ချိုကခြံတံခါးကိုဖွင့်ပေးရင်း
ငိုယိုနေသောလင်မယားကိုပြောလိုက်သည်။
မောင်တိုး…မောင်အုန်းနဲ့သူကြီးဦးနောင်ချိုတို့က
ထိုလင်မယားအနောက်မှဘွားမယ်စိန်တို့
ခြံဝိုင်းထဲသို့ဝင်လာခဲ့ကြသည်။
ငိုယိုနေသာလင်မယားမှာ ဘွားမယ်စိန်ရှိသော
ကွပ်ပျစ်ခင်းဆီသို့သွား၍ လက်အုပ်များကိုချီကာ…
“အမေကြီး…ကျုပ်သမီးလေး…
ကျုပ်သမီးလေးကိုကယ်ပေးပါ…”
“ဟုတ်ပါတယ်ဗျာ…ကျုပ်တို့သမီးလေးကိုကယ်ပေးနိုင်ရင်ကယ်ပေးပါအမေရယ်…”
ဟုမျက်နှာအထက်၌မျက်ရည်များ…နှပ်များပေပွနေရင်းမှ
ပြောနေကြသည်။
ဘွားမယ်စိန်ကထိုသူတို့ကိုကြည့်ရင်း…
“မောင်ရင်တို့ကဘယ်သူတွေလဲ”
ဟု…မေးလေတော့
“ဘွား သူတို့ကအင်တိုင်းရွာကပါ…
ပြောရရင်ဗျာ…ရေတွင်းထဲကျပြီး သေနေတဲ့
ကလေးမလေးရဲ့မိဘတွေပါပဲဗျာ…”
“အလို…”
သူကြီးဦးနောင်ချို၏စကားကြောင့်ဘွားမယ်စိန်
အံ့သြသွားသည်။
“မြေကြီးပေါ်မထိုင်ကြပါနဲ့…
လာပါကွပ်ပျစ်ခင်းပေါ်ဝင်ထိုင်ကြပါကွယ်…”
ဘွားမယ်စိန်ကသနားစိတ်ဖြင့်ကွပ်ပျစ်ခင်းပေါ်သို့
ဝင်ထိုင်ခိုင်းလေသည်။
သူတို့ကလည်းဘွားမယ်စိန်စကားအတိုင်း
ကွပ်ပျစ်ခင်း၌ဝင်ထိုင်ကြရှာသည်။
သူကြီးဦးနောင်ချိုကထန်းလက်ခုံ၌ထိုင်ပြီး
မောင်တိုးနဲ့မောင်အုန်းကတော့ ကွပ်ပျစ်ခင်းနံဘေးတွင်
မတ်တပ်ရပ်ကြည့်နေကြသည်။
သူတို့နည်းတူ.. ဒေါ်ဝင်းနဲ့နန်းကြိုင်တို့မှာလည်း
ကွပ်ပျစ်ခင်းမှဆင်း၍ထန်းလက်ခုံ၌
ဝင်ထိုင်နေကြတော့၏။
“မောင်ရင်တို့လင်မယားကဘွားဆီကိုဘာကြောင့်များ
ရောက်လာခဲ့ကြတာလဲကွဲ့”
ဟု…ဘွားမယ်စိန်ကမေးတော့…
မိန်းမဖြစ်သူက…
“ကျုပ်တို့သမီးလေး…ကျုပ်တို့သမီးလေးကို
ပြန်လိုချင်လို့ပါအမေကြီးရယ်…
ကျုပ်တို့ကိုကူညီပါရှင်…
သမီးလေးကိုပြန်ရမယ်ဆိုရင် ကျုပ်တို့ရှိတဲ့စည်းစိမ်အားလုံးနဲ့ကန်တော့ပြီးကျေးဇူးဆပ်ပါ့မယ်တော်…
ကျုပ်တို့သမီးလေးကိုသာကယ်ပေးပါအမေကြီးရယ်…
အီးးးးးးဟီးးးးးးးဟီးးးးးးးးးးးးးး”
ဟုငိုရင်းပြောလေသည်။
“ဟုတ်ပါတယ်ဗျာ…ကျုပ်တို့မှာ
ဒီသမီလေးပဲရှိတာပါအမေကြီးရယ်…
ကျုပ်တို့သမီးလေးကိုကယ်ပေးပါဗျာ…”
ဟု…ယောကျာ်းဖြစ်သူမှလည်းထပ်မံပြောလေသည်။
အပူများဖြင့်အရူးမီးဝိုင်းဖြစ်နေကြသော ထိုသူတို့
လင်မယားကိုကြည့်ပြီးဘွားမယ်စိန်
စိတ်မကောင်းဖြစ်နေခဲ့သည်။
သက်ပြင်းကိုချရင်း…
“အင်း…မောင်ရင်တို့လင်မယားရဲ့အပူကို
ဘွားနားလည်ပါတယ်ကွယ်…
ဒါပေမယ့်ဘွားဘက်ကကူညီပေးချင်ပေမယ့်
မကူညီနိုင်တဲ့အရာမလို့…ငြင်းပါရစေကွယ်…”
ဟု…ငြင်းလိုက်တော့ ပြာပြာသလဲဖြင့်…
“အဲ့သည်လိုတော့မငြင်းလိုက်ပါနဲ့အမေကြီးရယ်…
ကျုပ်တို့သမီးလေးကိုကယ်ပေးပါတော်…
ကျုပ်တို့ကိုသနားပါအမေကြီးရယ်…
အီးးးဟီးးးးးးးဟီးးးးးးးးးးး”
“ကျုပ်တို့သမီးလေးကိုကယ်ပေးပါဗျာ…”
ဟုလင်မယားနှစ်ယောက်မှာငိုယိုပြီးတောင်းဆိုနေကြသည်။
ကြည့်နေကြသူများမှာလည်းမျက်ရည်များဝဲနေကြသလို
ဘွားမယ်စိန်မှာလည်းမျက်နှာမကောင်းရှာ။
“ဟဲ့…ဖိုးအောင်နဲ့မယ်သန်း…
နင်တို့ဟာ…ဘွားကိုလာပြီးဒုက္ခပေးရတယ်လို့”
ဟု…အသံကျယ်ကြီးဖြင့်အော်ပြီးဝိုင်းထဲဝင်လာသည်က
အင်တိုင်းရွာသူကြီးဦးဖိုးမှန်ဖြစ်သည်။
“သူကြီးရယ်…ကျုပ်တို့အပူကိုသူကြီးလည်းသိတာပဲ”
“ဟ…နင်တို့အပူကိုငါသိတာပေါ့မယ်သန်းရဲ့…
အခုကိစ္စကဘွားနဲ့မှမဆိုင်တာဟာ…
လာပါ…ကိုယ့်ရွာကိုယ်ပြန်ကြရအောင်…
ဟိုကောင်ဖိုးအောင်…မင်းကကိုယ့်မိန်းမကိုယ်မထိန်းဘဲ
မင်းကပါအလိုတူအလိုပါဖြစ်နေရတယ်လို့ကွာ…”
သူကြီးဦးဖိုးမှန်စကားကြောင့် ကိုဖိုးအောင်တို့
လင်မယားမှာမျက်ရည်လေးများဖြင့်ခေါင်းလေးငုံ့နေကြတော့သည်။
“ကဲ…လာ…လာ…ပြန်ကြမယ်…
ဘွား…ကျုပ်လူတွေကိုယ်စားကျုပ်ကပဲ
တောင်းပန်ပါတယ်ဗျာ…သူတို့မှာလည်း
အပူတွေနဲ့ဖြစ်နေကြတာမလို့ပါ…”
“ရပါတယ်ဖိုးမှန်ရယ်…
ဘွားနားလည်ပါတယ်…”
သူကြီးဦးဖိုးမှန်က ကိုဖိုးအောင်တို့လင်မယားကို
ပြန်ခေါ်သွားဖို့လုပ်သည်။
ကိုဖိုးအောင်တို့ကလည်းသူကြီးဦးဖိုးမှန်အနောက်မှအတူတူလိုက်သွားကြရှာသည်။
ခြံတံခါးနားသို့ရောက်တော့…
“ကလေးမလေး နာမည်ကရော
ဘာတဲ့လဲကွဲ့…”
ဟု…ဘွားမယ်စိန်ကလှမ်းမေးတော့….
မမယ်သန်းမှ…
“ခွာညို လို့ခေါ်ပါတယ်အမေကြီး”
“အေး…အေး…ဟုတ်ပြီ…ဟုတ်ပြီ…
အကြောင်းထူးရင်အင်တိုင်းရွာဆီကို
ဘွားကိုယ်တိုင်လာခဲ့မယ်…
ညည်းတို့ကတော့သူ့နောက်ဆုံးခရီးလေးကိုသေချာလေး
ပြင်ဆင်ပေးလိုက်ပါအေ”
“ဟုတ်…ဟုတ်ကဲ့အမေကြီး”
ဘွားမယ်စိန်စကားကြောင့် ကိုဖိုးအောင်တို့လင်မယား
ဝမ်းသာသွားကြသည်။
အင်တိုင်းရွာသို့လည်းကျေကျေနပ်နပ်ဖြင့်
ပြန်သွားကြတော့သည်။
သူတို့ပြန်လေမှဝိုင်းကြည့်နေကြသူများလည်း
အသီးသီးပြန်ကုန်ကြတော့၏။
ကျန်ရစ်ခဲ့သော…ရွာသူကြီးဦးနောင်ချို…
မောင်တိုးနဲ့မောင်အုန်းတို့ကတော့
ဘွားမယ်စိန်နှင့်အတူ
အကြမ်းရေလေးသောက်ရင်း
စကားပြောနေခဲ့ကြသည်။
“ညလည်းပူလိုက်အိုက်လိုက်တာပါဗျာ…
ယပ်တောင်တဖျပ်ဖျပ်နဲ့တညလုံးအိပ်ကိုမရဘူးဗျ”
“ပြောမနေပါနဲ့တော့သူကြီးရာ…
ကျုပ်တို့လည်းဘာထူးလဲဗျ…
လင်းအားကြီးခါနီးမှပဲအိပ်ပျော်တယ်ဗျာ…
မိုးလင်းတော့အမေကအော်န်ိုးမှပဲနိုးတော့တယ်…
ဒါတောင်မျက်လုံးကတော်တော်နဲ့ဖွင့်မရပါဘူးဗျာ…”
“ဟုတ်ပကွာ…”
ရွာသူကြီးဦးနောင်ချိုနဲ့မောင်တိုးတို့က
ရာသီဥတုပူလွန်းသည့်
အကြောင်းများပြောနေလေသည်။
“အမယ်လေး…တော်တို့ကသာ
အညာသားစည်းစိမ်နဲ့ဇိမ်ယူလို့ကောင်းနေကြတာပါဟယ်…
ငါ့မှာညကလည်းကောင်းကောင်းအိပ်မရ…
ဆွမ်းလောင်းဖို့လည်းထချက်ရနဲ့ ဇိမ်ကိုမယူနိုင်ပါဘူး…
မိန်းမဖြစ်ရတာကောင်းကိုမကောင်းတာပါ…”
ဟု…ဒေါ်ဝင်းငအလိုမကျဟန်ဖြင့်
ပြောလေတော့မောင်တိုးက…
“မိန်းမဖြစ်ရတာကောင်းတာပေါ့အရီးရာ…
ကျုပ်တို့အညာသားတွေဆိုတာနွားနဲ့
အပြိုင်လယ်ထဲဆင်းနေရတာဗျ…
ဘယ်လောက်ပင်ပန်းလိုက်လဲ”
ဟု…ပြောလိုက်လေသည်။
“ဟဲ့…နင်တို့ကအလုပ်ပြီးရင်နွားငတ်ရေတွင်းထဲကျသလို
ထန်းရည်လေးသောက်…အရက်လေးသောက်နဲ့
ဇိမ်ကယူကြသေးတယ်မလား…
တို့မိန်းမတွေနဲ့တခြားဆီပါဟယ်…”
“ဒါကတော့အရီးကပ်ဖဲ့ပြောနေတာပဲဗျ…
အရီးတို့မိန်းမတွေသနပ်ခါးလူးပြီး
ကျော့ကျော့လေးနေချိန်ဆိုရင်…
ကျုပ်တိုကလက်နဲ့အလုပ်မှမပြတ်ရတာ…
မိန်းမဖြစ်တာပဲကောင်းပါတယ်ဗျာ…”
ဟုမောင်တိုးကပြောပြန်လေတော့ သူတို့ပြောသမျှကိုသဘောကျနေသောမောင်အုန်းမှ…
“ကဲ…တော်ကြပါတော့…
ယောကျာ်းဖြစ်တာလည်းမကောင်းဘူး…
မိန်းမဖြစ်တာလည်းမကောင်းပါဘူး…
တတ်နိုင်ရင်တော့ဘာမှမဖြစ်တာအကောင်းဆုံးပါပဲဗျာ…”
ဟု…နောက်လိုက်လေတော့အားလုံးမှာတဟားဟားဖြင့်
ရယ်မောကုန်ကြလေသည်။
သူတို့လည်းစကားလေးတပြောပြောဖြင့်
အချ်ိန်အတော်ကြာလေမှ
ဘွားမယ်စိန်အိမ်ကနေ ပြန်သွားခဲ့ကြသည်။
******************************
ခြေထောက်ကိုလာထိသောရေစက်များကြောင့်
ဘွားမယ်စိန်မျက်လုံးဖွင့်လိုက်သည်။
မလှမ်းမကမ်း၌ကျုံ့ကျုံ့လေးထိုင်နေသော
မိန်းကလေးတစ်ယောက်ကိုဘွားမယ်စိန်မြင်လိုက်၏။
မိန်းကလေး၏တစ်ကိုယ်လုံးသွေးများမရှိသလိုဖြူလျော့နေပြီး
ရေများကတစ်ကိုယ်လုံးကိုစိုရွဲနေသောကြောင့်
ခိုက်ခိုက်တုန်ကာချမ်းနေပုံရသည်။
“ညည်းကခွာညိုလား”
ဟုဘွားမယ်စိန်ကမေးတော့
သူ၏ခေါင်းကိုညိတ်ပြ၏။
“စကားပြောလို့ရလား…”
“ဟုတ်…ဟုတ်ကဲ့”
“ညည်းကိုခေါ်တာကတခြားအကြောင်းကြောင့်
မဟုတ်ပါဘူး…
ညည်းမိဘတွေကို မြင်တော့
သနားမိလို့ညည်းကိုခေါ်လိုက်ရတာပါအေ…”
ဟုဘွားမယ်စိန်ကပြောတော့ ခွာညိုဆိုသောမိန်းကလေးသည်
မျက်နှာလေးညိုးငယ်သွားခဲ့၏။
“ညည်းဘယ်လိုများရေတွင်းထဲကိုကျသွားခဲ့ရတာလဲအေ…”
“မပြောလို့မရဘူးလားရှင်…”
“ညည်းမိဘတွေကိုညည်းကြည့်ရက်သလား…
သမီးဖြစ်သူရဲ့အလောင်းကိုရေတွင်းထဲကဆယ်ပြီး
အရူးမီးဝိုင်းဖြစ်နေရတဲ့ညည်းမိဘတွေကို
ညည်းကြည့်ရက်သလားအေ”
“ကျုပ်…ကျုပ်ကြောက်တယ်အမေကြီးရယ်…”
“အင်း…ဒါဆိုရင်တော့တရားခံရှိတယ်ပေါ့”
ဘွားမယ်စိန်ကခွာညိုရဲ့မျက်နှာကိုကြည့်ပြီးမေးလေတော့
ခွာညိုကခေါင်းညိတ်လိုက်၏။
“ပြောပါသမီးရယ်…
သမီးဘာတွေကြုံတွေ့ခဲ့သလဲဆိုတာ
မခြွင်းမချန်အကုန်ပြောပြပါအေ”
ခွာညိုက ဘွားမယ်စိန်၏မျက်နှာကိုသေချာကြည့်သည်။
သက်ပြင်းကိုချပြီး မျက်ရည်ရွဲလဲဖြင့်…
“ကျုပ်အဖေရဲ့အစ်ကို…ကျုပ်ဦးကြီးအောင်ဆင့်က
ကျုပ်ကိုအဖေတို့အမေတို့မသိအောင်အမျိုးမျိုး
ခြိမ်းခြောက်ပြီးစော်ကားတယ်အမေကြီးရယ်…
အမေတို့ကိုပြောရင်သတ်မယ်ဆိုလို့…
ကျုပ်ဘယ်သူမှမပြောရဲခဲ့ဘူး…
ဒါပေမယ့်ကျွန်မမိဘတွေနောက်ကွယ်မှာ
ကျွန်မကိုဟိုကိုင်ဒီကိုင်နဲ့လုပ်နေတာကြီးကို
ရွံလို့မုန်းလို့ကိုယ့်ကိုကိုယ်သတ်သေမိတာပါအမေကြီးရယ်…
အီးးးးးးဟီးးးးးးးဟီးးးးးးးးးးးးးး
သမီးကိုခွင့်လွှတ်ကြပါအမေနဲ့အဖေရယ်…
အီးးးးးးးးဟီးးးးးးးးးဟီးးးးးးးးးးးးးးးးးး”
မခွာညိုကသူ့အကြောင်းကိုပြောပြရင်း
ရှိုက်ငင်တကြီးငိုလေသည်။
ဘွားမယ်စိန်က ခွာညိုကိုကြည့်ရင်း
“ဖြစ်မှဖြစ်ရလေသမီးရယ်…”
ဟုပြော၍စိတ်မကောင်းဖြစ်သွားခဲ့သည်။
“စိတ်ချပါအေ…
အဲ့သည်အကောင်ကိုဘွားတို့သမီးကိုယ်စား
အပြစ်ပေးပါ့မယ်…
ဒီလိုကောင်မျိုးကြောင့်ငါ့သမီးအသက်ပေးခဲ့ရတာ
မတန်ပါဘူးအေ…မတန်ပါဘူး……”
“ကျုပ်အမေတို့ကိုပြောပေးပါအမေကြီးရယ်…
ကျုပ်ကိုခွင့်လွှတ်ပေးကြပါလို့
ကျုပ်အမိုက်မ မှားခဲ့ပါတယ်လို့ပြောပေးပါအမေကြီးရယ်…”
“စိတ်ချပါ…ဘွားပြောပေးပါ့မယ်အေ”
ခွာညိုကမထွက်ခွာသွားခင်ဘွားမယ်စိန်ကို
ပြုံးပြလေသည်။
ခွာညိုမြင်ကွင်းထဲမှပျောက်သွားလေတော့ဘွားမယ်စိန်
မျက်လုံးများလည်းပွင့်လာခဲ့တော့၏။
အချိန်ကမိုးလင်းခါစပဲရှိသေးသည်။
“မိဝင်း…မိဝင်း…”
“ရှင်အမေ”
ဘွားမယ်စိန်ကအော်ခေါ်တော့ဒေါ်ဝင်းတစ်ယောက်
မီးဖိုထဲမှပြာပြာသလဲထွက်လာခဲ့သည်။
“မောင်နောင်ချိုနဲ့…မောင်တိုးတို့ကိုသွားခေါ်…
အင်တိုင်းရွာကိုအရေးတကြီးသွားရမယ်
လှည်းပါယူခဲ့လို့ပြော…ကြားလား”
“ဟုတ်…အမေ…”
“အေး…ကြားရင်သွားတော့လေ…”
“ဟို…မီးဖိုထဲမှာဟင်းအိုး…”
“ထားခဲ့…အမေကြည့်ထားမယ်”
“ဟုတ်အမေ”
ဒေါ်ဝင်းလည်းချက်ချင်းပင်မပြေးယုံတမယ်
ထွက်သွားခဲ့ရှာသည်။
“ဘွား…အရေးကြီးကိစ္စရှိလို့လား”
အိပ်ရာမှနိုးလာသောနန်းကြိုင်က မေးလေတော့…
“ဟုတ်တယ်မြေးလေး…
သွား…သွားမျက်နှာသစ်ချေဦး…”
“ဟုတ်ကဲ့”
ခဏကြာတော့ဒေါ်ဝင်းပြန်ရောက်လာသည်။
“အမေ…သူတို့နောက်ကလိုက်လာပြီ…
မနက်စာကျုပ်ပြင်ပေးရမလားအမေ”
“နေ…နေ…မပြင်နဲ့တော့…”
“ဟုတ်အမေ…”
ထိုစဥ်…ခြံဝိုင်းအပြင်မှ…
“ဘွား…ကျုပ်တို့ရောက်ပြီဗျို့” ဟူသော
အသံနှင့်အတူ
မောင်တိုးတို့နွားလှည်းရောက်လာခဲ့သည်။
“အေး…အေး…ဘွားလာပြီ…
မိဝင်း…အမေသွားပြီနော်”
ဘွားမယ်စိန်ကတောင်ဝှေးကြီးကိုထောက်ပြီး
ခြံပြင်ကိုထွက်လာခဲ့သည်။
နွားလှည်းမောင်းသူနေရာမှာမောင်တိုးကထိုင်နေပြီး
မောင်အုန်းနဲ့သူကြီးဦးနောင်ချိုတို့က လှည်းအလယ်၌
ထိုင်နေကြ၏။
ဘွားမယ်စိန်ရောက်လာတော့နေရာဖယ်ပေးကြရင်း
မောင်အုန်းကလှည်းနောက်မြှီးသို့ပြောင်းထိုင်လေသည်။
“ဘွား…အင်တိုင်းရွာမှာဘာတွေ
အရေးကြီးနေလို့လဲဗျ”
ဟုမောင်တိုးကမေးတော့…
“လှည်းသာအရင်မောင်းပါကွယ်…
လမ်းကျပြောမှာပေါ့ကွဲ့…”
“ဟုတ်ကဲ့…ဟုတ်ကဲ့”
မောင်တိုးလည်းထပ်မမေးတော့ဘဲအင်တိုင်းရွာဆီကို
အရင်မောင်းတော့သည်။
လမ်းကျတော့ဘွားမယ်စိန်ကသူသိထားသမျှကိုပြောလေတော့…
“ဟာ…မိုက်ရိုင်းလိုက်တာဗျာ…”
“တောက်…ခွေးမသားကတော့ကွာ…”
“ဟူးးးးကောင်မလေးသနားပါတယ်ဗျာ…”
ဟူသောမချိတင်ကဲအသံများဒေါသသံများက
မောင်တိုးတို့ထံမှထွက်လာခဲ့သည်။
“ဖြစ်ပြီးတာကိုတော့ ဘွားတို့ဘက်က
ဘာမှ မတတ်နိုင်ပေမယ့်…
ဒီကလေးမလေးအတွက်တော့အမှန်တရားကို
အားလုံးသိအောင်ဖော်ထုတ်ပေးရမယ်ကွဲ့…
မဟုတ်ရင်ဒီလိုကောင်ကတခြားကလေးတွေကိုလည်း
ဒီလိုပဲလုပ်နေဦးမှာလေ…”
“ဘွားပြောတာမှန်တယ်…
ဒီလူဘယ်လိုလူလဲဆိုတာအားလုံးသိကိုသိရမယ်ဗျာ”
“အေးလေ မောင်တိုးရဲ့…ဒါကြောင့်မလို့
ဘွားဘက်ကလောနေရတာပေါ့”
မောင်တိုးတို့…သူကြီးဦးနောင်ချိုတို့ကတော့
အောင်ဆင့်ဆိုသောလူကိုခွာညိုလေးအတွက်
ဒေါသထွက်နေကြသည်။
အင်တိုင်းရွာရှိ သူကြီးဦးဖိုးမှန်အိမ်ဆီသို့ရောက်လာခဲ့ကြရာ
သူကြီးဦးဖိုးမှန်လည်းအမှန်တရားကိုသိသွားသောအခါ၌…
“တောက်…ထင်မထားဘူးဗျာ…
ဒီလူကဘုရားတရားသိပ်လုပ်တာဗျ…
ကျုပ်တို့ကသူတော်ကောင်းကြီးထင်နေတာ…”
ဟုပြောတော့ မောင်တိုးက…
“ပါးစပ်ကဘုရား…
ပေါင်ကကားယားဆိုတဲ့ လူစားမျိုးနေမှာပေါ့ဗျာ…
ဒီလိုလူမျိုးလူ့ပြည်မှာကိုမရှိသင့်တာပါဗျာ”
ဟု…ဒေါသ သံဖြင့်ပြောလိုက်၏။
“အေးကွာ…ငါတို့လည်းအမှန်တရားကိုသိပြီဆိုတော့
အခုကိစ္စမှာ မင်းတို့လူငယ်တွေစိတ်ကို
ထိန်းကြပေါ့ကွာ…
ငါတို့လူကြီးတွေဦးဆောင်ပြီး ဖြေရှင်းပါ့မယ်…”
“ဟုတ်တယ် ဖိုးမှန်ပြောတာမှန်တယ်ကွ…
မင်းတို့ကလူငယ်ဆိုတော့စိတ်ဆိုး…ဒေါသထွက်ရင်
မလုပ်သင့်တာကိုလုပ်မိလိမ့်မယ်…
ဘေးကနေအသာကြည့်ကြပေါ့ကွာ…”
ရွာသူကြီးနှစ်ယောက်ကမောင်တိုးတို့အပြင်
ရွာကာလသားဆယ်ဦးကိုပါခေါ်ထား၍
ထိုသို့ပြောခြင်းဖြစ်သည်။
အင်တိုင်းရွာသားတွေကလည်းဒေါသထွက်နေကြသည်မလို့
ပြောခြင်းဖြစ်ပေသည်။
“ကဲ…အမေကြီးကျုပ်တို့ဒင်းတို့အိမ်ကိုသွားကြရအောင်ဗျာ…
ဒီကောင့်အိမ်ကမယ်သန်းတို့နဲ့တစ်ဝိုင်းထဲပဲဗျ”
“အေး…အေး…သွားကြတာပေါ့”
သူကြီးတို့နှင့်အတူဘွားမယ်စိန်လည်း
ခြေလျင်လိုက်လာခဲ့သည်။
ခြံဝိုင်းကျယ်ကြီးထဲ၌အိမ်လေးသုံးအိမ်ကို
တည်ဆောက်ထားပေသည်။
ထိုအိမ်များမှာမောင်နှမတော်စပ်သူတို့၏
နေအိမ်များပင်ဖြစ်သည်။
“ဟေ့…ဖိုးအောင်…”
“ဟာ…သူကြီး…ဟာ…အမေကြီးလည်းပါလာတာပဲဗျ…
မယ်သန်း…ဟဲ့မယ်သန်း…လာပါဦး…
ဒီမှာသောင်ထွန်းရွာကဘွားမယ်စိန်တို့ရောက်လာတာဟ”
ဟု…ကိုဖိုးအောင်ကဘွားမယ်စိန်တို့ကိုမြင်သွားပြီး
ဝမ်းသာအားရအော်ပြောလိုက်သည်။
အိမ်ထဲရှိနေသောမမယ်သန်းကလည်း
ကိုဖိုးအောင်အသံကြောင့်
အပြေးရောက်လာပြီး…
“ဟယ်…အမေကြီးကျုပ်တို့အိမ်ကိုလိုက်လာတယ်…
အမယ်လေး…ဘာများထူးတာရှိလို့လဲအမေကြီးရယ်…
လာပါ…အရင်ထိုင်ပါဦးအမေကြီးရယ်…”
မမယ်သန်းကဘွားမယ်စိန်ကိုအပြေးကပ်ပြီး
ခုံ၌ထိုင်ဖို့ပြောလေသည်။
ဘွားမယ်စိန်နဲ့သူကြီးတို့ကလည်းမမယ်သန်းတို့အိမ်ရှိ
သစ်သားခုံတန်းရှည်စားပွဲဝိုင်း၌ဝင်ထိုင်လိုက်ကြ၏။
“မယ်သန်း…နေကောင်းတယ်နော်…”
“ကောင်း…ကောင်းပါတယ်အမေကြီးရယ်…”
“သမီးလေးအသုဘကိုရောသေချာလေးလုပ်ပေးခဲ့လား”
“လုပ်ပေးခဲ့ပါတယ်အမေကြီး…
ကျုပ်သမီးလေးအတွက်ကုသိုလ်ကောင်းမှုလုပ်ပေးဖို့လည်းကျုပ်တို့ ပြင်ဆင်နေပါတယ်တော်… ”
“အေး…အေး…ကောင်းတယ်…ကောင်းတယ်…”
ဟုဖြေရင်းဘွားမယ်စိန်ကသူကြီးဦးဖိုးမှန်ကို
ပြောတော့ဟုသောပုံစံဖြင့်မေးငေါ့ပြလိုက်သည်။
သူကြီးဦးဖိုးမှန်ကလည်း…
“ဖိုးအောင်”
“ဗျာသူကြီး”
“မင်းအစ်ကိုအောင်ဆင့်ကောရှိလား..”
“ရှိတယ်လေ…စောစောကတင် ဒီနားလာရပ်နေသေးတာ”
“အေး…အဲ့တာဆိုသူ့ကိုခေါ်ခဲ့ကွာ…”
“ဟုတ်…ဟုတ်…ကိုအောင်ဆင့်…
ဗျို့…ကိုအောင်ဆင့်…လာပါဦးဗျ…”
“ဟေ…အေး…လာပြီ”
ကိုဖိုးအောင်ခေါ်သံကြောင့်ကိုအောင်ဆင့်ရောက်လာခဲ့သည်။
ကိုအောင်ဆင့်ရောက်လာတော့သူ့အား
ဒေါသမျက်လုံးများဖြင့်ကြည့်နေသောရွာသားများကို
အကဲခတ်သလိုဖြင့်…
“ဘာလဲဖိုးအောင်…”
ဟုမေးလေသည်။
“သူကြီးကခေါ်ခိုင်းလို့ပါဗျ”
“သူကြီး…ကျုပ်ကိုဘာလို့ခေါ်တာလဲဗျ”
ဟုသူကြီးကို မေးသောအခါ သူကြီးက ကိုအောက်ဆင့်ကိုသေချာစိုက်ကြည့်ပြီး…
“မင်းက လူ့ငနွားပဲအောင်ဆင့်…”
“ဗျာ…သူကြီး…ကျူပ်ကိုဘာပြောတယ်”
“ဟေ့ကောင်…မင်းခွေးကျင့်ခွေးကြံ ကြံခဲ့တာကိုငါတို့
သိပြီးပြီ…မင်းအမှားကိုမင်းဝန်ခံအောင်ဆင့်”
“ခင်ဗျားကျုပ်ကိုဘာတွေပြောနေတာလဲ…
ပြောစရာမရှိရင်ကျုပ်သွားမယ်”
ဟုပြောပြီးကိုအောင်ဆင့်ကထွက်သွားဖို့ပြင်တော့
မောင်တိုးတို့နဲ့အင်တိုင်းရွာသားတွေက ကိုအောင်ဆင့်ကိုဝိုင်းထားကြသည်။
“အောင်ဆင့်…အောင်ဆင့်…
မင်းကိုငါတို့လူကြီးတွေထက်အဲ့သည်ကောင်တွေက
သတ်ချင်နေတာနော်…
မင်းသူတို့ကိုသွားမစမ်းနဲ့…”
ဟုရွာသူကြီးကပြောတော့ကိုအောင်ဆင့်
မျက်နှာပျက်နေသည်။
နံဘေး၌ရှိသောကိုဖိုးအောင်တို့မှာနားမလည်၍…
“သူကြီး…ကျုပ်အစ်ကိုဘာအမှားများ
လုပ်ထားမိလို့လဲဗျ…”
ဟုမေးတော့သူကြီးဦးဖိုးမှန်ကပြောမထွက်သလိုဖြစ်နေရှာသည်။
ထိုအခါမောင်တိုးမှ…
“ဦးလေး…ဦးလေးသမီးကိုဒီလူက
ဦးလေးတို့နောက်ကွယ်မှာ ခွေးကျင့်…ခွေးကြံ
ကြံခဲ့တာဗျ…ဒါကြောင့်ဦးလေးတို့သမီးက
မခံစားနိုင်တဲ့အဆုံးသူ့ကိုယ်သူသတ်သေခဲ့တာပါဗျာ…
ဒီလူကလူယုတ်မာ…ခွေးသတောင်းစားဗျ”
“ဟင်…ဟုတ်…ဟုတ်လို့လား…
အစ်ကို…မင်း…မင်းကငါ့သမီးကို…”
“အမယ်လေးးးးးးး…ရက်စက်လိုက်တာတော်…
ရက်စက်လိုက်တာ….”
ကိုအောင်ဆင့်က …
“ငါမဟုတ်ဘူး…မင်းတို့ငါ့ကိုဘာတွေပြောနေတာလဲ…
ငါဒီလိုလူမဟုတ်ဘူးကွ”
“ဟဲ့အကောင်…နင့်ကြောင့်ခွာညိုလေး
သူ့ကိုယ်သူသတ်သေခဲ့ရှာတာ…
နင်လိုအကောင်ကြောင့်ဒီကလေးမလေးသေခဲ့ရတာဟဲ့”
ဟုဘွားမယ်စိန်ကထပြောလေမှ ကိုဖိုးအောင်တို့ယုံသွားတော့သည်။
“ခင်ဗျားကိုသတ်မယ်…
ခင်ဗျား…ခင်ဗျားကျုပ်သမီးကို…”
“ခွပ်…”
“အ…”
“ခွပ်…”
“ခွေးမသားကိုအသေသတ်ဟ”
“ဟာ…ဟေ့ကောင်တွေ”
ကိုဖိုးအောင်က ကိုအောင်ဆင့်ကိုဆွဲထိုးသည်။
ဘေးမှရွာသားတွေကလည်းကိုအောင်ဆင့်ကို
ဝင်ကာဝိုင်းထိုး.. ဝိုင်းရိုက်ကြ၏။
ရွာသူကြီးတို့မှာလည်းရွာသားတွေပါကုန်၍
တားကြအော်ကြရပြန်သည်။
မောင်တိုးနဲ့မောင်အုန်းကတော့ရွာသားတွေထိုးချက်များကို
အလူးအလဲခံနေရသော ကိုအောင်ဆင့်ကိုကြည့်ပြီး
ကျေနပ်နေကြ၏။
“ကဲတော်ပြီ…”
ဟုဘွားမယ်စိန်ကအော်လေမှအားလုံးငြိမ်သွားကြသည်။
“ဒီအကောင့်ကိုသူကြီးတို့ကမြို့ဂတ်ကိုပို့လိုက်…
သူ့အပြစ်ကိုသူခံစေရမယ်ကွဲ့…”
“ဘွားပြောတာဟုတ်တယ်…
မင်းတို့လက်ချက်နဲ့ဒီကောင်သေရင်မင်းတို့အပြစ်ပဲ…
ဒီလောက်ထိုးရရင်ကျေနပ်ကြတော့”
ရွာသူကြီးကပါဝင်ပြောတော့ရွာသားတွေ
ကိုအောင်ဆင့်အနားမှခွာကြတော့သည်။
ကိုဖိုးအောင်နှင့်မမယ်သန်းတို့ခမျာလည်းထင်မထားသည့်ကိစ္စပေမို့သမီးဖြစ်သူအတွက်ယူကျုံးမရဖြစ်ကာ
ငိုကြွေးနေကြလေသည်။
“မယ်သန်း…လာဘွားအနားကိုလာခဲ့ဦးသမီး”
ဘွားမယ်စိန်ကခေါ်တော့မြေပေါ်ထိုင်ငိုနေသော
မမယ်သန်းထလာခဲ့သည်။
မမယ်သန်းအနားရောက်လာတော့ဘွားမယ်စိန်က
မမယ်သန်းလက်ကိုဆွဲကိုင်ပြီး…
“ညည်းသမီးက
သူအခုလိုလုပ်မိတဲ့အတွက်အဖေနဲ့အမေက်ို
တောင်းပန်ပါတယ်တဲ့…သူ့ကိုခွင့်လွှတ်ကြပါလို့
ဘွားကိုပြောခိုင်းလိုက်တယ်…”
“ကျုပ်တို့ကတောင်းပန်ရမှာပါအမေကြီးရယ်…
အီးးးဟီးးးးးးးဟီးးးးး…
ကျုပ်သမီးလေးဘယ်လောက်များခံစားနေရမလဲတော်…
ကျုပ်တို့မသိခဲ့တာကျူပ်တို့အမှားပါအမေကြီးရယ်…
အီးးးးးးးးဟီးးးးးးးဟီးးးးးးးးးးးးးးး”
“ငါ့သမီးအမှားလည်းမဟုတ်ပါဘူးအေ…”
ဘွားမယ်စိန်ကမမယ်သန်းကိုပွေ့ဖက်ပေးထားရှာသည်။
ဘွားမယ်စိတ်မျက်ဝန်း၌မျက်ရည်များရစ်ဝဲနေသလို…
ရွာသူကြီးတို့မှာလည်းစိတ်မကောင်း၍
မျက်ရည်များပင်ကျနေကြလေသည်။
မမယ်သန်းတို့ကိုဘွားမယ်စိန်ကနှစ်သိမ့်ပေးနေသလို
ကိုအောင်ဆင့်ကိုလည်းရွာသူကြီးကကြိုးဖြင့်တုပ်၍
သူ၏အိမ်ရှိခြောက်ပေါက်တုံး၌ခတ်ဖို့ရွာသားတွေက်ို
ခေါ်သွားစေသည်။
“ကဲ…သမီးမယ်သန်း…ညည်းသမီးအတွက်
ကုသိုလ်ကောင်းမှုလုပ်မယ်ဆိုရင်လည်းလုပ်ပေးသမီး…
ဒါမှညည်းသမီးလေးလည်းကောင်းတဲ့ဘဝကိုရောက်မှာ…”
“ဟုတ်ကဲ့အမေကြီး”
“အေး…အေး…အေး…တရားနဲ့ဖြေလို့ပဲပြောရမှာပဲအေ…
ညည်းသမီးလေးဘဝကူးကောင်းဖို့က
ညည်းတာဝန်ဆိုတာမမေ့နဲ့နော်သမီး”
“စိတ်ချပါအမေကြီးရယ်…
ကျုပ်သေချာလုပ်ပေးမှာပါ…”
“အေး…အေး…အေး….”
ထိုသို့မမယ်သန်းတို့ကိုအချိန်ပေးပြီးလေမှ..
နေ့လယ်စာကိုသူကြီးဦးဖိုးမှန်အိမ်၌
ဘွားမယ်စိန်တို့စားကြရသည်။
တစ်ရွာလုံးလည်းခွာညိုလေးအကြောင်းကိုသိကုန်လေရာ
ရွာသူကြီးအိမ်၌လူများကစုနေကြသည်။
ကိုအောင်ဆင့်ကိုဆဲကြဆိုကြဖြင့်လူများလွန်းလာ၍
ရွာသူကြီးကိုယ်တိုင်ဝင်ထိန်းနေခဲ့ရသည်။
ထိုသို့လူအုပ်ကများလာ၍မထိန်းနိုင်မည်ကိုစိုးရိမ်ပြီး
သူကြီးဦးဖိုးမှန်မှာကိုအောင်ဆင့်ကို
ချက်ချင်းပင်မြို့ဂတ်သွားပို့ဖို့ပြင်ဆင်ခဲ့ရသည်။
သူကြီးဦးဖိုးမှန်တို့မြို့ဂတ်ကိုထွက်သွားလေတော့
ဘွားမယ်စိန်တို့လည်းသောင်ထွန်းရွာကိုပြန်လာခဲ့ကြတော့၏။
ထိုသို့ဖြင့် ကြောင်သူတောင်ကိုအောင်ဆင့်တစ်ယောက်
သူ့အပြစ်အတွက်ရွာမှဖယ်ကျဥ်ခံရသလို
အပြစ်အတွက်လည်းပေးဆပ်ရပေတော့မည်။
ဇာတ်လမ်းလေးကလည်း
ပြီးဆုံးသွားခဲ့ပါသည်။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)
Leave a Reply