တန်ခိုးရှင်

လောက်ကတော့ ငါအသာကလေးပဲ”

“ကောင်းပြီလေ၊ ဒါဆို ရှင်နဲ့ကျုပ်နဲ့ နှစ်ယောက်ချင်းပြိင်မယ်၊ ကျန်တဲ့ဘယ်သူမှ ဝင်မပါကြေးနော်၊ ရှင်နိုင်ရင် ရှင်လုပ်ချင်တာလုပ်၊ ကျုပ်နိုင်ရင်လည်း ရှင့်ကိုလုပ်ချင်ရာလုပ်မယ်”

“အကြိုက်ပေါ့ဟာ”

ပြောရင်းဆိုရင်း ငညိုက လက်ကိုမြှောက်လိုက်ပြီးတော့ အပ်တစ်စင်းကို လေထဲကနေဖမ်းယူလိုက်တယ်ဗျ၊ ပြီးတော့ အဲဒီအပ်ကို ပါးစပ်နားမှာ မန်းမှုတ်ပြီးတော့ မယဉ်မြိုင် ဆီကိလှမ်းလွှတ်လိုက်ပါရောဗျာ၊ မယဉ်မြိုင်ကလည်း အပ်ကိုမျက်စောင်းထိုးလိုက်တော့ အပ်က လေထဲမှာ တန့်နေသဗျ။

“သြော်၊ ညည်းက ငါ့အပ်ကို တားနိုင်တယ်ပေါ့ဟုတ်သလား”

ငညိုက ပြောဆိုပြီးတော့ အပ်ကိုတောင်ဝှေးနဲ့လှမ်းချိန်လိုက်တော့ အပ်ကတဖြည်းဖြည်းနဲ့အရှေ့တိုးလာတယ်ဗျာ၊ မယဉ်မြိုင် တစ်ကိုယ်လံုံးလည်း ချွေးတွေထွက်ပြီးတော့ ရွဲစိုနေတာပဲ၊ အပ်က လေပေါ်မှာနေရင်း မယဉ်မြိုင်ဆီကို တစ်လက်မခြင်းတိုးလာပြီးတော့ နောက်ဆုံး မယဉ်မြိုင်ရဲ့နဖူးကို အပ်ချွန်က ထိလိုက်တာနဲ့ ဝုန်းခနဲပေါက်ကွဲသွားပြီးတော့ ဖုန်တွေလဲထသွားတာပေါ့ဗျာ၊

“မမလေး၊ မမလေး”

နိဗ္ဗာန်ရွာ ကစုန်းတွေအကုန်လုံးထိတ်လန့်သွားကြတယ်ဗျာ၊ ငညိုကတော့ အော်ရယ်လို့ဗျ။

“ကောင်းတယ်ကောင်မ၊ မလောက်လေးမလောက်စား နင့်ပညာကလေးနဲ့ ငါ့ကိုများလာပြီး ရန်ရှာချင်သေးတယ်၊ မှတ်ပြီလား”

ဖုန်လုံးတွေလွင့််ပြယ်သွားတဲ့အချိန် အထဲမှာ မယဉ်မြိုင် ရှိနေသေးတယ်ဗျ၊ မယဉ်မြိုင်က မုဆိုးထိုင်ထိုင်သလို ဒူးတစ်ဖက်ထောက်ပြီးတော့ ထိုင်နေတာဗျ၊ ပြီးတော့ ငညိုကိုကြည့်ရင်း

“ရှင်ကျုပ်ကို ဒီလောက်လွယ်လွယ်နဲ့ နိုင်မယ်ထင်လို့လား”

“အောင်မယ်၊ နင်က မသေပါလား၊ ဒီတစ်ခါတော့ နင့်ကို သေအောင်သတ်မယ်ဟဲ့”

(၂)

ငညိုက မယဉ်မြိုင်ကို တောင်ဝှေးနဲ့ လှမ်းချိန်လိုက်တယ်၊ မယဉ်မြိုင်က တကိုယ်လုံး တဆတ်ဆတ်တုန်လာသဗျ၊ ပြီးတော့ လူတစ်ယောက်ထဲကနေ နှစ်ယောက်ဖြစ်သွားပါရောဗျာ၊ ငညိုတောင် အံ့သြသွားတယ်။

“နှစ်ကောင်ဆိုတော့ နှစ်ခါသတ်ရတာပေါ့”

ငညိုကပြောရင်း စက်တွေထပ်ပြီးလွှတ်တယ်ဗျ၊ မယဉ်မြိုင်က နှစ်ယောက်ကနေ သုံးယောက်ဖြစ်သွားပါရောဗျာ၊ ပြီးတာနဲ့ မြေကြီးပေါ်ကနေ တစ်လံလောက် ကြွတက်လာပြီးတော့ အဲဒီသုံးယောက်က ဒေါ်ပျင်းကြီးကို ဝိုင်းပြီး လှည့်နေတာပဲ။ မယဉ်မြိုင်လှည့်လိုက်တာနဲ့ သုံးယောက်ကနေပြီး အယောက်တစ်ရာလောက်ဖြစ်သွားတယ်ဗျ၊ ဒေါ်ပျင်းအနားမှာ ဝဲလည်နေတာ မရေမတွက်နိုင်ဘူးဗျို့။

တုတ်ကြီးက လွယ်အိတ်ထဲကို လက်နဲ့နှိုက်နေတာကို မြင်လိုက်ရသဗျ၊ ဒါနဲ့ကျုုပ်လည်း လှမ်းအော်ရင်း

“ဟေ့လူ၊ မဟုတ်တာမလုပ်နဲ့”

တုတ်ကြီးဆီကို ကျုပ်လည်းပြေးသွားတာပေါ့ဗျာ၊ သူ့အနားရောက်တာနဲ့ သူ့ကိုဆောင့််တွန်းထည့်လိုက်တာပေါ့၊ တုတ်ကြီးလည်း ပက်လက်လန် လဲကျသွားပြီးတော့ သူ့လက်ထဲမှာကိုင်ထားတဲ့ နှမ်းစေ့လိုလို အနက်စေ့တွေအကုန်လုံး မြေပေါ်ကို ပြန့်ကျဲသွားတယ်ဗျ။ တုတ်ကြီးက ကျပ်ကိုမကျေမနပ်နဲ့ကြည့်ရင်း

“တောက်၊ ငါကွာ”

လို့ရေရွတ်ပြီးတာနဲ့ ကျုပ်ရင်ဘတ်ကို သူ့လက်ဝါးနဲ့ ဖြောင်းခနဲနေအောင် တွန်းထည့်လိုက်တာ ကျုပ်လည်း အနောက်ကို အတောင်နှစ်ဆယ်လောက် လွင့်ထွက်သွားပြီးတော့ မြေပေါ်ကို ဖုတ်ခနဲကျတယ်ဗျ၊ တုတ်ကြီးလက်ဝါးကို သေချာကြည့်လိုက်တော့မှ ဘုရားစေတီပုံကို ဇောက်ထိုးဆွဲထားတာဗျ၊ ဆွဲထားတယ်ဆိုတာထက် ဆေးနီ၊ ဆေးနက်တွေနဲ့ ပေါက်ထားတဲ့ပုံစံမျိုးပဲ၊ တုတ်ကြီးက ကျုပ်ကိုမကျေမနပ်နဲ့ကြည့်ရင်း

“မဆီမဆိုင်ဝင်ပါတဲ့ကောင်၊ သေစမ်း”

ဆိုပြီးတော့ သူ့အိတ်ထဲလက်နှိုက်ပြီး ကတ်ကြေးအသေးကလေး တစ်ချောင်းနဲ့ ကျုပ်ကို ကောက်ပစ်ပါရောဗျာ၊ ကတ်ကြေးကလေးက ကြေးလိုဟာနဲ့လုပ်ထားတဲ့ကတ်ကြေးဗျ၊ ကတ်ကြေးအသွားလေးတွေက လက်သန်းလောက်ပဲရှိတာ၊ ဒါပေမယ့် ပျံသန်းလာရင်း ကတ်ကြေးက တဖြည်းဖြည်းကြီးလာပြီးတော့ တစ်တောင်လောက်ရှိတဲ့ အသွားကြီးတွေဖြစ်သွားတယ်၊ ကျုပ်လည်း ပြေးရှောင်ဖို့လုပ်ပေမယ့် ပြေးလို့မရဘူးဗျာ၊ ခြေထောက်တွေကပ်နေပြီး တစ်ကိုယ်လုံးလည်း လေးလံနေတာပဲဗျာ၊ ဒီအချိန်မှာ မိန်းကလေးတစ်ယောက်က ကျုပ်အရှေ့ကိုပြေးဝင်လာပြီး ကျုပ်နဲ့မျက်နှာချင်းဆိုင်လိုက်တယ်။ ဒီမိန်းကလေးကို ကျုပ်သိပါတယ်၊

“ဟင် စုလှိုင်”

စုန်းလိပ် စုလှိုင်ဆိုတဲ့ မိန်းကလေးပါ၊ ကျုပ်ကိုမျက်နှာချင်းဆိုင်လိုက်တာဆိတော့ ကျုပ်ဆီကိုပံျသန်းလာတဲ့ ကတ်ကြေးကို ကျောပေးပြီးသားဖြစ်သွားတာပေါ့ဗျာ၊ ကျုပ်လည်းဝမ်းသာအားရနဲ့ ကြည့်နေတဲ့အချိန်မှာ စုလှိုင်မျက်နှာက အင့်ခနဲပျက်သွားတယ်ဗျ၊ ပြီးတော့ ပါးစပ်ပွင့်သွားပြီး သွေးတွေစီးကျလာပါရော။ နောက်တော့ သူ့ခြေတွေလက်တွေပျော့ဖတ်ပြီး ပုံကျသွားတာနဲ့ ကျုပ်လည်းသူ့ကိုပွေ့ထားလိုက်ရတယ်။

“စုလှိုင်၊ စုလှိုင်”

စုလှိုင်ကတော့ တဝေါ့ဝေါ့နဲ့ သွေးပွက်ပွက်အန်နေတာပဲဗျာ၊ သူ့ကိုကြည့်လိုက်တော့ ကတ်ကြေးကြီးက သူ့ကျောတည့်တည့်မှာစိုက်ဝင်နေတာဗျာ၊ ဒါပေမယ့် ကတ်ကြေးက တစ်ဖက်တည်းဗျ၊ အသွားနှစ်ဖက်ရှိတဲ့ ကတ်ကြေးက အခုတော့ အသွားတစ်ဖက်ပဲစိုက်နေတာ၊ ကျန်တဲ့အသွားတစ်ဖက်က ဘယ်မှာများပါလိမ့်ဗျာ။

ကျုပ်တွေးနေတုန်း တုတ်ကြီးတစ်ယောက် ဝေါ့ခနဲသွေးတွေထိုးအန်ပြီးတော့ မြေပေါ်ကို လေးဖက်ထောက်ကျသွားတာပဲ၊ သူလေးဖက်ထောက်သွားတော့မှ သူ့ကျောမှာ ကတ်ကြေးတစ်ဖက်က စိုက်နေပါရော၊ ဒါဆိုရင် စုန်းလိပ်ကြောင့်များလား၊ ဦးဘသာပြောဖူးတာက စုန်းလိပ်ဆိုတာ ပညာစက်တွေလွှတ်ရင် တန်ပြန်ကာကွယ်နိုင်တယ်မဟုတ်လား၊ ဒါပေမယ့် အတင်းအကြပ်လုပ်ရင်တော့ စုန်းလိပ်သမားလည်း သေနိုင်သလို၊ တိုက်ခိုက်တဲ့လူလည်း အခန့်မသင့်ရင် သေနိုင်တယ်လို့ ပြောဖူးတယ်လေဗျာ၊ ဒါဆို အခု တုတ်ကြီးပစ်လိုက်တဲ့ ကတ်ကြေးကို စုလှိုင်က လိပ်ကျောကုန်းနဲ့ ဖမ်းတားပေမယ့် တုတ်ကြီးရဲ့အစွမ်းကပြင်းလွန်းလို့ စုန်းလိပ်ခွံဖောက်ပြီးတော့ စုလှိုင်လည်းသေ၊ တုတ်ကြီးလည်း စုန်းလိပ်ကြောင့် သူ့အတတ် သူပြန်စူးပြီး သေပြီမဟုတ်လား။

“စုလှိုင် . . . စုလှိုင် ထစမ်းပါအုံး”

ကျုပ်က ခေါ်နေပေမယ့် စုလှိုင်က ကျုပ်လက်ထဲတင် ဇက်ကျိုးပြီးသေနေပြီဗျ။ ငညိုတစ်ဖြစ်လဲ ဒေါ်ပျင်းကတော့ တုတ်ကြီးအဖြစ်ကိုကြည့်ပြီးတော့ ရယ်တယ်ဗျ။

“ဟား၊ ဟား တုတ်ကြီး၊ ကောင်းတယ်၊ နင်ဟာလေ အသုံးကိုမကျဘူး၊ ငါ့ဖက်မှာ နင့်လိုအသုံးမကျတဲ့လူမျိုးကို အလိုမရှိဘူးဟဲ့”

ငညိုကပြောဆိုရင်း လက်နှစ်ဖက်ကိုမိုးပေါ်မြှောက်တင်လိုက်တော့ လေပေါ်မှာဖြန်းခနဲအသံကြီးကြားရပြီးတော့ ကိုယ်ပွားတွေအများကြီးနဲ့ မယဉ်မြိုင်တစ်ယောက် လေပေါ်ကျနေ ပြုတ်ကျတော့တယ်၊ လူအစစ်ပဲကျပြီးတော့ ကျန်တဲ့ကိုယ်ပွားတွေအကုန်လုံး မြူမှုန်တွေအဖြစ်နဲ့ ပျောက်ကွယ်သွားတာပဲဗျာ၊ မယဉ်မြိုင်က မြေကြီးပေါ်ဒူးတုပ်ထိုင်ကာ လက်အုပ်ချီလိုက်ပြီး

“အမေကြီး ကြွပါ၊ သမီးတို့ကို ပစ်မထားပါနဲ့၊ ကူညီတော်မူပါ”

အဲဒီလိုပြောပြီး မြေကြီးကို ဦးနဲ့တိုက်တော့တာပဲဗျာ၊ တဘုန်းဘုန်းနဲ့ မြေကြီးနဲ့ရိုက်လို့ သူ့နဖူးမှာတောင် သွေးတွေစို့ကုန်သဗျ။ ငညိုက မယဉ်မြိုင်ကို လက်ညှိုးထိုးမယ်အလုပ် ကျုပ်တို့ပတ်ပတ်လည်မှာ ကျားဟိန်းသံကြီးတွေ ကြားလိုက်ရတာပဲဗျာ၊ ကျားဟိန်းသံတွေကြားလို့ ကျုပ်လည်း ကျီးကန်းတောင်းမှောက်လိုက်ကြည့်ပေမယ့် ကျားအကောင်အထည်ကိုမမြင်ရဘူးဗျ၊ ငညိုက မယဉ်မြိုင်ကို လက်ညှိုးနဲ့ထိုးတော့ လေထဲကနေ လွန်းပျံတစ်ခုက ပျံသန်းလာပြီးတော့ ငညိုရဲ့လက်ကိုထိသွားတယ်၊ ငညိုလည်း နာသွားပုံရတယ်၊ လက်ကိုချက်ချင်းရုတ်သိမ်းလိုက်တယ်ဗျ၊ အဲဒီလွန်းပျံက ဆက်ပျံသွားပြီးတော့ မန်ကျည်းပင်ကြီးတစ်ပင်အောက်ရောက်တော့ ရပ်တန့်သွားတယ်ဗျ၊ ဒီမှာပဲ မိန်းမတစ်ယောက်က ဘွားခနဲပေါ်လာခဲ့တာပဲဗျာ။

ကိုးတောင်လောက်ရှည်တဲ့ ကျားကြီးကိုစီးထားပြီးတော့ အဲဒီမိန်းမက ကျားပေါ်မှာ တင်ပါးလွှဲထိုင်နေတယ်ဗျ၊ ထမီအနက်ကို ရင်လျားဝတ်ပြီးတော့ ထိုင်မသိမ်းကြီးလည်းချထားတယ်ဗျ၊ အဲဒီအပေါ်ကတော့ ခြုံပုဝါနက်တစ်ထည်ကို လွမ်းခြုံထားတယ်၊ ခေါင်းမှာလည်း ကန်တော့ချွန်ခေါင်းပေါင်းကို နှစ်ဖက်ထိုးထားပြီးတော့ ဆံမြိတ်လည်းချထားတယ်၊ လက်တစ်ဖက်မှာတော့ ခုနက ပျံလာတဲ့ ရွှေလွန်းပျံကို ကိုင်ထားတယ်ဗျ။ မျက်နှာကတော့ ရှေးခေတ်မိန်းမတွေရဲ့ မျက်နှာသွင်ပြင်မျိုးဗျ၊ ဒါပေမယ့် မျက်နှာက ပြုံးလည်းမပြုံးဘဲ ခက်ခက်ထန်ထန်နဲ့ဗျို့။

“အရှေ့မယ်တော်ကြွလာပြီ၊ အရှေ့မယ်တော်ကြွလာပြီ”

နိဗ္ဗာန်ရွာက စုန်းတွေအကုန်လုံး မြေပေါ်မှာဒူးထောက်ပြီး ထိုင်ချလိုက်တယ်၊ အရှေ့မယ်တော်က ငညိုတစ်ဖြစ်လဲ ဒေါ်ပျင်းကိုကြည့်ပြီးတော့

“ဟဲ့ကောင်မ၊ ညည်းက ငါလာနေတာတောင် မခန့်လေးစားနဲ့ လေပေါ်က မဆင်းဘူးပေါ့”

“မယ်တော်၊ ကျုပ်ပြောမယ်၊ ဒီကိစ္စက မယ်တော်နဲ့မဆိုင်ဘူး၊ မယ်တော်ဝင်မပါပါနဲ့၊ စုန်းတွေရဲ့ ရန်ငြိုးကို စုန်းအချင်းချင်းဖြေခွင့်ရှိတယ်မဟုတ်လား၊ အခုလည်း တစ်ချိန်က ကျုပ်ရဲ့မကြေခဲ့တဲ့ ရန်ငြိုးကို အခုလာချေတာပဲ”

“တိတ်စမ်းမယ်ပျင်း၊ နင့်ဖာသာရန်ငြိုးချေတာ နင့်အပိုင်း၊ အခုစုန်းတွေကို ကြည့်လိုက်စမ်း၊ နင့်ကိုရန်ပြုခဲ့တဲ့စုန်း၊ ဒီထဲမှာ ဘယ်နှယောက်ပါသလဲ”

ငညိုက တစ်ချက်ဝေ့ကြည့်ရင်း

“တစ်ယောက်မှ မပါဘူး”

“အေး၊ တစ်ယောက်မှ မပါတာကို နင်က ဘယ်တုန်းက ရန်ကြွေးကို ချေဆပ်ချင်နေတာလဲ”

“အလို၊ မယ်တော်ရယ်၊ ဒီစုန်းတွေမပါပေမယ့် နိဗ္ဗာန်ရွာက စုန်းတစ်သိုက်က ကျုပ်ကိုဒုက္ခပေးခဲ့တာပဲ၊ ဒီစုန်းတွေရဲ့ အဘိုး၊ အဘွား၊ အဖေ၊ အမေတွေလုပ်ခဲ့တာပဲလေ၊ ဒီတော့ သူတို့မိဘတွေရဲ့ ကောင်းမွေဆိုးမွေကို သူတို့ခံရမှာပေါ့”

“ဒီလိုသာပြောကြေးဆိုရင် နင့်သား သာစံဆို နင့်ရဲ့ကောင်းမွေ ဆိုးမွေတွေ ခံရတာကြာပေါ့ဟဲ့၊ နင်သာ ဒီလိုသတ်မှတ်တယ်ဆိုရင် ငါလည်း နင့်သားအပေါ် ဒဏ်ခတ်ဖို့ ဝန်မလေးဘူးနော်”

ငညိုက အတော်ဒေါသထွက်သွားပြီးတော့ မယ်တော်ကို တောင်ဝှေးနဲ့လှမ်းချိန်တယ်ဗျ၊ မယ်တော် စီးထားတဲ့ကျားက ချက်ချင်းထခုန်သွားလို့သာပေါ့ဗျာ၊ သူတို့ရပ်နေတဲ့နေရာက မြေကြီးတောင်မှ ဖုန်းခနဲထပေါက်ထွက်ပြီး တစ်တောင်လောက်နက်တဲ့ ကျင်းကြီးဖြစ်သွားတာဗျ၊ ကျားကြီးက ငညိုကိုလှည့်ပတ်ပြေးလွှားနေရင်း မယ်တော်က ရွှေလွန်းပျံကို လက်ကနေပစ်လွှတ်လိုက်တယ်၊ ငညိုဘယ်လောက်က ကာကွယ် ကာကွယ် ရွှေလွန်းပျံက ငညိုဆီတည့်တည့်သွားပြီးတော့ ငညိုရဲ့ရင်ဘတ်မှာ သွားစိုက်တယ်ဗျ၊ မယ်တော်က ချည်ခင်ကြိုးစတစ်ဖက်ဆွဲပြီး ငညိုကိုလှည့်ပတ်နေတော့တာပဲ၊ ရွှေရောင်ပိုးချည်တွေက တဖြည်းဖြည်းနဲ့ ငညိုရဲ့ကိုယ်လုံးကို တစ်ပတ်ပြီးတစ်ပတ် ပတ်လာတယ်ဗျ၊ အပ်ချည်လုံးရစ်သလိုပေါ့ဗျာ။

(၃)

“မင်းလုပ်မှရမှာ အလတ်ကောင်”

ကျုပ်နားထဲ ဦးဘသာရဲ့အသံကိုကြားလိုက်ရတယ်၊ ကျပ်လည်း ဘေးဘီကိုလိုက်ကြည့်နေတာပေါ့ဗျာ။ ပြီးတော့ လက်ထဲက စုလှိုင်ရဲ့အလောင်းကိုလည်း ချထားလိုက်တယ်။

“ဟေ့ကောင်၊ လိုက်ရှာမနေတဲ့၊ ငါက ဟိုဆံချည်ထွေးထဲမှာကွ၊ အခုက မင်းကို မနောကနေတဆင့် ဆက်သွယ်တာ”

“ဟာ၊ ဒါဆို ကျုပ်မနောအလွှာကို သိနိုင်ပြီပေါ့နော်”

“မင်းကိုယ်မင်းအထင်မကြီးနဲ့၊ ငါက ဆံချည်ထဲမှာ အချုပ်နှောင်ခံထားရရင်း အနန္တမနောကို ခဏတာထိုးဖောက်ဝင်ရောက်နိုင်ခဲ့တာဟေ့”

“ရှင်တို့တွေ လေရှည်မနေကြနဲ့၊ ကျုပ်တို့လုပ်စရာရှိတာ အမြန်လုပ်ရမယ်”

ပြောနေရင်း ကျုပ်နားထဲမှာ မိန်းကလေးတစ်ယောက်အသံကြားလိုက်ရပါရောဗျာ၊

“ဒါ၊ ဒါကရော ဘယ်သူလဲ”

“ကျုပ်ယဉ်မြိုင်လေ”

“ဟာ မယဉ်မြိုင်လည်း မနောအလွှာကို ဖောက်နိုင်တာပေါ့နော်”

“အလတ်ကောင် ရှည်ရှည်ဝေးဝေးတွေပြောမနေနဲ့၊ ငါ့အမေက ထုံကူးတာမအောင်သေးဘူးကွ၊ ဒီတော့ သူငညိုကိုယ်လုံးကို အပြီးအပိုင်အသုံးချလို့မရနိုင်သေးဘူး၊ ဒီလိုအခြေအနေကို လမ်းခုလတ်အခြေအနေလို့ခေါ်တယ်ကွ”

“လမ်းခုလတ်တဲ့လား”

“အေး၊ မင်းနားလည်အောင်ပြောရရင်တော့ ငါ့အမေက မင်းရဲ့ကိုယ်အတွင်းမှာ ပုန်းအောင်းပြီးနေတယ်မဟုတ်ဘူးလား၊ အခု မင်းကိုယ်ထဲက သူ့ရဲ့နောက်ဆုံးကျန်ခဲ့တဲ့ နာမ်စိတ်ကို ငညိုရဲ့ကိုယ်ထဲကို ကူးထည့်နေတာပဲ၊ ဒါပေမယ့် အပြီးအပိုင်ကူးလို့မရသေးဘူးဖြစ်နေတယ်၊ သူက ငညိုရဲ့ကိုယ်လုံးထဲ အပြီးအပိုင်ဝင်ပြီးသွားရင် လူသားခန္ဓာကိုရပြီကွ၊ လူသားခန္ဓာရတဲ့အခါ ငါ့ကိုပေးအပ်ထားတဲ့ နတ်အစောင့်အရှောက်တွေကို သူ့ကိုယ်ထဲပြန်သွင်းလို့ရပြီ၊ ဒီလိုဆိုရင် သူ့ကိုဘယ်သူမှ တားဆီးနိုင်မှာမဟုတ်တော့ဘူး”

“ဒါဆို ကျုပ်က ဘာလုပ်ရမှာလဲ”

“ရှင်က သူ့ဆီပြန်သွားရမယ်”

“ဘယ်လိုဗျ”

“ငညိုကို မင်းကပွေ့ဖက်ရလိမ့်မယ်၊ ငါတို့အချက်ပေးတာနဲ့ မင်းလုပ်ရမှာက ငညိုကိုပြေးဖက်ပြီးတော့ ဘဝင်ထဲကျနေတဲ့ ငညိုကိုပြန်ခေါ်ရမယ်”

“ဗျာ၊ ဘဝင်ထဲမှာ ဟုတ်သလား”

“ဘဝင်ဆိုတာက လူတစ်ယောက်လိုချင်တဲ့အရာကို ရလိုက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ကျေနပ်ခံစားမှုပဲ၊ အဲဒါကြောင့် သဘောကျတယ်၊ နှစ်ခြိုက်တယ်ဆိုရင် ဘဝင်ကျတယ်ခေါ်တာကိုး၊ သာမန်အချိန်မှာ ဘဝင်ကျတာက ခဏလေးပဲကွ၊ အခု ငါ့အမေက ငညိုကို ဘဝင်ထဲအကြာကြီးကျအောင် ချထားတယ်၊ တကယ်လို့ ငါ့အမေသာ ငညိုရဲ့အသိစိတ်ကို ထိန်းချုုပ်နိုင်ရင် ဘဝင်ထဲကျနေတဲ့ ငညိုတစ်ယောက် ပြန်လွတ်ဖို့လမ်း မရှိတော့ဘူး”

“ဟုတ်၊ ဟုတ်ပါပြီ၊ အဲဒီတော့ အဲဒီအကောင်အထည် ဘယ်တော့စမှာလဲ”

ဒီအခါ ကျားကြီးနဲ့လှည့်ပတ်ပြေးနေတဲ့ အရှေ့သခင်မက

“အခုပဲဟေ့”

ဆိုပြီး အသံအကျယ်ကြီးနဲ့ ထအော်လိုက်တယ်ဗျာ။ ငညိုတစ်ကိုယ်လုံးကိုလည်း ရွှေချည်တွေနဲ့ပတ်ထားတာ ငညိုရဲ့ချိင်းအောက်က စလို့ တစ်ကိုယ်လုံး အပ်ချည်လုံးကြီးလိုဖြစ်နေပြီဗျ၊ ပြီးတော့ အရှေ့မယ်တော်က ရွှေချည်တစ်ချောင်းနဲ့လှမ်းပစ်ပြီး ငညိုရဲ့လက်ထဲက တောင်ဝှေးကြီးကိုလှမ်းဆွဲလိုက်တာပေါ့ဗျာ၊ ငညိုကလည်း တင်းခံထားတယ်ဗျ၊

“ဘာလုပ်နေတာလဲ”

အရှေ့မယ်တော်က ကျုပ်ကိုကြည့်ပြီးအော်လိုက်တော့ ကျုပ်ကျောကုန်းကို အနောက်က တစ်ယောက်ယောက်က ဆောင့်ကန်လိုက်သလိုဖြစ်ပြီး ကျုပ်ဖြင့်် အရှေ့ကိုလွင့်ထွက်သွားပါရောဗျာ၊ ကို့ရိုးကားယားကြီးနဲ့ လွင့်ထွက်ပြီးတော့ ငညိုကိုပြေးဖက်တာပေါ့၊ ငညိုကလည်း လျှင်သဗျ၊ ကျုပ်သူ့ကိုဖက်လည်းဖက်လိုက်ရော သူ့လက်တစ်ဖက်က ကျုပ်လည်ပင်းကိုချုပ်ကိုင်ပြီး ညှစ်ပါရော၊ ကျုပ်ဖြင့် လည်ပင်းအစ်လို့ သေတော့မယ်ဗျာ၊ လေထဲမှာလည်း တန်းလန်းကြီးဖြစ်နေရောဗျို့။

နောက်တော့ ကျုပ်မျက်ခွံတွေမှေးစင်းလာပြီး ကျုပ်လည်း အိပ်ချင်သလိုဖြစ်သွားတယ်၊ မျက်လုံးထဲမှာလည်း ဖြူဖြူတွေ၊ ဝါဝါတွေ အစုံမြင်နေရတယ်ဗျ၊ ပြီးတော့ အဲဒီဖြူဖြူဝါဝါတွေက တဖြည်းဖြည်းကြည်လင်လာပြီးတော့ ကျုပ်က ဈေးတန်းတစ်ခုထဲကို ရောက်နေပါရောလား၊ ဈေးထဲမှာ လူတွေများလိုက်တာဗျာ၊ တော်တော်စည်ကားတဲ့ဈေးကြီးဗျ၊ ကျုပ်လည်း ဟိုဟိုဒီဒီလိုက်ကြည့်ရင်းနဲ့ တစ်နေရာရောက်တော့ ငညိုကိုတွေ့လိုက်တယ်ဗျ၊ ငညိုရဲ့အရှေ့မှာတော့ နို့အေးချောင်းရောင်းတဲ့ တွန်းလှည်းကြီးက ရှိနေပြန်ရောဗျာ၊ နို့အေးချောင်းရောင်းတဲ့သူက နို့အေးချောင်းတွေထည့်ထားတဲ့ အခွက်အခွက်တွေပါတဲ့ ဗန်းကြီးကို တဝေါဝေါနဲ့ လှည့်နေလေရဲ့။

“ဟေ့ကောင်ငညို”

“ဟာ၊ ကိုအလတ်ကောင်ပါလား”

“မင်းဒီမှာဘာလုပ်နေတာလဲ”

ငညိုပြောဆိုနေတုန်း နို့အေးချောင်းရောင်းတဲ့လူကြီးက သူ့လက်ထဲကိုင်ထားတဲ့ ဂလိုင်လို့ခေါ်တဲ့ ခေါင်းလောင်းအသေးလေးကို တဒေါင်ဒေါင်နဲ့ခေါက်ရင်း

“နို့အေးချောင်းတွေရမယ်၊ တစ်ချောင်းဝယ် တစ်ချောင်းစားရတဲ့အပြင် ဟောဒီအဝိုင်းကိုလှည့်ပြီး ကံစမ်းလို့လည်း ရသဗျာ”

ပြောရင်းဆိုရင်း အဲဒီလှည်းတစ်နေရာမှာ တပ်ထားတဲ့ အဝိုင်းပုံစံအပြားကိုှလှည့်လိုက်တာပေါ့ဗျာ၊ အဲဒီအဝိုင်းကြီးမှာ သံငုတ်ကလေးတွေတပ်ထားပြီးတော့ သံငုတ်တွေကြားထဲမှာလည်း သင်္ချာဂဏန်းတွေရေးထားသေးတယ်၊ အဝိုင်းထိပ်မှာတော့ မြှားကလေးတစ်ချောင်းရှိပြီးတော့ အဝိုင်းလည်တာ ရပ်သွားလို့ အဲဒီမြှားမှာကျနေတဲ့ နံပါတ်အတိုင်း နို့အေးချောင်းစားရတာပေါ့ဗျာ၊ များသောအားဖြင့် နံပါတ်တွေက တစ်တွေချည်းပါပဲ၊ ဒါပေမယ့် နှစ်တို့၊ သုံးတို့၊ ငါးတို့လည်းပါတယ်၊ အဝိုင်းကြီးတစ်ခုလုံးမှာမှ တစ်ဆယ်လို့ပါတဲ့နေရာတစ်ခုပဲရှိတယ်၊ အဲဒီတစ်ဆယ်ဂဏန်းကိုလည်း ဆေးအနီရောင်နဲ့ ရေးထားသေးသဗျ၊ နို့အေးချောင်းလှည်းကို မှီလိုက်တဲ့သူတွေဆိုရင်တော့ မျက်စိထဲတန်းမြင်ကြလိမ့်မယ်ဗျာ။

ငညိုက တစ်မတ်စေ့တစ်စေ့ကိုထုတ်လိုက်ပြီးတော့ ရောင်းတဲ့သူကိုပေးလိုက်တယ်၊ ရောင်းတဲ့လူက မတ်စေ့ကိုကိုက်ကြည့်ပြီးတော့

“တစ်မတ်ဆိုတော့ တစ်ခါပဲလှည့်လို့ရမယ်ကောင်လေး”

ငညိုလည်း ခေါင်းညိတ်ပြီးတော့ အဝိုင်းကြီးကို အားပြင်းပြင်းနဲ့ဆွဲလှည့်လိုက်တယ်၊ အဝိုင်းက လေးငါးဆယ်ပတ်လောက် လည်သွားပြီးတော့ နောက်တော့ တဖြည်းဖြည်းနဲ့ အရှိန်နည်းသွားတယ်၊ နောက်ဆုံးမြှားမှပြထားတဲ့ဂဏန်းကတော့ တစ်ပဲဗျ။ ငညိုလည်း အတော်စိတ်ပျက်သွားတယ်၊ နို့အေးချောင်းသည်က နို့အေးချောင်းတစ်ချောင်းထုတ်ပေးတယ်ဗျ၊ ငညိုစားတာမှ မြန်လိုက်တာ ပြောမနေပါနဲ့ဗျာ၊ ပိန်ပိန်ပါးပါး နို့အေးချောင်းက နှစ်ကိုက်နဲ့တင် ကုန်ရောပဲ။ ပြီးတော့ ငညိုက ပါးစပ်ထဲအရသာခံပြီးတော့ ပြုံးနေသေးတယ်။

“ဟေ့ကောင် ငညို၊ မင်း နို့အေးချောင်းစားရတာ ကြိုုက်တာလားကွ”

“ဒါပေါ့ဗျာ၊ အရင်ကဆို တစ်ချောင်းတစ်လေစားရဖို့တောင် အမေ့ဆီက ပိုက်ဆံတစ်မတ်ကို မရမကတောင်းရတယ်၊ အခုတော့ စိတ်ကြိုုက်အဝစားလို့ရပြီ”

ငညိုက နို့အေးချောင်းတုတ်တံကို သူ့ခြေရင်းကိုပစ်ချလိုက်တယ်ဗျ၊ ဒီကောင်စားသလား မစားသလားကတော့ သူ့ခြေရင်းမှာ နို့အေးချောင်းတုတ်ချောင်းတွေ ပုံလို့ဗျာ။

“ဟေ့ငညို၊ စားပြီးရင်လည်း ပြန်ရအောင်ကွာ”

“မပြန်ချင်ဘူး”

“ဘာလို့မပြန်တာလဲကွ၊ နို့အေးချောင်းတွေချည်းလှိမ့်စားမနေနဲ့ ရင်ကြပ်မယ်”

ကျုပ်က ငညိုကိုအတင်းဆွဲခေါ်တာပေါ့ဗျာ၊ ငညိုကလည်း ခြေကန်ရုန်းတယ်၊ ပြီးတော့ ကံစမ်းတဲ့အဝိုင်းကြီးကိုလက်ညှိုးထိုးပြပြီး

“ဟိုအဝိုင်းကြီးမှာ တစ်ဆယ်ကျမှပြန်မှာ”

“ဟာ၊ ဟေ့ကောင်၊ အဲဒီတစ်ဆယ်က တစ်ခုပဲပါတာကွ၊ မင်းရဖို့မလွယ်ဘူး၊ လာပါကွာ”

ငညိုက ခြေဆောင့်ရင်း

“မရဘူး၊ အဲဒီတစ်ဆယ်မကျမချင်း၊ နို့အေးချောင်း တစ်ချောင်းဝယ်ပြီးတော့ ဆယ်ချောင်းမရမချင်း မပြန်ဘူး”

ငညိုကတော့ လုပ်ပြီဗျာ၊ ဒါနဲ့ ကျုပ်လည်းခေါင်းကုပ်ရင်း

“အေးကွာ၊ ဒါဆို မင်းမလှည့်နဲ့ ငါလှည့်ပေးမယ်”

ငညိုက သူ့အင်္ကျီအိတ်ထဲက မတ်စေ့တစ်စေ့ဆွဲထုတ်ပြီး ပေးလိုက်တယ်၊ နို့အေးချောင်းရောင်းတဲ့လူကလည်း ဆွဲယူလိုက်ပြီးတော့ လက်တစ်ချောင်းထောင်ပြတယ်။

“တစ်ခါပဲလှည့်ရမယ်နော်”

ကျုပ်လည်း လက်ဝါးနှစ်ဖက်ကို ပွတ်လိုက်ပြီးတော့ လှည့်တဲ့အဝိုင်းကြီးကို သေသေချာချာကိုင်လိုက်တာပေါ့ဗျာ၊ ပြီးတော့ စိတ်ထဲကနေလည်း

“တစ်ဆယ်ကျပါစေ၊ တစ်ဆယ်ကျလိုက်စမ်းကွာ”

လို့ပြောရင်း အားကုန်လှည့်ထည့်လိုက်တော့တာပါပဲ၊ လူကြီးအားနဲ့မို့ အဝိုင်းကြီးက တရွီးရွီးနဲ့ ဆယ်ပတ်လောက်လည်ပြီးတော့ တဖြည်းဖြည်းနဲ့ရပ်သွားတယ်၊ ရပ်သွားတဲ့အခါမှာ မြားကလေးက တစ်ဆယ်ဆိုတဲ့ ဂဏန်းကိုရပ်ခါနီးမှ အသာကလေးလည်ပြီး တစ်ဖြစ်သွားတယ်ဗျာ။ ကျုပ်လည်း တော်တော်စိတ်ပျက်မိသားဗျ၊ နို့အေးချောင်းရောင်းတဲ့လူက

“တစ်ဆိုတော့ တစ်ချောင်းပဲရမယ်”

ဒီအချိန် အပြားကြီးက တဖြည်းဖြည်းအနောက်ကိုပြန်လည်တာဗျ၊ ကျုပ်လည်း

“ဟေ့လူကြည့်၊ မရပ်သေးဘူး၊ အဝိုင်းက မရပ်သေးဘူးဗျ”

နောက်ပြန်လည်ရင်း တစ်ဆိုတဲ့နေရာကနေ မြှားဦးချွန်ကလေးက တစ်ဆယ်ဆိုတဲ့ နေရာကိုပြန်ညွှန်ပြလိုက်တယ်၊ ကျုပ်နဲ့ငညိုလည်း ပျော်ပြီးတော့ ထခုန်ကြတယ်ဗျာ။ ဒီတော့မှ နို့အေးချောင်းသည်က ဆယ်ချောင်းထုတ်ပေးတယ်၊ နို့အေးချောင်းဆယ်ချောင်းလည်းရရော ငညိုက ဆယ်ချောင်းစလုံးကိုယူပြီးတော့ တစ်ချောင်းပြီးတစ်ချောင်းကိုက်စားတယ်။

“ကဲ၊ ငညို ဆယ်ချောင်းရပြီဆိုတော့ ပြန်ကြစို့ကွာ”

ကျုပ်ပြောရင် ငညိုလက်ကိုဆွဲလိုက်တာနဲ့ ဘေးပတ်ဝန်းကျင်က အရာတွေအားလုံးက ချက်ချင်းတဖုတ်ဖုတ်နဲ့ပျောက်သွားတာပဲဗျာ၊ နောက်ဆုံးတော့ ဖုန်းဆိုးကွင်းကြီးတစ်ခုကိုရောက်သွားတယ်ဗျ၊ ကျုပ်လည်း ငညိုကိုကြည့်ုလိုက်တော့ ငညိုမရှိတော့ဘူးဗျို့။

“မင်းတော်တော်ယုတ်ကမ်းတဲ့အကောင်ပဲ”

ကျုပ်အရှေ့မှာ တဖြည်းဖြည်းနဲ့ပေါ်လာတာကတော့ ဒေါ်ပျင်းကြီးပဲဗျ။

“မင်းက ငါကြိုတင်ကြံစီထားသမျှ အားလုံးကို ဖျက်လိုဖျက်ဆီးလုပ်တဲ့အကောင်ပဲ မင်းကိုငါ အရှင်မထားဘူး”

ဒေါ်ပျင်းက ပြောဆိုရင်း လက်နှစ်ဖက်ကိုလေပေါ်မြှောက်လိုက်တယ်ဗျ။ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတာနဲ့ ဒေါ်ပျင်းကြီးကိုလက်ညှိုးနဲ့ဖမ်းထိုးလိုက်ပြီး

“ခင်ဗျားရပ်လိုက်စမ်း”

ဒေါ်ပျင်းက ကျုပ်ပြောတဲ့အတိုင်း လက်နှစ်ဖက်မြှောက်ပြီးတော့ ရပ်သွားတယ်ဗျာ၊ ကျုပ်ဖြင့်် မယုံနိုင်ဘူးဖြစ်နေတာ၊ ဒါနဲ့ ကျုပ်ဒေါ်ပျင်းကို တကယ်နိုင်မနိုင်သိရအောင်လို့ ထပ်စမ်းကြည့်ချင်သေးတယ်။

“ခင်ဗျားလက်တစ်ဖက်ကို ဖင်နှိုက်လိုက်စမ်း”

ဒေါ်ပျင်းရဲ့ ညာဘက်လက်က ကိုယ်လုံးအနောက်ကနေ ဖင်ကိုနှိုက်လိုက်တယ်ဗျ၊ ဒေါ်ပျင်းမျက်လုံးကြီးကတော့ ပြူးတူးကြောင်တောင်နဲ့ကို ကြည့်နေတာဗျ။ ကျုပ်လည်း နိုင်ခွင့်ရတုန်း နိုင်ကြည့်ချင်သေးတယ်။

“ခင်ဗျားနောက်လက်တစ်ဖက်ကို ခေါင်းကုပ်စမ်းဗျာ”

ထောင်နေတဲ့ဘယ်ဘက်လက်က ခေါင်းပေါ်ကိုတင်ပြီးတော့ ဆံပင်တွေကို တဗြင်းဗြင်းနဲ့ကုပ်နေပါရောဗျာ။ ကျုပ်ဖြင့်ရယ်ချင်လာတာ မနည်းအောင့်ထားရတယ်။

“ပေါင်ကိုကွလိုက်၊ ပြီးရင် မျောက်လိုခုန်စမ်းဗျာ”

ကျုပ်ပြောတဲ့အတိုင်း ဒေါ်ပျင်းက ပေါင်ကွပြီးတော့ မျောက်လိုခုန်ဆွခုန်ဆွလုပ်နေတော့တာပဲဗျာ၊ ကျုပ်လည်း ရယ်လိုက်ရတာ အူတွေတောင်နာလို့ ဗိုက်ကိုလက်နဲ့ နှိပ်ထားရတယ်။ ဒေါ်ပျင်းကတော့ မျက်နှာသေကြီးနဲ့ ကျုုပ်ကိုကြည့်ပြီး

“ဟဲ့ကောင်စား၊ နင့်ကိုငါမကျေနပ်ဘူး၊ နင့်ကိုငါသတ်မယ်ဟဲ့”

“အောင်မယ်၊ ခင်ဗျားက ပါးစပ်အားနေတော့ ပြောသေးတယ်ပေါ့၊ ကဲဗျာ၊ ခင်ဗျားပါးစပ်ကလည်း မျောက်လိုအော်စမ်းဗျာ”

ဒေါ်ပျင်းက ကွိကွိကွကွတွေအောက်ပြီး ခုန်နေတော့တာပဲဗျာ၊ ဒီအချိန် ကျုပ်ခေါင်းထဲမှာ အသံကြားရတယ်။

“တော်ပြီအလတ်ကောင်၊ ပေါတောတောတွေလုပ်မနေနဲ့”

“ဟာ၊ ဦးဘသာ အသံပါလားဗျ၊ ဒါနဲ့ ကျုပ်က ဒေါ်ပျင်းကို ဘာလို့နိုင်နေတာလဲဗျာ”

“ငါ့အမေက မင်းရဲ့မသိစိတ်ထဲမှာနေတာကွ၊ အခုမင်းဖြစ်နေတဲ့စိတ်ဟာ မင်းရဲ့အသိစိတ်ပဲ၊ အသိစိတ်က မသိစိတ်ကိုလွှမ်းမိုးနိုင်တဲ့အခါ မသိစိတ်ထဲက အရာအားလုံးကိ အနိုင်ယူ စေခိုင်းနိုင်တယ်လို့ ငါပြောထားခဲ့တယ်မဟုတ်လား”

“သြော်၊ ကျုပ်သဘောပေါက်ပြီ၊ ဒါကြောင့် ဒေါ်ပျင်းကိုကျုပ်နိုင်နေတာကိုးဗျ”

“ငါပြောမယ်၊ မင်း ငါ့အမေကိုကြည့်ပြီးတော့ ခင်ဗျားက တကယ်မရှိဘူး၊ ခင်ဗျားကို ကျုပ်မလိုချင်ဘူး၊ ခင်ဗျားကျုပ်စိတ်ထဲမှာ ပျောက်ကွယ်သွားပြီလို့ ပြောရမယ်”

“ကျုပ်ပြောရင် တကယ်ပျောက်ကွယ်သွားမှာလား”

“ငါပြောပြီးသားပဲ အလတ်ကောင်ရာ”

ဒါနဲ့ကျုပ်လည်း ခါးထောက်လိုက်ပြီးတော့ ဒေါ်ပျင်းကိုလက်ညှိုးထိုးရင်း

“ခင်ဗျားက တကယ်မရှိဘူး”

ဒေါ်ပျင်းကြီးက ငြိမ်ကျသွားတယ်ဗျ၊ ပြီးတော့ ကျုပ်ကိုခေါင်းခါပြတယ်၊ ဆက်မပြောစေချင်လို့ ဖြစ်မှာပေါ့ဗျာ။

“ခင်ဗျားကိုကျုပ်မလိုချင်ဘူး၊ အခုအချိန်ကစပြီး ခင်ဗျားက ကျုပ်စိတ်ထဲမှာ ပျောက်ကွယ်သွားပြီ”

ဒေါ်ပျင်းက ငိုယိုတော့တာပဲဗျာ၊ ပြီးတော့ တစ်ကိုယ်လုံးလေထဲလွင့်သလိုဖြစ်သွားပြီးတော့ မှုန်ဝါးပြီးပျောက်ကွယ်သွားတာပဲ၊ ကျုပ်လည်း ဦးဘသာကိုလှမ်းကြည့်ပြီးတော့

“ရပြီလားဦးဘသာ”

ဘာအသံမှတော့ မကြားရတော့ဘူးဗျ၊

“ဦးဘသာ၊ ဦးဘသာ”

ကျုပ်အော်ခေါ်နေပေမယ့် ဘာကိုမှမကြားရဘူး၊ နောက်တော့ ကောင်းကင်ကြီးတစ်ခုလုံး လင်းထိန်လာပြီးတော့ ကျုပ်လည်း ငိုက်ခနဲတစ်ချက်ဖြစ်သွားတာပေါ့ဗျာ။

(၅)

“ကိုအလတ်ကောင် ထမင်းစားရင်း ငိုက်နေတာလားဗျ”

ကျုပ်သတိပြန်ဝင်လာတော့ ကျုပ်က ထမင်းပန်းကန်ကို လက်နှိုက်လျှက်သားကြီးဗျ၊ အရမ်းအိပ်ချင်ပြီးတော့ တစ်ချက်ငိုက်သလို ဖြစ်သွားလို့ ဘေးနားက ချိုတူးက ကျုပ်ကိုလှမ်းတောင်သတိပေးရတယ်။

“ဟုတ်ပါ့ကွာ၊ ပင်ပန်းတယ်ဆိုရင်လည်း ထမင်းစားပြီးအိပ်ပေါ့ကွ”

ဦးဘသာက ရယ်ကျဲကျဲနဲ့ပြောတယ်၊ ဒီအချိန် ဦးလူလှက ဝက်သားပန်းကန်ထဲက ဝက်သားတုံးတစ်တုံးကို ဇွန်းနဲ့ခပ်လိုက်ပြီးတော့ ဦးဘသာပန်းကန်ထဲကို လှမ်းထည့်ပေးတယ်ဗျ၊ ချိုတူးကလည်း ဝက်သားဟင်းဖတ်ကို ထမင်းထဲမြှုုပ်ပြီး ထမင်းကိုကျုံးကျုံးပြီးတော့ စားတာဗျို့၊ ရွှေမိတစ်ယောက်ကတော့ ယင်ကောင်တွေဝဲနေလို့ ထမင်းဝိုင်းကို ဘေးနားကနေ ယပ်တောင်တစ်ချောင်းနဲ့ တဖြပ်ဖြပ်ယပ်ခတ်ပေးနေလေရဲ့။ အားလုံးက ပုံမှန်အတိုင်း စားသောက်နေကြပေမယ့် ကျုပ်တစ်ယောက်တည်း တွေတွေကြီးဖြစ်နေတယ်ဗျ။ ဦးဘသာကတော့ သူ့ဝသီအတိုင်း ဘာမှမသိသိုနဲ့ ထမင်းကိုဆက်ပြီးစားနေတယ်။

ကျုပ်လည်း ထမင်းပန်းကန်ထဲ လက်နက်ပြီးတော့ တွေးနေမိတယ်၊ ဒေါ်ပျင်းထွက်သွားပြီးတော့ ရပ်ဝန်းပျက်ပျယ်သွားတာများလား၊ ဒါဆိုရင် ပြီးခဲ့တဲ့အရာတွေကရော၊ သေသွားခဲ့တဲ့ စုလှိုင်ဆိုတဲ့ မိန်းကလေးကရော၊ ကျုပ်တွေးရင်းတွေးရင်း ခေါင်းတွေခြောက်လာတယ်။

“ငါ့တူကြီးက မဆာလို့လား၊ ဒါမှမဟုတ် ရွှေမိလက်ရာတွေက မကောင်းလို့လား”

“မ၊ မဟုတ်ပါဘူးဗျာ၊ စားလို့ကောင်းပါတယ်၊ ကျုပ်ခေါင်းထဲ အတွေးလေတစ်ခု ဝင်လာလို့ပါ”

ဦးဘသာက ကျုပ်ကိုပြ့ုံးကြည့်ရင်း

“မင်းကတွေးနေ၊ ဟိုမှာ မတွေးတဲ့ကောင်က ဝက်သားတုံးတွေ တစ်တုံးပြီးတစ်တုံး ဆွဲဆွဲယူနေတာနော်၊ မင်း အတွေးကောင်းလို့ ငါးပိချက်နဲ့ ညားနေမယ်”

ရွှေမိရော၊ ဦးလူလှတို့ရော ပြုံးစိစိနဲ့ကျုပ်ကိုကြည့်နေကြတယ်၊ ကျုပ်လည်း ဦးဘသာကိုကြည့်ပြီး စိတ်ထဲကနေ စကားလှမ်းပြောတယ်ဗျ၊ ဒါပေမယ့် ဦးဘသာက မကြားတဲ့ပုံပဲ။

“ဒါနဲ့ ငညိုရောဦးဘသာ”

ကျုပ်အသံထွက်ပြောလိုက်တော့မှ ဦးဘသာက ကျုပ်ကိုလှမ်းကြည့်တယ်၊ ပြီးတော့ ခြံတံခါးအရှေ့ကိုလှမ်းကြည့်ပြီး

“ဟိုမှာ လာပါပြီကွာ၊ ပြောရင်းဆိုရင်း”

ကျုပ်က ငညိုကိုသေသွားပြီထင်တာဗျာ၊ ငညိုက အပြေးတစ်ပိုင်းနဲ့ ခြံဝန်းထဲပြေးဝင်လာတယ်၊ ငညိုရဲ့အနောက်မှာတော့ စုလင်ဆိုတဲ့ မိန်းကလေးပါလာတယ်ဗျာ၊ ကျုပ်ဖြင့် ဝမ်းသာလိုက်တာ ပြောမနေပါနဲ့တော့၊ ဒါနဲ့ ထမင်းဝိုင်းကထပြီး ငညိုဆီကိုပြေးသွားလိုက်တယ်၊ ငညိုပုခုံးကိုဖက်လိုက်တော့ ငညိုက အထူးအဆန်းဖြစ်သွားတဲ့ပုံနဲ့ဗျ၊ ပြီးတော့ ငညိုအနောက်မှာ ရပ်နေတဲ့ စုလှိုင်ကိုမော့ကြည့်လိုက်တယ်။

“စုလှိုင်၊ မင်း . . . မင်းမသေဘူးနော်”

စုလှိုင်က ကျုပ်ကိုဘုကြည့်ကြည့်ရင်း

“ရှင်ဘာတွေလာကြောင်နေတာလဲ၊ ကျုပ်က ဘာဖြစ်လို့သေရမှာလဲ”

ပြောပြီးတော့ ဟိုဖက်ကိုချာခနဲလှည့်သွားတာပဲ၊ ဦးလူလှက စုလှိုင်ကိုကြည့်ပြီး

“ဟဲ့ စုလှိုင်၊ ထမင်းမစားရသေးဘူးဆိုရင် တစ်ခါတည်းဝင်စားသွားလေဟာ၊ ဒီနေ့ဟင်းကောင်းပါတယ်ဟ”

စုလှိုင်က ဦးလူလှကို သမင်လည်ပြန်လှည့်ကြည့်ရင်းနဲ့

“မစားတော့ပါဘူး ဦးလေးရေ၊ ဒီမှာ အလကားနေရင်း လူကိုမသေဘူးလားဆိုပြီး မေးနေတဲ့ငကြောင်တစ်ကောင်လည်း ရှိသေးရဲ့တော်”

ပြီးတော့ စုလှိုင်က ကျုပ်ကိုမျက်စောင်းထိုးပြီးတော့ ထမီစကလေး အသာမပြီး ခြံဝိုင်းထဲကနေထွက်သွားတာပဲဗျာ၊ ကျုပ်ဖြင့် ပျော်လိုက်တာမှ ပြောမနေပါနဲ့တော့ဗျာ၊ ဦးဘသာကို အသာလှမ်းကြည့်လိုက်တော့ ဦးဘသာက ကျုပ်ကိုပြုံးပြလို့ဗျ။

စားသောက်ပြီးတော့ ကျုပ်တို့အခန်းထဲ ပြန်နားကြတယ်၊

“ဒါဆို ဒါတွေက တကယ်မဖြစ်ခဲ့ဘူးပေါ့နော်”

ဦးဘသာက ခေါင်းခါရင်း

“စိတ်သာရှင်စော ဘုရားဟောတဲ့ကွ၊ တကယ့်တန်ခိုးရှင်ဆိုတာ တခြားမဟုတ်ပါဘူးကွာ၊ ကိုယ့်ရဲ့မသိစိတ်ကို ကိုယ့်ရဲ့သိစိတ်က စေခိုင်းထိန်းချုပ်နိုင်ရင် တန်ခိုးရှင်တဲ့ကွ”

“ဒါဆို ကျုပ်၊ ကျုုပ်က တန်ခိုးရှင်ဖြစ်သွားပြီပေါ့နော် ဦးဘသာ”

ချိုတူးက အခန်းတံခါးဝမှာ ရပ်နေရင်းနဲ့

“ကျုပ်သိတဲ့ တန်ခိုးရှင်ကတော့ ဝမ်းနှုတ်ဆေးပဲဗျ၊ ညနက်ပိုင်းများသောက်ထားလိုက်ရင် မနက်အစောဆို ဝမ်းထဲရစ်နာလာပြီးတော့ တဗြစ်ဗြစ်နဲ့ သွားတာပဲဗျို့”

“ဟေ့ကောင်ချိုတူး မင်းက ငါ့ကိုလှောင်တာလား”

“လှောင်တာ မဟုတ်ပါဘူး ကိုအလတ်ကောင်ရာ၊ ပြောင်တာပါဗျ”

ကျုပ်လည်း ကြမ်းပေါ်ပေါ်ကနေ ကုန်းထရင်း

“ငါ့ကိုများ ပြောင်ရသေးတယ်လို့”

ဘေးဘီကြည့်လိုက်တော့ အခန်းထောင့််မှာ တံမြက်စည်းထောင်ထားတယ်ဗျ၊ ကျုပ်လည်း အဲဒီတံမြက်စည်းကိုပြေးဆွဲပြီးတော့ ချိတူးအနောက်ကိုပြေးလိုက်တာပေါ့ဗျာ၊ ချိုတူးက အပြေးတော့မြန်သဗျ။

“တန်ခိုးရှင် ကိုအလတ်ကောင်၊ ဝမ်းနှုတ်ဆေး ကိုအလတ်ကောင်”

“ဟေ့ကောင်၊ မပြေးနဲ့ မိလို့ကတော့လား ဟောဒီတံမြက်စည်းအရိုးနဲ့ မင်းစအိုကို ထိုးခွဲမှာကွ”

ချိုတူးက အိမ်ကိုပတ်ပြေးတော့ ကျုပ်လည်း သူ့အနောက်ကို ပြေးလိုက်တာပေါ့ဗျာ၊ မီးဖိုဆောင်ထဲမှာ ထမင်းချက်နေတဲ့ ရွှေမိက ကျုပ်တို့ကိုကြည့်ရင်း ပြုံးလို့ဗျ၊ ဦးဘသာကတော့ အခန်းထဲကနေလှမ်းအော်တယ်။

“ဟေ့ကောင်တွေ၊ ဟာကွာ၊ ဒီကောင်တွေကတော့ ပြောမရပါလားကွာ”

လို့ ညည်းညူနေပါတော့တယ်ဗျာ။

ပြီးပါပြီ။

အဂ္ဂဇော်