ဦးဖိုးဝေ နှင့် ကျတ်လယ်

ငါတို့ရွာသားတွေလယ်ကို ငါတို့ငါးရှဉ့် ထောင်တာ ဘယ်သူ့ဂရုစိုက်ရမှာလဲ”

    “ဟားဟား ဟားဟား ဟားဟား မင်းကလည်း တော်တော်သတ္တိကောင်းပါလား”

    “ငါကြောက်တာအိမ်ကမိန်းမပဲရှိတယ်”

    “အေး  မင်းကတော်တော် သတ္တိကောင်းတော့ ငါလာရတာ ပေါ့ကွာ”

    သာနိုးသည်အသံလာရာဘက်သို့ ဂရုတစိုက် ကြည့်နေသည်။ သူ၏စိတ်ထဲတွင်တော့ သူ့လိုငါးရှဉ့်ထောင်သော တခြားရွာသားတစ်ယောက်မှ စနောက်နေသည်ဟု ထင်ထားမိသည်။ထို့ကြောင့် ကြောက်စိတ်တို့ကင်းမဲ့နေပြီး အလုပ်ပျက်သည်ဟု တွေးကာ စိတ်တိုဒေါသထွက်နေမိသည်။မကြာသောအချိန်တွင် ခြေသံများသည် နီးသထက်နီးလာပြီး သူ၏အနားသို့ ရောက်လာ၏။ ခြေသံသည်သာကြားရပြီးရုပ်အား မမြင်ရသောအခါ သာနိုးပါးစပ်အဟောင်းသားဖြစ်မိ၏။ထို့နောက် ကြောက်စိတ်တို့သည် ဒီရေအလားတိုးလာကာ အသံတို့ ပင် တုန်ယင်လာပြီး

    “မင်း မင်းက ဘာလို့ ရုပ်မပေါ်တာလဲ”

    “ဟားးးဟားးဟားးး ငါက ရုပ်မပြလို့လေကွာ “

    “ကျုပ် ကျုပ် သွားတော့မယ်  “

    သာနိုးသည် သူ၏  မဖော်ရ‌ သေးသောငါးရှဉ့်ပုံးများကို ထားရစ်ခဲ့မည် ဟု တွေးမိသော်ငြား လယ်ကန်းသင်ရိုးပေါ်တက်လိုက်ချိန်တွင်  ခြောက်ကပ် အက်ကွဲသော အသံ ကြီးနှင့် ပြောသည့် စကားသံက ပေါ်လာပြန်သည်

    “ငါ့လယ်ထဲကို လာချင်တိုင်းလာ ပြန်ချင်တိုင်း ပြန်လို့ ရမယ် ထင်နေတာလား “

   ငါးရှဉ့်ပုံးများကို ရှေ့နောက် လျှိုထမ်းထားသော သာနိုး တယောက် သူ၏ ထမ်းပိုးအား နောက်မှ ဆွဲထား၍ ရှေ့ဆက်သွား၍ မရသော အခါ သူ၏ မိသားစု စားဝတ်နေရေး အတွက်ဖြေရှင်းနေရသော ငါးရှဉ့်ပုံးများကို ထားရစ်ခဲ့ကာ  သုတ်ခြေ တင်၍ ထွက်ပြေးပါလေတော့သည် ၊၊ ငါးရှဉ့် ပုံးများသည်က လေပေါ်တွင် လူထမ်းထားသလို ရပ်တန့်ရင်း ကျန်နေခဲ့ပါလေတော့သည် ။

    ◾အခန်း (၂)

    သာနိုးသည် အကြော်ဆိုင်တွင် ထိုင်ရင်း လူစိမ်းနှစ်ယောက်အား ကျတ်လယ် နှင့် ပတ်သတ်သည့် အကြောင်းကို ပြောပြနေခြင်းဖြစ်သည်။ထိုလူစိမ်းများမှာ အခြားသူ မဟုတ် ဦးဖိုးဝေ နှင့် သူရိယ တို့ ဖြစ်သည်။ဦးဖိုးဝေတို့ ဆရာတပည့်နှစ်ယောက်သည် ကျားဆိုးရွာ မှ ထွက်လာပြီး ကျတ်လယ် နှင့် အနီးကပ်ဆုံးရှိ ပွေးကိုင်းရွာသို့ ရောက်လာခြင်းဖြစ်သည်။ ရွာအဝင်တွင်ရှိသော အကြော်တဲတွင်  အကြော်ဝယ်စားနေစဉ်  ပွေးကိုင်းရွာသား သာနိုးဆိုသူနှင့် ဆုံ‌ပြီး ကျတ်လယ် အကြောင်း စပ်မိ၍ စကားဆိုနေကြခြင်းဖြစ်၏။ထို့နောက် ဦးဖိုးဝေသည် အချိုးအစားလည်းတည့် ကြော်ရာတွင်လည်း အနေတော် ဖြစ်နေသော ဘူးသီးကြော် လေးခုမြောက်အား ကောက်ယူစားလိုက်ရင်း

    “ငါ့တူကြီးက အဲ့တာဆို အခု ဘာအလုပ်တွေ လုပ်နေလဲ ကွဲ့ “

    “အခုတော့ ငါးရှဉ့်ပုံး ပြန်ယက်နေတယ်။တခြားအလုပ် လုပ်ရအောင်ကလည်း အရင်းအနှီးက မရှိ  ကောက်ရိတ်၊ပဲနှုတ် ဆိုတာကလည်း ခဏလေး လုပ်ရတာ အဲ့ဒီတော့ ငါးရှဉ့်ပုံးထောင်လိုက် ငါးထောင်လိုက်ပဲ လုပ်နေရအုံးမှာပဲ ဦးကြီးရာ “

    “တူကြီး ကျတ်လယ်က ပိုင်ရှင်တွေရော လယ်စိုက်လို့ရလား “

    “လယ်စိုက်ဖို့ နေနေသာသာ အလကားပေးနေတာ တောင် ဘယ်သူမှ မယူရဲဘူး ဟိုတခါ အကြောက်အလန့် မရှိပါဘူးဆိုတဲ့ ဘုန်းကြီးလူထွက် ကိုဘိုးသိန်းတောင် လယ်လုပ်ချင်လို့ ဒေါ်အေးမိ ပေးနေတယ် ဆိုလို့ သွားယူတာ  ထွန်းတုံးတောင် မချရသေးလောက်ဘူး ဒေါ်အေးမိကို လာပြန်လာအပ်သွားတယ် “

“ဦးကြီး တခု မေးမယ် “

    “မေးပါဦးကြီး “

    “ငါ့တူ လယ်ပိုင် ဖြစ်မယ် ဆိုရင် အခုလို ငါးထောင်၊ငါးရှဉ့်ထောင်တာတွေကို စွန့်လွှတ်နိုင်မလား”

    “ဘယ်လိုပြောလိုက်တာလဲ ဦးကြီးရာ အခုလို သူများ အသက် နဲ့ ဝမ်းစာ ရှာနေတာ မကောင်းဘူးဆိုတာ သိပါတယ် ငါ့ဝမ်းပူ ငါသာသိ ဆိုသလို တခြား နည်းလမ်း မရှိလို့ လုပ်နေရတာပါ လယ်လေး များ ပိုင်လို့က တော့ သာနိုးတို့က အခုလို သူများ အသက်နဲ့ အသက်မွေးတဲ့ အလုပ်ကို လှည့်ကိုမကြည့်ဘူး”

    သူရိယသည် အာပေါင် အာရင်းသန်သန်နှင့် ပြောနေသော သာနိုးအား အတော် သဘောကျနေသည်။ သာနိုး၏ မျက်ဝန်းကို ကြည့်ရင်းမှ သာနိုးသည်  စိတ်ထဲ၌ရှိသော စကားကို မုသားမပါ စိတ်ရင်း နှင့် ပြောနေသည် ဆိုသည်အား သူရိယ သိသည် ၊၊ထို့ကြောင့်လည်း သာနိုးအား သဘောကျနေခြင်းဖြစ်သည် ၊

    “ကိုသာနိုး လယ်ပဲလား ဗျ နွားလေး တရှဥ်းလောက်ရော မလို ချင်ဘူးလား “

    “လယ်ရခဲ့ရင်ကိုပဲ အတော် ဝမ်းသာနေပါပြီ နွားတော့ မမှန်းရဲ သေးပါဘူး”

    ထို့နောက် သာနိုးသည် တချက်ပြုံးလိုက်ကာ

    “ကျုပ်လည်း အတွေး လွန်သွားတယ် လယ်ပိုင်ပြီလို့ စိတ်ထဲ မှာ တကယ် ထင်သွားတာ။အခုတော့ လယ်မပြောနဲ့ ငါးရှဉ့် ပုံးတွေတောင် သရဲ ယူသွားလို့ အသစ်ပြန်ယက်နေရတယ် “

    “ကဲ ကဲ ငါ့တူကြီး ‌ဦးကြီးတို့ကို ကျတ်လယ် ပိုင်ရှင်ဆီ ပို့ပေးစမ်းပါကွယ်”

   “အဲ့တာဆိုလည်း သွားကြရအောင် မလုံး  ဒီဦးကြီးတွေ စားတဲ့ အကြော်ဖိုး ကိုပါ ကျုပ်စာရင်းထဲ မှတ်ထားဗျာ “

    “အေးအေး သာနိုး ငါးရှဉ့် ရရင်ငါ့ကို လာပို့ ဦး။နင်နောက် တခါ ကျတ်လယ်ကို မသွားနဲ့ ကျတ်လယ်တွေကို ကျားဆိုးရွာက စုန်းမတွေ နှောက်ယှက်နေတာတဲ့ “

    “နောက်တခါ မသွားတော့ပါဘူး မလုံးရေ”

    ဦးဖိုးဝေ နှင့် သူရိယသည် အကြော်သည်မလုံး၏ စကားကြောင့် တယောက်ကို တယောက် ကြည့် လိုက်မိသည် ။ ထို့နောက် သူရိယသည် သူ၏လွယ်အိတ်ထဲမှ ငွေအချို့ကို ထုတ်ကာ  သာနိုး တားနေသည့်ကြားမှ အကြော်သည်မလုံးအား အတင်းပေးကာ  ကျတ်လယ်ပိုင်ရှင် ဒေါ်အေးမိအိမ်သို့ ထွက်ခွာ လာခဲ့ ကြပါလေတော့သည် ။

    ◾အခန်း (၃)

    ပွေးကိုင်းရွာမှ ဒေါ်အေးမိသည် လက်ညှိုးထိုးမလွဲသည့် လယ် ယာများကို ပိုင်ဆိုင်ထားသော မြေပိုင်ရှင် သူဌေးမကြီးတယောက် ဖြစ်သည် ။သူမပိုင်သော ကျတ်လယ်မြေ များသည် ခြောက်ဧကဝန်းကျင်ရှိသော်လည်း ပစ်ထားရသည်။လယ်စိုက်သောအခါ အမျိုးမျိုး‌သော နှောက်ယှက်မှုများ ကြုံတွေ့ရ၍ ပွေးကိုင်း ရွာသားများအား အလကားပေးသော်လည်း ယူမည့်သူမရှိ ဖြစ်နေသည်။ ယခု ဦးဖိုးဝေတို့သည် ဒေါ်အေးမိ၏ ပျဉ်ထောင် ပျဉ်ခင်း နှစ်ထပ် အိမ်ကြီး ရှိရာ အိမ်ဝိုင်းဝ သို့ ရောက်လာပြီ ဖြစ်သည်။အိမ်ဝိုင်း ရှေ့ ရောက်သော အခါ

    “ဗျို့ အရီး အေးမိ “

    “ကိုသာနိုး အရီးက ဘုရား ရှိခိုးနေတယ် ဧည့်သည်တွေရော ပါတာလား  လာ လာ တန်းလျားမှာ ထိုင်ကြဦး ကျမ ရေနွေး ပွဲ လေးပြင်ပေးမယ် “

    “အေးအေး သူဇာ “

    သာနိုးသည် ဒေါ်အေးမိ၏ တူမ နေရာပေးသော တန်းလျားတွင် ဦးဖိုးဝေတို့အားအရင် ထိုင်စေကာ သူပါလိုက်ထိုင်လိုက်ပြီး

    “ဦးကြီး ကျုပ်က ဒီအိမ်ကို လိုက်ပို့ဆိုလို့သာ လိုက်ပို့ရတာ ဘာကိစ္စရှိလို့လဲဗျ “

    “ခဏ စောင့်ပါ မကြာခင် သိမှာပေါ့ ငါ့တူရာ  “

    ဦးဖိုးဝေ၏စကားကြောင့် သာနိုး အထွန့်တက်ခြင်း မလုပ်တော့ပဲ  ဒေါ်အေးမိ အလာကို သာ စောင့်နေလေသည်၊၊ မကြာသော အချိန်တွင် တဘက် တထည်ကို ပုခုံးမှာ တင်ပြီး ဦးဖိုးဝေထက် အနည်းငယ် ငယ်နိုင်သော ဥပဓိရုပ်ကောင်းကောင်းနှင့် ဒေါ်အေးမိ ရောက်လာပြီး

    “‌သာနိုး ပါလား ဧည့်သည်တွေရော ပါလာတာပါလား ဟဲ့ သူဇာ နင် ဧည့်သည်တွေကို ရေနွေးပွဲ မတည်ပေးဘူးလား “

    “အရီးရေ သူဇာ ရေနွေးပွဲသွားပြင်နေတာပါ ဒီက ဧည့်သည်တွေက အရီး အိမ်လိုက်ပို့ဦးဆိုလို့ ပို့ရတာ “

    “ဟုတ်လား ကျမနာမည် မအေးမိပါ ဒီက ဧည့်သည်ကြီးတွေက ဘာကိစ္စ ရှိလို့လဲ မသိဘူး”

    ဒေါ်အေးမိသည် မာန်မာနမရှိ ယဉ်ကျေးစွာ စကားဆိုလေသည်သောအခါ ဦးဖိုးဝေသည်

“‌ကျုပ်နာမည် ဦးဖိုးဝေပါ  လောကီ ပညာလေး အနည်းအပါးတတ်တယ် ဆိုပါတော့ဗျာ၊ကျုပ် အရပ်ထဲမှာ ကြားတာတော့ ဒီက ဒေါ်အေးမိရဲ့ ကျတ်လယ်ကို အလကားပေးနေတယ် ဆိုလို့ ပါ “

    “ဟုတ်ပါတယ် ကျမလည်း မလုပ်နိုင်တော့ အလကားဖြစ်မဲ့ တူတူ ပေးချင်တာပါ ဒါပေမဲ့ ဘယ်သူမှ မလုပ်ရဲပါဘူးရှင်”

    “အင်း အဲ့ဒီမှာ နှောက်ယှက်နေတဲ့ အရာတွေကို ကျုပ်ရှင်းနိုင်မယ် ထင်ပါတယ် တကယ် လို့ ရှင်းသွားရင် လယ်တွေကို တယောက်တဝက် လိုချင်ပါတယ် “

    “ဆရာကြီးတို့ပဲယူပါ “

    “မဟုတ်ဘူး ကျုပ်က စာချုပ်စာတန်း နဲ့တယောက် တဝက် ယူချင်တာ “

    “ဆရာကြီးက ကျမကို ကတိမတည်ဘူးထင်လို့ ထင်ပါရဲ့ အကုန်လုံး ယူလည်း ကျမ စာချုပ် ချုပ်ပေးပါမယ်။ကျမ အတွက်က တကယ် မလို လို့ပါ။အဲ့ဒီ မှာ နှောက်ယှက်နေတဲ့ စုန်းမတွေကို နှိမ်နှင်းပေးရင် ကိုပဲ ကျမက ကျေနပ်ပါပြီ “

    ” ဒေါ်အေးမိ က ဘာလို့ စုန်းမ လို့ ပြောတာ လဲ “

    “ကျမ အဲ့ဒီလယ်ကွက်တွေ  ဝယ်တုန်းက ကျားဆိုးရွာက စုန်းမ တယောက်က မဝယ်ဖို့ လာတားတယ်လေ။ကျမက သူ့စကားနားမထောင်တော့ အခုလို နှောက်ယှက်တယ် ထင်ပါ့”

    “အဲ့တာကတော့ နောက်မှသိရမှာပေါ့ ဒေါ်အေးမိ သဘောတူရင် ကျုပ် ကျတ်လယ် မှာ နှောက်ယှက်နေတဲ့အနှောက် အယှက် တွေကို ရှင်းပေးပါ့မယ် “

    “တကယ်လို့ အောင်မြင်ရင်တော့ ကျမက ဆရာကြီးတို့ကို ပိုပြီးတော့တောင် ကျေးဇူးတင်နေမှာ အဲ့ဒီကျတ်လယ် ဘေးမှာ လည်း ကျမ လယ်တွေရှိတယ်။အဲ့ဒီကျတ်လယ်ကို ကြောက်ကြတာနဲ့ ဘေးက လယ်တွေကို လယ်စိုက်ရင် လုပ်အားခ နှစ်ဆပိုပေးနေရတာ တကယ်လို့ အနှောက်အယှက် မရှိတော့ဘူးဆိုရင် ကျမက သာလို့ အဆင်ပြေတာပေါ့ အဲ့‌တာကြောင့် မို့  ဆု အနေနဲ့  ကျတ်လယ် ကိုပေးတာပါ “

    “သင့်မြတ်ပါတယ် ‌ဒါမဲ့ အရင် ပိုင်ရှင်တွေ တုန်းက အနှောက် အယှက် မရှိဘူးလား “

    “အရင် ပိုင်ရှင်က ကျမတို့ ရွာက မဟုတ်ဘူး သူ့တုန်းကတော့ ဘာမှ မဖြစ်ဘူး ကျမ ဝယ်ပြီး သုံးလေး နှစ် လောက် ဘာမှမဖြစ်ပါဘူးနောက် မှ အနှောက်အယှက်တွေ ပေါ်လာပြီး ကျတ်လယ် လို့ပါအမည်တွင်သွားတာ “

    “ဘယ်လို ဖြစ်ပြီး ကျတ်လယ်လို့ တွင် ရတာလဲ “

    “ကျမ ရဲ့ သူရင်းငှားတွေ ပြောပုံ အရဆို လူလေးငါးယောက် လောက် ညဆို ပျိုးတွေ နုတ်လိုက် ကောက်တွေ စိုက်လိုက် လာလုပ် နေတတ်တယ် တဲ့။မနက် ကျရင်တော့ ဘာမှ ရှိမနေပြန်ဘူးဆရာကြီးရေ နောက်တော့ သူရင်းငှားတွေကိုပါ လယ်စောင့် တဲကနေ နှင်ချတော့တာပါပဲ အဲ့ဒီလိုတွေ ဖြစ်ပြီး ကျတ်လယ်လို့ တွင်တာ အရင်က အထက်လမ်းဆရာ တယောက်ကို ပြဘူးတယ် သူက ကျားဆိုးရွာက စုန်းမ တွေ နှောက်ယှက်နေတာ လို့ ပြောတယ် “

    “အင်း ဟုတ် မဟုတ်က တော့ မကြာခင် သိရမှာပေါ့  ကဲ ကဲ ကျုပ်တို့ကို ခွင့်ပြုဦးဗျာ “

    “ရေနွေး ပွဲ တောင် မရောက်သေးဘူး ပြန်တော့မလို့လား ကျမ တူမ မိသူဇာက အလုပ်တခု လုပ်ရင် နှေးတိနှေးကွေး နဲ့ “

    “အဲ့တာ ကြောင့် အပျိုကြီး ဖြစ်နေတာ ဖြစ်မယ် အရီးရေ “

    “နင်ပြော သလို ဖြစ်မယ် သာနိုး “

    ဒေါ်အေးမိ သည် သာနိုး၏ စကားကို ပြုံးစစ နှင့် ထောက်ခံ နေချိန် မသူဇာသည် အေးဆေး တည်ငြိမ်သော ခြေလှမ်းဖြင့် ရေနွေးပွဲ လင်ပန်းကိုကိုင်ပြီး ရောက်လာရာ  ဒေါ်အေးမိသည်  သူမ၏ တူမအား

    “လိပ်မ ညည်း ရေနွေးပွဲကလည်း ဧည့်သည်တွေ ပြန်ချိန်မှ ရောက်လာရလားတော် “

    “အရီးဆူလည်း ခံရမှာ ပဲ ကျမ ရေနွေးပွဲ သွားပြင်တာ မီးဖိုချောင်ထဲ ရောက်မှ ဘာလုပ်ရမယ် ဆို တာ မသိတော့လို့ ထိုင်စဉ်းစား နေတာ အရီးရေ “

    “ရတယ် ရတယ် ညည်းသွားနားချေ ထမင်း ငါပဲ ချက်လိုက်မယ် ကြားလား “

    မသူဇာသည် သူ၏ အဒေါ် စကားကိုခေါင်းညိတ်ကာ လက်ခံ လိုက်ပြီး အိမ်ပေါ်တက်သွားလေသည်။ထိုအခါ ဦးဖိုးဝေသည် ဒေါ်အေးမိကို ကြည့်ကာ

    “ဒေါ်အေးမိ တူမက မွေးကတည်းက အခုလိုပဲ လား “

    “မဟုတ်ဘူး ဆရာကြီး သူက အရင်က အတော်ကို သွက်သွက်လက်လက်”

    “ဟုတ်လား ဘယ်လို ဖြစ်သွားတာ လဲ ဒေါ်အေးမိ”

    “အဲ့တာ ဆို ဆရာကြီး တို့ လယ်ကိစ္စ ဖြေရှင်းပြီးရင် ကျမ အိမ်ကို ပင့်ပါရစေ ကျမ တူမလေးမှာ ဖြစ်နေတဲ့ အရာတွေက သာမာန် မဟုတ်ဘူးဆရာကြီး “

    “ကောင်းပါပြီ အဲ့တာဆို ကျုပ် တို့ လယ်ကိစ္စရှင်းပြီး ရင် ပြန်လာခဲ့ပါမယ်။မနက်ဖြန်ည လယ်ကိစ္စ သွားရှင်းရင် ဒေါ်အေးမိ ယုံကြည်ရတဲ့ သူတယောက် ထည့်လိုက်စေချင်ပါတယ် “

    ” အင်း အဲ့တာဆို ကျမ လယ်တွေကို ဒိုင်ခံလုပ်ပေးနေတဲ့ တူဝမ်းကွဲ ကျော်မိုး ကိုထည့်လိုက်ပါမယ် ည လာခဲ့ပါ “

    “ကောင်းပါပြီ ကျုပ်တို့ကို ခွင့်ပြုပါဦး “

    သူတို့အားလုံးသည် လယ်ပိုင်ရှင်ကြီး ဒေါ်အေးမိအား နှုတ်ဆက်ကာ သူမ၏ အိမ်မှ ပြန်ထွက်လာသည်၊၊အိမ်ဝိုင်း အပြင်ရောက်သည် နှင့် သာနိုးသည်

    “ဆရာကြီးတို့ ကျုပ် ဘာကူညီရဦးမလဲ ဆရာကြီးတို့ ပုံကြည့်တာ နဲ့ ဒီလယ်ကိစ္စ ဖြေရှင်းနိုင်မယ် ဆိုတာ ယုံတယ် လယ်တွေကို ရောင်းခဲ့မယ် ဆိုရင်လည်း လယ်ပွဲစား ဆီကို ကျုပ်လိုက်ပို့ပေးပါမယ်  ကျုပ်ကို ဘာမှ ပေးစရာမလိုပါဘူး “

    ဦးဖိုးဝေ နှင့် သူရိယသည် သာနိုးအား ပြိုင်တူ ငဲ့စောင်း ကြည့်လိုက်ကြသည်။ ပကတိ လိုချင် တပ်မက်စိတ်မရှိသော သာနိုးမှာ  စိတ်ရင်း အမှန်ဖြင့် ပြောနေသည်ဆိုတာကို သူတို့၏ သမာဓိ အစွမ်းဖြင့် ကောင်းစွာသိသည်။ထို့ကြောင့် ဦးဖိုးဝေသည် သာနိုးအား တချက်ပြုံးပြကာ

    “ငါ့တူကြီး ပေးထားတဲ့ ကတိကို တည်ရမယ်နော်။မှတ်ထား ကတိ သစ္စာတည် ရင် လုပ်သမျှ အကောင်းပဲ ဖြစ်လိမ့်မယ်။ တကယ်လို့ ကတိသစ္စာပျက်ရင် ငါ့တူကြီး လုပ်သမျှ ပျက်စီးခြင်းကို ဦးတည် လာလိမ့်မယ် “

    “ဟုတ်ကဲ့ ကျနော် က ဘာကတိတွေ ပေးခဲ့လို့လဲ “

    “အခု ပေးရတော့မယ် လေ အခု ကျတ်လယ်ကို အနှောက် အယှက်တွေ ရှင်းပြီးရင် ငါ့တူကြီး ဒေါ်အေးမိ နဲ့ စာချုပ်ချုပ်ပေတော့ “

    “ဗျာ ကျုပ် ကျုပ်ကို ပေးမှာ ဟုတ်လား “

“ဦးကြီးတို့က ဒီလယ်တွေကို မယူပါဘူး တခုတော့ ရှိတယ်  ငါးရှဉ့် နဲ့ ငါး မထောင်ရတော့ဘူးနော် “

    “စိတ်ချပါ ဆရာကြီးရာ အိမ်စားဖို့ တောင် ကျုပ် မထောင်တော့ ပါဘူး ခြောက်ဧကလုံးတော့ မယူချင်ဘူး ဆရာကြီးရာ “

    “ဟေ့ ဘာဖြစ်လို့လဲဟ “

    “ကျုပ်လို အဆင်မပြေတဲ့ ကျုပ် သူငယ်ချင်း လှမောင်ရှိတယ် ဗျ သူ့ကိုပါ ပေး “

   ဦးဖိုးဝေသည် သာနိုး၏ စကားမဆုံးခင် လက်ကာ ပြလိုက်ပြီး

    “ငါ့တူ ရဲ့ ကိုယ်ချင်းစာတရားကို ဦးကြီး အသိအမှတ်ပြုပါတယ်။အခုလောလောဆယ်တော့ ငါ့တူပဲ ယူပါ လူချင်းတူပေမဲ့ ကံချင်း မတူနိုင်ဘူးလေ။ပြီးတော့ ကတိသစ္စာ ရှိသေးတယ်၊ ဦးကြီးတို့က မင်းရဲ့ ကတိသစ္စာကို ယုံကြည်လို့ မင်းကို ပေးတာ တကယ်လို့ မင်းသူငယ်ချင်းကသာ ကတိသစ္စာ မတည်ခဲ့ရင် ပျက်စီးခြင်းတွေက မင်းဆီကိုသာ ရောက်လာနိုင်တယ်  ဦးကြီး ပြောတာ နားလည်လား “

    ဦးဖိုးဝေ၏ စကားနားထောင်ပြီးသောအခါ သာနိုးသည် ခေါင်းကို ညိတ်လိုက်သည်။ သူ၏ စိတ်ထဲတွင်လည်း လှမောင်၏ ပြောစကားကို ပြန်‌ကြားယောင်လာသည် ။

“သာနိုးရေ ငါက သူများ အသက်ကို သတ်ရမှ စားဝင် အိပ်ပျော်တာကွ ငါတို့ ငါးရှဉ့်ပုံးထဲ ရွှေတွေရောက်နေလို့ သူဌေးကြီး ဖြစ်ရင်တောင် ငါးရှဉ့်ဗိုက်ကို နှီးကျောနဲ့ ခွဲရ တဲ့ အရသာလေးကို စွန့်လွှတ်နိုင်မယ် မထင်ဘူးကွာ “

    ထိုစကားများကို ပြန်ကြားယောင်သောအခါ ဦးဖိုးဝေ၏ ဆိုလိုရင်းကို နားလည် သွားကာ သူတပါး အသက်ဖြင့် စီးပွားရှာခြင်းကို ရာသက်ပန် စွန့်လွှတ်မည်ဟု ဆုံးဖြတ်ချက် ချလိုက်သလို လယ်ပိုင်တော့မည်ဖြစ်၍ ပြုံးပျော်နေသည်။သားသမီး ဇနီးမယားတို့ ၏ မျက်နှာများကို တွေးတောပြီး ပျော်ရွှင်စွာနှင့် ဦးဖိုးဝေ နှင့် သူရိယအား သူ၏ အိမ်လေးဆီသို့ ခေါ် ဆောင်သွားပါလေတော့သည်။

    ◾အခန်း (၄)

     ပွေးကိုင်းရွာလေး၏ ညနေ အချိန်ခါဖြစ်သည် ။ဦးဖိုးဝေ သူရိယ နှင့် အတူ သာနိုးသည် သူ၏ ငွေမှင်ရောင်ဓာတ်ခဲထည့်ထိုးရသည့် ဓာတ်မီးလေးအား နောက်မှ ထိုးပြီး လိုက်လာလေသည်။ဓာတ်မီးသည် ပိတ်လိုက် လင်းလိုက်ဖြစ်နေသည်မို့ ကျန်လက်တဖက်မှ လက်ဖဝါးဖြင့် ပုတ်လိုက်သည့်အခါ မှ လင်းလာလေသည်။သာနိုးသည် သူ၏ ဓာတ်မီးလင်းသွားသောအခါ မှ စကားဆိုလာလေသည် ။

    “ဦးကြီး ရေ ဒီဓာတ်မီးတောင် အမေတို့ ချန်ခဲ့လို့ သုံးနေရတာ ကျုပ်ကတော့ အခုထိ ဘာမှ မဝယ်နိုင်သေးဘူးဗျာ”

    ” ဒီည ကုန်သွားရင်တော့ ငါ့တူ လယ်ပိုင်ရှင် ဖြစ်ပါပြီ ကြိုးစားကွာ ‘

    “စိတ်ချပါ ကြိုးစားပါ့မယ် ကျုပ်မိန်းမ ပျော်နေတာ ဦးကြီး နဲ့ ညီလေးတို့တွေ့တယ် မဟုတ်လား”

    “အင်း တော်တော် ပျော်နေတာ”

    “မပျော်ရိုးလား ဦးကြီးတို့ရယ် သူက ကျုပ်ကို ငါးရှဉ့်ထောင်‌ကျွေးတာကြိုက်မှ မကြိုက်ဘဲ ဒါပေမဲ့တခြားရွေးစရာမရှိလို့ ဒီ အလုပ် လုပ်နေရတာဆိုတော့ အောင့်အီး သည်းခံနေရတာလေ “

    “အခုတော့ မကြာခင် အကုန်လုံး အဆင်ပြေသွားတော့မှာပါ”

    “ကျုပ်လည်း အဲ့ဒီလိုပဲ ဖြစ်ပါစေ လို့ဆုတောင်းနေတာ ဦးကြီးတို့ကို မယုံလို့တော့ မဟုတ်ပါဘူး ကံကြမ္မာကို မယုံရဲတာ “

    ဤသို့ဖြင့် ဦးဖိုးဝေတို့သည် စကားတပြောပြောဖြင့် ဒေါ်အေးမိ၏ နေအိမ်နားသို့ ထပ်မံရောက်ရှိလာလေသည်။ ဒေါ်အေးမိ၏ အိမ်ဝိုင်းအဝတွင် လူတယောက် စောင့်နေပြီး ထိုသူမှာ  သူမ၏ တူဝမ်းကွဲ ကျော်မိုးဖြစ်သည်။ကျော်မိုးသည် လူရိပ်လူခြေမြင်ရ၍ ထင်၏။သူ၏ လက်ထဲမှ ဓာတ်မီးကို ဦးဖိုးဝေတို့ဘက် ထိုးလိုက်ပြီး သာနိုးကို‌မြင်သော အခါ

    “လာလာ ကိုသာနိုး ကျုပ်ကို အရီးပြောကတည်းက စိတ်ဝင်စားလို့ ကြိုစောင့်နေတာ “

    “ထင်ပါတယ် အဲ့တာကြောင့် အရီးအေးမိက မင်းကို ထည့်တာကိုး “

    ထို့နောက်တွင် ဦးဖိုးဝေ၊သူရိယ နှင့် ဓာတ်မီး တလက်စီကိုင်ထားသော ကျော်မိုး နှင့် သာနိုးတို့သည် ရွာနှင့် အတန်လှမ်းသော ကျတ်လယ်သို့ ထွက်ခွာလာကြလေသည် ။လမ်းတလျှောက် ကျော်မိုးသည် သူကြံတွေ့ ခဲ့ရသော ကျတ်လယ်နှင့် ပတ်သတ်သည် အကြောင်းများအား ပြန်ပြောပြနေသည် ၊၊

    “ဆရာကြီးရာ ကျုပ်ဖြင့် ကျတ်လယ် ထဲ မှ အလုပ် လုပ်တော့ မှ စုန်း၊ကဝေ တွေကို တကယ် ယုံသွားတာ သူတို့က သရဲ တွေ ဘာတွေကို အရီးရဲ့ လယ်ထဲကို လွှတ်ပြီး လုပ်စားလို့ မရအောင် လုပ်တာ ထင်တယ်။အရီးကတော့ အဲ့ဒီလယ်တွေ ဝယ်မိတာ သူအတွက် အရှုံးတွေချည်းပဲ “

    “ဘာလို့လဲ ဗျ”

    “ဘာလို့ရမှာလဲ ညီလေးရယ် ကျတ်လယ်က ခြောက်ဧက ကွာ အရီးပိုင်တာက အဲ့ဒီဘေးမှာရော လယ်ကွက်တွေ အများကြီး အဲ့‌ဒီတော့ ကျတ်လယ်ကို အကြောင်းပြုပြီး ‌အလုပ်သမားဈေး အများကြီး ပေးရတာကွ၊စပါးရိတ်ရင်လည်း ပိုပေးရ ထွန်တုံးချရင်လည်း သူရင်းငှားတွေက မလုပ်ရဲလို့ လုပ်ရဲတဲ့ သူကိုရှာပြီးပိုပေးရနဲ့ အတော်ကို အကုန်အကျများတာကွ  “

    သူတို့ စကားတပြောပြောနှင့် လမ်းလျောက်နေစဉ် လယ်ကန် သင်းများပေါ်စတင်၍ လမ်းလျှောက်လာရပြီဖြစ်သည် ။လယ် ကန်သင်း များပေါ်သို့ အတန်ကြာ လမ်းလျှောက်ပြီးသောအခါ သူတို့ သွားနေသည့် ကျတ်လယ်၏ ဧရိယာကို ခြေစချမိပြီ ဖြစ်သည်။ထို့နောက် ခဏမျှ ကန်သင်းရိုးပေါ် လမ်းလျှောက်နေစဉ် နောက်ဆုံးမှ ဓာတ်မီးကိုင်ထားသော ကျော်မိုးသည် လယ်ကွင်းဖက်သို့ လဲကျသွား၏ ၊

    “အမလေး ဆရာကြီးလုပ်ပါဦး “

    ကျော်မိုးသည် သူ၏ ဆံပင်အား တယောက်ယောက်မှ တရွတ်တိုက်ဆွဲသွားသလို လယ်ကွင်းထဲ လျောတိုက်ပါသွားရာ သူ၏ လက်မှ ကိုင်ထားသော ဓာတ်မီးသည်လည်း ရေထဲကျကာ မီးမလင်းလာတော့ပေ။ထိုသို့ လျောတိုက်ပါသွားသည် ကို သာနိုး၏ဓာတ်မီး အလင်းရောင် အောက်တွင် ကောင်းစွာမြင်နေရသည်။ထို့နောက် ဦးဖိုးဝေသည်

    “အော် ဒင်းတို့က ငါတယောက်လုံး ပါတာတောင်  လုပ်ရဲတယ်။ အခုချက်ချင်း  ဒီလယ်ထဲမှာ ရှိတဲ့ ပရလောကသားတွေ ငါ့ရှေ့ ရောက်စေ “

    ဦးဖိုးဝေမှ ကျော်မိုး တရွက်တိုက်ပါသွားသည့်ဘက်ကို လက်ညှိုးထိုးပြီး ပြောလိုက်ရာ  မကြာသောအချိန်တွင် ကျော်မိုးသည် ဦးဖိုးဝေရှိရာ ဘက်သို့ ခေါင်းကို လူတယောက် ဆွဲပြီး ခေါ်လာသည့်အလား ပြန်ပါလာ၏။ထိုအခါ သူရိယသည်  လဲ ကွင်းထဲ လဲနေသော ကျော်မိုးကို တွဲထူလိုက်ပြီး ခေါင်းကို သူ၏ လက်နှင့် သပ်ပေးလိုက်သည့် အခါမှ ကြောက်ရွံ့တုန်ယင်နေသည်မှာ ငြိမ်ကျသွားလေသည် ။သူရိယသည် ကျော်မိုး နှင့် သာနိုး အား

    “ကဲ ကိုကျော်မိုး နဲ့ ကိုသာနိုး ဘာမြင်မြင် မကြောက်ကြနဲ့ ကျနော်တို့ကို ယုံ ကိုကျော်မိုး အခု မြင်ရ ကြားရမဲ့ အရာတွေကို မှတ်ထားပါ ပြီးရင် ခင်ဗျားရဲ့ အရီးကို ပြန်ပြောပြပေးပါ “

    “အေး အေး ညီလေး “

    ထို့နောက် ဦးဖိုးဝေသည် သူတို့၏ရှေ့တွင်  ‌သွားနေသည့် ခြေသံများဘက်ကို လက်ညှိုးထိုးပြပြီး

    “ငါ့တူကြီး အဲ့ဒီနေရာကို ဓာတ်မီးထိုးကြည့်ကွယ် “

    “ဟုတ် ဟုတ် ဆရာကြီး “

    သာနိုးသည် သူ၏ ဓာတ်မီးအား ဦးဖိုးဝေ ညွှန်ပြရာ နေရာသို့ ထိုးကြည့်လိုက်သောအခါ လယ်ကွင်းထဲတွင် လူသွားနေသည့်အလား မြက်ပင်များ လှုပ်ရှားနေသည်ကို အထင်းသားမြင်နေရသည် ။ဦးဖိုးဝေသည် ထိုနေရာကို ကြည့်ပြီး

    “ကဲ ငါကတော့ နင်တို့ကို မြင်ရတယ်။အခု တခြားသူတွေလည်း မြင်ရမှဖြစ်မှာမို့  ကိုယ်ထင်ပြလိုက်စမ်း”

    ဦးဖိုးဝေ၏ စကားဆုံးသောအခါ လယ်ကွင်းမြက်ရိုင်းများကြားတွင်   လယ်ကွက်အား နှောက်ယှက်နေသော သရဲငါးကောင်အား အထင်းသားတွေ့လိုက်ရလေသည် ။သာမာန် ရွာသားများသဏ္ဍန် ဝတ်ဆင်ထားပြီး မျက်နှာထား တင်းတင်း နှင့်  သရဲများသည် သရဲမ သုံးကောင် နှင့် သရဲ နှစ်ကောင်ဖြစ်သည်။ထိုသရဲ များသည် ဦးဖိုးဝေကို စူးစိုက်ကြည့်ကာ

    “နင် နင်ဘယ်သူလဲ ငါတို့က နင်ခိုင်းတဲ့ အတိုင်း ဘာလို့ လိုက်လုပ်နေရတာလဲ နင်ခိုင်းတဲ့ အတိုင်း မလုပ်ရင် ငါတို့ကိုယ်တွေ ပူတယ် နင်က ဘာလဲ “

    “ငါက နင်တို့ ရဲ့ ဒုက္ခတွေကို ကူညီပေးမဲ့သူလို့ မှတ်ထား နင်တို့ ဘာလို့ နှောက်ယှက်နေရတာလဲ “

    “ငါတို့ မနှောက်ယှက်ဘူး ဒီလယ်က ငါတို့လယ် ငါတို့ ဘိုးဘွား အစဉ်အဆက် ပိုင်လာတဲ့ လယ် “

    “နင်တို့ ရဲ့ လယ်ဟုတ်လား အဲ့တာ ဆို နင်တို့ ရဲ့ ပိုင်ဆိုင်မှု့ကို  ဘယ်လို သက်သေပြမလဲ “

    “ဘာကို သက်သေပြရမှာလဲ ငါတို့ လယ်ပဲ”

    “ကဲ ခက်ချေပြီ။ဒီလယ်ကို ပိုင်တာ ဒေါ်အေးမိ။သူက ဒီလယ်ကို ဝယ်ထားတာ နင်တို့ကသာ သူများလယ်ထဲကို နှောက်ယှက်နေတာ “

    “ဒါ ငါတို့လယ် “

    သရဲငါးကောင်၏ ဆူးဆူးဝါးဝါး အော်သံတို့ကြောင့် သမာဓိကို မကျင့်ကြံဖူးသော သာနိုး နှင့် ကျော်မိုးတို့သည် သူတို့၏ နားများကို ပိတ်လိုက်ရာ သာနိုး၏လက်ထဲမှာ ဓတ်မီးသည် လယ်ကန်းသင်းရိုးပေါ် ကျသွား၍ သူရိယမှာ ပြန်ကောက်ပြီး သရဲ များရှိရာ ဘက်သို့ ပြန်ထိုးထားလိုက်သည်။ဦးဖိုးဝေသည် သရဲများကို ကြည့်ကာ

“နင်တို့မှားနေပြီ  နင်တို့ ထွက်သွားမှာလား ငါက နင်တို့ အထက်က နတ်တွေကိုခေါ်ပြီး ဆုံးမခိုင်းရမလား။ငါကတော့ နင်တို့ နာကျင်အောင် မလုပ်ချင်ဘူး”

    “နင်က ဘာမို့လို့ ငါတို့ကို ခြိမ်းခြောက်နေတာလဲ “

    ပရလောကသားများထဲ မှ  အကြီးဆုံးဖြစ်ဟန်တူသော ပရလောကသားကြီးသည် ဦးဖိုးဝေအား မေးမြန်းလာ၍ ဦးဖိုးဝေမှ ထိုပရလောကသားအား လက်ညှိုးညွှန်လိုက်ရာ ဦးဖိုးဝေ၏ လက်မှ ရွှေရောင်ကြိုးမျှင်လေး ထွက်သွားပြီး ထိုပရလောက သားကြီးထံ ရစ်ပတ်သွားရာမှ ဒူးထောက် ကျသွားစေရာ ကျန်သော ပရလောကသားများ သည် ကြောက်လန့်တကြားဖြင့် ပြေးဖို့ ကျန်နေသော်လည်း လှုပ်၍ မရတော့ပေ။ထို့နောက် ဦးဖိုးဝေသည် ပရလောကသားများကို ကြည့်ကာ

    “သင်တို့ ပုံစံကြည့်ရတာ မိသားစုတွေ ထင်တယ် “

    “ဟုတ်တယ် ငါတို့ ဒီမှာ မနေလို့ မရဘူး ငါတို့ တခြားသွားစရာမရှိဘူး “

    “နင်တို့ကို မသွားစေချင်သေးလို့ ငါမလွှတ်သေးတာပေါ့၊ငါမေး တာ အမှန်အတိုင်းဖြေ နင်တို့ ဘာလို့နှောက်ယှက်နေတာလဲ “

    “ငါ့သား အငယ်ဆုံးက ငါတို့ကို ဒီမှာ နေခိုင်းလို့ ငါတို့နေနေတာ “

  “နေပါဦး နင်တို့က ဘယ်ရွာကလဲ ဘာကြောင့် ဒီလယ်ထဲကို နှောက်ယှက်နေတာလဲ  “

    “ငါ့သားက ဒီလယ်ထဲကို ဝင်လာသူမှန်သမျှ နှင်ထုတ်ရမယ် ပြောလို့ပါ “

    “အခု နင့်တို့ သားရော”

    “ငါတို့ မသိဘူး အရင်က ဒီကို လာသေးတယ် အခု မလာတာ ကြာပြီ “,

    “နင်တို့က ဘယ်ရွာကလဲ ပြောစမ်း “

    “ငါတို့က မီးကွင်းရွာကပါ “

    “ကဲ သိပြီ နင်တို့ အခုချိန်က စပြီး ဒီလယ်ပိုင်ရှင်ကို မနှောက်ယှက်တော့ နဲ့ ကြားလား ငါနင်တို့ကို ဖြစ်ချင်ရာ ဖြစ်ဆိုပြီး နှင် ထုတ်လိုက်လို့ရတယ်။နင်တို့လည်း လူ့ဘဝကနေ ဒီဘဝကို မရောက်ချင်ပဲ ရောက်နေရတာမို့ ကိုယ်ချင်စာပေးလိုက်တာ  နင်တို့အကြောင်းကို ငါစုံစမ်းပေးမယ် နင်တို့ ရဲ့နာမည်တွေ ပြောပြစမ်း “

    “ငါ့နာမည်က ဝင်းမောင် “

    ပရလောကသားများသည် သူတို့၏ နာမည်များကို တယောက်ချင်း ပြောပြလေသည်။ဝင်းမောင်ဆိုသော လူကြီးမှာ ဖခင်ကြီးဖြစ်ပြီး သားဖြစ်သူ ငွေသိန်း၊တူဖြစ်သူ စိုးညွှန့် နှင့် သမီးနှစ်ယောက် ဖြစ်သူမှာ ငွေကြည် နှင့် ရွှေကြည်ဟု သိရသည် ။ထို့နောက် ဦးဖိုးဝေသည်

    “ကဲ မင်းတို့ရွာကို ငါသွားပြီး အကြောင်းစုံ သိရရင် မင်းတို့ အတွက် အထောက်အကူဖြစ်နိုင်မယ့် အကူအညီကိုငါပေးမယ်အခုတော့ ဒီလယ်မှာ ခေတ္တနေနိုင်တယ် သို့ပေမဲ့ နှောက်ယှက်ခြင်း အမှုတခုပြုတာ နဲ့ သင်တို့ထိုက် နဲ့ သင်တို့ကံပဲကြားလား “

    ‘စိတ်ချပါ ငါတို့ မနှောက်ယှက်တော့ပါဘူး ငါတို့လည်း ဒီဘဝ မှာ မနေချင်တော့ဘူး ကူညီပါ “

    “စိတ်ချ ကဲ ကဲ သင့်တင့် တဲ့ နေရာမှာသာ နေပေတော့ “

    ဦးဖိုးဝေမှ ထိုသို့ ပြောလိုက်သော အခါ ပရလောက မိသားစုသည် တဖြည်းဖြည်း ပျောက်ကွယ်၍သွားလေတော့သည်၊၊ထိုအခါမှာ အသက်ရှုသံ မကြားရအောင် ငြိမ်သက်ပြီး ကြည့်နေသော ကျော်မိုး နှင့် သာနိုး အနက် ကျော်မိုးသည်

    “ဆရာကြီး ကျုပ်ဖြင့်တော်တော်ကို လန့်သွားတာဗျာ သေပြီလို့ တောင် တွေးလိုက်မိတယ် “

    “ဦးကြီးလည်း အဲ့ဒီလောက်ထိ သူတို့ကို ကမ္မဇိဒ္ဓိကြီးမယ်လို့ မထင်ထားဘူး အင်း တွေးကြည့်ရင် သနားဖို့ကောင်းပါတယ် “

    “ကဲ မောင်ကျော်မိုး အဖြစ်အပျက်တွေ အကုန် ပြောပြပြီး ဟော့ဒီကတူကြီးအတွက် လယ်စာချုပ် လုပ်ပေးဖို့ ပြောထားလိုက်တော့ကွယ် “

    “စိတ်ချ ကိုသာနိုးက လယ်ပိုင်ရှင် ဖြစ်ပြီပေါ့ “

    “အစောက လယ်ကိုတောင် မလုပ်ချင် ဖြစ်မိတယ် “

    “ဘာလို့လဲ ကို သာနိုးရ “

    “ဘာရမှာ လဲကွာ မင်းခေါင်းကို ဆွဲသွားတာများ ငါချက်ချင်းကို အိမ်ပြန်ပြေးချင်စိတ်တောင် ပေါက်တယ် “

   ဦးဖိုးဝေ နှင့် သူရိယသည် သာနိုးစကားကြောင့် ပြုံးလိုက်မိသည် ။ထို့နောက် ဦးဖိုးဝေသည် လယ်ကိစ္စတချို့ တဝက်ပြီးပြီမို့ ဒေါ်အေးမိ၏ တူမ ခံစားနေရသော အဖြစ်အပျက်များကို အကျိုးအကြောင်း သိရရန် မနက်ဖြန် သွားမည်ဟု တွေးရင်း ကျတ်လယ်ကို ချန်ရစ်ကာ  ပွေးကိုင်းရွာ‌လေး ဆီသို့ ပြန်လိုက်ကြပါလေတော့သည် ။

    ▪️ဦးဖိုးဝေ နှင့် ကျတ်လယ် သည်က ဤမျှသာ။

    🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏

📝မောင်တင်ဆန်း