သိချင်တာကို သေသေချာချာ
ရှင်းပြလိုက်ပါကွာ”
“ဒီလို ဒီလို မောင်တာတေရေ ။ ခရမ်းမှာနေတဲ့
ဆရာကြီးရဲ့ တပည့်နာမည်က ကိုကံပိုင်တဲ့ကွ။
ကိုကံပွင့်က မြို့နီးချုပ်စပ်မှာ လှည့်သွားလာပြီး
ဆေးလေးဝါးလေး ကုတယ်ကွ။ တစ်ရက် ပင်လယ်ဘက်က
ရွာကလေးမှာ ဆေးသွားကုတော့ ဒီကဝေမကြီး
သတင်းကို စပြီးကြားတာကွ”
“သြော်”
“ကိုကံပိုင် ဆေးသွားကုတဲ့ သိမ်ကုန်းရွာက ကာလသား
ကလေးတစ်ယောက်က ပြောပြတာတဲ့ကွ။သိမ်ကုန်းအရှေ့က
တောထဲမှာ နွားပျောက်လို့ သွားရှာတုန်း မိန်းမကြီး
တစ်ယောက်ကို တောထဲမှာ တွေ့ခဲ့တယ်ဆိုပဲကွ။
ဆံပင်ဖားလျားကြီး ချလို့တဲ့ကွ။ မျက်လုံးပြူးပြူး
နဖူးကမောက်မောက်ကြီးတဲ့ဗျာ။ထဘီကြီးကိုလည်း
ဒူးခေါင်းလောက် ဝတ်ထားတာဆိုပဲ”
“သြော် ဆရာနွံဖကို ဖြတ်မေးပါရစေဗျာ။
အဲဒီကာလသားကလေးက ဘယ်သူတဲ့တုံး”
“အေး …အဲဒီသူငယ်ရဲ့ နာမည်က မောင်အုန်းတဲ့ကွ။
အသက်က နှစ်ဆယ်လောက်ရှိပြီတဲ့။ မောင်အုန်းကိုတွေ့တော့
သူမျက်လုံးပြူးပြူးကြီးတွေနဲ့ စိုက်ကြည့်နေတယ်ဆိုပဲကွ။
ပထမတော့ မောင်အုန်းက မတွေ့ဘူးတဲ့ကွ။
သူ့နွားကိုပဲ မဲရှာနေတာတဲ့။ နောက်တော့ သူ့နွားညိုကြီးကို
တွေ့ရောတဲ့ဟေ့။နွားညိုကြီးက တည်ပင်ကြီး
တစ်ပင်အောက်မှာ ငိုင်ငိုင်ကြီး ရပ်နေတာတဲ့ကွ။
ဘယ်ကိုမှလည်း မသွားဘူးတဲ့။ ဒါနဲ့ မောင်အုန်းက
ဝမ်းသာအားရနဲ့ သူ့နွားညိုကြီး အနားကို
ပြေးသွားတာပေါ့ကွာ။အဲဒီတော့မှ နွားညိုကြီးနဲ့
မလှမ်းမကမ်းက ကနစိုပင်ကြီးအောက်မှာ
ဆံပင်ဖားလျားကြီးနဲ့ ရပ်နေတဲ့ အဲဒီမိန်းမကြီးကို
တွေ့တာတဲ့ဟေ့။ ဗြုန်းခနဲ တွေ့လိုက်တော့
မောင်အုန်းလည်း လန့်သွားသတဲ့ဟေ့။
ဒီမှာတင် နောက်လှည့်ပြေးမယ့်အလုပ်မှာ
အဲဒီမိန်းမကြီးက အသံနက်နက်ကြီးနဲ့ ပြောတာတဲ့ကွ”
“ဟေ့ကောင်လေး မပြေးနဲ့ ”
ထွက်ပြေးမလို့ လုပ်နေတဲ့ မောင်အုန်းလည်း တုံ့ခနဲ့ရပ်ပြီး
မှင်တက်မိသလိုလို ဖြစ်သွားတာတဲ့။
“ဒါ နင့်နွားလား”
“ဟုတ် …ဟုတ်ပါတယ်ဗျာ”
မောင်အုန်းက ကြောက်ကြောက်နဲ့ ဖြေရတာပေါ့။
ဒီတော့မှာ သူရယ် ဒီမိန်းမကြီးရယ် နွားညိုကြီးရယ်ပဲ
ရှိတာမို့လား”
“နင့်နွားကို ပြန်လိုချင်သလား”
“ရိုရိုသေသေ ပြောစမ်း ။ ငါ့အသက်က နှစ်ရာကျော်ပြီသိလား”
ဒီတော့ မောင်အုန်းလည်း အံ့သြသွားပြီး ရိုရိုသေသေ
ပြောရတာပေါ့ကွာ။
“ဟုတ် ဟုတ်ကဲ့ ။ ပြန်လိုချင်ပါတယ် အမေ”
“အေး အဲဒီလိုပြော ဟုတ်ပြီ ဒါဆိုရင် နင်
ငါခိုင်းတာ လုပ်ရမယ်”
“ဟုတ် ဟုတ်ကဲ့ ။ လုပ်ပါ့မယ် အမေ”
“ကဲ ဒါဆိုရင် ငါ့နောက်လိုက်ခဲ့ ။နင်နွားညိုကြီးလည်း
ဆွဲလာခဲ့ ကြားလား”
“ဟုတ် ဟုတ်ကဲ့ပါ အမေ”
မောင်အုန်းလည်း အဲဒီမိန်းမကြီးကို ကြောက်တော့
သူခိုင်းတဲ့အတိုင်း လုပ်ရတာပေါ့ကွာ။
သူခေါ်တဲ့နောက်ကို လိုက်သွားတော့ ညောင်ပင်ကြီး
တစ်ပင်အောက်မှာ တဲတစ်လုံး တွေ့တယ်တဲ့။
ဒီတောထဲမှာ ဒီတဲရှိတာကို သူတို့ရွာမှာ သိတဲ့လူ
တစ်ယောက်မှ မရှိဘူးတဲ့ကွ။ အဲဒါနဲ့ တဲကိုရောက်တော့
ပေါက်တူးတစ်လက်ပေးပြီး မောင်အုန်းကို
လူတစ်ရပ်စာလောက်နက်တဲ့ မြေကျင်းတစ်ကျင်း
တူးခိုင်းတယ်ဆိုပဲ။မောင်အုန်းလည်း ကြောက်တာပေါ့ကွာ။
သူ့ကိုများသတ်ပြီး ဒီကျင်းထဲမှာ မြှုပ်မလားလို့
တွေးတယ်ဆိုပဲ။
“အေး ရပြီ။ ဟောဒီမှာကြည့်ဆိုပြီး တဲထဲဝင်သွားသတဲ့။
တဲထဲက ပြန်ထွက်လာတော့ ကြေးလင်ပန်းတစ်ချပ်နဲ့
ကြက်ဖကြီးတစ်ကောင် ယူလာတယ်ကွ။ လက်ထဲမှာလည်း
စက္ကူအထုပ်တစ်ထုပ်ပါသေးသတဲ့။
“ကောင်လေး ငါပြောတာ သေသေချာချာ နားထောင်”
ပြောပြောဆိုဆိုနဲ့ မိန်းမကြီးက ကြေးလင်ပန်းကိုခင်းပြီး
လက်ထဲက စက္ကူထုပ်ကို ဖြည်လိုက်တော့
အရိုးခေါင်းဖြူဖြူကြီးတဲ့ဗျာ။မိန်းမကြီးက
ကြေးလင်ပန်းထဲမှာ အရိုးခေါင်းထည့်ပြီး
ကြက်ဖကြီးကို လည်ပင်းလှီးပြီး ကြက်သွေးတွေနဲ့
အရိုးခေါင်းကို ဖြန်းလိုက်ရောတဲ့။ပြီးတော့
ဆေးမှုန့်တွေနဲ့ အရိုးခေါင်းပေါ်မှာ ရွှဲစိုနေတဲ့
သွေးရဲရဲတွေထဲကို ဖြူးလိုက်သတဲ့ဟေ့။
ပြီးတော့မှ မောင်အုန်းဘက်ကိုလှည့်ပြီး…
“ဟဲ့ကောင်လေး ရော့ ဒီဆေးထုပ်ကို နင်ယူထား။
ငါ မြေကျင်းထဲကိုဝင်ပြီး ထိုင်လိုက်မယ်။
နင်က အပေါ်က မြေကြီးတွေ အမြန်သာ ဖုန်းလိုက်ပေတော့။
ပြီးရင် ဟောဒီခေါင်းခွံကို သေသေချာချာ ကြည့်နေ။
ငါက မြေကျင်းထဲကနေ မန္တာန်တွေရွတ်မှာ။
ဒီအရိုးခေါင်းရဲ့ မျက်လုံးပေါက်တွေ နှာခေါင်းပေါက်တွေ
ပါးစပ်ပေါက်ကနေ မီးတောက်တွေ ထွက်လာလိမ့်မယ်။
နင်မကြောက်နဲ့ ကြားလား။ နင့်ကို ငါ ပေးခဲ့တဲ့
ဆေးထုပ်ထဲက ဆေးမှုန့်ကိုယူပြီး အဲဒီမီးတောက်ထဲကို
ပေါက်လိုက်ပေတော့။ ဝုန်းခနဲ မီးငြိမ်းသွားလိမ့်မယ်
ငါလည်း ကျင်းထဲက ထွက်လာလိမ့်မယ်။
ငါ့ကို မြေကျင်းထဲမှာ ထားခဲ့ပြီး ထွက်ပြေးဖို့တော့
မစဉ်းစားနဲ့ ။ နင်တို့ သိမ်ကုန်းရွာ တစ်ရွာလုံးကို
မီးလောင်တိုက်သွင်းပြီး သတ်ပစ်မယ် ကြားလား”
“ဟုတ် ဟုတ်ကဲ့ပါ အမေ ။ ကျုပ် မပြေးပါဘူး”
မိန်းမကြီးက မြေကျင်းထဲဝင်ပြီး ထိုင်လိုက်တော့
မောင်အုန်းက ကျင်းကြီးကို မြေဖို့ပေးလိုက်တာပေါ့ကွာ။
ပြီးတော့ အဲဒီမိန်းမကြီးမှာတဲ့အတိုင်း ကြေးလင်ပန်းထဲက
အရိုးခေါင်းကို စိုက်ကြည့်နေရတာပေါ့။
ဆယ့်ငါးမိနစ် ။ မိနစ်နှစ်ဆယ်လောက်ကြာတော့
အရိုးခေါင်းရဲ့ မျက်စိပေါက်တွေ ပါးစပ်ပေါက်တွေ
နှာခေါင်းပေါက်တွေကနေ မီးခိုးတွေအူပြီး
ထွက်လာတယ်ဆိုပဲကွ။ခဏနေတော့
ဝုန်းဆိုတဲ့ အသံကြီးနဲ့ မီးတောက်တွေ ထွက်လာတယ်တဲ့။
မောင်အုန်းလည်း မိန်းမကြီးပေးထားတဲ့ ဆေးထုပ်ကိုဖြည်ပြီး
ဆေးမှုန့်တွေနဲ့ မီးတောက်ကို ပေါက်လိုက်တာ
ဝုန်း ဝုန်းဆို မြည်သွားပြီး မြေကျင်းထဲက မြေကြီးတွေ
ဖွားခနဲ လွင့်ထွက်လာပြီး မိန်းမကြီးပါ
လွင့်ထွက်လာတာတဲ့ဟေ့။
“ဟား ဟား ဟား ဟား ငါအောင်ပြန်ပြီဟေ့။
နင် သိပ်တော်တယ် ကောင်လေး ။ နင်ကို ငါ
သုံးဖို့ စားဖို့ပေးမယ်”
လို့ ပြောပြီး တဲထဲဝင်သွားတဲ့ကွ။ပြန်ထွက်လာတော့
မောင်အုန်းကို ရွှေဒင်္ဂါးငါးပြား ပေးတယ်တဲ့။
ပြီးတော့ ပြောသတဲ့။
“ငါက မီးထုံလည်း အောင်ပြီးပြီ။အခု မြေထုံလည်း
အောင်ပြီ။ ရေထုံလည်း အောင်ခဲ့ပြီ။ အဲဒီတော့
အာကာသထုံအောင်ဖို့ပဲ လိုတယ်ဟေ့။
ကောင်လေး အခုလာမယ့် လကွယ်ညမှာ
နင် ငါ့ကို ကူညီပါ။ နင့်ကို ငါ ရွှေဒင်္ဂါးတွေ
အများကြီး ထပ်ပေးမယ် ။ငါကို တစ်ညလုံး
စောင့်ပေးပါ။ ငါကိုယ်ထဲကို ပြန်ဝင်မလာမချင်း
နင်စောင့်နေရမယ်။အဲဒီအာကာသထုံ အောင်သွားရင်
ငါ့အသက်ဟာ နောက်ထပ်သုံးရာ ထပ်ရှည်မယ်။
နင့်ကို သူဋ္ဌေးဖြစ်အောင် ရွှေဒင်္ဂါးတွေပေးမယ်
နင်လာပြီး ကူညီမလား”
အဲဒီလို မေးပြီးတော့ သူ့မျက်လုံးပြူးပြူးကြီးနဲ့
မောင်အုန်းကို စိုက်ကြည့်လိုက်တာ။မောင်အုန်းဆိုတာ
တစ်ကိုယ်လုံး ကြက်သီးတွေ ဖျန်းခနဲ ထသွားဆိုပဲ။
ဒါနဲ့ လာပါမယ်လို့ ကတိပေးခဲ့ရတာပေါ့ကွာ။
အေးကွာ။တာတေရ။ နေဦး နေဦး အဲဒီကနေ
မပြန်ခင်မှာ မောင်အုန်းက မေးသတဲ့။
“အမေက ရွှေဒင်္ဂါးတွေ ဒီလောက်ချမ်းသာရဲ့သားနဲ့
ဒီတောကြီးထဲမှာ ဘာလို့လာနေရတာလဲ ဓါးမြတွေ
သတ်သွားမှာ မကြောက်ဘူးလား”
“ဟဲ့ကောင်လေးရဲ့ ငါက ကဝေဟဲ့။ငါ့ကို လူတွေ
သတ်လို့ မရဘူးဟဲ့။ငါ့ကိုသတ်ဖို့ နေနေသာသာ
ငါ့အိမ်နားကိုတောင် ကပ်လို့ မရဘူးသိလား”
“သြော် ဒီလိုလား ။ဒါထက် အမေ့မှာ ဒီရွှေဒင်္ဂါးတွေ
အများကြီး ဘယ်လိုရထားသလဲ”
“အေး ငါက ကဝေလေ။ငါ့မှာ ကဝေကြေးမုံလို့ခေါ်တဲ့
မှော်စီရင်ထားတဲ့ မှန်တစ်ချပ်ရှိတယ်ဟဲ့ ကောင်လေးရဲ့။
သူဋ္ဌေးတွေ အရာရှိတွေ တစ်ယောက်နဲ့တစ်ယောက်
စီးပွားပြိုင်တဲ့အခါ အာဏာပြိုင်ကြတဲ့အခါ မနိုင်ရင်
တစ်ယောက်ကို တစ်ယောက် သတ်ပစ်ကြတယ်ဟဲ့။
အဲဒါအခါမှာ လူလူချင်းသတ်တော့ အမှုပေါ်မှာစိုးလို့
ငါ့ကို စုံစမ်းပြီး တိတ်တိတ်ကလေး လာကြတာ။
ပြီးတော့ ရွှေဒင်္ဂါးတွေပေးပြီး သူတို့သတ်ချင်တဲ့လူရဲ့
ဓါတ်ပုံပြပြီး ငါ့ကို ကဝေပညာနဲ့ သတ်ခိုင်းတာဟဲ့။
အဲဒီအကွက် ငါ့မှာ ရွှေဒင်္ဂါးတွေ ရှိနေတာပေါ့
ကောင်လေးရဲ့။အခု ထုံကူးတဲ့ ကိစ္စရှိလို့
ဒီမှာ လာနေတာ။ဒါတွေပြီးရင် ရန်ကုန်က
သူဋ္ဌေးတစ်ယောက်အတွက် သူ့ပြိုင်ဘက်
တစ်ယောက်ကို ငါသွားသတ်ပေးရဦးမှာဟဲ့”
“အမေ လူကို မှန်နဲ့ သတ်လို့ ရသလား”
“ရတာပေါ့ဟဲ့။ သတ်မယ့်လူရဲ့ ဓါတ်ပုံကို
သေသေချာချာ စိုက်ကြည့်ပြီး မှန်ရှေ့မှာ
နှင်းဆီအနီတစ်ပွင့်ကို ပန်းကန်ထဲမှာ ထည့်ပြီး
ချထားရတယ်။ ပြီးရင် ငါက မှော်မန္တန်တွေ ရွတ်လိုက်ရင်
ဓါတ်ပုံထဲက လူရဲ့ပုံက ငါရဲ့ ကဝေကြေးမုံထဲမှာ
ပေါ်လာတာပေါ့။ငါက နှင်းဆီပန်းနဲ့ အဲဒီမှန်ထဲက
ရုပ်ပုံကို ကောက်ပေါက်လိုက်ရုံပဲ ဟဲ့ ကောင်လေးရဲ့။
အဲဒီပေါက်လိုက်တဲ့ ပန်းညှိုးရင် အဲဒီလူ ညှိုးရမယ်။
အဲဒီပန်းခြောက်ရင် အဲဒီလူလည်း ခြောက်သွေ့လာရမယ်။
အဲဒီပန်းနွမ်းရင် အဲဒီလူနွမ်းဟဲ့။ဒီပန်းကြွေပြီဆိုရင်တော့
အဲဒီလူ သေပြီပေါ့ဟဲ့။ ဟဲ့ကောင်လေး အဲဒါတွေ
ထားလိုက်။နင် လကွယ်ည ဆက်ဆက်လာမှာလား
ငါ့မှာ ပြင်ဆင်စရာတွေရှိတယ်”
“စိတ်ချပါ အမေ ။ကျုပ် ဆက်ဆက်လာပါမယ်”
“အေး ဒါဆိုရင် နွားရိုင်းသွင်းချိန် အရောက်လာခဲ့။
ဘယ်သူ့ကိုမှ အသိမပေးနဲ့ကြားလား။ အေး နင်လာမယ်
ဆိုပြီးတော့မှ မလာရင်တော့ ငါအဆိုး မဆိုနဲ့နော်။
မြွေဆိုးတွေ အကောင်တစ်ထောင်လောက်လွှတ်ပြီး
တစ်ရွာလုံး တစ်ယောက်မကျန်အောင်
ပေါက်သတ်ခိုင်းလိုက်တယ် ဟင်း ဟင်း ဟင်း”
အဲဒီမိန်းမကြီးက ကျိန်းမောင်းတော့ မောင်အုန်းခမျာ
ကြောက်လိုက်တာတဲ့ကွာ။ကြောက်ကြောက်နဲ့ပဲ
သူ့နွားညိုကြီးဆွဲပြီး ပြန်လာခဲ့ရောတဲ့ဟေ့။
“သြော် ဒီအကြောင်းတွေကို မောင်အုန်းက ဆရာ ကိုကံပိုင်ကို
ပြောပြတာလား ဆရာနွံဖရဲ့”
“အေးပေါ့ကွ ။ကိုကံပိုင်နဲ့ မောင်အုန်းက နဂိုကတည်းက
တော်တော်ခင်တာတဲ့ကွ။အဲဒါ သူ ဘယ်လုပ်ရမလဲပေါ့ကွာ။
တိုးတိုးတိတ်တိတ် တိုင်ပင်တာပေါ့လေ။သူသွားလို့
ကိစ္စပြီးတာနဲ့ သူ့ကို ပြန်မလွှတ်ဘဲ
သတ်ပစ်လိုက်မှာလည်း ကြောက်တာပေါ့ကွာ။
တကယ်လို့ မသွားရင်လည်း သူတို့တစ်ရွာလုံးကို
ဒုက္ခပေးမှာ ကြောက်သတဲ့ကွာ။ပြီးတော့
မောင်အုန်းက ကဝေမကြီး ပေးလိုက်တဲ့
ရွှေဒင်္ဂါးပြား ငါးပြားလည်း ထုတ်ပြတယ်တဲ့”
“ဒီတော့ ဆရာကိုကံပိုင်က ဘာပြောတုံးဗျ”
“ဒီအကြောင်း ဘယ်သူမှ မသိစေနဲ့ဆိုပြီး
မနေ့ကပဲ ဆရာကြီးကို အကြောင်းစုံ
လာပြောသွားတယ်ကွ”
“အေး ဟုတ်တယ် ။ မောင်တာတေ ။
အဲဒါ မှန်ထောင်ကဝေမပဲကွ။ လူသတ်တော့
အင်မတန်ရဲတာကွ။ ဒီလူသတ်တဲ့ ကဝေမမျိုးကို
အရှင်ထားလို့ ဘယ်ဖြစ်မလဲကွာ။ဆရာကြီး သွားပြီး
နှိမ်နင်းရမှာပေါ့”
ဆရာကြီးက ကြားဖြတ်ပြီး ဝင်ပြောတယ်ဗျ။
“ဟာ တစ်ပွဲတစ်လမ်းတော့ နွှဲရဦးမှာပေါ့”
လို့ ကျုပ်က ပြောလိုက်တော့ ဆရာကြီးက
ဆက်ပြောတယ်ဗျ။
“ဟုတ်တာပေါ့ မောင်တာတေရာ ။ ဒီပွဲမှာလည်း
မင်းရဲ့ အကူအညီတွေ အများကြီးလိုမှာကွ”
“ဟာ စိတ်ချစမ်းပါ ဆရာကြီးရာ။
တာတေက ဆရာကြီးတို့
ဆရာနွံဖတို့နဲ့သာဆိုရင် နတ်မိစ္ဆာတွေနဲ့
သတ်ရပုတ်ရမယ်ဆိုရင်တောင် သတ်ရဲပါရဲ့ဗျာ”
“ယုံပါတယ် မောင်တာတေ ။ ဆရာကြီးက
မောင်တာတေကို ယုံပြီးသားပါကွယ်”
လကွယ်နေ့မတိုင်ခင် တစ်ရက်အလိုမှာ
တာတေတို့ ခရမ်းကို ရောက်ခဲ့ကြတယ်။ခရမ်းက
ကိုကံပိုင်ကို ခေါ်ပြီးမှ လကွယ်နေ့ ညနေမှာ
သိမ်ကုန်းကို ထွက်လာခဲ့ကြတယ်။
သိမ်ကုန်းကို ရောက်တော့ နွားရိုင်းသွင်းချိန်ပေါ့ဗျာ။
ဆရာကြီးက တမင်ကို ချိန်ဆပြီး ထွက်လာခဲ့တာဗျို့။
ကဝေမကြီးကို ဆရာကြီးက လျှော့မတွက်ဘူးဗျ။
တစ်သက်လုံး သူတတ်ထားတဲ့ ကဝေပညာနဲ့
ကြေးစားလူသတ်သမား လုပ်ခဲ့တဲ့ ကဝေမကြီးဟာ
ကျုပ်တို့ လာတာကိုလည်း ကြိုသိနိုင်တယ်လို့
ဆရာကြီးက ပြောတယ်ဗျ။
သိမ်ကုန်းရောက်ချင်းပဲ ကိုကံပိုင်က မောင်အုန်းနဲ့တွေ့တယ်
မောင်အုန်းက ဆရာကြီးကို ကန်တော့ပြီးတော့ သူတွေ့
ကြုံခဲ့တဲ့ အဖြစ်အပျက်တွေကို ပြောပြတယ်။
“ကဲ မောင်အုန်း မင်းသွားရမယ်အချိန် ရောက်အောင်
သွားသာသွား ။ ဘာမှမကြောက်နဲ့။ဆရာကြီးတို့က
မင်းနဲ့ ခပ်လှမ်းလှမ်းက လိုက်လာခဲ့မယ်။မင်းက
သူခိုင်းတဲ့ အတိုင်းသာ လုပ်ပေးလိုက်။ အချိန်ရောက်တာနဲ့
ဆရာကြီးတို့ မင်းဆီကို လာခဲ့မယ်”
“ဟုတ်ကဲ့ပါ ဆရာကြီး”
မောင်အုန်းက ပုဆိုးလေးတစ်ထည် ခေါင်းပေါင်းပြီး
တောထဲကို ဝင်သွားတယ်ဗျ။ ဆရာကြီးရယ် ဆရာနွံဖရယ်
ကိုကံပိုင်ရယ် ကျုပ်ရယ် မောင်အုန်းရဲ့နောက် ခပ်ခွာခွာက
လိုက်ခဲ့ကြရတာဗျို့။ ဟော တွေ့ပြီဗျို့။ကဝေမကြီးနေတဲ့
တဲကလေးဗျ။
မောင်အုန်း တဲထဲကိုဝင်သွားပြီဗျို့။
ကျုပ်တို့က ခပ်လှမ်းလှမ်းက သစ်ပင်ကြီးတွေ
နောက်မှာ ပုန်းနေကြရတယ်။ အားလုံးရဲ့
မျက်လုံးတွေကတော့ တဲကလေးကိုပဲ ကြည့်နေတာဗျို့။
ခုထိတော့ ဘာမှထူးထူးခြားခြား မရှိသေးပါဘူး။
တဖြည်းဖြည်း မှောင်လာပြီဗျ။ ဒါပေမဲ့ တဲကလေးထဲမှာ
ဘာမှမထူးခြားသေးပါဘူးဗျာ။
တဖြည်းဖြည်းနဲ့ သိမ်ကုန်းရွာလေးဘက်က ခွေးဟောင်သံတွေ
တိတ်ဆိတ်လာတယ်ဗျာ။သက်ကြီးခေါင်းချရန်
ကြက်တွန်သံတွေကို ခပ်သဲ့သဲ့ ကြားလိုက်ရတယ်
ညကိုးနာရီလောက်တော့ ရှိပြီပေါ့ဗျာ။
“ဟာ မီးလုံးကြီး မီးလုံးကြီး”
ကျုပ်က လေသံကလေးနဲ့ ပြောလိုက်တယ်ဗျ။
ကဝေမကြီးနေတဲ့ တဲကလေးရဲ့ ခေါင်းမိုးပေါ်မှာ
မီးလုံးကြီးတစ်လုံးဗျ။ ခေါင်မိုးနဲ့ မထိမထိကလေး
ရွေ့နေတာဗျို့။ ဆရာကြီးနဲ့ ဆရာနွံဖက
အသာကလေး ကြည့်နေကြတယ်။
ဆရာကြီးက လေသံကလေးနဲ့ပဲ ပြောတယ်
“တော်တော်ကို မှော်အဆင့်မြင့်တဲ့ ကဝေကွ။
အဲဒါ ကဝေမီးလို့ ခေါ်တယ် ။ နည်းနည်းမှ
မလှုပ်ကြနဲ့နော် တွေ့သွားလို့ကတော့
အသပေဲ သိလား”
ဆရာကြီး ပြောတော့မှ ကျုပ်ဖြင့် ကြောက်လိုက်တာဗျာ။
ကြက်သီးတွေတောင် ထသွားတယ်ဗျို့။မီးလုံးကြီးက
ကြည့်နေရင်းမှာပဲ တဖြည်းဖြည်း ကြီးထွားလာတယ်ဗျို့။
စတွေ့စက ခြင်းလုံးလောက်ပဲ ရှိတာဗျ။အခုတော့
သပိတ်လုံးလောက် ရှိနေပြီ။
ဟော ဟော ခေါင်မိုးနှင့် တစ်တောင်လောက်အကွာမှာ
နိမ့်လိုက် မြင့်လိုက် လုပ်နေတယ်ဗျို့။ ပျံတက်သွားပြီဗျို့။
သစ်ပင်တွေအပေါ်မှာ ဝဲနေတာဗျ။ သိပ်အမြင့်ကြီး
မဟုတ်ဘူးဗျ။
“ငြိမ်ငြိမ်နေကြနော် ။ အဲဒါ ရန်သူရှာနေတာကွ။
သူ့နေရာမှာ ရန်သူ ကင်းရဲ့လားလို့ ရှာနေတာ ။
ဘာဖြစ်လို့လဲဆိုတော့ တဲထဲမှာ သူ့ခန္ဓာကိုယ်ကို
ထားခဲ့ရတာလေ။ ရန်သူကိုသာ တွေ့လိုကတော့
အသေသတ်တော့မှာဟေ့”
ဆရာကြီးစကား ဆုံးတဲ့အချိန်မှာပဲ မီးလုံးကြီးက
တောအုပ်အပေါ်မှာ ဝဲပျံနေရာကနေ အနောက်ဘက်ကို
ပျံသွားတယ်ဗျို့။ ဟာ ပျံလာပြန်ပြီဗျို့။ ဟော
သူ့တဲပေါ်ကို နိမ့်ဆင်းလာပြန်ပြီဗျ။အောင်မယ်
တဲကို တစ်ပါတ်ပတ်ပြီး ပျံနေတာဗျို့။
ဟော ပျံတက်သွားပြီ။ ဒီတစ်ခါတော့ စိတ်ချသွားပြီ
ထင်တယ်ဗျ။ ဟော သစ်ပင်တွေပေါ်မှာ ဝဲနေရင်းကနေ
ပျံသွားပြီဗျို့။ ဒီတစ်ခါတော့ အရှေ့ဘက်ကို
ပျံသွားတာဗျို့။ ကျုပ်တို့ ဆရာတပည့်တွေ
လှုပ်တောင် မလှုပ်ကြဘဲ စောင့်ကြည့်နေတာဗျို့။
ဒီတစ်ခါတော့ ကဝေမီးလုံးကြီး ပြန်မလာတော့ဘူးဗျ။
နာရီဝက်လောက်တောင် ရှိပြီဗျို့။
“ကဲ သွားကြစို့ဟေ့ ။ တဲထဲမှာ မောင်အုန်းတော့
ကဝေကိုယ်စောင့် လုပ်နေရပြီပေါ့”
လို့ပြောပြီး ဆရာကြီးက ရှေ့ကသွားတယ်။
ကျုပ်တို့က ဆရာကြီးနောက်က လိုက်ခဲ့ကြတယ်ဗျ။
တဲက အတော်ကလေးတော့ ကျယ်သားပဲဗျ။
အိမ်လယ်ခန်းမှာ ကဝေမကြီးရဲ့ကိုယ်က
စန့်စန့်ကြီးဗျ။ဘေးမှာတော့ မောင်အုန်းက
ဓါးရှည်တစ်ချောင်းကိုင်ပြီး စောင့်နေလို့ပေါ့ဗျာ။
“ဘယ်လိုလဲကွ မောင်အုန်းရဲ့။မင်း တော်တော်ကြောက်နေပြီလား”
လို့ ကိုကံပိုင်က မေးတယ်ဗျ ။ မောင်အုန်းက
စိတ်ပျက်နေတဲ့ ပုံစံနဲ့ …
“မပြောပါနဲ့တော့ ဆရာကိုကံပိုင်ရယ် စိတ်ပျက်ရုံတင်
ဘယ်ကမလဲဗျာ။ကြောက်လိုက်တာလည်း မပြောနဲ့တော့”
“မကြောက်ပါနဲ့တော့ကွာ ။ကဝေမကြီး သွားပါပြီကွ”
“ဟင် ဆရာတို့ တွေ့လိုက်လို့လား”
“ဟာ …တွေ့ပါပြီလား မောင်အုန်းရဲ့။မီးလုံးကြီး
ပျံထွက်သွားတာကွ။ တော်တော်နဲ့ သွားတာမဟုတ်ဘူး
ဒီအပေါ်မှာ ဝဲနေသေးတာကွ”
“ဟာ မီးလုံးကြီး ဟုတ်လား။ အခု ကျနော် ဘာလုပ်ရမှာလဲ ဆရာ။
တော်တော်ကြာလို့ ကဝေမကြီး ပြန်လာရင် ကျုပ်ကို
သတ်မှာနော်”
ဆရာကြီးက မောင်အုန်းကို ကြည့်လိုက်ပြီး …
“ကဲ မောင်အုန်းနဲ့ မောင်ကံပိုင် ရွာပြန်ကြပေတော့။
မောင်ကံပိုင်က မောင်အုန်းကို သေသေချာချာ
စောင့်ရှောက်ပြီး အိမ်အရောက် ပို့ပေးလိုက်ပါကွာ။
အဲဒီဓါးကြီးပါ ယူသွားကြ။မောင်အုန်းရေ ဘာမှ
မကြောက်နဲ့ဟေ့။ မင်း ဘာမှမဖြစ်စေရဘူး။
ဆရာကြီး တာဝန်ယူတယ်”
ဆရာကြီး အမိန့်အတိုင်း ကိုကံပိုင်နဲ့ မောင်အုန်း
နှစ်ယောက်သား ဓါးတစ်လက်ထမ်းပြီး ပြန်သွားကြလေရဲ့။
ဒီတော့မှ ဆရာကြီးက ပြောတယ်ဗျ။
“သေသေချာချာကြည့် နွံဖ ။မင်းတို့ ဒါမျိုးကို
တွေ့ရခဲတယ်ကွ။ဒါ ကဝေထုံကူးနေတာပေါ့။
သူ့ရုပ်ကြီးက ဒီမှာကျန်နေတာလေ။နာမ်က
တခြားမှရောက်နေတာကွ။အဲဒီနာမ်ကလည်း
သူ့ရဲ့ ဒီရုပ်အတိုင်းပဲ ရှိနေတာ။ ပညာစကားနဲ့
ပြောရရင်တော့ ဒါက ရုပ်ကြမ်းကြီးပေါ့ကွာ။
အတွင်းက ရုပ်နုက နာမ်နဲ့အတူတူ ထွက်သွားပြီး
သူကိစ္စတွေပြီးလို့ ပြန်လာတော့မှ ဒီရုပ်ကြမ်းကြီးထဲကို
ပြန်ဝင်လာမှာကွ”
“အဲဒီရုပ်နုက ပြန်လာတဲ့အခါ ကျနော်တို့အနေနဲ့
တွေ့နိုင်မှာလား ဆရာကြီး”
ဆရာနွံဖက မေးတယ်ဗျ။ဒီတော့ ဆရာကြီးက
ပြောတယ်။
“ဟာ ဘယ်မြင်နိုင်မလဲ နွံဖရဲ့။ရုပ်နုဆိုတာ ရုပ်နုအချင်းချင်းပဲ
မြင်နိုင်တာကွ။ တို့လို ရုပ်ကြမ်းနဲ့နေတဲ့ သူတွေက သူတို့ကို
မမြင်နိုင်ဘူး ။ အေး ဒါပေမဲ့ ရုပ်နုတွေကတော့ တို့လို
ရုပ်ကြမ်းတွေကို မြင်ရတယ်ကွ”
“ဆရာကြီး ကျုပ်တစ်ခု မေးပါရစေဗျာ”
လို့ ကျုပ်ကလည်း သိချင်တာကို မြိုသိပ်မထားနိုင်တာနဲ့
မေးလိုက်မိတာဗျ။
“ဟာ မေးပါ မောင်တာတေ ။ဘာများ သိချင်လို့တုံး”
“ဟို စောစောက ကျုပ်တို့မြင်လိုက်တဲ့ မီးလုံးကြီးက
ဘာများလဲ ဆရာကြီး”
“အဲဒါလေ မောင်တာတေရဲ့။ဒီကဝေမကြီးရဲ့ ဟောဒီ
ရုပ်ကြမ်းကိုယ်ထဲက ထွက်သွားတဲ့ ရုပ်နုလေ။
အဲဒီရုပ်နုနဲ့ အတူတူ ဝိညာဉ်ပါ ပါသွားတာပေါ့။
သူ့ရဲ့ ရုပ်နုကို အရွယ်သေးသေးလေး လုပ်ထားတာလေကွာ။
ဒါမှ သွားချင်ရာကို လှစ်ခနဲ သွားလို့ရမှာပေါ့။
ပြီးတော့ အပေါက်သေးသေးကလေးတွေကိုလည်း
သူဝင်နိုင် ထွက်နိုင်တာပေါ့ကွ။ အဲဒီရုပ်နုရဲ့ဘေးမှာ
ထွက်နေတဲ့ အလင်းရောင်က အနီရောင်လေ
မောင်တာတေရဲ့။ဆရာကြီးတို့က ကဝေမကြီးရဲ့
ရုပ်နုကို မတွေ့ရပေမယ့် သူ့ဘေးမှာ ဖြာထွက်နေတဲ့
အနီရောင်ကိုတော့ မြင်နေရတယ်လေ။ ဒါကိုတွေ့တော့
လူတွေက မီးလုံးကြီးလို့ ထင်ကြတာပေါ့ကွာ။
တကယ်တော့ ဒါဟာ စုန်းတွေ ကဝေတွေရဲ့
ကိုယ်ထဲက ခွါထွက်လာတဲ့ ရုပ်နုပေါ့”
“သြော် ဒီလိုကိုး။ကျုပ်ဖြင့် ဒါတွေ အခုမှပဲ
ကြားဖူးတော့တယ်ဗျာ”
လို့ ကျုပ်က တအံ့တသြ ပြောလိုက်တယ်ဗျ။
“ဟာ ဟိုမှာ ဆရာကြီး ဟိုမှာ”
ဆရာနွံဖက အလန့်တကြားပြောပြီး တဲရဲ့အရှေ့ခန်းက
နံရံကို ထိုးပြတယ်ဗျ။
“ဘာတုံး နွံဖရဲ့ ”
“မှန်လေ ဆရာကြီး ။ မှန် မှန်”
ဆရာကြီးရော ကျုပ်ရော ဆရာနွံဖပြောတဲ့ နေရာကို
လှမ်းကြည့်လိုက်မိတယ်ဗျို့။ဟာ ဟုတ်ပါရဲ့ဗျာ။
စောစောက ဒါကို ကျုပ်တို့ မတွေ့ဘူးဗျ။
လူတစ်ရပ်လောက်မြင့်တဲ့ မှန်ချပ်ကြီးဗျို့။
ဘေးမှာ ကနုတ်ပန်းတွေ ဖော်ထားတဲ့ ဘောင်ခွေနဲ့ဗျ။
ကြည့်ရတာတော့ တော်တော်ကို ရှေးကျတဲ့ လက်ရာလို့
တာတေ ထင်တယ်။မှန်ပေါ်မှာ ပိတ်စအနက်တစ်စနဲ့
ဖုံးထားတာဗျ။မှန်ရဲ့ဗျက်ကတော့ ၂ပေလောက်။
၂ပေခွဲလောက် ရှိမယ် ထင်တယ်။
“ဟာ ဟုတ်သားပဲကွ။ အဲဒါ ကဝေကြေးမုံလို့ခေါ်တဲ့
မှန်ချပ်ကြီးပဲဟေ့ ။ အဲဒါကြီးနဲ့ လူသတ်တာကွ။
ဒါကြောင့် မှန်ထောင်ကဝေလို့ ခေါ်ကြတာပေါ့။
မန္တန်ရွတ်ပြီး မှန်ကို အာရုံစိုက်ကြည့်လိုက်တာနဲ့
သူ့သတ်မဲ့လူရဲ့ပုံက ဒီမှန်ကြီးပေါ်မှာ ခပ်ဝါးဝါး
ပေါ်လာတာတဲ့ကွ။သူ့ရှေ့မှာ ပန်းကန်တစ်ချပ်နဲ့
နှင်းဆီပန်းတစ်ပွင့် ထည့်ထားတယ်ဆိုပဲ။
အဲဒီပန်းကလည်း သေသေချာချာ စီရင်ထားတဲ့
ပန်းပေါ့။မှန်ကို စိုက်ကြည့်နေတုန်းမှာ ခပ်ဝါးဝါး
မြင်နေရတဲ့ လူပုံစံဟာ တစ်ချက်မှာ ထင်ထင်ရှားရှား
ပေါ်လာရောတဲ့ကွ။အဲဒီအချိန်မှာ ပန်းကန်ထဲက
ပန်းကို ယူပြီး မှန်ကို ပေါက်လိုက်ရုံပဲတဲ့ဟေ့။
အဲဒီပန်းခြောက်နွမ်းပြီး ကြွေကျသွားချိန်မှာ
မှန်ထဲမှာ ပေါ်လာတဲ့ လူလည်း သေတာပဲတဲ့။
လုပ်ကြံချင်တဲ့လူက သူတို့ကို ရွှေဒင်္ဂါးပြားတွေ
ပေးရတာတဲ့ဗျာ။ဒါကြောင့် ဒီကဝေမကြီးက
မောင်အုန်းကို ရွှေဒင်္ဂါးပြားတွေ ပေးလိုက်တာပေါ့ကွာ။
မှန်ထောင်ကဝေဆိုတာ အင်မတန်ကို
ကြောက်စရာကောင်းတာဟေ့”
“ဆရာကြီး ပြောတာနဲ့တင် ကျုပ်တော့
ကျောချမ်းလာပါပြီ ဆရာကြီးရယ်”
“ဘာကြောက်စရာရှိလဲ မောင်တာတေ။
ဆရာကြီးတို့ကတော့ ဒင်းကို ရှင်းပစ်ရမှာပဲပေါ့။
ဒီလိုမှမရှင်းရင် အသက်ရာချီပြီး ရှည်တဲ့
ဒီကဝေမကြီးက လူတွေ အများကြီးကို
ထပ်ပြီး သတ်နေဦးမှာ မဟုတ်လား”
“ဟုတ်ပါတယ် ဆရာကြီး ။ ကျုပ် ဘာကူညီရမယ်ဆိုတာသာ
ပြောပါ ”
ကျုပ်က ပြောလိုက်တော့ ဆရာကြီးက ခေါင်းညိတ်ပြီး …
“ကဲ နွံဖနဲ့ မောင်တာတေ။ ခဏလောက်
နောက်ဆုတ်နေကြပေတော့”
ဆရာကြီးရဲ့စကားဆုံးတာနဲ့ ကျုပ်နဲ့ ဆရာနွံဖက
နောက်ကိုဆုတ်ပြီး တဲရဲ့ တခြားထရံဘက်ကို
သွားကပ်ရက်နေကြတယ်ဗျ။
ဆရာကြီးက သူ့လွယ်အိတ်ထဲက မြေဖြူခဲတစ်ချောင်းကို
ထုတ်ယူလိုက်ပြီး စန့်စန့်ကြီး ဖြစ်နေတဲ့ ကဝေမကြီးကို
စက်ဝိုင်းပုံစံဝိုင်းပြီး စည်းချလိုက်တယ်ဗျ။ ပြီးတော့
ဝါးကပ်ကြမ်းခင်းပေါ်မှာပဲ အင်းကွက်တွေချပြီး
မန္တန်တွေရွတ်တယ်။
အဲဒီလို ဆရာကြီး မန္တန်တွေ ရွတ်နေတဲ့အချိန်မှာ
ကြမ်းပြင်မှာ မြေဖြူနဲ့ ဆွဲထားတဲ့ အင်းတွေက
အရောင်တွေ လက်သွားလိုပဲဗျ။ကျုပ် မြင်လိုက်တာကို
ဆရာနွံဖလည်း မြင်ပုံရတယ်။
“အဲဒါ အင်းနှိုးတာကွ တာတေရ။အင်းကို
အသက်သွင်းတာပေါ့ကွာ။အသက်ဝင်သွားလို့
အရောင်တွေ ပြိုးပြိုးပြက်ပြက် ဖြစ်သွားတာကွ။
အဲဒီမြေဖြူတောင့်ကလည်း ဆရာကြီး သေသေချာချာ
စီရင်ထားတာ ။ ရိုးရိုးမြေဖြူတောင့် မဟုတ်လားလေ”
“သြော် ဟုတ်လား ဆရာနွံဖ”
ဟော ကျုပ်နဲ့ ဆရာနွံဖ စကားပြောနေတုန်းမှာပဲ
ဆရာကြီးက ရှေးဟောင်းမှန်ချပ်ကြီးဆီကို သွားတယ်ဗျ။
ပြီးတော့ မှန်ပေါ်မှာ အင်းကွက်တွေ ချလိုက်တယ်။
အဝတ်နက်ကြီးကို ဆရာကြီး ဖယ်လိုက်တဲ့အချိန်မှာ
ကျုပ်ဖြင့် မှန်ကြီးကို ကြည့်တောင် မကြည့်ရဲဘူးဗျာ။
ဒါ လူသတ်တဲ့ မှန်ကြီးဗျ။ရိုးရိုးမှန် မဟုတ်ဘူးလေဗျာ။
ကဝေမှန်ကြီးလေ။ ကျုပ် ကြောက်နေတာကို ဆရာနွံဖက
တွေ့တော့ …
“မကြောက်နဲ့ တာတေ။ အခုအတိုင်းက ရိုးရိုးမှန်ပါပဲကွာ
မန္တန်သွင်းလိုက်မှ မှော်ဝင်သွားပြီး ကဝေမှန် ဖြစ်တော့တာကွ”
ဆရာကြီးက မှန်ပေါ်က အင်းတွေကိုလည်း မန္တန်ရွတ်ပြီး
အသက်သွင်းတယ်ဗျ။
“ကဲ နွံဖ မျက်ကွင်းဆေးတောင့်ထုတ်ပြီး သွေးပေတော့။
ပြီးရင် မောင်တာတေကို ဆေးကွင်းပေတော့။ ကဝေမကြီး
ပြန်လာရင် ကျုပ် ချထားတဲ့ အင်းတွေကြောင့် သူကိုယ်ထဲကို
ပြန်ဝင်လို့ ရမှာ မဟုတ်တော့ဘူးကွဲ့။ အဲဒီအတွက်ကြောင့်
ကျုပ်တို့က သူ့ရုပ်နုကို မြင်ရမှာ မဟုတ်ဘူးလေ။
ဒါကြောင့် မောင်တာတေက ကြည့်ပြီး သူဘယ်မှာ
ဘာလုပ်နေတယ်ဆိုတာကို ပြောပြရမယ်။
ကဝေမကြီးက သူကိုယ်ထဲကို ပြန်ဝင်လို့ မရတော့ရင်
ဒေါသတအားထွက်တော့မှာကွ။ သူရင်ဆိုင်ရမယ့်
ရန်သူရဲ့ အဆင့်ကိုလည်း ချက်ချင်းတွက်လို့ရသွားမှာ။
ကျုပ်ကိုလည်း နည်းနည်းမှ ညှာမှာမဟုတ်ဘူး။
ကျုပ်ကလည်း နည်းနည်းလေးမှကို နောက်ကျလို့
မရဘူးကွဲ့။ ဒီပွဲဟာ သူရော ကျုပ်ရော အသက်လုပွဲပေါ့ကွယ်။
ကဲ ကဲ နွံဖရော ။ မောင်တာတေပါ ဆေးတော်ကြီး
ကွင်းဖို့ လုပ်တော့ ”
ဆရာနွံဖက မျက်ကွင်းဆေးတော်ကြီးကိုထုတ်ပြီး
ကျွမ်းကျွမ်းကျင်ကျင် သွေးတယ်။ ပြီးတော့
ကျုပ် မျက်လုံးနှစ်ဖက်စလုံးကို ဆေးကွင်းပေးတယ်ဗျ။
ဆေးကွင်းပြီးတော့ ဆရာကြီးက ပြောတယ်ဗျ။
“နွံဖ မောင်တာတေကို ‘နတ်စက်ရောင်’အင်းတစ်ချပ်
တိုက်ထားလိုက်ကွဲ့။ဒါမှ ကဝေမကြီးက သူ့ကို
ကဝေမစက်တွေနဲ့ ပစ်ရင် ကာကွယ်နိုင်မှာ”
“ဟုတ်ကဲ့ပါ ဆရာကြီး”
ဆရာနွံဖက အင်းတစ်ချပ်ကို ခပ်မြန်မြန်ထုတ်ပြီး
အင်းသောက်ပန်းကန်လုံးကလေးထဲမှာ ပြာချ။
ရေစင်ဘူးထဲက ရေစင်ထဲမွှေပြီး ကျုပ်ကို အင်းတိုက်တယ်။
“ကဲ အားလုံးပြီးရင် ကျုပ်တို့ အပြင်ထွက်ကြမယ်
ဒီကဝေမကြီး ဘယ်အချိန် ပြန်လာမယ်တော့
မသိဘူးကွဲ့”
ဆရာကြီးက ပြောရင်းဆိုရင်း တဲအပြင်ကို
ထွက်တယ်။ ကျုပ်နဲ့ ဆရာနွံဖလည်း နောက်က
လိုက်ခဲ့ကြတယ်။ ကဝေကြီးရဲ့ တဲတောင်ဘက်မှာ
မြက်ခင်းတစ်ခု ရှိတယ်ဗျ။ ဆရာကြီးက အဲဒီနေရာကို
ရွေးလိုက်တယ်။ ပြီးတော့ မြက်ခင်းရဲ့ဘေးက
သရက်ပင်ကြီးတွေ နောက်ဘက်ကို ဝင်နေလိုက်ကြတယ်။
ကျုပ်တို့ ဆရာတပည့်တွေ စောင့်နေလိုက်ကြတာ
သိမ်ကုန်း ရွာဘက်က သန်းခေါင်ကြက်တွန်သံ
သဲ့သဲ့ကလေးကိုတောင် ကြားနေရတယ်ဗျ။
ကျုပ်စိတ်ထင် ပြောရရင်တော့ သန်းခေါင်ကျော်ပြီး
တစ်နာရီလောက်အကြာ ညနာရီပြန်တစ်ချက်လောက်ပေါ့ဗျာ။
ကျုပ်လည်း ဟိုကြည့် သည်ကြည့်နဲ့ ကြည့်နေရတာပေါ့။
“ဟော မီးလုံးကြီး ရောက်လာပြီဗျို့”
တာတေက လေသံကလေးနဲ့ ပြောလိုက်တာဗျ။
ဆရာကြီးရော ဆရာနွံဖပါ တာတေ လက်ညှိုးထိုးပြတဲ့
နေရာကို ကြည့်ကြတာပေါ့ဗျာ။
“အေး ဟုတ်တယ်ဟေ့ မောင်တာတေရေ။
အဆင်သင့်ပြင်ပေတော့ဟေ့ ။ နွံဖက အင်းတွေ
ပြင်ထားပေးတော့”
ဆရာကောင်းတပည့် ပီသလှတဲ့ ဆရာနွံဖကတော့
ဘာမဆို တစ်ခွန်းပါပဲ။ အလွန်စိတ်ချရတဲ့ ဆရာကြီးရဲ့
တပည့်ပါပဲဗျာ။ ဟော ဟော ကဝေမီးလုံးကြီးက
သစ်ပင်တွေအပေါ်မှာ မြူးတူးပြီး ဝဲနေတာဗျို့။
နိမ့်ဆင်းလိုက် ။ အပေါ်ကို မြင့်တက်သွားလိုက်
အနောက်ဘက်ကို ပျံထွက်သွားလိုက် ။ အရှေ့ဘက်ကို
ပျံထွက်သွားလိုက်နဲ့ဗျ။
တာတေဆိုတဲ့ ကျုပ်ကလည်း အရေးပေါ်ပြီဆိုရင်
ကြက်သီးက တဖျန်းဖျန်းပဲဗျို့။ဟာ ဟာ ကဝေမီးလုံးကြီး
ကျုပ်တို့ဘက်ကို ပျံလာပြီဗျို့။
ဆရာကြီးရော ကျုပ်တို့အားလုံး သရက်ပင်ကြီးတွေနောက်မှာ
ငြိမ်နေကြရတာဗျို့။ဟော ပျံထွက်သွားပြီဗျ။
ဟာ ဒီတစ်ခါတော့ တဲခေါင်မိုးပေါ်မှာကပ်ပြီး ဝဲနေတာဗျို့။
ဟော ငြိမ်သွားပြီ ။ ငြိမ်သွားပြီ။ ခေါင်မိုးပေါ်မှာ
ကပ်ပြီး ငြိမ်နေတယ်ဗျို့။
ဟာ တဲထဲကို ခေါင်မိုးဖောက်ပြီး ဝင်သွားပြီဗျို့။
“ဝုန်း ဂလွမ်း ဒုန်း ”
ဟာ ပြသာနာတော့ စပြီဗျို့။
ကဝေမကြီး တဲထဲမှာ ခုန်ပေါက်နေပြီ ထင်တယ်ဗျ။
ဆရာကြီး ချထားတဲ့အင်းတွေကြောင့် သူ့ကိုယ်ထဲကို
ပြန်ဝင်လို့ မရတော့ဘူးဗျို့။
“ဝုန်း ဝုန်း ”
ဟာ တဲထဲမှာ ဝုန်းဒိုင်းကြဲနေပြီဗျို့။ဟော ဟော
ထွက်လာပြီ ။ ထွက်လာပြီဗျို့။
“ဆရာကြီး ကဝေမကြီး တဲရှေ့ကို ထွက်လာပြီဗျ။
ဆံပင်ဖားလျားကြီးနဲ့ ။ထဘီက ပေါင်လယ်လောက်အထိ
တိုတိုကြီး ဝတ်လို့ဗျ။ ဟာ မျက်လုံးနီနီကြီးတွေနဲ့
လိုက်ကြည့်နေပြီဗျို့”
“အေး ဟုတ်ပါပြီ မောင်တာတေ။ မင်းမြင်သမျှကို
တစ်ခုမကျန် မြန်မြန်ပြောပေတော့ကွဲ့”
“ဟော ဟော တဲဟိုဘက်ကို ထွက်သွားပြီဗျ။
ဟာ ပြန်လာပြန်ပြီဗျို့။လိုက်ရှာနေတာ ဆရာကြီးရေ။
ကျုပ်တို့ဘက်ကို ခါးကြီးထောက်ပြီး ကြည့်နေတာဗျ။
ဆရာကြီးရော မြင်ရလား”
“ဟာ …ဘယ်မြင်ရမလဲ မောင်တာတေရဲ့။
သူကိုယ်ထဲကို ပြန်ဝင်လို့ မရတော့ ဝိညာဉ်အနေနဲ့ပဲ
လျှောက်သွားနေတာလေ။မင်းက မျက်ကွင်းဆေးတော်ကြောင့်
မြင်ရတာပေါ့။ ကဲ ကဲ မြင်သမျှသာ ပြောပေး”
“ဟုတ်ကဲ့ ဟုတ်ကဲ့ ဟာ လာနေပြီ ဆရာကြီးရေ
ကျုပ်တို့ဘက်ကို လာနေပြီဗျို့။ မြက်ခင်းအလယ်
ရောက်နေပြီဗျ”
“အေး ဟုတ်ပြီ ကျုပ်တို့ ထွက်ကြမယ်
ဆယ်ပေလောက်အကွာရောက်ရင် ရပ်လို့ပြော။
မောင်တာတေကမြင်ရတော့ ရပ်ရမယ့်နေရာကို
သေသေချာချာ ပြနော် ။ ကဲ လာ ထွက်စို့”
ပြောပြောဆိုဆို ဆရာကြီးက ရှေ့က ထွက်တယ်
ကျုပ်က ကဝေမကြီး ရပ်နေတဲ့နေရာကို လက်ညှိုးထိုးပြတယ်
ဟုတ်ပြီ ။ သွား သွား ရောက်ပြီ
“ရပ်တော့ ဆရာကြီး”
ဆယ်ပေလောက်အကွာမှာ ကျုပ်က ရပ်ခိုင်းလိုက်တယ်။
ပြီးတော့ ကဝေမကြီးကို တည့်တည့်လက်ညှိုးထိုးပြလိုက်တယ်
ဒေါသ အရမ်းထွက်နေတဲ့ ကဝေမကြီးက မျက်လုံးနီကြီးနဲ့
ကြည့်နေတယ်ဗျ။
“လက်နှစ်ဘက်ကို ကြက်ခြေခတ်ယှက်ထားတယ်ဗျ။
ပါးစပ်ကလည်း မန္တန်တွေ ရွတ်နေတယ်။ ဟာ လက်နှစ်ဘက်
ယှက်ထားတဲ့ နေရာက ကဝေစက်တွေ ထွက်လာပြီဗျို့”
“မြင်ရတယ် မောင်တာတေရဲ့ ။ အဲဒီစက်တွေကိုတော့
ဆရာကြီး မြင်ရတယ် ။ မင်း အသာနောက်ဆုတ်နေတော့”
ဆရာကြီးက ပြောပြောဆိုဆိုနဲ့ သူ့လက်နှစ်ဖက်ကို
ကြက်ခြေခတ်ယှက်လိုက်တယ်ဗျ။ လက်ကောက်ဝတ်နေရာမှာ
လက်နှစ်ဘက်ယှက်ထားတာ။ ပြီးတော့ မန္တန်ရွတ်တယ်ဗျို့။
ဟာ ဆရာကြီးရဲ့ လက်ကလည်း တလက်လက်နဲ့
အရောင်တွေ ထွက်လာတယ်ဗျို့။
အလို ကဝေစက်တွေနဲ့ ဆရာကြီးရဲ့ အလင်းရောင်တွေ
တွေ့တော့မယ်ဗျို့။ဟာ တွေ့ပြီဗျို့။တွေ့ပြီ။
“ဝုန်း ဝုန်း ”
“လဲကျသွားပြီဗျို့။ ကဝေမကြီး ဖင်ထိုင်ရက်ကြီး
ကျသွားပြီဗျ။ ဟော ပြန်ထလာပြီ ။ ဆရာကြီးရေ
ဟာ သူ့ပါးစပ်ကို အကျယ်ကြီး ဟထားတယ်ဗျို့”
“ဟင် ဟုတ်လား ။ ဒါဆို ကဝေမီးတောက်နဲ့
မှုတ်တော့မှာကွဲ့။ နွံဖ ပေးစမ်း ဆရာ့ကို
ပထမံရေစင်အင်း”
ဆရာနွံဖက လွယ်အိတ်ထဲက အင်းတစ်ချပ်ကို
ကပျာကယာ ထုတ်ပေးလိုက်တယ်ဗျ။ဟာ
ဟုတ်ပါရဲ့ဗျာ။ကဝေမကြီးရဲ့ ပါးစပ်ထဲက
မီးတောက်ကြီး ထွက်လာတယ်ဗျို့။
“ဟာ ဆရာကြီး မီးတောက်ကြီး”
“အေး တွေ့ရတယ် တွေ့ရတယ် မောင်တာတေ
မကြောက်နဲ့ဟေ့”
ဆရာကြီးက ပထမံရေစင်အင်းကို လက်ထဲမှာ
ဆလိုက်ရင်း ပတ်လိုက်ပြီဗျို့။ဟာ အင်းက
မီးတောက်တည့်တည့်ကို ဝင်သွားတာဗျာ။
“ဝုန်း ဝုန်း ဝီး ဝီး”
ဟာ ရေတွေ ပန်းထွက်လာတာဗျို့။ဆရာကြီး
ပစ်တဲ့အင်းက ထင်တယ်။ ရေတွေ ပန်းထွက်လာတာဗျ။
ဟော ကဝေမီးတောက်ကြီးနောက်ကို လွင့်ထွက်သွားပြီဗျို့။
ကဝေမကြီးက နောက်ဘက်ကို ခြေတစ်လှမ်းစာလောက်
ခုန်ထွက်သွားတယ်ဗျို့။ပြီးတော့ ကောင်းကင်ကို
မော့ကြည့်ပြီး မန္တန်ရွတ်တယ်ဗျို့။
“ဟာ ဆရာကြီးရေ ။ သူထဘီကြီးကိုဖြည်ပြီး
ဖြန့်ချလိုက်ပြီဗျို့။ဟာ ခြုံလိုက်ပြီဗျို့။
ပါးစပ်ကလည်း မန္တန်တွေ ရွတ်နေတာဗျ”
“ဟေ ဟုတ်လား မောင်တာတေ ။ နွံဖ ဒီကောင်မကြီး
ဠင်းတလုပ်ပြီး ပြေးတော့မှာကွ။ အိတ်ထဲကို
မြန်မြန်နှိုက်စမ်း ။ မှော်ဝင်လေးနဲ့ မြားပါတယ်
တွေ့လား”
“တွေ့တယ် ဆရာ ။ ဒီမှာ ရော့ ရော့ ”
ဟင် ကျုပ်ဖြင့် တော်တော်ကို အံ့သြသွားတာဗျာ။
စိတ်လည်း တော်တော်ပျက်သွားတယ်ဗျို့။
တကယ်ပါ။ ဆရာနွံဖ ထုတ်ပေးလိုက်တဲ့
လေးဆိုတာက တစ်ထွာလောက်ရှိတဲ့ လေးကလေးဗျ။
မြားဆိုတာကလည်း ခြောက်လက်မလောက်ရှည်တဲ့
မြားကလေးဗျ။ဒါကလေးနဲ့ ဒီကဝေမကြီးကို
ဘယ်လိုပစ်မှာတုံးဗျာ။
“ကြည့်ထား မောင်တာတေ ။ မျက်ခြည်မပြတ်
ကြည့်ထားကွဲ့”
“ဟုတ်ကဲ့ ဆရာကြီး ။ ဟာ ဟုတ်တယ်ဗျို့။
ကဝေမကြီး ဠင်းတကြီး ဖြစ်သွားပြီဗျ။
နည်းတဲ့ အကောင်ကြီး မဟုတ်ဘူး ဆရာကြီးရေ။
အတောင်ပံတွေ တခတ်ခတ် လုပ်နေပြီဗျို့”
“ပြစမ်း ပြစမ်း တည့်တည့်လက်ညှိုးထိုးပြ”
ကျုပ်က ဠင်းတကြီးရဲ့ ရင်ဘတ်ကို တည့်တည့်ထိုးပြတော့
ဆရာကြီးက သူရဲ့ တစ်ထွာလောက်ရှိတဲ့ လေးကလေးမှာ
မြားသေးသေးတင်ပြီး ချိန်တယ်ဗျို့။
ပြီးတော့ မန္တန်တစ်ပုဒ်ကို အသံအကျယ်ကြီးနဲ့
ရွတ်တယ်ဗျ။ ဟော ဆရာကြီး လေးကို ဆွဲတင်ပြီ။
ပစ်တော့မယ်ဗျို့။ဟာ ပစ်ပြီ ပစ်ပြီ ။
ဟင် မြားကလေးက ‘ဝှစ်’ ဆိုတဲ့ အသံနဲ့ ပြေးထွက်သွားတာဗျို့။
ဟာ အလင်းတန်းကြီးဗျ။မြားက အလင်းတန်းကြီး
ဖြစ်သွားတာဗျို့။မိုးကြိုးပစ်ရင် တွေ့ရတဲ့ အလင်းတန်းမျိုးဗျ။
ထိပြီဗျို့။ထိပြီ။ အလင်းတန်းကြီးက ဠင်းတကြီးရဲ့
ရင်ဝကို တန်းပြီး ဖောက်သွားတာဗျ။
ဟာ ဠင်းတကြီး ချာလည်လည်သွားပြီဗျို့။
အတောင်ပံကြီး ခတ်နေတယ်ဗျို့။
ဟော ငြိမ်သွားပြီဗျ။
“ဝုန်း ဝုန်း ခွမ်း ချလွမ် ချလွမ်”
ဟာ ဠင်းတကြီးက မီးတောက်ကြီး ထတောက်တာဗျို့
‘ဝုန်း’ခနဲ မြည်သွားပြီး ကဝေမကြီးရဲ့ ကိုယ်ကြီးမှာလည်း
မီးတောက်ကြီး ထတောက်ပြီဗျို့။ ‘ခွမ်း ချလွမ်း’ဆိုတဲ့
အသံကြီးကတော့ ကဝေမကြေးမုံလို့ခေါ်တဲ့
ကဝေမကြီးရဲ့ လူသတ်တဲ့မှန်ကြီး အစိတ်စိတ်
အမွှာမွှာ ကွဲသွားတဲ့ အသံဗျ။
ဟော ကြည့်နေတုန်းမှာပဲ မီးတောက်က ကြီးကြီးလာပြီး
တဲကိုပါ စွဲတော့တာဗျို့။
“ငရဲမီးတောက်ကြီး ထတောက်တာဟေ့ လာ လာ
သရက်ပင်တွေနောက်မှာ ကပ်နေကြ။သိပ်ပူတဲ့ မီးကွ”
သရက်ပင်တွေနောက်မှာ ကပ်နေရင်း
ကျုပ် ကြည့်နေတာဗျို့။တဲတစ်လုံးလုံး ပြာကျပြီး
အားလုံးပျောက်ကွယ်သွားတော့မှ ကျုပ်တို့
သိမျကုနျးရှာကို ပွနျခဲ့ကွတာပေါ့ဗျာ။
ပြီးပါပြီ။
ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အာပေးသွားပါအုံးဗျာ။
စာဖတ်ပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ
Leave a Reply