တုတ်ပြီးဓါးပြီးစံလှ

အမဲလိုက်အဖွဲ့ လေးပင်ဖြစ်သည်။
“ကိုစံလှ တောတက်မယ်ဗျာ ဇရပ်လေးဆောင်ဘက်မှာ ဂျီဟောက်သံ ကြားတယ်လို့ သာဒင်က ပြောတယ် ”
“အေး မောင်ရဲ မင်းအိမ်က ယုန်ပိုက်တွေ ကောင်းသေးလား ”
“ကောင်းပါတယ် ”
“တောဝက် တိုးသွားလို့ဆို မပျက်သွားဘူးလား”
“ပြင်ထားတာ ဦးစံလှရေ ဘယ်လိုလဲ အခုပဲ သွားကြတော့မလား ”
“သွားကြတာပေါ့ကွာ ဂျီတကောင်လောက်ရလည်း မဆိုးဘူး အိမ်မှာ ဟင်းစား ပြတ်နေတာကြာပေါ့ ”
“ကဲ ကဲ သွားကြရအောင်ဗျာ ”
ကျန်လူများသည် အမဲလိုက်ရာတွင်သုံးသည့် ပိုက်များအား ထမ်းကာ အိမ်‌ဝိုင်းအပြင်သို့ ထွက်လိုက်သည်။ ဦးစံလှမှာ ထရံတွင် ချိတ်ထားသော ဒူးလေးနှင့် မြှားတံများ ထည့်ထားသော ဝါးဘူးလေးကို ယူလိုက်ပြီး မောင်ရဲတို့အနောက်သို့ လိုက်သွားပါလေတော့သည် ။

*အခန်း (၃)

တောလည်ထွက်သွားသော ဦးစံလှတို့အဖွဲ့သည် တောထဲသို့ မရောက်သေးခင် လမ်းမှာပင် စကားများဖောင်ဖွဲ့လို့ တယောက် တပေါက်ပြောဆိုနေကြသည်။သူတို့ ပြောနေသော စကားများထဲတွင် ချောင်းကြီးရွာသားများ၏ အကြောင်းမှာ အများဆုံးဖြစ်သည်။
“တောက် ချောင်းကြီးရွာသားတွေ လူပါးဝချက်ဗျာ အဲ့ဒီအထဲမှာ ချက်ကြီးဆိုတဲ့ ကောင်က အဆိုးဆုံးပဲ ”
“ဘာဖြစ်လို့လဲ ကျော်ကြီးရ ”
“ဘာဖြစ်ရမှာလဲ ကြက်ပွဲမှာ ကျုပ်ရှိတယ် ဦးလေးရ ဒီကောင်တွေက လူပါးဝတာ သူတို့ကြက် ပြေးကာနီးကို ကောက်တာ”
“ကောက်တဲ့ကောင်က ရှုံးတယ်လေကွာ ”
“အေးလေဗျာ အဲ့တာကို ကြက်တိုက်သူတိုင်းသိတယ် ဒါကို ဒီကောင်တွေက သူတို့ ကြက်က ခွပ်နိုင်တယ် တမင် မတိုက်ချင်‌ တော့လို့ ကောက်တာဆိုပြီး ညစ်တာဗျ ”
“ဟိတ်ကောင်တွေရ ညစ်ရင် ရိုက်ရောပေါ့ကွာ ”
“ရိုက်တော့ ရိုက်တယ် ဦးစံလှရ ”
မောင်ရဲသည် ပြုံးစစနှင့် ဦးစံလှအား ဝင်ပြောလေသည်။ ထိုအခါ ဦးစံလှသည် မောင်ရဲအား တချက်ကြည့်လိုက်ကာ
“ရိုက်တယ်သာပြောတာ ကွဲလာတာက တို့ရွာသားတွေပဲ မဟုတ်လား ”
“ဟုတ်တယ်လေ ရိုက်တာက ချောင်းကြီးရွာသားတွေလေ ‌ကိုကျော်ကြီးတောင် ပြေးတာမြန်လို့ လွတ်တာ အဲ့တာတောင် ချက်ကြီးဆို‌တဲ့ လူက တုတ်နဲ့ လှမ်းပစ်သေးတာ ”
“တောက် မင်းတို့ကောင်တွေ သူဌေးကုန်းရွာသားဖြစ်ပြီးတော့ ခံလာရတယ်လို့ကွာ ချက်ကြီးဆိုတာ ချောင်းကြီးရွာ ဘယ်အပိုင်းကလဲ ”
“ရွာလယ်ပိုင်းကတဲ့ ‌ဗျ”
“တောက် တွေ့ပြီပေါ့ကွာ စံလှ ဘာကောင်လဲ ဆိုတာ သိစေရမယ် ဟေ့ကောင် မောင်ရဲ ငါ့ ဒူးလေး ယူထား ငါတောထဲကို မလိုက်တော့ဘူး ”
“ဘာဖြစ်လို့လဲ ဦးစံလှရ ”
“ချောင်းကြီးရွာကချက်ကြီးကို သူဌေးကုန်းရွာက စံလှအကြောင်းသိရအောင် လုပ်ပေးမလို့ဟေ့ ”
“ဟာ လျှောက်မသွားနဲ့ ဟိုကောင်တွေက ခွေးလိုပဲ ဝိုင်းကိုက်တာ ”
“ခွေးဆိုတော့လည်း တွေ့တဲ့ တုတ်နဲ့ ရိုက်ရုံပေါ့ကွာ ”
“ပြောမရရင်လား ကျုပ်တို့ ပါလိုက်မယ်ဗျာ ”
“မင်းတို့ လိုက်ရင် အကုန်သေကုန်မှာပေါ့ကွ ရွာကို ပြန်ရင်ပြန် မပြန်ရင် အမဲလိုက်ပြီး ငါ့အတွက် ဝေစုပါ ခွဲထား”
“လိုက်ခဲ့မယ်ဗျာ ဦးစံလှကို တယောက်တည်း စိတ်မချဘူး”
“ခွီးတဲ့မှပဲ ချောင်းကြီးရွာသား ချက်ကြီးကို မလုပ်ရခင် မင်းကို အရင်လုပ်မိတော့မယ် ”
ဦးစံလှသည် ပုဆိုးတိုတို ၀တ်လိုက်ပြီး တယောက်တည်း ခပ်သွက်သွက်ထွက်သွားလေရာ မောင်ရဲတို့ တားသော်လည်း တား၍ မရ၍ ဆက်လက်ထားပြန်လျှင်လည်း မျက်နှာသာ ဖူးယောင်လာမည့်အရေးမို့ လွှတ်ပေးလိုက်ရပါတော့သည် ။

*အခန်း (၄)

ဦးစံလှ‌တယောက် လက်ဗလာဖြင့် ချောင်းကြီးရွာဆီသို့ တယောက်ထဲ သွားနေသည်။အမဲလိုက်သွားမည့် မောင်ရဲတို့သည်လည်း ဦးစံလှမှ မလိုက်လာဖို့ရာ ကြိမ်းမောင်းထားသောကြောင့် သူ၏ မြင်ကွင်းရှေ့တွင်‌ ပေါ်မလာရဲပေ။ထိုလူကြီးသည် ပြောရသည်မဟုတ် ပြောလျှင်ပြောသည့်အတိုင်း လုပ်တတ်သူဖြစ်၏ ။ထို့ကြောင့် မောင်ရဲတို့အဖွဲ့ ခပ်လှမ်းလှမ်းမှသာ ဦးစံလှ၏ အရိပ်အခြေကို ကြည့်နေရသည်။ဦးစံလှသည် ဘာမထီဟန်ပန် နှင့် ချောင်းကြီးရွာထဲသို့ ဝင်သွားလိုက်သည်။
ချောင်းကြီးရွာသားများသည် ဦးစံလှအား သူဌေးကုန်းရွာ သားဆိုသည်အားသိသော်လည်း လက်ဗလာနှင့်မို့ မည်သည့် အန္တရာယ်မှမပေးပဲ ကွက်ကြည့် ကွက်ကြည့်နှင့် အခြေအနေ အား အကဲခတ်နေကြသည်။ဦးစံလှသည် လမ်းတွင် တွေ့သည့်လူတယောက်အား
“ကောင်လေး ဒီရွာက ချက်ကြီး ဆိုတဲ့ကောင်ရဲ့ အိမ်ငါ့ကို ပြလို့ရလား”
“ရတယ် ဒီလမ်းအတိုင်းသာသွား အိမ်ကြီးတအိမ်ရဲ့နောက် ဖေးမှာ မီးဖိုချောင်ကို ကန့်လန့်ဆောက်ထားတဲ့ အိမ်က ကိုချက်ကြီးရဲ့အိမ်ပဲ ”
“အေး အေး ”
ဦးစံလှသည် ချက်ကြီး၏အိမ်သို့ သွားနေချိန် သူ၏ မလှမ်းမ ကမ်းမှ ချောင်းကြီးရွာသားများ လိုက်လာကြသည်။ထိုအရာကိုလည်း စံလှ သတိထားမိသည်။သို့ပေမဲ့ နောက်ပြန်လှည့်မကြည့် ဘဲ ချက်ကြီး၏ အိမ်သို့သာသွားနေလိုက်သည်။မကြာသော အချိန်တွင် လမ်းမှ ကောင်လေးပြောပြသော အိမ်ကို တွေ့ရ၍ ခြံအတွင်း သူဝင်လိုက်သည် နှင့် ကြက်ဖတကောင်ကို ပွေ့ ၍ အစားကျွေးနေသည့် ချက်ကြီးကို တွေ့လိုက်ရပြီး ဦးစံလှအား
“ဟေ့လူ ခင်ဗျားက သူဌေးကုန်းရွာက မဟုတ်လား ကျုပ် မြင်ဖူးတယ် ”
“မင်းက ချက်ကြီး ဆိုတာလား ”
“ဟုတ်တယ် ခင်ဗျားက ဘာလာလုပ်တာလဲ ”
“ငါက ဘာလာလုပ်စရာရှိရမှာလည်း မင်းကို အကြွေးလာတောင်းတာပေါ့ ”
ဦးစံလှသည် ပြောပြောဆိုဆို ချက်ကြီးထံသို့ တရှိန်ထိုး ပြေးသွားပြီး တွန်းလှဲလိုက်ကာ ချက်ကြီး၏ ရင်ဘတ်ပေါ် ကားယားခွလိုက်ပြီး မျက်နှာအား ပယ်ပယ်နယ်နယ်ထိုးကာ ပါးစပ်မှ လည်း
“မင်းလားကွ ချက်ကြီး ကျော်ကြီးအတွက် ငါက လက်သီး ပေးရတာပေါ့ကွာ ရော့ အင့် အင့် ”
စိတ်ကျေနပ်အောင် ထိုးပြီးချိန်တွင်တော့ ချက်ကြီး၏ မျက် နှာတွင် သွေးအလိမ်းလိမ်းနဲ့ ဖြစ်နေပေပြီ။ထိုအချိန်မှ သူ့နောက် လိုက်လာသော ချောင်းကြီးရွာသားများ ဦးစံလှဆီသို့ ပြေးဝင် လာ၏။ဦးစံလှသည် ပြေးဝင်လာသော ချောင်းကြီးရွာသားများအား
“မင်းတို့ရော သေချင်လို့လား စံလှ ဘာကောင်လည်းဆိုတာ ဟောသည်မှာ ကြည့်ကွာ ”
ဦးစံလှသည် အသံကျယ်ကြီးနှင့် အော်ဟစ်ကာ ချက်ကြီး၏ အိမ်တိုင်အား ခေါင်းနှင့် ပြေးဆောင့်ပြလေသည်။ကျွဲတကောင် ခတ်သည့်အလား အိမ်ကြီးသည် တဝုန်းဝုန်းနှင့်ပင်။ဦးစံလှမှာမူ မည်သည့် ဒဏ်ရာဒဏ်ချက်မှမရ နာကျင်သည့်ပုံပေါ်လည်း မပေါ်ပဲ အိမ်တိုင်ကိုသာ ခေါင်းနှင့် ပြေး ပြေး ဆောင့်ပြနေလေသည်။ထိုအချင်းအရာကို မြင်သော ချောင်းကြီးရွာသားများ သည် ဦးစံလှအားတိုက်ခိုက်ခြင်း မပြုကြတော့ပေ။ခပ်လှမ်း လှမ်းမှ ကြောင်ငေးကာ ရပ်ကြည့်နေခြင်းကိုသာ တတ်နိုင်တော့ သည်။အတန်ကြာမှ ဦးစံလှသည်လည်း တိုင် နှင့် ခေါင်းတိုက် သည်ကို ရပ်လိုက်ပြီး ခပ်တည်တည်နှင့် ချောင်းဦးရွာသား လူအုပ်ကြီးထဲမှ တိုးထွက်လာကာ ရွာအပြင်သို့ ထွက်လာလိုက်သည်။ချောင်းကြီးရွာသားများကလည်း နောက်မလှမ်းမကမ်းမှ ဆက်လက် လိုက်လာကြသေးသည်။ယခုတကြိမ်တွင်တော့ ချောင်းကြီးရွာသားများ၏ လက်များတွင် တုတ်များကိုင်ထားကြသော်လည်း ဦးစံလှမှာ ကြောက်ရွံ့ဟန်မပြပဲ ရွာအထွက် ရွာဦးကျောင်းအနားအရောက်တွင် အုတ်ပုံကို မြင်သောအခါ ဦးစံလှ ရပ်လိုက်ပြီး ချောင်းကြီးရွာသားများကို ကြည့်ကာ
“ဟေ့ကောင်တွေ မင်းတို့ကောင် ချက်ကြီးက ငါတို့ ရွာသားတွေကို ရိုက်လို့ ငါ ပြန်လက်စားချေတယ် မင်းတို့ မကျေနပ်ရင် လာခဲ့ကြ ငါ ဘာကောင်လဲဆိုတာ ဒီမှာ ထပ်ကြည့် ”
ဦးစံလှသည် အုတ်ပုံမှ အုတ်ခဲတခဲကို ကောက်ကာ သူ၏ ခေါင်းကို ရိုက်ခွဲပြလိုက်လေသည်။ထိုအခါ အုတ်ခဲသည် ကွဲ ကြေသွားလေတော့သည်။ဦးစံလှသည်က အုတ်ခဲ တခဲနှင့် မရပ်သေးပဲ တလုံးပြီး တလုံး ယူကာ သူ့၏ ခေါင်းအား သူကိုယ်တိုင်ရိုက်ခွဲပြနေလေသည်။ချောင်းကြီးရွာသားများသည် သူ့အား ငေးကြည့်နေရင်း ဒူးထောက်ထိုင်ချလိုက်ပြီး လက်အုပ် ချီနေလေရာ ဦးစံလှမှ ခေါင်းတွင် တင်နေသော အုတ်မှုန့်များကို ခါချကာ ဒူးထောက်ထိုင်ပြီးလက်အုပ်ချီနေသော ချောင်းကြီးရွာသားများအား
“မင်းတို့ကောင်တွေ ငါ့အစွမ်းကို ဒူးထောက်ကြပြီပေါ့ ဒူးပဲ ထောက်ကွာ လက်အုပ်ချီတဲ့အထိတော့ မလိုဘူး ”
ဦးစံလှမှ အောင်မြင်သော လေသံကြီးဖြင့် သူကိုယ်သူ ဂုဏ်ယူဝင့်ကြွားစွာပြောနေချိန် သူ၏ အနောက်မှ ဩဇာသံပါသော ဘုန်းတော်ကြီး၏ စိတ်ဆိုးဒေါသထွက်နေသည့် အသံက ပေါ် ထွက်လာလေ၏ ။
“ဆွမ်းစားကျောင်း ဆောက်ချင်လို့ လမ်းဆိုးတဲ့ကြားက အုတ်ကို ခဲရာခဲဆစ် သယ်ရပါတယ်ဆိုမှ ဒင်းက လာခွဲနေတယ် ”
“ဟို ဟို မသိလို့ပါ ဘုရား ”
“ဘာမသိတာလဲ မင်းက သူဌေးကုန်းရွာက စံလှ မဟုတ်လား ”
“ဟုတ် ဟုတ်ပါတယ် ဘုရား”
“မင်းကွာ ကြီးမိုက်ကြီး လုပ်နေတယ် မင်းတို့ ရွာဦးကျောင်း ဆရာတော်နဲ့ တွေ့မှ မင်းအကြောင်း လျောက်ထားရမယ် ”
“မ မလုပ်ပါနဲ့ ဘုရား ဆရာတော်ရဲ့ ကြိမ်လုံးက အရွယ်သုံးပါး မရွေးလို့ပါ ဘုရား”
“ဟိတ်ကောင် မင်းက ငါ့အုတ်တွေနဲ့တော့ ခေါင်းကို ရိုက်ခွဲပြနေပြီး ဆရာတော်ရဲ့ ကြိမ်လုံးတော့ ကြောက်နေတယ်ပေါ့ ”
“ငယ်ကြောက်မို့ပါ ဘုရား ”
“တကယ့်ကောင်တွေ ဟိုကောင်တွေ မင်းတို့ကလည်း တုတ်တွေ တဝင့်ဝင့်နဲ့ ဘာဖြစ်နေတာလဲ ”
“အဲ့ဒီလူ တပည့်တော်တို့ ရွာက ကိုချက်ကြီးကို အိမ်ထဲအထိဝင်ထိုးသွားလို့ ပါ့ဘုရား”
“ရွာလယ်က ငရှုပ် ချက်ကြီးလား”
“တင်ပါ့ ”
“ဒီကောင့်ကြောင့်များ တုတ်ဆွဲနေသေးတယ်။မင်းတို့ပြန်မလား ငါ့ကြိမ်နဲ့ မင်းတို့ တုတ်နဲ့ ယှဉ်ရိုက်ကြည့်မလား ”
“ပြန် ပြန်ပါ့မယ် ဘုရား ”
“သွားတော့ ကဲ ငစံလှ မင်းလည်းပြန်တော့ တော်တော်ရှုပ်တဲ့ ကောင်ပဲ ကြားထဲက ငါ့ အုတ်တွေ ကွဲကုန်ပြီ ”
ရွာဦးဘုန်းကြီး၏စကားကို နားထောင်ရသော ရွာသားများ သည် ဆက်လက်မမိုက်ရဲတော့ပဲ မာန်စွယ်များချိုးကာ ဆရာ တော်အား ပေါက်ဆိန်ပေါက် ဦးချကာ ထွက်သွားကြပါတော့သည် ။

*အခန်း (၅)

“ဟား–ဟား– ”
“ဟေ့ကောင်‌ ပေတူး ဘာရယ်တာလဲကွ ”
“ကိုသိန်းဇော်ရဲ့ပြောပုံအရဆို ဦးစံလှကြီး သူ့ဘာသာခေါင်းနဲ့ ဆောင့်လိုက် အုတ်ခဲနဲ့ ရိုက်လိုက် လုပ်နေတာ ငါထင်တာက ချောင်းကြီးရွာသားတွေကို တယောက်တည်း ပြန်ချမယ် ‌ထင်နေတာ ”
“အေး အဲ့တာတော့ ဟုတ်တယ် ”
မောင်ဘိုးထင်တို့သည် သိန်းဇော်တို့ပြောပြသော ဦးစံလှ၏ အကြောင်းကို နားထောင်ပြီး ရယ်နေခြင်းဖြစ်သည်။မောင်ဘိုးထင်တို့ ရယ်နေသည်မှာ အတော်နှင့် မရပ်သောအခါ ဖိုးထွေးမှ ဟန့် လိုက်ရတော့သည်။
“ဟေ့ကောင်တွေ မင်းတို့ ရယ်တာလည်း သတိထားဦး ဦးစံလှ ကြီးက မတွေ့သေးဘူးနော် တော်တော်ပျော်နေကြတာလား”
“အင်းပါဗျာ ရယ်ရလို့ပါ ဒါနဲ့ ကိုသိန်းဇော် ဦးစံလှက တကယ် တုတ်ပြီးဓားပြီးတာလား ”
“ပြီးတယ် ထင်တယ်ကွ သူနဲ့အတူ တောလည်တဲ့ မောင်ရဲ ပြောပုံအရ ပြီးတယ် ထင်တယ် ”
“မောင်ရဲက ဘယ်လို ပြောလို့လဲဗျ”
“ဘယ်လိုပြောလဲဆိုတော့ သူတို့တောလိုက်နေတုန်း ကိုကျော်ကြီး ဆိုတဲ့လူက တောထဲဝင်နေတဲ့ တခြားရွာကလူနဲ့ ရန်ဖြစ်တယ်တဲ့ကွာ ဒုတ်တပျက်၊ဓားတပျက် အထိဖြစ်တာ ကျော်ကြီးကို တောထဲဝင်နေတဲ့ လူက ဓားနဲ့ ပြေးခုတ်တယ်တဲ့ အဲ့ဒီအချိန် ဦးစံလှက ကိုကျော်ကြီးကို ‌တွန်းဖယ်ပြီး ဓားခုတ်တာကို ဝင်ခံတယ်တဲ့ ကောင်ရေ အဲ့တာ လူ ဘာမှမဖြစ်ဘူးသွား အင်္ကျီပဲ ပြဲ တယ်ဆိုပဲ ”
“ဒါဆို ဦးစံလှက တကယ်တုတ်ပြီး ဓားပြီးတာပေါ့ ”
“ဟုတ်တယ် ခေါင်းကတော့ အတော်မာတယ်ကွ ”
“အိမ်တိုင်တွေကို ခေါင်းနဲ့ ဆောင့်တယ် ဆိုကတည်းက အတော်ခေါင်းမာလို့ပေါ့ ”
“ကဲ မင်းတို့ အမောပြေပြီလား ဦးစံလှကို ဆက်ရှာကြရအောင်”
သိန်းဇော်သည် ပြောပြောဆိုဆို ထ်ိုင်ရာမှ ထလိုက်လေသည်။ သူထလိုက်သည်နှင့် လှဲအိပ်နေသော မောင်ဘိုးထင်တို့သည်လည်း ထလိုက်ကြသည်။ထိုစဉ် သူတို့ နားနေသော သဖန်းပင် ပေါ်မှ လူသံတသံ ထွက်ပေါ်လာလေသည်။
“ဟေ့ကောင်တွေ နေဦး မင်းတို့က ငါ့ကို လိုက်ရှာနေတာမဟုတ်လား ”
အသံ နှင့်အတူ သဖန်းပင်ပေါ်မှ တွယ်ဆင်းလာသူမှာ ဦးစံလှဖြစ်နေလေသည်၊၊သိန်းဇော်သည် ဦးစံလှကို သေချာကြည့်ကာ
“ဦးစံလှရာ ကျုပ်တို့ ဒီလောက်အော်ခေါ်နေတာ ခင်ဗျားမကြားဘူးလား ”
“ကြားတယ်ဟ ရွာလူကြီး ခေါ်လာပြီး ငါ့ကို ဖမ်းမဲ့လူတွေ ထင်လို့ ”
“ဟာဗျာ ခင်ဗျားကလည်း ”
“ဦးပေါက်စတပည့်တွေက မသေပါဘူးဗျာ လာလိုက်ခဲ့ ”
“လိုက်ရမှာပေါ့ကွာ သွားကြရအောင် ”
မောင်ဘိုးထင်တို့သည် ဦးစံလှကြီးကို ကြည့်ပြီး ရယ်ချင်စိတ်မနည်း ထိန်းနေရသည်။ဦးစံလှကြီးသည် သူခေါင်းတိုက်လိုက်သော ဦးပေါက်စ၏ တပည့်များကို သေပြီထင်ကာ တောထဲ ရှောင်နေပုံထောက်လျှင် သူ၏ ဦးခေါင်းတိုက်ချက်ကို အတော် ယုံကြည်ပုံပေါ်လေသည်။ယခု‌တွင်တော့ ဦးစံလှကြီးသည် ပြုံးရွှင်နေပြီး စိတ်လက်ပေါ့ပါးနေဟန်ရှိသည်။မောင်ဘိုးထင်တို့အား အမဲလိုက်သည့်အကြောင်းများကို ဖောင်ဖွဲ့ပြောကြရင်း ရွာသို့ ပြန်လာခဲ့ကြပါတော့သည် ။

*အခန်း (၆)

သူဌေးကုန်းရွာလေးတွင် မောင်ဘိုးထင်တို့သည် သိန်းဇော်၏ အိမ်တွင် ဆက်နေလိုက်ကြသည်။အကြောင်းမှာ ဦးစံလှတို့နှင့် တောလည်လိုက်သွားချင်သောကြောင့် ဖြစ်သည်။ဦးစံလှသည် သူ တောလည်သွားခဲ့သည့် အတွေ့အကြုံများကို အာဘောင် အာရင်းသန်သန်နှင့် ပြောပြနေသောကြောင့် သူတို့အားလုံး တောလည်ချင်သည့်စိတ် တဖွားဖွားဖြစ်ပေါ်လို့ နေကြသည်။ဦးစံလှသည် သိန်းဇော်တို့အိမ်ကို ရောက်သည်နှင့် ပြောသော အကြောင်းအရာများမှာ
“ကောင်လေးတွေ တို့ရွာ နဲ့ နှစ်နာရီလောက် လမ်းလျှောက်ရတဲ့ သိုးမည်းတောထဲမှာ ဂျီတွေ အတော်ပေါတယ်ကွ တောဝက် လည်း ရှိတယ် တောဝက်လိုက်တာက နည်းနည်းတော့အန္တရာယ်များတယ် ပိုက် နဲ့ ထောင်တာဆိုတော့ လူများများ သုံးရတယ် ”
“ကျုပ်တို့ရွာကလူတွေ တောလည်တာတော့ ဆူညံနေတာပဲ ”
“အေးလေ အဲ့တာ ဂျီခြောက်တာလို့ ခေါ်တယ် တတောလုံး လိုက်တိုးရတာကွ လွယ်တော့ မလွယ်ဘူး ”
” မလွယ်လည်း လိုက်ချင်တယ်ဗျာ ”
“ဟိုကောင်လေး သုံးယောက်က ငယ်သေးတယ် မင်းတို့ လိုက်လို့ ဖြစ်ပါ့မလား ”
“ရပါတယ် ကျုပ်တို့ အတွေ့အကြုံရအောင် လိုက်ချင်တယ် ”
“အဲ့တာဆိုလည်း ပြီးတာပဲကွာ မနက်ဖြန် တောတက်မယ်စောစောထကြ ကြားလား ”
“စိတ်ချ ကျုပ်တို့ အဆင်သင့် ဖြစ်စေရမယ် ဘာတွေလိုသေးလဲဗျ ”
“ဘာမှမလိုဘူး မနက်စာ ငါ ထည့်ခဲ့မယ် မင်းတို့ ဒီညစောစော အိပ် ဟေ့ကောင် သိန်းဇော် မင်းရောလိုက်မှာလား ”
“ကျုပ်ကတော့ မလိုက်တော့ဘူးဗျို့ ကျုပ်ကောင်တွေကို သာ သေချာဂရုစိုက် ခေါ်သွားဦး ”
“စိတ်ချ မင်းကောင်တွေ ပျော်သွားစေရမယ် ”
မောင်ဘိုးထင်တို့သည် မနက်ဖြန်သွားရမည့် အမဲလိုက်ခရီး စဉ်ကို တွေးပြီး စိတ်လှုပ်‌ရှားနေကြသည်။ကြက်ပစ်၊ငှက်ပစ်နှင့် ကြွက်ထောင်၊ငှက်ထောင် လောက်သာ အကြီးမားဆုံး လုပ်ဖူးသော မောင်ဘိုးထင်တို့သည် ယခု တောဝက်၊ယုန် နှင့် ဂျီတို့ကို လိုက်ရမည် ဆိုသောကြောင့် စိတ်လှုပ်ရှားနေကြခြင်း ဖြစ်ပါလေသည် ။

*အခန်း (၇)

မနက်အာရုံတက်ချိန်တွင် သူဌေးကုန်းရွာထဲမှ လူတစုသည် ရွာအပြင်သို့ ထွက်လာနေကြသည်။ထိုလူစုမှာ ဦးစံလှဦးဆောင် သော တောလည်ထွက်မည့်လူစု ဖြစ်ကြသည်။ဦးစံလှ၏ အပေါင်းအပါများသည် မောင်ဘိုးထင်တို့အား အတော်လေး ချစ်ခင်ကြသည်။ပွင့်လင်းရိုးသားသော မောင်ဘိုးထင်တို့အား ရိုးသား‌သော တောသားကြီးများမှ ခင်မင်ကြသည်မှာအဆန်းတော့မဟုတ်ပေ။ဦးစံလှတို့သည် ယုန်ပိုက်၊ဂျီပိုက် နှင့် တော ဝက်ပိုက်များကို ထမ်းလာကြသည်။ဖိုးထွေးနှင့် သာရသည်လည်း လှံတယောက်တချောင်းဆီဖြင့် မြောက်ကြွ မြောက်ကြွဖြစ်နေပြီး မောင်းဘိုးထင်မှာတော့ မောင်ရဲဟု အမည်ရသော လူရွယ်ပေးထားသည့် ဓားမြောင်ကို ခါးတွင်ပတ်ထားပြီး ခပ်ဝင့်၀င့် လမ်းလျှောက်ပြနေလေရာ ထမင်းအုပ်နှင့် စားစရာများ သယ်ရသော သာအေးနှင့် ပေတူးတို့၏ မျက်စောင်းခဲခြင်းကို မကြာခဏ ခံနေသည်။ပေတူးသည် မ‌ကျေမနပ်နှင့် သာအေးအား တိုးတိုး စကားဆိုလေသည် ။
“တောက် ဒီလိုမှန်းသိခဲ့ရင် ငါ တောလည်တာ မလိုက်ပါဘူးကွာ သူတို့ကြတော့ မြောက်ကြွ မြောက်ကြွ နဲ့ ငါတို့ကြတော့ ဒါကြီးတွေ သယ်ခ်ိုင်းတာ မတရားဘူး”
“ဟေ့ကောင် တိုးတိုးပြောဟ ဦးစံလှကြီးက တုတ်ပြီး ဓားပြီးတယ် ဆိုတာ မင်းလည်း သိတယ်နော် တော်ကြာ ခေါင်း နဲ့ ပြေးဝှေ့လို့ သေနေဦးမယ် ”
“သူသယ်ခိုင်းလို့သာ သယ်ရတာ ကျန်တဲ့သူ သယ်ခိုင်းလို့ကတော့ ပေတူးတို့က ဂရုကို မစိုက်ဘူး ”
“အဟမ်း အဟမ်း ”
သူတို့ နှစ်ယောက်၏အရှေ့မှ ဦးစံလှကြီး ၏ ချောင်းဟန့်သံ ကြောင့် ပေတူးသည် ပြောလက်စ စကားကို ရပ်ပစ်လိုက်ကြသည်။သူတို့ အတန်ကြာအောင် လမ်းလျှောက်ပြီး၍ နေဝန်းနီနီမြင်ရချိန်တွင်တော့ ဇရပ်တခုတွင် နားလိုက်ကြသည်။ဇရပ်ပေါ်ရောက်သောအခါ ဦးစံလှသည် ပေတူး နှင့် သာအေးအား
“ကောင်လေးတွေ မင်းတို့နှစ်ယောက်က ချက်တတ်ပြုတ်တတ်မဲ့ ရုပ်တွေကွ အဲ့တာကြောင့် မင်းတို့ကို သက်သာတဲ့နေရာမှာ ထားတာ ငါတို့က ညနေ ဒါမှမဟုတ် နောက်နေ့မှ ပြန်ရင် ပြန်လာမှာ မင်းတို့နှစ်ယောက်က ငါတို့အတွက် ထမင်း နဲ့ ဟင်း ချက်ပေးထားကွာ တောထဲလိုက်မနေနဲ့ ပင်ပန်းတယ် ”
“ဟာ ဒါတော့ မဖြစ်ဘူး ဦးစံလှကို ကြောက်တာက ကြောက်တာပဲ ဒီတခါတော့ ငြိမ်ခံမနေတော့ဘူး ကျုပ်တို့ နှစ်ယောက်က အမဲလိုက်တာ ဝါသနာပါလို့ လိုက်လာတာ ထမင်းချက်ဆို ချက်ပေးမယ် တောထဲတော့ လိုက်ရမှ ဖြစ်မယ် ”
“ငါက မင်းတို့နှစ်ယောက် ပင်ပန်းနေမှာ စိုးလို့ပါကွာ ”
“မပင်ပန်းဘူးဗျာ ကျုပ်တို့ လိုက်ခဲ့မယ် ”
“ပြီးတာပဲ မင်းတို့ သဘော ကဲ ကဲ အဲ့တာဆို မနက်စာ စားကြရအောင် ”
“နေဦး ဟိုကောင် ဘိုးထင်ကိုကြတော့ ဓားမြောင်ပေးထားတယ် ကျုပ်တို့ကျတော့ ဘာမှလည်း မပေးဘူး ”
ပေတူး နှင့် သာအေး၏ မကျေမနပ်စကားကြောင့် ကျန်သော တောလည်ပါလာသူများပါ ပြုံးစိစိဖြစ်သွားပြီး သူတို့အပိုဆောင်လာသော ဓားမြှောင်လေးများအား ပေးလိုက်သည့်အခါမှပင် ပေတူး နှင့် သာအေး ကျေနပ်သွားတော့သည်။ထို့နောက် ပေတူးသည် ဓားမြှောင်ကို ကိုင်ကာ ကျေနပ်နေသလို သာအေးသည်လည်း ထိုနည်းတူစွာဖြစ်သည်။ထို့နောက် သူတို့ မနက်စာ စားလိုက်ကြပြီး တောတောင်များရှိရာဆီ ဆက်လက်ထွက်ခါခဲ့ကြပါတော့သည် ။

*အခန်း (၈)

တောင်ပတ်လည်လမ်းများတွင် ပိုက်များကို ထောင်လိုက်ကြသည်။ပိုက်နေရာတွင်တော့ လူနှစ်ယောက် အသင့် စောင့်နေပြီး ကျန်သူများသည် ဝါးပိုးဝါးဆစ် နှင့် တုတ်တချောင်းစီကိုင်ပြီး တောအစဘက်သို့ သွားနေကြသည်။ဦးစံလှသည် မောင်ဘိုးထင်၊သာအေး နှင့် ပေတူးအား သူနှင့်အတူ လိုက်စေသည်။ကျန်သောသူများမှာ တောကို ဖြန့်ပြီး အစမှ နေ၍ တဝေးဝေး တဟားဟား ဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ပိုက်ကွန်ရှိရာဘက်ဆီသို့ ‌မောင်းရမည် ဖြစ်သည်။ဦးစံလှသည် သူ၏ နောက်တွင်ရှိနေသာ မောင်ဘိုးထင်တို့အား
“ကောင်လေးတွေ ငါ့နောက်က ထပ်ကြပ်မကွာ လိုက်နော် ကြားလား”
“စိတ်ချပါဗျာ တုတ်ပြီး ဓားပြီး တယောက်အနားမှာ ရှိနေတာ ကျုပ်တို့က မကြောက်ပါဘူး”
“မင်းတို့ကတော့ မြှောက်နေပြန်ပြီကွာ ”
ဦးစံလှသည် ဘိုးထင်၏စကားကို များစွာ သဘောကျနေ သည်။
“ဟေးးး အူးးး ”
မကြာခင် ကျယ်လောင်သော အသံတို့နှင့်အတူ တောကောင်များကို ပိုက်ကွန်ရှိရာဆီသို့ ရောက်အောင်‌ခြောက်လှန့်လိုက်ကြသည်။ဦးစံလှ၏ အချက်ပေးသံ ဆုံးသည်နှင့် ဆူညံသော အော် ဟစ်သံများ ဝါးပိုးဝါးဆစ်အား တုတ်ချောင်း နှင့် ခေါက်သံများ ဆူညံစွာထွက်ပေါ် လာပြီးနောက် မကြာခင် လူတယောက်၏ အော်သံက ပေါ်ထွက်လာတော့သည်။
“ကိုစံလှ ခင်ဗျားဘက်ကို ဂျီတကောင် တက်လာပြီဟေ့ ”
“အေး အေး ကောင်လေးတွေ သေချာဂရုစိုက်ဟေ့ ”
ဦးစံလှသည် ချွေးတလုံးလုံး နှင့် တောင်ပေါ်ကို တက်နေလေသည်။သူ့ဘက်လာသော ဂျီကောင်သည် ပိုက်ကွန်များထောင် ထားသောဘက်သို့ ပြေးသွားလေသည်။ထိုအခါ ဦးစံလှသည် ပုဆိုးကို ခပ်တိုတိုပြင်ဝတ်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ပြန်သည်။
“ပိုက်သမားတွေ ဒီဘက်ကတကောင် အဲ့ဒီဘက် လာနေပြီ ဟေ့ ”
ဦးစံလှသည် အော်ဟစ်ပြောရင်း မောင်ဘိုးထင်တို့၏ရှေ့တွင် တ‌ကုန်းကုန်းနှင့် တောင်ကမုလေးပေါ် တက်နေလေသည်။ထိုအခါ ဝတ်ထားသောပုဆိုးက တင်းပြီး တင်ပါးသားတို့ အတိုင်းသားပေါ်လွင်နေလေ၏။မောင်ဘိုးထင်သည် သူ့အား ပေးထားသော ဓားမြောင်ကို ဓားအိမ်ထဲမှ ထုတ်လိုက်သည်နှင့် ဓားထုတ်သည်ကို မြင်လိုက်သော ပေတူးသည် အသံတိုးတိုးဖြင့်
“မင်း ဘာလုပ်မလို့လဲ ဘိုးထင် ”
“ရှေ့က ဦးစံလှ ဓားပြီးတယ်လို့ ကြားတယ် စမ်းကြည့်မလားလို့လေ ”
“အေးစမ်းကြည့်တာပေါ့ကွာ ဘယ်ကိုထိုးမှာလဲ ”
“တကုန်းကုန်းနဲ့ တက်နေတာဆိုတော့ တင်ပါးပဲထိုးကြည့်ရမလားလို့ ”
“အေး အဲ့တာကောင်းတယ် ”
မောင်ဘိုးထင်သည် တောင်ကမုလေးပေါ် တက်နေသော ဦးစံလှ၏ အနားသို့တိုးကပ်သွားပြီး သူ၏ဓားဖြင့် ဦးစံလှ၏တင်ပါး အား ခပ်ဆတ်ဆတ် ထိုးလိုက်ရာ ဓားသွားသည် လက်တဆစ်ခန့် ဝင်သွားချိန်
“ဟ အမလေး ခွီးတဲ့မှပဲ ငါ့ကို ဘာလို့ ဓားနဲ့ ထိုးတာလဲကွ ”
“ဟို ဟို တုတ်ပြီး ဓားပြီးတယ်ဆိုလို့ပါ ”
“တောက် ငါ မောနေတဲ့အချိန်ဆို မပြီးဘူးကွ ခွီးတဲ့မှပဲ နာလိုက်တာကွာ ဖင်တော့ ပေါက်ပါပြီ ”
မောင်ဘိုးထင်သည် ဓားကိုကိုင်ကာ ကြောင်ငေးကြည့်နေသည်။ဦးစံလှ၏ တင်ပါးမှလည်း သွေးတို့ထွက်လာပြီဖြစ်၏ ။ထိုအချိန် ဂျီခြောက်နေသော တခြားဘက်မှာ လူများသည်
“ကိုစံလှ တက်ခဲ့တော့လေ ခင်ဗျားတို့ဖက်က ခြောက်ရမှာ တက်ခဲ့တော့ ”
“အေးကွာ သိန်းဇော်ရဲ့ ဧည့်သည်က ငါ့ဖင်ကို ဓားနဲ့ ထိုးလို့ တကယ်ကောင်တွေ ‌အခုအချိန်ကျမှ တုတ်ပြီး ဓားပြီး စမ်းရတယ်လို့ကွာ ”
“‌တက် တက် တောဝက်တကောင် အစွယ်ရှည်တယ် ပိုက်တိုး တယ် မြန်မြန်တက်ခဲ့ ဂျီတကောင်ရောပဲ ”
“အေး အေး ”
တယောက်နှင့် တယောက် အော်ကြီးဟစ်ကျယ် စကားပြောကာ အားရဝမ်းသာဖြင့် ပိုက်ကွန်များဆီသို့ ပြေးကြလေသည်။ဦးစံလှသည်လည်း တောဝက်ဟု အသံကြားသည် နှင့် တင်ပါးမှ ဓားဒဏ်ရာအား သတိမရနိုင်တော့ပဲ သွေးစက်လက်ဖြင့် ပိုက်ကွန်များရှိရာသို့ အပြေးသွားရာ မောင်ဘိုးထင်တို့လည်း နောက်မှ လိုက်ပါလို့ သွားပါလေတော့သည်။

*အခန်း (၉)

ဦးစံလှတို့ရောက်သွားချိန် ပိုက်သမားများသည် ပိုက်ကွန်ထဲတွင် မိနေသော ယုန်နှစ်ကောင်၊ဂျီတကောင် နှင့် တောဝက်ကြီးတကောင်အား ကိစ္စတုံးပြီးနေပြီ ဖြစ်သည်။ထိုအခါမှ ဦးစံလှသည် သူ၏တင်ပါးကို စမ်းကာ ဘေးတွင်ရှိသော မောင်ရဲဆိုသူအား
“ဟေ့ကောင် မောင်ရဲ ကျွန်မနိုင်ရွက်လေး သွားခူးစမ်းပါဦးကွာ သွေးတိတ်အောင်လို့ ”
“ဟ ဦးစံလှ ဘယ်လိုဖြစ်တာလဲ ဖင်ညောင့်စူးတာလား ”

“မဟုတ်ပါဘူးကွာ ဘိုးထင်ဆိုတဲ့ ကောင်ပေါ့ တုတ်ပြီး ဓားပြီးတယ်ဆိုတာ ဟုတ်မဟုတ် စမ်းချင်လို့ နောက်ကနေ ဓားစူးနဲ့ ထိုးတာဟေ့ အတော်ဆိုးတဲ့ကောင် ”
“ဟား– ဟား– တကယ့်ကောင်တွေဟေ့ တို့ရွာက လူမိုက်ကြီး တော့ ဒီကောင်တွေနဲ့ တွေ့ မှ ခံလိုက်ရပြီ။နေပါဦး ခင်ဗျားက အရင် ဓားခုတ်ခံရတုန်းက ဓားမတိုးပါဘူး ”
“ဟ အခုဟာက မောပန်းနေတုန်း ဓားစူးနဲ့ ထိုးတာလေ ပေါက်တာပေါ့ကွာ ”
ကျွန်မနိုင်ရွက်သွားခူးသော မောင်ရဲပြန်လာပြီမို့ ဦးစံလှသည် ကျွန်မနိုင်ရွက်များကို လုံးချေကာ ခြုံအကွယ်သို့ သွားပြီး ဒဏ်ရာကို သိပ်လိုက်လေသည်။ထို့နောက် မောင်ဘိုးထင် အနားသွားလိုက်ပြီး
“ကောင်လေး စိတ်မကောင်းမဖြစ်နဲ့ ငါ ဘာမှ မဖြစ်ဘူး ”
ဦးစံလှ မောင်ဘိုးထင်၏ ပုခုံးအား ပုတ်ပြီး စကားဆိုနေစဉ် ပိုက်ကွန်ထဲမှ ထုတ်ထားသည့် တောဝက်သေမှာ ရုတ်တရက် ထလာပြီး မောင်ဘိုးထင်ထံသို့ ပြေးဝင်လာလေသည်။မထင်ထားသောအဖြစ်ကြောင့် အားလုံး ကြောင်ငေးကြည့်နေကြစဉ် သတိ ရှိသော ဦးစံလှသည် မောင်ဘိုးထင်ကို တွန်းထုတ်လိုက်ပြီး တောဝက်ကို ဖမ်းလိုက်လေသည်။တောဝက်ကြီးသည် ဦးစံလှအား လဲကျသွားသည်အထိ ပက်လိုက်လေသည်။သတိဝင်လာသော ကျန်သူများသည် ချက်ခြင်းပင် တောဝက်ကြီးအား လှံ နှင့် ထိုးစိုက်လိုက်ကြသည်။ထို့နောက် တောဝက်ကြီးသည် ချက်ချင်းပြန်ငြိမ်ပြီး လဲကျသွားတော့သည်။လဲကျနေသော ဦးစံလှအား တခြားသူများမှ ထူပေးလိုက်ကြ၏။ ဦးစံလှသည် ဘာမှမဖြစ်၍ အံ့သြနေသည့်မောင်ဘိုးထင်ကိုကြည့်ပြီး စကားဆိုလိုက်လေသည် ။
“ကောင်လေး ဒါ မရိုးဘူး ငါ့အထင် မင်းကို မကျေနပ်တဲ့သူရှိနေပြီ ထင်တယ် ”
“ဟုတ်တယ် ဦးကြီး ဒါက တကယ်မရိုးဘူး ဘယ်သူလုပ်တာ ဖြစ်နိုင်မလဲ ”
“ဘယ်သူဖြစ်နိုင်မှာလဲ ဦးပေါက်စသမီး မြကေသီ နေမှာပေါ့ ကွာ ဒီကောင်မလေးက ငယ်ငယ်ကတည်းက ဝမ်းတွင်းစုန်းကွကဲ ကောင်လေးရေ ငါအကြံပေးရမယ်ဆိုရင်တော့ လာမဲ့ဘေးကို ပြေးတွေ့ လိုက်ကြရအောင် ”
“ရှောင်လွှဲလို့ မရ‌တော့ရင်လည်း ချကြတာပေါ့ဗျာ ”
ဦးစံလှသည် မောင်ဘိုးထင်၏ သတ္တိကို သဘောကျကာ ပြုံး ပြလိုက်ပြီး တောဝက်ကြီးအား သိုးနံ့ ပိုမနံစေရန် ထုံးစံအတိုင်း လှီးဖြတ်နေပါလေတော့သည် ။
ပြီးပါပြီ။
မောင်တင်ဆန်း