ကျေမနပ်နဲ့ခံလိုက်ရတာမြင်တော့ အားရလိုက်တာဗျာ၊ ကျုပ်လည်း ဦးဖိုးစီကိုအရင်ကထက် ပိုပြီးအားကိုးသွားတာပေါ့။ ဒါနဲ့ ကျုပ်တို့အိမ်ကိုခေါ်လာခဲ့တယ်။
“အမေရေ၊ ဧည့်သည်ပါတယ်ဗျို့”
ကျုပ်အသံကြားတော့ အမေကပြေးထွက်လာတယ်။
“ဟဲ့သား၊ ဘယ်သူတွေကိုခေါ်လာတာလဲ”
“ဒီလူက မောက်ရွာက ဆရာကြီးဦးဖိုးစီပါအမေရဲ့၊ အထက်ဂိုဏ်းဆရာတစ်ယောက်ပေါ့အမေရာ”
အမေက ဦးဖိုးစီကိုကြည့်ပြီး နည်းနည်းတော့ ရိုရိုသေသေဖြစ်သွားတယ်။
“ကျွန်မတို့ရွာကို ဘာအကြောင်းနဲ့များရောက်လာတာလဲ ဆရာကြီးရှင့်”
ဦးဖိုးစီက ကျုပ်ကိုတစ်ချက်ကြည့်ပြီးတော့
“အေးကွယ်၊ ဟောဒီရွာက ခုနစ်ရက်သားသမီးတွေကို ကယ်တင်ရအောင်လာခဲ့တာပဲ၊ ဒါနဲ့ ကျုပ်ဒီအိမ်မှာတည်းလို့ အဆင်ပြေရဲ့လား၊ အဆင်မပြေရင် ကျုပ်ရွာပြင်ဇရပ်မှာသွားနေပါ့မယ်”
အမေက ပျာပျာသလဲနဲ့
“မဟုတ်တာပဲဆရာကြီးရယ်၊ ဆရာကြီးလိုလူက ကျွန်မတို့အိမ်မှာတည်းမယ်ဆိုတာနဲ့တင် ကျွန်မဝမ်းသာရပါတယ်၊ ကြွပါရှင်၊ အိမ်ပေါ်ကိုကြွပါ”
ဦးဖိုးစီက ဘုရားစင်ရှေ့မှာ မိန့်မိန့်ကြီးထိုင်လိုက်တယ်ဗျ၊ အမေကတော့ ဧည့်သည်လာတယ်ဆိုတော့ ရေနွေးကြမ်းနဲ့ ထန်းလျက်လူးထားတဲ့ ပေါက်ပေါက်ဆုပ်တွေ ချကျွေးပြီးဧည့်ခံတာပေါ့ဗျာ၊ ဦးဖိုးစီက အမေ့ကိုသေချာကြည့်ပြီးတော့
“ဟေ့ သူငယ်မ၊ နင့်ရဲ့လက်ကိုခဏပြစမ်း”
အမေက ရှက်ရွံ့နေတယ်ဗျ၊ ဦးဖိုးစီက အသက်ငါးဆယ်ကျော်ပြီး ခြောက်ဆယ်နီးပါးပေါ့ဗျာ၊ အမေကတော့ အသက်လေးဆယ်မပြည့်သေးဘူးပေါ့။
“ငါနင့်ကိုဘာမှမလုပ်ပါဘူး၊ နင့်ရဲ့ကိုယ်မှာ မကောင်းတဲ့ ပယောဂတစ်ခုခုရှိနေတယ်လို့ ထင်ရလို့ စမ်းသပ်ပေးမလို့ပါ”
အမေက ဒီတော့မှ အရှေ့တိုးလာပြီးတော့ ဦးဖိုးစီကိုလက်နှစ်ဖက်လှမ်းပေးလိုက်တယ်၊ ဦးဖိုးစီက အမေ့ဘယ်ဘက်လက်ကိုလှမ်းကိုင်ဆွဲပြီးတော့ လက်ဝါးကိုဖြန့်ကြည့်တယ်။ ပြီးတော့ သူ့လက်ညှိုးနဲ့အမေ့လက်ဝါးပေါ်မှာ ဝလုံးပုံစံအဝိုင်းလေးဝိုင်းရင်း မျက်စိမှိတ်ပြီးတော့ အာရုံခံတယ်ဗျ။
“ကဲ၊ ဒီသူငယ်မမှာ မကောင်းတဲ့အတိုက်၊ ပယောဂတွေရှိတယ်ဆိုရင် ဟောဒီလက်မှာ ပေါ်လာစမ်း”
ဦးဖိုးစီက ပြောလိုက်ပြီးမကြာဘူးဗျာ၊ အမေ့လက်မှာ အနက်ရောင်အဝိုင်းကွင်းကြီးပေါ်လာတာပါပဲ၊ အမေရော ကျုပ်ရောကြည့်ရင်း အံ့သြနေကြတာပေါ့။ ဦးဖိုးစီက ခေါင်းညိတ်လိုက်ပြီး
“နင့်ကို ပယောဂတိုက်ထားတာပဲ၊ ရွာသူစုန်း နှောင့်ယှက်တာဖြစ်ရမယ်”
ကျုပ်လည်း လက်အုပ်ချီလိုက်ပြီး
“ဒါဆိုလည်း အမေ့ကိုနှောင့်ယှက်ထားတဲ့ ပယောဂကို ထုတ်ပေးပါလား ဆရာကြီးခင်ဗျာ”
“အေး၊ ရောဂါသိရင် ဆေးရှိရတော့မှာပေါ့ကွ၊ လာ သူငယ်မ အရှေ့ကိုတိုးခဲ့စမ်း”
အမေက ဦးဖိုးစီနဲ့ မျက်နှာချင်းဆိုင်လောက်အထိ တိုးကပ်သွားတယ်၊ ဦးဖိုးစီက အမေ့ရဲ့ငယ်ထိပ်ကို သူ့လက်ဝါးနဲ့အုပ်ကိုင်ပြီးတော့ ပွစိပွစိရွတ်တယ်။
“ကဲ၊ ရွာသူနှောင့်ထားတဲ့ အမှောင့်ပယောဂ အခုချက်ချင်းထွက်စမ်း၊ အထက်ဆရာအမိန့်၊ ငါ့အမိန့်”
ဦးဖိုးစီပြောပြီးတော့ လက်ဝါးကိုပြန်ခွာလိုက်တယ်ဗျ၊ ဒီအခါ လက်ဝါးထဲမှာ ငွေရောင်လက်နေတဲ့အပ်ကလေး သေးသေးကလေးတစ်ချောင်းပါလာတယ်ဗျာ၊ အပ်ကသေးလွန်းလို့ ဆံချည်မျှင်ကလေးလားလို့တောင်ထင်ရတယ်၊ အမေလည်း အံ့သြလွန်းလို့ ပါးစပ်တောင်မပိတ်နိုင်ဘူးဗျို့။
“ထူးဆန်းလိုက်တာ ဆရာကြီးရယ်၊ ကျွန်မခေါင်းထဲက ဘယ်လိုလုပ်ပြီး ဟောဒီအပ်က ထွက်လာတာလဲ”
“ငါမေးမယ် သူငယ်မ၊ နင်အမြဲတမ်း ခေါင်းကိုက်နေတယ်မဟုတ်လား၊ ခေါင်းမကိုက်ရင် ခေါင်းတွေမူးဝေနေတယ်၊ ပြီးတော့ တဝါးဝါးနဲ့သမ်းနေပြီး အလုပ်တွေမလုပ်ချင်မကိုင်ချင်နဲ့ဖြစ်နေတယ်မဟုတ်လား”
အမေက ခေါင်းကိုဆတ်ခနဲညိတ်တယ်။
“အဲဒါ ဟောဒီအပ်ကြောင့်ပေါ့ဟ၊ စုန်းမက နင့်ကိုမကျေနပ်လို့ ပညာစက်ကိုအပ်မှာထည့်ပြီး နင့်ခေါင်းထဲကို နင်မသိအောင်ထိုးထည့်ထားတာ၊ ဒါကြောင့် နင်အခုလိုဖြစ်နေတာ၊ ကဲ၊ ဘာမှမစိုးရိမ်နဲ့တော့၊ နင့်မှာ ထမီစုတ်ရှိရင် ထမီစုတ်အစတစ်စကိုဖြဲပြီး ဟောဒီအပ်ကိုပတ်၊ ပြီးရင် ရေစီးနေတဲ့ချောင်းထဲ သွားမျှောလိုက်၊ နင်ကိုယ်တိုင် မျှောချမှရမှာနော်”
အမေက ခေါင်းညိတ်ပြီးတော့ ဦးဖိုးစီဆီက အပ်ကိုယူပြီးတော့ အိမ်ခန်းထဲဝင်သွားတယ်၊ ပြီးတော့ ထမီစုတ်တစ်ထည်ချိုင်းကြားညှပ်ပြီး ခမောက်တစ်ချပ်ဆောင်းလို့ အိမ်ပေါ်ကဆင်းသွားတာပဲဗျာ။ ဦးဖိုးစီလည်း မောသွားပုံရတယ်ဗျ၊ အမေချပေးတဲ့ ရေနွေးကို တစ်ခွက်ငှဲ့ပြီးသောက်လိုက်တယ်။
“မင်းတို့ကို ရွာသူက ညှိုးနေတာကွ၊ ဘာဖြစ်လို့ ညှိုးနေတာလဲတော့ မသိပါဘူးကွာ”
“အဲဒါ ခုနက တွေ့ခဲ့တဲ့ ဒေါ်ထွေးရင်တို့ လင်မယားပဲဖြစ်မယ် ဆရာကြီး၊ သူတို့လင်မယားက ရွာသားတွေဆီက လိုချင်တာတွေကိုတောင်းလေ့ရှိတယ်ဆရာကြီး၊ တောင်းတာမပေးရင် အဲဒီအိမ်ကလူတစ်ယောက်ယောက်တော့ တစ်ခုခုဖြစ်တာ ထုံးစံပါပဲဗျာ၊ ကျုပ်အဖေနဲ့လည်း သူတို့သိပ်မတည့်ဘူးဗျ”
“အေး၊ ဒါကြောင့်ဖြစ်မယ်ကွ”
“အဖေ့ကို ပဲတင်းငါးဆယ်တောင်းလို့ အဖေက မပေးနိုင်ဘူးဆိုပြီး သူတို့နဲ့ရန်ဖြစ်တယ်၊ ဒါနဲ့ အဖေ့ကိုအဲဒီဒေါ်ထွေးရင်က သတ်ပစ်လိုက်တာပဲဗျာ၊ ပြီးတော့ အမေ့ကိုလည်း သားသမီးထပ်မရနိုင်အောင်လို့ ပညာနဲ့လုပ်ထားသေးတာ”
ဦးဖိုးစီက ရေနွေးသောက်ရင်း
“ဒါဆို မင်းအမေက ကလေးမရနိုင်ဘူးပေါ့”
ကျုပ်လည်းခေါင်းညိတ်လိုက်တယ်။
“တော်တော်ယုတ်မာကောက်ကျစ်တဲ့ စုန်းတွေပဲကွ၊ ဒါပေမယ့် မပူပါနဲ့ကွာ၊ ငါရောက်လာပြီဆိုရင် ဒီကောင်တွေအမိုက်ဇာတ်သိမ်းတော့မှာပါကွ”
ဦးဖိုးစီကပြောဆိုပြီးတော့ ကျုပ်ကိုနှစ်ပဲတန်တဲ့ အကြွေစေ့ကလေးထုတ်ပေးတယ်ဗျ၊ ကျုပ်လည်း အကြွေစေ့ကလေးကိုယူလိုက်ရော
“မင်းပြောတဲ့ အဲဒီစုန်းမကြီးဆီကို ဒီအကြွေစေ့သွားပေးလိုက်စမ်းကွာ၊ ပြီးတော့ ဒီနေ့ည သုဿန်ကုန်းမှာတွေ့မယ်လို့ပြောပြီးချိန်းခဲ့လိုက်၊ ညကျတော့ ဒင်းတို့ ငါ့အကြောင်းသိကြတာပေါ့”
ကျုပ်လည်းပျော်သွားပြီးတော့ နှစ်ပဲစေ့ကိုင်ပြီးတော့ ဒေါ်ထွေးရင်တို့နေတဲ့ ရွာစွန်အပြင်ဘက်ကိုပြေးထွက်ခဲ့တာပေါ့ဗျာ၊ ဒေါ်ထွေးရင်တို့အိမ်ရောက်တော့ အိမ်ရှေ့မှာခါးထောက်ရပ်လိုက်ပြီးတော့
“ဟေ့၊ အထဲကဘယ်သူရှိသလဲ ထွက်လာခဲ့စမ်း”
အသံကျယ်ကျယ်နဲ့အော်လိုက်တော့ ဒေါ်ထွေးရင်က ထမင်းပန်းကန်ကြီးကိုင်ပြီးထွက်လာတယ်ဗျ၊ ထမင်းစားလက်စနဲ့တူပါတယ်ဗျာ၊ ပါးစပ်ကလည်း ပလုပ်ပလောင်းကြီးနဲ့ဗျ။
“ဟဲ့ မသာလေး၊ ငါ့အိမ်ကိုဘာထင်လို့ နင်လာအော်နေတာလဲ”
“ဘာမှမထင်ဘူးဗျာ၊ ဟောဒီမှာ ခင်ဗျားဖို့လက်ဆောင်၊ မိအောင်ဖမ်းစမ်း”
ကျုပ်လည်း နှစ်ပဲစေ့ကလေးကိုလှမ်းပစ်လိုက်တော့ ဒေါ်ထွေးရင်ကြီးက လေထဲမှာပဲ မိအောင်ဖမ်းလိုက်တယ်ဗျ၊ ပြီးတော့ အကြွေစေ့ကိုကြည့်ရင်း တော်တော်ဒေါသထွက်သွားတယ်။
“တောက်၊ နင်ဒါ ဘာအချိုးချိုးတာလဲ၊ နင်က ငါ့ကိုစိန်ခေါ်တာလား”
“ခင်ဗျားကို ကျုပ်က စိန်မခေါ်ပါဘူး၊ ကျုပ်နဲ့အတူ ခုနက ပါလာခဲ့တဲ့ ဆရာကြီးက ခင်ဗျားကိုစိန်ခေါ်လိုက်တာ၊ ခင်ဗျားသတ္တိရှိရင် ဒီနေ့ည သုဿန်ကုန်းကိုလာခဲ့ပါတဲ့”
“အောင်မာ၊ ဒီကောင်က ရာရာစစ ငါ့နယ်မြေထဲမှာလာပြီး ငါ့ကိုများစိန်ခေါ်ရတယ်လို့၊ ဒင်းတော့ တွေ့အုံးမယ်”
ဒေါ်ထွေးရင်က အဲဒီလိုရေရွတ်ပြီးတော့ ကျုပ်ကိုကြည့်ပြီး
“စိတ်ချ၊ လာမယ်လို့ပြောလိုက်၊ ဟောဒီပိုက်ဆံနှစ်ပဲက ငါ့အတွက် ကူးတို့ခမဖြစ်ဘဲ၊ နင့်ဆရာကြီးအတွက် ကူးတို့ခဖြစ်စေရရမယ်လို့ ပြောလိုက်စမ်းပါ”
ကျုပ်လည်း အိမ်ကိုလှည့်ပြေးလာခဲ့တယ်၊ အရင်တုန်းက လူတွေသေရင် ပိုက်ဆံနှစ်ပဲကို ကူးတို့ခအဖြစ်ထည့်ပေးကြတယ်ဗျ၊ နောက်ပိုင်းကျတော့မှ နှစ်ဆယ့်ငါးပြားစေ့၊ မတ်စေ့ထည့်ပေးတဗျ၊ အဲဒီခေတ်တုန်းက နှစ်ပဲကလည်း သိပ်ပြီးတန်ဖိုးမသေးဘူးကိုး။
“ဘယ်လိုလဲကွ၊ လာမယ်တဲ့လား”
ကျုပ်အိမ်ပေါ်ရောက်တော့ ဦးဖိုးစီက ဆီးပြီးမေးတယ်ဗျ၊ ကျုပ်လည်း ခေါင်းညိတ်လိုက်ပြီးတော့
“ဟုတ်ကဲ့၊ လာမယ်တဲ့ဗျ၊ ပြီးတော့လည်းပြောလိုက်သေးတယ်၊ ဆရာကြီးပေးလိုက်တဲ့ ပိုက်ဆံနှစ်ပဲက ဆရာကြီးအတွက် ကူးတို့ခဖြစ်စေရမယ်တဲ့”
ဦးဖိုးစီက ဒေါသထွက်သွားတယ်။
“အောင်မယ်၊ ဒီကောင်မက လေကြီးလေကျယ်တော့ သိပ်ပြောတတ်သားကွ၊ မှတ်ထား၊ ဒီကောင်မအဆင့်က ရွာသူအဆင့်ပဲရှိတယ်ကွ၊ သူက မင်းတို့ထင်သလောက် သိပ်မစွမ်းပါဘူးကွာ၊ ဒါပေမယ့် လေကြီးလေကျယ်ပြောတတ်တာဆိုတော့ မင်းတို့ကိုခြောက်လှန့်ပြီးတော့ လိမ်စားနေတာကွ”
“ဒါဆို ရွာသူဆိုတာ အဆင့်နိမ့်တာပေါ့နော်ဆရာကြီး”
“ဒါပေါ့ကွ၊ ကိုယ့်ရွာကထွက်ရင် မစွမ်းတော့တဲ့ စုန်းမျိုးပေါ့ကွာ၊ ဒါကြောင့်လည်း ဒီကောင်မက မင်းတို့ရွာက မခွာရဲဘဲနဲ့ လေကြီးလေကျယ်လုပ်နေတာကွ၊ မောင်ရှိန်ရေ၊ ညနေကျရင် ပေါက်ပြားတစ်ခုရှာထား၊ မင်းနဲ့ငါ ဒီကောင်မရဲ့ ချက်တွေကို သွားဖော်ရအောင်”
ကျုပ်လည်း ခေါင်းကုပ်လိုက်ပြီးတော့
“ချက်ဆိုတာ ဘာလဲဗျ”
“အိုကွာ၊ ဟိုရောက်တော့ မင်းသိပါလိမ့်မယ်”
ဦးဖိုးစီကပြောဆိုပြီးတော့ ဖျာပေါ်မှာလှဲချလိုက်တယ်ဗျ၊ ကျုပ်လည်း အခန်းထဲက ခေါင်းအုံးတစ်လုံးယူပေးလိုက်တော့ ခေါင်းအုံးနဲ့ဘေးစောင်းအိပ်နေပါရော၊ သူက အသက်ကြီးပြီဆိုတော့ လမ်းလျှောက်ရတာ ပင်ပန်းနေမှာပေါ့ဗျာ၊ ကျုပ်လည်း အလိုက်တသိနဲ့ အိမ်ပေါ်ကနေဆင်းပေးခဲ့ပါတယ်။
(၃)
ညနေစောင်းတော့ ဦးဖိုးစီကိုအမေက ဟင်းတွေဖွယ်ဖွယ်ရာရာချက်ကျွေးပြီး ဧည့်ခံတယ်ဗျ၊ ထမင်းစားသောက်ပြီးတော့ နေမဝင်သေးဘူးပေါ့ဗျာ၊ ဦးဖိုးစီက ကျုပ်ကိုခေါ်ပြီးတော့ ရွာထဲထွက်လာခဲ့တယ်၊ ကျုပ်ကိုလည်း ပေါက်ပြားတစ်လက် ယူလာခိုင်းတာနဲ့ ကျုပ်လည်း ပေါက်ပြားကလေးထမ်းလာတာပေါ့ဗျာ။
“ဆရာကြီး၊ ဟောဒီပေါက်ပြားက ဘာလုပ်ဖို့လဲဗျ”
“ရွာသူတွေဆိုတာက ကိုယ့်ရွာကိုယ်ချယ်လှယ်နိုင်အောင်လို့ ရွာထဲမှာ ချက်တွေမြှုပ်ထားကြတယ်ကွ၊ အဲဒီချက်တွေကို ဖော်လိုက်ရင် သူတို့ရဲ့အစွမ်းတွေ သိသိသာသာလျော့သွားလိမ့်မကွ”
“ချက်ဆိုတာ ဘာလဲဗျ၊ ကျုပ်တို့ ဗိုက်မှာပါတဲ့ ချက်လိုအရာကိုပြောတာလား”
ဦးဖိုးစီက ခေါင်းခါပြီးတော့
“မဟုတ်ပါဘူးကွာ၊ ဒါက ပညာရပ်စကားနဲ့ပြောတာပါ၊ ချက်ဆိုတာ စုန်းမတွေရဲ့ပညာတွေထည့်သွင်းပြီး မြှုပ်ထားတဲ့အစီအရင်တွေကိုပြောတာကွ၊ စုန်းတွေက သူ့ရွာကိုယ့်ရွာ၊ သူ့နယ်မြေ၊ ကိုယ့်နယ်မြေကို ချက်တွေမြှုပ်ထားပြီးတော့ ကန့်သတ်ထားကြလေ့ရှိသကွ၊ ချက်တွေမြှုပ်တဲ့အခါမှာလည်း ပုံစံအမျိုးမျိုးရှိသေးတယ်၊ သူ့အစွမ်းနဲ့ သူ့ပုံစံကိုမူတည်ပြီးတော့ မြှုပ်ရတာကွ”
“ထူးဆန်းပါပေ့ဆရာကြီးရာ”
“ချက်တစ်ခုက တာနှစ်ရာအဝန်းအဝိုင်းထိ ကျယ်ပြန့်နိုင်တယ်ကွ၊ ချက်မကတော့ တာလေးရာ ငါးရာလောက်အထိ ကျယ်ပြန့်နိုင်တယ်၊ အဆင့်အနိမ့်ဆုံးရွာသူကတော့ ချက်မတစ်ခုကို ရွာလယ်မှာမြှုပ်ထားတယ်ကွ၊ ဒီတော့ ဒီအဝန်းအဝိုင်းပတ်ပတ်လည်က သူ့နယ်မြေပေါ့ကွာ၊ နည်းနည်းအဆင့််မြင့်လာရင်တော့ ဖိုခုံလောက်ဆိုင် ချက်မြှုပ်တတ်သတဲ့၊ ချက်မတစ်ခုကိုအလယ်မှာတည်ပြီးတော့ ကျန်တဲ့ချက်သုံးခုကို ဖိုခုံလောက်ဆိုင်ပုံစံ မြှုပ်တာပေါ့ကွာ၊ သူတို့အစွမ်းက ပိုထက်သလို၊ နယ်ပယ်ကလည်း ပိုကျယ်ပြန့်သကွ၊ ချက်စြက်ာဆိုတာကတော့ ချက်မရဲ့အရှေ့၊ အနောက်၊ မြောက်၊ တောင် အရပ်လေးမျက်နှာမှာ ချက်တွေထပ်မြှုပ်ထားတာကိုပြောတာ”
“တော်တော်ထူးဆန်းတာပဲဗျာ၊ ဒါနဲ့ အဆင့်အမြင့်ဆုံးရွာသူက ချက်ဘယ်နှလုံးမြှုပ်တတ်သလဲဗျ”
“ခုနစ်စင်ကြယ်က အမြင့်ဆုံးပဲကွ”
“ဒါဆို ချက်ခုနစ်လုံးမြှုပ်ထားတာပေါ့နော် ဆရာကြီး”
“မဟုတ်ဘူးကွ၊ ရွာရဲ့အရှေ့မှာ ခုနစ်စင်ကြယ်ပုံစံ ချက်တွေကိုလုံးဆိုင်ပြီးမြှုပ်တာ၊ အဲဒီလိုပဲ ရွာရဲ့အရပ်ရှစ်မျက်နှာမှာ ခုနစ်စင်ကြယ်ချက်တွေမြှုပ်တာပေါ့ကွာ၊ စုစုပေါင်း ချက်ငါးဆယ့်ခြောက်လုံးကွ၊ ချက်မကြီးနဲ့ဆိုရင်တော့ ငါးဆယ့်ခုနစ်လုံးပေါ့ကွာ”
“တော်တော်များတာပဲဗျာ”
“ဒါပေါ့ကွ၊ ချက်ဆိုတဲ့အစီအရင်တွေကလည်း သိပ်လွယ်လွယ်ကူကူလုပ်လို့ရတာမဟုတ်ဘူးကွ၊ ချက်တစ်လုံးဖြစ်ဖို့ အချိန်လေးဆယ့်ကိုးရက်တိတိလိုအပ်တယ်၊ ချက်တွေစီရင်ပုံကလည်း အမျိုးမျိုးပေါ့ကွာ”
ကျုပ်တို့ပြောလာရင်းနဲ့ ရွာလယ်ကိုရောက်လာတယ်ဗျ၊ ကျုပ်တို့ရွာအလယ်မှာ သီးပင်ကြီးတစ်ပင်ရှိတယ်၊ သီးပင်အောက်ရောက်တော့ ဦးဖိုးစီက မတ်တပ်ရပ်ပြီးတော့ သီးပင်ကိုကြည့်တယ်ဗျ။
“ချက်မကို ဒီမှာမြှုပ်ထားတာပဲဟေ့၊ ကဲ ငါအာရုံခံကြည့်လိုက်အုံးမယ်၊ မှန်းစမ်း”
ဦးဖိုးစီက မျက်လုံးမှိတ်ပြီးတော့ အဲဒီနေရာတစ်ဝိုက်ကို လမ်းပတ်လျှောက်နေတယ်ဗျ၊ လျှောက်နေရင်းမကြာပါဘူးဗျာ၊ တစ်နေရာရောက်တော့ ခြေစုံရပ်ချလိုက်တယ်။
“မောင်ရှိန်၊ ပေါက်ပြားယူလာခဲ့၊ ငါအခုရပ်ထားတဲ့ ခြေထောက်အောက်တည့်တည့်ကို သေသေချာချာမှတ်သားပြီးတော့ တူးစမ်း”
ဦးဖိုးစီအနားကိုကျုပ်ကပ်ခဲ့တယ်၊ ဦးဖိုးစီခြေထောက်ဖယ်လိုက်တာနဲ့ အဲဒီနေရာပတ်ပတ်လည်ကို ပေါက်ပြားနဲ့စည်းဝိုင်းပုံစံကလေး ကွင်းလိုက်ပြီးတော့ ကျုပ်စတူးတော့တာပဲဗျာ၊ တစ်တောင်လောက်နက်တဲ့အထိ တူးတာတောင် ဘာမှထွက်မလာသေးဘူးဗျ။
“ဆရာကြီး၊ ဘာမှလည်းမရှိပါလားဗျာ”
“အိုကွာ၊ ဒီလောက်နဲ့ရှိမလားကွ၊ လူမသိအောင်မြှုပ်ပါတယ်ဆိုမှ ဒီလောက်လွယ်လွယ်နဲ့ဘယ်တူးလို့ရမလဲကွ၊ မှတ်ထား၊ ချက်ဆိုတာ မြေအောက်အနက် ခုနစ်တောင်၊ ကိုးတောင်လောက်မှာ မြှုပ်တတ်ကြတာကွ”
“ဗျာ၊ ကျုပ်က ခုနစ်တောင်အထိတူးရမှာလား၊ ခုနစ်တောင်အနက်ဆိုရင် ဒီကျင်းအနေအထားလောက်နဲ့ တူးလို့မရဘူးဆရာကြီးရဲ့”
“အေးပါ၊ ငါလည်းသိပါတယ်ကွ၊ တစ်တောင်လောက်တော့ ဆက်တူးလိုက်စမ်းပါအုံးကွာ၊ နည်းနည်းနက်တော့ ကျန်တာငါဆက်တူးပါ့မယ်”
မြေသားတွေက မာကျစ်နေတာပဲဗျာ၊ ကျုပ်လိုလူတောင်မှ မနည်းအားစိုက်တူးရတာ၊ ဦးဖိုးစီလို အသက်ကြီးနေတဲ့လူက ဘယ်လိုလုပ်ပြီး ခုနစ်တောင်ရအောင် တူးနိုင်ပါ့မလဲ၊ နောက်ပြီး ခပ်နက်နက်တူးချင်တယ်ဆိုရင်တော့ ကျင်းဝကိုလည်း ခပ်ကျယ်ကျယ်တူးမှ ရမှာဗျ၊ နှစ်တောင်လောက်တူးပြီးတော့ ကျုပ်လည်းတော်တော်ချွေးပြန်နေပြီပေါ့ဗျာ၊ ခဏနားရအောင်ဆိုပြီး ကျုပ်ထိုင်ချလိုက်တော့ ဦးဖိုးစီက ကျင်းကိုငုံ့ကြည့်တယ်။
“အေး၊ ရပြီ၊ ဒီလောက်ဆို ဖော်လို့ရပြီထင်တယ်”
ကျုပ်ဆိုမောလို့ စကားတောင်မပြောနိုင်ဘူးဗျာ၊ ဦးဖိုးစီက ခပ်လှမ်းလှမ်းမှာရှိတဲ့ ရေလှူထားတဲ့ သောက်ရေအိုးစင်ကိုကြည့်လိုက်ပြီးတော့
“မောင်ရှိန်ရေ၊ ရေတစ်မှုတ်လောက်ခပ်ခဲ့စမ်းကွာ”
ကျုပ်လည်း ရေအိုးစင်ကိုထလာခဲ့တယ်၊ ရေအိုးစင်မှာ ထန်းသီးမှုတ်တပ်ထားတဲ့ ရေမှုတ်ရှိတယ်၊ ကျုပ်လည်း မောမောနဲ့ ရေသုံးလေးမှုတ်လောက် ခပ်သောက်ပြီးတော့ ဦးဖိုးစီအတွက် ရေတစ်မှုတ်ခပ်ခဲ့တာပေါ့ဗျာ၊ ဦးဖိုးစီကိုပေးလိုက်တော့ ဦးဖိုးစီက ရေကိုမသောက်ဘူးဗျ၊ ဒါပေမယ့် ရေထဲကိုလက်ညှိုးနှစ်ပြီးတော့ တစ်ခုခုကိုမန်းမှုတ်နေတယ်၊ ပြီးတာနဲ့ အဲဒီကျင်းထဲကို ရေမှုတ်ထဲကရေတွေ လောင်းထည့်လိုက်တာပါပဲဗျာ။
ရေက ကျင်းထဲကိုဝင်သွားးပြီးတော့ ချက်ချင်းစိမ့်ဝင်သွားတယ်၊ နောက်တော့ မြေကြီးထဲက တဂျစ်ဂျစ်နဲ့အသံကြားရတယ်ဗျ၊ အစကတော့ အသံက တိုးတိုးကလေးပဲ၊ နောက်တော့ တဖြည်းဖြည်းကျယ်လာတယ်၊ ဦးဖိုးစီက ကျင်းဝနားက မြေကြီးကို နားနဲ့ကပ်လိုက်ပြီးနားထောင်တယ်။
“မောင်ရှိန်ရေ၊ လာနားထောင်ကြည့်စမ်းပါအုံး၊ ချက်မကြိးက တက်လာပြီဟေ့”
ကျုပ်လည်း သူပြောတဲ့အတိုင်းသွားနားထောင်ကြည့်တယ်ဗျ၊ မြေကြီးနဲ့နားနဲ့ကပ်လိုက်တော့မှ အသံကိုသဲသဲကွဲကွဲကြားရတယ်ဗျာ၊ အသံက တဂျစ်ဂျစ် တဖြောက်ဖြောက်နဲ့ မြေကိုထိုးခွဲလာတဲ့အသံမျိုးဗျ၊ အသံအကျယ်ကြီးဖြစ်လာတာနဲ့ ကျုပ်လည်း ခေါင်းကိုထောင်လိုက်တယ်၊ မြေကျင်းထဲကိုကြည့်လိုက်တော့ မြေကျင်းထဲက မြေကြီးတွေက ကြွက်တူးသလိုမျိုးလှုပ်လာတာဗျာ၊ ပြီးတော့မြေစာခဲတွေကလည်း ပွတက်လာတယ်၊ ကျုပ်တို့ကြည့်နေတုန်းမှာပဲ မြေကြီးထဲကနေ လုံးဝန်းတဲ့အရာတစ်ခုက ပေါ်ပြီးတက်လာတယ်ဗျ၊
“ဟာ၊ လိပ်၊ လိပ်ကြီးဗျ”
ကျုပ်လည်း လန့်သွားပြီးထအော်မိတယ်၊ မြေအောက်ကနေတက်လာတာ လိပ်ကြီးတစ်ကောင်ဗျာ။ ဦးဖိုးစီက
“သေချာကြည့်ပါအုံးကွ၊ လိပ်ဟုတ်လို့လား၊ လိပ်ခွံကြီးမဟုတ်လား”
ဟုတ်ပါရဲ့ဗျာ၊ မြေအောက်ကနေတက်လာတာ လိပ်မဟုတ်ဘဲ လိပ်ခွံကြီးဗျ၊ လိပ်ခွံကြီးက ကျုပ်တူးထားတဲ့မြေကျင်းထဲမှာ လှည့်ပတ်ပြီးတော့ ပြေးလွှားနေတယ်၊ ဦးဖိုးစီက လိပ်ခွံကြီးကို ကျင်းထဲကနေကုန်းပြီးကောက်လိုက်တယ်။ လိပ်ခွံမှာ အကွက်အကွက်တွေပါတယ်ဗျ။
“မောင်ရှိန်ရေ သေသေချာချာလာကြည့်စမ်း”
ကျုပ်အနီးကပ်ကြည့်လိုက်တော့ လိပ်ခွံတစ်ခုပေါ်က အကွက်တစ်ခုတိုင်းမှာ စာတွေရေးထားသဗျ၊ စာတွေကလည်း မသဲမကွဲနဲ့ ဘာတွေရေးထားမှန်းမသိပါဘူးဗျာ၊ လိပ်ခွံအခေါင်းပေါက်ထဲမှာတော့ ဆံပင်တွေ၊ အဝတ်စတွေ၊ နောက်ပြီးတော့ ကျောက်စရစ်ခဲကလေးတွေလည်းပါတယ်။
“မင်းတို့ရွာသူက မခေဘူးကွ၊ လိပ်ခွံသည်းချက်ကိုမြှုပ်ထားတာပဲ”
“ဒါဆို ချက်ဘယ်နှစ်လုံးလည်း ဆရာကြီး”
ဦးဖိုးစီက လက်ငါးချောင်းထောင်ပြတယ်ဗျ။
“ဒါဆို ကျန်တဲ့ချက်တွေရော လိုက်ဖော်မှာလားဆရာကြီး”
“မဖော်တော့ပါဘူးကွာ၊ ချက်မတစ်ခုရရင် ကျန်တဲ့ချက်တွေအကုန်လုံး ပျက်စီးသွားအောင်လုပ်လို့ရပါတယ်ကွ၊ ကဲ ဒီလိပ်ခွံကိုဖျက်ဆီးမယ်ဟေ့၊ မင်းအိမ်ကိုယူလာခဲ့၊ မီးပြင်းပြင်းတောက်နေတဲ့ မီးဖိုကြီးထဲကိုသာ ပစ်ထည့်လိုက်စမ်းကွာ”
ကျုပ်နဲ့ ဦးဖိုးစီလည်း အိမ်ကိုပြန်လာခဲ့ကြတယ်၊ အိမ်ရောက်တော့ ကျုပ်ကမီးဖိုချောင်ထဲပြေးဝင်သွားတာပေါ့ဗျာ၊ ထင်းမီးဖိုနဲ့အမေက ရေနွေးအိုးတည်နေသဗျ၊ ကျုပ်လည်း ထင်းသုံးချောင်းထပ်ထည့်လိုက်ပြီးတော့ မီးတွေတဟုန်းဟုန်းတောက်လာအောင်လို့ မှုတ်ပြောင်းနဲ့ မီးမှုတ်ပေးလိုက်တယ်၊ မီးတွေတောက်လာပြီဆိုတော့ လက်ထဲကိုင်ထားတဲ့ လိပ်ခွံကို မီးထဲပစ်ထည့်လိုက်တာပေါ့ဗျာ။
“ရွှီး၊ ဖောင်း”
ရွှီးခနဲ ဖောင်းခနဲအသံမြည်ပြီးတော့ လိပ်ခွံကြီးက ကွဲထွက်သွားတယ်ဗျာ၊ ပြီးတော့ မီးတောက်တွေထဲမှာ မီးရှူးမီးပန်းတောက်လောင်သလိုမျိုး မီးပွားတွေလောင်ကျွမ်းနေပြီးတော့ သိပ်မကြာခင် ပြာဖြစ်သွားပါရော၊ အိမ်ပေါ်တက်လိုက်တော့ ဦးဖိုးစီနဲ့ အမေက ရယ်ရယ်မောမောနဲ့စကားပြောနေကြသဗျ။
“ကျေးဇူးတင်လိုက်တာ ဆရာကြီးရယ်၊ ဆရာကြီးက ပညာအပ်ကိုထုတ်ပေးပြီးကတည်းက ကျွန်မသုံးလေးလနီးပါး ခံစားခဲ့ရတဲ့ ဝေဒနာတွေ ယူပစ်သလိုပျောက်သွားတယ်ဆရာကြီး၊၊ ဆရာကြီးကို ကျွန်မ သိပ်ကျေးဇူးတင်ပါတယ်၊ ဆရာကြီးရဲ့ကျေးဇူးကို ကျွန်မဘယ်လိုပြန်ဆပ်ရမလဲဆိုတာ မသိတော့ပါဘူးဆရာကြီးရှင့်”
“မဟုတ်တာပဲ သူငယ်မရဲ့”
“ကျွန်မနာမည် ဒေါ်လုံးပါ”
“အေး၊ မလုံးလို့ပဲခေါ်မယ်၊ ကျုပ်အခုဒီလိုလုပ်နေတယ်ဆိုတာ သူများဆီက ကျေးဇူးတင်ခံချင်လို့ လုပ်နေတာမဟုတ်ဘူး၊ ကျုပ်က ခုနစ်ရက်သားသမီးတွေကို ကယ်တင်နေတာပါ၊ ကျုပ်ကိုကျေးဇူးတင်တင် မတင်တင် ကျုပ်အရေးမစိုက်ပါဘူး၊ ကျုပ်ကတော့ ကယ်ရတဲ့သူကို ကယ်တင်မှာပါပဲ”
ကျုပ်ဖြင့်် ဦးဖိုးစီကိုလေးစားလို့မဆုံးပါဘူးဗျာ၊ နောက်တော့ အမေနဲ့ကျုပ်နဲ့ အိပ်ရာဝင်ခဲ့တယ်၊ ဦးဖိုးစီကတော့ ဘုရားခန်းနားမှာ အိပ်ရာပြင်ပေးလိုက်တာပေါ့ဗျာ၊ ကျုပ်ကတော့ ဦးဖိုးစီခြေရင်းနားမှာ ခြင်ထောင်တစ်လုံးနဲ့အိပ်တာပေါ့၊
(၄)
“မောင်ရှိန်၊ မောင်ရှိန်၊ ထကွ”
ကျုပ်ကိုလှုပ်နှိုးလိုက်တော့မှ ကျုပ်နိုးသွားတယ်၊ ကျုပ်လည်း အစကတော့ မအိပ်ဘူးဆိုပြီး တင်းခံထားပေမယ့် လမ်းလျှောက်ထားရတာရော၊ မြေတူးထားရတာတွေရောမို့လို့ ပင်ပန်းပြီးအိပ်ပျော်သွားတယ်ထင်ပါ့ဗျာ၊ အခု ဦးဖိုးစီက ကျုပ်ကိုနှိုးတာဗျ။
“ငါတစ်ယောက်တည်း သွားလို့တော့ရတယ်၊ ဒါပေမယ့်် မင်းအဖေလွတ်မြောက်သွားတာကို မင်းကိုယ်တိုင်မြင်ချင်တယ်မဟုတ်လား”
ကျုပ်ခေါင်းညိတ်ပြီး ခြင်ထောင်ထဲကနေထွက်ခဲ့တယ်၊ အမေက အအိပ်ဆတ်တာကြောင့်မို့လို့ အမေနိုးမှာစိုးလို့ ခြေသံကိုဖော့နင်းရတာပေါ့ဗျာ၊ ဦးဖိုးစီကတော့ ပုံမှန်အတိုင်းပါပဲဗျာ။
“လုပ်မနေစမ်းပါနဲ့ မောင်ရှိန်ရာ၊ မင်းအမေကို ငါအိပ်မွှေ့ချထားပြီးသားပါကွ၊ မင်းအမေခြေသံလောက်မပြောနဲ့ သူ့အနားမှာဆင်အော်တာတောင် နိုးမှာမဟုတ်ဘူး”
“တကယ်လားဗျ”
ကျုပ်လည်း ဟုတ်မဟုတ်သိရအောင်လို့ ကြမ်းကိုဖိနင်းတယ်ဗျ၊ တဒုန်းဒုန်းနဲ့အသံမြည်တာတောင်မှ အမေနိုးပုံမရဘူး၊ ဒါနဲ့အိပ်ခန်းထဲကိုဝင်ပြီးတော့ အမေ့မျက်နှာအနားကပ်ပြီး လက်ခုပ်တီးထည့်လိုက်တယ်၊ လက်ခုပ်သံကို သုံးလေးအိမ်လောက်ကြားရမယ်ထင်ပါတယ်၊ အမေကတော့ တုတ်တုတ်မလှုပ်ဘူးဗျ။
“ဟေ့ကောင်၊ အချိန်မရှိဘူး၊ လာကွ”
ဦးဖိုးစီအနောက်ကိုကျုပ်ပြေးလိုက်ခဲ့တယ်ဗျ၊ ကျုပ်တို့တွေခြံဝိုင်းထဲကထွက်လာတော့ ကောင်းကင်မှာ ခုနစ်စင်ကြယ်တောင် အမြီးထောင်တော့မယ်ဗျာ၊ ရွာပြင်ကိုရောက်တော့ ရွာထဲက သန်းခေါင်ကြက်တွန်သံတွေကိုကြားလိုက်ရတယ်၊ သုဿန်ကုန်းနားက သိပ်မှောင်တာပဲဗျာ၊ ကျုပ်နဲ့ ဦးဖိုးစီလည်း မှောင်ကြီးမည်းကြီးထဲ လမ်းလျှောက်လာခဲ့ရတာပေါ့၊ လပြည့်ကျော်သုံးရက်လက ခပ်မှိန်မှိန်သာလို့ဗျ၊ သုဿန်အနားရောက်တော့ ကျုပ်တို့ဘေးနားမှာ မီးလုံးကြီးနှစ်လုံးက ဟုန်းခနဲထတောက်ပါရောဗျာ၊ မီးလုံးကြီးက မြေပြင်နဲ့ သုံးပေကျော်ကျော်လောက် မြင့်တက်နေတယ်ဗျ၊ မီးလုံးအလင်းရောင်နဲ့ ပတ်ဝန်းကျင်ကိုမြင်နေရတာပေါ့ဗျာ။
“ရှင်တို့ တော်တော်နောက်ကျတာပဲ”
သုဿန်ထိပ်နားက သစ်ပင်အောက်မှာ ဒေါ်ထွေးရင်က မတ်တပ်ရပ်လို့ဗျ၊ ကျုပ်တို့လည်း သုဿန်ထဲကိုဝင်ခဲ့တယ်၊ ဒေါ်ထွေးရင်က မြေပုံမို့မို့ကြီးတစ်ခုပေါ်မှာ မတ်တပ်ရပ်လိုက်ပြီးတော့
“ကဲ၊ ရှင်က ကျုပ်ကိုစပြီးစိန်ခေါ်တယ်ဆိုတော့ ကြေးတစ်ခုတော့ရှိရမှာပေါ့၊ ပြောစမ်း၊ ရှင်ဘာလိုချင်သလဲ”
“ငါဒီကောင်လေးရဲ့ အဖေကိုလိုချင်တယ်၊ မင်းနဲ့ငါ ပညာပြိုင်လို့ ငါနိုင်တယ်ဆိုရင် မင်းဖမ်းဆီးချုပ်နှောင်ထားတဲ့ သူ့ရဲ့အဖေကို ပြန်လွှတ်ပေးရမယ်”
ဒေါ်ထွေးရင်က ခေါင်းညိတ်ပြီးတော့
“ကြိုက်ပြီလေ၊ တကယ်လို့ ကျုပ်သာနိုင်ရင်တော့ ရှင့်ရဲ့အသက်ကိုနှုတ်ယူမယ်၊ ရှင့်ကိုကျုပ်ရဲ့ သရဲကြီးအဖြစ်ခိုင်းစေရမယ်၊ ဟီး၊ ဟီး”
ဦးဖိုးစီက မျက်မှောင်ကြုတ်လိုက်ပြီးတော့
“ရယ်မနေစမ်းနဲ့စုန်းမ၊ သေစမ်း”
ဦးဖိုးစီက လက်နှစ်ဖက်ကိုစုလိုက်ပြီးတော့ လက်ဝါးနှစ်ဖက်ဆီကနေ အလင်းရောင်တွေပစ်လွှတ်လိုက်တယ်ဗျ၊ ဒေါ်ထွေးရင်က အဲဒီအလင်းတန်းကြီးတွေကို လှည့််ပတ်ပြီးရှောင်တိမ်းလိုက်တယ်ဗျာ၊ ပြီးတော့ ဦးဖိုးစီကို လက်ညှိုးထိုးလိုက်တယ်။
“လောင်မီးကျပြီး သေစမ်းအဘိုးကြီး”
ဒေါ်ထွေးရင် လက်ညှိုးထိပ်ကနေ မီးဖွားကလေးတွေ အတန်းလိုက်ပန်းထွက်လာတယ်ဗျာ၊ ဦးဖိုးစီက လေကိုဝအောင်ရှူလိုက်ပြီး ပါးကြီးတွေဖောင်းလိုက်တယ်ဗျ၊ နောက်တော့ အဲဒီမီးပွားတွေကို ပါးစပ်ထဲကလေတွေနဲ့ တဖူးဖူးမှုတ်တော့တာပါပဲ၊ မီးပွားကလေးတွေက ဦးဖိုးစီအရှေ့ရောက်လာပြီးတော့မှ လေကြောင့် လမ်းကြောင်းပြောင်းပြီး ဒေါ်ထွေးရင်ဘက်ကို ပြန်လှည့်သွားတာပဲ၊ ဒေါ်ထွေးရင်လည်း အမှတ်တမဲ့မို့ မရှောင်တိမ်းလိုက်နိုင်ဘူးထင်ပါရဲ့ဗျာ။ မီးပွားတွေသူ့ကိုယ်သူပြန်မှန်ပြီးတော့ သူ့ကိုယ်ကို မီးတွေစွဲလောင်ပါရောလားဗျာ၊ ဒေါ်ထွေးရင်က မီးတွေကိုလက်နဲ့လိုက်ငြိမ်းသတ်တယ်၊ မီးငြိမ်သွားပေမယ့် ဒေါ်ထွေးရင်ကြီးတစ်ကိုယ်လုံးကို မီးခိုးတွေအူနေအောင်ထွက်နေပါရောဗျာ။
“ဒီတစ်ခါတော့ ဇီဝန်ချွေမယ့် စက်လက်နက်တဲ့ဟေ့”
ဒေါ်ထွေးရင်က လက်ဝါးနှစ်ဖက်ကိုပွတ်တိုက်ပြီးတော့ စက်လက်နက်တစ်ခုကိုလွှတ်လိုက်တယ်ဗျ၊ စက်လက်နက်က ဦးဖိုးစီကိုတည့်တည့်ပျံဝင်သွားပေမယ့် ဦးဖိုးစီကိုမထိဘဲ လေပေါ်မှာလှည့်ပတ်ပျံသန်းနေတယ်ဗျ၊ ဒေါ်ထွေးရင်က မျက်လုံးကြီးပြူးလို့ပေါ့ဗျာ။
“ဟင်၊ ဘယ်လို၊ ဘယ်လိုဖြစ်ရတာလဲ”
“ဟား၊ ဟား၊ အရူးမ၊ အပေါမ၊ နင့်ရဲ့ချက်မကို ငါဖော်လိုက်တာတောင် နင်မသိဘူးလား”
ဒေါ်ထွေးရင် တော်တော်အံ့သြသွားတယ်ဗျ၊ ပြီးတော့ ဦးဖိုးစီကိုကြည့်ပြီး
“တောက်၊ ရှင်တော်တော်ယုတ်မာပါလား”
“ဟား၊ ဟား ယုတ်မာတဲ့လူကို သူတော်ကောင်းနည်းနဲ့နိုင်မလားဟ၊ ယုတ်မာတဲ့လူကို ယုတ်မာတဲ့နည်းနဲ့မှ နိုင်မှာပေါ့ဟဲ့၊ ကဲ အခုတော့ နင့်ရဲ့စက်လက်နက် အစွမ်းကို နင်ပြန်ပြီးခံစားလိုက်စမ်း”
ဦးဖိုးစီပြောလိုက်တော့ စက်လက်နက်က ဒေါ်ထွေးရင်ကြီးဆီကိုပြေးဝင်သွားတာဗျာ၊ ဒေါ်ထွေးရင်ကိုယ်လုံးကို ဖောက်ထွက်သွားပြီးတော့ ဒေါ်ထွေးရင်ဗိုက်မှာ တစ်ထွာလောက်ရှိတဲ့ အပေါက်ကြီး ထုတ်ချင်းခတ်ပေါက်ထွက်သွားတယ်၊ ဒေါ်ထွေးရင်မျက်နှာကြီးကတော့ ရှုံ့မဲ့လို့ပေါ့ဗျာ။ ကျုပ်လည်း တော်တော်လန့်နေတာဗျ၊ ဒီအချိန်မှာပဲ ဒေါ်ထွေးရင်လည်ပင်းကြီးက တလှုပ်လှုပ်နဲ့လှုပ်လာတယ်ဗျာ၊ ပြီးတော့ လည်ပင်းကြီးက လေပေါ်ကြွတက်ပြီးတော့ ခေါင်းတခြား၊ ကိုယ်တခြားဖြစ်သွားတယ်၊ အဲဒီခေါင်းကြီးက သုဿန်အပေါ်ကောင်းကင်ကို ပျံတက်သွားတာပေါ့ဗျာ၊ ဦးဖိုးစီက ခေါင်းကိုလက်ညှိုးထိုးပြီးတော့
“အောင်မယ်၊ မနိုင်တော့ ပြေးချင်တယ်ပေါ့လေ၊ ဟဲ့ကောင်မ ပြန်ဆင်းလာစမ်း”
ဒေါ်ထွေးရင်ခေါင်းပြတ်ကြီးက ပြန်ပြီးဆင်းလာတယ်ဗျ။
“နင့်အသတ်ကို ငါမနှုတ်ဘူးနော်စုန်းမ၊ ဒီလိုဖြစ်တာ နင့်အတတ်နင်စူးတာပဲ”
ဒေါ်ထွေးရင်ခေါင်းပြတ်က ဒေါ်ထွေးရင်ရဲ့ဗိုက်ထဲကို တိုးဝင်သွားတယ်ဗျ၊ ဦးဖိုးစီက အသာလျှောက်သွားပြီးတော့ ခေါင်းပြတ်ရဲ့ပါးစပ်ထဲကို နှစ်ပဲစေ့လေး ထည့်ပေးလိုက်တယ်၊ ဒီတော့ ခေါင်းပြတ်နဲ့ ခန္ဓာကိုယ်ကြီးက အနောက်ကိုပက်လက်လန်လဲကျသွားတော့တာပဲဗျာ၊ ဒေါ်ထွေးရင်လည်း လဲကျသွားပြီးရော သူ့တစ်ကိုယ်လုံး မီးတွေအကွက်အကွက်နဲ့စွဲလောင်ပါရောဗျာ။
“လွတ်ပြီ၊ ကျွတ်ပြီဟေ့”
သုဿန်ထဲက သရဲတွေက အော်ကြဟစ်ကြတယ်ဗျ၊ သုဿန်ကြီးတစ်ခုလုံးက သစ်ပင်ကြီးတွေက ယိမ်းထိုးနေတာပဲဗျာ၊ သရဲကြီးတွေဆိုတာလည်း သုဿန်မြေမုံတွေကြားထဲမှာ ကခုန်ကြတဲ့လူနဲ့၊ သစ်ပင်တစ်ပင်ကတစ်ပင်၊ တစ်ကိုင်းကတစ်ကိုင်းကို ခုန်ပြေးလွှားပြီး ပျော်ရွှင်နေတဲ့သူနဲ့ဗျ။ အဲဒီအထဲမှာ အဖေလည်းပါတာပေါ့ဗျာ၊ အဖေက သုဿန်အဝင်ဝက သစ်ပင်ကြီးတစ်ပင်အနားမှာ မတ်တပ်ရပ်နေတယ်။ ကျုပ်ကိုကြည့်ပြီးတော့
“သား၊ အောင်ရှိန်”
“အဖေ၊ အဖေ”
ကျုပ်အဖေ့ကိုပြေးဖက်လိုက်တယ်၊ အဖေ့အသားတွေက အေးစက်နေတာပဲဗျာ။
“စုန်းမကြီးသေပြီဆိုတော့ အဖေလည်းလွတ်ပြီသား၊ ဒါတွေအားလုံးက ငါ့သားကြောင့်ဆိုတာ အဖေသိပါတယ်၊ အခု အဖေသွားလိုရာကို သွားတော့မယ်ငါ့သား”
ကျုပ်လည်းခေါင်းညိတ်ပြီးတော့
“ကျုပ်ဘဝမှာ လုပ်ခဲ့သမျှ ကောင်းမှုတွေအကုန်လုံး အဖေ့ကိုအမျှအတန်းဝေပါတယ်အဖေ၊ အဖေသာဓုခေါ်ပါနော်”
ကျုပ်လည်း အရင်က ဘုန်းကြီးကျောင်းမှာနေတုန်းက ဦးဇင်းတွေသင်ထားပေးတဲ့အတိုင်း သရဲတွေ့ရင် အမျှဝေပေးရယ်ဆိုတာ သတိရပြီး အမျှဝေပေးလိုက်တာပေါ့ဗျာ။ အဖေက ဗလုံးဗထွေးအသံကြီးနဲ့ သာဓုသုံးကြိမ်ခေါ်တယ်ဗျ၊
“ငါ့သားရယ်၊ မင်းကုသိုလ်တွေက အဖေတို့ထက် ပိုပြီးများလွန်းပါတယ်၊ ဟောဒီ သုဿန်မှာရှိတဲ့ သရဲတွေအားလုံးက သနားစရာတွေချည်းပါ၊ ငါ့သားသူတို့အတွက်လည်း အမျှဝေပေးလိုက်နော်”
ကျုုပ်အမျှဝေပေးလိုက်ပါတယ်၊ သရဲတွေလည်း သာဓုခေါ်နိုင်တဲ့လူရှိသလို တစ်ချို့ကတော့ ကျုပ်ပြောဆိုတာကို ကြောင်စီစီနဲ့ကြည့်နေကြတယ်ဗျ၊ ဒီလူတွေကတော့ သာဓုမခေါ်ထိုက်တဲ့လူတွေဖြစ်မယ်ထင်တာပါပဲ။
ဦးဖိုးစီက ကျုပ်ပုခုံးကိုပုတ်တယ်။
“ကဲ အားလုံးပြီးသွားပြီမောင်ရှိန်ရေ၊ သုဿန်ဆိုတာ ကြာကြာမနေကောင်းတဲ့နေရာတစ်ခုကွ၊ ငါတို့တွေ ပြန်ကြပါစို့ကွာ”
ဦးဖိုးစီခေါ်တာနဲ့ ကျုပ်တို့လည်း ပြန်ခဲ့တယ်ဆိုပါစို့ဗျာ။ ကျုပ်စိတ်ထဲမှာလည်း အဖေ့ကိုကယ်တင်နိုင်ပြီဆိုပြီးတော့ အခုမှပဲ နေလို့ထိုင်လို့ကောင်းသွားတော့တယ်ဗျာ။
ဒီလိုနဲ့ မနက်ရောက်ခဲ့ပြီပေါ့ဗျာ၊ ဦးဖိုးစီက လွယ်အိတ်ပြင်နေပြီဗျ၊ အမေက မီးဖိုထဲကနေ ပြေးထွက်လာပြီးတော့
“ဆရာကြီး ပြန်တော့မလို့လားရှင်၊ မပြန်ပါနဲ့အုံး၊ ကျွန်မတို့အိမ်မှာ လေးငါးရက်လောက် ထပ်နေပါအုံးရှင်”
ဦးဖိုးစီက ကျုပ်ကိုလှည့််ကြည့်တယ်။
“အေးလေ၊ ဒါဆိုရင်လည်း သုံးလေးရက်လောက်တော့ ထပ်နေရတာပေါ့”
ဒီလိုနဲ့ ဦးဖိုးစီလည်း ကျုပ်တို့အိမ်မှာ ဆက်နေဖြစ်သွားတယ်ပေါ့ဗျာ။ ကိုသုန်က ခြင်းတောင်းကြီးရွက်လာပြီးတော့ ခြံဝိုင်းထဲဝင်လာသဗျ။
“ဟေ့၊ မင်းတို့အိမ်မှာ လူကြီးတစ်ယောက်ရောက်နေတယ်ဆိုကွ”
“ဟုတ်ပါ့ဗျာ၊ မောက်ရွာက ဦးဖိုးစီတဲ့”
“ငါကြားပြီးပါပြီကွာ၊ မင်းခေါ်ချလာတာဆိုကွ၊ မင်းကတော့ တကယ့်ကောင်ကွာ၊ ဖအေသေတာမကြာသေးဘူး မအေကိုအနားမထားချင်ဘူးထင်တယ်”
ကျုပ်စိတ်ထဲ ထောင်းခနဲဒေါသထွက်သွားတယ်။
“ကိုသုန်၊ ခင်ဗျားဘာပြောတာလဲဗျ”
“မင်းက မင်းအမေအတွက် နောက်ယောက်ျားရှာလာပေးတာလားလို့ ပြောတာပါကွာ၊ ဟား၊ ဟား”
“ကိုသုန်၊ ဒီလိုမပြောနဲ့ဗျာ၊ ကျုပ်မကြိုက်ဘူး”
ကိုသုန်က အံ့သြသွားတဲ့ပုံစံနဲ့
“ဟ၊ အောင်ရှိန်ရ ငါက စနောက်ပြီးပြောတာပါကွ”
“ကျုပ်ကိုတခြားဟာ စချင်စ၊ ကျုပ်လက်ခံတယ်၊ ဒါပေမယ့်် အမေနဲ့ပတ်သက်ပြီးတော့ ကျုပ်ကိုမစနဲ့”
ကျုပ်က မျက်နှာတိမျက်နှာထားနဲ့ပြောတော့ ကိုသုန်က မျက်နှာကွက်ခနဲပျက်သွားတယ်။
“အေးကွာ၊ မကြိုက်ဘူးဆိုရင် မစတော့ပါဘူး”
ကိုသုန်က ပြန်ထွက်သွားတယ်၊ သူလာတာ ကျုပ်ကိုယာထဲဆင်းဖို့ လာခေါ်တာဖြစ်မယ်ဗျ၊ ဒါပေမယ့် ကျုပ်စိတ်ထဲမှာ စိတ်ပူနေတာတစ်ခုရှိတယ်၊ အဲဒါကတော့ ဒေါ်ထွေးရင်ရဲ့ယောက်ျား စုန်းထီးကြီး ဦးနှောပဲဗျ၊ ဦးနှောကိုအခုတလော မတွေ့တာကြာပြီဗျ၊ ခရီးထွက်နေတယ်မှတ်တာပဲ၊ သူသာရွာကိုပြန်လာပြီးတော့ သူ့မိန်းမသေတယ်ဆိုတာ သိရင် ဘယ်လောက်များ ပွဲကြမ်းလိုက်မလဲဗျာ၊ ကျုပ်လည်း ဒီကိစ္စကို ဦးဖိုးစီကိုပြောရမယ်ဗျ၊ ဦးဖိုးစီသာ ဆက်ရှိနေမယ်ဆိုရင် ဦးနှောကို နိုင်မှာ ကြိမ်းသေပဲပေါ့ဗျာ။
ပြီးပါပြီ
စာရေးသူ အဂ္ဂဇော်အားလေးစားလျက်
Leave a Reply