မဟာဗာလိစုန်း

ဒီတောင်ဝှေးနဲ့ဝင်ရိုက်မှ ဖုတ်ကောင်ထွက်ပြေးတာ၊ ဖုတ်ကောင်ထွက်ပြေးတော့ ငါစုန်းပညာတစ်ခုကိုခြေရာခံမိတယ်ကွ၊ အဲဒီစုန်းပညာကတော့ ခုနကပြောတဲ့ ဗာလိစုန်းပညာပေါ့ကွာ”

“ကျုပ်နားလည်ပြီဗျ၊ ဒါဆိုရင် စုန်းတွေက လူတွေကိုသူတို့စုန်းပညာနဲ့ သေအောင်လုပ်တယ်၊ လူတွေက သေပြီဆိုပြီးမြေချလိုက်တော့မှ အဲဒီလူကိုဖုတ်သွင်းပြီး ခိုင်းချင်ရာခိုင်းတဲ့သဘောပေါ့”

“ဟုတ်တော့ဟုတ်လောက်တယ်ကွ”

“ဒါဆို ခုနက ဖုတ်ကောင်ဘာဖြစ်သွားသလဲဗျ”

“ဘာဖြစ်ရမှာလဲကွာ၊ ငါလည်း မင်္သကာတာနဲ့ ငါ့ခေါင်းစွဲ အထက်ဝိဇ္ဇာကြီးကိုမေးကြည့်ရတာပေါ့၊ သူက ငါ့ကိုဗာလိစုန်းအကြောင်းပြောပြတယ်၊ ငါလည်း ရွာသားတွေကို လွန်ခဲ့တဲ့တစ်ပတ်ဆယ်ရက်လောက်က သေထားတဲ့လူရှိသလားဆိုတော့ မိန်းကလေးတစ်ယောက်သေဖူးတယ်လို့ပြောတယ်၊ သူတို့မြှုပ်ထားတဲ့နေရာကို ပြန်သွားကြပြီး မြေပုံကိုဖော်ကြည့်တော့မှ ပျဉ်ခေါင်းထဲမှာ ဖုတ်ကောင်ကြီးက ဘေးစောင်းလှဲအိပ်နေသကွ၊ ဖုတ်ကောင်ဆိုတာ အိပ်နေတဲ့အချိန် ကျောက်ရုပ်လိုပဲ၊ ဘာလုပ်လုပ်မသိတော့ဘူးမဟုတ်လား၊ ဖုတ်ကောင်ဆိုတော့ ရွာသားတွေက သူတို့လုပ်နေကြအတိုင်း ခက်မငါးဖြာကို တံစို့တံနဲ့ထိုးနှက်ပြီး ထုတ်လိုက်တော့မှ ဖုတ်ထွက်သွားတာပဲတဲ့ကွာ”

“ထူးဆန်းတဲ့အတွေ့အကြုံပါလား ဦးဖိုးထူးရာ”

“ငါညကပြန်စဉ်းစားလိုက်တော့ မင်းမနေ့က ကယ်ခဲ့တဲ့မိန်းကလေးက မဟာဗာလိစုန်းက သေပြီထင်အောင်ပြုစားထားတာပဲဖြစ်မယ်လို့ တွေးမိသကွာ၊ မင်းကယ်တာမြန်လို့ မောင်ရှိန်ရာ၊ သူတို့သာ အဲဒီမိန်းကလေးကို မြေချလိုက်ရင် သူတို့ရွာတော့ ဂြိုလ်ဆိုးဝင်တော့မှာပဲ”

“ဒါကြောင့်လည်း ဦးလူနီက ကျုပ်ကိုကယ်ခိုင်းတာဖြစ်မယ်ဗျ”

“ဗာလိစုန်းပညာဆိုတာ လူတွေကို ထုံထိုင်းအောင်၊ မူးဝေအောင်၊ မိန်းမော ယစ်မူးနေအောင်လို့ လုပ်တတ်တဲ့သဘောရှိတယ်ကွ၊ နောက်ဆုံးကတော့ ခုနကပြောသလို သေဟန်ဆောင်နိုင်တာပေါ့ကွာ၊ ငါကြားဖူးတာကတော့ ရှေးက ဘုရင်တွေ၊ စော်ဘွားတွေက ဗာလိစုန်းပညာသည်တွေကို ခန့်ထားလေ့ရှိတယ်ဆိုပဲကွ၊ တစ်ချိန်ချိန်ကျလို့ အသက်ဘေးကြုံတဲ့အခါ သေဟန်ဆောင်ပြီးတော့ နောက်မှ ဗာလိစုန်းတွေက သွားပြန်ဖော်ပေးရသတဲ့ကွ”

ကျုပ်လည်းတစ်ခုစဉ်းစားမိလိုက်တယ်။

“အင်း၊ ဒါဆို ကျုပ်တစ်ခုစဉ်းစားမိတာရှိတယ်ဗျ၊ ကျုပ်ပုံပြင်တွေဖတ်တော့ ရိုမီယိုနဲ့ဂျူးလိယက်ဆိုတဲ့ အချစ်ဇာတ်လမ်းတစ်ခုရှိသဗျာ၊ အဲဒီဇာတ်လမ်းမှာ ဂျူးလိယက်က သူ့ကိုယ်သူ သေဟန်ဆောင်ပြီးတော့ ရိုမိယိုနဲ့ပေါင်းဖို့ကြံတာဆိုပဲ၊ ဂျူးလိယက်သေသွားတာကို လူအားလုံးကလည်း ယုံကြတယ်ဆိုတော့ ကျုပ်အထင် ဒီလိုစုန်းပညာနဲ့များ လုပ်တာမျိုးလား”

ဦးဖိုးထူးကခေါင်းညိတ်ရင်း

“ဖြစ်နိုင်တာပေါ့ကွာ၊ ရှမ်းပြည်ဘက်တော့ ဗာလိစုန်းတွေက အရက်ချက်ကြသတဲ့ကွ၊ နောက်ပြီး ဘိန်းချက်ကြတယ်၊ သူတို့ချက်တဲ့အရက်၊ သူတို့ချက်တဲ့ဘိန်းက တခြားလူလုပ်ထားတဲ့ အရာနဲ့မတူဘူးတဲ့ကွ၊ ငြိမ့်ငြိမ့်ကလေးနဲ့ တစ်မျိုးထူးအောင်မူးတာပေါ့ကွာ၊ ဘိန်းဆိုရင်လည်း အဲဒီဘိန်းသောက်ပြီးရင် ကိုယ်စိတ်ကူးတဲ့အတိုင်းဖြစ်ကြလို့ လူတွေစွဲကြတယ်ဆိုပဲ”

“အင်း၊ ပညာတစ်ခုက ကောင်းတဲ့နေရာမှာသုံးနိုင်သလို၊ ဆိုးတဲ့နေရာမှာလည်းသုံးလို့ရသကိုးဗျ”

“ဘာပဲဖြစ်ဖြစ်ပါ ငါတော့ မင်းကိုအားကျသကွာ မောင်ရှိန်ရ၊ မင်းက တော်တော်ပါရမီထူးတဲ့သူပဲကွ”

“ဒီလောက်လည်းမဟုတ်ပါဘူး ဦးဖိုးထူးရာ”

“ဟာ၊ ငါကမင်းကိုသက်သက်မြှောက်ပြောတာမဟုတ်ဘူးကွ၊ ငါကတော့ ဒီဘဝမှာ ဝိဇ္ဇာဖြစ်ပါ့မလားတောင်မသိဘူး၊ ဒီဘဝကတော့ ပါရမီဖြည့်တဲ့ဘဝပဲထင်ပါတယ်ကွာ၊ မင်းကတော့ မတူဘူးကွ၊ မင်းက ပါရမီကောင်းတဲ့သူဆိုတော့ ဒီဘဝမှာတင် ဝိဇ္ဇာဖြစ်လောက်တယ်ကွ”

“ကျုပ်ဘာမှတောင် ကြီးကြီးမားမားမလုပ်ခဲ့ရသေးပါဘူးဗျာ”

ဦးဖိုးထူးက ကျုပ်ကိုမျက်မှောင်ကြုတ်ကြည့်ပြီးတော့

“ငါဂန္ဓာရီခရီးလှည့်နေတာ ဘယ်လောက်ကြာပြီထင်သလဲမောင်ရှိန်”

“ဒါတော့မပြောတတ်ဘူးဗျ၊ ဦးဖိုးထူးနဲ့ကျုပ်နဲ့စတွေ့တာ ကျုပ်မိန်းမ အကြီးမကို ကိုယ်ဝန်မရချိန်ဆိုတော့ အခုအချိန်ထိဆိုရင် ခြောက်နှစ်လောက်ရှိမှာပေါ့ဗျနော်”

ဦးဖိုးထူးက လက်နှစ်ချောင်းထောင်ပြပြီး

“ငါ ဂန္ဓာရီလမ်းလိုက်နေတာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပြီ မောင်ရှိန်”

ကျုပ်ဖြင့်အံ့သြသွားတယ်။

“မအံ့သြပါနဲ့ကွာ၊ အဲဒီနှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း လူတစ်ယောက်ကိုမှ ငါမကုသပေးဖူးဘူးကွ၊ မင်းအခု ဂန္ဓာရီခရီးစတာ ဘယ်နှရက်ရှိသေးလို့လဲကွ၊ ဒါတောင်မှ ဗာလိစုန်းတိုက်လို့ သေနေတယ်ဆိုတဲ့လူကိုတောင် ရှင်အောင်ကုနိုင်ခဲ့တယ်မဟုတ်လား၊ ပြီးတော့ ဟိုဘီလူးသားအမိတွေလက်ထဲကနေ လွတ်ခဲ့သေးတယ်မဟုတ်လားကွ၊ ဘာပဲပြောပြော မင်းကိုငါအားကျပါတယ် မောင်ရှိန်ရာ”

ကျုပ်တောင် ဦးဖိုးထူးကိုအားနာမိသွားတယ်၊ နောက်ဆိုရင် ဦးဖိုးထူးအရှေ့မှာ ထူးဆန်းတာတွေသိပ်မလုပ်တော့ဘူးလို့လည်း စိတ်ထဲကနေတွေးမိတယ်ဗျ၊ ဒီအချိန်မှာပဲ ကျုပ်တို့ထမင်းစားနေတဲ့ မန်ကျည်းပင်ကြီးဆီကို ပုစွန်လုံးကြီးတွေ လမ်းလျှောက်လာပြီး ဝိုင်းအုံကြသဗျာ၊ ပုစွန်လုံးဆိုတာ ကျုပ်တို့အခေါ်ပေါ့၊ အောက်ပြည်ဘက်တော့ ကနန်းလို့ခေါ်မှာပေါ့ဗျာ၊ ပုစွန်လုံးတွေက တော်တော်ကြီးတာဗျ၊ တစ်ချို့တစ်ချို့ဆိုရင် လက်တစ်ဝါးမကလောက်အောင်ကိုကြီးတယ်ဗျာ၊ ဒီကောင်ကြီးတွေက အကောင်ငါးဆယ်လောက်တော့ အနည်းလေးရှိမယ်ဗျ၊ ဘေးတိုက်သွားရင်း ကျုပ်နဲ့ဦးဖိုးထူးအနားကို လှည့်ပတ်ရောက်လာကြတယ်။

“ကျွေးပါ၊ ကျုပ်တို့ကိုကျွေးပါ”

ပုစွန်လုံးတွေအော်တော့မှ ကျုပ်လည်းလန့်သွားတယ်ဗျ၊ သေချာကြည့်လိုက်တော့မှ ပုစွန်လုံးတွေရဲ့ ကျောဖက်အခွံမှာကြီးမှာ လူမျက်နှာတွေဗျ၊ လူပုံစံတွေကတော့ အစုံပါပဲဗျာ။ ကျုပ်ကိုမျှော်လင့်တကြီးနဲ့ ကြည့်နေကြတယ်။

“မင်းတို့ဘာကောင်တွေလဲ”

“ကျုပ်တို့ဒီနားမှာနေတာ နှစ်တွေကြာလှပါပြီဗျာ၊ ကျုပ်တို့ပြောတာဆိုတာတွေကို ဘယ်သူကမှ မကြားရပါဘူး၊ ဘုရားလေးသာ ကြားရတာပါ”

ကျုပ်နားထင်တွေတောင်ကြီးသွားတယ်ဗျ၊ ဒါနဲ့ ကိုယ့်ကိုယ်ကိုယ်လက်ညှိုးထိုးပြီး

“ဘုရားလေးတဲ့လား ခင်ဗျားတို့ ကျုပ်ကိုဘယ်လိုခေါ်လိုက်တာလဲ”

“ဟုတ်ပါတယ်ဘုရားလေးရာ၊ ကျုပ်တို့ကို ဘုရားလေးစားနေတဲ့ အစာနည်းနည်းလောက်ကျွေးစမ်းပါ၊ ကျုပ်တို့ဆာလှပြီဗျ”

ကျုပ်လည်း သနားလာတာနဲ့ လက်ထဲကိုင်ထားတဲ့ ထမင်းလုပ်ကို အဲဒီပုစွန်လုံးတွေအပေါ်ကို ကျဲချပေးလိုက်တယ်ဗျ၊ ပုစွန်လုံးတွေက ဝမ်းသာသွားတဲ့ပုံပါဗျာ၊ ထမင်းလုံးတွေကျလာတော့ ထမင်းလုံးတွေကိုအငမ်းမရလုယူပြီး စားသောက်ကြတော့တာပဲဗျ၊ ဒါပေမယ့် သူတို့စားတာကတစ်မျိုးဗျ၊ သူတို့ရဲ့လက်ချွန်ချွန်တွေနဲ့ ထမင်းလုံးကို ပွတ်တယ်ဗျ၊ ပွတ်ပြီးတော့ အဲဒီလက်ကိုလျှာနဲ့လျှက်ကြတာ၊ လျှာတွေပါပေမယ့် ထမင်းစေ့ကိုကောက်ပြီးလျှက်စားလိုက်ပါလားဗျာ၊ အခုတော့ လက်ချောင်းတွေက ထမင်းလုံးကိုပွတ်လိုက်၊ လျှာနဲ့လျှက်လိုက်နဲ့ဆိုတော့ ဒီထမင်းစေ့က ဘယ်ကုန်တော့မှာလဲဗျာ။

“တို့ကနန်း၊ ဆိတ်ကနန်းဆိုတာ ဒါကိုပြောတာကွ”

ဦးဖိုးထူးက ဘေးနားကဝင်ပြောတော့မှ ကျုပ်လန့်သွားမိတယ်။

“ဒီကောင်တွေကို ဦးဖိုးထူးလည်း မြင်ရတယ်လား”

“အေးပေါ့ကွ၊ ကနန်းကောင်တွေအစာစားတဲ့အခါ လက်နဲ့ကိုင်စားလို့မရဘူးကွ၊ ဒီလိုမျိုးအစာကို တို့တို့ပြီးစားရလို့ အစားအသောက်ကို နည်းနည်းပါးပါးပဲစားတဲ့သူဆိုရင် တို့ကနန်း၊ ဆိတ်ကနန်းစားတယ်လို့ တင်စားပြောကြတာပေါ့ဗျာ”

“ဟုတ်ပါ့ဗျာ၊ ဒီကောင်တွေလည်း ဒီအတိုင်းစားနေတာ၊ ထမင်းတစ်စေ့က တစ်နေကုန်တာတောင် ကုန်ပါ့မလားပဲဗျ”

“ပြိတ္တာဆိုတာ ဝဋ်ဒုက္ခခံနေရတဲ့ကောင်တွေကွ၊ ဒီကောင်တွေရဲ့ ဝဋ်ကလည်း ကြီးပါတယ်ကွာ၊ အစာကိုဒီလိုစားရတော့ ဘယ်ဝမှာလဲကွ”

ကျုပ်လည်းတော်တော်သနားသွားမိတယ်ဗျ၊ ဒါနဲ့စဉ်းစားရင်း အကြံတစ်ခုရသွားတယ်။

“ဟေ့လူတွေ၊ ခင်ဗျားတို့ပါးစပ်တွေကို မိုးပေါ်ကိုဟထားကြဗျာ၊ ကျုပ်က ထမင်းစေ့တွေကို ကျဲပက်ပေးမယ်၊ ဒီလိုဆိုရင် ထမင်းစေ့တွေက ခင်ဗျားတို့ပါးစပ်ထဲကိုဝင်ပြီးတော့ ခင်ဗျားတို့စားပြီးသားဖြစ်ရောပေါ့ဗျ”

ပုစွန်လုံးလူတွေလည်း ပါးစပ်တွေကိုဟပြီး ခံထားကြတယ်ဗျ၊ ကျုပ်လည်း ထမင်းထုပ်ထဲက ထမင်းလက်တစ်ဆုပ်ကိုနှိပ်၊ လက်ထဲနည်းနည်းဖွချေပြီးတော့ ဒီပုစွန်လုံးတွေအပေါ်ကို ဖြန့်ကျဲချလိုက်ပါရောဗျာ၊ ကျုပ်ပြောတဲ့နည်းက ဆိုးတော့မဆိုးဘူးဗျ၊ ဒီလူတွေပါးစပ်ထဲ ထမင်းစေ့တွေဝင်ကုန်တယ်၊ ထမင်းကလည်း မသိုးအောင် ခပ်မာမာစေးစေးကလေးချက်ထားတာဆိုတော့ ကံကောင်းတဲ့အကောင်ဆိုရင် ထမင်းသုံးလေးစေ့ဝင်တာပေါ့ဗျာ၊ ကျုပ်လည်း အားတက်သရောနဲ့ ထမင်းတွေကိုကျဲချနေမိတယ်ဗျ။ ဒီအခါ အနားကဖြတ်လာတဲ့လူနှစ်ယောက်က ကျုပ်ကိုကြည့်ပြီး

“ဟာ၊ ဒီအရူးကတော့ ထမင်းတွေကိုအလဟဿဖြစ်အောင်လို့ မြေပေါ်ကိုလျှောက်ကျဲနေပြန်ပြီ”

“လာစမ်းပါ အကိုကြီးရာ၊ ဒီလူကြည့်ရတာ ယဉ်ယဉ်ကလေးရူးနေပုံပဲဗျ၊ သူ့ဘေးက လူကြီးကျတော့ သွက်သွက်ခါအောင်ရူးနေတဲ့ အရူးကြီးနဲ့တူပြန်ရော”

“အရူးဆိုပေမယ့် ဝတ်ထားစားထားတာကတော့ သန့်ပါ့ကွာ၊ ဟား၊ ဟား”

ဘေးလူတွေကတော့ ကျုပ်ဘာလို့ထမင်းစေ့တွေ ဖြန့်ကျဲနေရသလဲဆိုတာကို မြင်ပုံမပေါ်ဘူးဗျ၊ ဒီလူနှစ်ယောက်ဖြတ်လျှောက်သွားပေမယ့် ခုနက ပုစွန်လုံးတွေကို မနင်းမိဘူးဗျ၊ ကျုပ်လက်ထဲက ထမင်းထုပ်လည်း တစ်စေ့မှမကျန်အောင်ဖြစ်သွားတော့တယ်။

“ကုန်ပြီဟေ့လူတွေ၊ ကျုပ်ထမင်းတွေကုန်ပြီနော်”

ပုစွန်လုံးတွေကြည့်ရတာ ပျော်နေကြတဲ့ပုံပဲဗျ၊ ပြီးတော့ ကျုပ်အနားတိုးလာပြီးတော့

“ဝမ်းသာလိုက်တာ ဘုရားလေးရာ၊ ကျုပ်တို့တစ်သက် တစ်ခါမှ ဒီလိုမျိုး၀၀လင်လင်မစားခဲ့ရဖူးဘူးဗျ၊ ဘုရားလေးနဲ့တွေ့မှ ကျုပ်ထမင်းစေ့ငါးစေ့ စားခဲ့ဖူးတယ်ဗျာ”

ပုစွန်လုံးတွေပျော်နေတာကြည့်ပြီး ကျုပ်တောင်မှ မျက်ရည်ကျချင်လာပါတယ်ဗျာ၊ ဘေးက ဦးဖိုးထူးကတော့ ခေါင်းတညိတ်ညိတ်နဲ့ဗျ။

“အခုလို ပြိတ္တာတွေကို ကူညီရတဲ့အကျိုးကြောင့် မင်းမြန်မြန်ဝိဇ္ဖာဖြစ်ပါစေလို့ ငါဆုတောင်းပါတယ် မောင်ရှိန်ရာ”

ဒီအချိန် ကျုပ်တို့စီးလာတဲ့ကားကြီးက ဟွန်းတွေတီးနေပြီဗျ၊ ကျုပ်တို့လည်း သောက်ရေအိုးထဲကရေကိုခပ်သောက်ပြီးတော့ ကားပေါ်ကိုအမြန်ပြေးတက်လာခဲ့တာပေါ့ဗျာ၊ တစ်ခုကောင်းတာက ကားပေါ်ကလူတွေက ကျုပ်တို့အပြုအမူတွေကိုမတွေ့လိုက်လို့ ရူးနေတယ်လို့မထင်ကြဘူးဗျ၊ နို့မို့ဆိုရင် အရူးတွေဆိုပြီး ကားပေါ်ကနေချသွားမှ ပြည်ကိုလမ်းလျှောက်သွားနေရအုံးမယ်မဟုတ်လားဗျာ၊ ခင်ဗျားတို့လည်းစဉ်းစားကြည့်လေဗျာ သစ်ပင်အောက်မှာထိုင်ပြီး ပါးစပ်ကနေစကားတွေတဖွဖွပြောရင်း လက်ကလည်း ထမင်းလုံးတွေမြေပေါ်ကိုဖြန့်ကျဲနေတဲ့လူတွေ့ရင် ခင်ဗျားတို့ရော အရူးလို့သတ်မှတ်ကြမှာပဲ မဟုတ်ဘူးလားဗျ။

(၃)

ဒီလိုနဲ့ကားကိုဆက်စီးလာရင်း တစ်နေရာရောက်တော့ ကားခေါင်းခန်းကနေ မီးခိုးတွေထွက်လာပြီးတော့ ကားက လမ်းဘေးမှာထိုးရပ်သွားတယ်ဗျ၊ မီးခိုးတွေလည်းအူလို့ပေါ့ဗျာ၊ ကားပေါ်ကခရီးသည်တွေလည်း ကြောက်ကြောက်လန့်လန့်နဲ့ဆင်းပြေးကုန်တယ်ဗျ။ ကျုပ်နဲ့ဦးဖိုးထူး ကားပေါ်ကဆင်းလိုက်တော့ ခရီးသည်တွေက အော်ကျယ်အော်ကျယ်နဲ့ပြောနေကြတယ်။

“ကားက ဘာဖြစ်တာလဲ”

“အပူလွန်ပြီးတော့ အင်ဂျင်ပူပြီး ရေတွေလည်းဆူကုန်လို့တဲ့”

ဟုတ်ရင်လည်းဟုတ်မှာဗျ၊ ကားခေါင်းခန်းကနေ မီးခိုးဖြူဖြူကြီးတွေ တအူအူတိုးထွက်နေသဗျ၊ ကားဒရိုင်ဘာတောင်မှ ကားစက်ကို လက်နဲ့မကိုင်နိုင်ဘူးဗျာ၊ ဒီလိုနဲ့ ကားက လမ်းဘေးနားမှာပဲ ရပ်နေတာပေါ့၊ စပယ်ယာကလေးကတော့ ခရီးသည်တွေကိုတောင်းပန်တယ်ဗျ။

“တောင်းပန်ပါတယ်ဗျာ၊ ကားက အပူလွန်နေလို့ အေးသွားအောင်ခဏတော့စောင့်ရမယ်”

ခရီးသည်တွေက ဘေးဘီကိုကြည့်ပြီး

“ဟာကွာ၊ ညနေစောင်းနေပြီကွ၊ ကားက ဒီအချိန်အပူလွန်မလား၊ နေ့လည်ကဆိုတော်သေးတာပေါ့၊ စောင့်နေရင်းနဲ့မိုးချုပ်သွားလို့ တော်ကြာငါတို့ နောက်ကျနေအုံးမယ်”

“ဒါတော့ကျုပ်လည်းမသိဘူးဗျာ၊ ခင်ဗျားတို့မစောင့်နိုင်ရင် တခြားကားနဲ့သာလိုက်ကြပေတော့”

“ဟာ၊ မင်းစကားကိုဒီလိုပြောလို့ရမလားကွ၊ ဒီလမ်းမှာ တခြားကားမှမရှိတော့တာပဲကွာ”

ခရီးသည်တွေလည်း စိတ်ပျက်လက်ပျက်နဲ့ ကားပေါ်ဆက်ထိုင်တဲ့လူကထိုင်၊ ကားလမ်းဘေးက သစ်ပင်အောက်မှာ ဆင်းထိုင်တဲ့လူကလည်း ထိုင်လို့ပေါ့ဗျာ၊ ကျုပ်နဲ့ဦးဖိုးထူးလည်း ကားလမ်းဘေးနားမှာ ဆင်းထိုင်ကြတယ်ဗျ၊ ခရီးသည်တစ်ချို့ကတော့ ချုံတိုးပြီး အပေါ့အပါးသွားနေသဗျ။

ခရီးသည်တွေ ကြောက်လည်းကြောက်ချင်စရာပဲဗျာ၊ အနားမှာက သုဿန်ကြီးတစ်ခုရှိတယ်ဗျ၊ မြေပုံမို့မို့တွေနဲ့ မှတ်တိုင်တွေကို အတိုင်းသားမြင်နေရတယ်၊ အုတ်ဂူ တစ်လုံးစ၊ နှစ်လုံးစလည်းရှိသေးရဲ့ဗျာ၊ ညနေစောင်းအချိန်မှာ ဟောဒီသုဿန်ကြီးဘေးနား ကားလာပျက်တယ်ဆိုတော့ လူတွေက ကြောက်ကြမှာပေါ့ဗျာ၊ ကားအင်ဂျင်ကတော့ မီးခိုးတွေထွက်နေဆဲပဲကိုးဗျ။

“ဟဲ့ကောင်တွေ”

အသံကြားလို့ ကျုပ်နဲ့ဦးဖိုးထူးလှည့်ကြည့်လိုက်တော့ မိန်းမကြီးတစ်ယောက်က ခါးထောက်ရင်း ကျုပ်တို့ကိုကြည့်နေသဗျ၊ သူက ကားလမ်းဘေး ရေမြောင်းအကျော် သုဿန်အစပ်နားမှာ မတ်တပ်ရပ်နေသဗျာ။

“ခင်ဗျားကျုပ်တို့ကိုခေါ်တာလား”

“အေးဟုတ်တယ်၊ နင်တို့ကိုခေါ်တာ”

“ခင်ဗျားကို ကျုပ်တို့မသိပါလားဗျ”

ကျုပ်လှည့်ကြည့်လိုက်တော့ ဦးဖိုးထူးကလည်း သူမသိဘူးဆိုပြီးတော့ ခေါင်းခါပြတယ်ဗျ၊ ဒီအဒေါ်ကြီးက ကျုပ်တို့ကိုလက်ညှိုးထိုးပြီးတော့

“နင်တို့ ငါနဲ့သုဿန်ထဲလိုက်ခဲ့ကြ၊ မလိုက်ခဲ့ဘူးဆိုရင် ဟောဒီခရီးသည်တွေအကုန်လုံး ဒုက္ခရောက်သွားမယ်မှတ်၊ ဟင်း ဟင်း”

ဦးဖိုးထူးက ကျုပ်ကိုလက်ကုပ်ပြီး

“မောင်ရှိန်ရေ၊ ဒီမိန်းမက သာမန်မဟုတ်ဘူးကွ၊ သူ့ဆီကနေ စုန်းအငွေ့အသက်တွေရနေတယ်”

ကျုပ်လည်းနားလည်လိုက်ပါပြီဗျာ၊ ဒါနဲ့ခေါင်းညိတ်လိုက်ရင်း

“ဒါဆိုရင် ခင်ဗျားက ကျန်ခဲ့တဲ့ရွာက သူကြီးသမီးကို ပြုစားထားတဲ့ စုန်းမကြီးများလား”

“ဟုတ်တယ်၊ ငါ့အလုပ်ကို နှောင့်ယှက်သွားတဲ့ နင်တို့နှစ်ကောင်ကို မကျေနပ်လို့ ဒီကနေ စောင့်နေတာပဲ”

“ဒါဆို ကားကိုလုပ်တာခင်ဗျားပေါ့”

မိန်းမကြီးက မျက်နှာထားတည်တည်နဲ့

“ဟုတ်တယ်၊ မင်းတို့ငါနဲ့လိုက်ခဲ့ရမယ်၊ မင်းတို့နဲ့စာရင်းရှင်းမပြီးမချင်း ဒီလူတွေအကုန် ဒီကနေမထွက်ရဘူးမှတ်”

ကျုပ်က ဦးဖိုးထူးကိုလှည့်ကြည့်လိုက်ပြီးတော့

“ခင်ဗျားပြုစားထားတာကိုဖျက်လိုက်တာ ကျုပ်ပဲ၊၊ ဒီတော့ ခင်ဗျားခေါ်ချင်ရင် ကျုပ်ကိုပဲခေါ်ပါ၊ ဒီက ခရီးသည်တွေနဲ့ ဘာမှမပတ်သက်ဘူး”

“နင်တို့လိုက်မှာလားမလိုက်ဘူးလား ဒါပဲပြော”

ဦးဖိုးထူးက ကျုပ်လက်ကိုဆွဲရင်း

“လိုက်ဆိုလည်း လိုက်သွားတာပေါ့ မောင်ရှိန်ရာ၊ ဒီမိန်းမက ခရီးသည်တွေကိုပြုစားလို့ ခရီးသည်တွေ ဒုက္ခရောက်ကုန်ပါအုံးမယ်ကွ”

ဦးဖိုးထူးပြောတာနဲ့ ကျုပ်လည်း လိုက်သွားတာပေါ့ဗျာ၊ မိန်းမကြီးက ကျုပ်တို့အရှေ့ကနေ ဘောက်ဆတ်ဆတ်နဲ့လမ်းလျှောက်ရင်း သုဿန်ထဲကိုဝင်သွားသဗျ၊ ကျုပ်တို့လိုက်လာရင်း သုဿန်အလယ်နားက သစ်ပင်ကြီးတစ်ပင်အနားကိုရောက်သွားပါရော၊ သစ်ပင်ကြီးက အုပ်အုပ်ဆိုင်းဆိုင်းနဲ့ဗျ၊ ကျုပ်နဲ့ဦးဖိုးထူး သစ်ပင်အနားမှာရပ်လိုက်တယ်ဆိုရင်ဘဲ သစ်ပင်အနောက်ကွယ်က လူတစ်ယောက်ထွက်လာသဗျ။ လူဆိုပေမယ့် အရိုးပေါ်အရေတင်ဗျ၊ အသားအရည်တွေဆိုရင်လည်း ခြောက်သလောင်းနေတာပဲ၊ ဆံပင်တွေဆို ဟိုတစ်ကွက်၊ ဒီတစ်ကွက်နဲ့ပေါ့ဗျာ၊ နှာခေါင်းထိပ်ဖျားက မရှိတော့ဘဲ နှာခေါင်းခွက်ခွက်နဲ့ဗျ၊ လူဆိုပေမယ့် လူသေကောင်ကြီးနဲ့ တူပါတယ်ဗျာ။ အဲဒီလူသေကောင်က ကျုပ်တို့ကိုလက်ညှိုးထိုးရင်း

“ဒီလူတွေလား၊ ငါ့ရဲ့ ရွှေမှုန်လေးကို ပြန်ကုပေးတယ်ဆိုတာ ဒီလူတွေလား”

မိန်းမကြီးက ခါးထောက်ရင်း

“ဟုတ်ပါ့တော်၊ ဒီလူနှစ်ယောက်ထဲက ဟောဟိုက သူငယ်ကလေးက လုပ်တာတဲ့တော့”

လူသေကောင်ကြီးက ကျုပ်ကိုကြည့်တယ်ဗျ။

“ဟေ့ကောင်၊ ရွှေမှုန်ကို အသက်ပြန်သွင်းပေးတာ မင်းလားကွ”

ကျုပ်လည်း ခေါင်းညိတ်လိုက်ပြီး

“ရွှေမှုန်တွေ၊ ငွေမှုန်တွေကျုပ်မသိဘူး၊ ကျုပ်သိတာက အသက်အန္တရာယ်ဖြစ်နေတဲ့ မိန်းကလေးကို ကယ်တင်လိုက်တာ၊ ကျုပ်ဒါပဲသိတယ်”

“အောင်မာ၊ ရုပ်ကိုက အရူးတွေလိုလိုနဲ့ကောင်ကများ၊ မင်းတို့ကိုယ်မင်းတို့ သိပ်စွမ်းနေပြီလို့ ထင်နေကြတယ်ပေါ့၊ ဟဲ့ မယ်သင်၊ ဒင်းတို့ကို ငါတို့ဗာလိစုန်းတွေ ဘယ်လောက်စွမ်းတယ်ဆိုတာ ပြလိုက်စမ်းဟေ့”

ဟိုမိန်းမကြီးနာမည်က မယ်သင်တဲ့ဗျ၊ ဒီလူသေကောင်ကြီးက အမိန့်ပေးတာနဲ့ မယ်သင်ဆိုတဲ့မိန်းမက သူ့လက်သီးကိုဆုပ်လိုက်ပြီး လက်သီးဆုပ်ကို ပါးစပ်နားကပ်ပြီး မန်းမှုတ်ပါရောဗျာ၊ ပြီးတော့ လက်သီးဆုပ်ကိုပြန်ဖွင့်လိုက်တဲ့အခါ အထဲမှာ အစိမ်းရောင်အမှုန့်တွေက အပုံလိုက်ရှိနေသဗျ၊ အဲဒီအမှုန့်တွေကို လေနဲ့မှုတ်ထုတ်လိုက်တော့ အမှုန့်တွေက ကျုပ်တို့ဆီကို တန်းတန်းမတ်မတ် ပျံလာသဗျ။ ဦးဖိုးထူးက သူ့နှာခေါင်းကို သူ့လက်ဖျံနဲ့အုပ်ရင်း

“မောင်ရှိန်ရေ၊ ဗာလိစုန်းဆိုတာ လူကိုမူးဝေ၊ ယစ်မူးအောင်၊ ထိုင်းမှိုင်းအောင် ပြုစားတတ်သတဲ့ကွ၊ ဒီအမှုန့်တွေကို မင်းမရှူနဲ့”

ဦးဖိုးထူးပြောတာ နောက်တောင်ကျနေပါသေးတယ်ဗျာ၊ အမှုန်တွေက ကျုပ်နှာခေါင်းထဲကို ဝင်ကုန်တယ်ဗျ၊ အမှုန်တွေဝင်ပြီးမကြာခင်မှာ ကျုပ်ခေါင်းတွေလေးလာတယ်၊ ခေါင်းတစ်ခုလုံး ချာချာလည်အောင်ဖြစ်ပြီး ခေါင်းမူးလာတာနဲ့ ကျုပ်လည်း မြေကြီးပေါ် ဒူးတစ်ဖက်ထောက်ပြီး ထိုင်ချလိုက်မိတော့တယ်။

မယ်သင်နဲ့ လူသေကောင်ကြီးက ရယ်လို့ပေါ့ဗျာ။

“ဟား၊ ဟား သူများကိုသာ ဆရာကြီးလုပ်ပြီဝင်ကယ်တတ်တာ၊ ကိုယ့်ကိုယ်ကိုယ်ကျတော့ မကာကွယ်တတ်ပါလားကွ”

ကျုပ်ခေါင်းတွေမူးဝေနေပေမယ့် အသိစိတ်ကိုစုစည်းလိုက်ပြီး စိတ်ကိုတည်ငြိမ်အောင်ပြန်ကြိုးစားရတယ်ဗျ၊ သိပ်မကြာခင်မှာပဲ ကျုပ်ခေါင်းတွေပြန်ပြီးကြည်သွားတာနဲ့ ကျုပ်လည်းမတ်တပ်ပြန်ရပ်လိုက်တယ်၊ ကျုပ်မတ်တပ်ပြန်ရပ်လိုက်တော့ မယ်သင်နဲ့လူသေကောင်ကြီးက သိပ်ကိုအံ့သြသွားသဗျ။

“အောင်မယ်၊ ဒီကောင့်အစွမ်းက မသေးပါလားကွ၊ မယ်သင်ရေ၊ ဒီတစ်ခါတော့ ခပ်ပြင်းပြင်းကလေး လုပ်လိုက်စမ်းဟေ့”

မယ်သင်က လက်နှစ်ဖက်ကိုလက်အုပ်ချီပြီး နဖူးအနားကပ်ရင်း ပါးစပ်က တတွတ်တွတ်ရွတ်တယ်ဗျ၊ ပြီးတော့ လက်ကို လက်သီးဆုပ်ပုံလုပ်လိုက်တယ်၊ ဘယ်တစ်ဖက်၊ ညာတစ်ဖက် လက်သီးဆုပ်လုပ်ပြီး လက်ကိုဖြန့်လိုက်တယ်ဆိုရင်ပဲ လက်ထဲမှာအဖြူမှုန့်တွေအများကြီး တွေ့လိုက်ရပါရောဗျာ။

“စုန်းရိုး၊ ဖုတ်ရိုး၊ လူသေရိုးတဲ့ဟေ့ နင်တို့ခံနိုင်ရင်ခံကြစမ်း”

မယ်သင်က အော်ဟစ်ပြီး လက်ထဲကအဖြူမှုန့်တွေနဲ့ လှမ်းပက်တာပဲဗျာ၊ ပတ်ဝန်းကျင်တစ်ခွင်လုံးကို အဲဒီအမှုန့်တွေက ပြန့်ကျဲသွားတယ်ဗျ၊ နောက်တော့ မြူတွေလိုလိုမှုန်မှုန်ကြီးဖြစ်သွားပြီးတော့ အဲဒီမြူမှုန်တွေကြားမှာ ဝိညာဉ်တွေလို ဖြူဖြူအကောင်ကြီးတွေ မြင်တွေ့လိုက်ရတော့တာပါပဲ၊ အဲဒီအကောင်ကြီးတွေက ကျုပ်ဆီကိုပြေးလာတယ်ဗျ၊ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတာနဲ့ ညာဘက်လက်နဲ့ကာထားလိုက်တယ်၊ ကျုပ်ဆီပြေးလာတဲ့ အကောင်ကြီးတွေက ညာဘက်လက်အနားရောက်တော့ ကြောက်လန့်တကြားအော်ဟစ်ပြီး ပြန်ပြေးထွက်သွားကြသဗျာ၊

ဒါပေမယ့် ဒီအကောင်ကြီးတွေက ဦးဖိုးထူးကိုယ်ထဲကို ပြေးဝင်ကြသဗျာ၊ ဦးဖိုးထူးကိုယ်လုံးထဲကို ထိုးဖောက်ပြီးတော့ တစ်ကောင်ပြီးတစ်ကောင်ဝင်နေကြတယ်၊ ဦးဖိုးထူးလည်း အသံပြဲကြီးနဲ့အော်တော့တာပဲဗျာ၊ ကျုပ်အထင်ဆယ်ကောင်လောက်ဝင်ပြီးတော့ ဦးဖိုးထူးတစ်ယောက် မြေကြီးပေါ်ကို ဘိုင်းခနဲလဲကျသွားပါရော။

“ဟား၊ ဟား သေပြီ၊ နင်မထိပေမယ့် နင့်လူကိုထိသွားပြီ၊ နင့်လူသေပြီဟ”

မယ်သင်က အသံနက်ကြီးနဲ့ အားပါးတရအော်တယ်ဗျ။ ကျုပ်လည်းစိတ်ပူသွားပြီးတော့ ဦးဖိုးထူးကိုပြေးပွေ့လိုက်တာပေါ့ဗျာ။

“ဦးဖိုးထူး၊ ဦးဖိုးထူး သတိထားပါအုံးဗျာ”

ဦးဖိုးထူးက ဇက်ကျိုးကျနေသဗျ၊ မျက်လုံးကိုဖွင့်ကြည့်တော့ မျက်သားအနက်ရောင်မတွေ့ရတော့ဘဲ အဖြူရောင်ချည်းပဲရှိတော့တယ်ဗျို့၊ သူ့နှာခေါင်းအနားကိုစမ်းကြည့်တော့ ဝင်သက်ထွက်သက်မရှိတော့ဘူးဗျ။ ကျုပ်လည်း မယ်သင်ဘက်ကိုလှည့်လိုက်ပြီးတော့

“ခင်ဗျားတို့ဘာလုပ်လိုက်တာလဲဗျ”

“သူကြီးသမိးကို လုပ်သလိုလုပ်ခဲ့တာပေါ့၊ ဒီစုန်းနည်းက စုန်းရိုး၊ ဖုတ်ဝင်ခဲ့ဖူးတဲ့လူရဲ့အရိုး၊ အစိမ်းသေနဲ့သေဆုံးသွားတဲ့ လူရဲ့အရိုး အရိုးသုံးမျိုးကိုရှာပြီး အမှုန့်ကြိတ်ထားတဲ့ သုံးမျိုးစပ်အရိုးမှုန့်ပေါ့၊ ဒီအရိုးမှုန့်ဒဏ်ကို ခံရတဲ့လူက ကြိမ်းသေပေါက်သေမှာပဲ”

လူသေကောင်ကြီးက အရှေ့ကိုတိုးလာရင်း

“သေရုံတင်ဘယ်ကမလဲ၊ သေပြီးရင် ငါတို့လိုချင်တာကို လုပ်ခိုင်းလို့ရပြီလေကွာ”

ကျုပ်အံ့သြပြီးတော့ ဦးဖိုးထူးကိုကြည့်လိုက်မိတယ်ဗျ၊ ဒီအချိန် ဦးဖိုးထူးမျက်ခွံတွေက ဆတ်ခနဲပွင့်လာသဗျ၊ ပြီးတော့ ဦးဖိုးထူးက ဘာမပြောညာမပြောနဲ့ ကျုပ်လည်ပင်းကို သူ့လက်နှစ်နဲ့ဆုပ်ကိုင်ပြီး လည်စိကိုလက်မနဲ့တအားထိုးထည့်ပြီး ညှစ်လိုက်တာပါပဲဗျာ၊ ရုတ်တရက်ဆိုတော့ ကျုပ်မျက်လုံးတွေတောင်ပြာဝေသွားတယ်ဗျ၊ ကျုပ်လည်း ဦးဖိုးထူးရင်ဘတ်ကို အားကုန်တွန်းလိုက်ပေမယ့် လည်ပင်းအညှစ်ခံရလို့ အောင့်သွားပြီး မြေပေါ်ကိုမှောက်ခုံကြီး လဲကျသွားပါရော။ ဦးဖိုးထူးက ကျုပ်ကျောပေါ်ကိုခုန်တက်သဗျ၊ ပြီးတော့ ကျုပ်လည်မြိုကို သူ့လက်နှစ်ဖက်နဲ့ အတင်းညှစ်ပါရောဗျာ။

“ဦးဖိုးထူး၊၊ ကျုပ်လေဗျာ၊ ကျုပ် . . . ကျုပ်”

ကျုပ်အတင်းအော်ပေမယ့်လည်း လည်ပင်းအစ်လာလို့ လှုပ်မရတော့ဘူးဗျ၊ ဒါနဲ့ ကျုပ်လက်နဲ့ဦးဖိုးထူးရဲ့လက်တွေကို ပြန်ဆွဲတာပေါ့ဗျာ၊ ဒီအချိန် ကျုပ်ညာဘက်လက်က ပုတီးကုံးလေးက ဦးဖိုးထူးလက်နဲ့ထိတော့ ဦးဖိုးထူးတစ်ယောက် လက်တွေတုန်သွားပြီး သူ့လက်ကိုအတင်းရုန်းထွက်လိုက်တာပါပဲ၊ ကျုပ်လည်း သိသွားပြီလေဗျာ၊ ဒါနဲ့ကျုပ်ကိုယ်ပေါ်တက်နေတဲ့ ဦးဖိုးထူးကိုခွာချပြီးတော့ အတင်းကုန်းထလိုက်တယ်၊ ဦးဖိုးထူးကလည်း ကျုပ်ဆီကိုပြေးလာပြန်ပါရော၊ ကျုပ်လည်း ညာလက်က ကိုးလုံးပုတီးကလေးကိုချွတ်ပြီးတော့ လက်နဲ့အသာအုပ်ကိုင်ပြီး ဦးဖိုးထူးဆီခုန်ဝင်လိုက်ပြီးတော့ သူ့ငယ်ထိပ်ကိုပုတီးနဲ့ဖမ်းအုပ်ထားလိုက်တာပေါ့ဗျာ။

ဦးဖိုးထူးကိုယ်လုံးက ဓါတ်လိုက်သလို တဆတ်ဆတ်တုန်နေတယ်ဗျ၊ အံကိုလည်းကြိတ်လို့ပေါ့ဗျာ၊ ကျုပ်လည်းအံကြိတ်ပြီးတော့

“ထွက်၊ မင်းတို့ကောင်တွေအကုန်လုံးထွက်၊ မင်းတို့လာတဲ့လမ်းကို ပြန်ကြစမ်းကွာ”

ကျုပ်အမိန့်ပေးလိုက်တဲ့အချိန် ဦးဖိုးထူးက ဒူးထောက်လျှက်သား ထိုင်ကျသွားပြီးတော့ ပါးစပ်ကိုဟတယ်ဗျ၊ သူ့ပါးစပ်ထဲကနေ အဖြူကောင်တွေက အလျှင်အမြန်ပြေးထွက်တာကို မြင်လိုက်ရတယ်၊ ဒီအကောင်တွေ ဦးဖိုးထူးကိုယ်ထဲက ထွက်ပြီးတာနဲ့ မယ်သင်ဆိုတဲ့မိန်းမကြီးဆီကိုပြေးတော့တာပဲဗျာ၊ မယ်သင်က လက်ကာကာခြေကာကာလုပ်ပြနေတုန်း ဝိညာဉ်အဖြူကောင်တွေက မယ်သင်ရဲ့ကိုယ်လုံးထဲကို အတင်းတိုးဝင်ကြတာပဲဗျာ၊ မယ်သင်တစ်ယောက် တော်တော်လန့်နေပုံရတယ်ဗျ၊ နောက်တော့ သူ့လည်ပင်းကိုသူညှစ်ပြီး ဟပ်ထိုးလဲကျသွားပါရောဗျာ။

(၄)

မယ်သင်က မြေကြီးမှာလူးလွန့်နေသဗျ၊ လူသေကောင်ကြီးကလည်း ကြောက်ကြောက်လန့်လန့်နဲ့ မယ်သင်ကိုပြေးဆွဲပါရောဗျာ။

“မယ်သင်၊ ညည်းသေလို့မရဘူး၊ ညည်းသေလို့မဖြစ်ဘူး”

မယ်သင်လည်း လူးလွန့်ရင်းနဲ့ ခဏကြာတော့ ငြိမ်ကျသွားတယ်ဗျ၊ လူသေကောင်ကြီးက ဒေါသတကြီးနဲ့မတ်တပ်ရပ်လိုက်ပြီးတော့

“မင်း၊ မင်း မယ်သင်ကိုသတ်လိုက်ပြီ”

“အိုဗျာ၊ ကျုပ်သတ်တာမဟုတ်ဘူး၊ သူ့လက်နက်သူ့ပြန်ထိတာလေဗျာ၊ ခင်ဗျားတို့စုန်းတွေက သူများကိုကျတော့လုပ်ချင်တယ်၊ ကိုယ့်လက်နက်ကိုယ်ကျတော့ မကာကွယ်နိုင်ကြဘူးလား”

ဦးဖိုးထူးလည်း သတိရလာတယ်ဗျ၊ နောက်တော့ သူ့တောင်ဝှေးကိုင်ပြီး လူသေကောင်ကြီးဆီကို ပြေးဝင်သွားတယ်၊ လူသေကောင်ကြီးကို သူ့တောင်ဝှေးနဲ့ရိုက်တော့ လူသေကောင်ကြီးက နာလို့အော်ပါရောဗျာ၊ ဒီလိုနဲ့ လူသေကောင်ကြီးနဲ့ ဦးဖိုးထူးတို့က ဘတစ်ပြန်ကျားတစ်ပြန် တိုက်ကြခိုက်ကြပါရော။

ဒါပေမယ့် ဦးဖိုးထူးဘယ်လောက်ရိုက်ရိုက် လူသေကောင်ကြီးက သေတယ်ဆိုတာမရှိဘူးဗျ၊မြေပေါ်ကိုလဲကျပေမယ့်လည်း ပြန်ပြန်ထထလာတယ်ဗျ၊ ဦးဖိုးထူးကလည်း သို်င်းတတ်ပုံရတယ်ဗျ၊ လူသေကောင်ကြိးကို တောင်ဝှေးနဲ့လွှဲလွှဲရိုက်တာဗျာ၊ တစ်ခါတော့ လူသေကောင်ကြီးရဲ့ လည်ပင်းကိုတုတ်နဲ့ဝိုက်ပြီး ရိုက်ထည့်လိုက်တာ အားဘယ်လောက်ပြင်းသလဲဆိုရင် လူသေကောင်ကြီးရဲ့ ဦးခေါင်းကြီးပြတ်ထွက်သွားပြီး ခပ်လှမ်းလှမ်းမှာ သွားကျပါရောဗျာ၊ ဒီအခါ ကျန်ခဲ့တဲ့ကိုယ်လုံးကြိးက အဲဒီခေါင်းကြီးဆီကို လမ်းလျှောက်သွားပြီး ခေါင်းကိုလက်နှစ်ဖက်နဲ့ကောက်ပြီး လည်ပင်းမှာပြန်ဆက်လိုက်တယ်ဗျ၊ ပြီးတော့ ဦးဖိုးထူးနဲ့ ပြန်ပြီးတိုက်ခိုက်ကြပါရော။

တိုက်တာအချိန်ကြာလာတော့ ဦးဖိုးထူးက မောလာတယ်ဗျ၊ လူသေကောင်ကတော့ ဘယ်လိုမှကိုမနေဘူးဗျာ၊ ဦးဖိုးထူးက ကျုပ်အနားကိုခုန်ပေါက်လာရင်း

“မောင်ရှိန်ရေ၊ ဒီလူသေကောင်က မဟာဗာလိစုန်းပဲကွ၊ သူ့ကိုဘယ်လိုမှသတ်သတ်၊ သတ်လို့မသေအောင် လုပ်ထားပုံရတယ်၊ တို့တစ်နည်းနည်းနဲ့ စဉ်းစားဖို့လိုသကွ”

လူသေကောင်ကြီးက အသံနက်ကြီးနဲ့အောြ်ပီး ပြေးလာပြန်ရောဗျာ၊ ဦးဖိုးထူးကလည်း ကျုပ်အရှေ့ကာနေကာကွယ်ပေးရင်း တိုက်ခိုက်ပြန်ပါရော၊ ကျုပ်ဘေးပတ်ဝန်းကျင်ကိုလှည့်ကြည့်ရင်း စဉ်းစားနေမိတယ်၊ ဒီလူသေကောင်ကြီးက အပင်နောက်ကထွက်လာတာဆိုတော့ ဒီအပင်နဲ့များ တစ်ခုခုဆိုင်နေမလားလို့တွေးမိပြီး အပင်ကြီးဆီကိုပြေးလာခဲ့တာပေါ့ဗျာ၊ နောက်တော့ လက်ထဲက ကိုးလုံးပုတီးကွင်းနဲ့ သစ်ပင်ကြီးရဲ့ အခေါက်ကိုထိလိုက်တော့ လူသေကောင်ကြီးက အားခနဲအော်ပြီး တစ်ချက်တွန့်သွားတာကိုတွေ့လိုက်ရတယ်။

“ဟုတ်ပြီ၊ ဒီအပင်နဲ့တော့ တစ်ခုခုဆိုင်နေပါပြီ”

ဒါနဲ့ကျုပ်လည်း သစ်ပင်ကြီးရဲ့အခေါက်မှာ ပုတီးကုံးကိုဖိထားလိုက်တာ အချိန်ခဏကြာတော့ သစ်ပင်ကြီးက တဖြည်းဖြည်းလှုပ်ခတ်လာပြီးတော့ သစ်ပင်ထိပ်နဲ့ကိုင်းဖျားတွေမှ မီးတွေစွဲလောင်ကုန်ပါရောဗျာ၊ လူသေကောင်ကြီးကတော့ ဦးဖိုးထူးကို ထပ်ပြီးမတိုက်ခိုက်နိုင်တော့ဘဲ တစ်ယောက်တည်းမြေပြင်မှာ ဘယ်ပြန်ညာပြန်လှိမ့်လူးရင်း အော်ဟစ်နေပါရော၊ နောက်တော့ သစ်ပင်ကြီးက မီးတွေစွဲလောင်ပြီး လှုပ်ယမ်းခါလာတာနဲ့ ကျုပ်လည်း ဦးဖိုးထူးအနားကိုပြန်ပြေးသွားလိုက်တယ်၊ သစ်ပင်ကြီးက ဘယ်ညာယိမ်းပြီးတော့ နောက်ဆုံး ဝုန်းခနဲ မြေပြင်ပေါ်ကိုလဲကျသွားပါရောဗျာ၊ လူသေကောင်ကြီးလည်း ဒီတော့မှငြိမ်သွားတယ်ဗျ၊ ဦးဖိုးထူးက တုတ်နဲ့ထိုးတာတောင်မှ တုတ်တုတ်မလှုပ်တော့ဘူးဗျို့။

“ငါ့အထင် သစ်ပင်ကြီးနဲ့ ဒီလူသေကောင်ကြီးနဲ့က တစ်ခုခုဆက်စပ်နေပုံရတယ် မောင်ရှိန်ရေ”

“ဟုတ်မယ်ဗျ၊ ကျုပ်လည်းဘာလုပ်ရမှန်းမသိတာနဲ့ သစ်ပင်ကြီးအနောက်က ဒီလူသေကောင်ကြီးထွက်လာတာမို့လို့ သစ်ပင်ကြီးကိုထိလိုက်မိတာဗျ”

“မင်းဆုံးဖြတ်ချက်မှန်ပါတယ် မောင်ရှိန်ရာ၊ မင်းသာမလုပ်နိုင်ရင် ငါတော့သေမှာကွ၊ အခုတောင် ဒီကောင်ကြီးနဲ့တိုက်ရတာ တော်တော်မောနေပြီဟ”

“ကဲလာဗျာ၊ ကိစ္စတွေလည်းပြီးပြီဆိုတော့ ကားထွက်သွားပြီလားလို့ သွားကြည့်တာပေါ့ဗျာ”

ကျုပ်တို့ကားဆီကိုပြန်လာတော့ ကားဒရိုင်ဘာက ကားအင်ဂျင်ကိုဖြုတ်ရင်းအလုပ်ရှုပ်နေသဗျာ၊ ခရီးသည်တွေလည်း ငြီးတွားနေကြပြီ၊ မှောင်ကလည်း အတော်မှောင်နေပြီဗျ၊

“အခုထိ ကားကပြန်မကောင်းသေးဘူးလားဗျာ”

“ဟုတ်တယ်၊ ကားက ဘာဖြစ်မှန်းမသိဘူး၊ အဲဒါနည်းနည်းပါးပါး တတ်သလောက်ဖြုတ်ကြည့်နေတာဗျ၊ ဒီအတိုင်းဆိုရင်တော့ နက်ဖြန်မနက်ပိုင်းထွက်လာတဲ့ကားနဲ့ ခင်ဗျားတို့လမ်းကြုံလိုက်သွားရတော့မယ်ထင်ပါ့”

ဒရိုင်ဘာကလည်း ညည်းတယ်ဗျ၊ ကျုပ်လည်း ကားအင်ဂျင်အနားကိုကပ်လာခဲ့ရင်း ဟိုဟိုဒီဒီကြည့်နေမိတယ်။

“ခင်ဗျားလက်ထဲက ကိုင်ထားတဲ့ဂွကို ကျုပ်ကိုပေးဗျာ”

ကျုပ်တောင်းလိုက်တော့ ဒရိုင်ဘာနဲ့စပယ်ယာက ကျုပ်ကိုအထူးအဆန်းနဲ့ကြည့်တယ်ဗျ။

“ဟေ့လူ ခင်ဗျားဘာတွေလျှောက်လုပ်မလို့လဲ”

“ကျုပ်စိတ်ထဲတော့ အခုပျက်နေတဲ့ကားစက်အင်ဂျင်ကို ပြင်နိုင်မယ်ထင်တာပဲဗျ”

“ခင်ဗျားမဟုတ်တာတွေ လျှောက်မပြောနဲ့နော်၊ ကျုပ်ကားမောင်းလာတာ ဆယ်နှစ်မကတော့ဘူးဗျ၊ ကျုပ်ပြင်တာတောင်မရတာ ခင်ဗျားက ဘာမို့လို့လဲ”

ခရီးသည်တွေလည်း ဒရိုင်ဘာနဲ့ကျုပ်နဲ့ စကားပြောနေတာကိုကြားတော့ ရန်ဖြစ်နေတယ်ထင်ပြီး စုပြုံလာကြပါရောဗျာ၊ စပယ်ယာကလည်း ကျုပ်ကိုငေါက်သဗျ။

“ခင်ဗျားရူးနေလား၊ ခင်ဗျားနဲ့ဘာဆိုင်လို့ဝင်ပြောတာလဲဗျ ခင်ဗျားမတတ်တခေါက်နဲ့ လျှောက်လုပ်တော့မှ ကားအင်ဂျင်ပိုပျက်စီးသွားပြီး ပြင်မရရင် ခင်ဗျားလျော်မှာလား”

ကျုပ်ဘာမှပြန်မပြောပါဘူးဗျာ၊ စပယ်ယာကလည်း

“ခင်ဗျားရုပ်ကြည့်ရတာ လျှော်နိုင်တဲ့ပုံလည်းမရှိဘဲနဲ့ဗျာ”

ကျုပ်လည်း နည်းနည်းတော့ စိတ်တိုလာတယ်ဗျ၊ စပယ်ယာက ကျုပ်ကို အယုတ္တအနတ္တတွေဆဲသေးသဗျ။

“ဟေ့၊ ငါ့နာမည် အောင်ရှိန်ကွ၊ မင်းတို့ကိုငါတစ်ခုပဲပြောမယ်၊ မင်းတို့ငါ့ကို အဲဒီဂွပေးလိုက်ရင် ရှေ့ကမြို့ကို ညတွင်းချင်းရောက်နိုင်သကွ၊ မပေးရင်တော့ မနက်ဖြန်မနက်လာမယ့်ကားနဲ့ တိုးတိုးကြိတ်ကြိတ်လိုက်သွားရလိမ့်မယ်”

ဒီအခါ ဘေးကကြည့်နေတဲ့ခရီးသည်တွေက

“အောင်ရှိန်ဆိုတာတကယ်လား”

“မနေ့က လူသေကိုတောင် ပြန်ထအောင်ကုနိုင်ခဲ့တဲ့ ဆရာအောင်ရှိန်ဆိုတာခင်ဗျားလား”

ကျုပ်ဘာမှမပြောရသေးခင် ဦးဖိုးထူးက

“အစစ်ပေါ့ဗျာ၊ ဝိဇ္ဇာလမ်းစဉ်လိုက်ပြီး ခုနစ်ရက်သားသမိးတွေကိုကယ်တင်ဖို့ ဂန္ဓာရီလမ်းလျှောက်နေတဲ့ အောင်ရှိန်ဆိုတာ သူပဲ”

ခရီးသည်တွေတော်တော်များမျာကျုပ်ကို အားကိုးတကြီးနဲ့ကြည့်ကြပါရောဗျာ၊ ဒီတော့မှ စပယ်ယာက ကျုပ်ကိုတောင်းပန်ပြီး သူ့လက်ထဲက ဂွတစ်ချောင်းကိုပေးတယ်ဗျ၊ ကျုပ်လည်း အဲဒီဂွကိုယူပြီးတော့ သူတို့ဖြုတ်ထားတဲ့အစိတ်အပိုင်းတွေကို တစ်ခုချင်းစီပြန်ကောက်တတ်တာပေါ့ဗျာ၊ ကျုပ်ဘယ်လိုလုပ် တပ်တတ်နေသလဲဆိုတာကို ကျုပ်ကိုယ်တိုင်တောင် မသိပါဘူးဗျာ၊ လက်က သူ့အလိုလိုပဲ အလိုအလျှောက်တပ်နေရင်း ဆယ်မိနစ်လောက်ကြာတော့ အားလုံးပြန်တပ်ပြီးဖြစ်သွားတယ်ဗျ၊ ဂွနဲ့ ကားအင်ဂျင်စက်ဖုံးကို သုံးလေးချက်ခေါက်လိုက်ပြီးတော့

“ကဲရပြီ၊ မင်းတို့စက်နှိုးကြည့်ကြစမ်း”

ဒရိုင်ဘာက မယုံမကြည်နဲ့ ကားပေါ်ပြေးတက်သွားတယ်ဗျ၊ ပြီးတော့ ကားစက်ကိုနှိုးလိုက်တော့ ထူးဆန်းစွာပဲဗျာ၊ ကားအင်ဂျင်စက်နိုးသွားပါရော၊ စပယ်ယာဆိုရင် ပါးစပ်ကြီးကိုပြဲလန်လို့ဗျ၊ နောက်တော့မှ သတိဝင်ပြီး ကျုပ်ကိုလက်အုပ်ချီပြီး ဖင်ပူးတောင်းထောင်ကာ ကန်တော့တော့တာပဲဗျာ။

“မသိလို့ပါ ဘိုးတော်ကြီးရာ၊ မှားတာရှိရင်ခွင့်လွှွတ်ပါ၊ ကျုပ်တောင်းပန်ပါတယ်”

စပယ်ယာကန်တော့တော့ ခရီးသည်တွေလည်း ကျုပ်ကိုထိုင်ပြီးကန်တော့ကြတာပဲဗျာ၊ ဒရိုင်ဘာလည်း ကားပေါ်ကဆင်းလာပြီးကန်တော့ရှာတယ်၊ ကျုပ်ဖြင့်တော်တော်လန့်နေတာပေါ့ဗျာ။

“ဟာ၊ မလုပ်ကြပါနဲ့၊ ကျုပ်ကိုမကန်တော့ကြပါနဲ့”

ကျုပ်ပြောပေမယ့် လူတွေက ပြောမရတော့ပါဘူးဗျာ၊ ဒါနဲ့ ကျုပ်ဘေးနားမှာရပ်နေတဲ့ ဦးဖိုးလူက ကျုပ်ပုခုံးကိုပုတ်ပြီး

“ကိုယ့်ကိုကန်တော့တဲ့လူတွေကို ဆုလေးဘာလေး ပြန်ပေးသင့်တယ် မောင်ရှိန်ရ”

“ဟင်၊ ဟုတ်၊ ဟုတ်ကဲ့၊ ကိုင်း အခုလိုကန်တော့ရတဲ့အကျိုးကြောင့် ကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေဗျာ”

ကန်တော့တဲ့လူတွေကလည်း သာဓုခေါ်တဲ့လူကခေါ်၊ ပေးတဲ့ဆုနဲ့ပြည့်ပါစေဆိုပြီး ပြောတဲ့လူက ပြောပေါ့ဗျာ၊ ဒီလိုနဲ့ကားဆက်မောင်းဖို့လုပ်တော့ ဒရိုင်ဘာက ကျုပ်တို့ကိုအနောက်ခန်းမထိုင်ခိုင်းတော့ဘူးဗျ၊ ဘိုးတော်တွေဆိုပြီး ကားခေါင်းခန်းပေါ်ကိုတင်ပြီး ခေါ်သွားပါရောလားဗျာ။

ဒီလိုဆိုတော့လည်း ဝိဇ္ဇာဖြစ်ရတာ တစ်ခုတော့ခပ်ကောင်းကောင်းဗျ၊ လူတွေအားလုံးကလည်း ရိုရိုသေသေ လေးလေးစားစားဆက်ဆံကြတယ်မဟုတ်လားဗျာ၊ အရင်က ရိုင်းရိုင်းစိုင်းစိုင်းနဲ့ဆဲခဲ့တဲ့ စပယ်ယာတောင်မှ ငြိမ်ဝပ်လို့ဗျ၊ ဒီလိုနဲ့ ကားဆက်မောင်းလာရင်း အရှေ့ကမြို့တစ်မြို့ကို ညကိုးနာရီမထိုးခင် ရောက်ခဲ့ကြပါရော။

ပြီးပါပြီ

စာဖတ်သူအပေါင်းရွင်လန်းချမ်းမြေ့ကြပါစေ