ရေစစ်ကန်ဆီကနေ ကိုတင့်ကို ပြောဖို့အပြင်ထွက်လာခဲ့တယ်။
” ရေချမ်းရေ…ကိုတင့်ကို မြင်မိသေးလား…”
စက်ရုံထဲလှည့်ပတ်ရှာရင်း ရေချမ်းကိုတွေ့တော့ မောင်လွင်မေးမိတယ်။
” အေး…အခုနကတော့ ဒီလူ စက်ရုံထဲပတ်နေသေးတာပဲ။ မင်း…တစ်ရုံလုံးကို ရှာပြီးပြီလား”
” အေးဟ…မတွေ့ဘူး”
” ဒါဖြင့်ရင်တော့…ဒီလူ လိုင်းခန်းထဲမှာ ဖဲသွားရိုက်နေလောက်ပြီ…”
ရေချမ်းစကားကြောင့် မောင်လွင်မျက်လုံးတောင်ပြူးသွားရတယ်။
” ဟေ့ကောင်…ကိုတင့်လို အလုပ်သမားခေါင်းက ဖဲရိုက်လို့လား”
” ဟား…ဟား…မင်းက ဟိုဘက်အဆိုင်းကဆိုတော့ ဘယ်သိမလဲကွ၊ အဲ့ဒီ့လူက တကယ့်ကို ဖဲဂျိုး၊ ပြီးတော့ အခုလတ်တလောလေးသူပြောပြာနေသေးတယ်၊ ဘာတဲ့ကွာ…ဪ…စပွန်ဆာသေးသေးလေးရထားတယ်ဆိုလားပဲ၊ သူ့အတွက် ဖဲစရိတ်ကို အဲ့ဒီ့က ရနေတယ်တဲ့…”
” ဪ…အေးပါကွာ၊ အဲ့ဒါက သူ့ကိစ္စဆိုတော့ ထားလိုက်ပါတော့၊ အခု ဖစ်တာတစ်လုံးပျက်နေလို့ လဲရမှာ၊ မလဲရင် ရေနောက်တွေပါကုန်လိမ့်မယ်၊ ငါ လဲဖို့ သူ့သွားပြောလိုက်ဦးမယ်…”
” အေးအေးသွား…ကန်ကို ငါကြည့်ပေးထားမယ်၊ ဪ…ဟေ့ကောင် လိုင်းထဲရောက်တယ်ဆိုပြီး မိန်းမဆီလည်း ၀င်အောင်းမနေနဲ့ဦး…”
ရေချမ်းလှမ်းစတော့ မောင်လွင် ပြုံးစစနဲ့ပဲ တုန့်ပြန်မိခဲ့ပါတယ်။
********
မောင်လွင်တစ်ယောက် ရေချမ်းစလိုက်တာကို ဘာရယ်မဟုတ် အတွေးထဲထည့်မိရင်း ပြုံးတုန့်ပြုံးလှယ်နဲ့ လမ်းလျှောက်နေမိတယ်။
ငါ အလုပ်ဆင်းချိန်တိုင်း အိမ်ကို တစ်ခါမှမပြန်ဖြစ်ဘူး။ ငါမရှိရင် ငါ့မိန်းမဘယ်လိုအိပ်နေသလဲ သိရအောင်တိတ်လေး၀င်ကြည့်ရမယ်…ဟိဟိ…”
မောင်လွင်ကိုယ့်ဘာသာကြိတ်ဆိုရင်း ခြေလှမ်းက သူ့အိမ်လိုင်းခန်းဘက်ကု လှည့်ထွက်သွားတယ်။
” ဟင်…မီးတွေပိတ်လို့ပါလား…”
သ့းအိမ်ခန်းတစ်ခန်းပဲ မီးပိတ်မှောင်မဲနေတော့ မီးလိုင်းတွေများပျက်သလားလို့ မောင်လွင်စိတ်ပူမိသွားတယ်။
” တော်ပြီကွာ…အဲ့ဒီ့လိုကြီးမလုပ်ပါနဲ့ဆို…”
” ဟာ…”
အိမ်တံခါးကို ခေါက်ဖို့ကြံလိုက်တုန်း အထဲက လွင့်ပျံလာတဲ့ သူ့မိန်းမရဲ့ မူနွဲ့နွဲ့အသံ။ မောင်လွင် မျက်လုံးအဝိုင်းသားနဲ့ ရင်ထဲလည်း အသက်ရှူရပ်သွားမတတ်ပဲ။
” မလုပ်စေချင်ရင် ပိုက်ဆံပေးပေါ့…ဒီည ဝိုင်းကောင်းမှာ သဲလေးရ”
ဒီအသံက ကိုတင့်အသံ။ ဒါဆို… ကိုတင့်နဲ့ သူ့မိန်းမ…။
” ဟင်…အကို့ကို လူကိုချစ်တာလား ငွေကိုချစ်တာလားလို့တောင် မေးရမလိုဖြစ်နေပြီ…”
မောင်လွင် တွေးမိနေတုန်း အသံက ထပ်မံထွက်ပေါ်လာပြန်တယ်။
” ဟာ…လူကို ချစ်တာပေါ့…”
” ဒါဖြင့်လည်း အစောကတည်းက မသန္တာနဲ့ မယူခင် ဒီကနဲ့ လွန်ကျွံထားခဲ့ပြီး ဘာလို့မယူဘဲ ထားခဲ့သလဲ…”
” အော်…အဲ့ဒါက မိဘပေးစားလို့ပါကွာ။ တကယ်တမ်း အကိုချစ်တာက ဟော့ဒီက မိန်းမနဲ့ ဗိုက်ထဲက အကို့ရဲ့ ကလေးလေး…”
” ဟာ…အကိုနော်။ ကလေးက တကယ်ရှိတာမှ မဟုတ်တာ၊ မောင်လွင့်ကို ခိုင်းကောင်းအောင် ညာထားတာကို သိရက်နဲ့…”
မောင်လွင့်နားထဲ ချော်ရည်ပူတွေလောင်းချလိုက်သလိုပဲ။ အဖြစ်အပျက်အားလုံးကို သူနားလည်ခဲ့ပြီ။
တကယ့်တော့ သူက အထဲက မသူတော်နှစ်ယောက်ရဲ့ အသုံးချခံဖြစ်ခဲ့ရတာ။ သူတို့က အစောကတည်းက ညားခဲ့ပြီးသားတွေ။ သူက လှည်းကျိုးကို ထမ်းနေရတဲ့ နွားတစ်ကောင်ပဲ။ သူ့မှာတော့ ရုန်းလို့၊ ကန်လို့၊ သူတို့ကတော့…။
မောင်လွင်တွေးရင်း ဒေါသတွေထွက်လာရတယ်။ မျက်လုံးထဲမှာလည်း မီး၀င်း၀င်းတောက်လို့ ဘာကိုမှ မထိန်းချုပ်နိုင်တော့ဘူး။ အခန်းနံဘေးက ထောင်ထားတဲ့ သံတူရွင်းကို သူတွေ့လိုက်တယ်။ ပြီးတော့ ဆွဲကိုင်ယူလိုက်ပြီး
” ဝုန်း…”
” ငါ့အပေါ် ခွေးကြံကြံတဲ့ နှစ်ကောင်လုံး သေပေတော့…”
တံခါးကို ဆောင့်ကန်ဖွင့်လို့ အထဲက မသူတော်နှစ်ယောက်ကို ရင်ထဲက နာကျည်းချက်တွေကို အော်ဟစ်ပေါက်ကွဲရင်းနဲ့ အတင်းကာရော ၀င်ရောက်ရိုက်နှက်လိုက်ပါတော့တယ်။
********
အထက်ပါ လူသတ်မှုကြောင့် မောင်လွင် ရဲအဖမ်းခံခဲ့ရတယ်။
နောက်တော့…စစ်ပြေးမှန်းသိပြီး အမှုအတွက် တပ်ကို လာအပ်တယ်။ ဒီတော့ မောင်လွင် တပ်ရင်းအချုပ်ထဲကို ရောက်လာခဲ့တယ်။
ဗဟိုကင်းက စစ်သည်တွေကတော့ မောင်လွင့်အဖြစ်အပျက်ကြောင့် အားလုံးက ကိုယ်ချင်းစာမိနေကြတယ်။
” ကျုပ်ဘ၀မှာ အမေက မွေးကတည်းကဆုံး၊ အဖေကလည်း နောက်မိန်းမ ယူ၊ ကျုပ်ကို အဘွားနဲ့ထား၊ အဘွားဆုံးတော့ အဖေကလည်း ဘယ်ရောက်မှန်းမသိနဲ့ မိသားစုရယ်လို့ကို မရှိတော့ဘူး။ ဒါကြောင့် အဲ့ဒီ့မိန်းမကိုပဲ ကျုပ်ရဲ့ တစ်ခုထဲသော မိသားစုရယ်လို့သတ်မှတ်ခဲ့တာ။ သူ…က ဟန်ဆောင်သိပ်ကောင်းလေတော့ ကျုပ်ကို နွားတစ်ကောင်အဖြစ်အသုံးချနေမှန်းမသိခဲ့ရိုး တကယ်အမှန်ပဲ။ ပြီးတော့…ကလေးရှိတယ်ဆိုတာကလည်း ညာနေတာ။ သူက ခွေးဇာတ်ခင်းချင်တော့ အလုပ်ကထွက်ချင်တာနဲ့ ဆင်ခြေပေးခဲ့တာ”
မောင်လွင် အတိတ်အကြောင်းတွေကို ပြန်ပြောပြလေတိုင်း အားလုံးရင်ထဲ နင့်ခနဲဖြစ်မိကြရတယ်။
သူ့မျက်၀န်းမှာလည်း မျက်ရည်စတွေ၀န်းရံနေတတ်တယ်။ ဒီမျက်ရည်တွေကတော့ အလွမ်းအဆွေးကြောင့် ကျတဲ့ မျက်ရည်မဟုတ်ဘူး။ နားကျည်းချက်ကြောင့် ကျတဲ့ မျက်ရည်ဆိုတာ အားလုံးသတိထားမိကြတယ်။
” ဘာပဲဖြစ်ဖြစ်ပါ မောင်လွင်ရာ၊ မင်းက စစ်သားဖြစ်ခဲ့ဖူးတာဆိုတော့ ငါတို့နဲ့ မိသားစုပါပဲ။ ငါတို့စစ်သားတွေအားလုံးဟာ သွေးမတော်၊ သားမစပ်တဲ့ မိသားစုတွေဆိုတာ မင်းနားလည်မှာပါ။ မင်းအနားမှာ ငါတို့ရှိတယ်ကွာ။ အားမငယ်နဲ့…ဘာလိုလိုငါတို့ကိုပြော…”
” ဟုတ်တယ် မောင်လွင်၊ မင်းစားချင်တာ မင်းလိုချင်တာ ငါတို့ကို ပြော၊ အကုန်လုံးလုပ်ပေးမယ်”
စစ်သည်တွေဆီက စကားကို ကြားတော့ မျက်ရည်တွေကြားကနေ မောင်လွင်ပြုံးတယ်။
” အင်းပါဗျာ…ဒါပေမယ့်လည်း ဒီမိသားစုနဲ့ ကျုပ်…မကြာခင် အပြီး ခွဲရဦးမှာဗျ…”
********
မောင်လွင့်အမှုကို စစ်ဘက်၊ နယ်ဘက်ဥပဒေနှစ်ရပ်နဲ့ စစ်ဆေးခဲ့တယ်။
ပြစ်ဒဏ်ချမှတ်ချိန်ကျတော့ ဥပဒေနှစ်ရပ်ကပေးတဲ့ ပြစ်ဒဏ်ကြီးတွေကို မောင်လွင်ခံယူခဲ့ရတယ်။
မောင်လွင့်ကို ထောင်ပို့တဲ့နေ့မှာတော့…။
မောင်လွင်က ဗဟိုကင်း စစ်သည်တွေအားလုံးကို မျက်ရည်တွေစီးကျလို့ ကြည့်ရင်းက
“ကျုပ်ဘ၀မှာ မိသားစုဆိုတာကို ကောင်းကောင်းမသိခဲ့ရဘူး။ အခု မကြာခင်အချိန်လေးကမှ ဘုရားပေးခဲ့တဲ့ ဒီမိသားစုလေးကိုတော့ ကျုပ်ဘယ်တော့မှ မမေ့ပါဘူး။ အခွင့်ရှိရင် ဒီမိသားစုလေးဆီ ကျုပ်ပြန်လာဦးမှာပါဗျာ”
မောင်လွင့်စကားက အားလုံးကို မျက်ရည်ဝိုင်းစေခဲ့ပါတယ်။
ဒါပေမယ့် စစ်သည်အားလုံးမသိခဲ့တာက အဲ့ဒီနေ့က မောင်လွင်ပြောသွားခဲ့တဲ့ စကားတွေထဲမှာ ပြတ်သားလှတဲ့ ရည်ရွယ်ချက်တစ်မျိုးပါနေတယ်ဆိုတာပါပဲ။
********
မောင်လွင့် သတင်းကိုကြားပြီးတော့ ဗဟိုကင်းတစ်ခုလုံး ၀မ်းနည်းနေကြတယ်။
အားလုံး တစ်နေကုန်၊ တစ်နေခမ်း စကားတောင် သိပ်မပြောဖြစ်။ ပြောပြန်လျင်တောင်မှ မောင်လွင့်အကြောင်းတွေသာ ပြောနေမိကြသလို၊ ညဘက်ရောက်ချိန်ကျတော့ စိတ်မကောင်းမှုတွေကြောင့် ကင်းစောင့်နှစ်ယောက်သာထားပြီး စောစီးစွာနဲ့ပဲ အိပ်ရာဆီ၀င်ခဲ့ကြပါတယ်။ ဒါပေမယ့် အားလုံးအိပ်မပျော်နိုင်သေးပါ။
” စိုးကြီး…ကိုးနာရီထိုးပြီ၊ နာရီသံချောင်းသွားခေါက်လိုက်ဦး…”
ထိုင်ကင်းဖြစ်သူ မောင်မောင်ကပြောတော့ စောင့်ကင်းဖြစ်တဲ့ စိုးကြီး နာရီသံချောင်းသွားခေါက်လိုက်တယ်။
” ဒေါင်…ဒေါင်…ဒေါင်…”
စည်းချက်ကျကျခေါက်လိုက်တဲ့ နာရီသံကို ဘာရယ်မဟုတ် အားလုံးနားထောင်နေမိကြတယ်။ နာရီသံရဲ့ အဆုံးမှာတော့…
” ညကိုးနာရီလိုင်းဒေါင်း…အချုပ်သား သတင်းပို့…”
နာရီသံအဆုံး ထိုင်ကင်းကျသူ မောင်မောင်က အော်လိုက်တယ်။
” အချုပ်ခန်း ၁…အချုပ်သား သော်ဇင် ကျန်းမာရေးကောင်း၊ ကောင်းမွန်စွာရှိ…”
အခန်း ၁ ဆီက အချုပ်သားသတင်းပို့သံထွက်ပေါ်လာတာကို အားလုံးကြားလိုက်ရပါတယ်။ အခန်း၂ ဆီမှာကတော့ မောင်လွင်ထွက်သွားပြီးနောက် ဘယ်သူမှမရှိဘူး။
သို့သော်…။
” အချုပ်ခန်း ၂…အချုပ်သား မောင်လွင်…ကျန်းမာရေးကောင်း၊ ကောင်းမွန်စွာရှိ…”
” ဟာ…”
ဘာမှမရှိတဲ့ အချုပ်ခန်း ၂ ဆီက ပီသစွာထွက်ပေါ်လာတဲ့ သတင်းပို့သံကြီး။ မောင်လွင့်အသံမှ လုံး၀အစစ်။
အကုန်လုံးရုတ်ရုတ်သည်းသည်းဖြစ်ကုန်ကြတယ်။ အိပ်နေကြတဲ့သူတွေ အရှေ့ဆီပြေးထွက်လာကြတယ်။
ကင်းမှူးက…
” ဘယ်သူအော်တာလဲ…ဟေ့ကောင်တွေ ဘယ်သူအော်တာလဲ…”
” ဘယ်သူမှ မအော်ဘူး။ အချုပ်ခန်း၂ ထဲက အော်နေတာ…”
” ဟာ…မဖြစ်နိုင်တာ…”
ကင်းမှူးက မီးပိတ်ထားလို့ မှောင်မည်းနေတဲ့ အခန်း၂ ကို ကြည့်ပြီးပြောလိုက်တယ်။
” အချုပ်ခန်း ၂…အချုပ်သား မောင်လွင်…ကျန်းမာရေးကောင်း၊ ကောင်းမွန်စွာရှိ…”
” ဟာ…”
အားလုံးကြည့်နေတုန်းမှာပဲ အချုပ်ခန်းဆီက အသံခပ်တိုးတိုးက ထွက်ပေါ်လာပြန်တယ်။
” မဖြစ်နိုင်ဘူး…ဒါတစ်ယောက်ယောက်နောက်နေတာ…”
ကင်းမှူးက ပြောပြီး အချုပ်ခန်းကို ဖွင့်လို့မီးဖွင့်ကြည့်လိုက်တယ်။
အထဲမှာ အခင်းကွပ်ပျစ်ပြားကလွဲပြီး ဘာဆိုဘာမှ ရှိမနေ။ သို့ပေမယ့် အခန်းဆီက အပုပ်နံ့ကြီးတစ်ခုကတော့ အပြင်ကို လွင့်ပျံလာတာကို အားလုံး ရှုရှိုက်လိုက်မိကြတယ်။
ဒါဟာ မောင်လွင် ပါဆိုတာ အားလုံး ယုံကြည်မိလိုက်ကြပြီ။
ပြီးတော့…အားလုံးသတိရလိုက်မိတာက သူပြောသွားတဲ့ စကား။
” အခွင့်ရှိရင်…ဒီမိသားစုဆီ…ကျုပ်…ပြန်လာဦးမှာပါဗျာ…”
********
” မောင်လွင်နဲ့ တကွ…မကျွတ်မလွတ်သေးကြသူများ အားလုံး…ကြားကြားသမျှ….”
ဖြစ်ရပ်ဖြစ်ပြီး တစ်ရက်ကျော်။
ထိုနေ့တွင်တော့…။
တပ်ရင်းဗဟိုကင်းဆီမှာ သံဃာသုံးပါးပင့်လို့ ဆွမ်းကပ်၊ လှူဖွယ်တချို့ ဆပ်ကပ်ပေးပြီး မောင်လွင့်ကို ရည်ရွယ်လို့ အမျှဝေပေးခဲ့ပါတယ်။
အဲ့ဒီ့နောက်မှာတော့ ယနေ့အချိန်အထိ မောင်လွင်နဲ့ ပက်သက်သော ထူးခြားမှုတစ်စုံတစ်ရာမရှိတော့ပါ။
သို့ပေသော်ငြား…။
မောင်လွင်ရဲ့ အကြောင်းကိုတော့ ယနေ့အချိန်ထိ ပြောဖြစ်နေကြဆဲဖြစ်ပါတယ်။
ပြီးပါပြီ။
နောင်ရိုး(ဆေးတပ်)
Leave a Reply