မြောင်းလျှောက်လို့ ခေါ်တာလည်း မမှားဘူး။ ခက်တာက သည်အလုပ်က မိုးတွင်းမှာမှ ခဏကလေး ခန့်တာ။ နွေမှာ အလုပ်မရှိဘူး။ကိုယ့်ဟာကိုယ် ရှာလုပ်ပဲ။ ရှာစားပဲ။ ရှာသောက်ပဲ။ လက်ပဒေါကို ခရီးကြုံ မှာရင်လည်း ရတယ်။
“လက်ပဒေါက မြောင်းဆောက် ဗုံတီးကို ပြောလိုက်စမ်းပါကွာ။ နက်ဖျင်ညှ အဆေ့ကျောင်းကို လာပါလို့။…မြစ်လောင်းက စံထွန်းအလှူ မတိုင်ခင် မြေညှိချင်လို့လို့ …နှော”လို့ မှာလိုက်ရုံပဲ။
မြောင်းဆောက်ဆိုတာ မြောင်းလျှောက်လို့ ပြောတာပါ။နက်ဖျင် ဆိုတာ မနက်ဖြန်၊ညှဆိုတာ ည၊ အဆေ့ကျောင်းဆိုတာ အရှေ့ကျောင်း၊နှော…ဆိုတာက နော…ကို ပြော တာပါ။သူတို့ချင်းကတော့ အဆင်ကို ပြေလို့ပါ။ဒါဆို လက်ပဒေါက မြောင်းလျှောက် ကိုဗုံတီးက ပေါက်တူးကိုင်ပြီး မြစ်လောင်းကို သုံးလေးရက်ကူး သွားတာပါပဲ။ပြောချင်တာက လက်ပဒေါက လူတွေဟာ အဲသလို လူတွေ။ လက်ပဒေါဟာ အဲသလို ရွာကလေး။
(၂)
လက်ပဒေါဟာ ရှိလှရင် အိမ်ခြေနှစ်ဆယ်ကျော်ပဲ။လက်ပံပင်ကြီး တစ်ပင်တည်း ရွာထိပ် ရှိနေတာကို ဘယ်သူက လက်ပံတော လုပ်ထားတာလဲ ဘယ်သူမှ မသိဘူး။ဒါက အကြောင်းလည်း မဟုတ်ပါဘူး။နာမည်ရှိနေတာပဲ တော်လှပြီ။နောက် ရွာအနောက်မှာ သင်္ချိုင်းရာကလေး ရှိတယ်။ သည်သင်္ချိုင်းရာ ကလေးက လက်ပဒေါသင်္ချိုင်း သက်သက်တော့ မဟုတ်ဘူး။ လက်ပဒေါနောက် ဝေးဝေးက ကြက်ဆူပင်၊ မိုးနံကုန်း၊ပျဉ်းမကုန်း ရွာတွေကလည်း လူသေရင် သည်သင်္ချိုင်း လာတာပဲ။ သင်္ချိုင်းစပ်မှာ ညောင်ပင်အိုကြီး တစ်ပင် ရှိတယ်။တစ်ခြမ်းက ခြောက်တောင်နေပါပြီ။တစ်ခြမ်းက ခြောက်လို့၊ တစ်ခြမ်းက စိမ်းလို့။ထားပါတော့၊ အပင်ကလည်း ကြီးကြီးဆိုလို့ လက်ပဒေါမှာ သည်လက်ပံပင်နဲ့ သည်ညောင်ခြောက်ပင် နှစ်ပင်ပဲ ရှိတယ်။
တစ်နေ့တော့ လူဦးရေ တစ်ရာကျော်လောက်နဲ့ ဆင်းဆင်းရဲရဲနေရတဲ့ သစ်ပင်ကြီး နှစ်ပင်နဲ့ လက်ပဒေါမှာ လူသေမှု စဖြစ်တယ်။လူသေမှုကို ပြောတာနော်။ လူသတ်မှု မဟုတ်ဘူး။ သူ့ဟာသူ နေရင်းထိုင်ရင်း သေတာကို ပြောချင်တာ။ ဟ …လူနေတဲ့ ရွာပဲ၊ လူသေတာ ပြောစရာလားလို့ မေးချင် ရင်လည်း မေးဖို့ပဲ။ ဒါပေသိ လက်ပဒေါမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ၊အစိတ် ကတည်းက ကနေ့ထိ တစ်ခါမှ လူသေဖူးတာ မဟုတ်ဘူး။ နာမည်ကသာ လက်ပဒေါသင်္ချိုင်း။ လက်ပဒေါသား လက်ပဒေါသူ တစ်ယောက်မှ မြေကျ ဖူးတာ မဟုတ်ဘူး။ နှစ်အစိတ် ဟိုဘက်ကတော့လည်း ရှိချင်ရှိမယ်။ ဒါတော့ ဘယ်သူမှ မပြောနိုင်ဘူး။ မှတ်မိသလောက်တော့ သည်နှစ်ပေါင်း အစိတ် သုံးဆယ်လောက်ထဲမှာတော့ သေဖူးသေးတယ်။ ဒါတော့ သေချာတယ်။
တစ်ညတော့ လက်ပဒေါ ရွာကို ကန့်လန့်ဖြတ် ပျံသွားတဲ့ ငှက် တစ်ကောင်က စူးစူးကြီး အော်ရင်း လက်ပဒေါညကို ခပ်ပြင်းပြင်း ပုတ်နိုး လိုက်တယ်။ သည်ငှက်အော်သံမျိုးကို လက်ပဒေါက အင်မတန် ဆင်းရဲတဲ့ လူတွေ မကြားဖူးတာ ကြာပြီ။ သည်ရွာက လူတွေကလည်း ဟိုက တစ်တဲ၊ သည်က တစ်အိမ်၊ လက်ပဒေါ လာစုရင်းက နေကြရတာဆိုတော့ ကိုယ် ဖြတ်သန်းကြီးပြင်းခဲ့ရာ ငယ်ဘဝတုန်းကတော့ ကြားဖူးကြတာချည်းပေါ့။ ဒါဟာ ငှက်စုန်းတစ်ကောင်ရဲ့ အော်သံ ဆိုတာလောက်တော့ သိတာပေါ့။ သည်ကောင်မှာ အပေါ်က ဖြတ်အော်ရင် ဒါဟာ မင်္ဂလာ မရှိဘူး ဆိုတာလောက်တော့ သိတာပေါ့။ ကျက်သရေ မရှိဘူး ဆိုတာလောက်တော့ သိတာပေါ့။ အဲသည်ညက သိခြင်းနဲ့ ကြောက်ခြင်းဟာ တစ်ချိန်တည်း ဖြစ်တယ်။ အဲသည်မှာတင် တစ်ရွာလုံးက ငှက်စုန်းသံကြားတာနဲ့ အိပ်ရာထဲ လှဲနေရာက ထကြတယ်။ ပါးစပ်ကလည်း
“ဖွဟဲ့ နင့်ဒဏ် နင်ခံ၊ နင့်ဒဏ် နင်ခံ”လို့ ရေရွတ်ကြတယ်။
ပြီးတော့ မိသားစုတွေဟာ မီးတိုင်ခွက်ရောင် နီကျင်ကျင်၊ မှန်တိ မှုန်မွှားထဲမှာ တစ်ယောက်ရဲ့ မျက်နှာ တစ်ယောက် လိုက်ကြည့်နေကြတယ်။ မိန်းမကလည်း ယောက်ျားကို “တော် နေကောင်းပါတယ်နော်”ဆိုတဲ့ မျက်နှာနဲ့ ကြည့်တာ။ယောက်ျားကလည်း “နင် နေရ ထိုင်ရတာ ကောင်းရဲ့လား မိသေးရာ” ဆိုတဲ့ မျက်နှာနဲ့ ကြည့်နေတာ။နီးစပ်ရာ ကိုယ့်ကလေးတွေရဲ့ နဖူးတွေကိုလည်း မှတ်မှတ် ရရကြီး စမ်းလိုက်ကြတာလည်း လက်ပဒေါက တဲကလေးတွေထဲမှာ အားလုံး အတူတူလောက် နေမှာပါပဲ။
အင်းလေ။ညဘက် ထွက်တဲ့ ညငှက်တစ်ကောင်က သူ့ဟာသူ သူ့ငှက်လမ်းကြောင်းပေါ်မှာ ပျံသန်းရင်း အော်ဟစ်လိုက်တဲ့ အသံဟာ လူတွေအားလုံး ငုတ်တုတ် ထထိုင်ကြရတယ်။ ပါးစပ်ကလည်း ပြိုင်တူ တစ်စုံတစ်ရာရေရွတ် လိုက်ရတယ်။သည်ငှက်သံကပဲ သေခြင်းတရားကို ကိုက်ချီပြီး ရွာကလေးပေါ်မှာ ပစ်ချထားခဲ့တာမျိုးလို မျက်နှာထားတွေ ဖြစ်သွားကြရတယ်ဆိုတာကလည်း စဉ်းစားကြည့်ရင် ရယ်တော့လည်း ရယ်စရာကြီးပေါ့လေ။
( ၃ )
ဒါပေမယ့် ဒါဟာ ရယ်စရာ မဟုတ်ပါဘူး။လက်ပဒေါမှာ နှစ်တော်တော်ကြာကြာ ပျောက်ကွယ်နေတဲ့ သေခြင်းတရား ရုတ်တရက် ရောက်လာတာဟာ ရယ်မောစရာ ကိစ္စမဟုတ်ပါဘူး။ လူသေတာဟာ နှစ်သက်စရာ မဟုတ်ဘူး။ ဒါပေသိ လက်ပဒေါမှာ လူက တကယ့်ကို အဲသည်ညက သေတယ်။ သေတဲ့လူက လှတင်လို့ ခေါ်တယ်။ မြောင်းလျှောက် ပါပဲ။ လက်ပဒေါကို ငှက်စုန်း ဖြတ်သွားပြီး လူတွေ အားလုံးလောက် အိပ်မောကျ နေချိန်မှာ လှတင် ကြွက်ထိုးတဲ့မှိန်းကို ထောက်ရင်း သူ့တဲကို ပြန်ရောက်လာတယ်။
“မြမေ …ထစမ်း၊ ငါ့ကို အကောင် ကိုက်လိုက်လို့”
ဒါပဲ ပြောနိုင်တယ်။တဲဝမှာ ဝုန်းခနဲ လဲသွားတယ်။ သူ့မိန်းမ မြမေ က နိုင်သလောက် ပွေ့ပြီး တဲအတွင်းဘက်ကို သွင်းတယ်။အကောင် ကိုက် လိုက်တယ် ဆိုတဲ့ နေရာတွေကို ရှာကြည့်တယ်။ လယ်ထဲ ကွင်းထဲ ကြွက် သွားထိုးတဲ့လူ အကောင်ကိုက်တာ ခြေဖျားဘက် ဖြစ်ရမှာပေါ့လို့ တွက်ရင်း ကြည့်လိုက်တော့ ဆေးလိပ်မီးနဲ့ ထိုးထားလို့ အသားစတွေ လန်နေတဲ့ ညာဘက် ခြေဖခုံဟာ မောက်မောက်ကြီး ယောင်ကိုင်းနေတယ်။
“ကိုလှတင် …ကိုလှတင်”
မရဘူး။ ခေါ်လို့ မရတော့ဘူး။ တော်တော့်ကို ဝေးတဲ့ နေရာလောက် က ငှက်စုန်းထိုးသံကြီးတစ်ချက် ကြားပြီး ဘာကြာတုံး၊ လှတင် သေရော။ မြမေ ငိုသံက ငှက်စုန်းထက် ကျယ်တော့ အားလုံး နိုးကုန်ကြရော။မမြမေတို့ တဲကလေးရှေ့ကို စုစုဝေးဝေး ရောက်လာကြတယ်။ မိုးမလင်းတလင်း ညကြီး သန်းလွဲမှာ လက်ပဒေါက လူတွေဟာ သေသူရဲ့ ခြေထောက်က ဒဏ်ရာကို မကြည့်ဘူး။မည်းနက်နေတဲ့ ကောင်းကင်ကို မော့ကြည့်နေကြတယ်။ ငှက်တစ်ကောင်ကို ရှာနေကြတာ ထင်ပါရဲ့။
“မနက် မြစ်လောင်းက ဘုန်းကြီးပင့်ဖို့ စီစဉ်ကွာ…”
တစ်ယောက်က အကြံပေးတယ်။လက်ပဒေါမှာ သရဏဂုံ တင်စရာ ဘုန်းကြီးမှ မရှိတာကိုး။
(၄)
လက်ပဒေါမှာ ငှက်စုန်းကြီး အော်လို့ ငါးရက်တောင် မပြည့်သေးဘူး။လက်ပဒေါမှာပဲ နောက်တစ်ယောက် သေပြန်ရော။ သေတဲ့လူက ကျင်စိန်တဲ့။ အရက်သမားပါ။လက်ပဒေါမှာ လူကောင်းသူကောင်းချည်း ရိုးရိုးသားသား နေတယ် ဆိုပေမယ့် အရက်ကလေး တမြမြနဲ့ လူလည်း ရှိတာပေါ့လေ။ ပြီးတော့ ရွာမှာ ဘုန်းကြီးကျောင်းသာ မရှိတယ်။ဘုံဆိုင်ကလေးတော့ ရှိတယ်။ကျင်စိန် သေတာကလည်း ဆန်းတယ်။အဲသည်ညဦးက ကျင်စိန် အရက်ကလေး ထွေထွေနဲ့ သီချင်းတွေ ဆိုရင်းက တဲရှေ့ ကွပ်ပျစ်ကလေးမှာ လှဲရင်းက မူးမူးနဲ့ အိပ်ပျော်သွားတာပါ။ မနက်မိုးလင်းတော့ ကွပ်ပျစ်ပေါ်မှာပဲ သေနေတယ်။ မနက်ခင်း ကျင်စိန်နဲ့ သိုးကျောင်း သွားနေကျ ထွန်းပေါ် လာ နှိုးတော့ နှိုးမရတော့ဘူး။စမ်းကြည့်တော့ မာတောင့်နေပြီ။
“ကျင်စိန်တော့ သေပြန်ပြီ။ အင်း ငါထင်တယ်၊ ညက ငှက်စုန်း ထိုးကတည်းက တစ်ခုခုတော့ ဖြစ်တော့မှာပဲ ဆိုတာ”
“ဟာ ဘကြီးက ဘယ်တုန်းက ထိုးလို့တုံး၊…ညက မထိုးပါဘူး” “ထိုးပါသော်ကော မောင်ရာ၊ …ညက လေတွေ တဝူးဝူး အော် တိုက်နေတာ အကြာကြီး။ လေလေးလည်း ငြိမ်ရော ငှက်စုန်း ထိုးလိုက်တာ သံပြာကြီးနဲ့ …”
ကျင်စိန့်အလောင်းရှေ့ ရောက်နေတဲ့ လက်ပဒေါသားတွေအားလုံး ငိုင် သွားကြတယ်။ အင်မတန် ကြမ်းတမ်းခက်ခဲတဲ့ သည်နေရာကလေးကို၊ အင်မတန် ဆင်းရဲကြပ်တည်းကြတဲ့ သည်နေရာစုကလေးကို သေမင်းက ဘယ်လို ရှာတွေ့ သွားရတာတဲ့လဲ။ သည်ငှက်စုန်းကကော ဘယ်သူက လွှတ် လိုက်တာလဲ။နှစ်ပေါင်းများစွာ တစ်ခါမှတောင် မကြားဖူးတဲ့ ငှက်အော်သံ ကြီးဟာ ဘယ်က ဘယ်လို ရောက်လာရတာတဲ့လဲ။ မသိဘူး။ သူတို့ ဘာကို မှမသိတာပါ။သူတို့ ဘယ်လိုမှကို ဉာဏ်မမီနိုင်တာကိုပဲ တွေးနေကြတာ အကြာကြီး။ ပြီးတော့ ကိုယ့်တဲကလေးတွေဆီ ကိုယ်ပြန်ကြတယ်။လက်ပဒေါသားတွေ ကြွက်ကောင်းကောင်း မထိုးနိုင်ဘူး။ မြောင်း ကောင်းကောင်း မလျှောက်နိုင်ကြဘူး။သည်ညကော ငှက်စုန်း လာဦးမှာ လား။လာရင်ကော အော်ဦးမှာလား။ အော်ရင်ကော သေဦးမှာလား။ သေရင် ကော…ဘယ်သူလဲ။
( ၅ )
ကျင်စိန်သေလို့ တစ်လကျော်ကျော် ကြာတော့ လူတွေဟာ ငှက်စုန်းကို မေ့သွားကြတယ်။လက်ပဒေါမှာ လူသေတာဟာ ပြောစရာတော့ ဖြစ်သွား တာပေါ့လေ။ လက်ပဒေါသားတွေဟာ သည်အကြောင်းကို အခုတွေးရင် အခု ကြောက်ကြတယ်။ ငှက်စုန်းကလည်း မလာပြန်ဘူး။တချို့ ညတွေတော့ လည်း ရွာစပ်က ဖြတ်ပျံသွားရင်း ခပ်ဝေးဝေးက အော်သံလောက်နဲ့ ပြီးသွား တာမျိုးပဲ ရှိတယ်။သည်အတောအတွင်း လက်ပဒေါက ကလေးတွေ အားလုံး ရဲ့ လည်ပင်းမှာ ကနုကမာခွံလိုလို လက်မ လောက် ယောက်သွားခွံကလေး တွေ တပ်ကြလို့။ သည်လိုနဲ့ နေလာကြရာက တစ်ညတော့ အားလုံးက မေ့နေကြတဲ့ ငှက်စုန်းဟာ လက်ပဒေါရွာပေါ်က တည့်တည့်ကြီး အော်သွားပြန် ရော။ အော်တာမှ စူးစူးရဲရဲကြီး။ ဂီးခနဲ အော်သံဟာ တော်ရုံ လူမမာရဲ့ အသက် ဝိညာဉ်ကို ကိုင်ညှစ်ပြီး သူ့ နှုတ်သီးကြီးနဲ့ တပေါက်ပေါက် ထိုးဆိတ်လိုက် သလို အော်သွားတာမျိုး။
“ဖွဟဲ့…နင့်ဒဏ် နင်ခံ ….နင့်ဒဏ် နင်ခံ”
နင့်ဒဏ် နင်ခံသာ ပြောတာ။ ငှက်စုန်းက ခံဖို့သာ လက်ပဒေါသား တွေက တဖွဖွ ရွတ်နေတာ တကယ် ခံနေရတာက သူတို့ပဲ။အဲသည်ညက လ,က လက်သည်း ခြစ်ရာလောက်ကလေးနဲ့ည။ ပြောင်းခင်းဘက်က ကွင်း လေက တသွေးသွေးနဲ့ည။ ဆည်းမြောင်းလက်တံကြီးထဲမှာ ရေမရှိချိန်ဆို တော့ ကလေးတွေတောင် ပြောင်းခင်းကြီး ကျော်ပြီး မြောင်းခြောက်ထဲကစားနေကြတဲ့ည။ ငှက်စုန်းထိုးသံကြီးဟာ လက်တံမြောင်းထဲက ကလေး တွေပေါ်ကို ဗုံးကြဲလိုက်သလို၊ မိုးကြိုးများ ပစ်ချလိုက်သလို ကျလာတော့ ကလေးတွေ အားလုံးဟာ လက်တံမြောင်း နှုတ်ခမ်းပေါ် ပြေးတက်ရင်း၊ ပြောင်းခင်းကို ညမှောင်မှောင်ထဲမှာ ကျော်ဖြတ်ရင်း တဲစုကလေးတွေရှိရာကို ပြေးလာကြတယ်။ မိဘတွေကလည်း ပြောင်းခင်းစပ်က ကြိုရင်းက ပြေးလာတဲ့ ကလေးတွေ ရဲ့ ရင်ဘတ်က ကမာခွံကို အရင် စမ်းကြည့် ကြတယ်။
“ဟဲ့…ငကွန်း …ဘယ်မှာလဲ…နင့်”
မအေ လုပ်သူတွေထဲက အော်လိုက်သံဟာ လက်ပဒေါ ညထဲမှာ တုန်ခါနေတယ်။
“ဘယ်မလဲ… ငါ မေးနေတယ်လေ….ဘယ်မလဲ”
ငကွန်းက မျက်လုံးတွေ ကြောင်နေပြီး မအေလုပ်သူကို ကြည့်နေ တာက လွဲရင် သူ လည်ပင်းကို သူစမ်းနေတာပဲ ရှိတယ်။ ဘာမှ မပြောဘူး။ မပြောနိုင်ဘူး။ သည်လိုနဲ့ လက်ပဒေါဟာ ခဏကလေး ငြိမ်သက်သွားတယ်။ အဲသည်ညက ကိုယ်တွေ ခြစ်ခြစ်တောက် ပူပြီး ငကွန်းကလေး သေတယ်။
သည်တစ်ခါတော့ လက်ပဒေါဟာ ချောက်ချားသွားခဲ့ကြတယ်။ ထိတ်လန့်ကြောက်ရွံ့ နေကြတယ်။ညမှောင်ပြီ ဆိုတာနဲ့ လက်ပဒေါ မိုး ကောင်းကင်ပေါ်က ဖြတ်သန်းသွားမယ့် ငှက်တိရစ္ဆာန် တစ်ကောင်ကို ဘာ မဟုတ် ညာမဟုတ် ကြောက်နေကြတယ်။ သည်ငှက်ကပဲ လက်ပဒေါကို သေခြင်း လက်ဆောင်တွေ ကောင်းကင်က ချ ချ ပေးနေတာကိုး။
ပထမ လှတင် သေတယ်။ နောက် ကျင်စိန် သေတယ်။ ခုတစ်ခါ ငကွန်းကလေး သေပြန်ပြီ။နောက် ဘယ်သူ သေဦးမှာလဲ။လက်ပဒေါ သင်္ချိုင်း မှာ လက်ပဒေါသား သုံးယောက်တောင် ရောက်နေပြီကော။ လက်ပဒေါသင်္ချိုင်းက နောက် ဘယ်သူ့ကို မျက်စပစ် နေပြန်ပြီလဲ။ ဘယ်သူမှ မပြော နိုင်ဘူး။ သည်ငှက်စုန်းကြီး အော်နေသရွေ့ လက်ပဒေါသူ လက်ပဒေါ သားတွေဟာ နေ့လား ညလား၊ သူလား ငါလား၊ ဘယ်သူမှ မပြောနိုင်ဘူး။
( ၆ )
တစ်ရွာလုံးမှာ အသက်အကြီးဆုံးဖြစ်တဲ့ ဘကြီးသောင်က ပရိတ်တွေ ရွတ် တယ်။ မေတ္တာတွေ ပို့တယ်။ မျက်စိမမြင် ဘာမမြင်နဲ့ ရွာကို တတ်သမျှ မှတ်သမျှ စည်းချပေးတယ်။ လက်ပဒေါသူ လက်ပဒေါသားတွေကလည်း ကွင်းကြို ကွင်းကြား ကြွက်ထိုးနေရလို့ မေ့နေတဲ့ ဘုရားရှိခိုး အမျိုးမျိုးကို ရတတ်သမျှ ရွတ်ကြတယ်။သည်လိုနဲ့ တစ်နေ့တော့ ဘကြီးသောင်က လက်ပဒေါသားတွေကို လူစုတယ်။ သူ့သဘောထားကို ပြောတယ်။
“ဘကြီးတော့ အိပ်မက်တွေလည်း မကောင်းဘူး။အတိတ်နိမိတ်များ လည်း မကောင်းဘူး။သည်တော့ ဘကြီး တတ်သမျှ မှတ်သမျှ စည်းတော့ ချပြီးပြီ။ ဒါပေမယ့် သည်ငှက်တွေ ရောက်မလာဘူး ဘယ်သူမှ မပြောနိုင်ဘူး။ သည်တော့ ငါတို့ ဘာလုပ်ကြမလဲ”
မြောင်းလျှောက်သမား ကိုခင်ကလည်း သူ့သဘောထားကို ပြောတယ်။
“ငှက်အော်လို့ သေတာ မဟုတ်ပါဘူး…ဘကြီးရာ။လူသေတာ သနေ့စေ့ သေတာပါပဲ။ ငှက်က လူ့ဝိညာဉ်ကို မနှုတ်နိုင်ပါဘူး။ဒါ ဘကြီးတို့ ဥပါဒါန် စွဲနေတာ။ ဒါကြောင့် ဥပါဒ် ပြန်ဖြစ်နေတာ”
ဆိုတော့ လာစုမိတဲ့ လက်ပဒေါသူ လက်ပဒေါသားတွေက ကိုခင့်ကို ဒေါကန်ကြတယ်။ အရေးထဲမှာ ရွာလာပြီး ကန့်လန့်တိုက်နေတဲ့ ကောင်ပါလားဆိုတဲ့ မျက်နှာနဲ့ ကိုခင့်ကို ဝိုင်းကြည့်ကြတယ်။ ကိုခင်ကတော့ ဂရုမစိုက်ပါဘူး။ ဆင်နှစ်ကောင် ဆေးလိပ်တောင် တထောင်းထောင်း ဖွာနေလိုက် သေးတယ်။သူ့ လေးထောင့်မျက်နှာကြီးထဲက မျက်ပေါက် ကျဉ်းကျဉ်း ကလေးတွေနဲ့ လူတွေကိုတောင် ပြန်ကြည့်နေလိုက်သေးတယ်။
ခက်တာက ဘကြီးသောင်ကသာ ဘာလုပ်မလဲ မေးနေတာ။ ဘယ်သူက ဘာလုပ်တတ်မှာတုန်း။ငှက်စုန်း ဘယ်နားနေမှန်း သိရင်လည်း ကောင်းသားကလား။ ညှိလို့ နှိုင်းလို့ ရရင်လည်း ကောင်းသားကလား။ တောင်းပန်လို့၊ တိုးလျှိုးလို့ ရရင်တော့လည်း ကောင်းသားကလား။ဒါပေမယ့် ဒါက လူလူချင်းကိစ္စ မဟုတ်ဘူး။ငှက်နဲ့ လူတွေရဲ့ နားမလည်နိုင်တဲ့ ကိစ္စ။ ဒါက မြစ်လောင်း ဂါတ်တဲနဲ့လည်း မဆိုင်ဘူး။ မြစ်လောင်း သူကြီးနဲ့လည်း မပတ်သက်ဘူး။မြေကြွင်းထဲက ကြွက်ကိုသာ မှိန်းနဲ့ ထိုးတတ်ကြတဲ့ လက်ပဒေါသားတွေဟာ ကောင်းကင်က ငှက်ကို ဘာလုပ်ရမှန်း မသိဘူး။
“သည်လို လုပ်ချင်တယ်”
တစ်ကိုယ်လုံး ပွေးတွေနဲ့ အကွက်လည်နေတဲ့ စံမြက စကား စတယ်။အားလုံးက စံမြကို အာရုံ ရောက်သွားတယ်။စံမြက လက်ဖျံပေါ်က ပွေးဒင်္ဂါးတွေကို လက်သည်းနဲ့ ကုတ်ဖဲ့နေရင်းက ပြောတယ်။
“ကျုပ်တို့ရွာမှာ ငှက်ခိုလို့ရတာ သစ်ပင်ကြီး နှစ်ပင်ပဲ ရှိတယ်။ ရွာထိပ်က လက်ပံပင်နဲ့ သင်္ချိုင်းစပ်က ညောင်ပင်။သည်နှစ်ပင် မရှိရင် ငှက် မနေနိုင်ဘူး။ ငှက်စုန်းဟာ ညောင်ပင်မှာ ရှိရင် ရှိ၊ …မရှိရင် လက်ပံ ပင်မှာ ရှိမယ်။ သည်တော့…”
စံမြက စကားတွေကို ရပ်ထားတယ်။ သည်တော့ ဘာဖြစ်သလဲ။ ဘာဖြစ်သလဲ…။ လက်ပဒေါသားတွေက စံမြကိုပဲ ငေးနေကြတယ်။
“သည်တော့ သည်နှစ်ပင်ကို လှဲချင်တယ်”
ဒါပါပဲ။စံမြက ဒါပဲပြောပြီး ပွေးစတွေကို တောက်ထုတ်နေတယ်။ လူတွေအားလုံးဟာ ဘာမှ မပြောနိုင်တော့ဘူး။ ဟုတ်သားပဲ။ စံမြလောက် တောင် ငါတို့ ဘာဖြစ်လို့ မတွေးမိရတာလဲ။
“ကောင်းတယ်ကွာ၊…စံမြ …မင်း တာဝန်ယူနိုင်မလား”
“ယူနိုင်ပါတယ်…ဒါက သုံးလေးယောက် ဝိုင်းလိုက်ရင် ပြီးတဲ့ကိစ္စပဲ။ … ဒါပေမယ့်”
လူတွေကတော့ နားမလည်ဘူး။ခုတ်လိုက်ရင် ပြီးမယ့် ကိစ္စပဲ။ ဘာ ဒါပေမယ့် လဲ…။ ဘာလဲ၊မလုပ်ချင်တာလား။ မလုပ်ချင်ရင် ဘေးဖယ်နေ။ ငါတို့ လုပ်စမ်းမယ်။သစ်ခေါင်းထဲ တွေ့ မယ့် ငှက်စုန်းတော့လား၊ မြစ်လောင်း အရက်နဲ့ တွေ့ပြီပေါ့။ လူတွေက ဒေါသနဲ့ တွေးနေကြတာပါ။
“ဒါပေမယ့်…ညောင်ပင်ကို ဘယ်သူ ခုတ်ရဲလို့လဲ။…ကျွန်တော် မခုတ်ရဲဘူး။ညောင်ပင်မှာ တစ်ရွာလုံးက ကိုးကွယ်ထားတဲ့ နတ်ကွန်းတွေ ပြည့်နေတာ။… ကျုပ် မလုပ်ရဲဘူး”
ဟာ…ဒါလဲ ဟုတ်သားပါလား။ လူတွေအားလုံး ငိုင်သွားလိုက် ကြတာ တော်တော့ကို ကြာတယ်။ သည်ညောင်ပင်ကလည်း တစ်ခြမ်းသာ ခြောက်နေတာ။ တစ်ရွာလုံးက စင်ကလေးတွေ နေရာလပ် မကျန်အောင် ရိုက်ထားပြီး ကိုယ့်အစွဲနဲ့ ကိုယ် ကိုးကွယ်နေကြရတဲ့ ညောင်ပင်။ ညနေ မှောင်ပြီဆိုတာနဲ့ မီးကလေး တလက်လက်နဲ့ ရှိနေတတ်တဲ့ ညောင်ပင်။ တစ်နှစ်တစ်ခါ ကိုယ်တတ်နိုင်သလောက်နဲ့ မိသားစု ဝတ်မပျက် ပူဇော်ပသ နေရတဲ့ ညောင်ပင်။
ဒါကို ခုတ်ရမယ်လို့ ဖြစ်လာတော့ ခုတ်ဖို့ နေနေသာသာ ဘယ်သူမှ စိတ်တောင် မကူးရဲဘူး။ သည်ညောင်ခေါင်းထဲမှာ ငှက်စုန်း ရှိမယ် မရှိမယ် ကလည်း သေချာတာ မဟုတ်ဘူး။ညောင်ပင်က ရွာကို မီးနဲ့ တိုက်မှာက အရင်ကိုး။ သည်လိုနဲ့ လက်ပဒေါသူ လက်ပဒေါသားတွေဟာ ငှက်စုန်း ရှာမလား၊ညောင်ပင် ခုတ်မလား ဆိုတဲ့ ပြဿနာကြီးနဲ့ တွေ့ နေကြတယ်။
“ကျုပ် ခုတ်မယ်၊… ညောင်ပင်ကို ကျုပ် ခုတ်မယ်”
ကိုခင်။ သူ့ လေးထောင့်မျက်နှာကြီးနဲ့ မျက်ပေါက်ကျဉ်းကျဉ်းကို မှေးထားရင်းက တစ်ခွန်းတည်း ထအော်တယ်။လူတွေ အားလုံးဟာ ညောင်ပင် ခုတ်ဖို့ကိစ္စ ကိုယ်က ခုတ်ဖို့ နေနေသာသာ၊ ဟာ ခုတ်ကွာ…လို့တောင် မပြောရဲတဲ့ လူတွေကိုး။ ကိုခင်က ခုတ်မယ်ဆိုတော့ ဝမ်းထဲက ကျေနပ်ကြပေမယ့် ပါးစပ်က မပြောရဲဘူး။
“ကျုပ် ဒါတွေ ယုံတာ မဟုတ်ဘူး။…ငှက်အော်လို့ လူသေတာလည်း ကျုပ် မယုံဘူး။ဒါပေမယ့် ခင်ဗျားတို့ ယုံတယ်မဟုတ်လား။…ယုံတော့ လည်း ငှက်နေတယ်လို့ ထင်ရတဲ့ ညောင်ပင်ကျတော့ ခင်ဗျားတို့ မခုတ်ရဲ ကြပြန်ဘူး…။ ဘာတွေလဲ ခင်ဗျားတို့။…ကျုပ် ခုတ်ပေးမယ်။ အိုဗျာ ကျုပ်က ခုတ်နေမှာ မဟုတ်ဘူး။ခင်ဗျားတို့ တစ်ခုပဲ ပြောလိုက်မယ်။ ခင်ဗျား တို့ ကိုးကွယ်ထားတဲ့ နတ်ကွန်းစင်တွေ ကနေ့ ညနေစောင်း အပြီး ဖြုတ်ထား။ မနက်ဖြန် မနက် ကျုပ်က ညောင်ပင် ခေါင်းထဲ ရေနံထည့်ပြီး မီးရှို့မှာ။… ကန်တော့ချင်တဲ့လူ ကနေ့ အပြီး ကန်တော့ထား။”
“လက်ပဒေါမှာ မနက်ဖြန် ညောင်ပင်လည်း မရှိစေရဘူး။ ညောင် ခေါင်းထဲ ငှက်စုန်းနေတယ် ဆိုရင် ငှက်စုန်းလည်း မသာပေါ်ပြီသာ မှတ်”
(၇)
အဲသည်တုန်းက တကယ်လည်း လက်ပဒေါသားတွေက လက်ပံပင်ကို ခုတ်တယ်။ ကိုခင်က ညောင်ပင်ကို မီးရှို့တယ်။လက်ပံပင်ကတော့ ငုတ်တိုတောင် မကျန်တော့ပါဘူး။ထင်း ဖဲ့ဆိုက်ကြတာနဲ့ကို နောက်ခေတ် ကလေးတွေက ကြည့်ချင်လို့တောင် မရှိတော့ဘူး။ညောင်ပင်ကတော့ ဘယ်လို ပြောရမလဲ။ ကိုခင်ကလည်း ညောင်ခေါင်းထဲ ရေနံထည့်ပြီး မီးရှို့ခဲ့တာပါပဲ။ ညောင်ပင် တစ်ပင်လုံးလည်း မည်းချိတ်ပြီး နလံမထူဘဲ သေသလိုလို ဖြစ်သွားခဲ့တာပဲ။ဘာ ငှက်တစ်ကောင် တစ်မြီးမှလည်း မတွေ့ခဲ့ဘူးလို့ ပြောကြတာပါပဲ။ အခုတော့ ကိုခင်တောင် လက်ပဒေါမှာ ဘကြီးခင် ဖြစ်နေပါပြီ။ နှစ်ပေါင်း ကလည်း သုံးဆယ်သီသီ ကျော်ခဲ့ကိုး။ နှစ်ကလည်း နည်းတော့တာမှ မဟုတ် ဘဲလေ။
ဒါပေမယ့် အဲသည် ညောင်ပင်က မသေဘူး။ အငုတ်က ပြန်တက် လာတဲ့ အကိုင်းလေးကနေ စလိုက်တာ အခုတော့ ရွက်အုပ်ဖားဖားနဲ့ ဝေဝေ ဆာဆာကြီးကို ဖြစ်လို့။ ထုံးစံအတိုင်း ပါပဲ။နတ်ကွန်း ကျောင်းဆောင်ကလေး တွေလည်း ပြန်ရောက်လာပြီ။ ညဘက် မီးကလေး တလက်လက်နဲ့လည်း ဘယ်သူ့ကိုမှန်းတော့ မသိဘူး။ ပူဇော်တဲ့သူက ပူဇော်လို့။
အင်းလေ။ လက်ပဒေါကလည်း အရင် လက်ပဒေါမှ မဟုတ်တော့တာ။ ဗီဒီယိုတွေ ဘာတွေနဲ့ လက်ပဒေါ ဖြစ်သွားခဲ့ပြီကိုး။ နှစ်ပေါင်းသုံးဆယ် အတွင်းမှာ လက်ပဒေါလည်း ဘာသားမို့လို့တုံး။
မနေ့တစ်နေ့ကတော့ လက်ပဒေါမှာ ဘကြီးခင် သေတယ်။ လူတွေက ဘကြီးခင် သေတာ လူကြီးပဲ။လူကြီးရောဂါပဲ ပေါ့လေ။ဘယ်သူမှ သိပ်လည်း ခံစား မနေပါဘူး။ဒါပေမယ့် သတိထားမိတဲ့ လူတွေ ပြောတာက ဘကြီးခင် သေတဲ့ညက ငှက်စုန်း ထိုးသေးသတဲ့။ ငှက်စုန်းကလည်း ညောင် ခေါင်းကလေးထဲက ထွက်တာတဲ့။
သေတော့ မသေချာပါဘူး။ လက်ပဒေါက နောက်ပေါက်တွေက အဲသည်ညက ဗီဒီယိုရုံထဲ ရောက်နေကြတာကိုး။
—
နေဝင်းမြင့်
ငှက်စုန်း
Leave a Reply