သမန်းမိချောင်း

သွားကြည့်ချင်တယ်ဆိုလို့ ပွဲရက်မတိုင်ခင်ထဲက လာကြတာဟေ့ ”
” အံမယ် သား သိန်းခေါင်တောင် တော်တော်ကြီးနေပြီပဲ အမေတူသားမလို့ထင်တယ် လူချောလေး ဦးကိုမှတ်မိလား ”
” အဖိုး လုပ်ဦး မှတ်မိလားတဲ့ မှတ်မိတာတွေပြောလိုက်ရင် သူ့အတိတ်ခုနှစ်ဘဝအကြောင်းတွေပါ ပါလိမ့်မယ်… ”
ခါးကိုတံတောင်နဲ့တွတ်ပြီးခပ်တိုးတိုးပြောလိုက်တဲ့သိန်းခေါင်စကားကြောင့် ဦးအောင်မောင်းလဲချက်ချင်းသဘောပေါက်သွားပြီး…
” ဟ မောင်ကျော်ထွန်းရ ဘယ်နှယ့်ပြောလိုက်တာတုန်း မင်းတို့တွေ သိုင်းလာသင်တုန်းက ငါ့မြေးက အူဝဲလေးလေကွာ ”
” ဟာ ဟုတ်သားပဲ ဟီး ဟီး တောင်းပန်ပါတယ် သူကြီးရယ် ဒါနဲ့ ကိုငြိမ်းအိမ်သွားမို့မဟုတ်လား လာ ကျနော်လိုက်ပို့ပေးမယ် ”
လက်ပံစုရွာဆယ်အိမ်ခေါင်းကျော်ထွန်းလဲ စကားမှားပြောမိတာကိုရှက်သွားဟန်နဲ့ ခြေထောက်မှာပေနေတဲ့ရွှံ့ဗွက်တွေကို မြောင်းရေနဲ့အမြန်ဆေးပြီး မြင်းဇက်ကြိုးကိုလာဆွဲတာမို့
” ရပါတယ် မောင်ကျော်ရဲ့ မင်းလုပ်စရာရှိတာ လုပ်စမ်းပါ ငါသွားတတ်ပါတယ် ”
” အိမ်က အရင်နေရာမှာ မဟုတ်တော့ဘူး သူကြီးရဲ့ အသစ်ပြောင်းသွားပြီ လာပါ ကျနော်ပဲ လိုက်ပို့ပါမယ်ဗျာ ”
” အေး သဘောကွာ ”
မြင်းပေါ်ကနေလိုက်လာသူတွေက ဖိနပ်ကိုယ်စီစီးထားပြီး လိုက်ပို့သူကခြေဗလာနဲ့ဆိုတော့ ဦးအောင်မောင်းလဲ အားနာပြီး မြေးဖြစ်သူကိုသာ လိုက်ပါသွားစေခဲ့တယ်။
” အကိုငြိမ်းမောင်ရေ ဒီမှာ ဘယ်သူတွေပါလဲ ထွက်ကြည့်ပါဦးဗျ ”
” ဟာ သူကြီး သူကြီး ကျနော်တို့ရွာလာတယ်လား ဒါကြောင်အခုရက်တွေ နေသာနေတာကိုး ကြွပါ ကြွပါ မဌေးရေ တို့ဆယ်ခိုင်သူကြီး လာတယ်ဟေ့ လက်ဖက်ရည်ဗန်းလာချပေးဦး ”
” လာပါပြီရှင် ခြံထဲကို ကျော်ထွန်းအသံဝင်လာကတည်းက ဧည့်သည်ပါလာပြီဆိုတာ သိပါ့တော် ဟယ် ဒါလေးက ဘယ်သူလေးလဲ ချစ်စရာလေး ”
” အဲ့ဒါ တို့ဆယ်ခိုင်သူကြီးရဲ့မြေးလေးလေ မဌေးရ ”
” သြော် မကြည်ပြာသားလေးတောင် ဒီအရွယ်ရောက်နေမှကိုး သား ဘာစားမလဲ ဒီအချိန်မုံ့ဟင်းခါးရသေးတယ် စားမလား ကြီးကြီးသွားဝယ်ပေးမယ်လေ ”
” ရပါတယ် ကြီးကြီးရဲ့ ကျနော်က အိမ်ကနေ ဒေါ်လေးပန်းဝါကျွေးတဲ့ထမင်း စားလာပြီးပြီ ”
သူရိယအောင်မောင်းအဖွဲ့ဝင် ကိုငြိမ်းမောင်တစ်ယောက် သူအုပ်ချုပ်နေရတဲ့လက်ပံစုရွာကို ဆယ်ခိုင်သူကြီးရောက်လာတာမို့ ဘာလုပ်လုပ် ဘာကိုင်ကိုင် ပြာပြာသလဲဖြစ်နေခဲ့တယ်။ စည်းကမ်းကြီးလွန်းတဲ့ဆရာဖြစ်သူကို သူပညာသင်ချိန်ကတည်းက ချစ်ကြောက်ရိုသေခဲ့ရတာပါ။
” ဒါက ဒီနှစ်ကရတဲ့ ရွာ့ရံပုံငွေစာရင်းပါ ဒါက သာရေးနာရေးတွေမှာ သုံးတဲ့ထွက်ငွေပါ သူကြီး မဌေး နေ့လည်စာ ဘာဟင်းချက်ထားလဲ ”
” ဟော့်တော် တော်ဘာဖြစ်နေတာလဲ ကျမအလုပ်ကျမသိပါတယ် တော်လုပ်စရာရှိတာလုပ် ”
” ငါ ငါ သူကြီးကိုကြောက် ကြောက်လို့ဟ လာမယ်လို့မှမထင်ထားတာ ”
” ကဲ့….အဲ့တာဆိုလဲ တော် မီးဖိုချောင်ဝင် ကျမ သူကြီးနဲ့ စကားသွားပြောနေမယ် ”
” မဌေးကလဲ ငါချက်ရင် အရသာတွေပျက်ကုန်မှာပေါ့ နင်မသိတာလဲမဟုတ်ဘူး ”
မဌေးလဲ မီးဖိုခန်းထဲ အကြောင်းမရှိအကြောင်းရှာလာထိုင်နေတဲ့ယောက်ျားလုပ်သူရဲ့ဗိုက်ခေါက်ကိုလိမ်ဆွဲပြီး နှစ်ယောက်သား အသံတိုးတိုးနဲ့စကားများနေချိန် အိမ်ရှေ့ခန်းကနေ….
” မောင်ငြိမ်းမောင်ရေ လာဦးဟေ့ ”
” ဟော ခေါ်နေပြီ တော်သွားလိုက်တော့ ”
” ဗျ ဗျာ သ သူကြီး ထ ထမင်းစားတော့မလို့လား ”
” ဒီစာရင်းက မကိုက်ဘူးပါလား ငြိမ်းမောင် လာကြည့်စမ်းပါဦး ”
” ဟုတ်ကဲ့ သြော်…ဒါက မနှစ်ကစာရင်းလေ သူကြီးရဲ့ မနှစ်က မိုးနည်းတယ် ဒီနှစ်ကျတော့ ရေမြုပ်တယ် ဘဝတွေကလည်း မလွယ်ပါဘူးဗျာ ”
” ငါ့ရွာတွေမှာ ကြီးကြီးမားမား ဘာတွေဖြစ်နေလဲ အကုန်သိပါတယ် ငြိမ်းမောင်ရယ် အခုလာတယ်ဆိုတာလဲ ဆူရအောင်လာတာမဟုတ်ပါဘူး ပြီးတော့ ငါ့မြေးကလဲ ဒေါသထွက်တာမကြိုက်ဘူး ”
တစ်နှစ်တစ်ခါပြောင်းလဲကိုငြိမ်းမောင်လဲ ဒီတော့မှ `ဟူး´ကနဲသက်ပြင်းချရင်း သိန်းခေါင်လေးကိုပြုံးပြလိုက်တဲ့အချိန်…
” ဦးလေးတို့ရွာက ဘယ်လိုဖြစ်တာလဲ မိုးနည်းလိုက် ရေကြီးလိုက်နဲ့
” မသိတော့ပါဘူးသားရယ် ဦးလေးသိသလောက်တော့ လယ်သမားတွေလဲ ဝီရိယထားထွန်တယ် စနစ်တကျလဲ စိုက်ကြတယ် ဝါဝင်ဝါထွက်လဲ ရိုးရာတင်ပေးတာပဲ ”
” ကိုငြိမ်းမောင်ရေ ဗျို့ ကိုငြိမ်းမောင် ”
သုံးယောက်သားစကားပြောနေတုန်း ခြံဝကနေခေါ်သံကြားလို့လှမ်းကြည့်လိုက်တော့ တစ်ကိုယ်လုံးသွေးတွေပေနေတဲ့လူတစ်ယောက်…
” ဟာ ကိုစိုး ကိုစိုးမဟုတ်လား ဘယ်လိုဖြစ်လာတာလဲ လာ လာ ဝင်လာခဲ့လေ မဌေးရေ ဆေးသေတ္တာယူခဲ့ပါဦး ”
ဒဏ်ရာတွေဗလပွနဲ့လူလဲ ခြံထဲဝင်ဖို့အလုပ် မမြင်ရတဲ့လှိုင်းတစ်ခုကတွန်းကန်ထားတာမို့ ဝင်မရပဲ ခြံဝမှာတင် လဲကျသွားခဲ့တယ်။ ဒီအဖြစ်အပျက်ကိုမြင်လိုက်တဲ့ဦးအောင်မောင်းလဲ ဘေးမှာထိုင်နေတဲ့မြေးဖြစ်သူကို လှမ်းကြည့်လိုက်တော့ သိန်းခေါင်က မသိမသာခေါင်းညိမ့်ပြခဲ့တယ်။
” ငြိမ်းမောင်နဲ့ကျော်ထွန်း ဘာငေးနေတာလဲ သွားခေါ်လေ ”
” ဗျာ ဟုတ် ဟုတ် ”
မျက်စိတစ်မှိတ်အတွင်း အမြင်တွေအမှောင်ကျသွားတဲ့ ကိုငြိမ်းမောင်လဲ ဦးအောင်မောင်းအသံကြားမှ သတိဝင်ပြီး ပြာပြာသလဲနဲ့ တပည့်ဖြစ်သူကိုလက်ကုပ်ကာ လဲကျနေတဲ့သူဆီပြေးသွားလိုက်တယ်။
” ရှားရှားပါးပါး သမန်းမိကျောင်းက ဒီမှာ ဘယ်လိုလုပ်ရှိနေရတာလဲ ”
” ဘာကြီး သမန်းမိကျောင်းဟုတ်လား မြေး ”
” ဟုတ်တယ် မြေပေါ်မှာဆို လူလိုနေနိုင်ပြီး ရေထဲမှာဆို သာမန်မိကျောင်းလို နေနိုင်တဲ့သတ္တဝါ ကြည့်ရတာ အခုအကိုက်ခံရတဲ့လူက တံငါသည်ဖြစ်မယ် ”
သတိမေ့တဲ့လူနာကို ဝိုင်းဝန်းပြုစုကြပေမဲ့ သွေးထွက်လွန်နေပြီမို့ တော်တော်နဲ့သတိလည်မလာတော့….အဲ့ဒါကြောင့် ဦးအောင်မောင်းလဲ ကိုယ်နဲ့မကွာအမြဲယူလာတဲ့ဂမုန်းမြစ်လေးကိုထုတ်ပြီး ရေစိမ်ကာ လူနာကိုတိုက်လိုက်တယ်။
” အမလေး မိကျောင်းကြီး မိကျောင်းကြီး ချောင်းရိုးထဲ ဘယ်သူမှမသွားနဲ့ မသွားကြနဲ့ ”
” ဟော သတိရလာပြီ စွမ်းလိုက်တဲ့ဆေးပါလား သူကြီး ”
” ကိုစိုး ကိုစိုး သတိထားစမ်း ခင်ဗျား ဘာဖြစ်လာတာလဲ ”
” ငြိမ်း ငြိမ်းမောင် ကယ်ပါဦး ငါ့ဘဲတွေ ငါ့ဘဲတွေ ကုန်ပြီ ”
လူနာက သတိရလာကာမှ ထိန်းမနိုင်သိမ်းမနိုင်ကြောက်လန့်နေတာမို့ ငြိမ်းမောင်နဲ့ကျော်ထွန်းလဲ အတင်းချုပ်ထားပြီး
” သတိထားစမ်းပါဦး ကိုစိုးရယ် ခင်ဗျားဘာဖြစ်လာတာလဲ ”
ကိုငြိမ်းမောင်တို့မေးကာမှ ကိုစိုးရဲ့မျက်လုံးတွေလဲ ချက်ချင်းနီရဲလာပြီး ဗလုံးဗထွေးအသံကြီးနဲ့ ..
” ငါ့ဟာငါ ဗိုက်ဆာလို့ အစာရှာစားနေတာလေ ငါ့ကိုရိုက်သလို မင်းအသက်ကိုလဲ ငါယူမယ် ဟင်း ဟင်း ဟင်း ”
” ဘာဖြစ်တာလဲ သရဲပူးတာလား ”
” ကျနော်လဲ ဘယ်သိမလဲ အကိုငြိမ်းရဲ့ သူကြီး ကယ်ပါဦး ”
ကျော်ထွန်းရဲ့အကူအညီတောင်းသံကိုကြားတော့ ဦးအောင်မောင်းလဲ ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြည့်နဲ့ မြေးဖြစ်သူကိုကြည့်လိုက်တယ်။
ဒီတစ်ခါတော့ သိန်းခေါင်က ဦးအောင်မောင်းရဲ့အသံကိုမငှားတော့ပဲ ကိုယ်တိုင်ရှေ့တိုးလာပြီး ဝင်ပူးနေတဲ့လူကို
” မင်း ကိုယ့်ဘာသာကိုယ်ပြန်မလား အဖမ်းခံမလား ”
လို့ပြောလိုက်တယ်။
” အား အမလေး ကြောက်ပါတယ် ကြောက်ပါတယ် ပြန် ပြန်ပါ့မယ် ”
ကိုစိုးကအသံနက်ကြီးနဲ့ပြောပြီး ပျော့ခွေသွားတဲ့အချိန် သိန်းခေါင်လဲ တိုက်ဖို့ကျန်နေတဲ့ ဆေးရည်တစ်ချို့ကို ပါးစပ်ထဲလောင်းထည့်ပေးလိုက်တယ်။ သိန်းခေါင်လုပ်သမျှ ပါးစပ်အဟောင်းသားနဲ့ကြည့်နေတဲ့ ငြိမ်းမောင်တို့သုံးယောက်လဲ ကျောက်ရုပ်တွေလို ငြိမ်သက်နေကြတယ်။
” အံ့သြမနေကြနဲ့ ငါ့မြေးက ရွှေကိုင်းမှာဆို ဆရာတော်ဆီအမြဲသွားပြီး ဓမ္မစာပေတွေသွားသင်နေကျ ဒါမျိုးတွေနည်းနည်းပါးပါး လုပ်တတ်တယ် ”
” အံ့သြစရာကြီးပါလား သူကြီးရယ် မသိရင် အထက်လမ်းဆရာကြီးတစ်ယောက်လိုပဲ ”
” ဟုတ်ပ ကိုငြိမ်းရယ် သူကြီးမြေးက သူကြီးလိုပဲ ထက်မြတ်လိုက်တာ”
ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းတဲ့အဖြစ်မို့ သိန်းခေါင်လဲ ထွက်ပြေးသွားတဲ့ သမန်းမိကျောင်းနောက်ကိုမလိုက်တော့ပဲ ကျန်ခဲ့တဲ့လူနာကိုပဲ ဆေးဆက်ကုပေးလိုက်တယ်။
” ဦးလေးငြိမ်းမောင် ”
” ပြောလေ သား ”
” ဒီကိစ္စကို ရွာထဲကလူတွေမသိအောင်လုပ်ပေးပါလား တော်ကြာကြောက်လန့်ကုန်ပြီး မီးမျောပွဲပျက်သွားပါဦးမယ် ”
” ကြားလား ငကျော် ကလေးတောင်သိတယ် မင်းလိုက်ပြောပြီးပြီမဟုတ်လား ”
” ကျနော်အိမ်တောင်မပြန်ရသေးပါဘူး ကိုငြိမ်းရယ် စိတ်ချပါ အမေတောင်မသိစေရပါဘူး ”
” ဒါနဲ့ ယောကျ်ား ဘဲဥကိုစိုး ဒဏ်ရာတွေနဲ့ ဒီရောက်အောင်လာနိုင်တာ အံသြစရာပဲ ကျမဘယ်လိုမှစဉ်းစားလို့မရဘူး ”
မဌေးစကားကိုကြားတော့ သိန်းခေါင်ကမသိချင်ယောင်ဆောင်နေပြီး အဖိုးဖြစ်သူကိုလက်ကုပ်ကာ မေးငေါ့ပြလိုက်တယ်။
” အင်း ဒါကဒီလိုရှိတယ် သမီးမဌေးရဲ့ မောင်စိုးက တော်ရုံသတ္တိနည်းတဲ့လူမဟုတ်တာ အားလုံးအသိပဲလေ ဟိုသတ္တဝါနဲ့ သူအချိန်တော်တော်ကြာကြာ တိုက်ခိုက်သေးတယ်ထင်တယ် ”
” ဟုတ်လောက်တယ် အစ်မမဌေးရဲ့ ကိုစိုးကိုကြည့်လိုက်ပါလား သွားရာတွေနဲ့ ”
” အဟမ်း ”
ကိုငြိမ်းမောင်ရဲ့ မသိမသာချောင်းဟန့်သံကိုကြားတော့ စကားဖြတ်ပြောမိတဲ့ကျော်ထွန်းလဲ ဇက်ကလေးပုကာ ငြိမ်နေလိုက်ရတယ်။
” နောက်တော့ ဟိုသတ္တဝါက သူ့မှာရှိတဲ့မှော်အစွမ်းတစ်ခုခုနဲ့လုပ်လိုက်ပါလိမ့်မယ် အဲ့ဒါကြောင့် မောင်စိုးက နဂိုအသိစိတ်ကတစ်ဝက် မကောင်းဆိုးဝါးအငွေ့အသက်ကတစ်ဝက်နဲ့ အားတင်းပြီး ရောက်လာတာနေမှာပေါ့ ”
ဦးအောင်မောင်းရှင်းပြလိုက်မှ အားလုံးကလဲခေါင်းတညိမ့်ညိမ့်နဲ့နားထောင်ပြီး သဘောပေါက်သွားခဲ့တယ်။ တကယ်တော့ ဆယ်ခိုင်သူကြီးလဲ သိန်းခေါင်ပြောပြထားလို့သာ ဒီလိုပြန်ပြောနိုင်ခဲ့တာပါ။
” အောက်အရပ်၌ရှိသော ထက်ဝန်းကျင် အနန္တစင်္ကဝြဠာ အပါယ်ဘုံသား အနန္တသတ္တဝါတို့ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ….ဒေါသခပ်သိမ်းငြိမ်းကြပါစေ…ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ….နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ…..”
ကနေ့ သီတင်းကျွတ်လပြည့်နေ့ဖြစ်တာမို့ ဦးအောင်မောင်းလဲ တပည့်ဖြစ်သူအိမ်မှာပဲ ဘုရားဝတ်တက်သပုတီးစိပ်လိုက်တယ်။ မေတ္တာသုတ်တော်လာ မေတ္တာပွားနည်းတစ်ဆယ့်တစ်မျိုးအဆုံး သူအာရုံထဲမှာ မြေးဖြစ်သူက မူလပုံသဏ္ဍာန်နဲ့ပေါ်လာပြီး ချောင်းရိုးဘက်လိုက်ခဲ့ဖို့ လက်ညိုးထိုးပြခဲ့တယ်။
အမျှဝေဘုရားဦးချပြီးအပြင်သွားဖို့ပြင်နေတဲ့ ဦးအောင်မောင်းကို ကိုငြိမ်းမောင်ကမြင်တော့
” သူကြီး ဘယ်သွားမလို့လဲ ကျနော်လိုက်ပို့ပေးမယ်လေ ”
” သြော် ငြိမ်းမောင် ငါချောင်းရိုးဘက်သွားမလို့ မင်းလိုက်ဦးမလား ”
” ဗျာ ဟို ဟို အကောင် ”
” ဟုတ်တယ် ငါ့မြေးနဲ့ ကျော်ထွန်းတောင်သွားနှင့်ပြီ ထူးထူးဆန်းဆန်းတွေမြင်ချင်ရင် ဟိုကျသိမှာပေါ့ ”
” အာ ဒါမျိုးတော့လက်လွတ်ခံမလား လိုက်မယ် မဌေးရေ ငါတို့ ရွာထဲသွားဦးမယ်ဟေ့ ”
ကိုငြိမ်းမောင်က လှမ်းအော်လိုက်တော့ အိမ်နောက်မှာ ဝက်စာကျွေးနေတဲ့မဌေးက
” ကိုငြိမ်း တော်ပြန်လာရင် မလှတို့အိမ်က ပဲသီးလေးဝင်ယူခဲ့ဦး ကျမမှာထားတာ တော့်သားက စားချင်တယ်ဆိုလို့ ”
” အေး အေး ”
ချောင်းရိုးကိုဖြတ်တိုက်လာတဲ့လေက ကျော်ထွန်းကိုကျောချမ်းစေပေမဲ့ မိမိမွေးမှသားလောက်ရှိတဲ့ကလေးကရှေ့ကနေသွားနေတော့လဲ သူ့မှာဟန်မပြတ်လိုက်နေရတယ်။
” ရောက်ပြီသား ရှေ့က ဘဲတဲစုက ကိုစိုးအပိုင်ပဲ တကယ့်လူ ထနိုင်တာနဲ့အိမ်ပြန်သွားတာ ဦးလေးသာဆိုကြောက်နေတာနဲ့ ပြန်လာရဲမှာတောင်မဟုတ်ဘူး ”
” ဦးလေးထွန်း သူ့ကိုအားမကျဘူးလား တစ်နယ်တစ်ကျေးကလာတယ် ရိုးရိုးသားသားနဲ့ အလုပ်ကြိုးစားတယ် အဲ့လိုလူမျိုးဆို ကျနော်က သိပ်သဘောကျတာဗျ ”
” အေးပါ သားရယ် ဦးလေး သဘောပေါက်ပါတယ် အသိပညာတွေပေးလို့ ကျေးဇူးလဲ တင်ပါတယ်ကွာ ”
ဘဲတဲစုကိုရောက်တော့ ကိုစိုးကထွက်ကြိုပြီး အခင်းဖြစ်ခဲ့တဲ့နေရာကို ထော့နင်းထော့နင်းနဲ့လိုက်ပို့ခဲ့တယ်။
” အဲ့နေရာပဲ ငကျော်ရေ ဒီကောင်အစပေါ်လာတော့ လူခေါင်းဟ ငါနဲ့လဲတိုက်ရော သူ့မှာမိကျောင်းအမြှီးကြီးနဲ့ဟ ”
” ခင်ဗျား တော်တော်သတ္တိကောင်းတာပဲ ကိုစိုးရာ ”
” ဟကောင်ရ အဲ့လိုတော့လဲ ဘယ်ဟုတ်မလဲ ဒင်းကိုအစက သူခိုးမှတ်ပြီး ငါ့ပစ္စည်းထိလို့ တပ်နဲ့တွယ်ပစ်လိုက်မိတာလေ ”
” ဟေ့ မောင်စိုး ဘယ်လိုလဲကွ သက်သာရဲ့လား ”
” ဟာ သူကြီးနဲ့ ကိုငြိမ်းပါလာ လာဗျာ ဒီနေရာပဲ ရှေ့နားလေးမှာသူပေါ်လာတာ ”
သူတို့စကားပြောနေတုန်း သိန်းခေါင်က ချောင်းကမ်းပါးထိပ်မှာမတ်တပ်သွားရပ်ပြီး ရေထဲကိုစိုက်ကြည့်နေတာမလို့ ဦးအောင်မောင်းလဲ အားလုံးကိုတိတ်တိတ်နေဖို့အချက်ပြပြီး မြေးဖြစ်သူအနောက်မှာသွားရပ်နေလိုက်တယ်။
” ဗြော… ဗြော..!!!ဘွမ်း.. ဘွမ်း…ဝုန်း …!!”
သိပ်မကြာလိုက် သူတို့ရပ်နေတဲ့ကမ်းပါးထိပ်ရဲ့ ညာဘက်စူးစူးကနေ ရေပွက်တွေထလာပြီး ချောင်းရိုးတစ်ခုလုံး လှိုင်းတွေထလာခဲ့တယ်။ ထူးဆန်းတာက သမန်းမိကျောင်းကောင်ဟာ ရေပေါ်ကိုပေါ်မလာပဲ တစ်ကောင်ကောင်ကလိုက်လို့ ထွက်ပြေးနေတဲ့ဟန်ဖြစ်နေတာပါ။
” ဖြောင်း !!! ”
” ဟာ ပေါ်လာပြီ တစ်ကောင်တောင်မဟုတ်ဘူး နှစ်ကောင်ဟ ”
” ဗွမ်း ဗွမ်း ဗွမ်း ”
” ဘယ်ပြေးမလို့လဲ သင် သေဖို့သာပြင် ငသစ်တုံး ”
မိကျောင်းကြီးနှစ်ကောင်အသေအလဲတိုက်ခိုက်နေကြပုံက မြင်သူတိုင်းကို အသဲတစ်ယားယားဖြစ်နေခဲ့ပါတယ်။ သူတို့တိုက်ခိုက်နေချိန် အနက်ရောင်အကောင်ကြီးက လူပုံစံပြောင်းပြီး ရေတိမ်ဘက်ထွက်ပြေးသွားတာမို့ ရွှံ့ဝါရောင်အကောင်ကြီးကလဲ လူပုံစံလိုက်ပြောင်းကာ ထပ်ကြပ်မကွာလိုက်ပါသွားခဲ့တယ်။
” ကြောက်ပါပြီ နတ်ဦးရှင်ရဲ့ ကျေးကျွန်တော်မျိုးကို ခွင့်လွှတ်ပေးပါ နတ်ဦးရှင် နတ်ဦးရှင် ဘယ်မှာလဲ ”
သူတို့ချင်းတိုက်ခိုက်ရင်းပြောဆိုနေတာကိုကြားနေရတဲ့သိန်းခေါင်တစ်ယောက် နတ်ဦးရှင်ကို လိုက်ရှာကြည့်တော့ လူတွေရပ်နေတဲ့နေရာရဲ့မလှမ်းမကမ်းမှာ မိကျောင်းတစ်ကောင်ကိုစီးပြီးရပ်ကြည့်နေတာတွေ့လိုက်ရတယ်။
” အဖိုးတို့ ဟိုးမှာကြည့်ပါဦး ဘယ်သူလဲလို့ ”
သိန်းခေါင်က တစ်နေရာကိုလက်ညိုးထိုးပြတော့ ကိုငြိမ်းမောင်အပါအဝင်ရှိနေတဲ့လူတွေလည်း လှမ်းကြည့်လိုက်ကြတယ်။
” ဟင် ”
” ဟာ အဲ့ အဲ့ အဲ့တာ ဦးရှင်ကြီးနတ်ပဲ ”
” ဟုတ်တယ်လေ ဦးလေးစိုးရဲ့ ဦးလေးဘဲတွေကိုကိုက်တာ သူ့ရဲ့လက်အောက်ငယ်သား ငသစ်တုံးဆိုတဲ့သမန်းမိကျောင်း၊ အခုဆုံးမနေတာက ဖိုးဝါကြီးဆိုတဲ့နတ်မိကျောင်းပေါ့ ”
” တစ်ခါမှတောင်မကြားဖူးဘူးသားရယ် နေပါဦး အဲ့ဟိုဘာတဲ့ သြော် ငသစ်တုံးက ဘယ်ကနေရောက်လာတာလဲ ”
” စစ်တောင်းမြစ်ရေကြီးတုန်းက ချောင်းရေနဲ့ဆက်သွားတဲ့အချိန် ခြေစင်္ကြာဖြန့်နေတဲ့ငနဲသားက လမ်းမှားပြီးဝင်လာတာဖြစ်မှာပေါ့ ဦးလေးရဲ့ ရပြီ ချောင်းရေကို ချိုးလိုကချိုး သောက်လိုကသောက်ကြပေတော့ ”
ကိစ္စဝိစ္စတွေပြီးသွားတော့ ရေပြင်ကအရင်အတိုင်းညိမ့်ညိမ့်လေးစီးဆင်းနေသလို ကိုစိုးကလဲ သူ့ဘဲခြံကိုဖွင့်ပေးလိုက်တယ်။ ကိုငြိမ်းမောင်တို့အိမ်ပြန်ခါနီးတော့ အတင်းတားနေတဲ့ကြားက ဘဲဥတွေကို သူကိုယ်တိုင်တောင်းနဲ့ထမ်းပြီး လိုက်ပို့ပေးခဲ့တယ်။ သိန်းခေါင်စားဖို့တဲ့။
ညရောက်တော့ လက်ပံစုရွာရဲ့ကျောက်ကြီးချောင်းရိုးလေးထဲ မီးကြာခွက်လေးတွေစီရရီနဲ့ အလှကြီးလှနေခဲ့တယ်။ တစ်နှစ်တစ်ကြိမ်သာနွှဲရတဲ့ပွဲပေမို့ အားလုံးရဲ့မျက်နာမှာလည်း အပြုံးပန်းတွေဝေနေကြပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~>>>ဆက်ရန်
ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယမှာ
ချမ်းမြေ့သာယာရှိကြပါစေ ….
မုံ့ဖိုးမျှော်နေတဲ့
မောင်လူလှ – ကညင်မြေ