ကွမ်းတောင်မဖြစ်ရလို့

မိန်းမလှလေးများသည်
မျက်နှာပွင့်သည်။

ကံကောင်းသည်ဟု မှတ်ယူကြသည်။

ထိုရွာများမှ မိန်းမလှ မိန်းမချော
အပျိုလေးများ မှန်သမျှ အိပ်မက်ပင်
မက်ရလောက်သော ကွမ်းတောင်ကိုင်
ဖြစ်ခွင့်မှာ အလွန်ပင် ခဲယဉ်းလှသည်။

ယခု ကြံခတ်ခြုံရွာတွင် ကွမ်းတောင်ကိုင်ခွင့်ရမည်ဆိုလျှင်
ကိုင်ခွင့်ရနိုင်သည့် မိန်းခလေးငါးယောက်မျှ ရှိနေပါသည်။

ထိုငါးယောက်လုံးလုံး အဖက်ဖက်က
ပြည့်စုံသူများ ဖြစ်ကြသည်။

ယခု အလှူရှင် မြနှင်းအေးကလည်း
ထိုငါးယောက်ထဲမှ တစ်ယောက်အပါအဝင်
အပျိုချောလေး ဖြစ်နေသည်။

သို့ကြောင့် အလှူ့ရှင်သမီးလည်း ဖြစ်ပြန်
ကွမ်းတောင်ကိုင်ခွင့်ရှိသူလည်း ဖြစ်သည်။

သို့ကြောင့် ကျန်မိန်းကလေးများ
ကွမ်းတောင်ကိုင်ခွင့်အား စိတ်ကူးယဉ်ရုံသာ
ယဉ်နိုင်တော့သည်။

ဤအလှူပွဲမှာ ကွမ်းတောင်ကိုင်ရန်
မဖြစ်နိုင်တော့။

ဖက်စိမ်းကွမ်းတောင်ကို ကျွမ်းကျွမ်းကျင်ကျင်
ပြုလုပ်တတ်သော ဆင်ကူးရွာမှ ဦးပန်းအောင်အား
အသေအချာ မှာ၍ ကပ်ထားပြီးပြီ။

ဦးပန်းအောင်လည်း အနီးနားရွာများမှ
မှာသည့်ကွမ်းတောင်ကို လက်ရာသေသပ်၍
စေတနာပါစွာ လုပ်ကိုင်ပေးသဖြင့်
နာမည်ကြီးလှသည်။

အလှူရက် မြနှင်းအေးတစ်ယောက် ရေချိုးပြီး
အိမ်ပေါ်တက်အလာ ရုတ်တရက် ထိုးအံပါတော့သည်။

“ဝေ့ါ”

“ဟဲ့ …မြနင်း …ဘယ်လိုဖြစ်ရတာလဲ…ရေစိမ်ချိုးနေလို့
အအေးပတ်ပြီး…ရင်ပြည့်ရင်ကယ် ဖြစ်ချင်လို့
အံတာဖြစ်မယ်”

“နွေးနွေးထွေးထွေးဖြစ်အောင် အဝတ်အစား
မြန်မြန်လဲလိုက်”

“ဝေါ့ …ဝေါ့ ”

“ဟဲ့ …အံပြန်ပြီ…အစာတွေပျံ့ကျဲကုန်ပြီ”

“ထွေးခံ…ထွေးခံ…ဘယ်မှာလဲ”

“ထွေးခံရှာနေတုန်း ပြတင်းပေါက်ဆီသွားပြီး အံချလိုက်’

မြနှင်းအေးလည်း ထမီရင်လျားလျက်
အအံမပျောက်သေးသဖြင့်
ပြတင်းပေါက်နား သွားရပ်ပြီ…

“ဝေါ့…ဝေါ့”

“အံပြန်ပြီ အစာကုန်သွားပြီနဲ့ တူတယ်။
ရေတွေပါ အံကုန်ပြီ”

မိခင်ဖြစ်သူ ဒေါ်အေးလှက မြနှင်းအေး၏
ကျောကုန်းကို သာသာလေး ထုရင်း
နှိပ်ပေးရင်းက အခြေအနေကို
အကဲခတ်နေသည်။

ထိုအချိန် သမီးအငယ်က အိမ်ထဲမှ
ထွေးခံကိုယူပြီး လာပေးသည်။

“သမီး…သက်သာရဲ့လား။
လာ ထွေးခံရပြီ။
အခန်းထဲသွားမယ်။
အဝတ်အစား အမြန်လဲလိုက်ရအောင်”

“အငယ်မ…မမကြီး အံဖတ်တွေ ကျုံးလိုက်။
ပြီးရင် ရေဖတ်နှင့် ကြမ်းတွေကိုသုတ်လိုက်”

“သမီး လုပ်လိုက်ပါ့မယ်”

“လာ သမီး…နောက်ထပ် မအံသေးခင်
အဝတ်အစား အမြန်လဲလိုက်”

မြနှင်းအေးလည်း ဗိုက်ထဲက အောင့်သဖြင့်
အဝတ်အစားကို ပင်ပန်းစွာ လဲလိုက်ရသည်။

“အအံရပ်သွားပြီနဲ့ တူတယ်။အိပ်ရာပေါ်
တုံးလုံးလှဲလိုက်။အမေဗိုက်တွေ ကျောတွေကို
ပရုပ်ဆီ လိမ်းပေးမယ်”

ဆေးမြီးတိုများဖြင့် တတ်စွမ်းသမျှ ပြုစုနေပါသည်။

အိပ်ခန်းတွင်းရောက်မှ အစာများလည်း အံသည်။
လေများ ရေများလည်း အံသည်။

“ဗိုက်ထဲမှာ အောင့်နေတယ်။ရင်ထဲမှာလည်း
အောင့်သလိုလို ဖြစ်နေတယ်”

“အထက်လန် အောက်လျော ဖြစ်ချင်လို့များလား”

ထိုကဲ့သို့ ထင်ပေမယ့် ။ အံရုံသာ အံသည်။
ဝမ်းကတော့ မသွားချင်ဟု ဆိုသည်။
ပါးစပ်ထဲမှသာ ထိုးထိုးအံသည်။

သို့ဖြင့် မိခင်နှင့် ဖခင်တို့ ပြုစုနေရာမှ
သတင်းကြားပြီး ဦးလေး အဒေါ် ဆွေမျိုးများ
ရောက်လာပြီး ဝိုင်းဝန်ပြုစုကြပေမယ့်
ခံစားရသော ဝေဒနာက မသက်သာခဲ့။

နောက်နေ့ရောက်တော့ အများ၏
အကြံပေးချက်အရ တိုင်းရင်းဆေးနှင့်
ကုနေရာမှ ရပ်၍ မြို့သို့ လှည်းနှင့်
ခေါ်သွားကာ ဆေးကုပေးသည်။

ဆရာဝန်ပေးသော ဆေးများယူပြီး
ရွာသို့ ပြန်လာခဲ့သည်။

မြနှင်းအေး၏ အခြေအနေက ဆေးထိုးဆေးသောက်လည်း
ထိန်းမနိုင် သိမ်းမနိုင် ထိုး၍ အံခြင်းက ပျောက်မသွား။

အစာကို လုံးဝမစား စား၍လည်းမရ။

ရေလည်း သောက်မရ။

ရေသောက်လိုက်သည်နှင့် ချက်ချင်း အံပစ်သည်။

အားပျက်မည်စိုး၍ ချော့မော့ကျွေး၍
စားပြန်သော်လည်း စားသမျှ အကုန်အစင်
ပြန်အံထုတ်တော့သည်။

တစ်ရက်လည်း မပျောက်။
နှစ်ရက်လည်း မပျောက်။
ကြာတော့ အစာမဝင်သဖြင့်
အားပြတ်လာတော့သည်။

ဝင်းဝါစိုပြေသော အသားအရည်ရှိသည့်
မိန်းမလှလေးအဖြစ်မှ ပိန်ကပ်သော
ရောဂါသည်ပုံစံအဖြစ် ပြောင်းသွားတော့သည်။

“ဒုက္ခပါပဲ အစ်မရယ် တူမလေးက
ဒီအလှူမှာ ကွမ်းတောင်ကိုင်ဖို့
အားခဲထားတာ။အခုဆို
အလှူပွဲက ဆက်ရက်ကျော်ကျော်ပဲ ရှိတော့တယ်။
ဘာရောဂါမှန်းလည်း မသိဘူး။
သက်လည်း မသက်သာလာဘူး”

“အိုမယ်ခကလည်း အစာဝင်ရင် ပျောက်မှာပါ။
အစာဝင်ဖို့ပဲ အရေးကြီးတယ်။
ညည်းချော့မွေ့ပြီး ကျွေးကြည့်ပါဦး”

“အစ်မကလည်း အစာဝင်ဖို့ မပြောနဲ့
ရေတစ်ငုံလောက် သောက်တာတောင်
ရေတစ်ငုံစာ ပြန်ထွက်တာ။
ဘယ်လို ရောဂါသက်သာပါ့မလဲ…
ကျမလည်း တူမလေးကိုကြည့်ပြီး စိတ်မချမ်းသာဘူး”

ထိုအချိန် ရွာ၏ တောင်ဘက်ပိုင်းက
အရီးလေးမြတစ်ယောက် လူမမာလာကြည့်သည်။

ဦးစံမြ၏ အဒေါ်အရင်းဖြစ်သည်။
အသက်က ခြောက်ဆယ်ကျော်ပြီ။
နာမည်က ဒေါ်ခင်မြ ဖြစ်သည်။

“လာ…အိမ်ပေါ်တက် ရီးလေး…အရီးလေးမြ မြင်တဲ့အတိုင်းပဲ။
အရီးလေး တူမကတော့
ဒီအလှူပွဲမှာ ခဲထားသမျှ လွဲပြီးနဲ့ တူပါတယ်”

“ဟဲ့ မဦးမချွတ် လျှောက်ပြောနေကြတယ်
နေစမ်း…ငါ့ကြည့်စမ်းမယ်”

အရီးလေးမြက မြနှင်းအေးကို အသေအချာကြည့်သည်။
ဒေါ်အေးလှကလည်း မြင်သမျှ ရှင်းပြသည်။

“အင်း…ငါ့မြေးမကြီးရောဂါက လူတွေ
ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရောဂါမဟုတ်ဖူးနဲ့ တူတယ်
မိန်းမ ရောဂါလည်း မဟုတ်ဘူး”

အရီးမြ၏စကားကို မယ်ခစိတ်ဝင်စားသွားသည်။

“ဘယ်လိုလဲ အရီးမြရဲ့ ကျမတို့ကို
ရှင်းအောင် ပြောပြစမ်းပါဦး”

“ဒီလိုလေး…ကံစိတ်ဥတုကြောင့်ဖြစ်တဲ့ရောဂါ(၉၆)ပါး
ရောဂါဆိုပါတော့ကွယ်…ဓါတ်ကြီးလေးပါး
ဖောက်ပြန်ရင် လူမှာ…ရောဂါတစ်မျိုးမျိုး
ကပ်ငြိတော့တာပေါ့။
အခု မြေးမမှာ ဖြစ်နေတာ …မသိရင်
ဓါတ်ကြီးလေးပါး ဖောက်ပြန်ပြီး အခုလို
ဖြစ်နေတာလို့ အားလုံးထင်ကြမှာပဲ…
ဒါပေမဲ့ ငါအမြင်အရတော့ ရွာထဲက
တစ်ယောက်ယောက်က ပြုစားထားတာပဲ ဖြစ်နိုင်တယ်
ရောဂါက ဆိုးဝါးသယောင်နဲ့
ရှေ့လည်း မတိုးသလို သက်လည်း မသက်သာဘူး။
အစာလည်း မဝင်။ ရေလည်း သောက်မရဘူး။
ငါ့စိတ်ထင်တော့ ပယောဂဆရာတစ်ယောက်ရှာပြီး
ကုသင့်တယ်…ဒို့ရွာထဲမှာ ပြုစားတတ်တဲ့ စုန်း
ကဝေ ရွာသူတစ်ယောက်တော့ ရှိမှာပဲ ။
ညည်းရော ကြားမိလား”

“ကျမတော့ ရှိတာ မကြားမိဘူး…
သ္မီးလေးက ရွာသားတွေနဲ့လည်း
ဘာပြဿနာမှ ဖြစ်ထားတယ်လို့ မကြားမိပါဘူး။
အားလုံးနဲ့ ချစ်ချစ်ခင် ရှိနေတာပဲ။
ဘယ်သူက ပြုစားမှာလဲ။
နောက်ပြီး သ္မီးက ရွာထဲလည်း
အသွားအလာ သိပ်ရှိတာမှ မဟုတ်ဘဲ”

“ဒါတော့ ငါမသိဘူး။ငါ့အတွေ့အကြုံအရ
ဖြစ်နိုင်တာကို ပြောတာ”

“ဒါဆို စုန်းတွေ ကဝေတွေကို နိုင်တဲ့
ဆရာကို ရှာပင့်ရတော့မှာပေါ့။
အရီးမြကရော ဒီရောဂါကို မကုနိုင်ဘူးလား”

“ငါက ဘာပညာတတ်လို့ ကုသနိုင်ရမှာလဲ
ငါ ဂွေးချိုကုန်းကို သွားလည်တုန်းက
အဲဒီရွာမှာ ဆရာကြီးတစ်ယောက်
ဆေးကုနေတာ တွေ့ဖူးလို့ အခုလို ပြောရတာ
အဲဒီရွာက လူနာမိန်းခလေးရောဂါနဲ့
ငါ့မြေးရောဂါနဲ့ ခပ်ဆင်ဆင်ပဲအေ”

“ဒါဆိုရင် အဲဒီလူမမာ မိန်းခလေးကို
ကုခဲ့တဲ့ ဆရာကြီးနေတဲ့ရွာကို အရီးမြသိလား”

“သိတယ် ဒါပေမဲ့ ငါမဟုတ်ဘူး။
နင်ဒို့ အဲဒီဆရာကို သွားပင့်မယ်လို့
ဆုံးဖြတ်ပြီးရင် မနက်စောစော ဂွေးချိုကုန်းကိုသွား
ဂွေးချိုကုန်းက တင်မောင်လေးကိုမေးပြီး ဝင်ခေါ်
ပယောဂကုတဲ့ ဆရာကြီးဆီ လိုက်ပို့ခိုင်း။
ကြခတ်ခြုံရွာက ဒေါ်ခင်မြ လွှတ်လိုက်တာလို့ပြော။
တင်မောင်က နှစ်ယောက်ရှိလို့
တင်မောင်ကြီးနဲ့ တင်မောင်လေး ခွဲထားတာ။
တင်မောင်လေးလို့ မေးလိုက်။
ရွာအဝင်နားမှာပဲ ရှိတယ်။
ဒီက စောစောလှည်းနှင့်သွားရင်
ဆရာကြီးဆီရောက်တဲ့အချိန်။
ပြန်လာတဲ့အချိန်ဆို။
ဒို့ရွာမှာ ညနေ အချိန်မီ ပြန်ရောက်နိုင်တယ်”

“ဒါဆို အရီးမြတူနဲ့ ကျမ မနက်စောစော သွားလိုက်မယ်”

“အေး…အချိန်မဆွဲတာ ကောင်းတယ်။
ငါ့မြေးမကြီးလည်း အရိုးပေါ် အရည်တင်နေပြီ။
ဘယ်အမျိုးယုတ်က အခုလို ပြုစားထားတာလည်း မသိဘူး”

“အရီးမြ ဆဲတဲ့စကားကို စုန်းမကြားလို့
ဟုတ်ပေ့ ဖြစ်နေဦးမယ်”

“ကြားကြားအေ”

XXXXCXC

နောက်နေ့ မိုးလင်းသည်နှင့် ဆရာပင့်ရန်
ဦးစံမြနှင့် လှည်းမောင်းသူ ကိုဖိုးတုတ်တို့
ဂွေးချိုကုန်းရွာသို့ သွားကြသည်။

ဒေါ်အေးလှကို သမီးအား စောင့်ကြည့်ထားရန်
ခေါ်မသွားဘဲ ထားခဲ့သည်။

ညနေလေးနာရီခန့်တွင် ဦးစံမြတို့ လှည်းနှင့်အတူ
ပယောဂကုပေးမည့် ဆရာကြီးပါလာသည်။

ဆရာကြီးက လှည်းရပ်လိုက်သည်နှင့်
လှည်းပေါ်မှဆင်းကာ ဆေးလွယ်အိတ်ကို
လွယ်၍ အိမ်ပေါ်သို့ တက်လာခဲ့သည်။

အိမ်အပေါ်က လူတချို့ ဝရံတာမှနေ၍
ဆရာကြီးကို စိတ်ဝင်တစား ရပ်ကြည့်နေကြသည်။

ဆရာကြီး အသက်က(၆၅)နှစ်ခန့် ရှိမည်ဟု
ခန့်မှန်းရသည်။

ဆရာကြီးလည်း လွယ်ထားသော အိတ်ကိုချ၍
အိမ်ဦးခန်းမှာ ထိုင်လိုက်သည်။

ထိုအချိန် လူမမာမြနှင်းအေးက
ခြေရင်းခန်းမှာ ပက်လက်အိပ်နေသည်။

ခန်းလုံးပြည့် ကာထားသော လိုက်ကာကို
ဆွဲဖယ်ထားသဖြင့် လူမမာကို မြင်နေရသည်။

ဆရာကြီးက လူမမာမိန်းခလေးကို
တစ်ချက်အကဲခတ်ကြည့်လိုက်သည်။

လူမမာက အသားအရည်စြိုပည်မှု မရှိ။
အားအင်ကုန်ခမ်းနေသည်ကိုလည်း
မှန်းဆနိုင်သည်။

“အင်း…အသက်မသေတောင်မှ
အိပ်ရာထဲက မထနိုင်အောင် လုပ်ထားတာပဲကွယ့်”

ဆရာကြီးက ကြည့်လိုက်သည့်နှင့်
ရွာသူပြုစားထားသည်ကို အတတ်သိလိုက်သည်။

အကြောင်းကိစ္စတစ်ခုခုကြောင့် ယခုကဲ့သို့
ပြုလုပ်ထားခြင်း ဖြစ်မည်ဟု ဆရာကြီး
တွေးထင်မိလိုက်သည်။

မိန်းကလေးကို မုန်း၍လား။

မိဘများကို မကျေနပ်၍လား။

ချစ်သူရည်းစားကိစ္စကြောင့်လား။

ဖော်ထုတ်ရန် ဆရာကြီး ဆုံးဖြတ်လိုက်သည်။

ဆရာကြီးက ရောဂါသည်မိန်းခလေးကို
ရှေ့သို့ လာထိုင်ရန် ခေါ်လိုက်သည်။

ဆရာကြီး အမိန့်သံပါပါ ခေါ်လိုက်ပေမယ့်
အိပ်ရာပေါ်လှဲနေသည့် လူမမာမိန်းခလေးက လုံးဝမထ။

“ကလေးမကို ပညာနဲ့ ပြုစားထားတဲ့ ရွာသူ
အခုချက်ချင်း မိန်းခလေးကို ဝင်ပူးစမ်း
ဟဲ့…အောက်လမ်းပညာသည်မ
ငါဆရာက အမိန့်ပေးနေတယ်…
နင့်အခု…မိန်းခလေးမှာ ဝင်ပူးစမ်း”

ဆရာကြီး…မည်သို့ဖြင့် အမိန့်ပေးသော်လည်း
လူမာမိန်းခလေး တစ်ချက်ခလေးမှ မလှုပ်။
ဘယ်သို့မှ ဖြစ်မလာ။

ထိုအခါ ဆရာကြီးက ဘေးမှာ ချထားသော
ဆေးလွယ်အိတ်အတွင်းမှ နှစ်ပေခန့်ရှည်သော
ဆေးကြိမ်လုံးကို ကောက်ကိုင်လိုက်သည်။

“ကဲ…ပညာသည်မ ဆေးကြိမ်လုံးနဲ့
အရိုက်မခံရခင်။မင်းပြုစားထားတဲ့
မိန်းခလေးမှာ ဝင်ပူးကပ်စမ်း”

ဆရာကြီးက ဆေးကြိမ်လုံးကိုင်ပြီး
ထရိုက်မည်ပြုလိုက်မှ မျက်လုံးမှိတ်အိပ်နေသော
လူမမာမိန်းခလေးလည်း ရုတ်တရက်
မျက်လုံးပွင့်ကာ…

ငေါကကနဲ ထထိုင်လိုက်တော့သည်။

“ဘာလုပ်ချင်လို့လဲ ။ ဆရာက ဘယ်လောက် စွမ်းလို့လဲ”

ငါကို အံတုချင်လို့လား ။
နင့်လို အောက်လမ်းပညာသည်စုန်းက
ငါဘယ်သူဆိုတာ မသိလို့လား”

“ဟား…ဟား…ဟား…နင် ဘယ်သူဖြစ်ဖြစ်ပါ
ဟေ့ဒီမှာ …ဆရာကောင် အစုတ်ပလုပ်
အခု အိမ်ပေါ်က ဆင်းသွား”

“နင်ကများ ငါ့ကို ရာရာစစ”

ဆရာကြီးက ကိုင်ထားသော ဆေးကြိမ်လုံးကို
ပယောဂဝင်ပူးကပ်နေသည့် မိန်းခလေးအား
ရိုက်ရန် လက်ကို လွှဲလိုက်သည်။

ဆရာကြီးနှင့် ပယောဂဝင်ပူးနေသည့်
မိန်းခလေးတို့ ငါးပေခန့်အကွာမှာ ရှိနေကြသည်။

“ရှေ့ကို တိုးစမ်း”

“မတိုးဘူး …နင့်ကိုမကြောက်ဘူး”

“ဒီလိုလား …ငါက …အသာတကြည် နာခံမလားလို့
ကြိမ်လုံးနဲ့ အယောင်ပြနေတာ ။နင်က အာခံနေတယ်ပေါ့။
တွေ့ကြပြီပေါ့ စုန်းမရယ်”

ဆရာကြီးက ထိုင်ရာမှ ထမည်ပြုလိုက်စဉ်
စုန်းမပူးကပ်ခြင်းခံရသော မိန်းခလေးမျက်နှာ
တင်းနေရာမှ ရုတ်တရက် မျက်နှာသေသွားကာ
နောက်သို့ အနည်းငယ် ရို့သွားသည်ကို
တွေ့လိုက်သည်။

“နင် ရှေ့တိုးမလား ။ ငါလာခဲ့ရမလား”

ထိုအခါ စကား ပြန်မပြောဘဲ
နှစ်ပေခန့် ရှေ့သို့ တိုးလာသည်။

“တိုးဦး …နည်းနည်း”

တိုးသည်ဆိုရုံမျှ တိုးလိုက်သည်။

ဆရာကြီးက မတိုးခိုင်းတော့။

“နင့်ရဲ့ ပညာလေးနဲ့များ
ငါ့ကို အာခံနေရသေးတယ်။
ငါ့ ဆေးကြိမ်လုံးနဲ့ နင့်အသားကိုထိရင်
နင်ဘာဖြစ်သွားမလဲ သိလား”

ဆရာကြီးက ဆေးကြိမ်လုံး တဝင့်ဝင့်နှင့်
ပြောနေပေမယ့် စုန်းမက ဘာမှ ခွန်းတုန့်မပြန်
ငြိမ်နေသည်။

“ကဲ…ပြောစမ်း ။ ဘာကြောင့် ဒီကလေးမကို
ပြုစားထားတာလဲ”

မပြောဘဲ မျက်နှာတင်းတင်းနှင့် စိုက်ကြည့်နေပြန်သည်။

“ငါ စိတ်မရှည်တော့ဘူး…နင်ကပဲ နှုတ်ပိတ်နေနိုင်မလား
ငါကပဲ နင့်ပါးစပ်ကို ပြောအောင် လုပ်နိုင်မလား
ကြည့်ကြသေးတာပေါ့”

ဆရာကြီးက လွယ်အိတ်အတွင်းမှ
အင်းချပ်ဆစ်ချပ် ။ ဘူးလေးတစ်ဘူးကို ဖွင့်၍
ထုတ်ယူလိုက်သည်။

“ကဲ…အိမ်သားတွေ ရေတစ်ခွက်လောက် ခပ်ပေးပါ”

ရေခွက်ရောက်ပြီးနောက် ရေခွက်အတွင်း
အင်းချပ်ကို ထည့်လိုက်သည်။

“အင်းရေကို သောက်ရမယ်။
မသောက်ရင် ခေါင်းကနေ ခြေဖျားအထိ
လောင်းချလိုက်မယ်
အင်းရေထိလိုက်ရင် နင့်ရဲ့ပညာစက်တွေလည်းပျက်
နင်လည်း ဘဝမလှ ဖြစ်သွားမယ်ဆိုတာ
ကောင်းကောင်းသိစေရမယ်”

ဆရာကြီးက ရေထဲစိမ်ထားသော အင်းကို
မထုတ်ယူသေးဘဲ။ စုန်းမပူးကပ်ခြင်းခံရနေရသော
မိန်းခလေးအား အင်းရေတိုက်မည်အပြု…

“မ…မ…လုပ်ပါနဲ့ …မသောက်ပါရစေနဲ့”

“နင်…မသောက်ချင်ဘူးလား”

“မသောက်ချင်ဘူး”

“ဒါဆို ငါ့စကား နားထောင်တော့မလား”

“ဘာပြောမှာလဲ”

“မိန်းခလေးကို ဘာကြောင့် အခုလို လုပ်ရတာလဲ”

“ကွမ်းတောင်ကိုင် မလုပ်ဖြစ်အောင်လို့”

“ဘာကြောင့် မလုပ်ရမှာလဲ။
နင်က ကွမ်းတောင်ကိုင်ချင်လို့လား”

“မဟုတ်ဘူး သူ့ကို မလုပ်စေချင်လို့ ပြုစားထားတာပါ”

“သူ့ကို မလုပ်စေချင်ရင် ဘယ်သူ့ကို လုပ်စေချင်တာလဲ”

“မပြောဘူး”

“အေး ဘယ်သူပဲ ဖြစ်ချင် ဖြစ်ချင် အကြောင်းမဟုတ်ဘူး။
ကွမ်းတောင်ကိုင်ဖြစ်သင့်တဲ့သူဆိုရင်
ဘယ်သူတားတား ဖြစ်မှာပဲ”

ဆရာကြီးက ကြခတ်ခြုံရွာကို လိုက်လာရင်း
လပြည့်နေ့မှာ ရှင်ပြုတရားနာလာရန်
ဦးစံမြက ကြိုဖိတ်ထားပြီးဖြစ်သဖြင့်
မကြာခင် ဤအိမ်မှာ ရှင်ပြုအလှူပွဲလုပ်မည်ကို သိထားသည်။

“ဒီမိန်းခလေးကို ကွမ်းတောင်ကိုင် မဖြစ်အောင်
မကောင်းတဲ့နည်းလမ်းတွေနဲ့ လုပ်ထားတာကတော့
ခွင့်မလွှတ်နိုင်ဘူး။ဒီမိန်းခလေးကို ပြုစားထားတဲ့
ပညာစက်တွေ ပြန်နှုတ်ယူရမယ်”

အားအင်ကုန်ခမ်းနေသော လူမမာမိန်းခလေးမှာ
လူမမာတစ်ယောက်နှင့် မတူဘဲ။
လူကောင်းတစ်ယောက် ရန်လိုနေသော အပြုအမူပုံစံအတိုင်း
ဆရာကြီးအား အာခံနိုင်သမျှ အာခံနေသည်။

“အင်း…စိမ်ထားတဲ့ရေ မထိသမျှ ငါ့ကို အာခံနေမယ့်ပုံပဲ။
ဒီတော့ ငါပါးစပ်က ပြောမနေတော့ဘူး”

ဆရာကြီးက အင်းရေခွက်ထဲကို
လက်လေးချောင်းနှစ်လိုက်ပြီး
မိန်းခလေးအား တောက်လိုက်သည်။

“အား…အား…ပူတယ်..ပူတယ်…မလုပ်ပါနဲ့”

“အဲဒါ …စတိပဲ …ဒီရေတစ်ခွက်လုံး လောင်းချလိုက်ရင်
ဘာဖြစ်သွားမလဲ။ငါမပြောတော့ဘူး…မင်း…
ပညာတွေ ပြန်နှုတ်ပေးမလား
အခုပြောစမ်း…”

“ပြန်နှုတ်ပေးပါ့မယ်”

“ဒီမိန်းခလေးကို ပြုစားထားတဲ့ နင်ရဲ့ ပညာတွေအားလုံး
မကျန်အောင် ပြန်နှုတ်ပစ်ရမယ်။ငါပြောတာ ကြားလား”

“ငါ့ကို ကလိန်ကကျစ်နဲ့ မာယာမများနဲ့နော်
ငါသည်းခံနိုင်တဲ့အတိုင်းအတာ ကုန်နေပြီ”

“ပညာတွေ ပြန်နှုတ်ပေးပါတော့မယ်”

“ဘာပညာ ။ ဘာစက်မှ မကျန်အောင် ပြန်နှုတ်ပေး။
တစ်ခုခု ကျန်ခဲ့လို့ကတော့ ရေခွက်ထဲက
အင်းရေနဲ့လောင်းပြီလို့ မှတ်လိုက်”

ထိုစဉ်လူနာမိန်းကလေးက ပျို့ပျို့ပြီး
အံချလိုက်ချင်သည့်အရိပ်သဏ္ဌာန် ပြလာသဖြင့်…

“လင်ဗန်းတစ်ချပ် အမြန်ယူလို့ရမလား…
ဒါမှမဟုတ် သံပန်းကန်တစ်ချပ်လည်း ရတယ်။
အမြန်လေး လုပ်ကြ”

ဆရာကြီးစကားကြောင့် အမျိုးသမီးသမီးတစ်ယောက်လည်း
လင်ဗန်းတစ်ချပ်ယူပြီး လှမ်းပေးလိုက်သည်။

လင်ဗန်းကို မိန်းခလေးမျက်နှာအောက်
ထိုးခံလိုက်ပြီး မကြာခင် မိန်းခလေးပါးစပ်အတွင်းမှ
ဆံပင်အထွေးလိုက် ထွက်ကျလာသည်ကို
အားလုံး တွေ့လိုက်ကြသည်။

အစာမပါသော အရည်များ ဝေါခနဲ ထိုးအံချလိုက်ပြန်သည်။

“အားလုံးကို နှုတ်ပေးပြီးပါပြီ။
ကျမကို သွားခွင့်ပြုပါတော့”

“အေး…နောက်ကို ဘယ်သူ့ကိုမှ ထိခိုက်အောင်
မလုပ်ပါဘူးလို့ ကတိပေးနိုင်မလား”

“ကတိပေးပါတယ်
သစ္စာဆိုပြီးမှ သွားရမယ်
သစ္စာဖောက်ရင် မဟာအဝီစိငရဲမှာ
ခံရပါဇေလို့ သစ္စာဆိုရမယ်”

ပူးကပ်နေသော စုန်းမလည်း
ဆရာကြီးတိုင်ပေးသည့်အတိုင်း
လိုက်ဆိုပြီးနောက် ဆရာကြီးကို ကန်တော့၍
ပူးကပ်နေသော မိန်းခလေးထံမှ
ထွက်သွားလေတော့သည်။

စုန်းပယောဂ ပူးကပ်သွားရာမှ
ထွက်ခွါသွားပြီးနောက်
လူမမာ မိန်းခလေးမျက်နှာက ရွှင်ရွှင်ပြပြ
ဖြစ်လာသည်။

အခန်းတွင်းမှ လူများကို ကြည့်ပြီး
အံ့သြနေပုံ ပြသဖြင့် မိခင်ဖြစ်သူက
ရှင်းပြလိုက်သည်။

ထိုအခါ မြနှင်းအေးလည်း
ဆရာကြီးအား ကန်တော့လိုက်သည်။

“အိမ်း…အခုအချိန်ကစပြီး ဘာအန္တရာယ်မှ
မရှိတော့ပါဘူး။အားရှိမယ့် အစားအသောက်တွေလည်း
စားလို့ရပြီ”

အချိန်မရှိတော့သဖြင့် ဆရာကြီးကို အိမ်မှာပင်
အိပ်စေပါသည်။

နောက်နေ့ရောက်မှ ဆရာကြီးနေသော
ရွာသို့ လှည်းနှင့်လိုက်ပို့စေပါသည်။

မြနှင်းအေးလည်း သုံးလေးရက်အတွင်း
အားရှိသော အစားအစာများစားခြင်း
ဆေးဝါးသုံးစွဲခြင်းတို့ကြောင့်
ထူထူထောင် ပြန်ဖြစ်လာသည်။

ယခင်ကကဲ့သို့ အလှအပများလည်း
ပြန်လည်ပိုင်ဆိုင်လာခဲ့သည်။

ထိုကဲ့သို့ လူသိရှင်ကြား ကွမ်းတောင်ကိုင်
မဖြစ်ရေးအတွက် စုန်းကဝေပညာဖြင့်ပင်
တိုက်ခိုက်နှောင့်ယှက်လာသည့်အကြောင်း
တစ်ရွာလုံးသို့ သတင်းပျံ့သွားခဲ့သည်။

တစ်ရွာလုံး၏ ကရုဏာစေတနာဆန္ဒဖြင့်
မြနှင်းအေး ကွမ်းတောင်ကိုင်ခွင့် ရရှိခဲ့ပါသည်။

မကြာခင် ရှင်လောင်းလှည့်သည့်နေ့သို့
ရောက်လာသည်။

ရွာစဉ်တစ်လျှောက် ရှင်လောင်းလှည့်ကလည်း
မြိုင်ဆိုင်လှသည်။

ကွမ်းတောင် ပန်းတောင်ကိုင်ကြသော
ရွာကာလသမီးပျိုလေးများကလည်း
ချမ်းသာသမျှ ထုတ်ဆင်ကာ
အလှပြိုင်ပွဲ ကျင်းပနေသည့်အလား
လှချင်တိုင်း လှနေကြပေသည်။

ထိုအထဲတွင် ထိပ်ဆုံးမှ ဖက်စိမ်းကွမ်းတောင်ကိုင်သူ
ဖက်ဖူးရောင် ထိုင်မသိမ်းနှင့် မြနှင်းအေးက
အားလုံးထဲမှာ အလှဆုံးပင် မဟုတ်ပါလား…

ပြီးပါပြီ

စာဖတ်သူတိုင်း စိတ်ရွှင်လန်းပါဇေ

မူရင်း ဆရာဧကန်မင်း