ဂွေးတစ်ထောင်ဆေး

ဗျာ၊ အခုလည်း မိန်းကလေးတစ်ယောက် ယူလိုက်ပြန်ပြီဗျ၊ နာမည်ကလည်း ဘိုမတဲ့၊ နာမည်နဲ့လိုက်အောင် ဖြူဖြူချောချောပါဗျာ၊ မိတ်ကပ်တွေ၊ ပါးနီတွေ၊ နှုတ်ခမ်းနီတွေပြင်ထားတော့ ပိုလှနေတာပေါ့၊ ဆံပင်ကလည်း အဲဒီတုန်းက ခေတ်စားတဲ့စတိုင် တစ်ခေါင်းလုံးကို အကောက်လုပ်ပြီးချထားသေးသဗျာ၊ ထမီတိုတိုကလေးဝတ်၊ လေဒီရှူးနဲ့ဆိုတော့ တကယ့်ကိုဘိုမရုပ်နဲ့ တူပါတယ်ဗျာ။

“အဲဒါအသာထားပါဆိုနီရာ ဒီတစ်ခါရွာလာတာ ဘာကိစ္စရှိလို့တုန်းကွ”

“အိုဗျာ၊ ကိုယ့်အကိုကြီးဆီလာတာ၊ ပြီးတော့ ကိုယ့်မွေးရပ်မြေကိုလာတာ အကြောင်းကိစ္စရှိမှ လာရမှာလား သူကြီးမင်းရ”

အဖေကပြုံးရင်း

“အေးပါကွာ၊ ငါက မင်းအလုပ်မအားမှာစိုးလို့ပြောတာပါ၊ အေးကွာ၊ ရောက်တုန်းရောက်ခိုက်ဆိုတော့ နားနားနေနေ နေပေါ့ကွ၊ ဒါနဲ့ တို့အိမ်မှာပဲ တည်းမယ်မို့လား”

အဖေမေးလိုက်တော့ ဦးဆိုနီက မျက်နှာပျက်သွားပြီးတော့

“ဟိုဗျာ၊ သူကြီးမင်းတို့အိမ်လည်း လူအများသားမဟုတ်လားဗျ၊ ကျုပ်တို့ရှိနေလို့ သူကြီးမင်းတို့ နေရထိုင်ရတာ ကျဉ်းကြပ်နေပါအုံးမယ်”

အဖေက သဘောပေါက်လိုက်ပြီမို့လို့ ခေါင်းကိုတဆတ်ဆတ်ညိတ်တယ်ဗျ၊ ကျုပ်ကလည်း အကြံရသွားပြီး

“ဟာ အဖေ၊ ဦးဆိုနီတို့ တည်းခိုချင်တယ်ဆိုရင် ဦးဘဖြူတို့အိမ်ကြီး လွတ်နေတယ်မဟုတ်လားဗျာ၊ သူတို့အိမ်ကလည်း တိုက်ခံအိမ်ခိုင်ခိုင်ခံ့ခံ့ဆိုတော့ ဦးဆိုနီတို့ နေလို့အဆင်ပြေမှာပါ၊ ဦးဘဖြူသမီးကို တည်းခိုခဆိုပြီး နည်းနည်းပါးပါး ပေးလိုက်ရင်ဖြစ်ပါတယ်”

ကျုပ်ဝင်ပြောတော့ ဦးဆိုနီလည်း သဘောကျသွားပုံရတယ်။

“ပေးပါ့မယ်၊ တည်းခိုခတော့ ပိုပိုသာသာပေးပါ့မယ်”

အဖေက ကျုပ်ဘက်ကိုကြည့်ပြီး

“ဒါဆိုအဆင်ပြေသွားတာပေါ့ ဆိုနီရာ၊ ကဲ အလတ်ကောင်နဲ့ အငယ်ကောင် မင်းတို့က ဆိုနီတို့ကို ဦးဘဖြူတို့အိမ်ကိုခေါ်သွားလိုက်၊ ငါကတော့ ဦးဘဖြူသမီး မညိုကိုအကျိုးအကြောင်းပြောပြလိုက်မယ်၊ မင်းတို့ကောင်တွေ အိမ်ကိုလည်း သေသေချာချာသန့်ရှင်းပေးလိုက်ကြအုံး၊ ဟုတ်ပြီလား”

အဖေ့အမိန့်နဲ့ ကျုပ်တို့လည်း ဦးဆိုနီရဲ့ ဂျစ်ကားကလေးပေါ်ကိုတက်ခဲ့ကြတာပေါ့ဗျာ၊ အဲဒီခေတ်က ဂျစ်ကားတွေက တော်တော်ခေတ်စားတာကိုးဗျ၊ မြို့ပေါ်မှာတော့ ဆလွန်းကားတွေဘာတွေ ပေါ်နေတယ်ဆိုပေမယ့် ကျုပ်တို့လို တောမှာတော့ ဂျစ်ကားက အသုံးအဝင်ဆုံးပဲမဟုတ်လား၊ နောက်တော့ ဦးဘဖြူတို့ခြံဝင်းထဲကို ကားရပ်ပြီးတော့ ဝင်ခဲ့ကြတယ်ပေါ့ဗျာ၊ အငယ်ကောင်နဲ့ကျုပ်နဲ့ကတော့ ရေပုံးတွေ၊ တံမြက်စည်းတွေနဲ့ အိမ်ပေါ်ကိုတက်ပြီး သန့်ရှင်းရေးလုပ်ကြပါရော၊ ဦးဆိုနီတို့ကတော့ ခြံဝင်းထဲက အရိပ်ကောင်းကောင်း မန်ကျည်းပင်ကြီးအောက်မှာထိုင်ရင်း သူတို့အချင်းချင်း စကားပြောနေကြရဲ့ဗျာ။

အငယ်ကောင်က အဝတ်စတစ်ခုနဲ့ နံရံမှာထုတက်နေတဲ့ ဖုန်တွေကိုသုတ်ချရင်း

“အကိုလတ်၊ ဦးဆိုနီရဲ့ မိန်းမကတော့ အတော်ချောသဗျနော်၊ ငယ်ကလည်း ငယ်ငယ်လေးရှိအုံးမယ်”

အသံတိုးလေးနဲ့ လာပြောတယ်ဗျ။

“အေးကွ၊ အသက်ကလည်း ငါတို့နဲ့မတိမ်းမယိမ်းလောက်ပဲရှိမယ်၊ ချောတာကလည်း ချောတယ်ဟေ့၊ သူ့နာမည်ကလည်း ခင်သီတာာဝင်းဆိုပဲ ရုပ်ကလည်း ရုပ်ရှင်မင်းသမီး ရုပ်မျိုးဟ”

“ဟုတ်ပါ့ဗျာ၊ ဦးဆိုနီတို့ကတော့ မိန်းမချောချောရတာ ကံကောင်းတာပဲဗျနော်”

“မင်းကလည်းကွာ၊ ငါကတော့ ကံကောင်းတယ်လို့မထင်ဘူးကွ”

အငယ်ကောင်က ကျုပ်ကိုကြည့်ရင်း

“ဘာဖြစ်လို့လဲဗျ”

“ဟ၊ ဘာဖြစ်ရမလဲကွ၊ အခုပဲကြည့်လေ၊ ဦးဆိုနီက ငါတို့စကားထက် သူ့မိန်းမငယ်ငယ်ချောချာစကားကို ပိုပြီးနားထောင်ပုံရတယ်ကွ၊ တို့အိမ်မှာတည်းမလားလို့ အဖေမေးတော့ သူ့မိန်းမက မျက်နှာပျက်သွားပြီး ဦးဆိုနီလက်ကို အသာဆွဲဆိတ်နေတာကို မြင်လိုက်ရတယ်ကွ”

“ဒါလည်းဟုတ်မှာပေါ့ဗျာ၊ နွားအိုဆိုတော့လည်း မြက်နုကြိုက်တာပေါ့၊ ဟား၊ ဟား”

“အငယ်ကောင်ကလည်းကွာ ဦးဆိုနီက သိပ်မအိုသေးပါဘူးကွ၊ မင်းကလည်း”

ကျုပ်တို့စကားပြောနေတုန်း အပေါ်ထပ်ကိုတက်လာတဲ့ခြေသံကြားလိုက်ရပြီးတော့ ဦးဆိုနီက ကျုပ်တို့အနားကိုလှစ်ခနဲရောက်လာသဗျာ။

“ဟေ့၊ ငါ့တူတွေ မင်းတို့ဘယ်က နွားအိုအကြောင်းပြောနေတာလဲကွ”

ကျုပ်တို့လည်းတိုင်ပတ်ပြီလေဗျာ၊ ဒါနဲ့ပဲ ကျှုပ်က

“မ၊ မဟုတ်ပါဘူးဗျာ၊ အိမ်ကနွားအိုကြီးအကြောင်းပြောပြီး ငြင်းနေကြတာပါဗျ”

ဦးဆိုနီက ခေါင်းညိတ်ရင်း

“နွားအိုဆိုလို့ကတော့ ခိုင်းမနေတော့နဲ့ကွာ၊ တစ်ခါတည်း သားသတ်ကိုသာ ရောင်းလိုက်တော့၊ နို့မို့ဆို ခိုင်းမရ ပြုမရနဲ့ အစာကျွေးရတာပဲ အဖတ်တင်တယ်မဟုတ်လားကွ”

ကျုပ်နဲ့အငယ်ကောင်လည်း ပြုံးရင်း

“ဟုတ်၊ ဟုတ်ပါ့ဗျာ၊ ဒါပေမယ့် အိမ်ကနွားကြီးက ဒီလောက်လည်းမအိုသေးပါဘူးဗျ၊ နွားမဒန်းမလေးတွေတွေ့ရင် နှာက ထထမှုတ်သေးသဗျ၊ ဟီး၊ ဟီး”

ဦးဆိုနီလည်း ပြုံးရင်း အခန်းထဲဝင်သွားပါရောဗျာ။

(၂)

“ဟေ့ အလတ်ကောင်၊ ပုံးတွေ၊ တံမြက်စည်းတွေနဲ့ ဘယ်ကနေ ပြန်လာခဲ့သလဲကွ”

ဦးဘသာအိမ်ရှေ့ရောက်တော့ ဦးဘသာက လှမ်းအော်သဗျ၊ ကျုပ်လည်း ဦးဘသာခြံထဲဝင်ခဲ့တော့ ဦးဘသာအိမ်ရှေ့မှာ ဆေးဆရာဦးမှတ်ကြီးရယ်၊ ရွာထဲက အဘကြီးနှစ်ယောက်လောက်ရယ်ထိုင်ပြီး လက်ဖက်တစ်ပန်းကန်နဲ့ ပွဲကျနေသဗျ။

“အမယ်၊ ဦးဘသာအိမ်မှာ လူစုံလို့ပါလားဗျ”

“အေးလကွာ၊ နေကပြင်းတော့ နေ့လယ်နေ့ခင်းဆိုရင် အပြင်မထွက်နိုင်ဘူးဟ”

ကျုပ်လည်း သူတို့ဘေးနားဝင်ထိုင်ပြီးတော့ လက်ဖက်သုပ်ကို တစ်ဇွန်းခပ်ဝါးလိုက်တယ်။

“ကောင်းလိုက်တဲ့လက်ဖက်ဗျာ၊ ဒါနဲ့ ဒီလောက်လည်းမပူပါဘူးဗျ”

“မင်းက လူငယ်ဆိုတော့ အပူဒဏ်ကိုခံနိုင်တာပေ့ါကွ၊ တို့အဘိုးကြီးတွေကတော့ အပူဒဏ်ကိုမခံနိုင်ဘူးဟေ့”

ဆေးဆရာ ဦးမှတ်ကြီးက ထပြောသဗျ၊ ဦးဘသာက ကွမ်းတစ်ချက်ထွေးလိုက်ပြီးတော့

“ခုနက ပြောနေတာတောင် ဘယ်ရောက်သွားပါလိမ့်”

ဒီအခါ ဘေးနားက အဘဟန်လို့ခေါ်တဲ့ အဘကြီးက

“ရှေ့နှစ်ခါ ဘာရှားမလဲဆိုပြီး တွက်ကြည့်နေတာမဟုတ်လား”

“အော်၊ ဟုတ်ပြီ၊ သတိရပြီ”

ကျုပ်လည်းထူးဆန်းသွားတာနဲ့

“ဒါဖြင့်ရင် ဦးဘသာတို့ ပညာတွေမှာရော ဘယ်နှစ်မှာ ဘာရှားမယ်ဆိုတာ သိနိုင်တဲ့ပညာရှိတာပေါ့နော်”

“ဒါက စုန်းပညာမဟုတ်ပါဘူးကွ၊ ဗေဒင် ဝေဒပညာရပ်တစ်ခုပါ”

“ဒါဆိုလည်း ပြောစမ်းပါအုံးကွာ”

ဦးဘသာက မျက်လုံးထောင့်ကပ်ပြီးစဉ်းစားနေရင်း

“ရှေ့နှစ်ခါတော့ ကွမ်းသီးရှားမကွ”

“ဦးဘသာက ဘာလို့အတပ်ပြောနိုင်ရတာလဲဗျ”

“ဒီလိုပါကွ၊ ရောက်ဆဲမြန်မာသက္ကရာဇ်ကိုတည်၊ သုံးနဲ့ပေါင်း၊ သုံးနဲ့မြှောက်ပြီးတော့ ကိုးနဲ့ပြန်စားလို့ အကြွင်းသုညရရင် ကွမ်းသီးရှားမယ်တဲ့ကွ”

“ဒါဖြင့်ရင် တခြားကုန်ပစ္စည်းရော ဒီနည်းနဲ့တွက်လို့ရသလားဗျ”

“ရတာပေါ့ကွာ၊ သူ့ရဲ့ပုံသေနည်းကတော့ ရောက်ဆဲမြန်မာသက္ကရာဇ်ကို ကိုယ်သိချင်တဲ့သီးနှံရဲ့ အညွှန်းကိန်းနဲ့ ပေါင်းပြီးတော့၊ သုံးနဲ့မြှောက်ရတယ်၊ ရလာတဲ့ဂဏန်းကို ကိုးနဲ့ပြန်စားလို့ အကြွင်းသုညရတဲ့နှစ်ဆိုရင် အဲဒီသီးနှံရှားလိမ့်မယ်ကွ၊ အကြွင်းသုညမရဘူးဆိုရင်တော့ အဲဒီသီးနှံမရှားဘူးပေါ့ကွာ၊ ဘယ်သူစပြီးတီထွင်လိုက်တဲ့နည်းမှန်းမသိပေမယ့် ရှေးမြန်မာတောင်သူကြီးတွေက ဒီနှစ်ဘာကုန်ပစ္စည်းပေါမလဲ၊ ရှားမလဲဆိုတာကို တွက်ချက်ပြီးစိုက်ပျိုးတတ်ကြတယ်တဲ့ကွ”

“ဟန်ကျတာပေါ့ဗျာ၊ ဒါဆို သီးနှံအညွှန်းကိန်းဆိုတာက ဘာကိုပြောတာလဲဗျ”

“ငါးစိမ်း၊ ငါးခြောက်ဆိုရင်တော့ တစ်နဲ့ပေါင်းရတယ်၊ နှစ်ကျတော့ စပါးသီးနှံကွ၊ သုံးကျတော့ ခုနက ကွမ်းသီးပေါ့ကွာ၊ တစ်ချို့လည်း ကွမ်းရွက်လို့ပါယူဆကြတယ်၊ ဆေးရွက်ကျတော့ လေးဂဏန်း၊ နှမ်းကျတော့ ခြောက်ဂဏန်းကွ၊ ဆယ့်ခြောက်ကျတော့ ငရုတ်သီးနှံပေါ့ကွာ၊ တစ်ဆယ်ကျတော့ ဆား၊ ဆယ့်သုံးကျတော့ ငါးပိ၊ နောက်ဆုံး သုံးဆယ်ဂဏန်းကျတော့ နွားကွ”

ကျုပ်လည်းခေါင်းကုပ်ရင်း

“နည်းနည်းတော့ ရှုပ်နေပြီဗျ”

“မရှုပ်ပါဘူးအလတ်ကောင်ရာ၊ ငါပြောပြမယ်၊ တကယ်လို့ စပါးရှားမရှားသိချင်တယ်ဆိုပါတော့၊ ရောက်ဆဲ မြန်မာသက္ကရာဇ်ကိုတည်ပြီး စပါးဆိုတော့ နှစ်ဂဏန်းမဟုတ်လား၊ အဲဒီတော့ နှစ်နဲ့ပေါင်း၊ ရလာတာကို သုံးနဲ့မြှောက်၊ ပြီးတော့ ကိုးနဲ့ပြန်စားကြည့်ကွာ၊ သုညကြွင်းရင် စပါးရှားမယ်၊ မကြွင်းရင် မစားဘူးပေါ့”

ကျုပ်လည်း ရေနွေးကြမ်းဗန်းထဲက ရေလေးတွေကို လက်ညှိုးနဲ့တို့ပြီးတော့ ကြမ်းပြင်မှာရေနဲ့ချရေးပြီး အကြမ်းတွက်ကြည့်တယ်ဗျ၊ ဦးဘသာပြောတဲ့နည်းလမ်းအတိုင်းတွက်ရင်း အခုရောက်နေတဲ့နှစ်မှာ အကြွင်းသုညမထွက်ဘဲ လေးကြွင်းတယ်ဗျ။

“ဟာ၊ ဦးဘသာ၊ သုညမကြွင်းဘူးဗျ၊ လေးကြွင်းတယ်ဗျ”

“အေး၊ သုညမကြွင်းရင် မရှားဘူးပေါ့ကွာ၊ မင်းတွက်တာစပါးဆိုတော့ ဒီနှစ်စပါးမရှားဘူးပေါ့”

“ဟန်ကျလိုက်တာဗျာ၊ ကျုပ်တော့ ပညာတစ်ခုရပြီဦးဘသာရေ၊ ဒီနည်းနဲ့တွက်ချက်ပြီး သူများကိုဆရာလုပ်ရမယ်”

တစ်ဖွဲ့လုံးက ကျုပ်စကားကိုကြားတော့ ဝိုင်းရယ်ကြတာပေါ့ဗျာ။ ဦးဘသာက ကွမ်းဝါးရင်း

“ခက်တာပဲအလတ်ကောင်ရာ၊ ပညာဆိုတာ အသုံးချဖို့ကွ၊ မင်းကလှည့်ကျမှ သူများကိုဆရာလုပ်ဖို့ သင်ရတယ်လို့ကွာ၊ ဟား၊ ဟား”

သူတို့ရယ်မောပြီးတော့ ဆေးဆရာဦးမှတ်ကြီးက

“ဒါနဲ့ မင်းတို့အိမ်ကို ဧည့်သည့််ရောက်တယ်ဆိုကွ”

“ဟုတ်ပဗျာ၊ အဲဒါပြောဖို့မေ့နေတာ၊ အဖေ့ရဲ့ညီ ဦးဆိုနီလေဗျာ၊ ရန်ကုန်မှာနေတဲ့တစ်ယောက်ပေါ့ဗျ”

“သြော်၊ သိပြီ သိပြီ၊ ဒါကြောင့် မနက်တုန်းက ကလေးတွေက ရွာထဲကားဝင်လာတာတွေ့လို့ အော်ကြဟစ်ကြလုပ်နေကြတာကိုး”

ဦးဘသာက မျက်မှောင်ကြုတ်ရင်း

“မင်းဦးလေးနာမည်ကလည်း ဆိုနီတဲ့လားကွ”

“သူ့နာမည်အရင်းက ဘာတင်ဆိုလဲမသိဘူးဗျ၊ တင်တော့ပါတယ်၊ ဒါပေမယ့် ငယ်ငယ်ကရန်ကုန်ကိုဆင်းသွားပြီးတော့ မှောင်ခိုပစ္စည်းတွေလုပ်ရာကနေ ဆိုနီလို့ခေါ်တဲ့ ရေဒီယိုဆိုလား၊ ကက်ဆက်ဆိုလား အဲဒါတွေသွင်းရင်း အဲဒီနာမည်တွင်သွားတာလို့ အဖေကတော့ပြောဖူးတယ်ဗျ”

“နာမည်တိုင်းမှာလည်း သူ့အတိတ်နဲ့သူရှိတာပေါ့ကွာ”

“အခုတော့ သူတို့က ဦးဘဖြူအိမ်မှာတည်းမယ်လို့ဆိုသဗျ၊ ဒါနဲ့ ကျုပ်တို့ညီအကိုလည်း သူတို့တည်းခိုဖို့ သန့်ရှင်းရေးလုပ်ပြီး ပြန်လာခဲ့တာပဲဗျာ”

“အေး၊ ကောင်းပါတယ်ကွာ”

“ကဲ ကျုပ်တော့သွားတော့မယ်ဗျာ၊ ခုနက ဦးဘသာပြောထားတာလေး ခေါင်းထဲမှတ်ထားရင်း မေ့သွားမှာစိုးလို့ အိမ်ကိုအပြေးပြန်ပြီး ဗလာစာအုပ်မှာ ရေးမှတ်ထားရမယ်ဗျ”

ကျုပ်လည်း သူတို့ကိုနှုတ်ဆက်ပြီးတော့ အိမ်ကိုပြန်လာခဲ့လိုက်တော့တယ်။

နေ့လည်ရောက်တော့ အမေကဟင်းတွေဖွယ်ဖွယ်ရာရာချက်ပြီးတော့ ဦးဆိုနီတို့က ထမင်းလာစားသဗျာ၊ ဦးဆိုနီက ထမင်းစားကောင်းပုံရပေမယ့် သူ့မိန်းမ ဘိုမနဲ့ ဦးညွန့်ရွှေဆိုတဲ့ လူကြီးကတော့ အညာချက်တဲ့ ဟင်းလက်ရာတွေကို မစားချင်ဘူးထင်ပါရဲ့ဗျာ၊ တို့ကနန်း ဆိတ်ကနန်းနဲ့ပဲ စားနေတော့တယ်။ စားသောက်ပြီးလို့ ရေနွေးကြမ်းထိုင်သောက်နေရင်း ဦးဆိုနီက အိမ်သာသွားချင်တယ်ဆိုပြီးတော့ ထသွားတယ်ဗျ၊ မသွားခင်ကျုပ်ကိုလည်း လက်ကုပ်သွားတာနဲ့ ကျုပ်လည်း သူ့အနောက်ကနေ မယောင်မလည်နဲ့လိုက်ခဲ့တာပေါ့ဗျာ၊ အိမ်သာနားရောက်တော့ ဦးဆိုနီက ဟိုဟိုဒီဒီကြည့်နေသဗျ။

“တက်မှာသာတက်ပါ ဦးဆိုနီရာ၊ အိမ်သာက သန့်ပါတယ်ဗျ”

“မဟုတ်ဘူးဟေ၊ လူအရိပ်အခြေကြည့်နေတာပါ”

“အိုဗျာ၊ ဦးဆိုနီအိမ်သာတက်တာကို ဘယ်သူကလာပြီးတော့ တကူးတကလာကြည့်နေမှာလဲဗျ”

ဦးဆိုနီက ကျုပ်အနားကပ်လာပြီးတော့

“မင်းကို တစ်ခုခိုင်းမလို့အလတ်ကောင်ရ၊ ငါငွေလည်း မျိုးမျိုးမြတ်မြတ်ပေးပါ့မယ်ကွာ”

“ဘာလဲဗျ”

ဦးဆိုနီက နှုတ်ခမ်းကိုလက်ညှိုးတင်ပြီးတော့ တိုးတိုးပြောဆိုတဲ့ ပုံစံလုပ်ပြရင်း

“မင်းအခုလုပ်မယ့်ကိစ္စကို ဘယ်သူမှသိလို့မရဘူးနော်ကွ”

ကျုပ်လည်း ဦးဆိုနီအနားကိုတိုးသွားရင်း

“ပြောပြပါဦးဆိုနီရာ၊ ဘာလဲဗျ၊ ကျုပ်တောင် တော်တော်စိတ်ဝင်စားသွားပြီ”

“တို့ရွာမယ် ဂွေးသီးတွေပေါနေပြီလားကွ”

“ဂွေးသီးကတော့ ရှိတော့ရှိပါတယ်၊ တောင်ရိုးပေါ်မှာ ပေါလို့ဗျ”

“ငါလိုချင်တာက ဂွေးသီးအမှည့်လိုချင်တာကွ”

“အမှည့်ဆိုရင်တော့ သိပ်မပေါဘူးဗျ”

“ရအောင်ရှာပေးစမ်းပါကွာ၊ အလုံးငါးဆယ်လောက်လိုချင်သကွ”

“အလုံးငါးဆယ်ကတော့ များတာပေါ့ဗျာ၊ ဒါနဲ့ အဲဒီဂွေးသီးတွေဘာလုပ်မလို့လဲဗျ”

ဦးဆိုနီက ပြောလက်စအသံထက်တိုးလိုက်ပြီးတော့ လေသံလေးနဲ့

“ဆေးဖော်ဖို့ကွ”

“ဘာဆေးလဲဗျ”

“ဂွေးသီးတစ်ထောင် လူမင်းခေါင်ဆိုတဲ့ ဆေးနည်းပေါ့ကွာ”

“အဲဒီဆေးကဘာဖြစ်သလဲ”

“ဟဲ၊ ဟဲ ဟိုဟာပေါ့ကွ မင်းကလည်း”

ဦးဆိုနီက အောက်ကိုလက်ညှိုးထိုးပြတယ်၊ ကျုပ်လည်းနားလည်လိုက်ပါပြီဗျာ။ ဒါမျိုးအားဆေးကျတော့ ကျုပ်လည်းစိတ်ဝင်စားသဗျ။

“ခင်ဗျားဆေးက ဟုတ်ရောဟုတ်ရဲ့လား ဦးဆိုနီရာ”

“ဟုတ်ပါတယ်ဆိုမှကွာ၊ ငါခေါ်လာတဲ့ ဦးညွှန့်ရွှေက တခြားသူမဟုတ်ဘူး၊ ဆေးတွေဝါးတွေဖော်တဲ့နေရာမှာ သိပ်တော်တဲ့ဆေးဆရာကြီးကွ၊ အခုသူကလည်းငါ့အတွက် အားဆေးဖော်ပေးမတဲ့ကွာ၊ အရင်ကလည်း အဲဒီဆေးစားပြီးတော့ ပန်းသေနေတဲ့လူတောင်မှ တစ်လလောက်စားပြီး အလံလွှင့်သလို တလူလူလွှင့်နိုင်တယ်ဆိုပဲကွ၊ ငါ့ကို ကူညီစမ်းပါအလတ်ကောင်ရာ၊ ငါမင်းကို မုန့်ဖိုးပေးပါ့မယ်”

“တကယ်ဆိုရင်တော့ စိတ်ဝင်စားစရာပဲဗျာ၊ ကျုပ်ကူညီမယ် ဦးဆိုနီ၊ ကျုပ်ကိုမုန့်ဖိုးမပေးနဲ့၊ ဦးဆိုနီဆေးဖော်ပြီးရင်သာ ဆေးနည်းနည်းပေးလှည့်ပေါ့ဗျာ”

ကျုပ်ပြောလိုက်တော့ ဦးဆိုနီက တော်တော်လေးပျော်သွားတယ်ဗျ။ ကျုပ်လည်း စဉ်းစားလိုက်ရင်း

“ကိစ္စက လွယ်မယောင်နဲ့တော့ ခက်သားဗျ၊ ဒီအချိန်ဂွေးသီးရှိပေမယ့် အမှည့်ကတော့ သူများတွေနဲ့လုကောက်ရမှာဗျ”

“အိုကွာ၊ လွယ်ပါတယ်၊ တို့ဖက်လိပ်ရွာဟောင်းမှာ ဂွေးသီးပင်တွေပေါတယ်မဟုတ်လားကွ”

ဦးဆိုနီပြောတော့မှ ကျုပ်လည်းသတိရသွားတယ်၊ ဖက်လိပ်ရွာဟောင်းမှာ ဂွေးသီးပင်တွေရှိသဗျ၊ ဟိုဘက်က သားပျောက်ကုန်း၊ နွားပျောက်ကုန်း၊ လင်ပျောက်ကုန်းနားမှာလည်း ဂွေးသီးပင်တွေ အလေ့ကျပေါက်ပြီး အတန်းလိုက်ဖြစ်နေပါရောဗျာ၊ ရွာကလူတွေက အဲဒီဘက်ကို ခြေဦးတောင်မလှည့်ဘူးဆိုတော့ အဲဒီနေရာမှာ ဂွေးသီးမှည့်တွေ တော်တော်များများရှိမယ့်ပုံပဲဗျ။

“ဖက်လိပ်ရွာနဲ့ သားပျောက်ကုန်းဘက်မှာ ဂွေးသီးပင်တွေပေါတာတော့ ဟုတ်ပါတယ်ဗျာ၊ ဒါပေမယ့် အဲဒီနေရာကို ကျုပ်တစ်ယောက်တည်း မသွားဝံ့ဘူးဗျ”

“ရတယ်လေ၊ မင်းမသွားချင်ရင်၊ ငါတို့လည်းလိုက်ခဲ့မယ်”

“ဖြစ်ပါ့မလား ဦးဆိုနီရ”

“ဖြစ်ပါတယ်ကွ၊ ဒီလိုလုပ်ကွာ၊ မင်းမနက်ဖြန်သွားရင် ငါတို့ကိုဝင်ခေါ်ပေါ့၊ ဟုတ်ပြီလား”

ကျုပ်လည်း ခေါင်းညိတ်လိုက်ပါတော့တယ်ဗျာ။

(၃)

ဂွေးသီးလို့ပြောရင် မသိတဲ့လူမရှိဘူးထင်ပါတယ်ဗျာ၊ ဒါပေမယ့် ကျုပ်တို့အညာဘက်က ဂွေးသီးကိုတော့ လူသိနည်းမယ်ထင်တယ်ဗျ၊ အညာဂွေးသီးက အချဉ်ပေါင်းသည်ဆီမှာရောင်းတဲ့ ဂွေးသီးနဲ့ မတူဘူးဗျ၊ အချဉ်ပေါင်းသည်ရောင်းတဲ့ဂွေးသီးကိုတော့ ကျုပ်တို့ဘက်ကလူတွေက သင်္ဘောဂွေးသီး၊ ဂွေးချိုသီးလို့ ခေါ်ကြတယ်၊ အဲဒီဂွေးသီးကတော့ အစေ့သေးပြီး အရသာက ချဉ်ချဉ်ချိုချိုမွှေးမွှေးလေးကိုးဗျ၊ ကျုပ်တို့အညာဂွေးသီးကတော့ ဒီလိုမဟုတ်ဘူး၊ အဖန်အရသာပဲရှိတယ်၊ နုတုန်းလည်းဖန်သလို ရင့်သွားရင်လည်း ဖန်တယ်၊ ချဉ်တာကလည်း ခပ်စူးစူးဗျ၊ ဖန်ဖန်ချဉ်ချဉ် စူးစူးပေါ့ဗျာ။

တပေါင်းလလောက်ဆိုရင် တောထဲမှာအလေ့ကျပေါက်နေကြတဲ့ ဂွေးသီးပင်တွေက အသီးတွေပြွတ်ခဲနေအောင်သီးပြီပေါ့ဗျာ၊ နွေရာသီ ဟင်းစားရှားတဲ့အချိန်ဆိုတော့ အဲဒီဂွေးသီးဖန်ဖန်တွေကိုပဲ သွားသွားကောက်ပြီး ဟင်းချက်စားရတာဗျ၊ ဂွေးသီးက အရွယ်ကလည်းသိပ်မကြီးပါဘူး၊ သရက်သီးကင်းသာသာလောက်ရှိတာဗျ၊ အစိမ်းစားရင်လည်း အတော်ဖန်တယ်၊ ဂွေးသီးခပ်နုနုကိုတော့ ပြုတ်ပြီး ဓါးနဲ့ပါးပါးလှီးပြီး သုပ်စားရင်သိပ်ကောင်းတယ်၊ ဂွေးသီးရင့်ရင်တော့ ငါးပိနဲ့ထောင်းပြီးစားလည်းကောင်းတာပဲဗျာ၊ ဒီလိုမှမဟုတ်လည်း ဓါးနဲ့ပါးပါးလှီးပြီး ဂွေးသီးဟင်းချက်စားတာပေါ့ဗျာ၊ ပြောရင်းနဲ့ ငယ်ငယ်က အမေကျွေးတဲ့ ဂွေးသီးဟင်းကိုတောင် သတိရသွားပြီဗျာ။

ဂွေးသီးကဖန်တော့ သူ့ကိုစားမယ်ဆိုရင် ငါးပိပါမှကောင်းသဗျ၊ ဂွေးသီးထောင်းဆိုရင်လည်း ငါးပိလေးနဲ့ထောင်းမှ စားရတယ်၊ ဂွေးသီးချက်ရင်လည်း ငါးပိလေးထည့်ပြီးချက်တော့ အဖန်ထိန်းတယ်ပေပါ့ဗျာ၊ နောက်ပြီး ဂွေးသီးကိုချက်ရင် မပါမဖြစ်ကတော့ နှမ်းလှော်ထောင်းပေါ့ဗျာ၊ ဂွေးသီးဟင်းချက်ရင် နှမ်းလှော်ကလေးထောင်းပြီး အပေါ်ကခပ်တယ်ဗျ၊ ဆိမ့်ဆိမ့်လေးနဲ့ တစ်မျိုးစားလို့ကောင်းတယ်ပေါ့ဗျာ၊ ဂွေးသီးထောင်းတော့လည်း နှမ်းလှော်ကလေးထည့်ပြီးထောင်းရင် ဆိမ့်နေတာပါပဲ၊ ဟင်းရှားတဲ့အချိန်ဆိုတော့ ဂွေးသီးဟင်းနဲ့ထမင်းစားကောင်းခဲ့တဲ့နေ့တွေ အများကြီးပဲပေါ့ဗျာ။

အညာဂွေးသီးက မှည့်သွားရင်တော့ တော်တော်မွှေးတာဗျ၊ မွှေးတာကမှ ဒူးရင်းသီး၊ ပိန္နဲသီးမွှေးသလိုအနံ့မပြင်းပေမယ့် တော်တော်ချိုချိုအီအီနဲ့မွှေးတတ်တာမျိုးဗျ၊ တောထဲဆင်းပြီး ဂွေးသီးမှည့်ကောက်ပြီးပြန်လာရင် ဘယ်ကပြန်လာသလဲလို့ မေးစရာမလိုအောင်ကိုမွှေးတာ၊ ဂွေးသီးမှည့်ဟင်းချက်ရင်တော့ တစ်ဝိုင်းလုံးကို မွှေးနေတတ်ရောဗျို့၊ ဂွေးသီးမှည့််ကျတော့ ချဉ်ချဉ်ချိုချိုနဲ့မို့လို့ ဒီအတိုင်းစားလည်း စားလည်းကောင်းတယ်ဗျ၊ ဒါကြောင့်ရွာသားတွေအဖို့တော့ ဂွေးသီးမှည့်က ဟင်းရှားတဲ့အချိန်မှာ စားကောင်းတဲ့ဟင်းတစ်မယ်ပေါ့ဗျာ၊ ဒါကြောင့်လည်း သူ့ထက်ငါအလုအယက် လုကောက်ကြရတာကိုးဗျ။

အညာဂွေးသီးက ခူးစရာမလိုဘူးဗျ၊ အပင်ကြီးတွေကနေကြွေတာကို အောက်က ကောက်ရုံပဲ၊ သီးတာကလည်းအပင်ထိပ်၊ ကိုင်းဖျားကိုင်းနားမှာသီးတာဆိုတော့ တက်ခူးလို့မလွယ်ဘူးဗျ၊ အပင်ကလည်းအတော်မြင့်တာကိုး၊ ပြီးတော့ နေ့ဘက်မှာထက် ညဘက်ပိုင်းမှာ ပိုကြွေသဗျ၊ ဒါကြောင့် ဂွေးသီးမှည့်ကောက်ချင်ရင် မနက်အစောကြီးထပြီးတော့ သူများထက်ဦးအောင် သွားကောက်ရတယ်၊ မြက်ခြောက်၊ ချုံပင်ခြောက်တွေကြားထဲမှာ ဂွေးသီးကောက်ရတာလည်း ပျော်စရာတစ်မျိုးဗျ။

ဒီနေ့မနက်တော့ ကျုပ်လည်းအိမ်ကနေ တောင်းတစ်လုံးနဲ့ ဂွေးသီးကောက်ထွက်လာခဲ့တယ်ဗျ၊ အမေတို့ကိုတောင်မပြောဘဲ တိတ်တိတ်ကလေးထွက်လာခဲ့တာပါဗျာ၊ ဦးဘဖြူတို့အိမ်ရှေ့ရောက်တော့ အိမ်ခြံဝန်းထဲဝင်လိုက်တာနဲ့ ဦးဆိုနီနဲ့ ဦးညွန့်ရွှေက ကျုပ်ကိုစောင့်နေသဗျ၊ ကျုပ်တောင်မှ အံ့သြနေတာဗျ၊ ဦးဆိုနီဆိုတာ အအိပ်မက်၊ အစားမက်တဲ့လူဗျ၊ ပုံမှန်ဆိုရင် နေထန်းတဖျားကျော်လောက်မှ နိုးတတ်တဲ့လူဗျ၊ အခုတော့ကြည့်စမ်းပါအုံးဗျာ၊ မနက်စောစောစီးစီးကတည်းက ဝိရိယရှိနေလိုက်တာ၊

“ဦးဆိုနီ ကျုပ်ရောက်ပြီဗျ”

ဦးဆိုနီက ချောင်းဆိုးနေသဗျ၊ တဟွတ်ဟွတ်နဲ့ချောင်းဆိုးနေတာနဲ့

“ဦးဆိုနီ နေမကောင်းဘူးလားဗျ”

“ကောင်းပါတယ်ကွာ၊ ချောင်းဆိုးနေလို့ပါ”

ကျုပ်ရောက်ပြီးတာနဲ့ အချိန်မဆိုင်းဘဲနဲ့ ရွာကနေထွက်ခဲ့ကြပါရောဗျာ။

နွေမနက်ခင်းဆိုတော့ ခြောက်နာရီမထိုးသေးဘူးဆိုပေမယ့်လည်း တော်တော်တော့လင်းနေပြီဗျ၊ ဖက်လိပ်ရွာဟောင်းထဲကိုဝင်မယ်လုပ်တော့ ဦးဆိုနီက

“ရွာထဲမှာ မှောင်သေးတယ်အလတ်ကောင်ရ၊ တို့တွေ သားပျောက်ကုန်းဘက်သွားရင်ကောင်းမယ်”

သူညွှန်တာနဲ့ ကျုပ်လည်း သားပျောက်ကုန်းဆီလာခဲ့တာပေါ့ဗျာ၊ ခပ်လှမ်းလှမ်းက လှမ်းကြည့်လိုက်တာနဲ့တင် အရိုးပြိုင်းပြိုင်းကျနေတဲ့ ဂွေးသီးပင်တွေကို တွေ့လိုက်ရပါရော၊ ဂွေးသီးပင်တွေက အရွက်တွေအကုန်ကြွေကျပြိး အပင်ပေါ်မှာတော့ ဂွေးသီးတွေက အပြွတ်လိုက် အခဲလိုက် တွဲကျပြီးသီးနေပါရောဗျာ။

မကြာခင်မှာပဲ ဂွေးသီးပင်တန်းအောက်ရောက်ခဲ့တယ်ဗျ၊ ဘယ်သူမှစိုက်ထားတာတော့မဟုတ်ပါဘူးဗျာ၊ ပြုတ်ကျနေတဲ့ဂွေးသီးတွေကနေ အပင်တွေထပေါက်ပြီးတော့ အခုဆို ဂွေးပင်တန်းကြီးဖြစ်နေရောပေါ့ဗျာ၊ အပင်တန်းရဲ့အလယ်လောက်မှာတော့ နှစ်ချို့နေတဲ့ ဂွေးပင်ကြီးကိုတွေ့လိုက်ရတယ်၊ ဒီအပင်ကိုတော့ ကျုပ်တို့က အပင်မကြီးလို့ခေါ်တယ်ဗျ၊ ဒီနေရာမှာ အရင်တုန်းက ဒီတစ်ပင်တည်းရှိခဲ့တဲ့ပုံပဲ၊ ဒီအပင်ကနေ အသီးတွေကျပြီး ဘေးနားမှာဂွေးပင်တွေပေါက်ရာကနေ ဂွေးပင်တန်းကြီးဖြစ်သွားတာကိုးဗျ၊ အပင်က တော်တော်ကြီးကြီးပါဗျာ၊ သက်တမ်းဘယ်လောက်ရှိသလဲတော့မသိပေမယ့် ဦးဘသာတို့ငယ်ငယ်ကတောင်မှ ဒီအပင်ကြီးက အကြီးကြီးပဲတဲ့ဗျ။

“ဟောဒါ ပင်မကြီးပဲ ဦးဆိုနီရ”

ဦးဆိုနီနဲ့ ဦးညွန့်ရွှေကခေါင်းညိတ်တယ်ဗျ၊ ပင်မကြီးကလည်း အသက်ကြီးပေမယ့် သီးအားကောင်းနေဆဲပါပဲဗျာ၊ ကျုပ်လည်း ပင်မကြီးအောက်က မြက်ဖုတ်တွေကြားကျနေတဲ့ ဂွေးသီးတွေကောက်တော့တာပေါ့ဗျာ၊ အစိမ်းလည်းကောက်၊ အမှည့်လည်းကောက်တာပေါ့ဗျာ၊ အမှည့််ကတော့ ဦးဆိုနီအတွက်၊ အစိမ်းကတော့ အိမ်စားဖို့ပေါ့၊ ကျုပ်ကောက်နေရင်း တစ်ခုသတိထားမိတာက ဦးဆိုနီနဲ့ ဦးညွန့်ရွှေက ဂွေးသီးကောက်တယ်သာပြောတယ် ပင်မကြီးအနားမှာ လက်တွေဘာတွေနဲ့ တိုင်းထွာနေသဗျ။

“အလတ်ကောင်၊ တို့တွေလူခွဲကောက်မယ်ကွာ၊ မင်းကဒီမှာဆက်ကောက်၊ ငါတို့ကတော့ အရှေ့ဘက်ကိုဆက်ကောက်မယ်ဟေ့”

“ကောင်းတာပေါ့ဗျာ၊ လူခွဲကောက်တော့ ပိုမြန်တာပေါ့၊ ဟောဒီမှာ တောင်းယူသွားဗျ၊ ကျုပ်ကတော့ ပုဆိုးကွင်းသိုင်းထဲ ထည့်ကောက်မယ်ဗျာ”

ဦးဆိုနီက ကျုပ်ဆီက တောင်းယူသွားပြီးတော့ သူတို့နှစ်ယောက် အရှေ့ဘက်ကိုသွားကြသဗျ၊ သွားတာကလည်း ရိုးရိုးတန်းတန်းမဟုတ်ဘူးဗျာ၊ တစ်လှမ်းချင်းနဲ့ကိုသွားနေကြတာ၊ ကျုပ်ဖြင့်သူတို့အတွဲကိုကြည့်ပြီး အံ့သြမိနေတာ၊

“အင်းပေ့ါလေ၊ ဆေးဆရာဆိုတော့လည်း သေသေချာချာတိုင်းထွာနေတာဖြစ်မှာပေါ့”

အဲဒီလိုပဲတွေးပြီး ကျုပ်ဆက်ကောက်နေမိတယ်ဗျ၊ တစ်နာရီသာသာလောက်ရောက်တော့ ကျုပ်ပုဆိုးကွင်းသိုင်းထဲမှာ ဂွေးသီးတွေ တော်တော်များနေပြီဗျ၊ ဂွေးပင်တန်းကို တခြားလူမလာဘူးဆိုတော့ ကောက်မယ့်လူက ကျုပ်တစ်ယောက်တည်းရှိတာကိုးဗျ၊ ကျုပ်လည်းဆက်မကောက်တော့ဘဲ မောလို့ထိုင်နေရင်း အကျီစနဲ့ ယပ်ခပ်နေမိတာပေါ့ဗျာ၊ အညာတပေါင်းနေက နေထွက်လာတာနဲ့ ပူတာကိုးဗျ၊ ဂွေးပင်မကြီးထိပ်ဖျားမှာတော့ ငှက်ကလေးတွေ ပျံသန်းရင်း တေးဆိုနေသေးသဗျာ၊ ကျုပ်လည်း အညာရဲ့သဘာဝအလှအပတွေကို လေ့လာနေမိတုန်း ကျုပ်အရှေ့မှာ လူတစ်ယောက်ဗြုန်းဆိုလာရပ်တော့မှ လန့်သွားတော့တယ်။

လူကတော့ ကောင်လေးဗျ၊ ဆယ့်လေးငါးနှစ်လောက်ပဲရှိမယ်ထင်ပါတယ်ဗျာ၊ သူက ရောက်လာပြီးတော့ အပင်ခြေရင်းထိုင်နေတဲ့ကျုပ်ကို တအံ့တသြနဲ့ကြည့်နေသဗျ။ ကောင်လေးက ခပ်နွမ်းနွမ်းရယ်ပါဗျာ၊ နွားကျောင်းသားလား၊ တစ်ခုခုတော့တစ်ခုခုပဲဗျ။

“ဟေ့ကောင်လေး၊ ဘာလာလုပ်တာလဲ၊ မင်းဒီကိုတစ်ယောက်တည်းလာတာ သရဲမကြောက်ဘူးလားကွ”

ကောင်လေးက ကျုပ်ကို ပြူးတူးကြောင်တောင်နဲ့ကြည့်နေတော့

“မင်းလည်း ငါ့လို ဂွေးသီးလာကောက်တာလားကွ”

ကောင်လေးက ခေါင်းခါတယ်ဗျ။

“မဟုတ်ဘူး၊ ကျုပ်က ဒီမှာနေတာ၊ ဒီကိုပြန်လာတာ”

အဲဒီလိုပြောရင်း ကျုပ်ဆီကိုလမ်းလျှောက်လာပါရောဗျာ၊ ကောင်လေးနဲ့ ကျုပ်က ခြေလှမ်းဆယ်လှမ်းလောက်အကွာပဲရှိမယ်ဗျ၊ အဲဒီခြေဆယ်လှမ်းအတွင်းမှာပဲ ကောင်လေးကနေပြီး အသက်တဖြည်းဖြည်းကြီးလာပြီး ကျုပ်အနားရောက်တော့ အဘိုးကြီးဖြစ်သွားပါရောဗျာ၊ ကျုပ်လည်း ဒီတော့မှ သရဲကြီးဆိုတာ သိလိုက်ရတယ်။

“ဟေ့ကောင်၊ ငါအိမ်ပေါ်တက်မလို့ ငါ့အိမ်ရှေ့လာပိတ်မနေနဲ့ ဖယ်စမ်း”

ကျုပ်ဒူးတွေတောင်တုန်နေပါတယ်ဗျာ၊ ခင်ဗျားတို့စဉ်းစားကြည့်ပေါ့ဗျ၊ လူသူမနီးတဲ့နေရာမှာ ကျုပ်တစ်ယောက်တည်း သရဲနဲ့နဖူးတွေ့ ဒူးတွေ့ တွေ့တာလေဗျာ၊ ကျုပ်အော်ခေါ်ရင်တောင်မှ ဘယ်သူမှကြားမှာမဟုတ်ဘူး၊ ဒါနဲ့ကျုပ်လည်း အပင်ခြေရင်းကနေမတ်တတ်ထရပ်ပေးလိုက်တော့ အဘိုးကြီးက အပင်ပေါ်ကိုလမ်းလျှောက်ပြီး အေးအေးလူလူတက်သွားတာဗျာ၊ ဒီမြင်ကွင်းကိုမြင်တော့ ကျုပ်လည်း မနေနိုင်တော့ဘဲနဲ့ တစ်ချိုးတည်း လစ်ပြေးခဲ့ပါရော။

ပြေးရင်းနဲ့မှ ဦးဆိုနီတို့ကိုသတိရသွားသဗျ၊ အနီးဆုံးမှာ သူတို့ရှိတယ်ဆိုတော့ အားကိုးလိုချင်တာလည်း ပါတာပေါ့ဗျာ၊ ဒါနဲ့ ဦးဆိုနီတို့သွားတဲ့ အရှေ့ဘက်ကိုလိုက်လာခဲ့တော့ ဦးဆိုနီနဲ့ ဦးညွန့်ရွှေက သစ်ပင်တစ်ပင်ကြီးရဲ့အောက်မှာ မြေကြီးတွေကို လက်နဲ့နှိုက်ပြီးတူးနေကြသဗျ။

“ဟာ၊ ဦးဆိုနီတို့ ဘာလုပ်နေကြတာလဲဗျ”

သူတို့လည်း သူတို့အာရုံနဲ့သူတို့မို့လို့ ကျုပ်လာတာကိုမမြင်လိုက်ကြဘူးဗျ၊ ကျုပ်ကိုတွေ့တော့မှ လက်ထဲက မြေကြီးခဲတွေကိုပစ်ချပြီးတော့ ဦးညွန့်ရွှေက

“ဘာရယ်မဟုတ်ပါဘူးကွာ၊ ဂွေးသီးကောက်ရင်း ဒီအပင်အောက်ကို ဖွတ်ဝင်သွားတာတွေ့လို့ ဖွတ်ဥများရှိမလားဆိုပြီး နှိုက်ကြည့်တာပါကွ”

“ဟာဗျာ၊ ဖွတ်က ဒီလိုနေရာမှာ ဥမလားဗျ၊ ဒါနဲ့ ခင်ဗျားတို့ ဂွေးသီးတော်တော်စုမိပြီလား”

“အေး၊ ရလောက်ပါပြီကွာ၊ ပြန်ကြစို့ဟေ့”

သူတို့ကသာ ဂွေးသီးရလောက်ပြီလို့ပြောတာဗျ၊ တောင်းထဲမှာကတော့ ကျုပ်ပေးလိုက်တဲ့အနေအထားအတိုင်း ဂွေးသီးက ထပ်ပြည့်မလာဘူး၊ တန်တော့ ဒီလူတွေ ဖွတ်တွေ့ပြီဆိုပြီး သဲကြီးမဲကြီးနှိုက်နေကြလို့ ဂွေးသီးမရတာဖြစ်မယ်ဗျ၊ ဖွတ်မရဓါးမဆံုံးမဟုတ်ဘဲ၊ ဒီတစ်ခါတော့ ဖွတ်မရ ဂွေးသီးဆံုံးဗျို့။

အိမ်ရောက်လို့ ရေကြည့်တော့ ဂွေးသီးမှည့်က အလုံးသုံးဆယ်လောက်ပဲရသဗျ၊ ကျန်တာကတော့ အစိမ်းတွေချည်းပါပဲဗျာ၊ ဦးညွန့်ရွေကတော့ ဒီလောက်ဆိုရင် ရပါပြီပြောတာနဲ့ ကျုပ်လည်း ဂွေးသီးစိမ်းတွေတောင်းထဲထည့်ပြီး အိမ်ပြန်လာခဲ့တာပေါ့၊ ခြံံထဲဝင်လိုက်တော့ အိမ်ရှေ့မှာထိုင်နေတဲ့အဖေက ကျုပ်ကိုလှမ်းမေးတယ်။

“အလတ်ကောင်၊ စောစောစီးစီး ဘယ်ပျောက်သွားတာလဲကွ၊ မင်းအမေက မင်းများမိန်းမခိုးသွားသလားဆိုပြီး ပူနေတာကွ”

“ဘယ်ကလာမိန်းမခိုးရမှာလဲ အဖေရ၊ အဖေ့သား လူရိုးလူအေးလေးက ရည်းစားသညာတောင်မရှိသေးပါဘူးဗျ၊ အခုက ဂွေးသီးသွားကောက်တာ”

ကျုပ်လည်း ဂွေးသီးတောင်းကြီးကိုချပြလိုက်တယ်၊ အဖေကတစ်ချက်ငဲ့ကြည့်ပြီး

“ဘယ်နားသွားကောက်တာလဲကွ”

“ဟို . . . ဟိုလေ၊ ခင်တန်းထဲသွားကောက်တာပေါ့ဗျာ”

အဖေက မျက်မှောင်ကြုတ်လိုက်ပြီးတော့

“ခင်တန်းထဲမှာ ဂွေးသီးဒီလောက်ရလို့လားကွ”

အဖေက မယုံသင်္ကာနဲ့ဗျ၊ ကျုပ်လည်း ဦးဆန်နီက ဘယ်သူ့ကိုမှမပြောရဘူးဆိုလို့ အဖေ့ကိုပါ လိမ်လိုက်တာပေါ့ဗျာ၊ အမေက ဂွေးသီးအသံကြားတာနဲ့ မီးဖိုထဲကနေ ပြေးထွက်လာသဗျ။

“ဟယ်၊ ဂွေးသီးတွေအများကြီးပါလား အလတ်ကောင်၊ ဒီတစ်ခါတော့ ငါ့သားက တော်သွားပြီ၊ အတော်ပဲ ဒီနေ့ဟင်းစားရှားတာနဲ့ ဂွေးသီးဟင်းချက်ပြီး ဂွေးသီးကို ငရုတ်သီးစပ်စပ်ကလေး ထောင်းစားမယ်ဟေ့”

အမေက ဂွေးသီးတောင်းကြီးဆွဲပြီး ဝင်သွားတော့မှ ကျုပ်လည်းသက်ပြင်းချပြီးတော့ အိမ်ပေါ်တက်လာခဲ့ရတယ်ဆိုပါတော့ဗျာ၊ အဲဒီနေ့ကတော့ အမေချက်ကျွေးတဲ့ ဂွေးသီးဟင်းကလေးနဲ့ ထမင်းသိပ်မြိန်ခဲ့တာပေါ့ဗျာ။

ထူးဆန်းတာကတော့ အဖေဗျ၊ အဖေက အဲဒီနေ့က ရေလည်းမချိုး၊ လုပ်စရာရှိတာတွေလည်း မလုပ်ဘဲနဲ့ ငူငူငိုင်ငိုင်ကြီးနဲ့ တစ်ခုခုကိုစဉ်းစားနေသဗျ၊ ညနေရောက်တော့မှ အဖေက ကျုပ်ကိုခေါ်ပြီးတော့

“ငါသိပြပီအလတ်ကောင်ရ၊ ဆိုနီတစ်ယောက် ဒီတစ်ခေါက်ရွာကိုလာတာ အကြောင်းမဲ့လာတာမဟုတ်ဘူးကွ”

ကျုပ်ဖြင့်ရင်ထဲထိတ်သွားတာပဲဗျာ။

“ဗျာ၊ အဖေ . . . အဖေ့ကိုဘယ်သူပြောတာလဲဗျ”

အဖေက ကျုပ်ကိုကြည့်ရင်း

“လတ်စသတ်တော့ မင်းလည်းသိထားပြီကိုးအလတ်ကောင်ရ”

ကျုပ်လည်းခေါင်းညိတ်လိုက်ရတော့တယ်။

“မင်းကွာ၊ တကယ်ဆိုရင် ကိုယ့်ရွာမှာတစ်ခုခုဖြစ်တော့မှာကို မင်းကငါ့ကိုလာပြောပြရမှာပေါ့ကွ”

“မရည်ရွယ်ပါဘူးအဖေရာ၊ ဒါပေမယ့် ဦးဆိုနီက ကျုပ်ကိုဘယ်သူ့ကိုမှမပြောရဘူးလို့ ကတိတောင်းထားလို့ပါဗျ”

အဖေက ခေါင်းတဆတ်ဆတ်ညိတ်ပြီးတော့ နှုတ်ခမ်းတွန့်ရုံကလေးပြုံးပြီး

“ဒီကောင်ဆိုနီက သူဌေးဖြစ်ကြံနေတာပဲကွ”

“ဟာ၊ အဖေကလည်းဗျာ၊ ဒီဆေးလောက်နဲ့ သူဌေးဖြစ်မလားဗျ”

အဖေက မျက်လုံးပြူးပြီး ကျုပ်ကိုကြည့်ရင်း

“ဘာဆေးလဲအလတ်ကောင်၊ မင်းဘာတွေပြောနေတာလဲ”

“ဦးဆိုနီက ဒီရွာကို အကြောင်းမဲ့လာတာမဟုတ်ဘူးလေအဖေရ၊ သူက ယောက်ျားအားတိုးဆေးဖော်ဖို့လာတာဗျ၊ အားတိုးဆေးဖော်ဖို့ ဂွေးသီးမှည့်လိုတယ်ဆိုလို့ ကျုပ်တောင်မှမနက်က ဂွေးသီးသွားကောက်ပေးရသေးတယ်လေဗျာ”

အဖေက ကျုပ်ကိုတော်တော်စိတ်ပျက်သွားတဲ့ အကြည့်နဲ့ကြည့်ရင်း ခေါင်းခါပြတယ်ဗျာ။

“မင်းတော်တော်လွဲတဲ့ကောင်ပဲ အလတ်ကောင်ရာ၊ ဆိုနီက ဆေးဖော်ဖို့တင်မကဘူးကွ၊ သူက သိုက်တူးဖို့လာတာ”

“ဗျာ၊ သိုက်၊ သိုက်ဟုတ်လား”

“ငါသေသေချာချာပြန်စဉ်းစားကြည့်တော့မှ ပြီးခဲ့တဲ့နှစ်က ဆိုနီရွာကိုပြန်လာရင်း ငါ့ဆီကနေ အဖေ့ရဲ့စာအုပ်အဟောင်းကြိးကို ဖတ်ချင်လွန်းလို့ဆိုပြီး တောင်းယူသွားသကွ”

“အဲဒါဘာဖြစ်လို့လဲအဖေရ”

“ဘာဖြစ်ရမှာလဲကွ၊ အဲဒီစာအုပ်ထဲမှာ သိုက်စာတစ်ကြောင်းပါတယ်ကွ၊ သားပျောက်ကုန်းအနောက် ဂွေးပင်အောက် အရှေ့မျှော်ရင်းလျှောက်၊ လေးဆယ့်ငါးခါ သွားတဲ့အခါ ရွှေငါးပိဿမြှုပ်ထားတာတဲ့ကွ”

ကျုပ်သိလိုက်ပြီဗျ။

“ဒါ၊ ဒါဆို အဘိုးက သူ့ရွှေတွေကိုမြှုပ်ထားခဲ့တာပေ့ါနော်အဖေ”

“အဲဒါအရေးမကြီးဘူး၊ အခု ဆိုနီတို့ဆီကိုသွားကွာ၊ ပြီးတော့ သူ့ကိုအိမ်ကိုအပါခေါ်ခဲ့၊ ငါကခေါ်ခိုင်းလိုက်တယ်၊ အရေးကြီးတယ်လို့ပြောလိုက် ကြားလား”

ကျုပ်လည်း ခေါင်းညိတ်ပြီးတော့ အိမ်ကနေအပြေးထွက်ခဲ့တာပေါ့ဗျာ၊ အပြေးလာရင်း လမ်းမှာလည်းတွေးမိတယ်ဗျ၊ ကျုပပ်အဘိုးက ဖက်လိပ်ရွာကို အစဉ်အဆက်ဓါးမိုးပြီး အုပ်ချုပ်လာခဲ့တဲ့သူကြီးလေဗျာ၊ ပြီးတော့ အင်္ဂလိပ်လာရင် အင်္ဂလိပ်နဲ့ပေါင်း၊ ဂျပန်လာရင် ဂျပန်နဲ့ပေါင်းပြီး တန်ခိုးထွားခဲ့တဲ့သူမဟုတ်လား၊ ကျုပ်ကြားဖူးတာက ရှေးလူကြီးများ ကြွယ်ဝလာပြီဆိုရင် ရန်သူငါးပါးဘေးက ကင်းအောင်ဆိုပြီး ဥစ္စာပစ္စည်းတွေကို လူမသိအောင်မြှုပ်တတ်ကြတယ်မဟုတ်လားဗျာ၊ အခုလည်း အဘိုးက ရွှေငါးပိဿကိုမြှုပ်ထားခဲ့ပြီးတော့ သူ့ရဲ့လက်စွဲတော် ဗလာစာအုပ်အညိုကြီးထဲမှာ မမေ့အောင်လို့ မှတ်ထားခဲ့တဲ့ပုံပဲ၊ ဒါကို ဦးဆိုနီကသိလို့ လာဖော်တာထင်ပါ့။

ဒါဆိုရင် ဂွေးသီးကိစ္စကရောဗျာ၊ ဒါကလည်း ဟုတ်ချင်ဟုတ်မှာဗျ၊ ဦးညွန့်ရွှေက ဆေးဆရာကြီးမဟုတ်လားဗျာ၊ ကျုပ်အထင်တော့ ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်းဆိုသလို တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်ချင်လို့ လာခဲ့ပုံပဲ၊ အဖေပြောတဲ့ သိုက်စာအတိုင်းဆိုရင်တော့ မနက်က သူတို့တူးနေတာ ဖွတ်မဟုတ်ဘဲ၊ ရွှေတွေရှိနိုင်တဲ့နေရာကို တူးနေတာများလား၊ ကျုပ်လည်း တစ်ယောက်တည်းတွေးရင်း ဦးဘဖြူတို့အိမ်ကို အပြေးရောက်လာခဲ့တယ်ဆိုပါရောဗျာ။

“ဗျို့၊ ဦးဆိုနီ၊ ဦးဆိုနီ”

အိမ်ကိုခေါ်ပေမယ့် အိမ်ကတိတ်ဆိတ်နေသဗျ၊ ခြံထဲမှာလည်း လူရိပ်လူခြေမတွေ့ပုံထောက်တော့ အပြင်သွားကြတာများလားဗျာ၊ အပြင်ဆိုရင်တော့ သိုက်တူးဖို့ပဲဖြစ်မှာ၊ အချိန်ကလည်း နေဝင်ရီတရောကလေးဆိုတော့ ဟုတ်တော့ဟုတ်လောက်မှာဗျ၊ ဒါနဲ့ကျုပ်လည်း ရွာပြင်ကိုအပြေးထွက်ခဲ့တာပေါ့ဗျာ၊ ရွာပြင်ရောက်တော့ ဦးဘသာကြီးက နွားတစ်အုပ်ကို ရွာဘက်မောင်းလာသဗျ။

“ဟေ့အလတ်ကောင်၊ ဘယ်လဲကွ အပြေးအလွှားနဲ့”

“အရေးကြီးတယ်ဦးဘသာ၊ ဟိုလူတွေ သိုက်တူးနေပြီဗျ”

ကျုပ်လည်း ပြောရင်းပြော၊ ပြေးလည်း ပြေးခဲ့တယ်၊ ဒီလူတွေကို သိုက်မတူးခင် အဖေ့ဆီကိုရောက်အောင် ခေါ်ရမယ်မဟုတ်လားဗျာ၊ ဖက်လိပ်ရွာကိုဖြတ်ပြီးပြေးတော့ နေတောင်ဝင်သွားပြီဗျ၊ ပြေးနေရင်း မနက်က သူတို့ဖွတ်တူးတယ်ဆိုတဲ့ သစ်ပင်အနားကိုရောက်ခဲ့တယ်ဗျ၊ သစ်ပင်နားရောက်တော့ ထင်ထားတဲ့အတိုင်းပါပဲဗျာ၊ ဦးဆိုနီနဲ့ ဦးညွန့်ရွေက ပေါက်တူးတွေ၊ ပေါက်ပြားတွေကိုင်ထားလို့ဗျ၊ သူတို့နဲ့ခပ်လှမ်းလှမ်းမှာတော့ ဘိုမက ထိုင်နေပြီး သူတို့ကို ဓါတ်မီးနဲ့ထိုးပြနေတယ်။

“ဦးဆိုနီ ခင်ဗျားတို့ရပ်လိုက်ကြတော့”

ကျုပ်ရောက်လာတော့ သူတို့တော်တော်အံ့သြသွားတဲ့ပုံဗျ။ ဦးညွန့်ရွှေက ဦးဆိုနီကိုကြည့်ပြီးတော့

“ဆိုနီ၊ ခင်ဗျားပြောတော့ ဒီကောင်လေးက ထူထူအအ ခပ်ပိန်းပိန်းဆို၊ ကျုပ်တို့လုပ်တာတွေကို မသိနိုင်လောက်ဘူးဆိုဗျ”

ဦးဆိုနီလည်း မျက်နှာပျက်သွားပြီးတော့

“အလတ်ကောင်၊ တိတ်တိတ်နေစမ်းပါကွာ၊ မင်းမြင်တာတွေကို ဘယ်သူ့ကိုမှ မပြောနဲ့၊ ဟုတ်ပြီလား၊ တို့တွေရွှေတွေရတဲ့အခါ မင်းကိုဝေစုတစ်စုခွဲပေးမယ်ကွ”

ဘိုမက မတ်တပ်ထရပ်ပြီးတော့

“အကိုကြီးဘယ်လိုပြောတာလဲ၊ ဒီကောင့်ကိုအလကားနေရင်း ဝေစုပေးရမှာလား”

“ဟုတ်တယ်၊ ကျုပ်လည်း မပေးနိုင်ဘူးဆိုနီ၊ ခင်ဗျားပေးချင်သပဆိုရင် ခင်ဗျားဝေစုထဲကပေးလိုက်”

ဦးဆိုနီခေါင်းခြောက်သွားတယ်။

“ဝေစုမပေးချင်ဘူးဆိုရင် ဒီကောင်လေးကို ဘယ်လိုလုပ်မလဲဟ”

ဒီအခါ ဘိုမက ပြုံးရင်း

“သူ့ကို ဒီမှာပဲ နှုတ်ပိတ်ခဲ့လိုက်တာပေါ့ အကိုကြီးရာ”

ဦးဆိုနီက လန့်သွားတယ်ဗျ၊ ဘာပဲပြောပြော ကျုပ်က သူ့တူကိုးဗျ၊ နှုတ်ပိတ်မယ်ဆိုတာ သိလိုက်လို့ ကျုပ်လည်းပြန်လှည့်ပြေးဖို့အလုပ်မှာ ဘိုမက ကျုပ်ကိုသူ့ခေါင်းမှာစည်းထားတဲ့ ဖဲကြိုးတစ်ချောင်းနဲ့လှမ်းပစ်လိုက်သဗျ၊ လက်တစ်ထွာလောက်ရှိမယ့် ဖဲကြိုးအဝါလေးက ကျုပ်ဆီကိုပျံသန်းလာပြီးတော့ ကျုပ်တစ်ကိုယ်လုံးကို လှုပ်မရအောင်လို့ ချည်ပတ်လိုက်ပါရောဗျာ၊ ဒါသွေးရိုးသားရိုးမဟုတ်ဘူးဆိုတာ ကျုပ်သိလိုက်ပါတယ်။

“ခင်၊ ခင်ဗျား၊ ခင်ဗျားက စုန်းမပဲ”

ဘိုမက ပြုံးရင်း

“မင်းကိုငါသတ်မယ်၊ သေပေတော့”

ဦးဆိုနီက ဘိုမလက်ကိုဆွဲပြီးတော့

“မ၊ မလုပ်ပါနဲ့ ဘိုမရာ၊ စိတ်ကိုလျော့စမ်းပါ၊ သူက ငါ့တူလေးပါ”

ဦးညွန့်ရွေက အရှေ့တိုးလာပြီးတော့

“အောင်မာ၊ ခင်ဗျားတူလည်း ဘာဖြစ်သလဲဗျ၊ အခုဒီကောင်လေးက ကျုပ်တို့လုပ်နေတာတွေကို မြင်သွားပြီမဟုတ်လား၊ ကျုပ်တို့အကြောင်းတွေ လျှောက်ပြောနေရင် ကျုပ်တို့အမှုပတ်မယ်ဆိုတာ ခင်ဗျားမသိဘူးလား၊ မြေကြီးထဲက ရတဲ့ရွှေက မင်းဘဏ္ဍာဗျ၊ လူတွေသိသွားရင် ကျုပ်တို့အဖမ်းခံရပြီးတော့ ရွှေတွေပါ အသိမ်းခံရနိုင်တယ်ဆိုတာ ခင်ဗျားမသိဘူးလား”

ရွှေတွေဆိုတဲ့အသံကြားရော ဦးဆိုနီလည်းတွေဝေသွားတော့တာပဲဗျာ၊ နောက်တော့ ခေါင်းကိုအသာညိတ်ပြတယ်ဗျ၊ ဘိုမက ကျုပ်ကိုမျက်စောင်းထိုးပြီးတော့ကြည့်တယ်။ ကျုပ်ကိုသတ်မယ်ဆိုတာသိတော့ ကျုပ်လည်း ကူရာကယ်ရာရမလားဆိုပြီးတော့ အော်မိတော့တာပေါ့ဗျာ။

“ကယ်ကြပါ၊ ကယ်ကြပါအုံးဗျာ၊ ကျုပ်ကိုသတ်တော့မယ်ဗျ”

ဘိုမက မျက်နှာကိုမဲ့လိုက်ပြီး

“ပါးစပ်ပိတ်ထားစမ်း”

လို့ပြောလိုက်တာနဲ့ ကျုပ်နှုတ်ခမ်းနှစ်ခုကို ကော်နဲ့ဆွဲကပ်လိုက်သလိုမျိုး နှုတ်ခမ်းက စေ့သွားပြီးတော့ စကားပြောမရတော့ဘူးဗျ၊ အသံကုန်ဟစ်ပေမယ့် ဝူးဝူးဝါးဝါးလောက်ပဲ အသံထွက်တော့တာ။ ဘိုမက သူ့လက်ညှိုးနဲ့ကျုပ်ကိုထိုးလိုက်တော့ ကျုပ်လည်ပင်းကို လူတစ်ယောက်ညှစ်သလိုခံလိုက်ပြီးတော့ လည်ပင်းတွေအစ်၊ အသက်ရှူတွေကြပ်လာပါရောဗျာ။

“အောင်မယ်၊ မင်းတို့က မဟုတ်တာတွေ ကြံနေကြတာကိုးကွ”

အသံကြားလိုက်လို့ ကျုပ်ကြည့်လိုက်တော့ နွားတစ်အုပ်နဲ့ ဦးဘသာကြီးရောက်လာသဗျ၊ ဘိုမက ကျုပ်ကိုလက်ညှိုးထိုးထားရင်းကနေ ဦးဘသာဘက်ကိုလှည့်လိုက်တယ်။

“လာပြန်ပြီ အရှုပ်တစ်ကောင်”

ဦးညွန့်ရွေက ညည်းညူလိုက်ပြန်ရော။

“ကောင်လေးကို လွတ်လိုက်စမ်း”

ဦးဘသာ အမိန့်ပေးပေမယ့် ဘိုမက ရယ်လိုက်ပြီးတော့

“ဘာလို့လွှတ်ရမှာလဲ၊ ကိုယ့်ထမင်းကိုယ်စားပြီး သူများကိစ္စကိုဝင်ပါတဲ့ ဒီကောင်ရော၊ ရှင်ရော သေရမယ်”

ဦးဘသာက ခပ်ထေ့ထေ့ပြုံးလိုက်ပြီးတော့

“သေရမယ်ဆိုရအောင်၊ နင်ကဘာလောက်တောင်စွမ်းနေလို့လဲ၊ နင်စွမ်းရင် နင်ငါ့ကိုသေအောင်သတ်စမ်း”

ဦးဘသာက စိန်ခေါ်တော့ ဘိုမက ရယ်ပြုံးလိုက်တယ်ဗျ၊ ကျုပ်ဖြင့်စိတ်ပူသွားတာပဲဗျာ၊ ဦးဘသာက စုန်းပညာတွေသုံးလို့မရဘူးမဟုတ်လားဗျ၊ အခုဘိုမကို သူဘယ်လိုရင်ဆိုင်မလဲ၊ သာမန်စုန်းလောက်ကိုတော့ ဦးဘသာက ဖြုံတောင်မဖြုံပေမယ့် အခုလို ပညာတွေအပိတ်ပင်ခံထားရတဲ့အချိန်မှာ ပညာထုတ်သံုံးလိုက်ရင် သခင်မတွေ၊ မယ်တော်တွေက ဦးဘသာကို ဒီထက်ကြီးလေးတဲ့အပြစ်ဒဏ် ပေးတော့မယ်မဟုတ်လား။

“ဦးဘသာ၊ ဦးဘသာ ဘာတွေပြောနေတာလဲ၊ ဒီကောင်မက ဦးဘသာကို တကယ်သတ်မှာဗျ”

“သတ်စမ်းပါစေကွာ၊ ငါလည်း သေချင်နေတာနဲ့အတော်ပဲ”

ဦးဘသာက အတည်ပေါက်နဲ့ပြောနေတာဗျ၊ ဘိုမက ဦးဘသာကိုလက်ညှိုးထိုးပြီးတော့

“ကောင်းပြီ အဘိုးကြီး၊ ရှင်ဒီလောက်သေချင်နေတယ်ဆိုရင်လည်း ရှင့်ဆန္ဒကိုဖြည့်ဆည်းပေးလိုက်မယ်”

ဘိုမက ဦးဘသာကိုလက်ညှိုးထိုးထည့်လိုက်တယ်ဗျ၊ ဘာမှတော့ မမြင်ရပေမယ့် ဦးဘသာက အနောက်ကို ယိုင်ထွက်သွားတယ်၊ နောက်တော့ မျက်နှာကြီးက ရှုံ့မဲ့ပြီးတက်လာတယ်ဗျာ၊ သူ့လည်ပင်းကိုလည်း သူ့လက်နှစ်ဖက်နဲ့ပြန်ကိုင်လို့ဗျ၊ ကျုပ်အထင်တော့ ဘိုမက သူ့ကိုလည်ပင်းညှစ်သတ်တယ်ထင်တာပါပဲဗျာ၊ မျက်လုံးကြီးက ပြူးလာပြီးတော့ မျက်နှာကြီးကလည်း ပြာနှမ်းလာသဗျ၊ နောက်တော့ တအစ်အစ်နဲ့အသံတွေမြည်ပြီး ဦးဘသာက ဒူးထောက်ထိုင်ကျသွားတယ်။

“ဦးဘသာ၊ ဦးဘသာကိုမလုပ်ပါနဲ့”

ဘိုမက ဘာမှမပြောဘယ် ခြောက်ကပ်ကပ်အသံနဲ့ရယ်နေတယ်ဗျ၊

“မလုပ်ပါနဲ့ဗျာ၊ ခင်ဗျားဒီလိုဆက်လုပ်နေရင် ဦးဘသာ သေသွားလိမ့်မယ်ဗျ”

“ဟဲ့ကောင်၊ အဘိုးကြီးက သေချင်နေတာလေ၊ ငါကလည်း သေအောင်သတ်နေတာမဟုတ်ဘူးလား”

ဘိုမကိုပြောမရတာနဲ့ ကျုပ်လည်း ဦးဘသာဘက်ကိုလှည့်လိုက်ပြီး

“ဦးဘသာ၊ ငြိမ်ခံမနေပါနဲ့ဗျ၊ ဒီလိုအပေါစားစုန်းမလက်ထဲမှာ အသေမခံပါနဲ့၊ ပညာတွေထုတ်သုံးလိုက်ပါဗျ”

ဘိုမက ကျုပ်ကိုစိုက်ကြည့်ရင်း

“အောင်မယ်၊ ငါ့ကိုများ အပေါစားစုန်းမတဲ့လား”

ကျန်တဲ့လက်တစ်ဖက်နဲ့ ကျုပ်ကိုလက်ညှိုးထိုးလိုက်တယ်၊ ကျုပ်လည်ပင်းတွေလည်း ချက်ချင်းအစ်ကျလာတယ်၊ အသက်ရှုလို့ကလည်း မဝတော့ဘူးဗျို့၊ ဒီအတိုင်းဆိုရင် ကျုပ်လည်း သေရတော့မယ်ထင်ပါရဲ့ဗျာ၊ ကျုပ်မျက်စိတွေ မှုန်ဝါးလာတယ်ဗျ၊ ဦးဘသာကိုလှမ်းကြည့်လိုက်တော့ ဦးဘသာက မြေပေါ်ကိုမှောက်ခုံကြီး လဲကျသွားပါရောဗျာ၊ လက်တွေခြေထောက်တွေက တဆတ်ဆတ်တုန်နေပြီးတော့ အကြောဆွဲနေသေးတယ်။

“ဦး၊ ဦးဘသာ”

ကျုပ်လည်း အံကြိတ်အော်လိုက်ပြီးတော့ မြေပြင်ပေါ်ကိုပက်လက်ကြီး လဲကျသွားပါရောဗျာ၊ ကျုပ်သေတော့မယ်ထင်ပါတယ်၊ ညမှောင်စပြုလာတဲ့ ကောင်းကင်ကို ငေးကြည့်နေတုန်းမှာ ကျုပ်မျက်စိထဲ အဖြူရောင်၊ ရွှေရောင်၊ အစိမ်းရောင် အရောင်စုံတွေ ဝင်းလက်လာတယ်ဗျ၊ သေခါနီးမှာ ပေါက်ကရတွေမြင်တတ်တယ်ဆိုတာ ဒါကိုပြောတာဖြစ်ချင်ဖြစ်မှာဗျ၊ နောက်တော့ ကျုပ်မျက်နှာရှေ့မှာ လူတစ်ယောက်မျက်နှာက ပေါ်လာသဗျာ။

“အလတ်ကောင်၊ အလတ်ကောင်”

ဦးဘသာမျက်နှာကို မြင်လိုက်ရတယ်ဗျ၊ ဦးဘသာက ကျုပ်ကိုနှိုးလို့ပေါ့ဗျာ။

“ဦး၊ ဦးဘသာ၊ ကျုပ်၊ ကျုပ်သေသွားပြီလား၊ ဦးဘသာလည်းသေ၊ ကျုပ်လည်းသေပြီး ကျုပ်တို့ သရဲဖြစ်ကုန်တာလား”

ဦးဘသာက ကျုပ်ကိုဆွဲပွေ့လိုက်ရင်း

“မင်းမသေပါဘူးကွ”

“သေသွားပါပြီဗျာ၊ ဦးဘသာ သေသွားတာကိုလည်း ကျုပ်မျက်စိနဲ့မြင်ခဲ့ပြီးပါပြီ”

“မင်းမသေပါဘူးဆိုကွာ၊ သေမသေ ငါစမ်းကြည့်မယ်”

ဦးဘသာက ပြောရင်း ကျုပ်နားအုံကို လက်ဝါးနဲ့ရိုက်ချထည့်လိုက်တယ်ဗျ၊ ဖြောင်းခနဲအသံနဲ့အတူ ကျုပ်နားအုံတစ်ခုလုံးပူထူသွားတာပဲဗျာ၊ ကျုပ်လည်း အဲဒိတော့မှ ငုတ်တုတ်ထထိုင်ပြီး နားအုံကိုလက်နဲ့အုပ်ထားမိတယ်။

“နာ၊ နာလိုက်တာ ဦးဘသာရာ၊ ဒါဆို ကျုပ်မသေဘူးပေ့ါနော်၊ ဦးဘသာလည်း မသေဘူးပေါ့”

ကျုပ် ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ဦးဆိုနီတို့ တစ်ယောက်မှ မရှိတော့ဘူးဗျ။

“ဒီလူတွေ ဘာဖြစ်သွားကြတာလဲ”

“စုန်းမနဲ့ ဟိုလူကြီးကတော့ တစ်ချိုးတည်းလစ်ပြေးပြီကွ၊ မင်းဦးလေးလည်း ရွာဘက်ကိုထွက်ပြေးသွားပြီ”

“ဦးဘသာ ဘာလုပ်လိုက်တာလဲ၊ စုန်းပညာကို ထုတ်သုံးလိုက်တာလားဗျ”

ဦးဘသာက ရယ်ကျဲကျဲနဲ့

“ငါဖြင့် အဲဒီစုန်းအပေါစားမကို ကျေးဇူးတင်သကွာ၊ တို့စုန်းပညာပိတ်ပင်တဲ့အခါ သေကောင်ပေါင်းလဲဖြစ်အောင် နှိပ်စက်ပြုစားခံရတယ်ဆိုရင် စုန်းပညာကိုပိတ်ပင်ထားတဲ့ အစီအရင်က ပျက်ပြယ်သွားတယ်ကွ၊ ဒါကလည်း စုန်းတွေပညာအပိတ်ခံထားရတဲ့အချိန်မှာ အခြားစုန်းတွေက ဒီစုန်းကိုအသက်အန္တရာယ်မပြုအောင်လို့ လျှော့ပေါ့ပေးထားတဲ့ အခွင့်အရေးတစ်ခုပေါ့ဗျာ”

“ကျုပ်နားမလည်ဘူးဗျ၊ ဒါဆိုရင် စုန်းပညာပိတ်ထားပေမယ့် အသက်အန္တရာယ်ပြုခံရရင် စုန်းပညာပြန်ထုတ်သုံးလို့ရတယ်ဆိုတဲ့ သဘောလားဗျ”

ဦးဘသာက ခေါင်းညိတ်ပြတယ်ဗျ။

“အခုဆို ဒီစုန်းကြောင့် စုန်းပညာမသုံးရဆိုတဲ့ ဒဏ်လည်း အလိုလိုပျက်သွားပြီ၊ အခုအချိန်ကစပြီး ပညာတွေပြန်သုံးလို့ရပြီကွ”

ကျုပ်လည်း အခုမှပဲ သက်ပြင်းချလိုက်တော့တယ်ဗျာ။

“ဒါပေမယ့် နောက်ဆိုရင် အဲဒီမလုပ်ပါနဲ့ ဦးဘသာရာ၊ ကျုပ်ရင်တွေထိတ်ရလွန်းလို့ပါဗျ”

“အေးပါကွာ၊ နောက်လည်းဒါမျိုးမဖြစ်တော့ပါဘူးကွ၊ ထထ၊ ပြန်ရအောင်”

“ကျုပ်မပြန်ဘူး၊ ဒီရောက်ပြီးမှတော့ လက်ဗလာနဲ့မပြန်ချင်ဘူးဗျာ”

“ဘာဖြစ်လို့လဲကွ”

“ဒီနေရာမှာ ရွှေတွေရှီတယ်မဟုတ်လားဗျ၊ ဒီရွှေတွေကို ဟိုလူတွေမတူးဖြစ်ပေမယ့် ကျုပ်ရအောင်တူးမယ်၊ ရွှေရရင် ဦးဘသာကိုလည်း တစ်ဝက်ခွဲပေးမယ်ဗျာ”

ဦးဘသာက ဘာမှမပြောဘဲ သက်ပြင်းချတယ်ဗျ၊ ကျုပ်လည်း ဦးဆိုနီတို့ကျန်ခဲ့တဲ့ ပေါက်တူးယူပြီးတော့ မြေကိုဆက်ပေါက်တာပေါ့ဗျာ၊ ပေါက်ရင်းပေါက်ရင်း အချိန်တွေကုန်လာတယ်ဗျ၊ ကျုပ်လည်း တစ်ကိုယ်လုံးချွေးတွေရွှဲနေပြီ၊ တွင်းကတည်း အတော်နက်နေပြီပေါ့ဗျာ၊ တူးနေတုန်း ကျုပ်အနားမှာ မီးရောင်တွေလင်းသွားတော့မှ ကျုပ်လည်း တွင်းပေါ်ကိုမော့ကြည့်လိုက်မိတယ်။

“ဟင်၊ အဖေ၊ အဖေပါလား”

အဖေက ကျုပ်ကိုပြုံးကြည့်နေရင်း

“တူးထားအလတ်ကောင်ရေ၊ မင်းသေအောင်တူးလည်း ရွှေတွေထွက်လာမှာမဟုတ်ဘူးကွ”

“ဗျာ၊ ဘာဖြစ်လို့လဲအဖေရ၊ တွင်းကတော်တော်နက်နေပြီ၊ မကြာခင်ထွက်လာတော့မှာဗျ”

“ဘာလို့လဲဆိုတော့ အဲဒီသိုက်စာက ငါရေးထားတာမို့လို့ပဲကွ”

“ဗျာ”

ကျုပ်လည်း လက်ထဲက ပေါက်တူးကြီးကိုလွှတ်ချလိုက်မိတယ်။

“ဘာပြောတယ်အဖေ”

“အေး၊ ပြောရမယ်ဆိုရင်တော့ ငါကျောင်းတက်ပြီး ခြောက်တန်းလောက်ရောက်တော့ ကဗျာလေးဘာလေးစပ်ရင်းကနေ အဖေ့ရဲ့မှတ်စုစာအုပ်ကြီးထဲမှာ လင်္ကာလိုလို၊ သိုက်စာလိုလိုရေးလိုက်တာပဲကွ၊ အဲဒီတုန်းကဆို အဖေက ငါ့ကိုတောင် တော်တော်ရိုက်လိုက်သေးတာ”

ကျုပ်လည်း တစ်ခါတည်းထိုင်ငိုချင်သွားသဗျာ။

“ဘာမှမပူပါနဲ့အလတ်ကောင်ရာ၊ မင်းဆက်သာတူးစမ်းပါကွ၊ တော်တော်နက်လို့ ရေထွက်လာတော့လည်း ရွာကလူတွေသုံးရတာပေါ့ကွာ၊ ဟား၊ ဟား”

အဖေနဲ့အကိုကြီးက ရယ်မောပြီးပြန်သွားတယ်ဗျ၊ ကျုပ်လည်း တွင်းပေါ်တက်ဖို့လုပ်တော့မှ တွင်းက လူတစ်ရပ်ကျော်နက်နေပြီဗျ၊ လောဘဇောတိုက်ပြီး တူးထားခဲ့တာဆိုတော့လည်း အခုကျတော့ တစ်ကိုယ်လုံးကိုက်ခဲ ပင်ပန်းနေပြီးတော့ ကျင်းပေါ်ကိုပြန်မတက်နိုင်တော့ဘူးဗျ။

“အဖေရေ၊ အကိုကြီး၊ လာပါအုံးဗျ၊ ကျုပ်ကိုတွင်းထဲကနေ ဆွဲတင်ပေးကြပါအုံးဗျာ”

အဖေတို့က မကြားတော့ဘူးထင်ပါတယ်ဗျာ၊ ကျုပ်လည်း တွင်းကိုဖက်မတက်နိုင်တာနဲ့ တွင်းထဲပိတ်မိနေတာပေါ့။

“ဟေ့လူ၊ လာလာ၊ ကျုပ်ဆွဲတင်မယ်”

အသံကြားလို့ တွင်းနှုတ်ခမ်းကိုကြည့်လိုက်တော့ မနက်ကတွေ့ခဲ့တဲ့ ကောင်လေးဖြစ်နေတယ်ဗျ၊ ဒီတော့မှ ကျုပ်လည်း ကြောက်ကြောက်နဲ့ တွင်းထဲကနေခုန်တက်ပြီးတော့ တစ်ချိုးတည်းပြေးတာ ရွာရောက်တဲ့အထိပါပဲဗျာ။

ပြီးပါပြီ။
အဂ္ဂဇော်