နွားဖြူနွားနက်

တံစဉ်ကို ချွန်အောင်လို့ တံစဉ်းနဲ့တိုက်ပြီး သွေးနေတယ်ဗျ။

“အကိုကြီး၊ တံစဉ်တစ်လက်နဲ့ ဘာလုပ်မလို့လဲဗျ”

“ရွာပြင်ထွက်ပြီးတော့ မြက်ရိတ်သွားမလို့ကွ”

“ဗျာ၊ ဒီအချိန်ဆို ရိုးချောင်းဘေးမှာ မြက်တွေရှိချင်ရှိနေမှာဗျ၊ ဘာလို့တကူးတက မြက်သွားရိတ်နေမှာလဲ”

“မင်းမသိသေးပါဘူးကွာ၊ ဒါနဲ့ မင်းလည်းငါနဲ့အတူတူလိုက်ခဲ့ပါလား အလတ်ကောင်ရ၊ ငါလည်းအဖော်ရတာပေါ့”

“လိုက်တော့ လိုက်ချင်ပါတယ်အကိုကြီးရာ၊ ဒါပေမယ့် ဒီနွားကြီးကလည်း ရှိသေးတယ်မဟုတ်လား”

အကိုကြီးက ခေါင်းခါပြီးတော့

“အဲဒါ မင်းစတဲ့ပြဿနာပဲ၊ မင်းအခု ဒီနွားကိုဘယ်ခေါ်သွားမယ်စိတ်ကူးလဲ”

“ဘယ်ခေါ်သွားရမှာလဲဗျာ၊ သေစရာမယားမရှိတဲ့ ဦးဘသာအိမ်မှာပဲ ခဏသွားထားရမှာပေါ့ဗျ”

“ဟာ၊ ဦးဘသာအိမ်ဆို လမ်းကြုံသားပဲ၊ မင်းသွားနှင့်် ငါပြီးတော့ လိုက်ခဲ့မယ်”

“သဘော၊ သဘော”

ကျုပ်အကိုကြီးနဲ့စကားပြောနေတုန်း အမေက အိမ်ရှေ့ကိုထွက်လာတယ်။

“ဟဲ့ ဒီညီအကို ဒီနွားကိုမဆွဲသွားသေးဘဲနဲ့ တတွတ်တွတ်နဲ့ ဘာတွေတိုင်ပင်နေကြတာလဲ၊ နင်တို့လည်း နင်တို့အဖေကို မယားအသစ်ပေးစားဖို့ ကြံနေကြတာမဟုတ်လား”

အမေ့ရဲ့အသံကြားတာနဲ့ ကျုပ်လည်းနွားဆွဲပြီး ခြံထဲက အမြန်ထွက်ခဲ့တာပေါ့ဗျာ၊ မထွက်လို့လည်းမရဘူးဗျ၊ အမေ့ရဲ့ ဒီလိုအသံက ဝမ်နင်ပေးတဲ့အသံဗျ၊ ဒီအသံကိုကြားလို့ ဆက်မလုပ်ဘူးဆိုရင်တော့ အမေစီးထားတဲ့ သရက်သားခုံဖိနပ်ပျံကြီး ထွက်လာမယ်မဟုတ်လားဗျာ။

(၂)

“ဟား၊ ဟား၊ ဟား မင်းကတော့ တကယ့်ကောင်ပဲအလတ်ကောင်ရ”

ရေနွေးသောက်နေတဲ့ဦးဘသာက ကျုပ်ပြောတာနားထောင်ပြီး ခွက်ထိုးခွက်လန်ရယ်လို့ ရေနွေးတွေတောင် သီးကုန်တယ်ဗျာ၊ ကျုပ်ကတော့ ဦးဘသာကို ဘုကြည့်ကြည့်လိုက်တယ်။

“ဘာဗျ၊ ကျုပ်က ဦးဘသာသင်ပေးထားတဲ့အတိုင်း နွားကိုကြည့်တာပဲလေဗျာ၊ ဘာရယ်စရာ ပါလို့လဲ”

“မင်းဟာက အတတ်ကျူးအရူးဖြစ်ဆိုတဲ့ ပုံပြင်ကိုသတိရသွားလို့ပါကွာ၊ မင်းလည်း ဒီအတိုင်းပဲ အားလုံးသိနေတော့ အားလုံးမကောင်းတော့ဘူးပေါ့ကွာ၊ ဟား၊ ဟား”

“ဟာ၊ ဦးဘသာကလည်း ကျုပ်ပြောတာ မမှန်လို့လားဗျ”

“မှန်တာတော့ မှန်ပါတယ်အလတ်ကောင်ရာ၊ ဒါပေမယ့် အပြစ်ဆိုတာ ရှာလေတွေ့လေကွ၊ လောကမှာ ဘယ်အရာပဲဖြစ်ဖြစ် ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူးကွာ”

“ဒါဆိုရင် ဒီနွားကိုဘယ့်နှယ့်လုပ်မလဲဗျာ”

“ငါပြောမယ်အလတ်ကောင်၊ နွားတွေကို အသွေးအမွှေးကြည့်ပြီး ဆုံးဖြတ်တယ်ဆိုတာက အပေါ်ယံသဘောပဲကွ၊ လူတစ်ယောက်ကိုတွေ့ရင်ရော သူ့ရဲ့ပုံပန်းသွင်ပြင်ကိုလေ့လာကြည့်ပြီးတော့ ဒီလူက ကောင်း၏ မကောင်း၏ ဆိုတာကို ဆုံးဖြတ်လို့မရဘူးမဟုတ်လား”

“ဒါကတော့ ဟုတ်ပါတယ်”

“အေး၊ နွားတွေမှာလည်း ဒီလိုပဲ ပုံပန်းသွင်ပြင်က အရေးကြီးတယ်ဆိုပေမယ့် ပိုပြီးအရေးကြီးတာကတော့ အဲဒီနွားတွေကို ကိုင်တွယ်ဆက်ဆံတဲ့သူက အရေးအကြီးဆုံးပဲကွ၊ မင်းဟိုပုံပြင်ကြားဖူးတယ်မဟုတ်လား၊ ကြက်တူရွှေးညီနောင် လေမုန်တိုင်းတိုက်ပြီးတော့ ကွဲကွာသွားတဲ့ပုံပြင်လေကွာ”

“ကြားဖူးပါ့ဗျာ၊ တစ်ကောင်က ဓါးပြတွေဆီရောက်သွားတယ်၊ တစ်ကောင်က ရသေ့ကြီးဆီကို ရောက်သွားတယ်လေဗျာ”

“အဲဒီလိုပေါ့ကွာ၊ နွားတွေဆိုတာလည်း သက်ရှိတွေပဲမဟုတ်လား၊ သက်ရှိတွေဆိုတော့ ထိန်းကျောင်းပဲ့ပြင်တဲ့လူနဲ့ အများကြီးဆိုင်ပါတယ်၊ ဒါဆိုရင်ငါပြောမယ် မင်းအိမ်က နွားနီကွမ်းသွေးက တကယ်ပဲ ပေကပ်ကပ်နဲ့လားကွ”

ကျုပ်လည်း သေချာစဉ်းစားပြီးတော့ ခေါင်းခါလိုက်တယ်။

“အဲဒီလိုတော့မဟုတ်ဘူးဗျ၊ ဒီကောင်ကြီးက အဖေ့စကားတော့ သိပ်နားထောင်တာ”

“ဒါဆို နွားဝါဖွဲနုကရော တင်းကုပ်ထဲက မထွက်ဘဲ ပေကပ်ပြီးခွေနေပြန်ရောလား”

“ဘယ်ဟုတ်ပါ့မလဲ ဦးဘသာရာ”

ကျုပ်တောင်မဖြေရသေးဘူး အကိုကြီးက အကျယ်ကြီးအော်ဖြေပြီးတော့ ခြံထဲကိုဝင်လာတယ်ဗျ၊ လက်ထဲမှာလည်း ထမ်းပိုးတစ်ချောင်းကိုင်လို့ပေါ့ဗျာ။

“ဟာ အကိုကြီး”

အကိုကြီးက ဦးဘသာဘေးနားထိုင်ပြီး ရေနွေးတစ်ခွက်ငှဲ့လိုက်ရင်း

“ဘယ်ဟုတ်ပါ့မလဲ ဦးဘသာရာ၊ နွားဝါကြီးက သိပ်ခိုင်းကောင်းတာဗျ၊ လှည်းထမ်းပိုးကိုလည်းကောင်းကောင်းနိုင်သလို၊ ယာထွန်၊ ထယ်ထိုးရင်လည်း သိပ်လုပ်တဲ့ကောင်ကြီးဗျာ”

အကိုကြီးစကားကိုကြားတော့ ဦးဘသာက ကျုပ်ကိုကြည့်ပြီး

“တွေ့ပြီလားအလတ်ကောင်၊ နွားတွေရဲ့ကြန်အင်ကလည်း အရေးကြီးတယ်ဆိုပေမယ့် တကယ်အရေးကြီးတာက သူ့ကိုထိန်းကျောင်းတဲ့လူပဲကွ၊ တို့ လူတွေလိုပေါ့ကွာ”

အခုမှကျုပ်လည်း နားလည်သွားတယ်၊ တကယ်က ကြန်အင်လက္ခဏာက အရေးကြီးတယ်ဆိုပေမယ့် ဒါတွေက ယေဘုယျသတ်မှတ်ချက်တွေပါ၊ တကယ်အရေးအကြီးဆုံးကတော့ ထိန်းကျောင်းတဲ့လူ မွေးမြူတဲ့လူအပေါ်မူတည်ပြီး လိမ်မာ၏ မလိမ်မာ၏က ကွဲပြားသွားတတ်တယ်ဆိုတာ ကျုပ်လက်ခံလိုက်ပါပြီ။

အကိုကြီးက ရေနွေးခွက်ကိုသောက်လိုက်ရင်း

“ဒါနဲ့ ဒီနွားကြီးကိုဘယ်လိုလုပ်မလဲဟ၊ ဒီနွားက တော်တော်ခိုင်းကောင်းတဲ့နွားကွ၊ ကြိမ်တို့စရာကိုမလိုတာ၊ ဒါကြောင့်လည်း အဖေက ဒီနွားကိုတော်တော်တန်ဖိုးထားရှာတာ အလတ်ကောင်ရ၊ မင်းလုပ်လို့ အခုအမေက ဒီနွားကိုရောင်းထုတ်ခိုင်းနေပြီလေ၊ မင်းဘယ်လိုလုပ်မလဲ”

ကျုပ်လည်း ခေါင်းကုပ်လိုက်မိတယ်၊ ကျုပ်ဖြင့် ဘာလုပ်ရမှန်းကိုမသိတော့ဘူးဗျာ၊

“အမေက နဂိုကတည်းကမှ ခေါင်းသိပ်မာတတ်တာကိုကွာ၊ အယူသည်းလိုက်တာဆိုရင်လည်း ပြောမနေပါနဲ့၊ မင်းကတော့ ပြဿနာကို မီးထွန်းရှာတဲ့ကောင်ပဲ”

ဦးဘသာက ပြုံးရင်း

“အေး၊ လောလောဆယ်တော့ ငါ့အိမ်မှာပဲထားခဲ့ပေါ့ကွာ၊ ညနေကျတော့ လာပြန်ခေါ်သွားပေါ့”

“ဟာ၊ ဦးဘသာ အမေက မကြိုက်ဘူးဆိုနေမှ ဒီနွားကိုပြန်ခေါ်သွားလို့ဖြစ်မလားဗျ”

“ရပါတယ်ကွာ၊ ငါအဆင်ပြေအောင်လုပ်ပေးပါ့မယ်၊ မင်းငါ့ကိုမယုံဘူးလား”

“ယုံပါတယ် ဦးဘသာရာ၊ ယုံပါတယ်”

“ကဲ၊ ယုံတယ်ဆိုရင်လည်း ထတော့ကွာ၊ ငါမြက်ရိပ်သွားဖို့ နောက်ကျနေပြီဟ”

အကိုကြီးက မတ်တပ်ရပ်လိုက်တော့ ကျုပ်လည်း ပုဆိုးပြင်ဝတ်ပြီး အကိုကြီးအနောက်ကိုလိုက်ခဲ့တာပေါ့ဗျာ။

(၃)

ရိုးချောင်းအစပ်မှာတော့ မြက်ကြမ်းတွေပဲရှိတော့တယ်ဗျ၊ ကျုပ်တို့ရောက်သွားတော့ ရွာထဲက ဦးသိန်းဇံတို့၊ ကာလသား ကိုမောင်ပုတို့ ရိုးချောင်းအစပ်မှာ မြက်ရိတ်နေကြပါရော၊ ကျုပ်ဖြင့် တအံ့တသြနဲ့

“ဟာ၊ ဦးသိန်းဇံ ခင်ဗျားတို့လည်း မြက်လာရိတ်ကြတာလားဗျ၊ နွားတွေလွှတ်မကျောင်းဘူးလား”

ကိုမောင်ပုက ကျုပ်ကိုကြည့်ပြီးတော့

“တို့ရွာက နွားတွေကို လွှတ်ကျောင်းလို့မရဘူးဆိုတာ မင်းမသိသေးဘူးလား အလတ်ကောင်ရ”

ဒီတော့မှ ကျုပ်လည်းသိတယ်ဗျ။

“နေစမ်းပါအုံးဗျာ၊ ကျုပ်တို့ရွာက နွားတွေကို တစ်သက်လုံး လွှတ်ကျောင်းလာခဲ့တာပဲမဟုတ်လား၊ အခုကျမှ ဘယ်လိုလုပ်ပြီးတော့ မလွှတ်ကျောင်းရတာလဲ”

ကိုမောင်ပုက မြက်ရိတ်နေရာကနေ ခဏနားပြီးတော့ ပုခုံးပေါ်က ပုဆိုးစနဲ့ နဖူးကချွေးတွေကိုသုတ်လိုက်တယ်ဗျ။ ပြီးတော့ ခဏထိုင်ရင်း

“မင်းက ဒီရွာမှာမရှိဘူးဆိုတော့ ရွာမှာဘာတွေဖြစ်ခဲ့တယ်ဆိုတာကို မသိလိုက်ဘူးထင်တယ်”

ကျုပ်လည်း ခေါင်းညိတ်လိုက်ပြီးတော့ အကိုကြီးကိုကြည့်လိုက်တယ်။

“အကိုကြီး၊ ဘာဖြစ်တာလဲ”

“နွားတွေလွှတ်ကျောင်းမရတာက အကြောင်းရှိတယ်ကွ အလတ်ကောင်ရ၊ တို့နွားတွေကို တလင်းထဲလွှတ်လိုက်ပြီဆိုရင် ဘယ်ကမှန်းမသိတဲ့ နွားကြီးတစ်ကောင် ရောက်ရောက်လာပြီးတော့ နွားတွေကို လိုက်ဝှေ့တော့တာပဲကွာ”

“ဟာဗျာ၊ ဘယ်ကနွားကြီးလဲဗျ”

ကိုမောင်ပုက အားတက်သရောနဲ့

“သရဲနွားကြီးကွ”

“ဘယ်လိုဗျ”

“ဟုတ်တယ်အလတ်ကောင်ရေ၊ အဲဒီနွားကြီးက ထွားထွားကျိုင်းကျိုင်းနွားကြီးကွ၊ နွားအုပ်ကိုတွေ့တာနဲ့ လိုက်ဝှေ့တော့တာပဲဟေ့၊ ဝှေ့တဲ့အခါမှာလည်း မဲမဲမြင်သမျှ အကုန်လိုက်တာကွ၊ နွားတွေက ကြောက်လန့်ပြီး ပြေးကြလွှားကြ၊ ချော်လဲကြနဲ့ ထိခိုက်ကုန်တာပေါ့ကွာ”

အကိုကြီးပြောလို့မပြီးသေးဘူး ကိုမောင်ပုက

“ဒါတင်ဘယ်ကမလဲကွ၊ အဲဒီနွားကြီးပေါ်လာပြီဆိုရင် လွှွတ်ကျောင်းထားတဲ့နွားတွေထဲက တစ်ကောင်မဟုတ်တစ်ကောင်တော့ အမြဲသေတတ်တာပဲကွာ၊ ဒီနွားကြီးက တအားဝှေ့တော့ အဝှေ့ခံရတဲ့နွားက သေတာများတယ်ကွ၊ ငါ့နွားတစ်ကောင်တောင် ပြီးခဲ့တဲ့ရက်က သေပြီးပြီ”

“ဟာ၊ ဟုတ်ရဲ့လားဗျာ၊ ဘယ်လိုဖြစ်တာလဲ”

“ငါလည်း ရွာထဲက ပြောစကားတွေကို သိပ်မယုံဘူးကွ၊ ဒါနဲ့ ငါရယ်၊ ငါ့ညီနှစ်ယောက်ရယ် သုံးယောက်ပေါင်းပြီးတော့ နွားကျောင်းထွက်ကြတယ်ကွာ၊ လက်ထဲမှာလည်း လှံတွေ၊ လေးခွတွေ၊ ဓါးတွေ အစုံပါတယ်။ တကယ်လို့ ဒီနွားကြီးလာရင် ဝိုင်းခုတ်သတ်ကြမယ်ဆိုပြီးတော့ပေါ့ကွာ၊ တို့တွေနွားကျောင်းပြီး မကြာပါဘူးကွာ၊ ခပ်လှမ်းလှမ်းကနေ နွားတွန်သံကြီးကြားလိုက်ရတယ်၊ ငါတို့လှည်းကြည့်တော့ အဲဒီနွားကြီးဖြစ်နေတာပဲဟေ့၊ တို့နွားတွေဆီကို အတင်းပြေးလာပြီး ဝှေ့တော့တာပဲ”

“ကိုမောင်ပုတို့က နွားကြီးကိုမခုတ်ဘူးလားဗျ”

“ဘယ်နေပါ့မလဲ အလတ်ကောင်ရာ၊ ငါတို့လည်း လက်ထဲကိုင်ထားတဲ့ လှံတွေ၊ ဓါးတွေနဲ့ နွားကြီးကိုထိုးကြ ပစ်ကြပေါ့ကွာ၊ ထူးဆန်းတာတစ်ခုက အဲဒီနွားကြီးကို ငါတို့လှံနဲ့ထိုးရင် သူ့အသားက ပေါက်ထွက်သွားပေမယ့် ဘာမှမဖြစ်ဘူးကွ၊ ဓါးနဲ့ခုတ်ရင်လည်း ပြတ်တယ်၊ ဒါပေမယ့် ဘယ်လိုမှကိုမနေတာကွာ”

“ဟာ ထူးတော့ထူးနေပြီဗျာ”

“အဲဒီနွားလိုက်ဝှေ့လို့ ငါ့အိမ်က နွားမကြီးက ခြေဦးတည့်ရာပြေးရင်း နောက်ဆုံးတော့ အမောဖောက်ပြီး လဲကျသေဆုံးသွားတာပဲဟေ့၊ ရွာတောင်ပြန်မရောက်လိုက်ပါဘူးကွာ၊ ကွင်းထဲမှာပဲ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ သေသွားရှာတာကွ၊ ငါဖြင့် နှမြောလိုက်တာကွာ”

“ဒါဆို အဲဒီနွားကြီးကရော ဘယ်ရောက်သွားတာလဲ”

ကိုမောင်ပုက ခေါင်းခါလိုက်ပြီး

“ဖုန်လုံးတွေကြားထဲ ပျောက်သွားတာပဲကွာ”

ကျုပ်တော့ တစ်ခုခုထူးပြီဆိုတာ သိလိုက်ပြီဗျာ၊

“ငါလည်း အဲဒီကတည်းက နွားတွေလွှွတ်မကျောင်းရဲတော့ဘဲ၊ နွားစာအတွက် မြက်တွေ၊ အပင်တွေ လိုက်ရိတ်နေရတော့တာပဲ၊ တို့ရွာထဲ နွားမွေးတဲ့သူတွေအကုန်လုံး အခုလိုပဲ မြက်ရိတ်ထွက်ရတော့တာပေါ့ကွာ၊ နွားတွေကိုတော့ ဘယ်သူမှ လွှတ်မကျောင်းရဲတော့ဘူးကွ၊ အစာဝတာ မဝတာ အသာထား၊ မသေဖို့က အရေးကြီးတယ်မဟုတ်လား”

“ကျုပ်တို့ရွာကတော့ ဖြစ်လိုက်မှဖြင့် အဆန်းချည်းပဲဗျာ”

“ကဲ အလတ်ကောင်ရေ၊ စကားချည်းထိုင်မပြောနေနဲ့ကွ၊ မြက်ရိတ်အုံးကွ၊ ဒီနားမှာတောင် မြက်ရှားသွားပြီ၊ ချောင်းရိုးဘေးမှာ မြက်ကုန်ရင်တော့ ဟိုးတောတန်းဘက် သွားရိတ်ရတော့မှာပဲကွ”

အကိုကြီးနဲ့ကျုပ်လည်း မြက်ရိတ်ရတော့တယ်ဗျ၊ အခုမှသတိထားမိတာ ကျုပ်တို့ရွာနံဘေးက တံလင်းတွေထဲမှာ နွားဆိုလို့ တစ်ကောင်တစ်မြီးတောင် မတွေ့ရဘူးဗျို့၊ နွားအစား နွားမွေးထားတဲ့လူတွေ၊ နွားပိုင်ရှင်တွေက တကုန်းကုန်းနဲ့ မြက်တွေရိတ်နေကြရဲ့ဗျာ၊ စောစောထရိတ်တဲ့လူတွေကတော့ မြက်ထုံးတွေကို ထမ်းပိုးနဲ့ထမ်းပြီးတော့ ပြန်သွားကြလေရဲ့။

ကျုပ်ကတော့ မြက်ရိတ်ရင်း အဲဒီနွားကြီးအကြောင်းကို တွေးနေမိတယ်၊ ဦးဘသာ ဒီကိစ္စကိုသိပုံမရသေးဘူးဗျ၊ အခုမြက်ရိတ်ပြီးအပြန် ဦးဘသာကို ဝင်ပြောမယ်ဆိုပြီးတော့ ကျုပ်တွေးနေမိတာပေါ့ဗျာ။

(၄)

ဟောဗျာ၊ တွေးလို့မှ မဆုံးသေးဘူး၊ ဦးဘသာတစ်ယောက် နွားဆယ်ကောင်မောင်းချလာပြီးတော့ ရွာထဲကနေထွက်လာတယ်ဗျာ၊ မြက်ရိတ်နေတဲ့ ကိုမောင်ပုက လှမ်းကြည့်ပြီးတော့

“ဟာ၊ ဟိုမှာ ဦးဘသာတစ်ယောက် နွားတွေကျောင်းပြီးတော့ ထွက်လာပါရောလားဟေ့”

ကျုပ်လည်း စိုးရိမ်မိသွားတာတော့အမှန်ပဲဗျ။

“ဟာ၊ ဦးဘသာက ကျုပ်နဲ့အတူတူခရီးထွက်နေတာဆိုတော့ ဒီကိစ္စကိုမသိသေးဘူးထင်တယ်ဗျ၊ လုပ်ပါအုံးဗျာ၊ တော်ကြာခင်ဗျားပြောတဲ့ နွားကြီးနဲ့တွေ့တော့မှ ဦးဘသာနွားတွေ သေကုန်ပါအုံးမယ်”

ဦးသိန်းဇံက ဦးဘသာကိုမျက်မှောင်ကြုတ်ပြီးလှမ်းကြည့်ရင်း

“သေသေပေါ့ကွာ၊ ဘသာက စုန်းမဟုတ်လားကွ၊ ငါတို့ပြောတဲ့ သရဲနွားကြီးထွက်လာပြီး ဘသာနဲ့တွေ့လို့ကတော့ ပွဲကြီးပွဲကောင်းပဲဟေ့”

ဦးသိန်းဇံက ဦးဘသာကို သိပ်ကြည့်မရတဲ့လူဗျ၊ ဒါပေမယ့် သူပြောတာလည်း ဟုတ်တော့ဟုတ်တယ်၊ ဦးဘသာက ဒီသရဲနွားလောက်တော့ နိုင်မှာမဟုတ်လားဗျာ၊ ဦးသိန်းဇံပြောတဲ့အတိုင်း ဦးဘသာနဲ့တွေ့ရင်တော့ ပွဲကြီးပွဲကောင်းပဲဗျို့၊ ဒါနဲ့ ကျုပ်တို့လည်း မြက်ရိတ်တာ ခဏနားပြီးတော့ ချောင်းရိုးတစ်ဖက်က မြေဖို့ထားတဲ့ တာပေါင်ကြီးပေါ် တက်လာခဲ့ကြတယ်၊ တာပေါင်နှုတ်ခမ်းမှာ ကပ်ပေါက်နေတဲ့ လူနှစ်ရပ်လောက်ရှိတဲ့ ခအောင်းပင်ကလေးအောက်မှာ အရိပ်ခိုရင်း ဖိနပ်ဖင်ခုထိုင်ကာ ဦးဘသာနဲ့ နွားအုပ်ကြီးကိုကြည့်နေမိတယ်ဗျ။

ဦးဘသာကတော့ ကြိမ်လုံးတစ်ချောင်းနဲ့ နွားတွေကိုအော်ဟစ်ပြီး ရွာထဲကနေ တလင်းဘက်ကို တရွေ့ရွေ့နဲ့ထွက်လာတာပဲဗျာ၊ ဦးဘသာက နွားတွေကို တော်ရုံဆိုရင် ရိုက်ခဲပါတယ်၊ ဒါပေမယ့် ဒီနွားတွေက နွားအသစ်တွေဆိုတော့ နည်းနည်းပါးပါး ထိန်းကျောင်းရတယ်ထင်ပါ့ဗျာ။ ဦးဘသာထွက်လာပြီးတော့ မကြာဘူးဗျာ၊ ရေတွင်းပျက်နားက ဖုန်းဆိုးမြေကြီးအနီးကနေ နွားတွန်သံကြီးကို ကြားလိုက်ရပါရောဗျာ၊ ဦးဘသာ လွတ်ကျောင်းနေတဲ့နွားတွေဆိုရင် နွားတွန်သံကြားတာနဲ့ တုန်လှုပ်ခြောက်ချားပြီးတော့ ခြေဦးတည့််ရာ လှည့်ပြေးဖို့လုပ်ကြပါရော။ ကျုပ်တို့လှည့်ကြည့်နေတုန်း အဲဒီဖုန်းဆိုးမြေကြီးပေါ်က နွားကြီးတစ်ကောင်ထွက်လာပါရောဗျာ၊ နွားက နွားအနက်ကြီးဗျ၊ ချိုကြီးကိုထောင်ပြီးကော့နေတာပါပဲဗျာ၊ ပုံမှန်ထွားကျိုင်းသန်မာတဲ့ နွားတွေထက် ပိုပြီးတော့အကောင်ထွားတယ်ဗျာ၊ နွားနှစ်ကောင်နီးနီးလောက်ကိုရှိတာဗျ၊ အဲဒီနွားကြီးက ဦးဘသာနွားအုပ်ဆီကို ပြေးသွားပါရောဗျာ။

နွားကြီးပြေးလာတာ မြင်လိုက်တာနဲ့ ဦးဘသာနွားတွေအကုန်လုံး တလင်းထဲကို ထွက်ပြေးကုန်တာပဲဗျာ၊ ခြေဦးတည့်ရာ ပြေးတာဆိုတော့လည်း ဟိုတစ်ကောင်၊ ဒီတစ်ကောင် ပြေးကုန်ကြတာပေါ့၊ ဦးဘသာက ကြိမ်လုံးကိုင်ပြီးတော့ နွားတွေကိုကြိမ်းမောင်းနေတယ်ဗျာ၊ ဦးသိန်းဇံက အသေအချာကြည့်ရင်း

“ဟား၊ ဟား ဒီအတိုင်းဆိုရင်တော့ ဘသာတစ်ယောက် ဒီနွားကြီးကို ရှုံးမှာပဲကွ”

သူကဒီလိုပြောတော့ ကျုပ်ကလည်း မကျေမနပ်နဲ့

“အိုဗျာ၊ ဒီနွားရိုင်းလောက်ကတော့ ဦးဘသာက နိုင်ပါတယ်ဗျ၊ ခင်ဗျားကြည့်နေစမ်းပါ”

“ဟား၊ ဟား အလတ်ကောင်ရာ၊ မင်းက ဘသာနဲ့ပေါင်းနေတော့ ဘသာဘက်ကနေ မခံမရပ်နိုင်ဖြစ်နေတယ်မဟုတ်လား၊ စိန်လိုက်လေကွာ၊ ဘသာရှုံးကိုရှုံးရမယ်၊ မင်းဘာကြေးလောင်းမလဲ”

“အိုဗျာ၊ ကျုပ်က ဒါမျိုးကိုမှကြိုက်တာ၊ ဦးဘသာပဲ နိုင်မှာဗျ”

ဦးသိန်းဇံက ခေါင်းညိတ်ရင်း

“ကောင်းပြီလေ၊ ဘသာရှုံးရင် မင်းငါ့ကို မြက်တစ်ထမ်းရိတ်ပေးရမယ်၊ တကယ်လို့ ဘသာနိုင်သွားရင်တော့ မင်းကိုငါက ဟောဟိုက မြက်တစ်ထမ်းကို အလကားပေးလိုက်မယ်ကွ”

“စိန်လိုက်လေဗျာ၊ မြက်တစ်ထမ်းကြေးပေါ့”

ကျုပ်တို့ဘေးကစောင့်ကြည့်နေတဲ့သူတွေက အချင်းချင်းလောင်းပြီးတော့ ရင်တမမနဲ့ဖြစ်နေကြတယ်ဗျာ၊ ကွင်းထဲက ဦးဘသာကတော့ ပြေးလွှားနေတဲ့နွားတွေကိုကြည့်ပြီး အော်ဟစ်နေလို့ပေါ့ဗျာ။ နွားနက်ကြီးက ဦးဘသာရဲ့ နွားရွှေဝါကြီးတစ်ကောင်ကို အတင်းလိုက်ဝှေ့တာဗျ၊ နွားရွှေဝါကြီးက ပြန်ဝှေ့ဖို့မပြောနဲ့ ကြောက်လွန်းလို့ ပတ်ပြေးနေတာပေါ့ဗျာ၊ နောက်တော့ နွားနက်ကြီးက နွားရွှေဝါကြီးရဲ့ နောက်ခြေထောက်ကို ဝှေ့ထည့်လိုက်တယ်၊ နွားရွှေဝါကြီးအနောက်ခြေထောက်က သွေးတွေရဲခနဲ ပန်းထွက်လာတာပေါ့ဗျာ၊ ပြေးနေရင်းလည်း ခွေကျသွားတယ်ဗျ၊ နွားနက်ကြီးက တစ်ပတ်ပြန်လှည့်ပြေးသွားပြီးတော့ ခွေကျသွားတဲ့ နွားရွှေဝါကြီးကို ချိုနဲ့ပြေးဝှေ့တာပဲဗျာ။

“ရပ်လိုက်၊ ရပ်လိုက်စမ်း”

ဦးဘသာက ကြိမ်လုံးကြီးဝင့်ပြီးတော့ နွားနက်ကြီးကို ကြိမ်းမောင်းပေမယ့် နွားနက်ကြီးက ရပ်မသွားတဲ့အပြင် နွားရွှေဝါကြီးကို ပြေးပြီးတော့ ချိုနဲ့ထိုးကလော်လိုက်ပါရောဗျာ၊ နွားရွှေဝါကြီးဆိုရင် ဖင်ကြီးကိုမြောက်တက်သွားတော့တာပဲ၊ နောက်တစ်ချက် ထပ်ထိုးမယ်ဆိုပြီးအပြေးမှာ ဦးဘသာက နွားနက်ကြီးကို လက်ညှိုးနဲ့ထိုးပြီးတော့ ပါးစပ်ကနေ ဘာတွေအော်မှန်းမသိဘူးအော်လိုက်တာ နွားနက်ကြီးက ခြေလေးဖက်စလုံး တုန့်ခနဲရပ်တန့်သွားပြီးတော့ ငြိမ်ကျသွားတယ်ဗျ၊ ပြီးတော့ အဲဒီနွားနက်ကြီးက ကျုပ်တို့မျက်စိရှေ့မှာတင်ပဲ သဲမှုန်တွေအဖြစ် တဖြည်းဖြည်းပဲ့ကျသွားတော့တာပါပဲဗျာ။

“ဟေး နိုင်ပြီ၊ ငါနိုင်ပြီကွ”

ဦးသိန်းဇံက ထပြီးအော်တော့တယ်။

“ဟာဗျာ၊ ခင်ဗျားမတွေ့ဘူးလား၊ ဦးဘသာလုပ်လိုက်လို့ နွားကြီးသဲမှုန်ဖြစ်သွားတာလေဗျာ”

“ဟ၊ သဲမှုန်ကတော့ သူ့အလိုလိုလည်း အချိန်တန်ရင်ဖြစ်တာပဲ၊ ဒါပေမယ့် ဘသာရဲ့နွားကြီး အထိနာသွားတယ်မဟုတ်လား၊ ဒါ သူရှုံးတာပဲပေါ့”

“ဟုတ်တယ်အလတ်ကောင်၊ ဦးဘသာ တကယ်စွမ်းရင် အဲဒီနွားနက်ကြီး သူ့နွားကိုမဝှေ့ခင်မှာ တားနိုင်ရမှာပေါ့”

ကိုမောင်ပုကလည်း ဝင်ပြောတယ်၊ ကျုပ်လည်း ပြိုင်ငြင်းချင်ပေမယ့် အကိုကြီးက ကျုပ်ပုခုံးကိုဆွဲထားတယ်၊ သူဆိုလိုချင်တာတော့ ကျုပ်ကိုစိတ်ထိန်းထားဖို့ပေါ့ဗျာ။ ဒါနဲ့ ကျုပ်လည်း အောင့်သက်သက်နဲ့ လက်ခံလိုက်ရတော့တယ်၊ မြေသားတမံပေါ်ကနေ ပြေးဆင်းပြီးတော့ ကွင်းကြီးကိုဖြတ်ပြေးရင်း ဦးဘသာဆီကိုလာခဲ့တာပေါ့ဗျာ၊ ဦးဘသာကတော့ နွားရွှေဝါကြီးအနားမှာ ထိုင်လို့ဗျ။

“ဦးဘသာ၊ ဦးဘသာ ဘာဖြစ်သွားသေးလဲ”

ဦးဘသာက ခေါင်းခါပြတယ်ဗျ။

“အခြေအနေမကောင်းဘူးဟေ့၊ ငါ့ကောင်ကြီး နောက်ခြေထောက်ကြောပြတ်သွားသကွ၊ ဗိုက်လည်း နည်းနည်းပွင့်သွားတယ်”

ဟုတ်ပါ့ဗျာ၊ နွားရွှေဝါကြီး ပေါင်အနောက်ကြောနဲ့ တံခေါက်ကွေးမှာ ပြတ်ရှဒဏ်ရာကြီးဖြစ်လို့ဗျ၊ ချက်အောက်ဘက်နားမှာလည်း နွားချိုထိုးပြီးတော့ အပေါက်ကြီးဖြစ်နေပါရောဗျာ၊ ကျုပ်လည်း ရွာထဲက ကာလသားတွေကိုပြေးခေါ်ရတယ်၊ နွားရွှေဝါကြီးက မထနိုင်တော့လို့ လူအားနဲ့ချီပိုးပြီးတော့ ရွာထဲကိုဝိုင်းသယ်ကြရတယ်ဗျ၊

ဦးဘသာတစ်ယောက်မျက်နှာမကောင်းတာ ကျုပ်သတိထားမိပါရဲ့ဗျာ၊ သူ့နွားကြီးဖြစ်သွားတဲ့အတွက် တော်တော်စိတ်မကောင်းဖြစ်နေတဲ့ပုံပဲ၊ ရွာကလူတွေကလည်း ဦးဘသာကို အဲဒီနွားကြီးအကြောင်းကို ဝိုင်းပြောပြကြတယ်၊ ကျုပ်လည်း ဦးဘသာအနားမှာနေပေးတာပေါ့ဗျာ၊ ဦးဘသာကတော့ ပျာပျာသလဲနဲ့ ဟိုအရွက်တွေခူး၊ ဒီအရွက်တွေခူးပြီးတော့ ထုထောင်းပြီး နွားကြီးရဲ့ဒဏ်ရာကို အုံခဲပေးပြိး ကုသပေးနေပါရောဗျာ၊ ဒီအချိန် အကိုကြီးက မြက်တစ်ထမ်းထမ်းပြီးတော့ ရွာထဲပြန်ဝင်လာတယ်ဗျ၊ ပြီးတော့ ဦးဘသာအိမ်ထဲဝင်လာပြီးတော့ ကျုပ်အရှေ့ကို တံစဉ်တစ်လက်ပစ်ချပေးလိုက်တယ်။

“မင်းရှုံးကြွေးကို မင်းဆပ်ရမယ်လေ အလတ်ကောင်ရ”

ကျုပ်လည်း တံစဉ်ကိုကောက်ယူလိုက်ပြီးတော့ ဒေါသထွက်ထွက်နဲ့ ရွာအပြင်ကို လျှောက်ခဲ့တာပေါ့ဗျာ၊ ရွာအပြင်ရောက်တော့ ဦးသိန်းဇံနဲ့ ကိုမောင်ပုက မြက်ထုံးတွေထမ်းလာလို့ဗျ။ ဦးသိန်းဇံက ကျုပ်ကိုမြင်တော့ ပြုံးဖြီးဖြီးနဲ့

“လုပ်ထားဟေ့အလတ်ကောင်ရေ၊ ငါ့နွားတွေတော့ ဒီနေ့ကံကောင်းတာပဲဟေ့၊ မြက်တွေ ၀၀လင်လင်စားရတော့မယ်ကွ”

ကျုပ်ကို တမင်နှိမ်ပြီးပြောလိုက်မှန်း ကျုပ်သိတာပေါ့ဗျာ၊ ကျုပ်လည်း မခံချင်စိတ်နဲ့ ရွာပြင်ထွက်ခဲ့တာပေါ့။ ရွာပြင်ရိုးချောင်းနံဘေးမှာ မြက်တွေသိပ်မရှိတော့ဘူးဗျ၊ တစ်ရွာလုံးကလူတွေက ဒီရိုးချောင်းနံဘေးမှာပဲ မြက်ရိတ်ကြတာကိုးဗျာ၊ ဒါနဲ့ကျုပ်လည်း မြက်တွေရှာပြီးတော့ လိုက်ရိတ်ရတော့တယ်၊ ရိုးချောင်းတစ်လျှောက် ရိတ်ရင်းနဲ့ ရွာနဲ့တော်တော်လှမ်းလှမ်းကိုတောင် ရောက်သွားသဗျာ၊ အဲဒီရိုးချောင်းရဲ့အောက်ဘက်နား ကျုပ်တို့ရွာနဲ့ တစ်ခေါ်လောက်ဝေးတဲ့နေရာမှာ သီးပင်စုဆိုတဲ့ ကုန်းကလေးတစ်ခုရှိတယ်ဗျ၊ အဲဒီမှာ ဘကြီးပေါတို့မိသားစု နေခဲ့တာဆိုတော့ ကျုပ်တို့ကတော့ ဘကြီးပေါတို့ကုန်းလို့ပဲ ခေါ်ကြတယ်၊ ဘကြီးပေါအကြောင်း ခင်ဗျားတို့သိပြီးသားဖြစ်မှာပါ၊ ဓါးပြကျော်ဘမော်က ဓါးပြတိုက်ရင်း မကျေနပ်လို့ ဘကြီးပေါတို့ကို မိသားစုလိုက် သတ်သွားတဲ့နေရာပေါ့ဗျာ။ (စုန်းထီးကြီးဦးဘသာနှင့် ဓါးပြကျော်ဘမော်၊ အတွဲ(၁))တွင် ဖတ်ရှုနိုင်ပါသည်။

သရဲအရမ်းခြောက်လို့ တော်ရုံတန်ရုံလူတွေ မသွားရဲတဲ့နေရာပေါ့ဗျာ၊ အဲဒီသီးပင်စုမှာ ဘကြီးပေါတို့နေခဲ့တဲ့ အိမ်ပျက်ကြီးတွေရှိသေးတယ်ဗျ၊ ဘကြီးပေါတို့က သစ်ကောင်းတွေနဲ့ အိမ်ဆောက်ထားခဲ့တာဆိုတော့ အိမ်ကြီးက ကောင်းကောင်းမွန်မွန်ရှိပါသေးတယ်၊ အိမ်ကြီးတစ်ဝိုက်မှာလည်း မန်ကျည်းပင်ကြီးတွေ၊ သီးပင်ကြီးတွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ပေါ့ဗျာ။ ကျုပ်လည်း မြက်ရချင်လို့သာ လာခဲ့ရတယ် ခပ်လန့်လန့်ရယ်ဗျ၊ ပြီးတော့ ဘကြီးပေါတို့ သီးပင်စုကုန်းမှာ ဖိုးတုတ်နဲ့ ယဉ်ယဉ်ဆိုတဲ့ သရဲလင်မယားလည်းရှိသေးတယ်မဟုတ်လား။

ကျုပ် မြက်တွေရိပ်နေတုန်း အဲဒီအိမ်ပျက်ကြီးတွေထဲမှာ လူသံတွေကြားရတယ်ဗျ၊ ကျုပ်လည်း မြက်ရိတ်နေရင်း လှမ်းကြည့်တော့ လူတွေစကားပြောနေတဲ့အသံပဲဗျာ၊ လူတစ်ယောက်မှ မရှိတဲ့နေရာမှာ လူသံကြားရတယ်ဆိုတော့ ကျုပ်လည်း သရဲမှန်းသိလိုက်ပြီလေ၊ ဒါပေမယ့်လည်း စိတ်ထဲကတော့ မဝံ့မရဲနဲ့ဗျ၊ မန်ကျည်းပင်ကြီးတစ်ပင်ကို အကာအကွယ်ယူပြီးတော့ ချောင်းကြည့်တော့ အိမ်ကြီးပေါ်ကနေ ရှမ်းဝတ်စုံအနက်ရောင်ဝမ်းဆက်ဝတ်ထားတဲ့ လူကြီးတစ်ယောက် ဆင်းလာသဗျ၊ ခေါင်းမှာ ခေါင်းပေါင်းလည်းပေါင်းထားလို့ဗျို့၊ အပေါ်က ရှမ်းအင်္ကျီရင်စေ့ဝတ်ထားပြီး အောက်မှာလည်း ရှမ်းဘောင်းဘီ ပွပွကြီးဝတ်ထားတယ်၊ အသားကတော့ ခပ်ဖြူဖြူပါပဲဗျာ၊ ဒီလူကြီးက ဘကြီးတုတ်တို့ခြေတံရှည်အိမ်ပေါ်ကနေ ဆင်းလာပြီးတော့ ဘေးဘီကိုကြည့်တယ်၊ ပြီးတော့ ရှမ်းလိုစူးစူးဝါးဝါးထအော်သဗျ။

ကျုပ်လည်း ကြောက်ကြောက်နဲ့ မန်ကျည်းပင်အနောက်မှာ ပုန်းနေလိုက်တယ်ဗျာ၊ မန်ကျည်းပင်က လူနှစ်ဖက်စာလောက်ရှိတာဆိုတော့ ကျုပ်ကောင်းကောင်းပုန်းလို့ရပါတယ်၊ ဒီအချိန် ခြေသံတွေကိုကြားလိုက်ရတယ်၊ လူသုံးလေးယောက် လျှောက်လာတဲ့ခြေသံမျိုးဗျ၊ သူတို့ခြေလှမ်းတွေက ကျုပ်ပုန်းနေတဲ့မန်ကျည်းပင်အနားကို လာတဲ့ပုံစံပါပဲဗျာ၊ ကျုပ်ဖြင့် ရင်တွေထိတ်လိုက်တာဗျာ၊ နောက်တော့ မိန်းကလေးတစ်ယောက်က မန်ကျည်းပင်အနောက်နားကိုရောက်လာတယ်၊ ကျုပ်လည်း မန်ကျည်းပင်တစ်ဖက်ကို အသာကလေးတိုးကပ်သွားတာပေါ့ဗျာ၊ မိန်းကလေးက ကျုပ်ကိုမမြင်ဘူးဗျ၊ မန်ကျည်းမြစ်နားမှာ ကျနေတဲ့ တံစဉ်ကိုကောက်ယူလိုက်ပြီးတော့ ရှမ်းလိုပြောနေတာပဲ၊ ကျုပ်လည်း ခါးကြားကိုစမ်းကြည့်လိုက်တော့မှ အဲဒီတံစဉ်က ကျုပ်တံစဉ်ဖြစ်နေတယ်ဗျာ၊ ခုနက ခါးကြားထိုးရင်း ချောကျသွားတာဖြစ်မယ်။

ဒီအချိန်မှာပဲ ကျုပ်ဘေးနားကို အဘွားကြီးတစ်ယောက်ရောက်လာတယ်၊ ပါးရေတွေ တွန့်တွန့်နဲ့ မျက်တွင်းကျကျမျက်နှာကြီးကိုမြင်လိုက်ရတော့ ကျုပ်လည်း လန့်ပြီးအော်ဟစ်ရင်း အဲဒီနေရာကနေ ထွက်ပြေးခဲ့တော့တာပဲဗျာ၊ မြက်ထုံးတွေတောင်မှ မယူနိုင်ဘူးဗျာ။

မြက်တစ်ထမ်းမရတော့ ကျုပ်လည်း နည်းမျိုးစုံနဲ့ ကြံရတော့တယ်၊ ကံကောင်းချင်တော့ နွားကျောင်းသားလေးတစ်ယောက် ထမ်းလာတဲ့မြက်ထမ်းကို တစ်ကျပ်ပေးပြီးတော့ ဝယ်လိုက်ရတော့တာပေါ့ဗျာ။ မြက်ထမ်းကြီးကို ဦးသိန်းဇံအိမ်ကိုထမ်းပို့တော့ ဦးသိန်းဇံက အောင်နိုင်သူအပြုံးနဲ့ကြည့်နေသဗျ။

(၅)

“ငါမကျေနပ်ဘူးကွာ”

“ကျုပ်လည်း မကျေနပ်ဘူးဗျာ”

ညနေရောက်တော့ ဦးဘသာအိမ်မှာ ကျုပ်နဲ့ဦးဘသာ အတူတူထိုင်နေကြရင်း ပြောလိုက်မိတယ်ဗျ။ ကျုပ်ပြောလိုက်တော့ ဦးဘသာက တအံ့တသြနဲ့

“ဟ၊ အလတ်ကောင်ရ၊ ထိတာက ငါ့နွားထိတာပါကွ၊ မင်းက ဘာကိုမကျေနပ်ရတာလဲ”

“မဟုတ်ပါဘူးဗျာ၊ ဦးသိန်းဇံနဲ့ကျုပ်နဲ့ အဲဒီနွားကြီးကို ဦးဘသာ နိုင်မနိုင်ဆိုပြီးလောင်းကြရင်း ကျုပ်ရှုံးသွားလို့ပါဗျ”

“မင်းကတော့ ဟုတ်နေပြန်ပါပြီ၊ ငါဒုက္ခရောက်တာကို မင်းတို့က ထိုင်ကြည့်ပြီးတော့ လောင်းနေနိုင်သေးတယ်”

“အဲဒါထားပါတော့ ဦးဘသာ၊ အဲဒီနွားနက်ကြီးက ဘာနွားကြီးလဲဗျ”

ဦးဘသာက ခေါင်းညိတ်ရင်း

“ရွာသားတွေပြောပုံအရရယ်၊ နောက်ပြီးတော့ ငါကိုယ်တိုင်တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံအရရယ်ဆိုရင်တော့ ဒီနွားက ကိုးသချိုင်းနွားဖြစ်မယ်ထင်တယ်ကွ”

“ဗျာ၊ ကိုးသချိုင်းနွားတဲ့လား”

“အေးလေ၊ အောက်လမ်းဆရာတွေ သုံးတဲ့နွားပေါ့ကွာ၊ ဆေးနွားဆိုတာ မင်းကြားဖူးတယ်မဟုတ်လား”

“ကြားဖူးပါရဲ့ဗျာ၊ ဒါပေမယ့် ကျုပ်တို့အိမ်ကို အောက်လမ်းနဲ့ဆေးနွားတိုက်တုန်းက ဆေးနွားက အနီရောင်လေးမဟုတ်လား၊ ပြီးတော့ အကောင်အထည်လည်း မြင်ရတာမှ မဟုတ်တာ”

“ဟုတ်တယ်၊ အလတ်ကောင် ဆေးနွားလို့ လူတွေခေါ်ကြတဲ့ ပညာနဲ့လုပ်ထားတဲ့ နွားရုပ်တွေမှာ သုံးမျိုးသုံးစားရှိသကွ၊ မင်းမြင်ဖူးတဲ့ ဆေးနွားအနီကတော့ အလယ်အလတ် နွားလို့ပြောလို့ရမယ်ကွ၊ ဆေးနွားအနီက ကောင်းတဲ့နေရာမှာ သုံးလို့ရသလို၊ မကောင်းတဲ့နေရာမှာလည်း သုံးလို့ရတာပေါ့ကွာ၊ မင်းတို့အိမ်ကို တိုက်တုန်းကတော့ တံစူးဝါးမှာ ဘို့တစ်ထောင်ဆွဲပြီး ဆေးနွားအစီအရင်လုပ်ထားတာဆိုတော့ မကောင်းတဲ့ ဆေးနွားအနီပေါ့၊ အရပ်အခေါ်တော့ တိုက်နွားပေါ့ကွာ” (ထိုအကြောင်းကို စုန်းထီးကြီးဦးဘသာနှင့် ဘို့တစ်ထောင်တိုက်နွား၊ အတွဲ(၁) တွင်ဖတ်ရှုနိုင်ပါသည်)

“ဟုတ်တယ်ဗျ၊ ဒါနဲ့ နောက်ထပ်ဆေးနွားတွေကရောဗျာ”

“အလွန်အဆင့်မြင့်တဲ့ အောက်လမ်းဆရာကြီးတွေသုံးတဲ့ ဆေးနွားတစ်မျိုးရှိသေးတယ်ကွ၊ အဲဒီဆေးနွားကတော့ ဆေးနွားအနက်ပေါ့ကွာ”

“ဟုတ်ပြီ၊ နေ့လည်ကတွေ့တာကလည်း နွားနက်ကြီးဆိုတော့ အဲဒီ ဆေးနွားအနက်များလား”

“အဟုတ်ပေါ့ကွာ၊ ဆေးနွားအနက်ကို စီရင်တဲ့အခါ ကိုးသချိုင်းမြေနဲ့ စီရင်ရတယ်ကွ၊ လူနားလည်အောင်ပြောရရင်တော့ သချိုင်းကိုးခုက မြေကိုယူရတယ်ပေါ့ကွာ၊ မြေကိုယူတဲ့အခါလည်း ရိုးရိုးတန်းတန်း သွားယူလို့မရဘူးကွ၊ အရင်ဆုံး အဲဒီသချိုင်းမှာရှိတဲ့ သချိုင်းစောင့်ပရလောကသားတွေနဲ့ မိတ်ဖွဲ့ရတယ်၊ ပြီးတော့ သချိုင်းစောင့်နဲ့ခင်မင်သွားပြီဆိုရင် သူပြတဲ့နေရာက သချိုင်းမြေကိုတူးယူရတယ်ကွ၊ ကိုယ်တူးချင်တဲ့နေရာကနေ တူးလို့မရဘူး၊ တူးယူတဲ့အခါမှာလည်း သချိုင်းမြေကို လက်ကိုးမိုက်အနက်တူးပြီး လက်တစ်ဆုပ်စာမြေကို ယူရတယ်”

“သိပ်တော့မလွယ်ဘူးဗျနော်”

“ဒါပေါ့ကွ၊ အဲဒီလို သချိုင်းကိုးခုက ကိုးသချိုင်းမြေကိုရပြီဆိုရင် လူသေအလောင်းစင်က ကပ်ကိုးခုဖြစ်ဖြစ်၊ အခေါင်းကိုးခုဖြစ်ဖြစ် အဲဒီက သစ်စကိုယူပြီးတော့ မီးသွေးဖြစ်အောင် ပြာချရတယ်၊ ရတဲ့မီးသွေးတွေ၊ ပြာတွေနဲ့ အဲဒီမြေကိုနယ်ပြီးတော့ အရုပ်လုပ်လို့ကောင်းအောင် နယ်ကြတာပေါ့ကွာ၊ တချို့လည်း ရွံ့နည်းနည်းထည့်တယ်ကွ၊ ပြီးရင်တော့ ချိုထောင်နေတဲ့ နွားနက်တစ်ကောင်အဖြစ် အရုပ်လုပ်ရတာပေါ့ကွာ”

“ဒါဆိုရင် ပြီးပြီလားဗျ”

“မပြီးသေးဘူးကွ၊ နွားရုပ်ကိုအသက်ဝင်အောင် လမ်းလေးခွဆုံသွားပြီးတော့ မန္တန်မှုတ်ရသေးတယ်”

“မန္တန်စုတ်တယ်၊ မန္တန်ရွတ်တယ်လို့ပဲ ကြားဖူးပါတယ် ဦးဘသာရာ၊ ဦးဘသာအလှည့်ကျမှ မန္တတ်မှုတ်တယ်တဲ့လား”

“သူက မှုတ်ရတာကိုးကွ၊ မန္တန်ရွတ်ပြီးတော့ အဲဒီနွားနက်ရုပ်ရဲ့ နှာခေါင်းနေရာကို လေနဲ့မှုတ်သွင်းရတာကိုပြောတာကွ၊ ကိုးခေါက်မှုတ်ပြီးရင် အသက်ဝင်လေ့ရှိတယ်”

“အသက်ဝင်သွားရင် လူတွေကိုလိုက်ပြီး ဒုက္ခပေးရောလား”

ဦးဘသာက ခေါင်းညိတ်တယ်ဗျ။

“အသေအချာပေါ့ကွာ၊ ငါ့အထက် အဲဒီနွားနက်ကလည်း တို့ရွာကိုဒုက္ခပေးချင်တဲ့လူတစ်ယောက်က လုပ်နေတာများလားမသိဘူး”

“ဒါဆို ဘယ်လိုလုပ်ကြမလဲဗျာ”

ဦးဘသာက တွေဝေနေရင်း

“နွားနက်ရဲ့ပြောင်းပြန်၊ နွားဖြူဆိုတာ ရှိသေးတယ်ကွ၊ ဆေးနွားသုံးမျိုးမှာ နောက်ဆုံးကျန်တဲ့နွားကတော့ နွားဖြူနွားလားပဲ၊ အဲဒီနွားကိုတော့ အထက်ဝိဇ္ဇာတွေနဲ့ အထက်လမ်းဆရာတွေ စီရင်တတ်ကြတယ်ကွ”

“ဒါဆို အဲဒီနွားဖြူက နွားနက်ကို နိုင်သလားဗျ”

“နိုင်တာပေါ့ကွ၊ ဒါပေမယ့် ပညာခန်းဆိုတော့ ပညာပိုင်းဆိုင်ရာ အဆင့်မြင့်တဲ့လူ၊ ပညာသာတဲ့လူက နိုင်စမြဲပဲ”

“ဒါဆို ဦးဘသာ ဒီနွားနက်ကြီးကိုဘယ်လိုလုပ်မလဲ”

“ဟား၊ သူက နွားနက်နဲ့လုပ်ရင် ငါတို့ကလည်း နွားဖြူလုပ်ပြီးတော့ ပြန်ဝှေ့ခိုင်းတာပေါ့ကွာ”

ကျုပ်လည်း စိတ်အားတက်သွားတယ်။

“ဒါဆိုရင် ဦးဘသာ ဘယ်လိုလုပ်မလဲဗျ”

ဦးဘသာက ကျုပ်ကိုလက်ညှိုးထိုးပြီးတော့

“နွားဖြူက ငါလုပ်ရမှာမဟုတ်ဘူးကွ၊ မင်းလုပ်ရမှာ”

“ဗျာ၊ ကျုပ်လုပ်ရမှာတဲ့လား”

ဦးဘသာက ခေါင်းကိုဆတ်ခနဲညိတ်တယ်။

“ဒါပေမယ့် ကျုပ်က ဘာမှမတတ်ဘူးလေ ဦးဘသာ”

“မလိုပါဘူးကွာ၊ နွားဖြူကိုလူတိုင်းလုပ်လို့ရပါတယ်၊ နောက်ဆုံးအသက်သွင်းတဲ့အဆင့်ကသာ အခက်ဆုံးပါ၊ မင်းလုပ်နိုင်ပါတယ်အလတ်ကောင်ရ”

“ကောင်းပြီဗျာ၊ ကျုပ်ဘယ်လိုလုပ်ရမလဲ”

“သူက ကိုးသချိုင်းနွားနက်ဆိုတော့ နွားဖြူနွားလား ပြန်လုပ်ပြီး ခတ်ခိုင်းတာပေါ့ကွာ”

“ဟုတ်ပြီဗျာ၊ ကျုပ်လုပ်မယ်၊ ကျုပ်ဘာတွေယူရမလဲ”

“ငါတို့လည်း မြေကိုးမြေကိုယူရမယ်ကွ၊ မြေကိုးမြေဆိုတာကတော့ ဘုရားမြေ၊ သိမ်မြေ၊ ကျောင်းမြေ၊ ယာမြေ၊ လယ်မြေ၊ နတ်စင်အောက်ကမြေ၊ လမ်းလေးခွဆုံကမြေ၊ တောင်ကုန်းထိပ်ကမြေ၊ ညောင်ပင်အောက်ကမြေ အဲဒီနေရာက မြေတွေကို လက်တစ်ဆုပ်စီ ယူရမယ်ကွ”

ကျုပ်လည်း နေရာတွေကို စဉ်းစားလိုက်တယ်။

“ဘုရားမြေဆိုတော့ ရွာဦးကျောင်းစေတီနားက မြေကိုယူလို့ရတယ်၊ သိမ်မြေလည်း ရွာဦးကျောင်းက သိမ်သမုတ်ထားတဲ့ သိမ်တိုင်တွေအထဲက မြေကိုယူရင်အဆင်ပြေမယ်၊ ကျောင်းမြေကတော့ ဘုန်းကြီးကျောင်းဆောင်အောက်က မြေကိုယူမယ်ဗျာ၊ လယ်မြေ၊ ယာမြေကတော့ လွယ်ပါတယ်ဗျာ၊ နတ်စင်အောက်ကမြေဆိုတော့ ရွာထိပ်က ရွာတော်ရှင် နတ်ကွန်းအောက်က သွားယူမယ်၊ လမ်းလေးခွဆုံဆိုရင်လည်း ရွာလယ်လမ်းမက လမ်းလေးခွဆုံတယ်မဟုတ်လား၊ တောင်ကုန်းထိပ်ဆိုရင်တော့ အကိုကြီးတို့ ယာခင်းနားက တောင်ကုန်းလေးထိပ်မှာ ယူလိုက်မယ်ဗျာ၊ ညောင်ပင်အောက်ကမြေဆိုတော့ ရွာဦးကျောင်းတောင်ဘက်မှာ ဗောဓိညောင်ပင်ကြီး ဟီးနေတာပဲမဟုတ်လား”

ကျုပ်ပြောတော့ ဦးဘသာက ခေါင်းတဆတ်ဆတ်ညိတ်ရင်း

“နေရာကတော့ ဟုတ်တယ်ကွ၊ ဒါပေမယ့် ဒီမြေတွေကို ဒီအတိုင်းယူလို့မရဘူး”

“ဒါဆို ဘယ်လိုလုပ်ရမလဲဗျာ”

“အရင်ဆုံး ကိုယ်မြေသွားယူမယ့်နေရာကို လက်ဖက်တစ်ပုံ ကွမ်းတစ်ယာယူသွားရမယ်၊ ပြီးရင် ဖက်တစ်ဖက်ခင်းရမယ်၊ မြေပေါ်မှာလေးဖက်ထောက် လက်အုပ်ချီပြီးတော့ “ဤအရပ်မှ အစောင့်အရှောက်အပေါင်းတို့ ငါ့ကိုစောင့်ရှောက်ကြကုန်လော့၊ မိတ်ဆွေပြုကြကုန်လော့၊ တစ်ယောက်ကိုတစ်ယောက် ရိုင်းပင်းကြပါ၊ ကူညီကြပါကုန်လော့” လို့ပြောရမယ်၊ ပြီးရင် မြေကြီးကိုတူးရမယ်၊ ဘယ်လောက်ရယ်လို့တော့ မဟုတ်ဘူးပေါ့ကွာ၊ သိပ်မတိမ် မနက်ကလေးတူးပြီးတော့ လက်တစ်ဆုပ်ယူပြီး အသာသိမ်းထားရမယ်ကွ”

“မြေကိုးခု၊ ကိုးဆုပ်ပြည့်ပြီဆိုရင် တောင်းတစ်လုံးထဲမှာ မြေတွေထည့်ပြီးတော့ ထုံးဖြူဖြူလက်တစ်ဆုပ်လောက် ထည့်ပြီး ရေနဲ့သမအောင် နှဲပေးရမယ်၊ နောက်တော့ အဲဒီမြေစာနဲ့ နွားလားပုံစံလုပ်ရမယ်၊ နွားလားမှာ အရေးအကြီးဆုံးက ဘို့ပဲ၊ ဘို့နဲ့ ဦးချိုချွန်ချွန်ထက်ထက်ကို ထင်ထင်ရှားရှားလုပ်ရမယ်”

“ဒါပဲလား”

“အေးပေါ့၊ ဒီလောက်ဆို မင်းလုပ်ရမယ့် အပိုင်းပြီးပြီ၊ ကျန်တာ ငါ့အလှည့်ပေါ့ကွာ”

ကျုပ်လည်း ခေါင်းညိတ်လိုက်တော့တယ်၊ မိုးကလည်း တဖြည်းဖြည်းမှောင်လာပြီးဆိုတော့ ကျုပ်လည်း မြေကြီးတွေယူဖို့ စီစဉ်ရတာပေါ့ဗျာ၊ ဒီအချိန်ကြီးမှာ လက်ဖက်ရှာဖို့က ဘယ်လွယ်မလဲဗျ၊ ဒါနဲ့ အိမ်မှာ အမေနှပ်ထားတဲ့ လက်ဖက်အိုးထဲက လက်ဖက်ကို ခိုးရတော့တာပေါ့ဗျာ၊ နောက်ပြီးတော့ ဖက်ရွက်ရှာရတယ်၊ အရွက်ဝိုင်းဝိုင်းကြီးကြီးဆိုရင် ဖက်ရွက်ရပြီပေါ့ဗျာ၊ ကွမ်းယာကတော့ ပူစရာမလိုဘူးဗျ၊ ဦးဘသာရှိတာကိုး။ အားလုံးရတော့ ကျုပ်လည်း တောင်းတစ်လုံးနဲ့ ခုနက ပြောထားတဲ့ နေရာကိုးနေရာက မြေတွေကို လိုက်တူးရပါရောဗျာ။

မြေအားလုံးက လွယ်လွယ်ကူကူရနိုင်တဲ့နေရာကဆိုတော့ သိပ်မခက်ပါဘူးဗျာ၊ မြေတွေအားလုံးရတော့ ညသန်းခေါင်ရောက်တော့မယ်၊ ကျုပ်က ဦးသာအိမ်ကိုပြန်လာပြီးတော့ မြေတွေကြားထဲ ထုံးဖြူးပြီးတော့ ရေနည်းနည်းထည့်ပြီး နှဲတော့တာပေါ့ဗျာ၊ ထုံးပါလို့လားမသိဘူး မြေတွေက စေးစေးကလေးဖြစ်နေတယ်ဗျ၊ ကျုပ်လည်း အဲဒီမြေနဲ့နွားရုပ်ပုံဖော်တာပေါ့ဗျာ။ ဦးဘသာက ကျုပ်လုပ်ထားတဲ့ နွားရုပ်ကိုကြည့်ရင်း

“ဟာ၊ အလတ်ကောင်၊ မင့်ဟာက နွားနဲ့မတူဘူးကွ၊ ခွေးကိုချိုတပ်ပေးထားတာနဲ့တူတယ်”

ဦးဘသာက ပြောပြီးရယ်ပါရောဗျာ၊ နောက်တော့ နွားရုပ်ကိုပြန်ဖျက်ပြီးတော့ သူကသေချာလုပ်တယ်ဗျ၊ ဦးဘသာလက်ရာကိုတော့ ကျုပ်လက်ဖျားခါပါတယ်ဗျာ၊ နွားနဲ့ တော်တော်ကိုတူတာဗျ၊ ကျုပ်လုပ်ထားတဲ့လက်ရာနဲ့တော့ တခြားစီပါပဲဗျာ။ နွားရုပ်လုပ်ပြီးတော့ ဦးဘသာက နွားလေးကို လင်ပန်းတစ်ခုထဲကိုထည့်ပြီး ဆီမီးခွက်တစ်ခုနဲ့အတူ အိမ်ကထွက်သွားတာနဲ့ ကျုပ်လည်း လိုက်ခဲ့ပါရောဗျာ။

ဦးဘသာက ရွာလယ်လမ်းလေးခွဆုံကိုသွားတာဗျ၊ အဲဒီနေရာမှာ ကျုပ်ခုနက တူးခဲ့တဲ့တွင်းကလေးတောင်ရှိနေသေးတယ်၊ ဦးဘသာက လမ်းလေးခွဆုံအလယ်တည့်တည့်မှာ ဒူးထောက်ထိုင်ချလိုက်ပြီးတော့ လင်ပန်းထဲက ဆီမီးခွက်ကို မီးညှိလိုက်ပြီး လင်ပန်းကို အရှေ့ချပြီး နွားရုပ်ကလေးကို ကိုင်လိုက်တယ်ဗျ၊

“ငါသည် မည်သူ့ကိုမှ ဒုက္ခမပေးပါ၊ ဒုက္ခရောက်နေသူတို့အား ကူညီကယ်မစောင့်ရှောက်ပါမည်၊ ဤမြေနှင့် ဆေးနွားအရုပ်ကို စီရင်ပါအံ့၊ ဤဆေးနွားကို ကဝါလမိုင်းနတ်အား အပ်ပါသည်။ ရှစ်ရပ်နယ်မြေကိုလည်းကောင်း၊ အရပ်ရပ်လယ်ယာကိုလည်းကောင်း ကဝါလမိုင်းသွားရာတွင် ဤနွားကိုစီးပါ၊ ဤနွားကို ကဝါလမိုင်းမင်း ယူတော်မူပါ၊ စီးတော်မူပါ၊ သုံးတော်မူပါ၊ ရန်ဟူသမျှကို နှိမ်နင်းတော်မူပါ၊ လူတို့အား ဒုက္ခပေးသော တောရွာ၊ အစိမ်း၊ သရဲ၊ သဘက်၊ စုန်းရဲ၊ နတ်မိုက်၊ ကဝေ၊ တစ္ဆေ၊ မြေဖုတ်ဘီလူးမှစ၍ ရန်ဟူသမျှကို ဤဆေးနွားသည် အောင်နိုင်ပါစေသတည်း”

အဲဒီလိုပြောပြီးတော့ ဆေးနွားရုပ်ကို လက်နဲ့အသာကလေး သုံးကြိမ်လောက် ပင့်မပြီးတော့

“ကျွနု်ပ်သည် ဤဆေးနွားဖြင့် အခြားမည်သူတစ်ဦးတစ်ယောက်ကိုမှ ဒုက္ခမပေးပါ၊ မနှိပ်စက်ပါ၊ ဤစကားသည်မှန်သောသစ္စာစကားဖြစ်ပါ၏၊ ဤသစ္စာမှန်လျှင် ဆေးနွားသည် ရန်အပေါင်းအား အောင်မြင်ပါစေသတည်း၊ ဤသစ္စာဖောက်ပြားမိပါက မိမိခန္ဓာပျက်ပါစေသတည်း၊ သေပါစေသတည်း၊ ကျိုးပါစေတသည်း၊ ပဲ့ပါစေသတည်း”

ဦးဘသာက သစ္စာဆိုပြီးတော့ ကျိန်တယ်ဗျာ၊ ပြီးတော့မှ ကျုပ်ဘက်ကိုလှည့်ပြီးတော့

“အလတ်ကောင်ရေ၊ အဲဒီဆေးနွားကို ယူလာခဲ့၊ ပြီးရင် ငါ့ခြံထဲက ခေါင်းရင်းမှာ ချထားလိုက်ကွာ၊ ဆေးနွားက နည်းနည်းပျော့သေးတယ်ကွ၊ မနက်ဖြန်တစ်ရက်တော့ မာအောင်ထားလိုက်အုံးမယ်”

“ဟုတ်ကဲ့ဦးဘသာ”

ကျုပ်လည်း ဆေးနွားထည့်ထားတဲ့ လင်ပန်းကိုဦးဘသာ အိမ်ခေါင်းရင်းမှာ သွားချထားလိုက်တယ်၊ ဆီမီးခွက်ကလေးကတော့ လင်းနေဆဲပေါ့ဗျာ၊ ဦးဘသာက ကျုပ်ကိုကြည့်ရင်း

“ကဲ အလတ်ကောင်၊ မနက်ဖြန်ကျရင် မင်းရှုံးခဲ့တဲ့ သိန်းဇံကိုသွားပြီး စိန်ခေါ်စမ်းကွာ၊ ဦးဘသာက အဲဒီနွားနက်ကို အနိုင်ယူနိုင်ပြီလို့ စိန်ခေါ်လိုက်စမ်း”

“ဟား၊ ဟား ကောင်းတာပေါ့ဗျာ၊ တွေ့ပြီ ဦးသိန်းဇံ၊ ကျုပ်ရဲ့ရှုံးကြွေးကို ခင်ဗျားကိုပြန်ဆယ်မယ်ဗျ”

ကျုပ်လည်း ကြွေးကြော်ပြီးတော့ ဦးဘသာအိမ်ပေါ်ကဆင်းခဲ့တာပေါ့ဗျာ၊ ဦးဘသာ ခြံထဲကနေထွက်ခါနီး ခေါင်းရင်းနားက နွားအော်သံကြားရတာနဲ့ ကျုပ်လည်း ဖြတ်ခနဲလှည့်ကြည့်လိုက်မိတယ်၊ ဟာဗျာ၊ ဦးဘသာအိမ်ခေါင်းရင်းမှာ နွားဖြူကြီးတစ်ကောင်ဗျ၊ ချိုကားကားကြီးနဲ့ ဘို့ကြီးကလည်းထောင်လို့ဗျို့၊ ခြေတွေလက်တွေဆိုရင်လည်း တုတ်တုတ်ခိုင်ခိုင်ကြီးဗျာ၊ ကျုပ်ဖြင့် အံ့သြလို့မဆုံးဘူး၊ ကျုပ်ကြည့်နေတုန်း နွားကြီးက ဗြုန်းဆို ပျောက်သွားတော့တာပါပဲ၊ ကျုပ်ကိုခဏပြတာ ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ၊ ညည့်လည်းနက်ပြီဆိုတော့ ကျုပ်လည်း အိမ်ကိုပြန်ပြေးခဲ့တော့တယ်။

(၆)

နောက်နေ့မနက်ကျတော့ နည်းနည်းနောက်ကျမှ နိုးသဗျ၊ အကိုကြီးတောင် မြက်ရိတ်ထွက်သွားပြီလေ၊ ဒါနဲ့ ကျုပ်လည်း ဦးသိန်းဇံကိုလိုက်ရှာဖို့ ရွာပြင်ထွက်ခဲ့တာပေါ့ဗျာ၊ ဟော၊ တွေ့ပါပြီဗျာ၊ ဦးသိန်းဇံက ရွာပြင်မရောက်သေးဘူးဗျ၊ ရွာထိပ်က ဦးတရုတ်ကြီးတို့ အရက်ဆိုင်မှာ တစ်ခွက်တစ်ဖလား ဝင်ကစ်နေသဗျာ။ ကျုပ်လည်း ပြုံးဖြီးဖြီးနဲ့ ဦးသိန်းဇံ စားပွဲဝိုင်းမှာ သွားထိုင်လိုက်တယ်။

“ဟ အလတ်ကောင်က ဒီနေ့တော့ ပြုံးဖြီးနေပါလားကွ၊ မင်းကိုငါ သိပ်ကျေးဇူးတင်တယ်၊ မနေ့က ငါ့နွားတွေအစာဝရုံမက ပိုတောင်ပိုသေးတယ်ဟေ့၊ ဟား၊ ဟား”

ကျုပ်ကိုတမင်ခနဲ့တာဗျ၊ ကျုပ်ကလည်း နိုင်ကွက်သိနေပြီဆိုတော့ ပြုံးဖြဲဖြဲနဲ့ပေါ့ဗျာ။

“ဟား၊ ဟား ကျုပ်လည်း ခင်ဗျားနဲ့မကျေပွဲ နွှဲဖို့လာခဲ့တာပဲဗျ၊ ဒီနေ့ ဦးဘသာက အဲဒီနွားနက်ကြီးနဲ့ စိန်ခေါ်ပြီး ပြိုင်မတဲ့ဗျာ၊ အဲဒါ ဒီတစ်ခါတော့ ဦးဘသာနိုင်ပြီဗျို့”

“ဟ၊ ဘသာက မနေ့ကသူ့နွားထိလို့ ရွာထဲပြန်ပြေးရတယ်လေကွာ၊ ဒီနေ့လာပါ့မလားကွ”

“ခင်ဗျားမယုံရင်လောင်းမလား”

ဦးသိန်းဇံက ပြုံးရင်း

“ဟား၊ ဟား လောင်းတာစားတာကတော့ သိန်းဇံအကြိုက်ပဲဟေ့၊ လောင်းမယ်ဟေ့၊ လောင်းမယ်ကွ၊ တကယ်လို့ မင်းပြောသလို ဘသာက နွားနက်ကိုနိုင်ခဲ့တယ်ဆိုရင်တော့ မြက်တစ်ထမ်းမဟုတ်ဘူးဟေ့ နှစ်ထမ်း ထမ်းပြီး ပို့ပေးလိုက်မယ်ကွ”

“ခင်ဗျားကတိနော် ဦးသိန်းဇံ”

ဦးသိန်းဇံက ခေါင်းညိတ်တယ်ဗျ၊ ဒီတော့ ဘေးနားထိုင်နေတဲ့ ကိုမောင်ပုက

“အလတ်ကောင်၊ ဟုတ်မှလည်းလုပ်စမ်းပါကွာ၊ မင်းမနေ့က နွားကျောင်းသားလေးဆီက မြက်တစ်ထမ်းဝယ်လိုက်တယ်ဆိုကွ၊ ဒီနေ့တော့ မြက်နှစ်ထမ်း ဝယ်နေရအုံးမယ်”

“အောင်မယ်၊ ကိုမောင်ပုကလည်း မယုံတာလားဗျ၊ ခင်ဗျားရော လောင်းမလား”

“အေး၊ လောင်းတယ်ကွာ၊ လောင်းတယ်၊ ဦးဘသာရှုံးလို့ကတော့ မင်းငါ့ကို မြက်နှစ်ထမ်းပေးရမယ်နော်”

ဦးသိန်းဇံက ကျုပ်ကိုပြီတီတီနဲ့ကြည့်ရင်း

“ဟုတ်မှလည်းလုပ်နော် အလတ်ကောင်၊ ဘသာရှုံးရင် မင်း မြက်လေးထမ်းဖြစ်နေပြီကွ၊ မြက်လေးထမ်းဆိုတာ တစ်နေကုန်ရိတ်တောင် ရချင်မှရမှာကွနော်”

“ဟား၊ ဟား ရတယ်ဗျာ၊ ဦးဘသာရှုံးလို့ကတော့ ကျုပ်ခင်ဗျားတို့အတွက် တောတန်းထဲဝင်ပြီး နေ့လုံးပေါက်၊ ညလုံးပေါက်ကို မြက်ရိတ်ပေးလိုက်အုံးမှာ”

ဒီအချိန် ရွာထဲက နွားမွေးတဲ့သူတစ်ချို့ထွက်လာကြတယ်ဗျ၊ ကျုပ်နဲ့ဦးသိန်းဇံနဲ့ပြောဆိုနေတာတွေကို ကြားသွားကြတယ်ပေါ့ဗျာ၊ ဒါနဲ့ သူတို့ကလည်း မယုံဘူးဗျ၊ လောင်းကြေးစားကြေးလုပ်ကြတယ်။ နွားပိုင်ရှင်ဆယ်ယောက်လောက်နဲ့ ကျုပ်နဲ့ လောင်းကြတာပေါ့ဗျာ။ အားလုံးကလည်း စိတ်ဝင်စားကြတာပေါ့ဗျ၊ ဒီသတင်းက နေ့ခင်းမကူးခင်မှာပဲ ရွာထဲပြန့်သွားတော့တယ်၊ ရွာသားတွေကလည်း ပွဲဆိုလို့ကတော့ အားပေးပြီးသားမဟုတ်လားဗျာ။

ညနေသုံးနာရီလောက်ကျတော့ ဦးဘသာက ဆေးနွားဖြူကိုကိုင်ပြီး ထွက်လာခဲ့တယ်၊ ဦးဘသာထွက်လာပြီဆိုတာနဲ့ အနောက်ကနေ ရွာသားတွေအားလုံးလိုက်လာကြတာပေါ့ဗျာ၊ ရွာကို အနောက်ဖက်ကနေထွက်ပြီးတော့ ချောင်းရိုးကလေးကိုဖြတ်ကူးလိုက်တယ်၊ အဲဒီဟိုဘက်မှာတော့ ဖုန်းဆိုးမြေကြီးရှိတယ်မဟုတ်လားဗျာ၊ ရွာသားတွေကတော့ မြေသားတာရိုးကြီးပေါ်ကနေ ဝိုင်းကြည့်နေတာ ရွာလုံးကျွတ်နီးပါးပါပဲဗျာ။

ဦးဘသာက ဖုန်းဆိုးမြေပေါ်ရောက်တော့ လက်ထဲက နွားရုပ်ကိုမြေကြီးပေါ်ကိုချလိုက်တယ်ဗျ၊ ပြီးတာနဲ့ တစ်ခုခုမန်းမှုတ်ပြီးတော့ ခေါ်နေပါရောဗျာ၊ မကြာပါဘူး ကွင်းတစ်ဖက်ကနေ နွားတွန်သံအကျယ်ကြီးကို ကြားလိုက်ရတယ်။

“ဟာ၊ နွားနက်ကြီးလာပြီဟေ့”

ရွာသားတွေ ဝိုင်းအော်ကြတယ်ဗျ၊ ဖုန်လုံးကြီးတွေ တလိမ့်လိမ့်နဲ့ နွားနက်ကြီးက ပြေးလာပါရောဗျာ၊ နောက်တော့ ကွင်းအလယ်လောက်ရောက်တော့ နွားနက်ကြီးက ရပ်တန့်သွားတယ်ဗျ၊ ဖုန်လုံးတွေကြားထဲမှာပဲ နွားဖြူကြီးတစ်ကောင်က နွားနက်ကြီးနဲ့ မျက်နှာချင်းဆိုင် ထွက်ပေါ်လာပါရောဗျာ။

“ဟာ၊ နွားဖြူကြီးဟေ့”

“အဲဒါ ခုနက ဦးဘသာကိုင်ထားတဲ့ နွားဖြူရုပ်များလား”

တစ်ယောက်တစ်ပေါက်နဲ့ ထင်ကြေးတွေပေးကုန်ကြတာပေါ့ဗျာ၊ နွားကြီးနှစ်ကောင်က ကွင်းအလယ်မှာ တွေ့ပြီလေဗျာ၊ တစ်ကောင်နဲ့တစ်ကောင် ချက်ချင်းမဝှေ့ကြသေးဘဲနဲ့ ပတ်ပြီးကြည့်နေကြသေးတယ်ဗျ၊ နောက်တော့ နွားနက်ကြီးက အနောက်ကိုခြေသုံးလေးလှမ်းလောက်ဆုတ်ပြီးတော့ ခွာတွေကိုယက်ပါရောဗျာ၊ နွားဖြူကြီးကလည်း ချိုနှစ်ဖက်ကို မြေမှာတန်းနေအောင်ခင်းပြီးတော့ ခွာတွေယက်ပါရောဗျာ၊ ပြီးတာနဲ့ နွားကြီးနှစ်ကောင်က လေးကနေပစ်လွှတ်လိုက်တဲ့ မြှားတံတွေလို အရှိန်ပြင်းပြင်းနဲ့ ပြေးဝှေ့ကြပါရောဗျာ။

“ဟာ၊ ဝှေ့ပြီဟေ့”

“နှက်ထားကွ”

ရွာသားတွေက အားပေးကြတယ်၊ နွားကြီးနှစ်ကောင် ချိုချင်းထိမိပြီး ဝှေ့တဲ့အသံကြီးက အကျယ်ကြီးကြားရတယ်ဗျာ၊ နွားနှစ်ကောင်လည်း ဖုန်ုးဆိုးမြေကွင်းကြီးထဲမှာ အကြိတ်အနယ် ဝှေ့ကြတာပေါ့ဗျာ။ ဆယ်မိနစ်လောက် ဝှေ့ပြီးကြတော့ တစ်ချီမှာ နွားကြီးနှစ်ကောင်ဝှေ့လိုက်ရင်း နွားနက်ကြီးရဲ့ ဦးချိုတစ်ဖက်က ထောင်းခနဲအသံမြည်ပြီးတော့ ကျိုးထွက်သွားတယ်ဗျာ၊ နွားနက်ကြီးလည်း လှည့်ပြေးတော့တာပေါ့၊ နွားဖြူကြီးက အတင်းလိုက်ပြီးတော့ နွားနက်ကြိးကို ဝှေ့တော့တယ်ဗျ၊ နွားနက်ကြီးရဲ့ နံကြားကို ချိုနဲ့တစောင်းထိုးထည့်လိုက်တာနဲ့ နွားနက်ကြီးက သဲမှုန်တွေအဖြစ် တဖွားဖွားဖြစ်ပြီးတော့ ပျောက်ကွယ်သွားပါရောဗျာ။

“ဟေး၊ နိုင်ပြီကွ၊ နိုင်ပြီ”

ကျုပ်လည်း အပျော်လွန်ပြီးတော့ လက်သီးလက်မောင်းတန်းပြီး ထအော်လိုက်တော့တယ်၊ ကျုပ်အော်ပြီးတော့ မကြာပါဘူး တစ်ရွာလုံးက လူတွေကလည်း ဟေးခနဲ ဝါးခနဲ ထအော်ကြပါရောဗျာ၊ မကောင်းမှုကို ကောင်းမှုက အနိုင်ရတယ်ဆိုတာ ဘယ်လောက်ပျော်စရာကောင်းသလဲဗျာ၊ ဦးဘသာဆီကိုဆင်းကြည့်တော့ ဦးဘသာအရှေ့က လင်ပန်းထဲမှာ နွားနှစ်ကောင်ဖြစ်နေပါရောဗျာ၊ နွားရုပ်အဖြူရယ်၊ နောက်ပြီးတော့ တစ်ကိုယ်လုံးမည်းနက်နေတဲ့ နွားနက်ကြီးရယ်ပေါ့ဗျာ၊ ထူးဆန်းတာက နွားနက်ရဲ့ချိုတစ်ချောင်းက ကျိုးနေတာပဲဗျ။

“ဦးဘသာ ဒီလိုဖြစ်အောင်ဘယ်သူလုပ်တာလဲ၊ ဒီလူကိုရှာပြီး နွားဖြူနဲ့ဝှေ့ခိုင်းဗျာ”

ဦးဘသာက ခေါင်းခါတယ်။

“ငါသစ္စာဆိုထားတာကို မင်းမေ့သွားပြီလားကွ၊ ငါက ဒီနွားဖြူနဲ့ အန္တာရယ်တွေကို ရှင်းရုံပဲလေကွာ၊ တကယ်လို့ လုပ်တဲ့လူကို နွားဖြူနဲ့ဝှေ့ခိုင်းရင် သူ့ကိုဒုက္ခပေးသလို ဖြစ်သွားမှာပေါ့ကွ၊ ဒီလိုဆိုရင် ငါ့သစ္စာလည်း ပျက်ပြီပေါ့ကွာ”

“ဟာဗျာ၊ ကျုပ်ကတော့ မကျေနပ်ဘူး၊ ဒီနွားနက် ကျုပ်တို့ရွာကိုရောက်လာတာ တော်ရုံတန်ရုံမဟုတ်ဘူးဗျ၊ တစ်ခုခုတော့ တစ်ခုခုပဲ”

“အေးကွာ၊ နောက်တော့ ငါတို့ဒီကိစ္စကို အဖြေဖော်ပြီး ဆက်ရှင်းကြတာပေါ့၊ ကဲ ကဲ အခုတော့ ဒီနွားနှစ်ကောင်ကို ရှင်းရအုံးမယ်ဟေ့”

ဦးဘသာက နွားတွေကိုပြန်ယူလာတယ်ဗျ၊ ပြီးတော့ ရေနဲ့လောင်းပြီး ပေါက်တူးရိုးနဲ့ထုချေပြီး ဖျက်ပစ်လိုက်တာပါပဲဗျာ၊

“ဟာ၊ ဘာတွေလဲ”

ကျုပ်ဖြင့်အိမ်ရှေ့ရောက်တော့ လန့်သွားမိတယ်ဗျာ၊ ကျုပ်တို့ခြံထဲမှာ မြက်ပုံကြီးက ဟီးထနေပါရောဗျာ၊ ကျုပ်နဲ့အလောင်းအစားလုပ်ထားတဲ့လူတွေက ကျုပ်နိုင်သွားပြီဆိုတော့ သူတို့ရိတ်ထားတဲ့ မြက်ထမ်းတွေလာပြီး ပုံပေးကြတာဗျ၊ တစ်ယောက်ကိုနှစ်ထမ်းနှုန်းနဲ့ဆိုတော့ မြက်ပုံကြီးက မနည်းဘူးပေါ့ဗျာ။

အမေနဲ့ အကိုကြီးလည်း ကျုပ်နိုင်ထားတဲ့ မြက်ပုံကြီးကိုကြည့်ပြီး အံ့အားသင့်နေကြတယ်၊ ကျုပ်ကတော့ လက်မထောင်လို့ပေါ့ဗျာ။

“အကိုကြီး တွေ့လားဗျ၊ ဒီတစ်ခါတော့ ကျုပ်နိုင်ခဲ့ပြီဗျာ”

အကိုကြီးက ခေါင်းခါရင်း

“မင်းတော်တော်တုံးတဲ့ကောင်ပဲကွာ၊ နွားနက်ကြီးမရှိတော့ဘူးဆိုရင် ရွာသားတွေအကုန်လုံးက နွားတွေကိုလွှတ်ကျောင်းတော့မှာလေကွာ၊ မင်းရဲ့မြက်ထုံးတွေက အရင်ကတန်ဖိုးရှိပေမယ့် အခုအချိန်တော့ အပိုပဲပေါ့ကွ”

“ဟုတ်ပါ့၊ အလတ်ကောင်ရာ၊ ပိုက်ဆံကြေးဆိုရင်တောင် စားရအုံးမယ်၊ အခုတော့ အဲဒီမြက်တွေကို နင်ပဲကုန်အောင်စားတော့”

အမေကလည်း ဝိုင်းပြောတယ်ဗျ၊ သူတို့ပြောတာလည်း ဟုတ်နေတာပဲဗျာ၊ ကျုပ်လည်း ဘာမှမလုပ်နိုင်တော့ဘဲ ခေါင်းကုပ်ရင်းကျန်နေခဲ့တော့တာပေါ့ဗျာ။

“ဟေ့ အလတ်ကောင်”

ခေါ်သံကြားလို့ကြည့်လိုက်တော့ ဦးဘသာဗျ၊ လက်ထဲမှာလည်း နွားနီတစ်ကောင်ဆွဲထားလို့ဗျ၊ ကျုပ်လည်း ခြံရှေ့ကိုထွက်ကြည့်လိုက်တယ်။

“မင်းရဲ့နွားပြန်ယူသွားလေကွာ”

“ဗျာ၊ ဒါကျုပ်နွားမဟုတ်ပါဘူးဗျ”

ဦးဘသာက မျက်လုံးတစ်ဖက်မှိတ်ပြတယ်ဗျ။

“ဒါ၊ ဒါဆို ဒီနွားက ဗွေဆင့်နွားလား”

“ဒါပေါ့ကွ၊ မင်းအမေမသိအောင် ငါအရောင်နည်းနည်းပြောင်းထားပေးလိုက်တယ်၊ ဆူးခေါက်ကို ထုထောင်းပြီး ရေနဲ့ကျိုပြီး လိမ်းပေးလိုက်တော့ အနီကျင်ကျင်ဖြစ်သွားတာပေ့ါကွာ၊ မင်းလည်းအဆင်ပြေသွားတာပေါ့”

“ကျေးဇူးပါဦးဘသာ”

ကျုပ်လည်း နွားကိုဆွဲပြီး ခြံထဲဝင်လိုက်တယ်၊ အမေက နွားကိုတွေ့တော့ ပျော်သွားတယ်။

“အမေရေ၊ အမေမကြိုက်တဲ့နွားနဲ့ ဒီနွားကိုလဲခဲ့သဗျ”

အမေက နွားကိုပွတ်သပ်ကြည့်ရင်း

“အေးဟယ်၊ ဒါတော့ ငါ့သားတော်သွားပြီ၊ မယားသေတတ်တဲ့နွားကို ယူတဲ့လူကိုလည်း အံ့သြပါ့၊ တော်တော်တုံးအတဲ့လူပဲဖြစ်ရမယ်၊ ဒီနွားကတော့ လှလိုက်တာသားရယ်၊ သွားသွား တင်းကုပ်ထဲထည့်ထား”

ဦးဘသာ ကူညီတော့မှ ကျုပ်လည်းသက်ပြင်းချလိုက်နိုင်တော့တယ်ဗျာ။ နောက်နေ့ မနက်ခင်းရောက်တော့ ကျုပ်မျက်နှာသစ်ဖို့ ဆင်းလာပါရောဗျာ၊ အငယ်ကောင်နဲ့အမေက နွားနီကြီးကို အိမ်ရှေ့ခေါ်ထုတ်လာတယ်ဗျ၊ အမေ့ရဲ့လက်ထဲမှာ ခွက်တစ်ခုရယ်၊ သပြေပန်းခက်တွေရယ် ကိုင်ထားတယ်၊ နွားရဲ့ဦးချိုမှာ သပြေပန်းတွေကို နှီးနဲ့စည်းနှောင်နေကြတယ်။

“အမေ၊ ဘာလုပ်တာလဲဗျ”

“ဘာလုပ်ရမှာလဲ နွားအသစ်ဝင်ရင် နတ်ပြရတယ်၊ အမွှေးနံ့သာ တရော်ကင်ပွန်းနဲ့ မင်္ဂလာပြုရတယ်ဟဲ့”

အမေက ပြောပြောဆိုဆိုနဲ့ သူ့လက်ထဲက တရော်ကင်ပွန်းခွက်ကို နွားခေါင်းနဲ့လည်ပင်းကို လောင်းချလိုက်တော့တယ်၊ တရော်ကင်ပွန်းအရည်တွေက စီးကျလာရင်း တဖြည်းဖြည်းအနီရောင်ပေါက်လာတယ်ဗျ။ အမေက ဒါတောင်မကျေနပ်သေးလို့ နွားလည်ပင်းကိုလက်နဲ့ပွတ်သပ်နေသေးတယ်ဗျာ၊ ပွတ်သပ်ရင်းနဲ့ အမေ့လက်က နီရဲနေပါရော၊

“ဟဲ့၊ ဘာတွေတုန်းဟ”

ကျုပ်လည်း ပုဆိုးကိုခိုင်ခိုင်ပြင်ဝတ်လိုက်တော့တယ်။

အမေက လက်ကအနီတွေကို အထူးအဆန်းနဲ့ကြည့်နေတယ်၊ နွားလည်ပင်းက ဆေးနီတွေကွာကျပြီးတော့ နွားရဲ့နဂိုအရောင်ပြန်ဖြစ်လာတယ်ဗျ၊ အမေက အဲဒီနွားကိုသေချာကြည့်ရင်း တဆတ်ဆတ်တုန်လာတယ်။

“အလတ်ကောင် . . . နင် . . . နင်”

အမေက အသံပြဲကြီးနဲ့ ခုနစ်သံချီအော်လိုက်တယ်ဆိုရင်ပဲ ကျုပ်က ခြံတံခါးဝနားကို ရောက်နေပြီဗျ၊ အမေ့လက်ကလည်း မြန်လိုက်တာဗျာ၊ ခြေထောက်မှာ စီးထားတဲ့ ခုံဖိုနပ်ရဲ့ဖင်ကို အားနဲ့ဆောင့်နင်းလိုက်တာ ခုံဖိနပ်က ပျံတက်လာပါရောဗျာ၊ အဲဒီခုံဖိနပ်ကို လက်နဲ့လေပေါ်မှာတင်ဖမ်းယူလိုက်ပြီးတော့ ကျုပ်ဆီကိုပစ်လွှတ်လိုက်ပါရောဗျာ၊ ကျုပ်လည်း မျောက်ခုန်ခုန်ရင်း ခြံရှေ့ကနေ ထွက်ပြေးခဲ့တော့တယ်၊ ကံကောင်းလို့ ခုံဖိနပ်နဲ့မထိတာဗျို့။

ပြီးပါပြီ။
အဂ္ဂဇော်