သည်။´ ဌေးဦး ဆရာကြီး ရုံးခန်းထဲဝင်သွားသည်။
‘“မင်းနာမည်ဌေးဦးလား’”
ဆရာကြီးက မေးသည်။ ဌေးဦး ခေါင်းညိတ်ပြသည်။
“ပါးစပ်ကဖြေ . . .”
ဆရာကြီးလေသံကမာသည်။
“ဟုတ်ပါတယ် … ”
“ဟုတ်ရင် လက်ပိုက်ထား .. ”
´ဌေးဦး လက်ပိုက်လိုက်သည်။
“မင်း…ဒုတိယတန်းက….မိန်းကလေးကိုတွန်းလားတိုးလား လုပ်တယ်ဆိုတာ ဟုတ်သလား ..”
“ဟုတ်ပါတယ် .. ”
ဌေးဦးကမညာ မှန်သည့်အတိုင်းဝန်ခံသည်။
“မင်းဘာလို့ အဲ့ဒီလိုလုပ်ရတာလဲ .. ”
“သူက ….အဲ့ဒီအတန်းမှာ ရှိတဲ့ ကျွန်တော်ညီမလေးကို လုပ်လို့ပါ’’
“ဒါဆိုရင် ဆရာမတိုင်ရမှာပေါ့ကွ မင်းဆရာမ တိုင်လား ”
“မတိုင်ပါဘူး ..”
“မင်းပြောသလိုဆိုရင် အဲ့ဒီကလေးမရဲ့ အစ်ကိုက စတုတ္ထတန်းမှာ ရှိတယ်ဆိုပါစို့ကွာ။ မင်းထက်လဲအားကြီးတယ်။ မင်းကို ဖင်ထိုင်ကျအောင်တွန်းထိုးမယ်။ မင်းကျေနပ်မလား..”
‘ဌေးဦးဘာမျှမဖြေ
“မင်းကဒီကျောင်းမှာ လူဆိုးလား . .”
ဆရာကြီးမေးသည်က ပုံမှန်အသံဖြစ်သည်။ ဌေးဦးဘာမျှ မဖြေ။
“လူဆိုး ဆိုတဲ့စကားနဲ့ ကျောင်းသားနဲ့ မလိုက်ဖက်ပါဘူးကွာ ငါ့တပည့်ကိုလူကောင်းလှူလိမ္မာ၊ ကျောင်းသားကောင်းပဲဖြစ်စေချင်ပါတယ်…”
ဆရာကြီးက ဌေးဦးကို လှမ်းကြည့်သည်။ ဌေးဦးဘာပြန် ပြောရမှန်းမသိ။ သို့သော် ‘ငါ့တပည့်” ဟုပြောသည်ကိုတော့ သဘောကျ သိလိုခံစားရသည်။ အရင်ကသူ့ကို ဘယ်သူမှ ငါ့တပည့် ဟု မခေါ်ဘူးပါ။
‘“လူကောင်းလူလိမ္မာ မဖြစ်ချင်ဘူးလား ..”
ဌေးဦးကိုကြည့်၍ ဆရာကြီး၏ အမေး
“ဖြစ်ချင်ပါတယ် . . . ”
“ကျောင်းသားကောင်းတစ်ယောက်ရော မဖြစ်ချင်ဘူးလား”
‘ဖြစ်ချင်ပါတယ် . . ”
ဆရာကြီးက စားပွဲပေါ်မှာ အသင့်ရှိနေသော ကြိမ်လုံးရှည် ကြီးကိုလှမ်းကြည့်လိုက်သည်။
ဤကလေးသည် အကြိမ်ပေါင်းများစွာ အရိုက်ခံရပြီးပြီ။ အရိုက်ခံရမည်ကို ကြောက်ဟန်မတူ။ ကျောင်းသားဆိုးဖြစ်ရသည်ကို ဂုဏ်ယူနေဟန်တူပါသည်။ မနေ့ကညနေဘောလုံးပွဲမှာပင် ဤကလေး ကိုသတိထားမိခဲ့သည်။ တိုင်သောဆရာမကလည်း ယခင်ဆရာကြီး ထက်ပိုပြီး လက်သံပြောင်မှ ကျေနပ်မည့်သဘော။
“ငါ.. ဘယ်လို လုပ်ရမလဲ ..”
ဆရာကြီး စဉ်းစားသည်။
“ကဲကြာပါတယ်ကွာ .. မင်းမှာအပြစ်ရှိသလားပြော’
ဆရာကြီး မေးပုံက အသံပြတ်နှင့်ဖြစ်သည်။ ဆရာကြီးကို ဌေးဦးလှမ်းကြည့်လိုက်သည်။
“ပြောလေ …””
“ဟုတ်ကဲ့ . . ရှိပါတယ် .. ”
ဌေးဦး ဝန်ခံလိုက်သည်။
“အပြစ်ရှိတယ်ဆိုရင်တော့ အပြစ်ပေးရမှာပေါ့ကွာ . . ”
ဆရာကြီးက စားပွဲပေါ်မှ ကြိမ်လုံးရှည်ကြီးကို ကောက်ယူပြီးမတ်တပ်ထလိုက်သည်။ အရိုက်ခံရတော့မည်ဟု ဌေးဦးနားလည် လိုက်သည်။ ဆရာကြီးက အရပ်ရှည်သည် အရွယ်ကလည်း အရွယ်ကောင်း၊ ခွန်အားလည်းကောင်းပုံရသည်။ ယခင်ဆရာကြီး ထက်ပင်ပိုပြီး ရိုက်ချက်လက်သံပြောင်လိမ့်မည်ဟု ဌေးဦးမျှော်လင့် ထားလိုက်သည်။
“ဆရာပေးတဲ့ ပြစ်ဒဏ်ခံမလား”
ဆရာကြီး၏ အမေးကိုဌေးဦးမဖြေဘဲနေလိုက်သည်။ ဖြေရန် မလိုဟုထင်သောကြောင့်ဖြစ်သည်။
“ပြောလေ ဆရာပေးတဲ့ ပြစ်ဒဏ်ခံမလား ..”
ဆရာကြီး စိတ်မရှည်ဖြစ်သွားဟန်တူပါသည်။ မေးသည့် လေသံကမာသည်။
“ခံပါမယ်…. ”
ဌေးဦးမဖြေချင်သော်လည်း ဖြေလိုက်ပါသည်။
“အဲဒီနေရာက ထွက်လိုက်။ ဒီဘက်ကိုလာ . . .’
ဆရာကြီးက သူ့လက်မှ ကြိမ်လုံးရှည်နှင့် စားပွဲဘေး နေရာလွတ်သို့ ညွှန်ပြသည်။ ဌေးဦးနားလည်လိုက်ပါပြီ။ စားပွဲဘေးမှ ကွက်လပ်ကျယ်မှာ အားပါးတရ ရိုက်တော့မည်ဟူ၍
ဆရာကြီးညွှန်ပြရာ စားပွဲဘေးသို့ ဌေးဦးသွားပါသည်။ ဆရာကြီးအသစ်၏ လက်ရာကို မမှန်းဆနိုင်သေး၍ ရင်ထဲမှာ တုန်လှုပ်လျက်
ဌေးဦးကရပ်မိသည်နှင့် အရိုက်ခံရန်အသင့်အနေအထားဖြင့် အံကိုတင်းတင်းကျိတ်လိုက်သည်။ လက်ကိုတင်းတင်းပိုက်လိုက် သည်။ တကိုယ်လုံးမှအကြောအချင်များကိုလည်း အားတင်းထား လိုက်သည်။ သူ့အတွေ့အကြုံအရ ဤသို့ တင်းတောင့်ထားလျှင် အသားပေါ်ကျလာသော တုတ်ချက်ကိုခံနိုင်သည်။
ဆရာကြီးက တုတ်ကိုကိုင်လျက် ဌေးဦးဘေးသို့လျှောက်လာသည်။
‘“မောင်ဌေးဦးကို ဆရာဘယ်လိုအပြစ်ပေးမလဲဆိုရင် ဟိုမှာကြည့် …”
ဆရာကြီးက သူ့လက်ထဲမှ ကြိမ်လုံးဖြင့်ပြတင်းပေါက်အပြင် သို့ညွှန်ပြသည်။
“ဟိုစက္ကူစုတ်အဖြူလေးနေရာ ဗန်ဒါ (ဗာဒံ) ပင်လေး တစ်ပင်စိုက်ပေးပါ။ မနက်နေပူရင် ဆရာကြီးအခန်းကပူနေတယ်။ အဲဒီအပင်ကိုမင်းရှင်အောင်စိုက်၊ ရှင်အောင်ရေလောင်း။ အဲ့ဒါမင်း ကိုဆရာကြီးပေးတဲ့အပြစ်ဒဏ်ပဲ။ ဆရာကြီး ရုံးခန်းအရိပ်ရအောင် သစ်ပင်လေးစိုက်ပေး …”
ဌေးဦးဘယ်လိုမျှ မျှော်လင့်မထားသော အပြစ်ပေးခြင်း ဖြစ်၏။
‘“ဘယ်လိုလဲ စိုက်ပေးနိုင်မလား . . . ”
ဆရာကြီးက မေးသည်။
“ပေးနိုင်ပါတယ် ဆရာကြီး … ”
ဌေးဦး ဝမ်းသာအားရဖြေသည်။
ဗာဒံပင်မှာ ငါးပေခန့်ရှိ၍ ဌေးဦးအရပ်ထက်ပင်မြင့်သည်။ ဆရာကြီးရုံးခန်းအရိပ်မြန်မြန်ရစေချင်၍ တတ်နိုင်သမျှ ကြီးသော အပင်ကို လိုက်ရှာခြင်းဖြစ်သည်။ ဖေကြီး၏ ခြံထဲမှရခြင်းဖြစ်သည်။ ဆရာကြီးအပြစ်ပေးပုံကို ပြောသောအခါ အဖေကြီး သဘောကျ၍ သူကိုယ်တိုင် အမြစ်များပါအောင် ဂရုတစိုက်တူးပေးသည်။ မြေးအဖိုး နှစ်ယောက် ညနေပိုင်းနေအေးချိန်တွင် ဆရာကြီးပြသောနေရာလေးမှာ ဗာဒံပင်လေးကို ကျင်းတူးစိုက်ပျိုးကြသည်။ မြေဆွေးထည့်သည်။ ရေလောင်းသည်။
နောက်တစ်နေ့မနက် ဆရာကြီးကျောင်းလာသောအခါ သူပြ သောနေရာမှာ စိမ်းစိုရှင်သန်နေသော ဗာဒံပင်လေးကိုတွေ့ရသည်။
ဗာဒံပင်လေးက ဆရာကြီး မျှော်မှန်းထားသည်ထက်ပို၍ အရွယ်ကြီးနေသည်။ ဘေးမှာ ဝါးခြမ်းကလေးများ ပတ်လည်ရံ၍ ခြံခတ်ထားသည်။ ခွင့်ဝတ်ကြေမဟုတ် အသေအချာလုပ်ထား၍ ဆရာကြီးအံ့သြနေသည်။
ဆရာကြီးက ကျောင်းသားတစ်ယောက်ကို ဌေးဦး ခေါ်လာရန်ပြောသည်။ မကြာမီပင် ဆရာကြီး၏ ရုံးခန်းသို့ ဌေးဦး ရောက်လာသည်။
‘“မောင်ဌေးဦး ဒီအပင်ကိုမင်းခုမနက်စိုက်လိုက်တာလား . . . ’
“မဟုတ်ပါဘူး ဆရာကြီး မနေ့ညနေက စိုက်တာပါ …”
”ဆရာက ဒီလောက်အပင်ကြီးကြီးရဖို့ မမျှော်လင့်ပါဘူးကွာ မင်းအပင်က ဆရာထင်တာထက်ပိုကြီးနေတယ် .. ’’
“ဆရာကြီး ရုံးခန်းအရိပ်မြန်မြန်ရစေချင်လို့ပါ . . . ”
ဌေးဦးဖြေပုံက ရိုးရိုးလေးဖြစ်၏။ သို့သော် သူ့စိတ်ထားကို ဖော်ပြနေသည်။
ဆရာကြီးက ဗာဒံပင်လေးဆီသို့ လှမ်းကြည့်ရင်းမှ
“မင်းလုပ်ထားတာက ပေးတဲ့အပြစ်ဒဏ်ကို တာဝန်ကျေ ဆိုတာမျိုးမဟုတ်ဘူးကွ စေတနာပါတယ်။ မင်းဟာလူဆိုးမဟုတ်ရုံ မကဘူးကွ၊ လူကောင်း လူလိမ္မာကျောင်းသားကောင်းဖြစ်သွားပြီ’’ ဟု ပြောလိုက်သည်။
ဆရာကြီး၏ ချီးကျူးစကားသည် ဌေးဦးရင်မှာ ထူးခြားစွာခံစားရသည်။ ယခင်က ဤသို့ချီးကျူးသည်ကို တစ်ခါမျှမခံခဲ့ရ အဆူအပြော အမာန်အငေါက် အမျိုးမျိုးသာ ခံနေရသည်။
ဆရာကြီးက တပည့်ဖြစ်သူ ဌေးဦးအနီးသို့လျှောက်လာသည်။
‘ငါ့တပည့်အတွက် ဆရာဝမ်းသာဂုဏ်ယူပါတယ်။ ငါ့တပည့် က ဆရာထင်တာထက် ပိုပြီး လိမ်မာလွယ်တဲ့ကလေးပဲ။ ဆရာကြီး တစ်ယောက်ထဲမဟုတ်ဘူး။ ကျန်တဲ့ဆရာ၊ ဆရာမတွေပါ ငါ့တပည့် ကိုချစ်ခင်လာကြအောင် လိမ္မာတဲ့ကျောင်းသား . . . ဖြစ်လိုက်စမ်းပါ””
ဆရာကြီးက တိုက်တွန်းစကားပြောရင်း ဌေးဦး၏ခေါင်းကို သူ့လက်ဖြင့်ညင်သာစွာပွတ်သပ်ပေးလိုက်သည်။ ဆရာကြီး၏ မေတ္တာ စကားနှင့်ကြင်နာသော အပြုအမူကြောင့် ဌေးဦးရင်မှာကြည်နူးစွာ ခံစားရခြင်းနှင့်အတူ မျက်လုံးအိမ်မှာ မျက်ရည်များ အလိလိုရစ်ဝဲ လာကြ၏ ဌေးဦးဆုံးဖြတ်လိုက်ပါသည်။
“ဆရာကြီးဖြစ်စေချင်သလို။ ဆရာ ဆရာမအားလုံး ချစ်ခင် အောင် လိမ်မာတဲ့ကျောင်းသားတစ်ယောက်ဖြစ်စေရမည်” ဟူ၍။
လယ်တွင်းသားစောချစ်
Leave a Reply