ပင်လယ်အော်သံ

ခဲ့လေသည်။

ဘိုးသက်ရှည်တို့အိမ်က ရွာအတွင်းမှာဆိုသော်လည်း အောင်ကြီးက ရွာပြင်ကိုဦးတည်ကာ လျှောက်လှမ်းသွားနေသဖြင့် ကိုသက်ကိုက အံ့အားသင့်နေလေသည်။

“ဟေ့ကောင် အောင်ကြီး၊ မင်းပြောတော့ ဘိုးသက်ရှည်အိမ်ကိုသွားမှာဆိုကွ၊ အိမ်အမိုးလန်သွားလို့ သွားကူပေးရမယ်ဆို”

“မင်းကွာ၊ ငါက မင်းမိန်းမရှေ့မို့ တမင်ပြောလိုက်တာကွ”

“ဒါဖြင့်အခုဘယ်ကိုသွားနေတာလဲ”

“ငါတို့ရဲ့ဂွင်ရှိတယ်လေကွာ မင်းမေ့နေပြီလား”

“မမေ့ပါဘူးကွာ၊ ငါလည်းအဲဒါကြောင့် ပင်လယ်ဘက်သွားချင်တာကွ၊ ဒါပေမယ့် မခင်ကတားနေတယ်မဟုတ်လား”

“ငါသိပါတယ်ကွာ၊ အဲဒါကြောင့်လည်း မင်းကိုတစ်ဖက်လှည့်နဲ့ မင်းအိမ်ကနေလာခေါ်ထုတ်တာပေါ့ကွ၊ သက်ကိုရ ဟား၊ ဟား”

“မင်းတော်တော် ကောက်ကျစ်တဲ့ကောင်ပဲ အောင်ကြီးရာ”

“ဟား၊ ဟား အဲဒါကိုကောက်ကျစ်တယ်မခေါ်ဘူးကွ၊ ဉာဏ်ပါးတယ်လို့ခေါ်တယ်”

“အေးပါ၊ ဉာဏ်ကြီးရှင်ကြီးရယ်၊ ဒါနဲ့ မိုးတွေလေတွေက ကြမ်းနေတုန်းနော်ကွ၊ ဒီအချိန်သွားလို့အဆင်ပြေပါ့မလား”

“ပြေပါတယ်ကွာ၊ မိုးတွေလေတွေငြိမ်သွားရင် ကမ်းစပ်ကိုတစ်ရွာလုံးဆင်းလာကြလိမ့်မယ်ကွ၊ ဒီအနေဆိုရင် အတော်ပါပဲ၊ ဒါနဲ့ ငါအရက်သောက်ချင်သကွာ၊ မင်းကိုငါ အုန်းတောအစပ်မှာစောင့်နေမယ်၊ မင်းငါ့ရဲ့ဉာဏ်ရည်ကိုလေးစားတယ်ဆိုရင် ငါ့ကိုအရက်ဝယ်တိုက်”

“အေးပါကွာ၊ မိုးအေးအေးနဲ့ဆိုတော့ အနွေးဓါတ်လေးလိုတယ်မဟုတ်လား၊ ဒါနဲ့ တစ်လုံးပဲရမယ်နော်၊ ခုရက်ပိုင်းငါလှေမထွက်နိုင်လို့ ဘိုင်ပြတ်နေတာမင်းသိတယ်မဟုတ်လား”

“ရပါတယ်ကွာ၊ တစ်ယောက်တစ်ပိုင်းသောက်ကြတာပေါ့”

သို့နှင့် အောင်ကြီးနှင့် ကိုသက်ကိုတို့လမ်းခွဲခဲ့ကြသည်။ ကိုသက်ကိုမှာ ရွာအတွင်းသို့ပြေးလာခဲ့သည်။ မုန်တိုင်းဒဏ်ခံနေကျ ကမ်းခြေရွာကလေးဖြစ်သည်မို့ အိမ်များမှာအနည်းငယ်ခန့်သာ ပျက်စီးလေသည်။ ဘိုးသက်ရှည်အိမ်အရှေ့ဖြတ်သည့်အခါ အောင်ကြီးပြောသည့်အတိုင်း အိမ်မှာအမိုးလန်နေလျှက်ရှိသည်။ ရွာထဲမှရွာသားတစ်ချို့မှာ မိုးထဲလေထဲပင် အိမ်ကိုပြင်ဆင်ပေးနေကြသည်။

ကိုသက်ကိုက ထိုအိမ်ကိုဖြတ်သန်းကာ ပြေးလွှားလာရင်း ရွာလယ်အရက်ဆိုင်သို့ရောက်လာခဲ့သည်။ အရက်ဆိုင်မှာ တံခါးပိတ်ထားလျှက်ရှိရာ ကိုသက်ကိုက ဆိုင်တံခါးသံဖြူပြားကို တဝုန်းဝုန်းနှင့်ထုလေသည်။

“ဗျို့ ကိုချစ်ကြီး၊ ဆိုင်မဖွင့်ဘူးလားဗျ”

တံခါးမှာပွင့်သွားကာ

“ဘယ်သူများလဲလို့ သက်ကိုပါလား၊ စောစောစီးစီးကွာ”

“မစောတော့ဘူးဗျ၊ ရှစ်နာရီထိုးတော့မယ်၊ ဒါနဲ့ ဆိုင်ပိတ်တာလား”

“ပိတ်တယ်တော့မဟုတ်ပါဘူးကွာ၊ အိမ်ထဲလေဝင်မှာစိုးလို့ တံခါးပိတ်ထားတာပါ”

“ဒါဆိုရင်လည်း အရက်တစ်လုံးပေးဗျာ၊ အဲ ဒါပေမယ့် ထုံးစံအတိုင်း မှတ်ထားနော်ဗျ၊ ကျုပ်လှေမထွက်တာကြာတော့ ဘိုင်ပြတ်နေပြီ”

“ရပါတယ်ကွာ”

ကိုချစ်ကြီးက ချက်အရက်တစ်လုံးလှမ်းပေးလိုက်လေရာ ကိုသက်ကိုက အရက်ပုလင်းကိုကိုင်စွဲကာ ရွာအပြင်သို့ပြေးထွက်လာခဲ့သည်။ ပြေးရင်း လမ်းမှလည်း တတွတ်တွတ်ရွတ်နေမိသည်။

“ပင်လယ်စောင့်နတ်၊ သမ္မာဒေဝနတ်ကောင်းနတ်မြတ်များခင်ဗျား၊ ဒီနှစ်တော့ မြိုးမြိုးမြတ်မြတ်လေး မစတော်မူပါ၊ အိမ်က မိန်းမ မခင်ကို နားကပ်လေးတစ်ရံဝယ်ပေးနိုင်ဖို့အတွက် ကြည့်ရှုတော်မူပါ”

ကိုသက်ကိုမှာ မိုးရေအတွင်းပြေးလွှားရင်း ယမန်နှစ်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များဆီသို့ ပြန်လည်တွေးတောနေမိသည်။

(၂)

အချိန်ကာလအားဖြင့် ၂၀၁၀ခုနှစ်ခန့်၊ ထိုနှစ်ကလည်း မုန်တိုင်းဝင်ပြန်သည်။ မုန်တိုင်းဝင်သည်ဆိုသော်လည်း မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်သည်မဟုတ်ဘဲ အဖျားခတ်ရုံသာဖြစ်သည်။ သို့သော် ကိုသက်ကိုတို့နေထိုင်သည့် ပင်လယ်ကမ်းခြေရွာကလေးတွင် လှိုင်းကြီးလေထန်လေ့ရှိလေသည်။ မုန်တိုင်းတစ်ခုဝင်ချိန်တွင် အနည်းဆုံးသုံးလေးရက်ခန့်ကြာတတ်ပေရာ ကိုသက်ကိုနှင့်အောင်ကြီးတို့လို တံငါများအဖို့ အလုပ်နားရက် အော်တိုရလေသည်။ ခြစ်ကုပ်စုဆောင်းတတ်သည့် မခင်ရှိသည်မို့ ကိုသက်ကိုတို့မှာ မုန်တိုင်းကြောင့် ငါးဖမ်းနားရသည့်ရက်များတွင် ဟန်မပျက်စားနိုင်သောက်နိုင်သော်လည်း တစ်ကိုယ်ရေတစ်ကာယ လူပျိုကြီးအောင်ကြီးမှာ ရရစားစားနေသဖြင့် နှစ်ရက်ခန့်ဆိုလျှင် စားစရာမရှိတော့ပေ။

ထိုရက်က မနက်အစောကြီး အောင်ကြီးရောက်လာလေသည်။ မိုးလေက ကြမ်းဆဲဖြစ်သည်။

“သက်ကို၊ ငါနဲ့ခဏလိုက်ခဲ့ကွာ”

“ဟ၊ ဘာဖြစ်လို့လဲ အောင်ကြီးရ”

“ငါဂွင်တစ်ခုတွေ့ထားတယ်သူငယ်ချင်း၊ မင်းလိုက်မှာလား”

အောင်ကြီးက ပြောပြောဆိုဆိုနှင့် လက်မနှင့်လက်ညှိုးကို ဝိုင်းပြကာ ငွေရမည့်ပုံစံမျိုးလုပ်ပြလိုက်လေသည်။ မနက်အစောမို့ မခင်နှင့်သမီးလေးမှာ မနိုးကြသေးပေ၊ ကိုသက်ကိုလည်း သူငယ်ချင်းဖြစ်သူခေါ်နေသဖြင့် မိုးထဲလေထဲ ထွက်လိုက်လာခဲ့သည်။

သူတို့ရွာကလေးမှာ ကုန်းကလေးတစ်ခုပေါ်တွင်တည်ဆောက်ထားခြင်းဖြစ်သောကြောင့် လှိုင်းလေကြီးသော်လည်း ရွာကိုရေမတက်ပေ၊ ကုန်းကလေးမှအဆင်း ပင်လယ်ကမ်းစပ်တွင်တော့ အုန်းတောကြီးများက စိမ်းစိုနေလေသည်။ ထိုအုန်းတောများကာနေသောကြောင့်သာ ရွာကလေးမှာ လေဒဏ်ကိုပြင်းပြင်းထန်ထန်မခံရခြင်းဖြစ်သည်။ အုန်းတောများကိုကျော်ဖြတ်ပြီးဆင်းလိုက်သည့်အခါမှ ပင်လယ်ကမ်းခြေသို့ရောက်သည်။

အုန်းတောကိုဖြတ်လျှောက်စဉ် ကိုသက်ကိုက အောင်ကြီးကိုမေးလိုက်သည်။

“ဟေ့ကောင် ဒီလောက်လှိုင်းတွေထန်နေတာကို မင်းက ဘာဂွင်ရှိလို့လဲကွ”

“ရှိတာပေါ့သူငယ်ချင်းရာ၊ မုန်တိုင်းတိုက်တဲ့အခါ လှိုင်းလုံးတွေနဲ့အတူတူ ပစ္စည်းတွေမြောပါလာတတ်တယ်မဟုတ်လား၊ ဒိုက်ဖတ်တွေ၊ သစ်တိုသစ်စတွေ၊ တစ်ခါတစ်ခါဆိုရင် လူသုံးပစ္စည်းတွေတောင် မြောလာတယ်လေကွာ၊ အဲဒါတွေဆယ်ဖို့ပေါ့ကွ”

“အဲဒါတွေက တန်ဖိုးမှသိပ်မရှိတာပဲအောင်ကြီးရာ”

“မင်းအတွက်တော့ တန်ဖိုးမရှိပေမယ့် ငါ့အတွက်ကတော့ ထမင်းတစ်နပ်ရတယ်ကွ၊ ဘာပဲဖြစ်ဖြစ်ကွာ တွေ့သမျှရှာပြီး ရောင်းလို့ရတာရောင်းမယ်၊ ရောင်းလို့မရတာတွေ့ရင် လဲစားမယ်ဟေ့”

ကိုသက်ကိုမှာ အောင်ကြီးကိုသနားမိသွားသည်။ မုန်တိုင်းငြိမ်သက်သွားသည့်အခါတိုင်း ရွာထဲမှကလေးများ လူကြီးများမှာ ကမ်းခြေသို့ဆင်းလာကြပြီး တိုလီမုတ်စများကို ကောက်ယူကြသည်မှာထုံးစံဖြစ်သည်။ သို့သော် ယခုလိုလေထန်ဆဲ လှိုင်းကြီးဆဲအချိန်တွင် ပစ္စည်းကောက်ယူသူ မည်သူမှပင်မရှိပေ။

လူတစ်ရပ်မကမြင့်သည့်လှိုင်းလုံးကြီးများက ပင်လယ်အတွင်းမှတဝေါဝေါနှင့်တက်လာကာ ကမ်းခြေရှိကျောက်ဆောင်များနှင့် ရိုက်ခတ်လေသည်။ ပါလာသည့် ဒိုက်ဖတ်၊ သစ်တိုသစ်စ အပျက်အစီးများကို ကမ်းခြေပေါ်သို့ ကျဲချလိုက်သကဲ့သို့ ကျဲပက်ချလိုက်သည်။ လှိုင်းတစ်လုံးကျသွားသည့်အခါတိုင်း အောင်ကြီးနှင့်ကိုသက်ကိုတို့မှာ အပြေးအလွားရှာဖွေကြလေသည်။ အဝတ်၊ ထမီ၊ အင်္ကျီများ၊ သစ်တိုသစ်စများ၊ သစ်ပင်သစ်ကိုင်းများမှာပြန့်ကျဲနေလေသည်။

အောင်ကြီးနှင့်ကိုသက်ကိုတို့မှာ ကမ်းခြေတွင်ရှာဖွေကြရင်း အောင်ကြီးမှာ ခလုပ်တိုက်လဲကျသွားသည်။ ကိုသက်ကိုက သွားရောက်ဆွဲထူလိုက်သည့်အခါတွင်တော့ အောင်ကြီးခလုပ်တိုက်သည့်အရာမှာ အနက်ရောင်ကြိုးပြားကလေးတစ်ခုဖြစ်နေသည်။ အောင်ကြီးက ကမန်းကတမ်းထကာ ကြိုးကိုဆက်ဆွဲကြည့်လိုက်သည့်အခါ မိုးကာသားနှင့်ချုပ်ထားသည့် လွယ်အိတ်ကလေးတစ်လုံးဖြစ်နေသည်ကိုတွေ့ရသည်။ နှစ်ဦးသား လှိုင်းလွတ်ရာနေရာသို့ ပြေးသွားကြပြီး အိတ်ကိုဇစ်ဖွင့်ကြည့်ကြသည်။ အိတ်အတွင်းတွင်တော့ အနက်ရောင်သားရေပိုက်ဆံအိတ်တစ်လုံးတွေ့ရသည်။ ပိုက်ဆံအိတ်ကိုဖွင့်ကြည့်လိုက်ရာတွင်တော့ ပန်းရောင်အဆင်းရှိသည့် နိုင်ငံခြားငွေစက္ကူများကို အထပ်လိုက်တွေ့ရလေသည်။

“ဟေ့ကောင်၊ ဒါဘာတွေလဲကွ”

“ငါလည်းမသိဘူးကွ၊ ပုံကြည့်ရတာကတော့ ဘင်္ဂလားဒေ့ရှ်မှာသုံးတဲ့ ပိုက်ဆံတွေထင်တာပဲ”

“ဟာ ပိုက်ဆံထောင့်မှာ အင်္ဂလိပ်လို တစ်ထောင်လို့ရေးထားတယ်ဟေ့၊ ငါတို့ ပိုက်ဆံတွေကို အခြောက်ခံပြီးတော့ ဘယ်လောက်ရှိသလဲဆိုတာ ရေကြည့်ကြရအောင်ဟေ့”

အောင်ကြီးတို့မှာ ရွာသို့ပြန်လာခဲ့ကြသည်။ ပိုက်ဆံများကို အောင်ကြီးအိမ်တွင် ဖြန့်ကာ အခြောက်ခံရသည်။ အချို့ပိုက်ဆံများကိုမူ ဒန်အိုးဖုံးကို မီးဖိုပေါ်သို့တင်၍ ထိုဒန်အိုးဖုံးပေါ်သို့ ပိုက်ဆံများကိုဖြန့်ခင်းကာ အခြောက်လှမ်းရသည်။ စုစုပေါင်းအရွက်တစ်ရာကျော်ရှိကာ ငွေတစ်သိန်းကျော်ဖြစ်သည်။ နောက်တစ်နေ့တွင်တော့ အောင်ကြီးက မြို့သို့တက်ကာ ထိုပိုက်ဆံများအကြောင်းစုံစမ်းလေသည်။ နိုင်ငံခြားငွေရောင်းဝယ်သည့် ပွဲစားတစ်ဦးနှင့် အဆက်အသွယ်ရကာ သူတို့ပိုက်ဆံများကို ဝယ်ယူသွားလေသည်။ ငွေသား ဆယ်သိန်းကျော်ရရှိလေသည်။ ထိုငွေအား တစ်ယောက်တစ်ဝက်ခွဲဝေယူလိုက်တော့သည်။

ကိုသက်ကိုက မခင်အား ထိုငွေများကိုပေးလိုက်သည်။ မခင်ယုံကြည်စေရန်အတွက် လှီးလွှဲပြောဆိုရသည်။ သူငယ်ချင်းတစ်ဦး၏ စက်လှေကြီးရောင်းချရတွင် ပွဲစားလုပ်ရာမှ ရရှိခြင်းဖြစ်ကြောင့် လှိမ့်လိုက်ရသည်။ အတန်းပညာအခြေခံနည်းသည့် မခင်မှာလည်း ယုံကြည်လေသည်။

“မခင်၊ မင်းနားကပ်တစ်ရံလောက် လိုချင်တယ်ဆိုကွ၊ ဟောဒီငွေနဲ့လုပ်လိုက်ပေါ့ကွာ”

“နေပါစေ ကိုသက်ရယ်၊ နားကပ်ပန်ရတာ မပန်ရတာ အရေးမကြီးပါဘူး၊ ကျုပ်တို့အိမ်ကလေးက မကောင်းဘူးတော့၊ အိမ်ကိုတောင့်တောင့်တင်းတင်းကလေးပြန်ပြင်ချင်တယ်”

မခင်ဆုံးဖြတ်ချက်ကို ကိုသက်ကိုသဘောတူလိုက်သည်။ သို့နှင့် ကိုသက်ကိုတို့၏ တဲကလေးမှာ ပျဉ်ထောင်အိမ်ကလေးတစ်လုံးအဖြစ်ပြောင်းလဲသွားပြီး ခိုင်ခိုင်ခန့်ခန့်ဖြစ်သွားသည်။ ယခုနှစ်မိုးရာသီတွင် အေးအေးလူလူနေနိုင်ရခြင်းမှာ မခင်၏ဆုံးဖြတ်ချက်ကြောင့်ဖြစ်သည်။

“ဒီနစ်လည်း မနှစ်ကလိုမျိုးရရင် မခင်ကိုတော့ နားကပ်တစ်ရံလောက်လုပ်ပေးအုံးမှပဲ”

ကိုသက်ကိုမှာ စဉ်းစားရင်း အုန်းခြံအနားရောက်လာလေတော့သည်။

(၃)

အောင်ကြီးမှာ အုန်းပင်တစ်ပင်အားမှီလျှက် ကိုသက်ကို ကိုစောင့်နေလေသည်။

“မင်းကလဲ ကြာလိုက်တာကွာ”

“ဟာ ကိုချစ်ကြီးဆိုင်မဖွင့်လို့ စောင့်နေရသေးတယ်ကွ”

အောင်ကြီးက ပုလင်းကိုဆွဲယူလိုက်ကာ တစ်ကျိုက်မော့သောက်လိုက်ရင်း

“လာဟေ့၊ သွားကြရအောင်ကွာ”

လှိုင်းလေက ကြမ်းနေဆဲဖြစ်သည်။ ကိုသက်ကိုရော အောင်ကြီးပါ ကမ်းစပ်အခြေအနေကို ကျွမ်းကျင်နေပြီမို့ လှိုင်းကျမည့်နေရာ လှိုင်းကွဲမည့် နေရာများကိုသိသဖြင့်သာ အန ္တရာယ်မရှိခြင်းဖြစ်သည်။ နာရိဝက်ခန့် ကမ်းစပ်တွင်ရှာဖွေသော်လည်း အတိုအစ၊ အကျိုးအပျက်များသာတွေ့ရပြီး တန်ဖိုးရှိသည့်အရာ တစ်စုံတစ်ခုမှမတွေ့ရပေ၊ နှစ်ယောက်လုံးလည်း မိုးရေများစိုကာ ခိုက်ခိုက်တုန်နေပြီဖြစ်သည်။

သူငယ်ချင်းနှစ်ယောက် ကမ်းခြေအတိုင်းတက်လာကြရင်း ကျောက်ဆောင်များပြားသည့်နေရာတစ်ခုဆီသို့ရောက်လာခဲ့သည်။ ကျောက်ဆောင်ကျောက်ချပ်အနက်များကြားတွင် တန်ဖိုးရှိသည့် ပစ္စည်းတစ်စုံတစ်ရာရှိလေမလားဟု ရှာဖွေနေရင်း တစ်နေရာအရောက်တွင် အသံတစ်ခုကြားရသည်။

“ရှာဟား . . .ရှဟား”

ထိုအသံကြားရာသို့ နှစ်ယောက်သားပြေးကြည့်သည့်အခါ ကျောက်ဆောင်တစ်ခုအကြာတွင် ကုလားမကြီးတစ်ဦးကိုတွေ့ရသည်။ ကုလားမကြီးမှာ အသက်ကြီးပိုင်းဖြစ်ကာ အောက်ပိုင်းတွင်အဝတ်အစားမရှိတော့ပေ။ သူတို့နှစ်ယောက်အားတွေ့သည့်အခါ ကုလားမကြီးက အသံကုန်ဟစ်ကာအော်လေသည်။

“ရှဟား . . .ရှဟား”

သူတို့နှစ်ယောက်ကုလားမကြီးအနားသို့ရောက်သည့်အခါ ကုလားမကြီး၏ ဘယ်ဖက်ပေါင်မှာ ကျောက်ဆောင်ဖြင့်ရိုက်မိပြီး သွင်သွင်ကျိုးနေပြီဖြစ်သည်။ ကုလားမကြီးက ကိုသက်ကိုလက်ကိုဆွဲလိုက်ကာ

“အမာကိ ရှဟား . . .”

“ဟေ့ကောင် ဘာတွေပြောနေတာလဲမသိဘူးကွ”

“မသိဘူးကွာ၊ ကုလားစကားတွေဖြစ်မှာပေါ့ကွ”

“ငါတို့သူ့ကိုကယ်ကြရအောင်ကွာ”

ိုထိုစဉ်အောင်ကြီးက ကျောက်တုံးတစ်တုံးကို ကောက်လိုက်ပြီး ကုလားမကြီးအနီးသို့ကပ်လာကာ ကုလားမကြီး၏ ငယ်ထိပ်အား ကျောက်တုံးနှင့်ထုချလိုက်သည်။ ကုလားမကြီးမှာ အလွန်ကျယ်လောင်စွာအော်နေလေသည်။ ကိုသက်ကိုက အံ့အားသင့်စွာဖြင့်

“ဟာ၊ မင်းဘာလုပ်တာလဲ အောင်ကြီး”

“သူ့ကိုကယ်လိုက်တာလေကွာ”

“မင်းဟာက ကယ်တာလားကွ၊ သူ့ကိုသတ်နေသလိုပဲ”

“ဒီမှာသက်ကို မင်းစဉ်းစားကြည့်၊ သူ့ပေါင်ကလည်း ကျိုးနေပြီ၊ တစ်ကိုယ်လုံးကလည်း ဒဏ်ရာဒဏ်ချက်တွေချည်းပဲ၊ သူ့ကိုငါတို့ခေါ်သွားတော့ရော ဆေးကဘယ်သူကုပေးမှာလဲ၊ မင်းရောဆေးကုပေးနိုင်လို့လား”

ကိုသက်ကိုတွေဝေသွားသည်။

“အခုလိုသေသွားတာ သူ့အတွက်အကောင်းဆုံးပဲကွ၊ ပြီးတော့ သူ့ရဲ့နားကိုကြည့်လိုက်စမ်း”

ကုလားမကြီးမှာ ငြိမ်ကျသွားပြီဖြစ်သည်။ အောင်ကြီးမှာ ကုလားမကြီးနားရွက်မှ နားကပ်များကိုလက်ဖြင့်ဆွဲကာဖြုတ်ထည့်လိုက်သည်။ ထိုအခါ ကုလားမကြီးမှာ ညည်းညူလာလေရာ ကျောက်တုံးဖြင့် သုံးချက်ခန့်ထုထည့်လိုက်လေသည်။ ကုလားမကြီးလက်တွင် ရွှေလက်စွပ်တစ်ကွင်းဝတ်ထားပြီး လက်တွင်လည်း လက်ကောက်များဝတ်ဆင်ထားရာ အောင်ကြီးက ထိုလက်ကောက်များကိုဖြုတ်ယူနေလေသည်။ ကိုသက်ကိုမှာတော့ သေဆုံးသွားသည့် ကုလားမကြီးကိုကြည့်ရင်း အလွန်တုန်လှုပ်နေမိသည်။

“လက်ကောက်တွေက အတုတွေလား အစစ်တွေလားတော့မသိဘူးဟေ့၊ မနက်ဖြန်မှ မြို့တက်ပြီး ပန်းထိမ်ဆရာကို ပြကြည့်ရမယ်”

အောင်ကြီးက ရွှေထည်များကိုသိမ်းယူနေလေသည်။

“သူသေပြီထင်တယ်ကွ၊ လူတွေက မင်းသတ်တာသိသွားရင် ဘယ်လိုလုပ်ကြမလဲ”

“ဒီအတိုင်းထားခဲ့လိုက်စမ်းပါကွာ၊ လူတွေတွေ့တော့လည်း ကျောက်ဆောင်နဲ့တိုက်ပြီး သေတယ်ပဲထင်ကြမှာပေါ့၊ ဒါပေမယ့် ငါတစ်ခုပြောမယ်သက်ကို၊ မင်းဒီအကြောင်းကို ဘယ်သူ့ကိုမှပြောလို့မရဘူးနော်၊ လူတွေသိသွားရင် မင်းရောငါရော လူသတ်မှုနဲ့ထောင်ကျမယ့်ကိန်းကွ”

ကိုသက်ကိုခေါင်းကိုညိတ်လိုက်တော့တယ်၊ စိတ်ထဲလည်းမပျော်သလိုခံစားနေရသည်။ ကိုယ့်ရှေ့တွင်လူတစ်ယောက်သေဆုံးသွားသည်ဆိုသည့်အသိက ကိုသက်ကို ကိုခြောက်လှန့်နေလေသည်။ အောင်ကြီးကတော့ အပြုံးပင်မပျက်ဘဲ ရွေထည်များကိုပွတ်ကြည့်နေလေသည်။ အုန်းတောကြီးအတွင်းရောက်သည့်အခါမှ ထိုရွှေထည်များကို အဝတ်တစ်ခုနှင့်ထုတ်ပိုးလိုက်ကာ

“သက်ကို၊ ငါပြောတာ မင်းမမေ့နဲ့၊ ဒီအကြောင်းကို မင်းဘယ်သူ့ကိုမှမပြောရဘူးနော်”

ကိုသက်ကိုမဖြေနိုင်ပေ။ အောင်ကြီးက ရွှေထုပ်ကိုခါးပုံစအတွင်းသို့ထည့်လိုက်ပြီး

“ဒီရွှေတွေကို ငါမြို့က ပန်းထိမ်ဆရာကိုပြပြီး ထုခွဲကြည့်မယ်၊ ရလာတဲ့အခါ အရင်လိုတို့နှစ်ယောက် အညီအမျှခွဲကြတာပေါ့ကွာ”

အောင်ကြီးထွက်သွားသော်လည်း ကိုသက်ကိုမှာ ငူငူကြီးကျန်နေခဲ့လေသည်။ အောင်ကြီးခပ်လှမ်းလှမ်းရောက်သည့်အခါမှသာ ကမ်းခြေသို့ပြန်ပြေးဆင်းခဲ့သည်။ ကျောက်ဆောင်များအကြားတွင်သေဆုံးနေသည့် ကုလားမကြီးထံသို့အရောက်သွားသည်။ ကုလားမကြီးမှာ အသက်ငွေ့ငွေ့ကလေးရှိနေသေးသည်။ ကိုသက်ကိုက ကုလားမကြီးအားပြေးဆွဲသည့်အခါ ကုလားမကြီးက မပီမသစကားများပြောဆိုနေသည်။ ကိုသက်ကိုက ကုလားမကြီး၏ ချိုင်းကြားမှကိုင်ကာ ဆွဲခေါ်တင်လာခဲ့သည်။ ကမ်းခြေတစ်လျှောက် တရွတ်တိုက်ဆွဲခေါ်လာရင်း တစ်နေရာသို့ရောက်သည့်အခါ ကုလားမကြီးမှာ ကိုသက်ကိုအားကြည့်ကာ ခေါင်းခါပြလေသည်။ ကိုသက်ကိုသယ်လာသည်မှာ အုန်းတောအစပ်သို့ပင်ရောက်လာခဲ့သည်။

“ဟေ့ကောင်သက်ကို မင်းဒါဘာလုပ်တာလဲ”

“သူလည်းလူပဲလေကွ၊ လူလူချင်းကယ်တာ အပြစ်လား”

“ငါသိတယ်သက်ကို၊ မင်းဒီလိုလုပ်မယ်ဆိုတာ ငါသိလို့ ပြန်လှည့်လာတာပဲ၊ ဘာလဲ မင်းက ငါ့ကိုလူသတ်မှုနဲ့ ထောင်ထဲထည့်ချင်နေတာလား”

“မဟုတ်ပါဘူးကွာ၊ ဒါတွေကိုမင်းလုပ်တယ်ဆိုတာ ငါမပြောပါဘူးကွ”

အောင်ကြီးက သက်ကိုအားလက်ဖြင့်ဆောင့်တွန်းလိုက်ကာ

“ဘယ်သူ့ကိုမှ မပြောဘူးဆိုပေမယ့် ဒီဟာမကြီးအသက်ရှင်ရင် ဘယ်သူလုပ်တယ်ဆိုတာ ပေါ်သွားမှာပေါ့ကွ ငတုံးကောင်ရ၊ ငါပြတ်ပြောမယ်သက်ကို အခုပဲ ဒီကုလားမကြီးကို ရေထဲသွားလွှင့်ပစ်ကြမယ်”

“မလုပ်ပါနဲ့ အောင်ကြီးရာ၊ သူလည်းဒုက္ခသည်ပါကွ၊ မုန်တိုင်းနဲ့ပင်လယ်ထဲမြောပါပြီး အသက်မသေဘဲ လာတင်နေတဲ့သူပါ”

“ဟာ . . .ငါဒါတွေမသိဘူးကွာ၊ မင်းပြန်သွားထားမလား မထားဘူးလား”

ကိုသက်ကိုက ဘာမှမပြောတော့ဘဲ ကုလားမကြီး၏ ချိုင်းနှစ်ဖက်ကိုဆွဲလိုက်ကာ ရွာဘက်သို့ဆက်ဆွဲရန်လုပ်လေသည်။ ထိုအခါ အောင်ကြီးက အနီးမှ အုန်းလက်ရိုးတစ်ခုကိုကောက်လိုက်ကာ ကိုသက်ကို၏ခေါင်းအား နောက်စေ့တည့်တည့်မှ ရိုက်ထည့်လိုက်သည်။ ကိုသက်ကိုမှာ မျက်လုံးများပြာဝေသွားပြီး အရှေ့သို့လဲကျသွားလေသည်။ အောင်ကြီးမှာ တုတ်ကြီးကိုင်လျှက်

“ဟေ့ကောင်သက်ကို၊ ငါမင်းကိုနောက်ဆုံးအကြိမ်အဖြစ်သတိပေးမယ်၊ မင်းကုလားမကြီးကို သွားပြန်ထားရင်ထား၊ မထားရင်တော့ မင်းကိုပါ ဒီအုန်းတောထဲမှာ သတ်ပြီး နှုတ်ပိတ်ပစ်မယ်ကွ”

အောင်ကြီးက တကယ်လုပ်မည့်ဟန်ဖြင့် ကိုသက်ကိုထံသို့ လျှောက်လာလေသည်။ ကိုသက်ကိုအား တုတ်ဖြင့်ရိုက်ထည့်လိုက်လေရာ ကိုသက်ကိုက မြေပေါ်သို့လှိမ့်ရှောင်လိုက်ရသည်။ အောင်ကြီးမှာ မူးမူးနှင့်ကိုသက်ကိုအား လိုက်လံရိုက်တော့သည်။ ကိုသက်ကိုလည်း တစ်ချီတွင်တော့ ခါးကြားထိုးထားသည့် ဓါးမကိုထုတ်လိုက်ပြီး အောင်ကြီး၏လည်ပင်းကိုချိန်ရွယ်ကာ ကြောက်အားလန့်အားနှင့်လွှဲခုတ်လိုက်လေသည်။ အလွန်ထက်ရှသည့်ဓါးချက်ကြောင့် အောင်ကြီးမှာလည်ပင်းပြတ်ထွက်သွားပြီး သွေးများပန်းထွက်လာတော့သည်။ အောင်ကြီးက ကိုသက်ကိုအား အလွန်အံ့အားသင့်သည့်မျက်လုံးပြူးကြီးများနှင့်ကြည့်ပြီးနောက် လဲကျသွားတော့သည်။

ကိုသက်ကိုတစ်ယောက် လူသေနှစ်ယောက်နှင့် အုန်းတောအတွင်းကျန်နေခဲ့သည်။ အောင်ကြီးမှာ သွေးအိုင်အတွင်းလဲကျကာ သေဆုံးနေသကဲ့သို့ ကုလားမကြီးမှာလည်း သေဆုံးနေပြီဖြစ်သည်။ ကိုသက်ကိုလူသတ်သည်ကို ရွာမှလူများသိလျှင် ဖမ်းဆီးခံရမည်ဖြစ်သောကြောင့် ကိုသက်ကိုထိတ်လန့်နေမိသည်။ နောက်ဆုံးတော့ ထိုအလောင်းနှစ်လောင်းကို အုန်းတောတစ်ဖက်ခြမ်းတွင် သွားရောက်စွန့်ပစ်ရန် အကြံရသွားပြီး အုန်းတော၏ ချောင်အကျဆုံးဖက်သို့ လူသေလောင်းကိုဆွဲခေါ်လာခဲ့သည်။ အုန်းတောအစွန်ဘက်နေရာများတွင် ချုံပင်များထူထပ်နေသည်။ တစ်နှစ်တစ်ခါ အုန်းသီးဖော်ချိန်မှ ထိုနေရာကိုလူများလာတတ်သည်မို့ သာမန်အချိန်ဆိုလျှင် ထိုအုန်းတောများအကြား လူမရောက်ပေ။

ကိုသက်ကိုမှာ လူသေနှစ်ယောက်အားမြေတွင်ချခဲ့ပြီးနောက် အနားမှချုံပင်များ အုန်းလက်ခြောက်များနှင့် ဖုံးဖိကာ အုန်းတောအတွင်းမှထွက်ရန်ပြင်သည်။ သို့သော် အောင်ကြီး၏ ခါးပုံစအတွင်းမှ ရွှေထည်များကိုသတိရသွားကာ နှိုက်ယူလိုက်ပြီးနောက် ရွာသို့အမြန်ပြန်လာခဲ့သည်။ အရှိန်ပြင်းပြင်းရွာသွန်းနေသည့် မိုးရေများက သွေးကွက်များကိုဆေးကြောချပေးသလိုဖြစ်နေသဖြင့် ခြေရာလက်ရာ မကျန်ခဲ့ပေ။ ကိုသက်ကိုက အိမ်ကိုတန်းမပြန်သေးဘဲ ဦးချစ်ကြီးအရက်ဆိုင်သို့သွားကာ အရက်ကိုမူးနေအောင်သောက်ပြီး လူမှန်းသူမှန်းမသိတော့မှ အိမ်သို့ပြန်လာခဲ့သည်။

အိမ်ပေါ်သို့မတက်မီ တစ်ခုသတိရသွားပြီးနောက် အိမ်အောက်သို့ဝင်ကာ ခါးကြားမှရွှေထုပ်အား အိမ်အောက်ဆင့်ကြားတွင်ညှပ်သိမ်းလိုက်ပြီးမှ အိမ်ပေါ်တက်လာခဲ့သည်။ မူးမူးနှင့်မို့ အဝတ်အစားများလဲပြီးသည်နှင့် ထိုးအိပ်ချလိုက်တော့သည်။

(၄)

“ဟေ့ကောင်သက်ကို . . .ဟေ့ကောင်သက်ကို”

ခေါ်သံကြားသဖြင့် ထကြည့်လိုက်သည့်အခါ အိမ်ကိုဦးတည်၍ ပြေးလာသည့် အောင်ကြီးကိုတွေ့လိုက်ရသည်။ အောင်ကြီးက အိမ်ပေါ်သို့တက်လာပြီးသောအခါ

“မင်းငါ့ကိုသတ်ခဲ့တယ်၊ မင်းကိုငါသတ်မယ်၊ မင်းကိုငါပြန်သတ်မယ်ကွ”

အောင်ကြီးကပြောကာ အနားသို့တိုးကပ်လာသည်။ စကားပြောလိုက်သည့်အခါတွင်လည်း လည်ပင်းမှပြတ်ရှဒဏ်ရာကြီးက သွေးများစီးကျနေလေသည်။

“မလာနဲ့ . . . မလာနဲ့”

ကိုသက်ကိုမှာ ဂယောင်ဂတမ်းဖြင့်အော်ဟစ်ကာ ငုတ်တုတ်ထိုင်လိုက်သည်။ ကိုသက်ကိုအား လှုပ်နှိုးနေသူမှာ မခင်ဖြစ်သည်။ မိုးရွာနေသည့်ကြားထဲမှ ကိုသက်ကိုတစ်ယောက် ဇောချွေးများပြန်နေသည်၊ ရွာလူကြီးနှင့် ကာလသားများက အိမ်ပေါ်တက်လာကြကာ

“သက်ကို မင်းကိုမေးစရာရှိလို့လာတာပဲ”

အချိန်မှာ ညနေပင်စောင်းနေပြီဖြစ်သည်။

“ဟုတ်ကဲ့ ပြောပါသူကြီး”

“အောင်ကြီးပျောက်နေတယ်”

ကိုသက်ကိုမျက်နှာတစ်ချက်ပျက်သွားသည်။ သို့သော် ရွာလူကြီးများမသိအောင်ဟန်ဆောင်ရင်း

“ဟာဗျာ၊ အောင်ကြီးပျောက်တာ အောင်ကြီးအိမ်သွားပေါ့ဗျ၊ ဘာလို့ကျုပ်အိမ်ကိုလာတာလဲ”

“မဟုတ်ဘူး၊ သူ့အိမ်မှာလည်းမရှိဘူး၊ ရွာထဲမှာလည်း ရှာမရဘူး၊ မင်းက အောင်ကြီးရဲ့သူငယ်ချင်းဆိုတော့ အောင်ကြီးဘယ်သွားတယ်ဆိုတာ မင်းသိသလားလို့”

မခင်ကလည်း

“သိရင်ပြောပြလိုက်လေ ကိုသက်ရဲ့၊ ဒါနဲ့ အောင်ကြီးက ကိုသက်ကိုမနက်က လာခေါ်တယ်မဟုတ်လား၊ ဘိုးသက်ရှည်အိမ်ကို ပြန်ပြင်ပေးမယ်ဆိုပြီးတော့”

“အဲ၊ ဟုတ်တယ်၊ ဒီကောင်ငါ့ကိုလာခေါ်တယ်၊ ဘိုးသက်ရှည်အိမ်ကို ပြန်ပြင်ပေးမယ်ပြောတယ်”

“ဒါပေမယ့် အိမ်ပြင်တော့ မင်းတို့မှမပါတာကွ”

“ဟုတ်ပါတယ်သူကြီး၊ ဒါပေမယ့် ဒီကောင်က အရက်သောက်ချင်တယ်ပြောလို့ ကျုပ် ကိုချစ်ကြီးဆိုင်မှာ အရက်သွားဝယ်ပါတယ်၊ ပြီးတော့ ဒီကောင့်ဆီပြန်သွာတော့ ဒီကောင်က စောင့်နေကျနေရာမှာ မရှိတော့ပါဘူးဗျာ”

“အေး၊ ငါတို့ချစ်ကြီးကိုလည်းမေးပြီးပြီ၊ ချစ်ကြီးက မနက်တုန်းက မင်းအရက်လာဝယ်တယ်တဲ့၊ ပြီးတော့ ခဏကြာတော့ သူ့ဆိုင်မှာ မင်းတစ်ယောက်တည်းအရက်လာသောက်တယ်ပြောတယ်”

“ဟုတ်ပါတယ်”

“ဒါဆို အောင်ကြီးဘယ်သွားနိုင်သလဲဆိုတာ မင်းသိသလား”

“ဒါတော့ မပြောတတ်ပါဘူးသူကြီးရာ၊ အောင်ကြီးက အပေါင်းအသင်းများတယ်မဟုတ်လား၊ ဘေးရွာကိုသွားတာဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် မြို့တက်သွားတာလားမှမသိတာ၊ မိုးအေးအေးနဲ့ဆိုတော့ ဒီကောင်တစ်နေရာရာမှာ အရက်သောက်ပြီးတော့ ကွေးနေတာလည်းဖြစ်ရင်ဖြစ်မှာဗျ”

“အေးကွာ၊ အဆက်အသွယ်ရရင် ငါတို့ကိုလည်းပြောပါအုံး၊ ကဲ . . .သွားပြီဟေ့”

ရွာလူကြီးများဆင်းသွားသည့်အခါမှသာ ကိုသက်ကိုတစ်ယောက် သက်ပြင်းချနိုင်တော့သည်။

မုန်တိုင်းပြီးဆုံးသွားသဖြင့် ထိုညတွင်မိုးမရွာတော့ပေ၊ ကိုသက်ကိုမှာ လူသတ်ထားသည်မို့ စိတ်ထဲတွေးကြောက်နေမိသည်။ အိမ်နှင့်ခပ်လှမ်းလှမ်းမ အိမ်သာသို့ပင်မသွားရဲသဖြင့ အိမ်ပေါ်မှပန်းချရလေသည်။ တစ်နေ့ခင်းလုံး အိပ်စက်ထားသည်မို့ ညရောက်သည့်အခါ အိပ်မပျော်ပေ၊ နံဘေးတွင်တော့ သမီးအိတုံနှင့် ဇနီးမခင်တို့မှာ တခေါခေါနှင့်အိပ်ပျော်နေပြီဖြစ်သည်။

“ဟေ့ကောင်သက်ကို”

နားထဲတွင်ခေါ်သံကြားလိုက်ရသည်။ ထိုအသံကို ကိုသက်ကိုကျက်မိနေပြီဖြစ်သည်။ အသံပိုင်ရှင်က အောင်ကြိးအသံစစ်စစ်ဖြစ်သည်။ သူလှည့်ကြည့်လိုက်သည့်အခါ အောင်ကြီးမှာ အမှောင်အတွင်းမှထွက်လာကာ သူတို့အိမ်အောက်တွင်လှည့်ပတ်သွားလာနေသည်။ အိမ်တံခါးများပိတ်ထားသော်လည်း အိမ်ရှေ့ဘက်တွင် သစ်သားချောင်းကလေးများကို ခပ်စိပ်စိပ်ရိုက်ထားသည်မို့ အိမ်အပြင်ကိုအတိုင်းသားမြင်နေရသည်။

“မင်းကိုငါသတ်မယ်၊ မင်းကိုသတ်မယ်”

အောင်ကြီးက အိမ်ကိုပတ်ကာ အပေါက်ရှာနေပုံရသည်။ အိမ်ပတ်ပတ်လည်တွင် ရွံ့ဗွက်များရှိသဖြင့် အောင်ကြီးလမ်းလျှောက်သံ တဗွက်ဗွက်ကို အတိုင်းသားကြားနေရသည်။ အိမ်ပေါ်တက်မရသည့်အခါ အိမ်နံရံကိုလက်ဖြင့်တဘုန်းဘုန်းထုပြန်သည်။ တစ်ချက်တစ်ချက် ထုချက်ပြင်းလွန်းသဖြင့် အိမ်ကြီးပင်တုန်ခါသွားသလိုခံစားရသည်။ ကိုသက်ကိုမှာအလွန်ကြောက်လန့်ကာငုတ်တုတ်ထိုင်နေမိသည်။

ထိုအခိုက် ကုလားမကြီးတစ်ယောက်ပြေးလာပြန်သည်။ ဆာရီစကြီးများမှာ လေပေါ်တွင်ဝဲပျံနေလေသည်။ ထိုကုလားမကြီးက အောင်ကြီးအနောက်သို့ပြေးလိုက်သည်။ အောင်ကြီးမှာ လှည့်ပတ်ပြေးလွှားပြီးနောက် ရွာလမ်းအတိုင်းပြေးထွက်သွားတော့သည်။ ထိုအဖြစ်ကို ကိုသက်ကိုက အိပ်မက်ဟုထင်နေမိသည်၊ သို့နှင့် ကိုယ့်ပါးကိုယ် တဖြန်းဖြန်းရိုက်ကြည့်သည်။ ကိုယ့်လက်ကိုယ် ဆွဲဆိတ်ကြည့်သည်၊ အသားနာသည့်အခါမှသာ အိပ်မက်မဟုတ်မှန်းသိလိုက်ရတော့သည်။

“ရော့ မိန်းမရေ၊ ဒီမှာကြည့်စမ်း”

သုံးလေးရက်ခန့်ကြာသည့်အခါ မုန်တိုင်းပြီးသွားသည်၊ ကိုသက်ကိုက ကုလားမကြီး၏ ရွှေနားကပ်ကလေးအား မခင်ကိုထုတ်ပေးလိုက်လေရာ မခင်မှာအံ့သြသွားသည်။

“အလို ရွှေနားကပ်ပါလား၊ ကိုသက် ရှင်ဘယ်လိုရတာလဲ”

“မင်းပျော်တယ်မဟုတ်လားမခင်”

“ပျော်တယ်မပျော်ဘူးဆိုတာထက် ရှင်မဟုတ်တာတွေလုပ်ပြီးရခဲ့တာလား”

“မဟုတ်ပါဘူးကွာ၊ ငါက မြို့တက်ပြီးငါးတက်ရောင်းတိုင်း မင်းကိုနားကပ်ဝယ်ပေးမယ်ဆိုပြီးတော့ စုစုထားတာကွ၊ အခုဆိုရင် ခြောက်လလောက်ရှိပြီ၊ ငါးရောင်းတဲ့ဒိုင်က စာရေးမဆီမှာ မဲစုထားတာ”

ထိုတော့မှ မခင်မှာပျော်ရွှင်သွားသည်။ ရွှေနားကပ်ကလေးကို နားပေါက်ဟောင်းလောင်းတွင်တပ်လိုက်ကာ

“ဘယ်လိုလဲ ကိုသက်၊ လှတယ်မဟုတ်လား”

ကိုသက်ကိုက ပြုံးလျှက်

“လှပါတယ်ကွာ၊ ငါ့မိန်းမက နားကပ်လေးပန်လိုက်တော့ ပိုပြီးကျက်သရေရှိသွားသလိုပဲကွ”

ိုကိုသက်ကိုမှာ ရလာသည့်ရွှေထုပ်ကိုမြို့တက်ရောင်းကြည့်ရာ ကျန်သည့်လက်ကောက်များမှာ ရွှေအစစ်များမဟုတ်ကြပေ၊ နားကပ်တစ်ရံသာ ရွှေအစစ်မို့ မရောင်းတော့ဘဲ မိန်းမဖြစ်သူအား လက်ဆောင်ပေးလိုက်ခြင်းဖြစ်သည်။

ထိုညနေ နွားရိုင်းသွင်းချိန်ရောက်သည့်အခါတွင် အလွန်ကျယ်လောင်သည့် အသံကြီးတစ်ခုကို တစ်ရွာလုံးက ကြားလိုက်ရလေသည်။ အသံမှာ တဝူးဝူးတဝေါဝေါနှင့်ဖြစ်သည်။ မခင်က ထမင်းစားရင်း

“ကိုသက် နားထောင်စမ်း၊ အဲဒါ ပင်လယ်အော်နေတာပဲ၊ ပင်လယ်ထဲမှာ မတရားတာတစ်ခုခုဖြစ်ခဲ့တယ်ဆိုရင် ပင်လယ်အော်တယ်ဆိုပဲ”

“ဟာကွာ၊ လှိုင်းပုတ်သံပါကွ၊ မင်းကလည်း”

“မဟုတ်ဘူးရှင့်၊ အဲဒါ ပင်လယ်အော်သံမှ ပင်လယ်အော်သံအစစ်ပဲ၊ ဒီအတိုင်းဆိုရင်တော့ ရွာမှာ တစ်ခုခုထူးနေပြီ၊ ရှင့်သူငယ်ချင်းအောင်ကြီးလည်း ပျောက်တာကြာနေပြီမဟုတ်လား”

“အေးကွ၊ ဖြစ်နိုင်တယ်၊ စားမှာသာစားစမ်းပါကွာ၊ မဟုတ်တာတွေတွေးမနေနဲ့”

အမှန်စင်စစ်လည်း ပင်လယ်အော်သံဖြစ်ပေသည်။ ပင်လယ်အော်သံမှာ နာရီဝက်ခန့်ကြာအောင် အော်နေသဖြင့် ရွာသားများမှာ ထိတ်လန့်တုန်လှုပ်နေလေသည်။

“ပင်လယ်အော်သံကြားရင် တစ်ခုခုဖြစ်တော့မယ်ဟေ့”

ထိုညတွင်တော့ မခင်တစ်ယောက် အိပ်နေရင်းထအော်ကာ လန့်နိုးလေသည်။ ကိုသက်ကိုလည်း မခင်အားဖက်ထားရသည်။ မခင်မှာအလွန်ထိတ်လန့်တုန်လှုပ်စွာဖြင့်

“ကုလားမကြီး . . .ကုလားမကြီး”

“ဘာဖြစ်တာလဲ မခင်”

“ကုလားမကြီးတစ်ယောက် အိပ်မက်ထဲရောက်လာတယ်၊ ပြီးတော့ ကျွန်မနားရွက်မှာပန်ထားတဲ့နားကပ်ကို သူ့လက်နဲ့လာဆွဲဖြုတ်တာ နာလိုက်တာရှင်၊ နားရွက်တွေတောင် ပြတ်ပြီမှတ်တယ်”

ကိုသက်ကိုမှာထိတ်လန့်သွားသည်။

“ဘာမှမဖြစ်ပါဘူးကွာ၊ မင်းအိပ်မက်ဆိုးတွေမက်နေတာပါကွ၊ ပြန်အိပ်နော်”

“မဟုတ်ဘူးကိုသက်၊ ကျွန်မ အဲဒီကုလားမကြီးကိုတွေ့နေတာ သုံးလေးရက်ရှိနေပြီ၊ ကိုသက်ကိုဘာမှမပြောဘဲနေတာ၊ တစ်ခုခုတော့ တစ်ခုခုပဲကိုသက်ရယ်၊ ကျွန်မ . . . ကျွန်မကြောက်တယ်”

မကြာခင်မှာပင် မီးတုတ်များကိုင်ဆောင်ထားကြသည့် ရွာသားများက ကိုသက်ကိုတို့အိမ်ကို ဝိုင်းလိုက်ကြလေသည်။ ရွာလူကြီးက ကိုသက်ကိုအိမ်ရှေ့တွင်ရပ်ကာ

“ဟေ့ကောင်သက်ကို၊ တံခါးဖွင့်စမ်းကွာ”

ကိုသက်ကိုမှာ အလွန်ထိတ်လန့်နေသည်။

“ဘာ . . . ဘာကိစ္စရှိလို့လဲဗျာ”

“အောင်ကြီးကိုသတ်တဲ့အမှုနဲ့ မင်းကိုငါတို့လာဖမ်းတာ၊ မင်းအေးအေးဆေးဆေးအဖမ်းခံပါ၊ မဟုတ်ရင် မင်းတို့အိမ်ကို မီးနဲ့ဝိုင်းရှို့မယ်”

မခင်မှာ မျက်လုံးအပြူးသားနှင့်

“ကိုသက်၊ သူတို့ပြောတာဘာတွေလဲ၊ သူတို့ပြောတာ ဘာအဓိပ္ပါယ်လဲ”

ကိုသက်ကိုလည်း လွှဲရှောင်မရတော့သဖြင့် ခေါင်းညိတ်လိုက်ကာ

“သူတို့ပြောတာ ဟုတ်ပါတယ်ကွာ”

ကိုသက်ကိုက ရွာလူကြီးများကိုတံခါးဖွင့်ပေးလိုက်ပြီးနောက် ဖြစ်ကြောင်းကုန်စင်ကိုဝန်ခံလိုက်လေတော့သည်။ မခင်မှာနားထောင်ရင်း အရူးမီးဝိုင်းဖြစ်နေသည်။

“ကိုသက်၊ ရှင့်ကိုကျွန်မ ဘာပြောခဲ့လဲ၊ ကျွန်မဆင်းရဲတာခံနိုင်ပါတယ်တော်၊ ရှင့်ကို မဟုတ်တာတွေမလုပ်ပါနဲ့၊ မဟုတ်တဲ့နည်းလမ်းတွေနဲ့ ငွေမရှာပါနဲ့လို့ ပြောခဲ့တယ်မဟုတ်လား”

ိရွာလူကြီးက ကိုသက်ကိုအားကြိုးဖြင့်တုပ်ကာ ဖမ်းဆီးစေသည်။

“ဖြစ်ပုံကတော့ ဒီလိုဟေ့၊ ပင်လယ်အော်သံတွေကြားလို့ တစ်ခုခုထူးပြီဆိုပြီး ရွာထဲက နတ်ကတော်ကို နတ်မေးကြည့်တာပဲ၊ နတ်ကွန်းရှေ့မှာ တောင်းပန်တဲ့အခါကျတော့ နတ်ကတော်ကို အောင်ကြီးကဝင်ပူးတယ်၊ သက်ကိုသူ့ကိုသတ်တဲ့အကြောင်းတွေအကုန်ပြောသွားတယ်၊ ဒါကြောင့် ငါတို့ညတွင်းချင်းဖမ်းဖို့စီစဉ်ခဲ့တာကွ”

ကိုသက်ကိုမှာ အောင်ကြီးနှင့်ကုလားမကြီးကို မြှုပ်နှံထားသည့်နေရာကိုပြလိုက်သည်။ အောင်ကြီးတို့၏အလောင်းများမှာ ပုပ်ပွ၍နေလေပြီ။ အတိုချုပ်ပြောရသော် ကိုသက်ကိုမှာ လူသတ်မှုဖြင့်ထောင်ကျသည်။ မိမိကိုယ်ကို ခုခံကာကွယ်မှုဖြစ်သော်လည်း လူသေအလောင်းများကို ဖုံးကွယ်ထားမှုဖြင့် အမှုကြီးကာ ထောင်ခြောက်နှစ်ကျလေတော့သည်။

(၅)

သာယာဝတီမြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် လူနှစ်ဦးထိုင်ကာ စကားပြောနေကြလေသည်။ တစ်ဦးမှာ အလွန်နွမ်းပါးသည့်အဝတ်အစားများကိုဝတ်ဆင်ထားကာ ကျန်တစ်ဦးမှာတော့ မျက်မှန်တပ်ထားလေသည်။

“အဖြစ်ကတော့ အဲဒါပါပဲ ကျောင်းဆရာရယ်”

“အခုခင်ဗျားထောင်ကလွတ်လာပြိပေါ့ ကိုသက်ကို၊ ကျုပ်လည်းထင်ပါတယ်၊ ခင်ဗျားလက်ဖက်ရည်ဆိုင်ထဲဝင်လာကတည်းက ထောင်ကလွတ်လာတဲ့လူနဲ့တူနေပါတယ်လို့၊ ဒါနဲ့ ခင်ဗျားအခုလွတ်ပြီဆိုတော့ ဘာဆက်လုပ်မလဲ”

“ကျုပ်ရွာပြန်မယ်ကျောင်းဆရာ၊ ရွာမှာ မခင်နဲ့သမီးလေး ရှိချင်ရှိနေအုံးမှာ”

“နေပါအုံး ခင်ဗျားမိန်းမ မခင်ဆီက စာအဆက်အသွယ်တို့၊ ထောင်ဝင်စာတို့ မရဘူးလားဗျ”

ိုကိုသက်ကိုက ခေါင်းကိုဖြေးညှင်းစွာခါပြသည်။ ပြီးမှ သက်ပြင်းရှည်တစ်ချက်ချရင်း

“တကယ်လို့ ရွာပြန်ပြီး မခင်နဲ့ပြန်တွေ့ခဲ့ရင် ကျုပ်အရင်ကလိုပဲ ရိုးရိုးသားသားအလုပ်လုပ်စားတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီ၊ ကျုပ်မကောင်းတဲ့အလုပ်တွေကို ဘယ်တော့မှမလုပ်တော့ဘူး၊ အရက်လည်းမသောက်တော့ဘူးဗျာ”

“ကောင်းပါတယ်ဗျာ၊ ဘာပဲပြောပြော ခင်ဗျားအမြင်မှန်ရသွားတာ ဝမ်းသာပါတယ်၊ သီချင်းလေးတစ်ခုရှိတယ်ဗျ၊ ရိုးရှင်းသောဘဝရဲ့ပျော်ရွှင်မှုဆိုတာ၊ တကယ်တော့ဗျာ၊ ဘဝက ရိုးရိုးရှင်းရှင်းလေးနေရင် ပျော်ဖို့ကောင်းပါတယ်ဗျ၊ နေတတ်ဖို့တော့လိုတာပေါ့ဗျာ၊ နေတတ်ရင် ကျေနပ်စရာချည်းပါပဲ”

ထိုစဉ် ကားတစ်စီးမှာ လက်ဖက်ရည်ဆိုင်ရှေ့တွင်လာရပ်လေသည်။

“ဟော ဟိုကားက ခင်ဗျားစီးရမယ့်ကားပဲဗျ”

ကိုသက်ကိုက မတ်တပ်ရပ်လိုက်ပြီး

“လက်ဖက်ရည်ဖိုး ကျုပ်ရှင်းပေးပါ့မယ် ကျောင်းဆရာ”

“ရပါတယ်ဗျာ၊ ကျုပ်ရှင်းလိုက်ပါ့မယ်၊ ခင်ဗျားရွာပြန်တဲ့အခါ ကံကောင်းပါစေလို့ပဲ ကျုပ်ဆုတောင်းပေးလိုက်ပါတယ်ဗျာ”

ကိုသက်ကိုက လိုင်းကားကြီးတစ်စီးပေါ်သို့ ပြေးတက်သွားလေသည်။ မကြာခင် လိုင်းကားကြီးမှာ အရှိန်ပြင်းစွာနှင့်မောင်းနှင်ထွက်သွားတော့သည်။ ကျောင်းဆရာမှာ ထိုလိုင်းကားကြီးကို မျက်စိတစ်ဆုံးကြည့်ရင်း

“ခင်ဗျားအဆင်ပြေပါစေကိုသက်ကို၊ ခင်ဗျား ကံကောင်းပါစေဗျာ”

လိုင်းကားကြီးမှာ တဖြည်းဖြည်းဝေးသထက်ဝေးသွားကာ အမြင်အာရုံအတွင်းမှ ပျောက်ကွယ်သွားတော့သည်။

ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်