ရွာဆိုတာ တွေ့ပါလိမ့်မယ်။ အဲဒီရွာက စုန်းဖြူတွေနေတာပါ။”
ထိုအခါ စောသက ပုတီးကိုလက်မှာပတ်၍ ခွန်းသအနားကိုထိုင်လိုက်ပြီး ဇရပ်အပြင်ကပုဂ္ဂိုလ်ကို ဆက်မေးလေ၏။
“စုန်းဖြူဆိုတာဘာလဲဗျ။”
“ဆရာတို့လည်း သိမှာပါ။ စုန်းပညာသည်တိုင်းက မကောင်းတာလုပ်ကြတာမဟုတ်ပါဘူး။ တရားထိုင်ပုတီးစိပ် လူတွေကိုအကျိုးပြုနေတဲ့ စုန်းတွေလည်းရှိပါတယ်။ အဲဒီလို စုန်းမျိုးကို သူတို့ပညာသည်လောကမှာတင်မကပဲ ကျုပ်တို့ကပါ စုန်းဖြူလို့တင်စားခေါ်ဝေါ်ပါတယ်။ ဆရာတို့ ရှေ့ဆက်သွားရင် တွေ့ရမဲ့ရွာက စုန်းဖြူတွေပဲ နေတဲ့ရွာပါ။ အဲဒီရွာက လူတွေကို ပြုစားလေ့မရှိပါဘူး.. အတတ်နိုင်ဆုံးသည်းခံခွင့်လွှတ်ပြီး ဘုရားတရားလုပ်ပါတယ်။ စုန်းပညာကိုမျိုးရိုးအရဆက်ခံထားတဲ့သူတွေပါ။ မလွှဲသာမရှောင်သာလို့ တစ်ဖက်သူက သူတို့အပေါ် အနိုင်ကျင့်စော်ကား ယုတ်မာမှသာ သူတို့က ပညာနဲ့တုံ့ပြန်လေ့ရှိကြသူတွေပါ။ တကယ့်ကိုလည်း သဘောကောင်းမနောကောင်းမလို့ တခြားရွာကလူတွေဆို သူတို့တစ်ရွာလုံးကို ပညာသည်မှန်းတောင်မသိကြပါဘူး။”
“ဟုတ်ပါပြီဗျာ…. ခင်ဗျားက အခုဘာကိုပြောချင်တာလဲ လိုရင်းကိုဆိုစမ်းပါအုံး။”
“ကျုပ်စိတ်အထင်တော့ ဆရာတို့က ပညာအားကိုးတဲ့ မာန်တက်ဇောင်းကြွနေမဲ့သူတွေမဟုတ်ပါဘူး။ ပြီးတော့ သဲဖြူကုန်းရွာကစုန်းဖြူတွေက ကျုပ်အပေါ်လည်းကျေးဇူးမကင်းကြပါဘူး။ အဲဒါကြောင့် ဆရာတို့အနေနဲ့ အခုနယ်ထဲမှာ ဆရာတို့ကိုဒုက္ခမပေးသ၍ ဘယ်စုန်းကိုမှ မသုတ်သင်ပေးဖို့ ကျုပ်က မေတ္တာလာရပ်ခံတာပါ။”
“အိုဗျာ… သစ်ပင်စောင့်ကြီးနှယ့်… ကျုပ်တို့က ဇနပဒပညာသည်တိုင်းကို တွေ့တိုင်း ပညာပြိုင်တဲ့ ခတ်ညံ့့ညံ့လောကီဆရာ အရူးတွေမဟုတ်ပါဘူး။ စိတ်ချပါ ကျုပ်တို့ကိုဒုက္ခမပေးသ၍ ကျုပ်တို့ဘာမှမလုပ်ပါဘူး။”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာတို့ရယ်.. ဆရာတို့ပညာနဲ့ရုပ်ကို ကြည့်ရုံနဲ့ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ ဆရာတွေမဟုတ်ဘူးဆိုတာ ကျုပ်လည်းရိပ်စားမိပါတယ်… ကျုပ်ကိုခွင့်ပြုပါအုံး။”
“သွားပါခမျာသွားပါ။”
ခွန်းသက သွားခွင့်ပြုလိုက်သောအခါ သစ်ပင်စောင့်ကြီးလည်း အပင်ပေါ်ကို ပြန်တက်၍ ပျောက်ကွယ်သွားလေ၏။ စောသလည်းပုတီးစိပ်ပြီး၊ ခွန်းသကလည်းအင်းရေးဆွဲပြီးပြီဖြစ်၍ နှစ်ဦးသား လွယ်အိတ်များကို ခေါင်းအောက်ထား၍ အိပ်စက်အနားယူကြလေတော့သည်။ သူတို့အိပ်ပျော်ခါနီးတွင် မိုးက စတင်ရွာလာလေ၏။ သူတို့နှစ်ဦးမသိသည်က ေအာက်လမ်းပညာသည်တစ်ယောက်က သူတို့ကို အဝေးကနေ လှမ်းကြည့်ရင်း နောက်ကြောင်းပြန်လှည့်သွားခဲ့ခြင်း ဖြစ်ပေ၏။
အခန်း (၂)
°°°°°°°°°°°°
နံနက်မိုးလင်းသောအခါ စောသနှင့်ခွန်းသတို့ နိုးလာကြလေ၏။ ခြေဆန့်လက်ဆန့်ကာ မျက်နှာသစ်လိုက်ကြပြီး ဆရာသခင်သင်ပြဖူးသည့်အတိုင်း အိပ်ရာကနိုးတာနှင့် သတ္တဝါအပေါင်းအား မေတ္တာပို့သလေ၏။ ထို့နောက် ဇရပ်ကနေ ထွက်ခွာလာကြကာ ခရီးကိုဆက်ခဲ့ကြပြန်သည်။ ကွမ်းတစ်ယာညက်ခန့်အကြာ၌ သဲဖြူကုန်းကျေးတောရွာဆိုသောဆိုင်းဘုတ်လေးအားမြင်လိုက်ရရ၍ စောသနှင့်ခွန်းသ ယမန်နေ့ညက သစ်ပင်စောင့်လာပြောသော စုန်းဖြူများနေသည့်ရွာမှန်းသိလိုက်ကြကာ ဘာရယ်မဟုတ် ရွာထဲကဖြတ်သွားကြလေ၏။
စောသနှင့်ခွန်းသခမျှ မည်သည့်အကြောင်းအရာအထွေအထူး မရှိပါပဲ ရွာထဲကို သည်အတိုင်းဖြတ်လျှောက်ပေမဲ့ ကလေးသူငယ်များတင်မက လူကြီးတွေကပါ သူတို့ကိုမြင်ပြီး၊အိမ်ထဲကိုဝင်ပြေးကြလေတော့၏။ စောသနှင့်ခွန်းသက နားမလည်နိုင်သေးပဲ ရွာထဲအထိ ဆက်လျှောက်လာကာ စုန်းများဘယ်လောက်ရှိကြောင်းလိုက်ကြည့်နေတုန်း စိမ်းပြာရောင် ဝမ်းဆက်ထိုင်မသိမ်းဝတ်စုံနှင့် ငါးရံ့ကိုယ်လုံး၊ နက်မှောင်သည့်ဆံကေသာတို့နှင့် ချောမောလှပသောမိန်းမပျိုတစ်ဦးက ဘေး၌ မိန်းမကြီးငါဦးြခံရံလျှက် သူတို့အရှေ့ကိုရောက်လာလေ၏။ ထို့နောက် ထိုမိန်းမပျိုလေးအပါဝင် မိန်းမကြီးငါးဦးကပါ လက်အုပ်ချီမိုး၍ မြေကြီးပေါ်၌ ထိုင်လိုက်ကြသောအခါ စောသနှင့်ခွန်းသ ကြောင်အမ်းအမ်းဖြစ်သွားရလေ၏။
“ဟေ့…ဟေ့… ခင်ဗျားတို့ဘာလုပ်တာလဲ။”
အလွန်တရာမှချောမောလှပသော မိန်းမပျိုလေးဆီက စကားသံထွက်လာလေ၏။
“ကျွန်တော်မျိုးမက ဟောဒီသဲဖြူကုန်းခေါ် စုန်းဖြူကျေးတော်ရွာရဲ့ ရွာသူကြီး မယ်အိုစာဖြစ်ပါတယ် ဆရာသခင်တို့ရှင့်။ ကျွန်တော်မျိုးမတို့ဟာ စုန်းပညာသည်ဖြစ်ရိုးမှန်ပေသော်လည်း သူတစ်ပါးကိုပညာအားအသုံးပြုပြီး အကြောင်းမဲ့သက်သက် နှိပ်စက်ညှင်းပန်း၊ သတ်ဖြတ်ခြင်း မပြုလုပ်ခဲ့ဖူးပါဘူး။ သာမန်သူတို့အတိုင်း ကောက်စိုက်၊ ပေါင်းနှုတ်၊ လယ်အလုပ်နဲ့ သမုဒ္ဒယာဝမ်းတစ်ထွာကို ေြဖရှင်းနေကြသူတွေပါ။ တစ်ပါးသူက ကျွန်တော်မျိုးမတို့ကို မျက်ရည်ပေါက်ကြီးငယ်ကျရုံတင်မက၊ ယုတ်မာရိုင်းစိုင်း စော်ကားလာမှသာ ကျွန်တော်မျိုးမတို့က ပညာဖြင့်တုံ့ပြန် လက်စားချေကြတာပါ။ ဒါကိုလည်း အထက်ဝိဇ္ဇာဓိုရ်များနဲ့ မြောက်ဘက်အရှင်မတို့က သိပါတယ်ဆရာသခင်တို့။”
စောသသည် ခေါင်းကုတ်ကာ ခွန်းသကိုမေးဆတ်ပြလိုက်၏။ ခွန်းသကလည်း စိတ်ညစ်သောအမူအရာနှင့် ခေါင်းရမ်းပြကာ ထိုမိန်းမပျိုရှေ့ ဆောင့်ကြောင့်ထိုင်ချ၍ စကားဆိုသောအခါ မိန်းမပျိုက ခေါင်းကိုငုံ့ထားလေ၏။
“ဒီမယ်..ဒီမယ်.။ အမိဘာေြကာင့်ဒီလိုတွေပြောနေလဲ ကျုပ်တို့မသိဘူး.. ပြီးတော့ ကျုပ်တို့က အမိတို့ရွာကို ဒုက္ခပေးဖို့နဲ့ပညာဖျက်ဖို့ လာခဲ့တာမဟုတ်ဘူး။ သဲဖြူကုန်းကျေးရွာတော်ဟာ စုန်းဖြူတွေနေတယ်ဆိုလို့ ရွာထဲကနေဖြတ်ပြီး လာစပ်စုတာ။ ထင်တော့ထင်ပါတယ်။ ကျုပ်တို့မြင်တာနဲ့ ရွာသူရွာသားတွေထွက်ပြေးတည်းက… ကျုပ်တို့ကပညာပြိုင်ဖို့မဟုတ်ပါဘူး… အမိတို့ရွာကို ခဏဖြတ်သွားရုံပါပဲ။”
ထိုအခါ မိန်းမပျိုက ခွန်းသကိုခေါင်းလေးမော့၍ ပြန်ကြည့်လေ၏။ ခွန်းသ၏မျက်နှာက အသေချာလေးနက်စွာပြောနေခြင်းကြောင့် ယုံကြည်သွားကြသော်လည်း ထိုင်ရာကမထကြသေးပေ။
“ဆရာသခင်တို့က ဒီရွာကိုဖြတ်သွားရုံပဲဆိုရင် ကျွန်တော်မျိုးမတို့က ဧည့်ဝတ်ကျေပွန်ချင်ပါတယ်။ ကျွန်တော်မျိုးမအိမ်ကိုလိုက်ပြီး အကြမ်းရေနဲ့ ထန်းလျက်ကို လိုက်သုံးဆောင်ပြီး ခဏနားကြပါအုံးလား။”
“ဟာဗျာ…. ဒီလောက်ပြောနေတာတောင် အမိတို့က မထကြသေးဘူး။ အမိအိမ်လည်းမလိုက်နိုင်ဘူး… ကျုပ်တို့ကဖြတ်သွားရုံပါပဲဆိုမှ။”
“ဆရာသခင်တို့က စိတ်ကွက်သွားတာလား။ ကျွန်တော်မျိုးမရွာသူရွာသားတွေက ဆရာသခင်တို့ကုိမြင်ပြီး ထွက်ပြေးတယ်ဆိုတာကလည်း ရွာကိုမကြာခင်မှာ ပညာသည်တွေလာပြီး ဒုက္ခပေးမယ်ဆိုတဲ့ သတင်းရထားလို့ ကြောက်နေကြတာပါ။ ဆရာသခင်တို့ကို စော်ကားသလိုပြုမိရင် ကျွန်မရွာသူကြီးကပဲ တောင်းပန်ပါတယ်။”
ခွန်းသသည် စိတ်ပျက်၍ မတ်တပ်ရပ်လိုက်ကာ ဘေးကိုလှည့် ခေါင်းကိုသာ ကုတ်နေလေ၏။ စောသက ပြုံးလိုက်ကာ…
“ဒီမယ်အမိ ကျုပ်တို့စိတ်ထဲ ဘယ့်နှယ့်မှမနေပါဘူး။ ကျုပ်တို့ရဲ့စိတ်က ရွာကိုစူးစမ်းချင်လို့ ဖြတ်သွားမိတာပါ.. နှောက်ယှက်သလိုဖြစ်သွားရင် ကျုပ်တို့ကပဲ တောင်းပန်ပါတယ်။ ကျုပ်တို့လည်း ရွာထဲဆက်မသွားတော့ပါဘူး… အခုပဲတခြားလမ်းကသွားပါ့မယ်…. အမိတို့အဆင်ပြေသလိုသာနေကြပါ.. ကဲ ညီလေးခွန်းသ တို့ ရွာပြင်ကနေပဲသွားကြရအောင်။”
“ကောင်းတယ်… မဟုတ်ရင် ကျုပ်တို့ကပဲ လူရမ်းကားပုံစံပေါက်နေတယ်။”
စောသနှင့်ခွန်းသက နောက်ကြောင်းပြန်လှည့်ပြီး ရွာပြင်ကိုပြန်ထွက်သွားကြတာကို သဲဖြူကုန်းရွာသူကြီးမလေး မယ်အိုစာမျက်စိတဆုံးလိုက်ကြည့်ပြီး ပြုံးမိကာ မတ်တပ်ရပ်လိုက်သလို သူ၏အနောက်က အခြွေအရံမိန်းမကြီးငါးဦးကလည်း ပြန်ထလာကြ၏။
“ဘယ်လိုလောကီဆရာေတွပါလိမ့် သခင်မရယ်… အထက်လမ်းဆရာက စုန်းတွေကိုပြန်တောင်းပန်ရတယ်လို့။ ကျွန်မတို့တော့ ဒီတစ်ခါပဲ သက်တမ်းတလျှောက်ကြုံဖူးပါတယ်”
သူ၏အခြွေအရံများပြောတာကို မယ်အိုစာက ပြုံးရယ်ကာ…
“ပညာမာန်စွယ်ထွက်နေပေမဲ့ ကြီးနိုင်ငယ်ညှင်းမလုပ်တတ်တဲ့ လောကီဆရာတွေနေမှာပေါ့ အရီးလေးရယ်… သူတို့စိတ်ထားက အတော်ဖြူစင်တယ်ဆိုတာ ကျွန်မမြင်လိုက်ရတယ်။”
ထို့နောက် ရွာသူကြီးမလေး မယ်အိုစာတို့သည် ရွာလမ်းတလျှောက်ပြန်လာခဲ့ကြကာ နေအိမ်ကိုရောက်ရှိကြလေ၏။ သူသည် အိမ်ထဲကိုဝင်၍ အခန်းတံခါးကိုလှပ်ကာ ကုတင်အောက်၌ထားထားသော သေတ္တာတစ်လုံးကို ထုတ်လိုက်လေ၏။ ထိုသေတ္တာထဲက တောဝှေးတစ်ချောင်းကိုထုတ်ပြီး လှည့်ကြည့်သော်လည်း မည်သည့်အရာမှမထူးခြားသောကြောင့် သေတ္တာထဲပြန်ထည့်ကာ အိမ်အပြင်ကိုပြန်ထွက်၍ ကုတင်ပေါ်၌ မိန်းမပုံထိုင်နည်း ထိုင်လိုက်လေ၏။ သူ၏အရှေ့ကို အေြခွအရံမိန်းမကြီးငါးဦးက ဝင်ထိုင်လိုက်ကြပြီး မိန်းမငယ်တစ်ယောက်က မြေကြီးပေါ်၌ထိုင်လေ၏။
“မြေကြီးပေါ်မှာထိုင်နေတာ ဘယ်သူတုန်း။”
“ကျွန်မ အေးမြပါ သခင်မ။”
“ေြမကြီးပေါ်မထိုင်စမ်းပါနဲ့အေးမြရယ်.. ဟိုခုံပေါ်မှာထိုင်လည်းရပါတယ်။”
“ကျွန်မ သခင်မကို မလေးမစားမလုပ်ဝံ့ပါဘူး။”
“မလေးမစားမလုပ်ဝံ့ရင် ငါပြောတာနားထောင်စမ်းပါ။ ခုံပေါ်မှာထိုင်။”
ထိုအခါ အေးမြဆိုသောမိန်းကလေးက မယ်အိုစာထိုင်နေသော ကုတင်နှင့် အနီးဆုံးကခုံပေါ် ထိုင်လိုက်လေ၏။
“ကဲပြောပါအုံးအေးမြ.. နင်ဘာသတင်းရခဲ့တုန်း။”
“ဟုတ်ကဲ့သခင်မ… ကျွန်မ တခြားနယ်တွေကပညာသည်တွေဆီကနေ သတင်းထပ်ကြားတာကတော့… အလွန်ကိုအစွမ်းထက်တဲ့ အောက်လမ်းဆရာတစ်ယောက်က ကျွန်မတို့ရွာမှာရှိတဲ့ မှော်ဝိဇ္ဇာတောင်ဝှေးကို ယူဖို့ လာနေပြီဆိုတာသိရပါတယ်။ ပြီးတော့ အဲဒီအောက်လမ်းဆရာက အစီအရင်ပိုင်းမှာ အလွန်အစွမ်းထက်လွန်းလို့ စုန်းပညာသည်တွေတောင် မခံနိုင်ပါဘူး။ သူ့ကိုတားဖို့အတွက် ကျွန်မအထင်ပြောရရင် သခင်မတောင်မှ…။”
“တောက်စ်!! ဟဲ့အေးမြ… ငါတို့သခင်မကို နင်ဘယ်လိုစကားပြောဝံ့တာလဲ။ တို့စုန်းဖြူတစ်ရွာလုံးရဲ့ စုန်းဖြူမင်းသမီးဟဲ့။”
မယ်အိုစာ၏ အခြွေအရံမိန်းမကြီးတစ်ဦးက အေးမြစကားကို အဆုံးထိအပြောမခံပဲ ဖြတ်ပြောသောကြောင့် အေးမြလည်းကြောက်လန့်သွားကာ မြေကြီးပေါ်ဆင်း၍ခေါင်းကိုငုံ့ထားလေ၏။
“ကျွန်မစကားမှားသွားပါတယ်သခင်မ.. သခင်မကိုစော်ကားပြုမူသလိုဖြစ်သွားပါတယ်…. သတ်ရင်လည်းသေ ထားရင်လည်းနေရပါ့မယ်။”
သဲဖြူကုန်းရွာသူကြီးမလေး သိုမဟုတ် စုန်းဖြူမင်းသမီးလေးမယ်အိုစာကတော့ စိတ်ဆိုးခြင်းအလျှင်းမရှိပဲ တည်တည်တ့့ံ့တံ့ရှိနေလေ၏။
“ထစမ်းပါအေးမြရယ် ငါစိတ်မဆိုးပါဘူး။ နင်ပြောတာလည်းမှန်ပါတယ်… အောက်လမ်းဆရာများအစွမ်းထက်ရင် ငါတို့စုန်းတောင် နေရာပျောက်တယ်ဆိုတာ ငါသိပါတယ်။ ခက်တာက ငါတို့စောင့်ကြပ်ရတဲ့ ဒီမှော်ဝိဇ္ဇာဝောာင်ဝှေးကို မသမာသူလက်ထဲ ငါမပေးချင်ဘူး။ မှော်ဝိဇ္ဇာတောင်ဝှေးသခင်လာရင် တောင်ဝှေးက အလင်းတန်းဖြာမယ်လို့ အဘပြောဖူးတယ်.. ဒါပေမဲ့ တောင်ဝှေးကတစ်ခါမှ အလင်းတန်းမဖြာဝေဖူးဘူး။ သူ့သခင်မပေါ်ခင်အထိ ငါတို့ကတော့ တာဝန်အရ စောင့်ရမှာပဲအေးမြရယ်။ ဒီအောက်လမ်းဆရာ ဘယ်လိုစွမ်းပါစေ… ငါတို့က အသက်အသေခံပြီး တားမှရမယ်။ အဲဒီတော့ ကလေးလူကြီးတွေကို အရေးအပေါ်အခြေအနေမှာ လုံခြုံတဲ့နေရာဆီသွားဖို့လုပ်ရမယ်။ အောက်လမ်းဆရာက ဘယ်အချိန် ရွာကိုဝင်မလဲ မသိတဲ့အတွက် လက်ရွေးစင်ပညာသည်တွေကို ရွာလေးဘက်လေးနံမှာ နေရာယူကင်းစောင့်ခိုင်းပါ။ ပညာအတော်ထက်နေပြီဖြစ်တဲ့ ပညာသည်တွေကိုလည်း ရွာအရှေ့၊ အနောက်၊ တောင်၊ မြောက်ကို နေရာအသီးသီးယူခိုင်းပြီး အောက်လမ်းဆရာဝင်တိုက်ရင် အချက်ပြဖို့လုပ်ကြပါ။ တောင်ဝှေးကို ကျွန်မနဲ့အတူတူမထားချင်ဘူး။ အရီးအုန်း။ အရီးအုန်းကို အရေးပေါ်အခြေအနေရောက်ရင် ဝောာင်ဝှေးပေးလိုက်မယ်… အရီးအုန်းအနေနဲ့ တောင်ဝှေးကိုယူပြီး ကျွန်မရှုံးတာနဲ့ အဝေးကိုပြေးပါတော့။”
မယ်အိုစာစကားသံကြားသောအခါ အရီးအုန်းသည် မျက်လုံးပြူး၍.။
“ဒါဆို သ…သခင်မက..။”
“ဟုတ်တယ်… အောက်လမ်းဆရာရောက်လာတာနဲ့ ကျွန်မအရင်ထွက်တိုက်မယ်… ကျွန်မရှုံးတာနဲ့အားလုံးပြေးကြပါ။”
“အို… သခင်မလေးကလည်း… ကျွန်မတို့မေြပးနိုင်ပါဘူး.. သခင်မလေးဘေးမှာ သေသည်အထိ နေပါရစေ။”
“မရဘူးအရီးအုန်း… ဒါကျွန်မအမိန့်ပဲ… အရီးအုန်းသဘောထားကိုမေးနေတာမဟုတ်ဘူး။ ကျွန်မ ရှုံးတာနဲ့ အရီးအုန်းတို့ဝေးနိုင်သမျှဝေးဝေးပြေးကြပါ။”
“ဟုတ်… ဟုတ်ကဲ့ပါသခင်မရယ်။”
မယ်အိုစာက အထက်ပါအတိုင်းပြောပြီး အိမ်ထဲကို ဝင်သွားသောအခါ သူ၏အခြွေအရံတို့သည် မျက်နှာမကောင်းကြပေ။ သခင်မ မယ်အိုစာမနိုင်ပါက သူတို့ကူရန်လည်း အမျိုးမျိုးတိုင်ပင်နေကြလေ၏။ မယ်အိုစာသည် အိပ်မပျော်စားဝမဝင်ဖြစ်နေရ၏။ သူ၏ရွာသည် မှော်ဝိဇ္ဇာတောင်ဝှေးကိုစောင့်ရသည်မှာ နှစ်ပေါင်းကြာလှပြီဖြစ်၏။ သူ၏အဘ ငယ်စဉ်တည်းက စောင့်ခဲ့ရသော မှော်ဝိဇ္ဇာတောင်ဝှေးသခင်ကလည်း ယခုထိပေါ်မလာသေးပေ။
သူ၏အဘပင် ရောဂါဖြင့်ဆုံးတာ ဆယ်နှစ်ရှိလေပြီ။ ထုံးတမ်းအစဉ်အလာအရ ရွာ၏စုန်းပညာမျိုးရိုးထက်လှသော သူက ရွာသူကြီးဖြစ်လာခဲ့ပြီး အုပ်ချုပ်စီမံရလေ၏။ အဘမရှိတော့သော်လည်း အမေရှိသေး၏။ သို့သော်အမေကလည်း အခြားတစ်နေရာမှာ ပညာအဆင့်ကျင့်နေရ၏။ သူ့အနေနှင့် မှော်ဝိဇ္ဇာတောင်ဝှေးနှင့် ရွာသားများကို အောက်လမ်းဆရာလက်မှ မကယ်တင်နိုင်မှာ စိုးရိမ်ပူပန်လာလေ၏။
ကုတင်ပေါ်ကထ၍ ပြတင်းပေါက်ကနေ အပြင်ကို မျှော်ကြည့်သောအခါ အမှောင်ထုကကြီးစိုးနေပြီဖြစ်၏။ မယ်အိုစာလည်း ရွာကို ကိုယ်တိုင်စစ်ဆေးချင်တာနှင့် အရီးအုန်းတို့ အိပ်နေတာကို မခေါ်တော့ပဲ သူတစ်ဦးတည်း ရွာမြောက်ဘက်ကိုထွက်လာခဲ့၏။ မယ်အိုစာသည် ရွာမြောက်ဘက်အနားရောက်သောအခါ အိပ်ပျော်နေကြသော ကင်းသမားများကိုတွေ့လိုက်ရ၍ စိတ်ပျက်မိသော်လည်း ဝမ်းရေးအတွက် တစ်နေကုန်လယ်ထဲဆင်းနေကြတာကြောင့် ပင်ပန်းနေမှာပဲဟု ဖြည့်တွေးပေးလိုက်မိ၏။
ထိုစဉ်ရွာတံခါးအပြင်ဘက်က သစ်ပင်အောက်ကနေ စကားပြောသံ ရယ်သံများကိုကြားရ၍ ရွာခြံစည်းရိုးအပြင်ကိုကြည့်မိလေ၏။ ထိုအခါ အရူးတစ်ယောက်သည် သစ်ပင်အောက်၌ ထိုင်၍ တစ်ဦးတည်းစကားပြောနေလေ၏။
“သဲဖြူကုန်းက စုန်းဖြူတို့ရွာ .. ရုက္ခစိုးကြီးပြောတာဒီနေရာ ..ငါလိုမင်းသားချောလေးနားခိုမဲ့ရွာ.. ဟီးဟီးဟားဟား…. ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် အရူးမင်းသားလေးမနိုင်…. အယ် ပြီးတော့ ဘာတဲ့။”
မယ်အိုစာသည် အရူးကိုသေချာကြည့်မိသောအခါ သာမန်အရူးတစ်ယောက်မဟုတ်ပဲ ကိုယ်ရောင်ကိုယ်ဝါများတောက်နေလေ၏။ သူ၏အသံကလည်း ညို့ဓာတ်အားပြင်းပြီး ရုပ်ရည်ကလည်း ညစ်ပတ်နေတာတောင် တည်ကြည်ခံ့ညားမဲ့ အသွင်ရှိနေ၏။ မယ်အိုစာကြည့်နေတုန်းမှာတင် ထိုအရူးက ထလာပြီး မယ်အိုစာရပ်နေသည့်ဘက်ကို ဆတ်ခနဲလှည့်လိုက်သောကြောင့် မယ်အိုစာသည် အရောင်တောက်လှသော အရူး၏မျက်လုံးများကြောင့် အနောက်ကိုဆုတ်မိသွား၏။
“ဟဲ့ ဟိုနားက စုန်းဖြူမင်းသမီးလေး… ငါလိုရုပ်ရည်ရူပကာချောမောလှပတဲ့ မင်းသားကို ချောင်းကြည့်မနေနဲ့ ပေါ်တင်ကြည့်စေဟဲ့ ဟဲဟဲဟဲ။”
အရူးစကားကြောင့် မယ်အိုစာတစ်ယောက် ရှိုးတို့ရှမ်းတန်းလေးဖြစ်ကာ ရွာတံခါးဝကိုကပ်လာလေ၏။ အရူးသည် မယ်အိုစာကိုမြင်သောအခါ ဟက်ဟက်ပက်ပက်ရယ်မောနေလေ၏။
“ဟီးဟီးဟီး စုန်းဖြူမင်းသမီးလေးက အတော်လှတာကို… နာမည်ကသာ အိုစာ လူကတော့ နုလိုက်တာ လသားအရွယ်ကလေးအသားအရည်လေးကျနေတာပဲ။”
“ဒီမယ်အရူးကြီး ရှင်ကဘယ်သူလဲ… ကျွန်မရွာကို ဘာလာလုပ်တာလဲ။”
“အောင်မာ လူကသာ စာကလေးသာသာနဲ့ အသံကတော့ မယ်ဝဏ္ဏ(ဘီလူးမ)ထက်တောင် မာလှချည်လား… အရူးတွေအရူးတွေ ကယ်တင်ရှင်မင်းသားလေးကို မချေမငံဆက်ဆံနေတယ်.။”
“အမလေး အရူးကများ မင်းသားတဲ့… ဘာကိုကယ်တင်ရှင်လဲ ရှင်လိုအရူးပညာသည်ဆီက ဘာအကူညီမှမလိုဘူး။”
” ငါလိုမင်းသားလေးကို ဘယ်လိုလေသံမျိုးနဲ့ ရိုင်းရိုင်းစိုင်းစိုင်းပြုမူနေတာတုန်း… ငါလုပ်ရင်နာတော့မယ်…။”
“အောင်မာ… ကျွန်မအသားကိုထိရဲရင်ထိကြည့်လေ ထိကြည့်စမ်းပါ။”
“ဒီလိုငါးရံ့ကိုယ်လုံးလေးကို ကျွန်တော်မင်းသားက တကယ်ထိရမှာလား ဟီးဟီးဟီး။”
“ရှင်.. ရှင်… နှာဘူးအရူးကြီးပဲ … ကျွန်မရွာအနားကအခုထွက်သွား။”
“ဟားဟားဟား ငါကစတာပါ စုန်းဖြူမင်းသမီးလေးရယ်… နင့်ကိုသတိလာပေးတာ.. မနက်ဖြန်မှာ လက်ကျန်မရှိအောင် နင်တို့ကို အမြစ်ဖြတ်ဖို့ အောက်လမ်းဆရာကြီးလာနေပြီ။”
“ဘာ!!…. ရှင်တကယ်ပြောတာလား။”
“ငါ့တာဝန်ကသတိပေးပြီး… ကယ်တင်ဖို့ပဲ… နင်ကမကယ်တင်ခိုင်းတော့ သတိပေးပြီးပြီ ငါပြန်တော့မယ်… ရုပ်ရည်ရူပကာ ချောမောတာ … ငါလိုလူပြိုင်စံရှား ရှိရဲ့လား ဟားဟားဟား။”
အရူးက သူပြောချင်ရာများပြောပြီး မယ်အိုစာကိုကျောခိုင်းကာ အမှောင်ရိပ်ထဲ ဝင်ရောက်ပျောက်ကွယ်သွားလေ၏။ မယ်အိုစာသည် အရူးပြောတာ ဟုတ်သည်မဟုတ်သည်အပထား ပြင်ဆင်စရာရှိတာကိုတော့ ပြင်ဆင်ထားရမည်။ ထို့ကြောင့် ကင်းသမားများကိုနှိုး၍ အခြားလူများကို သူ၏နေအိမ်လာခဲ့ဖို့ ခေါ်လိုက်လေ၏။ သူ၏အိမ်ရောက်သောအခါ အရီးအုန်းတို့ကိုနှိုး၍ အိမ်နှင့်ကပ်လျှက်က ကုတင်ပေါ်ထိုင်နေလိုက်သည်။ မကြာမီ ရွာထဲကအစွမ်းထက်လှသောပညာသည်များရောက်ရှိလာကြ၏။
“လူစုံပြီဆိုတော့ ကျွန်မပြောစရာရှိတယ်။ အခုညကြီးအချိန်မတော် ခေါ်လိုက်ရတာက မနက်ဖြန်ကြ ရွာကိုအောက်လမ်းဆရာက ဝင်တိုက်မယ်လို့ သတင်းရတယ်။”
“ဟယ်…ငါတို့ဘယ်လိုလုပ်ကြမလဲ။”
“အောက်လမ်းဆရာက အတော်စွမ်းတယ်ကြားတယ်။”
“သတင်းက ဟုတ်ပါ့မလား။”
“ဟိတ်!! အားလုံးတိတ်စမ်း… သခင်မစကားပြောနေတာကို မလေးမစားနဲ့ နင်တို့ကတော့။”
အရီးအုန်း၏ အသံကြောင့် လူတွေညိမ်သွားခါမှ မယ်အိုစာကစကားဆက်လေ၏။
“ဒီသတင်းဟုတ်တာမဟုတ်တာထက် ကြိုတင်ပြင်ဆင်ထားတာ မမှားဘူး။ အဲဒီတော့ ရွာသူရွာသားတွေအကုန်လုံး အောက်လမ်းဆရာရောက်လာတာနဲ့ ကလေးလူကြီးတွေကို လုံခြုံတဲ့နေရာပို့ဖို့လုပ်ကြပါ။ လက်ရွေးစင်ပညာသည်တွေကလည်း အသက်မဆုံးရှုံးရအောင် ကာကွယ်ကြပါ။ အောက်လမ်းဆရာရောက်တာနဲ့ ဘယ်သူမှချက်ချင်းဝင်မတိုက်ပဲ ကျွန်မဆီသတင်းပို့ပါ။ ကျွန်မကိုယ်တိုင် ဒီအောက်လမ်းဆရာကို ရင်ဆိုင်ပါ့မယ်။ အကယ်၍ ကျွန်မရှုံးခဲ့ရင် အကုန်လုံးလွတ်ရာကိုပြေးကြပါ။”
“ဟာ သခင်မကလည်း အဲဒီလိုကျုပ်တို့မထားခဲ့နိုင်ဘူး။”
“ဟုတ်တယ် ကျွန်မတို့လည်း သခင်မဘက်ကကူတိုက်မယ်။”
“ဟုတ်တယ်သခင်မ ကျွန်မတို့ တစ်ရွာလုံးပေါင်းတိုက်ရင် ဒီအောက်လမ်းကောင်ဘာခံနိုင်မှာလဲ။”
“တောက်စ်!! တော်!! တိတ်!! ရှင်တို့အားလုံးဆီကနေ ကျွန်မခွင့်ပြုချက်တောင်းနေတာမဟုတ်ဘူး…ကျွန်မက ဒီရွာသူကြီး ရွာကိုအပြည့်အဝကာကွယ်ရလိမ့်မယ်။ မသေသင့်တဲ့သူတွေသေတာကို ကျွန်မမကြည့်နိုင်တဲ့အတွက် ကျွန်မပြောစကားနားထောင်ကြပါ။ ကျွန်မအမိန့်ကိုမနာခံရင် အခုတည်းက ရွာနှင်ဒဏ်အပြင် စုန်းပညာမျိုးရိုးကိုဖျက်စီးပစ်မယ်။”
မယ်အိုစာ၏ စကားကြောင့် အကုန်လုံးလည်း အထွန့်မတက်ရဲတော့ပဲ ခေါင်းငုံ့သွားကြလေ၏။ မနက်မိုးလင်းသည့်အခါ၌ တစ်ရွာလုံး လယ်ထဲမဆင်းပဲ အိမ်၌ ရှိနေကြလေ၏။ ကောင်းကင်ကလည်း ယနေ့မှ တိမ်ထူနေ၍ နေရာင်တောင်မထိုးဖောက်နိုင်ပေ။ မယ်အိုစာတစ်ယောက် အိမ်ရှေ့မှာထိုင်ရင်း ဆေးပေါ့လိပ်ကြီးဖွာနေခဲ့လေ၏။ အချိန်အားဖြင့် နေ့လယ်မွန်းမတည့်ခင်၌ လေနီကြမ်းတွေက ရုတ်တရက် ဆောင့်တိုက်လာခဲ့၏။
သဲများဖုန်များပါလာသောကြောင့် မျက်လုံးတွေထဲဝင်ကုန်ကြလေ၏။ လေနီကြမ်းများတိုက်ခတ်၍ အပြီး၌ လေပွေကြီးတစ်ခုက ပျံသန်းလာပြီး ရွာအလယ်ကို ကျလာသောအခါ လေပွေပျောက်၍ တိုက်ပုံအင်္ကျီအနက် ရှမ်းဘောင်းဘီအဝါ၊ ခေါင်းပေါင်းပေါင်းထားသော လူကြီးတစ်ယောက်က လွယ်အိတ်ကြီးတစ်လုံးလွယ်ရင်း ပေါ်လာခဲ့လေ၏။ ရုတ်တရက်ပေါ်လာသောထိုလူကိုကြည့်ကာ ပညာသည်တစ်ဦးသည် ချက်ချင်းဠင်းတအသွင်ပြောင်းကာ ပျံသည့်အချိန်၌ ထိုလူကြီးက လက်ညိုးထိုး၍ အံကိုကြိတ်ဖနောင့်ပေါက်ချလိုက်၏။
ထိုအခါ ဠင်းတသည် ဖုတ်ခနဲလူအသွင်ပြောင်းပြီး မြေပြင်ပေါ်ကားယားကြီးကျသွားလေ၏။ ထိုလူကြီးက သဘောကျစွာ ဟားတိုက်ရယ်မောပြီး…
“ဟဲ့ စုန်းတွေ နင်တို့စုန်းဖြူမင်းသမီးဆီက မှော်ဝိဇ္ဇာတောင်ဝှေးယူလာခဲ့ကြ မဟုတ်ရင် တစ်ရွာလုံးကို မီးလောင်တိုက်သွင်းပစ်မယ်။ “
“တောက်စ် လူယုတ်မာ… တောင်ဝှေးတော့ မရဘူး ဒါပဲရမယ်။”
ယောက်ျားတစ်ယောက်က စတင်တိုက်ခိုက်တာနှင့် အခြားစုန်းတွေကလည်း ပညာဖြင့်တိုက်ကြလေတော့၏။ အများနှင့် တစ်ယောက်ဆိုပေမဲ့ ထိုလူကြီးက မထီမျက်နှာပေးနှင့် သူ၏ပတ်ချာလည်စည်းတားလိုက်သောအခါ စုန်းပညာစက်တွေက သူ့အနားရောက်တာနှင့် ဖြုတ်ခနဲဖြုတ်ခနဲပျောက်သွားကြလေ၏။ ထိုအခါ ကာလသားများက ရှေ့ကျွမ်းထိုးလိုက်ကာ လူ့ခါးစောင်းမျှရှိသော ခွေးနက်ကြီးများအသွင်ပြောင်း၍ ထိုလူကြီးထံဝင်ရောက်ကိုက်ကြလေ၏။
ထိုလူကြီးကတော့ ဘာကိုမျှမမှု။ မြေစာခဲများကိုကောက်၍ မန်းမှုတ်ပြီး သူ့ဘေးတဝှိုက်ကျဲချလိုက်၏။ သူကျဲချလိုက်သော မြေစာမှုန့်တွေကနေ ဆူးချွန်တွေဖြစ်သွားပြီး ခွေးတွေကို ထိမှန်သွားလေ၏။ ခွေးနက်ကြီးတွေလည်း ဆူးချွန်များထိမှန်ပြီး လဲကျသွားချိန် မယ်အိုစာတစ်ယောက် စက်ကြိုးစီးကာ ရောက်ချလာလေ၏။ သူ၏ရွာသားများ လဲကျနေတာကိုကြည့်၍ နှုတ်ခမ်းကိုက်ပြီး တောက်ခတ်လိုက်လေ၏။
“ကျွန်မအတန်အတန်ပြောထားရဲ့နဲ့ ရှင်တို့အားလုံးအကုန်နောက်ဆုတ်ကြ .. ကျွန်မနဲ့ဒီလူယုတ်မာပဲစာရင်းရှင်းမယ်။”
“အလို.. မင်းလေးက စုန်းဖြူမင်းသမီးလေးထင်တယ်.. ငါကအသက်ကြီးကြီးထင်နေတာ မင်းလေးကအတော်လှတာပဲ.. ငါ့ကိုအသာတကြည်တောင်ဝှေးပေးပြီး မင်းလေးငါ့မယားလုပ်ရင် မင်းတို့တစ်ရွာလုံးကိုချမ်းသာပေးမယ်… အဲလိုမှမဟုတ်ရင်တော့ တစ်ရွာလုံးမီးလောင်တိုက်သွင်းရလိမ့်မယ်။”
“ထွီ!! အယုတ်တမာအောက်လမ်းကောင်… နင့်လောက်ကတော့ စာမဖွဲ့ဘူး.. ငါ့ပညာစက်ကိုသာ နင်ခံနိုင်ရင်ခံစမ်းဟဲ့။”
မယ်အိုစာက ဤသို့ပြောပြီး သူ၏လက်ကောက်ဝတ်ကနေ စက်ကြိုးများထွက်လာပြီး ထိုလူကြီးထံပစ်လွှတ်လိုက်၏။ ထိုလူကြီးက အစောတည်းက ထုတ်နှင့်ထားသည့် အင်းတစ်ချပ်နှင့် ကာလိုက်လေ၏။ အင်းချပ်ထဲကနေ လက်မည်းကြီးတစ်ဖက်ထွက်လာပြီး မယ်အိုစာ၏စက်ကြိုးကို ဖမ်းပြီး ဆောင့်ဆွဲလိုက်သောကြောင့် မယ်အိုစာ အရှေ့ကိုလဲမတတ်ဖြစ်ကာ စက်ကြိုးကိုဖြတ်လိုက်ရ၏။
“ရှင်..ရှင်.. လက်မည်းကြီးအင်းကိုဘယ်ကရတာလဲ။”
“ဟားဟားဟား… သိပ်ကြောက်သွားလားစုန်းဖြူမင်းသမီးလေး.. ငါကိုယ်တိုင်စီရင်ထားတာဟဲ့… နင်တို့စုန်းလောက်ကတော့ တောက်ချလိုက်လို့ရတယ်… ငါပြောတာလက်ခံမလား… တစ်ရွာလုံးအသေခံမလား။”
မယ်အိုစာသည် စုန်းပညာသည်အတော်များများ ကြောက်ရွံ့ရသည့် လက်မည်းကြီးအင်းကြောင့် ထိတ်လန့်မိနေ၏။ လက်မည်းကြီးအင်းသည် တော်ရုံအောက်လမ်းဆရာ မစီရင်နိုင်ပေ။ ပညာအဆင့်အတော်မြင့်သည့်ဆရာများပင် ထိုလက်မည်းကြီးအင်းစီရင်နေတုန်း အဖျက်အမှောင့်ကိုမကျော်လွှန်နိုင်ပဲ လက်မည်းကြီးကပြန်သတ်တာခံရလေ၏။ ထိုလက်မည်းကြီးက အင်းချပ်ပြားထဲကနေ ထိုးထိုးထောင်ထောင်ထွက်နေ၏။
ထိုလက်မညး်ကြီးက မည်သည့်ပညာစက်ကိုမဆို ကာကွယ်နိုင်သလို၊ ဘယ်ပညာသည်မဆို သတ်ပစ်နိုင်လေ၏။ မယ်အိုစာသည် ရွာသားများကိုမျက်စပစ်ကာ ထွက်သွားဖို့ပြောပြီး သူ၏လက်နှစ်ဖက်ကိုပူး၍ မီးစက်ဖြင့်ပစ်လွှတ်လိုက်၏။ လက်မည်းကြီးက အောက်လမ်းဆရာရှေ့ကနေ ကာလိုက်သောအခါ မီးတောက်က ဝုန်းခနဲတောက်လောင်ပြီး ပျောက်ကွယ်သွားလေ၏။
အောက်လမ်းဆရာသည် ဘာမထီမျက်နှာပေးနှင့် ကြည့်ကာ အင်းတစ်ချပ်ကို မယ်အိုစာထံလှမ်းပစ်ချလိုက်ပြီး မန္တာန်တစ်ပုဒ်ကို အလျှင်အမြန်ရွတ်ဖတ်လိုက်လေ၏။ မယ်အိုစာသည် ရှောင်သော်လည်း တစ်ကိုယ်လုံးတောင့်၍ မျက်လုံးသာလှုပ်ရှားနိုင်လေ၏။ အောက်လမ်းဆရာက ဟားတိုက်ရယ်မောကာ မယ်အိုစာကိုကြည့်နေလေ၏။
“စုန်းဖြူမင်းသမီးလေး စွမ်းလှစွမ်းလှနဲ့ ထင်သလောက်လည်းမဟုတ်ပါ့လား.. ကဲဟဲ့ကောင်တွေကောင်မတွေ မှော်ဝိဇ္ဇာတောင်ဝှေးပေးမလား နင်တို့စုန်းဖြူမင်းသမီးလေး အသက်သေခံမလားကြိုက်ရာရွေး။”
အောက်လမ်းဆရာသည် ပြောလည်းပြော မယ်အိုစာဆီလျှောက်လာကာ လည်ပင်းကိုညှစ်ပြီးအပေါ်ကို မြှောက်လိုက်လေ၏။
“ဟာ သခင်မ..။”
“သခင်မ.။.”
“ဟက် အယုတ်တမာ ငါတို့သခင်မကိုအခုလွှတ်။”
“နင်တို့သခင်မ မသေေစချင်ရင်.. မှော်ဝိဇ္ဇာတောင်ဝှေးဘယ်မလဲ။”
ထိုစဉ် အောက်လမ်းဆရာဆီသို့ တုတ်တစ်ချောင်းက ဝင်ရောက်လာလေ၏ အောက်လမ်းဆရာသည် ရိုက်ထုတ်လိုက်ကာ တုတ်ပစ်လိုက်သောနေရာကိုကြည့်သောအခါ ယောဂီရောင်အဝတ်အစုတ်များနှင့် ရှုပ်ထွေးပွေလှီလှသော ဆံပင်များနှင့် အရူးသည် သူ့အား ပြုံးပြုံးကြီးကြည့်နေလေ၏။
“ဟဲ့စောက်ရူး.. သေချင်နေတာလား။”
“အဟက်ဟက်… အောက်လမ်းဆရာကြီးက ရုပ်ဆိုးလိုက်တာ… ဟိုနားကနွားသိုးကြီးကမှ ခင်ဗျားထက်လှအုံးမယ်။”
“ဘာကွ.. မင်းလိုအရူးကများ။”
“အဟက်.. ကျုပ်ကရူးပေမဲ့ချောတယ်ဗျ.. ကျုပ်လိုမင်းသားလေးတစ်ပါးက ခင်ဗျားလို ပညာနဲ့ သူများကိုဒုက္ခမပေးဘူး.. ခင်ဗျားက သေရင်ငရဲကျမှာ ဟားဟား။”
” ငါငရဲကျတာမကျတာ မင်းသောက်လုပ်မပါဘူး။”
“ဟက်ဟက်ဟက် ငရဲကျမယ်အသံကြားတော့ ကြောက်လှချည်လား.. ခင်ဗျားလို အောက်လမ်းဆရာ ငရဲကျရင် စအိုကနေတံစို့ထိုး မီးကင်ပြီး ခွေးနက်ကြီးစာကျွေးခံရမှာမြင်ယောင်သေးသဗျာ။”
အရူးပြောတာကို အောက်လမ်းဆရာသည်းမခံနိုင်တော့ပေ။ မယ်အိုစာကို လွှတ်ချလိုက်ပြီး လွယ်အိတ်ထဲနေ တိုက်နွားရုပ်တစ်ရုပ်ထုတ်လိုက်လေ၏။ တိုက်နွားကိုအသက်သွင်းကာ အရူးထံကို ဝင်ခွေ့ခိုင်းလေ၏။
“အဟက်ဟက်ဟက် .. အောက်လမ်းဆရာကြီး တော်လှတော်လှနဲ့ ငါ့ကိုအရုပ်နဲ့လာကစားခိုင်းနေတယ်။”
အရူးသည် တုတ်တစ်ချောင်းကိုကောက်၍ သူ့အနားရောက်လာသော တိုက်နွားကြီးကို ခေါင်းရိုက်ချလိုက်ကာ “ဟဲ့အကောင် မူလပြန်စမ်း”ဟု ပြောလိုက်လေ၏။ ချက်ချင်းဆိုသလို တိုက်နွားက အရုပ်လေးပြန်ဖြစ်သွားတာကြောင့် အောက်လမ်းဆရာအံ့ဩမိသွားလေ၏။
“ဪ လက်စသက်တော့ မင်းကမြေလျှောက်ဝိဇ္ဇာအရူးပဲ။”
“ငါလိုမင်းသားချော၊ မင်းသားခန့်လေးတစ်ပါးကို ဘယ်သူနဲ့လူမှားနေတာတုန်း ရုပ်ဆိုးဆိုးအောက်လမ်းကောင်ကြီးရဲ့။”
“ဟင်း.. မင်းလိုအရူးကောင် သေဖို့သာပြင်ထား။”
အောက်လမ်းဆရာကြီးက ဤသို့ပြောပြီး သူ၏ လက်မည်းကြီးအင်းကိုထုတ်လိုက်လေ၏။ ထို့နောက် အသက်သွင်းမန္တာန်ထက်မံရွတ်လိုက်သောအခါ လက်မည်းကြီးက အင်းထဲကနေ ရှည်ထွက်လာပြီး အရူးထံတည့်တည့်ဝင်လာလေ၏။ အရူးက ချက်ချင်းဆိုသလို ပျောက်သွားပြီး နောက်တစ်နေရာ၌ ပေါ်လာကာ ရယ်မောနေလေ၏။
“ဟေ့လက်မည်းကြီး ငါဒီမှာ.. လာလေ.. လိုက်ဖမ်း။”
လက်မည်းကြီးက အရူးဆီကို ထက်မံဝင်လာသောအခါ အရူးက ပျောက်သွားပြီး နောက်တစ်နေရာမှာ ပြန်ပေါ်လာလေ၏။ ဤသို့ဖြင့် အရူးကပျောက်လိုက်ပေါ်လိုက်နှင့် လက်မည်းြကီးကမဖမ်းနိုင်ပဲဖြစ်နေလေ၏။ အရူးသည် ဤတစ်ခါ၌ လက်မည်းကြီးဝင်လာတာကို အပေါ်ကိုခုန်လိုက်ကာ လက်မည်းကြီးပေါ် တက်နင်းလိုက်လေ၏။ လက်မည်ကြီးက အတော်ကြီးမားပြီး သန်မာသော်လည်း အရူးတက်နင်းထားတာကို မလှုပ်ရှားနိုင်ဖြစ်ကာ ရုန်းနေလေ၏။
အရူးက လက်မည်းကြီး၏ လက်ဖမိုးပေါ်တက်ထိုင်လိုက်၏။
“ဟဲ့လက်မည်းကြီးညိမ်ညိမ်နေစမ်း.. နင့်လက်ကို ငါဖြတ်လိုက်ရမလား။”
ထိုအခါ လက်မည်းကြီးက ညိမ်ကျသွားလေ၏။ အောက်လမ်းဆရာကတော့ တောက်ခတ်ကာ ဒေါသထွက်နေပြီဖြစ်၏။
“ဟဲဟဲဟဲ အောက်လမ်းဆရာရုပ်ဆိုးြကီး ဒေါသထွက်နေပြီလား…. ဟားဟားဟား ခင်ဗျားပြီးရင် ကျုပ်အစွမ်းကိုပြမယ်။”
အရူးက ဤသို့ပြောပြီး တင်ပုလ္လင်ခွေထိုင်ချကာ မန္တာန်တစ်ပုဒ်ကိုကျယ်လောင်စွာ ရွတ်ဖတ်လိုက်လေ၏။ အရူးက မန္တာန်ရွတ်လိုက်သောအခါ လေတွေတိုက်လာခဲ့၏။ ထို့နောက် ရွှေရောင်အလင်းများတောက်ပသည့် သူတစ်ယောက်က အောက်လမ်းဆရာနောက်ကပေါ်လာပြီး ကန်လိုက်လေ၏။ အောက်လမ်းဆရာနောက်လှည့်ကြည့်သောအခါ ဘယ်သူ့ကိုမှမတွေရပေ။ ဆက်လက်ပြီးတော့ အောက်လမ်းဆရာအရှေ့တည့်တည့်ကနေ ကိုယ်ရောင်ကိုယ်ဝါတောက်ပသော ပုဂ္ဂိုလ်နှစ်ယောက်ပေါ်လာကာ အောက်လမ်းဆရာကို ဘယ်ပြန်ညာပြန်ထိုးပြီး ပြန်ပျောက်သွားလေ၏။
အောက်လမ်းဆရာက လဲကျသွားကာ အရူးမန္တာန်ကြောင့်ဆိုတာသိပြီး ပြေးသွားသောအခါ အရှေ့တည့်တည့်ကနေ ပုဂ္ဂိုလ်တစ်ယောက်ပေါ်လာပြီး ရင်ဝကိုဆောင့်ကန်သောကြောင့်နောက်ပြန်လဲကျသွားလေ၏။ ထို့နောက် သူ့အပေါ်ခွ၍ အလင်းတန်းများဖြာဝေနေသော ပုဂ္ဂိုလ်တစ်ယောက်ပေါ်လာကာ လည်ပင်းကိုဆွဲပြီး တခွက်ခွက်ထိုးနေလေသည်။
ထိုပုဂ္ဂိုလ်ပျောက်သွားသောအခါ ထက်မံ၍ ကိုယ်ရောင်တောင်သည့် လူ့ဘီလူးကြီးပေါ်လာကာ အောက်လမ်းဆရာကို မလိုက်ပြီး ကိုင်ပေါက်လိုက်လေ၏။ အောက်လမ်းဆရာခမျှ ပြန်မထနိုင်ပဲ သွေးများအန်ချကာ မျက်နှာကဖူးယောင်လာ၏။ ထိုအခါ သူ၏ဘေးကနေ ပုဂ္ဂိုလ်နှစ်ယောက်ပေါ်လာပြီး ရင်ဘက်နှင့်ကျောကို ပြိုင်တူကန်သောအခါ အောက်လမ်းဆရာ တောင်းပန်ရလေ၏။
“အမလေးကြောက်ပါပြီဗျ… ကျုပ်အရှုံးးပေးပါပြီ…ရပ်ပါတော့သူရူးရယ် ကျုပ်တောင်းပန်ပါတယ်။”
အရူးသည် အောက်လမ်းဆရာ၏ တောင်းပန်အသံကြားမှ မန္တာန်ကိုရပ်လိုက်သောအခါ ပုဂ္ဂိုလ်များက ပျောက်ကွယ်သွားလေ၏။ အရူးသည် လက်မည်းကြီးအင်းကို ဖျက်ဆီးကာ မယ်အိုစာကို ခေါင်းပုတ်လိုက်သောအခါ မယ်အိုစာတစ်ယောက်လှုပ်ရှားလို့ရသွားလေ၏။ အရူးသည် အောက်လမ်းဆရာအနားကိုသွားလိုက်လေ၏။
“အဟက်ဟက် နဂိုကမှ မင်းကုသလိုရုပ်နဲ့ပါဆို အခုဖူးယောင်ကိုင်းနေတဲ့မျက်နှာနဲ့ဆို မင်းကုသတောင်ခင်ဗျားတွေ့ရင် သူ့ထက်ရုပ်ဆိုးသူတွေ့ပြီဆိုပြီး ဖြေသိမ့်လို့ရပြီ.. အဟားဟား.. ခင်ဗျားကအစီအရင်တွေကို မဟုတ်တဲ့နေရာမှာ သုံးတဲ့အတွက် အပစ်ကတော့ ကျုပ်လိုမင်းသားလေးက ပေးမှရမယ်။”
အရူးသည် အောက်လမ်းဆရာ၏ ခေါင်းကိုကိုင်ကာ မန္တာန်တစ်ပုဒ် ဌာန်ကရိုင်းကျကျ ရွတ်လိုက်လေ၏။ အရူး၏ မန္တာန်ဆုံးသောအခါ အောက်လမ်းဆရာတစ်ယောက် မျက်လုံးများပြာဝေပြီး မူးမေ့လဲကျသွား၏။
“ကောင်းတယ်.. ခင်ဗျား ဘယ်အစီအရင်ကိုမှမှတ်မိမှာလည်းမဟုတ်သလို… သင်လို့လည်းရမှာမဟုတ်တော့ဘူး.. ခင်ဗျားမှတ်ဉာဏ်ကို ကျုပ်ဖျက်လိုက်ပြီ။”
အရူး၏အနောက်ကိုမယ်အိုစာရောက်လာကာ ရှိခိုးတောင်းပန်လေ၏။
“တောင်းပန်ပါတယ်ဆရာသခင် … ဆရာသခင်ကိုမနေ့ညက စော်ကားသလိုဖြစ်သွားပါတယ်.. ကျွန်တော်မျိုးမရွာကိုလည်း ကယ်တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်.. ဆရာသခင်အလိုရှိရာကိုပြောပါ… ကျွန်တော်မျိုးမပေးဆောင်ပါ့မယ်။”
“အဟဲဟဲ စုန်းဖြူမင်းသမီးလေးက ကျုပ်ရဲ့ရုပ်ရည်ကြောင့် အခုတော့မြေပြင်မှာခစားရပြီမလား.. ထပါလေ… လောလောဆယ် ကျုပ်ထမင်းစားချင်တယ်။”
“ရပါတယ်ဆရာခင်..ကျွန်တော်မျိုးမအိမ်ကိုလိုက်ခဲ့ပါ.. စားကောင်းသောက်ဖွယ်ရာများနဲ့ ဧည့်ခံပါ့မယ်။”
“အဟီးဟီး ထမင်းစားရတော့မယ်… ထမင်းစားရတော့မယ်… လာသွားစို့။”
အရူးသည် ရှေ့ကနေ ခုန်ပေါက်သွားနေလေ၏။ သဲဖြူကုန်းရွာက စုန်းဖြူတွေသည် အောက်လမ်းဆရာကို ခြေမှတရွတ်တိုက်ဆွဲ၍ ရွာအပြင်ကိုလွင့်ပစ်လိုက်ကြလေ၏။ အရူးသည် မယ်အိုစာ၏အိမ်၌ ထမင်းစားသောက်ပြီးသောအခါ အိမ်ထဲကထွက်သွားလေ၏။ မယ်အိုစာသည် အရူးနောက်မှ အပြေးလိုက်ကာ..
“ဆရာသခင် သွားတော့မလို့လား.. ကျွန်တော်မျိုးမတို့ဆီ တစ်ပတ်တစ်လနေပါအုံး.. ကျေးဇူးဆပ်ချင်လို့ပါ။”
“စုန်းဖြူမင်းသမီးလေး ငါဟာ နယ်တကာလှည့်ပြီး ရူပဒါနပြုနေသူဖြစ်တယ်… နင့်ဆီမှာပဲငါမနေနိုင်ဘူး.. နင့်လိုရုပ်ရည်လှတယ်ဆိုတာ အပုပ်ကောင်ကြီး… အပုပ်ကောင်ကြီးအနား ငါမနေနိုင်ဘူး။”
ပညာသည်ဖြင့်လင့်ကစား မိန်းမတစ်ယောက်ဖြစ်တာမို့ သူ့အား အပုပ်ကောင်ဟုပြောသောကြောင့် စုန်းဖြူမင်းသမီးလေး မယ်အိုစာ စိတ်ဆိုးမာန်ဆိုးနှင့်…
“ကြွကြွ..ကျေးဇူးရှင်မို့ ကျေးဇူးဆပ်ချင်လို့ပြောတာ.. လူကိုများအပုပ်ကောင်တဲ့.. ရှင့်ရုပ်လည်းရှင်ပြန်ကြည့် ငါးမွှေထိုးကို ဘီလူးနှုတ်ခမ်းမွှေးတပ်ထားသလိုပဲ။”
အရူးကတော့ ပြုံးရယ်ကာ…
“မိန်းမတွေ အခုတစ်မျိုးတော်ကြာတစ်မျိုးနဲ့…ရူးများနေလားမသိဘူး… ကဲ ငါမင်းသားချောလေး သွားမယ်… လွမ်းရစ်နေအုံးတော့ စုန်းဖြူမငး်သမီးလေးရေ။”
အရူးက သူအော်ချင်တာများအော်သွားသည်ကို မယ်အိုစာလည်း ပြုံးပြီးရပ်ကြည့်မိနေလေ၏။ အရူးသည် ရွာလမ်းတလျှောက် ခုန်ပေါက်ပြေးလွှားရင်း ရွာ့အပြင်ကိုထွက်လာခဲ့လေ၏။ ရွာအပြင်ရောက်သောအခါ သူ၏နားထဲကို အသံကြားလိုက်ရလေ၏။
“သူရ.. မောင်းတောရွာကိုဆက်သွားလိုက်အုံး… မင်းအခုတိုက်လာတဲ့ အောက်လမ်းဆရာက အတော်ဆိုးတယ်.. မောင်းတောရွာကို အစီအရင်နဲ့သူတိုက်ထားတာ အခုထိမပြယ်သေးဘူး။”
အရူးက မျက်လုံးလေးပြူးကာ “ဟော အသံကြားရပြန်ပြီ… သွားရအုံးမှာပဲ။ .. ဟိတ်!! .. ငါမင်းသားလေး မောင်းတောရွာကိုတိုင်းခန်းလှည်လည်လာပြီ.. နောင်နောင် နောင်ဗေနောင်”ဟု အော်ဟစ်သွားလေတော့သတည်း။
~~~~
ပြီးပါပြီ။
နောက်တစ်ပိုင်းမှာတော့ သူရနှင့် မင်းလားကွတစ္ဆေဆိုသည့်ဇာတ်လမ်းကို တင်ဆက်ပြသပါ့မည်။
တတ်သည့်ပညာတိုင်းအား ကောင်းတာလုပ်ပါမူ…
ကောင်းသည့်ပညာသာဖြစ်၏။
တတ်သည့်ပညာတိုင်းအား မကောင်းတာလုပ်ပါမူ…
မကောင်းသည့်ပညာသာဖြစ်၏။
အဖြူနဲ့အမဲဟာ ဒွန်တွဲနေ၏။
(ဆက်လက်ကြိုးစားပါအုံးမည်)
#မိုးထွန်း(မကွေး)
Leave a Reply