လွယ်အိတ်တစ်လုံး ပါတယ်ကွ။
လွယ်အိတ်ဆိုပေမယ့် ငါလွယ်ထားတာက
ပိတ်အိတ်ကြီးကွ။ဆရာကြီး အဝတ်အစားတစ်စုံနဲ့
ငါ့အဝတ်တစ်စုံ ပါတယ်။စားဖို့ သောက်ဖို့တွေလည်း
ပါတယ်ကွ ။ တို့ဆရာတပည့်နှစ်ယောက်
လှည်းလမ်းကြောင်းအတိုင်း လျှောက်လာကြတာဟေ့
ယာခင်းထဲမှာ စိုက်ထားတဲ့ ထန်းတောထဲလေး
အောက်လည်းရောက်ရော ဆရာကြီးက တုန့်ကနဲ
ရပ်လိုက်တယ် ။ ငါလည်း ရပ်ရတာပေါ့ကွာ
“ဝီ ဝီ ဝီ ဝီ”
ယင်ကောင်ကွ။ မဲမဲကျားကျားကြီး။ခေါင်းနီနီကြီးနဲ့
ဆရာကြီး မျက်နှာနားမှာ ပတ်ပြီး ပျံနေတာ။
“ဝီ ဝီ ဝီ ဝီ”
ဆရာကြီးက သူ့ခေါင်းမှာ ပေါင်းထားတဲ့ ပန်းရောင်ပုဝါကို
ဖြုတ်ယူလိုက်ပြီး ဖြန့်လိုက်တယ်။
“ဝီ ဝီ ဝီ ဝီ”
ယင်မဲကြီးက ဆရာကြီးမျက်နှာနားကို ကပ်အလာမှာ
ပုဝါလေးနဲ့ အုပ်ပြီး ဖမ်းလိုက်တယ်။
“ကဝေကြီးရဲ့ လက်ကသုံး တောင်ဝှေး မောင်စံခွေး
မင်း နဂိုရုပ် အခုလုပ်စမ်း”
လို့ အသံခပ်ထန်ထန်နဲ့ ဆရာကြီးက အမိန့်ပြန်လိုက်ပြီးတော့
လက်ထဲက ပုဝါကို ခပ်နာနာ ခါထုပ်လိုက်တယ်။
ငါသေသေချာချာ မြင်လိုက်တာကွ။ယင်မဲရိုင်းကြီးက
လွင့်ထွက်သွားပြီး ထန်းပင်နောက်က ရောက်သွားတယ်
ချက်ချင်းပဲ ထန်းပင်နောက်က ကောင်လေးတစ်ယောက်
ထွက်လာတယ် ။ အသက်ဆယ်ငါးနှစ်လောက်ပဲ
ရှိဦးမယ်ကွ ။ ဆရာကြီးနဲ့ ဆယ်ပေအကွာလောက်မှာ
ရပ်ပြီး ဆရာကြီးကို ခပ်စိမ်းစိမ်း ကြည့်နေတာဟေ့
“ဟဲ့ စံခွေး နင့်ဆရာကဝေစုတ်က နင့်ကို စုံစမ်းဖို့
ယင်ကောင်လုပ်ပြီး လွှတ်လိုက်တာမို့လား။
သွား ပြောလိုက် စံခွေး ငါရောက်ပြီလို့ ။ ဒီညပဲ
တွေ့ကြမယ်လို့ ပြောလိုက်။ မင်းလည်း မသေချင်ရင်
ပြေးတော့ ။နေစမ်းဦး စံခွေး။ မင်းဆရာ ကဝေစုတ်က
မယား ဘယ်နှယောက်ရှိတုံး”
စံခွေးဆိုတဲ့ကောင်က မပြောဘူး ပေနေတယ်ကွ။
“ဟဲ့ စံခွေး စောစောက နင့်အသက်ကို ငါလွှတ်ပေး
လိုက်တာကိုတောင် နင်မထောက်ဘူးလား”
လို့ ဆရာပွါးကြီးက ခပ်ငေါက်ငေါက် ပြောလိုက်တော့မှ
စံခွေးက ပျာပျာသလဲ ဖြစ်သွားရောကွ။
“လေးယောက်ဗျ လေးယောက်”
“ဟား ဟား ဟား သူ့ဆီမှာ စုန်းပညာသင်တဲ့
တပည့်တွေကို ယူထားတာနေမှာပေါ့
မင်းဆရာကတော်တွေက စုန်းမတွေ မဟုတ်လားကွ”
“ဟုတ်တယ်”
“နေပါဦး စံခွေးရ ကဝေနဲ့စုန်း ညားရင် ဘယ်တော့မှ
သားသမီး မရဘူးကွ ခုဟာက ဆန်းတော့ ဆန်းသားပဲကွ
မင်းရဲ့ ဆရာကတော် လေးယောက်မှာ ဘယ်စုန်းမက
ကလေးမွေးတာတုံး စံခွေးရဲ့”
“အငယ်ဆုံးမဖန်မွေးတာ ယောင်္ကျားလေးဗျ”
“ဟေ ခု ဘယ်အရွယ်တုံးကွ”
“အခါလည်သားရှိပြီ”
“မင်းရော ကဝေတပည့်လုပ်ရတာ ပညာတော်တော်
ရနေပြီလားကွ”
“ကျုပ်က ပညာယူတာ မဟုတ်ဘူးဗျ သူတို့အိမ်မှာ
တောက်တိုမယ်ရလုပ်ဖို့ ။ လှည်းမောင်းဖို့ ခေါ်ထားတာပါ
ဆရာဘရှံကို ကဝေမှန်း ကျုပ်မသိလို့ လိုက်လာပြီး
အလုပ်လုပ်တာပါဗျာ။ နောက်တော့မှ ကဝေမှန်း
သိတာပါ အခုတော့ ကျုပ်မှာ ထွက်မပြေးဝံ့လို့
ကြိတ်မှိတ်နေရတာပါ ဆရာကြီးရယ်”
“ဟေ ဒီလိုလား ဒါဆိုရင် မင်းကို ငါကယ်ရင်
မင်းခံမလား”
“ဟာ ကျုပ်ကို ကယ်နိုင်ရင် ကယ်ပါ ဆရာကြီးရယ်”
“အေး ကောင်းပြီ ဒါဆိုရင် ပြောစမ်း စံခွေး စုန်းမတွေ
အကုန်လုံး အိမ်ကြီးထဲမှာ စုနေသလား”
“မနေဘူး ဆရာကြီး ဝိုင်းထဲမှာ အိမ်တစ်လုံးစီနဲ့
နေကြတယ်။ အငယ်ဆုံးမိန်းမ မဖန်နဲ့ ကလေးနဲ့ပဲ
အိမ်ကြီးထဲမှာ ဆရာဘရှံနဲ့အတူ နေတာပါ”
“ကလေးကို ဘယ်သူထိန်းတုံး”
“ကျုပ်ထိန်းတာပါ ဆရာကြီး”
“ဟာ နေရာကျပြီးပေါ့ကွာ ကျုပ်နဲ့ ကဝေနဲ့ တိုက်ခိုက်
နေတဲ့အချိန် မင်းက ကလေးကိုခေါ်ပြီး အလစ်မှာ
ဝိုင်းနောက်ဘက်ကနေ ပြေးထွက်ခဲ့။ ပြီးရင် ရွာထဲကို
ခေါ်သွား။ရွာတံခါးမှာ ငါ့လူတွေ ချထားမယ် ။
မင်း ဘာမှမပူနဲ့ ။ ဒီလူတွေက မင်းကို တွေ့ရင်
စံခွေးလားလို့ မေးလိမ့်မယ်။ မင်းက ဟုတ်တယ်သာ
ပြော ကလေး ပါလားလို့ မေးရင် မင်းက ပါတယ်
ဒီမှာဆိုပြီး ကလေးကို ပြလိုက် ။မင်းကို သူတို့ရွာထဲ
ခေါ်သွားလိမ့်မယ် ကြားလား စံခွေး။မင်း အဲဒီလို
ထွက်မလာလိ့ုကတော့ မင်းကို ကဝေက အသုံးချလိမ့်မယ်
မင်းကို ကျားဖြစ်အောင်လုပ်ပြီး ကျုပ်ကို တိုက်တာတို့
ဘာတို့ပေါ့။ ဒီလိုဆိုရင် ကျုပ်က မင်းကို ညှာလို့ရမှာ
မဟုတ်တော့ဘူး ။မင်းကိုပါ သတ်ပစ်ရလိမ့်မယ်”
“ဟုတ် ဟုတ်ကဲ့ပါ ဆရာကြီး”
“ကဲ ဒီရှေ့ကို တိုးခဲ့ ဒီအတိုင်း ပြန်သွားရင် ကဝေဘရှံက
မင်းကို သတ်ပစ်မှာ သေချာတယ်။ စောစောက
ယင်ကောင်အဖြစ်နဲ့ပဲ ပြန်သွား”
ပြောပြောဆိုဆိုနဲ့ ဆရာကြီးက ပုဝါနဲ့ စံခွေးခေါင်းကို
ရိုက်လိုက်တာ ဖြုတ်ကနဲ ပျောက်သွားပြီ …
“ဝီ ဝီ ဝီ ဝီ”
လို့မြည်ပြီး ကွေ့ဝိုက်ပျံသွားလေရဲ့ ဆရာကြီးနဲ့လည်း
ဘုရားငုတ်ဆိုရွာကြီးထဲကို ဝင်လာခဲ့တယ်။
စောစောက
ပြောတဲ့ ကဝေနဲ့ စုန်းမတွေ နေတာ ရွာထဲမှာ မဟုတ်ဘူးကွ
ရွာပြင်မှာနေတာ။ ရွာရဲ့ မြောက်ဘက်မှာ ဝိုင်းအကျယ်
ကြီးနဲ့နေတာ ။ သူ့ဝိုင်းထဲမှာ မန်ကျည်းပင်တွေ
သရက်ပင်တွေ ။ မရမ်းပင်တွေနဲ့ စိမ်းနေတာကွ။
ရွာထဲက လူတွေ သိထားတာကတော့ သူ့ကို
ဆေးဆရာ ဦးဘရှံလို့ပဲ သိထားကြတာဟေ့။
ရွာထဲမဝင်ခင် ဆရာကြီးရဲ့ ငါနဲ့ မြောက်ဘက်ကိုသွားပြီး
အသာအကဲ ခတ်ပြီး ကြည့်ကြတာကွ။
ဘုရားငုတ်တိုရွာထဲမှာ ဆရာကြီးကို စောင့်နေတဲ့လူ
တစ်ယောက် ရှိတယ်ကွ ဆရာကြီးတို့လို အထက်လမ်း
ဆရာပဲ။ဒါပေမဲ့ ဆရာကြီးလောက်တော့ ပညာမြင့်ပုံ
မပေါ်ဘူး။နာမည်က ကိုမောက်တဲ့။ သူ့ကို ဆရာကြီးက
ကြိုလွှတ်ထားတာကွ။ ဒီလူက ဆရာကြီးနဲ့ ငါနဲ့
ရောက်လာရင် နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့ အားလုံး
စီစဉ်ထားတာ။
“ကိုမောက် အခြေအနေ ဘယ်လိုတုံး”
တည်းမယ့်အိမ်ကြီးကိုရောက်တော့ ဆရာကြီးက
ဆရာကိုမောက်ကို မေးတာကွ။ငါတို့တည်းဖို့
လူမနေတဲ့အိမ်ကြီးတစ်လုံး သပ်သပ်ကို စီစဉ်ထားကြ
တာဟေ့ ။ ထမင်းဟင်း ဆိုတာလည်း အဆင်သင့်ကွ။
ချိုးရေ သုံးရေ အဆင်သင့် ဖြည့်ထားတယ်။
ဆရာကိုမောက်က ကြိုရောက်နေပြီး ဒါတွေ စီစဉ်
ထားတာလေကွာ ဆရာကြီး မေးတာကို ကိုမောက်က
ဖြေတယ်။
“ဆရာကြီး ခုတော့ ရှိကြသေးတယ်။ ဒါပေမဲ့ ကျုပ်
စိတ်ထင်တော့ ဒီရက်ထဲမှာ တစ်နေရာကို
ရှောင်ထွက်သွားကြလိမ့်မယ် ထင်တယ်ဗျ။ကဝေဘရှံက
ရွာထဲက လှည်းသုံးစီးနဲ့ မောင်းတဲ့လူသုံးယောက်
ငှားနေတယ်”
“အင်း …ဒါဆိုရင်တော့ ကျုပ်ရောက်လာတာ မှီရုံပဲ
ရှိတာပေါ့ ။ဒီလိုဖြစ်ရင်တော့ အချိန်ဆွဲလို့ မရတော့ဘူး
ကိုမောက်ရဲ့ ဒီညပဲ လုပ်ရမှာပဲ”
“ဆရာကြီးသဘောပါ ဆရာကြီး”
ဆရာကိုမောက်က ပြန်ပြောတယ်ကွ ။ ပြီးတော့
ငါတို့ကို ထမင်းကျွေးတယ်။ဆရာကြီးကတော့
တစ်အောင့်နားပြီး ရေမိုးချိုးတယ် ။ပြီးတော့ ဝတ်ဖြူ
စင်ကြယ်ဝတ်ပြီး ဘုရားခန်း ဝင်သွားတယ်။
အဓိဋ္ဌာန်လုပ် ပုတီးစိတ်တော့ပေါ့ကွာ ။ ငါလည်း
ဆရာကြီးလိုပဲ ရေမိုးချိုး သန့်သန့်ရှင်းရှင်းလုပ်ပြီး
ဘုရားရှိခိုး ပုတီးစိပ်ရတယ်။ ဆရာကြီးကတော့
ဂါထာရွတ်ပြီး အင်းတွေ နှိုးတယ်။တချို့အင်းတွေကို
အသက်သွင်းနေတယ်ကွ။
ညစာ စားပြီး ဆရာကြီးက ပုတီးပြန်စိပ်တယ်။ငါလည်း
ဂါထာတွေရွတ်တယ်။ဆရာမောက်ကလည်း
ငါတို့လိုပဲ လုပ်စရာ ရှိတာတွေ လုပ်တယ်။
ညကိုးနာရီလောက်ရောက်တော့ အိမ်ပေါ်ကို
လူသုံးယောက် တက်လာတယ်။
“ဘယ်သူတွေတုံး ကိုမောက်”
လို့ ဆရာကြီးက မေးတယ်။
“ကျနော်လူတွေပါ ဆရာကြီး ဒီရွာသားတွေပါ”
“သြော် …အေး အေး စောစောက ကျုပ်ပြောသလိုပေါ့
ကိုမောက် ။ခင်ဗျားက ရွာတံခါးပေါက်ကစောင့်နေ
ဒီကဝေပဲဖြစ်ဖြစ် သူ့မယား စုန်းမတွေပဲဖြစ်ဖြစ် ရွာထဲ
ပြေးဝင်လာလို့ကတော့ ဘာမှစဉ်းစားမနေနဲ့
ကျုပ်ပေးထားတဲ့ သက်ဖြတ်အင်းနဲ့သာ မိမိရရ
ပေါက်ချလိုက် ကြားလား ဟိုအကောင် စံခွေး
ကလေးခေါ်လာရင်တော့ ဒီအိမ်မှာ ခေါ်ထားလိုက်။
သူတို့ထဲက နှစ်ယောက် အစောင့်ချထား။ ဒီအိမ်ကို
ကျုပ် စည်းချထားပြီးပြီ။ဘာမှမစိုးရိမ်နဲ့။ဒီကောင်မတွေ
လိုက်လာရင်တောင် အိမ်ထဲကို မဝင်နိုင်ဘူးသိလား။
နို့ ရွာထဲဝင်တဲ့ တခြားတံခါးတွေ ပိတ်ခိုင်းလိုက်တော့
မြောက်တံခါးတစ်ပေါက်ပဲ ပိတ်ပြီး ကိုမောက် စောင့်နေ”
“အားလုံးပိတ်ပြီးပါပြီ ဆရာကြီး သူတို့ အဲဒါကို
လာပြောကြတာပါ”
ကိုမောက်က အိမ်ပေါ်တက်လာတဲ့ ရွာသားတွေကိုပြပြီး
ပြောတာကွ။
“အေး…ဒါဆို သွားစို့ နွံဖ အင်းလွယ်အိတ်လွယ်ခဲ့ အင်းတွေ
အစီအစဉ်တကျ ရှိရဲ့မို့လား”
“ရှိပါတယ် ဆရာကြီး”
ဆရာပွါးကြီးကလည်း အဲဒီလို စေ့စပ်သေချာတဲ့
ဆရာကြီးကွ ဆရာကြီးနဲ့ ငါနဲ့ မြောက်ဘက်တံခါးက
ထွက်လာခဲ့တယ်။ ကဝေဘရှံရဲ့ အိမ်နဲ့ မလှမ်းမကမ်းမှာရှိတဲ့
သရက်ပင်ကြီးနောက်ကပ်ပြီး အခြေအနေကို
ဆရာတပည့်နှစ်ယောက် ကြည့်နေကြတာကွ။
“ဝီ ဝီ ဝီ ဝီ”
“ဟာ ဆရာကြီး ဟိုမှာ ဟိုမှာ မီးလုံးကြီးနှစ်လုံး
ပျံတက်လာပြီဗျ”
“အဲဒါ ကဝေ့မယား စုန်းမတွေလေ နွံဖ”
“အသာလေးသာ ငြိမ်နေ ဒီကောင်မတွေ ကင်းလှည့်
နေတာကွ”
“ဟာ ဆရာကြီး နောက်ထပ် မီးလုံးကြီးနှစ်လုံး တက်
လာပြန်ပြီဗျို့။အားလုံးလေးလုံး ဖြစ်သွားပြီဗျ”
“ဒီကဝေမှာ မယားလေးယောက် ရှိတယ်လို့ စံခွေး
ပြောသွားတယ်လေ နွံဖ အကုန်ထွက်လာကြပြီပေါ့ကွာ
ကဝေကတော့ အိမ်ထဲမှာပဲ ရှိဦးမှာကွ ကဲ ငါတို့
ထွက်ကြစို့ဟေ့”
ငါနဲ့ ဆရာကြီးနဲ့ သရက်ပင်ကြီးနောက်က
ထွက်လိုက်တယ်။ ကဝေအိမ်ဝိုင်းကြီးရှေ့က
မြေကွက်လပ်ကြီးမှာ ဆရာကြီးနဲ့ ငါနဲ့ ရပ်နေလိုက်တယ်
“ဝီ ဝီ ဝီ ဝီ”
“ဟာ စုန်းမတွေ ကျနော်တို့ဘက်ကို လာနေကြပြီဗျို့။
“လာပစေလေ နွံဖရယ် လာအောင် တမင်ခေါ်လိုက်တာပဲ”
မီးလုံးကြီးလေးလုံးက ငါတို့နဲ့ နီးလာတော့မှ
ငါသေသေချာချာ မြင်ရတာဟေ့ ။ လက်စသတ်တော့
ဠင်းတကြီးတွေကွ ။ ဘေးမှာ မီးတောက်တွေ
ထွက်နေတာဟေ့ လေးကောင်းလုံး မြေပြင်ကို
ဆင်းလာကြတာကွ။ဟာ မြေကြီးပေါ်ကိုရောက်တော့
မိန်းမတွေ ဖြစ်သွားရောဟေ့ ။ ဆံပင်ဖားလျားကြီးတွေနဲ့ကွ။
လေးယောက်ထဲမှာ တစ်ယောက်က ခပ်ငယ်ငယ်ပဲ
ရှိသေးတာဟေ့ ။ မနက်က စံခွေးပြောသွားတဲ့
မဖန်ဆိုတာ သူပဲ ဖြစ်မယ်ကွ။သူကလည်း
ငယ်ပေမယ့် ပညာကတော့ သိပ်သေးပုံ မရဘူးဟေ့။
စုန်းမလေးကောင်က ဆရာကြီးနဲ့ ငါနဲ့ ရပ်နေတဲ့ဘက်ကို
ဝက်ခေါင်းထိုး ဝင်လာတာက ထမီအနက်။
အင်္ကျီအနက်တွေနဲ့ကွ။
ရှေ့ဆုံးက တစ်ယောက်။သူ့နောက်က သုံးယောက်
ဖြန့်ပြီး တက်လာတာကွ။ ဆရာကြီးနဲ့ မလှမ်းမကမ်း
ရောက်တော့ စုန်းမတွေ ရပ်လိုက်ကြတယ်။
“ဟဲ့ အကောင်ကြီး။အသက်ကြီးသလောက် အချိန်မစီးမဲ့
ဟာကြီး။နင့်အသက်ကို နှမြောရင် အခု လှည့်ပြန်လို့
မှီသေးတယ်။မပြန်ရင်တော့ ဒီည နင် အသက်နဲ့ကိုယ်
အိုးစားကွဲမယ့်ညပဲ ကြားလား အကောင်ကြီး။နင်နဲ့
ငါတို့နဲ့ ဘာရန်ငြိူးရန်စရှိလို့တုံးဟဲ့ သေနာ ပြောစမ်း
နင် ငါတို့ ဆီက ဘာလိုချင်လို့ လာတာတုံး ပြောစမ်း”
“ကဝေ့သား”
“ဘာ ဘာပြောတယ် ငါ့သား ဟုတ်လား သေပေတော့
မသာ။ ငါ့သားတော့ မရဘူး ဒါပဲ ရမယ်ဟေ့”
မဖန်ဆိုတဲ့ အငယ်ဆုံးမက ရှေ့ကို တစ်လှမ်းတိုးပြီး
ပါးစပ်ထဲက စိမ်းပြာပြာ အရောင်စက်တွေ ထိုးလွှတ်
လိုက်တယ်။
စက်တန်းကြီးက ဆရာကြီးရင်ဝကို
တန်းဝင်လာပေမယ့် နှစ်တောင်လောက်အကွာမှာ
တုံ့ကနဲ ရပ်သွားတယ်။ ဆရာကြီးက မဖန်ရဲ့ စက်တွေကို
လက်ဝါးနဲ့ပြန်ပြီး တွန်းလွှတ်လိုက်ရောဟေ့။
“ဝုန်း”
မဖန် နောက်ကို တစ်လံလောက် လွင့်ထွက်သွားတယ်။
ဟာ ကျန်တဲ့သုံးယောက်က စက်တွေ ဝိုင်းလွှတ်ကြပြီဗျို့
ဆရာကြီးဆီကို စက်တွေ တန်းဝင်လာတာ။ဆရာကြီးက
သူ့လက်ဝါးနှစ်ဖက်ကို ပွတ်ပြီ ဖွင့်လိုက်ရောဟေ့။
ဝင်းကနဲ အရောင်တစ်ခု လက်သွားတယ် ။
ဟာ စုန်းမ သုံးယောက်ရဲ့စက်တွေ တန့်သွားရောဟေ့။
ဆရာကြီးက သူ့လက်ဝါးနှစ်ဖက်နဲ့ ရှေ့ကို တွန်းလိုက်တော့
စုန်းမတွေရဲ့ စက်တွေက နောက်ကို ပြန်ရွေ့သွားပြီး
စုန်းမတွေပါ နောက်ကို ရွေ့သွားကြရောဟေ့။
“ဝုန်း”
ဆရာကြီးက သူ့လက်ဝါးတွေကို ဖြည်းဖြည်းတွန်းနေရာ
ကနေ ရုတ်တရက် ဆောင့်တွန်းပစ်လိုက်တာ’ဝုန်း’ကနဲ
မြည်သွားပြီး စုန်းမသုံးယောက်လုံး မြေကြီးပေါ်မှာ
ဖင်ထိုင်လျက်ကျသွားရောဟေ့ ။
“သြော် နင်က သာမန်ကောင်မှ မဟုတ်ဘဲကိုး”
စုန်းမတွေ မြေကြီးပေါ်ကနေ ချက်ချင်းပြန်ထလာကြတယ်။
ပြီးတော့ အကြီးဆုံးစုန်းမက ရှေ့ဆုံးကနေပြီး
နောက်က သုံးယောက်က ရှေ့က စုန်းမရဲ့ ကျောကုန်းကို
သူတို့လက်ဝါးတွေနဲ့ ဖိကပ်ထားကြတယ်ဟေ့။
သူတို့စက်တွေ လေးဆပြင်းလာအောင် လေးယောက်
ပေါင်းပြီး စက်လွှတ်တော့မှာကွ။
“နွံဖ ကဝေစက်ဖြတ်အင်း ပေးစမ်း”
ငါက အိတ်ထဲက ကဝေစက်ဖြတ်အင်းကို ထုတ်ယူပြီး
ဆရာကြီးလက်ထဲကို ထည့်ပေးလိုက်တယ်။
“ကဲ ဆရာစုတ် ဆရာယုတ် ဒီစက်ကို နင်ခံနိုင်ရင်
ခံကြည့်ပေတော့။ဒီစက်မျိုးကို ဘယ်လိုကောင်မှ
မခံနိုင်ဘူးဟေ့”
ဟော စက်လွှတ်ပြီဟေ့ ။ ဒီတစ်ခါစက်က လိမ္မော်ရောင်
စက်က ရှေ့ဆုံးက စုန်းမရဲ့ ပါးစပ်ထဲကရော
နှာခေါင်းထဲကရော နားထဲကပါ ထွက်လာရောဟေ့။
စက်တွေက အားလုံးပေါင်းသွားပြီး ကြိုးတစ်ချောင်း
ကျစ်သလို လိမ်သွားတာဟေ့။ နဲနဲနှောနှော အပူရှိန်
မဟုတ်ဘူးကွ။ဟိန်းဟိန်းထအောင်ပူတဲ့ မီးလျှံစက်ကွ။
စက်က ရှေ့ကို တဖြည်းဖြည်း တိုးလာတယ်။
ဆရာကြီးက သူ့လက်ထဲက ကဝေစက်ဖြတ်အင်းနဲ့
မိမိရရကို ပစ်ချလိုက်တာဟေ့။
“ဝုန်း ဝုန်း”
ဆိုတဲ့ အသံကြီးနှစ်ချက် ဆင့်ပေါ်လာပြီး စုန်းမတွေရဲ့
မီးလျှံစက်ကြီး ‘ဝုန်း’ကနဲ ပျောက်သွားတာဟေ့။
စုန်းမလေးယောက်စလုံး နောက်ကို တစ်လံလောက်
လွင့်ပြီး မြေကြီးပေါ်မှာ ဆန့်ငင်ငင် ဖြစ်နေရောဟေ့
“ဝေ့ါ ဝေါ့”
ဟာ ဝမ်းလျားထိုးပြီး သွေးတွေ အန်နေတာဟေ့။
စုန်းမလေးယောက်စလုံး အန်နေတာကွ ။ဟာ
ထိုးကျသွားကြပြီဟေ့ ။တစ်ယောက်မှ မလှုပ်တော့ဘူးကွ
မြေကြီးပေါ်မှာ မှောက်လျားထိုးကြီးတွေ။
ဆန့်ငင်ဆန့်ငင်ကြီးတွေ ဖြစ်ကုန်ရောဟေ့။
“ဝီ ”
“ဟာ ထွက်လာပြီဟေ့ နွံဖ သတိထားနေ”
“ဟုတ်ကဲ့ ဆရာကြီး”
ကဝေမီးလုံးကြီးက ကောင်းကင်မှာ ပျံနေတာကွ။
ဆရာကြီးအနားတော့ ကပ်မလာဘူးကွ။အပေါ်မှာပဲ
ပျံနေတာ ။ ဟာ စက်နဲ့ လှမ်းပစ်ပြီဟေ့။စက်တန်းလေးက
သေးသေးလေးကွ။ငါတို့ကို ပစ်တာ မဟုတ်ဘူး။
ငါတို့ဘေးက ခြုံပုတ်ကို ပစ်တာကွ။
“ဒီကောင်စက်က တော်တော်ပြင်းတာပဲ။ကဝေလည်ပြတ်
စကြာအင်း ပေးစမ်းဟေ့ နွံဖ”
ငါက ကဝေလည်ပြတ် စကြာအင်းကို ထုတ်ပေးလိုက်တယ်။
ဆရာပွါးကြီးအကြောင်းကို ငါသိတယ်ကွ။ဆရာပွါးက
တိုက်ပွဲကို ဘယ်တော့မှ အကြာမခံဘူး။တစ်ဖက်
ရန်သူရဲ့ ပညာအဆင့်ကို တိတိကျကျသိအောင်လုပ်တယ်။
ပြီးရင် သူ့ကိုနိုင်မယ့် လက်နက်ကို ဆုံးဖြတ်တယ်။
ဒီကဝေက ကဝေပျံကြီး ။ အချိန်ကြာကြာဆွဲပြီး
တိုက်ဖို့ မသင့်ဘူးကွ။သုံးမယ့်အင်းကလည်း
အဆင့်မြင့်ဆုံးအင်းပဲ။ဒီအင်းသုံးတာ ငါတစ်ခါမှ
မတွေ့ဖူးသေးဘူးကွ။
ကဝေက မီးတောက်ကြီးတွေ ထွက်ပြီး အပေါ်မှ ဝဲနေတာကွ။
ငါတို့ ဘေးပတ်လည်က ခြုံတွေက မီးတောက်ကြီးတွေ
ထပြီး လောင်နေပြီဟေ့။ မီးတွေက တဖြည်းဖြည်း
ငါတို့နဲ့ နီးလာပြီ။
မီးတွေ နီးလာတော့ ဆရာကြီးက ရှေ့ကို ခြေလှမ်း
သုံးလေးလှမ်း လှမ်းထွက်လိုက်တယ်။ဒါကို စောင့်နေတဲ့
ကဝေက ချက်ချင်း နိမ့်ဆင်းလာပြီး စက်လွှတ်မလို့
လုပ်တာဟေ့။
“ဝီး”
ဆရာကြီးလက်ထဲက ကဝေလည်ပြတ်အင်းကြီး
အသက်ဝင်ပြီး ပျံထွက်သွားပြီဟေ့။စကြာအင်းက
စက်လည်သလို လည်တာ။ကြည့်လိုက်ရင်တော့
မီးကွင်းလေးတစ်ခု လည်သွားနေတာကိုပဲ
တွေ့ရတာကွ။ဟာ အင်းက ကဝေရဲ့ မီးတောက်လို
ထွက်နေတဲ့ စက်ရောင်တွေထဲကို ထိုးဝင်သွားတာဟေ့။
ဟာ ဟာ ကဝေကြီး အောက်ကို ထိုးကျသွားပြီဟေ့။
“ဘုန်း”
“ကဝေပျံ ဘရှံတော့ သွားပြီဟေ့ နွံဖ”
ဆရာပွားကြီးက ပြောရင်း ရှေ့ကို ထွက်သွားတယ်။
ခြုံတွေကို လောင်နေတဲ့ မီးတောက်ကြီးက အလင်းရောင်က
လင်းထိန်နေတော့ အားလုံးကို မြင်နေရတာဟေ့။
ကဝေပျံ ဘရှံရဲ့ခေါင်းက သုံးလံလောက်မှာ
ကိုယ်က ခြုံပုတ်ကြီးပေါ်မှာ။
“ဝုန်း”
“ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…”
ဟာ ကဝေရဲ့အလောင်းက မီးတွေ ထတောက်တာဟေ့။
ကဝေကြီး ကိုယ်ရော။ခေါင်းပြတ်ကြီးကရော မီးတွေ
ထတောက်ပြီး မီးတန်းတွေ ပန်းထွက်လာတယ်။
အဲဒီမီးတန်းတွေက စုန်းမတွေဆီကို ရောက်သွားပြီး
“ဝုန်းကနဲ ‘ဝုန်းကနဲ’ မီးတွေ ထတောက်တော့တာဟေ့။
“နွံဖ ဒါ ငရဲမီးတောက်လို့ ခေါ်တယ်။ကဝေတိုင်းစုန်းတိုင်းမှာ
မတောက်ဘူး။အဝီစိငရဲကို ကျမယ့် ကဝေတွေ
စုန်းတွေမှပဲ ဒါမျိုး ထတောက်တာကွ”
ဟာ ဒီတော့မှ ငါ နားလည်သွားတာဟေ့။
ငရဲမီးတောက် ဆိုတာကို အခုမှ ငါ စမြင်ဖူးတာကွ။
ကဝေကြီးရော သူ့မယား စုန်းမတွေရော ချက်ချင်း
လောင်သွားတာဟေ့။ ပြာတောင် မကျန်ဘူးကွ။
ခြုံပုတ်တွေလည်း ကုန်ရော မီးတွေလည်း တဖြည်းဖြည်းနဲ့
ငြိမ်းကုန်ရောကွ။ငါနဲ့ ဆရာကြီးနဲ့ ရွာထဲကို
ပြန်ဝင်တော့ မြောက်ဘက်တံခါးဝမှာ
ရွာသားတွေစုပြီး ရေပုံးတွေနဲ့ စောင့်နေကြတာကွ။
မီးတွေ ရွာဘက်ကို ကူးလာမှာစိုးလို့တဲ့ဟေ့။
တော်တော်ကို တော်တဲ့ လူတွေပါကွာ။
“ကိုမောက် စံခွေး ရောက်လာတာ”
ဆရာကြီးက ရွာဝမှာ မားမားကြီးရပ်နေတဲ့ ဆရာ
ကိုမောက်ကို မေးလိုက်တယ်။
“ရောက်တယ် ဆရာကြီး ။ ဆရာကြီးပြောတဲ့အတိုင်း
ဟိုအိမ်ကြီးကို ခေါ်သွားပြီး အစောင့်နှစ်ယောက်
ချထားလိုက်တယ်”
“အေး …ဒါဆိုရင် သွားကြရအောင်”
ရွာသားတွေကတော့ ရေပုံးတွေနဲ့ ထွက်သွားပြီး
မီးကြွင်းမီးကျန် မရှိအောင် သွားငြိမ်းကြတယ်။
တည်းတဲ့အိမ်ကြီးကို ဆရာကြီးနဲ့ ငါနဲ့ ပြန်ရောက်တော့
တစ်နှစ်သား ကလေးလေးတစ်ယောက်ကို
ပွေ့ထားတဲ့ စံခွေးက ဆရာကြီးကို ထိုင်ကန်တော့ပြီး
သူကိုယ့်သူရော ကလေးကိုရော ဆရာကြီးဆီမှာ
အပ်လိုက်တယ်။
“စံခွေး ဒီကလေးနာမည်က ဘာတဲ့တုံး”
“မောင်လူပေလို့ ခေါ်ပါတယ် ဆရာကြီး”
“သြော် …ကဝေပျံဘရှံက သူ့သားကို
ချစ်စနိုးခေါ်တဲ့ နာမည်နဲ့တူတယ်”
လို့ပြောပြီး ကလေးရဲ့ ခေါင်းလေးကို ပွတ်ပြီး
ချော့နေတယ်။ကလေးကတော့ မျက်လုံးပြူးလေးနဲ့
ဟိုကြည့် သည်ကြည့် လုပ်နေတယ်ကွ။ သူ့ကို
အမြဲထိန်းတဲ့ စံခွေးက ရှိနေတော့လည်း သူ
ငြိမ်နေတာပေါ့ကွာ။
ဆရာစိုင်းနွံဖတို့ ဆရာတပည့်နှစ်ယောက်
အထက်လူကြီးတွေရဲ့ ညွှန်ကြားချက်အရ
လုပ်ရတာဗျ။ဘုရားငုတ်တိုမှာ ကဝေနဲ့ စုန်းမမွေးတဲ့
ကလေးရှိတယ်။ အဲဒီကလေးကို ရအောင် ယူခဲ့
မောင်ပွါးလို့ ညွှန်ကြားတာတဲ့ဗျို့။
ကျုပ် နားမလည်တာက ကဝေပျံဘရှံနဲ့
စုန်းမ မဖန်မွေးတဲ့ ဒီကလေး မောင်လူပေလေးကို
ဘာအတွက်များ ရအောင် ယူခိုင်းရတာတုံး ဆိုတာပဲဗျ။
တာတေဆိုတဲ့ အကောင်ကလည်း ငယ်ငယ်ကလေး
တည်းက လွှတ်စပ်စုတဲ့ကောင်လေဗျာ။ဒီကိစ္စကို
သိပ်တော့ ကြာကြာအောင့်မထားနိုင်ဘူးပေါ့ဗျာ
“ဆရာနွံဖ ကျုပ်တွေးလို့မရတာက တစ်ခုရှိတယ်ဗျ”
“ဘာများတုံး တာတေရဲ့ ပြောလေကွာ”
“အထက်ပုဂ္ဂိုလ်ကြီးတွေက ကဝေဘရှံရဲ့သားကို
ဘာအတွက် လိုချင်နေကြတာတုံး ဆိုတာကို
တွေးလို့မရတာ ဆရာရဲ့”
“ဒီလိုကွ တာတေရ စုန်းမတွေက ကဝေကြီးတွေဆီမှာ
ပညာစခန်း တက်ကြရတယ်။အဲဒီအခါမျိုးမှာ
ကဝေနဲ့ စုန်းမနဲ့ ရကြတာပေါ့ကွာ။အေး အဲဒီလိုရရင်
ဘယ်တော့မှ သားသမီး မမွေးဘူးကွ။တကယ်လို့
မွေးခဲ့ရင်လည်း အဲဒီကလေးက မွေးကတည်းက
ဝမ်းတွင်းကဝေလေး ဖြစ်လာရောကွ။
အဲဒီလိုကောင်မျိုးကို နှိမ်နင်းဖို့ တော်တော်ခက်တာကွ
ဒီကြားထဲ ဒီကောင်က ကဝေကျင့်စဉ်တွေကိုသာ
ထိထိမိမိ ကျင့်လိုက်ရင်တော့ သွားရောပေါ့ကွာ”
“ဟာ ဒါဆိုရင် ဒီကလေးမျိုးကို ငယ်ငယ်လေးကတည်းက
ရှာဖွေပြီး သတ်ပစ်ရတာပေါ့ ဟုတ်လား ဆရာနွံဖ
မောင်လူပေလေးကို သတ်ပစ်လိုက်ရောလား ဆရာ”
“ဟာ တာတေကလည်း တော်ရော် တွေးရော့မယ်
အထက်ဆရာကြီးတွေက ကလေးကို သတ်မတဲ့လားကွ
အဲဒီကလေးကို သေသေချာချာ မွေးမြူပြီး သူ့အစွမ်းကို
လမ်းကြောင်းပြောင်းပေးရတာကွ”
“ဗျာ…ဘယ်လို လမ်းကြောင်းပြောင်းရတာတုံးဆရာ”
“သူ အရွယ်လေး ရလာတာနဲ့ အထက်ဆရာလမ်းပညာတွေ
သူ့ကို သင်ပေးရတာကွ။ပြီးတော့ တစ်ဆင့်
တက်ပေးရတယ်။ နောက်ဆုံး အထက်ပုဂ္ဂိုလ်ကြီးတွေ
ကိုယ်တိုင် သူ့ကို ဆေးတော်အစစ် အင်းတော်အစစ်တွေ
အပ်ကြတယ်။အဲဒီအချိန်က စပြီး သူက ကဝေတွေ
စုန်းတွေကို နှိမ်နင်းနိုင်ရောပေါ့ကွာ”
“သြော် ဒီလိုလား”
“အေးကွ တာတေရ စောစောက မင်းကို ပြောခဲ့တဲ့
ဝမ်းတွင်းကဝေတွေကို သာမန်ဆရာကြီးတွေ
မနှိမ်နင်းနိုင်ဘူးကွ။ အခုလို လမ်းကြောင်းပြောင်းထားတဲ့
ဝမ်းတွင်းကဝေကနေ ဖြစ်လာတဲ့ ဆရာမျိုးကမှ
နိုင်တာကွ တာတေရ။ ဒါကြောင့် မောင်လူပေလို
ကလေးမျိုးကို ရအောင်ယူပြီး မွေးကြရတာ”
“ဟာ ဆရာနွံဖရယ် အခုမှာပဲ ကျုပ် သဘောပေါက်
တော့တယ်ဗျာ”
“ဒါနဲ့ မောင်လူပေလေးကို ဆရာပွါးကြီးက မွေးရောလား”
“ဟာ တာတေရ။ မွေးရတာပေ့ါကွ။
အထက်ပုဂ္ဂိုလ်ကြီးတွေရဲ့ ညွှန်ကြားချက်ပဲ
ဘယ်ငြင်းလို့ရမှာတုံး”
“ခုဆိုရင် အဲဒီမောင်လူပေလေး ဘယ်အရွယ်လောက်
ရောက်ပြီတုံး ဆရာ”
“ငါ ဆရာကြီးဆီက ပညာယူပြီး ထွက်လာခဲ့တော့
လူပေက ဆယ်နှစ်သားလောက် ရှိပြီကွ။
အခုဆိုရင်တော့ အသက်လေးဆယ်လောက် ရှိရောပေါ့
ဘာဖြစ်လို့တုံးဆိုတော့ ငါအသက်က ခြောက်ဆယ်ကိုးကွ
တာတေရ”
ဒီတော့မှ အထက်လမ်းပညာရှင်တွေနဲ့ အောက်လမ်း
ပညာရှင်တွေကြားက လျှို့ဝှက်ချက်တစ်ခုကို ကျုပ်
သိလိုက်ခွင့်ရလိုက်တာပေါ့ဗျာ။
အခုတော့ ကျုပ် ဆရာနွံဖနဲ့ မတွေ့တာတောင်
အတော်ကြာပြီဗျ။တစ်ခါ တစ်ခါတော့ ကျုပ်
ဆရာစိုင်းနွံဖကို ကျုပ် တော်တော်သတိရမိတယ်ဗျာ။
မန်ကျည်းသီးတို့ မန်ကျည်းရွက်တို့မှ ဝမ်းတွင်းအေးတာ
မဟုတ်ဘူးဗျ။မန်ကျည်းပင် အရိပ်အာဝါသကလည်း
တော်တော်ကို အအေးဓါတ်ရှိတာ။ ကျုပ်ဖြင့် ဒီလို
နွေရာသီဆိုရင် ကျုပ် စံမြန်းနေကျ မန်ကျည်းပင်ရိပ်မြုံကို
လွှတ်သဘောကျတာဗျ။
အခုလို ပူပြင်းနေတဲ့ အချိန်မျိုး သဲပေါ်ကို
ဖိနပ်မပါဘဲများ နင်းလိုက်မိရင်း မီးခဲတက်နင်းမိသလိုကို
ဆွေ့ဆွေ့ခုန်တော့တာဗျို့။ဒီအချိန်မှာမှ ကျုပ် မန်ကျည်း
ပင်ကြီးက တန်ဖိုးပိုတက်တာဗျ။နဂါးဆေးပေါ့လိပ်
ကလေး ခပ်မျှင်မျှင်ဖွာပြီး မျက်စိလေး စဉ်းနေလိုက်ရင်
တော်ရုံတန်ရုံ စည်းစိမ်နဲ့တော့ ဘယ်လဲလိမ့်မတုံးဗျာ။
ကျုပ်က မီးသေနေတဲ့ နဂါးဆေးပေါ့လိပ်ကို လက်ကြားမှာ
ညှပ်ရင်း အိပ်ပျော်နေတာဗျ။ လေလေးကလည်း
တစ်ချက် တစ်ချက် ဖြူးနေတော့ ကျုပ်ဖြင့်
ဟောက်များတောင် ဟောက်နေသေးရော့ဗျာ။
“ဟာ ငါထင်တဲ့အတိုင်းပဲကွာ ငါ့ကောင် တာတေ
ဒီအချိန် စည်းစိမ်ယစ်နေမှာလို့ တွေးနေတာ”
ကျုပ်နားထဲမှာ အသံကြားလိုက်တာဗျ။ဒါပေမဲ့
မျက်လုံးက ဖွင့်လို့ကို မရဘူးဗျ။
“ဟဲ့ စံအေးကြီးလား လာလေ နင့်ညီ အိပ်နေတာဟေ့”
“လာပြီ အရီး လာပြီ ဘိုးဥာဏ်ရော ရှိလား”
“နင်ဘိုးဥာဏ် မရှိဘူးဟဲ့ စံအေးရဲ့ အရှေ့ပိုင်းက
ကိုသိန်းအောင်တို့ ဝိုင်း သွားလို့ဟဲ့”
“ဟာ ဘိုးကဗျာ နေပူပူရတဲ့အထဲ လရောင်အောက်
သွားတယ်များ ထင်ရော့လား”
“ဟဲ့ စံအေးရဲ့ နင်ဘိုးသာ နင်ကပြောနေတာ။
နင်ကိုယ်တိုင်ရော ဒီအချိန်ကြီး ဘန့်ဘွေးကုန်းကနေ
ဘယ်လို ရောက်လာတာတုံး”
“ကျုပ်က မလာမဖြစ်လို့ လာရတာ အရီးရဲ့ ။
အရီးသား ဆရာတာတေကို တွေ့ပြီး အကျိုးအကြောင်း
ပြောပြပြီးရင် ဆရာကိုပင့်ရမှာဗျ။ ကျုပ်တာဝန်က”
“ဟေ ဟုတ်လား စံအေးရဲ့ ဟား ဟား ဟား ဟား”
အမေက ကိုစံအေး ပြောတာကို သဘောကျပြီး
ရယ်လို့ပေါ့ဗျာ။ကျုပ်လည်း ကိုစံအေးပြောတာကို
ရယ်ချင်သွားရောဗျို့။ကိုစံအေးဆိုတာ အရပ်ရှည်ရှည်
ခါးကိုင်းကိုင်းနဲ့ ဂလန်ဂလားကြီးဗျ။စကားပြောရင်
အော်ကျယ် အော်ကျယ်နဲ့ ပြောတာ။ဘန့်ဘွေးကုန်းမှာ
စံအေးနှစ်ယောက်ရှိတော့ သူ့ကို အာကျယ်စံအေးလို့
ခေါ်ကြတာဗျ။
“ဗျို့ ကိုကြီးစံအေး ဘာတွေ မဟုတ်က ဟုတ်က
ပြောနေတာတုံး”
“ဟော အရီးရေ ကျုပ်ဆရာတာတေ နိုးလာပြီဗျို့။
ကဲ ကျုပ်ကို ခွင့်ပြုဦး ဆရာကို လျှောက်စရာတွေ
လျှောက်လိုက်ဦးမယ်”
“ကိုကြီးစံအေး လာဗျ ဒီကို”
ကျုပ်က လှမ်းခေါ်လိုက်တော့ ကိုစံအေးကြီး
ကွပ်ပျစ်မှာ ဝင်ထိုင်တယ်။ကျုပ်က ကိုစံအေးကို
နဂါးဆေးပေါ့လိပ်တစ်လိပ် မီးညှိပြီး ကမ်းပေးလိုက်တယ်
အမေက အိမ်ပေါ်က ဆင်းလာပြီး ရေနွေးခရားအိုးနဲ့
လက်ဖက်အုပ် လာချပေးတယ်။
“ကဲ ကိုကြီးစံအေး အကြမ်းသောက် လက်ဖက်စားဗျ
နေပူရတဲ့အထဲဗျာ ညနေစောင်းလေး ဘာလေးကျမှ
လာရောပေါ့”
“ဟာ တာတေရာ မင်းလည်းငါ့အဘအကြောင်း
သိသားနဲ့ကွာ ငါ့အဘက လွှတ်စိတ်မြန်တာကွ
နေပူတာတွေ နှင်းကျတာတွေ မိုးရွာတာတွေ
ရေကြီးတာတွေ လာမပြောနဲ့ အခုချက်ချင်း
သွားဆိုရင် ငါတို့က ဝိုင်းဝရောက်နေရတာကွ”
“ကဲ ဒါဆိုရင်လည်း ပြောပါဦး ကိုကြီးစံအေးရ
လာရင်းကိစ္စက ဘာများတုံးဗျ”
“ငါတို့ အိမ်မှာ ဧည့်သည်ဆရာတစ်ယောက်
ရောက်နေတယ်ကွ”
“ဟင် ဟုတ်လား ကိုကြီးစံအေး ဘယ်ကကြွလာတဲ့
ဆရာတုံး”
“ငါတို့ အဘရဲ့ မိတ်ဆွေတစ်ယောက်က
ဆက်ပေးလိုက်တာကွ ပယောဂတို့ မြွေကိုက်တာတို့ဆိုရင်
လွှတ်နိုင်တာဆိုပဲကွ တာတေရ။ဒါပေမဲ့ ဒီနယ်ကို
သူရောက်လာတာ ဆေးကုဖို့တော့ ဟုတ်ပုံမပေါ်ဘူးကွ
ဆေးကုတာက ခရီးသွားဟန်လွဲ လုပ်ပုံရတယ်။
သူ့မှာ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိနေပုံပဲ”
“ဘာကိစ္စများတုံးဗျ”
“အဲဒါတော့ ငါလည်း မသိဘူးကွ တာတေရ”
“နို့ နေပါဦးဗျ ကိုကြီးစံအေး ကျုပ်ဆီကို အခုလာတဲ့
ကိစ္စက ဘာများတုံး”
“သြော် ဒီလိုကွ အဲဒီဆရာကြီးက သူ့ကိစ္စကို
ကူညီဖို့နဲ့ သူ့ကို လမ်းလေးဘာလေး ပြပေးဖို့
သတ္တိကောင်းတဲ့ လူငယ်တစ်ယောက်လောက်
ရှာပေးပါလို့ပြောလို့ မင်းကို လာခေါ်တာကွ တာတေရ”
“ခက်တာပဲ ကိုကြီးစံအေးရာ ဘာကိစ္စမှန်းလည်း
မသိ။ ဘယ်ကိုသွားရမှန်းလည်း မသိနဲ့ ကျုပ်က
ဘာကူညီရမှာတုံးဗျာ”
“ဒါတော့ မင်းနဲ့ အဲဒီဆရာကြီးနဲ့ တွေ့ပြီးမှ ပြောကြ
ဆိုကြပေါ့ကွာ ခုတော့ ငါနဲ့ ဘန့်ဘွေးကုန်းကို
တစ်ပါတည်း လိုက်ခဲ့ပါကွာ မင်း မပါဘဲ ပြန်သွားရင်
ငါ့အဘက ငါ့ကို ထောင်းမှာကွ တာတေရ”
“လိုက်မှာပေါ့ဗျာ နို့ နေပါဦး ကိုကြီးစံအေးရ
အဲဒီဆရာက အောက်လမ်းတွေ ဘာတွေတော့
မဟုတ်ပါဘူးနော် နာမည်က ဘယ်သူတဲ့တုံးဗျ”
“ဟာ ကြံကြီးစည်ရာကွာ အထက်လမ်းဆရာကြီးပါကွ
နေတာထိုင်တာ ပြောတာဆိုတာ ကြည့်တာနဲ့
အသိသာကြီးပါကွ ။ ဆရာကြီးနာမည်က ဦးလူပေတဲ့ကွ။
သူ့ကို ဘိုးလူပေလို့ ခေါ်ကြတယ်။ဘိုးလူပေဆိုပေမယ့်
အသက်က ငါးဆယ်လောက်ပဲ ရှိသေးတယ်ကွာ”
“ဗျာ…ဘိုးလူပေ ဟုတ်လား ကိုကြီးစံအေး”
“အေး …ဟုတ်တယ် ဘာတုံး မင်းနဲ့ သိလို့လား”
“ဟာ မဟုတ်ပါဘူးဗျ။ ဒီနာမည်မျိုး ကျုပ်ကြားဖူးသလားလို့ပါ”
“သြော် တာတေရယ် မင်းက ဆရာသမားတွေနဲ့
မကြာမကြာ လိုက်နေတာဆိုတော့ ကြားဖူးချင်လည်း
ကြားဖူးမှာပေါ့ကွာ”
“ကျုပ် အခုချက်ချင်း လိုက်ခဲ့မယ် ကိုကြီးစံအေး”
နေပူကြီးထဲမှာ ကျုပ်ထလိုက်ခဲ့တာဗျ။ကိုကြီးစံအေးတို့
ဝိုင်းထဲကို ရောက်တော့မှပဲ သစ်ရိပ်ဝါးရိပ်တွေနဲ့
အမောပြေသွားတော့တယ်။
ကျုပ်တို့ အိမ်ထဲ ဝင်လိုက်တော့ …
“တာတေ လာကွ ဘိုးက မင်းကို မျှော်နေတာ မင်းသာ
ပါမလာရင် ဟိုကောင်စံအေးကို အတွယ်ပဲ”
ကိုကြီးစံအေးရဲ့အဘ ဘိုးစံမောင်က ကျုပ်ကိုဆီးပြီး
ပြောတာဗျို့။ဘန့်ဘွေးကုန်းက ကောင်တွေက
ဘိုးစံမောင်ကို ဘိုးစိတ်တိုလို့ ခေါ်ကြတာ။
လွှတ်စိတ်မြန်ပြီး စိတ်ကလည်း လွှတ်တိုတာဗျ။
ကျုပ်ကတော့ ဘိုးစံမောင် ပြောတာကို စိတ်မဝင်စားဘူး
ဘိုးလူပေကို မျက်စိက လိုက်ရှာနေတာ။
ဘုရားစင်ရှေ့မှာ တင်ပလ္လင်ခွေ ထိုင်နေတဲ့
သျှောင်တစောင်းနဲ့ လူတစ်ယောက်ကို တွေ့တယ်။
နှုတ်ခမ်းမွေးကလေးသဲ့သဲ့ပါတယ်။
မျက်နှာက ကြည်လင်အေးချမ်းပြီး လောဘ ဒေါသ
မောဟ ဆိုတာတွေ တော်တော်ကို နည်းပါးတဲ့
ပုံပဲဗျ။ကျုပ် ဘိုးလူပေကို တွေ့တွေ့ချင်း
ကြည်ညိုသွားမိတယ်။
ဒါပေမယ့် လောကမှာ လူတူမရှား နာမည်တူမရှားလို့
ဆိုတယ်လေဗျာ။ ဆရာစိုင်းနွံဖ ပြောတဲ့ ကဝေပျံဘရှံရဲ့သား
ဟုတ်ချင်မှ ဟုတ်မှာလေ။
“မောင်တာတေတဲ့လား”
ကျုပ်က ဘုရားကို ဦးတိုက်ပြီး ဆရာကြီးကိုပါ
ဦးတည်လိုက်တယ်
“ဟုတ်ပါတယ် ဆရာ”
“အေး အေး သာဓုကွယ် သာဓု ခုလို ဆရာ့ကို
လာတွေ့တာကို ဆရာက ကျေးဇူးတင်လှပါပြီ
ဒီလိုကွဲ့ မောင်တာတေရဲ့ ဆရာမှာ ကိစ္စတစ်ခုက
တော်တော်လေး အရေးကြီးနေလို့ကွဲ့ ။ဆရာ့နောက်မှာ
တကောက်ကောက်လိုက်နေကျ တပည့်ကျော်
မောင်လွန်းဆိုတာက ဒီခရီးထွက်ကာနီးမှ
သူ့မိခင် ကွယ်လွန်သွားလို့ လိုက်မလာနိုင်ရှာဘူးလေ
ဆရာ့ကိစ္စကလည်း အချိန်ရွှေ့လို့ မရလေတော့
တပည့်မပါဘဲ ထွက်ခဲ့ရတာကွဲ့ မောင်တာတေရဲ့။
အဲဒါ ဒီခရီးမှာ မောင်တာတေက ဆရာ့တပည့်
မောင်လွန်းနေရာမှာ ခဏဝင်ပြီး ကူပေးနိုင်မလားလို့ပါကွယ်”
ဆရာကြီးရဲ့ ရုပ်ရည်နဲ့ ပြောပုံဆိုပုံက လိုက်ဖက်လှပေ
တယ်။အတော်ကို ရည်မွန်တာဗျ။
“ဟုတ်ကဲ့ ဆရာ။ မေးခွင့်ရှိရင် မေးပါရစေဗျာ”
“မေးပါ မောင်တာတေ မေးနိုင်ပါတယ်”
“ကျုပ်က ဆရာနဲ့ ဘယ်ခရီးကို လိုက်ပြီး ဘာကို
ကူညီပေးရမှာတုံး ဆရာ”
“တောင်တစ်တောင်ပေါ်ကိုကွဲ့ မောင်တာတေရဲ့
အဲဒီတောင်ပေါ်က ဂူကြီးထဲမှာ “ကဝေဖိုးဆူ ဂူကိုးဂူ”
ဆိုတဲ့ ကဝေကြီးတစ်ယောက်နေတယ်။ သူ့ကို
နှိမ်နင်းပစ်ဖို့ အထက်ပုဂ္ဂိုလ်ကြီးတွေက ဆရာ့ကို
တာဝန်ပေးလိုက်လို့ပါကွယ်။ ဒီမှာ စုံစမ်းကြည့်တော့
မောင်တာတေက ဆရာတွေနဲ့ လိုက်ဖူးတဲ့
အတွေ့အကြုံရှိတယ်လို့ ပြောကြလို့ပါ
ဘယ်ဆရာတွေနဲ့ လိုက်ဖူးတာတုံးကွဲ့
မောင်တာတေရဲ့”
“ဆရာကြီး ဒေါက်တာ မင်းအောင်တို့ ဆရာစိုင်းနွံဖတို့နဲ့
လိုက်ဖူးတာပါ ဆရာကြီး”
“ဟေ…မောင်တာတေ မင်းက ခေသူမှ မဟုတ်တာ
ဒေါက်တာ မင်းအောင်ကို ဆရာ ရင်းရင်းနှီးနှီးသိတယ်။
ပြီးတော့ မင်းရဲ့ဆရာ စိုင်းနွံဖဆိုတာ ဆရာ့အစ်ကိုလို့တောင်
ပြောလို့ရသကွဲ့ ။ ဆရာ့ကို ငယ်ငယ်ကတည်းက
ထိန်းခဲ့တဲ့ ဆရာပေါ့ ။ဆရာရဲ့ အထိန်းတော် ကိုစံခွေး
တစ်လှည့် ဆရာစိုင်းနွံဖက တစ်လှည့် ထိန်းကြရတာ။
စိုင်းနွံဖ ဆိုတာက ဆရာ့ရဲ့ အဖေ ဆရာပွါးရဲ့
တပည့်ရင်းပေါ့ကွယ်”
ဟာ သေချာပြီပေါ့ဗျာ ။ကျုပ် ဆရာစိုင်းနွံဖတစ်ခါက
ပြောခဲ့ဖူးတဲ့ ကဝေပျံဘရှံရဲ့သားကို လမ်းကြောင်း
ပြောင်းပေးတယ်ဆိုတာ ဆရာကြီး ဘိုးလူပေပဲပေါ့။
“စိတ်ချပါ ဆရာ ကျုပ် ဆရာနဲ့ လိုက်ခဲ့ပါမယ်
ဘယ်ခရီးပဲဖြစ်ဖြစ် ။ ဘာနဲ့ပဲ ရင်ဆိုင်ရ ။ရင်ဆိုင်ရ
ကျုပ် ကူညီဖို့ အသင့်ပါပဲ ဆရာ”
ကျုပ်နဲ့ ဘိုးလူပေ ခရီးထွက်ဖို့ စီစဉ်ကြတယ်။
သူသွားမှာ အလယ်ရိုးမပေါ်ကိုဗျ။သန်ဘက်ခါ
လဆန်းဆယ့်သုံးရက်မှာ ခရီးထွက်မယ်။
တပေါင်းလပြည့်ညမှာ ကဝေကြီးကို စီရင်မယ်။
“မှတ်ထား မောင်တာတေရဲ့။ ကဝေတွေထဲမှာ
ကိုးသင်္ချိုင်းအောင်တဲ့ ကဝေ။ ကိုးကျင်းအောင်တဲ့ ကဝေ။
နတ်ရဲ့ညောင်ပင်ကိုးပင်အောင်တဲ့ ကဝေ။
အဲဒါတွေပြီးရင် နောက်ဆုံးအမြင့်ဆုံးက
ဂူကြီးကိုးဂူအောင်းတဲ့ ကဝေကွဲ့။
အင်မတန်မှ အောင်းခဲတယ်။အခု သွားပြီး
နှိမ်နင်းမယ့်ကဝေက ဂူကြီးကိုးဂူအောင်ပြီးသားကွဲ့
လူသတ်တာလောက်များတော့ အဲဒီကဝေက
ပုရွတ်ဆိတ် သတ်တာလောက်ပဲ ထင်တာကွ
ကဝေအချင်းချင်းတောင် သူ့ကို ဖိန့်ဖိန့်တုန်အောင်
ကြောက်ရတာကွဲ့။ ဒါကြောင့်လည်း
“ကဝေဖိုးဆူ ဂူကိုးဂူ”လို့ တွင်ပေတာပေါ့ကွယ်
သက်တမ်းကလည်း ရာကျော်နေပြီကွဲ့ မောင်တာတေရဲ့”
ကျုပ် ရွာပြန်ရောက်တော့ ခရီးထွက်မယ့်အကြောင်း
အဘနဲ့ အမေဆီမှာ ခွင့်တောင်းတယ်။
ညအိပ်တော့ မဖဲဝါက အိပ်မက်ထဲမှာ ကျုပ်ကို ပြောတယ်။
“တာတေ နင် လူပေနဲ့ လိုက်ဖြစ်အောင် လိုက်သွား
ဗဟုသုတတွေ အများကြီး ရလိမ့်မယ်”
လို့ ပြောသဗျ။ ကျုပ်လည်း ဆုံးဖြတ်ပြီးပြီလေဗျာ။
တပေါင်းလဆန်း ဆယ်သုံးရက်မှာ ကျုပ်နဲ့ ဘိုးလူပေ
ခရီးစထွက်တယ်။ ရိုးမပေါ်မှာ ပထမညအိပ်တော့
ကျားကြီးတစ်ကောင် ကျုပ်တို့ကို ပတ်သွားနေတယ်။
“ဟဲ့ ဟင်းမျိုး မလောက်လေးမလောက်စားနဲ့ သွား
ကြီးကြီးတစ်ကောင် ခေါ်ခဲ့”
လို့ ပြောလို့တော့ ကိုးတောင်ကျားကြီးက နောက်ကျွမ်း
ပစ်လိုက်တာ ကျုပ်ဖြင့် ကြက်သီးတွေတောင် ဖျန်းကနဲ
ထသွားတယ်ဗျို့။ကျားကြီးမှဗျာ နည်းတာကြီး မဟုတ်ဘူးဗျို့။
ခေါင်းကတင် တင်တောင်းလောက် ရှိတာဗျ။
အစွယ်ကြီးတွေမှ တစ်ထွာလောက်ကို ရှိတာဗျ။
ရှေ့ကို တိုးလာပြီး ကျုပ်တို့ကို ခုန်အုပ်မယ်
လုပ်တာဗျ။ ကျုပ်လည်း ဘေးက တမာပင်ကြီးနောက်
ကပ်နေရတာပေါ့ဗျာ။
“ဝေါင်း”
ကျားက အသံနက်ကြီးနဲ့ ဟိန်းတယ်။ဆရာကြီး
ဘိုးလူပေက သူ့လက်ဝါးမှ ပေါ်လာတဲ့ အလင်းစက်
ကလေးနဲ့ ကျားကို လှမ်းပစ်လိုက်တယ်။
“ဝေါင်း”
ဧရာမကျားကြီး နောက်ကျွမ်းပစ်ပြီး တချိုးတည်း
ပြေးတော့တာဗျို့။
“ကဝေဖိုးဆူက တို့လာတာကို သိနေပြီကွ
မောင်တာတေရဲ့။ ခရီးကြိုတွေ ဘာတွေတောင်
လွှတ်နေပေါ့ပဲ”
“ဟာ ဒါဆိုရင် ကျုပ်တို့ သတိတော်တော်ထားရတော့မှာပဲ
ဆရာကြီးရေ”
“မပူပါနဲ့ကွာ သူ့အကောင်တွေ အနားမကပ်ရဲပါဘူး”
အဲဒီညက ကျုပ်ဖြင့်
ကောင်းကောင်းအိပ်မပျော်တော့ဘူးပေါ့ဗျာ။
နောက်တစ်နေ့ တပေါင်းလဆန်း ဆယ့်လေးရက်မှာ
ဘိုးလူပေနဲ့ ကျုပ်နဲ့ ခရီးဆက်ခဲ့ကြတယ်။
ရိုးမပေါ်မှာ သွားနေတာဗျ။ ပါလာတဲ့ ရိက္ခာခြောက်ကိုပဲ
ကျုပ်တို့ ဆရာတပည့် စားကြတာ။
“ရွှီး”
ဟာ မြွေကြီးဗျာ။ နည်းတဲ့အကောင်ကြီး မဟုတ်ဘူးဗျို့။
ကျုပ်က ခပ်ဝေးဝေးက လှမ်းမြင်တော့ ထန်းပင်ငုတ်ကြီး
ထောင်နေတယ်ထင်တာ။ တစ်ကိုယ်လုံး မည်းနက်နေတဲ့
မြွေကြီးဗျ။ငန်းမြွေကြီးထင်တယ်။ကိုယ်လုံးက
ထန်းပင်လုံးလောက် ရှိတယ်ဗျ။ဘိုးလူပေက
တုံ့ကနဲ့ ရပ်လိုက်တယ်။ သူ စလွယ်သိုင်းလွယ်ထားတဲ့
လွတ်အိတ်ကြီးထဲကို လက်နှိုက်ပြီး ထုတ်ယူလိုက်တာ
မြွေရုပ်ကလေးဗျ။ခွေပြီး ပါးပြင်ခွက်နေတဲ့
မြွေရုပ်ကလေးဗျ။အလုံးက ခဲတံလုံးလောက်ပဲ ရှိတာ။
ဘိုးလူပေက တိုးတိုး တိုးတိုးနဲ့ ဂါထာရွတ်ပြီး
မြွေရုပ်ကလေးနဲ့ လှမ်းပစ်လိုက်တယ်။
“ဝုန်း”
ဟာ သဲမှုန်တွေ လွင့်ထွက်သွားတာဗျို့။
ဘာမှကို မမြင်ရတော့ဘူး ။ ဖုန်တွေ ပျောက်သွားတော့
ဟာ မြွေကြီးနှစ်ကောင် ဖြစ်နေပြီဗျ။ ထန်းပင်လုံး
လောက်ရှိတဲ့ မြွေကြီးပေါ်ကို ထန်းပင်နှစ်ပင်စာလောက်ရှိတဲ့
ဘိုးလူပေရဲ့ မြွေကြီးလျောတက်သွားပြီး
ပတ်တော့တာဗျို့။နှစ်ကောင် လိမ်ပြီးတော့
တစ်ကောင်နဲ့ တစ်ကောင် ညှစ်နေတဲ့ပုံဗျ။
“ခြီး ခြီး”
ပါးစပ်ကြီးတွေဟပြီး မာန်ဖီတဲ့အသံကြီးတွေက
အသည်းတုန် အူတုံ ဖြစ်လောက်အောင်ပါပဲဗျာ။
ဟာ သွားပြီဗျို့။ ကျုပ်တို့ သွားမယ့်လမ်းကို
ပိတ်ထားတဲ့ မြွေကြီးတော့ ပျော့ခွေပြီး ကျသွားပြီဗျို့။
ဘိုးလူပေရဲ့မြွေကြီးက လျောပြီးဆင်းသွားတယ်။
သူ့ကိစ္စ ပြီးပြီဆိုတဲ့ သဘောပေါ့ဗျာ။ဘိုးလူပေက
ဂါထာရွတ်လိုက်တယ်။ဟော မြွေကြီး ပျောက်သွားပြီး
ဘိုးလူပေရဲ့လက်ထဲမှာ သူရဲ့ မြွေရုပ်ကလေး
ပြန်ရောက်နေပြီဗျ။ဘိုးလူပေက မြွေရုပ်ကလေးကို
သူ့လွယ်အိတ်ထဲ ပြန်ထည့်လိုက်တယ်။
“လာ တာတေ သွားကြစို့”
သေနေတဲ့ ထန်းလုံးလောက် မြွေကြီးကို ဘိုးလူပေက
ကျော်ပြီး လျှောက်သွားတယ်။ကျုပ်လည်း
ကြောက်ကြောက်နဲ့ ကျော်လိုက်ရတာပေါ့ဗျာ။
ညနေစောင်းလောက်ရောက်တော့ ဘိုးလူပေက
သွားနေရာကနေ တုံ့ကနဲ့ ရပ်လိုက်တယ်။
“လှမ်းတော့ မြင်နေရပြီကွ မောင်တာတေရ ဟိုမှာ”
ဘိုးလူပေက ခပ်လှမ်းလှမ်းက ကောင်းကင်ကို ပြတာဗျ။
အဲဒီနေရာမှာ တောင်ထွတ်ကြီးရှိတယ်။အဲဒီတောင်ထွတ်
ကြီးရဲ့ အပေါ်မှာ ငှက်ကြီးတွေ ဝဲနေတာဗျ။
“ဘာငှက်ကြီးတွေတုံး ဆရာကြီး”
“ဟ မောင်တာတေရဲ့ ဠင်းတတွေလေကွယ် အဲဒီ
တောင်ထွတ်ကြီးထဲမှာ ကဝေအောင်းတဲ့ ဂူရှိတာ
သေချာတာပေါ့ကွ။အဲဒီဠင်းတတွေက ဒီကဝေရဲ့မယား
စုန်းမတွေလေကွာ။ ငါတို့ နီးလာပြီဆိုတာသိလို့
သူတို့လင် ကဝေကို ကင်းစောင့်နေကြတာလေကွာ
မိုးမချုပ်ခင် ရောက်သလောက် သွားကြတာပေါ့
မောင်တာတေ ပြီးရင် စည်းတားပြီး နှစ်နှစ်ခြိုက်ခြိုက်
အိပ်ကြတာပေါ့ကွာ။ ကျုပ်စည်းထားတားရင်
ဘာကောင်မှ ဖောက်မဝင်နိုင်ပါဘူး မောင်တာတေ
နှစ်နှစ်ခြိုက်ခြိုက်သာ အိပ်ပါကွယ် မင်းလည်း
ပင်ပန်းနေပြီပဲ”
ညရောက်တော့ တောင်ပူစာလေးတစ်ခုဘေးမှာ ကပ်ပြီး
ကိုယ်ယောင်ဖျောက် အိပ်လိုက်ကြတယ်။ကျုပ်လည်း
ဖြစ်ချင်ရာဖြစ်ဆိုပြီး ဘာမှမတွေးဘဲ အိပ်လိုက်တာ
တစ်ရေးပဲဗျာ။
“မောင်တာတေ ထတော့ မိုးလင်းပြီ မျက်နှာသစ်
ဗိုက်ကလေး ဖြည့်လိုက်ဦး ပြီးရင် ခရီးဆက်ကြမယ်”
ကျုပ်နှိုးတော့ နေတောင်ထွက်နေပြီဗျ။ညကတော့
ဘာမှ မဖြစ်ဘူး ထင်တာပဲ။ ဖြစ်လည်း ကျုပ်သိမှာ
မဟုတ်ဘူးဗျ။နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားတာ။
“အမြင်နီးပေမယ့် ခရီးဝေးတဲ့တောင်”ဆိုတဲ့ စကားက
တော်တော်ကို မှန်တာဗျ။ဠင်းတတွေ
ဝဲနေတဲ့တောင်ထွတ်ကြီးဆီကို
လာရတာ ညနေသုံးနာရီလောက်မှ ရောက်တာဗျ။
ဘိုးလူပေက တောင်ထွတ်ကြီးမှာရှိတဲ့ ဂူပေါက်ကို
ရှာနေတာဗျ။ ခဏနေတော့ တောင်ထွတ်ပေါ်နေတဲ့
ဠင်းတကြီးတွေက သုံးကောင်က နိမ့်ဆင်းလာပြီး
တောင်ထွတ်ကြီးနံရံထဲကို တိုးဝင်ပြီး ပျောက်သွားတယ်။
“ဟာ အဲဒါ ဂူပေါက်ပေါ့ မောင်တာတေရဲ့ စုန်းမတွေ
ပျံဝင်သွားတာ တွေ့တယ်မို့လား ဟိုမှာ ဝဲနေတာက
ခြောက်ကောင် ဂူထဲဝင်သွားတာက သုံးကောင်ဆိုတော့
အားလုံးကိုးကောင်ကွ။ဒီကဝေဖိုးဆူ ဆိုတဲ့ကောင်ကြီးက
မယားကိုးယောက်တောင် ရှိပါရောလားဟေ့
ကဲ မောင်တာတေ ဒီနေရာမှာ ငြိမ်ငြိမ်နားနေကြရအောင်
ဝမ်းလေးဖြည့်ပြီး ရေတွေဘာတွေ သောက်။
ညကျမှ ဂူထဲကို ကျုပ်ဝင်မယ်။ ခဏလောက် မှေးချင်
လည်းမှေး။ ဆေးလိပ်တော့ မသောက်နဲ့တော့ကွဲ့။
စုန်းဆိုတာ ဆေးလိပ်နံ့ကို အဝေးကြီးတည်းက ရတယ်”
ကျုပ်လည်းမြားဆိပ်ပင်ကြီးမှာမှီပြီး ခဏမှေးနေလိုက်
တယ်။အအေးဓါတ်က စိမ့်ကနဲ ဝင်လာတယ်။
ကျုပ်တို့ရောက်နေတဲ့တောင်က မြင့်တော့
စောစောအအေးဓါတ် ဝင်တာပေါ့ဗျာ။
ညမိုးချုပ်တာနဲ့ လထွက်လာတယ်။တပေါင်းလပြည့်ညဗျာ။
ဠင်းတတွေက ဂူထဲက ထွက်လာပြီး ပျံနေကြပြန်ပြီဗျို့။
ဆရာကြီးဘိုးလူပေက ဘုရားရှိခိုးတယ်။
အထက်ပုဂ္ဂိုလ်တွေကို အသိပေးတယ်။
တောင်ပိုင်နတ်ကြီးတွေကို တိုင်တည်တယ်။
ဒီမှာတင် ကျုပ် အံ့သြသွားရောဗျို့။
“ကဝေပျံဘရှံနဲ့ မောက်ကတော် မယ်ဖန်တို့ရဲ့သား
ပထမံဆရာပွါးကြီးရဲ့ သားတပည့် ကျုပ် အထက်ဆရာ
ဘိုးလူပေ သစ္စာပြုပါတယ် ကျုပ်သည် ကဝေ့သွေး
မှန်သော်ငြားလည်း အထက်ပုဂ္ဂိုလ်တို့ ချီးမြှင့်တဲ့
အထက်လမ်းပညာတို့ကို ကမ်းခတ်နှံ့စပ်အောင်
သင်ယူလေ့ကျင့်ခဲ့ပါတယ်။ ဒီပညာနဲ့ လူ့လောကကို
ဒုက္ခအမျိုးမျိုး ပေးတတ်ကြတဲ့ သာသနာဖျက်။
မိစ္ဆာဝါဒီ။ ကဝေ။စုန်း။မောက်လုံး။ မောက်ပြား။
သရဲ ။တစ္ဆေ။ ဖုတ်။ပြိတ္တာ ။ရက္ခိုမကျန် နှိမ်နင်းဖယ်ရှား
ပေးနေတာဟာ ဒီကနေ့အထိပါပဲ။ဒီသစ္စာ မှန်ကန်ပါက
ကိုးဂူအောင် ကဝေကြီး ငဖိုးဆူကို လွယ်လင့်တကူ
နိုင်ရပါစေဘုရား”
“ဟီး ဟီး ဟီး”
ဟာ ဘိုးလူပေရဲ့ သစ္စာလည်းဆုံးရာ
တောကြီးတစ်ခုလုံး ဟီပြီး တောင်ကြီးတစ်လုံးကို
တုန်သွားရောဗျို့။ဠင်းတလို ဝဲနေတဲ့ စုန်းမကြီးတွေလည်း
လန့်ဖျတ်ပြီး ဂူထဲကို ဝင်ပြေးပြီး ပျောက်သွားကြရောဗျ။
ဘိုးလူပေက ဂူကြီးဆီကို တန်းထွက်သွားတယ်။
ကျုပ်လည်း နောက်က ကပ်လိုက်ခဲ့တယ်။
“ဟဲ့ ဆရာစုတ် ရပ်လိုက်စမ်း ရာရာစစ နင်က
ဒီဂူကြီးအထိ ရောက်လာရတယ်လို့ နင့်သေတွင်းကိုနင်
တူးနေတာဟဲ့ ဆရာစုတ်ရဲ့”
စုန်းမလေးယောက်ဗျ။ ထမီအနက် အင်္ကျီအနက်တွေနဲ့
ဆံပင်ဖားလျားကြီးချလို့ ။ထမီတွေကို ဇောက်ထိုး
ဝတ်ထားကြတာဗျ။
ဟော စက်တွေ လွှတ်ကြပြီဗျို့။ဒါပေမဲ့ သူတို့လွှတ်တဲ့
စက်တွေက ရှေ့ကို တိုးမလာဘဲ သူတို့မျက်နှာရှေ့
အထိပဲ ရောက်တာဗျ။
“ဖျန်း”
စက်တွေ ထုတ်လို့ မရတော့ စုန်းမတွေက
စိတ်ဆိုးပြီး လက်နှစ်ဖက်ကို ဖျန်းကနဲ ရိုက်လိုက်တာဗျ
ဟာ လက်ထဲက ဝင်းကနဲ ထွက်လာတဲ့ အလင်းတွေနဲ့
ဘိုးလူပေကို လှမ်းပစ်လိုက်တာဗျ။ ဒါပေမဲ့
အဲဒီအလင်းတွေက ဘိုးလူပေဆီ ရောက်မလာဘူးဗျ။
စုန်းမလေးယောက် လက်ဝါးတွေစုပြီး ကပ်လိုက်ကြတယ်။
ဟော စက်တွေထွက်လာပြီဗျို့။လေးယောက်ပေါင်း
ပညာကြောင့် ထင်တယ်ဗျ။စက်တွေက အစိမ်းတွေ
အနီတွေ အပြာတွေဗျ။ ဟော စက်တန်းက
အပေါ်ကို ထောင်တက်သွားတယ်။ပြီးတော့မှ
ဘိုးလူပေဘက်ကို ဝင်လာတာဗျ။
“အို …ရှုပ်လိုက်ကြတာ ကဲဟာ”
ဘိုးလူပေက လက်ထဲမှ အသင့်ကိုင်ထားတဲ့
အင်းချပ်နဲ့ တအားလွှဲပေါက်ချလိုက်တယ်။
“ဝုန်း”
ဟာ သွားပြီဗျို့။ စုန်းမတွေ ပိုးလို့ ပက်လက်တွေ
လန်ပြီး ဆန့်ငင် ဆန့်ငင်ဖြစ်ပြီး ငြိမ်သွားရောဗျ။
“လာ မောင်တာတေ မကြောက်နဲ့”
ဘိုးလူပေက ဆေးလွယ်အိတ်ကြီး စလွယ်သိုင်းလို့ဗျ။
ကျုပ်က ရိက္ခာအိတ်ကြီး စလွယ်သိုင်းလို့ပေါ့ဗျာ။
မီးတွေ လင်းထိန်နေအောင် ထွန်းထားတဲ့
ဂူကြီးထဲကို ဘိုးလူပေ ဝင်သွားတယ်။
ကျုပ်လည်း နောက်က လိုက်ခဲ့တာပေါ့ဗျာ။
ဟာ ပစ်ပြီဗျို့။ ဂူထဲအဝင်မှာ စက်တန်းကြီးနဲ့
ပစ်လိုက်တာဗျို့။
“ရွှီး”
ဆိုတဲ့ အသံကြီးနဲ့ ဘိုးလူပေရဲ့ ရင်ဘတ်တည့်တည့်ကို
တန်းဝင်လာတဲ့ စက်တန်းကြီးကို ဘိုးလူပေက
လက်နဲ့ဆီးပြီး ကာလိုက်တာ စက်က ရှေ့မတိုးတော့ဘဲ
တုံ့ကနဲ ရပ်သွားရောဗျို့။
စုန်းမသုံးယောက်ဗျ။တစ်ယောက်က သူလွှတ်တဲ့စက်က
ရှေ့ကို မတိုးနိုင်မှန်းသိတဲ့အခါ ဘေးကနှစ်ယောက်ကို
အမူအရာ ပြလိုက်တယ်။ ဘေးက ရပ်ကြည့်နေတဲ့
စုန်းမနှစ်ယောက်က စက်လွှတ်ထားတဲ့ စုန်းမရဲ့
ကျောကုန်းကို သူတို့လက်ဝါးတွေနဲ့ ကပ်လိုက်ကြတယ်
ဟာ စက်က အရောင်တွေ တဝင်းဝင်းတောက်ပြီး
ရှေ့ကို တိုးလာတယ်။ဟော ဘိုးလူပေက လက်ထဲမှာ
အသင့်ကိုင်ထားတဲ့ အင်းကို ဂါထာရွတ်ပြီး လွတ်လိုက်တယ်။
အင်းက မီးရောင် လက်ကနဲဖြစ်ပြီး ပျံသွားတာဗျို့။
“ဝုန်း”
ဟာ စုန်းမရဲ့ စက်ရောင်လည်းပျောက်။
သုံးယောက်စလုံး လှုပ်တောင် မလှုပ်ဘူးဗျ။
“ဟေ့ကောင် မင်းဆရာ စည်းမရှိပါလား ပညာပြိုင်တဲ့
နေရာမှာ အဆင့်ဆင့် သွားရမယ်ဆိုတာ
နားမလည်ဘူးလား”
ကျုပ်လှမ်းကြည့်လိုက်တော့ ရွှေချထားတဲ့ နောက်မှီ
ကုလားထိုင်ကြီးဗျ။
“ဟာ”
ကျုပ်ပါးစပ်က ယောင်တောင် အော်လိုက်မိတယ်ဗျာ။
ကဝေထိုင်တဲ့ ကုလားထိုင်ကြီးရဲ့ ခြေထောက်လေးချောင်းမှာ
ဘုရားပုံတွေ ထုထားတာဗျ။ ဘုရားလေးဆူက
သူထိုင်နေတဲ့ ကုလားထိုင်ကြီးကို ထမ်းထားတဲ့ပုံ
ထုထားတာဗျာ။ ကျုပ်ဖြင့်ဗျာ ကြက်သီးတွေတောင်
တဖြန်းဖြန်း ထသွားတယ်။
“အလို”
ကဝေကြီးခြေထောက် တင်ထားတာကိုကြည့်တော့
မုဆိုးဒူးထောက် ထိုင်နေတဲ့ ဘုရားနှစ်ဆူဗျ။
ဘုရားတစ်ဆူစီရဲ့ ပခုံးတစ်ဖက်စီမှာ ကဝေက
ခြေထောက်တင်ထားတာ ။ဘုရားတွေက
ဒူထောက်ထိုင်ပြီး သူ့ခြေထောက်ကို ထမ်းထားရတဲ့ပုံဗျာ
သူ့ဘေးတစ်ဖက်တစ်ချက်စီမှာ နောက်ဆုံးကျန်တဲ့
စုန်းမနှစ်ယောက်က ရပ်လို့ဗျ။
“ဟဲ့ကောင်မတွေ ဒီအကောင်စုတ်ကို ငါ့လက်နဲ့
မတန်လို့ မသတ်ချင်ဘူး ။ ကျားနဲ့ တိုက်သတ်လိုက်စမ်း”
ကဝေရဲ့အမိန့် ဆုံးတာနဲ့ ညာဘက်မှာ ရပ်နေတဲ့
စုန်းမက ကျွမ်းပစ်ပြီး ထွက်လိုက်တာ။
“ဝေါင်း”
ဟာ ကျားဖြူကြီး ဖြစ်သွားရောဗျို့။ကျားဖြစ်သွားတာနဲ့
ဘိုးလူပေကို ခုန်အုပ်တော့မလို့ လုပ်တာဗျို့။
ဘိုးလူပေက သူ့လက်ဝါးကြီးကိုဖြန့်ပြီး
လေထဲမှ ရိုက်ချလိုက်တယ်ဗျ။
“ဘုန်း ဘုန်း ဘုန်း ဘုန်း”
ဘိုးလူပေက လေထဲကို လေးချက်ဆက်တိုက်
ရိုက်လိုက်တာ ကျားဖြူကြီး ခါးကြီးကော့ပြီး
အော်တော့တာပဲဗျ။
“ဝေါင်း ဝေါင်း”
“အောင်မလေး သေပါပြီ သခင်ကြီးရဲ့”
“ဝေါင်း ဝေါင်း “လို့ အော်တဲ့အထိက ကျားဖြူကြီးဗျ။
“အောင်မလေး သေပါပြီ သခင်ကြီးရဲ့”လို့အော်တဲ့
အချိန်မှာ စုန်းမကြီး ပြန်ဖြစ်နေပြီဗျ။ဟာ စုန်းမကြီး
ဂူကြမ်းပြင်မှာ နှစ်ပတ်လောက် လှိမ့်ပြီး သွေးတွေ
ထိုးအန်ပြီး ငြိမ်သွားရောဗျို့။
“ဟဲ့ မယ်ညွှန့် နင်အလှည့် အသေသတ်လိုက်စမ်း”
ဟာ စုန်းမကြီး ဟိုဘက်ကို လှည့်လိုက်တယ်ဗျ။
ပြီးတော့မှ နောက်ကျွမ်းပစ်ဝင်တာဗျို့။
“ဝေါင်း”
ဟာ ကျားနက်ကြီးဗျ။စောစောက ကျားဖြူကြီးထက်
ပိုကြီးသဗျ။ ဘိုးလူပေက ကဝေနဲ့ မတိုက်ရဘဲ
စုန်းမတွေနဲ့ တိုက်နေရလို့ စိတ်တိုနေပုံတယ်ဗျ။
“ကဲ လာခဲ့စမ်း ကဝေ့မယား ငါစိတ်မရှည်တော့ဘူး”
ကျုပ်ကြည့်လိုက်တော့ ဘိုးလူပေက လက်ထဲမှာ
အင်းတစ်ချပ်ကိုင်ပြီး အဆင်သင့် စောင့်နေတာဗျ။
“ဝေါင်း”
ဟာ အုပ်ပြီဗျို့။ခုန်အုပ်ပြီ ။ကျားနက်ကြီးက
ခုန်အုပ်ပြီ။ ကျုပ်တောင် လန့်ပြီး ထိုင်ချလိုက်မိတယ်ဗျို့။
“ကဲဟာ သေစမ်း”
ဘိုးလူပေက ကျားကို အင်းနဲ့ ဆီးပစ်လိုက်တာဗျ။
“ဝေါင်း ဝေါင်း”
“အောင်မလေးတော့ သေပါပြီတော့”
ကျားနက်ကနေ စုန်းမပြန်ဖြစ်ပြီး ဂူကြမ်းပြင်မှာ
လှိမ့်နေတာဗျို့။
“ဝေါ့”
ဟော ထိုးအန်လိုက်တဲ့ သွေးတွေဗျာ။ကဝေကြီး
ထိုင်နေတဲ့ ကုလားထိုင်အောက်ကိုတောင်
ရောက်သွားတာဗျို့။ကဝေက သူ့မယားကြီး
နောက်ဆုံးအန်သွားတဲ့ သွေးတွေကို
ငုံ့ကြည့်လိုက်တယ်ဗျ။
ဟော ကဝေကြီး ထရပ်ပြီဗျို့။ဟာ ကျွမ်းပစ်ပြီဗျို့။
ဟာ ကျားကြီး ဖြစ်သွားပြီဗျို့။ကျားကြီးမှဗျာ
နက်မှောင်နေတာဗျို့။မျက်လုံးကြီးတွေမှ
ရဲတောက်နေတာပါပဲဗျာ။အစွယ်တွေလည်း
ဖွေးနေတာဗျို့။
“တာတေ ဂူပြင်ထွက်နေ မြန်မြန်သွား”
ဘိုးလူပေအသံက အတော်ကို ခက်ထန်တာဗျ။
“ရော့ ဒီလွယ်အိတ်ပါ ယူသွား”
သူ့ဆေးလွယ်အိတ်ကို ဖြုတ်ပြီး ကျုပ်ကို ပေးတယ်။
“ဒီအကောင်မျိုးက အင်းတွေ ဆေးတွေ မနိုင်ဘူးကွ”
ကျုပ်လည်း ဂူပြင်ကိုထွက်ပြီး ကျောက်နံရံကြီးမှာ
ကပ်ချောင်းကြည့်နေလိုက်ရတာပေါ့ဗျာ။
ဟာ ဘိုးလူပေကိုယ်တိုင် ကျွမ်းပစ်လိုက်ပြီဗျို့။
ဟာ ဘိုးလူပေ ကျားဖြူကြီး ဖြစ်သွားပြီဗျို့။
ကျားနက်ကြီးထက် အရွယ်သုံးဆလောက်
ကြီးတာဗျ။
“ဝေါင်း ”
“ဝေါင်း”
ကျားဖြူကြီးက စပြီးခုန်အုပ်တာဗျို့။
ဟာ နှစ်ကောင်သား ဂူကြမ်းပြင်မှာ
လုံးထွေးနေကြတာဗျို့။
“ဝေါင်း ဝေါင်း ဝူး ဝူး”
တကယ့်တိရစ္ဆာန်ရိုင်းကြီး နှစ်ကောင်ရဲ့ တိုက်ပွဲပါပဲဗျာ။
ကျုပ်လည်း လုပ်ရမှန်း မသိတော့ဘူးဗျ။
ကျုပ်နားထဲမှာတော့ ဆရာနွံဖ ပြောခဲ့ဖူးတာကိုပဲ
ကြားနေတာဗျို့။
“ကဝေ့သွေးစစ်စစ် ကဝေကြီးတွေကို အထက်လမ်း
ဆရာကြီးတွေတောင် မနိုင်ကြဘူးကွ တာတေရ။
ကဝေ့သွေးကို လမ်းကြောင်းပြောင်းထားတဲ့
ဆရာမျိုးကမှ နိုင်တာကွ”
“ဝေါင်း ဝူး ဝူး ဝေါင်း”
အထဲမှတော့ ဗြောင်ဆန်အောင်ကို တိုက်နေကြတာဗျို့။
“ဂီး ဂီး ဂီး ဟီး ဟီး ဂီး ”
ဟာ ဒါ သေကာနီး ကျားတစ်ကောင်ရဲ့
ဝမ်းခေါင်သံကြီးဗျ။ ကျုပ် ဂူထဲကို လှမ်းကြည့်လိုက်တယ်
“ဟာ ဘိုးလူပေ”
ကျားနက်ကြီးက ဂူကြမ်းပြင်မှာ ပါးစပ်ကြီးဟပြီး
အသက် ဖုတ်လှိုက် ဖုတ်လှိုက် ဖုတ်လှိုက်နဲ့ ရှုနေတာဗျ။
ဘိုးလူပေက နောက်ကို လှည့်ကြည့်တယ်။
ကျုပ်က ဂူကြီးထဲကို ပြေးဝင်သွားတယ်။
“မောင်တာတေ လွယ်အိတ်ပေးစမ်း”
ကျုပ်က ဘိုးလူပေရဲ့ ဆေးလွယ်အိတ်ကို ပြေးပြီ
ပေးလိုက်တယ် ။ ဘိုးလူပေက လွယ်အိတ်ထဲက
အင်းတစ်ချပ်ကို ထုတ်ပြီး ဂါထာရွတ်တယ်။
“ကဝေဖိုးဆူ ဂူကိုးဂူကြီးတော့ အသက်ငင်နေပြီကွ
မောင်တာတေရ ဒါကဝေသက်ဖြတ်အင်းတဲ့
မောင်တာတေရဲ့ နောက်နည်းနည်းဆုတ်နေ”
ဘိုးလူပေက ကဝေသက်ဖြတ်အင်းနဲ့ ကျားနက်ကြီးကို
ပစ်ပေါက်လိုက်တယ်။
“ဝုန်း”
မီးခိုးတွေထပြီး ကျားနက်ကြီး ငြိမ်ကျသွားပြီဗျို့။
ဟာ ကဝေကြီး ပြန်ဖြစ်သွားပြီဗျ ။ ဟာ ကဝေကြီး
ကိုယ်က မီးတွေ ထတောက်ပြီဗျို့။
အို စုန်းမကြီးတွေလည်း မီးတွေ ထတောက်ကုန်ပြီဗျာ။
“လာ မောင်တာတေ ဂူထဲက မြန်မြန်ထွက်မှဖြစ်မယ်
ဒါ ငရဲမီးတောက်တွေ တောက်တာ။မဟာအဝီစိငရဲကို
ကျမယ့် ကဝေတွေ ။ စုန်းတွေပဲကွဲ့ ။ဆရာ့ကိုလည်း
အဖေကြီး ပထမံဆရာပွါးနဲ့ ဆရာစိုင်းနွံဖတို့
ကယ်ခဲ့ပေလို့ ကဝေဖိုးဆူလို ဘဝမျိုးကို
မရောက်တာပေါ့ မောင်တာတေရယ်”
နှစ်ရက်ကြာတော့ ကျုပ်ထနောင်းကုန်းကို
ပြန်ရောက်ခဲ့တယ်။
ပြီးပါပြီ
Like & Share ပေးဖို့မမေ့ကြပါနဲ့ခင်ဗျ။
Leave a Reply