်ဦးကိုပင် ဘတ်မှန်အတွင်းမှ ကြည့်ရှု့နေခဲ့သော ဦးတင်အောင်သည်လည်း အလှမ်းဝေးလာသည်နှင့်အမျှ ထိုသားအဖနှစ်ဦးကိုပင် ပြပြကလေးသာလျင် မြင်တွေ့နေခဲ့ရလေသည်။
ထို့နောက် အနည်းငယ်လေး လမ်းကွေ့လိုက်ရသည်ကြောင့် သားအဖနှစ်ဦး၏ ပုံရိပ်များကိုပင် ဘတ်မှန်အတွင်းမှ မမြင်တွေ့ရတော့ပေ။ ထို့ကြောင့် ကားပြတင်းပေါက်မှနေ၍ ဘေးဘတ်ဆီသို့ ကြည့်မိလိုက်ချိန်တွင် အံံ့သြစရာကောင်းလှသော မြင်ကွင်းတစ်ခုကိုပင် မြင်တွေ့လိုက်ရလေ၏။
ထို့ကြောင့် မောင်းနှင်နေခဲ့သော ကားဆရာကိုပင် ကားရပ်တန့်စေရန် ပြောဆိုလိုက်ရပြီး၊ အံ့သြမှု့များစွာဖြင့် မြင်တွေ့လိုက်ရသော နေရာဆီသို့ ဦးတည်ရန်အတွက် ဦးအောင်တင်တစ်ယောက် ကားခေါင်းခန်းမှနေ၍ တစ်ကိုယ်တည်း ဆင်းသတ်သွားခဲ့လေတော့သည်။
ထို့နောက် လျပ်တပျက်မြင်တွေ့လိုက်ရသော နေရာဆီသို့ အပြေးဦးတည်လျက် ကြည့်မိလိုက်ချိန်တွင်… ဟောင်းနွှမ်းနေခဲ့သော အုတ်ဂူ အဟောင်းလေးတွင် နာမည်ရေးထိုးထားခဲ့သည်က
“ကိုကျော်ဦး.. အသက်(၂၅)နှစ်”
“မောင်မင်းကျော်… အသက်(၄)နှစ်”

ကိုကျော်ဦးဆိုသူမှာ အသက်(၂၅)နှစ်ဟူ၍ အုတ်ဂူလေးတွင် ရေးထိုးထားခဲ့ပြီ၊ မောင်မင်းကျော်ဟူ၍လည်း ထိုအုတ်ဂူလေးတွင် ရေးထိုးထားခဲ့သေးသည်။ သေချာသည်က အုတ်ဂူတစ်ခုတည်းတွင် လူနှစ်ဦးမြှုပ်နှံထားခဲ့ခြင်းသာ ဖြစ်လိမ့်မည်။ ဤသို့ဆိုလျင် ထင်းခွေသမား သားဖနှစ်ဦး၏ အုတ်ဂူများပင်လား။
မိမိတို့ဇာတ်အဖွဲ့အား လမ်းပြပေးခဲ့သည့် ကျော်ဦးဆိုသူမှာ အသက်အားဖြင့် (၅၅)နှစ်မျှ ရှိလောက်မည်ဖြစ်ပြီး၊ သူ၏သားလေးမှာလည်း အသက်အားဖြင့် (၃၀)ကျော်ခန့်ရှိနေခဲ့ပြီ ဖြစ်ပါသည်။ ဤသို့ဆိုလျင် လွန်ခဲ့သည့် နှစ်ပေါ်င်း(၃၀)အတွင်း၌ ထိုသားဖနှစ်ဦးသားမှာ သေဆုံးသွားခဲ့ခြင်းပင်လား။
ထိုသူတို့မှာ အများကောင်းကျိုးကို သည်ပိုးထမ်းရွက်ခဲ့ခြင်းကြောင့် အမှတ်တရအဖြစ် ဤကဲ့သို့ ဂူသွင်းသင်္ဂျိုခြင်းပင်လျင် ခံခဲ့ရခြင်းဖြစ်လိမ့်မည်။ ထို့ကြောင့်လည်း ယခုအချိန်ထိ ထိုသူများ၏ အုတ်ဂူလေးမှာ တည်ရှိနေခြဲ့့ခင်းသာလျင် ဖြစ်လိမ့်မည်ဟု ဇာတ်အဖွဲ့ခေါင်းဆောင် ဦးအောင်တင်တစ်ယောက် မျက်ရည်များဝဲလျက် ဟောင်းနွှမ်းစုတ်ပြတ်နေခဲ့သော အုတ်ဂူလေးကိုပင် ငေးမောကြည့်ရှု့နေခဲ့မိလေတော့သည်။
******

ပြီး။
(စာရေးသူ၏ အဖိုးဖြစ်သူ ဦးအောင်တင်၏ ကိုယ်တွေ့ဖြစ်ရပ်မှန်များကိုပင် ရေးသားတင်ပြလိုက်ရပါသည်။)
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)