ကောင်မဟုတ်ဘူး၊ သွားအရေးလုပ်မနေပါနဲ့၊ တစ်ခုသာသတိထားပါ၊ ဒီကောင်အရက်သောက်ဖို့ ပိုက်ဆံပြတ်သွားတာဖြစ်နိုင်တယ်၊ အခု ရွာဦးကျောင်းကိုရောက်နေပြီဆိုတော့ လူလစ်မှ ဘုန်းကြီးကျောင်းက တစ်ခုခုကိုအလစ်သုတ်သွားအုံးမယ်နော် အရှင်ဘုရား”
ဦးညီဇော်ကတော့ တစ်ဦးတည်းသောသားကလေးကို တော်တော်မေတ္တာရှိတဲ့ပုံပါပဲ၊ ဆရာတော်ကတော့ နှင်မထုတ်ရက်လို့ ဒီအတိုင်းပဲထားပါတယ်၊ ဆွမ်းကျန်လေးဘာလေးကျွေးတော့လည်း မစားဘူးဆိုပဲဗျ။
တစ်ပတ်လောက်ကြာတော့ ကာလသားတွေအိမ်ကိုပြေးလာကြတယ်။
“သူကြီးရေ၊ ရွာထဲမှာထူးပြီဗျ”
“ဟေ၊ ဘာထူးတာလဲကွ၊ ဘယ်သူကထူးနေတာလဲ”
“ကိုဇော်ကြီးပါသူကြီးရာ”
“သြော်၊ အောင်ဇော်တစ်ယောက် အရက်မူးပြီးလဲလို့ လေဖြတ်သွားတာလား၊ ဒါမှမဟုတ် သေများသေသွားတာလား”
“သေသွားတာမဟုတ်ဘူးသူကြီးရေ၊ ရှင်သွားတာဗျ ရှင်သွားတာ”
“မင်းတို့ဟာက ဘာစကားလဲကွ”
“ကိုဇော်ကြီး ညောင်ပင်အောက်မှာထိုင်ရင်း မြေကြီးနဲ့လွှတ်နေပြီဗျို့၊ အဲဒါ သူကြီးလာကြည့်ပါလို့ ရွာဦးကျောင်းဆရာတော်က မှာလိုက်တယ်”
ဒါမျိုးကိစ္စတော့ ကျုပ်ကဘယ်နေပါ့မလဲဗျာ၊ အရှေ့ဆုံးကနေပြေးပြီးတော့ကိုကြည့်တာ၊ ရွာဦးဘုန်းကြီးကျောင်းထဲလဲ လူတွေကအုံခဲနေတာပါပဲ၊ သွားကြည့်တော့ တကယ်ပဲ ကိုဇော်ကြီးထိုင်နေတာ မြေပေါ်ကနေ ခြောက်လက်မလောက်ကို လွတ်နေတယ်ဗျာ။ ရွာဦးကျောင်းဆရာတော်က အရှေ့ဆုံးကနေပြီး
“ငါပြောသားပဲ၊ ဒီကောင်ကျင့်စဉ်တစ်ခုကျင့်နေတာဖြစ်ပါမယ်လို့၊ မင်းတို့မှ မယုံကြတာ”
“တင်ပါ့ဘုရား၊ အခုမှသိပါတယ်ဘုရား”
ဦးညီဇော်ဆိုရင် သူ့သားကိုလက်အုပ်ချီပြီးတော့ကို ကျုံ့ကျုံ့လေးထိုင်နေရှာတာဗျ။ သိပ်မကြာပါဘူး ကိုဇော်ကြီးက မျက်လုံးတွေပွင့်လာတယ်။ ပြီးတော့ လက်သီးလက်မောင်းတန်းပြီး အောင်ပြီ အောင်ပြီဆိုပြီးသုံးခါထအော်ပါရော၊ ကိုဇော်ကြီးက ဘာဖြစ်မှန်းမသိပေမယ့် ရွာကလူတွေက နှစ်ခြမ်းကွဲသွားတယ်၊ ကိုဇော်ကြီးက ကျင့်စဉ်တစ်ခုအောင်သွားပြီးတော့ ဘိုးတော်လိုလိုဖြစ်သွားတယ်ဆိုတဲ့လူတွေနဲ့ ကိုဇော်ကြီးက အရက်ကြောင်ကြောင်ပြီး ရူးသွားတယ်ဆိုတဲ့လူတွေ နှစ်ဖွဲ့ကွဲသွားပါရောဗျာ။
ဒါပေမယ့် ကိုဇော်ကြီးက နောက်ရက်ကျတော့ အရင်အတိုင်းပါပဲ အရက်တောင်အသောက်မပျက်ဘူး၊ တစ်ရက်ကျတော့ ကျုပ်တို့အိမ်ကိုရောက်ချလာတယ်၊ အဖေက စာအုပ်တွေထဲဘာတွေရေးနေသလဲတော့မသိဘူး။ ကိုဇော်ကြီးရောက်လာလို့ မော့ကြည့်လိုက်ပြီး
“ဟေ့ အောင်ဇော်၊ အလာထူးလို့ပါလားကွ”
“သူကြီးကိုသတိလာပေးတာဗျ၊ သူကြီးနောက်ရက်ကျရင် မြိုင်သာသွားရလိမ့်မယ်၊ သွားရတဲ့အခါမျိုးကျရင် ခါးပိုက်နှိုက်ခံရလိမ့်မယ်ဗျ”
အဖေက မယုံတဲ့ပုံနဲ့ရယ်လိုက်ရင်း
“ဟ၊ ခါးပိုက်နှိုက်လောက်ကတော့ ငါကအပျော့ပါကွ၊ နေပါအုံး မင်းကိုဘယ်သူပြောတာလဲ”
“အဘပြောတာဗျ”
ကိုဇော်ကြီးက ခပ်ပြတ်ပြတ်ပြောပြီးတော့ ထွက်သွားပါရော၊ အဖေကတော့ လုံးဝမယုံတဲ့ပုံပဲ၊ ကျုပ်ကတော့ ယုံတစ်ဝက်မယုံတစ်ဝက်ပေါ့ဗျာ။ အဖေမယုံချင်တာလည်းမပြောနဲ့လေ မြိုင်သာသွားရမယ်ဆိုကတည်းကိုက မဟုတ်တော့တာပဲ။
ဒါပေမယ့် ကိုဇော်ကြီးပြောတာ တကယ်ဖြစ်လာတယ်ဗျာ၊ ဘယ်လိုဖြစ်သလဲဆိုတော့ မြိုင်သာက ဆွေမျိုးတစ်ယောက်က ဗြုန်းစားကြီးဆုံးလို့ အဖေကသွားဖို့ဖြစ်လာပါရော၊ အဖေနဲ့အကိုကြီးကမယုံပေမယ့် ကျုပ်က ကိုဇော်ကြီးရဲ့စကားကို နည်းနည်းယုံလာပြီ။ သွားဖို့လာဖို့ လွယ်အိတ်ပြင်နေတဲ့ အဖေ့ကိုကြည့်ပြီးတော့
“အဖေ၊ သွားတာလာတာ သတိထားအုံးနော်၊ ကိုဇော်ကြီးက ခါးပိုက်နှိုက်ခံထိမယ်လို့ ပြောထားတယ်မဟုတ်လား”
“မင်းမို့ အဲဒီအရူးစကားယုံတာပါကွာ၊ ငါ့လိုသူကြီးကို ခါးပိုက်နှိုက်လို့ကတော့ ငါနဲ့တွေ့ပြီသာမှတ်လိုက်ပေတော့ဟေ့”
အဖေက သူ့ကိုယ်သူအထင်ကြီးလွန်းနေတယ်။ ဒီလိုနဲ့မနက်ခင်းကထွက်သွားတဲ့အဖေဟာ နေ့လည်ခင်းရောက်တော့ အိမ်ကိုပြန်ပြီးရောက်ချလာပါရော၊ အမေကတောင်မှ ထူးဆန်းနေတယ်။
“ဟောတော် မြိုင်သာသွားတဲ့လူက ဘယ့်နှယ့်အိမ်ပြန်လာရတာလဲ”
အဖေက သူ့လွယ်အိတ်ကို စားပွဲပေါ်ပစ်တင်လိုက်တော့ လွယ်အိတ်ဘေးနားမှာ ဟက်တက်ကြီးကွဲနေပါရော၊ အဖေက မောမောပန်းပန်းနဲ့ထိုင်ချလိုက်ပြီး
“ဟူး၊ ဘယ်လိုဖြစ်လာသလဲဆိုတော့ ဘယ်ကဘယ်လိုတောင်စပြောရမှန်းမသိတော့ပါဘူး မသန်းရာ၊ ငါလိုင်းကားပေါ်ကအဆင်းမှာ ငါ့လွယ်အိတ်ကြီးကွဲပြီးတော့ အခုမင်းမြင်တဲ့အတိုင်းဖြစ်နေတော့တာပဲ”
“ဟင် ဒါဆိုငွေတွေရော”
“အကုန်ပါသွားပြီဟေ့”
ကျုပ်က အားတက်သရောနဲ့
“ဒါဆို ခါးပိုက်နှိုက်ခံထိတာပေါ့နော်အဖေ၊ အဖေပြောတော့ ခါးပိုက်နှိုက်နဲ့တွေ့ရင် ဘာလုပ်မယ်ညာလုပ်မယ်နဲ့”
“အခုက ဘယ်အချိန်က ဘယ်လိုနှိုက်သွားမှန်းကိုမသိတာကွ အလတ်ကောင်ရ”
“ဒါဆို ကိုဇော်ကြီးပြောတာမှန်တာပေါ့ဗျာ၊ အဖေမြိုင်သာသွားရမယ်ဆိုတာလည်းမှန်တယ်၊ ခါးပိုက်နှိုက်ခံထိမယ်ဆိုတာလည်း မှန်တာပဲ”
အမေကတောင် ခေါင်းညိတ်ပြီး
“ဟုတ်ပါ့၊ ဒါဆို ဇော်ကြီးက လူတွေပြောသလိုမျိုး ဘိုးတော်ဖြစ်နေတာလားမသိဘူးဟဲ့”
“ဟုတ်မယ်အမေရ၊ သူ့ကိုဘယ်သူပြောတာလဲလို့ အဖေကမေးလိုက်တော့ အဘကပြောတာဆိုပဲ၊ အဘဆိုတာ ဘိုးတော်ပဲပေါ့”
“အေးနော်၊ ဘိုးဘိုးအောင်ဓါတ်စီးတာလား၊ ဘိုးမင်းခေါင်ဓါတ်ရနေတာလားမသိဘူး”
ဒီအခါ အဖေက ကျုပ်ဘက်လှည့်ပြီး
“အလတ်ကောင် ငါခါးပိုက်နှိုက်ခံရတယ်ဆိုတာကို ဘယ်သူ့ကိုမှမပြောနဲ့နော်၊ သူကြီးတစ်ယောက်လုံးလုပ်နေပြီး ခါးပိုက်နှိုက်ခံထိလို့ ပိုက်ဆံတွေအကုန်ပါသွားတာကို ရွာသားတွေသိရင် ရှက်စရာကြီးကွာ”
“ဟာ မပြောပါဘူးအဖေရာ”
“မင်းက ပါးစပ်ဖွာလို့ မင်းကိုကြိုပိတ်တာဟေ့၊ ရွာထဲပြန်ကြားရလို့ကတော့ မင်းနာမယ်မှတ်”
ကျုပ်ကလည်း အဖေကိုယ်တိုင်ဖြစ်တာဆိုတော့ မပြောပါဘူး၊ အဖေက ရွာလူကြီးဆိုတော့လည်း ရှက်ရှာမှာပေါ့ဗျ။ ဒီလိုနဲ့ညနေရောက်တော့ အမေက ဟင်းချက်ရင်း မဆလာကုန်နေလို့ သွားဝယ်ခိုင်းတာနဲ့ ကျုပ်လည်းရွာထဲထွက်လာခဲ့လိုက်တယ်၊ လမ်းတစ်နေရာရောက်တော့ ကာလသားတစ်ယောက်က ကျုပ်ဆီပြေးလာပြီး
“အလတ်ကောင် သူကြီးခါးပိုက်နှိုက်ခံရလို့ဆို”
“ဟာ မဟုတ်ပါဘူးဗျာ ခင်ဗျားကလဲ”
ကျုပ်က ဘုကန့်လန့်ပြန်ပြောပြီး လှည့်ထွက်လာခဲ့တယ်၊ စိတ်ထဲမှာတော့ ထူးဆန်းနေမိသား၊ ဒီကောင်ဘယ်လိုလုပ်ပြီးသိတာများလဲပေါ့၊ ဒါနဲ့ရွာလယ်က မကပ်စေးဆိုင်ရောက်ခဲ့တယ်။
“မကပ်စေးရေ၊ အမေက မဆလာတစ်မတ်ဖိုးပေးပါတဲ့၊ ဒါနဲ့ ပိုပိုသာသာလေးထည့်အုံးနော်”
“ငါ့လက်ကတိကျပြီးသားပါအလတ်ကောင်ရယ်၊ တစ်မတ်ဖိုးဆိုရင် တစ်မတ်ဖိုး၊ တစ်ကျပ်ဖိုးဆိုရင် တစ်ကျပ်ဖိုးပဲ၊ တစ်ပြားဖိုး နှစ်ပြားဖိုးတောင် မပိုစေရဘူး”
မကပ်စေးက ဖန်ပုလင်းကြီးတစ်လုံးထဲထည့်ထားတဲ့ မဆလာတွေကို ဇွန်းနဲ့ခပ်ပြီး စက္ကူပိုင်းလေးထဲထည့်နေရင်းနဲ့
“ဟဲ့ ဒါနဲ့ နင့်အဖေသူကြီး မြိုင်သာသွားတာ ခါးပိုက်နှိုက်ခံရတယ်ဆို”
ကျုပ်ခေါင်းနားပန်းတွေကြီးသွားတယ်၊ ရွာမှာ ကိစ္စတစ်ခုခုဆိုရင် မကပ်စေးသိရင် တစ်ရွာလုံးသိပြီးသားဆိုတော့ ကျုပ်လန့်သွားတော့တာပေါ့။
“နေပါအုံးမကပ်စေးရဲ့၊ အဲဒီအကြောင်းကို ခင်ဗျားကိုဘယ်သူပြောတာလဲ”
“နင်က ငါ့ကိုပြန်မေးနေပုံထောက်ရင် တကယ်ဖြစ်တာပေါ့၊ သူကြီးဖြစ်နေပြီး ခါးပိုက်နှိုက်ခံရတယ်လို့အေ”
“ဟာ ကျုပ်မေးနေတာဖြေဗျာ၊ ဘယ်သူပြောတာလဲလို့”
“ဒီလိုပဲပေါ့အေ၊ တစ်ရွာလုံးကတော့ ဒီအကြောင်းတွေပြောနေတာပဲ”
မကပ်စေးလှမ်းပေးတဲ့ မဆလာထုပ်ကလေးယူခဲ့ပြီးတော့ ကျုပ်အိမ်ကိုခြေလှမ်းကျဲကြီးတွေနဲ့ပြန်လာခဲ့တယ်၊ တစ်ရွာလုံးတောင်သိနေပြီဆိုတော့ အဖေ့နားကိုလည်း ပြန်ပေါက်လောက်ပြီ၊ အဖေက သူ့အကြောင်းတွေဘယ်သူ့ကိုမှမပြောနဲ့လို့မှာထားရက်နဲ့ ရွာထဲသိနေပြီဆိုရင် ကျုပ်ကိုတော့ ကြိမ်းသေထုထောင်းတော့မှာပေါ့ဗျာ။
ထင်တဲ့အတိုင်းပါပဲ အိမ်ရောက်တော့ အဖေက ကျုပ်ကိုမျက်ထောင့်နီကြီးနဲ့ခါးထောက်ပြီးကြည့်နေတယ်၊ ကျုပ်က မျက်နှာငယ်ကလေးနဲ့ အိမ်ထဲကိုဝင်သွားလိုက်တော့
“အလတ်ကောင်၊ မင်းကိုငါ သေသေချာချာမှာထားရဲ့သားနဲ့ မင်းကပြောဖြစ်အောင်ပြောလိုက်သေးတယ်ပေါ့ ဟုတ်လား”
“မဟုတ်ပါဘူးအဖေရာ ကျုပ်မပြောပါဘူး”
“ဟေ့ကောင် မင်းမလိမ်နဲ့၊ နေ့လည်ငါပြန်လာတုန်းက အိမ်မှာ မင်းရယ်ငါရယ် မင်းအမေရယ် သုံးယောက်ပဲရှိတာ မင်းပြောတာမဟုတ်လို့ ဘယ်သူပြောတာဖြစ်ရမှာလဲ”
အဖေက ပြောပြောဆိုဆိုနဲ့ကျုပ်ခေါင်းကို လက်နဲ့ခေါက်ထည့်လိုက်ပါရောဗျာ၊ အဖေ့လက်သံက သိပ်ပြောင်တော့ ကျုပ်ဖြင့် ခေါင်းကိုမူးသွားတော့တာပါပဲ၊ ဒီအချိန်အမေက မီးဖိုထဲကထွက်လာတယ်။
“အလတ်ကောင်ကို ဘာဖြစ်လို့ထုနေတာလဲ”
“ဟ ဘာဖြစ်ရမလဲ ငါခါးပိုက်နှိုက်ခံရတဲ့အကြောင်းကို ဒီကောင်လျှောက်ပြောလို့ တစ်ရွာလုံးက သိကုန်ပြီလေကွ”
“ဟောတော်၊ အဲဒါအလတ်ကောင်ပြောတာမဟုတ်ပါဘူး၊ ကျုပ်ပြောလိုက်တာပါ၊ နေ့လည်က ကြီးဒေါ်ပြုံးလာတာနဲ့ ဇော်ကြီးဘိုးတော်ဖြစ်ပြီး အကြားအမြင်တွေရနေတဲ့အကြောင်း ဖောက်သည်ချလိုက်တာ”
ကျုပ်မျက်လုံးတွေပြူးသွားတယ်။
“တွေ့လားအဖေ၊ ကျုပ်မပြောပါဘူးဆိုတာကို၊ အခုအမေပြောတာတဲ့ဗျ အမေ့ကိုခေါက်ဗျာ”
“ဟေ့ကောင် မင်းပြောပြောမပြောပြော ခေါက်တယ်ကွာ ဘာဖြစ်လဲ”
အဖေက ပြောဆိုပြီးတော့ ရှက်ကိုးရှက်ကန်းနဲ့ ခြံထဲကထွက်သွားတော့တာပဲ၊ သူ့မိန်းမကျတော့ မခေါက်ရဲဘဲ အလကားနေရင်း ကျုပ်ကိုခေါက်ချသွားသေးတယ်၊ ကျုပ်မှာ ခေါင်းကိုပူလို့။
(၂)
ကိုဇော်ကြီးအကြောင်းပြောရမယ်ဆိုရင်တော့ ကိုဇော်ကြီးက ဘိုးတော်ဖြစ်သွားတယ်ပဲပြောရမယ်၊ သူပြောတာ ဟောတာတွေက မှန်သင့်သလောက်တော့မှန်တယ်ဗျာ၊ ဘယ်သူနွားပျောက်မယ်၊ ဘယ်သူ့အိမ်မှာမီးလောင်မယ် စသဖြင့်ပြောတာတွေက ဒက်ထိတွေချည်းမှန်တာ၊ နွားပျောက်တဲ့လူတွေလည်း သူ့ကိုမေးပြီး သူပြောတဲ့နေရာ သွားရှာရင် အဲဒီမှာတွေ့တာပါပဲ၊ ဆိုတော့ တစ်ရွာလုံးက ကိုဇော်ကြီးကို ဘိုးတော်ဇော်ကြီးလို့ပဲပြောင်းခေါ်ကြတယ်၊ အရင်တုန်းက မေးတငေါ့ငေါ့နဲ့ ကဲ့ရဲ့တတ်တဲ့လူတွေတောင်မှ အခုသူ့ကို အဘ အဘနဲ့ တစ်ဘတည်းကို ဘနေတော့တာပဲ၊ ကိုဇော်ကြီးက အဲဒီညောင်ပင်အောက်မှာပဲ ကွပ်ပျစ်ထိုးပြီးနေတယ်၊ ကွပ်ပျစ်အရှေ့မှာလည်း ကန်တော့ပွဲတွေ၊ ကြက်ကြော်တွေ၊ အရက်ပုလင်းတွေဆိုတာ မနည်းဘူး၊ ထူးဆန်းတာကတော့ ဘိုးတော်ဇော်ကြီးက အရက်သောက်မပျက်တာပါပဲ၊ အဘဓါတ်စီးရင်တော့ တုန်တုန်ယင်ယင်နဲ့ ဟောချက်ပြောချက်တွေက ဒက်ထိမှန်တတ်တယ်။
တစ်နေ့ ယာခင်းထဲမှာ ကိုဇော်ကြီးအကြောင်းကို ဦးဘသာနဲ့စကားစပ်မိလို့ပြောဖြစ်ကြတယ်၊ ဦးဘသာက မျက်မှောင်ကြုတ်ပြီး
“ငါလည်း ကြားနေတာတော့ကြာပြီကွ၊ ဘိုးတော်လိုင်းက ငါသိပ်မကျွမ်းလို့ ဝင်မပါတာ၊ မင်းတို့ပြောပုံအရဆိုရင် ဇော်ကြီးက တော်တော်မှန်နေတာပဲကွ”
“မှန်တာတော့ပြောမနေပါနဲ့၊ အခုဆိုရင် ရွာကလူတွေတောင်မက ပေတောရွာ၊ တန်းမြင့်ရွာက လူတွေပါမကျန်လာကြတာ၊ ဟိုတစ်နေ့ကဆိုရင် ဟိုးထောက်ရှာရိုးရွာက လူတွေပါ ဘုန်းကြီးကျောင်းမှာ ညအိပ်တည်းပြီးတော့ကို လာကြတာ”
“နေပါအုံး သူက အဘ အဘနဲ့ပြောနေတော့ သူ့အဘက ဘယ်သူလဲ ဘိုးမင်းခေါင်လား၊ ဘိုးဘိုးအောင်လား၊ ဒါမှမဟုတ် တခြားဘိုးတော်တွေလား”
“အဲဒါတော့မသိဘူးဗျ၊ သူကလည်းအဘပဲပြောတာ”
အကိုကြီးက တဲနောက်ကနေထွက်လာရင်း
“ဘာအဘလဲမသိပေမယ့် အရက်ကတော့ ရှယ်သောက်သဗျ၊ သောက်တဲ့အရက်တွေကလည်း အရင်ကလို အရက်ဖြူချက်အရက်တောင်မဟုတ်တော့ဘူး၊ ဘီအီးတို့၊ အာမီရမ်တို့အပြင် နိုင်ငံခြားကလာတယ်ဆိုတဲ့ အရက်ဝါဝါတွေ၊ လိမ္မော်ရောင်ပုလင်းတွေ စုံလို့ဗျ၊ ကာလသားတွေသွားရင် အရက်ကောင်းတွေစွန့်တယ်ဆိုလို့ ကာလသားတွေ သူ့အနားမှာ တရုံးရုံးနဲ့ဖြစ်နေပြန်ပါရော”
ဦးဘသာက မျက်မှောင်ကြုတ်လိုက်ပြီး
“ဟ မင်းတို့ဟာက ဟုတ်ကောဟုတ်ရဲ့လားကွ၊ သာသနာပြုနေတဲ့ဘိုးတော်တွေက အနည်းဆုံးတော့ ကံငါးပါးလုံအောင်ထိန်းတယ်မဟုတ်လား၊ မင်းတို့ပြောပုံအရဆို ဇော်ကြီးက အရက်တွေသောက်နေတယ်ဆိုတော့ ဟုတ်ရောဟုတ်ရဲ့လားလို့”
“ဦးဘသာက သံသယများနေတာပါ၊ ဒါပေမယ့် သူပြောတာတွေကလည်း မှန်တယ်လေဗျာ၊ ပြီးတော့ ဘုန်းကြီးကျောင်းဝင်းထဲမှာ ဘုရားပွဲတွေဘာတွေထိုးပြီးတော့ နေတာပဲ၊ အခုတောင်မှ ညောင်ပင်အောက်မှာ နတ်နန်းဆောက်မယ်ဆိုလား အလှူခံနေသေးတယ်”
“ဘိုးတော်နဲ့ နတ်နန်းနဲ့ဘာဆိုင်လို့လဲကွ၊ ငါ့အထင်တော့ တစ်ခုခုမသင်္ကာစရာကောင်းနေပြီဟေ့”
“ဦးဘသာထင်ချင်သလိုထင်ပါ၊ ကျုပ်တို့ညီအကိုတော့ညနေယာခင်းထဲကအပြန် နိုင်ငံခြားဖြစ် လိမ္မော်ရောင်အရည်ကလေး သောက်ရမလားဆိုပြီး သွားလိုက်အုံးမယ်ဗျာ”
အကိုကြီးနဲ့ကျုပ်နဲ့ရယ်မောလိုက်ကြတယ်။
ညနေယာခင်းထဲကအပြန် ရွာဦးကျောင်းထဲက ဘိုးတော်ဇော်ကြီးဘက်ကိုပတ်ဝင်ခဲ့ကြတယ်၊ ဘိုးတော်ဇော်ကြီးက ဒီရက်ပိုင်းအတွင်း တော်တော်ကိုပြောင်းလဲသွားတာဗျ၊ ကြွေတိုက်ပုံလို့ကျုပ်တို့ခေါ်ကြတဲ့ တိုက်ပုံအဖြူဖွေးဖွေးကြီးဝတ်ပြီး ယောဂီရောင်အဝတ်စတစ်ခုကို ပုခုံးမှာစလွယ်သိုင်းပတ်ထားတယ်၊ ခေါင်းမှာလည်း ယောဂီရောင်ခေါင်းပေါင်းကြီးနဲ့ ပုဆိုးအကောင်းစားကြီးဝတ်ပြီး ခြေထောက်တစ်ဖက်ချိတ်ပြီး ဘိုးတော်အောင်မင်းခေါင်ထိုင်တတ်သလိုမျိုး ထိုင်နေတယ်၊ ညနေပိုင်းဆိုတော့ လာပြီးမေးကြမြန်းကြတဲ့လူတွေ နည်းသွားပြီ၊ သူ့အနောက်မှာက ငှက်ပျောပွဲကြီးတွေတန်းစီနေတာပဲ၊ အဲဒီငှက်ပျောပွဲကြီးတွေမှာလည်း ပိုက်ဆံတွေကိုကန်တော့ထိုးပြီး ထောင်စိုက်ထားကြတာမြင်မကောင်းဘူး၊ ဒါတင်ပဲလားဆိုတော့ သူ့အရှေ့နားမှာချထားတဲ့ မြသပိတ်ထဲမှာလည်း အကြွေစေ့တွေကအပြည့်ပဲ၊ အကြွေစေ့တွေကြားထဲမှာ နားကပ်တွေ၊ လက်စွပ်တွေတောင်မှာ လှမ်းမြင်ရတယ်။
ကာလသားတွေကတော့ ဘိုးတော်ကြီးအနားမှာ ဝိုင်းနေကြပြီ၊ ဘိုးတော်အရှေ့မှာကျတော့ ပုလင်းတွေကိုစုံနေအောင်ထောင်ထားတယ်၊ ပန်းကန်တွေထဲမှာလည်း ကြက်ကြော်၊ အမဲကြော်၊ ငါးကြော်စုံလို့ပါပဲဗျာ၊ ဘိုးတော်က ငါးကြော်ကိုတစ်ဖဲ့ကိုက်လိုက်တယ် ပြီးတာနဲ့ အဲဒီငါးကို ကာလသားတစ်ယောက်ဆီကိုလှမ်းပစ်ပေးလိုက်ပါရော၊ အရက်ကိုလည်း သူကတစ်ငုံသောက် ကာလသားတွေကိုလည်း ခွက်ထဲကိုငှဲ့ထည့်ပေးနဲ့ အရက်ဝိုင်းတောင်ဖြစ်နေပြီ၊ ကျုပ်နဲ့အကိုကြီးလည်း စားရမလားဆိုပြီး ကာလသားတွေအနားမှာ သွားထိုင်တယ်။ အကိုကြီးက
“ဘိုးတော်ဇော်ကြီး၊ သားတော်ကြီးကိုလည်း ပစ်မထားပါနဲ့၊ နည်းနည်းပါးပါး မစပါအုံးခင်ဗျာ”
ဘိုးတော်ဇော်ကြီးက ခေါင်းကိုဆတ်ခနဲညိတ်ပြီးတော့ ဖန်ခွက်တစ်လုံးထဲ အရက်တွေငှဲ့ထည့်ပေးပြီးတော့ အကိုကြီးကိုလှမ်းပေးတယ်၊ အကိုကြီးက အရက်ခွက်ကိုဂွပ်ခနဲသောက်ချလိုက်ပြီးတော့
“ကောင်းလိုက်တာဗျာ၊ နိုင်ငံခြားဖြစ်အရက်ဆိုတာ ချိုချိုကလေးနော်ဗျ”
“အကိုကြီး ကျုပ်လည်းတိုက်အုံးလေဗျာ”
“ဟ မင်းသောက်ချင်ရင် တောင်းသောက်ပေါ့ကွ”
ကျုပ်လည်း ဘိုးတော်ဇော်ကြီးကိုတောင်းသောက်ရတော့တယ်၊ ဘိုးတော်ဇော်ကြီးက သူများတွေကိုလှည့်ပတ်ပေးနေတာနဲ့ ကျုပ်အလှည့်ကိုမရောက်တော့ဘူး၊ နောက်ဆုံးမှ ကျုပ်ဆီကိုခွက်တစ်ခွက်လှမ်းပေးလိုက်တော့တယ်။ ကျုပ်သောက်မယ်လုပ်တုန်းမှာပဲ ရွာဦးကျောင်းဆရာတော်က ကြိမ်လုံးကြီးဆွဲပြီး ကျောင်းပေါ်ကနေဆင်းလာတယ်။
“ဟိတ်ကောင်တွေ၊ မင်းတို့လွန်နေပြီနော်၊ ဘိုးတော်ကနည်းနည်း မင်းတို့ကများများဖြစ်နေပြီ၊ အရက်သမားတွေ ငါ့ကျောင်းထဲမလာကြနဲ့ သွားကြစမ်း”
ဘကြီးဘုန်းကြီးပြေးလာတော့ အားလုံးကလည်း ကြောက်ကြောက်လန့်လန့်နဲ့ထပြေးတော့တာပေါ့၊ ကျုပ်ထပြေးမယ်အလုပ်မှာ ဖြစ်ချင်တော့ ပုဆိုးက ကွပ်ပျစ်ကကြမ်းအစွန်းနှစ်ခုကြားမှာ ငြိနေပါရော၊ သေသေချာချာဝင်အောင်ထည့်ရင်တောင်မှ ဒီလိုငြိချင်မှ ငြိမှာဗျ၊ ထပြေးမရတော့တဲ့အဆုံး နိုင်ငံခြားဖြစ်အရက်ဆိုတာကို ပါးစပ်ထဲထည့်ပြီး အတင်းငုံလိုက်ရတယ်၊ ဘကြီးဘုန်းကြီးရဲ့ ကြိမ်လုံးကလည်း မပြေးဘဲ ကန့်လန့်ကြီးကျန်နေတဲ့ ကျုပ်ရဲ့ဇက်ပိုးကို ရွမ်းခနဲကျပြီးတော့ ကျုပ်ဖြင့်နာလို့အော်ထည့်လိုက်တာ ပါးစပ်ထဲငုံထားတဲ့အရက်တွေအကုန် မြေပေါ်ကျကုန်လို့ ငတ်ပါလေရော။
အိမ်ပြန်လာတော့ ဦးဘသာက အိမ်ရောက်နေတယ်၊ အဖေနဲ့စကားပြောနေတဲ့ပုံပဲ၊ ကျုပ် ဇက်ပိုးကိုလက်နဲ့ပွတ်ပြီး ဝင်လာတာမြင်တော့ ဦးဘသာက
“ဘယ်လိုလဲကွ၊ ဘိုးတော်ဇော်ကြီးက မင်းတို့ကို နိုင်ငံခြားဖြစ် လိမ္မော်ရောင်လေးတွေ တိုက်လိုက်သေးလား”
“အဲဒီနိုင်ငံခြားဖြစ်က ဘာအရသာမှန်းကို မသိလိုက်ရပါဘူးဗျာ၊ ဘကြီးဘုန်းကြီးက သူ့ကျောင်းထဲ အရက်ဝိုင်းထောင်တယ်ဆိုပြီးတော့ ကြိမ်နဲ့ရိုက်ထည့်လိုက်လို့ ဇက်ပိုးတောင် တော်တော်နာသွားသဗျ”
“ဟား၊ ဟား ဖြစ်ရမယ်အလတ်ကောင်၊ မင်းကတော့ ဖြစ်ရမယ်”
အဖေက ဦးဘသာကိုကြည့်ရင်း
“ဒါနဲ့ ခုနကအကြောင်းဆက်ပြောပါအုံးအလတ်ကောင်”
“ကျုပ်က မနာလိုလို့သွေးထိုးတာမဟုတ်ပါဘူးသူကြီး၊ သူကြီးက ဘာပဲပြောပြော ရွာရဲ့ခေါင်းဆောင်ဆိုတော့ သတိထားရအောင် ပြောတာပါ”
အဖေတို့ဘာတွေပြောနေသလဲဆိုတာ ကျုပ်စိတ်ဝင်စားသွားလို့ ဦးဘသာဘေးနားမှာဝင်ထိုင်လိုက်တယ်။
“နေပါအုံး ဦးဘသာက ဘာတွေသတိထားခိုင်းနေတာလဲဗျ”
“မင်းတို့ ဘိုးတော်ဇော်ကြီးကိစ္စပေါ့ကွာ၊ ငါသိသလောက်တော့ ဘိုးတော်တွေထဲမှာ အရက်သောက်တဲ့ဘိုးတော်ဆိုတာမရှိဘူးကွ၊ အရက်သမားကနေ ဘိုးတော်ဖြစ်သွားတယ်ဆိုတာ ကြားဖူးပေမယ့် ဘိုးတော်ဓါတ်ကိန်းရင် မကောင်းတဲ့အလုပ်တွေ စွန့်သွားတယ်တဲ့ကွ၊ အခု မင်းတို့ဇော်ကြီးက အရက်သောက်မပြတ်ဘူးဆိုတော့ သူ့ကိုဓါတ်ကိန်းနေတာ ဘိုးတော်မှဟုတ်ရဲ့လားလို့ စဉ်းစားစရာပဲ”
“ဒါပေမယ့် သူက လေပေါ်ပျံပြတယ်လေဗျာ၊ ပြီးတော့ သူပြောတာဟောတာတွေလည်း မှန်နေတယ်မဟုတ်လား”
“ထိုင်နေရာကနေ ဖင်ကြွပြတာလောက်ကတော့ ကမ္မဇိဒ္ဓိအစွမ်းရှိတဲ့ပရလောကသားတွေလည်း လုပ်လို့ရပါတယ်ကွာ၊ အကြားအမြင်ဆိုတာကလည်း ရှေ့ဖြစ်ဟောနိုင်တဲ့အစွမ်းနည်းနည်းရှိရင် ရပါတယ်”
အဖေက သေသေချာချာလေးလေးနက်နက်တွေးရင်း
“ဒါဆို ဦးဘသာက ဘယ်လိုထင်သလဲ”
“အထက်ဘိုးတော်အစစ်တော့မဟုတ်လောက်ဘူးထင်တာပဲသူကြီး၊ အောက်လမ်းမှာလည်း ဝိဇ္ဇာတွေဘာတွေရှိတတ်တာဆိုတော့ အောက်ဝိဇ္ဇာတွေက ဘိုးတော်အဖြစ်ပူးကပ်ပြီးတော့များ လုပ်စားနေတာများလားလို့ပါ၊ တကယ်လို့သာ အဲဒီအတိုင်းဖြစ်ခဲ့တယ်ဆိုရင်တော့ ရွာအတွက်မကောင်းတာတွေဖြစ်လာနိုင်တယ် သူကြီး”
အဖေက ခေါင်းညိတ်ပြီး
“ကောင်းပါပြီ၊ ဦးဘသာပြောတာတွေကို ကျုပ်မှတ်ထားပါ့မယ်၊ ဒီကိစ္စကိုလည်း ထပ်ပြီးစုံစမ်းပါ့မယ်”
“သြော် အဖေ ဒါနဲ့ ဘိုးတော်ဇော်ကြီးက အခု ညောင်ပင်အောက်မှာ အဘနန်းဆောက်မယ်ဆိုပြီး အလှူတွေခံနေတာ တော်တော်တောင်ရနေပြီဗျ၊ နက်ဖြန်သန်ဘက်ခါလောက်ဆို စပြီးဆောက်တော့မလားပဲ”
ကျုပ်တို့စကားဝိုင်းကလေးကို ဒီနေရာမှာပဲ အဆုံးသတ်လိုက်ကြတယ်။
(၃)
သိပ်မကြာပါဘူး နတ်နန်းစဆောက်ကြတယ်၊ ကျုပ်တို့ရွာသားတွေကတော့လုပ်အားထည့်ပြီးလှူရတာပေါ့၊ အုတ်ခဲဆိုတာ ရွာမှာမရှိတော့ ဟိုးမြိုင်သာတက်မှာရတယ်၊ ပြီးတော့မှ လှည်းတွေနဲ့တိုက်ပြီးသယ်ရတာ၊ ပန်းရံဆရာတောင်မှ မြိုင်သာက ပန်းရံဆရာကြီးတွေကိုရှာပြီးငှားထားရတာ၊ ဒီလိုနဲ့နတ်နန်းကြီးပြီးခါနီးလောက်ရောက်တော့ ဘိုးတော်ဇော်ကြီးက မျက်နှာသိပ်မကောင်းဘူးဖြစ်နေတယ်၊ ညနေဘက် လုပ်ငန်းသိမ်းပြီးတော့ ပြန်မယ်လုပ်တော့ ဘိုးတော်ဇော်ကြီးက ကျုပ်ကိုစကားစပြောတယ်။
“အလတ်ကောင်၊ နတ်နန်းပြီးရင် ငါထွက်ရတော့မယ်ကွ”
“ဗျာ၊ ဘာထွက်မှာလဲဟင်”
“ထွက်ရပ်ပေါက်မှာကိုပြောတာကွ”
“ထွက်ရပ်ပေါက်မှာဆိုတော့ ဘိုးတော်ဖြစ်ပြီပေါ့နော်၊ ဒါနဲ့ ကျုပ်ကြားဖူးတာ အသေထွက်၊ အရှင်ထွက်ဆိုပြီး နှစ်မျိုးရှိတာ ဘိုးတော်ဇော်ကြီးက ဘယ်လိုထွက်မှာလဲ”
“ငါက အသေထွက်မှဖြစ်မှာကွ”
ကျုပ်ကတော့ သိပ်ပြီးအလေးအနက်မထားပါဘူးဗျာ၊ ဒါနဲ့အိမ်ကိုပြန်လာခဲ့တာပါပဲ၊ ဦးဘသာအိမ်ရှေ့ကဖြတ်သွားတော့ ဦးဘသာက လှမ်းမေးတယ်။
“အလတ်ကောင် မင်းတို့နန်းဆောက်တာအခြေအနေဘယ်လိုလဲကွ”
“မနက်ဖြန်ဆိုပြီးတော့မှာဗျ၊ သြော် ဒါနဲ့ ဘိုးတော်ဇော်ကြီးကပြောတယ်၊ နတ်နန်းပြီးရင်သူထွက်ရတော့မယ်တဲ့”
“ဟေ၊ ဘာကိုထွက်မှာလဲ”
“အသေထွက်ထွက်မှာလို့တော့ပြောတာပါပဲ၊ ဟုတ်မဟုတ်တော့ ကျုပ်လည်းမသိဘူး”
“ဟာ၊ အဲဒါအရေးကြီးပြီအလတ်ကောင်ရေ၊ အသေထွက်ဆိုတာ သေရမှာကွ၊ ငါ့အထင်တော့ ဇော်ကြီးတစ်ခုခုဖြစ်တော့မယ်ထင်တယ်”
“ဒါဆိုဘယ်လိုလုပ်ကြမလဲဦးဘသာ”
“ပြောနေကြာပါတယ်ကွာ၊ တို့တွေ ဇော်ကြီးဆီသွားကြရအောင် မြန်မြန်လာဟေ့”
ကျုပ်နဲ့ဦးဘသာနဲ့ ရွာဦးကျောင်းကိုပြေးထွက်လာခဲ့ကြတယ်၊ ရွာဦးကျောင်းအနောက်ဘက်ကနေ ပတ်ပြီးလာခဲ့တော့ ဆောက်လက်စနတ်နန်းကြီးဘေးနားမှာ ဆီမီးတိုင်ကလေးသုံးလေးတိုင်ထွန်းထားတာကိုတွေ့ရတယ်ဗျ၊ ဟိုတစ်နေ့က ဆရာတော်က အရက်လာသောက်တဲ့လူတွေကိုရိုက်ထားတာဆိုတော့ ဒီနေ့ကျတော့ ညောင်ပင်ကြီးအောက်ဘက်မှာ လူရှင်းနေတယ်။ ဒါနဲ့ကျုပ်လည်း ညောင်ပင်ကိုပတ်ကြည့်လိုက်တော့ ညောင်ကိုင်းတစ်ကိုင်းမှာ ကြိုးနဲ့တွဲလောင်းဖြစ်နေတဲ့ ကိုဇော်ကြီးကိုတွေ့လိုက်ရပါရောဗျာ၊
“ဟာ အလတ်ကောင်၊ မြန်မြန်လုပ်ဟ”
ကိုဇော်ကြီးက ခြေထောက်တွေတောင် ဘယ်ညာလှုပ်ပြီးတော့ တဆတ်ဆတ်နဲ့တုန်နေပြီဗျ၊ ကျုပ်လည်း ကိုဇော်ကြီးဆီကိုပြေးသွားပြီးတော့ သူ့ခြေထောက်နှစ်ချောင်းကိုဖက်လိုက်ပြီး အောက်ကနေ မတင်ပေးထားလိုက်တယ်။
“ကိုဇော်ကြီး ဒီလိုမလုပ်ပါနဲ့၊ ဒီလိုမလုပ်ပါနဲ့ဗျာ”
ကိုဇော်ကြီးက သူ့ခြေထောက်ကိုရုန်းထည့်လိုက်တာ လက်နှစ်ဖက်နဲ့ဖမ်းထားတဲ့ကျုပ်တောင်မှာ လွတ်ထွက်သွားတယ်၊ ပြီးတော့ ကျုပ်ကိုခြေထောက်နဲ့ခတ်ထုတ်လိုက်တာ ကျုပ်ဖြင့်အနောက်ကိုပက်လက်လန်ပြီးတော့ လဲကျသွားပါရော၊ ဦးဘသာက ကြိုးကိုလက်ညှိုးနဲ့ထိုးလိုက်တော့မှ ကြိုးထိပ်နားမှာလက်ခနဲဖြစ်သွားပြီး ကြိုးပြတ်ကျသွားတယ်၊ တွဲလောင်းကြီးဖြစ်နေတဲ့ကိုဇော်ကြီးက မြေပေါ်ကိုလွှားခနဲကျလာပြီး ကျွမ်းသုံးလေးပတ်တောင်ဖမ်းထိုးလိုက်သေးတယ်။ ပြီးတော့ မြေပေါ်မှာလေးဖက်ထောက်ပြီး ဦးဘသာကိုစိုက်ကြည်တယ်။
“ဟေ့ကောင် မင်းဘာလာရှုပ်တာလဲ”
အသံက ကိုဇော်ကြီးအသံမဟုတ်ဘဲ ကွဲရှရှကြီးဖြစ်နေတယ်။ ဦးဘသာက တစ်ချက်ကြည့်ရင်း
“အော်၊ မင်းက ဇော်ကြီးမဟုတ်ဘူးကို၊ ပြောစမ်း မင်းဘာကောင်လဲ”
ကိုဇော်ကြီးက ဘာမှမပြောဘဲနဲ့ ဦးဘသာဆီကိုပြေးဝင်လာတယ်၊ ပြေးတယ်ဆိုပေမယ့် လူလိုပြေးတာမဟုတ်ဘူးဗျာ၊ မျောက်ဝံကြီးတစ်ကောင်လို လေးဘက်ထောက်ပြီးပြေးတာဗျ၊ ပြီးတာနဲ့ မြေပေါ်ကိုလက်ထောက်ပြီး ဦးဘသာရင်ဘတ်ကို ခြေစုံပစ်ကန်ထည့်လိုက်တယ်။
“ဦးဘသာ သတိထားနော်”
ကျုပ်လွှတ်ခနဲလှမ်းအော်လိုက်မိတယ်၊ သူ့ခြေအစုံက ဦးဘသာရင်ဘတ်ကိုထိပေမယ့် ဦးဘသာက တစ်ချက်တောင်မယိုင်သွားဘဲ ရပ်မြဲအတိုင်းရပ်နေတယ်၊ ကိုဇော်ကြီးက ချက်ချင်းကျွမ်းထိုးထွက်လိုက်ပြီးတော့ လက်သီးဆုပ်ပြီး ဦးဘသာမျက်နှာကို အားကုန်ထိုးချထည့်လိုက်ပြန်ပါရော၊ ဦးဘသာက သူ့မျက်နှာအရှေ့တည့်တည့်ကို တိုးဝင်လာတဲ့လက်သီးကို လက်ဝါးတစ်ဖက်နဲ့ကာထည့်လိုက်တယ်၊ လက်သီးနဲ့လက်ဝါးနဲ့ထိတဲ့အသံက ဖြန်းခနဲအကျယ်ကြီးထွက်လာတယ်၊ ဦးဘသာကသူ့ကိုထိုးတဲ့လက်သီးကို လက်ချောင်းတွေနဲ့ဆုပ်ကိုင်ပြီးတော့ ကိုဇော်ကြီးရဲ့နဖူးကို နောက်လက်ဝါးလက်ဖက်နဲ့ ခပ်ဆတ်ဆတ်ရိုက်ချလိုက်တယ်ဆိုရင်ပဲ ကိုဇော်ကြီးကိုယ်ထဲကနေ ဖြူဖြူအကောင်ကြီးတစ်ကောင်က အနောက်ကိုလွင့်ထွက်သွားပြီး မြေပေါ်မှာ လေးငါးပတ်လောက်ကျွမ်းထိုးကျသွားတယ်၊ ကိုဇော်ကြီးလည်း မြော့ပြီးတစ်ခါတည်း မြေပေါ်ကိုလဲကျသွားပါရောဗျာ။
ဒီကောင်ကြီးက မျောက်လို၊ လူဝံလိုအကောင်ကြီးဗျ၊ တစ်ကိုယ်လုံးအဖြူရောင်ဆိုပေမယ့် အမွှေးကြမ်းကြီးတွေက ဖုံးလွမ်းထားတယ်၊ နားရွက်က လူနားရွက်နဲ့မတူဘဲ ဆင်ကြီးတစ်ကောင်ရဲ့နားရွက်တွေကို တွဲလောင်းကျနေတယ်၊ ဆင်နားရွက်လောက်တော့ သိပ်မကြီးဘူးပေါ့ဗျာ၊ ထူးခြားတာကတော့ သူ့နှာခေါင်းက ဘူးသီးကြီးလို ရှည်ရှည်ကြီးနဲ့လုံးလုံးကြီးဗျို့။
ကျုပ်လည်း ငါ့ကိုလုပ်တဲ့ကောင်ဆိုပြီးတော့ ဒေါသထွက်ထွက်နဲ့ပြေးလုံးတော့တာပဲဗျာ၊ ဒီကောင်ကြီးကို လက်သီးနဲ့ပိတ်ပိတ်ထိုးလိုက်တာ၊ သူ့အသားက အမွေးတွေနဲ့ကြမ်းကြမ်းကြီးဗျ၊ ဘယ်လိုပြောရမလဲဆိုရင် တံမြက်စည်းပင်နဲ့လုပ်ထားတဲ့ တံမြက်စည်းနဲ့ ပွတ်သပ်ရသလိုပါပဲ၊ ကျုပ်လက်သီးနဲ့ပိတ်ထိုးလိုက်တော့ ကျုပ်လက်သီးက သူ့အသားကိုထိသွားပြီး လက်သီးပါပြန်နှုတ်မရဘဲ ကပ်သွားတယ်၊ ကောက်ညှင်းတွေဘာတွေကိုလက်သီးနဲ့ထိုးရသလိုမျိုး စေးစေးကပ်ကပ်ကြီးနဲ့ ပျော့ပျော့ကြီးဗျ၊ ဘယ်ဖက်လက်သီးကပ်သွားတော့ ညာဖက်လက်သီးနဲ့ထပ်ထိုးထည့်တာ ညာဘက်လက်သီးပါ ကပ်သွားတယ်၊
ဒီကောင်ကြီးက ကျွမ်းထိုးပြေးတော့ သူ့ကိုယ်နဲ့ကပ်နေတဲ့ကျုပ်လည်း အနောက်ကနေ တွဲလောင်းကြီးပါသွားရတယ်၊ ကျွမ်းသုံးလေးပတ်လောက်ထိုးပြီးတော့ သူ့ရင်ဘတ်မှာ ကျုပ်ကတွဲလောင်းကြီးကပ်နေပြီ။
“ဦးဘသာ လုပ်ပါအုံး ကျုပ်ကိုကယ်ပါအုံး”
ဒီကောင်ကြီးက ကျုပ်ကိုအရေးမစိုက်ဘဲ ဦးဘသာကိုပဲ ပြေးပြေးပြီးထိုးတာပဲ၊ ဦးဘသာက သူ့ကိုပြန်ပြန်ရိုက်တော့ ခံလိုက်ရတာပြောမနေပါနဲ့၊ နောက်တော့ ဒေါသထွက်ထွက်နဲ့ပါးစပ်ကအစွယ်တွေဖြဲပြီး ခွေးတွေလိုမာန်ဖီတော့ သူ့ပါးစပ်ထဲက သွားရည်တွေက ကျုပ်ခေါင်းပေါ်ကိုကျတာ ပျစ်ချွဲချွဲနဲ့ နံလိုက်တာလည်းပြောမနေပါနဲ့တော့။
“ဦးဘသာရေ လုပ်ပါအုံးဗျ”
“အလတ်ကောင်ရ ဘုန်းကြီးကျောင်းဝင်းထဲဆိုတော့ငါလည်းသိပ်ပြီးမလုပ်ရဲဘူးဟ”
“ပညာတစ်ခုခုသုံးလေဗျာ”
“ဒီလောက်တောင် ရှိလှတာ လာလေရော့ကွာ”
ဦးဘသာက ပြောပြောဆိုဆိုနဲ့ သူဝတ်ထားတဲ့ပုဆိုးကို ကွင်းလုံးချွတ်ချပြီးတော့ ကျုပ်တို့ဆီကိုလှမ်းပစ်ထည့်လိုက်တော့တာပါပဲ၊ ပုဆိုးက လေပေါ်မှာအကွင်းလိုက်ကြီးပျံပြီးတော့ ဒီကောင်ကြီးခေါင်းမှာသွားစွပ်တယ်၊ ဦးဘသာ ပုဆိုးက အရှည်ကြီးဖြစ်သွားသလို ခံစားရပြီး ဒီကောင်ကြီးရဲ့တစ်ကိုယ်လုံးကို ပုဆိုးနဲ့ကြပ်နေအောင်ပတ်ပါရော၊ ဒီကောင်ကြီးနဲ့ကျုပ်နဲ့က ရင်ဘတ်ချင်းကပ်နေတာဆိုတော့ ဦးဘသာချုပ်တာကို ကျုပ်ပါခံရတယ်၊ ဦးဘသာပုဆိုးက ကျုပ်နဲ့ဟိုကောင်ကြီးနဲ့ကို ပိုးတုံးလုံးပတ်သလို ပုဆိုးနဲ့တင်းနေအောင်ပတ်ပြီးတဲ့အခါ ကျုပ်တို့မှာခေါင်းလေးတွေပဲ ပေါ်နေကြတော့တယ်။
“ဟေ့ကောင်ပြောစမ်း မင်းဘာကောင်လဲ”
အကောင်ကြီးက ဒါတောင်မပြောချင်ပြောချင်နဲ့
“ငါက ဟောဒီညောင်ပင်မှာနေတဲ့ တစ္ဆေဖြူကြီးပဲ၊ မင်းတို့ရွာမတည်ရသေးခင်ကတည်းက ငါကဒီမှာရှိနေခဲ့တာကွ”
ဟုတ်တော့ဟုတ်တယ်၊ ဘုန်းကြီးကျောင်းဝင်းအနောက်ဘက်က ညောင်ပင်ကြီးက ရွာမတည်ရသေးခင်ကတည်းက ရှိနေတာလို့ လူကြီးတွေပြောတာကြားဖူးတယ်။
“ဒါနဲ့ မင်းကဘာလို့ ဇော်ကြီးကို နှောင့်ယှက်ရတာလဲ”
“ဇော်ကြီးက သေတာကြာပြီ၊ ဟိုတလောကတည်းက အရက်မူးပြီး ငါ့သစ်ပင်အောက်မှာ အပေါ့စွန့်ပြီး လာအိပ်ကတည်းက ငါကဒင်းကို ဂုတ်ချိုးသတ်ပစ်လိုက်တာ”
“လတ်စသတ်တော့ အဲဒီကတည်းက ဇော်ကြီးကသေပြီကိုး”
“ဟုတ်တယ်၊ သူ့ကိုသတ်ပြီးတော့ ငါအကြံတစ်ခုရတယ်၊ ငါဒီမှာနေရင်း အမြဲစားစရာသောက်စရာတွေရအောင် လုပ်ဖို့အကြံပေါ့၊ ဒါနဲ့ ဇော်ကြီးကိုယ်ထဲကိုဝင်ပြီးတော့ ဟန်ဆောင်နေတာပဲ”
ဦးဘသာက ခေါင်းတဆတ်ဆတ်ညိတ်ရင်း
“မင်းက ဘိုးတော်လိုလိုအစွမ်းတွေပြ၊ ပြီးတော့ နတ်ကွန်းဆောက်တာကိုးကွ၊ လူတွေက နတ်ကွန်းဆောက်ပြီးရင် ဘိုးတော်စင်လား နတ်စင်လားမသိဘဲ ဆီမီးပူဇော်မယ်၊ ရေချမ်းတွေဘာတွေတင်မယ်၊ ရံဖန်ရံခါ ပူဇော်ပသတာတွေလုပ်မယ်၊ ဒီအခါ မင်းက အရံသင့် စားမယ်သောက်မယ်ပေါ့ ဟုတ်လား”
“ဟုတ်တယ် အမှန်ပဲ”
ကျုပ်လည်းသိချင်သွားတာနဲ့
“ဒါနဲ့ ကိုဇော်ကြီးက ဒီအပင်အောက်ကနေ မခွာဘူးဆိုတာကရော”
“ငါ့အစွမ်းတွေက ဒီအပင်အရိပ်အောက်ပဲ စွမ်းတာဆိုတော့ အပင်အောက်မှာပဲ နေရတာပေါ့”
“ဒါဖြင့် အရက်သောက်တာကရောဗျာ”
“ဒါကတော့ တစ်ချိန်က ငါကအရက်သမား ယစ်ထုပ်ကြီးလေ၊ အခု ကြုံတုန်း ဒီဘက်ခေတ်အရက်တွေရဲ့ အရသာကိုမြည်းချင်လို့ သောက်တာပဲကွ ဟား ဟား”
“အောင်မာ သရဲတောင်မှ အရက်သမားသရဲနဲ့လာတွေ့နေရတယ်”
ဦးဘသာက ညောင်ပင်တစ္ဆေကြီးကိုလက်ညှိုးထိုးပြီး
“ကဲ ရယ်မနေနဲ့၊ ပြီးခဲ့တာတွေပြီးပြီ၊ မင်းအခုချက်ချင်း အလတ်ကောင်ကိုပြန်လွှတ်ပြီး မင်းကြံစည်နေတာတွေကို ရပ်တန်းကနေရပ်လိုက်ပါ၊ မဟုတ်ရင် မင်းနေတဲ့အပင်ကြီးကို ငါရှင်းပစ်လိုက်ရလိမ့်မယ်ကွ”
“ဟား ဟား မင်းစွမ်းတယ်ထင်ရင် လုပ်လိုက်လေစုန်းကောင်ရဲ့၊ ငါက ဒီအပင်အောက်ရောက်လာသမျှကို ဖမ်းစားနိုင်တဲ့အခွင့်ရထားတဲ့လူကွ”
ဦးဘသာက တော်တော်ဒေါသထွက်သွားတဲ့ပုံပါပဲ၊ ဒါနဲ့ ညောင်ပင်ကြီးအနားကိုကပ်သွားပြီးတော့ ညောင်ပင်ရဲ့ပင်စည်ကိုလက်ညှိုးနဲ့ထောက်ပြီးအသာကလေးတွန်းလိုက်တော့ ညောင်ပင်ကြီးက တစ်ချက်သိမ့်ခနဲဖြစ်သွားတယ်၊ လက်ညှိုးနဲ့ဆက်တိုက်ဆက်တိုက်ထိုးတော့ ညောင်ပင်ကြီးဟာ ရှေ့တိုးနောက်ငင်နဲ့ယိမ်းထိုးပြီးတော့ကိုနေတယ်ဗျာ၊ ယိမ်းထိုးနေရင်းနဲ့ ညောင်ကိုင်းတွေကြားထဲကနေ ဖြူဖြူအကောင်လေးတွေ တွဲလောင်းကျလာတယ်၊ မသိရင်မျောက်ကလေးတွေလိုပဲ၊ ဒီအကောင်လေးတွေက အသံစုူးစူူးကလေးတွေနဲ့ အော်တယ်ဗျ၊ မသိရင် ကလေးငိုသလိုပဲ၊ ဒီတော့မှ ဟိုကောင်ကြီးလည်း ဦးကျိုးသွားတယ်။
“မလုပ်ပါနဲ့တော့ဆရာကြီးရယ်၊ ကျုပ်တောင်းပန်ပါတယ်၊ ကျုပ်သားသမီးတွေထိခိုက်ကုန်ပါအုံးမယ်”
“မင်းသွေးသားထိတော့ နာတတ်လိုက်တာအရမ်းပဲ၊ ကိုင်း ဒါဆိုရင်လည်း မင်းသစ္စာဆိုရလိမ့်မယ်။ နောက်တစ်ခါ တို့ရွာသားတွေကို မင်းဒီလိုဖမ်းစားတာမျိုးလုပ်ရင် မင်းနေတဲ့ညောင်ပင်ကြီး အမြစ်ကနေကျွတ်ပြီးလဲရပါစေဆိုပြီး သစ္စာဆိုစမ်း”
ဦးဘသာပြောတော့ ဒီကောင်ကြီးက သစ္စာဆိုတယ်၊ ဦးဘသာ ပုဆိုးဖြေပေးလိုက်တော့ သစ်ပင်ပေါ်ကိုလွှားခနဲခုန်တက်ပြီးတော့ ပျောက်ကွယ်သွားပါရော၊ ဦးဘသာက သူ့ပုဆိုးလေးပြန်ကောက်ပြီးတော့ ဝတ်နေရှာတယ်၊ ဦးဘသာက အမြဲတမ်းအောက်က စစ်ဘောင်းဘီတိုလေး အမြဲဝတ်တတ်တာမို့လို့ မိမွေးတိုင်းဖမွေးတိုင်းတော့မဖြစ်ဘူးပေါ့ဗျာ၊
“ဦးဘသာ ဘာဆက်လုပ်ကြမလဲ”
“ဘာမှလုပ်မနေနဲ့တော့၊ လူတွေမသိခင်ငါတို့ဒီကနေ အမြန်လစ်ကြစို့ဟေ့”
“ဟာ ဒီအတိုင်းသွားလို့ကောင်းပါ့မလား”
“ဒါဆိုလည်းမင်းနေခဲ့လေကွာ၊ ငါကတော့ပြန်မယ်၊ ဇော်ကြီးအလောင်းကို လူတွေတွေ့ရင် မင်းပဲလူတွေယုံအောင် တစ်ခုခုရှင်းပြလိုက်ပေါ့ ဟုတ်ပြီလား”
“ဟာ၊ ဒါတော့ဘယ်ဖြစ်မလဲ လူတွေကိုကျုပ်ကဘယ်လိုရှင်းပြရမလဲ၊ ကိုဇော်ကြီးသေတာကိုတောင် ကျုပ်ပယောဂမကင်းဘူးဆိုပြီး ပြောနေကြအုံးမယ်”
ဦးဘသာနဲ့ကျုပ်နဲ့ အဲဒီအနားကနေ ခပ်မြန်မြန်လစ်ခဲ့ကြတယ်၊ အဲဒီတုန်းက ရွာဦးကျောင်းက အုတ်တံတိုင်းအပြည့်မကာရသေးဘူးဆိုတော့ ကျောင်းနောက်ဘက်ကနေတိုးပြီး ကွင်းထဲကနေပတ်လို့ပြန်ခဲ့ကြတာပေါ့ဗျာ၊ ဒီအကြောင်းတွေကို ကျုပ်ဘယ်သူ့ကိုမှ မပြောပြပါဘူး၊
နောက်ရက်ကျတော့မှ လူတွေက ကိုဇော်ကြီးအလောင်းကိုတွေ့တယ်၊ အလောင်းကိုတွေ့တော့ ပုပ်ပွပြီးတောင်နေတယ်ဆိုပဲ၊ အခုထိရွာမှာကိုဇော်ကြီးသေသွားတဲ့အကြောင်းက ပဟေဠိဖြစ်နေဆဲပဲဗျ၊ ကျုပ်နဲ့ဦးဘသာပဲ ဘာကြောင့်ဆိုတာ သိကြတာပေါ့၊ ကိုဇော်ကြီးသေသွားတော့ နတ်ကွန်းအကောင်အထည်ဖော်တာလည်း တစ်ဝက်တစ်ပျက်ဖြစ်သွားတယ်။
ပိုထူးဆန်းတာကတော့ နောက်သုံးနှစ်လောက်ကြာတဲ့အခါ နွေခေါင်ခေါင်ကြီး လေတွေဘာတွေမတိုက်ဘဲနဲ့ ဘုန်းကြီးကျောင်းအနောက်ဘက်က ညောင်ပင်ကြီးက သူ့အလိုလို အမြစ်ကနေလန်ပြီး ဝုန်းခနဲလဲသွားပါရောဗျာ၊ ဆောက်လက်စနတ်ကွန်းကြီးဘက်ကိုပိလို့ နတ်ကွန်းတောင်အစိတ်စိတ်အမွှာမွှာဖြစ်သွားတယ်၊ ကျောင်းက ကိုရင်တွေပြောတာတော့ သစ်ပင်ကြီးမလဲခင်တစ်ညမှာ သစ်ပင်အနားကနေ ကလေးငိုသံတွေ၊ လူကြီးငိုသံတွေလို ကြားရတယ်ဆိုပဲ၊ သွားကြည့်တော့လည်း ဘယ်သူမှမရှိဘူးတဲ့ဗျ။
ကျုပ်ထင်တာကတော့ ဒီအပင်မှာနေတဲ့ ညောင်ပင်တစ္ဆေကြီးက ကျွတ်လွတ်သွားတာများလား၊ ဒါမှမဟုတ် ရွာကလူတစ်ယောက်ယောက်ကို သွားပြီးပြုစားမိလို့ သူပြုထားတဲ့ သစ္စာအတိုင်း သစ်ပင်ကြီးအမြစ်ကနေကျွတ်ထွက်သွားတာလို့ပဲ ကျုပ်ကထင်ပါတယ်။
ရွာကလူတွေကတော့ ဘိုးတော်ဇော်ကြီးကို ရည်မှန်းပြီး လဲကျသွားတဲ့သစ်ပင်ကြီးနေရာမှာ စေတီကလေးတစ်ဆူတည်ထားပေးတယ်၊ သူ့အဖေ ဦးညီဇော်က မတည်ပြီးလှူဒါန်းတယ်ပေါ့ဗျာ၊ အစက နဂါးရုံဘုရားတည်မလို့လုပ်ပေမယ့် နောက်တော့ဘာဖြစ်မှန်းမသိဘဲ အောက်ကနဂါးပလ္လင်ခံပြီး အပေါ်က စေတီပုံစံဖြစ်သွားတယ်၊ ရွာကလူတွေက ဓါတ်ဘုရားလို့ ခေါ်ကြတယ်၊
ကျုပ်တို့ရွာကို ခင်ဗျားတို့လာလည်မယ်ဆိုရင်တော့ ကျုပ်ကိုယ်တိုင် ဘိုးတော်ဇော်ကြီးတည်ခဲ့တဲ့ ဓါတ်ဘုရားနေရာကို လိုက်ပြမယ်၊ ဘိုးတော်ဇော်ကြီး မှောက်လျှက်ကြီးသေခဲ့တဲ့နေရာမှာပဲ အဲဒီစေတီကလေး တည်ထားခဲ့တာကို အခုထိမြင်နိုင်ပါသေးတယ်။
ပြီးပါပြီ။
အဂ္ဂဇော်
Leave a Reply