ဘုန်းကြီးတစ္ဆေ

သလဲ…”

လို့ဆရာကြီးနှုတ်က ကျုပ်ကိုမေးတော့
ကျုပ်အံ့သြသွားတယ်ဗျ။
ဆရာကြီးကျုပ်တွေးတာကိုဘယ်လိုများသိသလဲပေါ့ဗျာ။

“မောင်ရင်တွေးတာကိုကျုပ် သိနေတာက
ထူးဆန်းသွားသလားကွဲ့…
ကဲ…ကျုပ်မေးတာကိုသာပြောစမ်းပါကွယ်…”

ကျုပ်အတော်လေးလန့်သွားပြီဗျို့။
ဆရာကြီးက ကျုပ်စိတ်ကိုဖတ်နိုင်နေတာဗျ။
ကျုပ်အတွေးတွေကိုဆရာကြီးသိနေတာပဲဗျ။
ကျုပ်လည်းကြောက်ကြောက်နဲ့…

“ဟို…ဟို…ငါးဆယ်ကျော်လောက်လို့
ထင်ပါတယ်ဆရာကြီး”

လို့ကျုပ်ကပြောတော့ဆရာကြီးက တဟားဟားနဲ့
ရယ်တယ်ဗျ။
ကျုပ်ပြောတာမှားသွားလို့ရယ်တာလို့ကျုပ်ထင်တာပေါ့ဗျာ။

“ဒီမယ် မောင်ရင်ရဲ့…
ကျုပ်ရဲ့အသက်ကရှစ်ဆယ်ကျော်ပြီကွဲ့…”

“ခင်ဗျာ…”

ဆရာကြီးအသက်ကရှစ်ဆယ်ကျော်ပြီတဲ့…
ကျုပ်လုံးဝထင်မထားဘူးဗျာ။
ဆရာကြီးကျုပ်ကိုစနောက်နေတယ်လို့ကိုထင်တာဗျို့…။
ကျုပ်အဲ့လိုတွေးတော့..

“မောင်ရင့်ကိုကျုပ် မစနောက်ပါဘူးကွယ်….
ကျုပ်က အထက်ကချပေးတဲ့လမ်းစဥ်တွေလိုက်နာပြီး
လူတွေကိုကယ်တင်ပေးနေတဲ့သူပါကွဲ့….
ကျုပ်ရဲ့ပညာနဲ့ကျုပ်ရဲ့ဘုန်းကံကပဲကျုပ်ကို
အခုလိုလူသံမာတစ်ယောက်လိုဖြစ်စေတာကွဲ့…”

“သြော်…ဟုတ်ကဲ့ဆရာကြီး…
ကျုပ်ကိုတမျိုးတော့မထင်ပါနဲ့…
ဆရာကြီးက ဆံပင်တစ်ချောင်းတောင်မဖြူတော့
ကျုပ်ကအံ့သြမိတာပါ…
နောက်ပြီးဆရာကြီးက ကျုပ်ရဲ့အတွေးတွေကို
ကြားရတယ်ပေါ့နော်…”

လို့ကျုပ်ကမေးတော့ဆရာကြီးကကျုပ်ကို
သေချာစိုက်ကြည့်နေတယ်ဗျ။
ကျုပ်မေးမိတာများမှားသွားပြီလားလို့ထင်နေမိတုန်း…

“မောင်ရင့်စိတ်ထဲမှာတွေးသမျှကို ကျုပ်မသိပါဘူး…
ဒါပေမယ့်မောင်ရင်ကျုပ်ကိုရည်စူးပြီးပြောလိုတာတွေကိုတော့
ကျုပ်သိတယ်မောင်ရင်…”

“သြော်…ဟုတ်ကဲ့ဆရာကြီး”

ကျုပ်လည်းဆရာကြီးပြောမှနားလည်သွားတယ်ဗျ။
ကျုပ်ပါးစပ်ကဆရာကြီးကိုပြောလိုတာတွေ
ဆရာကြီးကအလိုလိုသိနေတာဗျ။
တော်ပါသေးရဲ့ဗျာ…ကျူပ်ကတွေးချင်တာတွေးတဲ့
ကောင်ဆိုတော့ဆရာကြီးများကျုပ်ကို
စိတ်ပျက်သွားမလားလို့စိတ်ပူနေတာဗျ။
ကျုပ်နဲ့ဆရာကြီးပြောသမျှကို လှည်းမောင်းနေတဲ့
သူကနွားတွေကိုငေါက်ငမ်းနေရတာနဲ့
ဂရုစိုက်မိတဲ့ပုံမပေါ်ဘူးဗျ။
ကျုပ်တို့လည်းလှည်းကြုံလိုက်ရင်းတစ်နေရာရောက်တော့
ဆရာကြီးကလှည်းကိုရပ်ခိုင်းတယ်ဗျ။

“မြို့ထိမလိုက်တော့ဘူးဗျို့…
ကျုပ်တို့ဒီမှာပဲဆင်းတော့မယ်…”

လို့ပြောပြီးဆရာကြီးက နွားလှည်းပေါ်ကအရင်ဆင်းတယ်ဗျ။
ကျုပ်လည်းကိုယ့်လွယ်အိတ်ကိုယ်လွယ်ပြီး
ဆင်းလိုက်လာရတာပေါ့။
အဲ့သည်လိုကနေ တောလမ်းလေးတစ်ခုကိုဆရာကြီးက
လျှောက်သွားတယ်။
ကျုပ်လည်းအနောက်ကလိုက်ရတာပေါ့ဗျာ…
အချိန်ကညနေစောင်းနေပြီဗျ…
လမ်းကလည်းလူတွေအတော်သွားထားပုံရပါတယ်…
ဒါပေမယ့်ဘေးဘယ်ညာကတော့ခြုံတွေ
အပင်ကြီးတွေအများသားဗျ။
ဆရာကြီးဘယ်သွားမလဲဆိုတာကျုပ်သိချင်ပေမယ့်
မမေးဘူးဗျ။
ကျုပ်​ကြောင့်ဆရာကြီးစိတ်ရှုပ်ရမှာမလိုချင်ဘူးလေ…။

“မောင်ရင်သွက်သွက်လျှောက်ပါကွယ်…
ရှေ့မှာလှေဆိပ်ရှိတယ်…
လှေကတစ်စီးပဲရှိတော့တာ…
ကျုပ်တို့လှေမမှီခဲ့ရင်
သည်နေရာမှာပဲညအိပ်နေရမယ်ကွဲ့…”

လို့ဆရာကြီးကပြောတော့ကျုပ်လည်းမနှေးရဲဘူးဗျို့…
ခြေလှမ်းကိုခပ်သွက်သွက်လျှောက်ရတာပေါ့ဗျာ။
အဲ့လိုနဲ့ကျုပ်တို့လှေဆိပ်ကိုရောက်လာခဲ့တယ်။
လှေဆိပ်ဆိုတာကလည်း
ခင်ဗျားတို့ထင်သလိုနေရာမဟုတ်ဘူးဗျ…
ဝါးတံတားလေးကျို့တို့ကျဲတဲခင်းထားပြီး
လှေလေးတစ်စီးပဲရှိနေတာ…။
ကျုပ်တို့လည်းဝါးတံတားပေါ်ကနေလျှောက်ပြီး
လှေဆီကိုသွားတော့ လှေပေါ်မှာယောက်ျားကြီးတစ်ယောက်၊မိန်းမကြီးတစ်ယောက်ရှိနေတယ်ဗျ။
ယောကျာ်းကြီးကတော့လှေသမားကြီးထင်ပါရဲ့ဗျာ
ကျုပ်တို့ကိုလက်ကမ်းပြီးလှေပေါ်တွဲတင်ပေးရှာတယ်။
မိန်းမကြီးကတော့မျက်နှာကြီးကိုချီလို့ဗျာ…
ခင်ဗျားတို့နားလည်အောင်ပြောရရင်တော့
တစ်လောကလုံးသူ့လုပ်စာစားနေတယ်လို့ထင်နေတဲ့ပုံစံပဲဗျို့…။

“ဆရာကြီးတို့လာမှာသိလို့ကျုပ်ကစောင့်နေတာဗျ”

လို့လှေသမားကြီးကဆရာကြီးကိုပြောတော့
ကျုပ်လည်းဆရာကြီးကိုကြည့်လိုက်တယ်။
ဆရာကြီးကပြုံးပြီး…

“ကြည့်မနေပါနဲ့ကွာ…
ဒီနေ့ဒီရက်လှေလာစီးမယ်…ခဏစောင့်ပေးပါလို့
ကျုပ်ကြိုမှာထားခဲ့လို့ပါ…”

လို့ဖြေမှကျုပ်လည်းသဘောပေါက်တော့တယ်။

“တော့်လှေကဒီနေ့ထွက်ဦးမှာလား…
မိုးတောင်ချုပ်တော့မယ်…
တကယ်ပါပဲ…ဒီလိုလှေနဲ့မှလာတွေ့ရတယ်လို့”

လို့…မိန်းမကြီးကမကျေမနပ်နဲ့လှေသမားကြီးကိုပြောတယ်ဗျ။
လှေသမားကြီးကတော့မျက်နှာထားတစ်ချက်မပျက်ဘူးဗျို့…
ပြုံးပြုံးကြီးနဲ့ပဲ…

“အခုပဲလှော်ပါပြီဗျာ…
ကျုပ်ညီမတို့များစိတ်အတော်ကြီးသကိုး…”

လို့ပြော​တော့မိန်းမကြီး၏မျက်စောင်းက လှေသမားကြီးဆီ
ဒိုင်းခနဲရောက်သွားတာဗျ။
လှေသမားကြီးကလည်းလှော်တက်လေးနဲ့
တစ်ဖက်ကမ်းဆီကိုလှော်ခတ်နေပြီဆိုတော့ကျုပ်ကလည်း
ဘေးဘယ်ညာကိုလှမ်းကြည့်နေတော့တာပေါ့ဗျာ။
ကျုပ်အထင်ဒီလှေဆိပ်ကဟိုဘက်ရွာ…
ဒီဘက်ရွာကူးတဲ့နေရာလို့ထင်တယ်ဗျ။
ကျုပ်တို့တစ်ဖက်ကမ်းရောက်တော့မှပဲ
ကျုပ်ရဲ့အထင်နဲ့အမြင်လွဲတော့တာပဲဗျ။
ဒီဘက်ကမ်းကမြို့တစ်မြို့ဖြစ်နေတာကို
ကျုပ်တွေ့လိုက်ရတယ်ဗျို့။
ဆရာကြီးကလှေသမားကြီးကိုလှေဖိုးရှင်းပြီး
လှေပေါ်ကနေအရင်ဆုံးဆင်းသွားတယ်ဗျ။
ကျုပ်လည်းဆရာကြီးနောက်ကလိုက်ရတာပေါ့။
လှေပေါ်ကနေဆင်းပြီးကျုပ်တို့လမ်းဆက်လျှောက်လာတော့
မိုးတောင်ချုပ်နေပြီဗျ။

“မောင်ရင်…ဗိုက်ဆာပြီလားကွဲ့…”

ကျုပ်ကိုဆရာကြီးကမေးတော့ ကျုပ်ဗိုက်ကလည်း
အတော်ဆာနေပြီမလို့ ဟန်မဆောင်နိုင်ဘဲ
ခေါင်းကိုညိတ်လိုက်တော့တယ်ဗျာ။

“ကဲ…ဒါဖြင့်…ရှေ့က အတီးဆိုင်မှာစားကြတာပေါ့…”

လို့ပြော​ပြီးဆရာကြီးကရှေ့ကနေသွားတယ်ဗျ။
ဆရာကြီးပြောတဲ့အတီးဆိုတာ…တရုတ်ကြီးဗျ။
သွားကြီးကခေါထွက်ပြီးမျက်လုံးကြီးကလည်းပြူးချက်ဗျာ…
သူ့ရုပ်ကြီးမြင်ရတာကိုစားချင်သောက်ချင်စိတ်တွေ
ပျောက်ကုန်တယ်ဗျို့…။
ကျုပ်တို့ဆိုင်ထဲဝင်လာတော့ ဆိုင်ထဲမှာ
စားပွဲလေး၊ငါးဝိုင်းလောက်ကစားသုံးသူတွေရှိနေတယ်ဗျ။
ကျုပ်တို့ကတော့ထောင့်ကျကျဝိုင်းမှာပဲဝင်ထိုင်လိုက်ကြတယ်။

“ဘာစားကွမလဲ…”

လို့စားပွဲထိုးလေးကလာမေးတော့ဆရာကြီးက
ကျုပ်ကိုကြည့်တယ်ဗျ။
ကျုပ်လည်းတခြားဝိုင်းတွေစားတာကိုလှမ်းကြည့်ပြီး…

“ကျုပ်ခေါက်ဆွဲကြော်စားလို့ရမလားဆရာကြီး…”

လို့မေးလိုက်တာပေါ့ဗျာ။
ဆရာကြီးကခေါင်းညိတ်ပြတော့ကျုပ်လည်းဝက်သားနဲ့ခေါက်ဆွဲကြော်တစ်ပွဲမှာလိုက်တာပေါ့ဗျာ။
ဆရာကြီးကတော့ ထမင်းကြော်တစ်ပွဲမှာတယ်ဗျ…
အသားငါးဘာမှမထည့်နဲ့လို့တောင်စားပွဲထိုးလေးကိုသေချာ
မှာလိုက်သေးတယ်။
မှာတာတွေလာမချသေးခင်
ကျုပ်တို့ဆရာတပည့်နှစ်​ယောက်လည်းအကြမ်းရည်လေးသောက်ရင်းထိုင်နေကြတာပေါ့။
ကျုပ်မျက်လုံးကတော့အငြိမ်မနေဘူးဗျို့…။
ဆိုင်ထဲရှိသမျှအကုန်လိုက်ကြည့်နေတော့တာပဲ
ထိုင်တာကိုက ဆိုင်အတွင်းဘက်ကိုမျက်နှာမူပြီး
ထိုင်နေတာလေဗျာ…။
ဒီတော့အကုန်လုံးကိုရှင်းရှင်းလင်းလင်းမြင်ရတာပေါ့ဗျ။
ကျုပ်ကြည့်နေတဲ့အချိန်ဆိုင်ထဲကိုအဝတ်အစား
စုတ်စုတ်ပျက်ပျက်နဲ့ကုလား
အဘိုးကြီးတစ်ယောက်ဝင်လာတယ်ဗျ။
ကျုပ်လည်းအဲ့သည်
ကုလားအဘိုးကြီးကိုလိုက်ကြည့်နေတာပေါ့ဗျာ။
အဘိုးကြီးက စားပွဲဝိုင်းမှာထိုင်နေတဲ့လူတွေဆီကနေ
အစားအစာလိုက်တောင်းနေတာဗျ။
ဘယ်သူကမှလည်းအဘိုးကြီးကိုအဖက်မလုပ်ကြဘူးဗျ။
တစ်ဝိုင်းပြီးတစ်ဝိုင်းလှည့်တောင်းနေရာက ကျုပ်တို့ဝိုင်းကို
ရောက်လာတော့တာပဲ။
ဆရာကြီးကအဲ့သည်ကုလားအဘိုးကြီးကိုကျုပ်တို့
ဝိုင်းမှာဝင်ထိုင်ခိုင်းတယ်ဗျ။
ကုလားအဘိုးကြီးကလည်းဝမ်းသာအားရနဲ့
ဝင်ထိုင်တော့​တာပေါ့ဗျာ။
အဲ့တာတင်မကဘူးဗျို့…ဆရာကြီးကစားပွဲထိုးကောင်လေးကို
ခေါ်ပြီးကုလားအဘိုးကြီးအတွက်ထမင်းကြော်တစ်ပွဲကိုပါ
မှာပေးသေးတာ။
ကျုပ်ကတော့ခေါက်ဆွဲကြော်လာချတာနဲ့ခေါင်းမဖော်တမ်းစားတော့တာဗျို့…။
စားနေရင်းကနေဆရာကြီးကိုကြည့်တော့
ဆရာကြီးနဲ့ကုလားအဘိုးကြီးနဲ့စကားတွေပြောနေတာဗျ။
သူတို့နှစ်ယောက်ကြည့်ရတာအခုမှတွေ့ဖူးပုံမဟုတ်လောက်ဘူးလို့ကျုပ်စိတ်ထဲထင်မိတယ်ဗျ။
ဆရာကြီးနဲ့ကုလားအဘိုးကြီးပြောနေတဲ့စကားတွေမှာ
ကျုပ်နားမလည်တာတွေအများကြီးပါတယ်။
ကုလားအဘိုးကြီးကလည်း မန္တန်တွေ…ဂါထာတွေကို
သူတို့ရွှတ်ဆိုတဲ့ပုံစံတွေကအစဆရာကြီးကိုပြောပြနေတာဗျ။
ဆရာကြီးကလည်းအသေအချာကိုနားထောင်နေတာဗျို့…။
ကျုပ်ဖြင့်ဗျာ ဆရာကြီးလိုလူကတောင်ဒီအဘိုးကြီး​ပြောသမျှ
သေချာနားထောင်နေတယ်ဆိုတော့အံ့သြမိတာပေါ့။
ကုလားအဘိုးကြီးအတွက်ထမင်းကြော်ပန်းကန်လာချပေးမှ
သူတို့စကားဝိုင်းကလည်းရပ်သွားတော့တာပဲဗျာ။
ထမင်းကြော်စားပြီးတော့မှ ကုလားအဘိုးကြီးက
ဆရာကြီးကိုနှုတ်ဆက်ပြီး ခုံကနေထလိုက်တယ်ဗျ။
ကျုပ်ကိုလည်းပြုံးပြီးကြည့်နေသေးတာ။
ကျုပ်ကိုပြုံးပြတော့ကျူပ်ကလည်းပြုံးပြရတာပေါ့ဗျာ…
အဲ့လိုကျုပ်ပြုံးပြတော့သူက ကျုပ်ရှေ့လက်သီးဆုပ်ပြီး
တစ်ခုခုပေးတယ်ဗျ။
သူ့လက်သီးဆုပ်ထဲဘာများပါမလဲလို့ကျုပ်တွေးနေတုန်း
ဆရာကြီးက…

“လုလင်…လက်ဖြန့်လေကွာ…”

လို့ကျုပ်ကိုပြောတာနဲ့ကျုပ်လည်းလက်ဖြန့်လိုက်ရတယ်ဗျ။
ကျုပ်လက်ဖြန့်လိုက်တော့ ကျုပ်လက်ထဲကိုချည်ကြိုးအနီရောင်လေးတစ်ခုကျလာတယ်ဗျ။

“ကောင်လေး…ဒါလေးကိုလက်မှာချည်ထား…
ဘေးမထိဘူး…ရန်မပြုနိုင်ဘူး…ကြားလား”

လို့ကုလားအဘိုးကြီးကအစပ်အဆက်မရှိတဲ့စကားကြီး
ကျုပ်ကိုပြောပြီးထွက်သွားတယ်ဗျ။
ကျုပ်လည်းချည်ကြိုးအနီရောင်ကိုသေချာစိုက်ကြည့်နေမိတော့
ဆရာကြီးက…

” ဒါအဆောင်ကြိုးကွ…ရခဲတယ်…
မောင်ရင့်လက်မှာ သေချာဝတ်ထားပေတော့…
မောင်ရင့်ရဲ့ကံကထူးခြား လို့သာဘိုးတော်က
ပေးထားခဲ့တာ…”

လို့ဆရာကြီးကပြောတော့ကျုပ်လည်းလက်မနှေးဘဲ
အဆောင်ကြိုးကိုကျုပ်လက်မှာသေချာဝတ်ထားလိုက်တယ်ဗျ။

“ကဲ…တို့လည်းစားပြီးကြပြီဆိုတော့…
ဇရပ်တစ်ခုခုမှာသွားပြီးတစ်ညအိပ်ကြတာပေါ့ကွာ…”

ဒီလိုနဲ့ကျုပ်တို့ဆရာတပည့်နှစ်ယောက်လည်းအတီးရဲ့
ဆိုင်ထဲကထွက်လာခဲ့ကြတော့တယ်။
ဆိုင်ထဲကထွက်ပြီးလျှောက်လာ​​တော့
ကုလားအဘိုးကြီးကိုမမြင်မိခဲ့ဘူးဗျ။
ဆရာကြီးက မြို့အစွန်ကဇရပ်တစ်ခုကိုကျုပ်ကိုခေါ်လာတယ်။
ကျုပ်လည်းဇရပ်ပေါ်ဆရာကြီးမထိုင်ခင်အမြန်သန့်ရှင်းရေးလုပ်ပေးရတာပေါ့ဗျာ…။
နေရာကိုသေချာရှင်းလင်းပြီးမှဆရာကြီးကို
ထိုင်ခိုင်းလိုက်တယ်ဗျ။
အချိန်ကလည်းတဖြေးဖြေးမှောင်လာတော့
ဆရာကြီးကဖယောင်းတိုင်တစ်တိုင်ကိုထွန်းလိုက်တယ်…။
ဇရပ်အပေါ်မှာလည်းကျုပ်တို့
ဆရာတပည့်နှစ်ယောက်ပဲရှိတာဗျ။
နေရာကလည်းမြို့အစွန်ဆိုတော့
အိမ်တွေကအတော်ဝေးဝေးမှာပဲရှိတယ်။
ဇရပ်ဘေးမှာကတော့အလေ့ကျပေါက်နေတဲ့သစ်ပင်ကြီးတွေနဲ့
ခြုံပုတ်တွေပဲရှိတယ်ဗျ။

“လုလင်…”

“ဗျာ…ဆရာကြီး…”

“ဘုရားကန်တော့…ပုတီးစိပ်ပြီးမှအိပ်ကြားလား…”

“ဟုတ်ကဲ့ဆရာကြီး…”

ကျုပ်လည်းဆရာကြီးစကားအတိုင်း
ဘုရားကန်တော့ရတာပေါ့ဗျာ…။
ပုတီးကိုလည်းသက်စေ့စိပ်လိုက်တယ်ဗျ။
ကျုပ်ဘုရားကန်တော့ပြီးချိန်မှဆရာကြီးက…

“ကဲ…အိပ်တော့…မနက်ကျရင်ခရီးထပ်ဆက်ရဦးမှာကွဲ့…
ကျုပ်ကတစ်ညလုံးဟောသည်နေရာမှာ တရားထိုင်နေမှာ…
တစ်ခုခုဆိုကျုပ်ခွင့်ပြုချက်ရမှ မောင်ရင်လုပ်ရမယ်နော်…
မောင်ရင်ရှင်းအောင်ပြောရရင် ဇရပ်အပြင်ကိုတောင်
ကျုပ်ခွင့်ပြုမှဆင်း…ကြားလားကွဲ့…”

“ဟုတ်…ကျုပ်ကြားပါတယ်ဆရာကြီး…”

ကျုပ်ကိုမှာပြီးတာနဲ့ဆရာကြီးက
ဘုရားအရင်ဝတ်ပြုတယ်ဗျ။
ပြီးမှတရားထိုင်ပုတီးစိပ်တာပေါ့ဗျာ…။
ကျုပ်ကလည်း ကျုပ်လွယ်အိတ်လေးကို
ခေါင်းအုံးပြီးလှဲနေခဲ့တာပေါ့။
ဆရာကြီးထွန်းထားတဲ့ဖယောင်းတိုင်မီးလေးကို
လှမ်းကြည့်ရင်းနဲ့တဖြေးဖြေးငိုက်လာခဲ့တယ်ဗျ။
ငိုက်ရင်းကနေ အိပ်ပျော်သွားတော့တာဗျို့…။
ဘယ်လောက်ထိအိပ်ပျော်သွားတယ်မသိပါဘူးဗျာ…
ကျုပ်နားထဲအသံတစ်ခုကြားမှ ဆတ်ခနဲကျုပ်နိုးလာတာဗျို့…

“ဟေ့…တကာ…ထစမ်းကွဲ့…
ဟေ့…တကာ…ထစမ်းပါကွယ်…”

လို့ကျုပ်ကိုနိုးနေခဲ့တာဗျ။
ကျုပ်လည်းလှဲနေရာကထလာတော့ဆရာကြီးက
တရားထိုင်နေတုန်းဗျ။
ကျုပ်လည်းအသံကြားရာကိုလှမ်းကြည့်တော့…
ဇရပ်အပြင်မှာဘုန်းကြီးတစ်ပါးမတ်တပ်ရပ်နေတာဗျ။

“ဘုန်းဘုန်း…ကျုပ်က်ိုခေါ်တာလားဘုရား”

လို့…ကျုပ်ကမေးတော့ ဘုန်းကြီးက ခေါင်းညိတ်ပြီး…

“ဒီကိုလာစမ်းပါတကာ…
ကျုပ်ကိုကူညီစမ်းပါ”

လို့…ကျုပ်ကိုပြောတယ်ဗျ။
ကျုပ်လည်းအံ့သြသွားတာပေါ့ အချိန်ကလည်း
ညသန်းခေါင်တောင်ကျော်နေပြီဗျ။
ဒီဘုန်းကြီးကဘယ်ကနေဘယ်လိုရောက်လာတာလဲဆိုတာ
ကျုပ်စဥ်းစားနေတုန်း…။

“ဟေ့တကာ…နားများကန်းနေသလားကွယ်…
လာစမ်းပါ…ကျုပ်ကိုကူညီစမ်းပါကွယ်…”

“နေပါဦးဘုရား…ကျုပ်ဆရာကြီးကို
ခွင့်တောင်းလိုက်ပါဦးမယ်…”

“ဟေ့တကာ…အချိန်မရဘူးကွဲ့…
လာစမ်းပါ…ဘုန်းဘုန်းကိုကူညီစမ်းပါတကာရယ်…”

ဘုန်းကြီးက ကျုပ်ကိုအလောသုံးဆယ်ခေါ်နေတော့တာပဲဗျို့။
ကျုပ်ဆရာကြီးကတော့ဒါကိုကြားဟန်သိဟန်မတူဘူးဗျ။
ကျုပ်လည်းဆရာကြီးကိုပြောလိုက်ရင်
တရားထိုင်ပျက်သွားမှာဆိုးလို့
ကျုပ်ဘာသာတိတ်တိတ်လေး ထလာခဲ့လိုက်တော့တယ်။
ဇရပ်အပြင်ကိုရောက်တော့…

“ဘုန်းဘုန်း…ကျုပ်ကဘာကူညီပေးရမှာလဲဗျ…”

လို့ကျုပ်ကမေးတော့ ဘုန်းကြီးက
ကျုပ်ကိုမျက်နှာတည်ကြီးနဲ့စိုက်ကြည့်နေတယ်ဗျ။
သူစိုက်ကြည့်တာကြီးက ကျုပ်စိတ်ထဲဒိန်းခနဲဖြစ်သွားသလို
ကျုပ်လက်တွေမှာလည်းကြက်သီးတွေတောင်ထသွားတယ်ဗျ။
ကျုပ်မေးတာကိုပြန်မဖြေ​တာနဲ့ကျုပ်လည်း…

“ဘုန်းဘုန်း…ကျုပ်ကဘာကူညီရမှာလဲ…
အကူအညီမလိုရင်ကျုပ်နေရာပဲကျုပ်ပြန်မယ်ဗျာ…”

လို့ပြောပြီးကျုပ်လည်းဇရပ်အပေါ်ပြန်တက်ဖို့ပြင်တော့။

“တကာ….”

လို့ခေါ်သံကြားလို့ကျုပ်လည်းလှည့်အကြည့်
“အမယ်လေးဗျာ…” မျက်လုံးဟောက်ပက်ကြီးဗျ။
မျက်လုံးနှစ်လုံးမရှိတဲ့မျက်တွင်းဟောက်ပက်ကြီးနဲ့
ကျုပ်ကိုကြည့်နေတဲ့ဘုန်းကြီးကအစောကပုံစံလိုမဟုတ်တော့ဘူးဗျ…။
တစ်ကိုယ်လုံးလည်းသွေးသံတရဲရဲနဲ့ဗျို့…။
ကျုပ်မှာကြောက်လွန်းလို့နေရာမှာတင်
ခြေထောက်တွေကလှုပ်မရ…
ပြေးမရဖြစ်နေတော့တာပဲဗျာ…။

“ငါ့မျက်လုံးပြန်ပေး…ငါ့မျက်လုံးပြန်ပေး….
အီးးးးးဟီးးးးးးးဟီးးးးးးးးးးဟီးးးးးးးးးးးးးးးး”

ဆိုတဲ့​ခြောက်ကပ်ကပ်အသံကြီးနဲ့
ကျုပ်အနားကိုကပ်လာတယ်ဗျ။
ကျုပ်လည်ပင်းကိုသူ့လက်သည်းအရှည်ကြီးနဲ့
ညှစ်ဖို့လုပ်နေတာတောင်ကျုပ်ခြေထောက်တွေက
ပြေးမရဘူးဗျို့…။
အော်ဖို့အသံကလည်းလည်ချောင်းဝမှာ
တင်တစ်ဆို့နေတာပဲဗျာ…။
ကျုပ်စိတ်ထဲမှာ​တော့ငါတော့ဒီဘုန်းကြီးသရဲလက်ချက်နဲ့
သေပြီလို့တွေးရင်း မျက်စိကိုမှိတ်ပြီးအံကိုကြိတ်နေတုန်း…

“ဘုန်းးးး”
ခနဲအသံကြီးကိုကြားလိုက်ရတာပဲဗျာ…
ကျုပ်လည်းအသံကြားလို့မျက်စိဖွင့်ကြည့်တော့
ဘုန်းကြီးသရဲက ကျုပ်နဲ့ခြောက်ပေအကွာမြေပြင်မှာ
ပက်လက်ကြီးကိုလန်လို့ဗျို့…။
ကျုပ်အနောက်ကိုကြည့်တော့ဆရာကြီးကကျုပ်အနောက်မှာရောက်နေပြီဗျ။

“လုလင်…ဇရပ်ပေါ်မှာနေ…”

လို့ဆရာကြီးက ကျုပ်ကိုပြောမှကျုပ်​ခြေထောက်တွေလှုပ်
လို့ရတော့တယ်ဗျ။
ကျုပ်ဖြင့်အံ့သြပြီးရင်းအံ့သြပဲဗျို့…
ကျုပ်ဘယ်လောက်ကြိုးစားကြိုးစားမလှုပ်တဲ့ခြေထောက်တွေကအခုတော့ပေါ့ပေါ့ပါးပါးနဲ့လှုပ်ရှားလို့ရနေတယ်ဗျ။
ကျုပ်လည်းမနှေးဘူးဗျို့…ဇရပ်ပေါ်ကိုပြေးတက်တော့တာပဲ။
ဇရပ်ပေါ်ရောက်မှဆရာကြီးတို့ကိုလှမ်းကြည့်နေတာပေါ့ဗျာ…။
ဘုန်းကြီးသရဲကဒေါသတကြီးနဲ့ ထလာတယ်ဗျ…။
ဆရာကြီးကိုကြည့်ပြီးဒေါသတကြီးနဲ့…

“လူသားစားမယ်…လူသားစားမယ်…”

ဆိုပြီးအော်တော့တာပဲဗျို့။
အဲ့သည်လိုအော်ပြီးဆရာကြီးဆီပြေးလာတော့တာပဲ။
ကျုပ်ကတော့ဆရာကြီးတစ်ခုခုဖြစ်သွားမှာစိုးရိမ်တယ်ဗျို့။
ဒါပေမယ့်ဆရာကြီးကဘုန်းကြီးသရဲအနားမကပ်ခင်မှာပဲ
သူ့လက်တစ်ဖက်ကိုဆန့်ထုတ်လိုက်တယ်ဗျ။
ဆရာကြီးလက်ကိုဆန့်ထုတ်လိုက်တာနဲ့
ဘုန်းကြီးသရဲကသူ့လည်ပင်းကိုသူကိုင်ပြီးညှစ်တော့တာပဲဗျ။
ဆရာကြီးလက်ကတဖြေးဖြေးအပေါ်ကိုမြှောက်သွားတော့
ဘုန်းကြီးသရဲခြေထောက်ကလည်းမြေပေါ်ကနေတဖြေးဖြေး
မြောက်တက်သွားတော့တာပဲဗျို့။
ဘုန်းကြီးသရဲရဲ့​ခြေထောက်တွေက လေပေါ်မှာယက်ကန်ယက်ကန်ဖြစ်နေတာပေါ့ဗျာ…။

အဲ့အချိန်မှာဆရာကြီးက…

“ဒီဇရပ်မှာ…နင်သောင်းကျန်းနေတယ်ဆိုလို့ငါလာခဲ့တာ…
ဘယ့်နဲ့ရှိစ ကိုတစ္ဆေ…လူသားစားရတာ
အတော်ခံတွင်းတွေ့နေတယ်ပေါ့…”

လို့ဆရာကြီးကပြောတော့ဘုန်းကြီးသရဲကခေါင်းကို
ခါရမ်းတော့တာပဲဗျို့…။

“ပြောစမ်း…နင်ဘာကြောင့်ဒီဇရပ်မှာ
ညအိပ်တဲ့သူတိုင်းကို
ခြောက်လန့်သတ်ဖြတ်နေရတာလဲ… ”

လို့ပြောပြီးဆရာကြီးက လက်ကို
အောက်ပြန်ချလိုက်တယ်ဗျ။
ဘုန်းကြီးသရဲကလည်းမြေပေါ်မှာခွေခနဲကျသွားတာပေါ့ဗျာ။

“ဟဲ့…ပြောစမ်းဆို…”

ဆရာကြီးကငေါက်ငမ်းလိုက်တော့ ဘုန်းကြီးသရဲက
​နေရာကနေလူးလဲထပြီး…

“ကျုပ်က…ကျုပ်ကဟိုးအရင်က
ဒီအနီးနားက ဘုန်း​ကြီးကျောင်းတစ်ကျောင်းက
ကျောင်းထိုင်ဆရာတော်ပါ…”

“ကျောင်းထိုင်ဆရာတော်က
ဘာကြောင့်အခုလိုမျိုးတွေလုပ်နေရတာလဲဟဲ့…”

လို့ဆရာကြီးကထပ်မေးတယ်ဗျ။

“ကျုပ်ရွှေတွေငွေတွေကိုသူများတွေယူမှာဆိုးလို့ပါ…”

“ဟဲ့…နင့်ရွှေငွေတွေကဘယ်မှာထားတာမလို့လဲ…”

လို့ဆရာကြီးကမေးတော့ဘုန်းကြီးက
ဖြေဖို့တွန့်ဆုတ်နေတယ်ဗျ။
ဒါကိုဆရာကြီးကသိတော့…

“အမယ်…နင့်အကြောင်းငါအကုန်သိတယ်…
နင့်ကျောင်းကိုဓားပြတွေဝင်စီး​တုန်းက ရသမျှယူပြီး
နင့်ကိုပါမျက်လုံးဖောက်သတ်ခဲ့တယ်မဟုတ်လား…
ဓားပြတွေယူသွားတဲ့ရွှေငွေထက်…
နင်ကဘယ်ရွှေငွေကိုစွဲလမ်းနေတာလဲ…ပြောစမ်းဟဲ့…”

လို့ဆရာကြီးကပြောတော့…

“ကျုပ်ဖွက်ထားတဲ့ရွှေငွေရှိပါသေးတယ်…
ဒါတွေကိုစွဲလမ်းပြီးဒီဇရပ်မှာလာတဲ့သူမှန်သမျှကို
ကျုပ်သတ်နေမိတာပါ…”

“အင်း…မတော်လောဘ…မတော်လောဘ…
ငရဲတောင်မ​ကြောက်ပါလားဟဲ့…”

“ကျုပ်လည်းဒီဘဝကြီးကိုစိတ်ကုန်နေပါပြီဗျာ…
ကျုပ်ကိုကျွတ်လွတ်ဖို့ကူညီပေးပါတော့ဆရာကြီးရယ်…”

ဘုန်းကြီးတစ္ဆေကဆရာကြီးကိုအဲ့သည်လိုပြောတော့
ဆရာကြီးကခေါင်းညိတ်ပြီး…

“အေး…ကျုပ်ကလည်းဆိုးတဲ့ကောင်တွေကို
ကျွတ်အောင်လုပ်ပေးချင်နေတာဆိုတော့..
ရွှေတွေငွေတွေဘယ်မှာထားသလဲသာပြော…
ရွှေတွေငွေတွေရရင် နင့်နာမည်နဲ့
ဘုန်းကြီးကျောင်းမှာပြန်သွားလှူပေးလိုက်မယ်…
ဒါဆိုနင်လည်းဒီဘဝက ကျွတ်လွှတ်ပြီမှတ်…”

လို့ဆရာကြီးကပြောတော့ဘုန်းကြီးတစ္ဆေက
ဝမ်းသာအားရနဲ့သူဖွက်ထားတဲ့ရွှေတွေ၊ငွေတွေနေရာကို
ပြောတာပေါ့ဗျာ။
နေရာသိတော့ဆရာကြီးကကျုပ်ကိုခေါ်ပြီးတူးခိုင်းတယ်ဗျ။
နေရာကဇရပ်ဘေးကမန်ကျည်းပင်ကြီးအောက်ခြေမှာဗျ။
ဆရာကြီးကသူ့ဓားတိုလေးနဲ့တူးခိုင်းတော့
တူးရတာမမြန်ဘူးပေါ့ဗျာ။
အချိန်တော်တော်ပေးပြီးတော့တူးရတာပေါ့။
နောက်ဆုံးတော့မြေအိုးအသေးလေးတစ်လုံးနဲ့
အပြည့်ရွှေတွေ၊ငွေတွေကိုတွေ့တာပဲဗျို့။
ရွှေတွေ၊ငွေတွေကလည်းအရောင်တလက်လက်နဲ့ဗျ။
ဆရာကြီးကလည်းဘုန်းကြီးတစ္ဆေကို
သူ့နေရာသူပြန်ခိုင်းတယ်ဗျ။
ကျုပ်တို့လည်းရွှေအိုးကိုဇရပ်ပေါ်ယူလာခဲ့တော့တာပေါ့ဗျာ။
အချိန်ကအာရုံတက်နေပြီဗျ။
ကျုပ်တို့ဆရာတပည့်နှစ်ယောက်လည်းဘုန်းကြီးတစ္ဆပြောတဲ့ကျောင်းကို ထွက်လာခဲ့လိုက်တာပေါ့။
အဲ့သည်ကျောင်းကကျောင်းထိုင်ဆရာတော်ကို
ဆရာကြီးကပဲအကျိုးအကြောင်းရှင်းပြတော့
ဆရာတော်ကြီးကဝမ်းသာသွားတယ်ဗျ။

“အင်း…ဘုန်းဘုန်းအရင်ဒီကျောင်းမှာ
ထိုင်တဲ့ဆရာတော်ဆီမှာစေတီသစ်မှာ
ဌာပနာဖို့တကာ…တကာမတွေကရွှေတွေ
လှူထားတယ်လို့သိရတယ်ကွဲ့…အဲ့သည်ရွှေတွေ
လည်းဓားပြတွေလက်ထဲပါသွားပြီလို့
အားလုံးကထင်ထားခဲ့ကြတာ…
ဒါပေမယ့်…အခုလိုရှိနေသေးတာသိရရင်တော့
သူတို့အားလုံးလည်းဝမ်းသာကြမှာပါကွယ်…”

“တင်ပါ့…အရင်ဘုန်းကြီးကမတော်လောဘနဲ့
သိမ်းဆည်းခဲ့ပုံရပါတယ်ဘုရား…
တကယ်တော့…
အပြင်မှာချန်ထားတဲ့အနည်းငယ်လောက်သာ
ဓားပြတွေကရသွားရှာတာပါ…”

လို့ပြောပြီးဆရာကြီးကအဖြစ်အပျက်အစုံကို
ရှင်းပြလိုက်သည်။

“တကာကြီးပြောသလိုပဲ
ဇရပ်မှာလာတည်းတဲ့ခရီးသွားတချို့
နှလုံးရပ်ပြီးသေဆုံးသွားကြတယ်ဆိုတာ
ဘုန်းကြီးလည်းသိပါတယ်…
ဒါပေမယ့်အခုမှလက်သည်ကိုသိရတယ်ကွယ်…”

ဆရာတော်ဘုရားနဲ့ဆရာကြီးတို့ပြောဆိုနေတာတွေ
ကျုပ်နားထောင်ရင်းသိလာတာက ဆရာကြီးက
အဲ့သည်ဇရပ်အကြောင်းသိသိကြီးနဲ့
သွားတည်းခဲ့တာပဲဗျ။
ကျုပ်ဖြင့်အသက်သေတော့မလို့
နည်းနည်းလေးပဲလိုတော့တာလေဗျာ…။
ဆရာကြီးနဲ့ဘုန်းကြီးကျောင်းကပြန်ထွက်လာတော့
ကျုပ်မျက်နှာကိုဆရာကြီးကကြည့်ပြီး….

“လုလင်…မောင်ရင်ဘာဖြစ်နေတာလဲကွဲ့”

လို့ကျုပ်ကိုမေးတယ်။

ကျုပ်လည်းမေးချင်စိတ်ကိုအောင့်အီးမထားနိုင်တော့တာနဲ့…

“ဆရာကြီးက…ကျုပ်ကိုအဲ့သည်ဇရပ်မှာ
အဲ့သည်ဘုန်းကြီးတစ္ဆေရှိတာသိသိကြီးနဲ့​
ခေါ်သွားခဲ့တာပေါ့နော်…”

“ဒါကတိုက်ဆိုင်တာတော့မဟုတ်တာအမှန်ပဲကွ…
အတီးဆိုင်မှာတုန်းက ကျုပ်နဲ့ဘိုးတော်တို့စကားပြောနေတာ
မောင်ရင်နားမစိုက်ခဲ့ဖူးမဟုတ်လား…”

လို့ဆရာကြီးက​ပြောမှကျုပ်သဘောပေါက်တော့တယ်ဗျ။

“ဒါဆို…အဲ့သည်ဘိုးတော်ကြီးကဒီဇရပ်ကို
လမ်းညွှန်သွားတာပေါ့နော်ဆရာကြီး”

“အေးကွဲ့….သူကပဲဒီဇရပ်မှာ
ဒီတစ္ဆေသောင်းကျန်းနေတယ်ဆိုပြီး
ကျုပ်ကို​ပြောသွားတာ…”

“ဟင်းး…ကျုပ်ဖြင့်အဲ့သည်ဘုန်းကြီးတစ္ဆေ
လက်ချက်နဲ့သေပြီလို့ကိုထင်တာဗျ….
တော်သေးတာပေါ့ဆရာကြီးကျုပ်ကိုအကယ်မြန်ပေလို့”

လို့ကျုပ်ကပြောတော့ဆရာကြီးကပြုံးတယ်ဗျ။
ပြီးတော့…

“ကျုပ်…မောင်ရင့်ကိုကယ်လိုက်တာမဟုတ်ဖူးကွဲ့”.

လို့ပြောတော့ကျုပ်နားမရှင်းဘူးဖြစ်သွားတယ်ဗျ။
အဲ့သည်မှာဆရာကြီးက ကျုပ်လက်မှာဝတ်ထားတဲ့
ကုလားအဘိုးကြီးပေးထားတဲ့
ချည်ကြိုးကိုလက်ညိုးထိုးပြီး….

“ဒီအဆောင်ကြိုးကမောင်ရင့်ကိုကယ်ခဲ့တာ…
နောက်ကိုမှတ်ထား…ဒီအဆောင်ကြိုးရှိနေသ၍
ဘယ်သရဲ…တစ္ဆေမှမောင့်ကိုရန်မပြုနိုင်ဘူး…”

လို့ပြောပြီးဆရာကြီးကရှေ့က
ဆက်လျှောက်သွားတော့တယ်ဗျ။
ကျုပ်လည်း ကုလားအဘိုးကြီးပေးတဲ့အဆောင်ကြိုးလေးကို
စိုက်ကြည့်ပြီးဆရာကြီးအနောက်က
လိုက်သွားခဲ့တော့တာပေါ့ဗျာ။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)