နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောင်ကျသွားသလိုလိုနဲ့ လုံးဝပျောက်သွားတာဆိုပဲဗျ။
ကိုမင်းနောင်တို့ မခင်သက်ဝေတို့ ဘွဲ့ရပြီးတော့ မခင်သက်ဝေက မြို့မှာ ပဲ ဆရာမပြန်လုပ်တယ်။ ကိုမင်းနောင်ကတော့ မန္တလေးသွားပြီး ပန်းချီလုပ်ငန်းလုပ်တယ်။
တစ်ခုတော့ပြောရဦးမှာဗျ။ တက္ကသိုလ်နေတုန်းမှာပဲ ကိုမင်းနောင် နဲ့ မခင်သက်ဝေက ချစ်သူတွေဖြစ်သွားကြတယ်တဲ့။ ကိုမင်းနောင်ကလည်း ပန်းချီအကျော်အမော်တစ်ယောက်ဖြစ်လာတော့ အတူနေဖို့ငွေစုနေကြတာ တဲ့ဗျ။ ဒီအချိန်မှာ ကိုထိုက်အောင်ပြန်ရောက်လာတာတဲ့ဗျို့။
ပြောစရာတစ်ခုရှိသေးတယ်ဗျ။ မုဆိုးမအမေသုံးယောက်ထဲမှာ ကိုမင်းနောင်ရဲ့အမေဒေါ်လှရီက ဈေးထဲမှာအထည်ဆိုင်ကြီးနဲ့အထည်ရောင်း သတဲ့ဗျ။ မခင်သက်ဝေရဲ့အမေဒေါ်ဝင်းနွယ်က ဈေးထဲမှာကုန်ခြောက်ဆိုင် နဲ့ကုန်ခြောက်ရောင်းတာတဲ့ဗျ။ ကိုထိုက်အောင်ရဲ့အမေဒေါ်စိန်မေကတော့ မျိုးရိုးလိုက်ချမ်းသာတာဆိုပဲ။
အမွေတွေသုံးမွေလောက်ခံရတာတဲ့ဗျ။ ရွာတွေ မှာလည်း ဘိုးဘွားပိုင်ယာတွေမှ အများကြီးဆိုပဲ။ ယာတွေကိုအငှားချထား တာတဲ့။ ဒေါ်စိန်မေက ဈေးရှေ့ကသူတို့တိုက်ကြီးမှပဲ စိန်ရွှေရတနာဆိုင် ကြီးဖွင့်ထားတာဆိုပဲ။
အဲဒီ တိုက်ကြီးကလည်းဒေါ်စိန်မေရဲ့ အဘိုးလက် ထက်ကတည်းကတိုက်ကြီးတဲ့ဗျ။ မြို့မျက်နှာဖုံး လူချမ်းသာစာရင်းမှာ ဒေါ်စိန်မေက ထိပ်ဆုံးကဆိုပဲ။
နှစ်တော်တော်ကြာအောင်ပျောက်နေတဲ့ ကိုထိုက်အောင်ပြန်ရောက်တဲ့အချိန်ကြတော့မှ သူဌေးမဒေါ်စိန်မေရင်ကျိုးရတော့တာတဲ့ဗျာ။
ဒေါ်စိန်မေက သူ့သားဟာကျောင်းသား နိုင်ငံရေးမှာပါလို့ထောင်ကျသွား တယ်ထင်နေတာ။ တကယ်တော့ကိုထိုက်အောင်က ဘယ်နိုင်ငံရေးမှာမှ မပါဘဲ “သာဗိန္ဒ’ ဆိုတဲ့ဆရာတစ်ယောက်နဲ့လိုက်သွားပြီး မှော်ကျင့်စဉ် တွေကိုကျင့်နေတာတဲ့ဗျာ။ ဆရာသာဗိန္ဒနဲ့ တောထဲတောင်ထဲမှာ လိုက်ပြီး သုံးနှစ်လောက်ကျင့်ပြီးတဲ့အခါ အောက်လမ်းမှော်ပညာတွေ တော်တော် ကိုတတ်သွားတာတဲ့ဗျာ။
ဒါပေမယ့် ကိုထိုက်အောင်က အားမရသေးလို့သာဗိန္ဒရဲ့ဆရာကြီး “ဒေဝိန္ဒ’ ဆီမှာပညာဆက်ယူတာဆိုပဲ။ သာဗိန္ဒဆီမှာ သုံးနှစ်၊ ဒေဝိန္ဒဆီမှာသုံးနှစ် ပညာယူပြီးကျင့်ကြံလိုက်တဲ့အခါ တကယ်ကို ထက်မျက်တဲ့ အောက်လမ်းမှော်ဆရာတစ်ယောက်ဖြစ်လာတာဗျို့။ ဒီမှာတင် ဆရာကြီးဒေဝိန္ဒက ကိုထိုက်အောင်ကို “ရာဂိန္ဒ” လို့အမည်ပေးလိုက်တာ တဲ့ဗျာ။
ဒေါ်စိန်မေပြောပြလို့ ဒီနေရာလည်းရောက်ရော ဘိုးလူပေက တအံ့တသြနဲ့မေးရောဗျာ။
“ဘယ်လိုဗျ မစိန်မေရဲ့သားက ရာဝိန္ဒ ဟုတ်လား”
“ဟုတ်ပါတယ်ဆရာကြီး ကျွန်မသားကိုဆရာကြီးသိလို့လားရှင်” လို့ဒေါ်စိန်မေကမေးတော့ ဆရာကြီးဘိုးလူပေက ခေါင်းလေးညိမ့်ပြပြီးပြောတယ်ဗျ။
“ကျုပ်နဲ့တော့ထိပ်တိုက်မတွေ့ဘူးသေးပါဖူးဗျာ။ ဒါပေမယ့် အထက်ပုဂ္ဂိုလ်ကြီးတွေက ရာဝိန္ဒကိုတွေ့အောင်ရှာရမယ်လို့ ကျုပ်ကိုအမိန့် ပေးထားတယ်။”
ဘိုးလူပေရဲ့စကားကိုကြားတော့ ဒေါ်စိန်မေကအံ့သြသွားပြီး စိုးရိမ်တဲ့မျက်နှာဖြစ်သွားတယ်ဗျ။
“ဟာ..ဟုတ်လားဆရာကြီး တကယ်လို့ကျွန်မသားကိုတွေ့ရင် ဆရာကြီးဘာများလုပ်မှာတုန်းရှင်”
ဒေါ်စိန်မေက ဘိုးလူပေကိုပျာပျာသလဲမေးတာဗျ။
“သူ့ပညာတွေက အောက်လမ်းမှော်ပညာတွေလေ မစိန်မေရယ် လူတွေကို ဘာကောင်းကျိုးမှ မပြုဘဲဒုက္ခအမျိုးမျိုးပေးဖို့ပဲရှိတာဗျ။ ဒီတော့ တွေ့ရင်ချော့မော့ဖြောင်းဖျပြီး သူ့ပညာတွေကိုစွန့်ခိုင်းရမှာပေါ့ဗျာ။”
“ရှင်တကယ်လို့ ကျွန်မသားကသူ့ပညာကိုမစွန့်ဘူးဆိုရင်ရောဆရာကြီးရယ်..”
ဒေါ်စိန်မေကအမေကိုးဗျ။ သားအတွက်စိုးရိမ်တာပေါ့။ “အဲဒါဆိုရင်တော့ ကျုပ်နဲ့ရာဝိနဲ့ပညာပြိုင်ရတော့မှာပေါ့ မစိန်မေရယ်”
““ရှင်..ဒါဆို”
“ဟုတ်တယ်မစိန်မေ ပညာပြိုင်ပြီဆိုရင်တော့ ကျုပ်ရှုံးရင်ရှုံး၊ ရာဝိန္ဒရှုံးရင်ရှုံး တစ်ယောက်ကတော့ရှုံးရမှာပေါ့ဗျာ။”
“ကျွန်မသဘောပေါက်ပါပြီရှင် ကျွန်မစိတ်ကပြတ်သားပါတယ် ဆရာကြီးရယ် ကျွန်မသားဟာလူ့လောကမှာ အသက်ရှည်လေ အကုသိုလ် များလေဖြစ်တော့မယ်ဆိုတာ ကျွန်မတွေးမိပါတယ်။”
ဒီတော့မှ ဆရာတော်ကြီးကဝင်ပြီးပြောတာဗျ။
““ဒကာမကြီးတွေးတာ မှန်လိုက်တာဗျာ။ ထိုက်အောင်တစ် ယောက်ကတော့ မိုက်လုံးကြီးပြီဒကာမကြီးရေ။ ဒါထက်နေပါဦး ဒကာမကြီးရဲ့ ဒကာမကြီးတို့မျိုးရိုးဟာ မြေပိုင်ရှင်မျိုးရိုးပါ။ ဒကာမကြီး တို့ အဘိုးတွေအဖေတွေဆို လွှတ်ရိုးသားကြတာ။
စိတ်ကောင်းကလည်း ရှိကြပါ့ဗျာ။ ထိုက်အောင်ဟာ မျိုးရိုးကလည်းကောင်း ချမ်းသာလိုက်တာ လည်း ကျိကျိတက်လို့ အမွေခံဆိုလို့လည်း သူတစ်ယောက်တည်းရှိတာ ပါ။ ဘယ်ကနေပြီးဘယ်လို မျက်စိလည်သွားတာတုန်း ဒကာမကြီးရယ်။
ဒီလိုနိမ့်ကျတဲ့မှော်ပညာတွေကို ဘာလိုများဝါသနာထုံသွားရတာတုန်းဗျာ” ဆရာတော်ကြီးမိန့်လိုက်တော့ ဒေါ်စိန်မေက လျှောက်ထားလိုက် တယ်ဗျ။ ဒေါ်ဝင်းနွယ်တို့၊ ဒေါ်လှရီတို့ကတော့ သူတို့သူငယ်ချင်းပြောနေ တာတွေကိုပဲ ငြိမ်ပြီးနားထောင်နေကြတာဗျို့။ အခုထိဘာမှဝင်မပြောကြသေးဘူး။
“အခုမှတော့ တပည့်တော်လည်း ဘာကိုမှထိန်ချန်မထားတော့ ပါဘူးဘုရား အားလုံးပြောပြပါ့မယ်။ ထိုက်အောင်ဟာ ငယ်ငယ်မလေးတည်း က ထူးထူးခြားခြားတွေ လုပ်ခဲ့တာပါဘုရား။
တပည့်တော်မတို့ရွာတွေ ဘက်သွားတဲ့အခါ သူ့ကိုခေါ်သွားရင် တပည့်တော်တို့အလစ်မှာ တိတ်တိတ် ကလေး ရွာပြင်ထွက်သွားရောဘုရား။ ကလေးပျောက်လို့ လိုက်ရှာတဲ့အခါ သစ်ပင်အောက်မှာ မြွေဟောက်ကြီးတွေနဲ့ စကားပြောပြီးဆော့နေတယ် ဘုရား။ မြွေတွေကိုသူက ကိုင်ချင်သလိုကိုင်ပြီးဆော့နေတော့တာပဲဘုရား။
“ဟာ..ဟုတ်လား ဒကာမကြီး”
လို့ ဆရာတော်က တအံ့တသြနဲ့မိန့်တယ်ဗျ။ ဘိုးလူပေကတော့ ဘာမှ မပြောဘဲခေါင်းလေးပဲညိမ့်နေတယ်ဗျ။
“နည်းနည်းလေးကြီးလာတော့ မင်းနောင်တို့နဲ့ ဂျင်ပေါက်ကြတဲ့ အခါမှာ သူ့ဂျင်ကိုလက်ညှိုးနဲ့ထိုးထားရင် ဂျင်ကလည်နေတာ မရပ်တော့ ဘူးတဲ့ဘုရား”
“ဟင်..ဒါဆိုရင် ထိုက်အောင်ဟာ မွေးကတည်းကကို အထုံပါ လာခဲ့တာပဲ ဒကာမကြီးရဲ့”
“မှန်ပါ့ဘုရား တပည့်တော်လည်း ဒီလိုပဲတွေးမိပါတယ်ဘုရား၊ နောက်တော့အိမ်ထဲမှာ မြွေတွေဖွက်ယူလာပြီး သူအိပ်တဲ့အခန်းထဲမှာ လွှတ် ထားတယ် သူ့အခန်းကိုဘယ်သူမှမဝင်ရဲဘူး ဒီအကြောင်းတွေကို ရှက်လို့ တပည့်တော် ဘယ်သူ့ကိုမှမပြောခဲ့ဘူးဘုရား”
ဒေါ်စိန်မေက ဆရာတော်ကိုလျှောက်ပြီး ဆရာကြီးဘိုးလူပေကို လည်းလှည့်ကြည့်လိုက်တယ်ဗျ။ ဘိုးလူပေကတော့ ဘာမှပြန်မပြောဘဲ ခေါင်းလေးပဲညိမ့်ပြလိုက်တယ်။ ဒေါ်စိန်မေကဆက်ပြီးပြောပြန်တယ်။ “နောက်တော့ ထိုက်အောင်ဆယ်တန်းရောက်တဲ့နှစ်မှာ ညဘက်ကျူရှင်ကပြန်လာတော့ လမ်းမှာလူတစ်ယောက်နဲ့တွေ့သတဲ့ ဆရာကြီးရယ် အဲဒီ ညကမိုးကလည်းရွာနေတော့ ထိုက်အောင်ကလွယ်အိတ်ကလေးလွယ် ပြီး ထီးဆောင်းပြန်လာတာ။ သူ့ရှေ့တည့်တည့်မှာ လူတစ်ယောက်ရောက် လာတာတွေ့တယ်တဲ့ ဆရာကြီးရဲ့။ ဒီလူက ထီးတွေဘာတွေမပါဘူးတဲ့။
အင်္ကျီကစိမ်းစိမ်းလေးနဲ့တဲ့။ ဝါးခမောက်တစ်လုံးဆောင်းထားတာတဲ့။ ထိုက်အောင်က သူ့တည့်တည့်လာနေတဲ့လူနဲ့ တိုးမိမှာစိုးလို့ဘေးဘက်ကို ဖယ်လိုက်သတဲ့။ အဲဒီလူက သူဖယ်တဲ့ဘက်ကို လိုက်လာတာပဲတဲ့ ဆရာရယ်။ ဒါနဲ့ မျက်နှာချင်းတည့်တည့်ဆိုင်မိတော့ ထိုက်အောင်က ရပ်လိုက်ပြီး ဒီလူဘာလုပ်တာတုန်းလို့ စိုက်ကြည့်လိုက်တော့…
“ငါ့နာမည် သာဗိန္ဒတဲ့ကွ မင်းကိုဒီစာအုပ်ပေးမလို့လာတာ ရော့ ဒီအထဲက ပညာတွေဟာ အားလုံးအစစ်အမှန်တွေချည်းပဲ၊”
လို့ပြောပြီးသူ့အင်္ကျီထဲကနေ စာအုပ်တစ်အုပ်ကိုနှိုက်ထုတ်ပြီး ထိုက်အောင်ကို ပေးလိုက်သတဲ့ဆရာကြီးရယ်။
စာအုပ်ကဗလာစာအုပ်တဲ့ အထဲမှာ လက်ရေးဝိုင်းဝိုင်းကြီးတွေနဲ့ ရေးထားတဲ့အောက်လမ်းပညာတွေ ဆိုပဲရှင် ဒီတော့မှထိုက်အောင်က သတိထားမိတာတဲ့ဆရာကြီးရဲ့။ မိုးတွေ ရွာနေပေမယ့် ဒီလူ့မှာရေတစ်ပေါက်တောင် မစိုဘူးဆိုပဲ။ အဲဒီ သာဗိန္ဒ ဆိုတဲ့လူပေးလိုက်တဲ့ စာအုပ်ရလာကတည်းက အဲဒီပညာတွေကိုစပြီးကျင့် တော့တာပါပဲရှင်။
နောက်တော့ သာဗိန္ဒနောက်ကို လိုက်သွားတော့တာ ပါပဲရှင်။
ဒေါ်စိန်မေက သူ့စကားကိုရပ်လိုက်တော့မှ ဆရာကြီးဘိုးလူပေကမေးတာဗျ။
”နေပါဦးမစိန်မေ ဒီအကြောင်းတွေကို ဘယ်သူကပြောပြတာတုန်း”
“ထိုက်အောင်ကိုယ်တိုင်ကျွန်မကိုပြောပြတာပါရှင်” “အဲဒီလိုပြောတော့ မစိန်မေကသူ့ကိုဒီပညာတွေဟာ မကောင်းတဲ့ အကြောင်း ပြောမှာပေါ့နော်။”
“ဟာ..ပြောပါပြီလား ဆရာကြီးရယ် ဘယ်လိုပြောလို့မှ မရတာ ပါရှင်။ နှစ်တွေအကြာကြီးပျောက်နေရာက ပြန်ပေါ်လာတော့ ကျွန်မကို သူပညာတွေဘယ်လောက်တတ်တယ်ဆိုတာကို လုပ်ပြတယ်ရှင့်။
ကျွန်မအရမ်းအံ့သြမိတာက သူ့ရဲ့ရုပ်ပြောင်းရုပ်လွဲပညာပါပဲ ဆရာကြီးရယ်။ တစ်ခါတစ်လေများ တိုက်အပေါ်ထပ်ကနေ တခြားသူတစ်ယောက်ရဲ့ ပုံစံနဲ့ ဆင်းလာတယ်။ ကျွန်မက အလန့်တကြားဖြစ်ပြီး ရှင်ဘယ်သူလဲ ဘာလဲတွေ မေးဟယ်မြန်းဟယ်လုပ်တော့မှ ရယ်မောပြီး နောက်ဘက်ကို တစ်ချက်လှည့်လိုက်တာနဲ့ သူ့ရဲ့နဂိုရုပ်ပေါ်လာရောဆရာကြီးရဲ့”
“ဟင်..ဟုတ်လား၊ ဒါဆိုရင်တော့ မစိန်မေရဲ့သားဟာ အောက် လမ်းမှော်ရဲ့ အမြင့်ဆုံးအဆင့်ကိုရောက်သွားပြီပဲ နို့–အခုဘာပြဿနာဖြစ် နေတယ်ဆိုတာကို ပြောပြပါဦးဗျာ။”
ဆရာကြီးဘိုးလူပေက မေးလိုက်တော့မှ ဒေါ်ဝင်းနွယ်ကဝင်ပြောတာဗျို့။
““ဒီလိုပါဆရာကြီးရယ် ကျွန်မသမီးခင်သက်ဝေနဲ့ ဟောဒီက မောင်မင်းနောင်နဲ့က ငယ်သူငယ်ချင်းတွေလည်းဖြစ်၊ ချစ်သူတွေလည်း ဖြစ်နေကြတာကြာပါပြီရှင်။ ကျွန်မတို့ အမေနှစ်ယောက်ကလည်း ငယ်သူ ငယ်ချင်းတွေဆိုတော့ ကလေးနှစ်ယောက်ကို သဘောတူကြပါတယ်။
မကြာခင်မှာ လက်ထပ်ကြတော့မှာပါ ဆရာကြီးရယ်။ လွန်ခဲ့တဲ့တစ်ပါတ် လောက်က မောင်မင်းနောင်က သမီးခင်သက်ဝေ ကိုအိမ်ထောင်မကျခင် ပုံတူဆွဲချင်တယ်ဆိုလို့ ကျွန်မကခွင့်ပြုပေးလိုက်တယ် ဆရာကြီးရယ်။
အဲဒါနဲ့ မောင်မင်းနောင်က အိမ်မှာပန်းချီလာဆွဲနေတာ သုံးလေးရက်လောက် အရောက်မှာ ကျွန်မသမီးပျောက်သွားတယ်ဆရာ။
အဲဒီနေ့က မောင်မင်းနောင်ရောကျွန်မသမီးရော ပျောက်သွားတာ။ အိမ်မှာ အိမ်ပြင် တဲ့ လက်သမားအဖွဲ့လည်းရှိတယ်။ ခင်သက်ဝေရဲ့အဒေါ် ကျွန်မယောင်း မလည်းရှိတယ်။ မောင်မင်းနောင်က ခါတိုင်းလိုပဲရောက်လာပြီးတော့ သမီးကို ပုံထိုင်ခိုင်းပြီး ပန်းချီဆွဲတယ်တဲ့။ ခဏနေတော့ သူတို့နှစ်ယောက် စလုံး ပျောက်သွားတယ်။ ကျွန်မယောင်းမက သူတို့နှစ်ယောက် အပြင်ထွက် ပြီး မုန့်သွားစားကြတယ်ထင်လို့ စောင့်နေတာ။ ပြန်မလာတဲ့အဆုံးကြမှ ဈေးထဲကိုလိုက်လာပြီး ကျွန်မကိုပြောတာရှင့်။ ကျွန်မကလည်း အစ်မရယ် မုန့်သွားစားတာဖြစ်မှာပါ ပြန်လာမှာပေါ့လို့ပြောလိုက်တယ်။ ဒီတော့ကျွန်မ ယောင်းမကပြောတယ်။
“မဟုတ်ဘူးနွယ်နွယ် ခါတိုင်းဘယ်သွားသွားငါ့ကိုပြောသွားတာ။ မောင်မင်းနောင်က အင်မတန်စည်းကမ်းရှိတဲ့ သူငယ်လေးဟဲ့။ အခုငါ့ကို မပြောဘဲသွားတာဆိုတော့ တစ်ခုခုမှားနေပြီထင်တယ်”
ကျွန်မလည်း ရီရီဆိုင်ကိုသွားပြောတော့ ရီရီကလည်း “နွယ်နွယ်ရယ် ပြန်လာမှာပါဟယ် ငါ့သားက မဟုတ်တာလုပ် ပါ့မလားဟယ်၊ မင်းနောင်ဘယ်လိုလူဆိုတာ နင်လည်းသိတာပဲ ဟယ်” လို့ပြောလို့ ကျွန်မလည်းပြန်လာခဲ့တယ်။
ညနေဆိုင်သိမ်းပြီး အိမ်ပြန်ရောက်တဲ့အထိ ပြန်မလာကြသေးဘူး။ ဒါနဲ့ကျွန်မလည်း ရီရီတို့အိမ်ကိုလိုက်သွားပြီး သူငယ်ချင်းနှစ်ယောက်ခေါင်း ချင်းရိုက်ပြီး စိတ်ပူကြတော့တာပေါ့ရှင်။ ဒီလိုနဲ့မိုးသာချုပ်သွားတယ် ဘာသတင်းမှ မကြားရသေးဘူး။ ညခုနစ်နာရီလောက်ရောက်တော့ မောင်မင်းနောင် အိမ်ပြန်ရောက်လာတယ်။ မျက်နှာကလည်းတမျိုးပဲ ငူတူတူငိုင်တိုင်တိုင်ကြီး ဆရာရဲ့။
“ဟဲ့သား မင်းနောင်၊ သက်ဝေရော..သက်ဝေ” လို့ ရီရီကသူ့သားကိုဆီးပြီးမေးတာပေါ့ရှင်။
“ဗျာ. .သက်ဝေဟုတ်လား အမေ။ သက်ဝေကဘာဖြစ်လို့တုန်း လို့ မောင်မင်းနောင်က ပြန်မေးတယ်။ ဒီတော့မှကျွန်မရောရီရီ ရော တအားလန့်သွားကြတာပေါ့ ဆရာကြီးရယ်။
“ဟဲ့ သားရဲ့ မနက်ကပန်းချီဆွဲနေရင်း သက်ဝေနဲ့မင်းနဲ့ အပြင် ထွက်သွားကြတာမို့လား”
“ဗျာ··မဟုတ်ဘူးအမေ၊ ကျွန်တော်ဒီနေ့ သက်ဝေတို့အိမ်ကို လုံးဝမရောက်ဘူး”
“ဟင်..မဟုတ်တာ မောင်မင်းနောင်ရယ်၊ မနက်ကမင်းအိမ်ကို ရောက်လာပြီး သက်ဝေကိုပုံထိုင်ခိုင်းပြီး ပန်းချီဆွဲတယ်တဲ့။ ခဏနေတော့ နှစ်ယောက်စလုံး မတွေ့တော့ဘူးတဲ့ မင်းနဲ့သက်ဝေနဲ့ အပြင်ထွက်ပြီး မုန့်စားသွားကြတယ်လို့ ထင်ကြတာ။ အိမ်မှာ အိမ်ပြင်နေတဲ့လက်သမား တွေရော မမလှရောရှိနေကြတာလေကွယ်။ မင်းရောက်လာတာအားလုံး တွေ့ကြတာပဲ”
ကျွန်မကပြောလိုက်တော့မှ မောင်မင်းနောင်မျက်နှာမှာ အရမ်းအံ့ သြပြီး အရမ်းလန့်သွားတဲ့ပုံစံကချက်ခြင်းကိုပေါ်လာတာ ဆရာကြီးရဲ့..။ ““ဟာ..ဒါဆိုရင်ပြဿနာတွေတော့ အကြီးအကျယ်တက်ကုန်ပြီအန်တီနွယ်ရေ
လို့ မောင်မင်းနောင်ကပြောတယ်ဆရာကြီးရဲ့။
“ဟဲ့..ဘာပြဿနာတုန်း မောင်မင်းနောင်” လို့ ကျွန်မကမေးလိုက်တော့..
““မနက်က ကျွန်တော် သက်ဝေဆီကိုသွားမလို့ စုတ်တံတွေထည့် တဲ့ လွယ်အိတ်ကလေးလွယ်ပြီး အိမ်ကထွက်လာခဲ့တယ်၊ လမ်းထိပ်ရောက် တော့ ထိုက်အောင်နဲ့တွေ့တယ်၊ ထိုက်အောင်နဲ့ရပ်ပြီးစကားပြောနေတုန်း ဒီကောင်ကကျွန်တော့်ကျောကုန်းကို ဖြန်းကနဲရိုက်လိုက်တယ်။
ကျွန်တော့် ခေါင်းထဲမှာ ချက်ချင်း မူးရိပ်ရိပ်ဖြစ်သွားပြီး နောက်ပိုင်းဖြစ်တာတွေ ကျွန်တော်ဘာမှမသိတော့ဘူး အန်တီနွယ်။ စောစောကလေးတင် ကျွန်တော် အိပ်ပျော်နေရာကနိုးလာတာ။ နိုးလာတော့ မြောက်ပိုင်းကပညာရာမကျောင်း ဝန်းကြီးထဲကသိမ်ပျက်ကြီးထဲ ရောက်နေတာတွေ့ရတယ်။ အခုအဲဒီ့ထဲက ထွက်လာပြီး အိမ်ကိုပြန်လာခဲ့တာ။”
လို့ မောင်မင်းနောင်ကပြောတော့ ကျွန်မရောရီရီရော တအားလန့် သွားကြတာပေါ့ ဆရာကြီးရယ်။
“ဟဲ့..ဒါဆိုရင် မနက်ကနင်တို့အိမ်ကိုလာပြီး သက်ဝေကိုမင်း နောင်ပန်းချီဆွဲတယ်ဆိုတာက ဘာတုန်းနွယ်နွယ်”
“ငါလည်းမသိတော့ဘူးရီရီ အိမ်ကလက်သမားတွေရောမမလှ ရောမြင်ကြတာပဲဟယ်။ ဟဲ့..နေဦးဟိုမှာစိန်စိန်ပါလား။ လာဟေ့စိန်စိန်” လို့ ရီရီကစိန်စိန်ကိုလှမ်းခေါ်လိုက်တော့ စိန်စိန်အိမ်ပေါ်ကိုတက် လာတယ်။
စိန်စိန်ရောက်ရောက်ခြင်းပဲ ကျွန်မကအကြောင်းစုံပြောပြလိုက် တော့ စိန်စိန်ကတအားအံ့သြသွားပြီး…
“ဟာ..အဲဒါဆိုရင် မနက်ကပန်းချီသွားဆွဲတာ မောင်မင်းနောင် မဟုတ်ဘူးဟဲ့။ အဲဒါ ထိုက်အောင်ပဲဖြစ်မယ်။ ဒီအကောင်က ရုပ်ပြောင်း ရုပ်လွဲ လုပ်နိုင်တဲ့ကဝေဟဲ့””
လို့ စိန်စိန်ကပြောလိုက်တော့ ကျွန်မတို့လည်းအံ့သြကုန်ကြတာ ပေါ့ရှင်။ ကျွန်မတို့သုံးယောက်က ငယ်ငယ်လေးကတည်းက သိပ်ချစ်ကြတဲ့သူငယ်ချင်းတွေဆိုတော့ စိန်စိန်ကသူ့သားနဲ့ပတ်သက်ပြီး တစ်ခုမကျန် ကျွန်မတို့ကို ပြောပြတယ်။ ကျွန်မတို့က ထိုက်အောင်နိုင်ငံရေးအမှုန့်ထောင် ကျသွားတယ်ပဲထင်နေတာ။ ထောင်ကထွက်လာလို့ အိမ်ပြန်လာတယ်ပဲ ထင်ကြတာ။ အခုမှစိန်စိန်ဖွင့်ပြောပြလို့သိသွားကြတာ။
ဒီတော့မှ ထိုက်အောင်ဟာ ကဝေရာဝိန္ဒဆိုတာသိရပြီး သမီးကိုသူခိုးသွားတာလို့ သိလိုက်ရပြီး ကျွန်မလည်းချုံးပွဲချငိုမိတာပေါ့ရှင်။ ကျွန်မသူငယ်ချင်းနှစ် ယောက်လည်းငိုကြတော့တာပေါ့။ မောင်မင်းနောင်လည်း မျက်ရည်တွေ တွေတွေကျပြီး ဘာပြောရမှန်းမသိအောင်ဖြစ်တော့တာပေါ့ ဆရာကြီးရယ်။
ဒီတော့မှ ဘိုးလူပေက…
“ဒါဆိုရင် ထိုက်အောင်ကမောင်မင်းနောင်ကို တို့ဆေးနဲ့တို့ခေါ် သွားပြီး ပညာရာမကျောင်းဝန်းထဲက သိမ်ပျက်ကြီးထဲမှာ အိပ်မွေ့ချခဲ့တာ ပေါ့။ ပြီးတော့မှ မောင်မင်းနောင်ပုံစံရုပ်ပြောင်းပြီး ခင်သက်ဝေကိုပန်းချီ သွားဆွဲတယ်။ ခဏနေတော့ ခင်သက်ဝေကိုလည်း တို့ဆေးနဲ့တို့ပြီးခေါ်သွား မှာပေါ့။ အိမ်ကလူတွေ သူတို့ထွက်သွားတာကို မမြင်လိုက်ကြတာကလည်း ထိုက်အောင်ရဲ့ပညာနဲ့လုပ်သွားတာပါပဲ။ အခုခင်သက်ဝေပျောက်နေတာ ဘယ်နှစ်ရက်ရှိပြီတုန်း
“အခုဆိုရင်ကိုးရက်ရှိပါပြီဆရာကြီးရယ်” ဆရာကြီးဘိုးလူပေက ခေါင်းလေးတငြိမ့်ငြိမ့်လုပ်ရင်းနဲ့ ကျုပ်ကို လှည့်ကြည့်တယ်ဗျ။
“ဒီညမဖဲဝါနဲ့တွေ့ပြီးမေးပေတော့ မောင်တာတေရေ”
“ဟုတ်ကဲ့ပါ ဆရာကြီး”
လို့ ကျုပ်ကပြောလိုက်ပြီးတော့ အဲဒီညမှာ မဖဲဝါရဲ့ကိုယ်တူကိုယ်ခွဲ ရုပ်ကလေးနဲ့မဖဲဝါကို ဆက်သွယ်ပြီးအိမ်မက်တောင်းတယ်။ ခါတိုင်းလိုပဲဗျ။
ဆယ့်နှစ်ရာသီအဝါပွင့်တွေ တစ်ပင်လုံးပွင့်နေတဲ့ အပင်ကြီးရဲ့အောက်မှာ ကျုပ်ရပ်နေတယ်။ လေတွေကလည်းတိုက်လိုက်တာ တဟူးဟူးကိုဖြစ်နေ တာဗျ။ ကျုပ်မဖဲဝါကိုလိုက်ကြည့်တာ မတွေ့ဘူးဗျ။ ခဏနေတော့မှ ဆယ့်နှစ်ရာသီပင်ကြီးရဲ့နောက်ကထွက်လာတယ်။
ထမိန်အဝါအင်္ကျီအဝါ ဖားလျားချထားတဲ့ဆံပင်မှာ ဆယ့်နှစ်ရာသီပန်းလေးတစ်ပွင့်ပန်လို့ဗျ။ ပန်းပန်ထားတာက နားရွက်အပေါ်လောက်မှာ ပန်ထားတာ။ လေတွေ တဟူးဟူးတိုက်နေပေမယ့် မဖဲဝါရဲ့ဆံပင်တွေ အဝတ်အစားတွေကလေ တိုက်ထဲမှာ လွင့်ဖို့နေနေသာသာလှုပ်တောင်မလှုပ်ဘူးဗျ။
မဖဲဝါက ကျုပ်ကိုစိုက်ကြည့်နေရင်းနဲ့ မေးတယ်။ “တာတေ ဘာကိစ္စရှိလို့တုန်း”တဲ့။
“မဖဲဝါ ဒီမြို့မှာကဝေတစ်ယောက်ကရုပ်ပြောင်းပြီးပန်းချီဆရာ ရဲ့ချစ်သူကို ခိုးသွားတယ်မဖဲဝါ။ အဲဒါ ဘယ်နေရာကိုခိုးသွားတယ်ဆိုတာ သိချင်လို့ ဘိုးလူပေကလွှတ်လိုက်တာပါ”
“တာတေ အဲဒါကဝေရာဝိန္ဒဟဲ့၊ ဒီကောင်က ရုပ်ပြောင်းရုပ်လွဲ လုပ်နိုင်တယ်။ သူတို့တိုးဘွားတွေ့ပိုင်တဲ့ယာတွေက နင်တို့ရွာနားကထိန်ကုန်း မှာရှိတယ်။ ဒီကောင်က ကောင်မလေးကို ထန်းတောထဲမှာ ဆောက်ထား တဲ့ အိမ်မှာထားတယ်။ အဲဒီအိမ်ကသူ့အဘိုးတွေရှိကတည်းက အပန်းဖြေ လာရင်နေတဲ့အိမ်ပဲတာတေ။
ဒါပေမယ့် ဒီကဝေက ကောင်မလေးကို ပေါင်းသင်းလို့မရဘူး ကောင်မလေးကျောကုန်းမှာ ထိုးထားတဲ့အင်းကွက် ကလေးကသိပ်စွမ်းတာ ဒီကောင်ကောင်မလေးကို ပေါင်းသင်းလို့မရဘူး၊ အဲဒီအင်းကိုဖျက်ပစ်နိုင်တဲ့ဆေးကိုယူဖို့ သူ့ဆရာဒေဝိန္ဒဆီကိုသွားတယ်။ ကောင်မလေးကို သူ့ပညာနဲ့ အိပ်မွေ့ချထားတယ်။ နောက်တစ်ပတ်ကြာလို့မှ ကောင်မလေးကို ပြန်မနှိုးနိုင်ဘူးဆိုရင် ဒီကောင်မလေးသေမှာဟဲ့ တာတေ။
“ကောင်းပြီ…မဖဲဝါ ဒီအကြောင်းတွေကို ဆရာကြီးဘိုးလူပေကို ကျုပ်ပြန်ပြောလိုက်ပါ့မယ်။”
“နင်တို့အမြန်သာသွားပေတော့ တန်ဆောင်မုန်းလပြည့်ညမှာ ရာဂိန္ဒပြန်လာလိမ့်မယ်။ ငါလည်းလာခဲ့မယ်လို့ ဆရာကြီးကိုလျှောက်ထား လိုက်ပါ”
ကျုပ်အိမ်မက်ကလန့်နိုးသွားတယ်။ ဆရာကြီးကို မနက်ငါးနာရီ လောက်မှာ မဖဲဝါပြောတဲ့အကြောင်းတွေ တစ်လုံးမကျန်လျှောက်ထားလိုက် တယ်။
ကျုပ်ပြောတာတွေကို နားထောင်ပြီးတာနဲ့ ဆရာကြီးကကျုပ်ကို လှမ်းမေးရောဗျို့။
“တာတေ ထိန်ကုန်းဆိုတာ ဘယ်ထိန်ကုန်းတုန်း”
“ဘန့်ဘွေးကုန်း မြောက်ဘက်ကထိန်ကုန်းပါဆရာကြီး” ဆရာကြီးဘိုးလူပေက အရုဏ်ဆွမ်းဘုန်းနေတဲ့ဆရာတော်ကြီးကို အကျိုးအကြောင်းလျှောက်ထားလိုက်တယ်။ ဆရာတော်ကြီးက အရုဏ်ဆွမ်း ဘုန်းပြီးတာနဲ့ မြို့ထဲမှာနေတဲ့ဒေါ်လှရီတို့၊ ဒေါ်ဝင်းနွယ်တို့၊ ဒေါ်စိန်မေ တို့ကို ခေါ်ခိုင်းလိုက်တယ်။
သိပ်မကြာဘူးဗျ။ ရောက်လာကြတယ်။ ပန်းချီဆရာကိုမင်းနောင် လည်းပါလာတယ်။ ဆရာတော်ကြီးက ဘိုးလူပေလျှောက်ထားတဲ့ အကြောင်းတွေကို ပြောပြတယ်။
““ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့ဆိုတော့ ဒကာမကြီးတို့ ဟောဒီ ကဆရာကြီးကိုပင့်ပြီး အမြန်လိုက်ကြပေတော့”
လို့ အမိန့်ရှိတယ်ဗျ။ အမျိုးသမီးသုံးယောက်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ်။ ဒီမှာတင် ဒေါ်စိန်မေက ပြောလိုက်တယ်ဗျ။
“နွယ်နွယ်နဲ့ရီရီနင်တို့နှစ်ယောက်လိုက်သွားကြ။ ငါတော့မလိုက်တော့ဘူး။
“ဟင်..ဘာဖြစ်လို့တုန်းစိန်စိန်၊ နင်ပါလိုက်ခဲ့ရင်ပိုကောင်းတာ ပေါ့။ နင်ကိုယ်တိုင်ဖျောင်းဖျရင် ထိုက်အောင်က ပြောင်းလဲသွားနိုင်တာပေါ့ ဟာ”
ဒေါ်စိန်မေကခေါင်းခါလိုက်ပြီး ပြောတယ်ဗျ။
“ငါဒီကောင့်ကို သံယောဇဉ်ဖြတ်လိုက်ပြီနွယ်နွယ်၊ ညကတည လုံးငါအိပ်လို့မပျော်ဘူး။ အမျိုးမျိုးစဉ်းစားပြီးပြီ။ ညကတည်းက ဒီကောင့် အပေါ်မှာရှိတဲ့ ငါ့ရဲ့သံယောဇဉ်တွေကို ငါဖြတ်ပစ်လိုက်တာ၊ နင်တို့နှစ် ယောက်လိုက်သွားကြပါ။ ငါပါနေရင် ဆရာကြီးဘိုးလူပေအဖို့ လုပ်ရကိုင်ရ ခက်နေလိမ့်မယ်”
ဆရာကြီးဘိုးလူပေကတော့ ဘာမှမပြောဘဲ ငြိမ်နေတယ်ဗျို့။ ဒေါ်စိန်မေက ဆရာကြီးဘိုးလူပေဘက်ကိုလှည့်ပြီး လက်အုပ်ချီလိုက်တယ်ဗျ။
“ဆရာကြီးကိုလည်း ကျွန်မတစ်ခုပြောပါရစေရှင်၊ အထက် ပုဂ္ဂိုလ်ကြီးတွေစီမံတဲ့အတိုင်း ကျွန်မလက်ခံပါမယ်။ ကျွန်မမွေးခဲ့တဲ့သား မှန်ပေမယ့် လောကကြီးနဲ့မသင့်တော်တော့ဘူးဆိုရင်လည်း ဆရာကြီးတို့
လိုအပ်သလိုသာဆောင်ရွက်ကြပါရှင်”
လို့ ပြောပြီးဒေါ်စိန်မေကမျက်နှာကိုတဘက်လှည့်ထားလိုက်တယ်ဗျ။
“ကဲ··သားမောင်မင်းနောင် ခရီးသွားဖို့သာစီစဉ်တော့ကွယ်”
လို့ ကိုမင်းနောင်ရဲ့အမေ ဒေါ်လှရီက ပြောလိုက်တယ်ဗျ။ ဒေါ်စိန်မေကတော့ ဆရာတော်နဲ့ဘိုးလူပေကိုကန်တော့ပြီးပြန်သွားတော့ တာပါပဲဗျာ။ ကိုမင်းနောင်က ကားနှစ်စီးစီစဉ်တယ်ဗျ။ တစ်စီးမှာ ဆရာကြီး နဲ့ကျုပ်လိုက်ရတယ်။ နောက်တစ်စီးမှာ ကိုမင်းနောင်ရယ် ဒေါ်လှရီရယ် ဒေါ်ဝင်းနွယ်ရယ်လိုက်ကြတယ်။ မနက်ဆယ်နာရီလောက်မှာ ထိန်ကုန်း ကိုရောက်ခဲ့တယ်။
“ကဲ..မောင်တာတေ ရွာသူကြီးအိမ်တန်းသွားကွာ”
လို့ပြောတာနဲ့ ကျုပ်ကသူကြီးဦးရွှေထွန်းအိမ်ကိုဦးဆောင်ပြီး ခေါ် သွားရတာပေါ့ဗျာ။ ထိန်ကုန်းတစ်ရွာလုံးကလည်း ကျုပ်ကိုမသိတဲ့လူမရှိဘူး
လေဗျာ။
“ဟာတာတေပါလား”
“ကိုကြီးတာတေဘာလာလုပ်တာတုန်း”
“ဟ ..ဒါကိုဉာဏ်သားတာတေမဟုတ်လား” နဲ့ဝိုင်းပြီးနှုတ်ဆက်ကြတာပေါ့ဗျာ။ ကျုပ်ကတော့ အားလုံးကို ပြန်ပြီးပြုံးပြရုံပဲလုပ်နိုင်တာပေါ့ဗျာ။ ဒီမှာက ကိစ္စတွေကအရမ်းကို အရေးကြီးနေတဲ့အချိန်မို့လား။
သူကြီးအိမ်ရောက်တော့ ဒေါ်ဝင်းနွယ်တို့ဒေါ်လှရီတို့က သူကြီး ဦးရွှေထွန်းကို အကျိုးအကြောင်းတွေပြောပြလိုက်ကြတယ်ဗျ။
“ဟာ..ဒါဆိုရင်ပြန်ပေးဆွဲလာတာပဲဗျ…ကဲ..ဆယ်အိမ်ခေါင်းတွေခေါ်စမ်းကွာ”
လို့ အမိန့်ပေးလိုက်တော့ သူကြီးရဲ့တပည့်ကချက်ချင်းပြေးထွက် သွားပြီး ဆယ်အိမ်ခေါင်းငါးယောက်စလုံးခေါ်လာတယ်ဗျ။ ဆယ်အိမ်ခေါင်း တွေ ရောက်တာနဲ့သူကြီးကတန်းထွက်တော့တာဗျို့။
“ကဲလာကြဗျို့ ထန်းတောထဲကအိမ်ကိုသွားကြစို့” လို့ပြောပြီး ရှေ့ကထွက်ရောဗျ။ ကျုပ်တို့လူအုပ်လည်း သူကြီ နောက်ကလိုက်ရတာပေါ့ဗျာ။ ထိန်ကုန်းသူကြီးဦးရွှေထွန်းကလည်း ကျုပ်တို့ထနောင်းကုန်းသူကြီး ဦးဖိုးထင်လိုပဲဗျ။ စိတ်မြန်ကိုယ်မြန်ကြီး တွေပါဗျာ။
ယာခင်းထဲကိုဖြတ်ပြီးလျှောက်နေလိုက်တာများ ရိပ်ရိပ်ရိပ်ရိပ် နဲ့ကိုနေတာဗျို့။ ကျုပ်တို့ဆိုတာ သူ့နောက်ကိုမနည်းလိုက်နေရတာဗျ။ ထန်း တောထဲကအိမ်က ခြေတံရှည်အိမ်လေးဗျ။ တော်တော်လေးကိုသပ်သပ်ရပ် ရပ်နဲ့ လှလှပပလေးဆောက်ထားတာဗျို့။
ဒီအိမ်ဟာ ဒေါ်စိန်မေရဲ့မိဘတွေ အပန်းဖြေလာဖို့ဆောက်ထားတဲ့အိမ်တဲ့ဗျ။ သူကြီးကအိမ်ရှေ့ရောက်တာနဲ့ အိမ်ရှေ့မှာစောင့်နေတဲ့ ထိန်ကုန်းသားနှစ်ယောက်ကိုတန်းမေးတာဗျို့။
“စိန်လုံးနဲ့မောင်ဆင့် မင်းတို့နှစ်ယောက်ဒီမှာ ဘာလာလုပ်နေကြတာတုန်း”
လို့သူကြီးဦးရွှေထွန်းက မျက်နှာထားတည်တည်နဲ့ သူ့ရွာသားနှစ် ယောက်ကိုမေးရောဗျ။
“ကျုပ်တို့ အိမ်လာစောင့်နေတာပါသူကြီး”
“သြသြ အိမ်စောင့်နေကြတာလား၊ ဟေ့ကောင်နှစ်ကောင် ငါမေးတာကိုမင်းတို့ မှန်မှန်ဖြေနော် မင်းတို့အိမ်စောင့်နေတာလား ပြန်ပေးဆွဲ လာတဲ့မိန်းကလေးကိုစောင့်နေတာလား”
“ဗျာ…”
”ဗျာ
စိန်လုံးနဲ့မောင်ဆင့်ဆိုတဲ့လူနှစ်ယောက်က မြို့ကလိုက်လာတဲ့လူ တွေနဲ့ ကျုပ်တို့ကိုတွေ့တော့ တော်တော်ကိုလန့်သွားတဲ့ပုံပဲဗျ။ ဆယ်အိမ် ခေါင်းတွေလည်းပါလာတာဆိုတော့ တော်တော်ကိုမျက်နှာပျက်နေကြတာပေါ့ဗျာ။
“ဟေ့ကောင်နှစ်ကောင် သူကြီးမေးနေတာကို ဖြေလိုက်ကြလေ”
ဆယ်အိမ်ခေါင်းတစ်ယောက်က ခပ်ငေါက်ငေါက်ပြောလိုက်တော့မှ,
“ကျုပ် ကျုပ်တို့ မိန်းကလေးကိုစောင့်နေကြတာပါသူကြီး၊ ကျုပ် တို့လုပ်တဲ့ ယာတွေရဲ့ပိုင်ရှင် ဒေါ်စိန်မေရဲ့သား ကိုထိုက်အောင်က ခိုင်းသွား လို့လုပ်နေကြရတာပါဗျာ”
“မင်းတို့နှစ်ယောက် ပြန်ပေးသမားရဲ့ ကြံရာပါတွေဖြစ်နေကြပြီ ဆိုတာရော သိကြရဲ့လား”
“ကျုပ် ကျုပ်တို့ မ မသိပါဘူး သူကြီးရယ်၊ မြေရှင်ရဲ့သားက ခိုင်းလို့ စောင့်ပေးနေကြရတာပါဗျာ”
““အိမ်ပေါ်မှာဘယ်သူရှိတုန်း ”
သူကြီးက အသံခပ်မာမာနဲ့မေးသဗျ။
“အိပ်ပျော်နေတဲ့ မိန်းကလေးတစ်ယောက်ပဲရှိပါတယ်ဗျာ၊ အဲဒီ မိန်းကလေးအိပ်နေတာလည်း ဆယ်ရက်လောက်ရှိနေပါပြီ။ ကျုပ်တို့ကို အပ်သွားတဲ့ ကိုထိုက်အောင်ကလည်း အခုထိပြန်ရောက်မလာတော့ ကျုပ် တို့မှာဘာလုပ်ရမှန်းကို မသိကြတော့တာပါ သူကြီးရယ်။
“ကဲ–ဆယ်အိမ်ခေါင်းတွေ ဒီကောင်နှစ်ကောင်ကို ကြိုးနဲ့တုပ် ထားလိုက်ကြစမ်းကွာ”
လို့ပြောပြီးတာနဲ့ သူကြီးကအိမ်ပေါ်ကိုတန်းတက်တော့တာဗျို့။ ကျုပ်တို့လည်းနောက်ကလိုက်တက်ရတော့တာပေါ့ဗျာ။
တွေ့ပြီဗျို့။ ကုတင်ပေါ်မှာ အိပ်မွေ့ချခံထားရတဲ့မခင်သက်ဝေ . . .၊
“အောင်မလေးသမီးလေးရယ် …”
ဒေါ်ဝင်းနွယ်က သူ့သမီးကိုပြေးဖက်ပြီး ငိုတော့တာပဲဗျာ။
“ဆရာကြီးရဲ့ ကျွန်မသမီးလေးကို ကယ်ပါဦးရှင်” လို့ဒေါ်ဝင်းနွယ်က ဘိုးလူပေကို လက်အုပ်ကလေးချီပြီးပြောတယ်ဗျ။
ဘိုးလူပေက သူကြီးဦးရွှေထွန်းဘက်ကို လှည့်ပြီးပြောလိုက်တယ်။
“သူကြီးချုပ်ကို တစ်ခုလောက်တော့ ကူညီပါဗျာ”
“ဟာ ဆရာကြီးပြောပါဗျာ..’
“ဆရာကြီးလိုတာအားလုံးကို၊ ကျုပ်တို့လုပ်ပေးပါမယ်” သူကြီးက ဘိုးလူပေကို ပျာပျာသလဲနဲ့ ပြန်ပြောတာဗျို့။ ဒီအနီး အနားရွာတွေမှာ ဘိုးလူပေကို မသိတဲ့သူရှိတာမှမဟုတ်တာဗျာ။
“ငှက်ပျောတုံးတစ်တုံး လိုချင်တယ်သူကြီး၊ ပြီးရင်အိပ်ပျော်နေ တဲ့ ကလေးမလေးရဲ့အရပ်နဲ့ တစ်တိုင်းတည်းတိုင်းပြီးဖြတ်ပေးပါ ”
“ဟာ..ရမယ်..ရမယ်၊ စိတ်ချပါဆရာကြီး အခုချက်ချင်းလုပ် ပေးပါ့မယ်၊ ကဲ.ဟေ့ ဆယ်အိမ်ခေါင်းကိုမြနဲ့ကိုခ ဆရာကြီးပြောတာ ကြားကြတယ်မို့လား ခုချက်ချင်းရွာပြန်ပြီး ငှက်ပျောတုံးတစ်တုံး ခုတ်လာ ခဲ့ကြကွာ”
ဆယ်အိမ်ခေါင်းနှစ်ယောက် ရွာပြန်ပြီး ချက်ချင်းပြန်လာကြတယ်။ ငှက်ပျောတုံးတစ်တုံးလည်းထမ်းလို့ဗျ။ အိမ်ပေါ်ရောက်တာနဲ့ ဘိုးလူပေက အိပ်ပျော်နေတဲ့ မခင်သက်ဝေရဲ့ အရပ်နဲ့တတိုင်းတည်းတိုင်းပြီး ငှက်ပျော တုံးကိုဖြတ်ခိုင်းတယ်။ ပြီးတာနဲ့ ငှက်ပျောတုံးကို မခင်သက်ဝေရဲ့ဘေးမှာ ယှဉ်ချထားပြီး လွယ်အိတ်ထဲက အင်းလက်ကိုင်ပဝါတစ်ထည်ကိုထုတ် လိုက်တယ်။
“ကဲ –မလှရီတို့၊ မဝင်းနွယ်တို့၊ မောင်မင်းနောင်တို့ နောက်ကို နည်းနည်းဆုတ်ကြကွယ်၊ ကျုပ်ကလေးမကိုနှိုးတော့မယ်”
လို့ ဘိုးလူပေကပြောလိုက်တာနဲ့ နောက်ကိုဆုတ်ပေးလိုက်ကြ တယ်။ ဘိုးလူပေကတော့ မန္တာန်တစ်ခုကိုရွတ်လိုက်ပြီး အင်းလက်ကိုင် ပဝါနဲ့ ခေါင်းကနေခြေထောက်အထိရိုက်ချတယ်ဗျ။ ကျုပ်သေသေချာချာ ကြည့်နေတယ်။ မန္တာန်ခုနစ်ခေါက်အရောက်မှာ မခင်သက်ဝေ နည်းနည်း လှုပ်လာတယ်ဗျ။ မန္တာန်လည်းကိုးခေါက်ဆုံးရော မျက်လုံးဖွင့်ကြည့်တယ် ဗျို့။ ပြီးတာနဲ့ ငေါက်ကနဲထထိုင်တာဗျာ။
“အန်တီရီရီ” ကိုမင်းနောင်”
အားလုံးကို မခင်သက်ဝေ သတိရတယ်ဗျ။ ဒေါ်ဝင်းနွယ်က သူ့သမီးကိုဖက်ပြီး ငိုတော့တာပေါ့ဗျာ။ ဒေါ်လှရီကတော့ သူ့သူငယ်ချင်း ဒေါ်ဝင်းနွယ်ကို ချော့မော့ပြောနေရတော့တာပေါ့ဗျာ။ ဆရာကြီးဘိုးလူပေ ကလွယ်အိတ်ထဲက ရေစင်ပုလင်းလေးကိုထုတ်ပြီး မခင်သက်ဝေကို ရေစင် နဲ့တောက်လိုက်တယ်ဗျ။ ပြီးတော့မှ ရေစင်နည်းနည်းတိုက်လိုက်တယ်။
“ကဲ-ကလေးမလေး အစာမစားရတာကြာပြီကွဲ့ ရွာထဲကိုဖြည်း ဖြည်းတွဲခေါ်သွားကြ၊ သူကြီးအိမ်မှာပဲစောင့်နေကြပေါ့၊ သူကြီးလည်းပြန် ပါ၊ ကျုပ်နဲ့မောင်တာတွေကတော့ ဒီမှာနေခဲ့တော့မယ်။ ဒီညပြန်ရောက် လာမယ့် ရုပ်ပြောင်းကဝေရာဝိန္ဒကိုစောင့်ပြီး တွေ့ကြရဦးမှာဗျ”
ထိန်ကုန်းသားတွေတော်ချက်ဗျာ၊ ဆရာကြီးနဲ့ကျုပ်ကို မနက်စာ ရောညစာရော ထမင်းပို့ပြီး သေသေချာချာကိုကျွေးမွေးကြတာဗျ။ မခင်သက်ဝေ အိပ်သွားတဲ့ခုတင်လေးပေါ်မှတော့ ဘိုးလူပေချထားတဲ့ ငှက် ပျောတုံးကြီးက ဆန့်ဆန့်ကြီးပေါ့ဗျာ။
ညမိုးချုပ်တာနဲ့လထွက်လာပြီဗျ။
ကျုပ်တို့အညာမှာက တန်ဆောင်မုန်းလပြည့်ညဆိုတာ လွှတ်လှ တဲ့ညပေါ့ဗျာ။ မျက်စေ့တစ်ဆုံးမြင်နေရတဲ့ ယာခင်းကြီးတွေထဲမှာ လင်းထိန် နေတော့တာဗျ။ ထန်းပင်မြင့်ကြီးတွေကလည်း လရောင်အောက်မှာ မိုးတို မတ်တပ်တွေနဲ့ပေါ့ဗျာ။
“မောင်တာတေ အိမ်အောက်ဆင်းနေတော့ ကျုပ်အလုပ်စတော့ မယ်။ ရုပ်ပြောင်းရုပ်လွဲအင်မတန်တော်တဲ့ ရာဝိနို့ကိုအံ့သြသွားလောက်စေ မယ့် ပညာတစ်ခုပြရတော့မှာပေါ့ကွယ်”
ကျုပ်ကဆရာကြီးအမိန့်အတိုင်း အိမ်အောက်ကိုဆင်းလာခဲ့တယ်။ အိမ်ပေါ်ကဆရာကြီးဘိုးလူပေရဲ့ မန္တာန်ရွတ်သံတွေကိုကြားနေရ တယ်ဗျ။ တော်တော်ကြာတော့ ဘိုးလူပေအိမ်ပေါ်ကဆင်းလာတယ်ဗျို့။
“ကဲ••ကျုပ်ကိစ္စတော့ပြီးပြီ မောင်တာတေရေ ဟောဟိုထန်းပင် ကြီးတွေနောက်မှာ ပုန်းပြီး ရာဂိန္ဒအလာကိုစောင့်ရတော့မှာပဲကွယ်။ မဖဲဝါ ပြောရင်မလွဲပါဘူးလေ။ ဒီကောင်လာကိုလာမှာပါ”
ဘိုးလူပေနဲ့ကျုပ်နဲ့ အိမ်ဘောင်ဘက်ကထန်းပင်ကြီးနှစ်ပင်နောက် မှာ တစ်ယောက်စီကပ်နေလိုက်ကြတယ်။ ညနက်လာတာနဲ့ထိန်ကုန်းက ခွေးသံတွေ၊ ကြက်တွန်သံတွေ၊ တစ်ယာက်နဲ့တစ်ယောက်အော်ခေါ်နေတဲ့ အသံတွေတဖြည်းဖြည်း ပျောက်ပြီးငြိမ်သွားတော့တာဗျို့။
လတောင်မွန်းတည့်တော့မယ်ဗျ။ ဟာ..လူတစ်ယောက်ဗျို့။ သုတ် သုတ် သုတ်သုတ်နဲ့ ကျုပ်တို့ရှိတဲ့ထန်းတောဘက်ကို လျှောက်လာနေတာ။ ဘိုးလူပေရောကျပ်ရောမြင်ရတယ်။ ကျုပ်ကစောစောကမှ မျက်ကွင်းဆေး ကွင်းထားလိုက်တာဗျ။ တခြားနာနာဘာဝတော့တစ်ကောင်တမြီးတောင် မမြင်ရပါဘူးဗျာ။ လာပြီဗျို့။ လာပြီ။ ဒီ လမွန်းမတည့်ခင် အရောက်လာ တာဖြစ်မယ်ဗျ။ ခြေလှမ်းတွေက တော်တော်ကိုသွက်တာ။ ဟော..ထန်းတောထဲဝင်လာပြီ။ ရာဝိန္ဒဆိုတာဒီလူပဲဖြစ်မယ်ဗျ။ ဟောလူလုံးကွဲလာပြီ ဗျို့။ အရွယ်က ကိုမင်းနောင်နဲ့ရွယ်တူပဲဗျ။ လူကရုပ်ချောချောပါလား။ အသားကလည်းဖြူဖြူဗျ။ ဖြစ်ရလေဗျာ၊ မိဘကလည်းမျိုးနဲ့ရိုးနဲ့ကိုချမ်း သာတာ၊ ဒီအမွေတွေအားလုံးဒီလူခံစားရမှာ။ ဘယ်လိုစိတ်ကူးနဲ့များ ဒီကဝေ ပညာကို ခုံမင်သွားတာလည်းဆိုတာ ကျုပ်ဖြင့် တွေးလို့တောင်မရပါဘူး ဗျာ။ ကိုထိုက်အောင်လို့ခေါ်တဲ့ ရာဝိန္ဒက အိမ်ရှေ့ကိုရောက်တော့ ပတ်ဝန်းကျင်ကိုလိုက်ကြည့်ပြီး အကဲခတ်နေတယ်ဗျ။ ကျုပ်စိတ်ထင်တော့ သူအစောင့်ချထားတဲ့ လူနှစ်ယာက်ကို မတွေ့လိုပဖြစ်မယ်ဗျ။
““စိန်လုံး..၊ မောင်ဆင့်..၊ ဟေ့ကောင်တွေ မင်းတို့ဘယ်မှာတုန်း။
ရာဝိန္ဒက အသံခပ်အုပ်အုပ်နဲ့ သူ့အစောင့်တွေကိုခေါ်တာဗျ။
““ဒီကောင်တွေဘယ်သွားနေပါလိမ့်…”
လို့ ပြောပြီး..လှေကားကနေ အိမ်ပေါ်ကိုပြေးတက်သွားတယ်ဗျ။
“ဟား..ဟား..ဟား..ခင်သက်ဝေမင်းငါ့ကိုစောင့်နေတုန်းပဲနော်။ ငါလည်းသွားချင်လို့သွားတာ မဟုတ်ပါဘူးခင်သက်ဝေရယ်၊ နင့်ကို ဘယ် အလေနတောအထက်လမ်းဆရာဆိုတဲ့အကောင်က နင့်ကိုအင်းကွက်ထိုး ပေးသွားတာလည်းမသိဘူး။ ငါ့နင့်ကိုပေါင်းသင်းလို့မရဘူး ခင်သက်ဝေ ရေ။ ငါ့ကို နင့်ရဲ့အင်းစောင့်အကောင်က ကန်ကန်ထုတ်ပစ်တယ်ဟ၊ အခုတော့ ငါ့ဆရာကြီး ဒေဝိန္ဒဆီက ကဝေနတ်ဆေးယူလာခဲ့ပြီ။
ဒီဆေး နဲ့လိမ်းလိုက်တာနဲ့ နှင့် အကောင်အင်းစောင့်ပြေးပြီသာမှတ်ပေတော့။ ဟား..ဟား..ဟား..ဟား၊ ဒီတော့မှ နင်နဲ့ငါနဲ့ပေါင်းလို့ရမှာဟ၊ ဟား..ဟား..ဟား..ဟား၊ ရာဝိကြံရင် မဖြစ်ဘူးဆိုတာ ဘာမှမရှိပါဘူး ခင်သက်ဝေရယ်။ နင့်ကိုအထက်တန်းကျောင်းမှာကတည်းက ငါကအရင်ချစ်ခဲ့ရတဲ့သူပါ။ ငါဝါသနာပါတဲ့၊ ပညာတွေလိုက်စားနေတုန်းမှာ၊ ဟိုအကောင်မင်းနောင်က ကြားဖြတ်ခုတ်သွားတာပါဟာ၊ ဒီကောင်ကို ငါအသာလေးသတ်ပစ်နိုင်တယ်။ ဒါပေမယ့် ဒီကောင်လည်း ငါ့သူငယ်ချင်း မို့လား ခင်သက်ဝေ။
ငါမသတ်ရက်လို့ ဒီကောင့်ကို ဒီအတိုင်းထားခဲ့တာပါ။ နင့်ကို မင်းနောင်လက်ထဲ ဘယ်လိုနည်းနဲ့မှ အပါမခံနိုင်ဘူး ခင်သက်ဝေ ရယ်။ နင့်ကို မရရတဲ့နည်းနဲ့ ငါကယူမှာပါခင်သက်ဝေ။ ကဲ..အိပ်ပျော် နေတဲ့နင့်ကို ငါနှိုးလိုက်တော့မယ်။”
ကျုပ်အရမ်းအံ့သြနေတာဗျ။ အိမ်ပေါ်ကထွက်လာတဲ့ ရာဝိန္ဒရဲ့ အသံတွေကို ကျုပ်ရောဘိုးလူပေရော အတိုင်းသားကြားနေရတာလေဗျာ။ အိမ်ပေါ်မှာ ငှက်ပျောတုံးကြီးတစ်တုံးကလွဲရင် ဘယ်သူမှရှိတာမဟုတ်ဘူး လေဗျာ။ မခင်သက်ဝေကို နေ့လည်ကပဲ ထိန်ကုန်းကို ခေါ်သွားကြပြီပဲ။ ရာဝိန္ဒကြီးဘာတွေပြောနေတာလဲလို့ ကျုပ်တွေမိလိုက်တယ်။
ဟော..ရာဝိန္ဒရဲ့မန္တာန်ရွတ်သံထွက်လာပြီဗျို့။ ခဏကြာတော့ ..
“ဟား..ဟား..ဟား..ဟား.၊ နိုးလာပြီလားခင်သက်ဝေ ဖြည်ဖြည်းထ၊ ဖြည်းဖြည်းလေးထနော် ကိုအောင်ထူပေးပါ့ မယ်။ လာ··လာ··ဟုတ်ပြီ။ ရပ်..ရပ်၊ မတ်တပ်ရပ်လိုက် အဲ..ဟုတ်ပြီ၊ အညောင်းလည်းပြေပြီး လေကောင်းလေသန့်လဲရအောင် ထန်းတောထဲ မှဆင်းပြီး လမ်းလျှောက်လိုက်ကြရအောင်နော်။ ဒီလောက်ဆို မင်းရဲ့အင်း စောင့်ကောင်လည်း ပြေးလောက်ပါပြီခင်သက်ဝေရယ်။
မင်းနဲ့ငါပေါင်း လို့သင်းလို့ ရပြီပေါ့ကွာ။ ဟိုကောင်နှစ်ကောင်စိန်လုံးနဲ့ငဆင့်တော့ ပြန်လာမှ နားရင်းအုပ်ပစ်လိုက်ဦးမယ်။ ကဲ..လာ လာ အောက်ကိုဆင်း ကြမယ်” မခင်သက်ဝေကို ပြောနေတဲ့ရာဝိန္ဒရဲ့အသံကတော့ တော်တော်ကို ကြင်ကြင်နာနာရှိတဲ့အသံပဲဗျ။ ဘိုးလူပေက ကျုပ်ကိုတချက်လှည့်ကြည့်တယ်။ အဆင့်သင့်ပြင်ထားတော့ဆိုတဲ့ သဘောပေါ့ဗျာ။ ကျုပ်က ဘိုးလူပေ ကို ခေါင်းငြိတ်ပြလိုက်တယ်။
၁. ဆင်းလာပြီးဗျို့ . .ဆင်းလာပြီ။ ဟာ..ရာဝိန္ဒက မခင်သက် ဝေ ကိုတွဲပြီးလှေကားပေါ်က ဆင်းလာပါရောလားဗျာ။ မခင်သက်ဝေက တော့ စကားတစ်ခွန်းမှပြန်မပြောဘူး။ အိပ်မွေ့ပျယ်ကစလူလို ငူတူတူ ငိုင်တိုင်တိုင်ပုံနဲ့ဗျ။
“လာလာ ခင်သက်ဝေ လမ်းနည်းနည်းလျှောက်လိုက် ဒါမှ သွေးလည်ပတ်မှုမှန်သွားမှာ။”
ရာဝိန္ဒက မခင်သက်ဝေကိုတွဲပြီး လမ်းလျှောက်လို့ပေါ့ဗျာ။ ကျုပ်တို့ ကပ်နေတဲ့ထန်းပင်တွေကို ကျောပေးပြီး ဆက်လျှောက်သွားတာဗျ။ တော်တော်လေးလျှောက်မိတော့ ဟာ..ဆိုပြီးကျုပ်တောင် ယောင်အော်လိုက် မိတော့မလို့ ကိုယ့်ပါးစပ်ကိုကိုယ်ပိတ်ထားလိုက်ရတယ်ဗျာ။
ငှက်ပျောတုံးကြီးဗျ။ ဟုတ်တယ်ဗျို့..ငှက်ပျောတုံးကြီး မခင်သက်ဝေမဟုတ်တော့ဘူး။ ရာဇိန္ဒဘေးမှာလမ်းလျှောက်နေတဲ့ မခင်သက်ဝေက ချက်ချင်းကို ငှက်ပျောတုံးကြီးဖြစ်သွားတာဗျို့။ ကျုပ်ဖြင့် ဆရာကြီးဘိုးလူပေရဲ့ ပညာတွေကိုအံ့သြလိုက်တာဗျာ။
ရာဝိန္ဒလန့်ပြီး နောက်ကိုခြေတစ်လှမ်းစာလောက်ခုန်ဆုတ်သွားတယ်ဗျ။
.
“ဟား ဟား ဟား ဟား ဟား၊ မကြောက်ပါနဲ့ ရာဝိန္ဒရဲ့ အောက်လမ်းပညာနဲ့ ရုပ်ပြောင်းရုပ်လွဲအင်မတန်တော်တဲ့မင်းကို၊ ကျုပ်တို့ အထက်လမ်းပညာရဲ့ ရုပ်ပြောင်းရုပ်လွဲအတတ်ကိုနည်းနည်းလေးပြလိုက် တာပါကွာ၊ ဟား..ဟား..ဟား..ဟား
ဘိုးလူပေကပြောရင်းနဲ့ရှေ့ကိုထွက်လိုက်တယ်ဗျ။
ကျုပ်လည်းဘိုးလူပေရဲ့နောက်ကလိုက်ထွက်တာပေါ့ဗျာ။
ရာဝိန္ဒက ဘိုးလူပေကို
ဖျတ်ကနဲလှည့်ကြည့်တယ်။ ပြီးတော့သူ့ရှေ့မှာ ထောင်ထောင်ကြီးရပ်နေ တဲ့ ငှက်ပျောတုံးကြီးကို စောင့်ကန်ပစ်လိုက်တယ်ဗျ။
“ဟေ့ကောင် မင်းဘယ်သူလဲ။ ငါ့ချစ်သူခင်သက်ဝေဘယ်မှာလဲ။
ရာဝိန္ဒက ကဝေတော့တော်တော်ပီသတာဗျ။ ဖအေအရွယ်လောက် ရှိတဲ့ဘိုးလူပေကို ဟေ့ကောင်လို့ခေါ်တာ..
“ခင်သက်ဝေကို သူ့ရဲ့ခင်ပွန်းလောင်း မောင်မင်းနောင်ကိုယ်တိုင် လာခေါ်သွားပြီ ရာဂိန္ဒ။ သူတပါးရဲ့ချစ်ခြင်းကို မင်းမခွဲပါနဲ့” ဘိုးလူပေကပြောတော့ ရာဝိန္ဒကဘိုးလူပေကို စူးစူးဝါးဝါးလှမ်း
ကြည့်တယ်ဗျ။
“ဟေ့ကောင်..မင်းကဘာကောင်မို့လို့ ငါ့ကိုလာပြီးတရားဟော နေရတာတုန်း။ မင်းနောင်ကငါ့ရဲ့ချစ်ခြင်းကို ခွဲတဲ့အကောင်ကွ။ ငါက ခင်သက်ဝေကိုမင်းနောင်မချစ်ခင်ကတည်းက ချစ်ခဲ့တဲ့အကောင်ကွ။ နေစမ်း ပါဦးမင်းကဘယ်သူတုန်း”
“ငါ့နာမည်လူပေတဲ့ရာဝိန္ဒရဲ့..”
““သြလက်စသတ်တော့ ဘိုးလူပေဆိုတာမင်းကို၊ မင်းကိုငါသိပ် တွေ့ချင်နေတာကွ လူပေရ၊ တွေ့မယ့်တွေ့တော့လည်း ငါ့အသည်းကိုခတ် တဲ့ ကျွဲတစ်ကောင်အနေနဲ့တွေ့ရတော့တာကိုး။ ကဲ..မင်းပညာတွေနှိုးလိုက် တော့လူပေ။ ဒီညဟာမင်းအတွက် လရောင်အောက်မှာ သေဆုံးခြင်းပေါ့ကွာ။
ဟား..ဟား..ဟားဟား
“ဒီမှာ မောင်ထိုက်အောင် မင်းကငယ်ငယ်လေးရှိပါသေးတယ်။ လူ့ဘဝမှာ ကောင်းကောင်းမွန်မွန်နေသွားလို့ ရပါတယ်ကွာ။ မင်းလူဖြစ်တဲ့မျိုးရိုးကလည်း မြေပိုင်ရှင်သူဌေးမျိုးလေကွာ မင်းအနေနဲ့ဘ၀ကို စည်းစိမ် ရှိရှိ ဖြတ်သန်းလို့ရပါတယ်။ ငရဲကျမယ့်ပညာတွေကို စွန့်လိုက်ပါလား၊ လူကလေးမောင်ထိုက်အောင်ရယ်”
“ဘာကွ၊ လူပေ..ငါကငါ့ပညာတွေကိုစွန့်ရမယ်ဟုတ်လား၊ ဒီပညာတွေကိုမြတ်နိုးလွန်လို့၊ တတ်ချင်လွန်းလို့ ငါ့မှာနှစ်တွေအကြာကြီး တောထဲတောင်ထဲသွားပြီး ကျင့်ကြံခဲ့ရတာကွ။ ငါဘယ်တော့မှ မစွန့်ဘူး။ ဘာလည်းမင်းက ငါနဲ့ယှဉ်ရမှာကြောက်နေလို့လားလူပေ
ရာဝိန္ဒကတော့နည်းနည်းမှ နောက်ဆုတ်မယ့်လူမဟုတ်ဘူးဗျ။ အခုနေဘိုးလူပေမဟုတ်ဘဲ မြတ်စွာဘုရားနဲ့တွေ့ရင်တောင် ရာဂိန္ဒကတိုက် မှာပဲဗျ။
“မောင်တာတေ နေ့လည်ကပေးထားတဲ့ အင်းတွေနဲ့ကဝေပိုက် ကွန်အဆင်သင့်ပြင်ထားလိုက်”
ကျုပ်ကို မသိမသာပြောပြီးတာနဲ့ ဘိုးလူပေကရှေ့ကိုထွက်သွားတယ်ဗျ။
“ဝူးဝူးဝူးဝူးဝူး”
ဟာ·.မဖဲဝါလာနေပြီဗျို့။ ခွေးကြီးနက်ကျော်အသံကို ကျုပ်ကြား နေရတယ်။ ရာဝိန္ဒက ကဝေစက်တွေထုတ်ပြီး ဘိုးလူပေဆီကိုလွှတ်တယ်။ ဘိုးလူပေက ဘာစက်မှမထုတ်ဘဲ လက်ငါးနှစ်ဘက်ကို ဖြန့်ကာထားတယ်။
ရှေ့ကိုတိုးဝင်လာတဲ့ ရာဝိန္ဒရဲ့စက်တွေကို စောင့်တွန်းသလိုလုပ်လိုက်တာ စက်တွေ အပိုင်းပိုင်းပြတ်ပြီး ရာဂိန္ဒမြေကြီးပေါ်ကို ဖင်ထိုင်လျက်ကျသွား တယ်ဗျို့။ ရာဂိန္ဒဒေါသဖြစ်သွားပုံရတယ်ဗျ။ လဲနေရာက ချက်ချင်းထလာ ပြီး ပါးစပ်ထဲကရော မျက်လုံးတွေထဲကပါ စက်တွေထုတ်တော့တာပါပဲဗျာ။
ဟော..မဖဲဝါရောက်လာပြီဗျ။ ထန်းပင်နားမှာရပ်ပြီး တိုက်ပွဲကို ကြည့်နေတယ်။ ဘိုးလူပေလည်း စက်ထုတ်ရပြီဗျို့။ အဖြူရောင်တောက် နေတဲ့ စက်တန်းတစ်ခုကိုထုတ်ပြီး ကဝေစက်တွေကို ကာထားလိုက်တယ်။
ဘိုးလူပေရဲ့စက်တွေက ချက်ချင်းဖြာထွက်သွားပြီး မှန်ချပ်ကြီးတစ်ချပ်လို ဖြစ်သွားတာဗျ။ ရာဝိန္ဒရဲ့ အစိမ်းရောင်၊ အနီရောင်စက်တွေက ဘိုးလူပေ ရဲ့ကာစက်ကိုအတင်းထိုးဖောက်နေတယ်ဗျ။ ဘိုးလူပေကဒီပွဲကို သိပ်ပြီး ရေမရှည်ချင်ဘူးထင်တယ်။
“မဖဲဝါ…’
လို့လှမ်းခေါ်လိုက်တယ်။ ဟာ..ဘိုးလူပေအသံကြားတာနဲ့ မဖဲဝါကလွှားကနဲပြေးဝင်လာပြီး သူ့လက်ဝါးကြီးနဲ့ ရာဝိန္ဒရဲ့ကျောကုန်းကို ရိုက်တော့တာပဲဗျို့။
“ဗုန်း ဗုန်း ဗုန်း ..”
သုံးချက်ဆင့်ရိုက်လိုက်တာဗျ။ ရာဝိန္ဒရဲ့စက်တွေ ချက်ချင်းပျောက် သွားပြီး ဒူးထောက်ရက်ကြီး ကျသွားတော့တာဗျို့။
“မောင်တာဘေ ပိုက်ကွန်ပေးစမ်း”
လို့ ဘိုးလူပေက ကျုပ်ကိုလှမ်းပြောတယ်။ ကျုပ်က အသင့်ကိုင် ထားတဲ့ ကဝေပိုက်ကွန်လေးကို ဘိုးလူပေဆီ လှမ်းပေးလိုက်တယ်။ ဘိုးလူပေက မန္တာန်ရွတ်ပြီး ပိုက်ကွန်နဲ့ဖြန့်အုပ်လိုက်တယ်။ ရာဝိန္ဒပိုက်ကွန် ထဲမှာမိနေရာဗျို့။ ဒီကဝေပိုက်ကွန်ရဲ့အစွမ်းကို ကျုပ်သိပြီးသားလေဗျာ။
အား–အား–အား • •
ဆိုတဲ့အသံနက်ကြီးနဲ့ ရာဝိန္ဒကြုံးအော်လိုက်ပြီဗျို့။ “လူကလေးမောင်ထိုက်အောင်၊ မကောင်းတဲ့ဒီပညာတွေကို စွန့်လိုက်ပါတော့ လူကလေးရယ်။ ကျုပ်မေတ္တာရပ်ခံပါတယ်”
““ဟိတ်ကောင်လူပေ မင်းငါ့ကိုသတ်နိုင်ရင်သတ်လိုက်၊ ငါ့ပညာ တွေကိုဘယ်တော့မှ မစွန့်ဘူးကွ”
“မောင်တာတေကဝေသက်ဖြတ်အင်းပေးတော့” ကျုပ်ကဆရာကြီးအဆင်သင့်ထုတ်ခိုင်းထားတဲ့အင်းတွေထဲက ကဝေသက်ဖြတ်အင်းကိုပေးလိုက်တယ်။ ဘိုးလူပေက မန္တာန်ရွတ်ပြီးအင်းနဲ့ပစ်လိုက်ပြီဗျို့။
“ဝုန်း….”
ဆိုတဲ့အသံကြီးမြည်ပြီး အခိုးအငွေ့တွေထွက်လာတယ်ဗျ။ အခိုးအငွေ့တွေပြယ်တော့ အုပ်ထားတဲ့ကဝေပိုက်ကွန်ထဲမှာ ရာဝိန္ဒဆန့်ဆန့် ကြီးလဲနေပြီဗျို့။ ဘိုးလူပေက ပိုက်ကွန်ကိုဆွဲသိမ်းလိုက်တယ်။ မဖဲဝါလည်း ဆတ်ကနဲလှည့်ပြီး ထွက်သွားတယ်ဗျ။
“ဝူးဝူးဝူးဝူးဝူး”
“အီ..အီ.. အီ..
မဖဲဝါရဲ့ခွေးကြီးအသံက တဖြည်းဖြည်းဝေးဝေးသွားပြီဗျို့။ ရာဝိန္ဒ က ကဝေသက်ငယ်သေးလို့ထင်တယ်ဗျ၊ ငရဲမီးတောက်တော့ မထဘူးဗျ။ ဆရာကြီးဘိုးလူပေနဲ့ကျုပ်နဲ့ ထိန်ကုန်းသူကြီး ဦးရွှေထွန်းအိမ်ကိုပြန်ရောက် တော့ လူတွေအားလုံးက ကျုပ်တို့ကိုစောင့်နေကြတာဗျို့။ တစ်ယောက်မှ မအိပ်ကြသေးဘူး။ အောက်လင်းဓာတ်မီးကြီးကိုလည်း ထိန်နေအောင်ထွန်း ထားတာဗျ။
ဘိုးလူပေက သူကြီးကိုအကျိုးအကြောင်းအားလုံးပြောပြလိုက်တာ နဲ့ သူကြီးက ရာဝိန္ဒကိုမြေမြှုပ်ဖို့ ဆယ်အိမ်ခေါင်းတွေကို နှိုးခိုင်းလိုက်တာ ပေါ့ဗျာ။ စိန်လုံးနဲ့ငဆင့်ကိုတော့ ဝိုင်းထောင့်မှာထိပ်တုံးခတ်ထားတာ တွေ့လိုက်ရတယ်ဗျ။ နောက်နေ့မနက် အစောကြီးထပြီး ဒေါ်လှရီရယ်၊ဒေါ်ဝင်းနွယ်ရယ်၊ ကိုမင်းနောင်ရယ်၊ မခင်သက်ဝေရယ် မြို့ကိုပြန်သွား ကြတာပေါ့ဗျာ။ ဘိုးလူပေလည်းသူတိုနဲ့အတူ လိုက်သွားတယ်ဗျ။ ကျုပ်က တော့ ထနောင်းကုန်းကို ပြန်ခဲ့တော့တာပေါ့ဗျာ။
ပြီးပါပြီ။
အားလုံးကျမ်းမာချမ်းသာကြပါစေဗျ။
ဖတ်လို့ကောင်းကြရဲ့လားမန့်ခဲ့ကြပါဦးနော်။😊
👉 ”Like & Share”👈
Leave a Reply