တစ္ဆေရန်ပွဲ

ဖွာရင်းသွားလိုက်ကြတယ်။
” ဟာ…တို့ထက် ကြိုရောက်နေတဲ့သူတွေရှိနေတာပဲ…”
ခင်တန်းကလေးတစ်ခုကို လွန်ပြီးချိန် မန်ကျည်းတန်းဆီမှာ ဓာတ်မီးရောင်တွေ တဝင်းဝင်းနဲ့ လှမ်းတွေမိတာမို့ ကျုပ်ကရေရွတ်လိုက်တယ်။
ဖိုးအေးက ခြေလှမ်းတွေကို ရပ်ပြီး တစ်ချက်လှမ်းကြည့်ရင်း တွေးနေတယ်။
” ဒီကွင်းက လူရောက်နေပြီဆိုတော့ တခြား ကွင်းရှာကြည့်ပါဦး…”
ဖိုးအေးက ဆီခံကပ်ပြီး တိုနေပြီဖြစ်တဲ့ ဆေးလိပ်တိုကို လွှင့်ပစ်လိုက်တယ်။ ပြီးတော့…။
” ကြိုးကြာကွင်းတစ်ကွင်းတော့ ကျန်သေးတယ်…”
ဖိုးအေးပြောတဲ့ ကြိုးကြာကွင်းက တက်ယ်လည်း အကွက်အကွင်းကျပါတယ်။ ဒါပေမယ့် သွားရမှာကတော့ အတော့်ကို လှမ်းလေတာ။
” နဲနဲဝေးနေမလားလို့…”
” အင်း…ဝေးတယ်ဆိုပေမယ့် အခုအချိန် အဲ့ဒီ့ဘက်မှာ ဘယ်သူမှမရှိသေးလောက်ဘူး။ ပြီးတော့ အခုရထားရုံလောက်နဲ့ ကိုဖိုးကျော်ဆီသွားသွင်းလို့ကတော့ ဘာမှရမှာမဟုတ်သေးဘူးလေ…”
ဖိုးအေး ပြောတာကလည်း ဟုတ်ပေရဲ့။
အခု ရထားသလောက်နဲ့ ကိုတင်မောင်ဆီသွားသွင်းလို့ကတော့ ကျုပ်တို့ အရင်သောက်ထားတဲ့ အရက်ဖိုးတောင် ကြေမယ်မထင်ဘူး။
” အင်းလေ…သွားကြတာပေါ့…”
ဒီတစ်ခါတော့ ကြိုးကြာကွင်းဆီကို သူများမဦးအောင်လို့ နှစ်ယောက်စလုံးရဲ့ ခြေလှမ်းတွေက သွက်နေရတယ်။
အချိန် တစ်နာရီလောက်တော့ လျှောက်ရမယ်ထင်တယ်။ လမ်းမှာလည်း ကြုံတိုးရှာရိုက်ခဲ့ပေမယ့် ပွဲဦးထွက်လောက် မရသေးဘူး။
မာဃကြယ် မျက်နှာတမော့မြင့်တော့မှ ကျုပ်တို့ ကြိုးကြာကွင်းဆီကို ရောက်ခဲ့တယ်။
” ကိုစိုး…ဒီတစ်ခါတော့ ကျုပ်တို့ လူချင်းခွဲမရိုက်တော့ဘူး။ အတူတူပဲ လိုက်ရိုက်ကြမယ်…”
ဖိုးအေးရဲ့ စကားက ဘာကြောင့်ဆိုတာ ကျုပ်သိတယ်။
အမှန်ကို ပြောပြရရင် ကျုပ်တို့ ကြိုးကြာကွင်းဆီကိုသာ လာခဲ့တာ၊ ရွာနဲ့က အတော်လေးအလှမ်းဝေးတော့ ကျောချမ်းဖို့တော့ အကောင်းသား။
နှစ်ယောက်သား လူချင်းမကွာဘဲနဲ့ဆိုတော့ ကျော်စံကွေးက ရသင့်သလောက် မရဘူး။
အချိန်နဲနဲလင့်လာတော့ ဆရာသမားလေးတို့က ဖုတ်ထဲ၊ သဲထဲကနေ ခြုံတွေဆီကို ပြန်ကပ်ဖို့ ကြိုးစားကြပြီ။
” ဖိုးအေး…တွက်ခြေကိုက်ပါ့မလားကွာ…”
” အင်းဗျာ…ရောက်လာပြီးမှတော့ တွက်ခြေတော့ ကိုက်ချင်တယ်။ မထူးဘူးဗျာ…ကိုစိုးနဲ့ ကျုပ် လူချင်းခွဲပြီး မြန်မြန်ရိုက်ကြရအောင်…”
ဖိုးအေးက ပြောပြီးတာနဲ့ တစ်ဖက်ကို လှမ်းထွက်သွားတယ်။
ကျုပ်လည်း တွက်ခြေမကိုက်မှာကို ပူပန်မှုနဲ့မတူ လောဘဇောလေးကပ်လာတော့ တော်ရုံမစဉ်းစားတော့ဘဲ ဖိုးအေးနဲ့ ဆန့်ကျင်ဘက်ကို ထွက်ခဲ့တယ်။
လူချင်းခွဲလိုက်မှပဲ နဂိုရသင့်တာထက် ပိုရတော့ ကျုပ်ရဲ့ ခြေလှမ်းတွေက သွက်နေတယ်။ လက်ကလည်း တစ်ကောင်တစ်ချက်၊ တဖပ်ဖပ်နဲ့ကို သွက်နေသေးတော့တာ။
ကျုပ်တို့ တစ်နာရီလောက် လူခွဲပြီး ရိုက်လိုက်တော့ ကျော်စံကွေးတွေ အတော်ကလေးတော့ ရချေပြီ။
ကျုပ်နဲ့ ဖိုးအေး လူချင်းပြန်ဆုံလိုက်ကြတယ်။
ပြီးတော့ ပြန်ဖို့အတွက် ဆုံးဖြတ်ကြပြီး နဂိုမူလအစီအစဉ်ထဲမှာပါတဲ့ အင်းစောင်းဘက်ကို ဖားအကောင်ကြီးကြီးတွေ သွားချောင်းဖို့ ခြေဦးတည်လိုက်ကြတယ်။
ကွမ်းတစ်ယာညက်သာသာတော့ကြာမယ်။
ကျုပ်တို့ အင်းစောင်းအခြေကို ရောက်ခဲ့ကြပြီ။
အင်းစောင်းဆိုတာက ပြောရရင် ပိုင်ရှင်မဲ့အင်းပျက်တစ်ခုပဲ။ အရင်ကတော့ လေလံဆွဲသူတွေရှိပေမယ့် အခုနောက်ပိုင်း အင်းက တိမ်ကောလာတာမို့ အရနဲလာပြီး အစွန့်ပစ်ခံ အင်းပျက်တစ်ခု ဖြစ်သွားတော့တာ။
ကျုပ်တို့နှစ်ယောက် အင်းစောင်းနံဘေးကို ရောက်တော့ ညနေက မိုးကျထားတာမို့ ဖားကြီးအော်သံတချို့ကို ကြားမိလိုက်တယ်။
ကျုပ် ဖိုးအေးကို မျက်စပစ်ပြလိုက်မိတယ်။
အသံကြားတဲ့ဆီကို ဖိုးအေး တိတ်တဆိတ် ချဉ်းကပ်သွားတယ်။ ကျုပ်က အသာအယာမီးကစားပြီး ဖားအော်သံကြားရာဆီကို ထိုးပြထားတယ်။
” ခွေးမသား…”
” ဟာ…”
ရုတ်တရက် အော်ဟစ်လိုက်တဲ့ အသံကြောင့် ကျုပ်ရော ဖိုးအေးပါ လန့်သွားကြတာ။
အသံထွက်လာရာက ကျုပ်တို့နဲ့ မလှမ်းမကမ်းမှာရှိတဲ့ လက်ပံပင်ကြီးဘက်က။
တိုင်ပင်မထားဘဲ ကျုပ်တို့ရဲ့ ဓာတ်မီးရောင်တွေက အဲ့ဒီ့နေရာကို ဖြာခနဲပဲ။
” ဟာ…လုပ်…လုပ်ကြပါဦး…”
ကျုပ် လန့်ပြီး အော်မိတာလေ။
ဓာတ်မီးနှစ်လက် အပြိုင်ထိုးထားတဲ့အောက်ဆီမှာ လူနှစ်ယောက် အသည်းအသန် သတ်ပုတ်နေကြတာကလား။ တစ်ယောက်က အင်္ကျီကျွတ်နဲ့ဖြစ်ပြီး တစ်ယောက်ကတော့ အင်္ကျီအဖြူရောင်ဝတ်ထားတယ်။
ထူးဆန်းတာက နှစ်ယောက်စလုံး ကျုပ်တို့ဆီက မီးရောင်တွေက သူတို့ဆီကို ကျရောက်လာပေမယ့်လည်း လုံးဝဂရုမမူဘဲ တစ်ယောက်ကိုတစ်ယောက် သည်းကြီးမည်းကြီးကို တိုက်ခိုက်နေကြတာရယ်။
” ဖိုးအေး…ငါတို့ သွားဆွဲမှဖြစ်မယ်ထင်တယ်။ မဟုတ်ရင် မဖြစ်စင့်တာတွေ ဖြစ်ကုန်တော့မယ်…”
ဖိုးအေးက ကျုပ်အနားကို ရောက်လာခဲ့တော့ ကျုပ်က ပြောလိုက်မိတယ်။
” ကိုစိုး…မဟုတ်သေးဘူး။ ကျုပ်တို့ သွားဆွဲရင် မှားကုန်လိမ့်မယ်။ သူတို့ကို သေချာကြည့်…ဒါ လူတွေ လုံးဝမဟုတ်ဘူး…”
” ဟင်…”
ဖိုးအေးပြောတာမို့ ကျုပ် သေချာကြည့်မိလိုက်တယ်။
ဟုတ်ပါရဲ့…။
ကျုပ်တို့ထိုးထားတဲ့ ဓာတ်မီးရောင်အောက်မှာ သူတို့ကိုယ်က အရိပ်ထွက်တာမျိုးမရှိဘူး။ ပြီးတော့ သေချာကြည့်မှ သူတို့ ပုံရိပ်တွေက ဝိုးတဝါးလိုဖြစ်နေတယ်။
” ငါ…ငါတို့ ဘယ်လိုလုပ်ကြမလဲ…”
” ဘယ်လိုမှ မလုပ်နဲ့၊ ကိုစိုး မကြောက်ဘူးဆိုရင် ကျုပ်တို့ ဒီအတိုင်းပဲ ဆက်ကြည့်နေကြတာပေါ့…”
ဖိုးအေးက သိပ်ကြောက်ပုံတော့ မရဘူး။ ကျုပ်လည်း ဒါမျိုးက ကြုံတောင့်ကြုံခဲမြင်ရတတ်တာလို့ ယူဆပြီး စိတ်တင်းလိုက်တယ်။
လက်ပံပင်အောက်က လူနှစ်ယောက်ကတော့ အငြိုးကြီးကြီးနဲ့ သတ်ပုတ်နေကြတုန်းပဲ။
ကြည့်နေရင်းနဲ့ လုံးထွေးနေကြတဲ့ လူနှစ်ယောက်အနက် အင်္ကျီအဖြူရောင်ဝတ်ထားတဲ့ တစ်ယောက်က အောက်ကို ကျသွားတယ်။
အင်္ကျီကျွတ်က အပေါ်ကို ရောက်သွားပြီး နံဘေးက တစ်စုံတစ်ရာကို ကောက်ယူလို့ အောက်ကလူကို ထိုးလိုက်တယ်။
” အီး….”
မချိမဆန့်အော်ဟစ်သံကို ကျုပ်တို့ နားနဲ့ ဆတ်ဆတ်ကြားလိုက်ရတယ်။
ဒါပေမယ့် အင်္ကျီကျွတ်လူက ရုတ်တရက်တော့ သူ့ကိုယ်သူ မယုံကြည်နိုင်ဖြစ်ပြီး သွေးပျက်သွားတယ်ထင်ရဲ့။ ငေါင်တောင်တောင်ဖြစ်သွားတယ်။
အဲ့ဒီ့အခိုက်မှာပဲ အင်္ကျီဝတ်လူက သူ့ဆီမှာ စိုက်နေတဲ့ ဓားကို ပြန်နှုတ်ပြီး အပေါ်ကလူကို ပြန်ထိုးလိုက်တယ်။ အပေါ်ကလူက ကြောင်အမ်းအမ်းဖြစ်နေတာမို့ မကာကွယ်လိုက်နိုင်ဘူး။
တစ်ချက်၊ နှစ်ချက်၊ သုံးချက်။
သုံးချက်မြောက်မှာတော့ အပေါ်ကလူ ခွေခနဲကျသွားရပြီ။ နှစ်ယောက်သား လက်ပံပင်အောက်ဆီမှာ ဆန့်ဆန့်ကြီးတွေလဲနေကြတယ်။
ပြီးတော့ ကြည့်နေရင်း ပုံရိပ်တွေက ဝေဝါးပြီး ကွယ်ပျောက်သွားတော့တာပဲ။
” ကဲ…ကိုစိုး…တစ္ဆေခြောက်ခံရတယ်ဆိုတော့ အခြေအနေက သိပ်မဟန်ဘူး။ ကျုပ်တို့လည်း ရသင့်သလောက်ရပြီဆိုတော့ ပြန်ကြမယ်ဗျာ…”
ကျုပ်တို့နှစ်ယောက်ရဲ့ ခြေလှမ်းတွေ ရွာဘက်ကို ဦးတည်ပြိး ခပ်သုတ်သုတ် ပြန်ခဲ့ကြတယ်။
ထူးဆန်းတာက တစ္ဆေနှစ်ကောင်သတ်ပုတ်နေတဲ့ မြင်ကွင်းကို ကြည့်နေတုန်းက ဘာမှမဖြစ်ပေမယ့် ပြန်ကာကျမှ ကျုပ်တို့နှစ်ယောက်စလုံး ထူပူပြီး ဖျားချင်သလိုလိုဖြစ်လာခဲ့တာ။
ဒီလိုနဲ့ပဲ ရွာကို ပြန်ရောက်တော့ ကျုပ်တို့နှစ်ယောက် တကယ်ကိုပဲ ဖျားကြတော့တာပါပဲ။
*******
ကျုပ်နဲ့ ဖိုးအေးတို့ သုံးရက်တိတိ ဖျားခဲ့ကြတယ်။
အဖျားပျောက်ပြီးတဲ့ နောက်တစ်ရက်ကျတော့ ဖိုးအေးက ကျုပ်ဆီရောက်လာပြီး ဒီအဖြစ်အပျက်အတွက် ရွာက အသက်အကြီးဆုံး ရှေ့မှီနောက်မှီ ဘကြီးမောင်ဆီ သွားမေးကြည့်ကြမယ်လို့ ခေါ်လာတယ်။
ကျုပ်ကလည်း နဂိုကတည်းကမှ ဒီအကြောင်းကို စိတ်ဝင်စားမိနေရတဲ့သူဆိုတော့ နှစ်ခါမခေါ်ရဘူး။ တန်းပြီးတော့ကို လိုက်သွားခဲ့တာ။
ဘကြီးမောင်ဆီကို ရောက်တော့ အကျိုးအကြောင်းကို ပြောပြလိုက်ကြတယ်။ ဘကြီးမောင်က မထူးခြားတဲ့ပုံနဲ့ပဲ ရှိနေပြီး ခေါင်းကို ညိတ်ရင်းက…။
” မင်းတို့ ကြုံခဲ့တဲ့ ဒီအဖြစ်အပျက်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်၊ ကိုလိုနီခေတ်နှောင်းပိုင်းက အဖြစ်အပျက်ကွ။ အဲ့ဒီ့တုန်းက အင်းစောင်းကြီးဆိုတာ ဒီနယ်မှာ ငါးအထွက်များလွန်းလို့ သိပ်နာမည်ကြီးတာ။ အဲ့ဒီ့အင်းကို ပိုင်တဲ့ အင်းသူကြီး မောင်ဆုံနဲ့ မဝါတို့ဆိုတာကလည်း ဒီနယ်ရဲ့ မျက်နှာဖုံးတွေ သူဋ္ဌေးတွေပဲ…”
ဘကြီးမောင်ဆီက ဇာတ်လမ်းစလာပြီမို့ ကျုပ်တို့နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိလိုက်ကြတယ်။
” မောင်ဆုံက အရက်ကြိုက်တယ်။ သူ့မိန်းမကို သိပ်ချစ်တယ်။ ဒါပေမယ့် တစ်ရက်ကျတော့ အရက်မူးနေတဲ့ မောင်ဆုံက သူ့အိမ်မှာ ထမင်းဟင်းလာချက်ပေးတဲ့ အေးသီဆိုတဲ့ မိန်းကလေးနဲ့ သူ့မိန်းမကို လူမှားပြီး မထင်မှတ်ဘဲ လွန်ကျွံခဲ့မိတယ်။ ဒီကနေ နောက်တော့ မှားယွင်းမှုအမှောင်မှာ သူတို့တတွေ ခုံမင်မိကုန်ကြပြီး ဆက်လက်ကျူးမိခဲ့ကြတယ်။ တကယ်တော့ အေးသီက လွတ်လပ်သူ မဟုတ်ဘူးလေ။ သူ့ ယောကျာ်းက မောင်ဆုံရဲ့ အင်းဆီမှာပဲ အလုပ်လုပ်တဲ့ အင်းလုပ်သား ဖိုးခွေးဆိုတာ။ မောင်ဆုံနဲ့ အေးသီတို့ အဖြစ်အပျက်ကို သိတော့ ဖိုးခွေးမှာ မခံစားနိုင်ဘူး။ ဒါနဲ့ပဲ မောင်ဆုံ့ဆီကို အေးသီက ချိန်းဆိုသယောင်နဲ့ တစ်ဖက်လှည့် စာရေးပို့ပြီး လက်ပံပင်အောက်ကို ခေါ်လိုက်တာ။ မောင်ဆုံလာတော့ ပထမ ဖိုးခွေးက ဆက်မလုပ်ဖို့ တောင်းပန်တယ်။ ဒါကို တဏှာရစ်နေတဲ့ မောင်ဆုံက ငြင်းဆန်တယ်။ နောက်တော့ သူတို့နှစ်ယောက် မင်းတို့မြင်ခဲ့တဲ့အတိုင်း သတ်ကြပုတ်ကြနဲ့ နှစ်ယောက်စလုံး သေကြကျေကြ ဖြစ်ကုန်ကြတော့တာပဲ…”
” ဟာ…ဒါဖြင့် ဖိုးခွေးက သနားစရာကောင်းတာပေါ့နော် ဘကြီး…”
ဖိုးအေးက ပြောလာတော့ ဘကြီးမောင်က ခေါင်းကို ညိတ်တယ်။
” ဟုတ်တယ်ကွ။ ဒီအဖြစ်အပျက်တွေဖြစ်တုန်းက ငါက ဆယ်ကျော်သက်ပဲ ရှိသေးတာ…”
” ဒါဖြင့် ဘကြီး။ မောင်ဆုံနဲ့ ဖိုးခွေးတို့က သေခဲ့တယ်ဆိုတော့၊ သူတို့ရဲ့ မိန်းမတွေဖြစ်တဲ့ မဝါနဲ့ အေးသီကကော ဘာဆက်ဖြစ်ကြလဲ…”
” အင်း…မဝါကတော့ ဒီအဖြစ်အပျက်အတွက် ရှက်လည်းရှက် ယူကြုံးမရလည်းဖြစ်ပြီး ရွာကနေ ထွက်သွားခဲ့တယ်။ အေးသီကတော့ သူ့မိုက်ပြစ်ကြောင့် လင်ကြီးရော လင်ငယ်ပါ သေတာဆိုတော့ သည်းခြေပျက်ပြီး ရူးနှမ်းသွားတော့တာရယ်…”
” ဪ…စိတ်မကောင်းစရာပဲ ဘကြီးမောင်ရယ်…”
” အင်း…ဟုတ်တာပေါ့။ ဒါပေမယ့်လည်း ဘယ်တတ်နိုင်မလဲကွယ်။ ပုထုဇဉ်လူသားတွေအဖို့တော့ ဒါမျိုးအမှားတွေဆိုတာက ဖြစ်နေဖြစ်ကြမှာပါပဲ။ လောကဇာတ်ခုံမှာ ကံဇာတ်ဆရာအလိုကျ ကပြအသုံးတော်ခံနေကြရတာဆိုတော့လည်း ဖြစ်ပြီးတဲ့ကိစ္စ နှောင်းပြီးတဲ့ ကိစ္စတွေအတွက် သူတို့ကို အပြစ်တင်နေမယ့်အစား သူတို့ဖြစ်အင်ကိုပဲ နှောင်းလူတို့ သင်ခန်းစာအဖြစ် ယူနိုင်ခဲ့မယ်ဆိုရင် ဒါက အရှုံးထဲက အမြတ်ဖြစ်မှာပါလေ…”
” ဟုတ်ကဲ့ ဘကြီးမောင်…”
အဲ့ဒီ့နေ့က ကျုပ်တို့ နှစ်ယောက် အပြန်လမ်းကိုသာ ပြန်ခဲ့ကြရတယ်။
နှစ်ယောက်စလုံး စကားတောင် မပြောဖြစ်လောက်အောင်ပါပဲ။ ဒါပေမယ့် အတွေးတွေထဲမှာ တူညီနေတာတစ်ခုတော့ ရှိနေတယ်။
အဲ့ဒါက ဘာလဲဆိုတော့ တစ္ဆေဘဝရောက်နေတာတောင် အတိတ်က ရန်ငြိုးတွေကို မပြယ်နိုင်သေးဘဲ အခုအချိန်အထိ တိုက်ခိုက်သတ်ပုတ်နေကြဆဲဖြစ်တဲ့ အင်းသူကြီးမောင်ဆုံနဲ့ အင်းလုပ်သား ဖိုးခွေးတို့ရဲ့ ပုံရိပ်ပါပဲ။
ဘာလိုလိုနဲ့ ကျုပ်နဲ့ ဖိုးအေးတို့ ဒီအဖြစ်အပျက်ကို ကြုံခဲ့တာ နှစ်တွေလည်း ကြာခဲ့ပါပြီလေ။
ဘကြီးမောင်ဆိုတာလည်း ကွယ်လွန်ခဲ့လို့ ကျုပ်တို့တောင် အသက်က လေးဆယ်ကျော် ငါးဆယ်တန်းဆီကို ရောက်နေခဲ့ပြီ။
ဒီအဖြစ်အပျက်ကို ကြုံခဲ့ရတဲ့အချိန်က ၁၉၈၀ ကျော်လောက်ကဆိုတော့ အခုဆိုရင် နှစ်တွေပဲ မနည်းလှတော့ဘူး။
ဖိုးအေးတောင်မှ မြို့ဆီကို ပြောင်းသွားခဲ့တာ ကြာလှပေါ့။
ကျုပ်ကတော့ မွေးရပ်မြေဆီမှာပဲ အရင်လို တောင်ယာလယ်လုပ် ဓားမခုတ်၊ လုပ်ရင်းကိုင်ရင်း၊ စားရင်းသောက်ရင်းနဲ့ပေါ့။
ဒါပေမယ့်ပေါ့လေ။
ကျုပ်ရဲ့ ဘဝတစ်သက်တာမှာ ခဏတာအဖြစ် မျက်မြင်ကြုံဆုံခဲ့ရတဲ့ ပရလောကသားနှစ်ယောက်ရဲ့ ရန်ငြိုးမပြေတဲ့ အဖြစ်အပျက်ကိုတော့ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။
ကျုပ်သေတဲ့အထိ တိုက်ဆိုင်မှုရှိတိုင်း၊ စကားစမြည်ပြောဆိုဖြစ်တိုင်းမှာ သတိတရနဲ့ မနေ့တစ်နေ့က ကြုံခဲ့ရသလို မြင်ယောင်မိ အမှတ်ရမိနေဦးမှာပါပဲ…။
ဪ…ဒါနဲ့ ကျုပ်နာမည်ကိုလည်း မှတ်ထားကြဦး။ ကျုပ်နာမည်က တင်စိုးတဲ့…။
ပြီးပါပြီ။

စာ​​ရေးသူ =နောင်ရိုး(ဆေးတပ်)အားလေးစားလျက်

စာဖတ်သူအပေါင်းရွင်လန်းချမ်းမြေ့ကြပါစေ
#PageကိုLike&Shareလေးလုပ်ပေးသွားပါအူံး😚